စုန်းမရန်ငြိုး(စ/ဆုံး)
—————–
ရပ်ကွက်အတွင်း၌မင်္ဂလာဆောင်တစ်ခုကျင်းပ
နေလေသည်။
သတို့သားနှင့်သတို့သမီး၏ နှစ်ဖက်အသိုင်း
အဝိုင်းများ၊သူငယ်ချင်းမိတ်တွေအပေါင်း
အသင်းများလည်းအားလုံးစုံစုံညီညီရောက်
နေကြလေသည်။
“ဟေ့ကောင် မျိုးဇော် ဒီကနေ့က
မင်းရဲ့လူပျိုဘဝနောက်ဆုံးနေ့ဆိုတော့
ငါတို့အားလုံးကိုမင်း တစ်ဝိုင်းတော့
လုပ်ရမယ်နော်ငါ့ကောင်”
“ဟ လုပ်ပေးရမှာပေါ့ သားခင်ရ
ငါ့မှာဒီသူငယ်ချင်းတွေပဲရှိတဲ့ဟာကိုကွာ
စိတ်ချ လုပ်ပေးမယ်”
“ကိုမျိုးနော် သဲကအရက်သောက်ရင်
မကြိုက်ဘူးဆိုတာသိသားနဲ့ သဲမကြိုက်တာ
လုပ်မယ်ပေါ့လေ’
“မ မဟုတ်ပါဘူး သဲရယ် ကိုယ်မသောက်ပါဘူး
သူငယ်ချင်းတွေကိုတိုက်ရုံပါကွာ
စိတ်ချမသောက်ဘူး”
“ပြီးရော ”
“အောင်မယ်လေး မသဇင်မာ ခင်ဗျား
သတို့သားလေးကို ကျုပ်တို့ကလည်း
အတင်းမတိုက်ပါဘူးဗျာ အဖြစ်သည်းမနေပါနဲ့ဗျ”
“ဘာဖြစ်လဲ အဖြစ်သည်းတယ်
ကိုသားခင်တောင် ကျွန်မလို
အဖြစ်သည်းစရာရှိလို့လား ”
“ဟဲဟဲ ငါက အပူအပင်တွေမလိုချင်လို့
တစ်ကိုယ်တည်းလူပျိုကြီးလုပ်နေတာပါ
ငါ့ကိုကြိုက်တဲ့မိန်းကလေးတွေ
ပေါမှပေါပဲ သိထား”
“ဘာလဲ အရူးမတွေလား ဟားဟား ဟား”
“အမယ် နင်ကငါ့ကိုများ အထင်သေးနေတာ”
ကိုမျိုးဇော်နှင့်မသဇင်မာ တဝါးဝါးတဟားဟား
ရယ်မောပျော်ရွှင်နေပေမယ့် မပျော်ရွှင်နိုင်သူ
တစ်ဦးလည်းမင်္ဂလာဆောင်ထဲသို့ရောက်ရှိနေ
သည်ကိုကိုမျိုးဇော်သတိမထားမိချေ။
“ဟင်း …နင်တို့ပျော်နိုင်တုန်းပျော်ထားကြ
တစ်နေ့ နင်တို့အပျော်တွေအားလုံး
ကုန်ဆုံးပြီးစိတ်ဒုက္ခတွေပဲရစေရမယ်လို့
ငါကတိပေးတယ်”
ထိုအမျိုးသမီးကတစ်ကိုယ်တည်းရေရွတ်ပြီး
ပြောဆိုကာမင်္ဂလာအတွင်းမှထွက်ခွာသွား
တော့သည်။
=================
“ကိုမျိုး ဘာလိုလိုနဲ့ သဇင်တို့တောင်
အိမ်ထောင်ကျတာ ၅လတောင်
ရှိပြီနော်”
“ဟောဗျာ ဟုတ်သားပဲ မေ့နေလိုက်တာ
ဒီကနေ့ဆို ၅လပြည့်ပြီပဲ ကိုယ်မေ့နေလိုက်တာ”
“ဟွင့် ယူထားတာမှမကြာသေးဘူး
အခုမေ့နေပြီပေါ့ သြော် အမေပြောတာ
မှန်လိုက်တာ ယောက်ျားတွေက
အိမ်ထောင်ကျပြီး၁ပတ်ပြည့်တာနဲ့
မိန်းမကိုအလေးအနက်မထားချင်ဘူး
ဆိုတာသိပ်မှန်တာပဲ”
“ဟာကွာ သဇင်ကတော့ရစ်ပြီ
ကိုယ်တကယ်မေ့နေလို့ပါဆိုကွာ”
ထိုအချိန်အိမ်ရှေ့မှ လူငယ်တစ်ယောက်
အော်ခေါ်သံအားကြားလိုက်ရလေသည်။
“ကိုမျိုးဇော် ကိုမျိုးဇော်ရှိလား”
“ခန့်နိုင် ဘာကိစ္စလဲကွ လာလေအိမ်ထဲကို”
ခန့်နိုင်ကအိမ်ထဲဝင်ထိုင်လိုက်ပြီး
လက်ထဲမှအဖြူရောင်အိတ်လေး၁လုံးအား
ကိုမျိုးဇော်အားပေးလေသည်။
“ရော့ ကိုမျိုးဇော် အမကြီးတစ်ယောက်က
ကိုမျိုးဇော်ကိုပေးခိုင်းလိုက်လို့ဗျ ”
ခန့်နိုင်၏စကားကြောင့် မသဇင်မာ
မျက်စောင်းထိုးပြီး ကိုမျိုးဇော်အားကြည့်နေသည်။
ကိုမျိုးဇော်လည်း မသဇင်မာ၏
အကြည့်အားနားလည်နေပြီဖြစ်သည်။
“ဘယ် ဘယ်က အမကြီးလဲကွ
ပြစမ်း”
ကိုမျိုးဇော်လည်း ခန့်နိုင်၏လက်ထဲမှ
စာအိတ်အားယူပြီးဖွင့်ဖောက်ကာ
ဖတ်ကြည့်လိုက်သည်။
စာထဲတွင်ရေးထားသည်က
“ကိုမျိုး ဘာလိုလိုနဲ့ ကိုမျိုးတို့တောင်
အိမ်ထောင်သက်၅လပြည့်ပြီပေါ့နော်
ပျော်ရဲ့လားကိုမျိုးရယ် ကိုမျိုးကတော့
ကိုယ်ချစ်တဲ့သူနဲ့ပေါင်းခွင့်ရလို့ ပျော်နေမယ်ဆိုတာသိပါတယ်
ဒါပေမယ့် မကြာခင်မှာ ကိုမျိုးတို့ ပျော်နိုင်မှာမဟုတ်တော့ဘူးဆိုတာ
အသိပေးအကြောင်းကြားတာပါ
ကိုမျိုးအရမ်းချစ်ခဲ့ရတဲ့ တစ်ချိန်က
ဆုထက်”
“ဟင်…ဆုထက်ဆီကစာပါလား
သူဘာလို့ငါ့ဆီကိုစာပို့ပြီး ဒီလိုပြောရတာလဲ
သူနဲ့ငါနဲ့ဇာတ်လမ်းကပြီးသွားတာကြာပြီပဲ
အခုမှဘာကြောင့်စာပို့ပြီး
ကျိန်စာဆန်ဆန်အရေးအသားတွေနဲ့
ငါ့ကိုချိန်းခြောက်နေတာပါလိမ့်”
ကိုမျိုးဇော်အတွေးများဖြင့်စဉ်းစားနေခိုက်
“သြော် ကိုယ့်ရည်းစားဟောင်းဆီကစာကိုး
ဘယ်လိုလည်းဖတ်လို့မှကောင်းရဲ့လားဟင်
ပြစမ်း ဒီကောင်မ ဘာတွေရေးထားတာလဲ”
မသဇင်မာက ရုတ်တရက် ကိုမျိုးဇော်လက်ထဲမှစာအားယူပြီးဖတ်ကြည့်
လိုက်သည်။
“ဟင်…ဆု ဆုထက် နင်ကငါ့တို့အိမ်ထောင်ရေးသာယာတာကို
မနာလိုပြီးဒီစာကိုပို့တယ်ပေါ့လေ
ကိုမျိုးဒါဘာသဘောလဲ ရှင့်ကောင်မဆီက
လာတဲ့စာကဘာသဘောလဲ”
မသဇင်မာ ဒေါကအိုးပေါက်ကွဲပြီး
ကိုမျိုးဇော်အားမေးလိုက်သည်။
“ဘာ ရှင့်ကောင်မလဲ သူနဲ့ကိုယ်နဲ့က
ဘာမှမဆိုင်တော့ဘူးလေ ပြီးသွားခဲ့တာ
ကြာပြီပဲဟာကိုကွာ”
“ဒါဖြင့်ရင် ဘာလို့ဒီစာကိုပို့ရတာလဲသူက”
“ဒါတော့ကိုယ်လည်းဘယ်သိမလဲ
သူ့ဟာသူ ပို့ချင်လို့ပို့တာနေမှာပေါ့
ကိုယ်နဲ့ဘာမှမပတ်သက်တော့ဘူးလေ”
“ကဲဟယ် ပို့ချင်ဦး ”
မသဇင်မာလည်းစာရွက်အားအစိပ်စိပ်အမွှာမွှာ
ဖြဲပစ်လိုက်လေသည်။
“ခန့်နိုင် မင်းကိုစာလာပေးခိုင်တဲ့အမကြီး
ပြန်သွားပြီလား”
“အင်း ကျွန်တော့်ကို ကိုမျိုးဇော်ဆီဒါလေး
ပေးပေးပါဆိုပြီး တန်းပြန်သွားတာပဲဗျ”
“ဟူး သဇင်ကိုယ်တောင်းပန်ပါတယ်ကွာ
ဒါတွေက သူသက်သက်ကိုယ်တို့အိမ်ထောင်ရေး
ပြိုကွဲစေချင်လို့ ပို့လိုက်တာပါကွာ
သူ့ကိုကိုယ်မချစ်တော့လို့ အဆက်ဖြတ်လိုက်ပြီး
လမ်းခွဲခဲ့တာ မင်းနဲ့ရည်းစားမဖြစ်ခင်
ကတည်းကဆိုတာမင်းလည်းသိနေတာပဲ”
“ကဲပါ အခုအချိန်မှာဒါတွေမပြောတော့ပါဘူး
သဇင်လည်းရုတ်တရက် ဆိုတော့ ဒေါသ
ဖြစ်သွားလို့ပါ ”
“ကိုမျိုးဇော်နဲ့အမတို့ ရန်မဖြစ်ကြပါနဲ့ဗျာ
ကျွန်တော်လည်း အခုလိုတွေဖြစ်လာမယ်မှန်းသိရင်ဒီစာကို
ယူမလာပါဘူးဗျာ အခုတော့”
“ရပါတယ်ကွ ဘာမှမဖြစ်ပါဘူး
ခန့်နိုင်ရာ မင်းရဲ့အပြစ်မှမဟုတ်တာပဲ”
“ဒါဖြင့်ရင် ကျွန်တော်ပြန်အုံးမယ်
ရန်ထပ်ဖြစ်မနေနဲ့နော်”
“အေးပါ မဖြစ်ပါဘူးစိတ်ချ စိတ်ချ”
ခန့်နိုင်ပြန်သွားပြီးကတည်းက
ကိုမျိုးဇော်နှင့်မသဇင်မာတို့ တနေကုန်စကား
မပြောဖြစ်ပဲနေလိုက်သည်။
ညရောက်တော့လည်း စားစရာရှိတာစားပြီး
အိပ်ရာထဲဝင်လာခဲ့ကြပေမယ့် စကားမပြော
ဖြစ်ကြသေးပေ။
ကိုမျိုးဇော်ကတော့ မသဇင်မာကို
လိုက်ကြည့်နေလေသည်။
သူ့မိန်းမသူ့ကိုစိတ်ဆိုးနေမှန်းသိသဖြင့်
ချော့ရတော့သည်။
“သဇင် ကိုယ့်ကိုစိတ်ဆိုးနေတုန်းပဲလား
ဒီဘက်လှည့်ပါဦးကွာ”
မသဇင်မာကကျောပေးထားသဖြင့်
မသဇင်မာ၏ကိုယ်လုံးလေးအားဆွဲလှည့်လိုက်
လေသည်။
“ဟင်…သဇင်ငိုနေတယ် ဘာလို့လဲ
ဘာဖြစ်လို့ ငိုနေတာလဲ”
ကိုမျိုးဇော် မသဇင်မာငိုနေတာတွေ့သဖြင့်
ထိတ်ထိတ်ပျာပျာဖြစ်သွားရသည်။
“ကို သဇင်ကိုထားသွားမှာကြောက်လို့
ငိုနေမိတာပါ ”
“သြော် သဇင်ရယ် မင်းကိုကိုယ်ချစ်လွန်းလို့
ရအောင်ယူခဲ့ပြီးပြီပဲ ဘာကြောင့်
ထားခဲ့ရမှာတုန်း ဘာအကြောင်းနဲ့မှ
ထားခဲ့ဖို့စိတ်ကူးထဲတောင်မရှိဘူး
သိလား”
ထိုအချိန် အိမ်ခေါင်မိုးပေါ်က
အကျည်းတန်သော အသံကြီးတစ်သံက
ထွက်ပေါ်လာသည်။
“ဂီး ဂီး ဂီး”
“ဟင်ဘာသံကြီးလဲ ကို”
“ဖက်ဖက် လွဲပါစေဖယ်ပါစေ
အဲ့ဒါ ငှက်စုန်းထိုးသံလေ အမင်္ဂလာအကောင်လို့ပြောကြတယ်
လူသေတတ်ကြတယ်လေဒါကြောင့် လွဲပါစေ
ဖယ်ပါစေလို့ ရွတ်မိတာ”
“ဘာမှမဖြစ်လောက်ပါဘူး ကိုယ်ရယ်
သူ့ဟာသူ အော်တာဖြစ်မှာပါ
ကိုယ်ကောင်းတာတွေတွေးရင်
ကောင်းတာပဲဖြစ်မှာပါ”
“အင်း ဟုတ်မှာပါလေ”
“ကဲ ခင်ဗျားလေးလည်း ကျွန်တော်မျိုးကို
စိတ်ချလက်ချနဲ့ ဆက်ချစ်နေပေးပါဗျ
ဟီးဟီး”
“သွား အခုမှလာပြီး ဖြီးတီးတီး
လုပ်မနေနဲ့”
==============
ထိုနေ့ည ကငှက်စုန်းထိုးသံကြားပြီးနောက်ပိုင်း
မသဇင်မာ တစ်ယောက် တရှောင်ရှောင်
ဖြစ်လာပြီး စားချင်သောက်ချင်စိတ်လည်း
နည်းပါးလာသည်။
လူတစ်ကိုယ်လုံးလည်းနုံးချိနေသလိုခံစား
လာရသည်။
ဘာစားစားအာဟာရဖြစ်မလာပဲ
တဖြည်းဖြည်းပိန်ချုံးလာခဲ့လေသည်။
ဆေးခန်းသို့ ခဏတိုင်းသွားပြပေမယ့်
ဘာရောဂါမှန်းမသိရပဲငွေသာကုန်တာ
များလာခဲ့သည်။
ပတ်ဝန်းကျင်က ရှေ့မှီနောက်မှီလူကြီးများက
မသဇင်မာ ဟာရိုးရိုးဖြစ်တာမဟုတ်ကြောင်း
အောက်လမ်းအတတ်ပညာဖြင့်
ပြုလုပ်ခံနေခြင်းဖြစ်မည်ဟု ကိုမျိုးဇော်အား
အသိပေးပြောဆိုကြလေသည်။
ကိုမျိုးဇော်က ဤသို့ပြောသည်ကို နည်းနည်းလေးမှလက်မခံ မယုံကြည်သလို
မဖြစ်နိုင်ဟုဆိုလေသည်။
ထို့ကြောင့် ပတ်ဝန်းကျင်မှလူများလည်း
ထပ်မပြောကြတော့ပေ။
တစ်နေ့တွင် မသဇင်မာ၏ ဖခင်ဦးဖိုးသိန်းနှင့်
မိခင်ဒေါ်မာကြည်တို့ သမီးဖြစ်သူ၏
ကျန်းမာရေးအားကြားသိပြီး မသဇင်မာထံသို့
လိုက်လာကြလေသည်။
“ကိုဖိုးသိန်း ရှင့်သမီးကိုကြည့်ပါဦး
ပိန်ချုံးသွားလိုက်တာ အရင်တုန်းက
ပုံစံနဲ့တခြားစီပဲ ”
“ဟုတ်ပါ့ကွာ ငါတို့သမီးလေးကြည့်ရတာ
စိတ်မချမ်းသာလိုက်တာ ”
“ကျွန်မတော့ ဒါရိုးရိုးတော့ဟုတ်မယ်မထင်ဘူး
ပရောဂ၊စုန်းအတတ်ပညာသည်တစ်ယောက်
ယောက်က ကျွန်မတို့သမီးလေးကို
အခုလိုဖြစ်အောင်လုပ်တယ်လို့ပဲ
ကျွန်မထင်တယ် ဟုတ်တယ်လေ အခုပဲကြည့်
ဆေးရုံဆေးခန်းဘယ်လိုသွားသွား
ပိုက်ဆံတွေသာကုန်သွားတယ်
ဘာရောဂါမှန်းအစအနတောင်မသိရဘူး
ဆိုကတည်းက ဒါဟာရိုးရိုးမဟုတ်လို့ပေါ့”
“အေးကွ မင်းပြောမှပဲငါစဉ်းစားမိတယ်
မင်းပြောတာဖြစ်နိုင်တယ် ဒီတော့
နားလည်တတ်ကျွမ်းတဲ့ ဆရာသမားကို
ရှာပြီးကုကြတာပေါ့ကွာ”
“အဖေနဲ့အမေ တို့ပြောနေတာ
ဖြစ်နိုင်ပါ့မလားဗျာ ဒီခေတ်ကြီးထဲမှာ
ဒီလိုအတတ်ပညာသည်တွေဆိုတာ
ရှိပါတော့မလား”
“ဒီမယ် မင်းဟာမင်းယုံချင်နေမယုံချင်နေ
ငါတို့ကတော့ ငါ့သမီးလေးပြန်ကောင်း
လာဖို့လုပ်ရမှာပဲ”
“ဒါဖြင့်ရင်လည်းအမေတို့သဘောပါ
ကျွန်တော်ဘာမှဝင်မပြောတော့ပါဘူး”
ဒေါ်မာကြည်က သားမက်ဖြစ်သူ
ကိုမျိုးဇော်အား ငေါက်လိုက်မှငြိမ်ကျသွားတော့
သည်။
=============
ထိုနေ့ကစပြီး ဦးဖိုးသိန်းနှင့်ဒေါ်မာကြည်
တို့လင်မယား ပရောဂကုသည့်ဆရာအား
ရှာဖွေခဲ့ကြသည်။
ရပ်ကွက်ထဲကလူများကလည်း သူတို့သိသည့်
ဆရာသမားတစ်ယောက်ဆီသို့လမ်းညွှန်
လိုက်ကြလေသည်။
“ဆရာလှိုင်ဘွား”
ဟုတ်သည် ယခု ဦးဖိုးသိန်းတို့လင်မယား
ဆရာလှိုင်ဘွားဆီသို့ရောက်နေကြပြီဖြစ်သည်။
ဆရာလှိုင်ဘွားက အသက်၄၀ခန့်ရှိပြီ
ဖြစ်သည်။
သူ၏ဥပဓိရုပ်အားကြည့်ချင်းဖြင့်
သီလ၊သမာဓိနှင့်ပြည့်စုံနေမှန်းသိလိုက်
ကြလေသည်။
ဦးဖိုးသိန်းကလည်း သမီးဖြစ်သူ၏
ဖြစ်ပုံအားအစအဆုံးပြောပြလိုက်လေသည်။
ထိုအခါ ဆရာလှိုင်ဘွားက
“အင်း
ဒီအရင်က ခင်ဗျားတို့သမီးက လူတစ်ယောက်ယောက်နဲ့ ရန်တွေဘာတွေများ
ဖြစ်ထားသေးလားဗျ”
“အဲ့လိုဖြစ်တာတော့မရှိပါဘူး သမီးက
အနေအေးတဲ့ကလေးပါ ဆရာ”
“ကဲ ဒါဖြင့်လည်း ဆရာ ခင်ဗျားတို့
သမီးဆီလိုက်ပြီး စစ်ကြည့်ရတာပေါ့
အကယ်၍ ဆရာစစ်ကြည့်လို့ တစ်စုံတစ်ယောက်ရဲ့ ပညာနဲ့လုပ်ထားတာမဟုတ်ရင်
ဆရာလည်းကူညီနိုင်မှာမဟုတ်ဘူး”
“ဟုတ်နားလည်ပါတယ် ဆရာ
အရင်ဆုံးကျွန်တော်တို့သမီးလေးကို
စစ်ဆေးကြည့်ပေးပါဆရာ သမီးလေးအခြေအနေက ဘယ်လိုမှစိတ်အေး
နိုင်ဖွယ်မရှိလို့ပါ ဆရာ”
“ဟုတ်ပါတယ်ရှင် ကျွန်မတို့သမီးလေးကို
ဆရာကယ်တင်ပေးပါဆရာ အနူးအညွတ်
တောင်းဆိုပါတယ်ရှင်”
“ကဲပါဆရာက ၇ရက်သားသမီးအားလုံးကို
မေတ္တာနဲ့ကူညီပေးနေတာပါ ”
“ကျေးဇူးတင်ပါတယ် ဆရာရယ် ”
================
“ဆရာကြွပါရှင် ကြွပါ သားမျိုးဇော်
ဖျာလေးခင်းလိုက်”
“ဟုတ်အမေ”
ကိုမျိုးဇော်လည်း ဘုရားခန်းထဲတွင်
အရံသင့်ထောင်ထားသော ဖျာလိပ်အား
ခင်းပေးလိုက်လေသည်။
ထို့နောက် ဆရာကြီးက ဘုရားအားရှိခိုးကန်တော့လေသည်။
ပြီးနောက် လွယ်အိတ်ထဲမှအသင့်ပါလာသော
ဖယောင်းတိုင်၊အမွှေးတိုင်များအား
ထွန်းညှိလိုက်လေသည်။
“လူနာဘယ်မှာလဲ ဆရာတွေ့ချင်တယ်”
“ဟုတ် အခန်းထဲမှာရှိပါတယ်ဆရာ”
“ဒါဖြင့်ရင်လူနာကို ဆရာ့ရှေ့ခေါ်လာခဲ့ပါ”
“ဟုတ်ကဲ့ ဆရာ”
ဦးဖိုးသိန်းနှင့်ကိုမျိုးဇော်လည်း အခန်းထဲဝင်သွားပြီးခဏအကြာ
မသဇင်မာအားတွဲပြီးဆရာလှိုင်ဘွားရှေ့
ခေါ်လာခဲ့ကြသည်။
“တူမကြီး ဘုရားကိုရှိခိုးဦးချလိုက်ပါ”
မသဇင်မာလည်း ဆရာလှိုင်ဘွားခိုင်းသည့်
အတိုင်းမြတ်စွာဘုရားအားရှိခိုးဦးချလိုက်
လေသည်။
“ကိုင်း ဒီကတူမကြီးကို ဆရာမေးပါရစေ
တူမကြီးရဲ့ ကိုယ်ခန္ဓာနှင့်ဝိညာဉ်အား
ဆရာ့ဆီအပ်နှံပါမည်လား”
“အပ်နှံပါတယ်ဆရာ”
မသဇင်မာက အားအင်မရှိသောလေသံဖြင့်
ဆရာလှိုင်ဘွားအားပြောလေသည်။
“ကဲ အခုအချိန်ကစပြီး ဒီလူပုဂ္ဂိုလ်သည်
ငါအပိုင်ဖြစ်ခဲ့ပြီ ထို့ကြောင့် မည်သူတစ်ဦး
တစ်ယောက်မှနှောင့်ယှက်ခြင်းမပြုရ
အထက်ဆရာကြီးများရဲ့ အမိန့်
ငါဆရာ၏အမိန့် ဤလူပုဂ္ဂိုလ်အား
နှောင့်ယှက်ဖျက်ဆီးနေတဲ့ ပညာသည်အား
ငါဆရာ၏အမိန့်ဖြင့် ရှေ့မှောက်အရောက်
ဝင်ရောက်စေ”
ဆရာလှိုင်ဘွား၏အမိန့်သံဆုံးသည်နှင့်
မသဇင်မာ၏ကိုယ်ခန္ဓာသည် တုန်ယင်လာပြီး
ရှေ့နောက်ယိမ်းထိုးနေလေသည်။
မသဇင်မာ၏မျက်လုံးကြီးကလည်း
ဆရာလှိုင်ဘွားအားစိုက်ကြည့်နေလေသည်။
“အခုဝင်လာတဲ့သူဟာ ဒီမိန်းကလေးကို
ဘာကြောင့်အခုလိုလုပ်ရတာလဲဆရာ့ကို
ပြောပါ”
“သေစေချင်လို့လုပ်တာ သူတို့ပျော်နေတာကို
မမြင်ချင်လို့လုပ်လိုက်တာ ဟား ဟား ဟား”
မသဇင်မာ၏အသံမှာပြောင်းလဲနေပြီး
တခြားအမျိုးသမီးတစ်ယောက်၏
အသံဖြစ်နေလေသည်။
“ဟင်”
“ဟာ”
“အို”
ကိုမျိုးဇော် ဦးဖိုးသိန်း ဒေါ်မာကြည်
တို့၃ဦးသားပါးစပ်အဟောင်းသားဖြင့်အံ့သြ
သွားခဲ့ရလေသည်။
ပိုပြီးအံ့သြနေသူက ကိုမျိုးဇော်ဖြစ်သည်။
ဒီအသံကို ကိုမျိုးဇော် ရင်းရင်းနီးနီးသိနေသော
ကြောင့်ပို၍အံ့သြမိခြင်းပင်။
မှန်ပေသည် ကိုမျိုးဇော်၏
ရည်းစားဟောင်း မဆုထက်၏
အသံပင်ဖြစ်သည်။
မဆုထက်သည် စုန်းမဖြစ်နေမှန်းအခုမှ
ကိုမျိုးဇော်သိလိုက်ရခြင်းဖြစ်သည်။
“ဘာကြောင့် သူတို့ပျော်တာကို
မမြင်ချင်ရတာလဲ ဒီမိန်းကလေးနဲ့
နင်နဲ့ရန်ငြိုးရှိဖူးလို့လား ဆရာ့ကိုပြော”
“ဟင်းဟင်း ဒီကောင်မနဲ့တော့ရန်ငြိုးမရှိပါဘူး”
“ဒါဆိုဘယ်သူနဲ့ရန်ငြိုးရှိတာလဲ”
“ကိုမျိုးဇော် ”
“ဘာ”
“ဟာ”
“အလို”
“နေပါဦး မျိုးဇော်နဲ့နင်နဲ့က ဘယ်လိုရန်ငြိုးတွေ
ရှိလို့အခုလိုလုပ်ရတာလဲ”
“ရှိတာပေါ့ တချိန်က ကျွန်မကို
ရက်ရက်အသည်းခွဲပြီး ပစ်ထားခဲ့တဲ့
သူကို ကျွန်မလက်စားပြန်ချေချင်လို့
အခုလိုလုပ်လိုက်တာ ကံကောင်းချင်တော့
ကိုမျိုးဇော်က ဘုန်းကံမြင့်နေတဲ့အချိန်မို့
ပစ္မွတ္ကသူ့ကိုမထိပဲ သူ့မယားကို
လာထိတာ ဒင်းတို့လင်မယားကို
သေကွဲ ကွဲအောင် ကျွန်မလုပ်နေတာပဲ”
“ကြောက်စရာပါလား”
ဒေါ်မာကြည် ပါးစပ်မှထွက်သွားရလေသည်။
ကိုမျိုးဇော်ကတော့ မျက်စိမျက်နှာပျက်
ဖြစ်နေလေသည်။
“နင်ဒီလိုလုပ်တော့ အဝီစိသွားရမှာ
နင်မကြောက်ဘူးလား ဘာလို့ဒီမကောင်းတဲ့
ပညာနဲ့ လူတစ်ဖက်သားကို
ဒုက္ခရောက်အောင်လုပ်နေမှာလဲ
အခုဘဝမှာလည်း ပူလောင်ရသလို
နောက်နောင်သံသရာဘဝဆက်တိုင်းမှာလည်း
ကောင်းမှာမဟုတ်တဲ့အတွက်
ဒီပညာတွေကိုစွန့်လွှတ်လိုက်ပါ လို့
ဆရာတောင်းဆိုပါတယ်ကွယ်
အမုန်းတွေကိုဒီထက်ပိုပြီးရှည်မနေပါစေနဲ့တော့”
ဆရာလှိုင်ဘွားက စုန်းမ ဖြစ်သူဆုထက်အား
ပြောဆိုဆုံးမနေပေသည်။
ထိုအချိန် ကိုမျိုးဇော်ထံမှ စကားသံထွက်
ပေါ်လာခဲ့လေသည်။
“မင်းကိုငါတောင်းပန်ပါတယ် မင်းငါ့ကို
မုန်းနေရင်လည်း ငါ့ကိုပဲသေအောင်
လုပ်လိုက်ပါ ဘာမှမသိတဲ့ ဘာမှမဆိုင်တဲ့
ငါမိန်းမကို ကျေးဇူးပြုပြီး မင်းလုပ်ထားတဲ့
အရာတွေအားလုံးကို ပြန်နှုတ်ပေးပါ
ပြီးတော့ဒီမကောင်းတဲ့အတတ်ပညာတွေကို
မင်းစွန့်လွှတ်လိုက်ပါနော်
ငါတောင်းပန်ပါတယ် ”
ကိုမျိုးဇော်၏တောင်းပန်စကားကြောင့်
မသဇင်မာအားဝင်ရောက်ပူးကပ်နေသည့်
စုန်းမလည်း ကိုမျိုးဇော်အားကြည့်ပြီး
မျက်ရည်များကျလာလေသည်။
“ကိုမျိုးဇော် ရှင်ကျွန်မကိုနည်းနည်းလေးတောင်မချစ်ခဲ့ပါဘူး
ဒါပေမယ့် ကျွန်မကတော့ရှင့်ကိုအသက်ထက်မက
ချစ်ခဲ့ပါတယ်
စိတ်ချပါ ကျွန်မ ရှင့်မိန်းမကိုလုပ်ထားတာတွေ
အားလုံးတစ်ခုမကျန်ပြန်နှုတ်သွားပါ့မယ်
ပြီးတော့ ရှင်ပြောတဲ့အတိုင်း ဆရာပြောသလိုပဲ
ကျွန်မရဲ့ ပညာတွေအားလုံးကိုအပြီးတိုင်
စွန့်လွှတ်သွားပါ့မယ်လို့ ကတိပေးပါတယ်”
“ဆရာဝမ်းသာပါတယ် အခုလိုမကောင်းတဲ့
အတတ်ပညာတွေကို စွန့်လွှတ်မယ်ဆိုတဲ့
အတွက် ဆရာအင်မတန်မှ ဝမ်းမြှောက်ရပါတယ်ကွယ် ကဲ ကဲ ငါတူ့မကြီးကလည်း ဒီမိန်းကလေးကို
ပြုလုပ်ထားတဲ့ အရာတွေကိုတစ်ခုမကျန်
နှုတ်ပေးပါလို့ ဆရာပြောပါရစေ”
“ဟုတ်ကဲ့ ဆရာ”
ထို့နောက် မသဇင်မာ တစ်ယောက်ခြေထောက်နှစ်ဖက်စလုံးကို
ဆင်းလိုက်ပြီး လက်နှစ်ဖက်ဖြင့်ကိုယ်ခန္ဓာ
အပေါ်ပိုင်းမှစပြီး သပ်ချနေလေသည်။
“ဝေါ့ ဝေါ့ အော့”
အရံသင့်ချထားသော လင်ဗန်းထဲသို့
စိမ်းစိမ်းပုတ်ပုတ်အရည်များ ဆံချည်ထွေးများထိုးအန်နေလေသည်။
အတော်ကြာအောင် အန်ပြီးသည်မှ
“ကုန်ပါပြီဆရာ မရှိတော့ပါဘူး
ကျွန်မရဲ့ပညာတွေအားလုံးကိုလည်း
ဆရာ့ဆီမှာ လှူပါတယ်ဆရာ ”
“သာဓု သာဓု သာဓု ဆရာသာဓုခေါ်ပါတယ်
အခုလို အပါယ်လားရမယ့် ပညာတွေကို
စွန့်လွှတ်နိုင်တာ ဆရာဝမ်းသာလှပါပြီကွယ်
ကဲ ကဲ ငါ့တူမကြီးကို ပြန်ထွက်ခွင့်ပြုပါတယ်”
“ကျေးဇူးတင်ပါတယ်ဆရာ”
မသဇင်မာအားဝင်ရောက်ပူးကပ်နေသည့်
စုန်းပညာသည် ဆုထက်လည်း ဘုရားအား၃ကြိမ်
ရှိခိုးပြီးထွက်သွားလေတော့သည်။
စုန်းပညာသည်ထွက်သွားသည်နှင့်မသဇင်မာ
လည်းမေ့လဲကျသွားလေသည်။
“မိန်းမ မိန်းမ”
“သမီး သမီးလေး”
“လူမမာက အားအင်နည်းလွန်းလို့
မေ့သွားတာပါ ရော့ရော့ ဒီရေမန်းလေးနဲ့
ခေါင်းကနေခြေဖျားအထိ ၃ခါလောက်
တောက်ပေးလိုက် သတိရလာပါလိမ့်မယ်”
“ဟုတ်ကဲ့ ဆရာ”
ဦးဖိုးသိန်းလည်း ဆရာလှိုင်ဘွားလက်ထဲမှ
ရေမန်းခွက်အားယူပြီး ခေါင်းအစခြေအဆုံး
၃ကြိမ်၃ခါ လက်ချောင်းလေးများဖြင့်ယူပြီး
ရေမန်းစက်များအားတောက်လိုက်လေသည်။
“အင်း အင်း ဟင်း”
“ဟော သတိရလာပြီ သမီး ဘယ်လိုနေသေးလဲ”
“အမေ သမီးတစ်ကိုယ်လုံးအခုမှပဲ
ပေါ့ပါးလန်းဆန်းသွားသလိုပဲ
ခေါင်းတွေလည်းအခုမှကြည်လင်သွားတယ်”
“ဒါဆရာ့ရဲ့ ကျေးဇူးတွေပေါ့ငါ့သမီးရယ်
ဆရာ့ကိုကန်တော့လိုက်ဦးလေ”
ဦးဖိုးသိန်းကပြောတော့ မသဇင်မာလည်း
ဆရာလှိုင်ဘွားအား ကန်တော့လိုက်လေသည်။
“ဘာမှမဖြစ်တော့ပါဘူး တူမကြီး ရှေ့လျောက်
ဘုရားတရားကိုများများလေးပိုလုပ်ပေးပါ
ပြီးတော့ မုန်းစတွေကိုထပ်ပြီးမရှည်ပါစေနဲ့တော့လို့ဆရာ
မှာချင်တယ်ကွယ် ဒီလောက်ပါပဲ
မေတ္တာခြုံလုံပါတယ်ဗျာ လင်ဗန်းထဲက
အန်ထားတာတွေကို အိမ်ရဲ့နောက်ဖေးတစ်နေရာမှာကျင်းနက်နက်
တူးပြီးမြှပ်ပစ်လိုက်ပါ”
“ဟုတ်ကဲ့ ဆရာပြောသလိုနေထိုင်
ဆင်ခြင်ပါ့မယ်ဆရာ”
ထို့နောက် ဆရာလှိုင်ဘွားလည်း
ပြန်သွားလေတော့သည်။
ထို့နောက်ပိုင်း မသဇင်မာလည်း အရင်လို
ကျန်းကျန်းမာမာပြန်ဖြစ်လာလေသည်။
သမီးဖြစ်သူ ပြန်ကောင်းလာသည့်အတွက်
ဦးဖိုးသိန်းနှင့်ဒေါ်မာကြည်လည်း
အိမ်ပြန်သွားကြသည်။
စုန်းပညာများအားအပြီးတိုင်
စွန့်လွှတ်သွားသည့် မဆုထက်လည်း ကိုမျိုးဇော်တို့နေထိုင်သော ရပ်ကွက်လေး
အဝေးသို့အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားလေ
တော့သည်။
ပြီးပါပြီ
လိုအပ်ချက်များစွာဖြင့် #အောင်ဓူဝံ