စုန်းမကြီးဒေါ်ပျင်းနှင့် အဆိပ်ဝိဇ္ဇာမယ်သုန်

Posted on

*စုန်းမကြီးဒေါ်ပျင်းနှင့် အဆိပ်ဝိဇ္ဇာမယ်သုန်*📖📖📖

******************************************

(၁)
စင်စစ်အားဖြင့် မယ်သုန်မှာ အဆိပ်ပညာကိုလေ့လာလိုက်စားနေသည့် သူတစ်ဦးဖြစ်သည်။ ရှေးခေတ်ကတည်းကပင် အဆိပ်ပညာကိုလေ့လာဆည်းပူးကာ အသုံးပြုသည့် သမားတော်များရှိကြလေသည်။ ထိုသမားတော်များမှာ သစ်ပင်မှဖြစ်သောအဆိပ်အမျိုးမျိုး၊ တိရစ္ဆာန်များတွင်ဖြစ်သည့်အဆိပ်အမျိုးမျိုးတို့ကို လေ့လာကာ ရောဂါဝေဒနာများကို အဆိပ်ဖြင့်တန်ပြန်ကာ ကုသကြလေသည်။ မယ်သုန်မှာလည်း အကိုဖြစ်သူနှင့်အတူ အဆိပ်ပေါင်းများစွာကို လေ့လာလိုက်စားခဲ့သူဖြစ်သည်။ မယ်သုန်၏အကိုဖြစ်သူ ဘကြီးမှုန်မှာ အဆိပ်များကိုအသုံးချပြီး ရောဂါပေါင်းများစွာကုသပေးသည့် ဆေးဆရာကြီးတစ်ဦးဖြစ်သည်။
ငယ်စဉ်ကတည်းက မှုန်ကုတ်ကုတ်နေတတ်သဖြင့် မောင်မှုန်ဟုခေါ်ရာမှ နောက်ပိုင်း ဘကြီးမှုန်ဖြစ်သွားခဲ့ရပြီး ငယ်စဉ်က သုန်သုန်မှုန်မှုန်နေတတ်သည့် မယ်သုန်မှာ ကြီးလာသည့်အခါ ဘွားမယ်သုန်ဖြစ်လာခဲ့သည်။ ဘွားမယ်သုန်နှင့် ဘကြီးမှုန်တို့နှစ်ဦးစလုံးမှာ ၎င်းတို့၏အဘိုးဖြစ်သူ အဆိပ်ဆရာကြီးထံမှ ရှေးဟောင်းအဆိပ်ဆေးပညာကို သင်ယူရရှိခဲ့သော်လည်း ရည်ရွယ်ချက်ချင်းအားဖြင့် မတူကြပေ၊ ဘကြီးမှုန်မှာ အဆိပ်ဖြင့် ဆေးဝါးကုသခြင်းကို အားသန်သလိုသော်လည်း ဘွားမယ်သုန်မှာတော့ အဆိပ်ဖြင့်အခြားသူများအား မကုသချင်ဘဲ အဆိပ်ဖြင့် ဒုက္ခပေးရန်ကိုသာ ပိုမိုအားသန်လေသည်။
အဆိပ်ပညာများရင့်ကျက်တိုးပွားလာသည်နှင့်အမျှ မောင်နှမနှစ်ဦးမှာလည်း တဖြည်းဖြည်းကတောက်ကဆဖြစ်လာလေသည်။ ဘွားမယ်သုန်မှာ အခကြေးငွေယူပြီး လူများကိုအဆိပ်ခတ်ပေးလေသည်။ ထိုအဆိပ်မိသူကို ဘကြီးမှုန်က လိုက်လံကုသပေးနေရသဖြင့် တဖြည်းဖြည်း မောင်နှမနှစ်ဦးမှာ ဆန့်ကျင်ဘက်ဖြစ်လာခဲ့သည်။ တစ်ရက်တွင်တော့ ဘကြီးမှုန်က လူသူရှင်းသည့်အချိန်တွင် ဘွားမယ်သုန်ကို ရွာပြင်ဇရပ်ပျက်အနီးတွင် ချိန်းဆိုလိုက်လေသည်။
ထိုညက လခြမ်းမှာ ကွေးကွေးကလေးသာနေလေသည်။ မယ်သုန်မှာ အကိုဖြစ်သူ ဦးမှုန်၏ ချိန်းဆိုမှုကြောင့် ဇရပ်ပျက်ကြီးဆီသို့ ဦးတည်ကာထွက်လာခဲ့သည်။ ညအမှောင်မို့ မယ်သုန်မှာ လမ်းကိုကောင်းစွာမမြင်ရပေ၊ ထို့အတွက်ကြောင့် လယ်ကွင်းအစပ်တွင်ရပ်ကာ လက်ခုပ်လက်ဝါးတီးလိုက်၍
“အကောင်ရှည်တွေ၊ အဆိပ်ပြင်းတဲ့ ငါ့တပည့်တွေလာကြဟေ့၊ ငါ့ကို လမ်းပြကြစမ်း”
ထိုအခါ လယ်ကွင်းများအတွင်းမှ မြွေပွေး၊ မြွေဟောက်၊ မြွေဆိုးများမှာ တက်လာကြကာ မယ်သုန်အရှေ့တွင် စုစည်းလိုက်ကြလေသည်။ မြွေပေါင်းအကောင်တစ်ရာခန့်ပင်ရှိလေသည်။ မယ်သုန်က မြွေများကိုကျေနပ်အားရစွာဖြင့်ကြည့်လိုက်ရင်း
“ကဲ ဟေ့ကောင်တွေ ငါဇရပ်ပျက်ကုန်းဆီသွားမယ် ငါ့ကိုလမ်းပြကြတော့”
ထိုအခါ မြွေများမှာ တရွှီရွှီနှင့်အော်ဟစ်မြည်တွန်ကြလျှက် မယ်သုန်၏အရှေ့မှ လမ်းပြကြတော့သည်။ သို့နှင့် မယ်သုန်တစ်ယောက် ဇရပ်ကြီးအနီးသို့ရောက်လာခဲ့သည်။ ဇရပ်အနီးအမှောင်ရိပ်ထဲမှ ဦးမှုန်က ထွက်လာလိုက်ပြီး မယ်သုန်ခေါ်လာသည့် မြွေကြီးများကို လက်နှင့်ဝှေ့ယမ်းလိုက်သည့်အခါ မြွေများမှာကြောက်အားလန့်အားဖြင့် ပြေးလွှားကုန်ကြသည်။
“အကိုကြီးရောက်နေတာကြာပြီလား”
မယ်သုန်က ပြောဆိုကာ မချိပြုံးကလေးရယ်လိုက်လေသည်။ ဦးမှုန်ကတော့ ရိုးရိုးသားသားစိတ်ရင်းရှိသူပီပီ မယ်သုန်အားလက်ညှိုးထိုးလိုက်ပြီး
“ဟဲ့ မယ်သုန်၊ ညည်းငါ့ကိုအကိုလို့မခေါ်နဲ့”
“အို အကိုကြီးကလည်း ကိုယ့်အကိုမို့ အကိုလို့ခေါ်တာ ဘာဖြစ်သလဲ”
“နင့်လုပ်ရပ်တွေကိုနင်ကြည့်လေဟာ၊ နင်က သူများဆီက ပိုက်ဆံယူပြီးတော့ ဟိုလူ့ကိုအဆိပ်ခတ်လိုက် ဒီလူ့ကိုမြွေနဲ့ပေါက်ခိုင်းလိုက်နဲ့ လုပ်စားနေတယ်မဟုတ်လား၊ နင်လုပ်သမျှကို ငါက ပြန်ပြီးတော့ ကယ်တင်ပေးနေရတယ်မယ်သုန်၊ နင့်လုပ်ရပ်ကြောင့် ငါ့အလုပ်က သမင်မွေးရင်း ကျားစားရင်းဆိုသလို လုံးလည်ချာလည်လိုက်နေပြီဆိုတာ နင်သိရဲ့လား”
မယ်သုန်မှာ တဟင်းဟင်းနှင့်ရယ်လျှက်
“ဒါကတော့ အကိုကြီးရယ်၊ ညီမလုပ်ပေးလို့ အကိုကြီးလည်း အလုပ်ရတယ်မဟုတ်လား၊ လူနာများများရတော့ ပိုက်ဆံများများရတယ်မဟုတ်လား အကိုကြီးရဲ့၊ တကယ်ဆိုရင် အကိုကြီးက ညီမကိုတောင် ကျေးဇူးတင်ရအုံးမှာ”
“တိတ်စမ်းမယ်သုန်၊ ငါတို့အဆိပ်ပညာကို ဘိုးဘိုးကြီးဆီက သင်ခဲ့တုန်းက သူများတွေကို အဆိပ်နဲ့အန္တရာယ်မပြုပါဘူးလို့ ကတိပြုခဲ့တယ်မဟုတ်လား၊ အခုညည်းလုပ်နေတာတွေက ညည်းကတိပေးတာနဲ့ တူနေလို့လားဟဲ့”
“ဒါကတော့ အကိုကြီးရယ်၊ ပညာသင်တယ်ဆိုတာ လုပ်စားကိုင်စားဖို့ပဲမဟုတ်လား၊ ပြီးတော့ အဆိပ်နဲ့ဆေးကုပါပြီပဲထားပါအုံး၊ ဒီရွာမှာ အကိုကြီးက ဆရာအဖြစ်ကုနေတာဆိုတော့ ညီမလည်းလိုက်ကုရင် တစ်စင်ပြိုင်သလိုဖြစ်နေမယ်မဟုတ်လား၊ ဒါကြောင့် ညီမက ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ်သင့်သလိုစီးပွားရှာတာကို အကိုကြီးမတားပါနဲ့”
“ညည်းကတော့ ပြောလေကဲလေပါလား မယ်သုန်၊ ညည်းအခုလုပ်နေတဲ့လုပ်ရပ်တွေအကုန်လုံးကို ရပ်တန်းကရပ်ရင်ရပ်၊ မရပ်ရင် ငါနဲ့တွေ့မယ်”
“အော်၊ အကိုကြီးက ကျတော့အဆိပ်နဲ့ဆေးကုပြီး ဝင်ငွေဖြောင့်နေကာမှ၊ ညီမအဆိပ်နဲ့ငွေရှာတာကျတော့ မသမာဘူးတဲ့လား၊ မရပ်နိုင်ပါဘူး၊ လုံးဝမရပ်နိုင်ဘူး၊ အကိုကြီးက တကယ်လို့ ညီမကိုရပ်စေချင်တယ်ဆိုရင် အကိုကြီးလည်းဆရာအဆင့် ညီမလည်းပညာသည်အဆင့်ပဲ ပညာသည်အချင်းချင်းစကားပြောကြတာပေါ့”
“ဟဲ့ မယ်သုန်၊ ညည်းက ငါ့ကိုပညာပြိုင်ဖို့စိန်ခေါ်နေတာလား”
“အကိုကြီးလည်း ပညာသည်၊ ညီမလည်းပညာသည်ပဲ၊ အကိုကြီးက အကိုဆိုပြီးတော့ ညီမကိုလွှမ်းမိုးဖို့မကြိုးစားပါနဲ့၊ ပညာသည်ချင်း ပညာသည်စကားပဲ ပြောကြရအောင်”
“အေး၊ ညည်းက ဒီလိုပွင့်ပွင့်လင်းလင်းပြောမှတော့ ငါကလည်း ပွင့်ပွင့်လင်းလင်းပြောတာပေါ့၊ ညည်းကအရင်ငါ့ကိုစိန်ခေါ်တာဆိုတော့ ငါ့ကိုညည်းကြိုက်သလိုသာစိန်ခေါ်စမ်း”
“ကောင်းပြီအကိုကြီး၊ လာမယ့်လပြည့်ညမှာ အကိုကြီးနဲ့ညီမနဲ့ ဒီနေရာမှာပြန်တွေ့မယ်၊ အကိုကြီးကိုညီမက အဆိပ်တစ်မျိုးတိုက်မယ်၊ အကိုကြီးဖျက်နိုင်ရင် ညီမခပ်တဲ့အဆိပ်ကို ရအောင်သာဖျက်၊ တကယ်လို့ အကိုကြီးဖျက်နိုင်ရင် အကိုကြီးအနိုင်ပဲ၊ မဖျက်နိုင်ရင်တော့ အကိုကြီးအရှုံး”
“အေးပါမယ်သုန်ရာ၊ ငါကညည်းထက် ဆယ်နှစ်ဆယ်မိုးလောက် ပညာကြိုသင်ခဲ့တာဆိုတော့ ညည်းကိုအနိုင်ကျင့်တယ်လို့တော့ မထင်စေချင်ဘူး၊ တကယ်လို့ ငါနိုင်ခဲ့ရင် ညည်းဒီအတတ်နဲ့လူတွေကို အဆိပ်လိုက်ခတ်နေတာကို စွန့်လွှတ်ရမယ်”
“ကောင်းပြီအကိုကြီး၊ တကယ်လို့ ညီမသာနိုင်တယ်ဆိုရင်တော့ အကိုကြီးက ဟောဒီရွာကနေထွက်သွားပေးရမယ်”
“စိန်လိုက်လေမယ်သုန်ရာ၊ ဒါပေမယ့် ငါတစ်ခုတော့ ကြိုပြောထားမယ်နော်မယ်သုန်၊ ငါတို့က မောင်နှမဆိုပေမယ့် ဒီပွဲက ပညာသည်အချင်းချင်းပြိုင်တဲ့ပွဲမို့လို့ ညည်းရဲ့ပညာကို အကုန်သာထုတ်သုံးပေတော့”
“စိတ်ချပါအကိုကြီးရယ်၊ အကိုကြီးသာ ကျုပ်ဖော်တဲ့အဆိပ်ဆေးကို ရအောင်ဖျက်နိုင်ရင် ဖျက်ပေတော့”
ယခင်က မောင်နှမနှစ်ဦးဖြစ်ခဲ့သော်လည်း ယခုတော့ ပညာသည်အချင်းချင်းဖြစ်ပြီမို့ ရန်သူများအဖြစ်ပြောင်းလဲသွားလေသည်။ မောင်နှမနှစ်ယောက် နောက်လာမည့်လပြည့်ညအချိန် ယခုဇရပ်ပျက်တွင်ပင် ပညာပြိုင်ရန်အတွက် ချိန်းဆိုခဲ့ပြီးသည့်နောက် ကိုယ်စီပြန်လာခဲ့ကြလေသည်။
(၂)
ဦးမှုန်မှာ အိမ်သို့ပြန်ရောက်သည့်အခါ အိမ်အောက်တွင်မြှုပ်နှံထားသည့် စာသေတ္တာကြီးကိုတူးဖော်လိုက်လေသည်။ ထိုသေတ္တာကြီးအတွင်းတွင်တော့ အဘိုးဖြစ်သူလက်ဆင့်ကမ်းခဲ့သည့် အဆိပ်ကျမ်းများကို စုစည်းထားလေသည်။ ထိုသေတ္တာကြီး ကို မွေနောက်ရှာဖွေပြီးသည့်အခါ အနက်ရောင်ပြောင်လက်နေသည့် ယွန်းသေတ္တာငယ်ကလေးတစ်ခုကိုဆွဲထုတ်လိုက်ပြန်သည်။ ထိုသေတ္တာအဖုံးတွင်တော့ ရွှေစာလုံးများဖြင့်ရေးသားထားသည့် စာသားများရှိလေသည်။ ဦးမှုန်က ထိုစာသားများကိုလက်နှင့်ပွတ်လိုက်ကာ အဖုံးပေါ်ရှိစာသားကို အသံထွက်ကာရွတ်ဖတ်လိုက်သည်။
“မဟာ ဟာလာဟလ အဆိပ်ကျမ်းပါလား”
မဟာဟာလာဟလ အဆိပ်ဆိုသည်မှာ အာယုဗေဒဆေးကျမ်းအလိုအရ အဆိပ်ခြောက်မျိုးထဲတွင် တစ်မျိုးအပါအဝင်ဖြစ်ကာ အလွန်အဆင့်မြင့်သည့်အဆိပ်တစ်မျိုးဖြစ်သည်။ ကျန်သည့်အဆိပ်ငါးမျိုးမှာ အဆိပ်လက္ခဏာပြသပြီး အဆိပ်မိလျှင် အဆိပ်မှန်းသိစေသော်လည်း ဟာလာဟလအဆိပ်မျိုးမှာတော့ အဆိပ်မိနေသည်ကိုပင် မသိသာစေဘဲ အလွန်ညင်သာသိမ်မွေ့စေသည့်အဆိပ်တစ်မျိုးဖြစ်သည်။ တစ်နည်းအားဖြင့် ထိုအဆိပ်နည်းမှာ ကျန်သည့်အဆိပ်ငါးမျိုးကို တစ်ဖက်ကမ်းခတ်တတ်မြောက်ပြီး အဆိပ်များကိုစုပေါင်းပြီး အသုံးပြုရသည့်အဆိပ်ပေါင်းတစ်ခုဖြစ်လေသည်။
ဦးမှုန်မှာ ထိုအဆိပ်ဘူးကို နဖူးတွင်ကပ်ထားလိုက်ပြီးနောက် ဆရာဖြစ်ခဲ့သည့် အဘိုးဖြစ်သူအားရန်မှန်းကာ အရိုအသေပြုလိုက်လေသည်။
“ဘိုးဘိုးကြီးရေ၊ ဘိုးဘိုးကြီးကိုပေးခဲ့တဲ့ကတိအရ ကျုပ်က ယနေ့ယခုအချိန်အထိ ဟောဒီဆေးကျမ်းကြီးကို လက်ဖျားနဲ့တောင်မထိခဲ့ပါဘူး၊ ဒါပေမယ့် လိုအပ်လာတဲ့အချိန်မှာတော့ ထုတ်ယူသုံးစွဲပါ့မယ်လို့ ကတိသစ္စာပြုထားခဲ့ပါတယ်၊ အခုအချိန်ဟာ ဒီအဆိပ်ကျမ်းကြီးကို သိရှိနားလည်ရမယ့် အချိန်ဖြစ်တာကြောင့်မို့လို့ ကျုပ်ယနေ့ယခုအချိန်ကစပြီး ဟောဒီအဆိပ်ကျမ်းကြီးကို လေ့လာပါတော့မယ်”
ဦးသုန်က ပြောဆိုပြီး ယွန်းသေတ္တာငယ်ကလေး၏ အဖုံးတွင် အထပ်ထပ်ခတ်ထားသည့် ကြေးသော့ကလေးများကိုဖြေပြီး သေတ္တာကိုဖွင့်လိုက်လေတော့သည်။ မျှော်လင့်တကြီးနှင့် သေတ္တာကိုဖွင့်လိုက်သော်လည်း အတွင်းတွင် မည်သည့်အရာမှရှိမနေခဲ့ပေ။
“အလို အထဲမှာ ဘာမှမရှိပါလား၊ ဒါဆို အဘိုးပြောခဲ့တဲ့ အဆိပ်ကျမ်းကြီးဆိုတာ တကယ်မရှိတဲ့အရာများလား”
ဦးမှုန်က သက်ပြင်းချလိုက်ပြီးနောက် ယွန်းသေတ္တာငယ်ကလေးကို စိတ်ပျက်လက်ပျက်နှင့် သေတ္တာကြီးအတွင်းသို့ ပြန်ထည့်လိုက်လေတော့သည်။
သို့သော် မဟာဟာလာဟလဆေးကျမ်းမှာ ဦးမှုန်ထင်ထားသည့်အတိုင်း တကယ်မရှိသည်မဟုတ်ပေ။ စင်စစ်အားဖြင့် မယ်သုန်မှာ အကိုကြီးဦးမှုန် ဆေးကုထွက်နေသည့်အချိန် လူအလစ်တွင် ဦးမှုန်၏အိမ်ကို တိတ်တဆိတ်ဝင်ရောက်ကာ ဦးမှုန်မြှုပ်နှံထားသည့် သေတ္တာကြီးကိုဖွင့်လျှက် မဟာဟာလာဟလအဆိပ်ကျမ်းကြီးအား ခိုးယူသွားခြင်းဖြစ်ပေသည်။
ယခုလည်း မယ်သုန်တစ်ယောက် ညအမှောင်မှာပင် မီးခွက်ကလေးထွန်းလျှက် အဘိုးဖြစ်သူက လေ့လာလိုက်စားရန်တားမြစ်သွားသည့် မဟာဟာလာဟလအဆိပ်ကျမ်းကြီးအား လှန်လှောကာလေ့လာနေမိသည်။ ထိုအထဲတွင် အဆိပ်နည်းပေါင်းများစွာရှိသည့်အထဲမှာ ဗိစ္ဆဟုအမည်ရသည့် အဆိပ်တစ်မျိုးကိုတွေ့ကာ လွန်စွာသဘောကျသွားလေတော့သည်။
ဗိစ္ဆဆိုသည့်အဆိပ်မှာ အဆိပ်ခုနစ်မျိုးဖြင့််ဖော်စပ်ထားသည့်အဆိပ်ဖြစ်သည်။ မယ်သုန်မှာ ထိုအဆိပ်ကိုလေ့လာပြီးသည့်အခါ အဆိပ်ဖော်ရန်ပြင်ဆင်ရတော့သည်။ ထိုအဆိပ်ဖော်စပ်ရန်အတွက် အချိန်ခုနစ်ရက်တိတိလိုအပ်လေသည်။ ပထမဦးစွာ အဆိပ်ရှိအမြစ်ငါးမျိုးအား အမှုန့်ပြုရလေသည်။ ထို့နောက် ပျားငါးမျိုး နကျယ်ငါးမျိုး၏ အဆိပ်အား ပျားရည်တွင်ဖျော်စပ်ပြီးသည့်နောက် အဆိပ်ငါးမျိုးအမှုန့်နှင့်ရောတေလျှက် အရိပ်အောက်တွင် နှစ်ရက်တိတိလှန်းရသည်။ ပြီးသည့်အခါ မြွေဆိပ်တွင်တစ်ရက်စိမ်ရပြန်သည်။ ကင်းဆိပ်တွင်တစ်ရက်စိမ်ရပြန်သည်။ အဆိပ်ဖားပြုတ်၏ အဆိပ်တွင်တစ်ရက်စိမ်ရပြန်သည်။ နောက်ဆုံးတွင်တော့ စုန်းမ၏တံတွေးတွင် တစ်ရက်စိမ်ရပြန်သည်။ ထိုသို့စိမ်ရင်း ခြောက်ရက်မြောက်နေ့သို့ရောက်သည့်အခါ ထိုအဆိပ်များမှာ အချင်းချင်းတောက်လောင်ကာ ဝါးမြိုစားသောက်ကြပြီးနောက် အနက်ရောင်အလုံးကလေးများသာကျန်ခဲ့မည်ဖြစ်သည်။ ထိုဆေးလုံးကလေးများကို အမှောင်ထုတွင်တစ်ရက်ထား၍ အဆိပ်ကိုနိုင်သည့် ငွေကျုတ်တွင်ထည့်သွင်းသိမ်းဆည်းထားရပေသည်။ အခြားသတ္တု၊ သစ်သားတစ်မျိုးမျိုးတွင်သိမ်းဆည်းပါက အဆိပ်မှာဖောက်ထွက်သွားကာ ပျောက်ပျယ်သွားတတ်ပေသည်။
မယ်သုန်မှာထိုနည်းအတိုင်း အဆိပ်ကိုဖော်စပ်လေတော့သည်။ အလွန်ရှားပါးသည့်အဆိပ်များကိုအသုံးပြုရသည်မို့ သာမန်လူတစ်ဦးအဖို့ ဖော်စပ်ရန်ခက်ခဲမည်ဖြစ်သော်လည်း မယ်သုန်မှာ အနှစ်နှစ်အလလကအဆိပ်များကို စုဆောင်းသိမ်းဆည်းထားသည်မို့ လွယ်ကူနေလေသည်။ ခုနစ်ရက်မြောက်သည့်အခါ အဆိပ်လုံးငါးလုံးကို ဖန်တီးရရှိလေသည်။ အဆိပ်များစတင်ဖော်စပ်စဉ်က ဆေးလုံးများမှာ ဇီးကင်းခန့်အရွယ်ရှိသော်လည်း အဆိပ်များအချင်းချင်းဝါးမြိုဓါတ်ပြုပြီးသောအခါတွင်မူ အဆိပ်ဆေးလုံးတစ်လုံးတစ်လုံးမှာ သန်းတစ်ကောင်၏ ဥအရွယ်အစားပင်ကျန်ရစ်နေလေတော့သည်။
ထိုအဆိပ်ဆေးလုံးငါးလုံးကို ရရှိပြီးသည်နှင့် လပြည့်ရက်နီးကပ်လာခဲ့ပြီဖြစ်သည်။
ချိန်းဆိုထားသည့်ရက်အရောက် လပြည့်ညလူခြေတိတ်ချိန်တွင် မယ်သုန်တစ်ယောက် ဇရပ်ပျက်ကုန်းဆီသို့ထွက်လာခဲ့သည်။ ဇရပ်ပေါ်တွင် အုန်းပွဲငှက်ပျောပွဲတစ်ပွဲကိုပြင်ဆင်ထားကာ ဇရပ်၏ခေါင်းရင်းဘက်တွင် ဦးမှုန်က မိန့်မိန့်ကြီးထိုင်နေလေသည်။ ဦးမှုန်၏အရှေ့တွင်ဆီမီးခွက်တစ်ခွက်ကိုချထားကာ မယ်သုန်ထိုင်လိုက်သည့်အချိန်တွင်လည်း မယ်သုန်၏အရှေ့တွင် ဆီမီးခွက်တစ်ခွက်ကိုထွန်းညှိလိုက်လေသည်။
“မယ်သုန် ညည်းရောက်လာသားပဲအေ့”
“ရောက်လာတာပေါ့အကိုကြီးရယ်၊ ကဲအကိုကြီး အဆင်သင့်ဖြစ်ပြီလား”
“ဖြစ်ပြီမယ်သုန်၊ ငါတို့အရှေ့မှာ ဆီမီးတစ်ခွက်ဆီထွန်းထားတယ်၊ ဆီမီးခွက်ကို မှုတ်လိုက်တဲ့လူကို ရှုံးတယ်လို့သတ်မှတ်တယ်၊ ဆီမီးမှုတ်ပြီးအရှုံးပေးပြီဆိုရင် ကိုယ်လုပ်ထားတဲ့ပညာတွေကို ပြန်သိမ်းပေးရမယ်”
“စိမ်လိုက်လေအကိုကြီးရဲ့”
ပညာပြိုင်ပွဲမစတင်ခင်တွင် ပညာသည်နှစ်ဦးမှာ လက်ဝါးများထောင်လိုက်ကြပြီး တစ်ဦးနှင့်တစ်ဦး လက်ဝါးချင်းပုတ်ခတ်သည့်ဓလေ့ရှိသည်။ ထိုဓလေ့အတိုင်း မယ်သုန်နှင့် ဦးမှုန်မှာ တစ်ဦးလက်ဝါးကိုတစ်ဦးပုတ်ခတ်တာ တီးခတ်လိုက်လေသည်။
“ကဲ မယ်သုန်၊ ညည်းအစွမ်းရှိသလောက် ငါ့ကိုအဆိပ်ခတ်တော့”
“အကိုကြီးရယ် ညီမက အကိုကြီးကိုအဆိပ်ခတ်ပြီးပါပြီ၊ ညီမခတ်တဲ့အဆိပ်ကိုသာ အကိုကြီးရအောင်ဖျက်ပါ”
ဦးမှုန်မှာ သူ့တစ်သက်တာတွင် ယခုကဲ့သို့အဆိပ်ခတ်သည်ကို မကြုံဖူးပေ၊ သို့နှင့် မိမိသွေးခုန်နှုန်းများကိုစစ်ဆေးကြည့်သည့်အခါ အဆိပ်သွေးများမရှိဘဲ အကောင်းပကတိအတိုင်းကင်းစင်နေလေသည်။ ဦးမှုန်မှာ အတွေ့အကြုံများသူပီပီ မယ်သုန်ခတ်သည့်အဆိပ်ကို ခွဲခြမ်းစိတ်ဖြာနေမိသည်။
“အလွန်ညင်သာသိမ်မွေ့တဲ့အဆိပ်ဆိုတော့ မဟုတ်မှလွဲရော အဘိုးပြောဖူးတဲ့ မဟာဟာလာဟလအဆိပ်နဲ့များခတ်တာလား”
ဦးမှုန်မှာ မိမိတတ်သည့်ပညာစွမ်းများ၊ ဆေးမြစ်များဖြင့် မယ်သုန်ခတ်သည့်အဆိပ်ကို အမျိုးစုံဖျက်ဆီးသော်လည်း မဖျက်နိုင်ဘဲရှိနေလေသည်။ ညည့်နက်သန်းခေါင်အချိန် စတင်ဖျက်သော်လည်း ကြက်ဦးတွန်ချိန်အထိ အဆိပ်ဖျက်နည်းပေါင်း တစ်ရာကျော်စမ်းသပ်ပြီးသော်လည်း အဆိပ်ဖျက်မရတော့သဖြင့် နောက်ဆုံး ဦးမှုန်မှာ သူ့အရှေ့မှ ဆီမီးခွက်ကို ပါးစပ်နှင့်မှုတ်ကာ ငြိမ်းသတ်လိုက်လေသည်။
“မင်းကိုငါအရှုံးပေးပြီ မယ်သုန်၊ မင်းခတ်ထားတဲ့အဆိပ်ကို ငါဘယ်လိုမှမချေဖျက်နိုင်ဘူး”
“အကိုကြီး ညီမကိုရှုံးပြီဆိုတာ ဝန်ခံသလား”
“ဝန်ခံပါတယ်မယ်သုန်၊ မင်းရဲ့တောင်းဆိုချက်အတိုင်း ငါဒီရွာကနေ တစ်သက်လုံးထွက်သွားပေးလိုက်ပါ့မယ်၊ အခု မင်းခတ်ထားတဲ့အဆိပ်ကိုသာ ငါ့ကိုပြန်ဖျက်ပေးပါ”
ထိုအခါ မယ်သုန်က ရယ်မောလျှက်
“ကျွန်မအဆိပ်မှာ ဖြေဆေးမရှိဘူး အကိုကြီး”
ဦးမှုန်မှာအလွန်ထိတ်လန့်သွားပြီး
“မင်းဘာပြောလိုက်တာလဲ မယ်သုန်”
“ကျွန်မအဆိပ်မှာ ဖြေဆေးဆိုတာမရှိဘူး၊ ဆေးတစ်လုံးစားပြီးတာနဲ့ ပထမတစ်ရက်မှာ မနေနိုင်လောက်အောင် အေးလိမ့်မယ်၊ ဒုတိယတစ်ရက်မှာ မနေနိုင်လောက်အောင် ပူလောင်လာလိမ့်မယ်၊ သုံးရက်ကြာတဲ့အခါမှာ တစ်ကိုယ်လုံးကို အပ်အစင်းပေါင်းတစ်ထောင်နဲ့ ထိုးစိုက်သလိုခံစားရမယ်၊ လေးရက်ကြာရင် ဓါးနဲ့မွှန်းသလိုခံစားရမယ်၊ ငါးရက်ကြာတဲ့အခါ အတွင်းကလီစာတွေလောင်ကျွမ်းပြီးခြောက်ကပ်သွားမယ်၊ ခြောက်ရင်ကြာတဲ့အခါ အသားတွေပုပ်ပြီးပဲ့ကျမယ်၊ ခုနစ်ရက်ကြာတဲ့အခါ အဆိပ်ကအရိုးတွေကိုအမှုန့်ဖြစ်အောင် စားပစ်ပြီးတော့ မချိမဆန့်ခံစားရပြီးသေမယ်”
“မင်းဘာလုပ်တာလဲ မယ်သုန်”
“ကျွန်မတောင်းပန်ပါတယ် အကိုကြီး၊ ဒါပေမယ့် ဒီပွဲမှာ ကျွန်မနိုင်သွားပြီ၊ အကိုကြီးက ဟောဒီရွာကနေ ထွက်သွားစရာမလိုတော့ပါဘူး၊ အကိုကြီးချစ်တဲ့ ဟောဒီရွာမှာပဲ တစ်သက်လုံးအေးအေးလူလူ ခေါင်းချသွားပါတော့အကိုကြီး”
မယ်သုန်မှာပြောဆိုပြီး ဇရပ်ပေါ်မှဆင်းသွားလေသည်။ ဦးမှုန်မှာ မယ်သုန်၏စကားကိုကြားလိုက်ရသည့်အခါ အလွန်ဝမ်းနည်းစိတ်မကောင်းဖြစ်မိသည်။
“ကောင်းပြီမယ်သုန်၊ ညည်းနိုင်ပါတယ်၊ ညည်းဟာ အဆိပ်အတောက်ပညာမှာ ပြိုင်ဘက်မရှိတဲ့ ကဝေတစ်ယောက်ဖြစ်ပါပြီ၊ အခု နင့်သဘောကျ ငါသေပေးမယ်၊ ဒါပေမယ့် ဒီခုနစ်ရက်ပတ်လုံး ခံစားရမယ့်အဆိပ်ဆိုးကျိုးကို ငါမခံစားချင်တော့ဘူး”
ဦးမှုန်မှာပြောရင်း သူ့လွယ်အိတ်ကိုဖွင့်လိုက်ကာ ဝါးဆစ်ပိုင်းကလေးတစ်ခုအား ထုတ်ယူလိုက်လေသည်။ ထိုဝါးဆစ်ပိုင်းကလေး၏ အဖုံးတွင်ဆို့ထားသည့် ဘူးဆို့ကိုဖွင့်လိုက်ကာ ပါးစပ်အတွင်းလောင်းချလိုက်သည်။ ကြည့်နေဆဲမှာပင် ဦးမှုန်တစ်ကိုယ်လုံးရှိအသားများမှာ တဖြည်းဖြည်းတုန်လှုပ်လာပြီးနောက် ဦးမှုန်ပါးစပ်အတွင်းမှ စိမ်းပြာရောင်အရည်များကိုအန်ထွက်လျှက် ဦးမှုန်မှာကြမ်းပေါ်သို့ မှောက်လျက်သားလဲကျသွားသည်။ ဦးမှုန်သေဆုံးသွားသည်နှင့် ဦးမှုန်၏ အသွေးအသားများ၊ အရိုးများမှာ တရှဲရှဲအသံမြည်လာပြီးနောက် အခိုးအငွေ့များအဖြစ်ပြောင်းလဲသွားကာ ဦးမှုန်တစ်ယောက် ရုပ်အလောင်းပင်မကျန်တော့ဘဲ ဘဝပြောင်းသွားလေတော့သည်။
မယ်သုန်မှာ ဇရပ်အောက်သို့ဆင်းလိုက်ပြီး
“ငါအောင်ပြီ၊ ငါအောင်နိုင်ပြီ၊ အခု ဒီလောကမှာ ငါ့လောက်အဆိပ်ကိုကျွမ်းကျင်တဲ့လူဆိုတာ မရှိတော့ဘူးဟေ့”
ပြောဆိုပြီးနောက် မယ်သုန်မှာ ခါးထောက်ရင်းအားရပါးရ ရယ်မောလိုက်တော့သည်။
(၃)
မယ်ပျင်းမှာ မယ်ဖော့အသွင်ဟန်ဆောင်ကာ ပျားရည်နှင့်ရောနယ်ထားသည့် အဆိပ်ခွက်ကို ယူဆောင်လာခဲ့သည်။ ထိုအဆိပ်ခွက်အားကြည့်ုလိုက်သည့်အခါ အလွန်ပြင်းထန်သည့်အနက်ရောင်အငွေ့အသက်များအပြင် ကြက်သွေးရောင်အဆင်းရှိသည့် အခိုးအငွေ့များပါတလက်လက်တောက်ပနေသည်ကိုတွေ့ရသည်။
“လက်စသတ်တော့ ငါ့အမေကို မကောင်းတဲ့အဆိပ်ဆေးနဲ့ခပ်သတ်ဖို့ကြံထားတာကိုး၊ ဟိုတစ်ခါလည်း ဟင်းအိုးထဲမှာ ဒါမျိုးတစ်ခါတွေ့ဖူးပြီးပြီ၊ ဒါလည်း ဟိုအဘွားကြီးလက်ချက်ပဲဖြစ်ရမယ်၊ တွေ့ကြသေးတာပေါ့ အဘွားကြီးရယ်”
မယ်ပျင်းမှာ ခြံထဲမှထွက်ခဲ့ပြီးနောက် ချက်ချင်းပင် မောင်မဲအသွင်သို့ ဟန်ဆောင်လိုက်လေသည်။ ပြီးနောက်သစ်ရွက်တစ်ရွက်ကိုခူးလိုက်ကာ ဟင်းထည့်သည့် အုပ်တစ်ခုအသွင်ဖန်ဆင်းလိုက်သည်။ ထိုအုပ်ထဲတွင်လည်း ဟင်းလျာပေါင်းစုံကိုဖန်တီးပြီးသည့်အခါ ထိုဟင်းလျာများအတွင်းသို့ အဆိပ်ခွက်ကိုလောင်းထည့်လိုက်လေတော့သည်။
“ကဲ အဘွားကြီး၊ ရှင်ဖော်တဲ့အဆိပ်ကို ရှင်ပြန်မိမလားဆိုတာ ကြည့်ကြရသေးတာပေါ့ရှင်”
မယ်ပျင်းမှာ မောင်မဲအသွင်ဖြင့် ရွာစွန်ရှိ ဘွားမယ်သုန်၏ ခြံကြီးဆီသို့လာခဲ့လိုက်သည်။ ခြံဝသို့ရောက်သည်နှင့်တပြိုင်နက်တည်း ခြံအတွင်းသို့ ဝင်လိုက်လေရာ ခြံစည်းရိုးတိုင်အနောက်မှ မြွေဟောက်ကြီးတစ်ကောင်ထွက်လာကာ ပါးပျဉ်းထောင်လျှက် မယ်ပျင်းအရှေ့တွင်ကာဆီးနေလေတော့သည်။
“အောင်မာ ဒီမြွေကများ ငါ့ကိုတိုက်ချင်သေးတယ်ပေါ့၊ ငါလုပ်လိုက်ရ နာတော့မယ်”
မယ်ပျင်းမှာထိုသို့ကြိမ်းဝါးလိုက်သည်နှင့် လက်မောင်းနှစ်ဖက်စလုံးမှ အောင့်တက်လာတော့သည်။
“တောက်၊ ဒီမယ်တော်စုတ်က ငါ့ကိုပညာပြသွားသေးတာပဲ၊ နို့မို့ဆိုရင်တော့ ဒီမြွေသေတာကြာပေါ့”
ထိုအချိန်မှာပင် ခြံအတွင်းမှ ဘွားမယ်သုန်ကထွက်လာလေသည်။
“ဟဲ့ မောင်မဲ ဘာဖြစ်နေတာလဲ”
“ကြီးဒေါ်သုန်ရေ၊ ကြီးဒေါ်သုန်ရဲ့ မြွေကြီးကိုထိန်းပါအုံးဗျ”
ထိုအခါ ဘွားမယ်သုန်က ပါးပျဉ်းထောင်နေသည့် မြွေဟောက်ကြီး၏ ဦးခေါင်းကိုလက်နှင့်သပ်လိုက်လေရာ မြွေဟောက်ကြီးမှာ ပါးပျဉ်းကိုချပြီးနောက် ချုံတောတစ်ခုအတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။ ဘွားမယ်သုန်က မောင်မဲအားမျက်မှောင်ကြုတ်လျက် ကြည့်နေရင်း
“မလာစဖူး အလာထူးပါလားမောင်မဲ၊ မင်း ငါ့ခြံထဲကို ဘာလာလုပ်တာလဲ”
“ဟိုလေ၊ မမလေးမယ်ဖော့က ကြီးဒေါ်သုန်စားဖို့ဆိုပြီး ဟင်းတွေပေးခိုင်းလိုက်လို့ပါ”
ဘွားမယ်သုန်က ဟင်းအုပ်ကိုဖွင့်ကြည့်လိုက်သည့်အခါ အတွင်းတွင် အမျိုးမျိုးသောစားကောင်းသောက်ဖွယ်များကိုမြင်တွေ့လိုက်ရသဖြင့် ပြုံးသွားလေသည်။
“ကျားသားမိုးကြိုးပါလား၊ အင်းလေ ငါကသူ့ကိုဒီလောက်တောင် ကူညီထားရတာပဲ၊ သူလည်း ငါ့ကိုဒီလောက်ပြန်ကူညီတာ မဆန်းပါဘူး”
ဘွားမယ်သုန်က ဟင်းအုပ်ကိုလှမ်းယူလိုက်ရင်း
“ကဲ မောင်မဲ မင်းပြန်တော့၊ နောက်ဆိုရင် ငါ့ခြံထဲကို စွတ်ကနဲ စွတ်ကနဲမဝင်နဲ့၊ မင်းကိုမြွေပေါက်လို့ သေသွားလိမ့်မယ် နားလည်လား၊ အသံလေးဘာလေးပြုအုံး”
မောင်မဲက ခေါင်းညိတ်ကာ ထိုနေရာမှလှည့်ထွက်လာခဲ့သည်။ ဘွားမယ်သုန်ခြံကိုအတော်ကျော်လာသည်နှင့် မယ်ပျင်းက အကဲခတ်နေမိသည်။
“ဒီအဘွားကြီး စားရောစားရဲ့လားမသိပါဘူး၊ မှန်းစမ်း၊ ငါအာရုံခံကြည့်အုံးမယ်”
မယ်ပျင်းမှာ အကြားအာရုံကိုဖြန့်ကျက်လိုက်လေသည်။
ဘွားမယ်သုန်မှာ ဟင်းအုပ်ကို ကိုင်ဆောင်သွားပြီးအိမ်ထဲသို့ဝင်လိုက်သည်။ စားပွဲပေါ်တွင် ဟင်းများကိုဖွင့်လိုက်ပြီးနောက် ထမင်းကြမ်းတစ်တုံးကိုခူးခတ်လိုက်လေသည်။
“စားရကံကြုံတာပဲဟေ့၊ သူကြီးအိမ်က ဟင်းတွေကလည်း ဘုရင့်ပွဲတော်အုပ်လိုပဲ စုံလိုက်တာပြောမနေပါနဲ့၊ စားရချည်သေးရဲ့”
ဘွားမယ်သုန်မှာ ဟင်းများကိုလက်နှင့်နှိုက်ကာ ပလုပ်ပလောင်းစားသောက်နေလေတော့သည်။
နောက်တစ်နေ့သို့ရောက်သည့်အခါ မယ်ဖော့မှာ မမယ်ဖြူအား အရိပ်တကြည့်ကြည့်နှင့်စောင့်ကြည့်နေလေသည်။ မမယ်ဖြူမှာ အေးအေးလူလူပင် စားဖိုဆောင်အတွင်းဟင်းလျာများကိုချက်ပြုတ်နေလေသည်။ မယ်ဖော့က စိတ်မရှည်တော့သဖြင့် မမယ်ဖြူအနီးသို့တိုးကပ်လိုက်ကာ
“ဟဲ့ မယ်ဖြူ၊ ညည်းဒီမနက်မချမ်းဘူးလားအေ့”
“ချမ်းစရာလား မယ်ဖော့ရယ်၊ အခုတောင် မီးဖိုဘေးမှာနေပြီး ချက်ရပြုတ်ရနဲ့မို့လို့ ချွေးတွေတောင်ထွက်နေသေးတာကို”
မယ်ဖော့မှာ တစ်ချက်စဉ်းစားသွားပြီဖြစ်သည်။
“အဆိပ်ဆေးတိုက်ရင် ပထမတစ်ရက်မှာ တစ်ကိုယ်လုံး မနေနိုင်လောက်အောင်ချမ်းမယ်မဟုတ်လား၊ သူ့ကြည့်ရတာတော့ ချမ်းဖို့နေနေသာသာ ချွေးတောင်ထွက်နေပါရော၊ ဘွားမယ်သုန်ပေးလိုက်တဲ့ အဆိပ်က ဟုတ်ရောဟုတ်ရဲ့လား”
သို့နှင့် မယ်ဖော့မှာ ဘွားမယ်သုန်အိမ်ဆီသို့ထွက်ခဲ့လေသည်။
င်္
ဘွားမယ်သုန်၏ ခြံမှာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ မယ်ဖော့မှာ ခြံအပြင်မှအော်ခေါ်ပြီးသည့်အခါ အသံမကြားသဖြင့် ခြံထဲသို့လိုက်ဝင်သွားသည်။ တဲအိမ်ကလေးမှာ တံခါးပွင့်နေသည်မို့ အတွင်းသို့ဝင်လိုက်လေသည်။ ထိုအခါ တဲအိမ်ဝါးကြမ်းခင်းပေါ်တွင် စောင်အထပ်ထပ်ခြုံထားသည့် ဘွားမယ်သုန်ကိုတွေ့လိုက်ရသည်။
“အကြီးသုန်၊ အကြီးသုန်ဘာဖြစ်နေတာလဲ”
“ချမ်းလိုက်တာ ပြောမနေပါနဲ့အေ၊ ဒါထက် ညည်းယူသွားတဲ့ ဆေးလုံးကလေးတွေ ငါ့ကိုပြန်ပေးစမ်းပါ”
“မရှိတော့ဘူး အကြီးသုန် အဲဒါတွေအကုန်ကုန်သွားပြီ”
“ဘာပြောတယ်၊ နင်ရူးနေသလား၊ အဲဒီဆေးက တစ်လုံးပဲသုံးရင်ရပြီလို့ ငါနင့်ကိုပြောခဲ့တယ်မဟုတ်လား”
“ကျုပ် သုံးလုံးစလုံးကိုသုံးပစ်လိုက်ပြီ”
ထိုအခါ ဘွားမယ်သုန်က တောက်တစ်ချက်ခေါက်လိုက်ပြီးနောက်
“မယ်ဖော့ ဒါညည်းလက်ချက်တွေဆိုတာ ငါမသိဘူးများမှတ်နေသလားဟဲ့”
“အကြီးသုန်ဘာတွေပြောနေတာလဲ”
“နင်ငါ့ဆီက အဆိပ်လုံးသုံးလုံးယူသွားပြီးတော့ ငါ့ကိုအဆိပ်ပြန်ခတ်ခဲ့တယ်မဟုတ်လား”
“အိုတော် ပေါက်ပေါက်ရှာရှာ အကြီးသုန်ကို ကျုပ်ကဘာဖြစ်လို့အဆိပ်ခတ်ရမှာလဲ”
“ညည်းက ဒီတစ်ခါတော့ ငါ့ကိုပါနှုတ်ပိတ်ချင်နေတာမဟုတ်လား၊ မနေ့က ညနေက ညည်းမောင်မဲကိုလွှတ်လိုက်ပြီး ငါ့ကိုဟင်းတွေပေးခိုင်းလိုက်ကတည်းက ငါသိလိုက်ရမှာ၊ ငါသိလိုက်ရမှာအေ့”
“အကြီးသုန် ဘာတွေပြောနေတာလဲ ကျုပ်ဘာမှမသိဘူး”
“မယ်ဖော့ . . . ညည်းကိုယုံခဲ့မိတာ ငါမှားတာပဲ၊ ညည်း . . . ညည်းကိုငါသတ်မယ်”
“အိုမသိဘူး၊ အကြီးသုန်ဘာတွေပြောနေသလဲဆိုတာကို ကျုပ်နားမလည်တော့ဘူး”
ဘွားမယ်သုန်မှာ စောင်ပုံကြီးအတွင်းမှထရန်ကြံစည်လိုက်သော်လည်း အလွန်ချမ်းအေးလှသဖြင့် မထနိုင်ဘဲရှိနေလေသည်။
“မယ်ဖော့ ညည်းကိုငါမကျေနပ်ဘူးအေ့”
ထိုအခိုက် တဲအမိုးမှ တချောက်ချောက်အသံများမြည်လာလေသည်။ ပြီးသည့်အခါ တစ်တောင်ခန့်ရှိသည့် ကင်းခြေများကြီးများမှာ တဲခေါင်မိုးပေါ်မှဆင်းသက်လာကြလေသည်။ အလားတူ မြွေဆိုးများကလည်း တဲကြမ်းပြင်အောက်မှထွက်လာကြသဖြင့် မယ်ဖော့တစ်ယောက် ကြောက်လန့်ကာ ထွက်ပြေးရလေတော့သည်။
သူကြီးအိမ်ပေါ်သို့ မယ်ဖော့တစ်ယောက် ကြောက်ကြောက်လန့်လန့်နှင့်ပြေးတက်လိုက်စဉ်တွင် အိမ်ဦးခန်းတွင်ထိုင်နေသည့် သူကြီးဦးရွှေမောင်က မယ်ဖော့အားကြည့်လိုက်ကာ
“မယ်ဖော့၊ ညည်းဘာဖြစ်လာရပြန်တာလဲ”
“ဘာမှမဖြစ်ပါဘူးသူကြီး”
ထိုအခါ မမယ်ဖြူက လက်ဖက်အုပ်ကလေးကို ကိုင်ကာသူကြီးအနားတွင်ထိုင်ချလိုက်သည်။
“အကိုကြီး၊ အကိုကြီးစားဖို့အတွက် လက်ဖက်ယူလာပါတယ်”
သူကြီးမှာ မမယ်ဖြူပြင်ဆင်ပေးသည့်လက်ဖက်ကို တမြုံ့မြုံ့ဝါးနေလေသည်။ မိနှဲနှင့်မိသေးမှာ သူကြီးအတွက်ပြင်ဆင်ထားသည့် စားပွဲဝိုင်းကိုယူလာကြပြီး မယ်ပြုံးမှာလည်း ဟင်းလျာများကိုပြင်ဆင်ပေးနေလေသည်။
“သူကြီးရှိပါသလား၊ သူကြီးအိမ်မှာရှိပါသလား”
ဦးရွှေမောင်က မျက်ခုံးပင့်လိုက်ပြီး
“မောင်မဲရေ၊ အိမ်အောက်မှာဘယ်သူလဲဟေ့”
“မှန်ပါ ရွာစွန်က ဘွားမယ်သုန်တစ်ယောက် တောင်ဝှေးကြီးထောက်ပြီးရောက်လာကြောင်းပါ”
ဘွားမယ်သုန်ဆိုသည့်စကားကြားသည့်အခါ မယ်ဖော့တစ်ယောက် အလွန်လန့်သွားလေသည်။ ဘွားမယ်သုန်က အသံကုန်ဟစ်လျှက်
“သူကြီးကိုတိုင်စရာရှိလို့၊ အရေးကြီးတဲ့ တိုင်ချက်တစ်ခုဖွင့်ချင်လို့ပါ”
“စားမယ့်သောက်မယ့်အချိန်မှ ဧည့်သည်က ရောက်လာတယ်လို့ကွာ၊ ဟေ့ကောင်မောင်မဲ သူ့ကိုပြန်လွှတ်လိုက်စမ်းပါ”
ထိုအခါ မမယ်ဖြူက
“အရေးကြီးတယ်လို့ပြောနေတယ်မဟုတ်လား အကိုကြီးရဲ့၊ အကိုကြီးက ရပ်ရွာရဲ့ခေါင်းဆောင်၊ ရပ်ရွာရဲ့အုပ်ချုပ်သူပဲ၊ နာယကဂုဏ်ခြောက်ပါးထဲမှ ထကြွနိုးကြားတယ်ဆိုတဲ့ ဂုဏ်ပုဒ်လည်းပါတယ်မဟုတ်လားအကိုကြီး၊ ရပ်ရွာအရေးဆိုရင် စားတဲ့သောက်တဲ့အရေးထက် ဦးစားပေးပြီးတက်တက်ကြွကြွဆောင်ရွက်ရမှာပေါ့”
ဦးရွှေမောင်က ခေါင်းညိတ်လိုက်ပြီးနောက်
“မောင်မဲရေ ဘွားမယ်သုန်ကိုအိမ်ပေါ်ခေါ်လာခဲ့ဟေ့”
မောင်မဲမှာ ဘွားမယ်သုန်အား တွဲကာအိမ်ပေါ်တက်ရန်ပြင်ဆင်လိုက်သည်။ ထိုအခါ ဘွားမယ်သုန်က မောင်မဲ၏လက်ကိုပုတ်ချလိုက်ပြီးနောက် တုန်တုန်ယင်ယင်နှင့်အိမ်ပေါ်သို့တက်လာခဲ့လေသည်။ အိမ်ဦးခန်းသို့ဝင်လာသည့် ဘွားမယ်သုန်ကို ဦးရွှေမောင်က ကြည့်ရင်း
“ဟော၊ ဘွားမယ်သုန်၊ စောင်ကြီးလည်းခြုံလို့ပါလား၊ ဘယ်လိုဖြစ်တာလဲ”
ဘွားမယ်သုန်က အနောက်တစ်နေရာတွင်ထိုင်နေသည့် မယ်ဖော့အားကြည့်ရင်း
“သူကြီးကတော် မယ်ဖော့လုပ်ရပ်တွေကြောင့်ပေါ့ သူကြီးရယ်”
“အလို၊ မယ်ဖော့ ဘာလုပ်လိုက်လို့လဲ”
“ကျုပ်မှာအပြစ်ရှိပါတယ်သူကြီး၊ သူကြီးပေးတဲ့အပြစ်မှန်သမျှကို ကျုပ်ခံပါ့မယ်၊ အခု သူကြီးဆီကိုလာတိုင်တယ်ဆိုတာက ကျုပ်လုပ်ခဲ့တဲ့ မကောင်းမှုတွေကို လာပြီးဝန်ခံရတာပါ”
“ခင်ဗျားစကားက အဆုံးမရှိအစမရှိနဲ့၊ ကဲ ခင်ဗျားဘာအပြစ်တွေလုပ်ခဲ့ဖူးလို့လဲ”
“သူကြီးအပေါ်မှာ သူကြီးတို့အိမ်သားတွေအပေါ်မှာ ကျုပ်အပြစ်တွေအများကြီး ကျူးလွန်ခဲ့ဖူးပါတယ်၊ အဲဒီလိုကျူးလွန်ရတာကလည်း ဟောဒီက မယ်ဖော့ခိုင်းလို့ လုပ်ရတာတွေပါပဲ”
မယ်ဖော့မှာ မျက်လုံးအပြူးသားနှင့်
“အကြီးသုန်၊ ရှင်ရူးနေပြီလား ရှင်ဘာတွေလာပြောနေတာလဲ”
“ဒီလိုပါသူကြီး မယ်ဖော့ခိုင်းလို့ သူကြီးကတော် မရွှေကျေးနဲ့သားကလေးကို မီးတွင်းမှာ သွေးပုပ်ပြီးသေအောင် ကျုပ်အဆိပ်ခတ်ပြီးသတ်ခဲ့ပါတယ်”
သူကြီးဦးရွှေမောင်မှာ မျက်လုံးပြူးသွားပြီး
“ခင်ဗျားဘာပြောတာလဲ”
“ဟုတ်ပါတယ် သူကြီး၊ မယ်ဖော့က မရွှေကျေးသားကလေးမွေးမှာကို လုံးဝမကျေနပ်ပါဘူး၊ ဒါနဲ့ သားကလေးမွေးတဲ့အခါ သတ်ပေးပါဆိုပြီးပြောလာပါတယ်၊ ကျုပ်ကိုလည်း ဒေါင်းဒင်္ဂါးအပြားတစ်ရာ ပေးပြီးခိုင်းပါတယ်၊ ဒါနဲ့ကျုပ်ကလည်း မရွှေကျေးတို့မီးနေခန်းမှာ ဆနွင်းမှိုင်းတိုက်တဲ့အခါ မီးနေသည်နဲ့ ကလေးမွေးကင်းစတွေ ရှူမိရင် သွေးဆိပ်သင့်ပြီးသေစေနိုင်တဲ့ အဆိပ်တစ်မျိုးကို ထည့်ပြီး မှိုင်းတိုက်ခဲ့ပါတယ်”
သူကြီးဦးရွှေမောင်မှာ ဒေါသထွက်သွားပြီး
“ဘွားမယ်သုန်၊ ခင်ဗျားပြောတာတွေက တကယ်ပဲလား”
“ဟုတ်ပါတယ် သူကြီး၊ ကျုပ်အသက်နဲ့အာမခံပါတယ်၊ နောက်ပြီးတော့ ဟောဒီက မိနှဲနဲ့မိသေး ကိုယ်ဝန်မရအောင်ဆိုပြီးတော့ သူတို့သောက်တဲ့လက်ဖက်ခြောက်ထဲမှာ သန္ဓေကျွေပြီး မြုံစေတဲ့အဆိပ်တွေ ထည့်ခတ်ခိုင်းတာလည်း မယ်ဖော့ပါပဲ”
မိနှဲနှင့်မိသေးမှာ အလွန်အံ့အားသင့်သွားကာ လက်တွင်ကိုင်ထားသည့် ယပ်တောင်ပင်ပြုတ်ကျသွားလေသည်။ မိသေးမှာ တောက်တစ်ချက်ခေါက်လျှက်
“အမမယ်ဖော့ ဒါတွေက တကယ်ပဲလား”
“မဟုတ်ပါဘူး မိသေးရယ်၊ ဒီအဘွားကြီးက သက်သက်ကုန်းတိုက်နေတာပါ”
“ဟဲ့မယ်ဖော့၊ ငါ့လိုသေခါနီးအဘွားကြီးက နင်တို့တွေကြားထဲမှာ ဘာမှကုန်းတိုက်စရာအကြောင်းမရှိဘူး၊ ဒီမှာ မိနှဲနဲ့မိသေး၊ ညည်းတို့တွေ ဓမ္မတာမမှန်တာ၊ ဓမ္မတာထိန်တာ၊ သွေးပုပ်ဆင်းတာတွေဖြစ်တယ်မဟုတ်လားအေ့၊ အဲဒါငါခတ်ထားတဲ့အဆိပ်ကြောင့်ပဲ”
မိနှဲနှင့်မိသေးမှာ ခေါင်းညိတ်လိုက်ကြလေသည်။ မယ်ဖော့မှာ ကြံရာမရတော့သဖြင့် ထိုင်နေရာမှထလိုက်ကာ အိမ်ပေါ်မှဆင်းရန်ပြင်လိုက်သည်။ ထိုအခါ သူကြီးဦးရွှေမောင်က အိမ်ပေါက်ဝတွင်စောင့်ကြပ်နေသည့် အစောင့်နှစ်ဦးအား
“ဟေ့ကောင်တွေ၊ မယ်ဖော့ကိုဘယ်မှမသွားစေနဲ့”
ဓါးလှံများကိုင်ထားကြသည့် လူနှစ်ဦးမှာ မယ်ဖော့ပြေးမည့်လမ်းတွင်ပိတ်ရပ်လိုက်ကာ မယ်ဖော့လက်ကိုဆွဲလိုက်လေသည်။
“နောက်ဆုံး အခုလောလောလတ်လတ်ဖြစ်ခဲ့တာကို ပြောပါရစေ”
“မယ်ဖော့က ဘာတွေဆက်လုပ်ခဲ့သေးလို့လဲ”
“ဗိစ္ဆလို့ခေါ်တဲ့ အဆိပ်ပျင်းတစ်မျိုးကို ဝယ်ယူသွားခဲ့ပြီးတော့ မယ်ဖြူကို အဆိပ်ခတ်လိုက်ပါတယ်၊ ဒီအဆိပ်မိတဲ့အခါ ခုနစ်ရက်အတွင်း မချိမဆန့်ခံစားရပြီး အသက်သေဆုံးစေတဲ့အဆိပ်ပါ”
“မဟုတ်တာ၊ ရှင်လျှောက်ပြောနေတာ၊ အဘွားကြီး ရှင်လျှောက်ပြောနေတာ”
ဘွားမယ်သုန်က သူယူလာခဲ့သည့်အိတ်ထဲမှ ပတ္တမြားဘယက်ကိုထုတ်လိုက်ကာ ကြမ်းပြင်ပေါ်သို့ချပြလိုက်လေသည်။
“ဟောဒါကတော့ သူအဆိပ်ဝယ်သွားတဲ့ အဖိုးအခအဖြစ်ပေးခဲ့တဲ့အရာပါ”
သူကြီးဦးရွှေမောင်က ဘယက်ကိုသေချာကြည့်ရင်း
“မယ်ဖော့ ဒီဘယက်က ငါနဲ့နင်ညားတုန်းက ညည်းမိဘတွေပေးလိုက်တဲ့ ပတ္တမြားဘယက်မဟုတ်လား၊ ဒီဘယက်က ဘယ်လိုလုပ်ပြီးတော့ သူ့ဆီရောက်နေရတာလဲ”
မယ်ဖော့မှာ အရူးမီးဝိုင်းဖြစ်နေလေတော့သည်။
“မယ်ဖြူကိုသေအောင်ဆိုပြီး အဆိပ်ခတ်တဲ့အပြင် ကျုပ်ကိုလည်းသေပါစေဆိုပြီးတော့ အဲဒီအဆိပ်ကိုခတ်ခဲ့ပါတယ်၊ ဒါတွေအားလုံးက မယ်ဖော့ရဲ့စနက်တွေ၊ မယ်ဖော့ရဲ့လုပ်ရပ်တွေပါပဲသူကြီး၊ သူကြီးကျုပ်ကိုကြိုက်တဲ့အပြစ်ပေးပါ ကျုပ်ခံပါ့မယ်”
“မဟုတ်ဘူး၊ ကျုပ်နဲ့ဘာမှမဆိုင်ဘူး”
မယ်ဖော့မှာ ထိုသို့အော်ဟစ်လိုက်ပြီးနောက် အနားတွင်ရပ်နေသည့်လူ၏ ခါးတွင်ချိတ်ဆွဲထားသည့် ဓါးရှည်ကိုဆွဲထုတ်လိုက်ပြီးသည့်နောက် ဘွားမယ်သုန်ဆီသို့ တစ်ဟုန်ထိုးပြေးဝင်လိုက်ကာ ဓါးဖြင့်ထိုးထည့်လိုက်လေသည်။ ဘွားမယ်သုန်၏ ကျောကို မယ်ဖော့ထိုးသည့်ဓါးက ထုတ်ချင်းပေါက်ဝင်ရောက်သွားပြီးနောက် ဘွားမယ်သုန်မှာအရှေ့သို့ငိုက်ကျသွားသည်။ ဘွားမယ်သုန်မှာ တုန်တုန်ယင်ယင်နှင့်
“အကိုကြီး၊ အကိုကြီးကို ညီမတောင်းပန်ပါတယ်”
ဘွားမယ်သုန်မှာ ငြိမ်ကျသွားလေသည်။ သူကြီးဦးရွှေမောင်က ချက်ချင်းငေါက်ခနဲထလိုက်ပြီးနောက် အနားတွင်ချိတ်ထားသည့် ကျောက်စီဓါးကိုဆွဲထုတ်လိုက်ကာ
“မယ်ဖော့ ညည်းဒါဘာလုပ်တာလဲ”
ထိုသို့ရေရွတ်လိုက်ပြီး မယ်ဖော့ကိုဓါးဖြင့်ခုတ်ရန်ချိန်ရွယ်လိုက်သည်။ အချိန်ကိုက်ပင် ဖိုးမောင်မှာ အိမ်ပေါ်သို့ပြေးတက်လာပြီး သူကြီးဦးရွှေမောင်၏ ခြေသလုံးကို ပြေးဖက်ကာဆွဲထားလေသည်။
“မလုပ်ပါနဲ့အဖေ၊ အမေ့ကိုမသတ်ပါနဲ့”
သူကြီးဦးရွှေမောင်မှာ မယ်ဖော့ကိုဓါးဦးနှင့်ထိုးချိန်လိုက်ကာ
“မယ်ဖော့၊ ဘွားမယ်သုန်ပြောခဲ့တာတွေက တကယ်ပဲလား”
မယ်ဖော့မှာထိုင်ချလိုက်ပြီးနောက် ငူငူကြီးခေါင်းညိတ်လိုက်လေသည်။
“ညည်းရေ ရုပ်ကလေးသနားကမားနဲ့ ဒီလိုကောက်ကျစ်ယုတ်မာမယ်မှန်း ငါမသိခဲ့ဘူးအေ့၊ ညည်းတော်တော်ဆိုးတဲ့မိန်းမပါလား၊ ညည်းဟာ မိန်းမယုတ်တစ်ယောက်ပဲ”
“အဖေ၊ အမေ့ကိုမသတ်ပါနဲ့ အမေ့ကိုမသတ်ပါနဲ့”
“ညည်းတို့သားအမိနှစ်ယောက်မျက်နှာကို ငါမမြင်ချင်တော့ဘူး၊ ညည်းတို့နှစ်ယောက်စလုံး ငါ့အိမ်ကနေဆင်းသွားကြစမ်း”
ထိုအခါ မယ်ဖော့က သူကြီးအားမော့ကြည့်ကာ မျက်စောင်းထိုးလိုက်ပြီး
“လုပ်လိုက်စမ်းပါ၊ ရှင်ကျုပ်တို့သားအမိကို နှင်ချတော့၊ ရှင်သေရင် ရှင့်အရိုက်အရာကိုဆက်ခံမယ့်သူ မရှိဘူးဖြစ်သွားမှာပေါ့”
သူကြီးဦးရွှေမောင်မှာ အနည်းငယ်တွေဝေသွားလေသည်။ ထို့နောက် နောက်လိုက်နောက်ပါများကို ကြည့်လိုက်ကာ
“မယ်ဖော့ကို ရွာအပြင်ကိုဆွဲထုတ်သွားကြစမ်း၊ သူ့ကိုရွာထဲပြန်မဝင်စေနဲ့၊ ရွာထဲကိုဝင်လာတာနဲ့ သူ့ကိုသတ်လိုက်ကြစမ်းဟေ့”
သူကြီး၏ လူယုံများမှာ မယ်ဖော့လက်အားဆွဲလိုက်ကြလေသည်။ သို့သော် မယ်ဖော့က ထိုလူများလက်ကိုပုတ်ချလိုက်ပြီး
“နင်တို့ကောင်တွေ ငါ့အသားကိုမထိနဲ့၊ ငါ့ကို ဒီအိမ်ပေါ်ကနေ ဘယ်သူမှဆွဲချစရာမလိုဘူး၊ ငါ့မှာခြေထောက်ပါတယ်၊ ဒီအိမ်ပေါ်ကနေ ငါ့ခြေထောက်နဲ့ငါဆင်းမယ်”
မယ်ဖော့မှာ ဒေါသထွက်ထွက်နှင့်ပြောဆိုလိုက်ပြီးသည့်နောက် အိမ်အပြင်သို့ခြေလှမ်းကျဲကြီးများဖြင့်ထွက်သွားကာ လှေကားပေါ်မှဆင်းသွားလေတော့သည်။ စံအိမ်ကြီးနှင့် ခပ်လှမ်းလှမ်းသို့ရောက်သည့်အခါ စံအိမ်ကြီးကိုတစ်ချက်လည်ပြန်လှည့်ကြည့်လိုက်ပြီးနောက်
“ဦးရွှေမောင်၊ ရှင့်ကိုအရင်က ကျုပ်ရဲ့လင်ဆိုပြီးတော့ ခွင့်လွတ်နေပေမယ့် အခုရှင့်ကိုထပ်ပြီး ညှာတာစရာအကြောင်းမရှိတော့ဘူး၊ ရှင်တို့ကျုပ်အကြောင်းသိမယ်၊ ရှင်တို့တွေ ကျုပ်အကြောင်းသိကြရမယ်ဟေ့”
မယ်ဖော့က ပြောဆိုပြီး ရွာပြင်သို့ထွက်ခွာသွားလေသည်။
(၄)
ဖိုးမောင်တစ်ယောက် ဒူူးလေးတစ်လက်ကိုင်ပြီး တောနင်းရှာနေမိသည်။ သူရှာဖွေနေသည့်အရာက တောရိုင်းတိရစ္ဆာန်တစ်ကောင်မဟုတ်ဘဲ မယ်ပျင်းကိုသာဖြစ်သည်။ မိခင်အိမ်ပေါ်မှ နှင်ချခံရသည်ကိုမကျေနပ်သဖြင့် မယ်ပျင်းအားသေအောင်သတ်လိုက်မည်ဟု ကြံရွယ်ကာ တောအုပ်အတွင်းလာခဲ့ခြင်းဖြစ်သည်။ မယ်ပျင်းမှာ ဖထီးထံမှ ပညာရပ်များကိုသင်ကြားပြီးသည့်နောက် ရွာသို့ပြန်လာခဲ့သည်။ တောလမ်းကလေးအတိုင်း ဆင်းသက်လာရင်း တစ်နေရာအရောက်တွင်တော့ ဖိုးမောင်နှင့်မျက်နှာချင်းဆိုင်တွေ့လေသည်။
ဖိုးမောင်က မယ်ပျင်းကိုတွေ့သည့်အခါ အံကြိတ်လိုက်ပြီး
“အဲဒါနင့်ကြောင့် ငါ့အမေ အိမ်ကနေနှင်ချခံရတာ နင်တို့သားအမိကြောင့်”
ထိုသို့ပြောဆိုကာ ဒူးလေးကိုမယ်ပျင်းထံသို့ချိန်ရွယ်လိုက်လေသည်။ မယ်ပျင်းက ခါးထောက်လိုက်ရင်း
“နင်ဘာတွေလာပြီးပြောနေတာလဲ၊ အကျင့်မကောင်းတဲ့လူ ယုတ်မာတဲ့လူက နင့်အမေ၊ နင့်အမေသာ အရင်ကတည်းမယုတ်မာခဲ့ရင် အခုလိုမောင်းထုတ်ခံရမှာမဟုတ်ဘူး”
“ဟာ၊ ဒါတွေကနင့်ကြောင့် နင်တို့သားအမိသာ ငါတို့အိမ်ကိုရောက်မလာခဲ့ရင် အခုလိုဖြစ်စရာအကြောင်းမရှိဘူး”
ဖိုးမောင်ကပြောဆိုပြီးသည့်နောက် ဒူးလေးကိုမယ်ပျင်းနဖူးထံသို့ချိန်ရွယ်လိုက်ကာ မယ်ပျင်းဆီပစ်လွှတ်လိုက်လေသည်။ ဒူးလေးမြှားတံက မယ်ပျင်းထံသို့အရှိန်ှနှင့်ပျံသန်းလာခဲ့ပြီး မယ်ပျင်း၏မျက်လုံးနှစ်လုံးအလယ်တည့်တည့်ဆီသို့ပြေးဝင်သွားသည်။ သို့သော် မယ်ပျင်းနဖူးသို့ ဒူးလေးမြှားတံက ဖောက်ဝင်မသွားဘဲ မယ်ပျင်းမျက်လုံးအရှေ့ တစ်ထွာခန့်ရောက်သည့်အခါ ဒူးလေးမြှားတံမှာ လေပေါ်တွင်ရပ်တန့်နေလေသည်။ ဖိုးမောင်တစ်ယောက် မိမိမြင်နေရသည့်မြင်ကွင်းကိုပင် မယုံကြည်နိုင်ဘဲဖြစ်နေမိသည်။
မယ်ပျင်းက လေပေါ်ရပ်တန့်နေသည့် ဒူးလေးမြှားတံကို ဖိုးမောင်ထံသို့ ပြန်လည်ချိန်ရွယ်လိုက်ပြီး ပစ်လွတ်ထည့်လိုက်လေသည်။ ဒူးလေးမြှားတံမှာ ဖိုးမောင်ထံသို့ပျံသန်းသွားပြီးနောက် ဖိုးမောင်၏ ပေါင်အလယ်သို့ စိုက်ဝင်သွားတော့သည်။ ဖိုးမောင်မှာ နာကျင်စွာအော်ဟစ်ရင်း ဒူးတစ်ဖက်ထောက်ကျသွားလေသည်။
“ဒီမှာဖိုးမောင် နင့်ကိုလည်းငါပြောထားလိုက်မယ်၊ နင့်လုပ်ရပ်တွေကို နင်ရပ်တန်းက ရပ်ရင်ရပ်လိုက်တော့ဖိုးမောင်၊ ဒီတစ်ခါတော့ ငါနင့်ကိုခွင့်လွှတ်လိုက်မယ်၊ နောက်တစ်ခါ နင်ငါ့ကို ပြဿနာလာရှာရင် ဒူးလေးမြှားတံက ပေါင်လောက်စိုက်မှာမဟုတ်တော့ဘူး၊ နင့်ရဲ့နဖူးတည့်တည့်ကို စိုက်ဝင်သွားလိမ့်မယ်ဆိုတာ နင်သဘောပေါက်စမ်း”
မယ်ပျင်းက ထိုသို့ပြောလိုက်ပြီးနောက် တောအုပ်အတွင်းမှထွက်ခွာရန်ပြင်ဆင်လိုက်သည်။ ထိုအခါ တောအုပ်အတွင်း ကျားဟိန်းသံတစ်ခုကိုကြားလိုက်ရလေသည်။ ဖိုးမောင်မှာ ကျားအသံကြားရသဖြင့် ထော့နဲ့ထော့နဲ့နှင့် ထပြေးရတော့သည်။ ခြေထောက်မှ သွေးများကလည်း တစ်စက်တစ်စက်နှင့် လမ်းတစ်လျှောက်ကျနေခဲ့သည်။ အတော်ဝေးဝေးသွားပြီးသည့်အခါ ဖိုးမောင်မှာ တောလမ်းဘေးသို့ လိမ့်ကျသွားသည်။ ပြန်လည်အားယူကာ ကုန်းထနေစဉ်မှာပင် အနက်နှင့်အဝါရောင်အစင်းကျားများရှိသည့် ကျားကြီးတစ်ကောင်အား မြင်တွေ့လိုက်ရတော့သည်။
ကျားကြီးမှာ ဖိုးမောင်ကျခဲ့သည့် သွေးစက်ကလေးများကို လျှာဖြင့်ယက်ရင်းလိုက်လာခဲ့လေရာ မကြာခင် ဖိုးမောင်ကိုတွေ့ရှိသွားလေသည်။ ကျားကြီးမှာ ဖိုးမောင်အားမြင်သည့်အခါ တစ်လှမ်းချင်း လှမ်း၍တိုးကပ်လာသည်။ ဖိုးမောင်လက်ထဲတွင် မည်သည့်လက်နက်မှမရှိတော့ပေ။
“ကယ်ကြပါ၊ ကယ်ကြပါအုံး”
ဖိုးမောင်မှာ အော်ဟစ်အကူအညီတောင်းနေမိသည်။ ကျားကြီးက ဖိုးမောင်အား အကဲခတ်နေပြီးနောက် သူ့ကိုအန္တရာယ်မပြုနိုင်မှန်း သိလိုက်သဖြင့် ခုန်အုပ်ရန်အတွက် အားယူနေလေသည်။ သို့ရာတွင် ဖိုးမောင်အား ခုန်မအုပ်တော့ဘဲ အတန်ကြာအောင်စိုက်ကြည့်နေလေသည်။ ထိုအချိန် ဖိုးမောင်၏အနောက်မှ မယ်ပျင်းကထွက်လာလေသည်။ ကျားကြီးမှာ မယ်ပျင်းအားကြည့်ကာ တစ်ချက်ဟိန်းဟောက်လိုက်သည်။ ထိုအခါ မယ်ပျင်းက ပါးစပ်ဖွင့်ကာ ကျားကြီးဟိန်းသည့်အသံထက် ပိုမိုကျယ်လောင်သည့် ဟိန်းသံကြီးကိုပေးလိုက်သည့်အခါ ကျားကြီးမှာအလွန်ကြောက်လန့်သွားပြီး တောအုပ်အတွင်းသို့ ပြန်လည်တိုးဝင်သွားသည်။
ဖိုးမောင်မှာ သူ့အားကယ်တင်သွားသည့် မယ်ပျင်းအားကျေးဇူးတင်သွားသည်။
“ကျေး . . . ကျေးဇူးတင်ပါတယ်မယ်ပျင်းရာ”
“ဒါဖြင့်ရင်လည်း မြန်မြန်ထပြီးသွားတော့ ကျားကပြန်လာလိမ့်မယ်ထင်တယ်”
“ဒါဆိုရင်တော့ ဒုက္ခပဲ၊ ငါလမ်းမလျှောက်နိုင်တော့ဘူးဟ”
“နင့်ကိုယ်လုံးကြီးကိုလည်း ငါမနိုင်ဘူးလေ ဖိုးမောင်ရာ”
“နင်တို့မနိုင်ရင် ငါသယ်ပေးရမှာပေါ့”
အသံကြားသဖြင့်လှည့်ကြည့်လိုက်သည့်အခါ ဗိုလ်ကျော်စွာက ဓါးကြီးကိုလျှက် တစ်လှမ်းချင်းလျှောက်လာလေသည်။
“တောအုပ်ထဲမှာ ကျားသံကြားလို့ ငါထွက်လာခဲ့လိုက်တာ၊ လက်စသတ်တော့ မင်းတို့ဖြစ်နေတာကိုး”
ဖိုးမောင်မှာ ဗိုလ်ကျော်စွာအား အံ့သြစွာဖြင့်ကြည့်နေရင်း
“သူက ဘယ်သူလဲ”
“သူ့နာမည်က ဗိုလ်ကျော်စွာတဲ့၊ နယ်ချဲ့မျက်နှာဖြူတွေကို တော်လှန်တိုက်ခိုက်နေတဲ့လူတစ်ယောက်ပေါ့”
ဗိုလ်ကျော်စွာက ဖိုးမောင်ကိုပြေးတွဲလိုက်ပြီးနောက်
“ကဲ မြန်မြန်လာကြ၊ ကျားထပ်မလာခင် ငါတို့ဒီတောထဲကနေထွက်ကြစို့”
သူတို့သုံးဦး တောအုပ်အတွင်းမှပြန်ထွက်လာခဲ့လေသည်။ ဗိုလ်ကျော်စွာက ဖိုးမောင်ခြေထောက်တွင်စိုက်ဝင်နေသည့် မြှားတံကိုဆွဲနှုတ်လိုက်ကာ ဒဏ်ရာကိုသက်သာစေရန် ကျပ်စည်းပေးလိုက်လေသည်။ ဖိုးမောင်မှာ ဗိုလ်ကျော်စွာကိုကြည့်ရင်း အံ့သြနေမိသည်။
“ဒါနဲ့ဖိုးမောင်၊ ဟောဒီသုဿန်ထဲမှာ ဗိုလ်ကျော်စွာရှိနေတယ်ဆိုတာကို နင်ဘယ်သူ့ကိုမှပြောလို့မရဘူးနော် ဖိုးမောင်၊ ဒီတစ်ခုတော့ နင်ကတိပေးရမယ်”
ဖိုးမောင်မှာ ခေါင်းညိတ်လျှက်
“ငါနားလည်ပါတယ်၊ ငါဒီအကြောင်းတွေကို ဘယ်သူ့ကိုမှမပြောပါဘူး”
မယ်ပျင်းမှာ ဖိုးမောင်အား ဗိုလ်ကျော်စွာနှင့်ပတ်သက်သည့်အကြောင်းအရာများကို ပြောပြနေလေတော့သည်။