ဆုံးဖြတ်ချက်(စ/ဆုံး)
——————
အသက်၇၀ကျော်ဒေါ်ခင်မြင့်ဟာ ဆီးချိုနဲ့သွေးတိုးရောဂါရှိမှန်းသိခဲ့တာဆယ်နှစ်ခန့်ကြာပေပြီ၊သို့ပေမဲ့ သူကအိမ်ပေါ်အိမ်အောက်လှည်းကျင်း ရေဘုံပိုင်နှိပ် လုပ်နိုင်သမျှလုပ်နေဆဲ။
အားလပ်ချိန်မှာသူမဟာ အဝတ်အထည်အဟောင်းတွေကိုပြုပြင်ဖာထေးလေ့ရှိတယ်၊တနေ့နံနက်မှာတော့ စီဝိုင်စီအင်္ကျဟောင်းလေးကိုပြုပြင်မဲ့ဒေါ်ခင်မြင့်ဟာ လက်ချုပ်အပ်ကြီးကြီး အပ်နဖားပေါက်ကျယ်ကျယ်ကိုအပ်ချည်ထိုးဖို့အကြိမ်ကြိမ်ကြိုးစားနေပေမဲ့မအောင်မြင်။
‘မြေးလေး ၊ကျောင်းသွားတော့မလို့လား၊စောပါသေးတယ်ကွယ်၊အဖွားကိုအပ်နဖားထိုးပေးစမ်းပါ’
‘အမေကလဲ ကလေးကျောင်းသွားခါနီးမှလျှောက်ခိုင်းနေတယ်၊သွား သွား သမီး၊နင့်အဖွားကဘာမှသိတာမဟုတ်ဘူး၊အလုပ်မရှိအလုပ်ရှာ အစုတ်အပြဲတွေကိုအလကားချုပ်နေတာ’
အဖွားနားသွားမဲ့ကလေးကို သူ့အမေကဟန့်တားလိုက်တော့ ကလေးကနောက်ပြန်လှည့်သွားတယ်၊ချွေးမကသူကိုယ်တိုင်စိမ်းရုံမျှမက မြေးကိုပါသူနှင့်ရင်းနှီးစေလိုဟန်မတူ။
ပျော်စရာမကောင်းတော့တဲ့သူ့မိသားစုအခြေအနေကိုဒေါ်ခင်မြင့်သိနေခဲ့တာကြာပါပြီ၊သို့သော်သူစဥ်းစားမရ။
အဟောင်းကိုချုပ်တာဘယ်သူ့ကိုမှမထိခိုက်ဘဲချွေးမကဘာလို့မကြိုက်တာလဲ၊ငါဘာလုပ်လုပ် သူမကြည်ဘူးလား၊ဒီအိမ်မှာ ငါ့ဩဇာဘာမှမရှိတော့ဘူးလား၊ကိုယ့်မြေးကိုတောက်တိုမယ်ရလေးတောင်ခိုင်းခွင့်မရှိဘူးလား…..
ဒေါ်ခင်မြင့်ကအတွေးကိုဖြတ်ပြီး
‘ဖိုးသေးဘယ်သွားလဲ သမီး’
ဒေါ်ခင်မြင့်ဟာသမီးနှစ်ယောက် မွေးဖွားပြီးတော့ဖိုးသေးကိုမွေးခဲ့တယ်၊သားယောက်ျားလေးမို့ဝမ်းသာရပေမဲ့ ကိုယ်ဝန်ရှစ်လနဲ့မွေးခဲ့တော့ လမစေ့ပေါင်မပြည့် တကယ့်ကိုသေးသေးလေးပေါ့၊အလွန်ချူချာလို့ မိခင်ဒေါ်ခင်မြင့်မှာအအိပ်ပျက်အစားပျက် ပိုးမွေးသလိုမွေးခဲ့ရတယ်။
‘ချစ်မိုးအောင်’လို့နာမည်ကောင်းကောင်းပေးခဲ့ပေမဲ့ တရွာလုံးက’ဖိုးသေး’လို့ပဲခေါ်ကြတယ်၊ဖိုးသေးနေမကောင်းလို့ဆေးရုံကြီးကိုသွားရင် ဆရာဝန်ဆရာမတွေကပြောကြတယ်။
‘ဖိုးသေးတို့သားအမိလာပြန်ပြီလား’ တဲ့။
ခုတော့ ဖိုးသေးကတောသားပီပီအသားညိုညို ဗလကောင်းကောင်း၊ဒေါ်ခင်မြင့်အပင်ပန်းခံပြုစုခဲ့တဲ့အကျိုးပေါ့။
‘ကိုဖိုးသေးက အစောထဲကအခင်းဆင်းသွားပြီလေ၊အထူးဆန်းလုပ်လို့အမေကလဲ’
ချွေးမရဲ့လေသံနဲ့ပြောဟန်ကိုမကြိုက်ပေမဲ့ ဒေါ်ခင်မြင့်ကရော့ရဲရဲအပြုံးနဲ့
‘ဒီမနက် အမေ့မျက်စိကခါတိုင်းထက်မှုန်တယ်၊ဆီးလဲအတော်များတယ်၊သွေးချိုတအားတက်နေလားမသိဘူး၊အဲဒါဖိုးသေးကိုမြို့ဆေးခန်းကိုပို့ခိုင်းမလို့ပါကွယ်’
‘ဒီရက်ပိုင်းတော့ကိုဖိုးသေးကဘယ်လိုမှအားမှာမဟုတ်ဘူးအမေရေ၊ပဲခင်းကိုဆေးဖျန်းနေတာ၊အိမ်စောင့်မရှိတော့ ကျုပ်လဲ မလိုက်နိုင်ဘူး၊အမေ့သမီး’မသင်းခိုင်’ကိုသာပြောကြည့်ပေတော့’
ဖိုးသေးဟာဒေါ်ခင်မြင့်ရဲ့သားဆိုပေမဲ့ ဆိုင်သာဆိုင် မပိုင်တော့ဘူးလေ၊သူ့မိန်းမခွင့်ပြုမှဒီမအေကိုလိုက်ပို့ပေးနိုင်မှာ။
အိမ်စောင့် ဆိုတာလည်း နေ့လည်နေ့ခင်းတော့ သူတို့တောမှာအရေးတကြီးမလိုပါဘူး၊တံခါးသော့ခတ်ပြီးအိမ်နီးချင်းကိုမှာထားခဲ့ရင်ပြီးတာကို၊အဓိကပြဿနာက လိုက်ပို့သူကဆေးဖိုးရှင်းပေးရမှာကိုတွန့်တိုကြတာလေ။
စက်လှေခကအစကုန်ကျငွေကိုဒေါ်ခင်မြင့်ကပေးပေမဲ့သူတို့အတွက်မကောင်းဘူးလေ၊ဒီတော့ဝတ်ကျေတန်းကျေတခေါက်နှစ်ခေါက်အပြင်လိုက်မပို့ချင်ကြ၊ဒေါ်ခင်မြင့်ကလည်းကိုယ့်သားသမီးကိုယ်အားနာမိလို့ တယောက်တည်းသွားတဲ့အကြိမ်မနည်းတော့။
ဒေါ်ခင်မြင့်က ပြောပြောဆိုဆိုအိမ်အောက်ဆင်းသွားတဲ့ချွေးမခင်ပိုပိုရဲ့နောက်ကျောကိုကြည့်ပြီး လွန်ခဲ့တဲ့ဆယ်နှစ်ကဒီအိမ်ပေါ်ချွေးမတက်ရောက်လာခဲ့တဲ့ခင်ပိုပိုကိုမြင်ယောင်နေမိတယ်။
အဲ့တုန်းကအခင်းတောင်သူလုပ်ငန်းကိုဒေါ်ခင်မြင့်ဦးဆောင်ဦးရွက်လုပ်ကိုင်ခဲ့တယ်၊သူဘာပြောပြော ဒီချွေးမလေးက’ ဟုတ် အမေ့၊ဟုတ် အမေ့’ နဲ့ ယဥ်ကျေးလိမ္မာ အလွန်ချစ်စရာကောင်းခဲ့တယ်၊စားပွဲရှေ့ရောက်ခူးခပ်ကျွေးခဲ့တယ်။
‘ရေချိုးပြီးတက်ပါ အမေရဲ့၊လုံချည်ကိုပိုပိုလျှော်လိုက်ပါ့မယ်’
‘အမေဘာဟင်းစားချင်လဲ၊ပိုပိုတော့မုန်ညင်းဖူးချဥ်ရည်နဲ့ငါးဘတ်ဆီပြန်ချက်မလားလို့’
‘ပန်းကန်တွေဘာလို့ဆေးနေတာလဲအမေရယ်၊အားလုံးပြီးရင်ပိုပိုဆေးမှာပေါ့’
‘ပိုပိုမြို့ကိုဈေးဝယ်သွားမလို့၊အမေ့အတွက်ဘာဝယ်ပေးခဲ့ရမလဲ’……….
ကိုယ့်ရွာသာမကအနီးအပါးရွာတွေကသက်တူရွယ်တူတွေအားကျလိုက်ကြတာ။
‘ဒေါ်ခင်မြင့်တယောက်ချွေးမရကံကောင်းလိုက်တာ၊သူမွေးထားတဲ့သမီးတွေထက်တောင်တော်သေး’ ဆိုပါလား။
ချွေးမကိုအားကိုးယုံကြည်မှုတွေနဲ့သူ့လက်သူ့ခြေလုပ်ပိုင်ခွင့်တွေပေးပြီးတဲ့အခါမှာတော့ ခင်ပိုပိုရဲ့အချိုးတွေကတနေ့တခြားပြောင်းလဲသွားခဲ့တယ်၊သူ့ယောက်ျားဖိုးသေးကိုလည်းမီးသေတယ်လေ။
လူရိုးလူအေးမောင်ဖိုးသေးကအရာရာ’ပို့’ သဘော၊မိခင်အလိုကိုသူမသိပေမဲ့ မိန်းမမျက်နှာညိုမှာတော့စိုးရိမ်တတ်သား။
‘သမီး’သင်းခိုင်’အမေသိပ်နေမကောင်းလို့ မြို့ဆေးခန်းသွားချင်လို့၊မျက်စိတွေတအားမှုန်ပြီး အားလဲမရှိဘူး၊သွေးချိုမစစ်ရတာအတော်ကြာပြီ၊သမီးအားရင်အမေ့ကိုပို့ပေးပါအုံး၊ဖိုးသေးတို့လင်မယားကမအားကြလို့’
အလတ်မ’သင်းသင်းခိုင်’က ကင်မွန်းချဥ်ညွန့်လေးတွေခူးရင်းမိခင်ကိုတချက်ကြည့်လိုက်တယ်၊သားသမီးတွေထဲမှာသူကအချောင်လည်ဆုံး။
‘အော်..အားတယ်လို့ဘယ်ရှိမှာလဲအမေရယ်၊လုပ်စရာတွေအများကြီးပါ့၊ဒါပေမဲ့လိုက်မဲ့သူမရှိရင်လိုက်ပေးပါ့မယ်၊ဒါနဲ့ အမေ ‘နှင်းခိုင် ‘ကိုမေးပြီးပြီလား၊သူကတော့နှမ်းရိတ်ပြီးလို့အားနေမှာပေါ့’
ဒေါ်ခင်မြင့်ဟာလွန်ခဲ့တဲ့လေးနှစ်အခင်းပေါ်ချိန်မှာသွေးချိုစမ်းဖို့စက်တလုံးဝယ်ဖြစ်ခဲ့တယ်၊သမီးကြီး’ဝင်းဝင်းခိုင်’ကသွေးဖောက်ပြီးစစ်ပေးတယ်။
သားသမီးတွေထဲမှာသူကအထူးချွန်ဆုံး၊ဘွဲ့ရပြီး မြို့မှာအိမ်ထောင်ကျတော့ ရွာကိုသူလာတဲ့အခါမှသွေးချိုစစ်ရတယ်၊အရဲစွန့်ပြီး တုန်တုန်ဆာဆာနဲ့ကိုယ့်လက်ကိုယ်ဖောက်စစ်တော့လည်းဘာမှားသလဲမသိ၊အဖြေကမထွက်။
၂နှစ်လောက်ကြာတော့အဲ့ဒီစက်ရဲ့စမ်းသပ်တဲ့ကဒ်ပြားလေးတွေကိုဝယ်မရတော့ဘူး၊စက်အသစ်လည်းမဝယ်ဖြစ်တော့ မြို့ဆေးခန်းကိုလိုက်ပို့မဲ့သူရှိမှစစ်ရတော့တယ်။
သွေးချိုတက်ရင် သားသမီးတွေကဆရာဝန်ကိုတိုင်တောရင်းဆူပြောကြတယ်။
‘အမေကအစားပက်စက်တယ်ဆရာ၊ဆေးကျတော့မှန်မှန်မသောက်ဘူး၊အမေ့ကိုပြောရတာငရဲကြီးပါတယ် ဆရာရယ် ‘
တကယ်တော့ ဒီအမေအိုမှာကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သောက်ရတယ်၊ဝယ်ပေးမဲ့လူကြုံမရှိတဲ့အခါ ဆေးပြတ်ရတယ်၊ရံခါငယ်ပေါင်းအကြောင်းသိ’ဒေါ်ကျန်’ထံကပိုက်ဆံချေးပြီးဝယ်ရတယ်။
တွေဝေနေတဲ့ဒေါ်ခင်မြင့်ကိုသင်းသင်းခိုင်ရဲ့အသံကလှုပ်နှိုးလိုက်တယ်။
‘ကိုယ့်အသက်လဲကိုယ်ကြည့်ပါဦး အမေရယ်၊၇၀ကျော်မှတော့ငယ်တုန်းကလိုဘယ်အားရှိမှာလဲ၊မျက်စိကလဲနှစ်ဖက်လုံးခွဲထားပြီးပြီကော၊ဆီးချိုဆေးမှန်မှန်သောက်၊မျက်စဥ်းခပ်၊ပြီးတာပဲ’
ပေါ့ပေါ့တန်တန်ပြောရက်ပါပေ့ အလတ်မရယ်၊ဒီမအေကိုပူပင်ရကောင်းမှန်းသူမသိ၊မိခင်ဘယ်လောက်အားငယ်နေတယ်ဆိုတာလည်း သူနားမလည်။
မိခင်ကိုစိုးရိမ်ပူပန်လို့မဟုတ်ဘဲ သူစိမ်းတယောက်ပမာ မကောင်းတတ်လို့လိုက်ပေးမဲ့သဘောမျိုးမို့ဒေါ်ခင်မြင့်လက်မခံလို။
သားဦးကိုယ်ဝန်ကို ဒီသမီးမဖွားနိုင်တော့ ညတွင်းချင်းစက်လှေငှားပြီး မြို့ဆေးရုံကိုဒီမအေပဲပို့ပေးခဲ့ရတယ်၊အရပ်လက်သည်ကိုအပ်ပေးထားတဲ့ယောက္ခမက ပိုက်ဆံတပြားမှမထုတ်။
ခွဲခန်းဝင်နေတဲ့သမီးအတွက် ဘုရားစာတတွတ်တွတ်ရွတ်နေတဲ့မိခင်ရဲ့အပူကိုတချိန်မှာသမီးလတ်စာနာတတ်ကောင်းပါရဲ့။
ဒေါ် ခင်မြင့်ကသမီးငယ်’နှင်းနှင်းခိုင်’ ထံသွားဖို့အထွက်မှာ သင်းသင်းခိုင်ကအနောက်ကလှမ်းအော်ပြောတယ်။
‘မြို့ဆေးခန်းကိုသွားရင်ပိုက်ဆံပိုပိုသာသာထည့်သွားနော်အမေ့၊ဆေးဈေးတွေတအားတက်တယ်တဲ့’
ရွာတောင်ပိုင်းကနှင်းနှင်းခိုင်တို့အိမ်ကိုသွားရင်း သုံးနှစ်အရွယ်သမီးငယ်ရဲ့ပုံရိပ်လေးတွေကိုမြင်ယောင်ပြီးတကိုယ်တည်းပြုံးမိတယ်။
‘ဒါ ဒို့အမေ၊နင်ကအမေ့သမီးမဟုတ်ဘူး၊လှည်းလမ်းကြောင်းကကောက်ရတာ’
အကြီးမနှစ်ယောက်ကမိခင်ကိုဖက်ထားပြီး နှင်းနှင်းခိုင်ကိုအနားမကပ်နိုင်အောင်လက်ကာထားကြတယ်။
မအေထံဘယ်လိုမှချဥ်းကပ်မရတဲ့အခါ နှင်းနှင်းခိုင်ဟာကြမ်းပြင်ပေါ်ပစ်လဲပြီးလူးလိမ့်ငိုတယ်၊တက်မတတ်ချက်မတတ်ငိုတယ်၊နှုတ်ခမ်းတွေပြာလာတဲ့အထိပဲ။
‘တော်ကြတော့ တော်ကြတော့၊ဒါလောက်ကြီးမစကြနဲ့၊ငါ့သမီးလေးအမောဆို့သွားလိမ့်မယ်’
ဒေါ်ခင်မြင့်ကသမီးငယ်ကိုပွေ့ချီပြီးယုယချော့မော့တယ်၊မောမောနဲ့အိပ်ပျော်သွားတာတောင် တချက်တချက်ရှိုက်နေရှာတယ်၊မအေကိုအဲ့လောက်ချစ်တဲ့သမီးလေး။
‘အမေ့ကိုဘယ်လောက်ချစ်လဲ’
အကြီးမတွေကသူ့အမူအရာကိုကြည့်ပြီးရယ်ချင်လို့ ခဏခဏမေးကြတယ်၊သူကလက်နှစ်ဖက်ကိုဖြန့်ကားပြီးချစ်စဖွယ်ပြောတတ်တယ်။
‘မိုးလောက်ကြီး ချစ်တယ်’
သားသမီးငါးယောက်ထဲမှာအတီတာဆုံးသမီး၊ခုတော့ သူ့မှာလည်းသားတယောက်သမီးတယောက်ထွန်းကားနေချေပြီ။
တရွာထဲနေကြတယ်ဆိုပေမဲ့ မြောက်ပိုင်းနဲ့တောင်ပိုင်း သူကလည်းမလာ ဒီအမေအိုကလည်းမရောက်နိုင်၊အမေကိုတွေ့ရင် အံ့ဩဝမ်းသာဘယ်လိုခရာမယ်မသိ။
‘အော် မမြင့်ပါလား၊မနှင်းရေ နင့်အမေလာတယ်’
ယောက္ခမကပြောလိုက်တော့ အိမ်ပေါ် ထပ်ပြတင်းပေါက်မှာနှင်းနှင်းခိုင်မျက်နှာပေါ်လာပြီး အပြေးတပိုင်းအောက်ဆင်းကြိုတယ်၊ဒေါ်ခင်မြင့်အမောပြေသွားတာပေါ့။
‘အမေနေကောင်းလား ၊စောစောစီးစီးဘာဖြစ်လို့လဲအမေ့’
‘ကျန်းမာရေးမကောင်းလို့သမီးရယ်၊သွေးချိုတက်နေပြီထင်တာပဲ၊အမေမြို့ဆေးခန်းသွားချင်တယ်၊သွေးချိုမစစ်ရတာ သုံးလေးလလောက်ရှိပြီ’
‘အကိုကဘာလို့လိုက်မပို့တာလဲ၊အမေကအကို့ကိုမပြောဘူးလား’
‘ဖိုးသေးကိုအရာရာမပြောချင်ပါဘူးသမီးရယ်၊ကုန်ကုန်ပြောရရင် သားသမီးတွေကိုအမေဘာမှမပြောချင်ပါဘူး၊ဘယ်သူ့မှလဲဒုက္ခမပေးချင်ပါဘူး’
ဒေါ်ခင်မြင့်ကပြောရင်းနဲ့မျက်ရည်ဝိုင်းလာတယ်၊နှင်းနှင်းခိုင်ရဲ့ယောက္ခမကအလိုက်တသိအိမ်အောက်ဆင်းသွားတယ်၊သူတို့ရွာလေးဟာရေကြီးချိန်မှာနှစ်စဥ်ရေတက်လို့ ခြေတံရှည်အိမ်တွေပဲဆောက်ကြတယ်။
‘အမေ့မြေးပေါက်စက တညလုံးဂျီတိုက်လို့ သမီးလဲအိပ်ရတယ်မရှိဘူး၊ဒါပေမဲ့အမေ့ကိုလိုက်ပို့ပေးပါ့မယ်၊ခက်တာက သီးနှံမပေါ်သေးတော့ သမီးလက်ထဲမှာငွေမရှိဘူး’
‘အမေစုထားတဲ့ပိုက်ဆံရှိပါတယ်သမီးရယ်၊အမေကတယောက်ထဲမသွားရဲလို့မဟုတ်ဘူး၊ဆရာဝန်ကဒီအသက်အရွယ်ကြီးတယောက်တည်းမသွားလာဖို့မှာထားလို့ပါ’
‘တရက်နှစ်ရက်လောက်နေမှသွားလို့မရဘူးလား အမေရယ်၊ကိုမင်းကလဲထင်းတိုက်သွားတယ်၊အမေ့ဟာကဗြုန်းစားကြီးဆိုတော့’
စကားတတ်သူမို့ တဲ့တိုးမပြောပေမဲ့ နှင်းနှင်းခိုင်ကလည်းအင်တင်တင်၊ဒီသမီးကတော့အခြားသားသမီးတွေထက်အချစ်ပိုတယ်လို့ယုံစားမှုတွေမှေးမှိန်သွားခဲ့ပြီ။
သူတို့ငယ်စဥ်ကဒီအမေရဲ့အိပ်ပျက်ညတွေ သူတို့ကိုကျောပိုးပြီးအခင်းဆင်းခဲ့တာတွေ ပြောပြရင်ပိုတယ်ထင်လိမ့်မယ်။
‘ညမအိပ်ရရင် နေ့လည်နေ့ခင်း တရေးတမောအိပ်ပေါ့သမီးရယ်၊အမေပြန်အုံးမယ်နော်၊ခဏဆိုပြီးထွက်လာတာ၊ခင်ပိုကိုတောင်မပြောခဲ့ရဘူး’
ဒေါ်ခင်မြင့်ကနှုတ်ဆက်ပြီးဆင်းခဲ့တော့ နှင်းနှင်းခိုင်ကတထောင်တန်နှစ်ရွက်ကို မိခင်ရဲ့အပေါ်ဖုံးအင်္ကျီအိတ်ထောင်ထဲထိုးထည့်ပေးတယ်။
‘ဒီမှာ စက်လှေခနှစ်ထောင်နော်အမေ့၊ဟိုရောက်ရင်တွေ့တဲ့ဆိုက္ကားသာငှားလိုက်၊ဆိုက္ကားခကိုမမကြီးဆီရောက်မှတောင်းပေးလိုက်၊အဲ့မှာအမေပျော်သလောက်နေခဲ့ပေါ့’
နှင်းနှင်းခိုင်အိမ်ကပြန်လာတော့နံနက်၁၀နာရီထိုးလုပြီ၊ဆေးခန်းမှာအစာမစားဘဲသွေးချိုစစ်ဖို့ ဘာမှလဲမစားထား၊ဝမ်းထဲကဟာတာတာ ခေါင်းထဲကနောက်တောက်တောက် အမြင်ကမှုန်ဝါးဝါး။
ဒါပေမယ့် သူအိမ်မပြန်ချင်၊သူ့အိမ်ဆိုပေမဲ့သူ့ကိုကြိုဆိုမဲ့သူမရှိ၊နွေးထွေးမှုမရှိ။
တရွာသားနဲ့အိမ်ထောင်ကျသွားခဲ့တဲ့သမီးထွေး’လင်းလင်းခိုင်’ကိုအောက်မေ့မိတယ်၊ဒီသမီးငယ်စဥ်ကဆိုးနွဲ့ပြီးအစာငတ်ခံဆန္ဒပြတတ်တယ်။
ကြီးလာတော့ ယောက်ျားကိုစိတ်ကောက်တဲ့အခါ ယောင်းမနဲ့ရန်ဖြစ်တဲ့အခါ မိဘနေအိမ်ပြန်လာတတ်တယ်၊ခုတော့နေသားကျသွားလို့လားမသိ၊မပေါ်လာအတော်ကြာ။
သားသမီးကမိဘရင်ခွင်အချိန်မရွေးပြေးဝင်ခိုလှုံနိုင်ပေမဲ့ မိဘတွေမှာတော့တော်ရုံမျှနဲ့သားသမီးကိုအပူမပေးလို။
ဒေါ်ခင်မြင့်ရဲ့ခြေလှမ်းတွေက စက်လှေဆိပ်ကိုဦးတည်၍သဲသောင်ပြင်မှာရုန်းကန်ရွေ့လျားလျက်၊မတ်စောက်တဲ့ကမ်းပါးအဆင်းကို လူငယ်တွေကသွက်သွက်ဆင်းသွားကြတယ်၊သူ့မှာတော့ခြေချော်မှာစိုးလို့ လုံချည်အပေခံပြီးတင်ပါးနဲ့ဖြည်းဖြည်းလျှောဆင်းခဲ့ရတယ်။
စက်လှေကလူပြည့်အောင်စောင့်နေဆဲ၊ဒေါ်ခင်မြင့်ဟာအရင်ရောက်နှင့်တဲ့ခရီးသည်တွေနားမှာထိုင်လိုက်တယ်။
ဘယ်သားသမီးအကူအညီမှမယူဘဲ ဘယ်သူ့မှမပြောဘဲ ခုလိုထွက်ခဲ့ရတာကျေနပ်မိသလိုလို၊ငါ့ကိုဂရုမစိုက်ချင်သူတွေ နောက်မှ ငါမြို့ကိုသွားပြီဆိုတာသိကြစမ်းပလေ့စေ…
‘အဖွား စက်လှေခ’
အတွေးနဲ့ ကြိတ်ပြုံးနေမိတဲ့ဒေါ်ခင်မြင့်သတိဝင်လာပြီး သမီးငယ်နှင်းနှင်းခိုင်ပေးလိုက်တဲ့တထောင်တန်နှစ်ရွက်ခေါက်လေးကိုပေးလိုက်တယ်။
‘ဒီတရွက်က တေ့ကပ်ကြီး၊လဲပေးပါဦး အဖွား’
‘ဟင် ဟုတ်လား၊မသိပါဘူးကွယ်၊အဖွားမှာလဲအဲ့နှစ်ရွက်ပဲပါတယ်၊အပြန်ကျမှလဲပေးရင်မရဘူးလား သားရယ်’
စက်လှေသမားကပြူးပြူးပျာပျာဖြစ်သွားတဲ့အမယ်အိုကိုသနားသွားဟန်တူရဲ့၊ငွေစက္ကူအနွမ်းနှစ်ရွက်ကိုသူ့လွယ်အိတ်ထဲထိုးထည့်လိုက်တယ်။
‘အမေကလဲ အမေ့စိတ်ချည်းပဲ၊အမေ့သမီးတွေကမလိုက်ပေးဘူးပြောတာမှမဟုတ်တာ၊တရက်နှစ်ရက်စောင့်တာမဟုတ်ဘူး၊အမေ့တယောက်တည်းသွားလို့တခုခုဖြစ်ရင် သားသမီးတွေအဆိုးဖြစ်အုံးမယ်၊အမေလဲသိသားပဲ၊တောင်သူဆိုတာသူ့အချိန်အခါနဲ့သူလုပ်ကြရတာ’
အကြီးမဝင်းဝင်းခိုင်ကဗျစ်တောက်ဗျစ်တောက်ဆူပြောတော့ ဒေါ်ခင်မြင့်မှာကျောင်းအုပ်ကြီးရှေ့ရောက်နေတဲ့အပြစ်ရှိကျောင်းသားလေးပမာ၊ရွာကသားသမီးတွေကိုခြေကန်ပြီးထွက်ခဲ့မှတော့ သူပြောသမျှပေါ့လေ။
ဆေးခန်းရောက်တော့ ဆရာဝန်က
‘ဒေါ်ခင်မြင့်မလာတာကြာပြီကော၊ဒီတခါတော့သမီးပါသားပဲ၊သွေးချိုစစ်ဖို့စက်ဝယ်ပြီးပြီလား’
‘မဝယ်ရသေးပါဘူးဆရာရယ်၊အစာမစားဘဲစစ်ချင်လို့ ခုထိဘာမှမစားရသေးဘူး’
‘ဟင် ဟုတ်လား၊၁၂နာရီတောင်ကျော်နေပြီ၊လာ လာ ဒေါ်ခင်မြင့်အတော်ဆာနေမှာပေါ့’
‘ဒေါ်ခင်မြင့်ရဲ့သွေးချိုကဒီအချိန်ထိဘာမှမစားဘဲနဲ့တောင်၂၂၀ရှိတယ်၊ဆေးမှန်မှန်မသောက်ဘူးလား၊ထမင်းတွေအများကြီးစားလို့လား’
‘ထမင်းအများကြီးမစားပါဘူးဆရာရယ်၊ဆေးကတော့ပြတ်တဲ့အခါပြတ်တယ်’
‘သွေးပေါင်ချိန်ကတော့၁၄၅/၉၀၊အများကြီးမတိုးပါဘူး၊ဆီးနဲ့သွေးမစစ်တာကြာပြီ၊နေ့ချင်းပြန်မဟုတ်ရင်စစ်လိုက်လေ’
ဒေါ်ခင်မြင့်ကသမီးကြီးမျက်နှာလှမ်းကြည့်တယ်။
‘ရေးပေးလိုက်ပါဆရာ၊စစ်လိုက်ပါ့မယ်’
သမီးကသဘောတူတော့ဆရာဝန်က ဓာတ်ခွဲစစ်ဆေးဖို့ရေးပေးတယ်၊သွေးချိုနဲ့သွေးတိုးကျဆေးတခါတည်းတိုက်ပြီးစားဆေးတချို့ပေးလိုက်တယ်။
‘အစာအရင်ကျွေးလိုက်ဦးနော်သမီး၊မေမေသိပ်ဆာနေလိမ့်မယ်၊အဖြေတွေကိုမနက်ဖြန်မှလာပြ၊ဒီနေ့မေမေနားပါစေ’
နောက်တနေ့ နံနက်မှာဆေးခန်းကိုဓာတ်ခွဲအဖြေတွေသွားပြကြတယ်၊အဖြေတွေကောင်းပါစေဆုတောင်းရင်းဒေါ်ခင်မြင့်ရင်ခုန်နေမိတယ်။
ကျောက်ကပ်မထိသေးဘူးလို့ဆရာဝန်ကပြောတော့ဒေါ်ခင်မြင့်ပျော်သွားတယ်၊ခေါပုတ်နှစ်ခုစားခဲ့ပြီးသွေးချိုပြန်စစ်တာ ၁၆၀တဲ့။
ဆေးဆိုင်မှာဆရာဝန်ဝယ်ခိုင်းတဲ့ဆေးတလစာဝယ်ပြီးသားအမိနှစ်ယောက်ပြန်ခဲ့ကြတယ်၊ဆိုင်ကယ်ပေါ်မှာသမီးနောက်ကထိုင်လိုက်ရင်းဒေါ်ခင်မြင့်ရဲ့စိတ်ကအတိတ်ကမ္ဘာဆီသို့။
သမီးထွေးလင်းလင်းခိုင်ငါးနှစ်အရွယ်မှာ မုဆိုးမဖြစ်ခဲ့တဲ့ဒေါ်ခင်မြင့်ဟာ သမီးကြီးဆယ်တန်းတက်တော့ မြို့ကဈေးကြီးတဲ့ဘော်ဒါကိုပို့ခဲ့တယ်၊သူများတွေပြောကြသလိုလိုင်းကောင်းကောင်းရအောင်ပေါ့၊နေပူမိုးရွာမရှောင်ရုန်းကန်ရှာဖွေခဲ့ရပေမဲ့ ပန်းတယ်လို့မညည်းခဲ့။
အင်း..ခုတော့ဘွဲ့ရပညာတတ် အမေပင်ပန်းရကျိုးနပ်တဲ့သမီး၊ဘွဲ့ဝတ်စုံနဲ့သူ့ဓာတ်ပုံကြီးကိုအိမ်ရှေ့ခန်းမှာချိတ်ပြီးဂုဏ်ယူရတဲ့သမီး၊ဝင်ငွေကောင်းတဲ့ကျူရှင်ဆရာမကြီးပေါ့။
‘စက်လှေဆိပ်ရောက်ပြီအမေ့၊အမေ့ကိုဒီမှာအေးဆေးနေခိုင်းမလို့၊ဒါပေမဲ့ ဖိုးသေးတို့ သင်းခိုင်တို့စိတ်ပူနေမှာစိုးလို့ပြန်ပို့လိုက်တာ၊သမီးလဲအတန်းဝင်ရအုံးမယ်၊ဒီမှာစက်လှေခနှစ်ထောင်၊အော် မေ့နေလိုက်တာ၊ဆရာဝန်ဆီမှာပေးတာရော သွေးစစ်ခတွေ ဆေးဖိုးတွေအားလုံးပေါင်းကိုးသောင်းလေးထောင် သမီးစိုက်ထားတယ် နော်အမေ့’
တကယ်တော့ ဒေါ်ခင်မြင့်ကသမီးကြီးရဲ့အိမ်ပြန်လမ်းလို့ထင်ခဲ့တာ၊ခုတော့စက်လှေဆိပ်၊အော် ငါ့ကိုပြန်ခိုင်းနေတာပါလား၊မကျန်းမာတဲ့အမေအိုဟာသူ့မှာဝန်ပိုဟန်တူရဲ့။
သူ့ပညာရေးအတွက်နားကပ်ပါမကျန်ချွတ်ရောင်းခဲ့တဲ့ဒီအမေကို အကြွေးမှတ်ထားပါအုံးသမီးရယ်။
‘အေးပါသမီးရယ်၊အခင်းပေါ်တော့အမေ့ကိုပေးရမဲ့အထဲကနှိမ်လိုက်ပါကွယ်’
သမီးကြီးက မအေကိုစက်လှေပေါ်အရောက်တွဲပြီးပို့တယ်၊ဒီမအေရဲ့မျက်ရည်စတွေကိုမမြင်ဟန်ပြုရော့သလား။
ဒေါ်ခင်မြင့်တယောက်သူမွေးထားတဲ့သားသမီးတွေအကြောင်းကောင်းကောင်းသိခဲ့ရလေပြီ။
လွန်ခဲ့တဲ့ငါးနှစ်ကျော် ဒေါ်ခင်မြင့်မျက်စိအတွင်းတိမ်ခွဲစိတ်ကုသပြီးပြန်လာတဲ့တနေ့မှာ သူ့အိမ်ကိုရွာလူကြီးလေးယောက်ရောက်လာခဲ့တယ်။
‘ဒေါ်ခင်မြင့်နေကောင်းလား၊အင်း..ကျွန်တော်တို့အသက်တွေလဲခုနစ်ဆယ်ထဲရောက်ကုန်ကြပြီ၊ခန္ဓာကလဲအမျိုးမျိုးဖောက်ပြန်နေကြပြီနော်’
ဒေါ် ခင်မြင့်ကလိုရင်းကိုမသိဘဲ
‘ဦးသိန်းတို့ကကျွန်မထက်အသက်ကြီးပေမဲ့ ကျွန်မနဲ့စာရင်အများကြီးကျန်းမာပါတယ်၊ကျွန်မသာအမျိုးမျိုးဖြစ်နေတာ’
ထီးဆောင်းမှာဒေါ်ခင်မြင့်မျက်စိခွဲတဲ့ကိစ္စအနည်းငယ်ပြောကြပြီးနောက်
‘ကျွန်တော်ပြောချင်တာလဲအဲ့ဒါပဲ ဒေါ်ခင်မြင့်ရေ၊ဘယ်နေ့ဘယ်ရက်ရယ်လို့မသိနိုင်ကြတော့ သားသမီး တွေအတွက်ကြိုတင်စီစဥ်ထားကြဖို့ပါ’
ဒေါ်ခင်မြင့်တွေဝေနေခိုက်မှာခမည်းခမက်တယောက်ရဲ့တူကအသင့်ယူလာတဲ့မြေပုံတခုကိုထုတ်ပြတယ်။
‘ဒါ ဒေါ်လေးရဲ့အခင်းမြေကွက်ပုံပါ၊ဒေါ်လေးသိတဲ့အတိုင်းဧကလေးဆယ်ကျော်ရှိတယ်၊ဒေါ်လေးရဲ့သားသမီးငါးယောက်ကိုရှစ်ဧကစီအညီအမျှဒီလိုပိုင်းခြားပြီးခွဲဝေပေးမယ်ဆိုရင် ဒေါ်လေး ဘယ်လိုသဘောရလဲ၊အဲ ပိုနေတဲ့ဒီထိပ်ပိုင်းကအကွေးလေးကတော့ဒေါ်လေးအပိုင် ဒေါ်လေးကြိုက်သလိုစီမံပေါ့၊တယောက်ယောက်ကိုအစုချလဲရတယ်၊အဲဒါဒေါ်လေးဆေးဖိုးဝါးခနဲ့လိုရာသုံးပဲ’
သူကမြေကွက်ကိုထောက်ပြီးရှည်ရှည်လျားလျားရှင်းပြတယ်၊မျက်စိခွဲပြီးကာစ မျက်မှန်နဲ့အသားမကျသေးတဲ့ဒေါ်ခင်မြင့်က သူ့အခင်းမြေကွက်ကိုအခုမှတွေ့ဖူးသလိုအားစိုက်ပြီးကြည့်နေရှာတယ်၊မျှော်လင့်မထားတာမို့ခေါင်းတောင်မူးချင်လာတယ်။
သူကဆက်ပြီးရှင်းပြတယ်၊ကျန်လူတွေကခေါင်းတညိမ့်ညိမ့်။
‘အားလုံးကောင်းဖို့အတွက်ကျွန်တော်တို့စိတ်ကူးမိတာလေးပြောပြတာပါ၊ဒေါ်လေးကိုယ်တိုင်လုပ်လို့အခင်းကတနှစ်ကိုသိန်း ၆၀ ရတယ်ထားပါ၊သားသမီးငါးယောက်က ၁၀သိန်းစီပေးမယ်ဆိုရင်ဒေါ်လေးမပင်မပန်း သိန်း၅၀ရမှာပေါ့၊ ဒေါ်လေးကိုပေးပြီးပိုတာသူတို့လုပ်အားခပဲ၊သူတို့လဲရရင်ရသလိုပိုပိုသာသာပေးကြမှာပါ’
နောက်ခမည်းခမက်တယောက်ရဲ့မောင်ကဖြည့်စွက်ပြီးတော့
‘အရီးကိုချက်ချင်းကြီးမဆုံးဖြတ်ခိုင်းပါဘူး၊အခုချပြတာတွေကလဲ လောလောဆယ် အလုပ်ဖြစ်ဖို့သာပါ၊တကဲ့အတည်က မပြောကောင်းမဆိုကောင်း အရီးကွယ်လွန်ပြီးမှပါ’
ကိုယ့်မိသားစုအတွက်ကိုယ်တောင်မစဥ်းစားမိတာကို သူတို့ကသေချာစဥ်းစားပေးထားတာပဲ၊သူတို့ပြောတာလည်းဟုတ်တုတ်တုတ်။
အစောပိုင်း၂နှစ်လောက်တော့ လူကြီးတွေပြောသလိုလေးငါးသောင်းပိုပေးကြတယ်၊နောက်နှစ်များမှာတော့အကြောင်းအမျိုးမျိုးနဲ့တို့စိတို့စိပေး၊ဟိုဟာဒီဟာနဲ့နှိမ်လိုနှိမ်၊ဆိုင်းပါဦး လျှော့ပါဦးပြောလိုပြော၊ပြန်ချေးတဲ့သူကပြန်ချေး၊သူကစာရင်းအင်းလည်းမလုပ်တတ်။
နိဂုံးချုပ်တော့ဒေါ်ခင်မြင့်မှာပစ္စည်းလက်မဲ့၊သားသမီးပေးစာကမ်းစာစားနေရတဲ့အဖြစ်မျိုး။
နံနက်၁၁နာရီ တက်နေပူပူအောက်မှာ စက်လှေသမားကပါစင်ဂျာစောင့်နေခိုက် ဒေါ်ခင်မြင့်ကစက်လှေပေါ်ကပြန်ဆင်း၊အပေါ်ဖုံးအင်္ကျီခေါင်းဆောင်းပြီး သောင်စပ်မှာဖိနပ်ခုထိုင်လျက်။
ဆောင်းနှောင်းကာလရေနည်းပါးချိန် ၊သဲသောင်တွေကိုကွေ့ပတ်မောင်းနေကြတဲ့စက်လှေတွေ မြေနုကျွန်းပေါ်ကပဲခင်းတွေ ကိုင်းပင်တွေကိုကျော်လွန်ပြီးသူ့ရွာကိုရေးရေးမြင်ရတယ်၊ဒေါ်ခင်မြင့်တယောက်ငေးမိငေးရာ၊တွေးမိတွေးရာ။
‘သားသမီးကံမကောင်းတဲ့ငါဟာ မိဘတွေအပေါ်မှာ တာဝန်မကျေခဲ့လို့လား…’
‘ငါ့ကိုချစ်သူ ခင်သူ လိုအပ်သူရှိသေးရဲ့လား၊ငါဟာသားသမီးတွေကိုဒုက္ခပေးနေတဲ့ရောဂါသည်လူအိုလူပိုကြီးလား…’
‘ကိုယ့်ကိုမလိုတော့တဲ့သူတွေအတွက်ဦးစားပေးမှာလား၊ကိုယ့်အတွက်ကိုယ်မစဥ်းစားတော့ဘူးလား၊ရွာလူကြီးတွေစီမံချက်ကိုလိုက်နာမိတာမှားနေပြီလား…’
‘ရွာမှာငါ့ကိုစောင့်မျှော်နေသူမရှိဘဲ ငါဘာလို့ပြန်မှာလဲ’
အဝေးတနေရာကိုမျှော်ငေးနေတဲ့ဒေါ်ခင်မြင့်ရဲ့နှလုံးအိမ်မှာ သူ့အပေါ် ချစ်ခင်ကြင်နာမှုမရှိ ဥပေက္ခာပြုရက်တဲ့သားသမီးတွေရဲ့ပုံရိပ်များသာလွှမ်းမိုးနေတယ်၊စိတ်ဓာတ်လည်းအကျကြီးကျနေတယ်။
‘ဘာမှသုံးစားမရတဲ့ငါ့ခန္ဓာကိုယ်၊သူများမပြောနဲ့ ကိုယ့်ကိုယ်ကိုယ်တောင်မုန်းချင်တယ်၊စက်လှေနဲ့လိုက်သွားပြီး မြစ်လယ်ကောင်ကျမှရေထဲခုန်ချလိုက်ရင်ကောင်းမလား…….’
အတွေးတွေနဲ့ ယောက်ယက်ခတ်နေတဲ့ဒေါ်ခင်မြင့်ခေါင်းထဲမှာအလင်းရောင်တချက်လက်ကနဲ။
‘အဖွား စက်လှေထွက်တော့မယ်ခင်ဗျ’
‘အဖွားမလိုက်တော့ပါဘူးကွယ်’
‘ဗျာ! ‘
နေပူထဲမှာအစောင့်ကြီးစောင့်ပြီး တကယ်ထွက်တော့မယ်ဆိုတော့ မလိုက်တော့ဘူး ဆိုပါလား၊စက်လှေသမားကနားမလည်နိုင်စွာခေါင်းကုတ်လျက်။
ဒေါ်ခင်မြင့်ဟာကမ်းပါးပေါ်ကိုမောဟိုက်ပင်ပန်းစွာပြန်တက်ခဲ့တယ်၊သစ်ပင်ရိပ်မှာရပ်ထားတဲ့ဆိုက္ကားသမားကိုငှားတယ်။
‘ဘယ်ကိုပို့ပေးရမလဲ အဖွား’
‘တရားရိပ်သာကို၊ ဘယ်လောက်ပေးရမလဲ’
‘နှစ်ထောင်ပါအဖွား’
ကတ္တရာလမ်းပေါ် တငြိမ့်ငြိမ့်ပြေးနေတဲ့ဆိုက္ကားပေါ်မှာဒေါ်ခင်မြင့်ရဲ့ဆုံးဖြတ်ချက်ကခိုင်မာသည်ထက်ခိုင်မာ။
ရိပ်သာမှာတမြန်နှစ်(လွန်ခဲ့တဲ့၂နှစ်)ကဆုံခဲ့တဲ့ဓမ္မမိတ်ဆွေရှေ့နေဒေါ်သီတာနဲ့အခန့်သင့်တွေ့တယ်၊ဒေါ်ခင်မြင့်ကသူချစ်ရသလောက် သူ့ကိုမချစ်ကြတဲ့သားသမီးတွေအကြောင်းရင်ဖွင့်တယ်၊ပြီးတော့ သူ့ဆုံးဖြတ်ချက်ကိုမှတ်တမ်းတင်စေတယ်။
‘ဒေါ်ခင်မြင့်ပိုင်ဆိုင်သည့်မြေလေးဆယ်ဧကအနက် နှစ်ဆယ်ဧကကိုသားသမီးငါးယောက်အညီအမျှခွဲဝေရန်၊အမှတ်စဥ်၁ မှ ၅ အထိပိုင်းခြားသတ်မှတ်၍ မဲကျရာမြေကွက်ကိုလုပ်ကိုင်ကြရန်၊ကျန်နှစ်ဆယ်ဧကရောင်းရငွေကို မိမိဆေးဖိုးတဝက်ချန်ပြီး ကျန်တဝက်ကိုရိပ်သာထာဝရဆွမ်းပဒေသာပင်အတွက်လှူဒါန်းရန်’
ရှေ့နေဒေါ်သီတာကနည်းနည်းစဥ်းစားပြီး
‘မမမြင့်သားသမီးတွေလိုက်လာပြီး ပြန်ခေါ်ရင် ပြင်လို့ရတယ်နော်၊လိုက်ချင်လဲလိုက်သွားပေါ့၊ဒါအကြမ်းပဲရေးထားတာ’
‘ကျွန်မကသားသမီးတွေကိုချစ်တဲ့စိတ်နဲ့အမြဲခွင့်လွှတ်ခဲ့တာပါ၊ဒါပေမဲ့ကြာတော့စိတ်ဒဏ်ရာတွေများလာတယ်ထင်ပါရဲ့၊ လာခေါ်လဲမလိုက်တော့ပါဘူးဒေါ်သီတာရယ်၊သူတို့အပေါ်ကျွန်မတာဝန်ကျေခဲ့ပြီးပြီပဲ’
‘ကျန်းမာရေးမကောင်းတဲ့အခါ သားသမီးတွေအနားမှာရှိတာမကောင်းဘူးလား မမမြင့်ရယ်’
‘အနားမှာဘယ်သူပဲရှိရှိ စေတနာကအဓိကပါ ဒေါ်သီတာရယ်၊ဒီမှာဓမ္မမိတ်ဆွေတွေရှိသားပဲ၊နေစရာ စားစရာလဲမပူရဘူး၊အတွယ်အတာတွေဖြတ်ပြီး ကျွန်မတရားအရိပ်မှာပဲပျော်တော့မှာပါ’
သားသမီးကိုနှောင်ဖွဲ့တဲ့သံယောဇဉ်ကြိုးဟာမည်မျှခိုင်မာသည်မသိ၊ဖြတ်တော့မယ်ဆိုတဲ့ဒေါ်ခင်မြင့်ရဲ့အသံကဆို့နင့်နင့်၊မျက်နှာကပြိုတော့မဲ့မိုးပမာ အုံ့မှိုင်းမှိုင်း၊သောကမျက်ရည်တွေက ဖိတ်အန်ကျမလိုပြည့်လျှံဝိုင်း။
လူနာတယောက်ရဲ့ဘဝမှန်။
ရွှင်လန်း ချမ်းမြေ့ပါစေ ။
#အင်ကြင်း (ကသာ)
11.2.2025