စုံလုံးကန်းသူ(စ/ဆုံး)
——————
ခင်ပွန်းသည်ဖြစ်သူ ဦးနိုင်အောင် ကွယ်လွန်ချိန်ကဆိုလျှင် ဒေါ်သူဇာအသက်သည်ခုနှစ်ဆယ်ပြည့်ရန် သုံးလမျှသာ လိုတော့သည်။
“မသူဇာ မင်းကိုငါစိတ်မချဘူးကွာ၊ ငါသေရင်ဘယ်လို ဖြစ်မလဲ မင်း … ခက်သေးတယ်”
ဦးနိုင်အောင်သည် ဒေါ်သူဇာကို ဤစကားမျိုး မကြာခဏ ပြောလေ့ရှိသည်။ ဦးနိုင်အောင်နှင့် ဒေါ်သူဇာတို့သည် သူတို့ ချင်းလည်း ချစ် နှစ်ဖက်မိဘတွေကလည်း သဘောတူသည့်အလျောက် ရှေးခေတ် အခါနှင့် လျော်ညီစွာ တင့်တင့်တယ်တယ် လက်ထပ်ပေါင်းသင်းလာခဲ့ ကြသော ရှေးလူကြီး ဇနီးမောင်နှံဖြစ်သည်။
ဒေါ်သူဇာက နာမည်နှင့်လိုက်အောင် ရုပ်ရည်ချောမောလှပ သည်၊ အနေအထိုင် အေးလွန်းရိုးလွန်းသည် ခင်ပွန်းသည် ဦးနိုင်အောင် ရှာဖွေလုပ်ကိုင်ရသမျှကိုမှ စည်းကမ်းတကျ ထိန်းသိမ်းစောင့်ရှောက် စုဆောင်းတတ်သည်။
နှစ်ဘက်မိဘတွေက လက်ဖွဲ့လိုက်သည့် ပစ္စည်း၊ ဦးနိုင်အောင် ၏ ကြိုးစားမှုကို ကြောင့် ပစ္စည်းဥစ္စာသည် တဖြည်းဖြည်း တိုးပွားလာခဲ့ သည်။ ယခု ပေါက်ဖွားထားသော သားနှစ်ယောက်၊ သမီးနှစ်ယောက်သည် သူတို့ သဘောကျ ဘဝကြင်ဖော်ရှာဖွေယူကြသည်ကို ဦးနိုင်အောင်နှင့် ဒေါ်သူဇာတို့သည် မည်သို့မျှ အပြစ်ဆိုခြင်း တားဆီးကန့် ကွက်ဖျက် ဆီးခြင်းမပြုဘဲ
“အေးလေ …… မင်းတို ့နဲ ့ ပေါင်းရမှာပဲ၊ မင်းကို နှစ်သက်လို့ စိတ်ချမ်းသာမှုဖြစ်ရင် ပြီးတာပေါ့”
ဟူသော စကားကိုသာ ဇနီးမောင်နှံနှစ်ယောက်ကြည်ဖြူစွာ ပြောသည်။ ပေးသင့်ပေးထိုက်သည့် အရင်းအနှီးငွေကြေးကို ထုတ်ပေး လိုက်သည်၊ ကိုယ့်ဘဝကြင်ဖော်နှင့်ကိုယ်၊ မွေ့လျော်သည့်နေရာမှာ အိုးအိမ်ခွဲနေစေသည်၊ သားသမီးများကလည်း မိဘတွေ ထုတ်ပေးသည့် ငွေကြေးဖြင့် သူတို ့ဘဝကို သူတို ့ထူထောင်ကာ သီးခြားခွဲနေကြသည်။
ဦးနိုင်အောင်နှင့် ဒေါ်သူဇာတို ့အသက် ခုနှစ်ဆယ်နားနီးလာ သည့်အခါတွင် သူတို့ အိမ်ကြီးပေါ်မှာ သူတို ့အဘိုးကြီး အဘွားကြီး နှစ်ယောက်ထဲသာ ရှိနေကြတော့သည်၊ ကျန်းမာရေး ချို့ယွင်းစပြုလာ သော ဦးနိုင်အောင်က ဒေါ်သူဇာ၏ အကဲကိုကြည့်ကာ အထက်ပါအတိုင်း ပြောနေခြင်းဖြစ်သည်။
“ဘာဖြစ်လို့ စိတ်မချတာလဲ ကိုနိုင်အောင်ရယ် … ကျုပ် လူမမယ်ခလေးငယ်မှ မဟုတ်တာ”
ဒေါ်သူဇာက အေးအေးဆေးဆေးပင် ပြန်မေးသည်။
“မင်း အဲဒီလို အေးစက်စက် ပြုမူပုံတွေကြောင့် ဒါစိတ်မချတာ ပေါ့ကွ၊ မင်းနဂိုအနေက ရိုးရာ အေးရာမှာအခု အသက်ကြီးလာတော့ အရိုးအအေးပေါ်မှာ ထုံထိုင်းတာကပါ ပိုလာပြီ”
ဦးနိုင်အောင်က ပြောသည်။
“ကျုပ်က ဘယ်လိုများ ထုံထိုင်းနေလို့ပါလိမ့် ပြောစမ်းပါအုန်း၊ကိုနိုင်အောင်ရဲ့”
“တော်တော်လဲ နားဝေးတဲ့ မိန်းမပါလား၊ သဘောမပေါက်နိုင် ဘဲကို ဖြစ်နေတာ၊ မင်းသားသမီးတွေနဲ့ ပါတ်သက်လာရင် မင်းတုံလွန်း ထိုင်းလွန်းတယ်၊ အကင်းမပါးဘူး၊ ယုံလွန်းအားကြီးတာကို ပြောနေတာ မသူဇာရဲ့”
“ဘော် … ဖြစ်ရလေ ကိုနိုင်အောင်ရယ်၊ ကျုပ်တို့ ရင်သွေး ရင်နှစ် သားရင်းသမီးရင်းတွေပဲ၊ ဒီသားသမီးတွေကိုမှ မယုံရရင် ရှင်နဲ့ ချုပ်ဘယ်သူ့ကို ယုံရမှာလဲ ရှင်ရယ်ပြောစမ်းပါအုန်း”
“စကားပုံရှိတယ် မသူဇာ၊ ကျွန်ကိုယုံတော့ တစ်ဘက်ပဲကန်း ဘယ်ကွဲ့၊ သားသမီးကိုယုံရင် စုံလုံးကန်းတယ်လို ့ စကားပုံရှိရက်နဲ့ မင်းသိပ်ယုံလွန်းတာ မကောင်းဘူး”
ဒေါ်သူဇာသည် ခင်ပွန်းသည်က သားသမီးတွေနှင့် ပါတ်သက် ပြီး ပြောနေသည်ကို နားမလည်နိုင်အောင်ဖြစ်နေသည်၊ ဦးနိုင်အောင် သည် သားသမီးတွေကို ချစ်ခင်ကြင်နာရာမှာ ဒေါ်သူဇာထက်ပင်ပို သည်ကို ဒေါ်သူဇာသိခဲ့ပါသည်၊ သို ့သော် သားသမီးတွေ အိမ်ထောင်ကျပြီး အိမ်ခွဲသွားကြပြီးနောက်မှ ဤစကားမျိုးကို မကြာခဏ ပြောလေ့ ရှိခဲ့သည်၊ ထို့ကြောင့် ဒေါ်သူဇာနားမလည်နိုင်အောင် ဖြစ်နေရသည်။
“ပြောပဲ ပြောစမ်းပါအုန်း”
“ပြောမယ်လေ၊ မင်းသားသမီးတွေ . . .”
ဦးနိုင်အောင် စကားမဆုံးမီ ဒေါ်သူဇာကဖြတ်၍ “ပြောပြန်ပြီလား ကျုပ်တစ်ယောက်ထဲ မွေးတာမဟုတ်ပါဘူးလို့ ..” ဟု ဆိုလိုက်သည်။
“အေးပါလေ . . . ကဲ တို့ သားသမီးတွေ အိမ်ထောင်မကျခင် အပျိုလူပျို၊ လူလွတ်တွေဘဝမှာ တိုနှစ်ယောက်ကို ဆက်ဆံပြုမူပုံ ပြုစု လုပ်ကိုင်ပေးပုံတွေဟာ ဘယ်လောက် ချစ်စရာကောင်းလဲ မသူဇာ အင်မတန် မိဘကို ကြင်နာကြတယ်ကွဲ့၊ အိမ်ထောင်ကျကြပြီး၊ သူကို ဇနီးတွေ ခင်ပွန်းတွေနဲ့ ကိုယ်စီဖြစ်လာကြတော့ တို ့ကို ပြောဆိုဆက်ဆံ ပုံ ပြောင်းမသွားဘူးလား၊ ပြုစုယုယမှု လျော့မသွားဘူးလား”
ဟု ဦးနိုင်အောင်က မေးသည်။
“ဒါတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အပြစ်တင်စရာမလိုဘူးလို ထင်တယ်၊ အိမ်ကလည်း ခွဲနေကြပြီဟုတ်လား၊ သူတို့ စီးပွားရေးနဲ ့ သူကို သားသမီးအရေးနဲ့ ဆိုတော့ တစ်ခါတစ်ရံမှ လာနိုင်ကြတယ်၊ လာတဲ့ အခါလည်း သူတို့ကိစ္စတွေက ရှိနေတော့ ဘယ်ကြာကြာနေနိုင်ကြမှာလဲ ကြာကြာမနေနိုင်ကြတော့ မပြုစုနိုင်ကြဘူးပေါ့ ကိုနိုင်အောင်ရဲ့”
ဒေါ်သူဇာက မိခင်ပြီပြီ သားသမီးတွေကို ချစ်သောစိတ်ဖြင့်မကာကွယ်ပြောသည်။
“ကဲပါလေ ဒါကို ခွင့်လွှတ်ထိုက်လို့ ခွင့်လွှတ်ပါတယ်၊ လွန်ခဲ့တဲ့ ယ့်ငါးရက်လောက်က ငါတော်တော်ဖြစ်လိုက်တာ မင်းတစ်ယောက် တည်း ဘယ်လောက်ပင်ပန်းသွားလဲ ငါ့စိတ်ထဲမှာ မင်းပါလဲ ရောအောက် ပြီး စိတ်ပူလိုက်တာ သားတွေသမီးတွေကို အကြောင်းကြားခေါ်လိုက် တာ လာတော့လာကြပါရဲ့၊ သူတို့ ဘာလုပ်သွားကြလဲ”
ဤမေးခွန်းကို ဦးနိုင်အောင် မေးလိုက်သောအခါ ဒေါ်သူဇာ ရုတ်တရက်ပြန်မပြောဘဲ ခပ်ငိုင်ငိုင်ဖြင့် အတန်ကြာ တိတ်နေသည်။
ဦးနိုင်အောင် ပြောလည်းပြောစရာပင်။ ဖခင်ကြီး တော်တော်ပင် ဝေဒနာခံစားနေရသည် ဟု အကြောင်းကြားလိုက်သောအခါ သားသမီးသားမက် ချွေးမတွေ ရောက်လာ ကြပါသည်။ လောက်လောက်လားလား အရွယ်ရောက်နေကြပြီဖြစ်သည့် ‘မိန်းခလေး မြေးယောက်ျားလေးတွေ တစ်ယောက်မှ မပါလာကြချေ။ ငယ်ငယ်နှောင်းနှောင်း ဘုစုခရုတွေသာ ပါလာကြသည်။
“ခလေးတွေက သူတို ့သူငယ်ချင်းတွေနဲ့ ချိန်းထားကြလို ကတိပျက်မှာ စိုးလို့တဲ့ . .
“ကျောင်းစာ အရေးကြီးလို့တဲ့ ”
“အိမ်စောင့်မဲ့လူ မရှိဘူး၊ ဒါကြောင့် မခေါ်ခဲ့တာ”
“အိမ်သန့် ရှင်းရေး ချက်ပြုတ်ဖွတ်လျှော်ဖို့ အိမ်ဖော်မရှိဘူး ဒါကြောင့် မလိုက်လာနိုင်ဘူး”
စသည့် အကြောင်းပြချက်တွေကို သားများနှင့်သမီးများက ပြောကြသည်၊ ချွေးမများနှင့် သားမက်များက မည်သို့ မှ ဖြေရှင်းချက်မပေး၊ ခပ်မဆိတ်နေကြသည်။
ဖခင်ကြီးမကျန်းမာဆိုသောကြောင့် လာသာလာကြသည်။
ဝိုင်းဖွဲ့ပြီး ပါးစပ်ဦးတဲ့ရာ စကားတွေကို ပြောပြသည်။ အဘိုးကြီးအမယ်ကြီးအတွက် မည်သူကမှ စားသောက်ဘွယ်ရာဟူ၍ ယူဆောင်မလာကြ အဘိုးကြီး၊ အမယ်ကြီး အိမ်မှာရှိတာကိုသာစားကြသည်။ အဘိုးကြီ အညစ်အကြေးကို ကိုင်တွယ်သုတ်သင်ရန် မဆိုထားနှင့် အဘိုးကြီ တံတွေးထွေးသည်ကိုပင် ထွေးခံကိုင်ပေးဖော်မရကြချေ။
အမယ်ကြီးကသာလျှင် ထွေးချလိုက်သည့်တံတွေးကို သုတ်ပေး သည်။ ထွေးခံကို ဆေးသည်၊ အဘိုးကြီးအနားမှာ သားသမီးတွေ ရှိခိုက် အဘိုးကြီး လဲလှယ်ထားသည့် အဝတ်တွေကို လျှော်လိုက်ဦးမည် ဆိုခါ သွားလျှော်နေသည်မည်သည့် သားသမီးကမှ အဝတ်တစ်ထည် မလျှော်ပေးခဲ့ချေ။
ထိုအတွင်းကပင် ငွေလိုနေသည့်အတွက် ပိုက်ဆံပေးပါအုံးဟု တောင်းသူကတောင်းသည်။
“ငွေပေးရင် တစ်ယောက်တည်းကိုတော့ ကွက်မပေးနဲ့ဗျ၊ အားလုံးကိုပေးပါ”
ဟု အရေးဆိုသူက ဆိုသည်။ ဘာမှ အကူအညီလဲမ ဘာအဖော်မှလဲ မရဘဲ ရှိတာစားပြီး ပိုက်ဆံတောင်းနေကြသော သားသမီးတွေကို ဦးနိုင်အောင်သည် အိပ်ယာထက် လဲလျောင်းရင်းက မျက်မှောင် ကုပ်ကြည့်နေလိုက်သည်၊ ထို့နောက် . . .
“အဖေ . . . နားအေးအေး တိတ်တိတ်နေချင်တယ်ကွယ် ပြန်ကြတော့ အဖေ့အတွက်စိတ်မပူကြနဲ့ သွားကြ၊ သွားကြ၊ ခေါ်သင့်မှ ခေါ်ခိုင်းတော့မယ်”
ဟူသော စကားဖြင့် အလိမ်မာသုံးကာ နှင်လိုက်သည်။ ထိုသည့် နောက်တစ်ယောက်မှ မပေါ်လာကြတော့ပေ၊ အဝေးမှ ကျန်းမာရေး အခြေအနေဘယ်လိုနေသေးလဲဟု မည်သည့်သားသမီးကမှ မမေးခဲ့ပေ၊ ဤသည်ကိုရည်စူးပြီး ဦးနိုင်အောင်က သူတို့ လာတော့ လာပါရဲ့၊ ဘာလုပ်သွားကြလဲဟု မေးလိုက်ခြင်းဖြစ်သည်။ ငိုင်နေသော ဒေါ်သူဇာက သက်ပြင်းချပြီး ဖြေသည်။
“ဒါတော့ ရှင်လည်း အသိပဲလေပြောစရာမလိုတော့ပါဘူး”
“အေး … အဲဒါကြောင့် မင်းကို စုံလုံးကန်းမယ်လို့ ပြောတာ၊ သားသမီးတွေကို အားမကိုးနဲ မသူဇာ၊ ရေဆိုတာ စုန်ရေသာရှိတယ်၊ ဆန်ရေမရှိဘူးကွဲ့ သူတို့ ကပေးချင်ကျွေးချင်တယ် ဆိုအုန်းတော့ သူတို့ မယား … သူတို့လင်တွေကရှိနေကြတယ်၊ သူစိမ်းဖက်နေပြီ၊ ပြောစရာဖြစ်လာ တယ်၊ ဒါကြောင့် ကိုယ့်ရှိမှ ကိုယ်စားရမယ်။ သူတို ့ကို မယုံစားနဲ႔”
ဦးနိုင်အောင်နှင့် ဒေါ်သူဇာတို ့သည် သားသမီးတွေ အိမ်ခွဲ သွားကြပြီးမှ နှစ်ယောက်တည်း ဖြစ်နေ၍ ကူဖော်လောင်ဖက် အိမ်ဖော် မွေးခဲ့ဘူးပါသည်။ သို့သော်အဆင်မပြေနိုင်အောင် ဖြစ်နေသောကြောင့် အိမ်ဖော်သုံးယောက် လဲပြီးသည့်နောက် စိတ်ကုန်သွားကြသည်။ အိမ်ဖော် ့၍တစ်ယောက်မှ မထားကြတော့ဘဲ အဘိုးကြီးနှင့် အမယ်ကြီး နှစ်ယောက်တည်းဖြစ်သလို နေလာခဲ့ကြသည်။
မိခင်အိုကြီးနှင့် ဖခင်အိုကြီးနှစ်ယောက်တည်း ကူညီမည့်သူမရှိဘဲ ဖြစ်သလိုနေထိုင်ကြရသည်ကို သားသမီးတွေမသိမဟုတ် သိကြ သည်။ သို့သော် . . .
“အဖေနဲ့ အမေကို အတူလာနေပြီး၊ ပြုစုလုပ်ကိုင်ပေးပါ မယ်၊ စားစရိတ်ကိုတော့ အဖေနဲ့ အမေက ထုတ်ပါနော်”
အဘိုးကြီးအမယ်ကြီးနှစ်ယောက်တည်း စားသောက်ကုန်ကျ သည်က ဖြစ်လောက်သည်မဟုတ်။ အမည်ခံပြုစုရန် လာနေမည့်သား ချွေးမသမီး သားမက်အိမ်ထောင်စုံတစ်စုံကပင် လူတွေဆယ်ယောက်ထက်မနည်း၊ ဤလူစုတွေကို အိုစာနာစာစုထားသည့် အထုပ်လေးထဲက ထုတ်ပြီး စားသုံးနေရသည့် အဘိုးကြီးနှင့်အမယ်ကြီးက နှစ်ရှည်လများ မည်သို့ တာဝန်ယူကျွေးထားနိုင်ပါမည်နည်း။
သို့ဖြင့် အပေးအယူမတည့်ဘဲ၊ အဘိုးကြီးအဘွားကြီးနှစ်ယောက်တည်း အထီးကျန်ဖြစ်နေကြသည်မှာ ကြာပေပြီ၊ ယခုအဘိုးကြီး ကျန်းမာရေးအခြေအနေ တော်တော်ဆိုးဝါးသည်ဟု အကြောင်းကြားချက်အရ ရောက်လာကြသော်လည်း ဖော်ပြခဲ့သည့်အတိုင်း ရောက်လာ စားသောက်၊ ပိုက်ဆံတောင်း၊ မရတော့ မကြည်သာ ဘာမှအကူအညီ ပေးဘဲ ပြန်ကုန်ကြလေပြီ။
သူတို ့ကိုယ်တိုင် လုပ်ကိုင်ပြုစုပေးခြင်း မလုပ်လိုလျှင်ရှိ လုပ်ကိုင်ပေးနိုင်သည့် အရွယ်ရောက်နေကြသည့် လောက်လောက်လားလား မြေးတွေတစ်ယောက်မှမပါလာဘဲ၊ မီးတောက်အောင်ဆော့သည့် အရွယ် ဘုစုဂရုတွေကိုသာ ခေါ်လာကြချေသည်။
မည်သို့ပင်ဖြစ်စ၊ ယခုလို သွေးပိုင်းကြေ လေပိုင်းရောက်၊ ကျန်းမာရေးဖောက်ပြန်နေသည့် ဇရာအိုဇနီးမောင်နှံကား၊ နီးနီးကပ်ကပ်အားကိုးစရာဟူ၍ သူတို့ဇနီးမောင်နှံသာ ရှိပေတော့သည်။
အဘိုးကြီး ဝေဒနာသည် ထလိုက်လဲလိုက်ဖြင့် တရှောင်ရှောင် ဖြစ်နေသည်။ ကျန်းမာရေးအတွက်ငွေကို မနှမြောဘဲစိတ်တိုင်းကျ ဆရာ ဝန်တစ်ဦးပြီးတစ်ဦးလဲကာ ကုသပါသော်လည်း၊ ကံကုန်နေ စေ့သွားပြီ ဖြစ်သည့်အတွက်။
“မသူဇာ . . . ငါ မှာကြားပြောဆိုတာတွေကို သတိပြုပါ ကိုယ့်ဘဝအတွက် ကိုယ်စဉ်းစားပါ။ စုံလုံးကန်းတဲ့အဖြစ် မရောက်ပါ နဲ့”
ဟူသော စကားကို တဖွဖွမှာကြားရင်း၊ ဦးနိုင်အောင်သည် ချစ်လှစွာသော ငယ်ပေါင်းဇနီး၊ ကောင်းတူဆိုးဖက် ပေါင်းသင်းလာသည့် ဒေါ်သူဇာ၏ လက်ထဲမှာပင်၊ ဝိညာဉ်ချုပ်သွားရှာသည်။
ဒေါ်သူဇာ၏ ပူဆွေးသောကသည် ကြီးမားလှပါဘိသည်။
“ဒီအိမ်ကြီးနဲ့ ငါတစ်ယောက်တည်း ဘယ်လိုနေရပါမလဲ နာဖျားမကျန်းဖြစ်ရင် ခက်တော့မယ်”
ဒေါ်သူဇာသည် အလူးအလဲငိုကြွေးခြင်းကို မပြုသော်လည်း စိတ်အလွန်အမင်းထိခိုက်နေသည်ကိုမူ၊ သားသမီး၊ ချွေးမနှင့် သားမက်များက သေချာစွာသိကြသည်။ ထိုကြောင့် သားသမီး၊ သားမက်၊ ချွေးမ များ၏ အမူအရာ အပြောအဆို ဆက်ဆံပုံများသည် အဘိုးကြီးရှိစဉ်နှင့်မတူ၊ အရေခွံချွတ်ချလိုက်သလို လုံးဝပြောင်းလဲသွားသည်ကို ဒေါ်သူဇာအံ့ဩစွာ တွေ့ရမြင်ရသိရသည်။
“အမေအားရှိအောင် သမီး ဂရုစိုက်လုပ်ထားတဲ့ ပူတင်း လေး၊ မြည်းကြည့်ပါအုန်းအမေ”
ဟူသော ချွေးမ၏ ယုယကြင်နာသံ။
“အမေ့အတွက် နိုင်ငံခြားပန်းသီးလေ၊ တစ်လုံးကို ဆယ့်ငါးကျပ်တောင်ပေးရတယ်၊ အခုမှ သင်္ဘောကဆင်းလာတဲ့ လူတစ်ယောက် ဆီက ဝယ်လာခဲ့တာ၊ လတ်ဆတ်လိုက်တာအမေရယ်၊ ခံတွင်းပေါက်အောင်စားနော်၊ ကျွန်တော်အခွံခွာလိုက်မယ်”
ဟူသော ဂရုတစိုက်ရှိလှ သည့် သားမက်၏အသံ…
“ဟောဒါ … အမေသောက်ဘို့ ဟောလစ်၊ မှောင်ခိုဈေးက တစ်ဘူးရှစ်ဆယ်တောင် ပေးခဲ့ရတယ်၊ အမေ့ကို အသက်ရှင်နေခိုက် အားပါးတရပြုစုကျွေးမွေးတော့မယ်လို့ ဆုံးဖြတ်ပြီး ဈေးကိုမတွက်ဘဲ ဝယ်လာတာ”
ဟူသော သမီး၏အသံ။
“အမေ့အတွက် အားဆေးလေ၊ ရှာလိုက်ရတာအမေရယ်၊ ဆေးဆိုင်တွေကိုနှံ့ရော၊ ဘယ်မှာမှမရဘူး။ နောက်မှ ခင်နေတဲ့သူငယ်ချင်း တစ်ယောက်ဆီက တောင်းတောင်းပန်ပန်နဲ့ ဆွဲလာခဲ့တာ အားရှိ အောင်အမေမှန်မှန်သောက် ကုန်ရင်အားမနာနဲ.အားဆေးရှာဖို ကျွန်တော်တာဝန်ထား”
ဟူသော သား၏အားရစဖွယ်ကောင်းသောအသံ။
ဒေါ်သူဇာသည် အဘိုးကြီးကို လွမ်းသည့်စိတ်ပင် ပျောက်ကွယ်လုနီးဖြစ်သွားသည်။ ဒေါ်သူဇာ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း၊ ကြည်နူး လိုက်သည့်ဖြစ်ခြင်း၊ ကျေနပ်လိုက်သည့်ဖြစ်ခြင်း၊ အားကိုးလိုက်သည့် ဖြစ်ခြင်း၊ သားသမီး၊ သားမက်၊ ချွေးမများသည် ဒေါ်သူဇာထံက တစ်ပြား မတောင်းယူသူတို ့အိပ်ထဲကထုတ်ပြီး ပြုစုကျွေးမွေးနေကြခြင်းဖြစ် သည်။
ဒေါ်သူဇာသည် ဝမ်းမြောက်ကြည်နူးခြင်းကို အတိုင်းမသိခံစား နေရသည်။
အဘိုးကြီးဆုံးပြီး နှစ်လနီးပါးကြာသည့်တိုင်အောင် သားသမီး ချွေးမ သားမက်များ ညအိပ်ညနေအတူနေပြီး စောင့်ရှောက်ပြုစုကြသည် အားပေးနှစ်သိမ့်ကြသည်၊ ဂရုစိုက်ကျွေးမွေးကြသည်၊ နှစ်လနီးပါးကြာ လာသောအခါ၊ သားသမီး၊ ချွေးမသားမက်များက တစ်ညီတစ်ညာတည်း အကြံဉာဏ်ပေးကြသည်။
“အမေရယ် ……… ကျွန်တော်တို့က အိုးအိမ်ခွဲတွေဆိုတော့ ကျွန်တော်တို့ စီးပွားရေး၊ နောက်ပိုင်းမှာ အိမ်ကိုကြည့်ရှုထိန်းသိမ်းရေး ပစ်ထားလို့ မဖြစ်တဲ့ ကိစ္စတွေကရှိနေတော့ အမေ့နားမှာ အချိန်ပြည့် နေနိုင်ကြဘူး။ အမေတစ်ယောက်တည်းကိုလည်း ပစ်မထားရက်ဘူး။ ဒါကြောင့်ကျွန်တော်တို ့အိမ်ကို အမေပြောင်းလိုက်ခဲ့ပါ”
သားကြီးကဆို သည်။
“ဟုတ်ပါတယ်အမေ.ကျမလည်းပြောမယ်လို ့ဘဲ အမေ့ကိုသနားတာနဲ ့ ပြောမထွက်လို ့ပါ။ ကျမတို ့အိမ်ကို ပြောင်းနေနော်၊ လိုက်မယ်ဆိုရင် အခုချက်ချင်းပြောင်းလိုက်နိုင်အောင် စီစဉ်မယ်”
သမီး ကြီးကဆိုသည်။
“ဟာ မမကြီးတစ်ယောက်တည်းက မေမေ့ကိုအပိုင်စီး လို့ဘယ်ရမလဲ၊ မာတာပီတုဂုဏောအနန္တောတဲ့၊ အမေ့ကျေးဇူးကို ကျွန်တော်တို့လည်း ဆပ်ချင်တယ်လေ၊ အမေတစ်အိမ်ထဲမှာတော့မနေနဲ့နော်၊ မိဘကျေးဇူးမဆပ်လိုက်ရလို့ ကျွန်တော်အပါယ်အကျမခံနိုင်ဘူး ဗျ”
ဟု သားငယ်ကဆိုသည်။
“သားနဲ့ သမီး မတူဘူးအမေရဲ့ သမီးအိမ်ကမှ အမေ့အတွက် ပိုရင်းတာ၊ အငယ်ဆုံးသမီးမို့ အမေအချစ်ဆုံးလို့ ပြောဘူးတယ်၊ ကျမ အိမ်ကို အမေလိုက်ခဲ့ရမယ်”
သမီးထွေးကပြောသည်။
သားသမီးတွေက အနန္တကျေးဇူးရှင် မိခင်ကြီးကို သူကျွေးမည်၊ ငါပြုစုမည်ဟူ၍ ကျေးဇူးအလွန်အမင်းဆပ်လိုနေသည့်အတွက် အဝေမတဲ့ဖြစ်နေကြသည်ကို ဒေါ်သူဇာသည် ပီတိဖြစ်စွာ ပြုံးသောမျက်နှာဖြင့် သားသမီးတွေမျက်နှာကို ကြည်နူးစွာ တစ်လှည့်စီကြည့်နေသည်။
ထိုအခါ သားမက်နှစ်ယောက်နှင့် ချွေးမနှစ်ယောက်က အကောင်းဆုံးအကြံဉာဏ်ပေးကြသည်။
“အမေက ချွေးမရယ်သားရယ်မခွဲခြားဘဲ၊ အတူတူချစ်တယ်ဆို အသိပါတယ်အမေသာအခုလိုက်ရင် ကျွန်တော်တို ့ကျမတို့က ဦးခေါင်းပေါ်ရွက်ပြီး ပင့်ခေါ်သွားကြမှာပါ၊ ဒါပေမဲ့ တစ်ဦးတစ်ယောက်တည်း အိပ်မှာ အမေနေလို ့ ကျန်လူတွေက မပြုစုရရင် ကြေနပ်မှာမဟုတ် ဘူး၊ ဒါကြောင့် ကျွန်တော်တို့ကျမတို့ အကြံပေးချင်ပါတယ်”
ချွေးမများ သားမက်များကဤအဓိပ္ပါယ်မျိုးထွက်သော စကားကို တညီတညာတည်း ပြောကြသည်။
“ဟုတ်တယ်၊ ကဲ . . . ဘယ်လို အကြံဉာဏ်မျိုးလဲ၊ ပြောကြ စမ်းပါအုန်း”
ဒေါ်သူဇာကကြည်နူးစွာမေးသည်။
ထိုအခါ ချွေးမများနှင့်သားမက်များက ဤသို့ အကြံဉာဏ်ပေးကြသည်။
ဒေါ်သူဇာအနေဖြင့် ဤအိမ်ကြီးမှာ တစ်ယောက်တည်းနေ၍ မည်သည့်နည်းနှင့်မှမဖြစ်နိုင်ကြောင်း သားသမီးတွေကလည်း ပြောခဲ့သည့်အတိုင်း အချိန်ပြည့်နေ့ ရက်ရှည်လျားစွာ မလာနိုင် မနေနိုင်ကြောင်း ထိုအပြင် ဒေါ်သူဇာသည် အသက်အရွယ်အိုမင်းမစွမ်းဖြစ်လာသည့် -ပြင် ဇရာအိုတိုထုံးစံအတိုင်း တစ်နေရွှေ တစ်နေ ့ငွေ ဆိုသလို အစာ ရောဂါကလည်း ထွေကောင်းထွေမည်ဖြစ်ကြောင်း။
ထိုကြောင့် ပစ္စည်းဥစ္စာ၊ အိုးအိမ်၊ ရွှေငွေရတနာအတွင်းပစ္စည်း တွေကို ဒေါ်သူဇာ လက်ဝယ်ထားလျှင် မေ့မေ့လျော့လျော့ဖြင့် ပေပျောက်ဆုံးကုန်ပါက သားသမီး ချွေးမ သားမက်များအနေဖြင့် တစ်ယောက်တစ်ယောက် သံသယဖြစ်ပြီး၊ စိတ်ဝမ်းကွဲစရာ ဖြစ်လာနိုင်ကြောင်း။
သို ့အတွက် ဒေါ်သူဇာသည် ဤအိမ်ကြီးကို ရောင်းချကာ သားသမီးများကို အချိုးကျခွဲဝေပေးလိုက်လျှင် သင့်လျော်မည်။ လက်ဝယ်ရှိထားသည့် အတွင်းပစ္စည်းရွှေငွေရတနာတွေကိုလည်း သားသမီးများ မျက်နှာစုံညီစုပုံခွဲဝေပေးလိုက်လျှင် ကောင်းမည်။ ဒေါ်သူဇာအနေဖြင့်သားသမီးချွေးမသားမက်များ၏ စေတနာကို လက်တွေ့ သိနေပြီဖြစ်သ အတွက် နေရေးစားရေးလုံးဝ ပူပန်စရာမလိုတော့ကြောင်း၊
မွေးကျေးဇူးကို ဆပ်လိုသောသားသမီးများ၊ ချွေးမသားမက်များက ဒီအမေအိုကြီး အသက်ထင်ရှားရှိစဉ်မှာ အားပါးတရ ကျွေးမွေးပြ ကြမည်သာ ဖြစ်သောကြောင့် အစ်ကိုအကြီးဆုံးအိမ်ကစပြီး တစ်အိမ်မှာ သုံးလစီ၊ အိမ်ဦးခန်းမှာ ရိုသေစွာထားပြီး ပြုစုကျွေးမွေးသွား ကြမည်။ ဤနည်းဖြင့် အမေအသက်ရှိစဉ် ကျေးဇူးဆပ်ကြလျှင်ကောင်းမည်” ဟူသော အကြံဉာဏ်ကို ချွေးမများနှင့် သားမက်များက ပြောပြ သည်။
သူတို့ အသက်ပေးချစ်သော ဇနီးများ ခင်ပွန်းများက အလွန်အမင်းကောင်းသော အကြံဉာဏ်ကို ပေးကြသောအခါ သားနှစ်ယောက် နှင့် သမီးနှစ်ယောက်ကလည်း ချွင်းချက်မရှိ သဘောတူထောက်ခံ သည်။
ဤအကြံအတိုင်းလိုက်နာခြင်းသည် အမေ့အတွက် အကောင်း ဆုံးဖြစ်ကြောင်း သားသမီးများ နောင်သံသရာကောင်းအောင် တစ်အိမ် သုံးလစီ ကြွရောက်ချီးမြှင့်ခြင်းဖြင့် သားသမီးများကို နတ်ရွာနိဗ္ဗာန် ရောက်အောင်ကယ်တင်ပါမည့်အကြောင်း ဝိုင်းဝန်းတောင်းပန်ကြသည်။ နဂိုလ်ပင် အတိုင်းအဆမရှိအောင် ချစ်လာခဲ့သည့် မိဘမေတ္တာကြောင့် ဒေါ်သူဇာသည် သားသမီးများစိတ်ချမ်းသာရေး၊ နောင်သံသရာကောင်းရေးကို မြှော်တွေးထောက်ရှုကာ သားသမီးချွေးမ သားမက်များ ပေးသည့် အကြံဉာဏ်အတိုင်း လိုက်နာရန် ဦးခေါင်းကို ညိမ့်ပြလိုက်သည်။
ဝမ်းသာလွန်းမက ဝမ်းသာကြသည့် သားသမီးချွေးမ သားမက် များက ဒေါ်သူဇာကို ဝိုင်းဝန်းပွေ့ပိုက်နမ်းရှုံ့ကြသည်။ ဒေါ်သူဇာသည် ကြည်နူးဝမ်းသာလွန်းသည့် မျက်ရည်တွေစီးကျလာရှာသည်။
“အဘိုးကြီးရေ… သားသမီးချွေးမသားမက်တွေက ကျုပ်ကို ဘယ်လောက်များ ကြင်နာကြ၊ ဂရုစိုက်ကြတယ်ဆိုတာ လာကြည့်လှည့် စမ်းပါဘုန်း” ဟု ပင်စိတ်ထဲက တမ်းတပြောလိုက်မိသည်။
*****
သားသမီး ချွေးမ သားမက်များသည် သူတို့ကတိရှိထားသည့် အတိုင်း ပထမသုံးလစီမှာ ဒေါ်သူဇာကို ဦးခေါင်းပေါ် ရွက်ထားရုံတမယ်၊ ဂရုစိုက်ကြသည်၊ ပြုစုယုယကြသည်၊ ဆီဦးထောပတ် ကောင်းနိုး ရာရာကို အထူးစီမံချက်ပြုတ် ကျွေးမွေးကြသည်၊ ဆေးဝါးကို လိုလေသေး မရှိ ရှာဖွေပေးထားကြသည်။
ပထမသုံးလစီစေ့သွားပြီး၍ ဒုတိယသုံးလအကြိမ်အဖြစ် သားအကြီးဆုံးအိမ်သို ့ တစ်ပါတ်ပြန်လည်လာခဲ့သည်။ ထိုအခါ ခွေးမဖြစ် သူသည် ယခင်သုံးလကလိုဂရုမစိုက်တော့ချေ။ ပြုစုယုယခြင်းလည်း မရှိ တော့၊ ကောင်းကောင်းမွန်မွန်လည်း ကျွေးမွေးခြင်းမပြု။ ဒေါ်သူဇာ ဖြစ်ကတတ်ဆန်းစားနေရသည့် ထမင်းတလုပ်ကိုပင် အန်ထွက်အောင် စူဆောင့်သည်။ တာဝန်ကြီးလေးကြောင်း ရက်ရှည်လများ လက်မခံနိုင်ကြောင်း၊ ပြုစုလုပ်ကိုင်ပေးရသည်မှာ ပင်ပန်းကြောင်း အိမ်မှာ ဘာအ ဖော်မှမရဘဲ ငုတ်တုတ်ထိုင်စားနေကြောင်း၊ ကိုယ့်အဝတ်ကိုယ်လျှော် ကိုယ့်ထမင်းထည့်စား၊ ကိုယ့်ပန်ကန်ကိုယ်ဆေးဟူသော အေးစက် မာကြောသည့်စကား၊ ရက်စက်သည့်စကား၊ မိုက်ရိုင်းသည့်စကားတွေကို ပြောလာသည်။
မယားဖြစ်သူက မကြည်ဖြူသောအခါ ဒေါ်သူဇာ သားကလည်း အမေကို မေးမြန်းကြည့်ရှုခြင်း၊ ဂရုစိုက်ခြင်းမရှိတော့ချေ။ မယားမျက်နှာလို မျက်နှာရဖြစ်အောင် သူကိုယ်တိုင်ကပင် မယားနည်းတူစူအောင့် ပြောဆိုခြင်းမျိုး လုပ်လာသည်။
“ကဲ .. သားကြီးရယ်၊ အမေ့ကို သားလတ်အိမ်ကိုသာ ပို့ပါတော့ကွယ်” ဟူသော စကားကို ဒေါ်သူဇာကပြောသောအခါ သားကြီး နှင့်ချွေးမကြီးတိုသည်၊ မိနစ်ပင်မဆိုင်းတော့ဘဲ၊ ချက်ချင်းပင် ပို့လိုက်ကြ သည်။ သားလတ်နှင့် ချွေးမလတ်ကလည်း ထူးမခြားနား၊ ပိုလိုတောင် ဆိုးသည်ဟု ဒေါ်သူဇာဝင်လိုက်သည်။ သို့နှင့် ကြာကြာမနေနိုင်တော့ဘဲ တပတ်လောက်ရှိလျှင် သမီးကြီးအိမ်ကို ပြောင်းခဲ့ရသည်။ သမီးကြီးက သားနှစ်ယောက် ချွေးမနှစ်ယောက်လို စူဆောင့်ပြောဆိုခြင်း မပြုသော် လည်း ကြည်ကြည်သာသာသာမရှိချေ။
“သားသမီးချင်းအတူတူ ကျမကချည်း တာဝန်ယူကြွေးနေရ မယ်ဆိုတာတော့ မဟုတ်သေးပါဘူး၊ အမေ့ပစ္စည်းကို ကျမက သူတို့ထက် ပိုရထားတယ်ဆိုရင်တော့ ဟုတ်သားပေါ့၊ အတူတူရကြတာခြင်းဘဲ၊ ဘာကြောင့်ကျမကို တာဝန်ပိုပေးရတာလဲ” ဟူသော စကားမျိုးကိုမူ ပြော သည်။
ကျွေးမွေးပြုစုရာမှာ သားနှင့်ချွေးမတို့ ပြုမူလိုက်သည့်စံချိန်ကို မမှီသော်လည်း ဒေါ်သူဇာအဖို့ စိတ်ချမ်းသာမှု မရရှာတော့ပေ၊ သားမက် ဖြစ်သူကလည်း လုံးဝအရေးလုပ်မေးမြန်းပြောဆိုကြည့်ရှုခြင်း မရှိတော့ သည့်အပြင် ဒေါ်သူဇာကြားအောင် တမင်ပြောသလားမသိ၊ ဇနီးဖြစ်သူ ကို အသုံးစာရင်းစစ်သည်။ ငွေကြေးအသုံးစွဲစည်းကမ်းမဲ့သော မိန်းမ၊ လင်ယောက်ျားရှာဖွေသည့်ပစ္စည်းကို နောက်ပိုင်းက လူပိုတွေတင်ထားပြီး ကျွေးပစ်နေသည် ဟူသောစကားမျိုးကို တွင်တွင်ပြောတော့သည်။ သမီးကြီးကလည်း မိခင်ကြီးကို မကြည်ဖြူတော့သောကြောင့် လင်ပြောသမျှကို နားချိုပြီး နှုတ်ဆိတ်နေခြင်းလား၊ လင်ကိုကြောက် ရသည့် အတွက် ငြိမ်နေခြင်းလား၊ ဒေါ်သူဇာအမှန်ကို မသိသော်လည်း သူတို ့ အိမ်ပေါ်မှာ မိခင်အိုကြီးကို လက်မခံလိုတော့ကြောင်းကိုမူ ဒေါ်သူဇာ သေချာစွာ သိနေပြီဖြစ်သည်။
သမီးအငယ်ဆုံးဖြစ်သောကြောင့် အချစ်ဆုံးဖြစ်ခဲ့သော သမီးထွေးအိမ်ကိုသာ ပို ပေးပါတော့ဟု ဒေါ်သူဇာက ဆိုသောအခါ သမီးကြီး သည် လုံးဝတားဆီးခြင်းမပြုဘဲ၊ ချက်ချင်းပို ့ပေးလိုက်သည်။
ထိုအချိန်မှာ ဒေါ်သူဇာသည် မျက်စေ့နာနေသည်၊ မျက်စေ့နာနေခြင်းကို သမီးကြီးသိပါသည်၊ သို ့သော် အရေးတယူကြည့်ရှုခြင်း မျက်စဉ်းခပ်ပေးခြင်း မလုပ်ခဲ့၊ ကျွေးသည့်ထမင်းဟင်းကလည်း ဒေါ်သူဇာ မျက်စေ့ကို အကြောင်းမပြုဘဲသူတို့ စားသည့် ဟင်းနှင့်သာကျွေးသည်။ ကျွေးသည့်ဟင်းနှင့်မစားဘဲ တည့်သည့်အစားအစာလေးလုပ်ခိုင်းလျှင် အပြောအဆို ခံရလေ့ရှိသည့်အတွက် ဒေါ်သူဇာက ဘာမှမပြောတော့ဘဲ ထမင်းချည်းသာ စားရသည့်အကြိမ် မနည်းတော့ချေ။
စိတ်ဆင်းရဲမှုကြောင့် ညအချိန်မှာအိပ်မပျော်၊ အဘိုးကြီးပြောခဲ့စဉ်က မယုံခဲ့မိသည်ကို နောင်တရခြင်းဖြင့် ငိုမိမျက်ရည်ကျမိ၊ ထိုအခါ မျက်စေ့နာက ပို၍သာဆိုးလာတော့သည်။ မျက်စဉ်းဝယ်စရာ လက်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိတော့ချေ။ သမီးထွေးအိမ်ကို မြေးငယ်တစ်ယောက် က ဆိုက်ကားဖြင့် လိုက်ပို့သည်။
“ဟေ့ ကောင် . . . ပြန်ခေါ်သွား၊ သူ့ သမီးမရှိဘူး၊ ခရီးထွက်နေတယ်”
အိမ်ရှေ့ကို ဆိုက်ကားရပ်လိုက်လျှင်ပင်၊ … သားမက်အငယ်က အမောပြေစေမည့်စကားမျိုးဖြင့် ဆီးနှင်လိုက်သည်။ သမီးထွေးက တကယ်ဘဲခရီးထွက်နေသလား ရှိလျက်နှင့် လင်ကိုကြောက်ရသော ကြောင့် မထွက်ဝံ့မခေါ်ဝံ့၍လားမသိ၊ အရိပ်အရောင်ပင် မမြင်ရချေ။
အိမ်ပေါ်တွင်မူ သားမက်အငယ်၏ ဆွေမျိုးတွေကို တွေ့နေရသည်။
“ကျွန်တော်တို့ အိမ်ကအလှည့်ပြီးလို့ လာပို ့တာဗျ ”
လိုက်ပို့သည့်မြေးငယ်က ပြန်အော်သည်။
“အေးပါ သူ့ သမီးမှမရှိဘဲငါလက်မခံနိုင်ဘူး၊ သူ … သားအကြီးဆုံးအိမ်ကို သွားပို့လိုက်”
ပို့သော မြေးငယ်သည် တဖြစ် တောက်တောက်ပြောဆိုရေရွတ်ခါ ဒေါ်သူဇာ၏ သားအကြီးဆုံးအိမ်သို့ လိုက်ပို့သည်။ ဒီတစ်ကြိမ်တော့ သူ့တာဝန်ကုန်ပြီဟု မှတ်လေသလား မသိ၊ အိမ်ရှေ့ရောက်ပြီး ဒေါ်သူဇာဆိုက်ကားပေါ်က ဆင်းသည်နှင့်တစ်ပြိုင်နက် နောက်ကြောင်းကို တစ်ချိုးတည်းလစ်ပြေးလေတော့သည်။
သားကြီးက မွေးသောမြေးငယ်တစ်သိုက်က ကစားနေကြသည်။ ဒေါ်သူဇာကို မြင်သောအခါ ဝိုင်းပြီးဖက်ကြတွယ်ကြ၊ စကားပြောကြ၊ အိမ်ပေါ်ကိုလှမ်းခေါ်ကြ သားကြီးအရိပ်အရောင်မမြင်ရ၊ ချွေးမကြီးကထွက်လာသည်။
“အဖွားကြီး၊ ဒီအိမ်မှာ လူအဝင်အထွက်မရှိရဘူးတဲ့ ဗေဒင်က ဟောထားတယ်ခြေနှစ်ချောင်းလက်ခံရင် အဖွားကြီးသား ဆင်းရလိမ့် မယ်လို့ ဟောထားလို့ တခြားအိမ်မှာ သွားနေချေ”
ဤစကားကိုသာ ပြောပြီး သူ့ ခလေးနှစ်ယောက်ကိုခေါ်ယူကာ အိမ်တံခါးကိုပိတ်လိုက်သည်
ဒေါ်သူဇာသည် အယူခံသည့်စကား တစ်ခွန်းမှမပြောတော့ဘဲ သားလတ်အိမ်ကို ခြေလျင်လျှောက်လာခဲ့၏ ။ အချိန်လွန်နေပြီဖြစ်၍ ထမင်းကလည်းဆာ၊ ရေကလည်းငတ်၊ မွန်းတည့်ခြစ်ခြစ်တောက်ပူသည့် နေပူရှိန်ထဲမှာ ဖိနပ်စုတ်လေးစီးပြီး ထီးမပါဘဲ၊ အဝတ်ထုပ်လေးကို မနိုင်မနင်း ခေါင်းပေါ် တင်လာခဲ့ရသော ဒေါ်သူဇာသည် သားလတ်အိမ်ရှေ့ ရောက်သောအခါ ရုတ်တရက်မဝင်ဝံ့သေးဘဲ၊ အိမ်ရှေ့သစ်ပင်အောက် မှာ ခြေကုန်လက်ပန်းကျစွာ ထိုင်နေလိုက်ရသည်။
မျက်စေ့က ပိုဆိုးလာသည့်အပြင် အပူရှပ်သွား၍လားမသိ ကြည့်မကောင်းဘဲဖြစ်လာသည်။ မောလွန်းသောကြောင့် ရင်ကိုလက်ဖြင့်ဖိကာ ကောင်းစွာမကြည့်နိုင်သောမျက်လုံးဖြင့် အိမ်ဘက်ကိုအားယူကြည့်လိုက် သည်။ မှုံမှိုင်းရီဝေသောမြင်ကွင်းထဲမှာ ကလေးတစ်ယောက် သူရှိရာလုံ ပြေးလာသည်။ အနားရောက်သောအခါ ထိုကလေးသည် သူ့သားလတ်၏ ကလေးဖြစ်နေကြောင်းသိရသည်။
“အဘွား . . . တစ်ယောက်တည်းလား၊ နေအုန်း၊ ကျွန်တော် အဖေ့ကို သွားပြောအုန်းမယ်”
ကလေးက ပြောပြောဆိုဆို အိမ်ဘက်တို ပြန်ပြေးသွားသည်။ ဒေါ်သူဇာသည် မျှော်လင့်ကြီးစွာဖြင့် စူးလွန်းကြိမ်းလွန်းသောမျက်လုံးကို မှိတ်ကာစောင့်နေခိုက်၊ သူ့သားလတ်သူ အနား ရောက်လာသည်။
“ကျွန်တော့်အိမ်အလှည့်မဟုတ်သေးဘဲနဲ့ ဘာလာလုပ်တာလဲ”
သားလတ်၏မေးဟန်နှင့်လေသံက ဒေါ်သူဇာရင်ဝကို ဆောင့်ကန်လိုက် သလိုဖြစ်သွားသည်။
“အေးပါကွယ်၊ သမီးထွေးအိမ်အလှည့်ပါ၊ သူ့ယောက်ျားက သမီးထွေးခရီးသွားနေခိုက်မို့ လက်မခံနိုင်ဘူးပြောတာနဲ့ သားကြီးအိမ် သွားတယ်၊ ခြေနှစ်ချောင်းလက်မခံရဘူးလို ဗေဒင်ဟောထားတယ်တဲ့၊ ဒါ့ကြောင့်. . .”
ဒေါ်သူဇာစကားမဆုံးမှီ၊ သားလတ်ကဖြတ်ပြောလိုက် သည်။
“အလကားလိမ်တာ၊ ခင်ဗျားသမီးဘယ်မှမသွားဘူး၊ မနက်က ဘီဈေးထဲမှာ အိမ်ကမိန်းမနဲ တွေ့လာခဲ့သေးတယ်။ သူ့ယောက်ျား ဘက်က ဆွေမျိုးတွေတစ်ပြုံကြီး အိမ်ပေါ်တင်ထား ကျွေးနေရတယ် သူ့ယောက်ျားကို ကြောက်နေရလို. ခင်ဗျားကိုလက်မခံနိုင်တာ”
ဒေါ်သူဇာ၏ ဖူးရောင်နီရဲနေသော မျက်လုံးထဲကမျက်ရည်တွေသည် တားဆီးမရကျလာ ကြသည်။
“အမေ ဘယ်ကိုသွားပြီး ဘယ်မှာနေရမှာလဲသားရယ်”
ဒေါ်သူ ဇာဤမျှသာပြောနိုင်တော့သည်။ ဒေါ်သူဇာသည် ကြေကွဲစွာ ရှိုက်၍ ရှိုက် ၍ သည်းထန်စွာငိုကြွေးလိုက်ရှာသည်။
“အမေမျက်စေ့လည်း နာနေတယ်၊ ဖျားလည်းဖျားနေတယ် သားရယ်”
ဒေါ်သူဇာက ငိုရှိုက်ရင်းပြောလိုက်သည်။
“ဟုတ်လား”
သားလတ်ကပြောပြီး ဆိုက်ကားတစ်စီးလှမ်းခေါ်လိုက်သည်။ ထို့နောက် ကစားနေသောသူသားကို…
“အဖေဆေးရုံသွားအုန်းမယ်သား၊ မင်း မေမေမေးရင်ပြောလိုက်”
ဟု မှာကြားကာ ဒေါ်သူဇာကို ဆေးရုံသို့ ပိုပြီး ငဲ့ကွက်ခြင်းကင်းစွာ မျက်နှာလွှဲခဲပြစ်ထားခဲ့လေတော့သည်။
*****
ဒေါ်သူဇာ၏ သားအကြီးဆုံး အိမ်ပြင်ဆောက်သည်။အိမ်က တော်တော်လေး ခေတ်ဆန်လှပသည်။ သားအကြီးဆုံးဇနီးက ကြွားဝင့် လိုသောစိတ်ကြောင့် သူ့အိမ်ကိုလာကြည့်ပါဟု ယောင်းမများ မတ်များ ကို ဖိတ်ခေါ်သည်။ ထိုကြောင့် သားကြီးအိမ်မှာ ညီအစ်ကိုမောင်နှမတွေ အားလုံး စုကြဆုံကြသည်။ သူတို့ က မွေးထားသည့် သားသမီးတွေအား လုံး လိုက်ပါလာကြသည်။
အိမ်ပေါ် ဝါးရံတာမှာ အေးအေးလူလူ ဖျာခင်းပြီး လူကြီးတွေက စကားပြောနေကြစဉ်မှာ ကလေးတွေက အိမ်ရှေ့သစ်ပင်ရိပ်မှာ ကစား နေကြသည်။ ကြုံတောင့်ကြုံခဲ၊ ဤတစ်ကြိမ်မှာ ညီအစ်ကိုမောင်နှမလေး ယောက်က မွေးထားသည့်ကလေးတွေ အစုံအညီဆုံနေကြသည်။ ထို့ကြောင့် ရွယ်တူခြင်းစုပြီး စကားပြောကြ၊ ကစားကြရာမှာ အိမ်ရှေ့သစ် ပင်အောက်တွင် စုကားနေကြသော ကလေးတစ်သိုက်ကို အိမ်ပေါ်ဝါးရံတာမှာ စကားပြောနေကြသည့် မိဘတစ်သိုက်က ကောင်းစွာလှမ်းမြင် နေရသည်။
“ဟဲ့ ဟဲ့ . . . အဲဒါဘာလုပ်ကြတာလဲ ဟင် ဘယ်လိုကစားနေကြတာလဲ”
ထူးခြားသော ကစားနည်းကို စကားပြောနေရာမှ လှမ်းကြည့် သတိထားလိုက်မိသော ဒေါ်သူဇာ့သားကြီးကမေးလိုက်သည်။ ထိုအခါ အားလုံးသောသူတွေကပါ ဝါးရံတာပေါ်မှ ငုံကြည့်လိုက်ကြသည်။
ကလေးမလေးတစ်ယောက်က စက္ကူစုတ်တွေ အဝတ်စုတ်တွေ စုစည်းထားသောအရာကြီးကို အဝတ်ထုပ်ကြီးသဘွယ် ဦးခေါင်းပေါ်မှာ ရွက်ထားသည်။ မျက်လုံးကိုမှိတ်ထားသည်။ ကျန်ကလေးတွေက လေးစု ခွဲပြီးထိုင်နေကြသည်။ အထုပ်ကြီး ဦးခေါင်းပေါ်ရွက် မျက်စေ့မှိတ်ထားပြီး အဘွားကြီးအို သဏ္ဍာန်လုပ်ထားသော ကလေးမလေးက ချိချိနဲ့နဲ့ဟန်မျိုးဖြင့် လေးစုခွဲထိုင်နေကြသော ကလေးတွေထံ တစ်စုပြီးတစ်စုသွားပြီး နေပါရစေဟု တောင်းပန်နေသည်။ လေးစုခွဲထိုင်နေသော ကလေးတွေက မည်သူကမှလက်မခံဘဲ နှင်ထုတ်နေကြသည်။ တစ်စုကနှင်ထုတ်လိုက်ရင်း အဘွားကြီးသဏ္ဍာန် ကလေးမလေးက ကြေကွဲစွာ ငိုဟန်ပြုလိုက် ရင်း။
ဤကစားနည်းကို သတိထားလိုက်မိသောအခါ ဒေါ်သူဇာသားကြီးက လှမ်းမေးလိုက်ခြင်း ဖြစ်သည်၊ ထိုအခါ ခလေးတစ်သိုက်က တစ်ယောက်တစ်ခွန်း ဖြေလိုက်ကြသည်။
“ကျွန်တော်တို့ အဖေတွေ အမေတွေ အားလုံးက အဘွားကို နှင်ထုတ်သလို ကစားနေကြတာ”
“မီးမီးက အဘွားနဲ့ တူအောင်လုပ်တာ တူရဲ့လား ဖေဖေ၊ အဘွား ငိုတာလို မေမေတို့လည်း တူအောင်ငိုကြနော်”
“သားသားတို့ ကြီးလာတော့လည်း ဖေဖေတို ့ မေမေတို့ အဘွားကို နှင်ထုတ်သလို သားသားတို့က ဖေဖေတို ့မေမေတို့ကိုနှင်ထုတ်တတ်အောင် အခုထဲက တတ်အောင်သင်နေကြတာ”
ခလေးတွေ အဖြေကို ကြားလိုက်ကြသောအခါ . . .
သားမက်တွေနှင့် ချွေးမတွေက မျက်နှာပျက်ပျက်ဖြင့် အိမ်ပြန် ကုန်ကြသည်။ သားနှစ်ယောက်နှင့် သမီးနှစ်ယောက်က ဆေးရုံသို့ လိုက်သွားကြသည်၊ သို ့သော် သူတို ့အဖို အလာကောင်းသော်လည်း အခါ ကား နှောင်းခဲ့လေပြီ။
ဆေးဝါးမတွေ့ဘဲဖြစ်လာခဲ့သော မျက်စေ့နာကြောင့် ဒေါ်သူဇာ ၏ မျက်လုံးနှစ်ဘက်လုံးသည် စုံလုံးကန်းသွားခဲ့ရှာသည်။ ခံစားလာခဲ့ရ သော အဖျားဝေဒနာကြောင့် ခိုကိုးရာမဲ့ အဖြစ်ဖြင့် ဆေးရုံကတာဝန်ယူပြီး သုဿာန်သို႔ပို့လိုက်ပြီးသည်မှာ ကာလတောင် အတော်ပင်ကြာခဲ့ပြီ။
ခင်ပွန်းသည် ဦးနိုင်အောင်၏ သတိပေးစကားကို နားမဝင်ဘဲ ကြီးမားသော ချစ်မေတ္တာဖြင့် သားသမီးတွေကို အကြွင်းမဲ့ ယုံကြည်ခဲ့သော ဒေါ်သူဇာ တစ်ယောက်ကား ဦးနိုင်အောင်ပြောခဲ့သလို သားသမီးကိုယုံ ၍ စုံလုံးကန်းသော ဘဝသို့ ရောက်ကာ အထီးကျန် အားကိုးရာမဲ့အဖြစ် ဖြင့် လူ့လောကမှ ထွက်ခွာသွားရှာပြီကို သားသမီး၊ သားမက်၊ ချွေးမတို့ သတိတရား ရစေရန်လူမမယ် ခလေးတွေကို ကံတရားက စီမံဖန်တီး ပြီးသရုပ်ဆောင်ပြလိုက်လေသလားဟု မောင်နှမလေးယောက်လုံး ထိတ်လန့်စွာ တွေးလိုက်မိကြတော့သည်။
******
မဝင်းမြင့်
၁၉၇၇၊ နိုဝင်ဘာ
(စစ်ပြန်မဂ္ဂဇင်း)