ငါစွဲ(စ/ဆုံး)
———
“ကိုဆန်းတင့်…. တော်ဘာလုပ်နေတာလဲ။”
”ဟင်!! မိန်း..မိန်းမ။”
”တော်ကကျုပ်မရှိတုန်း… အိမ်မှာအရက်ခိုးသောက်နေတယ်ပေါ့လေ။”
”ငါ..ငါနည်းနည်းအာစွတ်ရုံပဲသောက်တာပါ မိန်းမရယ်။”
”တော်တိတ်… ရှင်တစ်ခွန်းမှဆက်မပြောနဲ့။ အရက်သောက်တုန်းကသောက်ပြီး… အခုမှအာစွတ်ရုံလာမပြောနဲ့…. အရက်သောက်တဲ့အတွက်..ရှင်ကြီးကိုထမင်းမကျွေးဘူး။”
”အေး..အေးပါကွာ။”
ကိုဆန်းတင့်ဆိုသူက အသက်အားဖြင့် ၄၀နားပင် ကပ်လုပြီ။ သူ၏အသက်ရွယ်ဖြင့် ငယ်ငယ်ချောချောလေး မြခင်ကိုယူထားသောကြောင့် မြခင်ကိုချစ်ကြောက်ကြောက်ရသည်။ မြခင်သည်လည်း ကိုဆန်းတင့်ကိုယူရသည်မှာ ကိုဆန်းတင့်၏ ပစ္စည်းဥစ္စာများကို မက်၍ယူခဲ့ခြင်းပင်။
အမှန်တကယ်ချစ်ကြိုက်၍ယူသည်မဟုတ်ချေ။ ဤအရာကိုလည်း ကိုဆန်းတင့်သိပေသည်။ သို့သော်လည်း သူသည် မြခင်ကိုအမှတ်တကယ်ချစ်မြတ်နိုးသည်ကြောင့် နားလည်ပေးခဲ့၏။
ကိုဆန်းတင့်သည် ပွဲစားအလုပ်လုပ်၍ မြခင်မှာထိုင်စားရုံလားဆိုတော့ မဟုတ်ချေ။ မြခင်သည် ကိုဆန်းတင့်ရှာသမျှ ပိုက်ဆံများနှင့် ငွေအတိုးချေးစားသည်။ မပြေလည်သော ရွာသူ၊ ရွာသားများကို သူ့ထံ၌ငွေချေးလို့ရကြောင်းပြော၏။
မြခင်မှာ အစောပိုင်း၌အတိုးတိုးနည်းနည်းသာယူသော်လည်း ငွေရတာလွယ်လာခြင်းကြောင့် လောဘဇောတက်လာကာ အတိုးကိုတင်လိုက်သည်။ ရွာသူ၊ ရွာသားများမှာလည်း မပြေလည်ကြသည်ကများခြင်းကြောင့် မြခင်အတိုးဘယ်လောက်တင်တင် လာချေးကြရ၏။
မြခင်သည် သူ၏ချေးငွေလုပ်ငန်းက အောင်မြင်လာသည့်အခါ လယ်ယာများအပေါင်ခံလာသည်။ ဤကဲ့သို့အပေါင်ခံရာ၌ အတိုးအဆမတန်ယူသောကြောင့် သူ့ထံလာပေါင်သော် လယ်ယာမြေသည် အဆုံးပင်သတ်မှတ်ကြ၏။
အရင်းထက်အတိုးက များနေ၍ ရွာသူရွာသားများဆုံးရှုံးသွားသော လယ်ယာမြေများက မြခင်ထံ၌မနည်းတော့ချေ။ ကိုဆန်းတင့်သည်လည်း အသက်ရွယ်ရလာသောကြောင့် ကျန်းမာရေးချို့တဲ့ကာ အိပ်မှာသာနေနိုင်တော့သည်။
ထို့ကြောင့် မြခင်မှာ ကိုဆန်းတင့်ကို နိုင်ပြီးရင်းနိုင်နေ၏။ မြခင်သည် ဤတစ်ရွာထဲ၌ ငွေတိုးချေးစားသည်လား ဆိုတော့မဟုတ်ချေ။ သူနေထိုင်သည့်လက်ပံခေါက်ရွာအပါဝင်၊ အနီးအနားရွာများ သစ်ကောက်စမ်း၊ ကြောင်ပျောက်ကျေးရွာ၊ ရှားပင်လှ ကျေးရွာတို့၌လည်း ငွေချေးပေး၏။
တစ်ခါတရံ နေဝင်မိုးချုပ်စအချိန်၌ ရွာထဲကလက်တိုလက်တောင်းခိုင်းသော် အေးကျော်ကိုပင် လှည်းကောက်ကာလိုက်ပို့ခိုင်းပြီး အတိုးသွားတောင်းတတ်ပေသည်။
ကိုဆန်းတင့်သည် အရက်သောက်မိခြင်းကြောင့် ထမင်းမစားရချေ။ ညဥ့်ဦးပိုင်းစအချိန်ကိုရောက်သောအခါ ဗိုက်ထဲမှတဂွီဂွီမြည်လာ၏။ သို့သော်လည်း မိန်းမကိုကြောက်ရသူပေမို့ ရေကိုသာသောက်နေရသည်။
ရေသောက်တာများ၍လားမပြောတတ်ချေ။ သန်းခေါင်ကိုအရောက်၌ ကိုဆန်းတင့် အပေါ့သွားချင်လာ၏။ သုံးတောင့်ထိုးဓာတ်မီးကိုယူကာ အိမ်အောက်ကိုဆင်းလာခဲ့သည်။ ဓာတ်မီးထိုး၍ အိမ်သာဆီကိုသွားနေချိန်၌ ညာဘက်ခြေမျက်စိဆီမှ ဆစ်ကနဲနာကျင်သွားပြီး ပူထူလာ၏။
ခန္ဓာတစ်ခုလုံးလည်း ပူထူသွားသည်။ အောက်သို့ဓာတ်မီးနှင့်ထိုးကြည့်လိုက်ချိန် အနောက်ဘက်ချုံဘုတ်များအတွင်းကို တိုးဝင်သွားသော် အကောင်ရှည်(မြွေ)ကိုတွေ့လိုက်ရသည်။
မျက်လုံးများပြာလာကာ အသက်ရှူကျပ်လာ၏။ ခန္ဓာကိုယ်တစ်ခုလုံးတဆတ်ဆတ်တုန်တက်သွားပြီး ခဏအကြာ၌ညိမ်သက်သွား၏။ ကိုဆန်းတင့်တစ်ယောက် မြွေဆိပ်တက်၍ ထိုနေရာမှာတင်သေဆုံးသွားခဲ့သည်။
မနက်အရုဏ်တက်ချိန်၌ မြခင်တစ်ယောက် အပေါ့သွားရန် အိမ်သာဆီကိုလျှောက်နေခိုက် မြေကြီးပေါ်ပက်လက်လှန် လဲကျနေသော်ကိုဆန်းတင့်ကိုတွေ့လိုက်ရသည်။
“ဟင်း…ဒီမသာကြီးမနေ့ညကထမင်းမစားရလို့… အရက်တွေနင်းကန်သောက်ပြီး….မြေကြီးပေါ်အိပ်နေတယ်နဲ့တူတယ်။ သေကိုမသေနိုင်ဘူး။”
မြခင်သည်ဤကဲ့သို့ ငြီးငြူလိုက်ကာ ကိုဆန်းတင့်ကိုလှုပ်နှိုးသည်။ သို့သော် မှိန်ပြပြအလင်းရောင်လေးကြောင့် ခန္ဓာကိုယ်တစ်ခုလုံးပြာနှမ်းနေတာကိုသတိထားမိသွား၏။
“ကိုဆန်းတင့်…ကိုဆန်းတင့်… အမယ်လေးလာကြပါဦး…အရပ်ကတို့ရေ….ဒီမှာကိုဆန်းတင့်ခေါ်လို့မရတော့ဘူး။”
မြခင်၏အော်သံကြောင့် ဘေးပတ်ဝန်းကျင်မှ လူအများရောက်လာကြသည်။
“မြခင်.. ဘာဖြစ်တာလဲ။”
”ဒီမှာလာကြည့်ပါအုံးအရီးသန်းရယ်… ကိုဆန်းတင့်ကခေါ်လို့မရတော့ဘူး။”
”ဟင်…ဟုတ်လား။”
”ဟာ…ခန္ဓာကိုယ်တစ်ခုလုံးလဲ ပြာနှမ်းလို့ပါ့လား။ ကြည့်ရတာ ဆန်းတင့်တော့… အကောင်ရှည်ကိုက်ခံနေရပြီနဲ့တူတယ်မြခင်။”
“ဟင်…လုပ်…လုပ်ကြပါဦးတော်။”
”အင်း…ခန္ဓာကိုယ်ကလဲအေးစက်နေပုံထောက်ရင်…ညဥ့်ဦးတုန်းက.. သေသွားပုံပဲ။ ကဲအစိမ်းသေဆိုတော့ ငါတို့အလောင်းမြေချဖို့စီစဥ်ကြဟေ့။”
”ကောင်းကောင်းတို့က… သူကြီးကိုသွားအသိပေးလိုက်ကြဦး။”
ဤသို့နှင့် အလောင်းကိုမြေချရန် မြခင်၏အိမ်၌ဆူညံသွားတော့၏။ မြခင်၏ဆွေမျိုးအချို့နှင့် ရွာသူ၊ ရွာသားများမှာလည်း ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်သွားသော်မြခင်ကို ဂရုဏာသက်မိကြသည်။
ကနားဖျင်း(ယာယီမိုးကာတဲလေး)ထိုးလိုက်ကြ၏။ မြခင်သည်တော့ ကိုဆန်းတင့်၏အလောင်းဘေး၌ တရှုံ့ရှုံငိုကြွေးကာ ကိုဆန်းတင့်ကောင်းခဲ့သည်များကို ပြောနေသည်။
ဤသို့နှင့် အားလုံးစီစဥ်ပြီး၍ ကိုဆန်းတင့်အလောင်းကို အခေါင်းအတွင်းကိုထည့်ကာ မြေမြှုပ်သဂြိုလ်ပေးခဲ့၏။ မြခင်၏အိမ်၌လည်း ဘက်ထရီမီးအလင်းရောင်လေးနှင့် ကာလသားများဖဲရိုက်နေကြသည်။
မြခင်ကိုလည်းဆွေမျိုးနီးစပ်တော်သူများက ဝိုင်းဝန်းနှစ်သိမ့်ပေးကြ၏။ ဤသို့နှင့် ကာလသားများဖဲရိုက်နေခိုက် အိမ်အနောက်ဖွေးဆီကနေ အသံတစ်သံကြားမိကြသည်။ အချိန်အားဖြင့် ၈နာရီနောက်ပိုင်းတွင်ရှိသေး၏။
“ဟေ့ရောင်…မင်း..မင်းတို့ကြားလား။”
”ဘာလဲဟ… ကျီးကန်းရ။ အလန့်တကြားနဲ့။”
”အသံလေကွာ…အိမ်အနောက်ဘက်မှာအသံကြားတယ်။”
”ဟာ…ကြောက်တက်ရန်ကောကျီးကန်းရာ။ တစ်ယောက်ယောက်အပေါ့သွားတာနေမှာပါ။”
”မဟုတ်ဘူးနော်။ ငါတို့ပဲအိမ်အောက်မှာရှိတာလေ။ မြခင်နဲ့တခြားလူတွေကအိမ်ပေါ်မှာ… တစ်ယောက်မှဆင်းလာတာမတွေ့ဘူး။ အိမ်နောက်ဘက်မှာတစ်ယောက်ယောက်ရှိနေတယ်။”
”ကျစ်…. ကျီးကန်းမင်းကြောက်ရင်လဲပြန်ကွာ။ ဖဲကစားရတာအာရုံနောက်တယ်။”
ကျီးကန်းသည် အရမ်းကြောက်တတ်၏။ ငယ်စဥ်ကတည်းက အိမ်မြှောင်လိုအကောင်ငယ်များကိုပင်ကြောက်သည်။ မမြင်ရသည့်နာနာဘာဝဆိုကပြော၍ပင်မလိုတော့ချေ။ တစ်ယောက်တည်းပြန်ရမည်ကို တွေးမိသောကြောင့် ကျီးကန်းမှာကြောက်သော်လည်း မပြန်ရဲချေ။
ဤသို့နှင့် အချိန်ဟာတစတစကုန်ဆုံးလာခဲ့တော့သည်။ သန်းခေါင်ကိုအရောက်၌ ရွာရှိခွေးလေခွေးလွင့်များသည် အသုဘအိမ်အနောက်ဘက်ကိုကြည့်ကာ ဆွဲငင်အူလိုက်ကြ၏။
“အုဝူးးး…ဝုးး”
ထိုအချိန်၌ ကျီးကန်းသည် ဗိုက်တရစ်ရစ်နာလာသည်။ အသုဘအိမ်မှချပေးသော ဂျင်းသုပ်လက်ဖက်သုပ်များအစွမ်းက ယခုမှအစွမ်းပြလေ၏။ ကျီးကန်းသည် လုံးဝမနေနိုင်တော့ချေ။ အနီးရှိသူငယ်ချင်း ကျော်ဝင်းထွန်းကိုလက်တို့လိုက်သည်။
“သူငယ်ချင်း..ကျော်ဝင်းထွန်း။”
”ဘာတုန်းဟ…ကျီးကန်းရ။”
”ငါ..ရေအိမ်လေးသွားချင်လို့…လိုက်ပို့ပါ့လားကွာ။”
”မင်းဟာမင်းသွားပါ့လား။”
”သူငယ်ချင်းကလဲ…မင်းလဲဖဲရိုက်နေတာမဟုတ်ပဲနဲ့ကွာ..လိုက်ပို့ပါကွာနော်….ငါသရဲကြောက်လို့ပါ။”
”ကျစ်…အေးကွာ…လာလာသွားမယ်။”
ကျီးကန်းသည် ကျော်ဝင်းထွန်းကိုခေါ်ကာ ရေအိမ်ဘက်ကိုလျှောက်လာခဲ့သည်။
“ငါခဏပဲတက်မှာနော်…ကျော်ဝင်းထွန်း…မင်းဘယ်မှမသွားနဲ့နော်။”
”အေးပါကျီးကန်းရာ…မင်းသာမြန်မြန်လုပ်…ငါဘယ်မှမသွားဘူး။ အလကားနေကြောက်နေတာ။”
ကျီးကန်းသည်အိမ်သာတက်နေခိုက် ကျော်ဝင်းထွန်းထားသွားမည်စိုးကာ မကြာခဏအော်ခေါ်သည်။
”ကျော်ဝင်းထွန်း။”.
”ဘာလဲကျီးကန်းရ.။”
”အေး..ဟို..ဘာမှမဟုတ်ပါဘူး။”
”ကျစ်..ဒီကောင်ကတော့ကွာ။”
&***&
“ကျော်ဝင်းထွန်း။”
. ”ဟာ…ဒီကျီးကန်းမသား…မင်းအဘမှတ်နေလို့တောက်လျှောက်ခေါ်နေတာလားဟ။”
”မင်းထွက်သွားမှာစိုးလို့ပါကွာ။”
”မသွားဘူး။ မင်းသာမြန်လုပ်လုပ်။”
ကျော်ဝင်းထွန်းစိတ်ထဲ၌ ကျီးကန်းကိုကြောက်နေပုံကိုကြည့်ပြီး ရယ်ချင်လာသည်။ အနည်းငယ်တော့စလိုက်ဦးမည်ဆိုကာ ရေအိမ်ဘက်လှည့်လိုက်ချိန်၌ ဘွားကနဲပေါ်လာသော မျက်နှာကြီးတစ်ခု။
မျက်တွင်းဟောက်ပက်နှင့် ပြာနှမ်းနေသော်မျက်နှာကြီး။ ကျော်ဝင်းထွန်းကြောက်လွန်း၍ အသားတွေတဆတ်ဆန်တုန်လာကာ အသံကထွက်မလာခဲ့ချေ။ အားမရှိတော့သည့်လူတစ်ယောက်ပမာ ပြေးရမည့်ခြေလှမ်းများက လေးလံနေ၏။
ကျော်ဝင်းထွန်းသည် အိမ်အောက်ကဖဲဝိုင်းဆီကိုအတင်းသွားသည်။ နောက်ကိုပြန်လှည့်ကြည့်ချိန်တွင် ရေအိမ်အရှေ့၌ တစ်ကိုယ်လုံးပြာနှမ်းနေပြီး မျက်တွင်းဟောက်ပက်နှင့် ကိုဆန်းတင့်သရဲကြီးကမားမားကြီးရပ်နေ၏။
အရှေ့ကိုပြန်လှည့်ကာ ငိုချင်လာသည်။ ဖဲဝိုင်းဘေးကိုထိုင်ချလိုက်သောအခါ ကျော်ဝင်းထွန်း၏ပုံစံကိုကြည့်ကာ ဘာဖြစ်တာလဲဟုမေးကြသည်။
“ဟေ့ရောင်..ကျော်ဝင်းထွန်း။ မင်းပုံစံကဘာဖြစ်လာတာလဲ။”
ကျော်ဝင်းထွန်းမှာ စကားပြန်ပြောသော်လည်း အသံကလည်ချောင်းဝမှာတင် ဆို့နေ၏။ နှုတ်ခမ်းပင်အနည်းငယ်မျှလှုပ်သည်။
“ဟာ…ဘာတွေပြောနေတာလဲ။”
”ဪ… မင်းကိုမေးနေတာသကောင့်သားလေးရဲ့။”
”ဖောင်း!”
”သရဲ!!”
အသက်နည်းနည်းကြီးသည့် လူတစ်ဦးက ကျော်ဝင်းထွန်းဇာတ်ပိုးကိုရိုက်ချလိုက်သည့်အခါ၌ ကျော်ဝင်းထွန်းပါးစပ်ကနေသရဲဆိုသည့်အသံထွက်လာ၏။ အနီးရှိလူများကြောက်လန့်သွားကာ အချင်းချင်းစုကပ်ထိုင်လိုက်ကြသည်။
“သ..ရဲ.ဟုတ်လား။ ဘယ်မှာတွေ့ခဲ့တာလဲ။”
”ရေ..ရေအိမ်ရှေ့…ရှေ့မှာ။ ကို..ဆန်းတင့်သရဲကြီး။”
“မြခင်….မြခင်။”
”ဟာ..ဘာ…..ဘာသံကြီးလဲ။”
ဝမ်းခေါင်းအသံကြီးနှင့် ကြက်သီးထဖွယ်စရာ အသံကြီးကိုကြားလိုက်ကြရ၏။ အိမ်အပေါ်ထပ်ကလူများသည်လည်း ထိုအသံကြီးကြောင့် အိမ်အောက်ကိုပြေးဆင်းလာကြသည်။
“ဟဲ့..သောင်းတင်တို့..အဲဒါဘာသံကြီးလဲ။”
”မသိဘူး။ အိမ်အနောက်ဘက်ကကြားရတာ။”
”ကြောက်စရာကြီးအသံကြီးက။ ကိုဆန်းတင့်ကြီးလားမသိဘူး။”
”မြခင်……..မြခင်….”
”အမယ်လေးကယ်တော်မူကြပါဗျို့။”
”ဟာ…ဒါကျီးကန်းအသံပဲ။”
ကျီးကန်းသည် ရေအိမ်ကနေ အိမ်အောက်ပြေးလာကာ လူအုပ်ကြီးထဲအတင်းတိုင်းနေ၏။
“ကျီးကန်း..ကျီးကန်းမင်းဘာဖြစ်လို့လဲ။”
”ကို ..ကိုဆန်းတင့်ကြီး…ကျုပ်…တွေ့..တွေ့ခဲ့တယ်။ ရေအိမ်အရှေ့ကနေ….အိမ်ဘက်ကိုလှည့်ပြီး…မမြခင်ကိုခေါ်နေတာ။”
”ဟင်…..မင်းတကယ်ပြောတာလား။”
”ကျီးကန်းပြောတာဟုတ်တယ်ကိုကြီးသောင်းတင်။ ကျုပ်..ကျုပ်လည်းတွေ့ခဲ့တယ်။”
”ငါသွားကြည့်မယ်ကွာ။ မယုံဘူး။ မင်းတို့ထဲကဘယ်သူလိုက်ဦးမလဲ။”
”ဟင့်အင်းမလိုက်ဘူး။ ကျုပ်တို့ကြောက်တယ်။”
”ငါတစ်ယောက်တည်းသွားကြည့်မယ်ကွာဒါဆို။”
သောင်းတင်သည် အိမ်အောက်ကနေ ထွက်လာကာရေအိမ်ဘက်ကိုကြည့်လိုက်ချိန်၌ မည်သည့်အရာမှမရှိချေ။ ကျီးကန်းတို့မူးနေတာလားဟုလို့ပြောရအောင်လည်း သူတို့ကမသောက်တတ်ကြ။
သောင်းတင်သည် ရေအိမ်အနားကိုအရဲစွန့်ကာ သွားကြည့်လိုက်ချိန်၌ အေးစက်စက်လက်ကြီးတစ်ဖက်က သူပခုံးကိုလာကိုင်သည်။
”အမယ်လေး…ဟာ….ကို…ကိုဆန်းတင့်။”
”မြခင်ကို..ခေါ်ပေး။…မြခင်ကိုခေါ်ပေး။”
”ကျုပ်…..ကျုပ်…..ခေါ်.,….ခေါ်….ပေးမယ်နော်။ မြ…ခင်…..မြ….ခင်။”
လူအုပ်ထဲတွင် ထိုင်နေသောမြခင်သည် ကိုသောင်းတင်ခေါ်သံကိုကြားလိုက်ရသည်။ သို့သော်လည်းသူမထွက်ရဲချေ။ ယောက်ျားကယောက်ျားဖြစ်သော်လည်း သရဲကိုတော့သူကြောက်မိသည်။
“မမြခင်ကိုခေါ်နေတာလေ….မမြခင်သွားလေ။”
”နင်သွားပါ့လား…မသာရဲ့…..ဟိုကငါ့ကိုသူနဲ့လိုက်ဖို့ခေါ်နေရင်ဘယ်လိုလုပ်မလဲ။”
ကျီးကန်းပြောသည်ကို မြခင်မှပြန်လာချေပလိုက်ခြင်းဖြစ်၏။ သောင်းတင်သည်တော့ ကိုဆန်းတင့်သရဲကြီးမှ မလွှတ်သေးသောကြောင့် ကြောက်လွန်း၍ဇောချွေးပင်ပြန်လာသည်။ မြခင်သည်လည်းထွက်မလာချေ။
ဤအချိန်၌ အိမ်ရှေ့အပေါက်ဝကို သောင်းတင်ကြည့်လိုက်ချိန် သူကြီးနှင့်အတူဆရာတော်ကြီးပါလာသောအခါ အားတက်သွားသည်။ ကိုဆန်းတင့်လက်ကြီးကို ရိုက်ချလိုက်ပြီး ဆရာတော်ကြီးထံပြေးသွား၏။
“အရှင်ဘုရား..ဟို..ဟိုမှာ…ကိုဆန်းတင့်သရဲကြီးဘုရား။”
ဆရာတော်ကြီးသည် သောင်းတင်လက်ညိုးထိုးသော်နေရာကိုကြည့်လိုက်သောအခါ ခန္ဓာကိုယ်တစ်ခုလုံးပြာနှမ်းပြီး မျက်တွင်းဟောက်ပက်နှင့် သနားစရာအပယ်ဘုံဘဝရောက်နေသော် ကိုဆန်းတင့်အား ဂရုဏာသက်မိပေ၏။
“ဒါယကာကြီး … ဘာလို့လူတွေကိုခြောက်လန့်နေရတာလဲ။ ဒါယကာကြီးနဲ့ လူတွေနဲ့မအပ်စပ်ပါဘူးကွယ်။”
”တပည့်တော်ခြောက်လန့်တာမဟုတ်ပါဘူးဘုရား။ တပည့်တော်သေကာနီးမှာ တပည့်တော်မိန်းမကို လောကကြီးထဲတစ်ယောက်တည်းထားရမှာ တွေးပူမိပြီး စွဲလန်းသွားပါတယ်အရှင်ဘုရား။ ဒါကြောင့် တပည့်တော်က မိန်းမကိုစွဲလန်းတဲ့စိတ်နဲ့ အပယ်ဘုံသားဘဝကို ရောက်ရှိသွားတာပါဘုရား။”
”အင်း…ဒါယကာကြီးအဖြစ်ကို…ကိုယ်တော်ဂရုဏာသက်မိပါတယ်ကွယ်။ ဒါယကာကြီးသောင်းတင် မြခင်ကိုခေါ်လိုက်ပါအုံး”
”တင်ပါ့ဘုရား။”
သောင်းတင်သည် အိမ်အတွင်းကိုဝင်သွားကာ မြခင်ကိုအကျိုးကြောင်းပြောပြလိုက်၏။ မြခင်သည်လည်း သူ့ယောက်ျားအဖြစ်ကိုသိ၍ သနားမိသွားသည်။ အိမ်အပြင်ကိုထွက်လာကာ ဆရာတော်ကြီးကိုတွေ့သည်နှင့် လက်အုပ်ကလေးချီလိုက်၏။
”ဒါယကာမလေး။ ဒါယကာမလေးခင်ပွန်းက ဒါယကာမလေးကိုစွဲလန်းတဲ့စိတ်ကြောင့် အပယ်ဘုံသားဘဝကိုရောက်နေရရှာတယ်။ ဒါယကာမလေးအနေနဲ့ သူ့ကို ဖြောင့်ဖြလိုက်ပါအုံး။”
”တင်ပါ့ဘုရား။ ကိုဆန်းတင့် တော်ဒီလိုဘဝမျိုးဖြစ်နေတာတော့ ကျုပ်လုံးဝစိတ်မကောင်းပါဘူးတော်။ တော်နောက်ဆံမတင်းပဲ.. ဘဝတစ်ပါးကိုကောင်းကောင်းမွန်မွန်ကူးပါတော်။”
”အေးပါမြခင်ရယ်…ငါကသေကာနီးမင်းကိုစွဲလန်းသွားတာကြောင့်….မင်းကိုယ်တိုင်ငါ့ကိုအမျှဝေပေးပါနော်။”
”ကောင်းပါပြီတော်…ကျုပ်အမျှဝေပေးပါ့မယ်။”
မြခင်ဤသို့ပြောလိုက်သည်နှင့် ကိုဆန်းတင့်သရဲကြီးက ပြုံးပြကာပျောက်သွား၏။ ဆရာတော်ကြီးသည်လည်း မြခင်ကိုတရားချရပြန်သည်။
“ဒါယကာမလေး…..ဒါယကာမလေးအကြောင်းတွေကို ကိုယ်တော်ကြားမိတယ်။ အခုဒါယကာမလေးငွေအတိုးချေးစားတဲ့အလုပ်က လုပ်တတ်ရင်ကုသိုလ်ရပါတယ်။ အခုတော့ဒါယကာမလေးက အမြတ်ကြီးစားဂုတ်သွေးစုပ်ပြီး ချစ်တီးထက်တောင် ဆိုးနေပါ့လားကွယ်။
ငါစွဲတော်တော်ကြီးလွန်းတယ်။ ယောက်ျားဖြစ်သူအသက်ရှင်စဥ်အခါတုန်းကလဲ ရိုသေလေးစားခြင်းမရှိပဲ အယုတ္တအနတ္တတွေနဲ့ဆဲဆိုနေတယ်ဆို။ ယောက်ျားဖြစ်သူဆိုတာကလည်း ခင်ပွန်းကြီးဆယ်ပါးထဲမှာပါတယ်ကွဲ့။ ဒါယကာမလေးအနေနဲ့ အကုသိုလ်တွေအရမ်းများနေပြီ။
လူ့ဘဝဆိုတာတိုတောင်းပါတယ်ကွယ်။ ငါဆိုတဲ့အတ္တ၊ ငါဥစ္စာ၊ ငါ့ပစ္စည်း၊ ငါ့လင်၊ ငါ့မယား၊ ငါ့သားသမီး၊ ငါ့အိမ်ဆိုပြီး ဘာဖြစ်လို့ငါစွဲကပ်နေရတာတုန်း။ ဒါယကာမလေးကို ကိုယ်တော်တစ်ခုမေးမယ်။ အခုသေဆုံးသွားတဲ့ဒါယကာကြီး ဆန်းတင့်နောက်ကို ဘာများပါသွားတုန်း။”
”ဘာမှမပါသွားပါဘူးဘုရား။”
”အဲဒါပဲလေဒါယကာမလေးရဲ့။ သေရင်ကိုယ့်နောက် မပါမယ့်အတူတူ ဘာလို့ ငါစွဲတွေကြီးနေရတာတုန်း။ ဖိနပ်နဲ့ထီးမပါနွေအခါမှသိ၊ ဒါနနဲ့သီလမပါရင်သေခါမှသိတဲ့။ ဒါယကာမလေး ဒါနနဲ့သီလကို မသေခင်အချိန်လေးမှာများများလုပ်ပါကွယ်။ အကုသိုလ်အဟုန်မီးကြောင့် သံသယာတလျှောက်လုံး မလောင်ကျွမ်းကျင်စမ်းပါနဲ့။”
”တင်ပါ့ဘုရား…တပည့်တော်မနားလည်သဘောပေါက်ပါပြီဘုရား။ နောင်တလဲရမိပါတယ်။ တပည့်တော်မ မတရားသိမ်းယူထားတဲ့လယ်တွေကိုပြန်ပေးလိုက်ပါ့မယ်ဘုရား။ ငွေချေးထားတဲ့လူတွေကိုလဲ တပည့်တော်မလှူတယ်သဘောထားပြီး ပြန်မဆပ်ခိုင်းတော့ပါဘူးဘုရား။”
”အိမ်း…သာဓု…သာဓု…သာဓု..”
ဆရာတော်ကြီးဟာ သာဓုသုံးကြိမ်ခေါ်ဆိုပြီးသည်နှင့် ပြန်ကြွသွားခဲ့သည်။ ဆရာတော်ကြီးနှင့်သူကြီးရောက်လာခဲ့သည်မှာ ဘေးအိမ်မှအကြောင်းကြားခြင်းဖြစ်ကြောင်း နောက်မှသိခဲ့ရ၏။
ထို့နောက်တွင်တော့ မမြခင်ကိုယ်တိုင် ကိုဆန်းတင့်ကိုခေါ်၍ အမျှတန်းပေးဝေခဲ့သည်။ ကိုဆန်းတင့်သည်လည်း ကျွတ်လွတ်သွားသည်ထင်၏။ နောက်ရင်များတွင် ခြောက်လန့်ခြင်းမရှိတော့ချေ။
မမြခင်သည်လည်း သံဝေဂတရားရကာ သူပိုင်သည့်ပစ္စည်းဥစ္စာများ မရှိဆင်းရဲသားများကို လှူဒါန်းကာ သီလရှင်ကျောင်းလေးတစ်ခု၌ သီလရှင်ဝတ်သွားခဲ့သည်။
စာဖတ်သူအပေါင်းတို့လည်း သံဝေဂတရားရကာ သေရင်ကိုယ့်နောက်မပါမဲ့အရာများကို စွဲလန်းခြင်းမှကင်းဝေး၍ ဒါနနဲ့သီလကိုပြုလုပ်နိုင်ကြပါစေ။
~~~~
ပြီးပါပြီ။
ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်အား အခြေခံရေးသားထားပါသည်။ အရေးသားညံ့ဖျင်းမှုအတွက် စာဖတ်သူအပေါင်းအား ကျွန်တော်မိုးထွန်းမှ တောင်းပန်အပ်ပါ၏။
(ဆက်လက်ကြိုးစားပါဦးမည်။)
စာရေးသူ စာဖတ်သူများအား
အစဥ်ထာဝရ ချစ်ခင်လေးစားလျက်
မိုးထွန်း(မကွေး)