ညဖယ်ရီ

Posted on

ညဖယ်ရီ(စ/ဆုံး)

—————–

“ကဲကဲ လူစုံပြီလား စုံပြီဆို အားလုံးကားပေါ်တက်ကြဟေ့”

“စုံပြီ ဦးနိုင်”

ဝန်ထမ်းတစ်ဦး၏ အသံကြောင့် ဦးနိုင်
ညO.T ဆင်းထားသော ဝန်ထမ်း ၈ယောက်အား
လိုက်ပို့ရန် ဖယ်ရီကားပေါ်သို့ တတ်၍ နေရာယူလိုက်သည်။

ရုပ်သံတည်းဖြတ်ခြင်းလုပ်ငန်းလုပ်ဆောင်ရသော အလုပ်ဖြစ်တာကြောင့် ရံဖန်ရံခါ နေ့ဆိုင်း ညဆိုင်းခွဲ၍ အချိန်ပိုဆင်းအလုပ်လုပ်ကြရတတ်သည်။ ညအချိန်မတော် ထိုဝန်ထမ်းများအား ပြန်ပို့ပေးရသည့်အလုပ်အား မငြီးမညူလုပ်ကိုင်ပေးနေသော ဦးနိုင်မှာ ဝန်ထမ်းများနှင့် အတော်ပင်ရင်းနှီးလှပေသည်။

ထိုနေ့ ဝန်ထမ်းများအလုပ်ပြန်ချိန်မှာ သန်းခေါင်ယံ နှစ်နာရီ အချိန်ခန့်ပင်ဖြစ်သည်။ ကားပေါ်တွင်လည်း တစ်ချို့ဝန်ထမ်းများမှာ ပင်ပမ်းလွန်း၍ အိပ်ပျော်နေကြသည်။

လမ်းတစ်လျှောက်တွင် တစ်ချို့နေရာ၌ သွားလာနေသောကားများရှိသော်လည်း
တစ်ချို့နေရာများတွင် မရှိသလောက် ရှင်းလင်းနေသည်။ လိုက်လံ ပို့ဆောင်ရမယ့် နေရာများမှာ
စမ်းချောင်း သုဝဏ္ဏ အင်းစိန် စသည့်မြို့နယ်များပင်ဖြစ်သည်။ထို့​နောက် ဦးနိုင် လမ်းတစ်နေရာတွင် ဖယ်ရီကားအား ခတ္တရပ်၍ ဖယ်ရီလမ်းကြောင်းစာရွက်အားကြည့်ရင်း…

“ဒီနေ့တော့ လိုက်ပို့ရမယ့် လမ်းကြောတွေက ဝေးလိုက်တာကွာ….ကဲကဲ …ဦးနိုင် စမ်းချောင်းကို အရင် လိုက်ပို့မယ် …ပြီးရင် အင်းစိန် ပြီးမှ သုဝဏ္ဏ အဆင်ပြေသလိုသွားလိုက်မယ်ကွာနော် ”

“ဟုတ် ဦးနိုင်”

ဦးနိုင်တစ်ယောက် ပြောပြောဆိုဆိုဖြင့် ကားအနောက်သို့ တစ်ချက်လှန်းကြည့်သည်။ဖုန်းသုံးနေသူလည်းရှိသလို မှေးအိပ်နေသောဝန်ထမ်းများလည်းရှိသည်။ ထို့နောက် ဗိုလ်တစ်ထောင်ဘက်မှ စမ်းချောင်းသို့ …ဦးနိုင် ကမ်းနားလမ်းအတိုင်းမောင်းနှင်လာခဲ့တော့သည်။ ဦးနိုင်တစ်ယောက် ကားမောင်းရင်း သီချင်းတအေးအေး ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကားရှေ့ခန်းမှ ဖွင့်ထားသော သီချင်းသံ ခပ်တိုးတိုးအား လိုက်၍ ဆိုငြီးနေသည်။ထို့နောက် လသာဘက်မှ စမ်းချောင်းသို့ ဦးတည်မောင်းနှင်လာခဲ့တော့သည်။

ဝန်းထမ်း ၂ယောက်မှာ စမ်းချောင်း ရှင်စောပုဘုရားလမ်းတွင် ဆင်းကြလေသည်။

“ဦးနိုင်ကျေးဇူးပဲနော် ဂရုစိုက်မောင်းသွားအုန်းဗျ”

“အေးအေး ဂွတ်နိုက် ညီလေးတို့”

ဦးနိုင် ဆင်းသွားသောဝန်ထမ်းနှစ်ယောက်အားပြန်လည် နှုတ်ဆက်ပြီး ကျန်ရှိနေသော ဝန်ထမ်း ၆ယောက်အားလိုက်ပို့ရန် မြေနီကုန်းမှ တဆင့် လှည်းတန်းဘက်သို့ ဦးတည်မောင်းနှင်လာသည်။

“ကဲ ဦးနိုင် လှည်းတန်းကနေ အင်းစိန်ဘက်သွားမယ်နော် အဆင်ပြေတယ်မဟုတ်လား”

“ဟုတ် ဦးနိုင်”

ဦးနိုင်တစ်ယောက် မြေနီကုန်းမှ စတင် ထွက်ခွာလာတော့သည်။ လမ်းတွင် ကားတစ်ချို့ကို မြင်ရပေမယ့် အင်းစိန်သို့အရောက်တွင် လမ်းပေါ်ကားများမရှိသလောက်ဖြစ်လာသည်။ထိုစဥ် နောက်ခုံတန်းမှ

“ဦး နိုင် သမီးတို့ကို အဲ့ရှေ့က လမ်းလေးထဲ ကားလေးဝင်ပေးပါလား ခွေးတွေ တအားလိုက်ဆွဲလို့
သူတို့က ကားအောက်တွေမှာဝင်နေကြတော့
သမီးတို့ ၄ ယောက် အဆောင်ပြန်တိုင်း ထွက်ထွက်ပြေးရလို့ ”

“အော်… အေးအေး အရင်တစ်ခေါက်က ညီးတို့က ဦးနိုင်ကိုသေချာမှ မပြောတာ ဒီလမ်းနော် ဟုတ်တယ်မဟုတ်လား ကား ပြန်ကွေ့လို့ရလား”

” ရတယ် ဦးနိုင် ထိပ်မှာ လမ်းကွေ့ရှိတယ်”

“အေး အေးအေး”

လမ်းသွယ်လေးအတိုင်း ကားအားမောင်းနှင်လာပြီး အဆောင်ရှေ့တွင် ထိုမိန်းကလေး၄ယောက်အား ကားရပ်ပေးလေသည်။

“ဦးနိုင်ကျေးဇူးနော် လမ်းထဲ ဝင်ပေးလို့ ”

“အေးပါအေးပါ ….ဒါနဲ့ နေပါဦး နင်တို့အဆောင်က
ဒီလို ည ၃…၄ နာရီ ကြီးပြန်တော့ လက်ခံလား
အဆောင်ပိုင်ရှင်က မပြောဘူးလား”

“အဆောင်ဆိုတာ သမီးတို့ သူငယ်ချင်း ၄ယောက် အိမ်စုငှားထားတာကိုပြောတာ ဦးနိုင် ဟိုလိုအဆောင်လို့ပြောတာမဟုတ်ဘူး”

“အော်…သဘောပေါက်ပြီ သဘောပေါက်ပြီ
ကဲကဲ သွားတော့သွားတော့ ဦးနိုင်လည်း သွားပီဟေး”

ကားအား လမ်းကွေ့လေးအတိုင်း ပြန်ကွေ့၍ မောင်း
နှင်လာစဥ် ကားအနောက်ခန်းမှ…

“ဦးနိုင်”

“ဟေ …ဘာတုန်း”

“ဟိုလေ ကျွန်တော်တို့ နှစ်ယောက်ကို သမိုင်းလမ်းဆုံမှာပဲ ချပေးခဲ့လို့ ရမလား”

“ဟေ မင်းတို့ အိမ်မပြန်ကြတော့ဘူးလား”

“ဟုတ်တယ်ဦးနိုင် ..ကျွန်​တော့်ဘော်ဒါအိမ်က ဒီနားတင် သူ့ကို စာပို့လိုက်တာ သူရှိတယ် ဘော်ဒါတွေ ဝိုင်းနေကျတယ်တဲ့ အဲဒါ အဲဒီမှာပဲ ကျွန်​တော်တို့ သွားအိပ်လိုက်တော့မလို့ ဦးနိုင်”

“အော်.. အေးအေး…လမ်းဆုံ မီးပွိုင့်ဆို ရပြီလား”

“ရပြီ ဦးနိုင်”

“အေးအေး”

ထို ဝန်ထမ်းကောင်လေး နှစ်ယောက်အား
ဦးနိုင် သမိုင်းလမ်းဆုံသို့ လိုက်ပို့ပေးသည်။

“ကဲ ဦးနိုင် သွားပြီ ကျေးဇူးပဲဗျာ
မနက်ဖြန်တော့ Off ရတယ် သပတ်ခါမှ တွေ့ကြမယ် ဦးနိုင်”

“အေးကွာအေးအေး ”

ထို့နောက် ဦးနိုင် ..ပြန်ပို့ရမည့်စာရင်းအားကြည့်ရင်း

“ကဲ …. သုဝဏ္ဏနော် ”

“ဟုတ် ဦးနိုင်”

မိန်းကလေးတစ်ယောက် အသံ ကြားလိုက်ရ၍ ဦးနိုင် ကားနောက်သို့ လှန်းကြည့်လိုက်စဥ်
ခုံအနောက်ဆုံးဒေါင့်တွေ ထိုင်နေသော မိန်းကလေးအား လှန်းမြင်လိုက်ရသည်။

“ဟဲ့ …ညည်းတစ်ယောက်ပဲ ကျန်တော့တာလား”ဟု

ဦးနိုင် လှန်းအော်မေးသည်။

“ဟုတ် ဦးနိုင်”

“အေးအေး ဒါနဲ့ ညည်းရှေ့ခုံတွေမှာ လာထိုင်လို့ရတယ်နော် ”

ထို မိန်းကလေးမှာ

“ဟုတ် ဦးနိုင်” ဟုသာပြန်ဖြေသည်။

ထို့နောက် ဦးနိုင် ဖယ်ရီကားအား သုဝဏ္ဏ ဖက်သို့ ဦးတည်မောင်းနှင် လာသည်။

လမ်းတစ်နေရာတွင် မီးပွိုင့်နီနေသောကြောင့် ဦးနိုင် ကားအားခတ္တရပ်လိုက်သည်။ ထိုအချိန် အတွေးတစ်ခု ဦးနိုင်ခေါင်းထဲသို့ ဝင်လာခဲ့ရာ…
ဦးနိုင်အတွေးထဲတွင်…

” နေပါဦး စာရင်းထဲ ၈ယောက်ပဲ ပါတာ
ဆင်းသွားတာ ၈ယောက်ပြည့်နေပြီပဲ ဒီကောင်မလေးက ထပ်တိုးအချိန်ပိုဆင်းတဲ့ သူလား”

ဦးနိုင် ထိုသို့တွေးနေစဥ် …

“ဟေး ကောင်မလေး ညီးကို ငါဘယ်ကိုလိုက်ပို့ရမှာလဲ ပြီးတော့ ဒီဖယ်ရီကား List ထဲ ညီးနာမည် မပါလာဘူးနော် ဦးနိုင်က ညီးကို သုဝဏ္ဏ ဘက် လိုက်ပို့ ရမှာလား”

“ဟုတ် ဦးနိုင် ”

ဟုတ်ဦးနိုင်ဆိုသောအသံနှင့် အတူ ဖယ်ရီကားနောက်မှ စူးစူးရှရှ ကားဟွန်းတီးသံ ထွက်ပေါ်လာတော့သည်။

“တီ …..တီ ….”

မီးပွိုင့်စိမ်းနေခြင်းအား ဦးနိုင် သတိမထားမိ၍ နောက်မှ အိမ်ကားတစ်စီးမှ ဟွန်းတီး အော်ဟစ်​နေတာကြောင့် အရှေ့သို့ အာရုံပြန်စိုက်၍ ကားကို ဆက်၍ မောင်းလာတော့သည်။ သို့သော် အတွေးထဲ
ဇဝေ ဇဝါဖြင့် ကားနောက်ကြည့်မှန်မှနေ၍ နောက်သို လှန်းကြည့်လေရာ ခုန ကျန်ရစ်နေသေးသော မိန်းကလေးမှာ ဦးနိုင် ကားမောင်းနေသော ခုံ ၏ နောက်ကပ်လျှက်ခုံတွင် ရောက်ရှိနေခြင်းကို ဦးနိုင် ရုတ်တရက်မြင်လိုက်ရလေသည်။

ဦးနိုင်စိတ်ထဲ နောက်မှာနေရတာ မိန်းကလေးတစ်ယောက်ထဲမို့ ရှေ့သို့ တတ်လာ၍ ထိုင်ခြင်းဟုပင် ဖြည့်တွေးလေသည်။ သူကိုယ်တိုင်ပင် ရှေ့လာထိုင်ရန် ခေါ်မိထားတာကြောင့်လည်း ဒီ ကလေးမ ရှေ့ခုံလာထိုင်သည်ဟု ပြန်တွေးနေမိသည်။

ထို့နောက်…

“သမီးရေ ညီး သုဝဏ္ဏ ဘယ်နားဆင်းမှာလည်း”

ရုတ်တရက် ဦးနိုင် ကားမောင်းရင်း လှန်းမေးလိုက်စဥ်….

ကားအနောက်မှ….

“ဗိုလ်တစ်ထောင်” ဟု

ကျယ်ကျယ်လောင်လောင်သံပြိုင် ထွက်ပေါ်လာလေသည်။ ထိုအသံမှာ လူတစ်ယောက်တည်း အသံ မဟုတ်ဘဲ ကားအပြည့် လူအသံ ဖြစ်နေတာကြောင့် ဦးနိုင်ရုတ်တရက် ကားမောင်းနေရင်းမှ နောက်သို့
ကမမ်းကတမ်းလှန်းကြည့်လေရာ… ကားနောက်တွင် လူတစ်ယောက်မျှရှိမနေပေ….

“အမလေး…ဘုရား ဘုရား ဟို ကောင်မလေးရော
ဟိုကောင်မလေးရော ”

ဦးနိုင် မောင်းလက်စ ဖယ်ရီကားအားရုတ်တရက်လမ်းဘေးကပ်ရပ်၍ တလှပ်လှပ်တုန်နေသောရင်ဘက်အား ဖိ၍ ဘုရားတမိနေလေတော့သည်။
ရောက်နေသည့် နေရာမှာလည်း လမ်းမကြီးတစ်နေရာဆိုပေမယ့် အလင်းရောင်မဲ့နေသည်။ အရာရာ မှိန်တုပ်တုပ်ဖြစ်နေသည်။ ဝန်းကျင်တွင်လည်း ကားတစ်စီးမျှမရှိတာမို့ ဦးနိုင် ကြောက်စိတ်ဟာ ပိုမို ကြီးမားလာကာ ကားစက်အား အမြန်ပြန်နှိုး၍ လာရာလမ်းသို့ ပြန်ကွေ့မောင်းလာတော့လေသည်။ ကြောက်စိတ်ကြောင့် ကားမောင်းနေသော အရှိန်အား သတိမထားမိနိုင် ရုံးသို့ အမြန်ပြန်ရောက်ရန်သာ ဦးနိုင် အသဲအသန်မောင်းနေရသည်။ ခေါင်းချွေးများပျံ နေပြီး ကားထဲ ရှိ ကားကက်ဆက်အား အသံ ခပ်ကျယ်ကျယ်လှန်းဖွင့် ရင်း ကားအား
ခပ်မြန်မြန်မောင်းနှင်လာသည်။ လမ်းမကြီးထက်တွင် ဦးနိုင် နှလုံးခုန်သံဟာ တဒိန်းဒိန်း ကားစီယာတိုင်ကိုင်ထားသော လက်မှာပင် ချွေးစေးများပျံနေလေသည်။
ထိုသို့ အသဲ အသန်မောင်းနေစဥ် …
ဦးနိုင် ကားအနောက်ဖက်မှ
ခေါ်သံတစ်ခုထွက်ပေါ်လာတော့သည်။

“ဦး နိုင်”

ကြားကြားချင်းမှာပင် ဦးနိုင်နားကို မိုးကြိုးပစ်ခံ ရလိုက်သလို ဝုန်းဒိုင်းကျဲ ကြေမွသွားသကဲ့သို့
ကျယ်လောင်စွာ “အမလေး” ဟု တမိတော့လေသည်။

“အမလေး ဘုရား ဘုရား…ငါဘယ်လိုလုပ်ရမလဲ ငါဘာလုပ်ရင်ကောင်းမလဲ ”

ဦးနိုင် ခေါ်သံအားပြန်မထူးရဲပေ ထို့အတူ နောက်သို့လှည့်၍လည်းမကြည့်ရဲ ဖြစ်နေရှာရတော့သည်။ ထိုစဥ် ….

“ဦးနိုင်”
“ဦးနိုင်”…. ဟူ၍ လူအယောက် သုံးဆယ်မျှ ဝိုင်းခေါ်နေသယောင်ရှိသော နာမည်ခေါ်သံ ကြီးမှာ ဖယ်ရီ ကားတစ်ခုလုံး ဟိန်းထသွားလေတော့သည်။

ဦးနိုင်လွန်စွာကြောက်လန့်နေလေပြီ ကားအား အရှိန်ပျင်းစွာမောင်းရင်း ဘုရားစာအား ဆက်တိုက်တဖွဖွရွတ်နေလေသည်။ သီချင်းသံကိုလည်း မပိတ်ထားပဲ
ကြောက်စိတ် လျော့အောင် နှင့် လှန်းလှန်းခေါ်နေသော အနောက်ဖက်မှ အသံများအားမကြားရလေအောင် ခပ်ကျယ်ကျယ်ဖွင့်ထားတော့သည်။ထိုစဥ်…

“ဦးနိုင်” ဟူသော အသံကြီးမှာ မကြာမကြာလှန်း၍

ဦးနိုင်အားလှန်း လှန်း ခေါ်နေရင်း တစ်စ တစ်စ …ပို၍ ပို၍ နီးကပ်ကျယ်လောင်လာပါတော့သည်။

“ဘုရား ဘုရား ငါဘာလုပျရမလဲ ”

ဦးနိုင် လွန်စွာစိတ်ဆင်းရဲစွာ ​ရေရွတ်၍ ကြောက်လန့်နေရတော့သည်။ နောက်မှ ခေါ်သံ ဘယ်လောက်ကြားကြား လှည့်မကြည့်ပေ ပြန်လည်းမထူးပေ
ကားကို အရှိန်ကုန်တင်၍ ရုံးရှိရာသို့ သာ အမြန်မောင်းလာခဲ့တော့သည်။ ထိုသို့မောင်းနေစဥ် မှာပင် ရုတ်ရက် ကားမှာ အရှိန်ဖြင့် ထိုးရပ်သွားပြီး လွန်စွာတိတ်ဆိတ်သွားလေတော့သည်။

“ကျွီ………..”

ကားရပ်တန့်သွားစဥ် ဦးနိုင်တစ်ယောက် ကားစက်အား အသဲ အသန်ပြန်နှိုးလေရာ ကားမှာ စက်နိုး၍ မရတော့ပေ….

“ဘုရား…ဘုရား ကားကလည်းအရေးထဲ ဘာထဖြစ်
ရတာလဲ ကွာ”

ထိုသို့ ဦးနိုင် အသဲအသန်ဖြစ်နေစဥ် အနောက်ခန်းမှ …

“ဦးနိုင်”ဟု

ကျောချမ်းစရာခေါ်သံများထပ်မံ ထွက်ပေါ်လာပြန်သည်။
ထိုခေါ်သံကြောင့် ဦးနိုင် ကားစက်အား အသဲ အသန်နှိုးနေရာမှ ရုတ်တရက် ရပ်တန့်သွားပြီး အသံလာရာသို့ မျက်လုံးအားမှေး၍ ဖြည်းညင်းစွာလှည့်ကြည့်လေရာ ကားအနောက်ဖက်ရှိ ကားခုံနေရာအပြည့်တွင် သက်လက်အရွယ်စုံ လူပေါင်းစုံ ထိုင်နေကြသည်ကို ဦးနိုင် တွေ့လိုက်ရလေတော့သည်။ ထိိုသို့တွေ့တွေ့ချင်း ဦးနိုင် တစ်ကိုယ်လုံးတုန်တတ်သွားပြီး အလျှင်အမြန်ရှေ့သို့ ပြန်လှည့်ရင်း တအီးအီး အသံတိတ်၍ ညှစ်အော်နေလေတော့သည်။

“အီး……ဘာကြီးတွေလဲ ဘာကြီးတွေလဲ”

ထို့နောက် ကြံရာမရသည့်အဆုံး ကားပေါ်မှဆင်းပြေး
ရန်ပြင်လေရာ…ကားတံခါးမှာဖွင့်မရပေ အတင်းဆောင့်တွန်းဖွင့်သော်လည်း ပွင့်မလာတာကြောင့် ဦးနိုင် အသံ ထွက်သည်အထိ ကားမှန်ကို လက်ဖြင့်ရိုက်နှက်ရင်း အော်ဟစ်လေတော့သည်။

” ဒုံး ဒုံး ဒုံး…..”

“ကယ်ကြပါဦး ကယ်ကြပါဦးဗျာ…..”

ထိုသို့ ဦးနိုင် ဆောက်တည်ရာမရ ဖြစ်နေချိန်
ဦးနိုင် ဖုန်းသို့ message တစ်ခု ဝင်လာသောအသံ တစ်ခု ထွက်ပေါ်လာသည်။ ထိုအသံ ကြားရရချင်း
ချက်ချင်းဆိုသလို ဦးနိုင် နောက်သို့ လှည့်ကြည့်လေရာ ကားပေါ်တွင် မည်သူမျှမရှိတော့ပေ သို့ပေမယ့် ကားတွင်းထဲတွင် ခြောက်ခြားစရာကောင်းလွန်းနေတာကြောင့် အနောက်ဘက်သို့ ဦးနိုင် ရဲ ရဲ မကြည့်ရဲ​တော့​ပေ ထို့နောက် မြည်လာသောဖုန်းအားဖွင့် ကြည့်လေရာ အချိန်ပိုဆင်းနေသော ဝန်ထမ်းဖြစ်သူ ထံမှ စာဝင်လာခြင်းပင်ဖြစ်သည်။

(ဦးနိုင် ကျွန်တော်တို့စောင့်နေတာကြာပြီ ရုံးအောက်
မှာဖယ်ရီ မတွေ့လို့ အားလုံးစောင့်နေတာ အရမ်းကြာလို့ အခု ရုံးပေါ်ပြန်တတ်နေတာ ဖယ်ရီကားဘာဖြစ်လို့လဲ ဦးနိုင် စာရရင် အကြောင်းပြန်ဦးနော် ဖုန်းဆက်တာ ဆက်သွယ်မှု့ဧရိယာပြင်ပပဲ ပြောနေလို့ ဦးနိုင်)

ထိုစာကြောင့် ဦးနိုင် မျက်လုံးမျက်စံ ပြူးသွားကာ ရှိသမျှ ဖုန်းတိုင်းအား လိုက်ဆက်လေရာ အိပ်ချိန်ဖြစ်နေ၍ မည်သည့်ဖုန်းမှ ခေါ်မရပေ

” ဟာ …ဒီဖုန်းတွေကလည်းကွာ တစ်ခုမှခေါ်မရဘူး”

ထို့နောက် … ဦးနိုင် ကားသော့အားဖွင့်၍ စက်ပြန်နှိုးကြည့်လေရာ ကားမှာ ပြန်ကောင်းလာသောကြောင့်
ဦးနိုင် လွန်စွာဝမ်းသာသွားတော့သည်။

“အမလေး ဘုရား မ တာ….ဘုရား မ တာ
တော်ပါသေးရဲ့ ”
ဦးနိုင်ကားစက်ပြန်နှိုး၍ …ရုံးခန်းရှိရာ ဗိုလ်တစ်ထောင်ဘက်သို့ အရှိန်ပြင်းပြင်းမောင်းလာခဲ့လေတော့သည်။ တစ်လမ်းလုံး ဘက်ကြည့်မှန်ရော နောက်ကြည့်မှန်ကိုပါ ဦးနိုင် တစ်ချက်မှ မကြည့်ပေ

ထို့နောက် …ရုံးရှေ့သို့အရောက်တွင် ဖယ်ရီကားအားဖြစ်သလိုရပ်လျှက်
ဝန်ထမ်းများရှိရာ ရုံးခန်း၄လွှာပေါ်သို့ ဦးနိုင်ပြေးတတ်လေတော့သည်။

ရုံးခန်း အတွင်းရှိ Computer အခန်းတွင် ဦးနိုင်လိုက်ပို့ခဲ့သောဝန်ထမ်း ၈ယောက်စလုံး ထိုင်နေကြသည်ကို ဦးနိုင် အံ့သြတကြီးတွေ့လိုက်ရလေတော့သည်။

“ဟာ….
ဟာ……မင်းတို့ မင်းတို့ တကယ်ကြီး ဒီမှာရှိနေကြတာလား ဘုရား ဘုရား…ငါတော့ရူးပြီကွာ”

ဦးနိုင်အား …ကြောင်တောင်တောင်ကြည့်နေသောဝန်းထမ်းများမှ…ဦးနိုင်အား…

“ဦးနိုင် …ဦးနိုင်ဘာတွေဖြစ်လာတာလဲ ကျွန်တော်တို့အိမ်ပြန်ဖို့စောင့်နေတာ အခု အရမ်းနောက်ကျနေပြီဗျာ”

“အင်းလေ ဦးနိုင်ရယ် သမီးတို့မှာစောင့်နေတာအကြာကြီးပဲ ”

ဦးနိုင် ဝန်ထမ်းများကြားထဲ သို့ ပြေးဝင်ကာ

“ဟေ့ကောင်တွေရေ..ငါ…တော်တော်လန့်နေပြီ ကျွတ်ဆင်ကြီးကွာ..ခုနက မင်းတို့ကိုပဲ ငါကားနဲ့ လိုက်ပို့ခဲ့တာကွ အမှန်က မင်းတို့က ဒီမှာပဲ ရှိနေကြသေးတာပဲ ဒါဆို ငါလိုက်ပို့ခဲ့တာ ဘယ်သူတွေလဲ”

“ဟမ်”

ဟမ်ဆိုသောအသံ နှင့်အတူ ဝန်ထမ်းများတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ .အားရပါးရရယ်မောကြလေတော့သည်။

“ဟား ဟား ဟား….ဦးနိုင် သမီးတို့ကို လာခြောက်မနေနဲ့နော် မဖြစ်နိုင်တာကြီး”

“အေးလေဗျာ ကျွန်တော်တို့ ရုံးအောက်ရောက်တော့ ဘာကားမှ မတွေ့လို့ ပြန်တတ်လာရတာကိုများ”

ဦးနိုင် စိတ်မရှည်သံ ဖြင့် …

“ဟိတ်ကောင်တွေ ငါတကယ်ပြောနေတာ
ငါ့မှာကြောက်လို့6သတော့မယ် ဒါမျိုးကြီးတစ်ခါးမှ မကြုံဖူးဘူးကွာ”

ဝန်ထမ်းများမှာ ဦးနိုင်အား..ပြုံးစိစိဖြင့်သာကြည့်နေကြလေတော့သည်။ထိုသို့ဖြင့် ဦးနိုင်တစ်ယောက် ကြောက်လန့်နေပုံကို ဝန်ထမ်းများကြည့်ရင်း …

“ဦးနိုင် ကျွန်တော်တို့ ကို ပြန်မပို့နဲ့တော့
ကျွန်တော်တို့လဲ မိုးလင်းတော့မယ်ဆိုတော့ ဒီမှာပဲ အိပ်လိုက်ကြတော့မယ် ဦးနိုင်ပါ ကျွန်တော်တို့နဲ့အတူတူအိပ်မလား”

ဦးနိုင်တစ်ယောက် ချက်ချင်းဆိုသလိုပင် ပြန်ဖြေသည်။

“အေးအေး ငါလဲ မပြန်ရဲတော့ဘူးဟ
ဒီမှာပဲ အိပ်လိုက်တော့မယ်”

ထို့နောက် အိပ်ရန် ခင်ကျင်းပြင်ဆင်ပြီး အနားယူလိုက်ကြတာမို့ ဦးနိုင် စိတ်သက်သာရာအနည်းငယ်ရသွားရလေသည်။ အချိန်အတန်ကြာလာသည်နှင့်အမျှ ဝန်ထမ်းများမှာ အိပ်ပျော်နေကြလေပြီ ဦးနိုင်တစ်ယောက် ကြုံခဲ့ရသော အဖြစ်အပျက်တွေကြောင့်အိပ်မပျော်နိုင်ဖြစ်နေရသလို မည်သို့မှ အဖြေရှာမရဖြစ်နေရလေသည်။ ထို့ကြောင့် ဆေးလိပ်ဖွာရန် အိပ်နေရာမှ ပြတင်းပေါက်နားသို့ ထကာ ၄လွှာပြတင်းပေါက်အားဖွင့်ရင်း အပြင်ဘက်သို့ ခေါင်းထွက်၍ ဆေးလိပ်ဖွာနေလေသည်။

ထိုစဥ် ဦးနိုင်တစ်ယောက် ရုံးအောက်ထပ်သို့ လှန်းကြည့်လေရာ ဦးနိုင်ရပ်ထားသော ဖယ်ရီ ဘေး ဓါတ်တိုင် မီးရောင်အောက်တွင် ရုံးလုံခြုံရေးသမားတစ်ယောက် ရပ်နေသည်ကို လှန်းမြင်ရလေရာ မအိပ်သေးသောလုံခြုံရေးသမားလည်းရှိပါသေးလားဟူသော အသိကြောင့် စိတ်သက်သာရာရပြီး အေးဆေးစွာ ဆေးလိပ် ဖွာနေတော့သည်။အတန်ကြာသော် ထို လုံခြုံရေး ဝန်ထမ်းမှာ ဦးနိုင်အား မလှုပ်မယှက် စိုက်၍ မော့ကြည့်နေလေတော့သည်။ ဓါတ်တိုင်မီး အရောင်ကြောင့် ဦးနိုင် ထိုလူ့မျက်နှာအားထင်ရှားစွာမြင်နေရသည်။ သို့သော် အမှတ်တမဲ့ပင် နေ၍ ဆေးလပ်အား ထပ်၍ ဖွာနေတော့သည်။ အတန်ငယ်ကြာသော် ဦးနိုင် လမ်းအောက်ရှိ ထိုလူ့အား ပြန်ကြည့်မိလေရာ ထိုဝန်ထမ်းမှာ ယခင် စိုက်ကြည့်နေမြဲအတိုင်း ကြည့်နေတာကြောင့် ဦးနိုင် စိတ်ထဲ အနည်းငယ် ကျောချမ်းသလိုဖြစ်လာရတော့သည်။
ထို့နောက် ဦးနိုင် ထိုနေရာတွင် ဆက်၍ မနေချင်တော့တာကြောင့် မှန်ပြတင်းပေါက်အားပိတ်၍ ခင်ကျင်းထားသောနေရာတွင် ပြန်လှဲ အိပ်နေလေတော့သည်။
ထိုသို့ တိတ်ဆိတ်စွာ အိပ်နေချိန် ဦးနိုင်တစ်ယောက် အသံတစ်ခုအား သတိထားမိ၍ အာရုံစိုက် နားထောင်နေလေရာ …ထိုအသံမှာ ရုံးအောက်ထပ်မှ အပေါ်သို့ တတ်လာနေသော ခြေသံ ဖြစ်နေကြောင်း ဦးနိုင်သိလိုက်ရတော့သည်။

ခြေသံ မှာ တစ် ထပ်ပြီး တစ်ထပ်
ပို၍ ပို၍ သိသာလာပြီး ကျယ်လောင်လာလေသည်။
ဦးနိုင် ရုံးရှိစောင်အပါးအား ခေါင်းမီးခြုံလျှက် နေရာတွင်အသံ လုံးဝ မထွက် တိတ်ဆိတ်စွာ ကုတ်၍ ငြိမ်နေလေသည်။ ထို့အတူ အောက်ထပ်မှ တက်လာသော ခြေသံ မှာလည်း …၄လွှာသို့ ရောက်ရှိလာပြီး

အခန်းရှေ့တွင် ရုတ်တရက် …တိတ်ဆိတ်သွားတော့သည်။

ဦးနိုင်ကြောက်စိတ်က ကြာကြာထိန်း၍ မရ ချွေးများစိုရွှဲနေလေပြီ သို့ပေမယ့် ရပ်တန့်သွားသောခြေသံ နေရာသို့ ခိုး၍ လှန်းကြည့်လေရာ ထိုနေရာတွင်မည်သူမှ မရှိပေ

စိတ်ရှုပ်ရှုပ်ဖြင့်..တတ်လာသောခြေသံ အားအတွေးပေါင်းစုံက ဘာသာမျိုးစုံပြန်နေရလေတော့သည်။
ထိုသို့စဥ်းစားနေရင်းမှာပင် အတန်ကြာသော် ဦးနိုင်တစ်ယောက် အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားလေတော့သည်။

ကျေးငှက်သံ နှင့်အတူ ဦးနိုင် ညဖက်မှာ ဆေးလိပ်သောက်ရန်ထွက်ခဲ့သော မှန်ပြတင်းပေါက်မှ နေရောင် ခပ်ဖျောဖျောဟာ ဦးနိုင် မျက်နှာသို့ ကွက်တိကျရောက်လျှက်ရှိသည်။

တစ်ညလုံး ပင်ပမ်းလာသောအရှိန်ကြောင့် ၃နာရီလောက်ကိုပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား၍

လန်းလန်းဆန်းဆန်းနိုးထလာတော့သည်။

နိုးနိုးချင်း ဘေးဘီ ဝဲယာအား ဝေ့ဝိုက်ကြည့်လေရာ
မည်သည့် ဝန်ထမ်း ကိုမျှမတွေ့ရပေ…

“ဒီ ကလေးတွေတောင်ပြန်သွားကြပြီပဲ”

ဦးနိုင် ထိုသို့တွေးရင်း ရုံးသန့်စင်ခန်းတွင် မျက်နှာသစ်ခြေလက် သန့်စင်၍ ရုံးအောက်သို့ဆင်းလာတော့လေသည်။ ရုံးအောက် လုံခြုံရေး အဆောင်လေးထဲ တွင် ထိုင်နေသောဝန်ထမ်းအား ….

“ဟိတ်ကောင် ..မင်း ညက ၄လွှာအပေါ်ကိုတတ်လာသေးတာလား”

“ဗျာ ….ကျွန်တော်က အခုမှ ရုံးရောက်တာဗျ”

ထိုလုံခြုံရေး ဝန်ထမ်းလေး၏ အဖြေကြောင့် ဦးနိုင်
ဘာပြောရမှန်းမသိကြောင်အမ်းအမ်းဖြစ်သွားသည်။သို့သော် တခြားတာဝန်ကျသူဖြစ်နိုင်ပေလိမ့်မည်ဟု ဖြည့်တွေးလေသည်။ သို့သော် ဦးနိုင် ဓါတ်တိုင်အောင်တွင် မော့ကြည့်နေသူမျက်နှာအားသေချာမြင်လိုက်သည်မှာလည်း ယခုမှ ရောက်လာသောဝန်ထမ်းပင်ဖြစ်လေသလားဟု ဇဝေ ဇဝါဖြစ်နေစဥ်…

“ဟာ ..ဟေ့ကောင်တွေ …မင်းတို့ မပြန်ရသေးဘူးလားကွ…လာ ဖယ်ရီနဲ့ ပြန်ပို့မယ်လေ”

ဦးနိုင် ရုံးခြံဝင်းအတွင်းသို့ ဝင်လာ​​သောဝန်ထမ်းများအားလှန်း၍ ​မေသည်။

“ဟာ ဦးနိုင် ကျွန်တော်တို့ကို လာနောက်နေတာလား”

ထိုသို့ပြောနေစဥ်မှာပင် ဝန်ထမ်းမိန်းကလေးများပါ
ထပ်မံရောက်ရှိလာတော့သည်။

ဦးနိုင် ထိုဝန်ထမ်းများအား ကြည့်ရင်း ကြောင် တောင်တောင် ဖြစ်နေရသည်။

“ဟဲ့ ဟဲ့ လာကြဦး လာကြဦး ဦးနိုင် ညီးတို့ကိုတစ်ခုမေးမလို့”

“ဟုတ် ဦးနိုင်” အသံ နှင့် အတူ ဦးနိုင်အနားသို့ ဝန်ထမ်းများရောက်လာကြတော့သည်။

“ညက နင်တို့ ဒီမှာ O.T ဆင်းရင်း အိပ်ကြတာမဟုတ်လား
ငါ့ကိုလာတာနောက်ကျလို့ဆိုပြီး ငါလဲ လမ်းမှာဖြစ်လာတာတွေ ကြောက်ကြောက်နဲ့ ရုံးမှာပဲ အိပ်လိုက်​တော့ဆိုပြီး နင်တို့ ရုံးမှာငါနဲ့ အတူတူ အိပ်ကြတာ ဟုတ်တယ်မလား”

“ဟမ် …ဦးနိုင်ဘာတွေပြောနေတာလဲ မနေ့က
တနဂ်နွေ ….သမီးတို့အားလုံး အလုပ်မလာရဘူး
ပိတ်တယ်လေ
သမီးတို့က အခုမှ အိမ်က လာကြတာ
ဒီနေ့ တနလ်ာ​နေ့လေ ဦးနိုင်ရဲ့”

“ဘာ…………”

ပြီးပါပြီ

စာ​ရေးသူ . ရဲထွန်း (Strangerland)