စုန်ရေမေတ္တာမနှိုင်းသာ(စ/ဆုံး)
—————————–
“သားမောင်ထက်အောင်ရေ..ဒီမှာသားအမေလား
မသိဘူး အခန်းဝမှာရောက်နေတယ်။သားနဲ့တွေ့ချင်လို့တဲ့”
သီတာကုန်းပြင်အထက်တန်းကျောင်း၏
ဒသမတန်းအခန်း(A)တွင် ဓာတုဗေဒဘာသာရပ်
သင်ကြားချိန်၌ ဆရာမပေးသည့်ပုစ္ဆာကိန်းဂဏန်း
များကို ကျောင်းသားများခေါင်းမဖော်နိုင်အောင်
တွက်ချက်သင်ကြားနေရင်း အတန်းရှေ့စားပွဲတွင်ထိုင်နေသောဓာတုဗေဒဆရာမထံမှ ကြားရသည့်စကားကြောင့် ကျွန်တော်အပါအဝင်ကျောင်းသားအများစု၏အကြည့်များက အခန်းဝပြတင်းပေါက်ဆီသို့အလိုလိုရောက်သွားကြ၏။အချို့ကလည်းကိုယ့် ပုစ္ဆာကိုသာဆက်၍တွက်ချက်နေကြသည်။
” သားရေ… ထွက်ပြီးတွေ့လိုက်ဦးလေ။ဟိုမှာစောင့်နေရတာ အားနာစရာ”
ဆရာမထံမှ နောက်ထပ်ထွက်ပေါ်လာသည့်စကားသံကြောင့် အခန်းအတွင်းမှကျောင်းသားများ၏
အသွင်သဏ္ဍန်အမျိုးမျိုးဖြင့်ကြည့်ကြသော
မျက်ဝန်းအစုံတို့သည် ကျွန်တော့်ထံသို့ရောက်ရှိ၍
လာကြသည်။အများစု၏အကြည့်များသည်
အထင်သေးသည့်အကြည့်များပင်ဖြစ်ကြောင်း
ကျွန်တော်သိပါသည်။အခန်းဝတွင် ရောက်ရှိနေသောကျွန်တော့်အမေ၏ရုပ်ဆင်းအင်္ဂါနဲ့အသွင်အပြင်ကလည်း
လူအများအလယ်တွင်အထင်သေးလည်း သေးစရာ
ပင်။ ဖျင်တဘက်စောင် ခပ်နွမ်းနွမ်းကို ကိုယ်တွင်ခြုံထား၏။ အင်္ကျီနဲ့လုံချည်တို့မှာတောက်ပြောင်ဝင်းလက်မှုမရှိပဲ အဆင့်လေးခုရှိသောစတီးချိုင့်
ကြီးနှင့်မှည့်ဝင်းစပြုနေသည့် ဖီးကြမ်းဌက်ပျောတစ်ဖီးထည့်ထားသော ကြိမ်ဆွဲချင်းကြီးကို
နေလောင်ပြီးအညိုရောင်သန်းနေသောလက်ဖြင့်ကျစ်ကျစ်ပါအောင်ဆွဲထားသည်။ဆီမတွေ့ရ၍
နီကျင့်ကျင့်အရောင်ဖြစ်နေသော ဖြူဆွတ်စပြုနေသည့် အမေ့ဆံနွယ်တို့မှာဘီးစပတ်ထုံးထားသော်လည်း သပ်ရပ်မှုမရှိပဲ ဖွာလန်ကြဲလျှက်ရှိနေ၏။အမေ့ခြေထောက်မှာစီးထားသည့် ယိုးဒယား(၅၅၅)သရေဖိနပ်ကလေးမှာလည်း နှစ်ကာလအတော်ကြာအောင်ဖြတ်သန်းလာခဲ့ရ၍ထင်သည်ဖိနပ်နောက်ဖင်လေးမှာ ပါးလွှာ၍ခြေဖနောင့်နားကပြတ်နေ၏။
ဆင်းရဲခြင်း၊ပင်ပန်းခြင်း၊ပူခြင်း၊အေးခြင်းစသည့် ဘဝလောကဓံကို အမေဘယ်လောက်အထိခံထားရသည်မသိပါ။အမေ့ခန္ဓာကိုယ်သည် စိုပြေမှုမတွေ့ရပဲပိန်လှီမွဲခြောက်လျှက်ရှိနေ၏။ သူ့သား ဆယ်တန်းကျောင်းသားကြီးကိုတွေ့ချင်ဇောကြောင့် ကျောင်းဆင်းချိန်အဆောင်အိမ်မှာတွေ့လို့ရရဲ့သားနဲ့ အပင်ပန်းခံပြီး ကျောင်းဝန်းထဲထိလိုက်တွေ့ပါသောအမေ။ ကျွန်တော့်အမေ၏ယနေ့လုပ်ရပ်ကြောင့် လူအများရှေ့တွင် ကျွန်တော်ခေါင်းမဖော်ဝံ့အောင်အရှက်ရခဲ့ရပါပြီ။
” သူ့အမေ… ထင်တယ်”
” ဟုတ်မယ်ထင်တယ်ကွ”
” ဒီအဒေါ်ကြီးကြည့်ရတာ သနားဖို့ကောင်းလိုက်တာနော်”
” သူတို့ကဆင်းရဲတယ်နော်”
ကျွန်တော်သည်သိမ်ငယ်ချင်းများစွာပြည့်နက်နေသောတုန့်ဆိုင်းသောခြေလှမ်းများဖြင့်အခန်းပြတင်းဝဆီသို့လျောက်လှမ်းနေချိန်တွင် နေရာအသီးသီးမှထွက်ပေါ်လာသောကျောင်းသားအချို့ထံမှစကားသံများဖြစ်၏။
ထိုအသံများက ကျွန်တော့်ရင်ကိုအပ်နဲ့ထိုးဆွနေသလိုခံစားရပြီး မကျေနပ်မှုဒေါသများကလည်း
တံခါးဝမှာ ကျွန်တော့်အလာကိုမျှော်လင့်တကြီးစောင့်နေသည့် အမေ့ဆီဆို့စုပုံရောက်ရှိသွား၏။ဟင်းချိုင့်နဲ့ ဌက်ပျောဖီးကိုဆတ်ကနဲဆောင့်ဆွဲလိုက်ပြီး မကျေနပ်စိတ်ကြောင့် အမေ့ကိုနှုတ်မဆက်တော့ပဲ အခန်းတွင်းသို့ချာကနဲပြန်ဝင်လိုက်ပါသည်။ အမေသည်ကျွန်တော့်အဖြစ်ကိုနားမလည်စွာဖြင့် ဆရာမကိုနှုတ်ဆက်၍ ကျောင်းဝန်းထဲကအမြန်ထွက်ခွာသွားပါသည်။
(၂)
ကျွန်တော်နေသည့်ရွာက စက်စက်ယိုရွာ။ရွာကျောင်းမှာမူလတန်းအောင်ပြီဆိုက အလယ်တန်းနှင့်အထက်တန်းပညာသင်ယူဖို့အတွက် သီတာကုန်းပြင်ကျောင်းကိုသွားပြီးကျောင်းတက်ရသည်။ကျွန်တော့်ရွာနှင့် သီတာကုန်းပြင်က (၅)မိုင်ခရီးလောက်
ဝေးသည်။ကြားတွင် သီတာချောင်းကိုလှေကူတို့ဖြင့်ကူးရသည်။ လှေတစ်တန်၊ကုန်းတစ်တန်ဖြင့်သွားရသောကျောင်းတက်ခရီးအတွက် နွေရာသီတွင်အဆင်ပြေသော်လည်း မိုးရာသီတွင်တောင်ကျချောင်းရေအမြဲကြီးတတ်သဖြင့် လမ်းခရီးအတွက်မိဘများကစိတ်မချရခြင်းနှင့်အတန်းကြီးလာပြီဖြစ်၍စာကို
ပိုမိုဂရုစိုက်ချိန်ရစေရန်တို့ကြောင့် သီတာကုန်းပြင်ရွာတွင်အဆောင်အိမ်ဌား၍ကျောင်းတက်စေခဲ့ခြင်းဖြစ်သည်။ ကျွန်တော့်ဖခင်သည် ကျွန်တော်ငါးတန်း
ကျောင်းသားဘဝတွင် ရိုးမပေါ်တွင်လွှဆွဲရင်း ဌက်ဖျားမိ၍ဆုံးပါးကွယ်လွန်ခဲ့သည်။ အဖေမရှိသည့်နောက်ပိုင်း အစ်ကိုဖြစ်သူကကျောင်းထွက်ကာ
အမေနဲ့အတူဘဝဝမ်းရေးအတွက်ရုန်းကန်ခဲ့ရသည်။
ကျွန်တော်တို့မိသားစုသည်
ပြည့်စုံချမ်းသာကြသူများမဟုတ်ကြသော်လည်း မိသားစုထဲတွင်ပညာတတ်ဘွဲ့ရကျောင်းသားမရှိခဲ့ကြသည့်အတွက် မရှိတဲ့ကြားက ချို့တဲ့ခံကာ အမေက ကျွန်တော့်ကိုပညာသင်စေခဲ့ခြင်းဖြစ်သည်။
တစ်ပတ်လျှင်တစ်ခါဟင်းနှင့် လိုရာသုံးစွဲ
ဖို့အတွက် ပိုက်ဆံတို့ကို ကိုယ်တိုင်သော်လည်းကောင်း၊လူကြုံဖြင့်လည်းကောင်းပို့ဆောင်ပေးကြသည်။ မိဘ၏ အနှောင်အဖွဲ့လောင်းရိပ်အောက်တွင်နေပြီးကျောင်းတက်ရသော ဘဝထက် ယခုလိုအဝေးမှာနေပြီးကျောင်းတက်ရသော ဘဝကိုကျွန်တော်အလွန်ပျော်ပါသည်။ ကျွန်တော့်ထံသို့ တစ်ပတ်တစ်ခါ မှန်မှန်ရောက်နေ့သည့် အမေ့ထံမှပိုက်ဆံသည် မည်သည့်နေရာကရသည်ဆိုသည်ကိုကျွန်တော်မသိ။ထိုပိုက်ဆံဖြင့်သွားချင်သည့်နေရာသွားလည်၍ရသည်။လဘက်ရည်ဆိုင်ထိုင်လို့ရသည်။ထန်းတောတွင်ထန်းရည်သွားသောက်၍ရသည်။ ညဘက်တွင်ဗွီဒီယိုရုံ၌ ဗွီဒီယိုသွားကြည့်၍ရသည်။ ကွမ်းစားသည်။ဆေးလိပ်သောက်သည်။အစက စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်များတွင် အမေ့အိမ်ကိုအမြဲပြန်ဖြစ်သည်။ နောက်ပိုင်းတွင်…
“စာတွေကျက်ရတာအရမ်းများတယ်၊ပင်ပန်းလို့
ရွာကိုမပြန်ဘူး” ဆိုသည့်စကားကို ရွာကအမေ့ထံလူကြုံပါးပြီး သူငယ်ချင်းများ၏ရွာအသီးသီးကို
အလည်လိုက်ကာ လျောက်လည်ခဲ့သည်။
ကျွန်တော်၏နေပုံ၊ထိုင်ပုံ ၊ဝတ်ပုံ၊စားပုံများကိုကြည့်၍သူငယ်ချင်းတွေက…
” သူဋ္ဌေးသား” ဟု အမြဲခေါ်ကြသည်။ထိုစကားကို
ကျွန်တော်အလွန်သဘောကျ၏။ထို့ကြောင့်သူတို့
နှင့်အတူလဘက်ရည်ဆိုင်၊အကြော်ဆိုင်များတွင်
ထိုင်ဖြစ်တိုင်းကျသင့်ငွေကိုအမြဲရှင်းဖြစ်သည်။ဆယ်တန်းကျောင်းသားဘဝသည်ကျွန်တော့်ဘဝအတွက်အလွတ်လပ်ဆုံးနှင့်အပျော်ရွှင်ဆုံးအချိန်ဟုတွေးမိပါသည်။
(၃)
” မနေ့က ကျောင်းထဲလိုက်လာတာ နင့်အမေလား
ထက်အောင် ”
နောက်တစ်နေ့မြန်မာစာအတန်းချိန်၌နှစ်ယောက်တစ်တွဲသုံးယောက်တစ်တွဲဖြင့်စာစစ်ချိန်တွင် ဝင်းပပက ကျွန်တော့်ကိုမေးလိုက်သည့်အမေးစကားဖြစ်သည်။ဝင်းပပက မည်သည့်သဘောဖြင့်မေးသည်ကို မသိပါ။ကျွန်တော်ကတော့ခေါင်းနပန်း
ကြီးသွားသည်။
” ငါ့ဘဝ ဆင်းရဲတာကို သူသိသွားပြီလား”
ဆိုသည့် မိမိကိုယ့်ကိုယ်တွေးမိသည့်အတွေးကြောင့်ရင်ထဲစိုးရိမ်ပူပန်သွားသည်။အမေးရှိက အဖြေရှိရတော့မည်။ သို့သော်….
“ဟုတ်တယ်…အဲဒါငါ့အမေ”
ဟု ကျွန်တော်အမှန်အတိုင်းအဖြေပေးမိပါက ဝင်းပပနှင့်တခြားသူငယ်ချင်းများကျွန်တော့်ကိုအထင်သေးသွားနိုင်သည်။တခြားသူများအထင်သေးချင်းထက် ဝင်းပပကျွန်တော့်အပေါ်အထင်သေး၍မဖြစ်။ ဝင်းပပက အခန်းထဲတွင် အချောအလှဆုံးလည်းဖြစ်သလို စာလည်းတော်၏။သူ့မိဘများကပြည့်စုံချမ်းသာကြသည်။
ကျွန်တော်နှင့်ဝင်းပပသည် ငါးတန်းကျောင်းသားဘဝကတည်းက သီတာကုန်းပြင်ကျောင်းတွင်အတူ
တူတက်လာခဲ့ကြသူများဖြစ်သလိုအပြန်အလှန်နွေးထွေးသောဆက်ဆံမှုများလည်းရှိ၏။ အတန်းထဲတွင်ရှိသည့် တခြားအတန်းဖော်ယောကျ်ားလေးများထက် ဝင်းပပကကျွန်တော့်အပေါ်အလေးပေးဆက်ဆံသည်။ ကျွန်တော်သည် ဝင်းပပကိုတိတ်တခိုးချစ်မိနေသူဖြစ်၏။ အတန်းထဲတွင် ကျွန်တော့်ကိုပြည့်စုံချမ်းသာသည့်မိဘများ၏သားသမီးဟူ၍ထင်ကြ၏။ ကျွန်တော့်ဘဝအမှန်ကိုသိရှိသွားပါက ဝင်းပပနှင့်ကျွန်တော့်ကြားဆက်ဆံရေးပျက်ပြယ်သွားမှာ အလွန်စိုးရိမ်မိသည်။ထို့ကြောင့် ဝင်းပပ၏အမေးကို…
” မဟုတ်ဘူး သူငယ်ချင်း ၊ရွာကအဒေါ်ကြီးပါ။
အိမ်ကထည့်ပေးလိုက်တဲ့ပစ္စည်းတွေကို ဝင်ပို့တာ”
ဟူ၍ လိမ်ညာကာ အဖြေပေးမိ၏။ ဤအဖြေစကားသာလျှင်ကျွန်တော့်အတွက်အကျိုးရှိမည်ဖြစ်ကြောင်းတွေးမိပါသည်။
(၄)
“အနွေးထည်ဂျာကင်ဝယ်ဖို့ငွေ (၅၀၀)အရေးကြီးနေလို့ သုံးလေးရက်အတွင်း အရောက်ပို့ပေးပါလို့ အမေ့ကိုဆက်ဆက်ပြောပေးပါ ဦးစံလှရယ်။ကျွန်တော်စိတ်ချနေမယ်နော်”
မကြာမှီကျောင်းစုံညီပွဲတော်ကျင်းပကြတော့မည်ဖြစ်၍ အခန်းတိုင်းတွင်အကတိုက်ကြ၊ကျွေးမွေး
ဧည့်ခံဖို့အတွက်ငွေစုကြနဲ့ ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများအလုပ်ရှုပ်လျှက်ရှိနေကြသည်။ စုံညီပွဲတော်နေ့သည် ကျောင်းသားကျောင်းသူများ၏ပျော်ရွှင်စရာဂုဏ်ပြုပွဲတော်ဖြစ်ခြင်းကြောင့် ဆုရရှိသူကျောင်းသားများကလည်း
အစွမ်းကုန်လှပအောင်ဖီးလိမ်းပြင်ဆင်ဝတ်စားလာကြသလို အခြားသောကျောင်းသားများကလည်း
အရင်နေ့တွေထက်သပ်သပ်ရပ်ရပ်ဝတ်စားလာကြမြဲဖြစ်၏။ ကျွန်တော့်ထံတွင်မနှစ်ကအမေဝယ်ဝေးထားသည့် ခေါင်းစွတ်အနွေးထည်လေးမှာညစ်နွမ်း၍နေပြီဖြစ်သဖြင့် ယခုနှစ်စုံညီပွဲတွင် အနွေးထည်တစ်ထည်လောက်အမြန်လိုချင်မိသည်။ အတန်းထဲတွင် သီတာကုန်းပြင်က စခန်းမှူး၏သား
မြတ်မင်းခန့်ဝတ်နေသည့် ဂျင်းဂျာကင်အနွေးထည်ကိုကျွန်တော်အလွန်သဘောကျသည်။ သူ့အဖေ
ပုသိမ်ကိုအစည်းအဝေးသွားရင်းဝယ်လာတာဟုသိ
ရ၏။ နှစ်ရက်သုံးရက်အတွင်း သူ့အဖေနောက်တစ်ခေါက်ထပ်မံသွားရဦးမည်ဖြစ်၍ ဂျာကင်လိုချင်ပါက မှာလို့ရသည်ဟုမြတ်မင်းခန့်ကဆိုပါသည်။ထိုဂျာကင်မျိုးသည် မြတ်မင်းခန့်နှင့်မလိုက်။ကျွန်တော်ဝတ်မှပို၍ကြည့်ကောင်းမည်ဟုထင်မိသလိုအတန်းထဲက ဝင်းပပအပါအဝင်အတန်းဖော်များအားလုံးကျွန်တော့်ကိုပို၍အထင်ကြီးမည်ဟူ၍လည်းတွေးမိသည်။ထို့ကြောင့်စုံညီပွဲတော်အမှီ ဂျာကင်ဝယ်နိုင်ရန်အတွက် လိုအပ်သောငွေကိုအမေ့ထံမှ ရဖို့ရန်အတွက်ညနေကျောင်းဆင်းချိန်တွင် သီတာချောင်းလှေကူတို့ဆိပ်သို့သွားကာ ရွာကစျေးလာဝယ်သူဦးလေးစံလှကတဆင့် လူကြုံပါးလိုက်သည်။
နှစ်ရက်ခန့်ကြာခဲ့သော်လည်း အမေ့ဆီမှတောင်းထားသောငွေရောက်မလာပါ။မနက်ဖန်ဆိုရင် မြတ်မင်းခန့်၏အဖေသည် ပုသိမ်ကိုသွားတော့မည်ဖြစ်သည်။ယနေ့မှငွေမပေးနိုင်လျှင် စုံညီပွဲတော်တွင်ဂျာကင်ဝတ်နိုင်ဖို့ရည်ရွယ်ထားသည့်ကျွန်တော့်စိတ်ကူးသည်မပြည့်ဝနိုင်တော့ပြီ။ကျွန်တော်အရေးတကြီးတောင်းဆိုထားသည့်ငွေကို အချိန်မှီ
ပို့ဆောင်မပေးကြသည့် အမေ့ကိုလည်းဒေါသအလွန်ထွက်မိသည်။ဂျာကင်လိုချင်သည့်စိိတ်က ကျွန်တော့်ကိုဖင်မထိုင်ချင်လောက်အောင်စိုးမိုးထားသည့်အတွက် တစ်ရက်ကျောင်းတက်ဖျက်ကာ ရွာသို့ပြန်ခဲ့သည်။ လမ်းတစ်လျောက်လုံးတွေးလာခဲ့သည်အတွေးက….
” အမေက ငါ့ကိုမချစ်လို့ ဂရုမစိုက်တာ…” ဟူ၍
(၅)
ငါးမိုင်ခရီးကို ကားမကြုံသောကြောင့်နေပူထဲခြေလျင်လျောက်ပြန်ခဲ့ရသဖြင့် ကျွန်တော့်ကိုယ်တွင်ချွေးသံတစ်ရွဲရွဲနဲ့အလွန်မောပန်းနေသည်။
တစ်ဖန်အိမ်ကိုကျွန်တော်ရောက်ချိန်တွင် အိမ်တွင်
ဘယ်သူမှမတွေ့ရသည့်အတွက် ပို၍ဒေါသထွက်မိသည်။လူကလည်းမောဗိုက်ကလည်းဆာတာတာဖြစ်လာသည့်အတွက် ဝါးလုံးများကျိုးတိုးကျဲတဲခင်းထားသည့်မီးဖိုချောင်ထဲ သတိထားနင်းရင်း ထမင်းဟင်းအိုးများကိုဝင်ရောက်ဖွင့်ကြည့်ရာ ငပိရည်ကျိုတစ်အိုးရယ်သာတွေ့ရသည့်အတွက် နှာခေါင်းတစ်ချက်ရှုံ့ပြီး ပြန်ထွက်လာခဲ့သည်။
ကျွန်တော်တို့အိမ်ရှေ့အိမ်က ဦးလေးစံလှကို
လှမ်းပြီးမေးလိုက်သည်။
” အမေတို့ ဘယ်သွားကြလည်း ဦးလေး”
“ဖိုကုန်းမှာလေကွာ”
ကျွန်တော်တို့အိမ်ရဲ့မလှမ်းမကမ်းတောင်စောင်းတစ်ခုတွင် ကျွန်တော့်မိသားစုပိုင် မီးသွေးဖိုတစ်လုံးရှိသည်။ အဖေရှိစဥ်ကတည်းက သည်မီးသွေးဖိုလေးကို အရင်းပြုကာနွေး၊မိုး၊ဆောင်း တောတွင်လှည်းဖြင့်တက်၍ထင်းခုတ်၍ မီးသွေးဖုတ်ကာ ဘဝဝမ်းကြောင်းရခြင်းဖြစ်သည်။အဖေမရှိတော့သည့်နောက်ပိုင်းတွင်လည်း မိသားစုဝမ်းရေးအတွက်တခြားလုပ်ခင်းကိုင်ခင်းမရှိသည့်အတွက်
အမေက မီးသွေးဖုတ်လုပ်ငန်းကိုအစ်ကိုကြီးနှင့်
ဆက်လက်၍လုပ်ကိုင်နေခြင်းဖြစ်သည်။
ကျွန်တော်မီးသွေးဖိုနားရောက်တော့ အမေက ထင်းတုံးကြီးတစ်တုံးကို မနိုင်တနိုင်ရွက်လျှက် လက်တစ်ဖက်ကလည်း ထင်းတုံးအသေးတစ်ချောင်းကိုပိုက်လျှက် တောင်းစောင်းလမ်းအတိုင်း မီးသွေးဖိုနေရာသို့တက်လာသည်။ အစ်ကိုကြီးက အင်္ကျီဗလာကျောပြောင်ပြောင်ဖြင့် လှည်းပေါ်က ထင်းတွေကို အမေသယ်ရလွယ်ကူစေရန် ပေါက်ပြားတစ်လက်ဖြင့်မနားတမ်းခုတ်ဖြတ်နေသည်။
နေ၏အပူရှိန်ကိုအန်တုကာ ကျွန်တော့်ကျောင်းစရိတ်နှင့်မိသားစုဝမ်းရေးအတွက်အလုပ်လုပ်နေ
သည့် အမေနှင့်အစ်ကိုကြီးတို့၏မြင်ကွင်းကိုမြင်ရသည်နှင့် ကျွန်တော့်ရင်ထဲဆို့တက်လာသောအစိုင်အခဲတို့သည် မျက်ရည်များအဖြစ်ပြောင်းလဲကာ မျက်လုံးအိမ်တို့မှတစ်သွင်သွင်ယိုစီးကျလာသည်။ကျွန်တော့်ခြေထောက်မှာစီးထားသော ကတ္တီပါဖိနပ်ကိုအမြန်ချွတ်၍ပုဆိုးကိုတိုနိုင်သမျှတိုပြီးဝတ်လိုက်သည်။ ထို့နောက်….
“အမေရေ …သားလာပြီ။အဲထင်းတုံးကြီးသားကိုပေးပါ”
ပါးစပ်ကအမေကြားအောင်အော်ပြောရင်းအမေ့ဆီ ကိုတရှိန်တိုးပြေးသွားလိုက်သည်။အမေက ကျွန်တော့်အသံကိုကြားသည်နှင့် အံ့အားသင့်သောအကြည့်ဖြင့် မော့ကြည့်၏။အမေ့နဖူးမှတွဲကျလာသောချွေးသီးများသည် နားဖျားပေါ်သို့ရောက်ရှိသွားသည်။ထို့မှတဆင့် ဘယ်ဘက်ခြေဖမိုးပေါ်သို့ပြုတ်ကျသွားသည်ကို ကျွန်တော်မြင်လိုက်ရသည်။
” သြော် အမေတို့အလာမစောင့်နိုင်လို့သားကြီး
ရွာပြန်လာတာလား။ ဒီကိုမလာနဲ့သားကြီး နေတွေ
အရမ်းပူတယ်။ဟိုတောင်စောင်းက သစ်ဆိမ့်ပင်အောက်မှာဝင်နေ”
ထင်းပိုင်းကြီးကိုမနိုင်တနိုင်ရွက်ထားရင်း ပြောလိုက်သည့် အမေ့၏စကားကြောင့်ကျွန်တော့်ရင်ထဲ
နင့်ကနဲနေအောင်ဖြစ်မိသည်။အမေ့ခေါင်းမှာရွက်ထားသည့်ထင်းတုံးကြီးကို အမေကမယူရန်အတန်တန်တားသည့်ကြားက အတင်းယူပြီးပုခုံးပေါ်တွင်ထမ်းလိုက်သည်။
” ငါ့သားကြီး ပညာတတ်ဖြစ်ဖို့ဆိုရင်အမေတို့ဘယ်အလုပ်မျိုးပဲလုပ်ရလုပ်ရ မပင်ပန်းပါဘူးကွယ်”
ကျွန်တော့်နောက်မှပြောလိုက်သည့်အမေ့စကားက
ကျွန်တော့်နှလုံးသားကို မြှားတစ်စင်းသဖွယ်စိုက်ဝင်သွားခဲ့သလို ပိုက်ဆံအချိန်မှီရောက်မလာ၍ အမေ့အပေါ်ထားရှိခဲ့သည့်ကျွန်တော့်ဒေါသများသည် အမေ့၏ကြီးမားသောမေတ္တာနဲ့ထိတွေ့လိုက်ချိန်တွင် အငွေ့ပြယ်ခဲ့ရလေပြီ။ ထို့အပြင် ကျွန်တော်က မြို့တွင် အကောင်းစားအဝတ်တွေဝတ်၊အကောင်းစားဖိနပ်စီး၊အကောင်းစားအစားအစာတွေကိုစားပြီး ကိုယ့်ကိုယ်ကိုယ်သူဋ္ဌေးသားဆိုသည့်ဘဝင်စိတ်ဖြင့် အမေပို့ပေးသည့် ပိုက်ဆံသည် ဘယ်ကရမှန်းမသိပဲကျောင်းသားတွေအလယ်မှာသုံးဖြုန်းလုပ်နေသည့်အချိန်တွင် ကျွန်တော့်အမေသည် ငပိရည်တစ်ခွက်ဖြင့်ဖြစ်သလိုစားကာ ခန္ဓာကိုအရင်းပြု၍ နေ့စဥ်နေ့တိုင်းရိုးမတောပေါ်တက်ကာ ထင်းခုတ်နေရသည်။သူ့သားပညာတတ်ကြီးဖြစ်ဖို့အတွက် နွားနဲ့အတူနေ့စဥ်ရုန်းကာ ရှာဖွေပြီး အမေပို့ပေးသည့်ငွေ၏တန်ဘိုးကို ကျွန်တော်ကနားမလည်ပဲ ပညာသင်ဖို့အရာမှာအသုံးမချပဲ အပျော်အပါးအတွက်သာအသုံးချကာကိုယ့်ကိုကိုယ်ဟုတ်လှပြီဟု ထင်မှတ်ခဲ့သည်။ တဖန် ပညာရေး၏အနှောက်အယှက်၊ရည်မှန်းချက်၏အဟန့်အတားဖြစ်သော ချစ်ရေးကြိုက်ရေးနယ်ပယ်တွင် ခြေချလှမ်းဖို့ရန်ကြံစည်မိသေးသည်။ သားဆီကိုအချိန်မှီဟင်းရောက်ဖို့အတွက် ထင်းခုတ်၊မီးသွေးဖုတ်နေရ၍ ကျကျနနဖီးလိမ်းပြင်ဆင်ချိန်မရပဲ ကျောင်းထဲလိုက်လာပြီးဟင်းလာပို့သည့်အမေ့၏အသွင်အပြင်ကိုကြည့်ပြီး လူတကာကကျွန်တော့်ကိုအထင်သေးမည်စိုးသောကြောင့်—
“အမေမဟုတ်ပါဘူး အဒေါ်ပါ”
ဟု ညာပြောမိပြန်သည်။ ကျွန်တော်သည် ကိုယ့်ဘဝအမှန်ကိုမေ့၍ ခေတ်ရေစီးတွင်မျောပါကာ အောက်ခြေလွတ်ဘဝင်မြင့်ခဲ့သည်။ကျွန်တော်အမှားကြီးမှားခဲ့လေပြီတကား။
” သားဆီ ပိုက်ဆံပို့ဖို့ဆိုပြီး မီးသွေးကုန်သည်ဆီငွေသွားပြောတာကွယ် ဖိုမီးတို့နိုင်မှ လာယူပြောလို့
သားအစ်ကိုကြီးနဲ့အမေတို့မီးတို့နိုင်အောင် ထင်းကိုနှစ်ရက်သုံးရက်လောက်တွန်းပြီးခုတ်နေရတာနဲ့ သားဆီကိုမရောက်ဖြစ်တော့ဘူး။ခု သားရောက်လာတာနဲ့အတော်ပဲ။မနက်ဖန် ပိုက်ဆံရပြီ ”
ခေါင်းတွင်ပတ်ထားသည့်ပုဆိုးအစုတ်အပြဲကို
ဖြေ၍ နဖူးကစီးကျလာသောချွေးစက်များအား
သုတ်ရင်းပြောနေသည့်အမေထံမှစကားများဖြစ်၏။
ယနေ့တွင် ကျွန်တော့်အမေ၏ချွေးစက်တို့နှင့်ရင်းပြီး ရှာဖွေရသောငွေ၏တန်ဘိုးကိုကျွန်တော်မျက်မြင်ကိုယ်တွေ့သိခဲ့ရလေပြီ။ ကျွန်တော်စားနေသောထမင်းလုပ်တိုင်းတွင် အမေ့၏ချွေးစက်များ
ဖြင့်ပြည့်လျှံ၍နေပေ၏။ ကျောင်းသားတွေအလယ်တွင် မျက်နှာမငယ်စေရန်ဆိုသည့်ဆန္ဒဖြင့်
ကျွန်တော်တောင်းသမျှငွေကို အလိုက်တသိ
အမြဲပို့ဆောင်ပေးနေသည့်အမေ။ မိမိကတော့
ဖြစ်သလိုဝတ်၊ ငပိရည်တစ်ခွက်နဲ့ဖြစ်သလိုနေ့စဥ်စားပြီး သားဖြစ်သူထံဟင်းကောင်းစားသောက်ဖွယ်ရာတို့ကိုအချိန်မှီရောက်အောင်အမြဲပို့ဆောင်တတ်သောအမေ။ မိန်းမသားတန်မဲ့ နွားနဲ့အတူနေ့
စဥ်ရုန်းကန်ပြီး ပင်ပင်ပန်းပန်းလှုပ်ရှားရုန်းကန်နေရသော်လည်း ဆယ်တန်းကျောင်းသားကြီးကျွန်တော့်ရှေ့တွင် ပင်ပန်းတယ်လို့တစ်ခါမျှ မငြီးတွားခဲ့ဘူးပါသောအမေ။ ကျွန်တော့်အမေ့သည် ကျွန်တော့်အပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာတရားတို့သည်ကြီးမားလွန်းပေစွ။ ကျွန်တော်သည် ကိုယ့်ဘဝအမှန်ကိုမေ့၍ မိဘကိုစော်ကားပြစ်မှားမိလေပြီ။
အမေ့ထံမှ ပိုက်ဆံကိုကျွန်တော်မယူဝံ့ မသုံးရက်တော့ပါ။
“သားပိုက်ဆံမလိုတော့ဘူးလို့ ပြန်လာပြောတာပါ
အမေရယ်။နောင် သားကိုဟင်းတွေလာမပို့ပါနဲ့။
စနေ၊တနင်္ဂနွေပိတ်ရက်တိုင်း သားအိမ်ကိုပြန်ပြီးယူပါ့မယ်”
ကျွန်တော့်စကားကြောင့်အမေနှင့်အစ်ကိုကြီးတို့၏မျက်နှာများသည်ညှိုးလျော်သွားပြီးတစ်ဦးနဲ့တစ်ဦးကြည့်လိုက်ကြသည်။သူတို့၏စိတ်ထဲတွင်
ကျွန်တော်သူတို့အပေါ်စိတ်ဆိုးသောကြောင့်
ဒီစကားပြောခြင်းဖြစ်ကြောင်း တွေးနေကြမည်ထင်ပါသည်။ထို့ကြောင့် အမေနဲ့အစ်ကိုကြီးတို့ကို ကျွန်တော်ကဆက်လက်၍….
” တစ်မျိုးမတွေးကြပါနဲ့ အမေရယ်။ မနေ့
က သားတို့အခန်းထဲမှာကျောင်းအုပ်ဆရာကြီးပြောတဲ့စကားတစ်ခွန်းကြောင့် သားကဒီစကားပြောတာပါ”
အမေစိတ်ချမ်းသာစေရန် ကျွန်တော်တတ်သ၍
ဉာဏ်ထုတ်ကာပြောလိုက်ခြင်းဖြစ်၏။အမေက ကျွန်တော့်စကားကိုစိတ်ဝင်တစားဆက်လက်မျှော်လင့်နေကြသည်။
” ကျောင်းအုပ်ဆရာကြီးပြောတဲ့စကားက…
ထူးချွန်ထက်မြက်တဲ့ကျောင်းသားဆိုတာ စာတော်ရုံတစ်ခုထဲနဲ့မပြီးသေးဘူးတဲ့။ကိုယ့်ကိုမတောင်းမတနဲ့ ကျောင်းတက်နိုင်အောင်ပံ့ပိုးဖြည့်ဆည်းပေးကြတဲ့ မိဘကျေးဇူးကိုလည်းအထူးသိမြင်နားလည်တတ်တဲ့သူဖြစ်ဖို့လည်းလိုတယ်လို့ဆိုပါတယ်။ ဒါ့
ကြောင့်သားလည်း ကျောင်းပိတ်ရက်တိုင်းအိမ်ကိုပြန်ပြီး အမေတို့ရဲ့ ဖိုအလုပ်တွေကိုကူညီပေးချင်လို့ပါ ။ပြီးတော့ သားဒီနှစ်ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်မြင်အောင်ကြိုးစားပါ့မယ်။
သားကို ထူးချွန်ထက်မြက်တဲ့သားတစ်ယောက်ဖြစ်ခွင့်ပေးပါ အမေ။ဘယ်လိုလည်း
ဖြစ်ခွင့်ပေးမယ်မလား”
ကျွန်တော့်အမေးစကားကြောင့် အမေသည်
သဘောကျစွာပြုံးရယ်လိုက်ကြသည်။အမေ့ထံမှ ဒီတစ်ကြိမ်မြင်ရသည့်အပြုံးက ကျွန်တော့်စိတ်ကို တစ်ကြိမ်တစ်ခါမှမခံစားခဲ့ဘူးသည့် ကြည်နူးအေးချမ်းမှုအရသာကိုခံစားခဲ့ရသလို ကျွန်တော့်ဘဝကိုအမှားလမ်းကနေ အမှန်လမ်းသို့စတင်လျောက်လှမ်းရန်အတွက်ကြီးမားသောခွန်အားကိုဖြစ်စေသည့် တန်ဘိုးရှိသောအပြုံးပင်ဖြစ်ပေတော့သည်။
ခင်ဇော် (သီတာကုန်းပြင်)
(၁၃၈၅ ခု၊ပြာသိုလပြည့်အမေများနေ့အမှတ်တရ)