ငရဲမကြောက်သူများ

Posted on

ငရဲမကြောက်သူများ(စ/ဆုံး)

————————–

ထန်းတောရွာရှိလူအများ သက်ကြီးရွယ်အိုလူရွယ်လူငယ်ကလေးများပါမကျန်ကြည်နူးပီတိဖြာကာဖော်မပြနိုင်အောင်၀မ်းသာနေကြသည်။အဘယ်ကြောင့်ဆိုသော်တစ်ရွာလုံး၏ချွေးနည်းစာများဖြင့်ရှာကာဝိုင်း၀န်းစုပေါင်းပြီးတည်ခဲ့ကြသောစေတီတော်ကြီး၏ထီးတော်တင်သည့်နေ့ဖြစ်သောကြောင့်ပင်ဖြစ်သည်။စေတီတော်ကြီးတည်ထားကိုးကွယ်ရာ၌အားလုံးကတတ်နိုင်သမျှရွှေတိုရွှေစလေးများ ကျောက်မြတ်ရတနာများကိုဌာပနာအဖြစ်ထည့်ခဲ့ကြသည် ယခုထီးတော်တင်ပွဲ၌လည်းစုပေါင်းအလှူငွေဖြင့်ရွာလုံးကျွတ်ထမင်းဟင်းကျွေးမွေးပြန်သည်။
ဒါကဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ကြည်နူးဖွယ်ကောင်းသောဓလေ့ထုံးတမ်းအစဉ်လာတစ်ခုပင်မဟုတ်ပါလား။
ထီးတော်တင်ပွဲပြီးဆုံးသွားသည့်အခါအလွန်သပ္ပါယ်သောစေတီတော်အားဖူးမျှော်ကြရင်းတစ်ရွာလုံးကြည်နူးကြရပြန်လေသည်။

ဦးထွန်းဖေသည်အသက်(၄၀)အရွယ်ရှိပြီးအလွန်တော်သောပန်းရန်ဆရာတစ်ဦးဖြစ်သည် ထို့ကြောင့့်ဘုရားတည်ကျောင်းဆောက်အိမ်ဆောက်ရာ၌သူ့ကိုသာခေါ်ကြသည် ထိုသို့အလွန်တော်ပြီး၀င်ငွေကောင်းသည့်သူတစ်ဦးပင်ဖြစ်လင့့်ကစား အရက်သောက်ဖဲရိုက်လောင်းကစားဝါသနာထုံသူတစ်ဦးမို့စုမိဆောင်းမိသည်မရှိပဲသူရှာသမျှသူသုံးတာနှင့်ပင်အလည်မမှီချေ။၊ဇနီးသည်ဒေါ်နုနုဝါလည်းခင်ပွန်းဖြစ်သူဦးထွန်းဖေကိုပြောမနိုင်၍အဆုံးလွှတ်ထားလိုက်ရသည်။
ယခုလဲဦးထွန်ဖေသည်ရွာတွင်သူကိုယ်တိုင်ဦးဆောင်ပြီးဘုရားတည်ပြီးစီးသွားသည့်အတွက်ငွေရွှင်နေလေသည် ထို့ကြောင့်သူငယ်ချင်းတွေဖြစ်ကြသော ဦးဇော်နိုင် ဦးမင်းအောင် ဦးသန်းလွင်တို့နှင့်အတူတစ်ခြားရွာဖဲဝိုင်းတွင်ဖဲရိုက်နေကြသည်။
ဦးထွန်းဖေသည်သူ့ထံတွင်ပါလာသောပိုက်ဆံဖဲရှုံးပြီးကုန်သလောက်ဖြစ်လာသည့့်အတွက်ရှုံးမဲမဲကာဒေါပွနေလေသည်။

” တစ်နေ့လုံးကံမတက်ဘူးကွာ… တောက် ”

ပြောရင်းစိတ်တိုတိုနှင့်ဘေးနားတွင်အသင့့်ငှဲ့ထားသောအရက်ခွက်ကိုယူပြီးမော့ချလိုက်သည်။

” ငါတို့မှာရှိတာကုန်တော့မယ် နေလဲ၀င်တော့မယ်ဆိုတော့ပြန်ကြရအောင်ထွန်းဖေ ”

သူငယ်ချင်းဖြစ်သူဦးမင်းအောင်ပြောလိုက်သည်။

” မပြန်သေးဘူးကွာ ငါအရမ်းကိုရှုံးနေတယ် ”

” ရှုံးလို့ပြန်မယ်ပြောတာပေါ့ နောက်နေ့မှဆက်ဆော့ကြရအောင်ကွာမင်းလဲမူးနေပြီ ”

ဦးထွန်းဖေ၏အခြေနေကိုကြည့်ကာဦးသန်းလွင်ပါ၀င်ပြောလိုက်သည်။
ထိုအခါဦးထွန်းဖေဒေါသထွက်သွားပြီး

” ဖဲရှုံးနေတဲ့ကြားထဲမင်းတို့ကတမှောက် ပြန်ချင်ရင်မင်းတို့ပါသာပြန်ကြငါက ငါရှုံးထားတဲ့ပိုက်ဆံတွေရအောင်ပြန်ယူပြီးမှပြန်မယ် ”

ဦးထွန်းဖေရှုံးမဲမဲနေသဖြင့်ပြော၍မရမှန်းသိ၍ဦးမင်းအောင်နှင့်ဦးသန်းလွင်ဆက်မပြောကြတော့ပဲတိတ်နေလိုက်ကြတော့သည်။
သည်လိုနှင့်ဖဲဆက်ရိုက်ရာပါလာသောပိုက်ဆံကုန်သွားလေတော့သည်။

” ဟာကွာ တောက် ”

” ဖောက် ”

ဦးထွန်းဖေစိတ်တိုတိုနှင့်ဖဲချပ်အားကြမ်းပြင်ပေါ်သို့အားရပါးရပစ်ချလိုက်သည်။

” ကဲ ပိုက်ဆံကုန်ပြီဆိုတော့ဝိုင်းသိမ်းကြမယ် ”

ဦးထွန်းဖေ၏ပိုက်ဆံအားလုံးအားနိုင်သွားသောဦးကျော်စွာမှပြုံးပြီးပြောလိုက်သည်။

” မသိမ်းပါနဲ့အုံးကိုကျော်စွာကျနော်ဆက်ကစားချင်သေးတယ် ”

” မင်းမှာပိုက်ဆံကုန်ပြီလေဘာနဲ့ဆက်ကစားမလဲ ”

” ကျနော့ကိုပိုက်ဆံ(၁၀)သိန်းလောက်ချေးပါလား ”

” ပိုက်ဆံချေးရမယ်ဟုတ်လား မင်းဘာမှမပေးပဲနဲ့တော့ငါမချေးနိုင်ဘူး မင်းမှာဘာပေးစရာရှိလဲ ”

” မနက်ဖြန်အိမ်ဂရမ်ကျနော်ယူလာပေးမယ် အပေါင်ပစ္စည်းအဖြစ်ပေါ့ အဆင်ပြေလား ”

ဦးထွန်းဖေ၏စကားကြောင့်ဦးမင်းအောင် ဦးသန်းလွင်နှင့်ဦးဇော်နိုင်တို့မျက်လုံးပြူ းသွားကြသည်။ထို့ကြောင့်

” ဟာ ဟေ့ရောင်ထွန်းဖေဒါတော့မလုပ်သင့့်ဘူးနော် တော်လောက်ပြီ ”

” ဟုတ်တယ် တော်ပြီပြန်ကြမယ် ”

” မင်းတို့အသာနေပါကွာ ကဲကိုကျော်စွာကျနော့ကိုပိုက်ဆံသာချေးပါမနက်ဖြန်ကိုအိမ်ဂရမ်ဆက်ဆက်လာပေးပါ့မယ် ”

ဦးထွန်းဖေကတော့ဖဲဆက်ရိုက်ချင်သည့့်ဆန္ဒပြင်းပြနေသဖြင့်ဘာကိုမှမစဉ်းစားနိုင်တော့ချေ။၊

” ကောင်းပြီ မင်းရဲ့ကတိတည်ပါစေ ”

ဦးကျော်စွာပိုက်ဆံ(၁၀)သိန်းပစ်ပေးလိုက်သည် ထို့နောက်သူတို့(၂)ဦးဖဲဆက်ရိုက်ကြတော့သည်။
သည်နေ့တော့ဦးထွန်းဖေကံအတော်ဆိုးသည့်နေ့ပင်ဆိုရမည် သူချေးသောပိုက်ဆံ(၁၀)သိန်းလဲတစ်ခဏအတွင်းပင်ပြောင်သွားတော့သည်။ထိုအခါဦးထွန်းဖေစိတ်တိုကာအရက်ကိုတစ်ခွက်ပြီးတစ်ခွက်ငှဲ့သောက်ပြီးထပြန်လာလိုက်သည်။

နောက်တစ်နေ့တွင်တော့ဇနီးသည်မသိအောင်အိမ်ဂရမ်ကိုခိုးယူကာသူငယ်ချင်း(၃)ယောက်နှင့့်အတူဦးကျော်စွာအိမ်သို့ရောက်လာကြသည်။

” အိမ်ဂရမ်လာပေးတာပါ ”

” ကတိတည်သားပဲ ဘယ်တော့လာပြန်ရွေးမလဲပြောခဲ့ ”

” ကျနော့အခြေနေကိုကိုကျော်စွာလဲသိသားပဲဗျာ အခက်ခဲအရမ်းဖြစ်နေတယ် ဘယ်တော့လာရွေးနိုင်မလဲဆိုတာတော့မသိသေးဘူး ”

” အဲ့ဒီလိုကြိုက်တဲ့အချိန်မှလာရွေးလို့ဘယ်ဖြစ်မလဲ မင်းကိုအချိန်(၁၀)ရက်ပေးမယ် အဲ့ဒီအချိန်တွင်းလာမရွေးနိုင်ရင်တော့မင်းတို့အိမ်ပေါ်ကဆင်းရမယ် ရွေးနိုင်တဲ့အချိန်မှအိမ်ကိုပြန်ပေးမယ် အတိုးလဲပေးရမယ်ဘယ်လိုလဲ ငါကအလုပ်လုပ်ရင်ပြတ်သားတယ်ပြောတဲ့အတိုင်းလုပ်တာနော် ”

ဦးကျော်စွာ၏မာပြတ်ပြတ်အပြောကြောင့့်ဦးထွန်းဖေအခက်တွေ့သွားပြီးအထွတ်လဲမတက်ရဲဖြစ်နေသည် ထို့ကြောင့်ခေါင်းငုံ့ကာ

” ဟုတ်ကဲ့ပါ(၁၀)ရက်အတွင်းကျနော်ပြန်ဆပ်ပါ့မယ် ”

” ကောင်းပြီ ”

လာရင်းကိစ္စပြီးသွားပြီမို့ဦးထွန်းဖေတို့မိမိရွာသို့ပြန်လာလိုက်ကြပြီးစိတ်ညစ်မှုခဏတာပြေပျောက်စေရန်အရက်ဆိုင်သို့သွားကာအရက်သောက်နေလိုက်သည်။

” ဟူးးး ငါတော့အခက်တွေ့ပြီ(၁၀)ရက်အတွင်းပိုက်ဆံ(၁၀)သိန်းဘယ်လိုရှာရမလဲ အခုတလောလဲဘယ်သူကမှအိမ်ဆောက်ဖို့လာမအပ်ကြဘူး ဒုက္ခပဲကွာ ”

ပြောပြီးစိတ်ညစ်ညစ်နှင့်အရက်ခွက်ကိုယူကာအားရပါးရမော့ချလိုက်သည်။

” ငါလဲဖဲရှုံးလို့အိမ်ကစားစရိတ်ပြတ်နေပြီ ”

” ငါရောပဲမနေ့ကရှိသမျှပြောင်သွားတာ အခုငါ့သားနေမကောင်းတာတောင်ဆေးခန်းမသွားနိုင်ပဲဆိုင်ကဆေးလေး၀ယ်တိုက်နေရတယ် ”

” ငါလဲအတူတူပါပဲဟာ ”

ဦးမင်းအောင် ဦးသန်းလွင်နှင့်ဦးဇော်နိုင်တို့ပါသူတို့၏အခက်ခဲကိုစိတ်ညစ်ညစ်နှင့်ပြောလိုက်ကြသည်။ထိုအခါဦးထွန်းဖေသည်ခေါင်းထဲတွင်အကြံတစ်ခုပေါ်လာပြီး၀မ်းသာအားရဖြစ်သွားသည်။

” ငါအကြံတစ်ခုရပြီ ဒီကိစ္စအောင်မြင်ရင်ငါတို့ရဲ့အခက်ခဲတွေပြေလည်သွားမယ် ”

ဦးထွန်းဖေစကားကိုအားလုံးနားမလည်နိုင်ဖြစ်သွားသည်။

” ဘာအကြံလဲဟ ”

” ဒီလိုကြ …… ”

သူငယ်ချင်း၃ယောက်နားကပ်ပြီးသူ၏အကြံကိုတိုးတိုးလေးပြောပြလိုက်သောအခါအားလုံးမျက်လုံးပြူ းသွားကြသည်။

” ဘယ်လိုလဲ ”

” ဟာ ငါတော့လက်မခံဘူး မင်းတို့လဲမလုပ်ရဘူး ဘုရားပစ္စည်းကိုစိတ်နဲ့တောင်မပြစ်မှားကောင်းဘူးကွ ”

ဦးသန်းလွင်လက်ကာပြပြီးကြောက်လန့့်တကြားငြင်းလိုက်သည်။

” ငါတို့အခုအရမ်းကိုငွေလိုနေကြတယ် ငွေအများကြီးရဖို့ကဒီတစ်နည်းပဲရှိတယ် မင်းသေချာစဉ်းစား ”

” ဟုတ်တယ်ကွ ဒါကငါတို့ရဲ့အခက်ခဲကိုပြေလည်စေမဲ့တစ်ခုတည်းသောနည်းပဲ ”

” ဟုတ်တယ်သူငယ်ချင်း ”

ဦးထွန်းဖေ၊ဦးဇော်နိုင်နှင့်ဦးမင်းအောင်တို့သူ့အားဝိုင်းပြောသမျှကိုဦးသန်းလွင်ခေါင်းခါလိုက်ပြီး

” ဘယ်လောက်ပဲအခက်ခဲဖြစ်နေပါစေငါမလုပ်နိုင်ဘူး မင်းတို့လဲမလုပ်ပါနဲ့ငရဲကဒီတိုင်းနေမှာမဟုတ်ဘူး ”

” ဟားဟား သန်းလွင်ရာ သေမှခံရမဲ့ငရဲကိုကြောက်မနေပါနဲ့ အခုလက်ရှိအခက်ခဲကငရဲထက်ပိုဆိုးတယ်ကွ ”

” မင်းမပါရင်လဲနေပါ ဒါပေမယ့်ဒီကိစ္စကိုဘယ်သူ့ကိုမှမပြောပါနဲ့ ”

” အေးပါ ”

တား၍ရမည်မဟုတ်သောသူ၏သူငယ်ချင်းတွေကိုဘာမှဆက်မပြောတော့ပဲဦးသန်းလွင်ရင်မောစွာသက်ပြင်းချလိုက်သည်။

★ ★ ★ ★ ★ ★ ★

ညသန်းခေါင်ယံအချိန် အမှောင်ထုကြီးကတစ်လောကလုံးကိုကြီးစိုးမင်းမူထားသည့့်ကာလ လူအများလဲအိပ်မောကျနေကြသည်။
ထိုစဉ်လူ၃ဦးသည်သံတူးရွင်း ပေါက်ပြား ချွန်းတို့ကိုအသီးသီးကိုင်ဆောင်ကာမကြာခင်ကမှတည်လို့ပြီးစီးထားသည့်စေတီတော်ဆီသို့လာနေကြသည်။
ထိုသူတို့ကတော့ဦးထွန်းဖေ၊ဦးမင်းအောင်နှင့့်ဦးဇော်နိုင်တို့ပင်ဖြစ်သည် သူတို့၃ဦးသည်စေတီတော်တွင်ရွာသူရွာသားများစုပေါင်းကာဌာပနာထည့်ခဲ့ကြသောရွှေနှင့်ကျောက်မြတ်ရတနာများအားဌာပနာဖောက်ကာယူရန်လာကြခြင်းဖြစ်သည်။မကြာခင်စေတီတော်ဆီသို့သူတို့၃ဦးရောက်လာကြသည်။

” ကဲ လုပ်ငန်းစကြမယ် ဒီနေရာကိုဖြို ”

ဦးထွန်းဖေသည်ဘုရားတည်တုန်းကသူကိုယ်တိုင်တည်ပေးခဲ့သည့်အတွက်ဌာပနာဘယ်နေရာတွင်ထည့်ခဲ့သည်ဆိုတာသိသဖြင့့်ခက်ခက်ခဲခဲရှာစရာမလိုပေ။

” ဒုတ် ဒုတ် ဒုတ် ”

ဦးထွန်းဖေညွှန်ပြသည့်နေရာအတိုင်းဦးမင်းအောင်နှင့့်ဦးဇော်နိုင်တို့အမြန်တူးဖြိုလိုက်ကြသည်။တစ်အောက်မျှတူးဖြို ပြီးသည့်အခါဌာပနာထည့်ခဲ့သည့်ရွှေ၊ကျောက်မြတ်ရတနာများပေါ်ထွက်လာသဖြင့်၃ဦးစလုံးမျက်လုံးအရောင်လက်ကာ၀မ်းသာသွားကြသည်။

” ရွှေတွေအများကြီးပဲ ငါတို့တော့ထောပြီ ”

” အိတ်ထဲမြန်မြန်ကောက်ထည့် ပြီးရင်လစ်ကြမယ် ”

ထို့နောက်ရွေ၊ကျောက်မြတ်ရတနာများအားအိတ်ထဲအမြန်ကောက်ထည့့်လိုက်ပြီးထိုနေရာမှအမြန်ထွက်လာလိုက်ကြသည်။အားလုံး၏ရင်ထဲမှာတော့၀မ်းသာ၍မဆုံးပြုံးပျော်နေကြသည်။
မနက်ရောက်သောအခါထိုပစ္စည်းများကို၃ပုံအညီအမျှခွဲဝေယူလိုက်ကြသည်။
ဦးထွန်းဖေသည်သူဝေစုရသည့်ပစ္စည်းများကိုရောင်းချကာဦးကျော်စွာ၏အကြွေးကိုဆပ်လိုက်ပြီးကျန်ရှိသည့်ပိုက်ဆံတစ်ချို့ကိုဇနီးသည်အားပေးလိုက်သည်။
ဒေါ်နုနုဝါသည်ဦးထွန်းဖေပိုက်ဆံအများကြီးပေးသဖြင့့်အံ့အားသင့်သွားသည်။

” အခုတလောရှင်အလုပ်မရှိပါဘူးဒီလောက်ပိုက်ဆံအများကြီးဘယ်ကရလာတာလဲ ”

” ငါဖဲနိုင်လာတာ ”

လိုရင်းတိုရှင်းပဲဦးထွန်းဖေပြန်ဖြေလိုက်သည်။

” ဒါနဲ့ညကဘုရားဌာပနာအဖောက်ခံရတယ်တဲ့ ရှင်ကြားပြီးပြီလား ”

ဒေါ်နုနုဝါစကားကြောင့်ဦးထွန်းဖေမျက်နှာကွက်ခနဲ့ပျက်သွားပြီး

” မကြားပါဘူး ”

” ကျမလဲမနက်ကစျေးသွားရင်းကြားလာတာ တစ်ရွာလုံးကစုပေါင်းပြီးတည်ခဲ့ကြတဲ့စေတီတော်ကြီးအခုလိုဌာပနာအဖောက်ခံရတော့အားလုံးကစိတ်မကောင်းဖြစ်နေကြတာ လူတွေလူတွေမကြံကောင်းမစည်ရာဘုရားပစ္စည်းကိုမှပြစ်မှားကြရတယ်လို့ ဒီလူတွေဒုက္ခအကြီးကျယ်ရောက်တော့မှာကြည့်နေ”

ဒေါ်နုနုဝါ၏စကားအဆုံးမှာတော့ဦးထွန်ဖေတစ်ခုခုကိုစိုးရိမ်သွားသလိုစိတ်ထဲမတင်မကျဖြစ်လို့သွားသည်။

” ငါအပြင်ခဏသွားအုံးမယ် ”

စကားဖြတ်ကာဦးမင်းအောင်၊ဦးဇော်နိုင်တို့နှင့့်ချိန်းထားသောအရက်ဆိုင်သို့ထွက်လာလိုက်သည်။
ဆိုင်ရောက်သောအခါစိတ်ထဲတွင်စိုးရိမ်သလိုဖြစ်နေသမျှတို့ပြေပျောက်ရန်အရက်တစ်ခွက်ပြီးတစ်ခွက်ငှဲ့သောက်လိုက်သည်။
ဦးထွန်းဖေကိုကြည့်ပြီးဦးမင်းအောင်နှင့်ဦးဇော်နိုင်နားမလည်နိုင်ဖြစ်သွားသည်။

” ဒါကဘာဖြစ်နေတာလဲ ”

” စိတ်ထဲတစ်ခုခုစိုးရိမ်နေသလိုဖြစ်နေလို့ပါကွာ ”

” ဘာကိုစိုးရိမ်တာလဲ အခုငါတို့အခက်ခဲတွေပြေလည်သွားလို့ပျော်ရမဲ့အချိန်လေ ”

” ဟုတ်တယ်ကွ ပျော်ပျော်နေစမ်းပါ ”

” အေးပါကွာ ”

ထို့နောက်သူငယ်ချင်းတွေနှင့်အတူပျော်ပျော်ပါးပါးအရက်သောက်နေလိုက်သည်။

ဦးထွန်းဖေအခုတလောလက်ထဲငွေရွှင်နေသည်မို့ထုံးစံအတိုင်းဖဲဝိုင်းတွင်သူငယ်ချင်းတွေနှင့်အတူဖဲရိုက်နေလိုက်သည်။သည်နေ့တော့ဦးထွန်းဖေကံကောင်းသည့်နေ့ဟုပင်ဆိုရမည် ကစားသမျှနိုင်နေသည့့်အတွက်ပြုံးပျော်ရွှင်လို့နေလေသည်။
သည်လိုနှင့်ညနေရောက်လို့ဖဲဝိုင်းသိမ်းချိန်ရောက်သောအခါပြန်လာလိုက်ကြသည် လက်ထဲတွင်ဖဲနိုင်သည့်ပိုက်ဆံအများအပြားရှိနေသည်မို့ထုံးစံအတိုင်းသူငယ်ချင်းတွေနှင့့်အရက်ဆိုင်သွားအရက်အကောင်းစားနှင့့်အမြည်းများကိုမှာလိုက်ပြီးအောင်ပွဲခံနေကြသည်။အတော်ကြာသည်အထိမူးအောင်သောက်ပြီးသောအခါမှ(၃)ယောက်သားအိမ်သို့ပြန်လာလိုက်ကြသည်။
ဦးထွန်းဖေသည်အိမ်သို့ပြန်ရောက်သည်နှင့်ခေါင်းမတည်နိုင်တော့ပဲအိပ်ယာထဲသို့တစ်ချိုးတည်း၀င်ကာအိပ်လိုက်တော့သည်။

” ဂီးး….ဂီးး …ဂီးး ”

ခွေးတစ်ကောင်၏ကျယ်လောင်သောမာန်ဖီသံကြောင့်ဦးထွန်းဖေလန့်နိုးသွားပြီးမျက်လုံးဖွင့့်လိုက်သည်နှင့့်သူနှင့်မလှမ်းမကမ်းတွင်မျက်လုံးနီရဲနေပြီးကြက်သီးထဖွယ်ရာချွန်မြသောအစွယ်အဖွေးသားနှင့်သူ့အားစူးစိုက်ကြည့်ပြီးမာန်ဖီနေသောခါးစောင်းမျှရှိသည့်ခွေးနက်ကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။ရုတ်တရက်ကြီးဘယ်ကရောက်လာသည်မသိသောကြောက်စရာခွေးနက်ကြီးကိုမြင်လိုက်ရသဖြင့်ဦးထွန်းဖေလန့်သွားကာအိပ်ယာမှထထိုင်လိုက်သည်။

” ဟဲ့ခွေး…. ထွက်သွားစမ်း ”

ကြောက်လန့်တကြားဖြင့်ခွေးနက်ကြီးအားမောင်းထုတ်လိုက်သည် သို့သော်ခွေးနက်ကြီးမှာဒေါသပိုထွက်လာသည့်နှယ်မာန်ဖီသံပို၍ကျယ်လာတော့သည်။

” ဂီးး…. ဂီးး ….ဂီးး ”

ဦးထွန်းဖေဘာလုပ်ရမည်မသိပဲကြောက်လန့့်ကာချွေးပြန်လာတော့သည်။
ထိုစဉ်ခွေးနက်ကြီးသည်ဦးထွန်းဖေကိုခုန်အုပ်လိုက်ပြီးအညှိုးတကြီးဖြင့်ကိုက်တော့သည်။

” အားး… ကယ်ကြပါအုံး… အား ”

ဦးထွန်းဖေသည်နားလွန်း၍ငယ်သံပါအောင်အော်တော့သည်။
ဒေါ်နုနုဝါသည်ခင်ပွန်းဖြစ်သူဦးထွန်းဖေအိပ်နေရင်းဖြင့်ကျယ်လောင်စွာထအော်မှုကြောင့့်လန့်နိုးသွားသည်။ထိုအခါဦးထွန်းဖေသည်အိပ်ယာထဲတွင်လှိမ့်ကာအော်နေသည်ကိုတွေ့လိုက်ရသည်။

” ကိုထွန်းဖေ ရှင်ဘာဖြစ်နေတာလဲ ထအုံး ကိုထွန်းဖေ ”

ဒေါ်နုနုဝါလှုပ်နှိုးမှစောစောကသူ့အားအညိုးတကြီးကိုက်ခဲနေသောခွေးနက်ကြီးပျောက်ကွယ်သွားသည်။

” ခွေးနက်ကြီးငါ့ကိုကိုက်နေတာ ကယ်ပါအုံး ”

ဦးထွန်းဖေစကားကြောင့်ဒေါ်နုနုဝါကြောင်သွားပြီး

” ဘယ်ကခွေးနက်ကြီးလဲ ရှင်အိမ်မက်မက်နေတာဖြစ်မယ် ”

ထိုအခါမှသူ၏ခန္တာကိုယ်ကိုပြန်ကြည့့်မိရာဘာဒဏ်ရာမှမရှိသဖြင့်သူအိမ်မက်မက်နေမှန်းသိလိုက်ပြီးခုမှသာသက်ပြင်းချနိုင်တော့သည်။

” ငါအိမ်မက်ဆိုးမက်နေတာ အိမ်မက်ထဲမှာခွေးနက်ကြီးတစ်ကောင်ငါ့ကိုအညှိုး တကြီးနဲ့ကိုက်နေတယ် အရမ်းကြောက်ဖို့ကောင်းတယ် ”

” ရှင်ဘာတွေမဟုတ်တာလုပ်ထားလဲမှမသိတာ ပြီးတော့ဘုရားမသိဘာမသိဖဲရိုက်အရက်သောက်ပဲလုပ်နေတာလေ အဲ့ဒါကြောင့်မကောင်းတာတွေအိမ်မက်မှာပေါ့ ”

ခင်ပွန်းဖြစ်သူ၏အမူကျင့်ကိုမကြိုက်သောဒေါ်နုနုဝါသည်ယခုအခွင့်သင့်တုန်းပြင်ဆင်မိအောင်ပြောဆိုလိုက်သည်။
ထိုစဉ်ထိုင်နေရင်းနှင့်ဗိုက်ထဲတွင်ထိုးအောင့်လာပြီးရင်တစ်ခုလုံးလဲပူလောင်လာကာ ဦးထွန်းဖေနေမထိထိုင်မသာဖြစ်ပြီးမျက်နှာရှုံ့မဲ့လို့သွားသည်။

” ရှင်ဘာဖြစ်တာလဲ ”

” ဗိုက်ထဲမှာတအားကိုထို့အောင့်နေတယ် ရင်လဲတအားပူနေတယ်ဘာဖြစ်လဲမသိဘူး ”

” ရှင်ညနေကအရက်မူးရူးအောင်သောက်ပြီးထမင်းမစားပဲနေတာလေ ဗိုက်ထဲမှာအစာမရှိတော့ဖြစ်ပြီပေါ့ ”

မိန်းမသားပီပီဒေါ်နုနုဝါပွစီပွစီပြစ်တင်ပြောဆိုလိုက်သည်။ဦးထွန်းဖေမှာတော့ဘာကြောင့်မှန်းမသိပြင်းထန်းသောဝေဒနာကိုရုတ်တရက်ကြီးခံစားနေရသဖြင့်အိပ်ယာထဲတွင်လဲချကာလှိမ့်နေတော့သည်။ထိုအခါဒေါ်နုနုဝါလဲစိတ်ပူလို့သွားပြီးလိမ်းဆေးအမြန်သွားယူကာဗိုက်တစ်ခုလုံးအားလိမ်းပေးလိုက်သည်။

” အားး…. ရင်တအားပူနေတယ်ရေသောက်ချင်တယ် ”

ရေသောက်ချင်သည်ဆိုသဖြင့်ဒေါ်နုနုဝါရေအမြန်ပြေးခပ်ကာဦးထွန်းဖေအားတိုက်လိုက်သည်။

” ဒီအချိန်ကြီးမှဖြစ်တော့ဆေးခန်းသွားလို့လဲမရဘူး ဒုက္ခပါပဲရှင်အခုသက်သာရဲ့လား ”

” မသက်သာဘူး…. ဘာဖြစ်နေလဲမသိဘူး ဗိုက်လဲအောင့်တယ်ရင်လဲတအားပူနေတယ် ငါမခံနိုင်တော့ဘူး… ဝေါ့ ”

စကားအဆုံးဦးထွန်းဖေအန်ချလိုက်ရာသွေးတွေချည်းဖြစ်နေသောကြောင့်ဒေါ်နုနုဝါလန့်သွားတော့သည်။

” သွေးတွေအန်နေတယ် မဖြစ်ဘူး ကျမကိုသာဒင်ကိုသွားခေါ်အုံးမယ် ”

ပြောရင်းဓါတ်မီးယူကာကဗျာကယာဖြင့့်ဦးသာဒင်အားခေါ်ရန်ဒေါ်နုနုဝါထွက်သွားတော့သည်။ဦးသာဒင်သည်ရွာထဲရှိတောဆေးဆရာတစ်ဦးပင်ဖြစ်သည် ဗိုက်အောင့်၊ခေါင်းကိုက်၊ကိုယ်ပူလောက်ကတော့သူကု၍သက်သာပျောက်ကင်းကြသည်။
ဦးထွန်းဖေသည်အခြေနေပို၍ဆိုးလာခဲ့ပြီးသွေးများတဝေါ့ဝေါ့ထိုးအန်နေတော့သည် ကြာလာတော့တစ်ကိုယ်လုံးပျော့ခွေလာပြီးအားမရှိတော့ပေ ဗိုက်အောင့်သည့့်ဒဏ်ကိုလဲအလူးအလှိမ့်ခံစားနေရသည်။

” ဝေါ့ ”

နောက်ထပ်သွေးအများအပြားကိုအန်ချလိုက်ပြီးနောက်ဝေဒနာတွေကိုဆက်ပြီးခုခံနိုင်ဖို့အားအင်မရှိတော့ပဲဦးထွန်းဖေမျက်လုံးပြူ းကားငြိမ်သက်သွားတော့သည်။အသက်နှင့့်ခန္တာကွဲကွာသွားပြီဖြစ်သောကြောင့်ဦးထွန်းဖေ၏ဝိဥာဉ်သည်ထိုနေရာမှထလာပြီးသွေးအိုင်ထဲတွင်ရုတ်ပျက်ဆင်းပျက်သေဆုံးနေသောမိမိခန္တာကိုယ်အားကြည့်ပြီး၀မ်းနည်းသွားတော့သည်။

” ငါသေသွားပြီပေါ့ … ငါမသေချင်သေးဘူး မသေချင်သေးဘူး အီးဟီးး ကယ်ပါအုံး ”

ဦးထွန်းဖေ၀မ်းပန်းတနည်းငိုကြွေးလိုက်သည်။ထိုစဉ်သူ၏ပတ်ပတ်လည်တွင်အရှိန်အဟုန်ပြင်းသောမီးတောက်ကြီးတောက်လောင်လာသဖြင့်ထိန့်လန့့်သွားသည်။

” မီးလောင်နေပြီ ကယ်ပါအုံး..အား ပူတယ် အားး ”

မီးတောက်ကြီးသည်တစ်ဖြည်းဖြည်းပို၍အရှိန်ဟုန်ပြင်းလာပြီးဝိဥာဉ်ဖြစ်နေပြီဖြစ်သောဦးထွန်းဖေအားဝါးမြိုသွားတော့သည်။
ထိုစဉ်ဒေါ်နုနုဝါသည်ဦးသာဒင်နှင့်အတူပြန်ရောက်လာခဲ့ရာသွေးအိုင်ထဲတွင်ငြိမ်သက်နေသောခင်ပွန်းဖြစ်သူအားတွေ့လိုက်ရသဖြင့့်အလွန်ထိန့်လန့်သွားသည်။

” ဆရာလုပ်ပါအုံး ကိုထွန်းဖေသေပြီလားမသိဘူး ”

ဦးသာဒင်လဲဦးထွန်းဖေ၏သွေးခုန်နှုန်းကိုစမ်းကြည့့်လိုက်သောအခါလွန်ခဲ့သောမိနစ်အနည်းငယ်ကပင်သေဆုံးသွားပြီဖြစ်ကြောင်းသိလိုက်ရသည်။

” စိတ်မကောင်းပါဘူး ထွန်းဖေအသက်မရှိတော့ဘူး ”

” ရှင်… ကိုထွန်းဖေဆုံးပြီဟုတ်လား အီးဟီး.. ကျမဘယ်လိုယုံရမှာလဲ အီးဟီးးဟီးး ”

ထိုစဉ်

” ဆရာ ကျမယောက်ျားကိုကယ်ပါအုံး ”

” ကျမအိမ်လိုက်ခဲ့ပေးပါဆရာ ကျမယောက်ျားသွေးတွေအန်နေလို့ ”

ဦးဇော်နိုင်၏ဇနီးနှင့်ဦးမင်းအောင်၏ဇနီးသည်ပျာပျာသလဲဖြင့်ရုတ်တရက်ကြီးရောက်လာကြသည့်အတွက်ဦးသာဒင်အံ့ဩသွားသည်။

” ကိုထွန်းဖေအိမ်ဆရာရောက်နေတယ်ဆိုလို့လိုက်လာတာ ကျမယောက်ျားသွေးတွေအန်နေတာကယ်ပါအုံးဆရာ ”

” ဟုတ်တယ်ဆရာ ကျမယောက်ျားရောပဲကယ်ပါအုံး ”

” ဟေ ”

ဦးသာဒင်မယုံနိုင်လောက်အောင်ဖြစ်သွားသည် ဒေါ်နုနုဝါလဲမယုံနိုင်ဖြစ်သွားရသည်။တစ်ညတည်းမှာပင်သူငယ်ချင်း၃ယောက်စလုံးတစ်ထေရာတည်းတူသည့်ရောဂါထဖြစ်ခဲ့ကြသည်မဟုတ်လား။

” အေးအေး လိုက်ခဲ့မယ် ”

ဦးသာဒင်အမြန်လိုက်သွားလိုက်သည်။ သို့ပေမယ့်လည်းဦးဇော်နိုင်နှင့်ဦးမင်းအောင်တို့၏အသက်ကိုမမှီတော့ချေ သူတို့၂ယောက်လုံးဆုံးသွားခဲ့ချေပြီဖြစ်သည်။

ထူးဆန်းစွာတစ်ညတည်းတွင်သေဆုံးသွားကြသောဦးထွန်းဖေ၊ဦးဇော်နိုင်နှင့်ဦးမင်းအောင်တို့၏သတင်းကတစ်ရွာလုံးတွင်သာမကတစ်ခြားရွာတွေပါဟိုးလေးတကြော်ကြော်ဖြစ်လို့သွားသည်။
ဦးသန်းလွင်မှာတော့သူ၏သူငယ်ချင်းများအဖြစ်ဆိုးဖြင့်သေဆုံးသွားကြသဖြင့်စိတ်မကောင်းဖြစ်နေလေပြီးယခုလိုဘာကြောင့်အဖြစ်ဆိုးဖြင့်သေဆုံးခဲ့ရသည်ကိုလဲသဘောပေါက်လို့သွားခဲ့သည်။ထို့ကြောင့်သူသိထားသည့်ကိစ္စအားသူငယ်ချင်းဖြစ်သူ၏ဇနီးသည်တွေနှင့်တစ်ရွာလုံးကပါသိရှိနားလည်သွားအောင်ပြောပြလိုက်တော့သည် ထိုအခါမှာတော့အားလုံးကပါးစပ်အဟောင်းသားဖြစ်သွားရသည်။

” ကျနော်သူတို့ကိုတားခဲ့ပါသေးတယ် ဒါပေမယ့်သူတို့ကျနော့စကားကိုနားမထောင်ခဲ့ဘူး မလုပ်သင့်မလုပ်ထိုက်တာကိုလုပ်ခဲ့မိလို့သူတို့အခုလိုဖြစ်ခဲ့ကြတယ်လို့ထင်ပါတယ်ဗျာ ”

” ဪ… ကျွတ်ကျွတ်… တစ်ရွာလုံးကရေစက်ချပြီးလှူထားတဲ့ဘုရားပစ္စည်းကိုမှဖောက်ထွင်းခိုးယူပြီးရောင်းစားတော့သူတို့စားသမျှအဆိပ်ဖြစ်သွားတော့တာပေါ့ ငရဲမကြောက်တဲ့သူတွေအခုတော့သူတို့အပြစ်ကိုငရဲပြည်မှာပြန်ပြီးပေးဆပ်ရတော့မယ် တို့တွေကစိတ်မကောင်းဖြစ်ရုံမှလွဲပြီးဘာတတ်နိုင်တော့မှာလဲ ”

ရွာလူကြီးဦးမောင်မောင်မြင့်၏စကားအဆုံးမှာတော့စိတ်မကောင်းဖြစ်မှုနှင့့်အတူမကောင်းတာလုပ်လျှင်ကို့အနောက်လိုက်နေမည်ဖြစ်သောငရဲအား အားလုံးသောသူများကြောက်လန့်သွားကြတော့လေသည်။

ပြီးပါပြီ

(စာဖတ်သူအပေါင်းတို့ကိုကျေးဇူးတင်လျှက်)

Crd -နေဇင်မင်းသော်