ဆင်ဖိုးထွန်း

Posted on

မြောင်းမြမောင်ကို
ဆင်ဖိုးထွန်း (အပိုင်း ၁)

[၁]

စာရေးသူတို့ငယ်စဉ်က ညအိပ်ရာဝင်ခါနီးတွင် အဘွားအေကြီးပြောလေ့ရှိသော ပုံတစ်ပုံကို မကြာမကြာ သတိရမိသည်။ အထူးအဖြင့် အောက်၌ ဖော်ပြလတ္တံ့သော အဖြစ်အပျက်များကို ရေးသား မည်ရှိသောအခါ အဘွားအေကြီးကို ပြေး၍ မြင်ယောင်လေသည်။ အဘွားအေ၏ပုံ အကျဉ်းချုပ်မှာ …

“ရှေးရှေးတုန်းက ဟိမဝန္တာတောထဲမှာ ခြင်္သေ့မင်းနှင့် ဆင်မင်းတို့ မိတ်ဆွေဖွဲ့နေကြသတဲ့။ တစ်နေ့တော့ ဂင်္ဂါမြစ်ထဲက ရွက်လှေတစ်စင်းကိုကြည့်ပြီး ခြင်္သေ့မင်းက သူ့မိတ်ဆွေ ဆင်မင်းအား

“လူသတ္တဝါတွေဟာ အင်မတန်ဉာဏ်ကြီးတယ်။
ဒါကြောင့် သူတို့နဲ့ဝေးဝေးနေမှ ရန်ကင်းမယ်”

လို့ ပြောပြီး တောနက်ထဲ ပြောင်းသွားသတဲ့။ ဆင်မင်းကတော့ ခြင်္သေ့မင်းပြောတာကို ရယ်မောပြီး

“လက်တစ်ဆုပ်လောက်ရှိတဲ့ လူသတ္တဝါကလေးကို ကြောက်ရမယ်ဆိုရင် ရာဇဝင်ရိုင်းမှာပေါ့”

လို့ ဆိုသတဲ့။ နောက်ပြီး သူဟာ တောနက်ထဲမပြောင်းဘဲ လူနဲ့နီးတဲ့ တောတွေထဲမှာပဲ နေခဲ့သတဲ့။

ဒါနဲ့ပေါ့။ အခုတော့ ဆင်တွေကို လူတွေကဖမ်းပြီး သတ်ဟယ် ခိုင်းဟယ်နဲ့ လူတွေလုပ်သမျှ ခံနေကြရတာ။ ဗလအားကိုးတဲ့ အကောင်ကြီးက ဉာဏ်ရှိတဲ့လူသေးသေးကို ပြန်မလှန်ရဲဘူး။ ကြိုတင်တွေးတတ် တဲ့ ခြင်္သေ့တွေတော့ ဘယ်မှာမှ ရှာမရဘူး။ အဲဒါ ငါ့မြေးများ မှတ်ထားကြ။

ရိုးရိုးအားထက် ဉာဏ်အားဟာ ဘယ်လောက်အားကြီးတယ်ဆိုတာ မှတ်ထားကြနော်။ လူအချင်းချင်းတောင်မှပဲ ဉာဏ်ရှိတဲ့လူက ဉာဏ်နည်းတဲ့လူတွေကို ခိုင်းနိုင်ကြသေးတာပဲ။ ဒီတော့ ဉာဏ်ကိုပွားအောင် ဂရုစိုက်ရမယ်။ သင်ကြားရမယ်။ သင်အံလေ့လာ မှတ်သားရမယ်။

တဖြည်းဖြည်းနဲ့ ဉာဏ်ဟာ ကြီးပွားလာတယ်။ နမော်နမဲ့ အိပ်ကာ စားကာဆို ဉာဏ်သာတဲ့လူတွေက မင်းတို့ကို ခိုင်းလိမ့်မယ်။ ဒီတော့ ဉာဏ်မရှိဘဲ မာနကြီးတဲ့ဆင်လိုကော နေကြလိမ့်မယ်။ မှတ်ထားကြ နော်”

ဟု အဘွားသည် သူ့ပုံကို အဆုံးသတ်လေ့ရှိသည်။

(၂)

လူသတ္တဝါတို့သည် တောဆင်ရိုင်းများကို မိမိတို့အကျိုးငှာ နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးသတ်ဖြတ်ကြ၏။ ကျမ်းဂန်အရ စူဠသုဘဒ္ဒါက လိုချင်သဖြင့် မုဆိုးကြီးသောနုတ္ထိုရ်သည် ဆဒ္ဒန်ဆင်မင်းကို သတ်ဖြတ်ပြီး အစွယ်ကို ထမ်းလာခဲ့သည်မှာ လူက ဆင်ကို မရ ရသည့်နည်းနှင့် ကြံဆသော ဉာဏ်ဆင်မှုပင်ဖြစ်သည်။ ယခုခေတ်၌လည်း လူတို့သည် ဆင်ကို ခဲရာခဲဆစ် ဖမ်းယူသတ်ဖြတ်ခိုင်းစေလျက် ရှိကြ၏။

သို့ရာတွင် ဆင်တစ်ကောင်ကို ဖမ်းမိရန်အရေးမှာ သေးလှသည်မဟုတ်ပါချေ။ ဆင်ဖမ်းရာ၌ ဆင်၏ဗလအားကို ဉာဏ်အားမမီက အသက်ကို စွန့်ကြရသည်အထိ ခဲယဉ်းသော လုပ်ငန်းမျိုးဖြစ်ပေ သည်။

ရှေးခေတ် သေနတ်ခဲယမ်းမီးကျောက် မပေါ်မီက ဆင်ကို ကျုံးသွင်းဖမ်းခြင်း၊ မြေတွင်းများတူးကာ တစ်စုံတစ်ခုဖြင့် ဖုံးအုပ်ထားပြီး မြေတွင်းထဲကျအောင် စီမံဖမ်းဆီးခြင်း၊ သစ်ပင်ကြီးပေါ်မှ သစ်တုံး ကြီးများကို ချွန်ထက်အောင် ပြုလုပ်ပြီး ကြိုးဆိုင်းဆွဲလျက် သစ်ပင်အောက်သို့ ဆင်ရောက်လာကာ ကြိုးကိုဖြတ်ချ၍ ဆင်ကို အနာတဖြစ်အောင် လုပ်ခြင်း စသော ဉာဏ်ကစားမှုတို့ကို သုံးခဲ့ကြ၏။

ခဲယမ်းမီးကျောက်ပေါသော ယခုခေတ်တွင်ကား ဆင်ပစ်သေနတ်ဟု အထူးထွင်ကာ ပစ်ဖမ်းနေကြသော်လည်း ဆင်တစ်ကောင် ရမည့်အရေးမှာ လွယ်ကူသည်မဟုတ်၍ ဆင်ပစ်နေကျ မုဆိုးများပင် ဆင်၏လက်တွင် အသက်ဆုံးရှုံးကြရသည်မှာ မနည်းပါပေ။

ဆင်မှာ တခြားသတ္တဝါများကဲ့သို့ မဟုတ်မူ၍ သူတို့၏ အရေပြားကပင် တစ်လက်မမျှထူပေရာ အားခွန်ဗလကောင်းလှသော ဆင်ကို အထူးလုပ်ထားသော သေနတ်များဖြင့်ပင် တစ်ချက်တည်း ဇီဝိန်မခြွေနိုင်ကြရကား ကမ္ဘာပေါ်ရှိ ဆင်ဖမ်းသူ လူမျိုးပေါင်းစုံတို့ လက်မှိုင်ချရလောက်အောင် ခက်ခဲသောအလုပ်ဖြစ်ပေ၏။

ဤအလုပ်မျိုးကို ကျွန်တော်တို့ မြန်မာလူမျိုးထဲမှ ထူးချွန်သောသူအချို့သည် မည်သည့်လက်နက်ခဲယမ်းမီးကျောက် သေနတ်ကိုမျှ အားမကိုးဘဲ ဝက်ကို လှံနှင့် ထိုးသကဲ့သို့ လှံဖြင့် ထိုးဖမ်းသူရှိပါသည်ဟု ဆိုက ‘အကြွားဘယ့်နှယ် ရေးပါ့မယ်’ ဟု ဇာတ်လူပြက်များပြောသကဲ့သို့ ပြောကြမည်လား မသိပါချေ။

သို့ဖြစ်ရာ မသိလျှင် သိအောင် ရေးသားဖော်ပြအပ်သည်ဟု ယူဆပါသဖြင့် အောက်ပါအတ္ထုပ္ပတ္တိကို မှတ်တမ်းတင်အပ်ပါသည်။

( ၃ )

ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သီတာရဲဌာနအပိုင် ဖက်စလစ်ရွာသား မောင်ဖိုးထွန်းဟုဆိုလျှင် အနီးအနားတစ်ဝိုက်တွင် မသိသူ အလွန်ရှား၏။ မောင်ဖိုးထွန်း၏ ကျော်စောခြင်းမှာ မိဘမျိုးရိုးအရ ချမ်းသာကြွယ်ဝ၍လည်း မဟုတ်၊ ပညာတတ်၍လည်းမဟုတ်၊ မိုက်၍ နာမည်ထွက်သည်လည်း မဟုတ်။

မောင်ဖိုးထွန်းမှာ နာမည်သာ ကြီးလှသည်၊ အသက်မှာ နှစ်ဆယ်နှင့် သုံးဆယ်အရွယ်မျှသာ ရှိသေးသော တောသား လူရိုးကလေးဖြစ်၏။ သူ၏ဖခင် ဦးကုလားကြီးမှာ ဆင်းရဲလှ၍ မောင်ဖိုးထွန်းအား ငယ်စဉ်က ဘာပညာမျှ သင်မပေးနိုင်။

ဦးကုလားကြီးကိုယ်တိုင် တောတောင်တစ်လျှောက် အမဲသားငါးများကို ပင်ပန်းကြီးစွာ ဖမ်းဆီးစားသောက်ရသော မုဆိုးတစ်ပိုင်း လူရိုင်းကြီးမျှသာဖြစ်၍ အင်္ဂလိပ်အစိုးရ မြန်မာပြည်မှ ပြေးရသည်အထိ မွေးကတည်းကပင် ဆင်းရဲစွာ လုပ်ကိုင်စားနေရရှာ၏။

သို့ရာတွင် သားသုံးမျိုးအနက် အတိဇာတသားဟု ခေါ်ထိုက်သော မောင်ဖိုးထွန်းမှာ မည်သည့်ပညာမှ မတတ်စေကာမူ အသက်အစိတ်အရွယ်၌ သီတာကုန်းပြင်ရွာ၌ အိမ်ကြီးရခိုင်ဆောက်ကာ မင်းသူဌေးများသာ အသုံးပြုနိုင်သော ဆင်စွယ်များဖြင့် တစ်အိမ်လုံးကို ဆင်ယင်ထားနိုင်သည်မှာ လူတိုင်း အံ့သြစရာ ဖြစ်ပါပေ၏။

မောင်ဖိုးထွန်းသည် ဇနီးသည် မစိန်ဝိုင်းနှင့် သားကလေး မောင်ချစ်အေးတို့အား မိမိ၏ရဲစွမ်းသတ္တိဖြင့် တစ်သက်လုံး ကျွေးမွေးလာခဲ့၏။ ထူးခြားသော အကြောင်းတစ်ခုမှာ မည်သူမဆို တောလည်သွား၍ အမဲသားငါးရရှိက မောင်ဖိုးထွန်းတို့အိမ်သို့ ဦးဦးဖျားဖျား ပေးတတ်ကြပြီး ရပ်ဝေးရွာဝေးကဟူမူ ချက်ပြီးသား အမဲဟင်းလျာတစ်ခွက်ကို မောင်ဖိုးထွန်းသို့ တမင်ရည်စူးလျက် ဦးမင်းကျော် နတ်မင်းအား အရက်နှင့် မြှောက်ကြသကဲ့သို့ မျက်ကွယ်ရာ အဝေးရပ်မှပင် မြှောက်ကြသည့် အလေ့ဖြစ်သည်။

ပြောမယုံ ကြုံဖူးမှသိ ဆိုသကဲ့သို့ အမှန်ပင် ထူးလှ၏။ ထိုကဲ့သို့ မောင်ဖိုးထွန်းအား အထင်ကြီးတစ်ခွဲသားနှင့် တစ်နယ်လုံးက လေးစားပ,သကြသည်မှာ ယုံကြည်ချက်ရှိကြ၏။ သူတို့၏ယုံကြည်ချက်မှာ မောင်ဖိုးထွန်းအား ‘တစ်ပွဲစား’ဟု ယုံကြည်ကြခြင်းကြောင့်ပေတည်း။

‘တစ်ပွဲစား’ ဟူသည်မှာ ရှေးအခါက ငါးဖမ်းသော အင်းသားကြီးများ အချို့အကုသိုလ်များလွန်း၍ လူ့ဘဝမှသရဲဘဝသို့ ကူးပြောင်းသွားသဖြင့် အင်းလုပ်သားများက ပွဲပေးပ,သကြသော ရိုးရာယုံကြည် ချက်ဖြစ်၏။

ထိုကဲ့သို့ ပွဲပေးပ,သမှ ငါးများစွာရစေရန် တစ်ပွဲစား သရဲ ကူညီသည်ဟူ၍ ယုံကြည်သည့်နည်းတူ အသက်မသေသေးသော မောင်ဖိုးထွန်းအား လူအများက တောင်ပိုင်နတ်ကြီး ကြည့်ရှုစောင်မထားသူဟု ထင်မှတ်ကြ၏။

မောင်ဖိုးထွန်းကမူ သဒ္ဓါ၍ လာပေးသော အမဲဟင်းလျာများကို ရယ်ကာမောကာနှင့် စားပစ်လိုက်လေသည်။ သို့ရာတွင် မောင်ဖိုးထွန်းအား ‘တစ်ပွဲစား’ ဟု ထင်လောက်သော ခိုင်လုံသောအကြောင်းက ရှိနေပေသည်။

(၁) မောင်ဖိုးထွန်းသည် ဆင်ကို လှံနှင့်ထိုး၍ သတ်စားလာသည်မှာ သူ၏အသက် နှစ်ဆယ်မှ သုံးဆယ်အထိ ဆယ်နှစ်ကာလတွင် ဆင်ကောင်ရေများစွာ သတ်ပြီးခဲ့ပြီးဖြစ်၏။ ကမ္ဘာပေါ်တွင် ဤကဲ့သို့ မုဆိုးကျော် ရှိမှ ရှိပါ့မလားဟု သံသယရှိစရာပင် ဖြစ်လေသည်။

(၂) တကယ့် အမဲကြီးကိုရည်ရွယ်၍ အိမ်မှထွက်သော မုဆိုးများမှာ ဆင်ဆိုလျှင် ဆင်မှ၊ ဆတ်ဆိုလျှင် ဆတ်မှ ဖမ်းတတ် သတ်တတ်ကြ၏။ လမ်းတွင်တွေ့သော အခြားသတ္တဝါများကိုသတ်ကာ နတ် မကြိုက်၍ ရည်မှန်းထားသော အမဲကောင်နှင့် လွဲတတ်သည်ဟု မုဆိုးတိုင်း သမရိုးကျ ယုံကြည်ထားကြ၏။

အထူးသဖြင့် ကျားသတ္တဝါမှာ တောသုံးတောင်ပိုင်သော တိရစ္ဆာန်မင်းဟုယူဆကာ မုဆိုးများက ဘေးမဲ့ပေးသကဲ့သို့ ကျားက လည်း မုဆိုးများကို မည်သည့်အခါမျှ မနှောင့်ယှက်ဟု ယုံကြည်ထား ကြပြန်သည်။

တစ်နည်းအားဖြင့် ကျားမှာ တိရစ္ဆာန်များအား ရှာဖွေ စားသောက်သော တိရစ္ဆာန်မုဆိုးဖြစ်၍ လူမုဆိုးက ဘဝတူမုဆိုးချင်းဟု ယူဆကာ ရန်မပြုလိုကြပေ။

သို့ရာတွင် မောင်ဖိုးထွန်းမှာ ထိုကဲ့သို့ မဟုတ်ပါချေ။ ဆင်ထိုးရန် ရည်စူးထွက်သွားသော မောင်ဖိုးထွန်းသည် လှံတစ်ချောင်းကိုင်ကာ အိမ်မှထွက်သည်ကစ၍ ပုတ်သင်၊ ကင်းလိပ်ချော၊ ဖွတ်၊ ပုတတ်၊ လိပ်မှမကျန် ကျားထိအောင် တောက်လျောက် ထိုးသတ်သွားသော အကျင့်ရှိသည်။ နောက်ဆုံးတွင် ဆင်စွယ်ကိုထမ်းကာ တောမှပြန်လာ တတ်၏။

သို့နှင့် မောင်ဖိုးထွန်းအား တောင်ပိုင်နတ်က အထူးစပါယ်ရှယ် စောင့်ရှောက်နေသည်ဟု ထင်ကြ၏

(၃) တတိယအချက်မှာ တစ်ပါးသော မုဆိုးများက ဒီအချိန်တွင် ဘယ်တောကိုဝင်ကာ ဘယ်သတ္တဝါကို ရနိုင်ပါသနည်းဟု အကြံဉာဏ်တောင်းပါက မောင်ဖိုးထွန်းသည် စိတ်ရှည်လက်ရှည်စဉ်းစားပြီး ထိုင်နေသောကြမ်းပြင်ကို သူ၏ လက်ချောင်းကလေးများဖြင့် တဒေါက်ဒေါက်ခေါက်၍ နက်နဲစွာ တွေးလျက်ပြောတတ်၏။ သူပြောလိုက်သည့်အတိုင်း သွားက အမဲရမည်သာဖြစ်၏။ သူက မသွားနှင့်ဆို၍ သွားသော် မရသည်က များလှချေသည်။

(၄) စတုတ္ထအချက်မှာ မောင်ဖိုးထွန်း၏ ဖခင်မှာ ဆင်ဖမ်းရင်း ဆင်သတ်၍ တော၌သေရ၏။ သို့ဖြစ်၍ မောင်ဖိုးထွန်းအား သူ့အဖေက တောင်ပိုင်နတ်ဘဝမှ အကူအညီပေး၍သာ ဤမျှ တောအကြောင်း၊ တိရစ္ဆာန်အကြောင်းများကို တစ်ပွဲစားအင်းသားကြီးတစ်ဦး ငါးအကြောင်းသိသကဲ့သို့ ထူးဆန်းစွာသိနိုင်သည်ဟု ယုံကြည်ကြ၏။

မည်သူမည်ကဲ့သို့ထင်ထင် မောင်ဖိုးထွန်းမှာ ရယ်၍သာ နေလေသတည်း။

“ဘယ့်နှယ်… ကိုဖိုးထွန်း၊ ခင်ဗျား ဒီရာဇဝတ်အုပ်အလုပ်နဲ့ ပျော်ရဲ့လားဗျ”

“မပျော်ပါဘူးဗျာ . . . ။ မလွှဲမရှောင်သာဆိုတော့ ခက်သားပဲ။ ကျွန်တော်က နိုင်ငံရေးလည်းမသိ၊ ပုဂ္ဂိုလ်စွဲလည်း မထားပါဘူး။ ဒါကြောင့်လည်း ကျွန်တော် ဝန်ကြီးသက်တော်စောင့် မလုပ်တာပေါ့။ အခု အလုပ်တောင် ငြင်းမရလို့သာ လက်ခံရတာ”

“အေးလေဗျာ။ လက်သမားဆရာတစ်ယောက်ဟာ ဘယ်ဆောက်ကို ဘယ်နေရာသုံးမယ်ဆိုတာ သိသလို ခင်ဗျားကိုလည်း ဆိုင်ရာက ဘယ်လိုအသုံးချရင် ဘာအကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတာ သိလို့ ခင်ဗျားကို မြှောက်စားကြတာပေါ့”

“ဟုတ်ပါလိမ့်မယ်… ။ ဒါပေမဲ့ ကျွန်တော်က တိုင်းပြည်ပူတုန်ူ ကိုယ့်နယ်ကလေး အေးပါစေလို့ တစ်နှစ် နှစ်နှစ်လောက်တော့ မျက်စိမှိက် လက်ခံလိုက်တာပဲ။ နှစ်စေ့ရင်တော့ တောပြန်တက်၊ ဆင်ထိုး အေးအေးပဲ နေတော့မယ်”

“ဒါနဲ့ဗျာ … ခင်ဗျားဟာ ဆင်ထိုးတာ၊ သေနတ်ပစ်တာ တယ်နာမည်ကြီးပါလား။ ခင်ဗျားကို ‘တစ်ပွဲစား’ လို့တောင် ပြောပြီး တစ်နယ်လုံး ကြောက်နေကြ ဆိုပါကလား။ ဟုတ်သလားဗျာ”

“ဒါတွေ အလကားပါ။ တစ်နယ်လုံး ကြောက်နေကြတယ်ဆိုတာ မမှန်ဘူး။ တစ်နယ်လုံး ခင်ကြတယ်ဆိုမှ ဖြစ်မယ်။ ဘာပြုလို့လည်းဆိုတော့ ကျွန်တော် အသက်နှစ်ဆယ်သား အင်္ဂလိပ်ခေတ်ကတည်း ကဆင်ထိုးလာတယ်။ ဒီတစ်နယ်လုံး ကျွန်တော်ထိုးတဲ့ ဆင်သားကို မစားဖူးသူ မရှိဘူး။ ဒီတစ်နယ်လုံးကလူတွေ အလှူအတန်းပြုချင်လို့ ကူညီပါလာပြောရင် ကျွန်တော်က ဆင်တစ်ကောင်ထိုးပြီး ပေးလိုက်တာပဲ။ ဆင်တစ်ကောင်ဆို စားပါလေတော့။ ငွေလိုလည်း ငွေကူလိုက်တာပဲ”

“ခင်ဗျားက ဆင်ကို ဝက်သတ်တာထက် လွယ်အောင်လုပ်နေတော့ ကြောက်ကြတယ်ဆိုတာ ဟုတ်မှာပဲ။ ခင်ဗျားကို တောင်နတ်တွေ ပူးကပ်နေတယ်ပြောတာလည်း ဟုတ်ရမယ်။ နို့မဟုတ် … တခြားလူတွေ တကယ့်ဆင်ပစ်သေနတ်နဲ့ လိုက်ပစ်တာတောင်မှ မရနိုင်တာကြီး။ ခင်ဗျားတစ်ယောက်ပဲ ဆင်ကိုသတ်တယ်ဆိုတော့ လူပြောစရာပေါ့”

“ဟဲ … ဟဲ … သိပ်လည်း အထင်မကြီးပါနဲ့။ ဘယ်သူမဆို ကျွန်တော့်လို လုံ့လရှိပြီး ဉာဏ်ဖက်ရင် ဖြစ်နိုင်တာပဲ။ ကျွန်တော် ငယ်ငယ်ကပဲ လေ့လာခဲ့တော့ ထူးချွန်တယ်ဆိုပါတော့”

“ကဲ ကြိုးစားပုံလေးလည်း ပြောပြပါဦး။ နားထောင်ရအောင်”

“ဟဲ… ဟဲ … ဒီလိုဗျာ”

ဒီလို ဆင်ဖိုးထွန်းက အေးစက်စက်ပြောလိုက်၏။

အချီအချ အလ္လာပ သလ္လာပ ပြောနေသူနှစ်ဦးမှာ တစ်ဦးက နာမည်ကျော်ဆင်ဖိုးထွန်း (ဝါ) ဆင်ဗိုလ်ထွန်းအမည်ခံ အထူးအရံရဲအုပ်ဖြစ်၍ တစ်ဦးမှာ နိုင်ငံရေးအခြေအနေအရ ဆင်ဖိုးထွန်းကြီးစိုးသော သီတာကုန်းပြင်နယ်တွင် သွားရောက်ခိုလှုံရသော သခင်ထွန်းလူတို့ ဖြစ်ကြပါသည်။

၁၉၄၉ ခုနှစ်မှာ သောင်းကျန်းသူအမျိုးမျိုးတို့က နိုင်ငံတော်အစိုးရအား အစွမ်းကုန် မီးကုန်ယမ်းကုန် ဒုက္ခပေးနေကြချိန်ဖြစ်သည့်အားလျော်စွာ သောင်းကျန်းသူတို့သည် ဟင်္သာတမြို့သို့ ၁၉၄၉ ခု မတ်လကုန်ခန့်တွင် ဝင်ရောက်လာကြပြီး လေးမျက်နှာ၊ ငသိုင်းချောင်းမြို့များကို ၁၉၄၉ ခု၊ သြဂုတ်လအတွင်း သိမ်းပိုက်လိုက်ကြ၍ အစိုးတပ်များသည် ယာယီအားဖြင့် ဆင်ဖိုးထွန်းနယ်ပယ်ဘက်သို့ ဆုတ်ခွာကြရ၏။

ထူးဆန်းပုံမှာ ရောင်စုံသောင်းကျန်းသူတို့သည် နယ်ပယ်တစ်ခုလုံး အသီးသီး အသက သိမ်းပိုက်နိုင်ကြသော်လည်း ဆင်ဖိုးထွန်း ထိန်းသိမ်းထားသော သီတာကုန်းပြင်ကိုမူ မသိမ်းပိုက်နိုင်ကြပေ။ သို့နှင့် ဟင်္သာတ၊ လေးမျက်နှာ၊ ငသိုင်းချောင်းမြို့နယ်များမှ နိုင်ငံရေး စီးပွားရေးအရ ဘေးမကင်းဟု ယူဆထားသူများသည် ဆင်ဖိုးထွန်းနယ်တွင် သွားရောက်ခိုလှုံကြရာ ထိုပုဂ္ဂိုလ်များအနက် သခင်ထွန်းလူ လည်း တစ်ယောက်အပါအဝင် ဖြစ်ပေသည်။

သခင်ထွန်းလူမှာ ဆင်ဖိုးထွန်း၏ အကြံဉာဏ်၊ ရဲစွမ်းသတ္တိ၊ ကိုယ်ကျင့်တရားကောင်းပုံကို အထူးသဘောကျ နှစ်ခြိုက်နေသူဖြစ်၍ နယ်သူနယ်သားများက အသက်အရွယ်ငယ်သေးသော ဆင်ဖိုးထွန်းအား ဘုရားတစ်ဆူ၊ ဂူတစ်လုံး အားထားကြပုံကို အံ့သြ၍မဆုံးအောင် ရှိနေသဖြင့် ထူးဆန်းသော ဆင်ဖိုးထွန်းအား ကြုံကြိုက်တိုင်း မေးမြန်းနေတတ်ပေသည်။

ဆင်ဖိုးထွန်းကလည်း လူမျိုးမရွေး၊ ဘာသာမရွေး ဆက်ဆံသူဖြစ်ရကား သူ၏ဘဝတစ်သက်တာတွင် အရိုးကြေကြေ အရေခန်းခန်း ကြိုးစားလာခဲ့ပုံများကို အကြွားအဝါမပါ အရိုးခံသက်သက်ဖြင့် သခင်ထွန်းလူနှင့်ဆုံတိုင်း အေးအေးဆေးဆေး ပြောနေတတ်၏။

ရှေးအင်္ဂလိပ်အစိုးရခေတ်က ဆင်စွယ်တစ်စုံ၏ တောရွာပေါက်ဈေးမှာ ငါးရာမျှရှိပေရာ ဆင်ဖိုးထွန်းသည် ဆင်စွယ် ဆင်ရိုး ဆင်သားများကို ရောင်းလျက် လက်ဖျားတွင် ငွေသီးနေသူဖြစ်၏။ အင်္ဂလိပ်ခေတ် အသက်နှစ်ဆယ်အရွယ်ခန့်ကပင် တစ်နှစ်တွင် ဆင်တစ်ဆယ် ဆယ့်ငါးကောင်မျှ သတ်သည်ကို အစိုးရက မသိသော်လည်း ငါးသိုင်းချောင်းမြို့နေ
ဆင်ဖမ်းဆင်သတ် လိုင်စင်ရသော အင်္ဂလိပ်လူမျိုး မစ္စတာဘတ်(ချ်) ဆိုသူမှာ ဆင်ဖိုးထွန်းအတွက် ကြီးစွာ အနှောင့်အယှက်ဖြစ်နေ၍ ထို ဆင်ဖမ်းဗိုလ် မစ္စတာဘတ်(ချ်)မှာ ဖိုးထွန်း၏ လှံလောက်မျှ အသုံးမကျသော မိမိ၏ ဘိလပ်လုပ် ဆင်ပစ်သေနတ်ကို စိတ်ဆိုးဆိုးနှင့် ချောင်ထဲ ထိုးထားရသည့် အခြေသို့ ရောက်ခဲ့ပေသည်။

သို့ဖြစ်ရာ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ပွားမီ ဥပဒေပြုလွှတ်တော်တွင် ဆင်များကို လိုင်စင်မဲ့ အများအပြားသတ်ခြင်း ပုသိမ်ခရိုင်တွင် ပေါ်ပေါက်နေသည်ကို အစိုးရသိပါသလား။ သိလျှင် ကာကွယ်ပေးပါ မည်လား အစရှိသဖြင့် မေးခွန်းများ မေးမြန်းဖူး၏။ ဤကိစ္စနှင့်ပတ်သက်၍ ပုသိမ်ခရိုင် သစ်တောအရေးပိုင်က အရေးယူစုံစမ်းသည်အထိ ဖြစ်သွားလေသည်။

သို့ရာတွင် ဒုတိယကမ္ဘာစစ်ကြီးက ဆင်ဖိုးထွန်းအား အကာအကွယ်ပေးလိုက်ရာ ဆင်ဖိုးထွန်းသည် လွတ်လွတ်လပ်လပ်နှင့် ဂျပန်ခေတ်တွင် ကြိုက်ရာဆင်ကို ထိုးသတ်နေနိုင်ခဲ့လေ၏။

ဆင်ဖိုးထွန်းသည် သခင်ထွန်းလူအား သူငယ်စဉ်မှပင် စွဲလမ်းကာ ကြိုးစားလာမှုကို သီတာကုန်းပြင်၊ ကင်းဂတ်နားရှိ သူ၏အိမ်တွင် ဆင်သားခြောက်နှင့် ဆင်ခရမ်းသီးကို ငံပြာရည်ကောင်းကောင်းနှင့်ချက် လျက် ငံပြာရည်နှင့်မှ အချိုထွက်သော ဆင်သားဟင်းကို ကျွေးမွေးဧည့်ခံရင်း တပြုံးပြုံးပြောနေလေသတည်း။

“စုံနံ့သာမြိုင် ရဂုံတွင် ထုံသင်းငယ်ကြိုင် ဂနိုင်ဟေမ” ဟု စုံနံ့သာမြိုင်ရှာပုံတော် ဦးကျော့သည် တောအမျိုးမျိုးတို့၏ ဂုဏ်ကို ဖော်၍ သီကုံးစပ်ဆိုထားသကဲ့သို့ ဆင်ဖိုးထွန်းဟု နာမသညာခေါ်ရာ ဖြစ်လာမည့် ဆင်ဇာတ်လိုက်ကြီးသည် တောပေါင်းစုံတို့ဖြင့် တန်ဆာဆင်အပ်သော ရခိုင်ရိုးမ တောင်ခြေတောင်ဖျားကျရွာ၊ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ပုသိမ်ခရိုင် ဖိုခနောက်ဆိုင်တည်ရှိသော တောကြီးမျက်မည်းအရပ်တွင် လူ့ဘဝသို့ရောက်ရှိလာ၏။

သူ၏မွေးဖွားရာ ဇာတိချက်မြှုပ်မှာ ဆင်ကနီဂုံရွာဖြစ်၍ အဖေဖြစ်သူ ဆင်မုဆိုး ဦးကုလားကြီး၏ သားကြီးသြရသဖြစ်၏။ မောင်ဖိုးထွန်း၏ တစ်ဦးတည်းသော တအူတုံဆင်း ညီရင်းချစ်ပို ကိုလူပျိုကား မောင်ညိုပင်တည်း။

မောင်ဖိုးထွန်းနှင့် မောင်ညိုတို့၏ ဖခင်သည် မောင်ဖိုးထွန်း ကျောင်းသားအရွယ်ရောက်သောအခါ ဖက်စလက်ရွာသို့ ပြောင်းရွှေ့နေထိုင်လေသည်။ သားနှစ်ဦးကိုမူ ပညာရင်နို့ သောက်စို့နိုင်ရန် ကွင်း ကလေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပို့ထားလိုက်၏။

ဦးကုလားကြီးသည် ဖက်စလက်ရွာသို့ ပြောင်းရွှေ့လာခဲ့ခြင်းမှာ တစ်ရွာမပြောင်း သူကောင်းမဖြစ် သဘောထားကာ သူ၏ အသက်မွေးဝမ်းကျောင်းနှင့် ဆီလျော်မည့်ဒေသကို ရွေး၍ ရောက်လာခြင်းဖြစ် ၏။

အကြောင်းမှာ ဖက်စလက်ရွာသည် တောတောင် အလွန်ကောင်းသောကြောင့် ဖြစ်သည်။ တံငါသည် မြစ်နားချောင်းနားကို လုသကဲ့သို့ မုဆိုးသည် တောကို လုရမည်သာ ဖြစ်၏။

မုဆိုးကြီး ဦးကုလားသည် မိမိမူလ ဆင်ကနီဂုံရွာတွင် မုဆိုးဘဝဖြင့် အသင့်အတင့် တစ်ဝမ်းတစ်ခါးလုံသော်လည်း သူ၏အကြံမှာ မတ်တတ်စာသာရှိ၍ တုံးလုံးစာမရှိသော ဤရိုးရိုးမုဆိုးဘဝမှ တစ်လှမ်း တက်လျက် သူတထူးမကြံစည်ဖူးသော ဆင်မုဆိုးဘဝကို မျှော်မှန်းပြီး အကြံကြီးကြီးနှင့် ဆင်သတ်ဆင်ဖမ်းရန် ကြံစည်၍ ဤဖက်စလက်ရွာသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

သူ၏ စိတ်ကူးအတိုင်းဆိုသော် ဆင်တစ်ကောင်ရချေက တစ်ချက်တည်းနှင့် ရတနာပုံဆိုက်၍ တစ်နှစ်တစ်မိုးဖြင့် ဗိုက်ကို ရိုက်စားနိုင်သည်ဟု စိတ်ကူးဖဲရိုက်ဖြစ်နေရှာသည်။

သို့ရာတွင် ဆင်တစ်ကောင် ရပါမည့်အရေး ဧရာမသစ်ပင်ကြီးပေါ်တွင် လေးလံသောသစ်တုံးတွင် လှံချွန်တပ်၍ ဇောက်ထိုးကြိုးဆွဲထားရ၏။

ထိုလှံချွန်သစ်တုံးကြီးကို ရေချိုးရာမှ တက်ခါ သစ်ပင်အောက်မှ ဖြတ်သန်းလာကြသော ဆင်အုပ်ကြီးအပေါ်သို့ မကောင်းသူထိပ် သဘောဖြင့် ကြိုးကိုဖြုတ်ချသော သူ၏နည်းမှာ ၃၆ ကောင် ထိုးသည့် နည်းထက်ပင် တိုက်ဆိုင်ခဲလှပေ၏။

ဖခင်၏ ပင်ပန်း၍ မသေချာလှသောအလုပ်ကို ကြိတ်မနိုင်ခဲမရ ဖြစ်နေရှာသည့် မောင်ဖိုးထွန်းမှာ ဆင်ကို ဝါးချွန်နှင့်ကပ်ထိုးလျှင် ရမှာဘဲဟု ၁ဝ နှစ်သားအတွေးနှင့် တွေးမိသည်။

ကွင်းကလေးဘုန်းကြီးကျောင်းတွင် နမောဗုဒ္ဓါယပင်မကုန်ဘဲ ဖခင်ဖြစ်သူကို ဒုက္ခပေးလှသော ဆင်ကို ထိုးသတ်ရန် ညီ မောင်ညိုကို လက်ဆွဲ၍ ဖက်စလက်ရွာသို့ လစ်လာခဲ့လေသည်။

မောင်ဖိုးထွန်း ဆယ်နှစ်သားမှာ ဖခင်နောက်မှ လိုက်သည် မှန်သော်လည်း သံဖြင့်လုပ်သော လှံကို ကိုင်ရသည်မဟုတ်။ ဝါးချွန်မြမြကလေး အဖျားကို မီးမြှိုက်ထားသော ဝါးလှံကိုသာ ကိုင်ရရှာ၏။ အကြောင်းမှာ သံဖြင့်လုပ်သော လှံတစ်ချောင်း ပျောက်လျှင်လည်းကောင်း၊ အမဲကောင်နှင့်အတူ ပါသွား၍ ဆုံးလျှင်လည်းကောင်း လှံသစ်တစ်ချောင်း ထူထောင်ရန်မှာ ဦးကုလားကြီးအဖို့ ဘုန်းကြီးကျောင်းတစ်ဆောင် ဆောက်သည်ထက် ခက်ခဲခြင်းကြောင့်ဖြစ်၏။

သို့အတွက် မောင်ဖိုးထွန်းမှာ ဝါးချွန်လှံကလေးဖြင့်သာ ကျေနပ်နေရရှာသည်။

မောင်ဖိုးထွန်းမှာ ငါ တစ်နေ့နေ့တော့ ဆင်ကို အသေထိုးလိုက်မယ်ဟု အမြဲစိတ်ကူးလျက်ရှိ၏။ သံဖြင့်လုပ်သော လှံကိုသာ ဖခင်ကဲ့သို့ ကိုင်ဆောင်ရပါက ဧကန်မုချ သေပြီသာမှတ်တော့ဟု စိတ်ထဲမှ စဉ်းစား ကြည့်၏။ ဖခင်ဖြစ်သူမှာ သား မောင်ဖိုးထွန်းက မခံချင်စိတ်ဖြင့် ကြုံးဝါးပုံကို တစ်ခါတစ်ရံ ကြားရသောအခါ၌ ပြုံးပင် ပြုံးမိသေး၏။

မောင်ဖိုးထွန်း (၁၃)နှစ်သားအရွယ်သို့ ရောက်သောအခါ ကိုယ်လက်ဖွံ့ဖြိုးလာသည်။ သူ၏ကိုယ်လုံးကိုယ်ဖန်မှာ တစ်ပါးသော ကလေးကဲ့သို့ မဟုတ်ဘဲ ကာယဗလဟန်ပြ သစ်သားရုပ်ကဲ့သို့ အထက် ပြည့် အောက်ပြည့် ညီညွတ်လှသည်။

ခြေတံလက်တံ ပြေပြစ်တောင့်တင်းလျက် အသားအရေမှာလည်း ကျောက်ခဲကဲ့သို့ မာကျောလှ၏။

ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် တောတိရစ္ဆာန်များနောက်သို့ အပြေးအလွှား လိုက်နေရင်းက ကြီးထွားလာသူဖြစ်ကာ တောတိရစ္ဆာန်တမျှ လျင်မြန်ဖျတ်လတ်ခြင်း၊ မျက်စိရှင်ခြင်း၊ လှံပစ်လှံထိုး ဖြောင့်တန်းခြင်းစသော အရည်အချင်းတို့နှင့် အံ့ဩဖွယ်ပြည့်စုံ၏။

တစ်ကြိမ်က ဝါးချွန်လှံကလေးနှင့် ဖခင်နောက်သို့ လိုက်ရင်း ဖိုးထွန်းသည် ကြောင်ကတိုးခေါ် တောကြောင်နံ့ကို ရရှိလေ၍ သစ်ပင်ထိပ်ဖျားသို့ ကြောင်ထိုးရန် တက်လိုက်သွား၏။ ကြောင်ကတိုးသည် လျင်မြန်ဖျတ်လတ်စွာဖြင့် ဟိုအကိုင်း သည်အကိုင်း ကူးပြီး ဆင်းပြေးရန် အားထုတ်စဉ် လျင်မြန်လှသော မောင်ဖိုးထွန်းသည် ကြောင်နှင့်အတူ သစ်ပင်ခြေရင်းသို့ရောက်ပြီး ဝါးချွန်ဖြင့် ကြောင်ကိုထိုးပြီး ဖြစ်နေတော့၏။

ဤနေရာ၌ မောင်ဖိုးထွန်း၏ လျင်မြန်ပုံမှာ ယုံတမ်းစကား ပြောသည်ဟု စာဖတ်သူက ထင်နေသည်ဆိုကြပါစို့။ ပင်လယ်ပိုင်းဖြစ်သော မြစ်ဝကျွန်းပေါ်နှင့် ရခိုင်တိုင်း အုန်းသီးအုန်းပင်ပေါရာအရပ်၌ ကာလသားကိုလူပျိုတို့သည် အုန်းသီးခိုးကြရာ၌ အုန်းသီးကြွေသံကြား၍ လိုက်လာသော အုန်းခင်းပိုင်ရှင်သည် အုန်းသီးရော ခိုးသူကို မတွေ့ဘဲ တစ်ခါတစ်ရံပြန်သွားရ၏။

အကြောင်းမှာ ကိုလူပျိုသည် အုန်းသီးနှင့်အတူ အောက်သို့ရောက်အောင် ပင်လုံးကို လက်ကွင်းစွပ်ကာ တစ်ချက်တည်း လျောလိုက်၍ အုန်းသီးနှင့်လူ မြေကြီးသို့ ရှေ့ဆင့်နောက်ဆင့်ရောက်နေသည်ကို ကြားဖူးကြပေလိမ့်မည်။

စာရေးသူလည်း ကိုယ်တွေ့ကြုံခဲ့ဖူးပါ။ သို့ဖြစ်၍ ဆီသည်လည်း ဆီသည်အလျောက်၊ ဆင်ထိန်းလည်း ဆင်ထိန်းအလျောက် ကျွမ်းကျင်ရာ လိမ္မာကြသည်ဟု ဆိုရိုးရှိကြသည်မဟုတ်လော။

[၄]

မောင်ဖိုးထွန်း နမောဗုဒ္ဓါယပညာကို သင်ခဲ့သော ကွင်းကလေးရွာမှာ မျှော်တောင်ခေါ် တောင်ကြီးတစ်လုံးကို ကျော်လိုက်လျှင် တစ်ညသွားခရီးဖြင့် ရခိုင်တိုင်း၊ သံတွဲခရိုင်၊ ဂွချောင်းရွာသို့ ရောက်နိုင်သည်။

တစ်နေ့သော် ကြိမ်တလီ ဂွချောင်းနယ်မှ လူထူးလူဆန်းအမျိုးသား မုဆိုးကျော် ဦးကျော်ဆိုသူသည် မောင်ဖိုးထွန်းတို့ရွာသို့ တပည့်နောက်ပါ သုံးလေးယောက်မျှနှင့် ရောက်ရှိလာ၏။

မုဆိုးဦးကျော် ရောက်လာခြင်းမှာ ဆင်စွယ်ကောင်းကောင်းလိုချင်၍ လာသည်ဟု ဆိုလေသည်။ သို့ရာတွင် ဦးကျော်သည် ဆင်စွယ်ဝယ်ရန် တိတ်တဆိတ်လာရောက်ခြင်းမဟုတ်။ (ရှေးအင်္ဂလိပ်ခေတ်က ဆင်စွယ်၊ ကြံ့ခွာ စသည်တို့မှာ ဘိန်းကဲ့သို့ ခိုးဝှက်ရောင်းဝယ်ကြရ၏။)

ကြိုက်ရာစွယ်စုံဆင်ကို လှံနှင့်ထိုးယူမည်ဟု ဆိုလေရာ ကြားရသူများမှာ … ဟဲ… ဟဲ… ဟု ရယ်ကာ ဦးကျော်အား လူကြွား စကားအိုးအဖြစ်သာ ထင်မှတ်ကြ၏။

မုဆိုးလုပ်စားသူ ဖိုးထွန်း၏ဖခင် ဦးကုလားကြီးတို့ကပင်

“ဆင်ကို လှံနဲ့ထိုးလို့ရရင် တစ်သက်လုံးပင် ကျွန်လိုက်ခံသေးရဲ့”

ဟု ပြောနေကြတော့သည်။

ဦးကျော်မှာ အသက်ငါးဆယ်ကျော် ပိန်ပိန်ပါးပါး ရောင်ကြီးဗွေ၊ ထိုးကွင်းကျားကျားနှင့် ဖြစ်ပြီး ပိတ်ဖြူခေါင်းပေါင်းစကို မင်းသားကြီးဟန် ပတ်ထား၏။ သူသည် အင်္ကျီကို ဝတ်ခဲသည်။ တောင်ရှည်ပုဆိုးကို ခပ်လျော့လျော့ ခါးတောင်းကျိုက်ထားရာ သူ၏ပုံပန်းမှာ ပွဲထဲက လူပြက်လိုလို ဖြစ်နေပေသည်။

ဖက်စလက်ရွာသားတို့သည် ဦးကျော်၏ပြောဆိုချက်ကို ပါးစပ်တွင် လေရှိ၍ ပြောသည်ဟုသာ ထင်နေကြသော်လည်း မောင်ဖိုးထွန်းမှာမူ မိမိကိုယ်တိုင် သံလှံကောင်းကောင်းနှင့် အနားသို့ ကပ်ထိုးရပါက သေနိုင်သည်ဟု အလိုလို စိတ်ကူးနေသူဖြစ်ရာ မုဆိုးဦးကျော်က ဆင်ကို လှံဖြင့်ထိုးရန်လာသည် ကြားကတည်းက မိမိစိတ်ကူးနှင့် ကိုက်ညီသဖြင့် ဦးကျော်၏ လှံကြီးကို ကြည့်ကာ လွန်စွာ သဘောတွေ့လျက် ဦးကျော်၏ အနားမှ မခွာတော့ပေ။

“ဘကြီး ဒီကနေ့ တောထဲဝင်ရင် ကျွန်တော်ပါ လိုက်ပါရစေနော်”

“အေး အေး … လိုက်ရပါတယ်ကွယ်။ ဒါပေမဲ့ ဘကြီးက ဆင်နဲ့တွေ့ချိန်မယ် နောက်ကပါတဲ့လူတွေကို သစ်ပင်ပေါ် ‘လင့်’ပေါ် တက်ခိုင်းထားတယ်။ ဘကြီးက ဆင်ကို ‘လုံးချင်း’ ထိုးတာကွယ့်”

မှတ်ချက် ။ “လင့်”ဆိုသည်မှာ သစ်ပင်မြင့်ပေါ်တွင် လုပ်ထားသော စင်ကိုခေါ်သည်။

‘လုံးချင်း’ဆိုသည်မှာ ရခိုင်စကားဖြစ်၍ တစ်ယောက်တည်း တစ်ဦတည်းကို ဆိုလို၏။

“ဟင် … ဘကြီးတစ်ယောက်တည်း ဆင်နားကို ကပ်ထိုးတယ်… ဟုတ်လား။ ဘကြီး မကြောက်ဘူးလား”

“ဟဲ … ဟဲ ဘကြီးက အနားကပ်တင်မကဘူး။ တစ်ခါတစ်လေ ဆင်ဗိုက်အောက်ကတောင် ရှောင်ပြေးလိုက်သေးတယ်။ တစ်ခါတစ်လေလည်း တင်ပါးကိုပုတ်ပြီး လှည့်အကြည့် ထိုးလိုက်တာပဲ။ တစ်ခါတစ်ခါလည်း ဆင်အမြီးဆွဲပြီးမှ ဆင်ရဲ့ဦးခေါင်းဆက် ‘မိုးသီးကျ’ ခေါ်တဲ့ ခပ်နိမ့်နိမ့်နေရာကို လက်လွှတ်ထိုးလိုက်တာပဲ။

တစ်ခုတော့ရှိတယ်။ လှံကို လိုတဲ့နေရာ လွှတ်တိုင်း ထိရမယ်။ နှစ်ခါသုံးခါထိုးဖို့ အချိန် မရှိဘူး။ တစ်ချက်ဆို တစ်ချက် စွဲမှဖြစ်တာကွ။ အဲ … လိုတဲ့နေရာကို ထိတယ်ဆို တစ်ချက်တည်း ဒူးတုပ်သွားတာပဲ”

“ဟင် တယ်ဟုတ်ပါလား ဘကြီးရာ။ ဒီပညာကို ကျွန် တော့် သင်ပေးပါလား ဘကြီး။ ကျွန်တော် လှံသာ ကိုင်ရစမ်းပါစေ၊ ကျားကိုလည်း မကြောက်ပါဘူး။ ဆင်ကိုလည်း မကြောက်ပါဘူး”

“အေး အေး … ငါ့တူက နည်းနည်းငယ်သေးလို့ပေါ့ ကွာ။ ဒီအလုပ်ဟာ သတ္တိရယ်၊ လျင်မြန်မှုရယ်၊ လှံချက်ဖြောင့်ဖို့ရယ် အဓိကပဲကွ။ လှံချက်ဖြောင့်တာကတော့ အတော်အရေးကြီးတယ်။ သတ္တိရှိပေမဲ့ လက်မဖြောင့်ရင် ကိုယ့်သေပေါက် နီးတာကွ။ လှံချက်ဖြောင့်ဖို့ရာက ကျင့်ရမယ်။ ဒီတော့ မင်း လှံပစ်ကို မနေမနားဝကျင့်ပေး သိလား”

“ဟုတ်ကဲ့ ဘကြီး၊ ကျွန်တော်သဘောပေါက်ပါပြီ။ ဘကြီးနောက်ကို ကျွန်တော် ကောင်းကောင်းလိုက်နိုင်ပါတယ် ဘကြီး။ ကျွန်တော့်ရှေ့ ဖြတ်ပြေးတဲ့အကောင်ဆို ဘာကောင်မှ မလွတ်တမ်း ထိုးနိုင်ပါတယ်။ ကျွန်တော် လိုက်ပါရစေနော်”

“ဟဲ့ကလေး… ဒီအလုပ်က ထင်သလောက် မလွယ်ဘူးနော်။ ဘေးရန်က တွေ့တယ်ဆို သေပေါက်ကများတယ်။ အဲလေ … မင်းကြည့်ချင်သပဆို လင့်ကောင်းကောင်းပေါ်က တက်ကြည့်ပေါ့ကွာ။ ဘကြီး ဘယ်လိုလုပ်တယ် ကိုင်တယ်ဆိုတာ ကြည့်ပြီး နည်းယူပေါ့ကွယ်။ ဘကြီး ဒီတစ်ခါပြန်သွားရင် နည်နည်းကြာချင် ကြာမယ်။ ဒီတော့ ငါ့တူ လည်း ကြီးရောပေါ့။ ဟုတ်လား”

မောင်ဖိုးထွန်းမှာ ဆရာကောင်းတွေ့ပါလျက် မိမိမှာ အရွယ်မမြောက်တတ်သေး၍ တက်တစ်ခေါက်ခေါက်နှင့် မချင့်မရဲ ဖြစ်နေရှာလေသတည်း။

ရခိုင်အမျိုးသား မုဆိုးဦးကျော်သည် လူပေါင်းသုံးဆယ်မျှကို လူတစ်ကိုယ် တစ်နေ့ တစ်ကျပ် ငါးမူးစသည်ဖြင့်ပေးကာ ငှားပြီး တောထဲသို့ လှံစွဲကာ ဝင်သွားလေသည်။ အငှားခေါ်သွားသော လူအုပ်မှာ ရရှိသော ဆင်ကိုဖျက်၍ ကြပ်တင်ပြီး ဆင်သားထမ်းရန်သာဖြစ်ရာ ဦးကျော်အား ဝိုင်းဝန်းကူညီရန် မဟုတ်ပါချေ။

ဆင်တစ်ကောင် ဆင်တစ်အုပ်ကိုတွေ့ရန် ကိစ္စမှာလည်း လွယ်ကူသည်မဟုတ်။ အလိုက်မသင့် (၁၀)ရက် ၁၅) ရက်မျှပင် ကြာတတ်၏။

ဆင်ကို လှံနှင့် ဘေးကပ်ထိုး၍ ရနိုင်သည်ဆိုခြင်းကို မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေကြသော ဦးကုလားကြီးနှင့် မောင်ဖိုးထွန်း၏ ဆရာတစ်ယောက်ဖြစ်သူ မုဆိုးဦးမာတို့လည်း လူအုပ်ထဲတွင် မောင်ဖိုးထွန်းနှင့်အတူ လိုက်ပါလာကြ၏။

အားလုံးသောသူတို့မှာ ကြမ်းလှသော တောလမ်းခရီးကို ခံနိုင်ရည်ရှိသူများသာဖြစ်ကြရာ ပွဲကြီးပွဲကောင်း ဟုတ် မဟုတ်၊ မဟုတ်လျှင်လည်း တစ်နေ့ တစ်ကျပ် ငါးမူး ရရှိမည်ဖြစ်၍ အရှုံးတော့ဖြင့် မရှိနိုင်ဟု တွက်ပြီး လိုက်ခဲ့ကြခြင်း ဖြစ်လေသည်။

ကံအားလျော်စွာ တောဝင်သည့်နေ့တွင်ပင် အဝေးမှ ဆင်အုပ်တစ်အုပ်၏ ခြေသံကို ကြားကြရလေ၏။ လူအုပ်ကြီးသည် နီးရာသစ်ပင်ကို တက်ကြရလေသည်။ ဦးကျော်မှာမူ မီးခြစ်တစ်ဆံကို ရှဲခနဲမြည်အောင်ခြစ်ကာ လေတိုက်ရာဘက်ကို ကြည့်သည်။

ထို့နောက် ဟိုဟိုဒီ လှည့်ပတ်ကြည့်လိုက်ပြန်သည်။ ထိုကြည့်လိုက်ခြင်းမှာ ဆင်ကို ကစားရန် နေရာကောင်း အကွက်ကောင်းကို ကြည့်ခြင်းဖြစ်၏။

ဆင်တို့၏သဘောမှာ ၁၅ ကောင် အကောင်နှစ်ဆယ် အုပ်ဖွဲ့၌ နေတတ်ကြပြီးလျှင် ‘ပန်းဆင်’ခေါ် ဗိုလ်လုပ်သော စွယ်စုံဆင်က ဆင်အုပ်ကိုထိန်းသိမ်းလျက် ရန်သူကို ကာကွယ်တတ်၏။ ဆင်များမှ ကျားသတ္တဝါကဲ့သို့ မဟုတ်ဘဲ လူနံ့ကို ကိုက်သုံးရာမျှ အဝေးကပင် လေသင့်လျှင် သိကြသော အနံ့ခံကောင်းသော သတ္တဝါများဖြစ်ကြ၏။

ကျားသတ္တဝါမှာမူ မည်သည့်အနံ့ကိုမျှ မခံတတ်ဘဲ သူ၏ ပုပ်စပ်သောအနံ့ကိုသာ တစ်ပါးသောသတ္တဝါက ရရှိ၍ အဝေးက ရှဲကြကုန်သည်။

ဤကဲ့သို့သာ သဘာဝမရှိလျှင် တောသတ္တဝါ လူသတ္တဝါတို့မှာ ကျားစာသာ ဖြစ်ကုန်ပေလိမ့်မည်။

သို့ရာတွင် ဆင်သတ္တဝါမှာ လေဆန်ဆိုပါက အနံ့မရတတ်ဘဲ ၎င်းတို့နှင့် ဝါးတစ်ပြန်မျှ အကွာအတွင်းပင် ဘာနံ့မျှမခံတတ်သော နမော်နမဲ့ သတ္တဝါများဖြစ်ကြ၏။

ဆင်အုပ်ကျရာနေရာကို အကျင့်ရှိပြီးသော မုဆိုးများသည် အဝေးကပင် သိနိုင်ကြသည်။ အကြောင်းမှာ ဆင်များ၏ လှုပ်ရှားသွားလာမှုနှင့် ဝါးပင်များကို ဂျိုးဂျိုးဂျွတ်ဂျွတ်ချိုးကာ စားကြသောအသံတို့ကို ဆင်သမားများက နားလည်ကြသည်။

ဦးကျော်သည် နောက်တော်ပါလူစု ဘေးကင်းလောက်ပြီဟု ထင်ရသောအခါ လူအုပ်ကိုလက်ပြပြီး လေအောက်မှပတ်၍ ဆင်အုပ်ဆီသို့ ထွက်သွားလေရာ သစ်ပင်ပေါ်လင့်ပေါ်ရှိ လူများမှာ အသက်ပင် မရှူရဲအောင် အကဲခတ်နေကြပေသည်။

ဦးကျော်သည် `ပန်းဆင်’ ခေါ် ဗိုလ်လုပ်သောဆင်အား လူယောင်ပြလိုက်သည်နှင့်တစ်ပြိုင်နက် ပန်းဆင်သည် ဦးကျော်ထံသို့ ဝါးလုံးထိုး တစ်ရှိန်တည်းလိုက်လာတော့၏။ ဦးကျော်သည် မိမိလိုသောနေရာ အရောက် သုတ်ခြေတင်တော့သည်။ ဦးကျော်ပြေးလာသောနေရာမှာ တောင်ခါးပန်းဖြစ်၏။ တောင်ခါးပန်းမှာ ဆင်အတွက် ခြေကုတ်မမြဲသော နေရာဖြစ်သဖြင့် ဆင်ကထင်သလောက် ခရီးမရောက်တော့ပေ။

သို့ဖြစ်ရာ ဖျတ်လတ်သောဦးကျော်က ဆင်ထက် တစ်ပန်းသာနေ၏။ ဦးကျော်သည် ဆင်ကို လုံးလုံးလျားလျားရင်ဆိုင်ပြီး တစ်ပတ် ပတ်ပြေးသည်။ ဆင်ကြီး၏နှာမောင်းသည် လေထဲတွင် တယမ်းယမ်းနှင့် ဦးကျော်အား လိုက်ဖမ်းနေရာ လင့်ပေါ်သစ်ပင်ပေါ်မှလူများမှာ အသည်းတအေးအေးနှင့် အသက်ရှူရန်ပင် မေ့နေသလို ရှိကြသည်။

ဦးကျော်သည် ဆင်နှာမောင်းနှင့်လွတ်ရုံ ကြက်ဥတစ်လုံးကွာမျှ လုပ်နေသည်မှာ အသည်းယားစရာကောင်းလှသည်။ ဆင်သည် မိမိ အလိုလိုပင် မြေညီရာ၌ ဖျပ်ခနဲ… ဖျပ်ခနဲ လှည့်နိုင်သည့် သတ္တဝါမဟုတ်ရကား တောင်ခါးပန်းတွင် ဦးကျော်လုပ်တိုင်း ခံနေရရှာ၏။

ဦးကျော်သည် ဆင်နောက် ပတ်ပြေးလိုက်၊ သစ်ပင်ကို ပတ်ပြေးလိုက်၊ လှံနှင့် မထိတထိ ခပ်နာနာလုပ်လိုက်နှင့် ဆင်ဒေါပွအောင် စပေးနေရာ ဆင်က ဒေါပွလေ ဦးကျော်ကို မမိနိုင်လေနှင့် တစ်နာရီ နီးနီးကြာသောအခါ ဆင်သည် ပင်ပန်း၍ ဒယီးဒယိုင်ဖြစ်လာတော့သည်။

ဦးကျော်နှင့် ဆင်ဖြစ်နေပုံမှာ ဘုန်းကြီးပျံတွင် ကျွဲရုပ်က,သူနှင့်ပင် တူနေ၍ သစ်ပင်ပေါ်မှလူများမှာ ရယ်ပင် ရယ်လာကြရသည်။ ဦးကျော်သည် ဆင်ကြီးတစ်ကောင်လုံးကို ကော်ရုပ်ပမာ လုပ်နေသည်ကို မောင်ဖိုးထွန်းအပါအဝင် အားလုံးက မျက်တောင်မခတ် ကြည့်နေလေ၏။

ဦးကျော်သည် ခြေကုန်လက်ပန်းကျနေသောဆင်ကို နောက်မှ အမြီးကိုဆွဲကာ ‘၎င်း၏ ဦးခေါင်းနောက်ဆက်’ မိုးသီးကျ ခေါ်သော နေရာသို့ ကျောပေါ်မှနေ၍ လှံကို တအားလက်လွှတ် ပစ်သွင်းလိုက်ရာ ဆင်ကြီး၏ ငယ်သံပါအောင် အော်ဟစ်သောအသံမှာ တစ်တောလုံး ဟိန်းသွားလေသတည်း။

(၆)

“ဘကြီး … နောက်တစ်ခေါက် ဆက်ဆက်လာခဲ့ပါနော်”

မောင်ဖိုးထွန်း သူ၏ မြင်ဆရာ ဦးကျော်အား ကန်တော့ရင်း ဦးကျော် ရွာမှ ထွက်ခါနီးတွင် တတွတ်တွတ် မှာနေရှာသည်။

“အေး … အေး ကလေး ဘကြီး လာဖြစ်အောင်ကြိုး စားမယ်။ သုံးနှစ်လောက်တော့ ကြာမလားမသိဘူး။ အခု ဘကြီး မင်းကို ဆင်နှစ်ကောင်တောင် ထိုးပြမှ မျက်စိထဲတော့ မြင်နေမှာပေါ့ . . . ဟုတ်လား။

ဆင်က တရှူးထိုးသမားပဲ။ ဘယ်လို ရှောင်တိမ်းရတယ်ဆိုတာ မှန်းပြီးကျင့်ပေါ့ ကလေးရယ်။ ဘာပညာကိုမဆို လိုလိုချင်ချင်နဲ့ မျက်ခြေမပြတ်ရင် ရနိုင်ပါတယ်။ ဘုရားဆုတောင် ပန်လို့ရကြသေး မဟုတ်လားကွ။ ဒါ ဘာခက်တဲ့အလုပ်မှတ်လို့။

ဘကြီးဖြစ်ရင် ဘယ်သူမဆို ဖြစ်ရမှာပေါ့။ သတ္တိရယ်၊ လျင်မြန်မှုရယ်၊ သတိရယ်၊ လှံချက်မှန်ဖို့ရယ်၊ ဒီအလုပ်မယ် ဒါဘဲရှိတယ်။ ကဲ … ဘကြီးပြောတာ မှတ်ထားနော်။ ဘကြီးသွားမယ်”

မောင်ဖိုးထွန်းသည် ဦးကျော်အား မျက်စိတစ်ဆုံး ငေးကြည့်ကျန်ရစ်ခဲ့ရှာသတည်း။

– ဆက်ရန် –

စာရေးသူ – မြောင်းမြမောင်ကို
စာစီစာရိုက် – မုဆိုး တံငါ စာပေများ