စည်းအပြင်ကလူ(စ/ဆုံး)
———————-
ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် တောလမ်း ကလေး အတိုင်း ဆိုင်ကယ်ကို မနှေးမမြန် စီးလာ ကြသည်။ တကယ်တမ်း ကတော့ ခပ်မြန်မြန်လေး စီးချင်တာ။
ဒါမှ ကျွန်တော်တို့ ခရီး ဦးတည်ရာ ညောင်ပင်သာ ရွာကို ထမင်းစား အမီ ရောက်မှာ ဖြစ်သည်။ ဒါပေမဲ့ သိတဲ့ အတိုင်း ရွာချင်း ဆက်လမ်းတွေ၊ မြို့နှင့် ရွာဆက်သည့် လမ်းတွေက ကတ္တရာ လမ်းရယ်လို့ သိပ်မရှိ။ မြို့အထွက် တစ်မိုင် နှစ်မိုင်ဆိုလျှင် လမ်း ကောင်းက ကုန်ဆုံးပြီ။ မြေလမ်း အနည်းငယ် ကောင်းလျှင် ဂဝံလမ်း၊ အနည်းငယ် ဆိုးလျှင် လှည်း လမ်းကြမ်း၊ ဒီထက် ပိုဆိုးလျှင် ဗွက်လမ်း၊ ဒါတွေပဲ တွေ့နေရသည်။ ကတ္တရာလမ်း၊ ကွန်ကရစ် လမ်းများ အိပ်မက်ပင် မက်၍မရ။ ယခုလည်း ကျွန်တော်တို့ အခြေချရာ တောင်ပေါ်မြို့ ကလေးမှ ထွက်လာတာ ဘာမှ မကြာသေး။
လမ်းကြမ်းတွင် ဆိုင်ကယ်ကို ကဆုန်ပေါက် စိုင်းနေရသည်။ လက်ကိုင်ကို သတိထား၍ ထိန်းရင်း မြို့ထဲမှ ရတနာဆိုင် ပိုင်ရှင် တစ်ယောက် စကားကို ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် တောလမ်း ကလေး အတိုင်း ဆိုင်ကယ်ကို မနှေးမမြန် စီးလာကြသည်။ တကယ်တမ်း ကတော့ ခပ်မြန်မြန်လေး စီးချင်တာ။ ဒါမှ ကျွန်တော် တို့ခရီး ဦးတည်ရာ ညောင်ပင်သာရွာကို ထမင်းစား အမီ ရောက်မှာ ဖြစ်သည်။ ဒါပေမဲ့ သိတဲ့ အတိုင်း ရွာချင်းဆက် လမ်းတွေ၊ မြို့နှင့် ရွာဆက်သည့် လမ်းတွေက ကတ္တရာ လမ်းရယ်လို့ သိပ်မရှိ။ မြို့အထွက် တစ်မိုင် နှစ်မိုင်ဆိုလျှင် လမ်းကောင်းက ကုန်ဆုံးပြီ။
မြေလမ်း အနည်းငယ် ကောင်းလျှင် ဂဝံလမ်း၊ အနည်းငယ် ဆိုးလျှင် လှည်းလမ်းကြမ်း၊ ဒီထက် ပိုဆိုးလျှင် ဗွက်လမ်း၊ ဒါတွေပဲ တွေ့နေ ရသည်။ ကတ္တရာလမ်း၊ ကွန်ကရစ် လမ်းများ အိပ်မက်ပင် မက်၍မရ။ ယခုလည်း ကျွန်တော်တို့ အခြေချရာ တောင်ပေါ် မြို့ကလေးမှ ထွက်လာတာ ဘာမှမကြာသေး။ လမ်းကြမ်းတွင် ဆိုင်ကယ် ကို ကဆုန်ပေါက် စိုင်းနေရသည်။ လက်ကိုင်ကို သတိထား၍ ထိန်းရင်း မြို့ထဲမှ ရတနာဆိုင် ပိုင်ရှင်တစ်ယောက် စကားကို မကြားချင်ဘဲ ကြားယောင် နေမိ ပြန်သည်။
“ဆရာတို့ ဗေဒင် ဆရာတွေ ဆိုင်နဲ့၊ ကနားနဲ့၊ အခန်း နဲ့၊ တိုကင်ပေးတဲ့ စာရေးမနဲ့၊ တခမ်းတနား မြို့ကြီးမှာ စမတ်ကျကျ ဖွင့်ကြပါလား။ အဲဒါမှ လူ အထင်ကြီးတာ ဆရာရဲ့။ ဟောခ ပြောခလည်း သောင်းချီ သိန်းချီ တောင်းလို့ ရတာပေါ့။ ရိုက်ယူရတာ လေ။ ဒီလို မန္တလေး ကနေ နယ်တွေကို ဆင်း၊ ဆိုင်ကယ် ကလေးနဲ့ လျှောက်သွား ဗေဒင်ဟော ပါတယ်။ မေးကြဦး မလား ခင်ဗျာဆိုတော့ အောက်တာပေါ့ ဆရာရယ်။ နောက်ပြီး လောကကြီးက အလိမ် အညာတွေ ပြည့်လို့ ဆိုတော့ စဉ်းစား နိုင်မှ တော် ကာကျတယ်လေ”
ကျွန်တော်နှင့် စိုးပိုင် တစ် ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြပြီး လိုက်ပို့သည့် မြို့ခံ သူငယ်ချင်းက တဟဲဟဲ ရယ်ရင်း-
“ကုမ္ပဏီတွေ လိုပေါ့ ခင်ဗျာ၊ ဦးကြီးရယ် ဆိုင်မှာ ထိုင်ရောင်းရင် ၀ယ်တဲ့သူ မလာလို့ Door to Door စနစ် နဲ့နယ်လှည့် ရောင်းကြရတယ် မဟုတ်လား။ သူတို့လည်း ဒီစနစ် အတိုင်းပေါ့။ အခု ခေတ်က မျက်နှာစာ တိုင်းမှာ ယှဉ်ပြိုင်မှုတွေ အများကြီးလေ”
ကျွန်တော်က၀င်ပြီး-
“မေးကြည့်ပါ ဦးကြီး၊ ကျွန်တော် တို့က မန္တလေးက ပုဏ္ဏား ဗေဒင်ဆရာ တွေပါ။ ရှေးတုန်း ကတည်းက ဘုရင့် ပုရောဟိတ် တွေရဲ့ မြေးမြစ် အမျိုးအနွယ် တွေပါ၊ ဦးကြီး မေးမြန်းကြည့်ရင် သိပါလိမ့် မယ်ခင်ဗျာ”
ဟု ယဉ်ယဉ် ကျေးကျေး ရှင်းပြလိုက် ရသည်။ ဆိုင်ရှင် အဘိုးကြီးက ပြုံးတုံးတုံးလုပ် နေရင်း-
“ကဲ ကဲ မေးရတာပေါ့ ကွာ အပျင်းပြေပေါ့”
ဟု ပြောလိုက်သည်။ သူ့စကားကို စိတ်ဆိုး ချိန်မရ ဘဲ သူငယ်ချင်းက မွေးနေ့ မွေးရက်မေးပြီး မှတ်စုစာ အုပ်ထဲတွင် ခွင်ချ တွက်ချက်နေ သည်ကို ကျွန်တော် စောင့် ကြည့်နေမိသည်။
သိပ်မကြည့် လိုက်ရပါ။ ဇာတာခွင်တွင် ထင်း ထင်းကြီး ပေါ်နေသည့် မူလ အင်္ဂါက အရပ်အတည် မကောင်း ရသည့်အထဲ ကောဇာ အင်္ဂါ နှင့်ရာဟုက မြင်နေ ပြန်သည်။ သူငယ်ချင်း အပြောကိုပင် မစောင့်တော့ဘဲ ကျွန်တော်က-
“ဦးကြီး မီးလောင် ပြီးပြီ လား ခင်ဗျ”
သူ ဟင်ခနဲ ဖြစ်သွားသည်။
“သြော် ဒီလိုပါ မီး လောင်ကိန်း မြင်တယ်။ ဝိုင် ယာရှော့ဖြစ်တတ်တယ်။ ဖြစ် ပြီးရင်ပြီးပြီ။ မဖြစ် သေးရင် သတိထားပါ”
“ဖြစ်ပြီးပြီဟေ့ ဖြစ်ပြီး ပြီ။ ထရန်စဖော်မာ အတင်း တင်ပြီး ပေါင်းအိုးတွေ၊ မီးဖို တွေ တအားဆွဲတာ ရှော့ဖြစ် ပြီး မီးခိုးတွေကို လုံးနေတာ ပဲ။ ဒုက္ခတွေကို ရောက်လို့။ မှန်လိုက်တဲ့ ဗေဒင်ဆရာပါ လား၊ ဘယ်က လာကြတာ လဲ မန္တလေး ကလား”
ဒီစကားတွေကို အော် ကြီး ဟစ်ကျယ် ပြောရင်း အခန်း ထဲကို ၀င်လာသည့် သူက ဆိုင်ရှင်ကတော် ဖြစ်ပုံရပါ သည်။ ဖြူဖြူ၀၀ ခန့်ခန့် ရွှေ ဆွဲကြိုး အတုတ်ကြီး ဆွဲထား သည့်ဆံပင်အုံ ကောင်းကောင်း ဘီးကျော် ပတ်ကြီးနှင့် အဒေါ် ကြီးက ဦးကြီးထက် သဘော ကောင်းပုံရပြီး ဘွင်းဘွင်းရှင်း ရှင်း ဟောဟော ဒိုင်းဒိုင်းကြီး ဖြစ်လေသည်။ ကျွန်တော်တို့ ဆက်ဟောသမျှ အချက် အလက်တွေကို အေး၊ ဟုတ် တယ်၊ မှန်လိုက်တာ ဆရာ ရယ်၊ ဟာ ဒိုင်းခနဲ နေတာ ပဲ မှန်တာ၊ ဟင် လိုက်များ ကြည့်နေသလား ဆရာရယ် ဟူသည့် ထောက်ခံ ချက်မျိုး စုံကို လက်ခုပ် လက်ဝါးတီး ပြီး ပြောနေသည်။ သူ့မိန်းမ ဖြစ်ပုံကို ဦးကြီးက ရှုံ့ရှုံ့မဲ့မဲ့ ကြည့်နေသည်မှ လွဲ၍ ကန့် ကွက်ခြင်းတော့ မပြုချေ။ ကျွန်တော် ထင်ပါသည်။ ကျွန်တော်တို့ ဟောချက်တွေ မှန်ရင်တောင် ဦးကြီးကတော့ ဒီလောက် အူလှိုက်သည်း လှိုက် ထောက်ခံမှာ မဟုတ်။ ဦးကြီးက မာယာ များသည်။ အဒေါ်ကြီးကြောင့် ရွှေဆိုင် တစ်ဆိုင်လုံး အုန်းအုန်းကျွက် ကျွက်တွေ ဖြစ်ကာ အရောင်း ကလေးမ ကလေးများ ကပါ သူ့ထက် ငါ တန်းစီ မေးကြ၍ ရွှေ၀ယ်လာ သူတွေကို ဦးကြီး ကိုယ်တိုင် ထရောင်း နေရလေ သည်။ အဲဒီနေ့က ညနေ စောင်းအထိ စာရင်း ချုပ်ကြည့် လိုက်တော့ စာရေးမ လေးများ ကချည်း ငါးသောင်းကျော် ရ၍ ဦးကြီးတို့ မိသားစုခြောက် ယောက်ကို ဗေဒင် ဟောတာ၊ ယတြာချေတာ၊ အစီအရင် ဖယောင်းတိုင် ထွန်းတာ၊ ဇာတာ အဟောင်း အသစ်လဲ တာ စုစုပေါင်း ငါးသောင်းကျော် လောက်ကျ၍ ကျွန်တော် တော်တော်ပျော် သွားသည်။ မနက်ဖြန်တော့ အိမ်ပြန် နိုင်ပြီ ဟုထင်ခဲ့မိသမျှ ဦးကြီးစကား ကြားရတော့ ဟိုက်ခနဲ ဖြစ် သွားမိ လေသည်။
“ဟာ တယ်ဟုတ်ပါ လားကွ၊ မင်းတို့ အလုပ်က ဘာမှလည်း အရင်းစိုက်စရာ မလို၊ အောက်မေးလေးပဲ လှုပ် ရတာနဲ့ ပိုက်ဆံတွေ ဟောခနဲ ဟောခနဲ ၀င်လာတော့တာ ကိုးကွ၊ တယ်ပိုင်တဲ့ကောင် တွေပဲ၊ ပါးစပ်လေး စိုက်ရ တာနော်။ ကောင်းလိုက်တာ၊ ကဲ ကဲ ဒီနေ့တော့ မင်းတို့ လည်း နေ့တွက် တော်တော် ကိုက်ရောပေါ့။ ငါတို့ မိသားစု ကြည့်တဲ့ ပိုက်ဆံ ကတော့ ဒီနေ့ လဆန်း လေးရက်ဆိုတော့ အဖိတ်နေ့ ပေါ့ကွာ။ အဖိတ်နေ့ မှယူ”
ကျွန်တော် စိုးပိုင်ကို လှည့်ကြည့်တော့ မျက်နှာငယ် လေးနှင့် ပြန်ကြည့် နေသည်။ အမှန်က ဒီနေ့ ဦးကြီး ပိုက်ဆံရှင်း လိုက်ရင် ကျွန်တော်တို့ ပြန်ဆင်းလို့ ရနေပြီ။ သူ ပြောတဲ့ စကားထဲမှာ ကျွန်တော်တို့ ပညာရပ်ကို စော်ကားတာ တွေလည်း ပါနေသည်။ ပညာရပ် ဆည်းပူး ဖြည့်ကျင့် ခဲ့ရသည့် အချိန် ကာလတွေ၊ ပေးဆပ်ခဲ့ရ သည့်အရင်းအနှီး တွေကြောင့် ပါးစပ်ကလေး လှုပ်ပြီး ဟောပြော နိုင်နေတာ ရှင်းမပြ ချင်တော့ပါ။ ရှင်းပြလည်း ပိုက်ဆံက ရမှာ မဟုတ်၍ ထပြန်လာခဲ့ ရတော့သည်။ ဒီလိုနှင့် ပိုက်ဆံ စောင့်ရမည့် ရက်တွေအတွင်း ညောင်ပင် သာရွာဘက် လှည့်ခဲ့ကြတာ ဖြစ်သည်။ လမ်းကလည်း ကြမ်း၊ စိတ်ကလည်း ညစ်မို့ ဆိုင်ကယ်ကို မနည်းထိန်းစီး လာကြရတုန်း ရှေ့မှာ လူတစ်ယောက်က လမ်းကိုပိတ်ပြီး ကိုးရိုးကားရား လက်တား နေတာကြောင့် ဆိုင်ကယ်ကို ရပ်လိုက်ရသည်။
“ပုဏ္ဏား ဗေဒင်ဆရာ လေးနှစ်ယောက် ဟုတ်ပါ တယ်နော်”
“ဗျာ ဟုတ် ဟုတ် ဟုတ်ပါတယ် ဦးကြီး၊ ဟို ကျွန်တော်တို့မှန်း ဘယ်လို သိ”
ကျွန်တော် တော်တော် ကြီးကို အံ့သြသွား၍ ဆိုင် ကယ်တားသည့် ဦးကြီးကို မေးမိသည်။ သူက အသက် ခြောက်ဆယ် ပတ်၀န်းကျင် လောက်ရှိပြီး ပုဆိုးတိုတို၊ စွပ် ကျယ်လက်စကကို ၀တ်ထား သည်။ ခြေထောက်မှာတော့ ဖိနပ်စီးမထားဘဲ ရွှံ့တွေ ဗရ ပွပေကျံလျက် ရှိလေသည်။
“သိတာပေါ့၊ ကျုပ်တို့ နားက ရွှေဆိုင် စာရေးမက ပြောတာ ဆရာတို့ ဒီနေ့ဒီ အချိန် ညောင်ပင်သာ သွားမှာ တဲ့ ဆိုလို့ ကျုပ် လာစောင့် နေတာ၊ ကျန်တဲ့လူတွေက တာလမ်းက သွားတာများ ကြတယ်လေ။ ဒီနား မှာ သင်္ချိုင်း ရှိနေလို့ရယ်၊ လမ်းဆိုးလို့ ရယ် သိပ်မလာ ကြဘူး။ ဖြတ် သွားဖြတ်လာတွေက ကျုပ်အသိ တွေချည်း ပဲ မို့ ဆရာတို့ မျက်နှာစိမ်း တွေဆိုတာ တန်း သိတာပေါ့။ ပြီးတော့ ဆရာ တို့က ကုလားရုပ်နဲ့ တူတယ်လေ”
ကျွန်တော်နဲ့ စိုးပိုင် တစ် ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ရယ်မိကြသည်။
“လာပါဆရာ၊ ဒီသစ် ပင်ရိပ်က အေးပါတယ်။ ကွပ်ပျစ်ပေါ်မှာ ထိုင်ပါဦး။ ကောင်မလေး ပြောသံကြား ကတည်းက ဆရာတို့ကို တွေ့ ပြီး ဗေဒင် မေးချင် နေတာပါ ဆရာရယ်”
ကျွန်တော်တို့နှစ် ယောက် ကွပ်ပျစ်ပေါ်မှာ ထိုင် မိကြတယ် ဆိုရင်ပဲ လူကြီးက ပလတ် စတစ်အိတ်နှင့် ထုပ်ထားသည့် ဇာတာကို ရိုရိုသေ သေ ကမ်းပေးသည်။ စိုးပိုင် က စာအုပ် ထဲတွင် ဇာတာခွင် ချနေသည့် အချိန် ကလေး အတောအတွင်း ဟိုမှဒီမှ ရွာ သူရွာသားတွေ တစ်ယောက် စနှစ်ယောက်စ ထွက်လာကြရင်း ကွပ်ပျစ် လေးနားတွင် လူစုစုလေး ဖြစ်သွားသည်။ အဘိုးကြီးက ငါးထောင်တန် လေးတစ်ရွက်ကို ရိုရိုသေသေ ကမ်းပေး ၍ ကျွန်တော် လှမ်း ယူလိုက်ရသည်။ စိတ်ထဲမှာ လည်း တစ်မျိုးကြီး အံ့သြ ၀မ်းသာဖြစ်လို့၊ ကျွန်တော်တို့ နယ် လှည့် ဗေဒင်ဆရာ တွေဆိုတာ စျေးခေါ်လို့ ရတာမဟုတ်၊ တစ်ခါတလေ အမော တကောကြီး အကုန်ဟောပြီးမှ ငါးရာတန်လေး တစ်ရွက် ထုတ်ပေးတာ မျိုးလည်း ကြုံရ တတ်သည်။ ထပ်ပေး ပါဦးလို့ တောင်းလို့ ကလည်း မဖြစ်မို့ ဒီအတိုင်း ပြန်ရတာတွေ ကြုံဖူးနေတော့ လိုလိုချင်ချင် အစောကြီး လာဘ်တင် ထားသည့် အဘိုးကြီးကို ကျေးဇူး တင်သွားမိသည်။ ဒါပေမဲ့ သူ့ ဇာတာက အခြေအနေ မကောင်း ပါ။
“ကျွန်တော် မြင်တာကို မြင်တဲ့ အတိုင်း တည့်တည့် ဟောမယ်နော်၊ ဦးကြီး စိတ်မဆိုး ရဘူး”
“ဟောပါ ဟောပါ ဆရာရယ်”
“ဒီရက်ပိုင်း အတွင်း အောက်လူထွက် ကိန်းရှိတယ်၊ သား၊ သမီး၊ တပည့်တပန်း ပေါ့ ဦးကြီးရယ်၊ ဆေးရုံ တက်တာတို့ ဘာတို့ ဆိုရင် အခြေအနေ မကောင်းဘူးလို့ ပြောရမယ်”
ပတ်၀န်းကျင် တစ်ခု လုံး တိတ်ဆိတ် ငြိမ်သက်သွား လေသည်။ ဘယ်သူကမှ ဘာမှ မပြောဘဲ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်၍ ငြိမ်သက် နေကြသည်မှာ အတော်ကြာ သွားသည်။ ကျွန်တော်လည်း ကြောင် တောင်တောင်နှင့် စိတ်တင်း ကျပ်လာသည့် အချိန်တွင် ရှိုက်သံ တိုးတိုးလေး စကြား ရပြီး လူအုပ်ထဲမှ မိန်းမကြီး တစ်ယောက်က မျက်နှာကို လက်ဝါးနှစ်ဖက် နှင့်အုပ်၍ ရွာ ဘက်သို့ ပြန်ပြေး သွားသည်။ ကျွန်တော် နားမလည် ပါး မလည်နှင့် စိတ်ရှုပ် ထွေးနေ စဉ် လူကြီးက အသံကို အနိုင် နိုင်ထိန်းပြီး
“ဟုတ်ပါတယ် ဆရာ ရယ်၊ သိပ်မှန်တာပေါ့၊ လွန်ခဲ့ တဲ့ ဆယ်ရက် ကမှ ကျုပ်သား အကြီးကောင်ကို ရွာသင်္ချိုင်း မှာ မြှုပ်ခဲ့ ရတာပေါ့။ စောစော က ငိုပြေးသွားတာ ကျုပ်နှမ အုံးမေပါ။ ကဲ ကဲ အဲဒီတော့ ကျန်တာ တွေတော့ မဟောပါ နဲ့တော့ ဆရာရယ် တစ်ခုပဲ သိချင်ပါတယ်။ အဲဒါသိချင် လို့လည်း ဆရာတို့ကို တကူး တက စောင့်နေ တာပါ။ အဲဒါ လေးတော့ ဟောပေးပါ”
“ဟုတ်ကဲ့ ဦးကြီး ဘာ များသိချင် တာပါလဲ ခင်ဗျ”
“တခြားတော့ မဟုတ် ပါဘူး ဆရာရယ်၊ သေသွား တဲ့ ကျုပ်သားလေး ဘယ်ဘုံ ဘယ်ဘ၀ ရောက်နေ တာလဲ ဆိုတာလေးပါပဲ”
“ဗျာ”
ကျွန်တော့်ခေါင်း ချာချာ လည်သွားသည်လို့ အောက် မေ့ပါသည်။ ဒုက္ခပါပဲ ကျွန် တော်တို့ တတ် မြောက်ထား သည့် ဗေဒင် သုံးပုံ ထဲတွင် သေတဲ့လူကို ဘယ်လို ဘုံဘ၀ ရောက်နေသည် ဆိုတာ တွက်ချက်ဟော ချက်ချပေး နိုင်သည့် ပညာ မပါ၀င်ပါ။ ဟိုးအဝေးကြီးက ကြို့ပင်ကောက်မြို့မှာ တော့ လေချွန်နတ် ဆိုတာတော့ ကြားဖူးသည်။ လေချွန်နတ်ကို သေသူ ဘယ်ဘ၀ ရောက်နေသည် ဆိုတာ သိချင် သည့်သူတွေက တကူးတက သွားမေး ကြကြောင်း၊ ထိုနတ်ကို ညမှာ ပင့်ရကြောင်း၊ လာသည့်အခါ လေချွန်သံပေး၍ လာကြောင်းတွေ ကျွန်တော် သိထားသည်။ ဒါပေမဲ့ ကျွန်တော်တို့ ဗေဒင် ပညာမှာ တော့ တွက်ချက် လို့ မရပေ။
“ဦးကြီးရယ် ကျွန်တော် တို့ တတ်အပ်တဲ့ ပညာထဲမှာ ဒါတွေ မပါပါဘူး ခင်ဗျာ။ ဒါ ကြောင့်မို့ ကျွန်တော် တွက် ပေးလို့ မရပါဘူး”
“ဘာပြောတယ်”
စောစောက ညှိုးငယ်နေ သည့်အဘိုးကြီးဟာ ချက်ချင်း ပုံစံပြောင်း သွားပြီး မျက်နှာကြီးက ခက်ထန် လာလေသည်။ ဒေါသ အမျက်ခြောင်း ခြောင်းထွက်လာ သောပုံစံနှင့် ဝုန်းခနဲ ထရပ်လိုက်သည်။ လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက်သည်။ မိုး ချုန်း သလို အသံကြီးနှင့်-
“ဘာ ဟောမပေးနိုင် ဘူးလဲ၊ ဒီကိစ္စကို ကျုပ်က တအား သိချင်နေတာ။ အကုန် လုံးမှန်အောင် ဟောနိုင် တဲ့ ဗေ ဒင် ဆရာဆို၊ နေရာတကာ နောက်ကလိုက် ကြည့်သလို မှန်တဲ့ ဗေဒင် ဆရာဆို၊ ကျုပ် သားလေး သေလို့ ဘယ်ဘ၀ ကိုရောက်သွား တာလဲလို့ မေး မှ မဟောနိုင် တော့ဘူးလား။လုပ်ပါ ဆရာရယ်၊ ကြိုးစားပြီး ဟောပေး စမ်းပါ။ သူ့အမေက လည်း တငိုငို တရယ်ရယ် မို့ ပါ။ အိမ်ရှေ့က မန်းကျည်ပင် မှာလား၊ အုံးမေတို့ နောက်ဖေး က တမာပင် မှာလား၊ သူ့ ဝိညာဉ်လေး ဘယ်မှာရှိတယ် ဆိုတာသိရရင် တော်ပါပြီ။ လုပ်စမ်းပါ ဆရာရယ်”
ကျွန်တော် ဘယ်လို ပြောရမလဲ၊ဒုက္ခပဲ။ ကျွန်တော် တို့ အခြေအနေက ကျဉ်းထဲ ကျပ်ထဲ ရောက်နေ တာမို့လို့ ထွက်ပေါက် အနေနဲ့ ခင်ဗျား သား ဝိညာဉ် ဘယ်မှာရောက် နေတယ်လို့ အဆင်ပြေ သလို ကြည့်ပြော လိုက်လျှင် ရပါ သည်။ ဒါပေမဲ့ ကျွန်တော့်ကို အတတ် ပညာတွေ သင်ပေး ခဲ့သည့် အဖေနှင့် အဘိုးက ခွင့်လွှတ် မည် မဟုတ်ပေ။ ဖြီး ဖြန်းဟောသည့် ဗေဒင်ဆရာ ထဲမှာလည်း ကျွန်တော် မပါ ချင်၊ ဒါကြောင့်မို့ အဘိုးကြီး တတွတ်တွတ် တောင်းပန် လိုက်၊ ဟိန်းဟောက်လိုက် လုပ်နေပေမဲ့ ကျွန်တော်က တော့ အပြတ်အသား ငြင်း လိုက်သည်။ အဘိုးကြီး၏ ၀မ်းနည်း ဒေါသအိုးကြီးကို ကျွန်တော်က ဖောက်ခွဲလိုက် သလို ဖြစ်သွားပြီး အဘိုးကြီး မှာ ထိန်းချုပ် နိုင်စွမ်း ကင်းမဲ့ စွာဖြင့်-
“ဒီဆရာတွေ တော့နော်၊ ဒါလောက် တောင်းပန် နေတာ မရရင် ကျုပ်ကို အဆိုးမဆိုနဲ့၊ ခင်ဗျားတို့ ဒီ အတိုင်း မပြန်ရဘူး သိလား”
အဘိုးကြီးဟာ ချက်ချင်း အရူးကြီး တစ်ယောက်လို ဖြစ်သွားပြီး ကျွန်တော် တို့ကို ရိုက်မောင်းပုတ် မောင်း လုပ်စ ပြုလာသည်။ ကျွန်တော် ကွပ် ပျစ်ပေါ်က ခုန်ချပြီး ဘေးကို ရှောင်လိုက် ရသည်။ စိုးပိုင် ကိုတော့ ရွာသူ မိန်းမကြီး တစ်ယောက်က ဆွဲခေါ်သွား သည်။ ကွပ်ပျစ်ပေါ်မှာ ကျန် ခဲ့တဲ့ ကျွန်တော့်အိတ်ကို အဘိုးကြီးက ဒေါသတကြီး ကောက်ယူပြီး လွှင့်ပစ်မယ် အလုပ်မှာ အဘိုးကြီးနှင့် ရွယ်တူခန့်ရှိ လူကြီး တစ်ယောက်က လက် ကို ဖမ်းဆွဲထား လိုက်ပြီး “ဘာလို့ ဒီလောက် တောင် ဒေါသကြီး နေရတာ လဲ ယောက်ဖရယ်၊ ဆရာတွေက မတတ်နိုင်လို့ မတတ်နိုင် ဘူးပြောတာကို”ဟု အေးအေး ဆေးဆေး ပြောလိုက်တော့ အဘိုးကြီး ဒေါသတွေ ဟာ တစ်ချက်တည်း ငြိမ်သက် သွားလေသည်။
“ကဲ ထွေးကြည်တို့ ခင် မြတို့ ညည်းတို့ဦးကြီးကို ခေါ်သွားကြ၊ ယောက်ဖ ကလည်း အေးအေး ဆေးဆေး လိုက်သွား ပါဗျာ၊ ဒီလိုပါပဲ တရားနဲ့ ဖြေမှပေါ့”
ဒေါသကြီးတဲ့ ဦးကြီး ဟာ အခုတော့ ဒေါသမကြီး တော့ဘဲ ကလေး တစ်ယောက်လို မျက်ရည် တွေတွေ ကျပြီး ရွာဘက်ကို သူ့တူမများ နှင့်လိုက်သွားတော့မှ ကျွန်တော်လည်း စိတ်သက်သာ ရာရပြီး သက်ပြင်းချ မိလေသည်။ ပစ္စည်းလေးတွေ အိတ်ထဲ ကောက်ထည့် နေတုန်း ဦးကြီးက-
“ကဲ ကဲ ဆရာတို့လည်း ရုတ်တရက် စိတ်ပူ သွားကြမှာ ပေါ့။ ကျုပ်အိမ်မှာ နားနား နေနေ ရေနွေးကြမ်းသောက် လိုက်ခဲ့ကြပါဦး၊ ကျုပ်အိမ်က မဝေးပါဘူး။ ရွာအစွန်တွင် ပါ”
လို့ခေါ်တာနဲ့ ကျွန်တော် တို့လည်း စိတ်မော လူမောလေး ခေတ္တခဏ အပန်းဖြေ ရအောင် လိုက်သွား ခဲ့ကြလေသည်။ အဘိုးကြီးက ရှေ့မှလျှောက်ရင်း-
“အဲဒီ့ ကျုပ်ယောက်ဖက သူ့သားအကြီးကို သိပ် ချစ်တာ၊ သားကြီး ကလည်း မိအိုဖအို တွေကို ရှာကျွေး နေရှာ တာလေ။ မမျှော်လင့်ဘဲ ဆုံး သွားတော့ အရူး တစ်ပိုင်းဖြစ် ပြီး ကျန်ခဲ့တာပေါ့၊ ခွင့်လွှတ် လိုက်ကြပါကွယ်”
“ဟာ ရပါတယ် ဦးကြီး၊ ဒီလိုပဲပေါ့ ကျွန်တော် တို့ဘာမှ မဖြစ်ပါဘူး။ စိတ် ထဲလည်း ဘယ်လိုမှ မနေ ဘူး”
ကျွန်တော်က ဦးကြီးနှင့် လမ်းလျှောက်လိုက် သွားပြီး စိုးပိုင်က ဆိုင်ကယ်ကို မနှေး မမြန်စီးရင်း နောက် ကလိုက်လာသည်။ ရွာစွန်ရှိ ဦးကြီး၏ အိမ်ကလေး ရောက်တော့ ကျွန်တော့်စိတ်ထဲ ချမ်းမြေ့ကြည်သာ သွားလေ သည်။ အိမ်ဘေးတွင် စိမ်းလန်းသော မြက်ခင်းက မျက်စိ တစ်ဆုံး မြင်နေရသည်။ ဖိနပ်ချွတ်၊ ၀ရန်တာလေးနှင့် ထရံကာ အိမ် ခြေတံရှည်လေးက သပ်သပ် ရပ်ရပ်လေး ဖြစ်သည်။ အနောက်ဘက်တွင် ကျီလိုလို အဆောက် အအုံတစ်ခုကို တစ်စွန်း တစ်စ မြင်နေရပြီး အိမ်ရှေ့ကုက္ကိုပင် ရိပ်တွင် ထမင်းစား စားပွဲ တစ်လုံးနှင့် ခုံရှည်နှစ်ခု ခင်းထားပြီး ထမင်းစား စားပွဲပေါ်တွင် ထမင်းပွဲတွေ ပြင်ထားသည်ကို တအံ့တသြ တွေ့ရလေသည်။
“လာ ဆရာ ထမင်း လေး စားလိုက်ရအောင်၊ အခု နကတည်းက ကျုပ်မိန်းမ မယ်ကြည်ကို တိုးတိုး တိတ်တိတ် မှာလိုက်တာ၊ ဆရာတို့ ကို ထမင်းကျွေး ချင်လို့၊ စိတ် မောလူမော ဖြစ်လာတာ ဆိုတော့ အေးအေး ဆေးဆေး ထိုင်နားကြပါဦး”
“ဟာ ကျွန်တော်တို့ မစားတော့ ပါဘူး။ ညောင် ပင်သာရောက်မှ စားပါတော့ မယ်ခင်ဗျာ”
“အို ညောင်ပင်သာက အဝေးကြီး လိုသေးတယ်။ ထမင်းစားချိန် ကျော်မှရောက် မှာ၊ တစ်ခါတည်းသာ စားသွားကြပါ။ ပြင်လည်း ပြင်ပြီး နေပြီ၊ လာပါ ဟိုဆရာရော ထိုင်ပါ”
ဦးကြီးက လက်ဆွဲ မတတ် ခေါ်ပြီး စိုးပိုင်ကိုပါ လှမ်းခေါ် နေလို့ စိုးပိုင်နှင့် ကျွန်တော် ထမင်းပွဲမှာ ၀င်ထိုင် လိုက်ရသည်။ ဦးကြီးက ရေနွေးကြမ်း ပန်းကန် ယူခဲ့ပါ ဟ၊ လက်သုတ် ပဝါယူ ခဲ့ပါဟ နှင့်အလုပ် ရှုပ်နေသည်။ ဟင်း တွေက ထွေထွေထူးထူး မဟုတ်ပါ။ ပဲဟင်းတစ်ခွက်၊ ဂေါ်ရခါးညွန့် ကြော် တစ်ခွက်၊ မုန်ညင်းချဉ် တစ်ခွက်နှင့် ငါး ခြောက်ထောင်းကြော် သည် မျှသာ ဖြစ်သည်။ ကျွန်တော် က သက်သတ်လွတ် စားသူမို့ အဆင်ပြေ သွားသည်။ ထမင်း ပွဲတွင် ၀င်ထိုင်လိုက် ရတော့ စားပါ ဆရာ၊ စားပါ ဆရာနှင့် ဦးကြီးက စေတနာတွေ ကောင်းလွန်းနေပေ သည်။ ထမင်းကလည်း ဦးကြီး စေတနာကြောင့် လားမသိ၊ ဟင်းမကောင်း ပေမဲ့ စားလို့ ကောင်းလှသည်။ ထမင်း စားပြီးတော့ ထန်းလျက် ခဲဘူး ကလေးနှင့် လက်ဖက်ပွဲ လာချ ပြန်သည်။ ကျွန်တော် အလွန် အားနာလာမိသည်။ ဘာ မဆိုင် ညာမဆိုင် အိမ်ခေါ် ထမင်းကျွေးပြီး ကျွန်တော်တို့ ၏ စိတ်ဖိစီး မှုများကို ဖြေ ဖျောက်ပေးခဲ့သော ဦးကြီးနှင့် ဦးကြီး မိန်းမကို အလွန်ကျေး ဇူးတင်မိပြီး တတ်သည့် ပညာ နှင့် ကျေးဇူး ဆပ်ရန် တွေး တောမိကာ ဦးကြီးကို ပြောလိုက်မိသည်။
“ကဲ ဦးကြီးရယ် ဦးကြီး ထမင်းလည်း စားပြီးပြီ၊ ကျွန်တော်တို့ ကျေးဇူး အလွန် တင်ပါတယ်။ ဒီနေ့ ကျွန်တော်တို့က ညောင်ပင်သာ ထိသွား ပြီး ဗေဒင်ဟော ဖို့ပါပဲ။ တစ် ရပ်တစ်ရွာက လာရတော့ ဆီဖိုး၊ စားစရိတ် နေစရိတ် ကာမိအောင် သုတ်သုတ်ကလေး လုပ်ရတာပေါ့ ဦးကြီးရယ်၊ ဒါပေမဲ့ ဦးကြီးကို ကျေးဇူးတင် လွန်းလို့ ဦးကြီးတို့မိသား စုကို ဗေဒင်ကြည့်ပေးပါ့မယ်။ မေတ္တာနဲ့ ကြည့်ပေးမှာပါ။ ဇာတာရှိရင်လည်း ဇာတာ၊ မရှိရင် လည်း မွေးနေ့ မွေးရက်လေး ပြောပြပါ၊ မွေးချိန်လည်း မှတ်မိရင် ပြောပါ၊ ကျွန်တော်တို့ တွက်ပေးပါ့မယ်”
ကျွန်တော့် စကား ကြားတော့ ဦးကြီးက တွေတွေကြီး ငိုင်သွား လေသည်။ ဦးကြီး မိန်းမကလည်း ဘာမှ မပြောဘဲ ငြိမ်နေသည်။ ပတ်၀န်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်မှုက တော်တော်ကြာကြာ ကြီးစိုးနေပြီး ကျွန်တော် မနေတတ်၊ မထိုင် တတ်သလို ဖြစ်လာ မိသည့် အချိန် အိမ်နံဘေးမှ နောက်ဖေးလမ်း ကလေး အတိုင်း လူ ရွယ်နှစ်ယောက် ပေါ်လာသည်။ ကြည့်ရတာနှင့်ပင် ညီအစ်ကို ဖြစ်မှန်း သိသာသည့် မျက်နှာ အသွင်အပြင်ရှိ ပြီး တစ်ယောက်နှင့် တစ်ယောက် ငါးနှစ်စီလောက် ကွာခြားမည်ဟု ထင်မြင် ရပေသည်။ နှစ်ယောက်စလုံး လက်ထဲတွင် ပေါက်တူးများ ကိုင်ထားပြီး ကိုယ်ခန္ဓာနှင့် ခြေထောက်များ၊ လက်များတွင် ရွှံ့စက်များ ပေကျံလျက် ရှိကြလေသည်။ ညီအစ်ကို နှစ်ယောက်က အိမ်နံဘေး စဉ့်အိုးတွင် ခြေလက်များ ဆေး ကြောပြီး ပေါက်တူး များကို စဉ့်အိုး ဘေးချ ထားခဲ့ကာ အိမ် ပေါ်သို့ တက်သွား ကြသည့် နောက်သို့ ဒေါ်ကြည်က လိုက်သွားလေ သည်။ ဤ ရှုခင်းကို ဦးကြီးက လည်ပြန် ကြည့်ရင်း-
“အင်း ဆရာ့ကို ကျွန်တော့် မိသားစုအကြောင်း ပြောမပြ ရသေးဘူးနော်၊ အခု အိမ်ပေါ်တက် သွားကြ တာက ကျွန်တော့်သား နှစ်ယောက်ပါ။ အကြီးကောင်က လှသန်းတဲ့၊ အငယ်ကောင်က မြသန်းတဲ့။ သူတို့ နှစ်ယောက် ရွာထဲမှာ လူသေလို့ အသုဘချနိုင် အောင် သင်္ချိုင်းမှာ မြေတူးပြီး ပြန်လာ ကြတာပါ ဆရာရယ်”
ကျွန်တော် ရုတ်တရက် ကြက်သေသေ သွားသည်။ နေရာတွင်ပင် ပေါက်ကွဲလွင့် စဉ်သွားသလား အောက်မေ့ရ သည်။ စိုးပိုင်ကို ကြည့်လိုက် တော့ မျက်လုံး အပြူးသားနှင့် ကြောင်တောင်တောင် ငေးကြည့် နေတာတွေ့ရသည်။ ဦးကြီး ပြောလိုက်သည့် သင်္ချိုင်းမှာ မြေတူးပြီး ပြန်လာတာပါ ဆိုသည့် စကားက ကျွန်တော့် နားထဲတွင် အူပြီး ဝဲလှည့်နေ သည်။ ဘုရား၊ ဘုရား ဒါ ဖြင့် ဦးကြီးတို့ မိသားစုက သုဘရာဇာ တွေပေါ့၊ သင်္ချိုင်း စောင့်တွေပေါ့။ တစ်စုံတစ်ရာ ကန့်သတ်ချက် အရ စည်းရဲ့ အပြင်ဘက်က လူတွေပေါ့။ မင်္ဂလာ မရှိ၊ အမင်္ဂလာလို့ သတ်မှတ်ခြင်း ခံရတဲ့လူတွေ ပေါ့။ ဘုရားရေ ဒုက္ခပဲ၊ ကျွန်တော်တို့ ပုဏ္ဏားမျိုး ဆိုတာ မင်္ဂလာကို အရမ်း ဂရုပြုရတဲ့ လူတွေ၊ ပုဏ္ဏား ထဲမှာမှ ဗြဟ္မ ဏအနွယ်၀င် ဗေဒင်ကဝိ ပညာရှိတွေဟာ မင်္ဂလာကို အရမ်း ဂရုစိုက် ရတာ။ ဒီနေ့မှာ ကျွန်တော်တို့တော့ ဒုက္ခပဲ။ သုဘရာဇာ ကျွေးတဲ့ ထမင်း တစ်နပ် ကျွန်တော့် ၀မ်းဗိုက်ထဲ ရောက်ပြီးပြီ။ ဒုက္ခပါပဲ ဘယ် လိုလုပ်ရမလဲ။ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲ။ ထိ ကိုင်မိသမျှ အမင်္ဂလာချည်း ပါလားဆိုသည့် စိတ်က ကျွန်တော့်ငယ်ထိပ်ကို တက် ဆောင့်နေသည်။ ကျွန်တော့် မျက်နှာ ကလည်း ပျက်ယွင်း သွားပြီး အံ့သြ ထိတ်လန့်သွား ကာ နီတစ်လှည့်၊ ဖြူတစ် လှည့် ဖြစ်သွားပုံကို ကျွန်တော့် ကို သေသေချာချာ ကြည့်နေ သည့် ဦးကြီးကလည်း ကျွန်တော့် အပြောင်းအလဲကို သိပုံရသည့် ပမာ ဦးကြီးလည်း မျက်နှာလေး ငယ်သွားသည်။
“အဲဒါပါပဲ ဆရာရယ်၊ ကျွန်တော်တို့ မိသားစုက အဲဒီ လိုအသက် မွေးရတာပါ။ ဒီနေ့ ဆရာတို့အပေါ် စေတနာရှိ လွန်းလို့ ကျွေးခဲ့ ဲ့မွေးခဲ့မိတာ အပြစ်တင်ရင်လည်း ကျွန်တော် တို့ စိတ်မဆိုးပါဘူး။ ဒါပေမဲ့ တကယ့် စိတ်ရင်း အမှန်နဲ့ ကျွေး ခဲ့မိတာမို့ ဆရာတို့ ခွင့်လွှတ် ပေးပါနော်။ ကျွန်တော်တို့ ဗေဒင်တော့ မေးချင်ပါတယ်။ ဟောပေးတာ မပေးတာ ဆရာ ဆုံးဖြတ်ပါ။ ခရီးဆက် ချင်လည်း ဆက်ပါ ဆရာ ရယ်”
သနားစရာကောင်းတဲ့ ဦးကြီးရဲ့ တောင်းပန် စကား ကို နားထောင်ပြီး ကျွန်တော် တဖြည်းဖြည်း စိတ်တွေပြေ လျော့လာသည်။ တစ်ရွာလုံးမှာ အိမ်ခြေတစ်ရာ ကျော်ရှိ မည်ဟု ခန့်မှန်းရပြီး ထိုသူတွေက မင်္ဂလာရှိသူ လူကောင်း ပကတိတွေ ဆိုကြပါစို့။ ပြဿ နာကြားထဲက ကျွန်တော်တို့ ကို ဆွဲထုတ်ဖို့၊ ကျွန်တော်တို့ ကို နေ့လယ်စာကျွေးဖို့ ဘယ်သူမှ သတိမရ ကြပေ။ ဦးကြီး တစ်ယောက်သာ ကျွန်တော် တို့ကို ကိုယ်ချင်းစာပြီး ထမင်း ဆာနေတာ ကျွေးဖို့၊ စိတ်ဖိစီးမှု ဖြေဖျောက်ပေးဖို့ သတိရသည်။ သုဘရာဇာ ဖြစ်ပါစေ စေတနာနှင့် ထမင်း ကျွေးသည်။ကျွန်တော်တို့ ကလည်း စားမိကြ ပြီးပြီ။ ပြီးမှတော့ ဘယ် သူ့ကိုမှ အပြစ်တင်လို့ မကောင်း တော့ချေ။ ကျွန်တော် သက် ပြင်း တစ်ချက် ချပြီး မှတ်စုစာ အုပ်ကို ဆွဲထုတ် လိုက်သည်။ နောင်ခါလာ နောင်ခါ စျေး၊ ယခုအချိန် မှာတော့ နဂိုမူလ ရည်မှန်းချက် အတိုင်း ဦးကြီး တို့ကို ဗေဒင် ကြည့်ပေးမည် ဟု ဆုံးဖြတ် လိုက်သည်။
“အင်း နဂို အတိုင်းပါပဲ ဦးကြီးရယ်၊ ဘာမှပြောင်း လဲစရာ မရှိပါဘူး။ ကျွန်တော် တို့ ဗေဒင်ကြည့် ပါမယ်”
“ဒါဆိုလည်း ဆရာရယ် တစ်ခါတည်း ပြောရဦးမယ်။ စေတနာနဲ့ အခမဲ့တော့ မလုပ် ပါနဲ့။ ကျွန်တော်တို့ ပညာဖိုးတော့ ပိုက်ဆံပေး ပါရစေ၊ ဆရာ လက်မခံ ရင်တော့ ကျွန်တော်တို့ စိတ်ကောင်းမှာ မဟုတ်ဘူး”
ဒီလိုနဲ့ ဦးကြီးတို့မိသား စု ဗေဒင်ကြည့် ကြသည်။ ထူး ခြားစွာပင် ဦးကြီးရော သား နှစ်ယောက်ရော ကံဇာတာ အတက်ရိပ်တွေ တွေ့နေရပြီး မကြာမီ အပြောင်းအလဲ တစ်စုံ တစ်ရာ တွေ့ကြုံမည်ဖြစ် ကြောင်း ဇာတာခွင် တွေကဖော် ပြနေပြီ။ ကျွန်တော် သံသယ ဖြစ်သွားသည်။ ဘယ့်နှယ် သင်္ချိုင်းထဲတွင် နေသည့် သုဘ ရာဇာ မိသားစုမှာ ဘာတွေ များ ကံအခွင့် အလမ်းပေါ် ပေါက်ပြီး အပြောင်း အလဲ ရှိရဦး မှာလဲ။ ငါများ မှားနေ သလား၊ ပြန်စစ်ကြည့် မိတော့ လည်း အားလုံးအမှန်မို့ ရဲရဲ ကြီး ဟောလိုက်မိသည်။
“ဦးကြီးခင်ဗျာ ဘယ် လို အကြောင်းနဲ့ လည်းတော့ မသိဘူး။ ဇာတာခွင်မှာ ပြနေ တာကတော့ အောက် လူ သားသမီး၊ တပည့်တပန်း အကျိုး ခံစားရပြီး ဦးကြီးတို့မှာ အပြောင်းအလဲ တစ်စုံ တစ်ရာ ဖြစ်ဖို့ နီးနေပြီ။ အချိန် နည်းနည်းပဲ လိုတော့တယ်။ ကိုလှသန်းရဲ့ ဇာတာအရ ဆိုရင် အရမ်း နီးကပ်နေပြီ။ နေ့လား ညလားပဲ၊ အပြောင်းအလဲ ကလည်း ကောင်းတဲ့ အပြောင်း အလဲဖြစ်မှာပါ။ သေချာတယ် အိုးအိမ် အပြောင်း အလဲဖြစ် မယ်၊ အလုပ်အကိုင် အပြောင်း အလဲဖြစ်မယ်။ တစ်မြို့တစ် ရွာမှာ ပြောင်းရွှေ့ နေရချင် လည်း နေရမယ်။ အပြောင်း အလဲကတော့ ဖြစ်မှာ သေချာ တယ်။ ကျွန်တော် အညံ့ မတွေ့တဲ့ အတွက် ယတြာ တောင် ပေးဖို့ မလိုဘူး။ ရောက်လာမဲ့ ကံအခွင့် အလမ်း ကို ကြိုဆို နေဖို့ပဲ လိုတာ။ အဲဒီတော့ အောင်ရှစ်ချက်ဂါ ထာ ဇယစက္ကောနဲ့ သံဗုဒ္ဓေ ဂါထာတော်ကြီးကို တစ်အိမ် သားလုံး ရသလောက်ရွတ် ပါ။ ပုတီးစိပ်ပါ။ ကံကောင်း စေတဲ့ ဗုဒ္ဓယတြာပေါ့၊ ဘယ့် နှယ်တုံး လုပ်နိုင်တယ် မဟုတ် လား”
ဦးကြီးရော ဒေါ်ကြည် ရော၊ လှသန်းနဲ့ မြသန်းတို့ပါ ကျွန်တော့် ဟောပြောချက်ကို ကြားသိရတော့ ၀မ်းမြောက် ၀မ်းသာ၊ မျက်နှာတွေက ပြုံး နေပြီး ၀င်းလက် တောက်ပတဲ့ မျက်လုံးများနှင့် မိသားစုတွေ တစ်ယောက် မျက်နှာတစ် ယောက်ကြည့် နေကြသည်။ ဦးကြီးက သက်ပြင်း တစ်ချက် ချလိုက်ရင်း-
“အင်း ဆရာလည်း တွေ့ပြီး ရောပေါ့။ ဦးကြီး နာမည်က ဦးသန်းအောင်တဲ့။ ဦးကြီးတို့က သုဘ ရာဇာမျိုး မဟုတ် ပါဘူး။ အရင်က လက်သမား လုပ်တာပါ။နောက်ပိုင်းတော့ ဦးကြီး လည်း လောင်းကစားလုပ် ရင်းနဲ့ စီးပွား ကျလာတယ်။ မြို့စွန်က ရွာရောက်၊ ရွာလယ် က ရွာစွန်ရောက် ပေါ့ကွယ်။ တစ်ရက်မှာ လှသန်းတို့၊ မြသန်းတို့ ကလည်း ငယ်ငယ် ရှိသေး။ သမီး အကြီးဆုံးတစ် ယောက် ရှိသေးတယ်။ သူက သူ့အမေနဲ့ အမျိုးတွေ အိမ် ပိုက် ဆံလိုက်ချေး နေတုန်း အသုဘ တစ်ခုက ဂူလုပ်ချင် လို့ဆိုပြီး အစွန်ဆုံးမှာ ရှိတဲ့ အိမ်က ဦး ကြီးကို လာအကူအညီ တောင်းပါ လေရော။ ဦးကြီးလည်း လက်သမားက လာတာ ဆိုတော့ ပန်းရန်လည်း မျက်စိရည်၀ နေတာနဲ့ ကူညီ လိုက် ရတယ်။ အဲဒီမှာ ပိုက်ဆံ ရတော့ စဉ်းစားတယ်။ တိုက်တွေ၊ အိမ်တွေ ဆောက်တာ လည်း ဒီပန်းရန် အလုပ်ပဲ။ ဂူ တည်တာလည်း ဒီလိုပဲ အုတ်နဲ့ သဲနဲ့ ထုံးနဲ့ လုပ်ရတာပဲ။ ဘာဖြစ် သေးလဲ။ ကိုယ့်မိသားစု ထမင်းစားဖို့ရာ သမ္မာအာဇီ၀ ဖြစ်ရင် ပြီးတာပဲလို့ ဆုံးဖြတ်ပြီး လုပ်ခဲ့တာ။ ကလေးတွေ ကြီးလာတော့ တွင်းတူးရော၊ အုတ်စီရော အကုန် လုပ်နိုင် တော့တာပေါ့။ ဒါပေမဲ့ ဆရာရယ် တဖြည်းဖြည်းနဲ့ ဦးကြီး တို့ကလည်း စည်းအပြင် ဘက်ရောက်မှန်း မသိ ရောက်လာတယ်။ မခေါ်ချင် တာလိုလို၊ မပြောချင်တာ လိုလို၊ မဆက် ဆံချင်တာ လိုလိုတွေ ပေါ့ကွယ်။ ဒါပေမဲ့ ဦးကြီးက ကိုယ့်လုပ်အားနဲ့ အလုပ်လုပ် လို့ရတဲ့ ငွေ၊ ဒီငွေနဲ့ စားရတယ်၊လှူရ တန်းရ တယ်ဆိုပြီး ဖြေသိမ့် နေခဲ့ရ တာပဲ”
ကျွန်တော်က အပြင် ဘက်မှာရှိသည့် နေရောင်ကို တစ်ချက် လှမ်းပြီး အကဲခတ် လိုက်ရာ မွန်းလွဲ ပိုင်းကျော် နေလောက်ပြီ ဆိုသည်ကို တွေ့ လိုက်ရသည်။ ညောင်ပင်သာ ကူးလို့ မရတော့ ဦးကြီး စကားပြတ် လျှင် မြို့ကို ပြန်မှ ရတော့မည်။
“သမီးကြီးက ရေဦးမှာ အိမ်ထောင်ကျ တယ်လေ။ သူတို့က ကုန်စုံဆိုင် ဖွင့် တယ်။ အခု စက်သုံးဆီ လုပ် ငန်းတိုးချဲ့ မှာမို့ သူ့မောင်တွေ ကို လှမ်းခေါ်ထားတာ။ လှသန်းက နေ့နေ့ညည သွား ရတော့မှာ၊ ဆရာ ဟောတာ သိပ်မှန်တာပဲ။ နောက်များ မကြာခင် ဆန်ဆိုင်၊ ပဲဆိုင် လက်လီလက်ကား ဖွင့်မှာမို့ မိသားစု လိုက်လာခဲ့ ကြပါ တော့။ ဒီအလုပ်လည်း ဆက် မလုပ်ပါ နဲ့တော့။ စွန့်ခဲ့ပြီးတော့ တစ်ရွာမပြောင်း သူကောင်း မဖြစ် ဆိုတဲ့အတိုင်း သူတို့နဲ့ပဲ တစည်းတလုံး နေပါတော့ ဆိုပြီး သမီးကြီးက ခေါ်ထား တာ။ ဘယ်နေ့ သွားဖြစ်မယ် မသိဘူး ဆရာ ရယ်။ မနှေး အမြန် သွားဖြစ်ဖို့ပါပဲ။ အခုလို အကောင်းဘက်ကို အပြောင်း အလဲမြင်တယ် ဆိုတာနဲ့ ကိုက် ညီနေ လို့ ဦးကြီးတို့ သိပ်၀မ်း သာရပါတယ် ဆရာ။ မကြည် ရေ ပိုက်ဆံ လေးသောင်း ယူ ခဲ့ပါ။ ငါတို့ လေးယောက် ဗေဒင်ကြည့်တာ တစ်ယောက် တစ်သောင်း ကန်တော့လိုက် ရအောင်”
ဒေါ်ကြည်က တစ်ခန်း တည်းဖွဲ့ထားသည့် အိပ်ခန်းထဲ သို့၀င်သွားသည်။ ကျွန်တော် လွှတ်ခနဲ-
“များပါတယ် ခင်ဗျာ၊ တစ်ယောက် ငါးထောင်နှုန်း ပဲ ပေးပါ”
“ယူပါ ဆရာ၊ ဒါ ကျွန်တော်တို့ လုပ်အားနဲ့ ရတဲ့ သန့်သန့်ရှင်းရှင်း ပိုက်ဆံပါ။ ကျွန်တော် ခေါ်မိလို့ ဆရာတို့ ခရီးစဉ် နောက်ကျတာလည်း အားနာလို့ပါ”
ဦးကြီး ဦးသန်းအောင် က ဒေါ်ကြည် ယူလာသည့် ပိုက်ဆံကို လက်နှစ်ဖက်နှင့် တရိုတသေ အတင်း ကမ်းပေး နေ၍ ကျွန်တော် လက်ခံလိုက် ရပါသည်။ ရွာစွန်တဲ ကုပ်က လေးက လုပ်စရာအလုပ် မရှိ ၍ ကျင်းတူး ဂူဆောက်နေရ သော ဦးကြီး၏ စေတနာက ထူးခြား လှပါပေသည်။
“ဆရာ မပြန်ခင် ကျွန်တော်နဲ့ တစ်နေရာ လိုက် ခဲ့ပါဦး။ ပြစရာရှိလို့ပါ”
ဟု ပြောပြောဆိုဆို ဦးကြီးက ထိုင်ရာမှ ထသွား သဖြင့် ကျွန်တော် တို့လည်း လိုက်ခဲ့ရသည်။ အိမ် နောက် ဖေးမှပတ်ပြီး စောစောက တွေ့ သည့် ကျီလိုလို အဆောက် အအုံရှေ့မှာ ဦးကြီးက ရပ်ပြီး တံခါးဖွင့် လိုက်သည်။ အထဲ မှာ တွေ့လိုက်ရသော ပစ္စည်း တွေကို တအံ့တသြ ကြည့်ရင်း ကျွန်တော် မှင်တက်သွားမိ သည်။ အခန်းထဲမှာ ခြင် ထောင်တွေ၊ ခေါင်းအုံးတွေ၊ အိပ်ရာခင်းတွေ၊ စောင်တွေ က တပုံတပင် အများကြီး တွေ့လိုက်ရသည်။ ဘာဘူ စောင်တွေ အပုံလိုက် ရှိနေပြီး တရုတ်စောင် တွေက အိတ် ကြီးတွေနှင့် ပက်ကင် လိုက် ထည့်ပြီး အပုံလိုက် ရှိနေကြ သည်။ ဦးကြီးကတအံ့တသြ ဖြစ်နေသော ကျွန်တော်တို့နှစ် ယောက်ကို ပြုံးကြည့်နေ သည်။
“ဦးကြီးတို့က စောင်၊ ခြင်ထောင် ရောင်းတာလား”
မအောင့်နိုင် မအည်းနိုင် စိုးပိုင် ဆီက အသံထွက်လာ သည်။
“အင်း ဦးကြီးတို့က ရောင်းတာ ပါလို့ ပြောရင် မင်းတို့က ယုံမှာပါပဲ။ ဒါပေ မဲ့ ဦးကြီး မညာချင်ဘူး။ ဘာ မဆို ပွင့်လင်းတာ ကောင်း တယ်လေ။ ဒီပစ္စည်းတွေဟာ ဦးကြီး ပိုင်တော့ ဦးကြီးပိုင် ပါပဲ”
ကျွန်တော်တို့ နား မလည် ပါးမလည်နှင့် နား ဝေတိမ်တောင် ဖြစ်နေသည် ကို ဦးကြီးက သဘောကျနေ ပုံရသည်။
“ဒီအရပ်ရဲ့ နာရေး ဓလေ့ ထုံးစံကို ဆရာတို့က မသိသေးဘူး။ တစ်အိမ်အိမ် မှာ လူသေရင် အလောင်း ကို ရေချိုးပေးပြီး ဖျာအသစ်၊ ခေါင်းအုံးအသစ်၊ စောင်၊ ခြင် ထောင်အသစ်နဲ့ တစ်ခါတည်း သုသာန် ဇရပ်ကို ပို့ထားပြီး အိမ်ကို ရေဆေး လိုက်တော့ တာပဲ။ ချမဲ့ နေ့မှာ လာပြီး သရဏ ဂုံတင်ကြတာ။ အဲဒီ တော့ နာရေးပြီး သွားရင် ဒီ ပစ္စည်းတွေက ကျန်နေခဲ့တော့ တာလေ။ ဆရာတို့အဒေါ်က လျှော်တန်တာ လျှော်၊ နေပူလှန်းတန် တာလှန်းပြီး သိမ်း ထားတော့ အသစ် အတိုင်း ဖြစ်နေတာပေါ့”
ကျွန်တော် နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိ သည်။ ဒီအခန်းထဲက အိပ်ရာ အခမ်းအနား တွေဟာ လူသေ တွေ သုံးပြီးသား ပစ္စည်းတွေ ပါလားဟု တွေးရင်း တွေးရင်း စိတ်ထဲက မသိုးမ သန့်ကြီး ဖြစ်လာသည်။ နှာခေါင်း၀ တွင်ပင် ဘာအနံ့ မှန်းမသိ၊ ညှီစို့စို့ လိုလို၊ တကယ်က ကျွန်တော့်စိတ်က ဖြစ်နေ တာ။ တကယ်တမ်းက စောင်၊ ခြင်ထောင်တွေဆီက ပရုတ်လုံးနံ့ပင် သင်းသင်း လေးမွှေးနေ ပါသေးသည်။
“အဲဒါ ဦးကြီးလည်း ပြောင်းရွှေ့တော့ မှာမို့လို့ ဒီပစ္စည်းတွေ မထားခဲ့ဘဲ သယ်သွားရင် ရတယ်နော် ဆရာ၊ ဟိုမှာ ကျွန်တော့်သမီး စတိုးဆိုင် တင်လိုက်ရုံပဲ။ ဒါ ပေမဲ့ ကျွန်တော်က ဒီလို မတရားတဲ့ အလုပ် မလုပ် ချင်ဘူး။ တကယ် အသုံးလိုတဲ့ လူတွေ၊ ပစ္စည်း ဆိုတာ လူ သုံးရတာပဲ ဆိုပြီး အယူမသီး တဲ့သူတွေကို ပေးချင် တာ။ ဆရာတို့ အလိုရှိရင် အားလုံး ပဲဖြစ်ဖြစ်၊ လိုချင် သလောက် ဖြစ်ဖြစ်ယူသွား လို့ရပါတယ်။ ကြိုက်တာယူပါ”
ဦးကြီး စကားအဆုံးမှာ ကျွန်တော် ကြောင်ကြောင်ကြီး ငေးနေမိသည်။ ကျွန်တော် တင်လားဆိုတော့ မဟုတ်၊ စိုးပိုင်လည်း ပါးစပ်ဟငေးပြီး ကြည့်နေသည်။ ကျွန်တော့် စိတ်ထဲတွင် ပြီးခဲ့သည့် ဆောင်း တွင်းက မိန်းမက လိုချင်လှ ပါသည်ဆို၍ တရုတ် အမွေး ရှည်အိတ်နှင့် စောင်တစ်ထည် ကို နှစ်သောင်းခွဲနှင့် မျက်စိ မှိတ်၀ယ်ပေး ခဲ့မိပုံ၊ အမေက လာကိုင်ကြည့်ပြီး ကျုပ်တို့ ခြုံ ဘူးပေါင်တော်ဟု အငေါ်တူး သွား၍ မိန်းမနှင့် အမေ ရန်ဖြစ် ကြပုံတွေ၊ တရေးရေး မြင် ယောင်လာမိသည်။ကျွန်တော်တို့ အိမ်၀င်း ထဲမှာ ညီအစ်ကို မောင်နှမတွေ စုပြီး နှစ်ဆယ် အစိတ် နေကြတာ၊ ခရီးပြန် လက်ဆောင်၊ တရုတ် စောင်တစ်ထည် စီလောက်များ ပေးလိုက် လို့ကတော့ ၀မ်းသာ လိုက်ကြမည့် အမျိုး။ ခြင် ထောင်ကလည်း ပလတ် စတစ်အိတ် တွေနဲ့ ထည့်ထားတာ၊ အသစ်စက် စက်ကြီး တွေ။ ခြင်ထောင် ပေးလိုက် လျှင်လည်း ၀မ်းသာကြမှာ မလွဲပေ။ စိုးပိုင်က ဘယ်လို လဲ ဟူသည့် အမေး ကို မျက် လုံးနှင့်မေးသည်။ ကျွန်တော် က ယူမည်ဆိုလျှင် သူက လည်း ငြင်းမည့်ပုံ မပေါ်ပေ။ ကျွန်တော် ပစ္စည်း ပုံကြီးကို ငေးပြီး တပ်မက်စိတ်တွေ ဖြစ်ပေါ်နေတာကို ဇွတ်အတင်း သိမ်းဆည်းလိုက်ရ သည်။ ကျွန်တော် တို့သည် ဘာပဲပြောပြော စည်းတစ်ခု တော့ စောင့်စည်းရမှာဖြစ် သည်မို့…
“ဦးကြီးရယ် ကျေးဇူး တင်ပါတယ်။ ဆိုင်ကယ်နဲ့ ဆိုတော့ ဘာပစ္စည်းမှ မသယ် နိုင်လို့ပါ။ အဲဒါနဲ့ ကျွန်တော်တို့ ပြန်ပါ ဦးမယ်။ ခွင့်ပြုပါ ဦးနော်”
ပြောပြော ဆိုဆို အခန်း ပေါက်၀မှ လှည့်ပြီး အိမ် ဘေးလမ်းကလေး အတိုင်း ကျွန်တော်ရှေ့က ဦးဆောင် ထွက်လာခဲ့တော့ ဦးကြီးက နောက်မှ လိုက်လာသည်။
“ပြီးခဲ့တဲ့ နာဂစ်တုန်းက ဦးကြီး လှူလိုက်တာ စောင်၊ ခြင်ထောင် အစုံ နှစ်ရာ ကျော် တယ်။ ဦးကြီး ဒါတွေကို လုံး၀ ရောင်းမစားဘူး ဆရာ၊ အဲဒါတော့ ကတိပြုတယ်။ လှူရင်သာ လှူမယ်”
ဦးကြီး စကားကြောင့် ကျွန်တော် အလွန် လေးစား ကြည်ညိုစွာ ဦးကြီးကို ကြည့် မိပါသည်။ တရင်းတနှီး နှုတ် ဆက်ကြပြီးနောက် ဦးကြီးတို့ ကို ခွဲခွာပြီး မြို့ဘက်ကို ဆိုင် ကယ်နှင့် ပြန်လာခဲ့ ကြသည်။ ရတနာ ရွှေဆိုင် ရှေ့ရောက် တော့ ခေါင်းငဲ့ပြီး ကြည့်မိ သည်။ မြို့မျက်နှာဖုံး၊ လူတွေ သတ်မှတ် ထားသည့် စည်းဘောင် အတွင်းက ဂုဏ်သရေ ရှိ ပုဂ္ဂိုလ် ဖြစ်သူက ကျွန်တော် တို့အညတရ ဗေဒင် ဆရာလေး များ၏ လုပ်အားခကို မပေး ဘဲ အကြွေး ထားမှုကြောင့် ကျွန်တော်တို့ခရီး နှောင့်နှေး ပြီး စည်းအပြင်က လူနှင့် ကြုံ ကြိုက်ဆုံ တွေ့ခဲ့ ရသည်။ ဦးကြီး ဦးသန်းအောင်နှင့် ဆုံ တွေ့ခဲ့ရသည့်အတွက် ရတနာ ဆိုင်ရှင်ကြီးကို ကျွန်တော် ကျေးဇူးတင် ရမည် ဆိုပါက အလွန်တရာ ကျေးဇူး တင်မိ မည်ဖြစ် ပါကြောင်း။
ယဉ်ယဉ်နု(မန္တလေး)
ရွှေအမြုတေမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၂၀၁၃
#News and Library ဘလော့ဂ်မှ ကူးယူထားပါသည်။
ခိုင်နီလာမောင် မှ