ငရဲတံတားမှအပြန်

Posted on

ငရဲတံတားမှအပြန်(စ/ဆုံး)
—————————

“” အင်း ဟင်း ဟင်း “”

မေ့ကနဲ့ အိပ်ပျော်နေရာမှ နှိုးသွားချိန် ကောင်းကင်မှ နေမင်း၏ အလင်းရောင်ကြောင့် မျက်လုံးများ ကျိန်းစပ်သွားသည်။ ဆားငံရေထိထား၍ နီရဲပြောင်တင်းနေသော အသားအရေပေါ် နေပူရှိန်က ထိုးကျသည့်အခါ ပူလောင်စပ်ဖျင်းသည့် အရသာကို အသိဝင်လာသည်နှင့် တပြိုင်နက် ခံစားလိုက်ရသဖြင့် ပါးစပ်က အသံထွက်၍ ညည်းညူမိသည် အထိ။

ပါးစပ်မှ ထွက်သော အသံကလည်း တိုးညှင်းကာ အားအင်ချိနဲ့နေသည်။ ဗိုက်ထဲ၌ တကြုတ်ကြုတ် ဆာလောင်နေသော်လည်း စားစရာက နတ္ထိ။ဆာလောင် လွန်း၍ ခြောက်ကပ်အက်ကွဲနေသော နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သောအခါ တံတွေးများပင် ခမ်းနေ၍ နှုတ်ခမ်းပေါ် ကော်ပတ်ပွတ်လိုက်သည့်အလား စပ်ဖျင်းဖျင်း ခံစားလိုက်ရသည်။

“” ဂလု ဝေါ့ ထွီ “”

ရေဆာသည့် ဒဏ်ကို မခံနိုင်သည့် အဆုံး မြင်နေရသည့် ရေကိုပင် ငုံသောက်လိုက်ရာ ငံကျိခါးသက်သော အရသာကြောင့် ပြန်အန်ထွက်သွားသည်။

“” ငါ့ဘဝ ဒီမှာပဲ အသက်ဆုံးရတော့မှာလား ငါ့မိန်းမနဲ့ ကလေးတွေကော ဘာတွေလုပ်နေပါလိမ့် ငါ့ကို သေပြီဆိုပြီး ထင်နေကြမလား တပည့်တော် ဒီတိုင်း မသေပါရစေနဲ့ ကယ်မတော်မူပါ ဘုရား””

သားမယားကို သတိ ရစိတ် မိမိအဖြစ်ကို ပြန်တွေးရင်း အားငယ်စိတ်တို့နှင့်ပင် တွဲခိုထားသော လှေကျောကုန်းကြီးပေါ် မျက်နှာကို မေးတင်လိုက်ရင်း မျက်လုံးမှိတ်လိုက်ပြန်သည်။

လှိုင်းကြပ်ခွက်လေးများက သူ၏ ခန္ဓာကိုယ်နှင့် လှေကြီးအား တဖျပ်ဖျပ်လာရိုက်ခတ်ရင်း ဘယ်ဆီဘယ်သို့မှန်း မသိသည့်အရပ်သို့ တရွေ့ရွေ့ သယ်ဆောင်သွားနေဆဲ။ သူ၏ အတွေးများသည်လည်း….။

———————————————————-

ကိုဖိုးအေးတစ်ယောက် ငါးဖမ်းထွက်ရင်း မုန်းတိုင်းမိကာ ပင်လယ်ပြင်၌ ဦးတည်ရာမဲ့ မျောပါနေသည်မှာ ငါးရက် ခန့်ရှိပြီ ဖြစ်သည်။

စီးလာသည့် လှေမှာလည်း ဝမ်းကွဲကာ မှောက်သွားသဖြင့် ပါလာသော ငါးဖမ်းပိုက်နှင့် ပစ္စည်းများအားလုံး ရေထဲမျောပါသွားလေပြီ။

ကိုဖိုးအေး မှာ တစ်မိသားစုလုံး၏ ဝမ်းစာရေးအတွက် အားထားရာ ပစ္စည်းများ ဆုံးရှုံးသွားသော်လည်း မနှမျောအား။ မိမိအသက် မဆုံးစေရေးအတွက်သာ ရေပေါ် မှောက်ခုံပေါလောပေါ်နေသည့် လှေကျောကုန်းအား အမိအရ ကုပ်တွယ်ရင်း ပယ်လယ်ပြင်၏ သယ်ဆောင်ရာနောက်သို့ လိုက်ပါခဲ့ရလေသည်။

ယခုဆိုလျင် အပြောကျယ်၍ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင် ကျယ်ကြီးထဲ၌ အစားမစားရ ၊ ရေမသောက်ရဖြင့် မျောပါနေသည်မှာ ငါးရက် ခြောက်ရက် ရှိပြီလားပင် မသိတော့။ လူလည်း အားအင်ပြတ်လပ်၍ မျော့မျော့သာ ကျန်တော့သည်။

“” ငါ့ဘဝ ဒီမှာပဲ အသက်ဆုံးရတော့မှာလား ငါ့မိန်းမနဲ့ ကလေးတွေကော ဘာတွေလုပ်နေပါလိမ့် ငါ့ကို သေပြီဆိုပြီး ထင်နေကြမလား တပည့်တော် ဒီတိုင်း မသေပါရစေနဲ့ ကယ်မတော်မူပါ ဘုရား””

မိမိကိုယ်ကိုယ် သရဏဂုံ တင်ရင်း စိတ်ထဲမှ ရသမျှ ဘုရားစာများကို ရွတ်ဆိုနေမိသည်။ ယခုလို အချိန်မှာတော့ မိမိအတွက် ဘုးရား၊ တရား မှတပါး အားထားစရာ မရှိ၊ ကိုဖိုးအေး သည် ဘဝပေး အခြေအနေအရ တံငါအလုပ်ကို လုပ်နေရသော်လည်း ဘာသာတရားကိုဖြင့် လေ့လာလိုက်စားမှုရှိသည်။

“” ဟင် ဘာပါလိမ့် “”

ပင်လယ်ရေစီးကြောင်း၏ သယ်ဆောင်ရာ အလိုက်သင့် မျောပါရင်းမှ မှေးခနဲ့ အိပ်ပျော်သွားစဉ် ခြေထောက်က ရေအောက်မှ တစ်စုံတစ်ခုကို သွားထိမိသဖြင့် လန့်နိုးသွားသည်။

မျက်လုံးအစုံကို ဖွင့်ကြည့်သည့်အခါ အံ့သြဖွယ် မြင်ကွင်းကို မြင်လိုက်ရသည်။

“”ဟေး ငါ မသေနိုင်တော့ ဘူးကွ “”

ဝမ်းသာအားရ ကြုံးဝါးမိသည်။ အဘယ့်ကြောင့် ဆိုသော် အတွေးများနှင့် အိပ်ပျော်နေစဉ် ရေထဲမျောရင်း စိမ်းလန်းအုပ်ဆိုင်းနေသော ကမ်းခြေတစ်ခု အနားသို့ သူရောက်သွားသည် မဟုတ်လား။စောစောက
သူ့ခြေထောက်နှင့် ထိမိသည်မှ ရေအောက်မှ ကြမ်းပြင်ကို ဖြစ်သည်။

ကိုဖိုးအေးမှာ တွဲခိုထားသော လှေကို လွှတ်ထုတ်လိုက်ပြီး ရေထဲမှ လမ်းလျှောက်၍ ကမ်းပေါ်သို့ တက်လာခဲ့သည်။ ကမ်းပေါ်ရောက်သည့် အခါ ခဏ အပန်းဖြေပြီး ပတ်ဝန်းကျင်ကို လိုက်လံကြည့်ရှုလိုက်လျင်… ။

သူရောက်နေသည်မှာ ပင်လယ်ထဲမှ ကျွန်းတစ်ကျွန်း လား။ သို့မဟုတ် လူအများနေထိုင်ရာ မြန်မာပြည် မှ ကမ်းခြေတစ်ခုလား သူမသိ။ အသက်ရှင်ခွင့်ရသည်ကိုပင် သူကျေနပ်ဝမ်းမြောက်မိသည်။အသက်ရှင်လျင် မိသားစုနှင့် ပြန်လည်ဆုံတွေ့ခွင့် ရနိုင်ပြီ။

ယခု သူရောက်နေရာ ကုန်းပေါ်၌ မြင့်မားသော အုန်းပင်ကြီးများ အစီအရီပေါက်နေသည်။ ငါးရက်လုံးလုံး ဘာမှ မစားခဲ့ရ၍ အုန်းပင်ပေါ်မှ အုန်းသီးကြီးများမြင်လျင် စားချင်စိတ်များ တဖွားဖွားပေါ်လာသည်။

သို့သော် အပင်ပေါ်သို့ တက်ရန် သူ့၌ အင်အားမရှိ ။ ကြံရာမရဖြင့် အုန်းတောထဲ လျှောက်သွားနေစဉ် အဖိုးအိုတစ်ယောက် အုန်းသီးတစ်လုံးကိုင်၍ သူ့ထံ လာနေသည်ကို တွေ့လိုက်ရသည်။

“” မောင်ရင် အုန်းသီးစားချင်လို့ လား ကွဲ့ “”

“” ဟုတ်ပါတယ် အဘ ကျွန်တော် ဘာမှ မစားရတာ ရက်တော်တော်ကြာပြီ “”

“” အေး အေး ရော့ ဒါဆို ဒီမှာ အုန်းရေ သောက်လိုက် “”

အဖိုးအိုကမ်းပေးသည့် အုန်းသီးကို အငမ်းမရ လှမ်းယူလိုက်သည်။အုန်းသီးက ထိပ်၌ အရန်သင့် ဖောက်ထားပြီးသား။ အုန်းရည်ကို မော့သောက်လိုက်ရာ ချို၍ အေးမြသည့် အရသာက လည်ချောင်းမှတဆင့် ရင်ထဲထိ စီးဆင်းသွားသည်။ ဤသို့သော အရသာရှိသည့် အုန်းရည်မျိုး ကိုဖိုးအေး တစ်ခါမျှ မသောက်ဖူးဘူး ဟူ၍ ထင်မိသည်။ အရသာ ရှိလွန်းလှသည်မှာ ပြောပြ၍ မတတ်။ ထို အုန်းရည် သောက်လိုက်ရ၍ လူတစ်ကိုယ်လုံးလည်း အားအင်ပြည့်ဖြိုးသွားသလို လန်းဆန်းသွားသည်။

“” ကဲ မောင်ရင် မောင်ရင် သွားရမယ့် လမ်းက ဟိုးရှေ့က လမ်းပဲကွဲ့ “”

အုန်းရည်တိုက်သော အဖိုးအို က ခပ်လှမ်းလှမ်းမှ သဲဖြူဖြူလေးများနှင့် လူသွားလမ်းကလေးအား ညွှန်ပြလေသည်။ ကိုဖိုးအေးလည်း အဖိုးအိုအား မည်သူမည်ဝါ ဟူ၍ စပ်စုလိုခြင်း အလျဉ်း မရှိပဲ ပြောသမျှ နာခံကာ ထိုလမ်းလေး အတိုင်း လျှောက်လာခဲ့သည်။

အတန်ကြာလျှောက်လာသည့်အခါ လူအများ တန်းစီ စုဝေးလျက် ရှိနေသည့် ချောက်ကမ်းပါးကြီး တစ်ခုအနားရောက်လာခဲ့သည်။ ကိုဖိုးအေးလည်း အဖော်များတွေ့သဖြင့် ထိုလူများအနီးသို့ ဝမ်းသာအားရ လှမ်းလာခဲ့သည်။

သို့သော် ကိုဖိုးအေး ထင်ထားသကဲ့သို့ ထိုလူများနှင့် တွေ့သော်လည်း ပျော်စရာ မကောင်းပါ။ လူများ၏ မျက်နှာသည် အရယ်အပြုံးမရှိ မျက်နှာသေကြီးများဖြင့် ရှေ့နောက် တစ်ယောက်ချင်း တန်းစီ၍ ချောက်ကမ်းပါးကြီးအား ဖြတ်၍ ဆောက်ထားသည့် တံတားကြီးအား ဖြတ်သန်းရန် ကြိုးစားနေကြသည်။ ထိုတံတားကြီးသည် မည်သည့် အရာဖြင့် ဆောက်လုပ်ထားသည် မသိပဲ ချောက်ထဲမှ ထွက်နေသော အနီငွေ့များက တံတားကြီးအား ဖုံလွှမ်းထားသဖြင့် အနီရောင်တံတား ကြီး တစ်ခု မြင်တွေ့နေရသည်။

တံတားကြီးပေါ်တွင် လမ်းနှစ်လမ်းရှိနေပြီး တစ်လမ်းက ဒီဘက်ကမ်းမှ ဟိုဘက်ကမ်းသို့ ဖြတ်ကျော်သူများ သွားနေကြသည်။ နောက်တစ်လမ်းက ဟိုဘက်ကမ်းမှ ဒီဘက်သို့ လာနေကြသူများ ရှိနေသည်။

တံတားထိပ်၌ ဒီဘက်မှ ဖြတ်ကူးနေသော သူများအား ကြီးမားကြံ့ခိုင်သော လူကြီး နှစ်ဦးက မတ်တပ်ရပ်ကာ တစ်ယောက်ချင်း စစ်ဆေးနေသည်။ တံတားပေါ် ဖြတ်သန်းသူများသည် အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကိုထုတ်၍ ထိုလူကြီးများအား ပေးပြီးမှ တံတားပေါ် ဖြတ်သန်းသွားသည်ကို တွေ့ရသည်။

သူတို့ကို ကြည့်၍ ကိုဖိုးအေး စပ်စုလိုစိတ်ပေါက်လာသဖြင့် ဘေး၌ ရပ်ကြည့်နေရာမှ ကြားဖြတ်၍ လူကြားထဲဝင် တန်းစီလိုက်သည်။ တံတားပေါ် တစ်ယောက်ပြီး တစ်ယောက် ဖြတ်သန်းသွားပြီး ကိုဖိုးအေး အလှည့်ရောက်လာသည်။

တံတားပေါ်တက်ရန် ကြိုးစားစဉ် တံတားစောင့် လူကြီးက လက်ဝါးဖြန့်၍ ကိုဖိုးအေး ရှေ့သို့ လက်ဝါးဖြန့်၍ တစ်စုံတစ်ခု တောင်းသည်။

“” ဘာလဲဗျ “”

နားမလည်ဟန် မေးသည့်အခါ ထိုလူကြီး နှစ်ယောက်က ကိုဖိုးအေးအား ခက်ထန်စွာ ကြည့်လိုက်ပြီး

“” တံတားဖြတ်ခ လေကွာ ဘာလဲ မပါဘူးလား မပါရင် ဘေးကပ်နေ အချိန်မရှိဘူး နောက်လူတွေ ဖြတ်ရမယ်””

ကိုဖိုးအေးနောက်မှလူ ရောက်လာသည်။ အိတ်ကပ်ထဲမှ အကြွေစေ့လေး တစ်စေ့ထုတ်ပေး၍ တံတားပေါ်မှ ဖြတ်သန်းသွားသည်။ တစ်ယောက်ပြီးတစ်ယောက် ဖြတ်သန်းသွားပြီး နောက်ဆုံး ကိုဖိုးအေး တစ်ယောက်သာ ကျန်တော့သည်။

“” ကဲ မင်းက ဘယ်လိုလုပ်မှာလဲ ဒီနေရာလာပြီး ကူးတို့ခ မပါဘူးဆိုတော့ မင်းက ဘာလဲ “”

ကိုဖိုးအေး ဘာပြောရမှန်း မသိ။

ထိုစဉ် ကိုဖိုးအေးအား အုန်းရည်တိုက်ခဲ့သော အဖိုးအို ရောက်လာပြီး

“” သူက ဒီနေရာကို မတော်တဆ ရောက်လာတာဆိုတော့ ကူးတို့ခ ဘယ်ပါမလဲ သူရောက်သင့်လို့ ရောက်လာတာဆိုတော့ ငရဲတံတားကို ဖြတ်ခွင့် ပြုလိုက်ပါ “”

အဘိုးအို ခေါ်လိုက်သော တံတားအမည်ကြောင့် ကိုဖိုးအေး ကျောစိမ့်သွားသည်။ လူကြီးနှစ်ဦးကလည်း အဖိုးအို၏ စကားကြားမှ ကိုဖိုးအေး ကို အနီရောင်တံတားကြီးအပေါ် ဖြတ်သန်းခွင့်ပြုသည်။ မိမိကိုယ်ကိုယ် သေလူတစ်ယောက်အဖြစ် သေမထူး နေမထူးစိတ်ဝင်နေသော ကိုဖိုးအေးမှာ အကြောက်အရွံကင်းစခါ ငရဲတံတား အမည်ရ တံတားကြီးကို ဖြတ်သန်း၍ တစ်ဖက်ကမ်း ကူးသွားလိုက်သည်။

———————————————————-

တံတားပေါ်မှ ဖြတ်သန်းလာခဲ့ပြီး ကိုဖိုးအေးတစ်ယောက် အနီရောင် လမ်းမကြီးအတိုင်း လျှောက်လာခဲ့ရာ လမ်းအဆုံးတွင် အနီရောင် ရဲတိုက်ပုံစံကြီး တစ်ခုအား တွေ့၍ အထဲဝင်သွားလိုက်သည်။

ရဲတိုက်ကြီးအတွင်းတွင် အနီရောင်ခန်းမကြီး တစ်ခုရှိနေပြီး အခန်းထဲ၌ လူထောင်ပေါင်းများစွာ ထိုင်နေကြကာ ပတ်ပတ်လည်၌ အသားမဲမဲ ရုပ်ရည်ကြမ်းကြမ်းလူကြီးများက ချွန်ထက်ထက်လက်နက်ကြီးများ ကိုင်ဆောင်ကာ စောင့်ကြည့်နေကြသည်။ ကိုဖိုးအေးလည်း လူအများနည်းတူ ဝင်ထိုင်လိုက်သည်။

အခန်း၏ အရှေ့ဘက် စင်မြင့်ပေါ်၌ စာအုပ်ကြီးများ အစီအရီတင်ထားသည့် စားပွဲတစ်ခုရှိကာ စားပွဲနောက်၌ ဝါဝင်းသော အရောင်နှင့် လူကြီးတစ်ယောက် ထိုင်နေသည်။ ထိုလူကြီးက စာအုပ်များအား တစ်အုပ်ပြီး တစ်အုပ် လှန်လှောနေရင်း

“” ကဲ နောက်တစ်ယောက် “”

ထိုလူကြီး၏ အသံက သြဇာသံပါသည်။ လူမည်းကြီးနှစ်ယောက်က လှံဖြင့်ထောက်၍ လူတစ်ယောက်အား စားပွဲနောက်မှ လူကြီးရှေ့ခေါ်သွားသည်။

“” မင်း လူ့ပြည်မှာ ဘာအလုပ်လုပ်လဲ “”

“” ကျွန်တော် ကုန်သည် လုပ်ပါတယ် “” အမေးခံရသူမှာ တုန်တုန်ရီရီနှင့် ပြန်ဖြေသည်။

“” ငါးပါးသီလ စောင့်ထိန်းခဲ့လား “”

“” အကုန်မထိန်းနိုင်ပေမယ့် တတ်နိုင်သမျှ ထိန်းပါတယ် “”

“” အလှူအတန်း ကောင်းမှု ကုသိုလ်ကော လုပ်ရဲ့လား “”

“” အလှူအတန်းကို နိုင်သမျှ လုပ်ပါတယ် “”

“” အိမ်း မင်းက အသင့်အတင့် ရှိတယ် လာကြ ဟေ့ သူ့ကို လာရာလမ်းကို ပြန်ပို့ “”

လူကြီးနှစ်ယောက် ရောက်လာကာ ထိုလူ့ကို ခေါ်သွားသည်။

“” လာဦး နောက်တစ်ယောက် “”

လူအုပ်ကြားမှ တစ်ယောက်ကို လာခေါ်သွားပြန်သည်။

“” လူ့ပြည်မှာ ဘာလုပ်လဲ “”

“” သားသတ်သမား ပါ “”

“” အကုသိုလ်တော်တော် များတဲ့ အလုပ်ပဲ မင်း

အလှူအတန်းကော လုပ်ဖူးရဲ့လား မလိမ်နဲ့နော် “”

“” မ မ လုပ်ဖူးပါဘူး “”

“” လုပ်တော့ အကုသိုလ် အလုပ် ကုသိုလ်လေးတောင် မပြုဖူးဆိုတော့ ကဲ သွား အမှောင်လမ်းကို ပို့ “”

လူကြီးနှစ်ယောက် အခန်းအပြင်သို့ ခေါ်ထုတ်သွားပြန်သည်။

နောက်ထပ်တစ်ယောက်အား မေးပြန်သည်။

“” လူ့ပြည်မှာ ဘာလုပ်ခဲ့လဲ “”

“” ဘုရားဒကာ ကျောင်းဒကာ ရဟန်းမယ်တော် ပါ အခုလည်း အလှူလုပ်ပြီးလို့မှ မကြာမှီ ဒီကို ဘာ့ကြောင့် ရောက်လာမှန်း မသိပါဘူး “”

“”တော်တော် ကုသိုလ်ကံကောင်းတဲ့ အမျိုးသမီးပဲ ကဲလာကြ ဟေ့ သူ့ကို အဖြူရောင် လမ်းကို ကောင်းမွန်စွာ ပို့စေ “”

လူကြီးနှစ်ယောက် လာ ခေါ်သွားပြန်သည်။ ဤသို့ဖြင့် တစ်ယောက်ပြီး တစ်ယောက် မေးမြန်းရင်း ခေါ်ထုတ်သွားရင်းဖြင့် ကိုဖိုးအေး အလှည့်ရောက်လာသည်။

“”မင်း နာမည် က ဘယ်လို ခေါ်လဲ မင်းကို မသိပါလား “”

“” နာမည်က ဖိုးအေးပါ တနင်္သာရီတိုင်း ထားဝယ်ဘက်က ရွာလေးကပါ “”

“” ဟေ့ ငါတို့ဆီမှာ နေရာတွေ ဌာနတွေ မရှိဘူး ကောင်းတာလုပ်ရင် ကောင်းရာသွား မကောင်းတာလုပ်ရင် မကောင်းတာသွား ဒါပဲရှိတယ် မင်း နဲ့ ဒီနေရာ ဆိုင်ပုံ မပေါ်ဘူး မင်းဘယ်လို ရောက်လာတာလဲ “”

ကိုဖိုးအေးက လှေမှောက်ပြီး ငားဖမ်းထွက်ရင်း မုန်တိုင်းမိ လှေမှောက်ကာ ရောက်လာပုံကို ပြောပြလိုက်သည်။

“” အော် မင်းက လူ့ပြည်မှာ သူတပါး အသက်သတ်တဲ့ အလုပ်ကို လုပ်တာပဲ ဒါပေမယ့် အချိန်မတန်ပဲ ရောက်လာော့ မင်းကို ဆံးဖြတ်ပိုင်ခွင့် မရှိသေးဘူး မင်းနေရာ မင်းပြန်သွားရမယ်””

“” ဒါပေမယ့် မင်းကို တစ်ခါထဲ မှာလိုက်မယ် ဒီ သူများသတ်တဲ့ အလုပ်ကို မလုပ်နဲ့တော့ ကွ ဒီကပြန်သွားပြီး ဆက်လုပ်နေဦးမယ်ဆိုရင် နောက်တစ်ခေါက် မင်းရောက်လာတဲ့အခါ သွားရမယ့်လမ်းက အမှောင်လမ်းပဲ မင်း လူ့ပြည်မှာ ကောင်းမှု ကုသိုလ်ကော လုပ်ရဲ့လား “”

“” ဘယ်လို ကောင်းမှု ကုသိုလ် လဲ ခင်ဗျ “”

“” အလှူအတန်း လေကွာ စေတနာ သဒ္ဒါနဲ့ ရဟန်း ၊သံဃာ လူကြီး မိဘ ဆရာသမားတွေကို လှူတန်းတာမျိုး “”

ကိုဖိုးအေး အသိ လင်းခနဲ့ ဖြစ်သွားသည်။

“” ကျနော် တံငါ လုပ်ပေမယ့် မနက်တိုင်း အသားဟင်းတစ်ခွက် ဆွမ်းခံသံဃာကို လောင်းလှူပါတယ် ညစဉ် ရတနာသုံးပါးကို ရှစ်ခိုးကန်တော့ အိပ်ပါတယ် “”

“” အိမ်း ကောင်းလေစွ လူ့ပြည်ပြန်ရောက်တဲ့ခါ ဒီ့ထက် အလှူအတမ်း ကောင်းမှုကုသိုလ် လုပ်ကွ ကဲ မင်းကိုတော့ ဒီက လိုက်ပို့သူ မရှိဘူး ငရဲတံတားကို ပြန်ကူးပြီး မှ မင်းကို လမ်းညွှန် ပေးမယ့် သူရှိတယ် သွားပေတော့ “”

ကိုဖိုးအေး လည်း ယခုမှ စိတ်လက်ပေါ့ပါးသွားပြီးလာရာ လမ်းမှ ပြန်ထွက်လာကာ အများနည်းတူ ဒုတိယလမ်းမှ တံတားကြီးအား ဖြတ်ကျော် ပြန်ကူးလာခဲ့သည်။

တံတား တစ်ဖက်ထိပ်ရောက်သည့်အခါ အုန်းရည် တိုက်ခဲ့သော အဖိုးအိုကပင်

“” လာ လူလေးလာ မင်းကို အဘ လမ်းပြပေးမယ် “”

အဖိုးအို နောက်မှ ကိုဖိုးအေး လိုက်လျှောက်လာခဲ့ပြီး လမ်းသုံးခွ နေရာ တစ်ခုသို့ ရောက်လာခဲ့သည့်အခါမှ အဖိုးအိုက ရပ်လိုက်သည်။

ထို လမ်းသုံးခွသည် ထူးဆန်း၏ ။ ညာဘက်မှ လမ်းကလေးသည် အဖြူရောင် အလင်းတန်းတို့ဖြင့် လင်းလက်နေ၏ ။ ထိုအလင်းတန်းထဲ၌ ရွှေရောင် တဝင်းဝင်းနှင့် ရထားလုံး များရှိနေသည်။ ကိုဖိုးအေး နောက်မှ လမ်းလျှောက်လာသော လူတစ်ယောက်စ နှစ်ယောက်စမှာ ထိုအလင်းရောင်လမ်းထဲသို့ ဝင်သွားကာ ရထားလုံးပေါ် တက်သွားကြသည်။ လူဝင်သွားသည်နှင့် ရထားလုံးက ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

ဘယ်ဘက်မှ လမ်းကလေးသည် အမှောင်ဖုံးနေသည်။ ကိုဖိုးအေးနောက်မှ ထွက်လာသော သူများကို လူ့ဘီလူးကြီးများက ထို အမှောင်အတွင်း ခေါ်ဆောင်သွားကြသည်။ ကိုဖိုအေးက စပ်စုချင်စိတ်ဖြင့် အမှောင်ထုလမ်းအနားကပ်သွားလျင် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်ညည်းတွားသံကြီးများကြားလိုက်ရသဖြင့် ဇောချွေးပျံအောင် လန့်သွားရသည်။

“” လူလေး လန့်သွားလား အဲ့ဒါ လူ့ပြည်မှာ မကောင်းတာ လုပ်တဲ့သူတွေ ပြစ်ဒဏ်ခံစားရတဲ့ ငရဲဘုံ သွားရာ လမ်းပဲ ကွဲ့ ဟောဟိုက အဖြူရောင် လမ်းကလေးက နတ်ပြည်သွားရာလမ်း ၊ လူလေးရှေ့တည့်တည့်က လမ်းကလေးက လူလေးသွားရမယ့် လမ်းပဲ “”

ကိုဖိုးအေး မိမိ သွားရမည့် လမ်းကလေးကို ကြည့်လိုက်ရာ မျက်စိတစ်ဆုံး ရှည်လျားစွာ ရှိနေသည့် မြေနီလမ်းကလေးကို တွေ့မြင်ရသည်။ လူအချို့သည် ကိုဖိုးအေးအား ကျော်တက်၍ ထိုလမ်းကလေးအတိုင်း လျှောက်သွားရင်း အငွေ့အဖြစ် ပျောက်ကွယ်သွားသည်ကို ထူးဆန်းစွာ မြင်နေရသည်။

“” အဲ့ဒီလူတွေက လူ့ပြည်မှာ ကောင်းမှုနဲ့ မကောင်းမှု ညီမျှနေလို့ လူသားအဖြစ် ဘဝသစ် ပြန်လည်ဝင်စားခွင့် ရတဲ့ လူတွေပဲ လူလေး ၊ လူလေးကတော့ သူတို့နဲ့ မတူ မူရင်း အသက် ခန္ဓာနဲ့ပဲ လူ့ပြည် ပြန်သွားရမယ် ၊ ဒီလမ်းလေး အတိုင်း ဆုံးအောင် ဆက်လျှောက်သွားရင် လိုရာခရီးကို ရောက်လိမ့်မယ်၊ လမ်းမှာ ဘာတွေပဲ တွေ့တွေ့ ဝင်မရှုပ်နဲ့ လူလေးနဲ့ မဆိုင်ဘူး ကြားလား လူလေး ဒီနေရာကို ရောက်လာတဲ့ရက်တွေမှာ လူ့ပြည်မှာ အချိန်ကာလတွေ မြန်ဆန်စွာ ကုန်ဆုံးနေပြီ နောက်ထပ် ရက်တွေကြာနေမယ် ဆိုရင်တော့ လူလေး လူ့ပြည်ပြန်ရောက်ချိန်မှာ လူ့ပြည်လူ့ရွာမှာ လူလေးမသိတော့တော့တဲ့ အချိန်ကာလကြီး ဖြစ်နေလိမ့်မယ် အမြန်သာ ပြန်ပေတော့ လူကလေး “”

“” ဟုတ်ကဲ့ပါ အဘ “”

“” ခဏလေး လူလေး “”

ကိုဖိုးအေး ထွက်သွားခါနီး အဖိုးအိုက တားလိုက်ပြန်သည်။ အဖိုးအိုက သူ၏ အိပ်ကပ်ထဲမှ အကြွေစေ့လေး အချို့ထုတ်ကာ ကိုဖိုးအေးအား ကမ်းပေးရင်း

“” လူလေး ဒီတစ်ခေါက် သေမင်းပြည်ကို အလည် ရောက်လာတာ ကူးတို့ခ ပေးစရာ မရှိတော့ ဒုက္ခရောက်ရတယ် အဲ့ဒါကြောင့် အဖိုးက နောက်တစ်ခါ လူလေး လာဖြစ်ရင် ကူတို့ခ မလိုအောင် ကူညီပေးလိုက်မယ် ဒီအကြွေစေ့လေးတွေ နဲ့ လူ့ပြည်ရောက်ရင် စေတီလေး တစ်ဆူ တည်ပေးပြီး သာသနာပြုပါ၊စေတီရဲ့ ဘွဲ့တော်ကို အပ္ပယ်ကင်းဝေးဆုတောင်းပြည့် စေတီလို့ ဘွဲ့ပေးပြီး အဘနဲ့တကွ ငရဲပြည်က ဘုံသားတွေကို အမျှဝေပေးပါ လူလေး “”

အဖိုးအိုပေးသော အကြွေစေ့များကို ယူ၍ ကိုဖိုးအေး တစ်ယောက် အဖိုးအိုအား နှုတ်ဆက်ကာ မြေနီ လမ်းကလေး အတိုင်း လျှောက်လာခဲ့သည်။
လမ်းဘေး တစ်ဖက်တစ်ချက်တွင် သစ်ပင်ကြီးငယ်များ တောတောင် ၊ လျိုမြောင်များကို မျက်စိတစ်ဆုံး မြင်နေရသော်လည်းမည့်သည့်နေရာ ဒေသမှန်း ကိုဖိုးအေး မခန့်မှန်းနိုင်။

ကိုဖိုးအေးတစ်ယောက်တည်း လမ်းကလေးအတိုင်း အချိန်မြောက်များစွာ လျှောက်လာ ခဲ့သည် ရင်း လမ်းဘေးတစ်ဖက် ရှေ့ခပ်လှမ်းလှမ်းတောစပ်၌ လူများ လှုပ်ရှားသွားလာနေသည့် ရွာလေး တစ်ရွာကို လှမ်းမြင်လိုက်ရသည့်အခါ ခြေလှမ်းတို့ တုံ့ရပ်သွားသည်။

———————————————————-

ကိုဖိုးအေးမှာ မိမိနှင့် နီးစပ်သော လူသားများကို တွေ့ရ၍ ဝမ်းသာကာ မြေနီလမ်းကလေးမှ ဖယ်ဆင်းကာ ရွာလေးထဲ ဝင်လာခဲ့သည်။

ရွာကလေးဟု ဆိုသော်လည်း အိမ်ခြေ လေးငါးဆယ်ခန့်ရှိပြီး နေချင့်စဖွယ် သစ်သားအိမ်ကြီးများဖြင့် ခန့်ထည်လှသည်။ ရွာ၏ လမ်းမကြီးပေါ်တွင် ဆော့ကစားနေသည့် ကလေးများ၊ ဗိုင်းငင် ချည်ခင်နေကြသူများ၊ ဆန်ထောင်း ဆန်ပြာနေကြသူများ၊ တူရိယာများနှင့် ကခုန်တီးမှုတ်နေကြသူများ ဖြင့် ရွာလေးက သက်ဝင် လှုပ်ရှားနေသည်။ သို့သော် ထိုသူများသည် ရွာထဲဝင်လာသော ကိုဖိုးအေးအား အရေးတယူ လုပ်ချင်းမရှိကြချေ။ ကြည့်မျှပင် မကြည့် ၊ ကိုယ်လုပ်စရာ ရှိသည်များကိုသာ စိတ်ဝင်တစား လုပ်နေကြသည်။

ကိုဖိုးအေး မှာ ရွာလမ်းအတိုင်း လျှောက်လာရင်း အိမ်တစ်အိမ်ရှေ့အရောက် ကလေးတစ်ယောက်ကို ခါးစောင်းတင် ၊ တစ်ယောက်ကို လက်ကဆွဲ၍ တစ်စုံတစ်ယောက်ကို မျှော်နေသည့် အမျိုးသမီးတစ်ဦးအား တွေ့လျင် အံ့သြ သွားရသည်။

“” ဒီမိန်းမ ငါတွေ့ဘူး သလိုပဲ ဘယ်သူများပါလိမ့် ဟာ ငါ့မိန်းမ မိမိုးနဲ့ တူလိုက်တာ မိမိုး ဟေ့ မိမိုး “”

ကိုဖိုးအေး ခေါ်သံကြောင့် အမျိုးသမီးက လှည့်ကြည့်လာသည်။ ကိုဖိုးအေးအား မြင်သည့်အခါ အတန်ကြာစိုက်ကြည့်ရင်းမှ အံ့သြသည့် အမှုအယာများ အမျိုးသမီး၏ မျက်နှာပေါ် ပေါ်လာသည်။

“” ကိုဖိုးအေး ကိုဖိုးအေး မဟုတ်လား ရှင် ဘယ်က ဘယ်လို ဒီကို ရောက်လာတာလဲ “”

“” အေး ငါ ပင်လယ်ထဲက မျောလာပြီး ဒီရောက်လာတာ မင်းကကော ဒီရွာကို ဘယ်လို ရောက်လာတာလဲ အတော်လဲ အဆင်ပြေနေပုံရတယ် ရွှေတွဲလွဲ ငွေတွဲလွဲနဲ့ “”

ကိုဖိုးအေး မေးလိုက်သည့်အခါ မိမိုး၏ မျက်နှာက ညိုးငယ်သွားသည်။

“” ကျွန်မလည်း ရှင်ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ပျောက်သွားပြီး မကြာခင် ဒီရွာရောက်လာတာ “”

“” အေးပါကွာ ထားပါ ထားပါ ဒါကကော ငါ့ခလေးတွေပဲလား ရုပ်ပြောင်းသွား သလိုပဲ “”

“” ဒါ ရှင့်ကလေး မဟုတ်ဘူး ကိုဖိုးအေး ရှင်နဲ့ရတဲ့ ခလေးတွေနဲ့ ကျွန်မက တကွဲတပြားဆီ ဖြစ်သွားပြီ ဒါက ဒီရွာမှာ ကျွန်မ ယူထားတဲ့ ယောက်ျားနဲ့ ရတဲ့ ခလေးတွေ “”

“” အော် မင်းက ငါရွာက ပျောက်သွားတာ ဘယ်နှစ်ရက်မှ မကြာသေးဘူး နောက်ယောက်ျား ထပ်ယူလိုက်ပြီကိုး တော်တော် သစ္စာရှိတဲ့ မိန်းမပဲ “”

“” မဟုတ်ဘူး ကိုဖိုးအေး ကျွန်မရဲ့ ဒီဘဝက ရှင်နဲ့ ဘာမှ မဆိုင်တော့ဘူးလေ ဒီဘဝမှာ အားကိုးစရာ ယောက်ျားတော့ ထပ်ယူရတာပေါ့ “”

“” အေးပါကွာ ထားပါတော့ ဒါက နင့်နောက်ယျော်ားက ပါတဲ့ ကလေးတွေလား “”

“” မဟုတ်ဘူး ဒါ ကျမ မွေးထားတဲ့ ကလေး “”

“” ဘာ မဖြစ်နိုင်တာတွေ ငါရွာက ပျောက်တာ ရက်ပိုင်းပဲရှိသေး မင်းက နောက်ယောက်ျားယူ ကလေး နှစ် ယောက်ထပ်မွေး ဟားဟား မဖြစ်နိုင်တာ ရူးနေလား…. “”

ကိုဖိုးအေး စကားမဆုံးသေး မိမိုးက လက်ကာပြရင်း

“” ကိုဖိုးအေး နောက်မှ ကျွန်မ ရှင်းပြမယ် အိမ်ထဲ ခဏ ဝင်နေ ဟိုမှာ ကျွန်မ ယောက်ျားပြန်လာပြီ ရှင့်ကို မေးရင် ကျွန်မအသိလို့ပဲ ပြောနော် ကျွန်မ အရင်ယောက်ျားလို့ ပြောရင် ရှင့်ကို သတ်လိမ့်မယ် “”

ကိုဖိုးအေး ခေါင်းညိတ်ပြကာ အိမ်ထဲ ဝင်လာခဲ့သည်။ အိမ်ထဲရောက်သည့်နှင့် ကိုဖိုးအေး အံ့သြစွာ လိုက်ကြည့်မိသည်။ တစ်အိမ်လုံး ရှင်းလင်းကာ မည်သည့် ပစ္စည်းမျှ ရှိမနေချေ။ ယုတ်စွအဆုံး ဘုရားစင်မျှပင် မရှိ။

ကိုဖိုးအေး အိမ်ထဲ လိုက်ကြည့်နေစဉ် လူတစ်ယောက် အိမ်ရှေ့ရောက်လာသည်။ ထိုလူကြီးသည် ထွားကြိုင်း သန်မာ၍ မျက်နှာက ကြမ်းတမ်းသည်။ လက်ထဲ၌ အသားတွဲကြီး တစ်တွဲနှင့် သွေးသံရဲရဲ လက်ငါးလုံးခန့် ဗျက်အကျယ်ရှိသည့် ဓားမကြီး ကိုင်ထားသည်မှာ ကြောက်စရာပင် ကောင်းနေသေးသည်။ မိမိုးပြောသည့် သူမ၏ နောက်ယောက်ျားဆိုသူ ပင်ဖြစ်ရမည်။

“” မိန်းမ မိန်းမ ငါပြန်လာပြီကွ ဒါနဲ့ ငါ့နှာခေါင်းထဲ လူစိမ်းနံ့ ရနေသလိုပဲ “”

လူကြီး၏ အသံက တင်းမာ ခက်ထန်နေသည်။

“” ဟုတ်တယ် ကျွန်မရဲ အသိမိတ်ဆွေ တစ်ယောက် ရောက်နေတာ ခဏလောက် တည်းချင်လို့တဲ့ “”

“” အေး အေး ဒါဆိုလည်း ပြီးရော စပ်စပ်စုစုတော့ မလုပ်စေနဲ့ နော် “”

“” ဟုတ်ပါပြီတော် “”

သူတို့နှစ်ယောက် အိမ်ရှေ့၌ ညှိနှိုင်းနေမှု အဆင်ပြေသွားမှ ကိုဖိုးအေး သက်ပြင်း ချနိုင်သည်။ ခဏ အကြာ ထိုလူကြီး ဝင်လာပြီး တုံဏှိဘာဝေ ထိုင်နေသည့် ကိုဖိုးအေးအား တစ်ချက်ကြည့်ကာ အိမ်ထဲ ဝင်သွားသည်။ မိမိုးလည်း နောက်မှ လိုက်ဝင် သွားသည်ကို တွေ့လိုက်ရသည်။ ကိုဖိုးအေးလည်း ဘာလုပ်ရမှန်းမသိဖြစ်ကာ အိမ်ရှေ့ခန်း၌ပင် လဲလျောင်းနေလိုက်သည်။

ညသို့ ရောက်သည့်အခါ ထမင်းစားရန် ကိုဖိုးအေးအား မိမိုးလာခေါ်သဖြင့် လိုက်သွားခဲ့ရာ အသားဟင်းများဖြင့် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ထားသည်ကို တွေ့လိုက်ရသည်။ စားကောင်းကောင်းဖြင့် အားရပါးရ စားနေသည့် ကိုဖိုးအေးကို မိမိုးက ပြုံး၍ ကြည့်နေသည်။

မိမိုးယောက်ျားနှင့် ကလေး နှစ်ယောက်က တစ်ခွန်းတစ်ပါဒမျှ စကားမဆိုပဲ အစားကိုသာ မဲ၍ စားနေကြသည်။

ညအိပ်ခါနီးတွင် မိမိုးက ကိုဖိုးအေးအား တီးတိုးမှာသည်။

“” ကိုဖိုးအေး ညသန်းခေါင်ကျရင် ဘာသံကြားကြား ထမကြည့်နဲ့နော် “”

ဘာ့ကြောင့်ရယ် မသိသော်လည်း ကိုဖိုးအေး ခေါင်းညိတ်ပြလိုက်သည်။

———————————————————-

“” အူး အူး အူး “”

ခွေးအူသံများကြောင့် ကိုဖိုးအေး နိုးသွားသည်။ အချိန်ကား ညဉ့်အတော်နက်နေဟန် တစ်လောကလုံး မှောင်မည်း ငြိမ်သက်တိတ်ဆိတ်နေသည်။ထိုစဉ်

“” အချိန်ကျပြီ လာကြတော့ “”

ဟူသော ရွာထဲမှ အသံသြသြကြီးကို ကြားလိုက်ရသဖြင့် ကိုဖိုးအေး ကျောချမ်းသွားသည်။ဘာတွေ ဆက်ဖြစ်လာမလဲဟူသော သိချင်စိတ်ဖြင့် အိပ်ယာထဲမှ နားစွံ့နေရာ….။

အိမ်ပေါ်မှ ဆင်းသွားသည့် ခြေသံများကြားလိုက်ရသည်။ မျက်လုံးကို မသိမသာ ဖွင့်ကြည့်သည့်အခါ မိမိုး၏ ယောက်ျား ၊ မိမိုးနှင့် ခလေး နှစ်ယောက်မှာ အိမ်ပေါ်မှ တန်းစီ၍ ဆင်းသွားသည်ကို တွေ့လိုက်ရသည်။ သူတို့၏ မျက်နှာသည် မျက်နှာသေကြီးများဖြင့် ကြောက်စရာ ကောင်းနေသည်ဟု ကိုဖိုးအေး ခံစားလိုက်ရသည်။

သူတို့ ဘာလုပ်မှာလဲ ဘာ့ကြောင့် ညနက်သန်းခေါ်ထွက်သွားတာလဲ မိမိုး ဘာ့ကြောင့် ထမကြည့်ရန် တားတာလဲ ဟုသော သိချင်စိတ်ဖြင့် သူတို့နောက်မှ ကိုဖိုးအေး တိတ်တ်ိတ်လေး လိုက်လာခဲ့သည်။သူတို့၏ ဦးတည်ရာကား ရွာအနောက်ဖက် ကွင်းပြင်ကြီးသို့ ဖြစ်သည်။

ကွင်းပြင်ကြီးအနားသို့ ရောက်သည့်အခါ ကိုဖိုးအေးက နီးစပ်ရာ ခြုံထဲ တိုးဝင်ကာ ဆက်၍ ချောင်းကြည့်နေ လိုက်သည်။ မိမိုးတို့ မိသားစုက ကွင်းပြင်ကြီးထဲရှိ လူအုပ်ကြီးထဲ တိုးဝင်သွားသည်။ တစ်ရွာလုံးရှိ လူများ ကွင်းပြင်ထဲ စုဝေးရောက်နေခြင်း ဖြစ်သည်။

ကွင်းပြင်ထဲ၌ လူများစုဝေးရောက်သည့်နောက် အရပ်မျက်နှာ အဘက်အဘက်မှ ခွေးနက်ကြီးများ ထွက်လာကာ ကွင်းထဲမှ လူများအား မာန်ဖီ ကိုက်ဖြတ်စားသောက်လေတော့သည်။ ခွေးနက်ကြီးများမှာ နွားတစ်ကောင်မျှ ကြီးမားရာ လူတစ်ယောက်ကို နှစ်ချက်သုံးချက်မျှ ကိုက်သည်သည့် အပိုင်းပိုင်းအပြတ်ထွက်သွားလေသည်။

အကာလ ညသန်းခေါင်၌ ကွင်းပြင်ကြီးထဲ၌ ကြောက်လန့်တကြား အော်ဟစ်သံ၊ ငိုကြွေးသံများက ငရဲပွက်သည့်အလား ။ ကွင်းတပြင်လုံး တစ်ခဏချင်း သွေးလွှမ်းသွားသည်။ကိုဖိုးအေးမှာ သွေးပျက်ဖွယ်မြင်ကွင်းကြီးကို ကြည့်၍ အသားဆတ်ဆတ်တုန်အောင် ထိတ်လန့်နေတော့သည်။

မျက်စိရှေ့တွင် မြင်ရသည့် မြင်ကွင်းများကို ဆက်၍ မကြည့်ဝံတော့သဖြင့် မျက်လုံးစုံမှိတ်ထားစဉ် မာန်ဖီသံကြီး ကြားလိုက်ရသဖြင့် မှိတ်ထားသော မျက်လုံးကို ပြန်ဖွင့်ကြည့်ရာ မိမိ ပုန်းနေသော ခြုံအား နီရဲသော မျက်လုံးဖြင့် ကြည့်နေသည့် ခွေးနက်ကြီးကို တွေ့လိုက်ရသဖြင့် ကိုဖိုးအေး ခေါင်းကို မိုးကြိုးမှန်သလို ထိတ်လန့်သွားလေသည်။

ခြုံထဲမှ အတင်းတိုးထွက်ကာ မိမိုး၏ အိမ်ဘက်သို့ ခြေကုန်ထုတ်၍ ထွက်ပြေးလေတော့သည်။ ကိုဖိုးအေး၏ လှုပ်ရှားသံကြောင့် ခွေးနက်ကြီးများက ကိုဖိုးအေး နောက်မှ အသည်းအသန်ပြေးလိုက်လာကြသည်။ မိမိုးတို့ အိမ်ပေါ်ရောက်သွားတော့မှ ဆက်မလိုက်တော့ပဲ အပြင်မှ အော်ဟစ် မာန်ဖီနေလေတော့သည်။

ကိုဖိုးအေးမှာ အိပ်ယာထဲ အတင်းဝင်ခွေ၍ တုန်တုန်ယင်ယင်နှင့် ရသမျှ ဘုရားစာများ ရွတ်ဆိုတော့သည်။ ကိုဖိုးအေး ဘုရားစာ ရွတ်ဆို လိုက်သည်နှင့် တရွာလုံး မြေကြီးများ သိမ့်သိမ့်တုန်ကာ အိမ်ကြီးလည်း သွက်သွက်ခါယမ်းလေသည်။

“” ဟေး ဘယ်သူလဲ ငါတို့ ရွာထဲမှာ ဘာတွေ လာရွတ်နေတာလဲ အား””

ရင်သိမ့်တုန်ဖွယ် အသံကြီးများဖြင့် ကြိမ်းဝါးသံများ၊ စူးစူးဝါးဝါး အော်ဟစ်သံကြီးများ ထွက်ပေါ်လာသဖြင့် ကိုဖိုးအေး ရွတ်လက်စ ဘုရားစာများကို ရပ်တန့်လိုက်ရသည်။ ထိုအခါမှ မြေတုန်ခြင်းများ ကြောက်မက်ဖွယ် အသံကြီးများ ပျောက်ကွယ်သွားသည်။ ကိုဖိုးအေးလည်း အသံလည်း မထွက်ဝံ့တော့ပဲ အိပ်ယာထက်ခွေနေရာမှ မောပန်းစွာ အိပ်ပျော်သွားသည်။

အာရုဏ်တက်ချိန်ရောက်သည့်အခါ ဆူညံညံ အသံများကြောင့် ကိုဖိုးအေး နိုးသွားပြီး ထကြည့်သည့်အခါ မိမိုးတို့ တစ်မိသားစုလုံး ကောင်းကောင်းမွန်မွန်ပြန်လာသည်ကို အံ့သြစွာ တွေ့လိုက်ရသဖြင့် ကိုဖိုးအေး နားမလည် စွာ ကြည့်နေစဉ် မိမိုး၏ ယောက်ျားက ကိုဖိုးအေး အား ဒေါသခက်ထန်စွာကြည့်၍ အိမ်ထဲ ဝင်ပြီး ဓားမကြီး ကိုင်၍ အိမ်ပြင် ပြန်ထွက်သွားသည်။

မိမိုးက ကိုဖိုးအေးအနား ကမန်းကတန်းလာ၍

“” ကိုဖိုးအေး မိုးမလင်းခင် ဒီရွာကနေ အမြန်ထွက်သွားတော့ မိုးလင်းတဲ့ အထိနေရင် ဒီရွာက လူတွေ ရှင့်ကို သတ်ပြီး အမဲပေါ်လိမ့်မယ် ရှင် ညက စည်းပေါက်သွားတာ တစ်ရွာလုံး သိသွားပြီ အမြန်သွားတော့ “”

“” မိမိုးရယ် မင်းလည်း ပြန်လိုက်ခဲ့ပါလားကွာ ငါနဲ့ မင်းနဲ့ တို့ သားသမီးတွေကို ပြန်ရှာပြီး အတူပြန်နေကြရအောင်လေ “”

ကိုဖိုးအေး၏ စကားက မိမိုး၏ ရင်အား ထိရှသွားပုံရကာ သူမ၏ မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။

“” မရဘူး ကိုဖိုးအေး ရှင်နဲ့ ကျွန်မတို့က ဘဝတွေ မတူတော့ဘူး “”

“” ဘာ ဘာတွေ ပြောနေတာလဲ မိမိုး မင်းပြောတာ ငါနားမလည် ဘူး “”

“” ဟုတ်တယ် ကိုဖိုးအေး ကျွန်မက သေပြီးသား လူတစ်ယောက် ရှင်အခုရောက်နေတာ နေ့စံ ညခံ ပြိတ္တာရွာ ကျွန်မ လူ့ဘဝက ရှင်ရှာတဲ့ ငါးတွေကို ခုတ်ထစ်သတ်ဖြတ်ရောင်းချလို့ ရှင်မြင်တဲ့ အတိုင်း ညဆိုရင် ခွေးနက်ကြီးတွေရဲ့ အပိုင်းပိုင်းကိုက်ဖြတ်စားသောက်တာ ခံရတယ် သားငါးတွေကို ဟင်းချက်ပြီးရင်သံဃာတွေကို လောင်းလှူတဲ့ အကျိုးကြောင့် နေ့ဘက်ဆို လူသား တစ်ယောက်လို နေထိုင်စံစားရတယ် ဒီရွာက ပြိတ္တာတွေက လူ့ဘဝက နေထိုင်လုပ်ကိုင်ခဲ့တဲ့အတိုင်း ဒီမှာလည်း စွဲလန်း လုပ်ကိုင်ကြနေကြတာ ကျွန်မ အခုယူထားတဲ့ ယောက်ျားက လူ့ဘဝမှာ အမဲလိုက် သားသတ် အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့လို့ အခု ဘဝမှာ အမဲလိုက် သားသတ် အလုပ်ကို နေ့စဉ်ထွက်လုပ်တယ် ၊ ကျွန်မက လူ့ဘဝမှာ ရှင့်ကို အမြဲမျှော်နေတတ်လို့ အချိန်ရောက်ရင် ကလေးတွေချီ အိမ်ရှေ့မှာ ယောက်ျားကို ထွက်မျှော်နေရတယ် ဒီဘဝကြီးက အမှန်တော့ လုံးဝမကောင်းပါဘူး၊ငရဲ တမျိုးပါပဲ ရှင်လည်း လူ့ပြည်ပြန်ရောက်တဲ့အခါ ငါးဖမ်းတဲ့ အကုသိုလ်အလုပ်တွေ မလုပ်တော့ပဲ ကောင်းမှုကုသိုလ်တွေလုပ်ရင်း ကျွန်မနဲ့ ရှင့်ခလေး နှစ်ယောက် ကောင်းရာ မွန်ရာ ဘုံကို ရောက်အောင် အမျှအတန်းပေးပါ နော် အခုတော့ ရှင်လာခဲ့တဲ့ မူလလမ်းပေါ် အမြန်ရောက်အောင်သွားတော့ ရှင့်ကို သူတို့ သတ်ကြတော့မယ် “”

ကိုဖိုးအေးတစ်ယောက် စိတ်ရှုပ်ထွေးခြင်း နားမလည်ခြင်းများစွာနှင့်ပင် မိမိုး၏ အိမ်အတွင်းမှ အမြန်ထွက်လာခဲ့သည်။ အိမ်အပြင် ရောက်သည်နှင့် ရွာထဲမှ လူများက ဓားများ ၊ လှံကြီးများကိုင်၍ ကိုဖိုးအေးနောက်သို့ ပြေးလိုက်ကြတော့သည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူကား မိမိုး၏ ယောက်ျား လူကြမ်းကြီး။

“” ဟေး ဟေး လိုက်ဟေ့ သတ်ဟ “”

နောက်မှ ညာသံပေး၍ အော်ဟစ်သံများကြောင့် ကိုဖိုးအေး မြေနီလမ်းလေး၏ ရှိရာဘက်သို့ ဦးတည်ထွက်ပြေးလေတော့သည်။ ခဏ အကြာတွင် မြေနီ လမ်းလေးပေါ်ပြန်ရောက်သွားရာ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားပြီး၊ နောက်မှ အော်ဟစ်သံ ကြိမ်းဝါးသံများလည်း တိုးညှင်းပျောက်ကွယ် သွားကြသည်။

ကိုဖိုးအေးသည် သူ့မိန်းမ မိမိုးပြောသည့် စကားများကို ခွဲခြားစိတ်ဖြာတွေးတောရင်းမှ မြေနီလမ်းကလေးအတိုင်း ဆက်လျှောက်လာခဲ့သည်။ လမ်း၌ တွေ့သော ရွာများ ၊ ခင်းကျင်းနေသော ပွဲလမ်းသဘင်များအားလည်း မမြင်ဟန်ပြု၍ ဆက်လျှောက်လာခဲ့သည်။ အဖိုးအို မှာလိုက်သည့် စကားကို မေ့လျော့မိသဖြင့် ကြုံလိုက်ရသည့် အဖြစ်က ကြောက်စရာကောင်းသကဲ့သို့ နားလည်ရလည်း ခက်နေပြီ မဟုတ်လား။

အဆက်မပြတ်မနားမနေ ဆက်လျှောက်လာရာမှ မြူနှင်းများအုပ်ဆိုင်း၍ ကန့်လန့်ကာ ခြားထားသကဲ့သို့ နေရာတွင် မြေနီလမ်းကလေး ဆုံးသွားသည်ကို တွေ့ရသည်။ ကိုဖိုးအေးလည်း ဘာမှ စဉ်းစားမနေတော့ပဲ ပိန်းပိတ်နေသော မြူနှင်းတောထဲ တိုးဝင်လာခဲ့သည်။ သုံးလေးလှမ်းခန့် လှမ်းမိသည့်အခါ ရှင်းလင်းသည့် ပတ်ဝန်းကျင် တစ်ခုသို့ ရောက်သွားသည်။

ရင်နှီးသလိုရှိနေသော ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်လိုက်သည့် အခါ

“” ဟာ ရှေ့မှာ ငါ့ ရွာကလေးပဲ “”
———————————————————-
ကိုဖိုးအေး မြူနှင်းတောမှ ထွက်လာသည်နှင့် ရှေ့၌ သူ၏ ဇာတိရွာကလေးကို လှမ်းမြင်လိုက်ရသည်။ နောက်ကျောဘက်မှ ပြန်ကြည့်သည့်အခါ မြူနှင်းများ မရှိတော့ပဲ ရွာအနောက်ဘက် သင်္ချိုင်းဝကြီးကို တွေ့လိုက်ရသည်။

ကိုဖိုးအေးလည်း ထပ်၍ ထူးဆန်းမနေတော့ပဲ ရွာထဲသို့ အမြန်ဝင်ကာ သူ့အိမ်ရှိရာသို့ သုတ်ခြေတင် သွားလိုက်သည်။ ရွာကလေးမှာ သူပင်လယ်ထဲ မသွားခင်က ပုံစံနှင့် အတော် ခြားနားသွားသည်။ အိမ်ခြေများ တိုးလာနေပြီး ရွာထဲမှ လူတော်တော်များများကို သူမသိတော့ချေ။

သူ့အိမ်၏ မူလပုံစံသည်လည်း ပြောင်းလဲနေပြီး ခြံထဲ၌ ယခင်ဝါးအိမ်ကလေး မဟုတ်တော့ပဲ ပျဉ်ထောင်အိမ် တစ်လုံး အစားထိုးရောက်နေသည်။

သူခြံထဲသို့ ဝင်လာခဲ့သည်။ အိမ်ရှေ့ကပျဉ်၌ ဆံပင်ဖြူဖြူနှင့် လူကြီးတစ်ယောက် ပိုက်များဖာထေးနေလျက်မှ သူ့အား လှမ်းကြည့်နေသည်ကို တွေ့ရသည်။ထိုလူကြီးကို ကိုဖိုးအေး မြင်ဖူး သလိုလို။ထိုလူကြီးက ကိုဖိုးအေးအား အမြင်အာရုံ အားနည်းပုံရသည့် ဖြူဖျော့ဖျော့ မျက်ဝန်းများဖြင့် ကြည့်နေရာမှ

“” ဘာကိစ္စလဲကွဲ့ မောင်ရင် “”

“” ဒီမှာ ဦးလေးကြီး အရင် ဒီနေရာမှာ နေတဲ့ မိမိုးတို့ မိသားစု ဘယ်ရောက်သွားလဲ ဗျ “”

ထိုလူက ကိုဖိုးအေးအား နားမလည်သလို ကြည့်လိုက်ရင်း

“” ဘယ်က မိမိုးလဲကွဲ့ “”

“” ဟာ ကိုဖိုးအေးတို့ မိမိုးတို့လေဗျာ “”

ကိုဖိုးအေး စကားကြောင့် ထိုလူကြီး၏ မျက်နှာ ဝမ်းနည်းစိတ်မကောင်းဟန် အလိုမကျဟန်တို့ တပြိုင်တည်း ပေါ်လာပြီး

“” မင်းက ငါ့အစ်ကိုကြီးတို့ မိသားစုအကြောင်း မေးနေတာပဲ သူတို့ တစ်မိသားစုလုံး လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်ကတည်းက မုန်တိုင်းမိပြီး ပင်လယ်ထဲမှာ အသက်ဆုံးရှုံးသွားပြီကွဲ့ ဒါနဲ့ မောင်ရင်က ဘယ်သူလဲ မြင်တော့ မြင်ဖူးသလိုပဲ ငါ့အသက်တောင် ၅၀ ရှိပြီ ငါ့အစ်ကို ကိုဖိုးအေး ဆို အခုအချိန် ဆိုရင် ၅၅ နှစ် လောက် ရှိရောပေါ့ ကိုယ့်ထက် အသက်အရွယ်ကြီးသူတွေကို နာမည်ခေါ်ပြီးမေးနေတယ်ဆိုတော့ မောင်ရင် တော်တော်ရိုင်းတာပဲ””

ကိုဖိုးအေး သိလိုက်ပြီ။ ဤလူကြီးသည် သူ၏ ညီဖြစ်သူ ဖိုးလုံး

“”ဘာ ဘာတွေ ဖြစ်ကုန်ပြီလဲ “”

ကိုဖိုးအေး မယုံကြည်နိုင်အောင် ဖြစ်နေပေပြီ။ သူပင်လယ်ထဲမှ မုန်တိုင်းမိပြီး မျောပါပြီးနောက် ထူးဆန်းသော ၊ အံ့သြဖွယ်ကောင်းသော ဖြစ်ရပ်များကို ဆက်တိုက်ကြုံတွေ့နေရသည်။

လောက၌ မည်သူမည်ဝါမျှ သက်ရှိထင်ရှားဖြင့် မရောက်နိုင်သော ငရဲပြည် တံခါးဝ၊ နေ့စံ ညခံ ပြိတ္တာ ဘုံတို့ကို သူရောက်ခဲ့ရသည်။ သူရောက်ခဲ့ သည့် ရက်များကို တွက်ကြည့်လျင် ပင်လယ်ထဲ၌ ၅ရက် ငရဲတံတားတွင် တစ်ရက်၊ ပြိတ္တာဘုံတွင် တစ်ရက် ၇ ရက်မျှသာကြာမြင့်သည်။

သို့သော် သူ့ရွာလေးသို့ ပြန်ရောက်လာသည့်အခါ သူပျောက်သွားခဲ့သည်မှာ အနှစ် နှစ်ဆယ်ကျော် ကာလကြာမြင့်ကာ အရာအားလုံးလည်း ပြောင်းလဲနေပြီ။ ဖြစ်နိုင်သည်မှာ သူ မတော်တဆ ရောက်ရှိခဲ့သော နေရာမှ ၂ ရက်သော အချိန်သည် လူ့ပြည်၌ အနှစ်နှစ်ဆယ် ကုန်ဆုံးသွားဟန်တူ၏။

သူ၏ အသက်အရွယ်မှာ နဂိုအသက်အရွယ် ၃၅ နှစ်အရွယ်သာ ရှိသော်လည်း သူ၏ ညီဖြစ်သူ ဖိုးလုံး၏ အသက်မှာ ၅၀ ကျော်နေပြီး သူ့ထက်ပင် ကြီးရင့်နေပြီ ဖြစ်သည်။ ထို့ကြောင့်သာ တစ်ရွာလုံးရှိ သူများအား သူ မမှတ်မိသလို အားလုံးကလည်း ကိုဖိုးအေးအား မမှတ်မိ။

သူပြောပြလျင်လည်း မည်သူမျှ ယုံမည် မဟုတ်။ ရှင်းလည်း ရှင်းမပြလိုတော့။

“” ဒါနဲ့ မောင်ရင်က ဘာဖြစ်လို့ အခုမှ ဦးလေးရဲ အစ်ကို ကိုဖိုးအေးကို လာမေးတာလဲ “”

“” အော် ဘာမှ မဟုတ်တော့ပါဘူးဗျာ ကျွန်တော် အရင်က အရမ်းရင်းနှီးသူတွေမို့ လမ်းကြုံလို့ ဝင်မေးမိတာပါ သူတို့ ဘယ်လို အဖြစ်ဆိုးကြုံရတယ်ဆိုတာလေး ပြောပြပါလား “”

ကိုဖိုးအေး မေးလိုက်သည့်အခါ ညီဖြစ်သူဖိုးလုံးက သူ၏ အစ်ကို ကိုဖိုးအေးသည် ပင်လယ်ထဲ ငါးဖမ်းသွားရင်း ထိုနေ့က ပင်လယ်ပြင်တွင် မုန်တိုင်းမိကာ ပျောက်ဆုံးသွားကြောင်း၊ ထိုနေ့ညတွင်ပင် သူတို့ရွာ၌ မုန်တိုင်းဝင်ကာ တစ်ရွာလုံး ရေလွှမ်းခံရ၍ လူအများအပြား ၊ အိမ်အတော်များများ ပင်လယ်ရေထဲ ပါသွားခဲ့ကြောင်း ၊ သေဆုံးသူများတွင် ကိုဖိုးအေး၏ မိန်းမဖြစ်သူ မိမိုးနှင့် ကလေးနှစ်ယောက်လဲ ပါသွားခဲ့ကြောင်း ၊ ကိုဖိုးလုံးတို့ မိသားစုအချို့မှ အသက်ဘေးမှ လွတ်ခဲ့သော်လည်း အိမ်မှာ မုန်တိုင်းထဲ ပါသွားခဲ့၍ ရေပြန်ကျသည့်အခါ ခြံကလေးအားရောင်း၍ အစ်ကိုဖြစ်သူ ၏ ခြံဝန်း၌နေထိုင်ခဲ့ကြောင်း၊ အစ်ကိုနှင့် မရီး၊ ကလေးများ အတွက် အလှူအတန်းပြု ဆွမ်းသွတ်ပေးခဲ့ကြောင်း များကို ပြောပြသည်။

အလုံးစုံ ကြားသိရပြီးနောက် ကိုဖိုးအေး ညီဖြစ်သူဖိုးလုံးအား နှုတ်ဆက်ကာ သူ၏ ခြံဟောင်းလေးမှ ပြန်ထွက်လာခဲ့သည်။ သူ၏ ဖြစ်ရပ်မှန် အကြောင်းများကို ဖိုးလုံးအား ပြန်၍ မပြောပြလိုတော့။ ပြောလျင်လည်း ယုံမည်ဟူ၍ မထင်ချေ။

ကိုဖိုးအေး ကိုယ်တိုင်ကလည်း သေရွာပြန်ဘဝ ငရဲတံတားအပြန်လမ်းတွင် ကြုံတွေ့ရသည့် အဖြစ်အပျက် များအပေါ် ပြန်လည်သုံးသပ်ရင်း မမြဲသော သံသရာ တွေ့ဆုံကြုံကွဲ ခိုင်မြဲမှု မရှိသည့် သံယောဇဉ်၊ သေဆုံးပြီး ကြုံတွေရမည့် ကုသိုလ် ၊ အကုသိုလ် အကျိုးအပြစ်များ၊ ငရဲတံတားမှ ကြောက်မက်ဖွယ်အော်ဟစ်သံကြီးများ အစရှိသည်တို့ကို အားလုံးကို တစိမ့်စိမ့်တွေးရင်း တစ်ချိန်က မိမိပြုခဲ့သည့် အကုသိုလ်အပြစ်များကို ကြောက်ရွံ့လာမိသည်။ အကုသိုလ်အလုပ်များ ထပ်မလုပ်လိုတော့ပဲ စိတ်နှလုံး အေးချမ်းမှုကို လိုလားလာသည်။ ထိုစိတ်နှလုံး အေးချမ်းမှု အစစ်အမှန် တည်ရှိရာ နေရာသည်……

ခြေလှမ်းတို့ ဦးတည်ရာမဲ့လျှောက်နေရင်းမှ အိပ်ကပ်ထဲမှ တချွင်ချွင်မြည်လာသံကြောင့် အိပ်ကပ်အား နှိုက်ကြည့်သည့်အခါ ငရဲတံတားမှ အဖိုးအို ပေးလိုက်သည့် အကြွေစေ့လေးများကို စမ်းမိသည်။ ထုတ်ကြည့်လိုက်သည့် အခါ အကြွေစေ့လေးများမှ ဝါဝင်းသော အရောင်များထွက်နေသည်ကို တွေ့လိုက်ရသည်။

“” အော် ရွှေတွေ ဖြစ်နေပါလား “”

ထူးဆန်းသည်ဟု ထင်သည်မှ တပါး မအံ့သြတော့ချေ။ လိုချင်တပ်မက်သည့် လောဘစိတ်လည်း မဖြစ်ပေါ်မိ။ ရွှေပြားလေးများကို လက်ထဲ၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သူ၏ ဦးတည်ရာ ကား…..။

———————————————————-

မကြာမှီ ကာလ၌ လူသူများအရောက် အပေါက် နည်းရာ တောင်ကုန်းလေး တစ်ခုပေါ်၌ ထုံးဖြူစေတီလေး တစ်ဆူပေါ်ပေါက်လာသည်။ ထိုစေတီလေးပေါ်၌ နေ့စဉ် ဆွမ်း၊ ပန်း ၊ ရေချမ်းကပ် ၊ သန့်ရှင်းရေးပြုလုပ်ရင်း တရားကျင့်ကြံ အားထုတ်နေသည့် ရဟန်းတစ်ပါးလည်း ရှိနေသည်။ သို့သော် ထိုစေတီနှင့် ရဟန်းတော်တို့အား ဖူးမြှော်ထိုက်သူတို့သာ တစ်ခါတရံ ဖူးတွေ့ရတတ်သည်။

ထိုစေတီသည်ကား ငရဲတံတားမှ အဖိုးအိုပေးလိုက်သည့် ရွှေဖြစ်သွားသော အကြွေစေ့များအား ဌာပနာတည်ကာ ကိုဖိုးအေးကိုယ်တိုင်တည်ထားသည့် စေတီဖြစ်ကာ ရဟန်းတော်သည်ကား မထင်မှတ်စွာ ငရဲပြည် တံခါးဝသို့ ရောက်ရှိသွားပြီး ငရဲပြည်တွင်ကြုံတွေ့ရသည့် အဖြစ်အပျက်များ၊ နေ့စံညခံ ပြိတ္တာဘုံဘဝ၏ မကျွတ်မလွတ် သံသရာဝဋ် ကိုလည်းကောင်း မြင်တွေ့ရကာ ဒုက္ခ၏ ငြိမ်းအေးရာကို ရှာဖွေတွေ့ရှိသွားသည့် လူ့ဘဝ ကိုဖိုးအေး တဖြစ်လဲ ရှင်ဥတ္တမသာရ ပေတည်း။

“” သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကြကုန်သော သတ္တဝါဝေနယျ အားလုံး ကြားကြသမျှ အမျှ အမျှ အမျှ “”

အေးချမ်းသော အမျှဝေသံက တောင်ကုန်းပေါ်၌ နေ့စဉ်ပျံ့လွင့်နေသလို ကျွတ်လွတ်ထိုက်သူများ ကျွတ်လွတ်ကြပေမည်။ ကိုဖိုးအေးသည်ကား သူမြင်တွေ့ခဲ့ရသည့် အဖြူရောင် လမ်းကလေးပေါ် လျှောက်လှမ်းခွင့် ရရန် ကြိုးစား အားထုတ်နေပေပြီ။ အကျွန်ုပ်တို့သည်ကား ဘဝသံသရာ၌ မည်သည့်လမ်းသို့ လျှောက်လမ်းရန် ကြိုးစားနေကြပါ သနည်း။

—————————————————–

ပြီးပါပြီ။

ဝါသနာအရ သာရေးသားသည်။ အမှားအယွင်း လိုအပ်ချက်များအား သည်းခံဖတ်ရှုရန်။

13.50 /4.10.2017

ချစ်သား မာရ်နတ်