တစ္ဆေကလေး

Posted on

တစ္ဆေကလေး(စ/ဆုံး)

——————-

ကျွန်တော်ဟာ အကြပ်စစ်သည်ဘဝဖြင့် ခြေတစ်ဖက်ကို တိုင်းပြည်အတွက် ပေးလှူခဲ့ပြီးနောက်မှာ၊ တပ်ကနေ ပင်စင်ယူထွက်ခဲ့ရ၏။

ကျွန်တော်သည် အသက်အားဖြင့် ၄၀ကျော်သာ ရှိသေး၍ ရှေ့ဆက် ကြုံတွေ့ရမည့် စားဝတ်နေရေးအတွက် ကျွန်တော်နှင့် သင့်တော်မည်ထင်သော အလုပ်ကို ရှာဖွေခဲ့ရသည်။

ကျွန်တော်သည် ခြေတုဖြင့် သွားလာလှုပ်ရှားနေသည်မှာ မှန်သော်လည်း၊ စိတ်ဓာတ် မာကြောခိုင်မာသူ ဖြစ်သည့်အတွက် အားငယ်ခြင်း မဖြစ်မိပေ။

အချိန်အားဖြင့် ၈လခန့်အကြာမှာ၊ တစ်ချိန်က ကျွန်တော်နှင့် ကျောင်းနေဖက်ဖြစ်သူ ကိုတင်ထွန်း၏ အကူအညီဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ အလုပ်တစ်ခု ရခဲ့ပါသည်။

ထိုအလုပ်ကတော့ လေးထပ်ဆေရုံကြီးတစ်ခု၏ ဓာတ်လှေကားမောင်းဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ရခြင်းပင် ဖြစ်သည်။

ဓာတ်လှေကါးမောင်း ဝန်ထမ်းအလုပ်သည် အလွန် သက်သာသော အလုပ်ဖြစ်ပါ၏။

ကျွန်တော်သည် နေ့လယ်၁၂နာရီမှ စ၍ အလုပ်ဝင်ရပြီး၊ ည၁၂နာရီအထိသာ တာဝန် ထမ်းဆောင်ရသည်။

ကျွန်တော် အလုပ်မဝင်ခင် နံနက်ခင်းတွင် ဆေးရုံက အခြားသော ဝန်ထမ်းက ဓာတ်လှေကားကို မောင်းပေးသည်။

မနက်ခင်းများတွင် ဓာတ်လှေကားသည် အတက်အဆင်း သိပ်မများချေ။

နေမွန်းတည့်ပြီး ၁၂နာရီ နောက်ပိုင်း၊ အထူးသဖြင့် နေ့၂နာရီနှင့်၅နာရီ အကြားတွင် ကျွန်တော် လက်မလည်နိုင်အောင် အလွန် အလုပ်များ၏။

အထပ်တိုင်းမှ ဓာတ်လှေခါး ခေါ်သံ ဘဲလ်လေးက ဆူညံစွာ အချက်ပေးနေလေ့ရှိသည်။

ဆေးရုံပြောင်း လူနာများ၊ ခွဲစိတ်ကုသရမည့် အရေးကြီးလူနာများ၊ ဆရာဝန်၊ဆရာမကြီးများတို့၏ လိုရာခရီးကို လိုက်ပို့ပေးရလေ၏။

ကျွန်တော် တာဝန်ယူ မောင်းနှင်ရသော ဓာတ်လှေကါးသည် အလွန်ညင်သာသော ဓာတ်လှေကား ဖြစ်၏။

အမျိုးအစား ကောင်းမွန်ခြင်းကြောင့် ဓာတ်လှေကားစီး၍ လိုက်ပါသူသည် မြေပေါ်မှာ မတ်တပ် ရပ်နေရသလိုမျိုးပင် ဖြစ်သည်။

ဓာတ်လှေကား အတွင်းနံရံများတွင် ကြည်လင်ပြီး ပြတ်သားသော ပုံရိပ်များ ထင်ဟပ်စေမည့် မှန်များတပ်ဆင်ထား၏။

ထိုမှန်ပြင်များကို အမြဲကြည်လင်နေစေရန် ကျွန်တော် သန့်ရှင်းရ၏။

ကျွန်တော်သည် အလုပ်အပေါ်၌ အကောင်းဆုံး ပေးဆပ်ရန် အသင့်ဖြစ်နေတတ်သူ ဖြစ်သည်။ ကျွန်တော့်အလုပ်အပေါ် ကျွန်တော်သည် ရိုသေလေးစား၏။

ကျွန်တော်၏ တာဝန် ကျေပွန်မှုကြောင့် ဓာတ်လှေကားအခန်းလေးသည် အမှိုက်တစ်စမှ မရှိ ၊ ဖုန်တစ်စက်မှ မတင် အမြဲတန်း သန့်ရှင်း ကြည်လင်လျက်ရှိသည်။

အချို့ ဓာတ်လှေကား စီးသူ အမျိုးသမီးငယ်များသည် ထိုကြေးမုံမှန်ကို ကြည့်၍ အလှပြင်တတ်ကြသည်။

ဓာတ်လှေကားထဲတွင် ဆေးလိပ် သောက်ခွင့်မရှိပါ။’ဆေးလိပ်မသောက်ရ’ဟူသော တားမြစ်စာတန်း ကပ်ထားသည်။

အချို့သော ဓာတ်လှေကားစီးသူများမှာ ထိုအချက်ကို မလိုက်နာချင်ကြပေ။

ထိုအခါ ကျွန်တော်သည် ပြတ်သားစွာ၊ဆေးလိပ်သောက်ခြင်းကို တားမြစ်ရလေ၏။

အချို့မှာ မကျေနပ်ကြသော်လည်း ကျွန်တော်၏ ခက်ထန်မာကြောသော မျက်လုံးများကြောင့် ဘာမှ ပြန်မပြောကြပေ။

၎င်းတို့၏ ဆေးလိပ်များကို မီးငြိမ်းသတ်သွားကြသည်သာ။

များသောအားဖြင့် ဓာတ်လှေခါး စီးနှင်သူ အများစုမှာ၊ ဆရာဝန်ကြီးများ နှင့် သူနာပြုများသာ ဖြစ်ကြပြီး၊ ရံဖန်ရံခါမှာတော့ လူနာနှင့် လူနာစောင့်အဖော်များလည်း ပါလာတတ်သည်။

လေးထပ် နှင့် သုံးထပ်မှ လူနာစောင့်များသည်လည်း ကျွန်တော်၏ ဓာတ်လှေကားကို အသုံးပြု များ၏။

ကျွန်တော်က မှတ်ဉာဏ်ကောင်းသူ ဖြစ်သည့်အတွက်၊ဆေးရုံမှ ဆရာ၊ဆရာမများအပြင် ရက်ရှည်တက်နေရသော လူနာနှင့် လူနာစောင့်များကိုပါ မှတ်မိနေပါသည်။

ထိုလူများ ဘယ်အထပ်ကို သွားမည်ကို ကြိုသိနေ၍ အထပ် ခလုပ်များကို မေးစရာ မလိုပဲ ကျွန်တော်က ကြိုနှိပ်ထားတတ်သည်။

ကျွန်တော်၏ အလိုက်သိမှု ၊ အလုပ်အပေါ် ရိုသေလေးစားမှုကြောင့် ထင်ပါသည်။

အချို့သော လူနာစောင့်များနှင့် ရင်းနှီးခင်မင် နေပြီဖြစ်ရာ ၊ကျွန်တော့်အတွက် ကော်ဖီတို့၊ မုန့်တို့၊ ချိုချဉ်တို့ပင် ရက်ရောစွာ ပေးကမ်းသွားတတ်ကြသည်။

တစ်ဦးက မေတ္တာ၊ တစ်ဦးက စေတနာ ဆိုသည်မှာ မှန်၏ဟု ဆိုရပေမည်။

ကျွန်တော်၏ အလုပ်မှာ ဓာတ်လှေကား မောင်းနှင်သည့် အလုပ်ဟု ဆိုပေမယ့်၊ ရံဖန်ရံခါများမှာ အထူးကုဆရာဝန်ကြီးများက ခိုင်းစေသော အသေးအဖွဲ ကိစ္စရပ်လေးများကိုပါ ကူညီရသည်။

ဆရာဝန်ကြီးများက အပေါ်ထပ်သို့ ရောက်ခါမှ ကားထဲတွင် ဘာပစ္စည်း ကျန်ခဲ့၍ ညာပစ္စည်း မေ့ခဲ့၍ သွားယူပေးပါဦးဆိုလျင်လည်း ယူပေးရသည်။

သို့သော်လည်း ၎င်းတို့သည် ကျွန်တော်၏ ကိုယ်အင်္ဂါ အစိပ်အပိုင်း ချို့ယွင်းချက်ကြောင့် လေးလံသော ပစ္စည်းများကို မသယ်ခိုင်းကြရုံမျှမက၊ ဝေးလံသော နေရာများကို မသွားခိုင်းကြပါ။

၎င်းတို့သည် ပညာတတ်များဖြစ်ကြ၍ စာနာ သနားတတ်ကြပါသည်။

အချို့သော ဆရာဝန်ကြီးများက ကျွန်တော်၏ ဖင်ပေါ့မှု၊ အလိုက်သိမှုကြောင့်

ရံဖန်ရံခါ၌ လ္ဘက်ရည်ဖိုး ပေးသွားတတ်ကြ၏။

ဒါတွေကို ဖော်ပြရခြင်းက ကျွန်တော်၏ နေ့စဉ် ဆောင်ရွက်ဖွယ် လုပ်ငန်းသဘောတရား နှင့် လူမှုဆက်ဆံရေး အကြောင်းအချင်းများပင် ဖြစ်တော့သည်။

…………………

၂။

၃ထပ်သို့ ရောက်သည့်အခါ ဓာတ်လှေကားသည် ရပ်တန့်သွား၏။ ဓာတ်လှေကား စီးနင်း လိုက်ပါလာသော ဆရာဝန်ကြီးသည် ဆင်းခါနီးမှ သတိရသွားဟန်တူသည်။

သူ၏ ပါဝါမျက်မှန်ကို ပင့်တင်ရင်း ..

” ဟူး မေ့ပြန်ပြီ ကိုယ့်လူရေ ၊ ငါ့လူနာရဲ့ အိပ်စရေးအဖြေတွေ ကားပေါ်မှာ ကျန်ခဲ့တယ် ။ ကျေးဇူးပြုပြီး သွားယူခဲ့ပေးပါဦး၊ ပြီးရင် လူနာအခန်း ၃၀၃ဆီ လာပို့ပေးပါဦးကွာ၊ ဆရာ အဲ့က စောင့်နေမယ်”

ဆရာဝန်ကြီးက ၎င်း၏ အင်္ကျီအိပ်ကပ်ထဲမှ ကားသော့ကို ယူ၍ ကျွန်တော့်အား ပေးသည်။

” ဟုတ်ကဲ့ ဆရာကြီး ”

ဆရာဝန်ကြီးက ထပ်မံ သတိရဟန်ဖြင့်၊

” အော် နေဦး ကိုယ့်လူ ၊ ကားထဲမှာ ကလေးကစားစရာ ဘောလုံးတစ်လုံးလည်း ဝယ်လာခဲ့သေးတယ် ၊ အဲ့ဒါလေးပါ တစ်ခါတည်း ယူခဲ့ပါဦးကွာ ၊ ငါ့ လူနာကို လက်ဆောင် ပေးချင်လို့ပါ ”

ကျွန်တော်လည်း ခေါင်းငြိမ့်ပြကာ အောက်ထပ်သို့ ပြန်ဆင်းခဲ့သည်။ ကျွန်တ်ာသည် ဆရာဝန်ကြီး၏ ကားကို မှတ်မိနေပြီ ဖြစ်ရာ ၊ အထူးအထွေ ရှာစရာမလို။

ကားပါကင်၏ ညာဘက် ထောင့်ဆုံး၌ အစဉ်အမြဲ ရပ်ထားလေ့ရှိသည်မို့ အလွယ်တကူပင် ကားတံခါးကို ဖွင့်၍ အိပ်စရေးအဖြေများထည့်ထားသော စာအိတ်အညိုရောင်ကြီး နှင့် လိုင်းစင်းလေးများပါသော ပလပ်စတစ် ဘောလုံးအား ယူ၍ ၃ထပ်သို့ ပြန်တက်ခဲ့ပါ၏။

၃ထပ် ရောက်သည့်အခါ အခန်း ၃၀၃ရှိရာသို့ စင်္ကြန်လမ်းအတိုင်း လျှောက်၍ သွားပေး၏။

ကျွန်တော် ရောက်သွားချိန်တွင် ဆရာဝန်ကြီးသည် လူနာ၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးနေချိန် ဖြစ်၏။

အခန်း ၃၀၃ လူနာသည် အသက် ၉နှစ်အရွယ် ယောက်ကျားကလေးဖြစ်ပါ၏ ၊ ၎င်းသည် နှလုံးရောဂါ ခံစားနေရသော သနားစဖွယ် ကလေးငယ် ဖြစ်သည်။

ကလေးငယ်၏ မျက်နှာသည် ဖြူလျော်လျော်ရှိပေမယ့် အနက်ရောင်တောက်တောက် မျက်လုံးများက ရောဂါကို ကြံကြံခိုင် ရင်ဆိုင်ရဲကြောင်း ပြသနေသလိုပင်။

၎င်း၏ အသားအရေမှာ ဖြူသည်ဆိုတာထက် အနည်းငယ် နီမြန်းသယောင်။

ဆံသားမှာ အတွန့်တွန့်လေးများဖြင့် လိမ်ကောက်ကွေးနေ၍ ဥရောပတိုက်သားလေးလား ထင်မှတ်ရသည်။

၎င်းကလေးငယ်၏ ကုတင်ဘေးတွင် ၊

အောက်ဆီဂျင်ဘူးကြီးကို တွေ့ရသော်လည်း ကလေးငယ်သည် ယနေ့အဖို့ အောက်ဆီဂျင်ပိုက် နှာခေါင်းတွင် အုပ်ထားခြင်း မရှိချေ။

ယနေ့ ၎င်းသည် သက်သာဟန်ရှိ၏။မျက်နှာမှာ ခပ်ဖျော့ဖျော့ဆိုပေမယ့် ကြည်လင်ပါ၏။

ကောင်ကလေးသည် ကျွန်တော်၏ လက်ထဲက ဘောလုံးကို မြင်တွေ့သွားသည့်အခါ နှစ်ခြိုက်စွာ ပြုံး၏။ ကျွန်တော့်ထံမှ ဘောလုံးကို လှမ်းတောင်းသည်။

ကျွန်တော်က ဆရာဝန်ကြီးကို လှမ်းကြည့်သည့်အခါ ဆရာဝန်ကြီးက ခေါင်းကို ငြိမ့်ပြရင်း ၊

” အဲ့ဒါ သားသား အတွက် ဆရာကြီးက လက်ဆောင်ပေးတာ ၊ သားသားက ဆေး မှန်မှန်သောက်လို့ ဆရာကြီးက ဆုချတာနော် ”

ကျွန်တော်က ကောင်လေးလက်ထဲသို့ ဘောလုံးကို ထည့်ပေးလိုက်ရာ ၊ ကောင်လေးက ဝမ်းမြောက်ဝမ်းသာ လက်သင့်ခံ၏။

ကောင်ကလေးသည် ဆရာဝန်ကြီးကို တစ်လှည့် ကျွန်တော့်ကို တလှည့် ကြည့်ရင်း၊

” ဘဘဆရာကြီးကို သား ကျေးဇူးတင်ပါတယ်ခင်ဗျ ၊ အော် ဒါနဲ့ ဒီလူကြီးက

ဓာတ်လှေကား မောင်းတဲ့ ဦးလေးကြီး မဟုတ်လား ..”

ကျွန်တော် ဓာတ်လှေကား မောင်းသူဆိုတာကို ကလေးငယ်က သိနေ၏။ကျွန်တော်က ကလေးအား ပြုံးပြလျက်၊

” ဟုတ်တာပေါ့ ကလေးရယ် ၊ ဦးလေးကြီးက ဒီဆေးရုံရဲ့ အတော်ဆုံး ဓာတ်လှေကား မောင်းနှင်သူပေါ့ ၊ အကယ်၍များ သားသားက အောက်ထပ်က ပန်းခြံလေးထဲမှာ လေကောင်းလေသန့် ရှုချင်တယ်ဆိုရင် ဦးလေးကြီးကို ခေါ်လိုက်ပါနော် ၊သားသားကို ဦးလေးကြီးက အကောင်းဆုံး ဓာတ်လှေကားကြီးနဲ့ လိုက်ပို့ ပေးမှာပေါ့ ”

ကလေးငယ်က ကျွန်တော့်အား ခင်မင်နှစ်လိုဟန်ဖြင့် သွားဖြူတန်းလေးပေါ်အောင် ပြုံးပြရင်း၊

” အိုး ကျေးဇူးပါ ဦးလေးကြီး ၊ သား အခန်း မှန်ပြတင်းပေါက်က ကြည့်ရင်

ဆေးရုံရှေ့က ပန်းခြံလေးဟာ အရမ်းသာယာတယ်လို့ ခံစားရပါတယ် ၊ တစ်နေ့လောက်တော့ အလည်လာခဲ့ပါဦးမယ်ခင်ဗျ ။ အော်.. မေ့နေလိုက်တာ ၊

သားတို့ တစ်ယောက်နဲ့ တစ်ယောက် မိတ်မဆက်ရသေးဘူးပဲ ၊ သားရဲ့အိမ်နာမည်က ဂျိုးဂျိုးပါ ၊ ကျောင်းနာမည်ကတော့ နေလင်းအောင်လို့ ခေါ်ပါတယ်ခင်ဗျ”

ကောင်လေးကမ်းပေးသည့် လက်တစ်ဘက်ကို ကျွန်တော်က ဆွဲကိုင် နုတ်ဆက်ရင်း၊

” ဦးလေး နာမည်က ဦးစစ်မောင်ပါ ၊

သားနဲ့ ဦးလေးတို့ မိတ်ဆွေတွေ ဖြစ်သွားကြပြီနော် ”

ကောင်လေး၏ မျက်နှာသည် အပြစ်ကင်းစင်စွာ ပြုံးရွှင်နေပါသည်။ကျွန်တော့်က်ုလည်း သူသည် ခင်မင်နှစ်လိုဟန် ပြည့်နှက်နေသည်ဟု ထင်လိုက်မိသည်။

ဒီနောက်ပိုင်းတွင် ကောင်လေးသည် ကျွန်တော်နှင့် ပိုမို ရင်းနှီးလာပါသည်။

ကောင်ကလေးသည် တစ်ခါတရံ၌ ကျွန်တော့်ထံလာ၍ ဓာတ်လှေကား အပျော် စီးနင်းတတ်သလို ၊ ကျွန်တော် အားနေလျင်လည်း ကောင်လေးရှိရာ အခန်းသို့ ကားစမြည် ပြောဆိုရန် သွားလည်တတ်သည်။

ကောင်လေးသည် ညဘက်များတွင် အောက်ထပ်သို့ ဆင်းလာလေ့ရှိပြီး၊ ဆေးရုံအရှေ့က ပန်းခြံထဲတွင် လာထိုင်နေတတ်သည်။

ပန်းခြံထဲရှိ ကလေးစီး ဒန်းလေးပေါ် ဆော့ကစားနေတတ်၏။ကျွန်တော် မအားသည် အခါများမှာ ကောင်ကလေးသည် သူ့ဘာသာ ငြိမ်သက်စွာ ဒန်းစီးနေတတ်သည်။

ကျွန်တော် အားလပ်ချိန်များတွင်တော့ သူ စီးသော ဒန်းလေးကို လွှဲပေးရင်း စကားပြောဖြစ်ကြသည်။ထိုအချိန်များတွင် ကောင်ကလေးသည် သိသိသာသာ ပျော်ရွှင် ကြည်နူးနေတတ်ကြောင်း ကျွန်တော် သတိထားမိပါ၏။

တစ်ခါတရံများမှာတော့ ၃ထပ်က စင်္ကြန်လမ်းမှာ ကောင်လေး ကန်သော ဘောလုံးကို ကျွန်တော်က ဂိုးဖမ်းပေးရသည်။

ဓာတ်လှေကားမှ လူခေါ်ခေါင်းလောင်းသံ မမြည်မချင်း ကျွန်တော်ဟာ ဂျိုးဂျိုးကို အဖော်ပြု ဆော့ကစားပေးရသည်ကို ပျော်ရွှင်နေမိသည်။

ကောင်လေးသည် ဘောလုံးကို အတော်ပင် နှစ်ခြိုက်သည်ကို ကျွန်တော် သတိထားမိသည်။

ကောင်လေး၏ အဓိက ဝါသနာမှာ ဘောလုံးပင် ဖြစ်၏။ ဘောလုံး အကြောင်း ပြောလျင် ကောင်ကလေးသည် သူ၏ ရောဂါကိုပင် မေ့ထားတတ်၏။

အရွယ်ငယ်ငယ်နှင့် သေမင်းနှင့် စစ်ခင်းနေရသော နှလုံးရောဂါသယ် ဂျိုးဂျိုးကို ကျွန်တော် သနားမိ ဂရုဏာသက်မိသည်မှာ အမှန်ပင် ဖြစ်ပါသည်။ထို့ကြောင့်လည်း ဂျိုးဂျိုးကို အလိုက်လိုက် နေမိခြင်းဖြစ်သည်။

………………………

၃။

တစ်နေ့တွင် ကျွန်တော်၏ ညီမဖြစ်သူ ရုတ်တရက် ဆုံးပါးသွား၍ ဆေးရုံမှ ခွင့်တောင်းခံခဲ့ရသည်။

ညီမဖြစ်သူ၏ နာရေးကိစ္စရပ်များကို ယောက်ဖဖြစ်သူနှင့်အတူ ဝိုင်းဝန်း ကူညီလုပ်ကိုင်ပေးရင်း ဆေးရုံသို့ ရက်သတ္တ တစ်ပတ်မျှ မသွားဖြစ်တော့ပေ။

ဆေးရုံအုပ်ကြီးကလည်း ကျွန်တော်အား နာရေး ရက်လည်ပြီးမှသာ အလုပ်ဆင်းပါဟု ခွင့်ပြုခဲ့သည်။

ယောက်ဖဖြစ်သူက ၅ရက်ဖြင့် ရက်လည်ဆွမ်းကပ်ခဲ့၍ ကျွန်တော်သည် ၇ရက်မြောက်နေ့တွင် ဆေးရုံသို့ ပြန်လည် အလုပ်ဝင်မည့်အကြောင်း သတင်းပို့ခဲ့ပါသည်။

၇ ရက်မြောက်နေ့ ကျွန်တော် အလုပ်ဝင်သည့်အခါ ၊ ဂျိုးဂျိုးအား သွားရောက် နှုတ်ဆက်ရန် သတိရပါသော်ငြားလည်း ထိုနေ့က ဆေးရုံ၌ အလွန်ပင် အလုပ်များနေသောကြောင့် သွားရောက် နှုတ်ဆက်နိုင်ခြင်း မရှိပါ။

ယနေ့ ဆေးရုံတွင် အသည်းအသန် လူနာများ ရောဂါ ပိုမိုဆိုးဝါးကြပုံရသည်။ ဆရာဝန်၊ ဆရာမများမှာလည်း ပျားပန်းခတ်မျှ အလုပ်ရှုပ်နေကြသည်။

နေ့လယ် ၁၂နာရီကတည်းက ဓာတ်လှေကားကို အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြင့် မအားလပ်နိုင်သည်မှာ ညနေ လေးနာရီကျော် အထိပင် ဖြစ်လေ၏။

၄နာရီကျော် ၅နာရီ ထိုးခါနီး ၁၅မိနစ်လောက် အလိုတွင် ဓာတ်လှေကား စီးသူ ကျဲပါးသွားပြန်သည်။

ခံတွင်းထဲ ချဉ်သလိုလို ၊ ဗိုက်ထဲကလည်း ဟာတာတာနဲ့မို့ ကျွန်တော် ဆေးရုံလုံခြုံရေး ဖြစ်သူ ကိုမြင့်အေးအား လ္ဘက်ရည်နှင့်မုန့် ထွက်ဝယ်ဦးမည် ပြော၍

ဆေးရုံထဲက ကော်ဖီဆိုင်သို့ မပြေးရုံတမယ် ထွက်ခဲ့ရသည်။

ကော်ဖီဆိုင်သည် ဆေးရုံ၏ အရှေ့ဘက် ပန်းခြံအနီးတွင် မိုးကာတဲဖြင့် ဖွင့်သော ဆိုင်ငယ်လေးသာဖြစ်၏။

ရေသန့်ဘူး ၊ ကိတ်မျိုးစုံ လ္ဘက်ရည် နွားနို့ ကော်ဖီတို့အပြင် အအေးမျိုးစုံလည်း ရ၏။

လ္ဘက်ရည်တစ်ခွက်မှာလိုက်ပြီး ၊ မှာထားသော လ္ဘက်ရည်ဖျော်နေစဉ် ကျွန်တော်သည် သတိတရဖြင့် ၃ထပ်က ဂျိုးဂျိုးရှိသော အခန်း ၃၀၃သို့ လှမ်းမျှော်ကြည့်လိုက်မိသည်။

လိုက်ကာစ နှစ်ဘက်လုံးကို ဘေးနှစ်ဘက်သို့ စည်းနှောင်ထားပြီး ၊ မှန်ပြတင်း၏အနောက်မှာ ဂျိုးဂျိုးကို ရပ်လျက်အနေအထားဖြင့် တွေ့လိုက်ရ၏။

ဆေးရုံ၏ နာရီစင်က ( 05:00 pm ) တိတိ သို့ ပြနေပါ၏။

ဂျိုးဂျိုးသည် ကျွန်တော့်ကို မြင်ဟန်မတူ။

သူ စီးနေကျ ဒန်းလေးကို ဘောလုံးလေးပိုက်ကာ ငေးမျှော် ကြည့်နေပါ၏။

ကျွန်တော်က သူ မြင်များ မြင်လေမလားလို့ လ္ဘက်ရည်ဆိုင်မှ လက်ကို မြှောက်ပြလိုက်ပါ၏။

ဂျိုးဂျိုးကား ကျွန်တော့်အား မမြင်လေသလား သို့မဟုတ် မမြင်ဟန် ဆောင်သည်လားမသိ။ မှန်ပြတင်းမှ ခွာသွားသည်။

ချက်ချင်းပင် တာဝန်ကျ သူနာပြုဆရာမလေး တစ်ဦးသည် မှန်ပြတင်းနောက်ကွယ်က လိုက်ကာစ နှစ်ဖက်ကို ဆွဲစေ့သွားသည်ကို မြင်တွေ့လိုက်ရ၏။

လ္ဘက်ရည်နဲ့မုန့် ပါဆယ် ရပြီမို့ ကျွန်တော်လည်း ဆေးရုံထဲသို့ ပြန်ဝင်လာခဲ့ပါသည်။

ဓာတ်လှေကားသို့ မရောက်မှီမှာ ကျွန်တော် ဆေးရုံလုံခြုံရေး ကိုမြင့်အေးနှင့်အတူ ဝယ်လာသော လ္ဘက်ရည်နှင့်မုန့်တို့ကို မျှတ၍ စားသောက်လိုက်ကြသည်။

အချိန်မှာ ညနေ ၅နာရီ ကျော်ပြီ ဖြစ်ပါ၏။

တိတိကျကျ ဆိုရသော် ၅နာရီ မိနစ် ၂၀ ဖြစ်ပါသည်။

ဆောင်းတွင်း ဖြစ်သည်မို့ထင်ပါသည်။ နေဝင်စောလေ၏။

အပြင်ဘက်မှာ မှောင်စပျိုးလေပြီ။ဓာတ်လှေကား ခေါင်းလောင်းသံလည်း အခုထက်ထိ မကြားရသေးချေ။

ကျွန်တော်နှင့်လုံခြုံရေး ကိုမြင့်အေး လ္ဘက်ရည် သောက်နေသည့် နေရာမှဆိုလျင် ဓာတ်လှေကားခေါင်းလောင်းသံကို ကောင်းစွာ ကြားရသည်။သို့ဖြင့် ကျွန်တော်တို့ ၂ယောက် အေးအေးလူလူ လ္ဘက်ရည်သောက်ရင်း စကားပြောနေကြသည်။

သို့သော်… ( 5:30 pm )

တခဏ အကြာ ၊ နှလုံးရောဂါ အထူးကု ဆရာဝန်ကြီးသည် အပြင်မှ ပျာယိပျာယာ ဝင်လာပြီး ၃ထပ်သို့ ပို့ပေးရန် အမိန့်ပေးလေ၏။

ကျွန်တော်လည်း သောက်လက်စ လ္ဘက်ရည်ကို အကုန်မော့သောက်ပြီး ဆရာဝန်ကြီးကို ၃ထပ်သို့ လိုက်ပို့လိုက်သည်။

ဆရာဝန်ကြီး ဓာတ်လှေကားမှ ဆင်းသွားပြီးနောက်၊ ၃ ထပ် ရောက်တုန်း ဂျိုးဂျိုးဆီ အလည်ခဏ သွားရန် စဉ်းစားနေဆဲ မြေညီထပ်ဆီမှ ဓာတ်လှေကားခေါ်သံ ကြားရ၍ မသွားဖြစ်တော့ပဲ၊ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့ရသည်။

အောက်ထပ်တွင် အရေးပေါ် ခွဲစိပ်ရမည့် အူအတက်ပေါက်လူနာ ရောက်နေခြင်း ဖြစ်သည်။ ခွဲစိပ်ခန်းသည် မြေညီထပ်မှာရော ၊ ဒုတိယထပ်မှာပါ ရှိ၏။

သို့သော် ယခု မြေညီထပ်က ခွဲစိပ်ခန်းမအား၍ ဒုတိယထပ်က ခွဲစိပ်ခန်းကို ပို့ပေးရမည်ဖြစ်သည်။

ဆေးရုံမှ သူနာပြုဆရာမလေးက လက်တွန်လှည်း တာန်းပေးမည့်သူ မရှိ၍ ကျွန်တော့်အား အားနာနာဖြင့် အကူအညီတောင်းခံနေပါ၍ ကျွန်တော်သည် ထိုလူနာကို လူနာတင် တွန်းလှည်းပေါ်တင်ပြီး ခွဲစိပ်ခန်းထဲ ရောက်သည်အထိ ကူညီပို့ပေးခဲ့ရပြန်သည်။

ဤအချိန်သည် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်အကူဝန်ထမ်းများ ဂျုတီချိန်းသည့် အချိန်ဖြစ်၍ ဝန်ထမ်းအင်အား နည်းပါးနေချိန်လည်း ဖြစ်ပါသည်။

နာရီကို ကြည့်လိုက်တော့ ည၆နာရီ မိနစ်၂၀ တိတိ ဖြစ်ပါသည်။ဆရာဝန် ဆရာမများ ခိုင်းသည်ကို ကူညီညာ လုပ်ကိုင်ပေးရင်း နာရီဝက် ၄၅မိနစ်ခန့် ထပ်မံကြာမြင့်သွားပြန်သည်။

………………….

၃။

ဓာတ်လှေကားထဲ ကျွန်တော် ပြန်ရောက်သည့်အခါ ည ၇ နာရီထိုးပြီ ဖြစ်သည်။ ၃ထပ်မှ ဓာတ်လှေကားခေါ်သည့် ခေါင်းလောင်းသံ ထွက်ပေါ်လာ၏။

ကျွန်တော် ၃ထပ်သို့ တက်သွားလိုက်သည်။ ၃ထပ်သို့ ရောက်သည့်အခါ ဓာတ်လှေကား တံခါး ပွင့်သွားပေမယ့် ဓာတ်လှေကား စီးရန် စောင့်ဆိုင်းနေသူ မရှိ။

ဒါနဲ့ ကျွန်တော် အပြင်ဘက်ကို ခေါင်းထွက်၍ ဘယ်ညာ ကြည့်လိုက်သည်။

၃ထပ်က စင်္ကြန်လမ်းတစ်လျောက်လုံးတွင် တိတ်ဆိပ်ငြိမ်သက်လျက် ရှိပြီး၊ လူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရချေ။

ဒါမျိုး တစ်ခါမှ မဖြစ်ဖူးသည်မို့ ကျွန်တော်ဟာ မကျေမနပ်ဖြစ်လာပြီး၊ ဓာတ်လှေကား၏ အပြင်ဘက် စင်္ကြန်လမ်းသို့ လူကိုယ်တိုင် ထွက်ကြည့်လိုက်သည်။

လူနာအခန်းများရှိရာဘက် စင်္ကြန်လမ်းသည် ယနေ့ အနည်းငယ် မှောင်နေပါ၏။ စင်္ကြန်လမ်းမီးများ အားလုံး ထွန်းညိမထားချေ။ ဓာတ်လှေကား အပေါက်ဝက မီးလုံးတစ်လုံးသာ လင်းနေ၏။

ထိုအခိုက် ၊

” ဘုတ်….ဘုတ်…ဘုတ် ”

အသံ၏ အဆုံးတွင် ကျွန်တော့်ထံသို့ ဘောလုံးလေး တစ်လုံးသည် တစ်နေရာမှ ပစ်လိုက်သကဲ့သို့ တဘုတ်ဘုတ်ဖြင့် ခုန်ပေါက်ပြီးနောက် လိမ့်လာ၏။

ကျွန်တော့် ခြေထောက်အား လာနမ်းသော ဘောလုံးလေးကို ကျွန်တော် ခါးကိုညွတ်၍ ကုန်းကောက်လိုက်သည်။

ဘောလုံးလေးကို ကျွန်တော် ကောင်းစွာ မှတ်မိပါသည်။ဤဘောလုံးလေး၏ ပိုင်ရှင်သည် ဂျိုးဂျိုး ပဲ မဟုတ်လား။

သို့သော် ဘောလုံးသာ ကျွန်တော့်ထံ ရောက်လာပြီး၊ ဂျိုးဂျိုးကား ထွက်မလာသေးချေ။

မှောင်ရိပ်ကျနေသော စင်္ကြန်လမ်း၏ တဖက်မှာ ကလေးတစ်ယောက်၏ သဏ္ဍာန်ကို ဝိုးတဝါးမြင်ရသည်။ ထိုကလေးသည် ဂျိုးဂျိုးသာ ဖြစ်လိမ့်မည်။

ကျွန်တော် သူ ထွက်လာလေမလားဆိုပြီး တအောင့်လောက် ခဏ စောင့်နေပေမယ့် ဂျိုးဂျိုးသည် အမှောင်ထဲက ထွက်မလာ။ ဂျိုးဂျိုးသည် ကျွန်တော့်အား စိတ်ကောက်နေသည်သာ ဖြစ်လိမ့်မည်။

ကျွန်တော် ရယ်ပြုံးလိုက်ပြီး..

” ဂျိုးဂျိုး က ဦးလေးကြီးကို စိတ်ကောက်နေတယ်ထင်တယ် ၊ ဦးလေးကြီးလည်း ဂျိုးဂျိုးကို လာတွေ့မလို့ပါ ၊ ဒါပေမဲ့ ဦးလေးကြီးက ဒီဆေးရုံက ဝန်ထမ်းဆိုတော့ ဆေးရုံက ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် လေးစားစွာ ထမ်းဆောင်ရသေးတယ်ကွယ့်၊ အဲ့ဒါကြောင့် လာမတွေ့ ဖြစ်တာပါ ။ အဲ့ဒီအတွက် ဦးလေးကြီးကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်ကွယ် ”

ကျွန်တော်က စကားကို အချိုသာဆုံး ဖြစ်အောင် တောင်းပန်နေပေမယ့် အမှောင်ထဲက အရိပ်လေးကတော့ တုပ်တုပ်မျှ မလှုပ်။ ငြိမ်သက်နေပါ၏။

အဲ့ဒီအချိန် ဓာတ်လှေခါးခေါ်သည့် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ကျွန်တော် မအားတော့ပေ။

ထို့ကြောင့် ဂျိုးဂျိုးထံ ဘောလုံးကို အသာအယာ လိမ့်ပေးလိုက်ပြီး ၊

” ခဏနေရင် ဦးလေးကြီး ဂျိုးဂျိုးရဲ့ အခန်းကို လာခဲ့မယ်နော် ၊ ခုတော့ မအား..

အား ..”

အံဩစရာပင် ကျွန်တော် ပစ်ပေးလိုက်သော ဘောလုံးလေးသည် ဂျိုးဂျိုးခြေထောက်အောက်မှ ဝင်၍ ပျောက်ကွယ်သွားသည်။ ဘောလုံးတင်လားဆိုတော့ မဟုတ်ပေ။ အမှောင်ထဲက ဂျိုးဂျိုး၏ အရိပ်သဏ္ဍာန်လေးပါ မျက်စိအောက်က လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

စစ်သား လူထွက် ကျွန်တော်သည် ဘာကိုမှ ကြောက်တတ်သူ မဟုတ်။ သိုပေ့မယ့် ယခုအချိန်ကာလလေး၌ ထူးဆန်းစွာ ကြက်သိမ်းမွှေးညင်းများ တဖျန်းဖျန်းထသွားသည်ကို ဝန်ခံရပေမည်။

ပြင်ပက အအေးဓာတ်ကြောင့်လား ၊ ကျွန်တော်၏ သရိုးသရီ ဖြစ်သွားသော စိတ်အခြေအနေကြောင့်လားမသိနိုင်။

ကျွန်တော်၏ တစ်ကိုယ်လုံး အေးစိမ့်သွားပါ၏။

…………………….

၄။

ည ကိုးနာရီ ထိုးပြီ။ ဓာတ်လှေကားစီးနင်းသူ မရှိသလောက် ကျဲပါးသွားပြီ ဖြစ်သည်။ အပြင်မှာသာမက ဆေးရုံထဲပင် အအေးဓာတ်က ပိုကဲလာ၏။

” ဟေး ကိုစစ်မောင် ၊ လာဗျို့ ဒီမှာ ယောက်ကျားလေး မွေးတဲ့ အထိမ်းအမှတ်နဲ့ မွေးလူနာရဲ့ ခင်ပွန်းက ကျုပ်တို့ကို

မန်းမြို့တော်ပေါက်စီတွေနဲ့ လက်ဖက်ရည်တွေ အလျံအပယ် လာဝယ်ပေးသွားတယ် ၊ တွယ်လိုက်ကြရအောင် ”

ဆေးရုံ လုံခြုံရေး ကိုမြင့်အေးက ကျွန်တော့်အား အားရဝမ်းသာ လှမ်းခေါ်၏။

ည ကိုးနာရီဆိုတော့ ကျွန်တော့ရဲ့ ဗိုက်ကလည်း ပြန်ဟာလာပြီ ဖြစ်၏။ထို့ကြောင့် လုံခြုံရေး ကောင်တာ အနီးသို့ သွားထိုင်လိုက်သည်။

ကိုမြင့်အေးက ပေါက်စီများကို ကျွန်တော့်ဘက်သို့ တွန်းပေးရင်း ၊ လ္ဘက်ရည်ကို ခွက်ထဲ ထည့်ပေး၏။

လုံခြုံရေးကောင်တာသည် ရီဆက်ရှင်ဘေး၌ ရှိပြီး၊ သံတိုင်ပါ ပြတင်းပေါက်မှ ကြည့်လျင် အပြင်သို့ မြင်နေရသည်။

ကိုမြင့်အေး ပေးသော လ္ဘက်ရည်နှင့်ပေါက်စီကို စားရင်းသောက်ရင်း ကျွန်တော် ဘာရယ်မဟုတ် အပြင်ဘက်သို့ ငေးကြည့်လိုက်သည်။

ကျွန်တော်နှင့်တည့်တည့်က မြင်ကွင်းသည် ဆေးရုံပန်းခြံလေး ဖြစ်၏။ ကျွန်တော် သောက်လက်စ လ္ဘက်ရည်ခွက်ကို ကောင်တာ စားပွဲပေါ် ရုတ်တရက် ချထားလိုက်မိသည်။

ဆေးရုံပန်းခြံထဲက ဒန်းလေးပေါ်တွင် ကလေးတစ်ယောက် ဒန်းကို ညင်ညင်သာသာ စီးနေသည်ကို မြင်လိုက်ရ၍ ဖြစ်သည်။

ဆတ်ကနဲ မတ်တတ်ထရပ်လိုက်မိသည်။ အံဩလွန်း၍ အသားတွေ တုန်လာ၏။

ဆေးရုံ အဆောက်အအုံကြီးထဲ၌ပင် အနွေးထည်ကို လည်ပင်းထိ ဇစ်ပြည့်ဆွဲတင်ထားရလောက်အောင် ချမ်းအေးလွန်းသည့် အချိန်မှာ ကလေးတစ်ယောက်က အပြင်မှာ ဒန်းစီးနေ၏။

မျက်လုံးအားကောင်းသော ကျွန်တော်သည် ဒန်းစီးနေသော ကလေးမှာ ဂျိုးဂျိုး ဖြစ်ကြောင်း သိလိုက်ပါ၏။

ထို့ကြောင့် ချက်ချင်းပဲ ဆေးရုံထဲမှ အပြင်သို့ ပြေးထွက်ကာ ပန်းခြံလေးဆီသို့ ထွက်လာခဲ့သည်။

ဂျိုးဂျိုး စီးနေသော ဒန်းလေးဆီသို့ မရောက်မီ ပေ ၂၀ကျော် ခန့်အကွာသို့ ကျွန်တော် ရောက်သည့်အခါ ဒန်းပေါ်က ဂျိုးဂျိုးက ကျွန်တော့်ဘက်သို့ လှည့်ကြည့်ကာ ဒန်းကို ရပ်တန့်ပစ်လိုက်သည်။

ဂျိုးဂျိုးသည် ကျွန်တော့်အား မြင်သွားလေပြီ။ အားရဝမ်းသာဖြင့် သူ၏ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ကျွန်တော့်ထံ အပြေးလေး လှမ်းလာသည်။

သူ၏ ပါးစပ်က ကျွန်တော့်အား ဦးလေးကြီးဟု အော်ဟစ်ခေါ်လာသလားမသိ။

တစုံတရာတော့ အော်ဟစ်လာ၏။မသဲကွဲချေ။

နှလုံးရောဂါသည်လေးမို့ သူ မောပန်းနေမည်စိုးသော ကျွန်တော်က ပြေးမလာရန် အော်ဟစ်လိုက်မိသည်။

” ဂျိုး ဂျိုး လူလေး မပြေးနဲ့ ”

ဆောင်းလယ်ကာလ၏ နှင်းလွှာရုံတစ်ခုသည် ကျွန်တော်နှင့် ဂျိုးဂျိုးတို့ ၂ဦး အကြားသို့ ရုတ်ချည်း ဝင်ရောက်လာသည်။

ထိုနှင်းမြူများကြောင့် ကျွန်တော် ဂျိုးဂျိုးကို မမြင်ရတော့ပေ။ကျွန်တော်သည် နှင်းမြူများကြားသို့ ကမန်းကတန်း တိုးဝင်၍ ဂျိုးဂျိုးအား ရှာဖွေလိုက်သည်။

ဘယ်လိုမှ ယုံနိုင်ဖွယ် မရှိ။ ပန်းခြံထဲတွင် ဂျိုးဂျိုး မရှိတော့ပေ။

ဖတ်ကနဲ ကျွန်တော့် ပုခုံးပေါ်သို့ လက်တစ်ဖက်ကျလာ၍ လှည့်ကြည့်လိုက်သည်။

နက်ပြာရောင် လုံခြုံရေး ဝတ်စုံကို ဝတ်ဆင်ထားသော ကိုမြင့်အေး ဖြစ်နေသည်။

” ဟိတ်လူ ခင်ဗျား ဘာမြင်လို့ ဒီလောက် အသည်းအသန် ပြေးထွက်သွားရတာလဲ ၊ ကိုယ့်ကိုယ်ကိုယ် ခြေတစ်ဖက် မရှိတော့ဘူးဆိုတာ သတိရပါဦးဗျ ၊ လဲနေမှဖြင့်ဗျာ ”

ကျွန်တော့်အား လမ်းမှာ လဲကျမည်ကို စိုးရိမ်၍ လိုက်လာသော ကိုမြင့်အေးအား ကျွန်တော်က အလောတကြီး ပြန် မေးလိုက်သည်။

” ခင်ဗျား လည်း မြင်လိုက်တယ်မဟုတ်လား ၊ ခုနက ပန်းခြံထဲမှာ ဂျိုးဂျိုး တစ်ယောက်တည်း ဒန်းစီးနေတာလေဗျာ ”

ကိုမြင့်အေးသည် ကျွန်တော်နှင့်ဂျိုးဂျိုး ရင်နှီးနေကြောင်း သိထား၏။ ပြီးတော့ ကိုမြင့်အေးသည် နှလုံးရောဂါ ခံစားနေရသော ဂျိုးဂျိုးအား ကောင်းစွာသိသူ ဖြစ်ပါ၏။

ကိုမြင့်အေးသည် ကျွန်တော့်အား အံအားသင့်စွာ ပြန်ကြည့်ရင်း ၊

” ဟာ! မဟုတ်တာဗျာ ၊ ခင်ဗျား ဘာတွေ ပြောနေတာလဲ ၊ မဖြစ်နိုင်တာ ”

” ကျွန်တော် တကယ်ပြောတာပါ ကိုမြင့်အေးရ ၊ ကျွန်တော့်ကို မြင်လို့ ဂျိုးဂျိုး ပြေးလာလို့တောင် မပြေးနဲ့လို့ အော်လိုက်မိသေးတယ် ”

ကိုမြင့်အေးသည် ဒန်းလေးကို တစ်လှည့် ကျွန်တော့်ကို တစ်လှည့် ကြည့်ကာ ကျွန်တော်၏ လက်ကို လာဆွဲ၍ ..

” လာ..လာ သွားကြရအောင် ၊ ဒီနေရာက အရမ်းအေးတယ် ၊ လာစမ်းပါကွာ

ဆေးရုံထဲကျမှ ကျုပ်ပြောပြပါ့မယ်”

ကျွန်တော်သည် ဇွတ်အတင်း ဆွဲခေါ်သွားသော ကိုမြင့်အေး၏ နောက်သို့ ထော့နင်းနင်းဖြင့် ပါသွားပေမယ့် ဒန်းလေးဆီသို့ လည်ပြန်ကာ ကြည့်နေမိသေး၏။

ပန်းခြံထဲက ဒန်းလေးသည် ငြိမ်သက်စွာ ရှိနေပါသည်။

…………………

၅။

ဆေးရုံထဲရောက်တော့ ကျွန်တော့်ကို ကိုမြင့်အေးက ရေတစ်ခွက် ခပ်တိုက်ရင်း ခုံလွတ်တစ်လုံးမှာ ထိုင်ခိုင်း၏။

ကျွန်တော် စိတ်အေးလက်အေး ရှိလောက်ပြီဆိုတော့မှ ၊ ကိုမြင့်အေးက သူ သိထားသော အကြောင်းကို ပြောပြသည်။

” ညနေ ၆နာရီလောက်က ခင်ဗျား ပြောနေတဲ့ ဂျိုးဂျိုး ဆိုတဲ့ ကောင်လေး ဆုံးသွားပြီလို့ သူနာပြုဆရာမလေး မနီနီအောင်က ကောင်တာမှာ လာပြောသွားတယ်ဗျ ”

” ဗျာ ! ”

ကျွန်တော် ထိတ်လန့်တကြား အာမေဋိတ်သံ ထွက်ပေါ်သွားပါသည်။

ကျွန်တော်တို့ စကားပြောနေသည်ကို ကြားသွားသော သူနာပြုဆရာမလေး မနီနီအောင်က ဝင်၍ ပြော၏။

” ဟုတ်တယ် ၊ ကျွန်မဖြင့် ကောင်လေးကို သနားလိုက်တာရှင် ၊ ညနေ ၄နာရီကျော်က နှလုံး စဖောက်တာရှင့် ၊ ကျွန်မတို့လည်း တတ်နိုင်သမျှတော့ အစွမ်းကုန် ပြုစုကုသကြတာပဲ ၊ ကလေးက အဲ့ဒီကစပြီး သတိကောင်းကောင်း မရှိတော့ဘူး ”

ဟင် ! ဒါဆိုရင် ကျွန်တော် လ္ဘက်ရည် ထွက်ဝယ်စဉ်က အခန်း ၃၀၃ မှန်ပြတင်းပေါက်မှာ တွေ့ခဲ့ရသော မတ်တတ်ရပ်နေသည့် ဂျိုးဂျိုးသည် ခန္ဓာကိုယ်မှ လွင့်မျောနေသော ဝိဉာဉ်ပဲပေါ့ ။

ကျွန်တော်သည် အလောတကြီးဖြင့် ဆရာမလေးကို မေးလိုက်သည်။

” ညနေက မှန်ပြတင်းက လိုက်ကာစတွေ ဆရာမလေး ပိတ်နေတုန်းက ဂျိုးဂျိုးက သတိမရှိတော့ပဲ ကုတင်ပေါ် လဲရင်း မျောနေပြီပေါ့နော် ၊ ဟုတ်လား ဆရာမလေး ”

ဆရာမလေးက ကျွန်တော့အား နားမလည်သလိုဖြင့် ကြည့်၍ ခေါင်းငြိမ့်ပြသည်။

” ဟုတ်တယ်လေ ဦးစစ်မောင်ရဲ့ ။ သူ သေဆုံးချိန်ကို ဆရာဝန်ကြီးနဲ့အတူ ကျွန်မ အတည်ပြုပေးခဲ့တာ ၊ ညနေ ၆နာရီလောက်က ဆုံးသွားတာရှင့် ”

ကျွန်တော် အားအင်တွေ ကုန်ခမ်းသွားသည်လားမသိ။ အနီးက ထိုင်ခုံကျောမှီကို လက်ဖြင့်ကိုင်ကာ အားပြုထားရသည်။သို့မဟုတ်ပါက ကျွန်တော် ကြမ်းပြင်ပေါ်သို့ ခွေခေါက်ကျသွားမည်မှာ မလွဲပေ။

တတိယထပ် စင်္ကြန်လမ်း အမှောင်ထဲမှာ ကျွန်တော့်အား စောင့်ဆိုင်းနေသော အရိပ်သဏ္ဍာန်သည် ဂျိုးဂျိုး၏ ဝိဉာဉ်ပင် ဖြစ်နေပါ၏။

ဒါကြောင့် ကျွန်တော့်အား သူ စကား မပြောတော့တာပင် ဖြစ်လိမ့်မည်။ လူမဟုတ်တော့ပဲ၊ ဝိဉာဉ်အဖြစ် ကျွန်တော့်အား ကိုယ်ထင်ပြခြင်းသာ။

ဆရာမလေး မနီနီအောင်သည် ကျွန်တော့်အနီးသို့ တိုးကပ်ခါပြီး ၊

” မပြောတော့ဘူးလို့ စဉ်းစားထားပေမယ့် ၊ ဂျိုးဂျိုးလေးက ရှင့်အပေါ် အတော် သံယောဇဉ်တွယ်တာခဲ့ပုံပဲ ၊ ဂျိုးဂျိုးက ရှင့်ကို သူ မသေခင် ဒီရက်ပိုင်းအတွင်းမှာ တစ်ဖွဖွ မေးတယ်ရှင့် ၊ ဒီကလေးက မှတ်ဉာဏ်လည်း အတော်ကောင်းတယ်၊ ပြီးတော့ ပန်းချီပညာရပ်မှာ ပါရမီ ထူးတဲ့ ကလေးတစ်ယောက်ပဲ ၊ သူ့အဘိုး ပန်းချီဆရာကြီးများ ဝင်စားလေသလား မပြောတတ်ပါဘူးရှင် ၊ ရှင့်ပုံကို သူ အလွတ်ဆွဲထားတာများ တူမှ တူပဲ ”

ကျွန်တော် ဆရာမလေး၏ စကားများကို နားထောင်နေရင်း မျက်ဝန်းတစ်ဝိုက် စိုစွတ်လာ၏။ အမြင်အာရုံသည် မှုန်ဝါးလာပါ၏။

ရင်ထဲက ဆို့တက်သော ဝမ်းနည်းမှုသည် ကျွန်တော်၏ မျက်လုံးများကို စိုစွတ်မှုန်ဝါးစေခြင်း ဖြစ်လိမ့်မည်။

လူကြမ်း စိတ်ကြမ်း ရန်သူများနှင့် တိုက်ပွဲ အကြိမ်ကြိမ် ဝင်ခဲ့သော စစ်သားဟောင်းကြီးသည် ဤတစ်ကြိမ် အသည်းမမာနိုင်တော့ပါလား ။

ညီမအရင်း သေဆုံးစဉ်ကပင် မျက်ရည် မဝေ့ခဲ့သော ကျွန်တော်သည် ရက်ပိုင်းမျှသာ ခင်မင်ရင်းနှီးခဲ့ရသော ဂျိုးဂျိုးဆိုသော ကောင်ကလေးကြောင့် မျက်ရည်များ ကျလာပါ၏။ ကျွန်တော် အလွန် ဝမ်းနည်းမိလေသည်။

တခဏအကြာ ဂျိုးဂျိုးအား တာဝန်ယူ ကုသပေးခဲ့ရသော နှလုံးအထူးကု သမားတော်ကြီး ဒေါက်တာ မြင့်နိုင် ရောက်လာပြီး ၊ ကျွန်တော့်အား ကြေကွဲစွာကြည့်ရင်း ၊

” ကောင်လေးက ကိုယ့်လူကို ပေးလိုက်ပါတဲ့ ..”

ဆရာဝန်ကြီးသည် ထိုသို့ပြောပြီး ကျွန်တော့်အား ဖဲကြိုးဖြင့် ချည်ထားသော စက္ကူ လိပ်လေးတစ်ခု ပေးသွား၏။

ကျွန်တော် ဖွင့်ကြည့်လိုက်သည်။ စက္ကူကားချပ်လေးပေါ်တွင် ခြေတုတစ်ဖက်ဖြင့် ဘဝကို အရှုံးမပေးပဲ ဘောလုံးကန်နေသော ကျွန်တော့်၏ ပုံတူပန်းချီကို မြင်ရသော်အခါ …..။

ပြီးပါပြီ

ပီပီ (မန္တလေး)