*ဘုရားပျံဦးအောင်ရှိန်နှင့် စုန်းမကြီးဒေါ်ကြွေ*📖📖📖
*********************************************
(၁)
ကျုပ်နဲ့ဆရာကြီးဦးအောင်ရှိန်တို့ မောက်ရွာမှာရောက်နေတာ မပြန်ရသေးဘူးဗျ၊ အိမ်ရှင်ကတော့ သူ့အိမ်စိတ်ချသွားတာကိုယုံသွားတဲ့ပုံပါပဲ၊ မနက်ခင်းရောက်တာနဲ့ ဆရာကြီးနဲ့ကျုပ်က ကိုတိုးကျော်အိမ်ကိုလာခဲ့တယ်၊ ကိုတိုးကျော်က သစ်သားနဲ့လုပ်ထားတဲ့ ချိုင်းထောက်ကြီးထောက်လို့ အိမ်အောက်မှမတ်တပ်ရပ်နေပါရော၊ ကျုပ်နဲ့ဦးအောင်ရှိန် သူ့ခြံဝိုင်းထဲကိုဝင်လာတာမြင်တာနဲ့
“အလို ဆရာကြီးတို့တောင်ရောက်လာပါလား၊ ကျွန်တော်က အခုပဲဆရာကြီးတို့တည်းတဲ့အိမ်ဘက် လိုက်လာမလို့ဗျ”
“ဒုက္ခခံလို့ တိုးကျော်ရာ၊ အိမ်မှာပဲနေပါကွ”
“ဒီလိုပါဆရာကြီးက မောက်ရွာထိပ်နားမှာ မနက်ခင်ဆို လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်တယ်ဗျ၊ အဲဒီဆိုင်မှာ ဆရာကြီးကိုဧည့်ခံချင်လို့ပါဗျာ”
“လက်ဖက်ရည်ဆိုင်ဟုတ်လား”
ဦးအောင်ရှိန်က တစ်ချက်ရေရွတ်လိုက်တယ်။
“လက်ဖက်ရည်က အိမ်မှာလည်းသောက်လို့ရတယ်မဟုတ်လား”
ဦးအောင်ရှိန်ပြောတော့ ကိုတိုးကျော်က ရယ်မောလိုက်ရင်း
“အဲဒီလက်ဖက်ရည်က အိမ်မှာသောက်တဲ့အကြမ်းရည်နဲ့မတူဘူးဆရာကြီးရဲ့၊ သူက လက်ဖက်ရည်အချိုဗျ”
ကျုပ်က ဂန့်ဂေါမှာနေခဲ့တဲ့လူဆိုတော့ လက်ဖက်ရည်ဆိုင်တော့သိနေပါပြီ၊ အရင်က ဂန့်ဂေါမှာလက်ဖက်ရည်ဆိုင်သုံးဆိုင်လားရှိတယ်၊ များသောအားဖြင့် ကုလားတွေဖွင့်ကြတာပါ၊ လက်ဖက်ရည်ချိုချိုကို နံလို့ခေါ်တဲ့ နံပြားနဲ့တို့စားကြတယ်၊ ပြီးတော့ကုလားတွေဖုတ်တဲ့ ကိတ်မုန့်ပေါင်မုန့်တွေနဲ့ တွဲစားကြရတာပေါ့၊ အခု ဆရာကြီးဦးအောင်ရှိန်က လက်ဖက်ရည်ဆိုင်ဆိုတာကို မကြားဖူးသလိုပဲဗျ။ အင်းလေ၊ ဒီလိုတောရွာကလေးတွေမှာတော့ ဒီလိုဆိုင်တွေ ဘယ်ခေတ်စားမလဲကိုး။
ဒီလိုနဲ့ ကိုတိုးကျော်နဲ့အတူတူ ကျုပ်တို့လျှောက်လာခဲ့ကြတယ်၊ နေရာကတော့ ရွာထိပ် ဈေးကလေးရဲ့ထိပ်ဘက်နားမှာပဲဗျ၊ ရွာဈေးက ငါးရက်တစ်ဈေးဆိုပေမယ့် မနက်ခင်းတိုင်းတော့ ဈေးသယ်လေးတွေဘာလေးတွေရှိတယ်၊ ငါးရက်ဈေးနေ့ကတော့ ပိုစည်တာပေါ့၊ အဲဒီဈေးကို မျက်နှာမူထားတဲ့နေရာမှာ ဆိုင်ခန်းကလေးတွေတန်းစီပြီးဆောက်ထားသဗျ၊ အဲဒီဆိုင်ခန်းတွေကနေ လှမ်းကြည့်ရင် ဈေးကိုအတိုင်းသားမြင်နေရတယ်။
မောက်ရွာက လူဦးရေများပြီး အိမ်ခြေလည်းများတာကြောင့်မို့လို့ ဒီလိုဆိုင်တွေရှိတာနေမှာ၊ မြင်းဇာရွာက ရွာသေးတယ်ဆိုတော့ ဒါမျိုးဆိုင်မရှိဘူး၊ ဆိုင်ထဲဝင်လိုက်ပြီးတော့ လမ်းမကြီးကိုလှမ်းမြင်နေရတဲ့အပြင်ဘက်က စားပွဲမှာထိုင်လိုက်တယ်၊ နှစ်ပေလောက်မြင့်တဲ့ သစ်သားစားပွဲခုံပုလေးတွေမှာ ခွေးခြေခုံကလေးတွေနဲ့ ဝိုင်းပြီးထိုင်ရတာပါ၊ ဆိုင်ထဲတော့ လူက နည်းနည်းပဲရှိတယ်။ ကျုပ်တို့ထိုင်တော့ အလုပ်သမားကုလားလေးတစ်ယောက်က ရေနွေးကြမ်းအိုးယူပြီး စားပွဲမှာလာချတယ်။
“ဆရာကြီးအတွက် လက်ဖက်ရည်ချိုချိုကလေးတစ်ခွက်ပေးကွာ၊ ဒီကညီလေးကိုလည်း လက်ဖက်ရည်ချပေးလိုက်၊ ငါ့ကိုတော့ ထုံးစံအတိုင်းကော်ဖီပဲပေးဟေ့၊ မင်းတို့ဆီမှာရတဲ့မုန့်တွေ သုံးလေးမျိုးလောက်ချကွာ”
ကိုတိုးကျော်က စားပွဲပေါ်တင်ထားတဲ့အကြမ်းပန်းကန်လုံးလေးတွေကို ကောက်လှန်လိုက်ပြီးတော့ ရေနွေးတွေငှဲ့ထဲ့ရင်း
“ဒီနေ့က ဈေးနေ့မဟုတ်လို့ အေးအေးဆေးဆေး ထိုင်ပြီးသောက်ရတာဆရာကြီးရေ၊ ဈေးနေ့ဆိုရင်တော့ ထိုင်ဖို့ခုံတောင်မရှိတတ်ဘူး”
ကျုပ်လည်းထိုင်ရင်း ဈေးမှာရောင်းဝယ်ဖောက်ကားနေတဲ့လူတွေကို ကြည့်နေမိတယ်၊ ဈေးနေ့မဟုတ်တော့ ဈေးကလေးထဲမှာ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်၊ ဟင်းချက်စရာကုန်စိမ်းတွေ ဒီလောက်ပဲရောင်းဝယ်ဖောက်ကားနေကြတာပါ၊ သိပ်မကြာပါဘူး ကုလားလေးက ဗန်းကလေးတစ်ခုနဲ့ လက်ဖက်ရည်ခွက်တွေလာချတယ်၊ လက်ဖက်ရည်ခွက်က မန်ကျည်းရောင်လို ဖန်ခွက်ကလေးပါ၊ အထဲကလက်ဖက်ရည်ခွက်ကတော့ အုတ်နီခဲရောင်လို နီရဲပြီး မွှေးကြိုင်နေတာပါပဲဗျာ၊ နောက်တော့ မုန့်တွေလာချတယ်၊ ကုလားအစားအစာတွေဖြစ်တဲ့ စမူဆာ၊ ပလာတာ၊ နံပြားတွေပါပဲ၊ ကျုပ်ကတော့ နံပြားကိုဖဲ့လိုက်ပြီး လက်ဖက်ရည်နဲ့တို့ရင်း စားနေမိတယ်။
ဦးအောင်ရှိန်က လက်ဖက်ရည်ခွက်ကို ကောက်ယူပြီးမော့သောက်မယ်လုပ်နေတုန်းမှာပဲ ဈေးထဲကနေ အဘွားကြီးတစ်ယောက်က တောင်းပြဲကြီးရွက်ပြီး လက်ဖက်ရည်ဆိုင်ထဲကိုဝင်လာပါရော၊ ပြီးတော့ ကျုပ်တို့နဲ့မျက်နှာချင်းဆိုင်စားပွဲခုံမှာဝင်ထိုင်ပြီးတော့ သူ့ဈေးတောင်းကြီးကို ဘေးနားကိုချလိုက်တယ်။ ဒီအဘွားကြီးမြင်တော့ ကျုပ်လန့်သွားတယ်၊ အဘွားကြီးက ဟိုနေ့က ကျုပ်မြင်တွေ့ခဲ့ရတဲ့ဈေးသည်အဘွားကြီးဗျ၊ ကိုတိုးကျော်ပြောတာကတော့ ဒီအဘွားကြီးကစုန်းမကြီးဒေါ်ကြွေမဟုတ်လား။ ဦးအောင်ရှိန်ကလည်း စုန်းမကြီးကို ဒီနေ့လာခဲ့ပါဆိုပြီး သူ့ရဲ့တိုက်မြွေကို ကိုင်ရင်းပြောခဲ့တာဆိုတော့ ကျုပ်ဖြင့်သူ့ကိုမြင်တာနဲ့ လန့်ကိုနေပြီဗျာ။ ကိုတိုးကျော်ကလည်း ဦးအောင်ရှိန်ကိုကြည့်ရင်း မျက်ခုံးပင့်ပြလိုက်တယ်။
စားပွဲထိုးကုလားလေးက ပြေးလာပြီးတော့
“ဟော အမေကြွေရောက်လာပြီလား၊ ထုံးစံအတိုင်း ပေါ့ကျပဲပေါ့နော်”
အဘွားကြီးက ခေါင်းပဲတစ်ချက်ညိတ်ပြတယ်၊ အဘွားကြီးထိုင်နေတဲ့နေရာနဲ့ ဦးအောင်ရှိန်ထိုင်နေတဲ့နေရာက မျက်စောင်းထိုးလိုဖြစ်နေတယ်၊ ကျုပ်တို့ကြားမှာ ဆိုင်ထဲဝင်ထွက်တဲ့ လမ်းကလေးတစ်ခုပဲခြားနေတာဆိုတော့ တော်တော်နီးကပ်နေတယ်လို့ပြောလို့ရတယ်၊ ဒေါ်ကြွေက ဦးအောင်ရှိန်ကိုတစ်ချက်စူးစူးစိုက်စိုက်ကြည့်နေတယ်။ သူ့အကြည့်ကိုက တစ်မျိုးကြီးပဲဗျာ၊ ဘယ်လိုကြီးလဲဆိုတာ ပြောတော့မပြတတ်ပေမယ့် မကောင်းတဲ့အငွေ့အသက်ကြီး ခံစားနေရတယ်။
ကျုပ်က ဦးအောင်ရှိန်ကိုတစ်ချက်လှည့်ကြည့်လိုက်တော့ လက်ဖက်ရည်ခွက်ကိုင်ထားတဲ့ ဦးအောင်ရှိန်ရဲ့လက်က တဆတ်ဆတ်တုန်ယင်နေတယ်၊ ပြီးတော့ လက်ဖက်ရည်ခွက်ထဲက လက်ဖက်ရည်တွေက ပိုပြီးနီကျင်လာရင်း နောက်တော့ သွေးရည်တွေလို နီရဲသွားပါရော၊ ကျုပ်က တအံ့တသြနဲ့ပြောမယ်အလုပ်မှာ ကိုတိုးကျော်က ကျုပ်ကိုလှမ်းတားလိုက်တယ်၊ ကျုပ်အထင်တော့ စုန်းမကြီးဒေါ်ကြွေက ဦးအောင်ရှိန်ရဲ့ လက်ဖက်ရည်ခွက်ထဲကို စုန်းအတတ်နဲ့လှမ်းပြီးပြုစားနေတာဖြစ်ရမယ်။
ဒေါ်ကြွေရဲ့ရုပ်ကတော့ ခပ်ပြုံးပြုံးပဲဗျ၊ သူအနိုင်ရနေပြီဆိုတဲ့ ရုပ်မျိုးပေါ့၊ ကျုပ်စိတ်ပူလို့ ဦးအောင်ရှိန်ကိုကြည့်တော့ ဦးအောင်ရှိန်က ခေါင်းတစ်ချက်ခါပြပြီး လက်ဖက်ရည်ခွက်ကို ပါးစပ်နဲ့မှုတ်လိုက်တယ်၊ အငွေ့တထောင်းထောင်းထပြီး သွေးရည်တွေလိုနီရဲနေတဲ့ လက်ဖက်ရည်ခွက်ကိုမှုတ်ရင်းကနေ လက်ဖက်ရည်ခွက်က တဖြည်းဖြည်းအရောင်ပြောင်းလာပြီးတော့ နဂိုအတိုင်းပြန်ဖြစ်သွားတယ်။
ဦးအောင်ရှိန်က လက်ဖက်ရည်ခွက်ကို တစ်ကျိုက်သောက်ရင်း အောင်နိုင်သူအပြုံးမျိုးနဲ့ ပြုံးလိုက်တယ်။ ပြီးတော့
“ဟေ့တိုးကျော်၊ မင်းတိုက်တဲ့လက်ဖက်ရည်က သောက်လို့သိပ်ကောင်းပါလားကွ”
ကိုတိုးကျော်ကိုမကြည့်ဘဲ ဒေါ်ကြွေကိုစိုက်ကြည့်ရင်း တစ်ချက်ပြောလိုက်တာပဲဗျာ၊ ဒေါ်ကြွေမျက်နှာကြီးက မပြုံးနိုင်တော့ဘဲ ရှုံ့မဲ့နေတာပဲ၊ ဒေါ်ကြွေက ကန့်လန့်ဖြတ်လွယ်ထားတဲ့ သူ့လွယ်အိတ်ထဲက ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုယူလိုက်ပြီးတော့ ပါးစပ်မှာတေ့လိုက်တယ်၊ နောက်တော့ မီးခြစ်ဆံဘူးကလေးထုတ်လိုက်ပြီး မီးခြစ်ဆံနဲ့ဆေးလိပ်ကိုမီးညှိပြီးတစ်ချက်နှစ်ချက်ဖွာလိုက်တယ်။
သူဖွာနေတုန်း ဆေးလိပ်မီးက ဖုတ်ခနဲငြိမ်းကျသွားတယ်၊ ဒေါ်ကြွေက ဆေးလိပ်ကိုမီးမတို့သေးဘဲ ဦးအောင်ရှိန်ကိုပြန်ကြည့်နေပါရောဗျာ၊ ဦးအောင်ရှိန်ကလည်း ဒီဘက်ကနေ ခပ်ပြုံးပြုံးနဲ့ ဒေါ်ကြွေကိုပြန်ပြီးစိုက်ကြည့်နေပါရော၊ ဒေါ်ကြွေက ဆေးလိပ်ကိုမီးပြန်မညှိပဲ တစ်ချက်နှစ်ချက်ဖွာလိုက်သေးတယ်၊ ဒီအခါ ဆေးလိပ်မီးက ရဲခနဲပြန်တက်လာပါရော၊ ဒေါ်ကြွေဖွာပြီးတာနဲ့ ဆေးလိပ်မီးက တစ်ခါတည်းငြိမ်းကျသွားတယ်၊ ဒီတစ်ခါတော့ ဒေါ်ကြွေက လေးငါးခါလောက်ဖွာပေမယ့် ဆေးလိပ်မီးက ပြန်မတက်တော့ဘူး။
ဒေါ်ကြွေက ဆောင့်ကြီးအောင့်ကြီးနဲ့ သူ့လွယ်အိတ်ထဲက မီးခြစ်ဆံဘူးကိုပြန်ထုတ်လိုက်တယ်၊ မီးခြစ်ဆံတစ်ချောင်းကို မီးခတ်ပြီး ဆေးလိပ်မှာမီးညှိပေမယ့် မီးခြစ်ဆံသာ မီးလောင်လို့ကုန်သွားတယ် သူ့ဆေးလိပ်က မီးမစွဲဘူးဖြစ်နေတယ်၊ ဒါနဲ့ မီးခြစ်ဆံနောက်တစ်ချောင်းထပ်ယူပြီး မီးခတ်တော့ မီးခြစ်ဆံက မီးကိုမစွဲတော့ဘူး။
“တော်တော်သောက်သုံးမကျတဲ့ မီးခြစ်ဆံဘဲ”
ဒေါ်ကြွေက မီးခြစ်ဆံကိုကျိန်ဆဲရင်း ဆိုင်အပြင်မြေကွက်လပ်ကိုလွှင့်ပစ်ထည့်လိုက်တယ်၊ ပြီးတော့ မီးခြစ်ဆံတစ်ချောင်းထပ်ယူပြီး မီးထပ်ခပ်တယ်၊ ဒီမီးခြစ်ဆံလည်း သုံးလေးချက်ခပ်လို့မီးမပွင့်တော့ ဒေါ်ကြွေကလွင့်ပစ်လိုက်ပြန်ရော၊ ဒေါ်ကြွေက တစ်ချောင်းပြီးတစ်ချောင်းထုတ်ရင်း မီးခြစ်ဆံတစ်ဘူးလုံးကုန်သွားတယ်။ မီးခြစ်ဆံအချောင်းနှစ်ဆယ်လောက်လည်း ဆိုင်ရှေ့မြေပြင်မှာပြန့်ကျဲနေပါပြီ၊ ဆိုင်ကစားပွဲထိုးကုလားလေးက ဒေါ်ကြွေအရှေ့ကို လက်ဖက်ရည်တစ်ခွက်လာချပြီးတော့ သူ့အိတ်ထဲက ဓါတ်ဆီထည့်ခြစ်ရတဲ့ ဇီးကွက်မီးခြစ်ကို ရှဲခနဲခြစ်ပြီး ဒေါ်ကြွေရဲ့ဆေးလိပ်ကို မီးညှိပေးလိုက်တယ်၊ ဆေးလိပ်က ဒီတော့မှ မီးစွဲတော့တယ်။
“မီးခြစ်ဆံတွေက အရည်အသွေးမကောင်းတော့ အစိုဓါတ်ရရင် မီးမစွဲဘူး အမေကြွေရဲ့၊ ဟောဒီလို ဓါတ်ဆီမီးခြစ်ကလေးဆောင်ထား”
ဒေါ်ကြွေက ခေါင်းပဲညိတ်ပြရင်း ဆေးလိပ်ကိုဆက်ဖွာတယ်၊ ဒီအချိန်ဆိုင်အပြင်မှာ လွင့်ပစ်ထားတဲ့ မီးခြစ်ဆံတွေက မီးမခတ်ဘဲ သူ့အလိုလိုရှဲခနဲမီးထတောက်လာကြတယ်၊ ဒေါ်ကြွေက ဖွာလက်စဆေးလိပ်ကို မီးသတ်လိုက်ပြီးတော့ စားပွဲပေါ်ပစ်တင်လိုက်တယ်၊ နောက်တော့ တောင်းပြဲကြီးကို ခေါင်းပေါ်ရွက်ပြီး ထိုင်ရာကနေထလိုက်တယ်။ ချွေးခံအိတ်ထဲက အကြွေစေ့တစ်ပြားထုတ်ပြီး စားပွဲခုံပေါ်ပစ်တင်ခဲ့ပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ထထွက်သွားပါရော။ သူထွက်သွားတော့မှ ကျုပ်လည်း သက်ပြင်းချနိုင်တော့တယ်။ ကုလားစားပွဲထိုးကလေးဆိုရင် ဒေါ်ကြွေတစ်စက်မှမသောက်သွားတဲ့ လက်ဖက်ရည်ခွက်ကိုကြည့်ပြီး အံ့သြနေတယ်။
“ဆရာကြီး ဘယ်လိုဖြစ်တာလဲ”
“ငါခေါ်ထားလို့ သူကရောက်လာတာဆိုတော့ ငါ့အကြောင်းသိရအောင် ငါ့ကိုနည်းနည်းပါးပါးစမ်းကြည့်တာပေါ့ကွာ”
“ဗျာ၊ ဒါဆို ခုနက ဆရာကြီးနဲ့အဲဒီအဘွားကြီးနဲ့ ပညာပြိုင်နေတာပေါ့”
“အဟုတ်ပေါ့ ရင်မောင်ရ၊ ဒါကြောင့် ငါကမင်းကိုတားလိုက်တာ၊ မင်းသာ စကားသွားပြောရင် ဆရာကြီးသမာဓိပျက်ပြီးတော့ အလစ်အငိုက်ခံရမှာစိုးလို့ပေါ့ကွ”
ကိုတိုးကျော်ကလည်းဝင်ပြောတယ်။ ဦးအောင်ရှိန်က ခေါင်းခါရင်း
“မင်းစကားပြောလည်း ဘာမှမဖြစ်ပါဘူး၊ သူ့လောက်က အေးအေးဆေးဆေးပါ၊ သူက သူ့ရဲ့စက်လက်နက်တွေကို ခြေထောက်ကနေတဆင့်မြေကြီးထဲကိုပစ်ထည့်လိုက်တာ ငါကလည်း မြေကြီးပေါ်ထိုင်နေတဲ့လူဆိုတော့ သူ့စက်တွေက ငါ့ခြေထောက်ကနေတက်လာပြီး ငါကိုင်ထားတဲ့ခွက်ထဲကိုရောက်လာခဲ့တာပဲ”
“ဒါကြောင့် ဆရာကြီးခုနက လက်တွေတဆတ်ဆတ်တုန်နေတာကိုး”
“စက်တွေက လက်ဖက်ရည်ထဲရောက်တော့ စက်အသွင်ပြအောင်လို့ ငါကအနီရောင်ပြောင်းပစ်လိုက်တာပဲ၊ မင်းတို့လည်းမြင်ရအောင်လို့ပေါ့၊ အမှန်က စက်တွေက လက်ဖက်ရည်ထဲရောက်ပြီး လူမမြင်ရအောင်ပုန်းနေတာကွ၊ ငါဖော်လိုက်လို့သာ အနီရောင်အဆင်းမြင်ရတာဟေ့၊ ဝါနုတဲ့ဆရာတွေဆိုရင် သူ့စက်ကိုမသိဘဲ တစ်ခါတည်းသောက်မိမှာကွ”
“သောက်လိုက်ရင် ဘာဖြစ်မလဲဆရာကြီး”
“ဘာဖြစ်ရမလဲ အူတွေ ကလီစာတွေ အပိုင်းပိုင်းပြတ်ပြီး သေမှာပေါ့ကွ”
“ဟာ၊ ကြောက်စရာကောင်းလိုက်တာဆရာကြီးရာ၊ ဒါနဲ့ ကျွန်တော်ကြားဖူးတာက စုန်းမတွေက ရန်သူကိုလက်ညှိုးထိုးမှ စက်တွေလွှတ်လို့ရတာမဟုတ်ဘူးလား”
“ဘယ်ဟုတ်မလဲကွ၊ စုန်းစွမ်းရင် မျက်စောင်းထိုးတာနဲ့တင် လူတွေသေစေတဲ့စက်တွေလွှတ်လို့ရတယ်၊ အခုဘွားတော်ကလည်း တော်တော်ကျွမ်းကျင်တဲ့အဆင့်ပဲကွ၊ နှယ်နှယ်ရရတော့မဟုတ်ဘူးဟေ့”
“ဒါဆို ဆေးလိပ်မီးကို ငြိမ်းတာကရော ဆရာကြီးလုပ်တာလား”
“အဟုတ်ပေါ့၊ ငါ့သောက်မယ့်လက်ဖက်ရည်ထဲကို သူက စက်နဲ့လှမ်းပြီးအပင်းခတ်တော့ ငါကလည်း သူသောက်မယ့်ဆေးလိပ်ကို မီးမစွဲအောင်ပြန်လုပ်ပြလိုက်တာပေါ့၊ ဘွားတော်က ဒါတောင်လက်မခံချင်ဘူးနော်၊ ငါလုပ်တယ်ဆိုတာ မယုံလို့ မီးခြစ်ဆံတဘူးလုံးကုန်အောင် ကြိုးစားကြည့်သေးတာကွ၊ နောက်ဆုံးမရတော့မှ သူ့အရှုံးသူလက်ခံပြီး ဟန်တောင်မဆောင်နိုင်ဘဲ ပြန်ထွက်သွားတာကွ”
“ဒါဆို ဆရာကြီး သူ့ကိုနိုင်ပြီပေါ့နော်၊ ဒီမိန်းမကြီး ပြေးပြီပေါ့”
“ဒီလိုလည်းမဟုတ်သေးဘူး ရင်မောင်၊ စုန်းတွေပညာပြိုင်တဲ့အခါကျတော့ ပညာအစွမ်းတွေအကုန်ထုတ်မပြသေးခင် သမားစဉ်ပြတယ်ဆိုပြီး အစွမ်းပြတဲ့သဘောရှိတယ်၊ အခုလိုဟာမျိုးကတော့ သမားစဉ်ပြတဲ့သဘောပေါ့၊ အစစ်အမှန်ပြိုင်ဆိုင်တာမဟုတ်သေးဘူး”
“ဒါဆို အစစ်အမှန်က ဘယ်တော့ပြိုင်မှာလဲဆရာကြီး”
“သိပ်မကြာတော့ပါဘူးကွာ၊ တိုးကျော်တို့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှာပါ၊ ကဲ ငါတို့စားပြီးသောက်ပြီးရင်လည်း အိမ်ပြန်ကြစို့ဟေ့”
“ဆရာကြီး ဒီလက်ဖက်ရည်ဖိုးကိုတော့ ကျွန်တော်ရှင်းပါရစေ၊ ပြီးတော့ ကျွန်တော့်သမီးက ဒီဆိုင်ကစမူဆာကိုသိပ်ကြိုက်တာဆိုတော့ စမူဆာသုံးခုလောက် ဝယ်သွားလိုက်အုံးမယ်”
ကိုတိုးကျော်က ပြောဆိုရင်း ကော်ဖီခွက်ကိုသောက်ဖို့ယူလိုက်တော့ ဦးအောင်ရှိန်က ကိုတိုးကျော်လက်ကိုတားလိုက်တယ်၊ ကိုတိုးကျော်လည်း ကြောက်ကြောက်လန့်လန့်နဲ့ကော်ဖီခွက်ကိုပြန်ချလိုက်တယ်။
“တိုးကျော်၊ မင်းတတ်တဲ့ပညာနဲ့ အစာပင်းကိုဖော်ကြည့်စမ်းဟေ့”
ကိုတိုးကျော်က ကော်ဖီခွက်ထဲလက်နှိုက်ပြီး တစ်ခုခုကိုရေရွတ်လိုက်တော့ ကော်ဖီခွက်ထဲမှာ သစ်သားအစအနလို အချွန်စကလေးတွေ တွေ့ရတယ်၊ အချွန်လေးတွေက တစ်လက်မလောက်ရှိမယ်ထင်တယ်၊ ထိပ်ဘက်တွေက ချွန်စူးနေတာပဲဗျာ၊ ကိုတိုးကျော်က သူ့လက်နဲ့သူနှိုက်ကြည့်ပြီး အံ့သြနေတယ်။
“ဟောဗျာ၊ ကျုပ်သာ ဒီကော်ဖီကိုသောက်မိရင် မလွယ်ဘူးဆရာကြီးရာ”
“နောက်ဆိုသတိထားကွ တိုးကျော်ရ၊ ငါအရှေ့မှာပြောခဲ့သလို အထက်လမ်းဆရာပါလို့ ကြေငြာထားတဲ့လူက အချိန်မရွေးသတိကပ်နေမှတော်ကာကျမယ်ကွ၊ မကောင်းတဲ့လူဆိုတာ ကိုယ့်ကိုဘယ်အချိန် မကောင်းကြံမလဲဆိုတာကို ကြိုမမြင်နိုင်ဘူးမဟုတ်လား”
“ကျေးဇူးပါ ဆရာကြီးရာ”
ကိုတိုးကျော်က ကော်ဖီဆက်မသောက်တော့ဘူး၊ သူတို့မသောက်တာနဲ့ ကျုပ်လည်း ကျုပ်အရှေ့က လက်ဖက်ရည်ခွက်ကိုကြည့်ပြီး သံသယဝင်လာတယ်။
“သောက်ပါရင်မောင်ရ”
“ဆရာကြီးရာ ကျွန်တော် . . .ကျွန်တော် မသောက်ရဲဘူးဗျ”
“သောက်စမ်းပါဆိုကွာ၊ လက်ဖက်ရည်တစ်ခွက် ပြားနှစ်ဆယ်တောင်ပေးရတာကွ၊ ဈေးကြီးတယ် သောက်မှာသာသောက်၊ မင်းလိုပမွှားလေးကိုတော့ စုန်းမက မလုပ်လောက်ပါဘူးကွ”
ကျုပ်လည်း ငတ်ငတ်နဲ့လက်ဖက်ရည်ခွက်ကို ကောက်ပြီး တစ်ကျိုက်တည်းမော့သောက်လိုက်တော့တယ်၊ ကြောက်ကြောက်နဲ့သောက်တာဆိုတော့ လက်ဖက်ရည်အရသာတောင် ဘယ်ဆီနေသလဲမသိပါဘူး၊ သောက်ပြီးတော့မှ ဦးအောင်ရှိန်ပြောတဲ့စကားကို သေချာပြန်စဉ်းစားမိတယ်။
“ဟို ဆရာကြီး၊ စုန်းမက ကျုပ်လိုပမွှားလေးကို မလုပ်လောက်ပါဘူးဆိုတော့ လုပ်များလုပ်ခဲ့တယ်ဆိုရင်ရော”
“လုပ်ခဲ့ရင်တော့ အခုအချိန်လောက်ဆို မင်းဗိုက်ထဲကို အပင်းတွေရောက်နေလောက်ရောပေါ့ကွာ”
“ဟာဗျာ၊ ဆရာကြီးပြောမှ ကျွန်တော်ကြောက်တောင်လာပြီဗျ၊ ဗိုက်ထဲဘာတွေများဝင်သွားသလဲမသိဘူး”
ဒီအခါ ကိုတိုးကျော်နဲ့ ဦးအောင်ရှိန်တို့က ပြိုင်တူရယ်လိုက်ရင်း
“မပူပါနဲ့ကွ၊ ဗိုက်ထဲရောက်တော့လည်း မင်းအရှေ့မှာရှိနေတာ အထက်လမ်းဆရာနှစ်ယောက်လေကွ၊ ငါတို့ပြန်ကုပေးမှာပေါ့ကွ”
“ဆရာကြီးတို့ ပြန်ကုပေးမှာက နောက်မှလေဗျာ၊ အရင်ခံရမှာက ကျွန်တော်ဗျ”
ကျုပ်ပြောတော့ ဦးအောင်ရှိန်ဆိုရင် ခွက်ထိုးခွက်လန်ရယ်ပါရောဗျာ။
(၂)
အိမ်ကိုပြန်လာကြတော့ ကိုတိုးကျော်ရဲ့သမီးလေးက အိမ်ရှေ့မှာထိုင်ပြီး ထမင်းကိုအားရပါးရစားနေတာဗျ၊ ကိုတိုးကျော်တို့ အိမ်က ခြေတံရှည်အိမ်ကြီး၊ အိမ်ရှေ့အိမ်အောက်မှာတော့ လူတွေထိုင်လို့ရအောင်လို့ ကွပ်ပျစ်လိုဟာကလေးတစ်ခုရှိတယ်၊ ကလေးမက အဲဒီအပေါ်မှာ ခြေချိတ်ထိုင်နေပြီးတော့ သံပန်းကန်ပြားတစ်ချပ်ကို ပေါင်ပေါ်တင်ရင်း ပန်းကန်ထဲက ထမင်းတွေကိုအားရပါးရကျုံးစားနေတယ်ဗျ၊ ထမင်းတစ်လုပ်စားလိုက် ပန်းကန်ထဲက စမူဆာကိုကောက်ပြီး ဂျွတ်ခနဲဝါးလိုက်နဲ့ပေါ့၊ ကျုပ်တို့ရောက်သွားတော့ ကိုတိုးကျော်က သူ့သမီးကို တအံ့တသြနဲ့ကြည့်ရင်း
“သမီး ထမင်းတောင်စားနေပြီလား၊ အဖေသမီးဖို့ စမူဆာဝယ်လာတယ်”
ဦးတိုးကျော်က စမူဆာထုတ်လှမ်းပေးရင်း သူ့သမီးကိုကြည့်လိုက်တော့ သူ့သမီးက စမူဆာနဲ့ထမင်းစားနေတာ။
“သမီး၊ သမီးစားနေတဲ့စမူဆာက ဘယ်ကနေရတာလဲ”
ကလေးမက ပလုပ်ပလောင်းနဲ့
“အဖေပို့ခိုင်းလိုက်တာလေ”
ကိုတိုးကျော်က အံ့သြသွားတယ်။ ကျုပ်က ကြားထဲကနေပြီး
“ကိုတိုးကျော်ရာ၊ သူက တခြားကလာရောင်းတဲ့စမူဆာ ဝယ်စားတာဖြစ်မှာပေါ့ဗျ”
“မဖြစ်နိုင်ဘူး၊ ဒီရွာမှာ ရွာထိပ်က ကုလားလက်ဖက်ရည်ဆိုင်ကလွဲလို့ စမူဆာရတဲ့နေရာမရှိဘူး”
ကိုတိုးကျော်ပြောမှ ကျုပ်ပါလန့်သွားတယ်၊ ကိုတိုးကျော်က သူ့သမီးစားနေတဲ့ပန်းကန်ကိုဆွဲလုလိုက်တော့ ကလေးမကလည်း ကြောင်တောင်တောင်နဲ့ကြည့်နေတယ်၊ ကိုတိုးကျော်က လက်ညှိုးတစ်ချောင်းထောင်ပြီး သံပန်းကန်ပြားကိုလက်နဲ့သုံးလေးချက်လောက်ခေါက်လိုက်တော့ ကလေးမစားနေတဲ့စမူဆာက သစ်ရွက်ခြောက်ကြီးဖြစ်သွားပြီး စမူဆာထဲက အဆာပလာတွေကတော့ မြေကြီးတွေ၊ ကျောက်တုံးခဲတွေဖြစ်နေတယ်ဗျာ၊ ကိုတိုးကျော်က သူ့သမီးကိုစိုက်ကြည့်ရင်း
“သမီး ဒီစမူဆာကို နင့်ကိုငါ အပြင်စာတွေ သူများကျွေးတဲ့အစားအစာတွေ မစားရဘူးလို့မှာထားတယ်မဟုတ်လား”
“သမီးမစားပါဘူး”
“ဒါဖြင့် ဒီစမူဆာကဘယ်လိုရောက်လာတာလဲ”
“ဘေးအိမ်က ဒေါ်ခင်ကြီးက အဖေပေးလိုက်တာဆိုပြီးတော့ လာပေးတာ”
ကိုတိုးကျော်က တောက်တစ်ချက်ခေါက်လိုက်ပြီး သူတို့ခြေရင်းအိမ်ကိုကြည့်ကာ အော်ခေါ်တယ်ဗျ။
“ဗျို့၊ ဒေါ်ခင်ကြီး . . . ဒေါ်ခင်ကြီး”
ခြေရင်းခြံထဲကနေ ပြန်ထူးတဲ့အသံကိုကြားရတယ်။
“လာခဲ့ပါအုံးဗျာ၊ ဒီမှာအရေးကြီးလို့”
ဒေါ်ခင်ကြီးဆိုတဲ့ မိန်းမကြီးကပြေးလာတယ်ဗျ၊ လူပုံစံကတော့ ပုပု၀၀ပါပဲ၊
“ဒေါ်ခင်ကြီး ခင်ဗျားဒီစမူဆာတွေကို ဘယ်ကရသလဲ၊ ပြီးတော့ ကျုပ်မပေးခိုင်းဘဲနဲ့ ဘာလို့ပေးခိုင်းတယ်ဆိုပြီး သမီးကိုညာပေးရတာလဲ ပြော”
“ဟောတော်၊ ကြံကြီးစည်ရာ ငါမပေးပါဘူးအေ”
“ဒေါ်ခင်ကြီး ခင်ဗျားကျုပ်ကိုမလိမ်နဲ့နော်၊ သမီးပြောတော့ ခင်ဗျားပေးသွားတာတဲ့”
“ဘုရားပေးပေး ကျမ်းပေးပေးပါ မောင်တိုးကျော်ရယ်၊ အဒေါ်မနက်ကတည်းက ခြံထဲကခြံပြင်တောင်မထွက်ရသေးပါဘူး၊ အဲဒီစမူဆာတွေကိုလည်း အဒေါ်က ဘယ်ကရလို့ လာပေးရမှာလဲ”
ကိုတိုးကျော်ကတော့ ဒေါ်ခင်ကြီးကိုမယုံကြည်တဲ့ပုံစံပဲဗျ။
“ခင်ဗျားမပေးဘဲ ဘယ်သူကလာပြီးပေးမှာလဲဗျ၊ ကျုပ်သမီးကလည်း ခင်ဗျားပေးတာမှ ခင်ဗျားအစစ်လို့ပြောနေတာကို”
ဒေါ်ခင်ကြီးနဲ့ ကိုတိုးကျော်နဲ့ရန်ဖြစ်မလိုဖြစ်သွားကြတယ်၊ ဦးအောင်ရှိန်က ကိုတိုးကျော်လက်ကိုဆွဲလိုက်ပြီး
“မဟုတ်ဘူးတိုးကျော်၊ သူများကိုမစွပ်စွဲနဲ့ ငါ့အထင်တော့ သူမလိမ်ဘူးလို့ထင်နေတာပဲ”
“ဒါဆိုဘယ်သူကလာပေးသွားတာလဲဗျာ၊ ဒီရွာမှာ ဒေါ်ခင်ကြီးဘယ်နှယောက်ရှိလို့လဲ”
“ငါ့အထင်တော့ စုန်းမကလုပ်သွားတာပဲဗျ”
“ဗျာ . . .စုန်းမက ဘယ်လိုလုပ်သွားတာလဲ”
“စုန်းမက ဒေါ်ခင်ကြီးပုံစံယောင်ဆောင်ပြီးတော့ မင်းသမီးကို မုန့်ပေးသွားတာကွ”
“ဟာ၊ ဆရာကြီးကတော့လုပ်ပြီ၊ ကျုပ်လည်း စုန်းတွေတွေ့ဖူးတာမနည်းတော့ဘူး၊ စုန်းတစ်ယောက်က တခြားတစ်ယောက်ပုံစံဟန်ဆောင်နိုင်တယ်ဆိုတာ စာရေးဆရာတွေ အရပ်ထဲကလူတွေ ချဲ့ကားပြောကြတာမဟုတ်ဘူးလား၊ စုန်းက တကယ်ပဲ တခြားလူပုံစံယောင်ဆောင်နိုင်လို့လား”
“မင်းက ဆရာသက်နုသေးတော့ စုန်းလူယောင်ဆောင်နိုင်တယ်ဆိုတာကို မယုံဘူးပေါ့ကွ၊ ကဲ ငါမင်းရဲ့သမီးကို မေးကြည့်စမ်းမယ်၊ ကဲ သမီးလေး မနက်ကတွေ့လိုက်တဲ့ဒေါ်ကြီးခင်က အခုဒေါ်ကြီးခင်ဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ တူတူပဲလား”
ကိုတိုးကျော်သမီးက သေချာစဉ်းစားပြီး ခေါင်းခါတယ်။
“မတူဘူး၊ မုန့်လာပေးသွားတဲ့ ဒေါ်ခင်ကြီးက အရောင်ခပ်မှိုင်းမှိုင်းနဲ့ထဘီကလည်း အနက်ပွင့်လိုဟာကြီးဝတ်ထားတာ”
ဒေါ်ခင်ကြီးက ခေါင်းခါရင်း
“ကျုပ်ပြောတာယုံပါဆရာကြီးရယ်၊ ကျုပ်မနေ့က ညနေကတည်းက ဒီအဝတ်အစားပဲဝတ်ထားတာ လဲတောင်မလဲရသေးပါဘူး”
ဒီတော့မှ ကိုတိုးကျော်က ခေါင်းညိတ်ပြီးလက်ခံသွားတယ်။
“စုန်းက သူများအယောင်ဆောင်တယ်ဆိုတာကို ကျုပ်အခုမှတွေ့ဖူးတာပဲဆရာကြီးရာ”
ကျုပ်တို့ပြောနေတုန်း ကိုတိုးကျော်သမီးလေးက ကွပ်ပျစ်ပေါ်ကို အနောက်ပြန်လန်ပြီးတော့ လဲကျသွားတယ်၊ ကွပ်ပျစ်ကြမ်းနဲ့နောက်စေ့နဲ့ရိုက်တဲ့ ဒုန်းခနဲအသံတောင်အကျယ်ကြီးကြားရတယ်၊ ကိုတိုးကျော်က သူ့သမီးဆီကိုပြေးသွားပြီးတော့ ကလေးကိုဆွဲထူလိုက်တော့ ကလေးပါးစပ်က အမြှုပ်တွေထွက်ပြီး မျက်ဆန်တွေက အပေါ်ကိုမော့ကြည့်သလို လည်နေတယ်ဗျ။
“သမီး၊ သမီး . . . ဆရာကြီး သမီးလေးကိုကယ်ပါအုံးဗျာ”
“ဒီမှာလုပ်လို့မကောင်းဘူးဟေ့၊ လူတွေသူတွေမြင်ကုန်မယ်၊ ကဲ ငါကလေးကို အပေါ်ထပ်ကိုပွေ့ခဲ့မယ်ဟေ့”
ဦးအောင်ရှိန်က ကလေးကိုပွေ့ပြီးတော့ အိမ်လှေကားကနေတက်ခဲ့တယ်၊ ကိုတိုးကျော်က သမီးဇောနဲ့ဆိုတော့ ခြေထောက်ကျိုးထားတာကိုတောင် သတိမရဘူးထင်ပါတယ်ဗျာ၊ အိမ်ပေါ်ရောက်တော့ အိမ်ရှေ့ခန်း ဘုရားစင်အရှေ့မှာ ကလေးမကိုလှဲချလိုက်တယ်၊ ဒေါ်ခင်ကြီးကလည်း ပြာပြာသလဲနဲ့ အိမ်ပေါ်လိုက်တက်လာတယ်။ ဦးအောင်ရှိန်က ဒေါ်ခင်ကြီးကိုလှည့်ကြည့်ပြီး
“ဒီအိမ်ပေါ်က ရှိသမျှ ပြတင်းပေါက်တွေအကုန်လုံးကို လိုက်ပိတ်စမ်း”
ဦးအောင်ရှိန်ပြောတာနဲ့ ကျုပ်နဲ့ဒေါ်ခင်ကြီးလည်း အိမ်ပေါ်မှာရှိတဲ့ဖွင့်ထားတဲ့ပြတင်းပေါက်တွေအကုန်ပိတ်လိုက်တယ်၊ ဦးအောင်ရှိန်က တံခါးပေါက်ကိုပါ ပိတ်ခိုင်းတာမို့လို့ အိမ်ပေါ်အတက်အဆင်းလုပ်တဲ့ တံခါးပေါက်ကိုပိတ်ထည့်လိုက်တယ်။
“ကဲ တိုးကျော်၊ မင်းပညာနဲ့ မင်းသမီးလေးကို အရင်စမ်းကြည့်စမ်းကွာ”
ကိုတိုးကျော်က သူ့သမီးဘေးနားမှာထိုင်ချလိုက်တယ်။
“ကဲ မင်းရဲ့သမီးကို မင်းဘာနည်းလမ်းနဲ့စစ်မလဲ”
“ပယောဂစစ်နည်းနဲ့စစ်ဖို့က သမီးကလေးက သတိမေ့နေတာဆိုတော့ သူ့ကိုသွေးစမ်းပြီးစစ်တဲ့နည်းနဲ့ စစ်မယ်ဆရာကြီး”
“အေး လုပ်စမ်းကွာ”
ကိုတိုးကျော်က ကလေးမနဖူးပေါ်ကိုလက်ဝါးဖြန့်တင်ပြီးတော့ မျက်လုံးကိုမှိတ်ရင်း အသာငြိမ်နေရင်း အာရုံခံနေတယ်၊ နောက်တော့ မျက်လုံးပွင့်သွားပြီး
“ပယောဂမတွေ့ဘူးဆရာကြီး”
“ဒါဆို မင်းသမီးလေးဆီမှာ ပယောဂမရှိဘူးဆိုတာ မင်းယုံသလား”
“ဘယ်ယုံပါ့မလဲဆရာကြီးရယ်”
“အဲဒါပဲကွ၊ စုန်းကပညာအဆင့်မြင့်လွန်းသွားရင် တော်ရုံအထက်လမ်းဆရာတွေ သွေးစမ်းမရအောင်ပညာကိုဝှက်ထားတတ်တယ်ကွ၊ မင်းရဲ့သမီးစားနေတဲ့စမူဆာတွေက အပင်းတွေဖြစ်သွားတာကို မင်းမျက်စိနဲ့တပ်အပ်မမြင်ဘူးဆိုရင် မင်းရဲ့သမီးမှာပယောဂမရှိဘူးဆိုတာကို ယုံမိမယ်မဟုတ်လားကွ၊ အဲဒါကို စုန်းမမာယာလို့ခေါ်တယ်ကွ”
“မှတ်သားရပါတယ်ဆရာကြီးရယ်”
“စုန်းမမာယာသုံးထားတဲ့လူကို အထက်လမ်းဆရာကစစ်ကြည့်ပြီးတော့ ပယောဂမရှိဘူးဆိုပြီး ဆရာဝန်နဲ့ကုမယ်၊ ဗိန္ဓောဆေးဆရာနဲ့ကုမယ်ကွာ၊ အဲဒီအခါ လူနာက ရောဂါမသက်သာပဲသေမယ်၊ ပယောဂလည်းမတွေ့ဘူးဆိုတော့ သာမန်သွေးရိုးသားရိုး ရောဂါဖြစ်ပြီး သေတယ်လို့ လူတွေကထင်ကြမယ်လေကွာ၊ ကဲ စုန်းမအကြံမပိုင်လားကွ”
“ဟုတ်ပါတယ်ဆရာကြီးရယ်၊ ဒါနဲ့ ကျုပ်သမီးကလေးကို ကုသပေးပါနော်ဆရာကြီး”
ဦးအောင်ရှိန်က ကလေးမအနားကိုသွားထိုင်ရင်း
“ဆရာဝန်တွေဆေးကုတဲ့အခါ လူနာရဲ့ရောဂါကိုရှာဖွေဖို့ အရင်ဆုံး လူနာကိုဘာဖြစ်သလဲလို့မေးတယ်မဟုတ်လား၊ မေးမြန်းပြီးတော့ သေချာအောင် နားကြပ်နဲ့ထောက်ကြည့်မယ်၊ လိုအပ်ရင် ဓါတ်မှန်ရိုက်မယ်၊ သွေးကိုစစ်ကြည့်ပြီး စမ်းသပ်ကြတယ်မဟုတ်လားကွ၊ တို့အထက်လမ်းဆရာတွေဆိုတာလည်း အဲဒီလိုပဲကွ၊ ပယောဂကို ရှာဖွေကုသတဲ့အခါ နည်းလမ်းတစ်မျိုးထဲနဲ့စစ်ဆေးပြီးတော့ ပယောဂရှိတယ်မရှိဘူးဆိုပြီး ဆုံးဖြတ်လို့မရဘူး၊ ဆရာဝန်တွေစစ်သလို နည်းလမ်းပေါင်းစုံနဲ့ ရအောင်စစ်ရသေးတာကွ၊ ဒါကျတော့ အတွေ့အကြုံနဲ့ဆိုင်တယ်”
ဦးအောင်ရှိန်ကပြောပြီးတော့ သူ့လွယ်အိတ်ထဲကနေ ဘူးလေးတစ်ခုထုတ်လိုက်တယ်၊ နိုင်ငံခြားဖြစ် သတ္တုဘူးလေးတစ်ခုဗျ၊ ကွန်ပါဘူးနဲ့တောင်တူတယ်၊ အဲဒီဘူးကလေးထဲကနေ သံလုံးကလေးတစ်လုံးကိုထုတ်ယူလိုက်တယ်၊ အဲဒီသံလုံးကလေးကို ကလေးမရဲ့လက်ကောက်ဝတ်ပေါ်ကိုတင်ပြီး လက်နဲ့လှိမ့်ချလိုက်တော့ သံလုံးက အောက်ကိုလိမ့်ဆင်းမသွားဘဲ လက်ကောက်ဝတ်မှာ ကပ်နေတယ်၊ မသိရင်သံလိုက်တစ်ခုခုနဲ့ ကပ်နေသလိုပါပဲ။
“တွေ့တယ်မဟုတ်လား တိုးကျော်၊ ဒါနှယ်နှယ်ရရသံမဟုတ်ဘူး ခြသံကွ၊ ခြံသံလုံးဆိုတာ သူ့နဂိုကတည်းကိုက ပယောဂကိုသိနိုင်တဲ့အစွမ်းရှိပြီးသားကွ”
ဦးအောင်ရှိန်ကပြောဆိုပြီးတော့ ခြသံလုံးကလေးကို ကျုပ်ကိုလှမ်းပေးတယ်၊ ကျုပ်လည်း လှမ်းယူပြီးသေသေချာချာကြည့်နေမိတယ်၊ နောက်တော့ ကျုပ်လက်ကောက်ဝတ်ပေါ်ကိုတင်ပြီးတော့ လှိမ့်ချလိုက်တာ ခြသံလုံးက ကြမ်းပေါ်ကို ဝေါခနဲလိမ့်ကျသွားလို့ မနည်းပြန်လိုက်ဖမ်းလိုက်ရသေးတယ်။
“ဆရာကြီး စုန်းကဘယ်လိုလုပ်ထားတာလဲ”
“သွေးကြောထဲကို သံဆိပ်ထည့်ထားတာကွ၊ ဒါကြောင့် ခြသံနဲ့တွေ့တော့ သံလိုက်ဖြစ်နေတာ”
“ဟာ ဆရာကြီးရယ် သံဆိပ်ဆိုတာ ဆရာကြီးဘယ်လိုလုပ်ပြီးသိတာလဲ”
“ဒါကတော့ သဘာအရသိတယ်ပဲပြောပါတော့ကွာ၊ မင်းကိုတော့ ဘယ်လိုရှင်းပြရမလဲမသိဘူး၊ ကဲ ရင်မောင်ရေ အပ်ကြီးကြီးတစ်ချောင်းပေးစမ်းဟေ့”
အပ်ကြီးကြီးတောင်းတော့ ကျုပ်လည်းဘယ်မှာရှာရမယ်မသိဘူး၊ ကိုတိုးကျော်က ကြွက်လျှောက်ပေါ်ကိုလက်ညှိုးထိုးပြတော့မှ ကျုပ်ကထယူလိုက်ရတယ်၊ ကလေးပေါင်ဒါထည့်တဲ့ သံဘူးလေးတစ်ခုကိုဖွင့်လိုက်တော့ အထဲမှာ အပ်နဲ့အပ်ချည်လုံးတွေကိုတွေ့လိုက်ရတယ်။
“ကြီးတဲ့ဟာသာပေးဟေ့၊ ကြီးလေကောင်းလေပဲ”
အပ်ဘူးထဲမှာ အကြီးဆုံးအပ်ကတော့ ဖျာချုပ်တဲ့အပ်လို ကောက်ကောက်ကြီးပဲရှိတယ်၊ ကျုပ်လှမ်းပေးလိုက်တော့ ဦးအောင်ရှိန်က အပ်ထိပ်ကိုသေချာကြည့်ပြီး ခေါင်းညိတ်တယ်ဗျ၊ တစ်ချိန်တည်းမှာပဲ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီးတော့ အပ်ထိပ်ကိုမီးနဲ့ကင်တယ်၊ အပ်က ပူသွားတော့မှ ပိတ်စတစ်ခုနဲ့အပ်ကိုပွတ်ထည့်လိုက်ပြီး ကလေးမရဲ့လက်ကောက်ဝတ်က သွေးကြောကြီးကိုအပ်နဲ့ထိုးလိုက်ပါရောဗျာ၊ အပ်ကကြီးတယ်ဆိုတော့ ပုံမှန်လူဆိုရင် သွေးတွေပန်းထွက်လာမှာဗျ၊ ဒီကလေးမလက်ကောက်ဝတ်က သွေးကြောပွင့်သွားတော့ သွေးတွေမထွက်လာပဲနဲ့ တီကောင်လို အကောင်တစ်ကောင်တိုးထွက်လာတယ်၊ တီကောင်လိုဆိုပေမယ့် သူ့ကိုယ်လုံးက သံရောင်လို ခပ်ဝင်းဝင်းနဲ့ဗျ၊ အရှည်ကတော့ တစ်ထွာလောက်ရှိမယ်၊ ခေါင်းထောင်ပြီး ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်နဲ့လုပ်နေတယ်။ ကျုပ်ဖြင့် အံ့သြလို့ ပါးစပ်တောင်မပိတ်နိုင်ပါဘူး။
“ဒါ . . .ဒါဘာကောင်ကြီးလဲဟင် ဆရာကြီး”
“သံမြွေလို့ခေါ်တယ်ကွ၊ မြွေဆိုပေမယ့် ကပ်ပါးကောင်နဲ့တူတယ်၊ စုန်းတွေက သူ့ရဲ့ဥကိုအစာထဲထည့်ပြီး အစာပင်းသွင်းလိုက်တယ်၊ ဒီဥက လူကိုယ်ထဲကိုရောက်တာနဲ့ အကောင်ပေါက်ပြီး သွေးကြောထဲခိုနေတတ်တယ်ကွ၊ နေ့တစ်ဝက်လောက်ဆိုရင် အကောင်ကရင့်ပြီး နောက်ထပ်ဥတွေထပ်ချတတ်တယ်”
“ဆိုးလှပါလား ဆရာကြီးရာ”
“ဒါ့ထက်ဆိုးတာပြမယ်”
ဦးအောင်ရှိန်က ကြမ်းပြင်ပေါ်မှာ ခေါင်းတထောင်ထောင်နဲ့လုပ်နေတဲ့သံမြွေဆိုတဲ့အကောင်ကို လက်ဝါးနဲ့အုပ်ထည့်လိုက်တော့ သံမြွေက ငြိမ်ကျသွားပြီး သူ့ကိုယ်ထဲကနေ မည်းမည်းအရိပ်ကြီးတစ်ခုက ခုန်ထွက်လာတယ်၊ အရိပ်ဆိုပေမယ့်လည်း လေလိုလို၊ ထင်းမီးခိုးငွေ့လိုလိုပုံစံပဲ၊ သူကထွက်လာပြီးတော့ အိမ်ထဲမှာ ပတ်ပတ်လည်ပြီးလှည့်ပျံနေတယ်။
“ဒါကြောင့် မင်းတို့ကိုတံခါးပိတ်ခိုင်းထားတာပေါ့ကွ၊ တံခါးဖွင့်ထားရင် ဒီကောင်က ပြေးချင်ရာပြေးတော့မှာ”
ဦးအောင်ရှိန်က အရိပ်ကြီးကိုလက်ညှိုးထိုးပြီး ဟိတ်လို့တစ်ချက်အောက်လိုက်တယ်၊ အရိပ်ကြီးက ဦးအောင်ရှိန်အနားကို တဖြည်းဖြည်းနဲ့ပျံသန်းလာတဲ့အခါ ဦးအောင်ရှိန်က အရိပ်ကြီးကိုလက်ဝါးနဲ့အုပ်ပြီး လှမ်းဖမ်းလိုက်တယ်။ ပြီးတော့ လက်သီးဆုပ်ကိုပါးစပ်နားတေ့ပြီး
“မင်းသခင်ကိုပြောလိုက်၊ ခိုးကြောင်ခိုးဝှက်တွေလုပ်မနေနဲ့တော့လို့ သတ္တိရှိရင် ဒီညသန်းခေါင် ရွာထိပ်က ကွင်းထဲကိုလာခဲ့လို့၊ ဟုတ်ပြီလား”
ဦးအောင်ရှိန်ကပြောပြီးတော့ အိမ်ရှေ့ပြတင်းပေါက်အနားကိုထသွားတယ်၊ ပြတင်းပေါက်ကိုလက်တစ်ဖက်နဲ့ဖွင့်ပြီးတော့ လက်သီးဆုပ်ကိုအိမ်ပြင်ကိုလွှင့်ပေါက်တဲ့ပုံစံလုပ်လိုက်တယ်ဆိုရင်ဘဲ အရိပ်ကြီးက အပြင်ထွက်သွားပြီး ပျောက်ကွယ်သွားပါရောဗျာ။
“ဆရာကြီး သူလာပါ့မလား”
“မလာရင် သူ့ရွာလိုက်သွားပြီးတော့ကို ပွဲသွားကြမ်းကြတာပေါ့ကွာ”
ကိုတိုးကျော်သမီးကလေးက အခုမှ တအင်အင်နဲ့ညည်းရင်း သတိပြန်လည်လာတယ်။
“လုပ်ရက်လိုက်တာဗျာ၊ ကျုပ်သမီးလေးကို လုပ်ရက်လိုက်တာ၊ ဒီစုန်းမကို ကျုပ်ဒီတစ်သက်မကျေဘူး”
“စုန်းဆိုတာ ယုတ်မာတဲ့အမျိုးပဲ တိုးကျော်ရ၊ သူတို့က တရားနည်းလမ်းကျတာတွေဘာတွေနားမလည်ဘူး၊ တစ်ယောက်မနိုင်ရင် နိုင်တဲ့လူကို ငြိုးတေးပြီးလုပ်မယ်၊ မနိုင်ရင် နိုင်တဲ့နည်းလမ်းနဲ့ ကောက်ကျစ်ပြီးလုပ်မယ်၊ ဒါပဲကွ၊ ဒါကြောင့် စုန်းနဲ့ရင်ဆိုင်မယ့်လူက အမြဲသတိထားနေမှကွ”
ဦးအောင်ရှိန်က ကျုပ်ဘက်ကိုလှည့်ပြီးတော့
“ကဲ ရင်မောင်ရေ၊ အိပ်ရေးဝအောင်သာအိပ်ထား၊ ညကျရင်တော့ အိပ်ရေးပျက်အုံးမယ်ဟေ့”
ကျုပ်တို့ဖြင့် အိမ်ရှင်ရဲ့အိမ်ကိုတောင်မပြန်တော့ဘဲ ကိုတိုးကျော်အိမ်မှာပဲ နေလိုက်တယ်၊ ဒေါ်ခင်ကြီးက ဟင်းတွေဘာတွေချက်ပြီးပို့ရှာပါတယ်၊ စားသောက်ပြီးတော့ လေကလေးတဖြူးဖြူးနဲ့ အိမ်ရှေ့မှာအိပ်လိုက်ကြတယ်။
(၃)
ညအတော်မိုးချုပ်မှ ကျုပ်တို့သုံးယောက် အိမ်ကနေထွက်ခဲ့တယ်။ ကိုတိုးကျော်သမီးလေးကိုတော့ ခြေရင်းအိမ်က ဒေါ်ခင်ကြီးတို့နဲ့ထားပြီးသိပ်ခဲ့လိုက်တယ်၊ ကျုပ်တို့ရွာထိပ်ရောက်တော့ ညည့်အတော်နက်နေပြီဗျ၊ စက်နာရီနဲ့ဆိုရင် ဆယ့်တစ်နာရီကျော်လောက်ပေါ့ဗျာ။
ရွာထိပ်က စည်ကားခဲ့တဲ့ဈေးကလေးက အခုတော့ လူသူတစ်ယောက်မှမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေတယ်၊ ဈေးဆိုင်တန်းတွေကလည်း အကုန်ပိတ်လို့၊ ဈေးသည်တွေချရောင်းတဲ့ဈေးက ညဘက်ကျတော့ ကွင်းကြီးတစ်ကွင်းလိုဖြစ်နေပါရော၊ လရောင်အောက်မှာ ကွင်းကြီးတစ်ခုလုံးကို အတိုင်းသားမြင်နေရတယ်၊ ဦးအောင်ရှိန်က ကွင်းထိပ်နားက ထန်းလုံးကြီးတစ်လုံးပေါ်မှာထိုင်ရင်း အေးအေးလူလူစောင့်နေတယ်။
“ဆရာကြီး စုန်းမလာပါ့မလား”
“လာမှာပါကွ၊ စောင့်ပါအုံး”
စောင့်ရင်း နာရီဝက်လောက်ကြာတော့ ဟိုးမြောက်ဘက်ကနေပြီးတော့ ကြယ်ကလေးတစ်ပွင့်က မိုးပေါ်ကိုထောင်တက်လာတာမြင်လိုက်ရတယ်၊ ကြယ်ကလေးက ကြည့်နေရင်းနဲ့မိုးပေါ်ရောက်တော့ အဝါရောင်ဝင်းလက်နေပြီး တဖြည်းဖြည်းနဲ့ကြီးကြီးလာတယ်ဗျ၊ ကျုပ်က ကိုတိုးကျော်ကိုလက်ကုပ်ပြီး
“ကိုတိုးကျော်၊ တွေ့လား . . .ခင်ဗျားရောတွေ့လား”
“တွေ့တယ်ကွ၊ ထူးတယ်ဟေ့ ကြယ်ကြီးကတဖြည်းဖြည်းကြီးလာပါလား”
“အဲဒါကြယ်မဟုတ်ပါဘူးကွာ၊ ငါတို့စောင့်နေတဲ့လူပါကွ”
“ဟင် ကျွန်တော်တို့စောင့်နေတာဆိုတော့၊ အဲဒါ စုန်းပေါ့”
ကြယ်က တဖြည်းဖြည်းကြီးလာရင်းနဲ့ နီးလာတော့ မီးလုံးကြီးတစ်လုံးဖြစ်သွားတယ်ဗျာ၊ မီးလုံးဆိုပေမယ့် မီးတောက်တွေလောင်နေတဲ့ဟာမျိုးမဟုတ်ဘဲ ခုခေတ်လျှပ်စစ်မီးသီးလုံးတွေလို ဝါကျင့်ကျင့်နဲ့ထိန်ထိန်ကြီးဆင်းလာတာဗျို့။
“မိုက်လိုက်တာဗျာ၊ စုန်းမလာတာကလည်း မိုက်လိုက်တာ”
“ဟ၊ ဘာတွေမိုက်တာလဲဗျ”
“ဒါမျိုးစုန်းတစ်ကောင်လောက် အိမ်မှာမွေးထားရင် ညဆိုဆီမီးထွန်းစရာမလိုတော့ ရေနံဆီဖိုးအကုန်သက်သာတာပေါ့ ဆရာကြီးရ”
ကျုပ်ပြောတော့ ဦးအောင်ရှိန်နဲ့ ကိုတိုးကျော်တို့ ရယ်လိုက်ကြတာပြောမနေပါနဲ့၊ ကျုပ်တို့ရယ်နေတုန်း ကျုပ်တို့အရှေ့ ခြေလှမ်းနှစ်ဆယ်လောက်အကွာမှာ မီးလုံးကြီးက ဝုန်းခနဲမြေပေါ်ကျတယ်၊ မြေပေါ်ကျပြီးတာနဲ့ မီးလုံးကြီးကနေ ဒေါ်ကြွေဆိုတဲ့အဘွားကြီးဖြစ်သွားတယ်ဗျာ။
“ခင်ဗျားရောက်လာသားပဲ၊ ခင်ဗျားမလာရင် ခင်ဗျားရွာကို ကျုပ်တို့က လိုက်လာမလို့ဗျ”
“နင့်လိုဆရာစုတ်ဆရာပဲ့ကို ငါကကြောက်ရမှာလားဟဲ့”
ဒေါ်ကြွေက လည်ပင်းမှာ အနီနဲ့အနက်စင်းတွေပါတဲ့ ပုဝါလိုဟာတစ်ထည်ကို ပတ်ထားသေးတယ်။ ဦးအောင်ရှိန်က ထိုင်နေရာကနေထလိုက်ပြီးတော့
“ခင်ဗျား မနက်က ကျုပ်ကိုသမားစဉ်မှာလည်းရှုံးတယ်၊ ဒါတင်မကဘဲ သူများရဲ့ကလေးကို ညစ်စုတ်ပတ်ခဲ့တာလည်း ရှုံးတယ်၊ ဒါတောင်မှ ခင်ဗျားက ကျုပ်ဆီလာရဲသေးတယ်ပေါ့ ဟုတ်လား”
“ဒါကတော့ မနက်က ငါက နင့်ကိုအထင်သေးမိတာကိုး၊ အခုတော့ နင်နဲ့ငါနဲ့ရေကုန်ရေခမ်းပြိုင်မယ်”
“ကောင်းပြီ၊ နင်နဲ့ငါနှစ်ယောက်တည်းပြိုင်မယ်၊ ငါ့တပည့်တွေကို မထိနဲ့”
“ရတယ်၊ နင်ရှုံးရင် နင့်အသက်ကိုငါနှုတ်မယ်”
“ရတာပေါ့၊ အေး ခင်ဗျားရှုံးရင်တော့ ခင်ဗျားကိုကျုပ်မသတ်ပါဘူး၊ ဒါပေမယ့် ခင်ဗျားရဲ့ပညာတွေအကုန် ကျုပ်ကိုလှူရမယ်”
“စိန်လိုက်လေ၊ ဒေါ်ကြွေတဲ့ တစ်ကြွေတည်းရှိတယ်”
ဒေါ်ကြွေက ပြောဆိုပြီးတော့ သူ့လည်ပင်းပတ်ထားတဲ့ ပုဝါကြီးကိုလေပေါ်ဆွဲလွှင့်ပစ်ထည့်လိုက်တာပါပဲဗျာ၊ ပုဝါကြီးက လေပေါ်မှာပျံရင်းနဲ့ မြွေကြီးတစ်ကောင်အဖြစ်ပြောင်းသွားတယ်၊ မြွေကြီးက တော်တော်ကြီးကြီးဗျ၊ ပုဝါအရောင်လို အနီနဲ့အနက်စင်းကြီးပဲ၊ မြွေဟောက်လို ပါးပျဉ်းခွက်ခွက်ကြီးလဲပါတယ်၊ ပါးပျဉ်းထောင်ထားတဲ့အရပ်တင် လူတစ်ရပ်စာလောက်ရှိတယ်ဗျာ။
“ကဲ ငါ့တပည့်မယ်နာဂ၊ ဒင်းတို့ကို ချဟဲ့”
မြွေကြီးက ခေါင်းကိုလှုပ်လိုက်ပြီးတော့ အနောက်ကိုတစ်ချက်ယိမ်းလိုက်တယ်၊ ပြီးတော့ သူ့နှုတ်ခေါင်းထဲက ရေငွေ့တွေနဲ့ ကျုပ်တို့ကိုရွီးခနဲဖြန်းထည့်လိုက်တယ်ဗျာ၊ အခုခေတ် ပိုးသတ်ဆေးဖြန်းတဲ့ပိုက်ကနေ ဖြန်းသလိုကို ရေတွေကဖွာခနဲထွက်လာတာဗျ၊ ဒါပေမယ့် ရေတော့မဟုတ်ဘူး အဲဒါအဆိပ်တွေဖြစ်မယ်၊ ကျုပ်တို့ကြောက်နေတုန်းမှာပဲ ဦးအောင်ရှိန်က ခါးထောက်ရင်း ပါးစပ်ကနေလေနဲ့မှုတ်ပါရော၊ မြွေကြီးဖြန်းလိုက်တဲ့အဆိပ်ရေတွေက ဦးအောင်ရှိန်လေနဲ့မှုတ်လိုက်တော့ ကျုပ်တို့ဘက်မလာတော့ဘဲ မြွေကြီးဘက်ကိုပဲ ပြန်ကန်သွားတယ်၊ အဆိပ်ရေစက်တွေ မြေပေါ်ကိုကျတော့ မီးခဲကိုရေနဲ့လောင်းလိုက်သလို ရှဲခနဲမြည်ပြီးတော့ မီးခိုးငွေ့လေးတွေတောင်တက်လာတယ်။
“ဒါနှယ်နှယ်ရရမဟုတ်ဘူးကွ၊ ဒီအဆိပ်တွေ ငါတို့ကိုယ်ပေါ်ကိုကျတာနဲ့ အသားအရည်တွေကိုစားပြီး အရိုးတွေကို အရည်ပျော်စေမယ့် အဆိပ်ပဲ”
ဦးအောင်ရှိန်ပြောမှ ကျုပ်လန့်သွားတယ်။
မြွေကြီးက မကျေနပ်သေးဘူးဗျ၊ တစ်ခါ ဦးအောင်ရှိန်ကို ငေါက်ခနဲပေါက်ချထည့်လိုက်တာ၊ ဦးအောင်ရှိန်က ညာဘက်ဖဝါးကို အရှေ့ကိုတိုးပြီးကာထည့်လိုက်တော့ မြွေက ဦးအောင်ရှိန်လက်ကိုပဲ ကိုက်မိသွားတယ်၊ မြွေစွယ်ကြီးတစ်ချောင်းတစ်ချောင်းက လက်ညိုးတစ်ချောင်းစာလောက်ရှိတယ်၊ အစွယ်ထိပ်တွေကလည်း ချွန်ထက်နေတာပါပဲ၊ ဒါပေမယ့် မြွေကအားနဲ့ပေါက်တာတောင် ဦးအောင်ရှိန်က ဘာမှမကိုမဖြစ်ဘူး၊ မြွေက ဦးအောင်ရှိန်လက်ကို သုံးလေးခါလောက်ပေါက်သေးတယ်၊ ဒေါက်ခနဲဒေါက်ခနဲအသံကြီးက ကြားရတာနဲ့တင်ကြောက်ဖို့ကောင်းတယ်၊ ဒါပေမယ့် ဦးအောင်ရှိန်အသားကို မြွေစွယ်က မဖောက်ဘူး။
ဦးအောင်ရှိန်က ညာလက်မှာစွပ်ထားတဲ့ပုတီးကုံးကို ဖြေပြီး မြွေရဲ့ခေါင်းကိုစွပ်ချလိုက်တော့တယ်၊ မြွေကြီးက တစ်ကိုယ်လုံးလူးခါနေပြီးတော့ တဖြည်းဖြည်းချင်း သေးသေးသွားလိုက်တာဗျာ၊ နောက်ဆုံးလင်းမြွေလောက်ပဲဖြစ်သွားတယ်၊ မြွေက သူ့အခြေအနေကို သူသိပြီး လှည့်ပြေးတော့ ဦးအောင်ရှိန်က ဘယ်ဖက်လက်ထဲမှာကိုင်ထားတဲ့တောင်ဝှေးနဲ့ မြွေရဲ့အမြှိးကိုနင်းပြီးထောက်ထားတာ မြွေခမျာပြေးသာပြေးရတယ် အရှေ့ကိုမရောက်ဘူးဗျို့။
ဒေါ်ကြွေရုပ်ကြီးက တော်တော်ကိုမျက်စိမျက်နှာပျက်နေတာဗျ၊ ဦးအောင်ရှိန်က တုတ်ကိုမြေကြီးနဲ့ဆောင့်လိုက်တော့ ခုနကပြေးနေတဲ့မြွေကြီးက ပုဝါတစ်ထည်ပြန်ဖြစ်သွားတယ်၊ အညာဖြစ်ချည်ပုဝါတစ်ခုပေါ့ဗျာ၊ ဦးအောင်ရှိန်က တုတ်နဲ့ပုဝါကို ကလော်ယူလိုက်ပြီးတော့ သူ့လည်ကုပ်မှာပုဝါကိုတင်လိုက်တယ်။
“နင့်ပုဝါက ကောင်းသားဟ၊ ငါယူလိုက်ပြီ”
ဒေါ်ကြွေဘာမှမပြောနိုင်တော့ဘူး။
“ဟဲ့ မယ်ကြွေ၊ ညည်းငါ့ကိုရှုံးပြီဆိုတာ ဝန်ခံသလား၊ ဝန်မခံသေးရင် နင်ကြိုက်တဲ့ပညာနဲ့ ငါ့ကိုထပ်လုပ်စမ်း”
ဒေါ်ကြွေက လေသံပျော့ကလေးနဲ့
“ဝန် ဝန်ခံပါပြီဆရာကြီးရယ်”
“ဒါဆို နင့်ပုဝါငါယူထားမယ်၊ ငါပြောထားတဲ့အတိုင်း နင်ရှုံးပြီဆိုတော့ နင့်ပညာတွေကိုငါ့ကိုလှူရမယ်”
“ကျုပ်ကိုလုပ်ချင်တာလုပ်ပါဆရာကြီးရယ် ပညာတွေကိုတော့ မလုပ်ပါနဲ့”
“မယ်ကြွေ၊ ညည်းက ကတိမတည်ချင်တာလား”
“မဟုတ်ပါဘူး၊ ကျုပ်တစ်သက်လုံးသင်ကြားခဲ့ရတဲ့ပညာတွေကို ဒီအရွယ်ကြီးကျမှ မစွန့်ပါရစေနဲ့”
“နင်တတ်ထားတဲပညာတွေက ကောင်းတဲ့ပညာတွေမဟုတ်ဘူး မယ်ကြွေ၊ ညည်းဒီပညာတွေကိုဖက်တွယ်ပြီး သေရင် ငရဲပြည်ရောက်ရလိမ့်မယ်၊ ငရဲပြည်ဆိုတာကို နင်မြင်ဖူးသလားဟဲ့”
ပြောရင်းဆိုရင် ဦးအောင်ရှိန်က မြေကြီးကိုတောင်ဝှေးနဲ့ထောက်လိုက်တော့ ဒေါ်ကြွေရဲ့ခြေထောက်ပတ်ပတ်လည်အောက်မှာ အနီရောင်တွေရဲတက်လာတာပါပဲဗျာ၊ သူ့အောက်ကမြေကြီးမှာ မီးတောက်မီးလျှံတွေနဲ့ဖုံးလွှမ်းသွားပြီး အရိပ်မည်းမည်းကြီးတွေက မီးတောက်တွေကြားမှာလောင်ကျွမ်းနေကြတယ်၊ အော်ကြဟစ်ကြတာဆိုရင်လည်း ဆူညံနေတာပါပဲ၊ ကျုပ်ဆို ဆက်ပြီးနားမထောင်ရဲလို့ နားရွက်ကိုလက်နှစ်ဖက်နဲ့ပိတ်ထားရတယ်။
“အဲဒါနင်ရောက်မယ့်နေရာပဲမယ်ကြွေ၊ နင့်ပညာတွေကိုမစွန့်ရင် နင်ရောက်မယ့်ငရဲပြည်ပဲ”
ဒေါ်ကြွေကိုကြည့်ရတာ သွေးပျက်နေပုံရတယ်၊ နောက်မှ ကြောက်ကြောက်လန့်လန့်နဲ့
“စွန့် . .စွန့်ဆို စွန့်ပါ့မယ် ဆရာကြီးရယ်”
“ကောင်းပြီ၊ ဒါဆိုရင် ဒူးထောက်ထိုင်ချလိုက်၊ ပြီးတော့ ငါဆိုတာလိုက်ဆို”
ဦးအောင်ရှိန်က အရှေ့ကနေတိုင်ပေးတယ်။
“ကျွန်ုပ်သည်၊ ကျွန်ုပ်တတ်မြောက်ထားသည့်ပညာများဖြင့် ခုနစ်ရက်သားသမီးများအပေါ် မကောင်းသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ မကျူးလွန်တော့ပါဟု သစ္စာဆိုအပ်ပါသည်။ ထိုပညာများကို သုံးမိသည်ရှိသော် မနှေးချက်ချင်း မဟာအဝီစိငရဲသို့ သက်ဆင်းရပြီး အသင်္ချေကာလပတ်လုံး လောင်ကျွမ်းရပါစေသား”
ဦးအောင်ရှိန်တိုင်ပေးတာကို ဒေါ်ကြွေက တုန်တုန်ယင်ယင်နဲ့လိုက်ဆိုပြီးတော့ သူ့အနားမြေကြီးက ငရဲပြည်ပုံစံတွေဟာလည်း သူ့အလိုလိုကိုပျောက်ကွယ်သွားကြတယ်၊ ဒေါ်ကြွေက ထပြန်မယ်လုပ်တော့
“နေအုံး မယ်ကြွေ၊ ညည်း တိုးကျော်ကိုတောင်းပန်ရမယ်၊ မဆီမဆိုင် ညည်းလုပ်ခဲ့တာတွေအတွက် ညည်းတောင်းပန်ရမယ်”
ဒေါ်ကြွေက ကိုတိုးကျော်ကိုကြည့်ကာ လက်အုပ်ချီရင်း
“ငါ မင်းအပေါ်လုပ်ခဲ့တာတွေကို တောင်းပန်ပါတယ်ကွယ်၊ ငါ့ကိုခွင့်လွှတ်ပါ”
ကိုတိုးကျော်က အံ့ကြီးကြိတ်ပြီးကြည့်နေတာဗျ၊ တော်တော်ကြာတော့မှ ခေါင်းညိတ်လိုက်တယ်၊ ဒေါ်ကြွေက အလာတုန်းကတော့ မိုးပေါ်ပျံလာပေမယ့် အပြန်မှာတော့ လမ်းလျှောက်ပြီး ပြန်ရရှာတယ်။ ကျုပ်တို့လည်း တစ်ယောက်နဲ့တစ်ယောက်တောင် စကားမပြောဖြစ်တော့ဘဲ ရွာထဲပြန်လာခဲ့လိုက်တယ်။
“ဒါနဲ့ ဆရာကြီး၊ အဲဒီ ပုဝါကြီးကို ဆရာကြီးဘာလုပ်မှာလဲ”
ကိုတိုးကျော်မေးတော့ ဦးအောင်ရှိန်က ပုဝါကိုဖြုတ်ရင်း
“မင်းယူထားလိုက်လေ တိုးကျော်ရာ”
“ဟာဗျာ၊ စုန်းမရဲ့ပုဝါကို မယူချင်ပါဘူး”
“ဒါ ရိုးရိုးမဟုတ်ဘူးကွ၊ ဒေါ်ကြွေက နာဂဝံသစုန်း၊ ဟောဒီပုဝါဆိုတာ ဒေါ်ကြွေမွေးထားတဲ့ နာဂဝံသမြွေကြီးကွ၊ ပုံပြောင်းထားလို့ပုဝါဖြစ်နေတာ၊ ဟောဒီပုဝါနဲ့ အဆိပ်မိတာ အဆိပ်သင့်တာတွေကို ကုလို့ရတယ်ကွ”
“ဆရာကြီးနိုင်လာတာပဲဆရာကြီးရယ်၊ ဆရာကြီးပဲယူထားလိုက်ပါ”
“ငါက အဆိပ်လောက်တော့ပုဝါမလိုဘဲ ကုနိုင်ပါတယ်ကွ၊ ယူဆိုယူထား တိုးကျော်ရာ စကားမများစမ်းနဲ့”
နောက်ဆုံး ကိုတိုးကျော်လည်း ပုဝါယူထားလိုက်တယ်၊ ကျုပ်နဲ့ကိုတိုးကျော်က မောမောနဲ့အိမ်ပြန်လာပြီး အိပ်ဖို့လုပ်ပေမယ့် ဦးအောင်ရှိန်ကတော့ ဘုရားစင်ရှေ့တင်ပလ္လင်ခွေထိုင်လို့ဗျ။
“မင်းတို့အိပ်ချင်ရင်အိပ်ကြတော့၊ ငါ့ကိုမစောင့်နဲ့”
“ဆရာကြီးက မအိပ်ဘူးလား”
“စုန်းတစ်ယောက်ရဲ့ပညာကို အလှူခံပြီးတာမို့လို့ သူ့ရဲ့ပညာစက်တွေကို အထက်ဘိုးတော်တွေကိုအပ်ရအုံးမယ်ကွ”
ကျုပ်တော်တော်အိပ်ချင်တာနဲ့ ဦးအောင်ရှိန်ကို မစောင့်ဘဲ အိပ်ထည့်လိုက်တာ မနက်လင်းကြက်တွန်မှနိုးတယ်ဗျာ၊ ကျုပ်နိုးတဲ့အထိ ဦးအောင်ရှိန်က ဘုရားစင်ရှေ့ထိုင်ပြီး ပုတီးတွေစိပ်နေတုန်းပါပဲ၊ ကျုပ်လည်း ဦးအောင်ရှိန်ကို မနှောင့်ယှက်ချင်တော့တာနဲ့ အိပ်ရာထပြီး မျက်နှာတွေဘာတွေသစ်လိုက်တော့တယ်။
ဆက်ရန်။