ငမိုးရိပ်နှင့်သံသုမာ(စ/ဆုံး)
————————-
ရွှေရောင်တဖိတ်ဖိတ်တောက်နေသော ဘုံနန်းပြဿဒ်ကြီးပေါ်ရှိ ပဏ္ဍုကမ္ဗလာမြကျောက်ဖျာထက်ဝယ် ရေပူရေချမ်းကမ်းလှမ်းကြသော မောင်းမမိဿံအခြွေရံများ ဝန်းရံထားသည့်အပြင် ပဉ္စသိင်္ခနတ်စောင်းသခင်ရဲ့ သာယာနာပျော်ဖွယ် တီးခတ်ဖျော်ဖြေမှုတွေကြား တင့်တယ်စွာ စံပယ်တော်မူလင့်တစား နတ်ဘုရင်၏ မျက်နှာတော်သည် ညှိုးနွမ်းလျက်ရှိကြောင်း အထင်းသားပေါ်လွင်နေသည်။နတ်တို့သနင်းသိကြားမင်းတစ်ပါးအနေနဲ့ သာမန်နတ်တို့ထံတွင် တောင်ရှိနိုင်ခဲသော ပူပင်သောကမျိုးသည် အဘယ်အကြောင်းအရာကြောင့် ဖြစ်ပေါ်နေသနည်းဟု မာတလိမေးခွန်းထုတ်မိ၏။
“အို..မာတလိ..ငါကိုယ်တော်သည် လူ့ပြည်လူ့ရွာသို့ ခေတ္တခဏရောက်ရှိစဉ်တွင် လမုပင်မှဖွားမြင်သော သတို့သမီးတစ်ဦးနှင့် အိမ်ယာထောင်မိခဲ့လေသည်..သို့သော် ငါကိုယ်တော်တို့ ရေစက်ကား နှစ်ဦးစလုံးအတွက်တော့ ဝဋ်ဒုက္ခတခုဖြစ်ချေခဲ့ပြီ..ကျွန်ုပ်သည် လူ့ပြည်လူ့ရွာ၌ ကာလကြာရှည်စွာ နေထိုင်ခွင့်မရှိသလို ကျွန်ုပ်၏လူသားဇနီးဖြစ်သော မယ်လမုကိုလည်း တာဝတိံသာ နတ်တို့ရွာသို့ ဆောင်ယူပိုင်ခွင့်မရှိပါ..လူ့စည်း နတ်စည်းတို့ကို ကျုပ်ကိုယ်တိုင် ဥပက္ခာပြုခဲ့မိချေပြီ..”
“မှန်ပါ့အရှင်..ဒီအရေးကိစ္စနဲ့ပတ်သက်လို့ အရှင့်ကျွန်တော်မျိုးကြီးမာတလိ ကူညီနိုင်တာရှိရင် မဆိုင်းမတွစေခိုင်းတော်မူပါအရှင်..”
“ယခုဆိုရင် မယ်လမု၏ မွေးစားဖခင်ဖြစ်သော ဒိဗ္ဗစက္ခုရသေ့ကြီးဟာ ကျုပ်ပြန်မလာသည့်အတွက် သူ၏သမီးငယ်သည် မစားနိုင် မအိပ်နိုင် တမှိုင်မှိုင်ဖြစ်နေရရှာသည်ဟု ကျေးသားငယ်နှင့် စာချွန်လွှာ ပို့လွှတ်ခဲ့လေပြီ..ထို့အတွက် ကြောင့် ကျွန်ုပ်ဟာ အလွန်အမင်း စိတ်သောက ရောက်နေရတယ် မာတလိရယ်”
“အရှင်သိကြာမင်း..လူသားမျိုးနွယ်တို့မည်သည် သားသမီးဟူသော သံယောဇဉ်အနှောင်အဖွဲ့တို့ကို ရွှေငွေရတနာတို့ထက်ပင် သာလွန်၍ လိုချင်တပ်မက်ကြသည်ဟု ကျွန်ုပ်ကြားဖူးပါတယ်..ထို့ကြောင့်အရှင့်လူသားဇနီးဖြစ်သော မယ်လမု၌ အရှင့်ကိုယ်ပွားဖြစ်သော သားသမီးရတနာထွန်းကားခဲ့သည်ရှိသော် သောကအပူ အနည်းငယ်ငြိမ်းအေးနိုင်မည်ဟု ထင်မြင်မိပါတယ်ဘုရား”
အားကိုးရတဲ့လက်ရုံးကြီး မာတလိရဲ့ အကြံပေးစကားများကိုကြားသိရပြီးနောက်မှာတော့ နတ်ဘုရင်ဟာ အနည်းငယ် စိတ်သက်သာရာရသွားဟန်ရှိသည်။ထို့နောက် မယ်လမု သုံးဆောင်ရန်အတွက် နတ်ရေစင်ကို မြကျည်တောက်သုံးလုံးနှင့်ထည့်၍ ကျေးသားငယ်၏ လည်ပင်း၌ စွပ်ကာ ရသေ့ကြီးထံ ပြန်လွှတ်လိုက်လေသည်။
“မိဖုရား.. သုနန္ဒာတို့ သုစိတ္တာတို့ ရှင်တို့ သိပြီးကြပြီလား..ငါတို့လင်တော်မောင်သိကြားမင်းက လူ့ပြည်က သူ့မယားလေးသောက်ဖို့ နတ်ရေစင်ကို ပို့ပေးလိုက်တာ”
“အဲ့ဒီအကြောင်းပဲ တိုင်ပင်နေကြတာ သုဇိတာရေ..တို့မောင်တော်က အခုတောင် လူသားဇနီးကိုအဲ့လောက်အရေးပေးနေတာ..ရေစင်သောက်ပြီး ကလေးများမွေးရင်..တို့ဆီတောင်ပြန်လာမှာမဟုတ်တော့ဘူး..ဟင်းး”
“အဲ့လိုမဖြစ်ရအောင် တခုခုတော့ကြံစည်ရမှာပဲ မိဖုရားတို့…”
ထိုကဲ့သို့ မိမိတို့ရှိပါလျက် လူသားဇနီးတစ်ယောက်ကို ဤမျှအရေးပေးနေရသလားဟု မခံချင်စိတ်ဖြစ်နေကြသော မိဖုရားလေးပါးလုံးသည် စွန်ငှက်ယောင်ဆောင်၍ ကျေးသားလေးပျံသန်းရာ နောက်သို့လိုက်ကာ နတ်ရေစင်ထည့်ပေးလိုက်သည့် မြကျည်တောက် သုံးလုံးကို ကျေးသားလည်ပင်းမှ ပြုတ်ကျအောင် အတင်းလိုက်လံ ထိုးဆိတ်ကြလေတော့သည်။
ထို့ကြောင့် မြကျည်တောက် နှစ်လုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေရာ တစ်လုံးသောနတ်ရေစင်ကို ဟိမဝန္တာတောမှာနေသည့် ဆင်မတစ်ကောင် သောက်သုံးလိုက်ရသောကြောင့် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသည့် ဆဒ္ဒန်ဆင်ပျံကို ဖွားလေသည်။ မြကျည်တောက် တစ်လုံးသည်ကား သမုဒ္ဒရာထဲသို့ကျကာ မိကျောင်းမတစ်ကောင် သောက်လိုက်ရသောကြောင့် ငမိုးရိပ် ဟူသော နတ်မိကျောင်းကို ဖွားလေသည်။ မယ်လမုထံ ရောက်လာသော မြကျည်တောက် တစ်လုံးမှရေကို မယ်လမု သောက်လျှင် ရွှေတိဂုံစေတီတော်တည်မည့် ဥက္ကလာပမင်းကိုဖွားမြင်လေသည်။
——————————————-
“သားလေး..ငမိုးရိပ် အမေကြီး အစာလာကျွေးပြီကွဲ့ ..မနေ့က ဥပုသ်နေ့မို့ အသားငါးမရခဲ့ဘူးလေ..အဲ့တော့ ငါ့သားကြီး ဗိုက်အတော်ဆာနေရှာရောပေါ့”
“သားရေ..လာတော့လေကွယ်..ဒီနေ့တော့ အမေကြီးက သားလေးစားဖို့ ငါးတွေပုဇွန်တွေလတ်လတ်ဆတ်ဆတ်ဝယ်ခဲ့တယ်ကွဲ့”
“အို..ငါ့သားကြီး ငြိမ်လှချည်လား..ဘယ်များခရီးလွန်နေလို့လဲကွယ်”
အမယ်အိုကြီးမယ်ခကလှေပေါ်မှာ ယခုလိုတစာစာအော်ပြီး မွေးစားသားသတ္တဝါ ငမိုးရိပ်ကို စောင့်မျှော်နေရှာသည်။မကြာခင်မှာတော့ ချောင်းအတွင်း ရေပွတ်တခုထွက်ပေါ်လာသည်။အရင်အချိန်များတွင် အစာလာကျွေးတိုင်း အမြှီးကြီးတနန့်နန့်နဲ့ အပြေးအလွှားလာတတ်သော ငမိုးရိပ်က ဒီနေ့မှာတော့ ငြိမ်ချက်သားကောင်းလျက်ရှိသည်။
“မယ်မင်းကြီးသားရယ် ပေါ်လာပြီပေါ့..အမေ့ကိုစိတ်မဆိုးပါနဲ့သားရယ် မနေ့ကမင်းအဖေလည်း တံငါမလိုက်နိုင်..ဥပုသ်နေ့မို့ ဈေးကလည်းပိတ်ဆိုတော့ ငါ့သားကြီးအတွက် အစာမပို့နိုင်ဘူးကွယ်..အမေတို့ကို စိတ်ဆိုးပြေပြီး သားကြိုက်တဲ့ငါးလေးတွေ လာစားပါတော့နော်..”
ထိုစဉ် ငမိုးရိပ်သည် ရေအောက်သို့ တဖန်ငြုပ်လျိုးသွားကာ ဘွားကနဲပြန်ပေါ်လာပြီးနောက် အစာလှမ်းကျွေးနေရှာသော အမေကြီးမယ်ခကို ရေအောက်သို့ ဆွဲချသွားပါတော့သည်။
“အား…အမလေးးတော့”
အမယ်အို မယ်ခရဲ့ ကြောက်လန့်တကြား ဟစ်အော်တဲ့ အသံနက်ကြီးကိုတော့ ရွာသူ ရွာသား တစ်ဦးတစ်ယောက်တလေမျှ ကြားသိနိုင်ခြင်းမရှိခဲ့ပါဘူး။
အိမ်၌ကျန်ခဲ့သော အဘိုးကြီးလည်း အချိန်အတန်ကြာသည်အထိ အဘွားကြီးပြန်မလာ၍ အစာကျွေးရာသို့ လိုက်သွားလေသည်။
အစာကျွေးသောနေရာသို့ရောက်လျှင် ရေထဲ၌ သွေးကွပ်များပေါ်နေသည်ကို တွေ့ရသည့်အပြင် လှေပေါ်တွင်လည်း အဘွားကြီးရဲ့ သွေးစွန်းနေသော ခေါင်းပေါင်းသဘက်လေးကို တွေ့လိုက်ရသည့်အတွက် အခြေအနေအားလုံးကို အဘိုးကြီးရိပ်စားလိုက်မိသည်။မိမိတို့လင်မယားအဝတ်ဖွတ်ရင်း တွေ့ရှိခဲ့သည့် ဥကြီးတစ်လုံးကို အိမ်သို့ယူဆောင်လာမိသည်။မကြာမီ ထိုဥအတွင်းမှ မိချောင်းလေးတစ်ကောင်ပေါက်လာခဲ့သည်။ထိုမိချောင်းကလေးကို ရေအင်တုံထဲထည့်၍ ငါးပုဇွန် လေးများထည့်ကာ ကျွေးမွေးပြုစုခဲ့ကြသည်။ထိုမှတဖန်ကြီးပြင်းလာသောအခါ ရေကန်ငယ်လေးတူး၍မွေးမြူခဲ့ကြသည်။သားသမီးအရင်းချာမရှိသည့်အတွက် အဘိုးကြီး အဘွားကြီးနှစ်ဦးလုံးက ငမိုးရိပ်ကိုသားအရင်းပမာချစ်ခဲ့ကြရှာသည်။မိချောင်းဥကိုရခဲ့တဲ့နေ့က မိုးရိပ်တို့သန်းနေသည့်အတွက် ငမိုးရိပ်ဟု ချစ်စနိုးခေါ်ဝေါ်ခဲ့ကြ၏။ငမိုးရိပ်ခြောက်ပေနီးပါး အရွယ်ရောက်လာတဲ့အခါမှာတော့ နီးစပ်ရာချောင်းအတွင်း လွှတ်ထားခဲ့ပြီး ခရီးမလွန်စေရန်အတွက်တော့ ဝါးလုံးပေါင်းတစ်ရာဖြင့်စည်းကာပေးထားသည်။၎င်းတို့လင်မယားနှစ်ဦးသည် ငမိုးရိပ်ကို ဤမျှလောက် ချစ်မြတ်နိုးခဲ့ကြလေသည်။အဘိုးကြီးသည် အတွေးစကိုဖြတ်လိုက်ရင်း
“ငမိုးရိပ်..ရက်စက်လိုက်တာ သားကြီးရယ်..မင်းကိုဒီအရွယ်ထိ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျွေးအမေကိုမှ မင်းမို့ဝါးမျိုရက်တယ်ကွယ်..မင်းအမေက ငါတံငါအပြန်တောင်မစောင့်ပဲ..မင်းဗိုက်ဆာနေရှာမယ်ဆိုပြီး သူကိုယ်တိုင် ဈေးကသားငါးတွေဝယ်ပြီး မင်းဆီလာခဲ့တာကွဲ့ ငမိုက်သားရဲ့”
ထိုစဉ်အဘိုးကြီး၏ ခါးလယ်မှနေ၍ သတ္တဝါတစ်ကောင် ကိုက်ခဲမှုကြောင့် ဝေဒနာပြင်းစွာ ခံစားလိုက်ရသည်။
“အော်..ငမိုးရိပ်..သင်က အမေကိုစားရတာအားမရလို့ ဒီအဖေကိုပါ ထပ်ပြီးဝါးမျိုချင်တယ်ပေါ့ဟုတ်လား..အတော့်ကို ကျေးဇူးကန်းတဲ့ ငမိုက်သားမျိုးပဲကွာ..အား..ကျွတ်..ကျွတ်”
ထို့နောက် အဘိုးကြီးသည် ရုတ်တရက်အသိဝင်လာကာ ဝမ်းနည်းကြေကွဲစွာဖြင့် သေအံ့မူးမူးအချိန်မှာ သစ္စာစကား ဆိုလိုက်ရှာ၏။
“ငမိုးရိပ်၊ မင်းကိုငါ သားအရင်းလို မေတ္တာထားပြီး ကျွေးမွေးခဲ့ပါတယ်။ မှန်ကန်သော ဤသစ္စာစကားကြောင့် ဖြစ်လေရာဘဝမှာ မင်းကို ငါ့လက်နဲ့သတ်ပြီး လက်စားချေရပါလို၏”
သွေးတို့သည် ဝါးတစ်ရာကန်အတွင်း၌ ပင်လယ်ငယ် တစ်ခုကဲ့သို့ ပြည့်လျှံဆူပွက်လျက် ရက်အတန်ကြာ ရှိနေသည်ကို မှော်ဘီချောင်းကမ်းမှာ နေထိုင်ကြသည့် တဲအိမ်ကလေးများမှ လူများအားလုံးမြင်ကြရသည်။
————————————–
“အချင်းမိချောင်းအပေါင်းတို့ ကျုပ်တို့ အိဒ္နြိလာမိချောင်းသိုက်၏ အရှင်သခင်ဖြစ်သော အိန္ဒြာဒေဝီမိချောင်းမကြီးသည် ယနေ့တွင် သမီးတော် သံသုမာကိုဖွားမြင်ခဲ့လေပြီ..ထို့ကြောင့် ကျွန်ုပ်တို့၏ သိုက်ဝင်ရတနာဖြစ်သော အိဒ္နြိလာမြကျောက်တုံးကြီးကို သမီးတော်လေးအား ရင်ငွေ့ခိုလှုံစေ၍ ဘုန်းတန်ခိုးကြီးမာလာစေရန် စီမံကြကုန်လော့”
နတ်မိချောင်းငမိုးရိပ်သည်မည်သည့်ရေပိုင်နက်ကိုမဆို အတားအဆီးမရှိသွားလာနိုင်ပြီး လူယောင်ဖန်ဆင်းနိုင်စွမ်းရှိသလို သံသုမာသည်လည်း မွေးဖွားစဉ်က အိဒ္နြိလာမြကျောက်တုံးကြီးကို ရင်ငွေ့လှုံခဲ့သည့်အတွက် ကိုယ်ခန္ဓာသန်မာထွားကြိုင်းပြီး ငမိုးရိပ်ရဲ့နယ်မြေလုဘက်အဖြစ်ယှဉ်ပြိုင်နိုင်ခဲ့သည်။ပြိုင်ဘက်မိချောင်းများဖြစ်ပေမယ့် သံသုမာမိချောင်းမလေးက ငမိုးရိပ်ကိုတိတ်တခိုးစွဲလမ်းနေရှာ၏။တစ်နေ့မှာတော့ ငမိုးရိပ်ဟာ သံသုမာတို့ရေပိုင်နက်အတွင်းသို့ ရောက်ရှိလာခဲ့ပါသည်။
“အသင်ငမိုးရိပ်..သင်ဟာဘာကြောင့် ကျွန်ုပ်တို့ရေပိုင်နက်ကို ကျူးကျော်ဝင်ရောက်လာသလဲ”
“ဟားဟား ကျုပ်လိုနတ်မိချောင်းက မည်သည့်ရေပိုင်နက်မဆို အတားအဆီးမရှိသွားလာနိုင်တယ်ဆိုတာမသိရော့သလား”
ထိုသို့ မိမိရဲ့ငယ်ကျွန်ကြီးနှစ်ကောင်ဖြစ်တဲ့ငညိုနဲ့မဲကြီးတို့ ငမိုးရိပ်နဲ့အချေအတင်ဖြစ်နေချိန်မှာတော့
“တော်တော့ ငညို”
“သခင်မလေး”
“ဒီမယ် ငမိုးရိပ် သင်နဲ့ကျုပ်ဟာ တန်ခိုးစွမ်းအားတူညီတဲ့ နတ်မိချောင်းတွေဖြစ်တာနဲ့အညီ အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်နေတာထက် ချစ်ကြည်သင့်မြတ်နေရင်ပိုမကောင်းပေဘူးလား”
“သင်ကဘာကိုဆိုလိုတာလဲသံသုမာ”
ထိုအခါ မဲကြီးကကြားဖြတ်၍
“ငမိုးရိပ်..သင်က နတ်မိချောင်းသာဆိုတယ် သဘောပေါက်မလွယ်ဘူးကိုး..ကျုပ်တို့သခင်မလေးနဲ့သင်နဲ့လက်ထက်ပေါင်းစပ်လိုက်ရင် ကျုပ်တို့အခုလို နယ်မြေလုရင်း ရင်ဆိုင်တိုက်ခိုက်နေစရာမလိုတော့ဘူးပေါ့ဗျာ”
“ဟားဟားဟား ကျုပ်ကမိချောင်းသာဆိုတယ် နတ်ရေစင်သောက်ပြီး ဖွားလာတော့ သင်တို့လို သားစိမ်းငါးစိမ်းစားတဲ့သူတွေရဲ့ အညှီအဟောက်အနံ့ကိုမခံနိုင်ဘူး..ကျုပ်က လူသားမိန်းကလေးပဲ သဘောကျတာဗျ..ဟားဟား”
“အော် သင်က ဒီလိုဆိုတော့လည်း…ငညိုနဲ့မဲကြီးရေ ငါတို့ပိုင်နက်ထဲကျူးကျော်ဝင်ရောက်လာတဲ့ငမိုးရိပ်ကို မှတ်လောက်အောင် ဆုံးမလိုက်ကြစို့”
ဒေါပုံမြစ်အတွင်း မိချောင်းများ၏တိုက်ပွဲက အလွန်ပြင်းထန်စွာဖြစ်ပွားခဲ့၏။အမှန်တကယ်ဆို ငမိုးရိပ်အတွက် အလွန်ပင် နယ်မြေကျဉ်းမြောင်းသွားခဲ့လေပြီ။အကြောင်းမှာ အများနှင့်မတူ ရှည်လျားထွားကျိုင်းသော ခန္ဓာနှင့် ဦးခေါင်းရှည်မျိုးဖြစ်သည့် မိကျောင်းကြီးတစ်ကောင် ပေါက္ခရဝတီမြစ်၊ တရိဟကုမ္ဘာမြစ်တို့မှာ သောင်းကျန်း နေသည်။ လှေသမ္ဗာန်များအား မှောက်သည်။ ပါလာသည့် အဖိုးတန်ပစ္စည်းများအား ယူသည်ဟူသော သတင်းသည် တစ်နေ့တခြားကျော်လာသည်။ ထို့ကြောင့် ရေလမ်းခရီးသွားနေသူများသည် ဤမိကျောင်းရန်ကို ကြောက်သောကြောင့် လှေသမ္ဗာန်များကို အစုအဝေးနှင့်မှ သွားကြသည်။ အားကောင်း မောင်းသန် ယောက်ျားများကလည်း အချင်းချင်းစုပေါင်းကာ ဤမိကျောင်းရန်ကို ကာကွယ်နိုင်ရန် လက်နက်များကိုပါ ယူဆောင်လာကြကုန်လေသည်။ဥက္ကလာပမင်းကြီးသည်လည်း မိမိ၏တိုင်းသူပြည်သားများအတွက် စိတ်မချဖြစ်ရသောကြောင့် ငမိုးရိပ်ကို နှိမ်နင်းနိုင်သူအား မောင်းတီး၍ရှာစေသည်။ထိုအခါ ငမိုးရိပ်ငယ်စဉ်က ကိုက်သတ်စားခဲ့သော မွေးဖခင်ကြီးသည် ဆုတောင်းပြည့်၍ လူသူမနီးတဲ့ တောနက်ကြီးထဲမှာ တစ်ပင်ထီးတည်း ပေါက်နေတဲ့ ပေါက်ပင်ကြီးကနေ သိုင်းနှင့်တကွ “ဥပပတ်ပဋိသန္ဓေ” တည်ကာ ကိုယ်ထင်ရှားကာ ဘွားခနဲ ဖြစ်ပေါ်လာခဲ့သည်။ထို့နောက် အတိတ်ဘဝက ရန်သူဖြစ်ခဲ့သည့် ငမိုးရိပ်မိကျောင်းအား အနယ်နယ်သို့ လှည့်ကာရှာဖွေခဲ့၏။ယခုတော့ သူ့ဆန္ဒတွေပြည့်ဝပေတော့မည်။
“ဘိုးဘိုးတို့ ကျုပ်ငမိုးရိပ်ကို အရှင်ဖမ်းပြီး ဥက္ကလာပမင်းကြီးရှေ့တော်မှောက် ဆက်သွင်းပေးမည်ဟု သံတော်ဦးတင်ပေးကြပါကုန်လော့”
“ကြားရတာ အားရသကွယ်..ဒါနဲ့မောင်မင်းရဲ့အမည်သညာကကောကွဲ့”
“ပေါက်သိုင်း..ငမိုးရိပ်ကို သိုင်းနဲ့ရိုက်ပြီး ဆုံးမမယ့် ပေါက်သိုင်းပါ..ဟားဟားဟား”
“တွေ့ကြသေးတာပေါ့ ငမိုးရိပ်ရယ်”
ပေါက်သိုင်းသည် ရေပြင်ကို သိုင်းနှင့်ရိုက်၍ ငမိုးရိပ်ကိုခေါ်ဆောင်ကာ အတိတ်ဘဝ ရန်ကြွေးကို လက်စားချေပါတော့သည်။ငမိုးရိပ်သည် ပေါက်သိုင်းကိုကြောက်ရသောကြောင့် ဥက္ကလာပနန်းရင်ပြင်မှ ပြေးမိပြေးရာပြေးခဲ့ရင်း ယခုလို သံသမာတို့ရေပိုင်နက်သို့ ရောက်ခဲ့ရခြင်းဖြစ်လေသည်။နောက်ဆုံးမှာတော့ ရန်သူတွေဝိုင်းလာပြီဖြစ်တဲ့ ငမိုးရိပ်ဟာ လူယောင်ဖန်ဆင်း၍ လူ့ပြည်လူ့ရွာ၌ ဇာတ်ဖြုတ်နေထိုင်ရန်ဆုံးဖြတ်ခဲ့လေသည်။
—————————————-
“သ..သခင်မလေး သံသုမာ..မယ်တော်ကြီး အိန္ဒြာဒေဝီကို ဓားဒဏ်ရာတွေနဲ့ချောင်းစပ်မှာလဲနေတာတွေ့လို့ သခင်မလေးကို လာရောက်ခေါ်ဆောင်တာပါ”
“ဘာ..ဘယ်လို”
“အမေ…အဖြစ်ဆိုးလှချည်လားအမေရယ်..ဘယ်လိုဖြစ်ခဲ့ရလဲဆိုတာ သမီးကိုပြောပါဦးအမေရဲ့”
“အမေကသိုက်မိချောင်းဆိုတာ သူတို့ကသိတော့ အမေတို့နန်းစဉ်ရတနာဖြစ်တဲ့ အိဒ္နြိလာမြကျောက်ကြီးကို တောင်းကြတယ်လေ..အမေကမပေးပဲတင်းခံနေတော့ သူတို့က အမေ့ကို ရက်ရက်စက်စက်ဓားနဲ့ထိုးသတ်ကြတယ်သမီးရယ်..အမေမရှိတော့တဲ့အခါ ဒီကျောက်ကြီးကို ငါ့သမီးလေးက ကိုယ်စားး စောင့်..စောင့်ရှောက်ပေးးပေး”
သံသုမာကို ထိုသို့မှာကြားရင်း မိချောင်းမကြီးဟာ အသက်ထွက်သွားရှာပါသည်။
“တောက်..ငါ့အမေကို သတ်တဲ့ဒီရွာက လူတွေကို ငါကိုယ်တိုင်ပြန်သတ်ပြီး လက်စားချေပြမယ်ဟေ့”
မကြာခင်ငမိုးရိပ်သည်လည်း ကျောက်ကုန်သည် မောင်မိုးအဖြစ်နဲ့ ထိုရေကင်းရွာလေးကိုရောက်ရှိလာခဲ့ပါသည်။ထို့နောက် ရွာသူကြီးရဲ့တူမ ရေကင်းသူလေး မရွှေပွင့်နဲ့ မိသားစုဘဝလေးကို ပျော်ရွှင်စွာတည်ဆောက်လျက်ရှိရာ ယခုဆိုလျင် သားဦးလေးပင်ရရှိခဲ့လေပြီ။
—————————–
“ဒီတသက်ကျုပ်တော့ လူပျိုဘဝနဲ့အရိုးထုတ်ရမလား မသိပါဘူးကွာ အေ့”
“ဟားဟား မင်းလို ငမူးမျိုးကို ဘယ်မိန်းမကကြိုက်မတုန်း ကျောက်ဒိုးရဲ့”
“ရောင်းရင်းတို့ကလည်း ကိုယ့်ငယ်ပေါင်းကို အားပေးမယ်မရှိဘူး..တကထဲ.. အေ့”
“ကဲပါ..ကျုပ်တို့ကချစ်လို့ခင်လို့စတာ ဗွေမယူပါနဲ့… ရောင်းရင်းကြီးက အခုလိုအသည်းအသန်မိန်းမလိုချင်နေတော့လည်း..မြစ်ဆိပ်သာသွားပေတော့မောင်ရေ..အခုချိန်ဆို ရွာထဲက လုံမပျိုတွေ ရေခပ်ဆင်းရောပေါ့”
“ဟာဗျာ..အဲ့လို ကျုပ်တယောက်ထဲတော့မသွားရဲပါဘူးဗျ..ရောင်းရင်းတို့လဲကျုပ်နဲ့အဖော်လိုက်ခဲ့ရမယ်”
“နုနေပြန်ပြီ ကျောက်ဒိုးရာ မနေ့ကကြက်ဝိုင်းမှာ ရန်ဖြစ်တော့ ဒီလိုမဟုတ်ပါဘူး..ကဲပါ သွားမယ်သာသွားစမ်းပါ..ကျုပ်တို့ပါရမီဖြည့်ပေးပါ့မယ်”
ဒီလိုနဲ့ ကျောက်ဒိုး သာမောင်နဲ့ဖိုးထိန်တို့ကာလသားသုံးယောက်ချောင်းကမ်းနဖူးဆီသို့ တက်ခဲ့ကြ၏။ထိုစဉ် ချောင်းစပ်၌ အမျိုးသမီးတစ်ဦး ရေချိုးဆင်းနေသည်ကိုတွေ့ကြရသည်။ထိုအမျိုးသမီးမှာ မိမိတို့ရွာသူမဟုတ်ကြောင်း သာမောင်တို့သတိထားမိ၏။
“အတော်လှတဲ့ မိန်းကလေးပဲကွာ..ဒီရွာနဲ့ရွာနီးချုပ်စပ်ကဖြစ်ဟန်တူတယ်ကွ”
“ကျောက်ဒိုး မင်းသွားပြီး ပိုးပန်းတော့လေကွာ..ငါတို့ လူရိပ်လူခြေကြည့်ထားလိုက်မယ်..ဒါကရ တောင့်ရခဲအခွင့်အရေးပဲနော်..လက်လွတ်မခံနဲ့”
“အေးပါ ရောင်းရင်းတို့ရာ အင်းပါ”
ကျောက်ဒိုးတစ်ယောက်ချောင်းထဲရောက်တယ်ဆိုရင်ပဲ ခုဏကသူတို့တွေ့ခဲ့တဲ့ အမျိုးသမီးကပျောက်ချင်းမလှပျောက်သွားခဲ့သည်။မကြာခင်မှာတော့ ချောင်းထဲမှနေ၍ ဦးခေါင်းသုံးတောင်လောက်ရှိတဲ့ မိချောင်းကြီးတစ်ကောင် ပေါ်ထွက်လာခဲ့ပြီး ကျောက်ဒိုးကိုကိုက်ချီသွားခဲ့လေသည်။
“လုပ်ပါဦးးးလုပ်ကြပါဦးးးးကျောက်ဒိုးကိုမိချောင်းဆွဲသွားလို့ပါဗျာ”
ဖိုးထိန်တို့ အော်ဟစ်အကူအညီေတာင်းသံေကြာင့် ရွာသူရွာသားများရောက်လာချိန်မှာတော့ ချောင်းအတွင်းသွေးကွတ်များသာ ကျန်ခဲ့တော့သည်။
“ကျုပ်တို့ရွာမှာအရင်ကမိချောင်းဆွဲတယ်လို့မရှိခဲ့ပါဘူးဗျာ..အခုမှဘယ်လိုဖြစ်ရတာတုန်း”
မိမိသည်လည်း မိချောင်းဘဝကလာခဲ့တာမို့ အခြေအနေအရပ်ရပ်ကို မောင်မိုးရိပ်စားမိ၏။ထို့ကြောင့် ရွာထဲပတ်၍ စနည်းနာကြည့်ရန်ဆုံးဖြတ်လိုက်တော့သည်။ရွာထိပ်နားရှိ ညောင်မုတ်ဆိတ်ပင်ကြီးနားအရောက်မှာတော့ ရေကင်းရွာကဟုတ်ဟန်မတူသော အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရ၏။ထိုအမျိုးသမီးက အနက်ေရာင် ချိတ်ဝမ်းဆက်ကို ဆင်မြန်းထားပြီး အရိပ်လည်းမထွက်ချေ။မောင်မိုးကိုမြင်သည်နှင့် လှစ်ခနဲထွက်သွားမည်အပြု
“ဟေ့မိန်းကလေး..သင်ဘယ်သူလဲဆိုတာငါသိသလို ငါဘယ်သူဘယ်ဝါဆိုတာလည်း သင်သိမယ်ထင်တယ်”
“ဟုတ်တယ်..ငမိုးရိပ်..ကျွန်ုပ်က သင့်ရဲ့ရန်သူတော် သံသုမာ မိချောင်းမပဲ”
“သံသုမာ..သင်ဘာကြောင့်အပြစ်မရှိတဲ့ ရွာသားတွေကို ဒုက္ခပေးရတာလဲ”
“ဒီရွာကသိုက်ဆရာတွေကြောင့် ငါ့အမေ သေဆုံးခဲ့ရတယ်..ဒါကြောင့် ဒီရွာကလူတွေကို လက်စားချေဖို့ လူသားအသွင်နဲ့ ၂နှစ်၂နှစ်ဝါနေထိုင်ခွင့်ပေးဖို့ ဝိရူပက္ခနတ်မင်းကြီးထံမှာ ခွင့်တောင်းပြီးဖြစ်တယ်..”
“ဒါပေမယ့် သင်အခုသတ်လိုက်တဲ့သူက သိုက်ဆရာမဟုတ်ဘူးလေ..”
“အို..ဘာဖြစ်ဖြစ် ဒီရွာကလူတွေကို လက်စားချေရမှကျွန်ုပ်ကျေနပ်နိုင်မယ်..သင်လည်း ကြပ်ကြပ်သတိထားပါ ငမိုးရိပ်..”
——————————-
တနေ့မှာတော့ မောင်မိုးတစ်ယောက် သားလေး၏ရှင်ပြုအလှူအတွက် မြို့တက်ကာ သင်္ဃန်းပရိက္ခရာအပြည့်အစုံသွားဝယ်ရသည်။အလှူအတွက် သွားရသည်ဆိုသော်လည်း မောင်မိုးဟာ မရွှေပွင့်နှင့်သားလေးကိုစိတ်မချဖြစ်နေသည်။စိတ်တွေကလည်း လေးလံနေမိသည်။ထို့နောက် ဝယ်ခြမ်းစရာပစ္စည်းများကို အပြီးသတ်ဝယ်ယူပြီး ရွာသို့ခပ်သုတ်သုတ်ပြန်လာခဲ့သည်။အိမ်နား ရောက်လုရောက်စဉ်မှာတော့ မိမိတို့အိမ်ဝိုင်းရှေ့တွင် အလောင်းစင်တစ်ခုတွေ့ရ၍ မောင်မိုးတစ်ယောက်အမောစို့သွားခဲ့၏။
“မောင်ကြီးရယ်..အဖေ့ကိုကြည့်ပါဦး..နှမလေးဘယ်လိုဖြေရမလဲတော့..ဟီးး”
“ဟာ..အဖေဘယ်လိုဖြစ်တာလဲ..မရွှေပွင့်..မောင်ကြီးကို အကြောင်းစုံ ပြောပြပါဦးကွယ်”
“ကျုပ်တို့သားလေး ရေစပ်မှာ ဆော့နေတုန်း မိချောင်းတစ်ကောင်ကရန်မူလို့ အဖေကသူ့မြေးကိုကယ်ရင်း..ဟီးး..အဖေရဲ့”
ပြောရင်းဆိုရင်း မရွှေပွင့်တစ်ယောက် ရှိုက်ကြီးတငင်ဖြင့် ငိုကြွေးပါတော့သည်။ထိုမိချောင်းသည် ဘယ်သူဘယ်ဝါဖြစ်ကြောင်း မောင်မိုးရိပ်စားမိ၏။စောင့်ကြည့်နေရာမှ အပျက်ပျက်နှင့် သူ၏မိသားစုကိုပင် ထိခိုက်လာသည့်အတွက် မောင်မိုးတစ်ယောက် သည်းမခံနိုင်တော့ပါ။ထို့ကြောင့် သံသုမာနဲ့စာရင်းရှင်းရန် ဆုံးဖြတ်လိုက်တော့သည်။
“သံသုမာ..သင်က ကျုပ်သည်းခံနေတာကိုရောင့်တက်လို့ ကျုပ်မိသားစုကိုပါဒုက္ခပေးဝံ့တယ်ပေါ့..ဟုတ်လား”
“ဟားဟား… ကျွန်ုပ်ကလည်း အစကတည်းကသင့်ကို သတိထားပြီး နေပါလို့ ပြောခဲ့တယ်မှတ်လား..”
“အော်..သင်က အဲ့လောက်တောင် ရန်လိုနေမှတော့ သင့်ရဲ့ဆန္ဒကို ကျုပ်ကဖြည့်ဆည်းပေးရတာပေါ့”
ထို့နောက် ငမိုးရိပ်ကမိချောင်းအသွင်ပြောင်းကာ စတင်တိုက်ခိုက်ပါတော့သည်။သံသုမာလည်းမိချောင်းအသွင်ပြောင်းကာ ပြန်လည်တိုက်ခိုက်တဲ့အခါမှာတော့ နတ်မိချောင်းနှစ်ကောင်ရဲ့ တိုက်ပွဲဟာ အတော်ပင်ပြင်းထန်လာခဲ့ပါသည်။တိုက်ပွဲအတန်ကြာလာသည်နှင့်အမျှ အင်အားပိုမိုကြီးမားလွန်းတဲ့ ငမိုးရိပ်ရဲ့တိုက်ကွတ်တွေကြား သံသုမာတစ်ယောက် အလူးအလဲခံနေရရှာသည်။
ထိုစဉ် ငမိုးရိပ်စိတ်ထဲ တစုံတယောက်က မိမိရဲ့ကျောပြင်ကို ဓားစက်ဖြင့် ခုတ်ပိုင်းလိုက်သလိုခံစားလိုက်ရ၏။
“အားးအမလေးးးသေပါပြီဗျ..ကျွတ်ကျွတ်”
ငမိုးရိပ်က အခုလို အော်ဟစ်မြည်တမ်းနေစဉ်မှာပင် ကြောက်မက်ဖွယ် အသံနက်ကြီးတစ်ခု သူ့ရဲ့နားထဲဝင်လာခဲ့ပြန်သည်။
“ဟဲ့ .. ငမိုးရိပ်..ငါပေါက်သိုင်း မင်းကို အခုဆင့်ခေါ်နေပြီ..ကြားလားဟဲ့..ငမိုက်သား…ဥက္ကလာပ နန်းရင်ပြင်ကို အခုလာခဲ့စမ်း… ရှောင်နေပုန်းနေလို့ မင်းလွတ်မယ် ထင်သလား…ငါ့သိုင်းက မင်းကို အသေသတ်ဖို့ခေါ်နေပြီ…ခုချက်ချင်း လာခဲ့စမ်းကွ..ဟားဟားဟား”
“ဒီမယ်..သံ သံသုမာ ..ကျုပ်အခု စာရင်းရှင်းစရာကိစ္စတစ်ခုပေါ်လာလို့သွားဦးမယ်..သင်နဲ့တော့နောက်မှပြန်တွေ့ကြတာပေါ့လေ..”
“ငမိုးရိပ်..ငမိုးရိပ်..သင်ဘယ်ကိုရှောင်ပြေးဦးမလို့လဲ..တယ်လေ..”
သံသုမာစကားမဆုံးခင်မှာပဲ ငမိုးရိပ်ဟာ ပေါက်သိုင်းဆင့်ခေါ်ရာ ဥက္ကလာပနန်းရင်ပြင်သို့ အပြေးနှင်ခဲ့ရပါသည်။နန်းရင်ပြင်အရောက်မှာတော့ မိချောင်းကြီး ငမိုးရိပ်ဟာ ပေါက်သိုင်းရဲ့ သိုင်းရိုက်ချက်ဒဏ်တွေကြောင့် မိဘနှစ်ပါးကိုပြစ်မှားခဲ့သည့် အတိတ်ဝဋ်ကြွေးများကိုပေးဆပ်ရင်း ဘဝဇာတ်သိမ်းသွားခဲ့လေသည်။
“အားးကျွတ်ကျွတ်..ငမိုးရိပ်နဲ့တိုက်ခိုက်ခဲ့တဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ ငါ ရှေ့ဆက်သွားနိုင်ပါတော့မလားး”
သံသုမာယခုလိုငြီးတွားရင်း ချောင်းစပ်ရှိရာသို့ အားတင်းပြီး ဒယိုးဒယိုင်လျောက်နေရရှာသည်။
“ဟဲ့ကလေးမ..ငါဘယ်သူလဲဆိုတာမင်းသိလား”
သူမရှေ့သို့ ရုတ်တရက်ရောက်လာသော လူကြီးတစ်ယောက်ကယခုလိုမေးမြန်းလိုက်၏။ထိုသူနံဘေးတွင် သက်လတ်အရွယ် လူတစ်ယောက်လည်းပါလာခဲ့၏။
“ရှင်..ရှင်တို့က”
“အေးငါတို့က မင်းအမေဆီက အိဒ္နြိလာမြကျောက်ကြီးကို လုယူဖို့ကြိုးစားခဲ့တဲ့ သိုက်ဆရာတွေပဲ”
“အော်..နောက်ဆုံးတော့ ငါလက်စားချေဖို့ လိုက်ရှာနေတဲ့ လူယုတ်မာတွေကို တွေ့ရပြီပေါ့”
“ရှင်တို့ သရဏဂုံသာတင်ထားကြပေတော့”
“ဟားဟား ကိုယ့်အခြေအနေကို ကိုယ်သိအုံးမှပေါ့ကလေးမရဲ့..မင်းနဲ့ငမိုးရိပ်ရဲ့အဖြစ်အပျက် အစအဆုံးကိုမြင်ပြီးမှ ငါတို့ကလှုပ်ရှားတာပါ..ကျောက်ဖားတို့က မပိုင်ရင် ခြင်တောင်မရိုက်ဘူးကွဲ့..ဟားဟား”
“ကဲပါ..ကြာပါတယ်..သင်အသက်မသေချင်ရင် အိဒ္နြိလာမြကျောက်ရှိတဲ့နေရာ ငါတို့ကိုမြန်မြန်ပြစမ်း”
ထိုအခါ သံသုမာသည် ရုတ်တရက် မိချောင်းအသွင်ပြောင်းကာ ကျောက်ဖားတို့ဆရာတပည့်ကို အမြှီးနဲ့ရိုက်ချပြီး ရေရှိရာသို့ အားယူပြေးလေသည်။ရေစက်သို့ရောက်လုရောက်ခင်မှာတော့ သူမကိုယ်ထဲ စူးနင့်နေအောင်ဝေဒနာတစ်ခုကို ခံစားလိုက်ရသည်။
“ကဲဟယ်..အဲ့လောက်တောင်..ခေါင်းမာချင်တဲ့ မိချောင်းမ..သေစမ်းကွယ်..”
“အမေရယ်..သ..သမီးတို့ မျိုးးနွယ်စု အပေါ် သ..မီးထက်ပြီး အကြွေးးတင်..အ..”
သိုက်ဆရာ ငကျောက်ဖားလက်ချက်ဖြင့် သံသုမာသည်လည်း သေပွဲဝင်ခဲ့ရှာလေပြီ။ကမ္ဘာ့ရန်အဖြစ်သတ်မှတ်ပြီး တစ်ကောင်နှင့်တစ်ကောင် အညိုးတေးအဃာတများဖြင့် အချိန်အတော်ကြာသတ်ပုတ်တိုက်ခိုက်ခဲ့ကြသော မိချောင်းနှစ်ကောင်ရဲ့ အဆုံးသတ်ကံကြမ္မာသည်ကား အတူတူပင်ဖြစ်လေရှာတော့သည်။နောင်ဘဝများရှိခဲ့ရင် ရန်ငြိုးကလဲ့စားများ ကင်းစင်ရာအရပ်မှာ ရှင်သန်မွေးဖွားနိုင်ကြပါစေလို့ဆုတောင်းရင်းး
#ဖြိုးမြတ်ဟန်(Mythologist)