စမ်းရေပမာ

Posted on

စမ်းရေပမာ(စ/ဆုံး)

——————-

“အားလုံး…..ကြားကြားသမျှ…..အ မျှ…အမျှ….အမျှ….ယူတော်မူကြပါကုန်သော်…….
သာဓု….သာဓု…..သာဓု…….”

ဒေါ်နီဝေ တစ်ယောက် နံနက်ခင်းစောစောတွင် ဘုရားရှိခိုး အမျှပေးဝြေပီးသည်နှင့် အိမ်ရှေ့ဆီထွက်ကာ ကျေးငှက်ကလေးများအား အစာကျွေးနေလိုက်၏။

ခဏကြာသောအခါ အိမ်ထဲ၀င်၍ တစ်ဦးတည်းသော သားဖြစ်သူ မင်းမင်း အတွက် ထမင်းကြော်နှင့် ကော်ဖီဖျော်ခဲ့ပြီး မင်းမင်းအား နှိုးရန်အတွက် သားဖြစ်သူ၏ အိပ်ခန်းဆီသို့ လာခဲ့လိုက်၏။

“သား….ငမင်း….ထတော့လေ…..”

မိခင်ဖြစ်သူ၏ လှုပ်နှိုးမှုကြောင့် မင်းမင်း အိပ်နေရာမှ လူးလွန့်လာကာ

“အာ….အမေကလည်းဗျာ…..ဒီနေ့ကျောင်းပိတိရက်ကြီးဟာကို…..”

“ကျောင်းပိတ်လည်း….ကျူရှင်တက်ရမယ်လေ…..”

“အင်း….အင်း….ထပြီ…..”

မိခင်ဖြစ်သူအား တုန့်ပြန်စကား ပြောရင်း တဘက်သို့လှည့်ကာ ပြန်လည်အိပ်နေသည့် မင်းမင်းကြောင့် ဒေါ်နီဝေ စိတ်တိုသွားကာ

“ထတော့ဆိုတာကို…မထချင်ဦး…..ကဲ….ဖြန်း…ဖြန်း….”

တင်ပါးဆီမှ မိခင်၏ လက်နှင့်ခပ်ကြမ်းကြမ်း အရိုက်ခံလိုက်ရသောကြောင့် မင်းမင်း လှန့်ဖျတ်ကာ ကုန်းရုန်းထပြီး နောက်ဖေးရေကပြင်ဆီထပြေးလေတော့သည်။ ခဏနေလျှင် မင်းမင်းမျက်နှာသစ်ပြီး သူမပြင်ပေးထားသော မနက်စာကို စားကာ ကျူရှင်ရှိရာကို အပြေးအလွှားသွားပေတော့မည်ဟု သားဖြစ်သူ၏ အကြောင်းကိုတွေးကာ ဒေါ်နီဝေ ပြုံးလိုက်မိသည်။

ဤသည်ကား သူတို့သားအမိ၏ နေ့စဉ်နှင့်အမျှ ဖြတ်သန်းနေကျပုံစံတစ်ခုပင် ဖြစ်၏။ ဒေါ်နီဝေမှာ ခင်ပွန်းဖြစ်သူဆုံးပါးပြီးကတည်းက ငါးတန်းအရွယ်သာရှိသေးသော သားဖြစ်သူ မင်းမင်းကိုသာ အဖော်ပြု ဖြတ်သန်းလာသည်မှာ ယခု မင်းမင်းပင်ဆယ်တန်းရောက်နေပြီဖြစ်သည်။

သူမအတွက်တော့ ဒီသားလေးသာ ဘ၀၊ ဒီသားလေးသည်သာ အသက်ဖြစ်သည်။ မင်းမင်းကလည်း အလွန်ပင် လိမ္မာရေးခြားရှိသည်။ စာကြိုးစားပြီး မိခင်အပေါ်ချစ်မြတ်နိုးသည့် သားလိမ္မာလေးဖြစ်၏။ သို့ကြောင့် ဒေါ်နီဝေ အလွန်ပင်စိတ်ချမ်းသာရသည်။

ထို့ပြင် အသက်လေးဆယ့်ငါးနှစ်သာရှိသေးသော သူမအဖို့ ဤသားလေးကြောင့် နောက်အိမ်ထောင်ထူဖို့ရာ လုံး၀မစဉ်းစားမိခဲ့ပေ။ သားလေးကိုတင့်တောင်းတင့်တယ် ထားနိုင်ဖို့ရာအတွက် ဘ၀ကို မိန်းမသားတန်မဲ့ ရုန်းကန်ရင်း ဖြတ်သန်းနေ၏။ ဒေါ်နီဝေ သည် စျေးထဲတွင် အထည်ဆိုင်လေးဖွင့်ထားပြီး အပြောချို သဘောကောင်းသူမို့ လူချစ်လူခင်ပေါများကာ ဆိုင်လေးမှာ အရောင်းသွက်လှသည်။ သို့ကြောင့် စည်းပွားရေးအတော်အသင့်ကောင်းမွန်ကာ မပူပင်မကြောင့်မကျ နေထိုင်နိုင်သည်။

အားလုံးကို ပေါင်းချုပ်ရသော် သူမသည် သားလိမ္မာလေးတစ်ယောက်နှင့် ပျော်ရွှင်ဖွယ်မိသားစုလေးကို ပိုင်ဆိုင်ထားသည်ဟု ဆိုရပေမည်။

# # # #

တစ်နေ့ သူမဘ၀အတွက် လုံး၀မမေ့နိုင်သော နေ့တစ်နေ့။ သူမတို့သားအမိအတွက် ပျော်ရွှင်စရာတွေကို စတင်ယူဆောင်သွားတော့မည့် အက်ကြောင်းထနေသောနေ့လေး။ ထိုနေ့ကား ဆယ်တန်းအောင်စာရင်းထွက်သောနေ့ဖြစ်သည်။ သားဖြစ်သူ မနက်ခင်းအစောပိုင်း ကတည်းက အောင်စာရင်းသွားကြည့်သည်မှာ ယခု ညနေစောင်းနေပြီ ပြန်မလာသေး။ သို့ကြောင့် ဒေါ်နီဝေ စိတ်ပူနေရပြီဖြစ်သည်။

ကျောင်းဆီလိုက်သွားကာရှာဖွေသော်လည်းမတွေ့။ အောင်စာရင်းအားသွားကြည့်သောအခါတွင် သားဖြစ်သူ၏ နာမည်ကိုမတွေ့ရပေ။ သို့ကြောင့် သူမ၏သား မင်းမင်း စာမေးပွဲကျ၍ စိတ်ညစ်ပြီးလျှောက်သွားနေပြီဟု တွေးမိလိုက်၏။

ဒီကလေးသည် အရင်က ဒီလိုမဟုတ်ပေ၊ အလွန်စိတ်ဓာတ်ခိုင်မာသူဖြစ်သည်။ ယခု လျှောက်သွားတာက အရေးမကြီး ပေါက်ကရတွေလုပ်နေရင် သူမဆက်မတွေးရဲတော့ပေ။ လိုက်လံရှာဖွေရအောင်ကလည်း သားဖြစ်သူ သွားလာနေတတ်သော နေရာများကို သူမမသိ။ ထို့ကြောင့် နီးစပ်ရာနေရာ အနည်းငယ်ကိုသာ ရှာဖွေနိုင်ပြီး ဆက်မရှာနိုင်တော့။

စိတ်ထောင်းတော့ ကိုယ်ကြေဆိုသည့်အတိုင်း တစ်ကိုယ်လုံး အင်အားများမဲ့ကာ နုံးခွေနေပြီဖြစ်၏။ ထို့ကြောင့် ဆက်လက်၍ မရှာနိုင်တော့ပဲ အိမ်ပြန်လာခဲ့လိုက်သည်။ အိမ်ပြန်လမ်းတစ်လျှောက်လုံး မိမိမှာ စျေးနှင့်အိမ်၊ အိမ်နှင့်စျေးကိုသာ ကူးလူးသွားလာနေရသောကြောင့် မိမိ၏သားဖြစ်သူ သွားလာတတ်သည့်နေရာများကို မသိရလေခြင်းဟု မိမိကိုယ်ကိုသာ အပြစ်တွေ အထပ်ထပ်တင်နေမိတော့သည်။

အိမ်ပြန်ရောက်သောအခါ အိပ်ရာပေါ်ပစ်လှဲချရင်း တရှု့ံရှုံ့ငိုနေမိ၏။ ထို့နောက် စိတ်သောကများကြောင့် ငိုရလွန်းသဖြင့် ပင်ပန်းပြီး အိပ်ပျော်သွားလေတော့သည်။

“ဒုန်း…ဒုန်း…ဒုန်း….”

အိမ်တံခါးအား တဒုန်းဒုန်းထုနေသော အသံကြောင့် ဒေါ်နီဝေ အိပ်ပျော်နေရာမှ လန့်နိုးသွားရသည်။ နာရီကိုကြည့်တော့ ဆယ်နာရီခွဲရှိပြီဖြစ်သည်။

“အမေ….အမေ့….တံခါးဖွင့်ပေးပါဦး….”

“ဟင်….မင်းမင်း..အသံပါလား….အာလေးလျှာလေးနဲ့….အရက်တွေသောက်လာတယ်ထင်တယ်….”

သူမ ကမန်းကတန်း တံခါးသွားဖွင့်ကြည့်လိုက်သော အခါ မင်းမင်းမှာ အိမ်ရှေ့လှေကားရင်းတွင် ထိုင်ရင်း ခေါင်းစိုက်နေပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှ အရက်နံ့များကြောင့် ဒေါ်နီဝေ နှာခေါင်းရှုံ့လိုက်ကာ သားဖြစ်သူအားတွဲပြီး အိပ်ရာဆီတွဲကာ သိပ်ထားလိုက်တော့သည်။

“ငါ့သားရယ်….ဆယ်တန်းကျရုံနဲ့…ဘာလို့….အရက်တွေသောက်လာရတာလဲ…..”

မိခင်တစ်ယောက်၏ ရင်ထဲမှ အပူကို ဒေါ်နီဝေ မချိတင်ကဲ ရေရွတ်လိုက်သော်လည်း သူမ၏ စကားတို့ကို သားဖြစ်သူမင်းမင်းကား မကြားနိုင်တော့လောက်အောင် အိပ်မောကြနေခဲ့ပြီဖြစ်သည်။

ဒေါ်နီဝေတစ်ယောက် တစ်ခါမှ အရက်မသောက်စဖူး သောက်လာသော သားဖြစ်သူကို ကြည့်ရင်း ဒေါ်နီဝေ ငိုရှိုက်မိနေသည်။ စိတ်ထဲမှ လည်း သားဖြစ်သူအတွက် မည့်ကဲ့သို့အားပေးရမည်ကို စဉ်းစားကာ အိပ်ပျော်သွားလေတော့သည်။

# # # #

အမှန်တကယ်တွင် မင်းမင်းသည် ဆယ်တန်းကျသဖြင့် စိတ်လေနေခြင်းမဟုတ်ပေ။ ဆယ်တန်းအောင်လျှင် သူနှင့် အတန်းတူတူတက်နေသော ချစ်ရသူ ဖူးပွင့်ဝေဆိုသော ကောင်မလေးက အဖြေပေးမည်ဟု ပြောထားခဲ့ပြီး သူဆယ်တန်းကျသောအခါ ကောင်မလေးမှာ သူ့ကို့အဖတ်ပင်မလုပ်တော့ တခြားတစ်ယောက်နှင့် တွဲနေသော ကြောင့် အသည်းကွဲကာ အရက်သောက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက်ပိုင်းတွင်တော့ မင်းမင်းသည် အရင်ကနှင့်မတူ အစစအရာရာ ပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားကာ ဆယ်တန်းကိုပြန် ဖြေဖို့လည်း မစဉ်းစား၊ နေ့စဉ် အရက်ကလေးတစ်မြမြနှင့် မိခင်ဘယ်လောက်ပြောပြော ဘယ်လောက်ဆူဆူ ပြန်မပြောနားမထောင်ဖြစ်လာသည်။ အပေါင်းအသင်းများကလည်း စုံလင်လာကာ မကောင်းသည့်ဘက်တွင် အလုပ်စုံလုပ်တတ်လာသည်။ အရက်၊ ဖဲ၊ မိန်းမ၊ မူးယစ်ဆေး၊ လောင်းကစားစသည့် မကောင်းသည့် လိုင်းပေါင်းစုံတွင် ကျင်လည်တတ်လာကာ လူကလည်း တက်လူပေမို့ လက်စကလေးကလည်းထက်လာသည်။ ဟိုနေရာ၊ ဒီနေရာ ဖြစ်သမျှရန်ပွဲတိုင်း မင်းမင်းမပါလျှင် ပွဲမစည်သလိုပင်။

ဤသို့ဖြင့် ငါးနှစ်တာဆိုသောကာလအတွင်း ဒေါ်နီဝေ ခမျာ မင်းမင်းကို ရဲစခန်းတွင်အာမခံနှင့် လိုက်လံထုတ်ပေးခဲ့ရသော အကြိမ်ပေါင်းမနည်းတော့ပေ။ ရပ်ကွက်ရုံးဆိုလျှင် မင်းမင်း၏ ပြသနာများကို သွားရှင်းရဖန်များသဖြင့် ချောင်းပင်ပေါက်မတတ်ဖြစ်နေပြီ။

ယခုလည်း သူနှင့်ရွယ်တူ တခြားရပ်ကွက်တစ်ခုမှ ကောင်လေးကို ရိုက်ခဲ့သောကြောင့် မင်းမင်း ရဲစခန်းတွင် အဖမ်းခံထားရသည်ဟု ရပ်ကွက်ရုံးမှ အကြောင်းကြားလာသဖြင့် ဒေါ်နီဝေ ရဲစခန်းသို့ ချက်ချင်းထွက်ခဲ့လိုက်သည်။

ယခင်က ဘုရားတရားမြဲခဲ့သော ဒေါ်နီဝေတစ်ယောက် ယခုဆိုလျှင် ဘုရားဝေး တရားဝေး သားဆိုးမအေ တစ်ပေပေဘ၀ကို ရောက်မှန်းမသိရောက်နေရပြီဖြစ်သည်။ စျေးအတွင်း ဖွင့်ထားသော အထည်ဆိုင်လေးသည်လည်း မင်းမင်း၏ ကိစ္စများကြောင့် ပုံမှန်မဖွင့်နိုင်တော့ပဲ ပိတ်ရက်ကများလာပြီး စည်းပွားရေးမှာလည်း ရော်ကြေးပေးရ၊ ဆေးဖိုးပေးရနှင့် ကြာတော့ လုံးပါးပါးကာ အကြွေးများပင် ပတ်လည်ဝိုင်းနေရ၏။

ဒေါ်နီဝေ ရဲစခန်းကိုရောက်သောအခါ စခန်းမှူးမှ ခေါ်၍

“အန်တီက….မင်းမင်းရဲ့ အမေနော်….”

“ဟုတ်ပါတယ်ရှင်…..ကျွန်မက…မင်းမင်းရဲ့ အမေပါ…..”

“အင်းဗျာ….အန်တီ့သားက….သူကျောင်းတုန်းက…ကောင်းမလေးနဲ့ တွဲနေတဲ့…ကောင်လေးကို….ဘီယာဆိုင်မှာရိုက်လိုက်တာ….အတော်လက်လွန်သွားတယ်ဗျာ…..ဟိုဘက်ကလည်း….ဒီကိစ္စကိုလုံး၀…ကျေအေးမပေးနိုင်ဘူးပြောတယ်….”

စခန်းမှူး၏ စကားကြောင့် ဒေါ်နီဝေ တစ်ယာက်သား အတွက်စိတ်ပူသွားကာ

“ဆရာရယ်…..အဲ့ဒါဆို…ကျွန်မသူတို့ကျေနပ်အောင် ရော်ကြေးပေးပါ့မယ်လို့….အမှုကိုကျေအေးပေးပါလို့….ပြောပေးပါနော်ဆရာ….ကျွန်မမှာ ဒီသားလေးတစ်ယောက်ထဲရှိတာမို့…တစ်စုံတစ်ခုဖြဟ်သွားရင်….အဟင့်….ဟင့်…”

စကားကိုပင်ဆုံးအောင်မပြောနိုင်တော့ပဲ ငိုရှိုက်ကာနေသော ဒေါ်နီဝေကို ကြည့်ပြီး စခန်းမှူး သည် ခေါင်းကိုဖြေးညှင်းစွာခါ၍ သက်ပြင်းချလိုက်ပြီး

“အဆင်မပြေနိုင်ဘူးအန်တီ….သူတို့ကလည်း…ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းကပဲ…..အဲ့ဒီတော့….လျှော်ကြေးငွေထက်…မင်းမင်းကို…ထောင်ချပေးပါလို့ပဲ ပြောနေတယ်…..နောက်ပြီး….သူတို့ဘက်ကလည်း….ဘယ်လိုမှကို မကျေနပ်နိုင်ဘူး…အန်တီ့သားကို….တွေ့ရာသချိ င်္ုင်းဓားမဆိုင်းဘူးတဲ့….အဲ့ဒီတော့….သူတို့လည်း….ဒေါသတွေပြေသွားအောင်….ထိုက်သင့်တဲ့…အပြစ်ဒဏ်ကို…ခံယူလိုက်တာ….အကောင်းဆုံးပဲအန်တီ….နောက်ဖြစ်လာမယ့်…ပြသနာတွေ…ကင်းတာပေါ့ဗျာ….”

နောက်ဆုံး ဘယ်လိုမှ ညှိနှုင်းမရခဲ့သောကြောင့် ဒေါ်နီဝေတစ်ယောက် မင်းမင်းကို တွေ့ခွင့်တောင်းကာ အချုပ်ခန်းရှိရာလာခဲ့လိုက်သည်။ အချုပ်ခန်းအတွင်း၀ယ် မင်းမင်းကတော့ အပြုံးပင်မပျက် အေးအေးဆေးဆေးပင်။ မိခင်ဖြစ်သူကိုမြင်တော့ အနားရောက်လာကာ

“အမေကလည်းဗျာ….ဘာဖြစ်လို့လိုက်လာပြန်တာလဲ…..ကျုပ်ဘာဖြစ်ဖြစ်လိုက်မလာပါနဲ့လို့ပြောထားတဲ့ဟာကို….”

သားဖြစ်သူက အချုပ်ခန်းအတွင်းမှ ဆီးကြိုကာ အော်ငေါက်နေသောကြောင့် ဒေါ်နီဝေ ပိုမိုကာ ၀မ်းနည်းမိပြီး မျက်ရည်တို့ကား အတားအဆီးမဲ့ စီးကျလာကာ

“သားရယ်…အမေက…ငါ့သားလေးဒုက္ခရောက်နေတာ….မကြည့်ရက်လို့လိုက်လာတာပါ….”

“အိုဗျာ….ကျုပ်ဘာပဲ ဖြစ်ဖြစ်လိုက်မလာနဲ့….အခုကျုပ်ရဲ့ ဘ၀နဲ့အချစ်တွေကို လုယူပြီး ပျက်ဆီးအောင်လုပ်သွားတဲ့….ဟိုကောင့်ကို လက်စားချေရလို့…ကျေနပ်တယ်….အဲ့ဒီအတွက်လည်း….ဘာပဲဖြစ်လာဖြစ်လာ…ကျုပ်ခံယူဖို့အသင့်ပဲ…..ဟား….ဟား….”

ဒေါ်နီဝေသည် အချုပ်ခန်းအတွင်းမှ မိုက်သွေးတေကြွနေသော သားလူမိုက်ကြီးကို ကြည့်ကာ ငိုနေရုံမှ တပါး အခြားမရှိတော့ပေ။ ထို့ကြောင့်

“သားရယ်….ကျန်းမာရေးတော့ကောင်းအောင်နေနော်….”

ဟု မှာကာ သားဖြဟ်သူ၏ မျက်နှာကို တစ်ဝြကီးကြည့်လိုက်ပြီး အိမ်ပြန်လာခဲ့လိုက်တော့သည်။

# # # #

ထိုအမှုနှင့် မင်းမင်း ထောင်ဒဏ်တစ်နှစ်ခွဲကျခဲ့၏။ ဒေါ်နီဝေမှာတော့ နေ့စဉ်နှင့်အမျှ သားဖြစ်သူကို သတိရစိတ်တွေနှင့် ့စိုးရိမ်စိတ်တွေကြောင့် စားချိန်အိပ်ချိန်မမှန်တော့ပဲ အိပ်ရာထဲ ဘုံးဘုံးလဲလေတော့သည်။ အသက်အရွယ်လည်း ငါးဆယ်ကျော်ပြီမို့ ဇရာထောင်းလာသည်က တစ်ကြောင်း တစ်ဦးတည်းနေထိုင်ရသည်ကတစ်ကြောင်းကြောင့် သူမကျန်းမာရေးမကောင်းချိန်၀ယ်အနီးပတ်၀န်းကျင်မှ လူအများကသာ အလှည့်ကျ ပြုစုစောင့်ရှောက်ကာ ထားပေးရသည်။

ဤသို့ဖြင့် ဒေါ်နီဝေ၏ ကျန်းမာရေးမှာ တစ်နေ့တခြားဆိုးရွားလာပြီး မင်းမင်းထောင်ကလွတ်ဖို့ နှစ်ရက်ခန့်အလိုတွင် သားဖြစ်သူကို စောင့်မျှော်ရင်း လူသားတိုင်းမလွန်ဆန်နိုင်သော အနိစ္စလမ်းကို လျှောက်လှမ်းသွားလေတော့သည်။ သို့ကြောင့် ၄င်း၏ နာရေးကိစ္စအ၀၀အား ရပ်ကွက်မှပင် အဆင်ပြေအောင် တာ၀န်ယူဆောင်ရွက်ပေးရလေတော့သည်။

# # # #

“ဝုန်း….”

“ဂျိုင်း…..”

ထောင်ဘူး၀တံခါးကြီးဆီမှ မင်းမင်းထွက်လာလိုက်၏။ သူ၏ စိတ်ထဲ၀ယ် ယခင်ကပြုခဲ့ဖူးသော မကောင်းမှုများကို အကုန်ခဝါချကာ စိတ်သစ်လူသစ်နှင့် မိခင်ဖြစ်သူအား လုပ်ကျွေးပြုစုတော့မည်ဟု ရည်ရွယ်ကာ နောက်လှည့်မကြည့်စတမ်းထွက်လာခဲ့လိုက်သည်။

စိတ်သစ်လူသစ်နှင်မို့ လှမ်းလိုက်သမျှခြေလှမ်းတိုင်းသည် လွန်စွာပေါ့ပါးသွက်လက်နေ၏။ အာရုံ၀ယ် မိခင်၏ မျက်နှကိုမြင်ယောင်ရင်း လက်ဆယ်ဖြာမိုးယှက်ကာ စိတ်မှန်းဖြင့် ရည်မျှော်ကန်တော့လိုက်ပြီး

“အမေ…အမေ့သားလူမိုက်ကြီး….အရင်လို…မဆိုးတော့ဘဲ….အမေ့ကို…လုပ်ကျွေးပြုစုဖို့….အိမ်ပြန်လာနေပြီဗျ….အမေ့….စိတ်ချမ်းသာရတော့မှာမို့…..ပျော်ပျော်ကြီး….ကြိုနေပါတော့နော်….ဟုရေရွတ်လိုက်၏။

လမ်းလျှောက်လာရင်း ထောင်၏ ဧရိယာမှလွန်သော် လမ်းသွယ်လေးတစ်ခုအတွင်းချိုး၀င်လိုက်ချိန်

“၀ူး…….”

“ကျွီ…..”

“ဟေ့ကောင်တွေ….အဲ့ဒီကောင်ကို….ကားပေါ်တင်စမ်း…..”

မင်းမင်း၏ နံဘေးနားသို့ အမဲရောင်ကားတစ်စီး ထိုးရပ်လာကာ ကားပေါ်မှ လူငါးဦးခန့်ဆင်းလာကြပြီး မင်းမင်းအား ဝိုင်းချုပ်၍ ကားပေါ်တင်ခေါ်သွားကြလေတော့သည်။ ထို့နောက် ကားအတွင်း၀ယ် ရုန်းရင်းဆန်ခတ် ဖြစ်နေ၏။

” ဟေ့လူတွေ….ခင်ဗျားတို့…..”

“ဒုတ္​….”

အသံနှစ်ခု ရှေ့ဆင့်နောက်ဆင့် ထွက်ကာ မင်းမင်းပါးစပ်မှ စကားပင်မဆုံးသေး ဦးခေါင်းဆီမှ ပူခနဲဖြစ်သွားပြီး မျက်လုံးထဲတွင် အမှောင်ထုကြီးသာ မြင်လိုက်ရကာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားလေတော့သည်။

မင်းမင်းအပါအ၀င် ထိုသူများမမြင်တွေ့လိုက်သော အရာတစ်ခုကားရှိနေ၏။ ထိုအရာကား မျက်ရည်များဖြင့် စိုနစ်နေသော မျက်၀န်းတစ်စုံပင်ဖြစ်သည်။

# # # #

“ဆရာ….ဆရာ….ကယ်ပါဦးရှင်….”
ဒုရဲအုပ် သူရိန် စခန်းအတွင်းရှိ တာ၀န်မှူးရုံးခန်းတွင် တာ၀န်ထမ်းဆောင်နေစဉ် စခန်းအတွင်းသို့ ငိုယိုကာ အော်ဟစ်ရင်းပြေး၀င်လာသော အသံကြောင့် ထွက်ကြည့်လိုက်မိသည်။ အသံပိုင်ရှင်ကား အသက်ငါးဆယ်၀န်းကျင်ခန့်ရှိပြီဖြစ်၏။ ထိုအမျိုးသမီးသည် သူရိန်အားမြင်သော်

“ဆရာ…ဆရာ….ကျွန်မသား….သားလေးကို…..လူဆိုးတွေဖမ်းသွားကြလို့…ကယ်ပါဦးဆရာရယ်…..”

“ဟုတ်ကဲ့….ခဏထိုင်ပါဦး…အန်တီ…..”

သူရိန့်စကားကြောင့် ထိုအမျိုးသမီးသည် ထိုင်ခုံတွင် ၀င်ထိုင်လိုက်ရင်း

“ဆရာ….”

“ဟုတ်ကဲ့….အန်တီ…စိတ်မပူပါနဲ့…ကျွနိတော်တို့…အန်တီသားကိုကယ်ပေးပါ့မယ်…အခုလောလောဆယ်…အန်တီနာမည်နဲ့….ဖြစ်စဉ်ကို….အသေးစိတ်ပြောပြပါဦး…..”

“ကျွန်မနာမည်…ဒေါ်နီဝေ ပါဆရာ….သူတို့က…………….”

သူရိန်လည်း ဒေါ်နီဝေဆိုသည့်အမျိုးသမီး၏ ပြောပြချက်များအား အသေးစိတ်မှတ်တမ်းယူလိုက်ပြီနောက်

“သူတို့….အန်တီသားကို….ဘယ်နေရာ ကိုဖမ်းသွားလဲဆိုတာသိလားဗျာ….”

“ဟုတ်ကဲ့…ကျွန်မသိပါတယ်ဆရာ….”

“အဲ့ဒါဆိုကျွန်တော်တို့ကို လိုက်ပြပေးပါနော်….”

“ဟုတ်ကဲ့…ကျွန်မသားလေးကို…အမြန်ဆုံးကယ်ပေးပါတော့ဆရာရယ်…..”

ထို့နောက် သူရိန်လည်း စခန်းရှိ ရဲသားများအား လက်နက်များနှင့်အတူ စုစည်းစေကာ စခန်းပိုင် ဂျစ်ကားဖြင့် ထွက်ခွာခဲ့ကြတော့သည်။

# # # #

မြို့၏ အပြင်ဘက် ဆန်ဂိုထောင်အပျက်ကြီး တစ်ခုအတွင်း၀ယ် လူခုနှစ်ဦးသည် အရက်ထိုင်သောက်နေကြကာ စကားများပွက်လောရိုက်အောင် ပြောဆိုနေကြ၏။ သူတို့နှင့် ခပ်လှမ်းလှမ်းဆီတွင်တော့ လူတစ်ဦးအား မတ်တပ်ရပ်အနေအထားဖြင့် ခြေလက်များအား ကြိုးဖြင့်ချည်ကာ ထုပ်တန်းတွင် တန်းလန်းဆွဲထား၏။ ထိုသူသည် သတိမေ့နေပုံရပြီး ဦးခေါင်းမှာ ငိုက်စိုက်ကျလျှက် ရှိနေသည်။

” ဗြမ္​း…..”

မျက်နှာဆီ ထိမှန်လာသော ရေများ၏ အေးစက်စက်အထိအတွေ့ကြောင့် မင်းမင်း သတိလစ်နေရာမှ လူးလွန့်လာ၏။ ထိုစဉ်

“ဖြောင်း….”

ပါးဆီမှ ပူခနဲဖစ်သွားကာ နှုတ်ခမ်းဆီမှ ညှီစို့စို့ ငံကျိကျိ ပူနွေးသော သွေးအရသာများကို ခံစားလိုက်ရသည်။

“ဟိတ်ကောင်…..မင်းငါ့ကို….သေချာကြည့်စမ်း…..ငါဘယ်သူလဲဆိုတာ……”

မင်းမင်း ဦးခေါင်းအား လက်နှင့် ခပ်ကြမ်းကြမ်း ဆွဲမော့ကာ ပြောလာသည့်စကားကြောင့် မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်၏။

“ဟင်….မင်း…..မင်း…..”

ထိုသူကား မင်းမင်း ဘီယာဆိုင်တွင် ရိုက်ခဲ့သောကြောင့် သေလုမျောပါး ခံစားခဲရသော ငမျိုးခေါ် တင်မျိုး၀င်း။

“အေး…ဟုတ်တယ်…..ငါက…မင်းတစ်ချိန်က…လက်စွမ်းပြတာကို…သေလုမျောပါးခံစားခဲ့ရတဲ့…ငမျိုးပဲ…ဟင်း…ဟင်း..ဟင်း….အခုတော့…ငါ့အလှည့်ပေါ့ကွာ…..”

“အော်…မင်းလိုကောင်ကများ…င့ါကို…ဟား..ဟား…ဟား…ရော့ကွာ….”

“ဒုန္​း…..”

မင်းမင်း ခနဲ့ကာပြောလိုက်ရင်း ငမျိုးအား လှမ်းထိုးလိုက်၏။ သို့သော် သူ၏ လက်များကား ထုပ်တန်းတွင် ကြိုးဖြင့် ချည်ထားသောကြောင့် ထင်တိုင်းမဖြစ်ခဲ့။ ငမျိုးမှာ မင်းမင်း၏ အဖြစ်အပျက်အား ကြည့်ကာ

“ဟား…..ဟား….ရီရတယ်ကွာ…အခုအချိန်ထိ…ကို့ယ်အခြေအနေကို…မသိသေးဘူးပဲဟ….မင်းကိုအခုလို…လက်စားချေဖို့အတွက်….ငါက…မင်းထောင်ကထွက်မဲ့အချိန်ကို….စောင့်မျှော်နေခဲ့တာကွ….ကဲ…အခုတော့…..ကြာပါတယ်ကွာ….ဟိတ်ကောင်တွေ…ဒီကောင့်ကို…လက်စွမ်းပြလိုက်ကြဦး…..”

ငမျိုး၏ စကားသံ အဆုံး မင်းမင်း၏ ခန္ဓာကိုယ် အနှံ့အပြားဆီသို့ ကျန်လူများ၏ ပြင်းထန်သော လက်သီးချက်တို့ လာရောက်ကာထိမှန်လေတော့သည်။ တအောင့်မျှကြာသောအခါ မင်းမင်းမှာ အတော်ပင် ပျော့ခွေနေပြီဖြစ်သည်။ ထိုစဉ်

“တော်ပြီ…..တော်ကြတော့….ဒီကိစ္စက ကြာလို့မကောင်းဘူး….အမြန်ဆုံးအပြတ်ရှင်းမှရမယ်….”

ငမျိုးမှာ ပြောပြောဆိုဆို ထိုင်ကြည့်နေရာမှ ထလာပြီး သူ၏ ခါးကြားထိုးထားသော ဓားမြောင်ကို ဆွဲထုတ်ကာ မင်းမင်းရှိရာ တစ်လှမ်းချင်းလျှောက်ကာ လာနေ၏။

မင်းမင်းမှာလည်း မိမိသေရတော့မည်ဆိုသည့် အသိကြောင့် မျက်စိကို စုံမှိတ်ထားလိုက်၏။ ထိုစဉ်သူ၏ အာရုံတွင် မိခင်၏ ပုံရိပ်ကား ထင်ရှားစွာပေါ်လာပြီး

“သား….သား….ဘာမှ မဖြစ်ဘူးနော်…အမေရှိတယ်….ဘာမှမကြောက်နဲ့နော်….သား…..”

မင်းမင်းလည်း မိမိ၏ အာရုံတွင် ထင်ဟပ်လာသော မိခင်၏ ပုံရိပ်အား ကြည့့်ကာ ၀မ်းသာအားရဖြင့်

“အ….မေ……”

ဟုအားတင်းကာ ခေါ်လိုက်ရင်း သူ၏ အသိစိတ်၀ယ် အရာအားလုံးသည် အမှောင်အတိကျသွားလေတော့သည်။

# # # #

” အား…..ကျွတ်….ကျွတ်….”

မင်းမင်း နာကျင်ကိုက်ခဲမှုများကြောင့် ညည်းညူလိုက်ရင်း သတိရလာလေသည်။ မိမိကိုယ်ကို ဘာဖြစ်ခဲ့သည်ကို ပြန်စဉ်းစားရင်း မျက်စိကို အားယူဖွင့်လိုက်စဉ်

“ညီလေး….မင်းသတိရပြီလား…..”

နံဘေးဆီမှ ကြည်လင်စွာထွက် ပေါ်လာသော အသံကြောင့် လှည့်ကြည့်လိုက်မိသည်။ ယူနီဖောင်း၀တ်စုံကို စမတ်ကျကျ၀တ်ဆင်ထားသော သူနှင့်မတိမ်းမယိမ်းအရွယ်ရှိမည်ဟု ခန့်မှန်းရသည့် ရဲတစ်ဦးအားတွေ့လိုက်သည်။

“ကိုက….မြို့မရဲစခန်းက…ဒုရဲအုပ်သူရိန်ပါ…ညီ….”

“ဟို…ဟို….ကျွန်တော်…သေသွားပြီလားဟင်….”

မင်းမင်း၏ မေးခွန်းကြောင့် ကိုသူရိန်ဆိုသူမှာ နှစ်လိုဖွယ်ပြုံးလိုက်ရင်း

“မင်းမသေသေးပါဘူးကွာ…သတိလစ်နေခဲ့တာပါ….မင်းသိပ်ကံကောင်းတယ်…..အကိုတို့ အချိန်မီရောက်လာပေလို့ပဲ…..နို့မို့ဆို…မလွယ်ဘူးကွ….”

“ဗျာ….ဟုတ်ကဲ့…ဆရာ….ဒါနဲ့..ကျွန်တော်သတိလစ်နေတာ….ဘ်ာလောက်ကြာပြီလဲ….”

“အင်း….အခုကဆယ့်နှစ်နာရီကျော်ပြီဆိုတော့….သုံးနာရီ၀န်းကျင်လောက်ရှိပြီကွ…”

“ဟုတ်လားအကို…..ကျွန်တော်ကို..ကယ်ပေးလို့…ကျေးဇူးတင်ပါတယ်ဗျာ……”

“နေဦး…ညီလေးရဲ့….ကျေးဇူးတင်မသောနဲ့ဦး…..မင်းတကယ်ကျေးဇူးတင်ရမှာက…မင်းရဲ့အမေကိုကွ…..”

သူရိန်၏ စကားကြောင့် မင်းမင်းနားလည်ရခက်သွားကာ

“ဗျာ….အမေ့ကို….အဲ့ဒါဆို…အခုအမေကောဟင်….”

ထိုအခါမှသာ မင်းမင်းသူ၏ မိခင်ကို သတိရသွားပြီး မေးလိုက်သာအခါ ထိုရဲသားမှာ စဉ်းစားရခက်သွားဟန်ဖြင့်

“အေး….အဲ့ဒါတော့အကိုလည်းမသိသေးဘူး….ထူးတော့ထူးဆန်းတယ်ကွ…မင်းအမေက…အကိုတို့နဲ့…မင်းကိုဖမ်းထားတဲ့နေရာအထိပါလာသေးတယ်ကွ….အပြန်ကျတော့..မတွေ့တော့ဘူး…အကိုတို့လည်း…ညီလေးအသက်အန္တရာယ်ဖြစ်မှာစိုးလို့ ကမန်းကတန်း ပြန်လာကြတာ….စိတ်တော့မပူပါနဲ့…အခု…အကိုတို့လူတွေ…အဲ့ဒီကိုသွားပြန်ရှာနေကြပါတယ်….”

ထိုရဲ၏ စကားကြောင့် မင်းမင်းလည်း မိခင်ကို စိတ်ပူသွားရကာ

“အဲ့ဒါဆို…အမေက….အိမ်များပြန်ရောက်နေသလားပဲ….အကို….ကျွန်တော်သွားကြည့်ချင်တယ်….လိုက်ပို့ပေးလို့ရမလားဗျာ……”

“အင်း…ဆရာ၀န်လာစမ်းသပ်လို့…ညီလေးအခြေအနေက သက်သာတယ်ဆိုရင်တော့….အကိုတို့လိုက်ပို့ပေးပါ့မယ်….”

မင်းမင်းတို့စကားပြောနေစဉ် ဆရာ၀န်ရောက်လာသောကြောင့် ပြောလက်စ စကားများအားဖြတ်ကာ ဆရာ၀န်၏ အစစ်ဆေးကို ခံယူနေလိုက်၏။ ခဏကြာတွင် ဆရာ၀န်သည် မင်းမင်းအား စမ်းသပ်ပြီးနောက် သူရိန် ဘက်လှည့်ကာ

“လူနာက…စိတ်ပူစရာတော့ မရှိတော့ပါဘူးဗျာ…ဒါပေမယ့်စိတ်ချရအောင်…ဆေးရုံ
တော့ သုံးလေးရက်လောက်တက်ရလိမ့်မယ်…..”

ထိုအခါ ဆရာ၀န်၏ စကားကို နားထောင်နေသော သူရိန်မှ

“ဒေါက်တာ….လူနာက…ဒီမနက်ကမှ ထောင်ကထွက်လာတာပါ….အခု…သူရဲ့အမေကို…တွေ့ချင်တယ်ပြောနေလို့….ခဏခေါ်သွားပေးလို့ရမလား….”

ဆရာ၀န်မှာ ခဏစဉ်းစားလိုက်ပြီး

“အင်း….ရပါတယ်…ဆရာ….ဒါပေမယ့်…သူကိုတော့ လှုပ်လှုပ်ရှားရှား သိပ်မလုပ်စေနဲ့ဦး….”

ဆရာ၀န်ဆီမှ ခွင့်ပြုချက်ရပြီမို့ သူရိန်နှင့် မင်းမင်းတို့ ပြင်ဆင်စရာရှိတာများကို ချက်ချင်းပြင်ဆင်ကာ ဆေးရုံမှ ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ကြသည်။

# # # #

“ဟင်….”

“ဘာပါလိမ္​့….”

အိမ်သို့ရောက်သောအခါ အိမ်ရှေ့တွင် ကဏ္ဍဖျဉ်းထိုးထားသဖြင့် မင်းမင်းနှင့် သူရိန်တို့ အံ့သြသွားကြရ၏။ နှစ်ဦးသား ခြံထဲ၀င်လာစဉ်

“ဟာ….မင်းမင်း….လွတ်လာပြီလား…..”

နံဘေးအိမ်တွင်နေထိုင်သော ဒေါ်စန်း၏ အမေးကို ခေါင်းညိတ်ဖြေလိုက်ရင်း

“ဟုတ်ကဲ့…ဒါနဲ့….အခုဟာက…ဘာဖြစ်နေကြတာလဲ….အမေကော….ဘယ်သွားလဲ…. ”

မင်းမင်း၏ အမေးကြောင့် ဒေါ်စန်းမှာ မျက်ရည်များရစ်ဝဲရင်း

“ငမင်း….လူမိုက်ကြီး….အခုဟာက…နင့်အမေရဲ့နာရေးဟဲ့…ငမင်းလူမိုက်ကြီးရဲ့…..အီး…ဟီး…ဟီး….”

“ဗျာ….”

ဒေါ်စန်း၏ ငိုယိုကာပြောလာသော အဖြေကြောင့် မင်းမင်း ၏ ဦးခေါင်းများ ချာချာလည်သွားရပါတော့သည်။ အမေသေဆုံးပြီဆိုသောစကားသည် သူ၏ ဘ၀တစ်ခုလုံး ဆုံးရှုံးသွားရသလိုခံစားလိုက်ရ၏။ သူ၏ မျက်၀န်းဆီမှ မျက်ရည်တို့ကား အတားအဆီးမဲ့ စွာ လိမ့်ကျစီးဆင်းလာလေ၏။ ထို့အပြင် ဒေါ်စန်း၏ အဖြေကြောင့် နံဘေးတွင် ရပ်နေသော သူရိန် သည်လည်းအံ့သြသွားရသည်။

အဘယ့်ကြောင့်ဆိုသော် မနက်ကတင် ဒေါ်နီဝေဆိုသော မင်းမင်း၏ အမေသည် သူ့သားအား လူဆိုးတွေဖမ်းသွားသည့်အတွက် အမြန်ကယ်တင်ပေးရန် စခန်းတွင် လာရောက်တိုင်ကြားခဲ့သည် မဟုတ်ပါလား။ ထိုအချိန်က ဒေါ်နီဝေသည် မိမိတို့နှင့်အတူ မင်းမင်းအား ဖမ်းဆီးထားရာ ဂိုထောင်ကြီး အထိပင် လိုက်ပါလာခဲ့သေးသည် မဟုတ်ပါလား။ အပြန်တွင်တော့ ဒေါ်နီဝေအား မတွေ့ရ။.ထူးဆန်းလွန်းစွာ ပျောက်နေခဲ့သည်မို့ သူရန်၏ စိတ်ထဲ၀ယ် ဒါမှဟုတ် ဟိုနေရာတွင်ကျန်ခဲ့စဉ် တစ်စုံတစ်ခု၏ အန္တရာယ်ကြောင့် သေဆုံးသွားရလေသလားဟု ဒွိဟတွေများစွာ ဖြစ်ပေါ်လာကာ ဒေါ်စန်းအား ၀င်ရောက်မေးမြန်းလိုက်၏။

“အန်တီ….မင်းမင်းအမေက…ဘယ်တုန်းကဆုံးတာလဲ…..” ဟု အလောတကြီးမေးလိုက်မိသည်။

“လွန်ခဲ့တဲ့နှစ်ရက်လောက်ကဆုံးတာ…မနီဝေက….မင်းမင်း ထောင်ကျသွားပြီကတည်းက…သူ့သားစိတ်နဲ့ပဲ…အိပ်ရာထဲလဲနေရင်း….နလန်မထူနိုင်တော့ပဲ…ဆုံးသွားတာ….နာရေးပို့တောင်…ထွက်သွားတာမကြာသေးဘူး…..လိုက်ရင်မှီလောက်သေးတယ်…..”

ဒေါ်စန်း၏ မှီနိုင်သေးတယ် ဆိုသောစကားကြောင့် သူရိန်နှင့်မင်းမင်းလည်း ချက်ချင်းပင် သုသာန်သို့ လိုက်ကြလေတော့၏။

သုသာန်ကိုရောက်သောအခါ ပူလောင်စူးရှနေသော နေရောင်အောက်၀ယ် နာရေးလာပို့လာကြသည့် လူအများကိုကြည့်ကာ မင်းမင်းရင်ထဲ စို့နစ်သွားရသည်။

မိမိ၏ ဘ၀တွင် ဆိုးသွမ်းမိုက်ရိုင်းခဲ့စဉ်က အချိန်တွေကို နှမြောတသစွာဖြင့် နောင်တအကြီးအကျယ်ရမိနေတော့သည်။ ယခု အမြင်မှန်ရကာ အစစအရာရာ ပြောင်းလဲပြ်ီး မိခင်ကို စိတ်ချမ်းသာစွာ ပြုစုစောင့်ရှောက်တော့မည်ဆိုသောအခါမှ အရာရာသည် နောက်ကျလွန်းနေခဲ့ရပြီ။ မျှော်မှန်ထားသောရွှေတောင်ကြီးသည် ပြိုပျက်ခဲ့ရလေပြီ။ မင်းမင်း၏ ရင်ထဲမှ ခံစားချက်တို့ကား ငရဲမီးတမျှ ပူလောင်လွန်လှ၏။ ကိုသူရိန် ဆိုင်ကယ်အား ရပ်လိုက်သည်နှင့် မင်းမင်းနောက်တွင် ထိုင်နေရာမှ ခုန်ချဆင်းလိုက်ကာ လူအုပ်အတွင်း အပြေးအလွှားပြေး၀င်လိုက်ကာ နှုတ်မှလည်း

“အမေ……အမေရေ……အမေ….ဘယ်မှာလဲ……”

နာရေးပို့သည့် လူအုပ်ထဲသို့ အော်ဟစ်ငိုယိုကာ ပြေး၀င်လာသော မင်းမင်းကြောင့် လူတချို့လှည့်ကြည့်လာကာ မင်းမင်းအားသိသောလူတွေမှ တီးတိုးရေရွတ်ကြသော အသံများထွက်ပေါ်လာလေသည်။ ထိုစဉ်

“ဟေ့ကောင်….မင်းမင်း…..မင်းလွတ်လာပြီလား…..”

လူအုပ်ထဲမှ ထွက်လာကာ မေးမြန်းလိုက်သော မင်းမင်းတို့အိမ်နှင့် တစ်အိမ်ကျော်မှ ဦးစိုးတင့်၏ စကားကြောင့် မင်းမင်းလှည့်ကြည့်လိုက်ကာ

” ဦးလေး…..အမေ…..အမေကောဟင်….ကျွန်တော့်ကို….အမေ့ဆီခေါ်သွားပေးပါဗျာ…..တောင်းပန်ပါတယ်နော်…..ရှိကြီးခိုးပါတယ်…..”

ပြောပြောဆိုဆို ဦးစိုးတင့်ရှေ့ ဒူးထောက်ကာ ရှိခိုးနေသော မင်းမင်းကို ကြည့်ကာ အားလုံး၏ ရင်ထဲတွင် ဖေါ်မပြတတ်သော ဝေဒနာများခံစားလိုက်ကြရသည်။

“လူလေး….ထ…ထ….လာလာငါလိုက်ပို့ပေးမယ်…..”

ဦးစိုးတင့်မှ မင်းမင်းအား ဆွဲထူကာ အလောင်းမြေချမည့်နေရာဆီသို့ ခေါ်ဆောင်လာခဲ့ကြ၏။ မင်းမင်းတို့ရောက်သောအခါ အလောင်းမှာ မြေချရန်ပြင်နေပြီဖြစ်သည်။

မြေကျင်းနှုတ်ခမ်း၀တွင် (ဒေါ်နီဝေ) အသက်-၅၃နှစ်ဟုရေးထားသော အခေါင်းတစ်ခုအား တွေ့လိုက်ကြရသည်။ မင်းမင်းမှာ အခေါင်းရှိရာသို့ပြေးသွားလိုက်ပြီး

“အမေရေ….အမေ့သားလူမိုက်ကြီး…ပြန်လာပြီလေဗျာ….ထကြည့်ပါဦးဗျာ…အမေ့သားကြီးက…လိမ်မာတော့မယ်…အမေ့ကို လုပ်ကျွေးပြုစုတော့မယ်ဆိုပြီးပြန်လာတာဗျ….အခုတော့ဗျာ…အမေက…သားကိုထားခဲ့ပြီလား…အား..ဟား…ဟား…ကယ်ကြပါဦးဗျာ….”

မင်းမင်း မည်မျှပင် အော်ဟစ်ကာ ငိုနေစေကာမူ သေသောသူသည် ပြန်ရှင်လာဖို့ရာ လမ်းမရှိပေတော့။ သူ၏ အသံကာ ဒေါ်နီဝေ ကြားနိုင်မည်မထင်။

“အမေရယ်…..သားဆိုးခဲ့ပါတယ်ဗျာ……အခုကစပြီး…..လိမ်မာပါတော့မယ်ဗျာ…..ပြန်လာခဲ့ပါတော့နော်…..အီး….ဟီး…..ဟီး…….”

မင်းမင်း၏ ငိုသံကား ကြားရသူအဖို့ ရင်ထဲတွင် ဆို့နစ်စေခဲ့ကာ မျက်ရည်ခိုင်သူတို့ပင်လျှင် မျက်ရည်ဝဲစေသည်။ မျက်ရည်မခိုင်သူတို့အတွက်ကား ပြောဖွယ်ရာပင်မရှိတော့။

ထိုအချိန် ဒုရဲအုပ် သူရိန် လည်း မင်းမင်း၏ အနားအား လျှောက်လာခဲ့ကာ မင်းမင်းကို နှစ်သိမ့်ပေးရင်း သူ၏ ရင်ထဲမှ ဒွိဟများကို အဖြေရှာရန် အခေါင်းထဲရှိ အလောင်းကို ကြည့်လိုက်စဉ်

“ဟင်….”

လွန်စွာအံ့သြသွားရ၏။ မနက်က စခန်းကို လာရောက်တိုင်ကြားခဲ့ သော ဒေါ်နီဝေသည် ယခု အခေါင်းထဲမှ ဒေါ်နီဝေနှင့် အ၀တ်အစားမှ အစ အရာအားလုံး တစ်ထပ်တည်း တစ်ထေရာတည်းပင်။

ထိုဖြစ်စဉ်ကြောင့် သူ၏ စိတ်ထဲ၀ယ်ကား သေလွန်သွားတာတောင် သားဖြစ်သူအပေါ် စွဲလန်းစိတ်ဖြင့် ကယ်တင်ပေးခဲ့သော မိခင်မေတ္တာကို ထူးကဲစွာ ခံစားမိလိုက်သည်။ အာရုံထဲတွင် မနက်တုန်းက သူမ၏ သားအား ကယ်ဆယ်ပေးရန်လာရောက်တောင်းဆိုသော ဒေါ်နီဝေ၏ မျက်နှာကို အဖန်ဖန်မြင်ယောင်နေမိ၏။

သုသာန်ပြင်တစ်ခုလုံးတွင်လည်း မင်းမင်း၏ ငိုသံကြောင့် လူတိုင်းလိုလိုပင် ၀မ်းနည်းနေကြရလေ၏။

ထိုဖြစ်စဉ်လေးကို သင်ခန်းစာယူရသော် လူသားတို့မည်သည် နောင်တဆိုသော အရာကို အချိန်လွန်မှသာ ခံစားမိကြသည် မဟုတ်ပါလား။ မိခင်၊ ဖခင်တို့ သက်ရှိထင်ရှား ရှိခဲ့စဉ်က ပြုစုစောင့်ရှောက်ဖို့ မကြိုးစားခဲ့ဘဲ သေဆုံးကာမှ နောင်တရတတ်ကြသည့် မင်းမင်းကဲ့သို့ လူများသည်လည်း ဤလောကကြီးတွင် ဒုနှင့်ဒေးပင်။

ထိုအချိန်၀ယ် သုသာန်တစ်နေရာဆီမှ လိမ်မာသွားသော သားလူဆိုးကြီးကို ပီတိမျက်ရည်အပြုံးတို့ဖြင့် စိုက်ကြည့်ကာ ကျောခိုင်းထွက်ခွာသွားသူတစ်ဦးကိုတော့ဖြင့် ကျန်ရှိသောလူအများ မြင်မိခဲ့ကြမည်ဆိုပါလျှင်။

( မိဘတို့၏ မေတ္တာသည် စမ်းရေပမာ တစိမ့်စိမ့်နှင့် အချိန်အခါမလပ် စီးဆင်းနေတတ်ပါသည်။ ထို့ကြောင့် လောကကြီးတွင် ရှိသမျှလူသားတိုင်း မိခင်ဖခင် တို့၏ မေတ္တာတရားကို ခံစားနိုင်ကြပါစေ။ )

လိုအပ်ချက်များစွာဖြင့်………..

နောင်ရိုး(ဆေးတပ်)