ငရဲကအပြန်(စ/ဆုံး)
—————-
ဧရာဝတီ အနောက်ခြမ်းကရွာကလေးတွေမှာ
လွန်ခဲ့သောအနှစ်လေးဆယ်ခန့်ကအသုဘဖြစ်ပြီဆို
လျှင်ရွာပြင်မှာသေတဲ့အလောင်းဆိုပါကရွာထဲ
သွင်းလို့မရ။ ရွာပြင်မှာဘဲလေးတိုင်စင်ကြီးဆောက်
ပြီးအလောင်းကိုထားလေ့ရှိ၏။
ထို့ပြင်အလောင်းကစားသည့်ဓလေ့လည်းရှိ၏။
ယခုတော့ထိုဓလေ့စရိုက်များပပျောက်သွားခဲ့ပြီဖြစ်
သည်။ ယခုဖော်ပြမည့်အကြောင်းအရာ
သည် ‘ထန်းတောကုန်း’ ရွာကလေးတွင်ဖြစ်ပျက်ခဲ့
သောသွေးပျက်စရာကောင်းလှသည့်အကြောင်း
အရာဖြစ်သည်။
တစ်ရွာလုံးမှောင်နှင့်မည်းမည်း။ မိုးတွင်းကာ
လဖြစ်၍လေကတဟူးဟူး။ရွာပတ်လည်မှာလည်း
သစ်ပင်ကြီးငယ်တို့ထူထပ်စွာပေါက်ရောက်နေ၏။
မိုးလေကြောင့်မြည်ဟည်းနေသည့်သစ်ပင်သစ်ရွက်
သံတို့သည်မကောင်းဆိုးရွားများ၏အော်သံအ
လားထင်ရသည်။
တစ်ရွာလုံးအိမ်တံခါးတွေပိတ်ထားကြ၏။
အိမ်ခြေ နှစ်ရာခန့်ရှိပြီးလယ်ယာလုပ်ငန်း သားငါး
ရှာဖွေသည့်လုပ်ငန်းတို့နှင့်အသက်မွေးမြူကြ၏။
မိုးတွင်းကာလဖြစ်၍အရှေ့ဘက်နတ်ထွင်းချောင်း
လေးမှချောင်းရေစီးသံကြီးကိုလည်းရွာထဲမှကြား
နေရ၏။
ထိုအချိန်နတ်ထွင်းချောင်းစပ်၌လေးတိုင်စင်
ထိုး၍အသုဘအလောင်းတင်ထားသည်။ သေဆုံးသူမှာ
ကာလသားခေါင်း ကျော်ကြီး ဖြစ်၏။ချောင်း
ထဲငါးဆင်းရှာရာမှ ပိုးထိ၍သေဆုံးသဖြင့်
အလောင်းကိုရွာထဲမသွင်းဘဲရွာပြင်ထုတ်ထားရ
ခြင်းဖြစ်၏။
ကျော်ကြီးကသူကြီးဦးဘာဘူ၏တူလည်းဖြစ်ရာ
အသုဘကိစ္စကိုသူကြီးကိုယ်တိုင်စီမံရ၏။ကျော်ကြီး
ကအဖေအမေ မရှိတော့သဖြင့်ဦးဘာဘူက
မွေးစားထားခြင်းဖြစ်၏။အတန်းပညာတစ်ဝက်တစ
်ပျက်ဖြစ၍အိမ်မှာဘဲတောက်တိုမည်ရခိုင်းစေခဲ့၏ ။
ဦးဘာဘူမှာလယ်တွေ နွားတွေတစ်ပုံကြီး။
လယ်ယာကိစ္စအားလုံးကိုကျော်ကြီးကိုပဲလွဲထား၏။
သားဖြစ်သူချစ်မောင်ကတော့ဘယ်လိုမှအားကိုး၍
မရ။အိမ်ကပ်သည်လည်းမရှိ။ အိမ်မှာရှိလည်း
ဦးဘာဘူနှင့်တကျက်ကျက်။
ပိုက်ဆံဘယ်လိုဖြုန်းရမလည်း စဉ်းစားနေ
သည့်သား။ အရက်သောက်ဖဲရိုက်နှင့် ဖဲဝိုင်းဘယ်
မှာရှိလည်းသာနားစွင့်နေသည်။ရွာထဲမှာလည်းသူ့
အရှိန်နှင့်မဟုတ်မဟတ်အကုန်လုပ်သည်။ရွာသား
များကိုလည်းမောက်မာရိုင်းပျစွာဆက်ဆံ၍အမြဲ
တမ်းလိုက်ရှင်းနေရ၏။
ကျော်ကြီးရုတ်တရက်ဆုံးသွား၍သူရဲ့ညာ
လက်ရုံးပြုတ်သွားသည်။အားကိုးရသည့်အပြင်အိမ်
မှာလည်းကျော်ကြီးရှိလျင်လုံခြုံလှ၏။ ကျော်ကြီး
သေဆုံးရသည့်ကိစ္စက ချစ်မောင်၏ပယောဂ မ
ကင်း။ကျော်ကြီး လယ်ထဲကအပြန်အရက်နှင့်မြည်း
ရန်ငါးရှာခိုင်းရာမှ ပိုးထိ၍သေဆုံးခဲ့ခြင်းဖြစ်သည်
ချစ်မောင်ကိုဆူတော့တစ်ခွန်းမကျန်ပြန်ပြော
၏။သူ့စကားသံတွေက မိဘနှင့်သားသမီးကြား
ဘယ်လိုမှ ဂါဝရမရှိ။ ချစ်မောင်ကိုတစ်ရွာလုံးကလည်း
မျက်စိ စပါးမွေးစူးနေကြ၏။
ပြီးတော့ မိန်းမကလည်းရှုပ်သေးသည်။
ကြားရသည့်သတင်းမှန်သမျှကဘယ်တော့မှ
သတင်းကောင်းမဟုတ်။
ယခုလည်းကျော်ကြီးအလောင်းကိုစောင့်မည်
ဆိုတော့ဦးဘာဘူစိတ်မချ။ ပြသာနာဖြစ်မှာစိုးရိမ်
နေမိ၏။အမှန်တော့အသုဘစောင့်ခြင်းထက်
ဖဲရိုက်ချင်၍ဖြစ်သည်။ ခုနှစ်ရက် ခုနှစ်လီ ဆို
တော့ ချစ်မောင်အတွက်ပွဲကြီးပွဲကောင်း။ မိခင်
သိမ်းထားသောစိန်နားကပ်အဟောင်းကိုခိုးရောင်း
၍ဖဲဝိုင်းတွင်ဒိုင်ခံခဲ့၏။
သူတို့လူစုသည်အလောင်းနှင့် ဝါးတစ်ရိုက်
ခန့်ဝေးသောနေရာတွင်ယာယီတဲဆောက်ပြီးဖဲဝိုင်း
ကျင်းပခဲ့သည်။ ထိုးသားတွေကတခြားရွာသား
တွေလည်းပါ၏။ဝက်ကြီးတို့လူစုမှာချစ်မောင်ခိုင်း
သမျှလုပ်ပေးရ၏။အရက်ကိုပလတ်စတစ်ပုံးနှင့်
ဝယ်ပေးရသည်။အမြည်းတွေကအလျှံပယ်။
ချစ်မောင်မှာဖဲကလေးပွတ်လိုက်အရက်လေး
သောက်လိုက်နှင့်ဇိမ်ကျနေ၏။အသုဘ ကနှစ်ရက်
ပြည့်ခဲ့ပြီဖြစ်သည်။
နေ့ခင်းတစ်နာရီလောက်တတည်းက တစ်ပွဲ
ပြီးတစ်ပွဲကျင်းပခဲ့တာမိုးလည်းချုပ်ပြီဖြစ်သည်။
သူတို့လူစုကဖဲချပ်ပေါ်မှဂဏန်းတွေ အပွင့်တွေ
ပဲမြင်ပြီးအလောင်းဘက်ကိုလှည့်တောင်မကြည့်။
ဖဲကသေနေတော့ချစ်မောင် တောက်တခေါက်
ခေါက်။ဝိုင်းထဲကစားသည့်ထိုးးတွေကလည်း ကျား
တွေချည်းဖြစ်၏။ သန်းခေါင်ယံရောက်သည်အထိ
ဖဲသေနေသဖြင့်ချစ်မောင်ပြုံးဖြီးဖြီးလုပ်နေသည့်
အမူအရာပျောက်ကုန်၏။ သောက်ထားသည့်အ
ရက်ကလည်အရှိန်ရလာပြီမို့မျက်နှာထားကမာ
ကျောခက်ထန်လာ၏။ပြောသည့်စကားက မကြား
ဝံ့မနာသာ။သူပြောသမျှခံနေရသည်ကဝက်ကြီး။
လိုသမျှလုပ်ကိုင်ပေးသော်လည်းသူ့ကိုပဲလှည့်ပြီး
ဆဲရေးတိုင်းထွာနေ၏။
ဝက်ကြီးကဒုံးသမား။ မိသားစုတွေများလှပြီး
ဒုက္ခတွေဝိုင်းဝိုင်းလည်နေသူ။ ရွာထဲအလုပ်မှန်သမျှ
လည်းသူပဲဒိုင်ခံလုပ်ခဲ့၏။အရပ်ကပုပျပ်ပျပ်
ညိုညစ်ညစ်။ကိုယ်ပေါ်ဗလာကျင်းနှင့်အမြဲနေ
တတ်၏။အခုလည်းဖဲဝိုင်းဘေးတွင်တောက်တိုမယ်ရ
လုပ်ပေးနေ၏။ဝက်ကြီးနှင့်ဘဝတူ အေးဒင်
ကတော့မိုက်တိမိုက်ကန်းရှိလှ၏။ဝက်ကြီးကြောင့်
အသုဘကိစ္စဝိုင်းလုပ်ပေးနေရသော်လည်း
ချစ်မောင်ပြောဆိုဆက်ဆံပုံကိုမကြိုက်။ထို့ကြောင့်
လည်းခပ်ခွာခွာလုပ်ခဲ့၏။
“ဟေ့ကောင်အေးဒင် မင်းဘာလုပ်နေတာလဲ
သွားစမ်း အရက်သွားဝယ်စမ်း။ ဝက်ကြီးဝယ်လာတာ
ရေတွေရောလာတာ။ဒါကြောင့်မင်းလမ်းဘေး
ရောက်နေတာကွ ”
“ဟာဗျာ ကိုချစ်မောင်ကလည်းကျုပ်ကသံ
ချောင်းတို့ဆိုင်ကဝယ်လာတာ။ရေမရောပါဘူးဗျာ
‘တိတ်စမ်း အေးဒင် မင်းလိုက်သွားအရက်
ကောင်းကောင်းပြန်ရှာဝယ်ခဲ့ ‘
‘မိုးတွေဒီလောက်ရွာနေတာ တစ်ရွာလုံးအိပ်
ကုန်ပြီ ကိုချစ်မောင်ရဲ့ ‘
‘ဟာတော်တော်စကားများတဲ့ကောင်ပါလား
မရရအောင်ရှာဝယ်လာခဲ့။သွားစမ်း။ ဒီမှာဖဲသေ
နေရတဲ့ကြားမင်းတို့နှစ်ယောက်မြင်ရတာကျက်သ
ရေမရှိဘူး ‘
‘ ဟုတ် ဟုတ်ကဲ့ ‘
နှစ်ယောက်စလုံးသူ့ကိုတစ်ခွန်းမှမပြောရဲ။
လမ်းတလျှောက်လုံးနှစ်ယောက်သားပွစိပွစိပြောခဲ့
ကြ၏။ဝက်ကြီးကပို၍ပေါက်ကွဲနေ၏။
‘သူကြီးမျက်နှာထောက်နေလို့ပေါ့ကွာ
မဟုတ်ရင်ဒီကောင်နဲ့ငါနဲ့ယှဉ်ထိုးတယ်။ ဒီလို
ကောင်မျိုးတစ်ချက်နှစ်ချက်မထိုးရပါဘူးကွာ။
ငါဝယ်လာတာမီးတောက်စစ်စစ် ရေတစ်စက်မှ
မေရာဘူး ‘
‘သိပါတယ်ကွာ ငါတောင်နှစ်ခွက်လောက်ချ
ကြည့်တာပူထူသွားတယ်’
‘ငါလည်းခိုးတွယ်ကြည့်တာလည်ချောင်းထဲ
မီးတောက်ကြီးထတောက်သလိုပဲ။ဒီကောင်လူမှ
ဟုတ်ရဲ့လားမသိပါဘူး’
‘ဘာမှမဟုတ်ဘူးဝက်ကြီးရ ဒီကောင်ဖဲရှုံးလို့
ရှုံးမဲမဲနေတာကွ။သူ့အိတ်ထဲမှာပိုက်ဆံတွေ
သိန်းချီပါလာတာကွ။ ‘
‘ငါသိပါတယ်ကွာ ငါကြားတာငါးသိန်းကျော်
လောက်ရှိမှာကွ ‘
‘ များလှချည်လား ‘
‘အဖေ ပိုက်ဆံထိုင်ဖြုန်းနေတဲ့ကောင်ပါကွာ’
နှစ်ယောက်သားပြောဆိုရင်းအနောက်ဘက်ရွာ
မှမီးတောက်လေးလုံးဝယ်၍ပြန်လာခဲ့ကြသည်။
ချစ်မောင်ကတော့ဝိုင်းထဲမှာသဲကြီးမဲကြီး။ အရက်
ငှဲ့ပေးတော့တစ်ရှိန်ထိုးမော့ပစ်သည်။
သူတို့ပြန်ရောက်တော့ချစ်မောင်ကနှစ်ပွဲ
လောက်ပြန်နိုင်နေ၏။သူ့ရှေ့မှာပိုက်ဆံပုံကြီးက
လည်းဟီးနေ၏။ချစ်မောင်ကကျော်ကြီးနာမည်
ခေါ်ပြီးဆော့လာတော့ ထိုးသားတွေသွေးပျက်ကုန်
၏။ကျော်ကြီးဝင်လာသလားမသိ။ချစ်မောင်ဖဲတွေ
အောင်လာသည်။ဖဲတက်လာတော့လူကသွက်လာ
သည်။အရက်ရှိန်ကလည်းတရိပ်ရိပ်။နောက်ထပ်
ပွဲများအပြီးမှာထိုးသားတွေလှန်သွား၏။
ရှိသမျှလည်းကုန်သွားကြပြီဖြစ်ရာတဲပေါ်မှဆင်းသွား၏။
ချစ်မောင်ရယ်မောသံကတစ္ဆေသရဲ ရယ်မောသံ
ကြီးအလား။တဲထဲမှာချစ်မောင် ဝက်ကြီးနှင့်အေး
ဒင် တို့သာကျန်တော့၏။
အရှိန်ရနေပြီဖြစ်သောချစ်မောင်က နောက်
တစ်ခွက်အမော့တွင်ကြမ်းပြင်ပေါ်ဟပ်ထိုးကြီး
ဆိုက်ကျသွား၏။
‘ဒီလူသောက်တာ အသေသောက်ပဲကွ ‘
‘ဟုတ်ပကွာ တော်တော်ထင်ရာစိုင်းတဲ့လူပဲ’
‘ကိုချစ်မောင် ကိုချစ်မောင် ခေါ်လို့မရ
တော့ဘူး ‘
‘သေသွားလည်းအေးတာပဲကွာ ‘
‘ပိုက်ဆံတွေ ဘယ်လိုလုပ်မလဲ ‘
‘ဟေ . လေးငါးသိန်းတော့ရှိမယ် ‘
ကြမ်းပြင်ပေါ်သားရေပင်နှင့်ပတ်ထားသည့်
ပိုက်ဆံ အထပ်လိုက်ကြီးကိုမြင်တော့နှစ်ယောက်စ
လုံးလောဘဇောတိုက်လာ၏။ အနည်းဆုံးခြောက်
သိန်းလောက်တော့ရှိမှာ။ ချစ်မောင်က တခူးခူးနှင့်
ဟောက်နေပြီဖြစ်သည်။
‘ဘယ်လိုလုပ်မလဲ ငါလည်းပိုက်ဆံမရှိဘူး ‘
‘ငါလည်းရှိတာမဟုတ်ပါဘူး ဝက်ကြီးရာ ‘
‘ဒီပိုက်ဆံတွေ ခွဲယူမယ်ကွာ ‘
‘ဟာချစ်မောင် နိုးလာရင်ဘယ်လိုလုပ်ကြမလဲ ‘
‘လွယ်လွယ်လေးပါ ဝက်ကြီးရာ မနိုးသောအိပ်
ခြင်းနဲ့အိပ်သွားအောင်ခေါင်းထဲအိပ်ခိုင်းလိုက်ပေါ့
ကြာ ‘
‘ဘာ ဟာမဖြစ်ဘူး ‘
‘ဘာလို့မဖြစ်ရမှာလဲ ဒီကိစ္စကိုမင်းနဲ့ငါဘဲသိတာလေ။
ငါပြောမယ်ဝက်ကြီး .’
အေးဒင်က တိုးတိုး တိုးတိုးပြောပြလိုက်
တော့ ဝက်ကြီးမျက်လုံးပြူးမျက်ဆံပြူးကာကျော်
ကြီး၏အလောင်းကိုလှမ်းကြည့်ရင်း ရင်ထိတ်
နေ၏။
‘ဖြစ်. . .ဖြစ်ပါ့မလားကွာ ‘
‘ဘာလို့မဖြစ်ရမှာလဲ ဒါအကွက်ကွ။ ကျော်
ကြီးကိုထုတ်ပြီးချောင်းထဲမျှောလိုက်တာဘယ်သူမှ
မသိပါဘူးကွာ။ ဒီလောက်သဲကြီးမဲကြီးရွှာနေတဲ့မိုး
တွေကြားထဲမှာဘယ်လှေမှ ထွက်မှာမဟုတ်ဘူး။
ပြောနေတာကြာတယ်မြန်မြန်လုပ်ကွာ ‘
အေးဒင်စကားကြောင့်ဝက်ကြီးသတိဝင်လာ
၏။ ကြမ်းပေါ်ကပိုက်ဆံထုပ်ကိုနှစ်ယောက်ခွဲယူ
လိုက်ပြီးမူးမေ့နေသောချစ်မောင်ကိုတဲထဲကဆွဲ
ထုတ်လိုက်၏။မိုးကအဆက်မပြတ်ရွာသွန်းနေ၏။
လူလုံးမကွဲ။မြေကြီးပေါ်တရွတ်တိုက်ဆွဲလာကာ
အလောင်းစင်အနားသို့ရောက်လာ၏။
‘ဖြစ်ပါ့မလားအေးဒင် ရာ ‘
‘ဘာလို့မဖြစ်ရမှာလဲ။ကျော်ကြီးကို မနက်ဖြန်
မြှုပ်မှာကွ။ ဒီတော့ငါတို့ကိစ္စ ဘယ်သူသိမှာလဲ ‘
‘ ဒါဆိုလုပ်ကွာ ‘
နှစ်ယောက်သားသံမရိုက်ရသေးသောခေါင်းဖုံး
ကြီးကိုဖွင့်လိုက်၏။ ထို့နောက်ကျော်ကြီးအ
လောင်းကိုဆွဲထုတ်လိုက်ပြီးနတ်ထွင်းချောင်ဘက်သို့
သယ်လာကာတစ်ရှိန်တိုးစီးဆင်းနေသော
ချောင်းထဲသို့ပစ်ချလိုက်လေတော့သည်။
ကျော်ကြီးအလောင်းချောင်ထဲကျသွားသည်
နှင့်ချစ်မောင်ကိုမ,၍ခေါင်းထဲထည့်လိုက်သည်။
ထို့နောက်ခေါင်းအဖုံးပိတ်ကာဟ,နေသည့်သံချက်
ကိုအဆုံးရိုက်ချလိုက်၏။
‘ကိုင်း .ဇာတ်သိမ်းသွားပြီကွ ဒီလောက်
လူပါးဝတဲ့ကောင် ခွေးသေနွားသေ သေဖို့သာပြင်
လူတွေကိုတိရစ္ဆာန်လိုဆက်ဆံတဲ့ကောင် ‘
‘ဟား ဟား ဇာတ်သိမ်းကတော့အရှင်လတ်
လတ် ငရဲ ကိုရောက်တာကွ ဝက်ကြီး ရ ‘
‘ဟုတ်တယ် ငရဲရောက်တာတောင်လူပါးဝ
မယ့်ကောင် ‘
နှစ်ယောက်သားခေါင်းကြီးကိုသေချာပိတ်ပစ်
လိုက်ပြီးတဲဘက်ပြန်ခဲ့သည်။ လုပ်သာလုပ်ရသည်
နှစ်ယောက်သားရင်ထဲမှာတော့ကြောက်စိတ်
တလူလူ ။ဝက်ကြီးကပိုဆိုး၏။
‘မနက်ဖြန်မနက်စောစော သင်္ချ ိုင်းကိုပို့ပစ်မှ
ဖြစ်မှာ ‘
‘မပူပါနဲ့ကွာ ချစ်မောင်သောက်တဲ့အရက်ထဲမှာ
ငါအိပ်ဆေးတွေရောပေးလိုက်တယ်။ ခေါင်း
ထဲမှာသေလို့သေမှန်းတောင်သိမှာမဟုတ်ဘူး ‘
‘ဟုတ်လား မင်းကလုပ်တာ ပိုင်လှချည်လား’
‘မပြောနဲ့တော့ ဒီကိစ္စ ငါတို့နှစ်ယောက်
သစ္စာ ရှိဖို့ပဲလိုတယ် ‘
‘စိတ်ချစမ်းပါကွာ ‘
နှစ်ယောက်သားတဲထဲမှာစကားတပြောပြော
နှင့်သေရည်ကိုတစိမ့်စိမ့်သောက်ခဲ့ကြရာ အရှေ့
အရပ်မှ ရောင်နီဝိုးတဝါးထွက်လာတော့မှ အိပ်
ပျော်သွားကြ၏။
~~~~~~~~~~~
အသုဘကလူစည်ကားလှ၏။ ဦးဘာဘူကိုယ်
တိုင်သင်္ချ ိုင်းထိလိုက်၍စီစဉ်ခဲ့၏။ မြေမြုပ်သည်ကအစ
စိတ်တိုင်းကျမှ မြှုပ်ခိုင်း၏။
သင်္ချ ိုင်းကိုသယ်လာတုန်း ထွန်းကြိုင်တို့လူစု
အလောင်းကစားတာမြင်တော့ဦးဘာဘူအော်ဟစ်
ဟန့်တားခဲ့၏။
‘မလုပ်ကြပါနဲ့ကွာငါ့တူလေး ငြိမ်းငြိမ်းချမ်း
ချမ်းနေပါစေ။ သူ့ခမျာ ဘဝတလျှောက်လုံးဆင်းရဲခဲ့ရတာ။
မလုပ်ကြပါနဲ့’
ကျော်ကြီးကိုသားအရင်းသဖွယ်ချစ်ခင်တွယ်တာခဲ့သည်
ချစ်မောင်နည်းတူဝယ်ခြမ်းပေးသော်လည်း
ခေါင်းတခါခါ။အလိုက်သိလွန်းသောတူက
လေး။ မိုးမလင်းခင်ထပြီးရေခပ် ထင်းခွဲ ဘာတစ်ခုမှ
ပြောစရာမလို။လယ်လုပ်ငန်းကိုလည်းထောင့်
စေ့အောင်လုပ်တတ်၏။ ဘဝကိုနားလည်သော
ကျော်ကြီး။ အသေစောသဖြင့်နှမြောနေမိ၏။
သင်္ချ ိုင်းကပြန်လာတော့ရွာသားတချို့
သင်္ချ ိုင်းဘက်လှည့်ကာရွှံ့တုံးများနှင့်ပစ်ပေါက်၍
‘နောက်မလာနဲ့ နောက်မလာနဲ့ ‘
ဟုအော်ဟစ်မောင်းထုတ်ခဲ့ကြ၏။ သူကတော့မလုပ်ရက်။
ကျော်ကြီးအသက်ရှင်ပြီးပြန်လာလျှင်လည်းလက်ခံ
မည်သာဖြစ်၏။
အသုဘချပြီး တစ်နေ့လုံးစိတ်မချမ်းမသာဖြစ်
ရ၏။ဇနီးသည် မစိန်မြ ကလည်းကျော်ကြီးကိုတသသ။
‘ကျော်ကြီးကိုနှမြောလိုက်တာ ‘
‘အေးကွာ ငါတို့လက်မောင်းပြုတ်တာပဲ’
‘ဟုတ်ပါ့တော် ‘
‘ငါလည်းစိတ်မကောင်းဘူးဟာ နင့်သားချစ်
မောင်နဲ့တော့ကွာပါ့။ တကယ်ဆို ဒီအမိုက်သား
သေသင့်တာ ‘
‘သား လေးကို အဲဒီလိုတော့မပြောပါနဲ့။
တစ်ချိန်ချိန်သူလည်းနားလည်လာမှာပါ ‘
‘ဒီကောင်လား နားလည်မှာ ။ အလကား
ဆန်ကုန်မြေလေး ။ကျော်ကြီးကိုမြှုပ်မယ့်အစား
ဒင်းကိုမြှုပ်သင့်တာ ‘
‘ ပေါက်တီးပေါက်ရှာတွေ မပြောပါနဲ့ ‘
ဦးဘာဘူပြောသမျှကိုဒေါ်စိန်မြကဖာဖာထေး
ထေးပြောနေရ၏။ပြောလည်းပြောစရာပင်။ မိဘ
နှစ်ပါးကိုပင်စော်စော်ကားကားပြောလေ့ရှိသောသား။
သားလာလျှင်စားဖို့သောက်ဖို့ဖွယ်ဖွယ်ရာရာ
လုပ်ထားလေ့ရှိသောသူတောင်ရင်အနာကြီးနာခဲ့ရ၏။
ချစ်မောင်ဘယ်လောက်ဆိုးဆိုးမိုက်မိုက် အိမ်
ပြန်လာလျှင်သူချက်သောထမင်းဟင်းကိုစားလိုက်
ရမှ။ ချစ်မောင်အကြိုက်ဆုံးဟင်းက ဝက်ပုံးရည်
ဟင်း။ တစ်ရက်တွင်မူးမူးနှင့်အိမ်ကိုပြန်လာ၏။
အဲဒီနေ့ကဝက်ပုံးရည်ချက်သည့်နေ့။ ချစ်မောင်က
တစ်လုပ် နှစ်လုပ်စားပြီးသည်နှင့်ပိုက်ဆံတောင်း
တော့၏။
တောင်းသည့်ငွေကလည်းတစ်သိန်း။ မပေး
နိုင်ဘူးလည်းပြောရောထမင်းစားပွဲကိုမှောက်ပစ်၏
ဝက်ပုံးရည်အိုးကြီးမှောက်ကျသွား၏။ပန်းကန်တွေ
လည်းကွဲ။ထမင်းစေ့တွေလည်းကြမ်းပြင်မှာအဖွေး
သား။သူ့ကိုပြောဆိုပြီးအိမ်ပေါ်ကဆင်းသွားခဲ့၏။
ထိုအဖြစ်ကိုယခုထိမမေ့။ဖခင် နာကျည်းမယ်ဆို
လည်းနာကျည်းစရာကောင်းလှ၏။
သို့နှင့် ကျော်ကြီးအသုဘကိစ္စပြီးတော့သူတို့
လင်မယားအနားမနေရ။ လယ်ယာကိစ္စတွေ လုပ်
နေရ၏။
ဂေါ်ရာ၏စိတ်ထဲမသင်္ကာလှ။သင်္ချ ိုင်းထဲလူ
တွေရှင်းသွားမှပို၍သတိထားမိသလိုဖြစ်လာ၏။
ကျော်ကြီးအလောင်းကိုမြေမြှုပ်ခဲ့စဉ်ကခေါင်းထဲမှ
လှုပ်လှုပ်ရှားရှားအသံကြာမိသလိုပင်။ လူတွေအား
လုံးရှင်းသွားမှမြေသားတွေ ကျင်းထဲဆွဲချရင်း
တဒုတ်ဒုတ်မြည်သံကို သုံးလေးချက်ကြားလိုက်ရ၏
စိတ်ထဲတစ်မျိုးတစ်မည်ခံစားရသော်လည်းမမှုခဲ့။
မြေသားများကိုအပြည့်ဖုံးပြီးအပေါ်မှမှတ်တိုင်စိုက်
ခဲ့၏။
ဇရပ်ပြန်ရောက်တော့ထိုင်နားနေတုန်းတဒုတ်
ဒုတ်မြည်သံကိုပြန်၍သံသယဝင်လေ၏။ကျော်ကြီး
သေတာမှဟုတ်ရဲ့လား။မြောများမြောနေသလား။
စိတ်ထဲဇဝေဇဝါဖြစ်မိ၏။သူ့အဖော်ပေတိုးကိုပြော
တော့ ပေတိုးက
‘မဟုတ်တာပဲဗျာ ‘
‘ငါတကယ်နားနဲ့ဆတ်ဆတ်ကြားတာကွ။
ကျော်ကြီးမသေဘူးထင်တယ် ‘
‘မဖြစ်နိုင်ပါဘူးဗျာသေလို့ မိုးထဲလေထဲသုံးရက်
တောင်ထားခဲ့တာပဲ။မြောနေတယ်ဆိုသတိရလာမှာ
ပေါ့ဗျာ ‘
‘ထားပါတော့ မင်းမှငါ့စကားကိုမယုံတာ။
မပြောတော့ဘူးကွာ ‘
နောက်ဆုံးတော့ကျော်ကြီးကိစ္စမေ့မေ့
ပျောက်ပျောက်ဖြစ်သွား၏။ ထိုအချိန်တွင်သူကြီး
ကတော်ဒေါ်စိန်မြမှာချစ်မောင်အိမ်ပြန်မလာသည်မှာ
သုံးရက်ခန့်ရှိနေပြီဖြစ်၍စိတ်ထဲပူပန်နေ၏။
ရွာထဲလျှောက်ရှာလျှောက်မေးလုပ်တော့လည်းဘာ
သတင်းမှမကြားရ။ဘယ်သူ့မှမေးမရတော့မြောက်
ဘက်ရွာတွေလိုက်မေးကြည့်၏။ဘယ်သူမှမသိ။
သားအတွက်စိုးရိမ်သောကကြီးလာ၍ခင်ပွန်းသည်
ကိုပြောမိ၏။
ဦးဘာဘူကချစ်မောင်အကြောင်းဘာမှမပြော။
ဖြစ်ချင်ရာဖြစ်ပစေဟုပြောလာ၏။ဒေါ်စိန်မြခမျာ
သားဇောတောက်နေပြီဖြစ်၏။အိပ်မက်ထဲမှာ
ချစ်မောင်၏ရင်ခေါင်းသံကြီးနှင့်အော်သံကိုကြားရ
၏။’အမေကယ်ပါဦးဗျ ‘ဆိုသောအသံကြီးကိုနားထဲ
ကမထွက်။ ချစ်မောင်တစ်ခုခုဖြစ်နေလားဟု
ထိတ်ထိတ်ပျာပျာဖြစ်နေရ၏။
ကျော်ကြီးအသုဘချပြီးလေးရက်ပြည့်သည့်
နံနက်ခင်းတွင် နတ်ထွင်းချောင်းဘက်မှအလောင်း
်တစ်လောင်းပေါ်လာသည့်သတင်းထွက်လာ၏။
တစ်ရွာလုံးအုန်းအုန်းကျွတ်ကျွတ်။ဦးဘာဘူရော
ဒေါ်စိန်မြပါ ချစ်မောင်လေလားသွားကြည့်ကြ၏။
လုံခြုံရေးကင်းလှေကတွေ့ခဲ့ခြင်းဖြစ်၏။အ
လောင်းကိုနတ်ထွင်းချောင်းအောက်ဖက် မြစ်ကျိုး
ကွေ့နားမှတွေ့လာကြခြင်းဖြစ်၏။
အလောင်းမှာအတော်လေးရုပ်ပျက်ဆင်းပျက်
ဖြစ်နေ၏။သို့သော်ကိုယ်ပေါ်မှာပါသည့်နွမ်းရိနေ
သောအဝတ်အစားများ အရပ်အမောင်းနှင့်ညာ
ဘက်လက်မရှိလက်ပွားလေးကြောင့်ကျော်ကြီးအ
လောင်းဆိုတာကိုတစ်ရွာလုံးသိလိုက်ကြ၏။
ထိုအခါ ဦးဘာဘူတို့လင်မယားမျက်လုံးမျက်
ဆန်တွေပြူးကုနကြ၏။
‘ဒါဆို ဟိုခေါင်းထဲပါသွားတာဘယ်သူလဲ ‘
‘ဟုတ်ပါ့ကွာ . ဟေ့ကောင်ဝက်ကြီး ‘
‘ ဗျာ ‘
‘မင်းတို့ကျော်ကြီးအလောင်းကိုခေါင်းထဲ
သေသေချာချာထည့်လိုက်တယ်ဆို ။ ဘယ်လိုလုပ်
ပြီးချောင်းထဲရောက်လာတာလဲ ပြောစမ်း ‘
‘ဟာ သူကြီးကလည်း ခွေးအ တွေဆွဲသွားလို့
ဖြစ်မှာပေါ့ဗျာ ‘
‘မဟုတ်နိုင်တာကွာ ‘
သူကြီးဦးဘာဘူ အတော့်ကိုထိတ်သွား၏။
ကျော်ကြီးခေါင်းကိုသူကိုယ်တိုင်ဦးစီး၍ အကျအန
မြှုပ်ခဲ့ခြင်းဖြစ်၏။ သင်္ချ ိုင်းဘက်ကရေလျှံတတ်သလို
ခွေးအ ,အုပ်တွေရောက်လာပြီးဖော်စားတတ်သဖြင့်
သုဘရာဇာ ဂေါ်ရာကိုသေသေချာချာမြှုပ်နှံ
ရန်မှာကြားခဲ့၏။ယခုတော့ကျော်ကြီးအလောင်း
ချောင်းထဲဘယ်လိုရောက်နေသည်မသိ။ ခွေးအ
ဖော်စားထားသည်ဆိုလည်းကိုက်ခဲထားသည့်ဒဏ်ရာ
တွေတွေ့ရမည်။
ကျော်ကြီးခန္ဓာကိုယ်မှာရေတွေဝင်၍ပွရောင်း
ဖောင်းကားနေသည်မှလွဲ၍ဘာဒဏ်ရာမှမရှိ။
လုံခြုံရေးမှူး ဝင်းနိုင်လည်းသံသယဖြစ်နေ၏။
နောက်ဆုံးသူတို့လူစုကျော်ကြီးအလောင်းကို
သင်္ချ ိုင်းဘက်သယ်လာပြီးမြှုပ်ရန်ပြင်ဆင်ကြ၏။
ထိုအခါ သုဘရာဇာမျက်စိလည်နေ၏။သင်္ချ ိုးမှာ
ချောင်းဘက်ကရေလည်းမဝင်။ မြေပုံတွေလည်း
ခြေရာလက်ရာမပျက်။ကျော်ကြီးအလောင်းချောင်း
ထဲရောက်နေသည့်အတွက် ဂေါ်ရာ တဒုတ်ဒုတ်
မြည်သံကြီးကိုပြန်သတိရလာ၏။
‘ ဟာ . ဒါဆို ဒုက္ခ ပဲဗျ ‘
‘ဘာလည်း ဂေါ်ရာ ရဲ့ ‘
‘ ဟိုကျော်ကြီး ခေါင်းကိုမြှုပ်တုန်းက ခေါင်းထဲက
တဒုတ်ဒုတ်မြည်သံကိုကျုပ်နားနဲ့ ဆတ်
ဆတ်ကြားလိုက်ရတာဗျ ။ ကျော်ကြီးမဟုတ်ရင်
တစ်ယောက်ယောက်ပဲ ‘
‘ ဘာ ‘
‘ ဟေ့ကောင် ဂေါ်ရာ ‘
‘ဗျာ စခန်းမှူး ‘
‘ အဲဒီ အလောင်းကိုတူးစမ်းကွာ ။မင်းတို့မြှုပ်
လိုက်တာ ကျော်ကြီးမဖြစ်နိုင်ဘူး ‘
‘ဖြစ်ပါ့မလား ဆရာ ရယ်’
‘ဘာလို့မဖြစ်ရမှာလဲ မြန်မြန် တူးစမ်းကွာ’
စခန်းမှူးအမိန့်ကြောင့်ကျော်ကြီးမြှုပ်သည့်နေရာကို
ပေါက်တူးနှင့်ဖြိုကာမြေသားများကိုဂေါ်ပြား
နှင့်ယက်ထုတ်လိုက်၏။ တူးနေသည့်တွင်းကအ
တော်လေးနက်လာ၏။ထိုစဉ်ခေါင်းဖုံးကြီးပေါ်လာ
တော့၏။
‘ ဟာခေါင်းကြီး ပေါ်လာပြီကွ ‘
‘ ဒုတ် . . ဒုတ် ‘
‘ ဟာ အသံကြားရတယ် ‘
‘ ဟေ ဟုတ်ရဲ့လား ‘
‘ဟုတ်တယ်ဗျ အထဲမှာ တစ်ယောက်ယောက်
ရှိနေတယ် ‘
‘ ဖြည်းဖြည်းဖွင့်ကြ . သံချက်တွေ ဖွင့်ကြ ‘
ခေါင်းဖုံးကြီး ပေါ်လာသည်နှင့်အတွင်းဘက်မှ
တဒုတ်ဒုတ် ထုနှက်သံကိုကြားလိုက်ရသဖြင့်
အားလုံးပါးစပ်အဟောင်းသားဖြစ်ကုန်၏။ ဂေါ်ရာ
ကိုယ်တိုင်လည်းမျက်လုံးပြူး၍ပေါက်တူးကိုလွှတ်ချ
လိုက်ပြီးသံတူရွင်းနှင့်သံချက်များကိုကလော်ကာ
ခေါင်းဖုံးကြီးကိုဖွင့်လိုက်၏။
‘ ဟာ.. ကိုချစ် . . .ကိုချစ်မောင် ‘
‘ ဘုရား . ဘုရား ‘
‘ ဘယ်လိုဖြစ်တာလဲ။ မသေသေးဘူး ‘
‘ ဟုတ်ပါ့ လှုပ်နေတယ် ‘
ခေါင်းထဲပက်လက်အနေအထားနှင့်ပါးစပ်က
တရွရွ တလှုပ်လှုပ် လုပ်နေသောချစ်မောင်ကိုတွေ့
လိုက်ရသဖြင့် ဦးဘာဘူ အပါအဝင် အားလုံးထိတ်
ထိတ်ပြာပြာဖြစ်ကုန်ကြ၏။
မျက်လုံးလည်းမဖွင့်နိုင်။ ခန္တာကိုယ်ကလည်း
ယဲ့ယဲ့လေးရှိတော့၏။နှုတ်ခမ်းလေးသာလှုပ်ရွ
လှုပ်ရွဖြစ်နေသည်။ညာဘက်လက်ကလေးက
လည်းသွေးသံရဲရဲနှင့်တဆတ်ဆတ်တုန်နေ၏။
ခေါင်းဖုံးအတွင်းပိုင်းမှာကုတ်ရာခြစ်ရာတွေ။ သူတို့
အားလုံးချစ်မောင်ကိုခေါင်းထဲကဆွဲထုတ်ပြီးစက်
လှေနှင့်မြို့ကဆေးရုံကြီးသို့ခေါ်သွားခဲ့၏။ ဆေးရုံ
ရောက်တော့တာဝန်ကျဆရာဝန်ကြီးများ၏ကြိုး
ပမ်းမှုကြောင့်ချစ်မောင်ထူထူထောင်ထောင်ပြန်၍
ဖြစ်လာ၏။သေကံမရောက် သက်မပျောက် ဆိုသလို
သက်ဆိုးရှည်လှသောချစ်မောင်ကို တစ်ရွာလုံးက
သေရွာပြန်ချစ်မောင်ဟုအမည်ပေးခဲ့ကြ၏
မိခင်ဖခင်တို့ခမျာလည်းသားအဖြစ်ကိုအံ့သြမဆုံး။
နောက်ဆုံးချစ်မောင်ကိစ္စကိုစခန်းမှူးကိုယ်
တိုင် ကျကျနနစစ်ဆေးခဲ့၏။ ချစ်မောင်ခမျာ ဘာ
တစ်ခွန်းမှပြန်မပြောချေ။ ဆွံ့အ , သွားသလိုပင်။
သို့သော်ကျော်ကြီး၏အသုဘကိုစောင့်ခဲ့သည့်
ဝက်ကြီးနှင့်အေးဒင်တို့နှစ်ဦးကိုမြို့ခေါ်ပြီးစစ်ဆေး
ခဲ့ရာအမှုမှန်ပေါ်ပေါက်လာလေတော့၏။
နှစ်ယောက်စလုံးလည်းကြောက်စရာကောင်းလှ
သော ရာဇဝတ်မှုကြီးနှင့် ထောင်ဆယ်နှစ် စီကျသွားခဲ့၏။
အံ့သြစရာကောင်းသည်မှာတစ်ချိန်ကသူတစ်ပါး
အပေါ်စော်ကားမော်ကား ရိုင်းရိုင်းပျပျ
မောက်မောက်မာမာဆက်ဆံခဲ့သော ချစ်မောင်
တစ်ယောက် ခေါင်းထဲကထွက်လာပြီးသည့်အချိန်
မှစ၍ စကားတစ်ခွန်းမျှမပြောတော့။ စားရ
သောက်ရမှန်းလည်းမသိတော့။ အဖြစ်က
သည်းခြေ ပျက်စီးသွားသည့်လူပမာပင်။ တစ်ရွာ
လုံးလည်းသေရွာပြန်ချစ်မောင်အကြောင်း ပြောမ
ဆုံးအောင် ဖြစ်နေကြလေတော့သည်။
ပြီးပါပြီ
ဆရာ မြလင်းယုန် ရေးသားထားသော
ငရဲ ကအပြန် ဝတ္ထုတိုကိုပြန်လည်ကူးယူတင်ပြသည်။
Mee Mee
Credit : Edit : Sai Min Thant