တစ္ဆေညီအမ

Posted on

တစ္ဆေညီအမ(စ/ဆုံး)

———————

စာရေးသူ..အစိမ်းရောင်

”သား မောင်ထင်လင်း မပြီးသေးဘူးလားကွယ့်”

”ဟုတ် အမေ ခနလေး စားလို့ပြီးပါပြီ”

”အေးအေး မှောင်နေမှာစိုးလို့ ပြောတာသားရေ ထမင်းမြန်မြန်စား”

ညနေစောင်း နေဝင်ရီသရောအချိန်ဖြစ်နေပါပြီ။ မိခင် ဒေါ်စိုးမ က
သားတော်မောင် ထင်လင်းကို မှာကြားနေတာပါ။
ဖခင် ဦးအုန်းမောင်ကလည်း ထပ်၍ မှာလိုက်သည်။

”သား ထင်လင်း သေသေချာချာဂရုစိုက်နော်”

”ဟုတ်ကဲ့ပါ အဖေရဲ့ စိတ်ချပါ”

”အေးပါသားရယ် အဖေလည်း နေမကောင်းလို့ သားတစ်ယောက်
ထဲ လွှတ်လိုက်ရတာပါကွာ မဟုတ်ရင်အဖေလိုက်ပါတယ်”

ဒီတော့ ဒေါ်စိုးမကလည်း

”ကိုအုန်းမောင်ရယ် ရှင်ကနေမကောင်းဖြစ်နေတာလေ ရှင်ပါလိုက်
သွားလို့ မဖြစ်ပါဘူးတော်”

”အေးပါကွာ ငါသိပါတယ် ကဲ…သား အဖေနဲ့သွားတုန်းကလိုပဲ
သေချာလုပ်နော် ရေတက်ရေကျကြည့်ပြီးမှ ပိုက်တွေဖြုတ်”

”ဟုတ်ကဲ့ပါ အဖေရဲ့ သားလည်း အဖေနဲ့ ခနခန လိုက်ဖူးနေတာပဲ
သိပါတယ်ဗျာ”

မောင်ထင်လင်းက ဖခင်ဖြစ်သူနဲ့ အရင်က ခနခန ဆိုသလို ပိုက်ချ
တာကို အကူအဖြစ်လိုက်ပေးနေတဲ့အတွက် တော်တော်လေးကို
ကျွမ်းကျင်နေပါပြီ။ အသက် ၂၀ အရွယ်ပေမဲ့ အလုပ်ကြမ်းတွေ
လုပ်ကိုင်နေတဲ့သူဖြစ်တဲ့အတွက် ထွားထွားကြိုင်းကြိုင် ခန္ဓာကိုယ်
နဲ့ပါ။

သူတို့မိသားစုလေးကတော့ ငါးဖမ်းခြင်း ပိုက်ချခြင်းနဲ့ အသက်မွေး
ဝမ်းကျောင်းနေခြင်းပါ။ တံငါရွာလေးတစ်ရွာမှာနေထိုင်ကြပါတယ်
သည်ရွာလေးက သူတို့လိုပဲ တံငါလုပ်သူတွေပေါများပါတယ်။
ငါးဒိုင်တွေလည်း ရှိကြပါတယ်။ တံငါ လုပ်ငန်းဆိုတာကလည်း
အသက်အန္တရာယ်များလှပါတယ်။ မြစ်ထဲ ပင်လယ်ထဲမှာ သားငါး
ရှာသူတွေအဖို့ အသက်ကိုဖက်နဲ့ထုတ်ထားကြရတာပါ။
နေပူမရှောင် မိုးရွာမရှောင် လှေတစ်စီးနဲ့ လိုက်လံငါးဖမ်းကြရ
တာကလည်း တကယ်တော့ မလွယ်လှပါဘူး။

ယောက်ျားဖောင်စီး။ မိန်းမမီးနေ ဆိုတဲ့ ဆိုရိုးစကားလေးတောင်
ထားခဲ့ကြသည် မဟုတ်ပေလား။ သူတို့လို တံငါသည်တွေအဖို့
ဒီလိုရုန်းကန်လေမှ စားဝတ်နေရေးအဆင်ပြေမည်မဟုတ်ပေလား
သို့ပေမဲ့ တစ်ခါတစ်ခါကျရင်တော့ ငါးတွေပုဇွန်တွေကို ငါးဒိုင်တွေ
က ပေးတဲ့စျေးက နည်းလှလေသည်။ အသက်စွန့်ပြီး မြစ်ထဲ မှာ
ပင်လယ်ထဲမှာ ငါးဖမ်းနေပေမဲ့ တကယ်တမ်း ဥစ္စာဓနတိုးလာသူ
တွေက ငါးဒိုင်တွေပင်။ သူတို့လိုတံငါလုပ်သားတွေကတော့
ဒုံရင်း ဒုံရင်းဖြင့်သာ…။

ယခုမှာတော့ မောင်ထင်လင်း တစ်ယောက်ထဲ ငါးဖမ်းထွက်မည်
လေ။ အရင်ကတော့ ဖခင်ဖြစ်သူ၏ဦးဆောင်မှုဖြင့် သူက လှေ
နောက်ကနေသာ အေးအေးနေခဲ့ပေမဲ့ အခုတော့ ထိုသို့မဖြစ်ချေ
တော့ပေ။ ဖခင်ကြီးက နာမကျန်းဖြစ်နေခဲ့လေသည်ပဲ။ သူတို့မှာ
ကလည်း အပိုဝင်ငွေကမရှိလေသောကြောင့် ငါးဒိုင်မှ ငွေစအနည်း
ငယ်ကိုပင် ချေးငှားထားပြီး ဆေးကုထားနေရလေသည်။
သို့ကြောင့် ကနေ့တော့ မောင်ထင်လင်းတစ်ယောက်ထဲသာ
လှေထွက်လာခဲ့ခြင်းပင်။ မိခင်နှင့် ဖခင်ကတော့ အစက မထွက်ဖို့
ပြောသေးသည်။ သို့ပေမဲ့ မိမိကိုယ်တိုင်ကလည်း လုပ်ကိုင်တတ်
နေပြီ ဖြစ်ချေရာ တစ်ယောက်ထဲထွက်ဖို့ တဖွဖွပြောခဲ့လေသော
ကြောင့်ခွင့်ပြုလိုက်ခြင်းပင်။ မောင်ထင်လင်းကတော့ အသက် ၂၀
ခန့်ရှိပြီး လူကောင်ထွားထွား အသားညိုညိုနှင့် ကြည့်ပျော်ရှု့ပျော်
တော့ရှိလေသည်။

နေ့ဘက်ထက်စာလျင် အခုလိုညပိုင်းမှာက အေးအေးလူလူနှင့်
ပိုက်ချ၍ရသည်။ ဒီလိုညပိုင်းက ငါးဖမ်းလှေတွေကလည်း သိပ်
တော့ များများစားစားမရှိလှပေ။ ထို့ကြောင့် ညဘက်မှာ ထွက်ခဲ့
ခြင်းပင်။ မောင်ထင်လင်းလည်း ထမင်းစားပြီးတာနဲ့ လိုအပ်တဲ့
ပစ္စည်းတွေကို လှေပေါ်တင်ကာ လှေထွက်လာခဲ့လေပြီ။

ကောင်းကင်ယံမှာ လအလင်းရောင်းကောင်းကောင်း မရပေမဲ့
ကြယ်ရောင်စုံထွန်းလင်းတဲ့ညဟု ပြော၍ရလေသည်။ ရေပြင်ဖွေး
ဖွေးမှာ လှိုင်းကြက်ခွပ်လေးတွေက လှေနံရံကို လာရောက်ရိုက်
ခတ်သံလေးတွေကတော့ သာယာနာပျော်ဖွယ်ရာအတိပင်။
မောင်ထင်လင်းတစ်ယောက် မြစ်ထဲမှာ လှေကလေးကိုလှော်
ခတ်လျက် မိမိပိုက်ချမည့်နေရာထိ ရောက်အောင်လှော်ခတ်သွား
လေသည်။ မြစ်ကမ်းနဲ့မနီးမဝေးမှာ သူ့လိုပဲ ငါးဖမ်းလှေတွေကို
မြင်တွေ့ရနေရပါသည်။ တချို့က လှမ်းနှုတ်ဆက်ကြသည်။

”ဝေး ထင်လင်း မင်းအဖေသက်သာရဲ့လား”

”ဟုတ်ကဲ့ သက်သာပါတယ်ဗျ”

”အေးအေး မင်းလည်း ဂရုစိုက်ဖမ်းအုန်း ဟေ့ ရေမှာဆိုတော့
သတိထားဟေ့ ”

”ဟုတ်ကဲ့ပါ ခင်ဗျ”

သည်ရွာလေးမှာက အကုန်လုံးလိုလိုက ဆွေမျိုးတွေလိုဖြစ်နေပြီ
လေ။ တစ်ယောက်အကြောင်းတစ်ယောက်သိတွေပဲကို။
ဒီလိုနဲ့ မောင်ထင်လင်းလည်း လူသူသိပ်ပြီး အရောက်ပေါက်မရှိ
သည့် နေရာထိ လှော်ခတ်လာခဲ့သည်။ ဒါမှသာ ငါးများများရပြီး
ဖခင်ကို ဆေးကုဖို့လည်းရ မိမိတို့စားဝတ်နေရေးလည်း အဆင်ပြေ
မည်ဟု တွေးကာ လူသိပ်မရောက်တဲ့နေရာအထိထွက်လာခဲ့သည်။
ဟိုးအရင်ကတော့ သူထွက်လာခဲ့သည့်နေရာမှာ တစ်ခါတစ်ရံ
သရဲခြောက်သည်ဟုလည်း သတင်းသဲ့သဲ့တော့ ကြားဖူးခဲ့သည်။
ထို့ကြောင့် အဲ့ဒီနေရာမျိုးမှာ ငါးဖမ်းမည့်သူ မရှိလှပေ။
သူကလည်း သရဲကြောက်တတ်သူတစ်ယောက်တော့မဟုတ်ပေ။
ဒါ့ကြောင့်လည်း အရဲစွန့်ကာ ထွက်လာခဲ့ခြင်းပင်။

”အင်း ဒီနေရာမှာ ပိုက်ချထားရမယ်”

ဟုတွေးကာ ပြင်ဆင်စရာတွေရှိတာ ပြင်ဆင်လိုက်ပါတယ်။
နောက်တော့ လုပ်စရာရှိသည့် ကိစ္စတွေအကုန်ပြီးသွားတော့မှ
သာ လှေပေါ်မှာ ခနတဖြုတ် ဆေးလိပ်ထိုင်ဖွာရင်း နားနေခဲ့သည်။

ထိုစဉ်မှာပင်

”ဟင် ဟိုမှာ လှေတစ်စင်းပါလားဟ ဒီနေရာကို ငါးလာဖမ်းကြ
တာနဲ့ တူတယ် ငါတစ်ယောက်ထဲလို့ထင်ထားတာ အေးလေ
ဘာပဲဖြစ်ဖြစ် အဖော်ရတာပေါ့”

ဟုသာ တွေးလိုက်သည်။
သူမြင်နေရတာကတော့ သူ့လှေနှင့်မနီးမဝေးမှာ လှော်ခတ်လာသည့်
လှေတစ်စင်းကို တွေ့လိုက်ရ၍ဖြစ်သည်။ အဝေးမှာ နည်းနည်းမှောင်
နေလေတော့ သဲသဲကွဲကွဲတော့ သိပ်မတွေ့ရပေ။
ကြည့်နေရင်းနှင့် ထိုလှေက အနီးရောက်လာခဲ့သည်။ ထိုအခါမှ
လှေပေါ်ပါလာသူတွေကို ကြည့်မိလိုက်တော့

”ဟင်”

ဟုသာ ရေရွတ်မိလျက်သားဖြစ်သွားခဲ့လေသည်။ လှေပေါ်မှာက
သူတို့လို ယောကျာ်းသားမဟုတ်ပဲ မိန်းကလေး နှစ်ယောက်က
လှေလှော်ခတ်လာခြင်းပင်။ သူတို့တွေ့တော့ သူတို့နှစ်ယောက်က
ပြောလိုက်သည်။

”ဟေ့ မောင်လေး ဘာကြောင်ကြည့်နေတာလည်း”

သူလည်း ရုတ်တရက်ဘာပြောရမှန်းမသိသောကြောင့်

”ဗျာ …ဟင် …ဟို ”

”မင်းက အံ့သြနေတာလား ဒီလိုပါကွယ် မမ တို့က ဟိုနားကကမ်း
စပ်နားမှာ နေကြတာပါ အဖေက လှေထွက်သွားတယ်လေ …
ဒါကြောင့် ပျင်းလို့ တို့ညီအစ်မ လှေလိုက်လှော်နေကြတာ”

ဒီတော့မှသူလည်း

”သြော် ဟုတ်ကဲ့ ညဘက်ကြီးမှာ အမတို့ကိုတွေ့လိုက်တော့ အံ့သြ
သွားမိလို့ပါ”

”အေးပါ ဟုတ်ပါပြီ မင်းကို အရင်ကမတွေ့ဖူးပါဘူး”

ဒီလိုမေးလာတော့ သူလည်း အကြောင်းစုံပြောပြလိုက်သည်။
ပြီးတော့ သူတို့ညီအမကိုကြည့်ရတာ အမွှာတွေဖြစ်ဖို့များသည်။
ရုပ်ရည်က ဆင်တူတူဟု တွေးမိလိုက်သည်။ ဖော်ဖော်ရွေရွေနှင့်
သဘောကောင်းပုံတော့ရသည်။

”အရင်က ဒီနေရာမှာ သရဲခြောက်တယ်လို့တော့ သဲ့သဲ့ကြားမိ
တယ် မင်းကမကြောက်ဖူးလား”

”မကြောက်တတ်ပါဘူးဗျာ သူတို့ကိုကျနော်က ဘာမှမလုပ်ဖူးလေ
ကိုယ့်ဝမ်းစာအတွက် ကိုယ်ရှာနေရတာဆိုတော့ မကြောက်တော့
ပါဘူးဗျာ”

”အေးပေါ့ကွာ နောက်နေ့မင်းပျင်းရင် လာလည်နော် ဟောဟို ရှေ့
နားက တဲလေးက အစ်မတို့တဲပဲ”

”ဟုတ်ကဲ့ ကျနော်အားရင်လာခဲ့ပါ့မယ်”

”အေးအေး မင်းကို ကိုယ့်မောင်လေးလိုခင်လို့ပါကွယ် အစ်မတို့
အဖေနဲ့လည်း တွေ့ရတာပေါ့ ကဲ ကဲ တို့သွားပြီဟေ့…”

သူတို့ထွက်ခွာသွားတော့ မောင်ထင်လင်းလည်း အတွေးတွေနဲ့
ကျန်ရစ်ခဲ့သည်။ ဒီအစ်မတွေက သဘောကောင်းကြတာပဲ။
ဘာပဲဖြစ်ဖြစ် ငါ မိတ်ဆွေတိုးတာပေါ့ ဟု တွေးလိုက်ကာ
အချိန်ကိုခန့်မှန်းကာ ပိုက်တွေပြန်ဖော်လိုက်သည်။ ဒီတော့ သူ
လည်း ပျော်ရွှင်သွားမိသည်။ ပွဲဦးထွက် ငါးဖမ်းထွက်ခဲ့ခြင်းမှာ
ငါးတော်တော်များများတော့ ရလိုက်လေခြင်းပင်။

အိမ်ပြန်ရောက်တော့ ညသန်းခေါင်းယံချိန်တောင်နီးနေခဲ့လေပြီ။
ငါးတွေကို ငါးဒိုင်တွေဆီသွားပို့ပြီးမှ အိမ်ပြန်လာခဲ့သည်။ ငါးဒိုင်
က အချိန်ပြည့် အမြဲဖွင့်ထားခြင်းပင်။ ဒါမှသာ ညဘက်ငါးဖမ်း
သူတွေလည်း ဒိုင်မှာ လာသွင်းဖို့အဆင်ပြေလေသည်။
သူလည်းအိမ်ပြန်ရောက်တော့ ရေမိုးချိုးကာ အိပ်ယာဝင်ခဲ့တော့
သည်။ အဖေနဲ့အမေကိုတော့ ထိုညီအစ်မ နှစ်ယောက်နဲ့ တွေ့ခဲ့
သည့် အကြောင်းကိုတော့ ပြောမပြဖြစ်တော့ပေ။

နောက်တစ်ညမှာလည်း သူငါးဖမ်းနေကြနေရာကိုသွားပြီး ပိုက်ချ
ထားလိုက်သည်။ ထိုအခါ မနေ့ညက တွေ့ခဲ့သည့် အမနှစ်ယောက်
ကို သတိရမိကာ

”အင်း သွားလည်ရင်ကောင်းမလား ဘယ်လိုလုပ်ရမလည်း မိန်းက
လေးတွေရှိတဲ့အိမ်ဆိုတော့ သင့်တော်ပါ့မလား”

ချီတုန်ချတုန်ဖြစ်နေခဲ့ခြင်းပင်။

”ကိုယ့်အမတွေကို သဘောထားတာပဲ သူတို့အဖေလည်းရှိတာပဲ
ခနတော့ သွားလည်လိုက်အုန်းမယ်”

ဆိုကာ ဆုံးဖြတ်လိုက်ပြီး လှေကိုလှော်ကာ ထွက်လာခဲ့လိုက်သည်
ခနလောက်လှော်ခတ်ပြီးတဲ့အခါမှာတော့ ကမ်းစပ်တစ်နေရာမှာ
မီးရောင် တလက်လက်နဲ့ တဲလေးတစ်တဲကို တွေ့လိုက်ရသည်။
ဒါဟို ညီအစ်မတွေအိမ်ပဲဖြစ်ရမယ် ဟုတွေးလိုက်ကာ အနားထိ
ရောက်အောင် လှော်ခတ်လာခဲ့လိုက်လေသည်။
သူလည်း ထိုတဲနားအရောက်မှာတော့

”ဝေး မနေ့ညကတွေ့တဲ့ မောင်လေးလား လာ လာ အိမ်ပေါ်တက်
ခဲ့လေ”

”ဟုတ်ကဲ့ ကျနော်ပျင်းလို လာလည်တာခင်ဗျ”

ဆိုကာ ဖော်ရွေတဲ့အသံကြောင့် သူလည်း အားတက်သွားပြီး လှေ
ကိုကြိုးချည်ကာ အိမ်ပေါ်တက်ခဲ့လေသည်။

”လာ မောင်လေ အဖကကတော့ စောစောကမှ လှေထွက်သွား
တယ်ကွယ့် မင်းလာမယ်ထင်လို့ အစ်မတို့ ထမင်းချက်ထားတယ်
စားသွားအုန်း”

”ဟာ နေပါဗျာ အားနားစရာ ကျနော်စားလာခဲ့ပြီးပါပြီဗျ”

ထိုအခါ တစ်ယောက်က ပြန်ပြောလေသည်

”မင်းကလည်းကွယ် ကိုယ့်မောင်နှမတွေပဲ အားနာမနေနဲ့ကွယ့်
ကဲ လာ အေးဆေးထိုင်”

သူတို့ကိုကြည့်မိလိုက်တော့ ဆံပင်ရှည်ရှည်နဲ့ ချောချောလှလှ
လေးတွေပင်။ မီးရောင်နဲ့မှ သူလည်းသေချာတွေ့ရသည်လေ။
ရုပ်ရည်ကလည်း ဆင်တူတူပင်။ သူတို့ပုံစံကလည်း ဖော်ရွေကာ
သဘောကောင်းနေတော့လည်း သူလည်း မငြင်းချင်တော့ပေ။

”ကဲ ဒီမှာ အကြမ်းရည်သောက်နှင့် အစ်မတို့ ထမင်းပြင်လိုက်အုန်း
မယ်နော်”

”ဟုတ် အားနားစရာဗျာ ”

”ကဲပါကွာ ရပါတယ် ကိုယ့်အစ်မတွေလို့သဘာထားရင်ထမင်းစား
သွား ဟုတ်ပြီလား”

ပြောပြောဆိုဆိုနှင့် အိမ်နောက်ဖက်ကို နှစ်ယောက်လုံး ထသွား
တော့သည်။ ဒီတော့သူလည်း အိမ်ရှေ့မှာထိုင်ကာ ဟိုဟိုဒီဒီ
လိုက်ကြည့်မိသည်။ ဒီတော့ သူ့မျက်လုံးတွေက ခေါင်းရင်းဘက်
ကို အရောက်မှာတော့ အံ့သြသွားကာ စိတ်တွင်းမှ ရွေတ်မိလိုက်
သည်။

”ဟင် ဘုရားစင်လည်းမရှိပါလား… သြော် ဘာသာခြားထင်တယ်”

အံ့သြသွားခဲ့ပေမဲ့ သူတွေးလိုက်မိသည့်က တခြားဘာသာဝင်ဖြစ်
လို့ ဘုရားစင်မရှိလေခြင်းဟုသာ တွေးမိလိုက်သည်။

”ကဲ မောင်လေးရေ ထမင်းစားလို့ရပြီဟေ့”

ဟုပြောလိုက်ပြီး ထမင်းစားပွဲနဲ့ ထမင်းဟင်းတွေကို အိမ်ရှေ့သို့
သယ်ယူလာခဲ့လေသည်။ သူကြည့်လိုက်လေတော့
ထမင်းဟင်းတွေက အငွေ့တစ်ထောင်းထောင်းထလျက် ပူပူနွေးနွေး
တွေပင်။ ဟင်းကတော့ ငါးခေါင်းချဉ်ရည်။ ပုဇွန်ကြော်။ ငါးဥကြော်
နှင့် ငါးပိရည် တို့စရာ ဖြင့် စားချင်သဖွယ်အတိပင်။

”အံ့သြနေတာလားကွယ့် မင်းမလာခင်လေးကမှ မင်းလာမယ်
ထင်လို့ အစ်မတို့ ချက်ထားတာလေ”

”သြော် ဒုက္ခရှာလို့ဗျာ အားနာလိုက်တာ သြော်ဒါနဲ့ ကျနော့်နာမည်
ထင်လင်းပါ ဗျ ပြောဖို့မေ့နေတာ”

ဒီလိုပြောလိုက်တော့ သူတို့နှစ်ယောက်က ရီနေပြီးတော့

”ဟုတ်ပါရဲ့ အစ်မတို့လည်း မေးဖို့မေ့နေတာ အေးအေး အစ်မတို့
နာမည်လည်း မှတ်ထားအုန်း သန္တာရွှေ နဲ့ သန္တာငွေ တဲ့ အစ်မက
အကြီး သန္တာရွှေ သူကအငယ် သန္တာငွေ”

”ဟုတ်တယ်မောင်လေးရဲ့ အစ်မတို့လည်း မင်းကို ကိုယ့်မောင်လေး
လို ခင်မိတယ်ကွယ်”

ဒီတော့သူလည်း မဆိုင်းမတွပင်

”ဟုတ်ကဲ့ ကျနော်လည်း ကိုယ့်အစ်မတွေလို့သဘောထားပါတယ်”

သူလည်း ထမင်းမစားခင် ရွတ်ဆိုနေကြ မေတ္တာပို့နှင့် သရဏံဂုဏ်
သုံးပါးကို စိတ်ထဲကနေ မျက်လုံးမှိတ်လျက်တိုးတိုးလေးရွတ်လိုက်
မိပါတယ်။ ဒါကလည်း မောင်ထင်လင်းအဖို့ ပြုလုပ်နေကြခြင်းပါ။
ထိုအခိုက်မှာပင် ဘာကြောင့်မှန်းမသိ ကျောထဲစိမ့်ခနဲ တစ်ချက်ဖြစ်
သွားမိပါတယ်။

ထို့နောက်မောင်ထင်လင်းလည်း ထမင်းစားမယ်ဆိုပြီး မျက်လုံးပြန်
ဖွင့်ကာ ထမင်းဝိုင်းကို ကြည့်လိုက်လေတော့…

”ဟင် … ဘာတွေလည်းဟ ဘယ်လိုဖြစ်တာလည်း”

သူမြင်လိုက်ရတာကတော့ စောစောကတွေ့သလို ပူပူနွေးနွေးနဲ့
ထမင်းဟင်းတွေ မဟုတ်တော့ပဲ …
ကျောက်ခဲတွေသဲတွေ ဖြစ်နေတာကိုအံ့သြဖွယ် တွေ့လိုက်ရပါတယ်
ဒီ့ထက်ဆိုးတာကတော့ စောစောကမြင်နေတဲ့ဟင်းတွေက ဆံပင်
ချည်တွေကို သွေးနဲ့ရောထားတာတွေ။ ပြီးတော့ သွေးသံရဲရဲနဲ့
အူတွေအသည်းတွေကိုလည်း တွေ့လိုက်ပါတယ်။
ဒီတော့ သူလည်း မကြောက်တတ်ဖူးလို့ထင်နေပေမဲ့ ဒီလိုမြင်လိုက်
ရတဲ့ အခိုက်တန့်မှာ ကြက်သီးတွေတဖြန်းဖြန်းထကာ ရင်တွေ
တဒုန်းဒုန်းနဲ့ခုန်လာပါတော့တယ်။

”ဒါ…ဒါ ဆို ဟို ဟို နှစ်ယောက်ကရော ”

စိတ်ထဲတွေးမိလိုက်ခြင်းပါ။ ဒီတော့ ကြောက်ကြောက်နဲ့ နောက်
လှည့်ကြည့်လိုက်တဲ့အခါမှာတော့ …

”အားး…ဘာကြီးလည်း ဘာတွေလည်း သွား…သွား…”

ဆိုပြီး တုန်လှုပ်ချောက်ခြားကာ အထိတ်တလန့်အော်ဟစ်လိုက်မိပါ
တယ်။ သူမြင်လိုက်တာကတော့ …

လူတစ်ယောက်ရေနစ်သေထားသလို ဖောင်းကားနေတဲ့ပုံစံမျိုးပါ။
ခန္ဓာကိုယ်ကြီးတွေက ရေဝင်ထားပြီး ဖောနေသလိုပါပဲ။ မျက်နှာ
ကြီးတွေကလည်း ဖောင်းကားပြီး အစ်ထွက်နေပါတယ်။ မျက်လုံး
နှစ်လုံးကနီရဲနေပြီး ပြူးထွက်နေတာကိုလည်း တွေ့ရပါတယ်။
မီးရောင်အောင်မှာ အသားအရည်တွေကလည်း ညိုမည်းပြီး
ပုတ်ပွနေသလိုလည်း တွေ့နေရလေတော့ ……
မောင်ထင်လင်းလည်း အသားတွေတဆက်ဆက် တုန်လာကာ
ပြေးဖို့ပြင်လိုက်ပါတော့တယ်။ ထိုအခိုက်မှာပင် သူ့နောက်ဖက်ဆီမှ
အသံသြသြကြီးကို ကြားလိုက်ရပါတော့တယ်။

”နင်က ငါတို့စေတနာကို စော်ကားတယ် ငါတို့က ထမင်းကျွေးချင်
လို့ လုပ်တာကို နင်က ဘုရားစာရွတ်တယ် …”

ကြောက်ရွံ့့ထိတ်လန့်ဖွယ်ရာ အသံကြီးပါ။ ထို့နောက်မှာတော့

”နင် မပြေးနဲ့ နင်ဒီမှာပဲ နေရမယ် ဒီမှာပဲ နေရမယ် ဟားးဟားး”

ဆိုကာ အသံနက်ကြီးနဲ့ အော်ဟစ်ကာ ရယ်မောနေပါတော့တယ်။
မောင်ထင်လင်းလည်း ဘုရားစားတွေရွတ်ကာ ထွက်ပြေးပါတော့
တယ်။ ကြောက်နေတာဆိုတော့လည်း သူရွတ်လိုက်တဲ့ဘုရားစာ
တွေက အထစ်ထစ်အငေါ့ငေါ့ အလွဲအလွဲ အချော်ချော်နဲ့ပေါ့။
အခုမှ ဒီလို ကြုံလိုက်တော့လည်း ကြောက်မိတာပေါ့။

သူလည်းထပြေးရော အနောက်ကနေ အသံနက်ကြီးနဲ့

”နင် မပြေးနဲ့ မပြေးနဲ့ …”

ဟုအော်ကာ ထိုသရဲတစ္ဆေ နှစ်ကောင်က ထလိုက်လာပါတော့
တယ်။ မောင်ထင်လင်းလည်း လှေပေါ်ကို အတင်းပြေးတက်ကာ
ချည်ထားတဲ့ကြိုးကို အလျင်အမြန်ဖြည်ကာ လှေကိုအသားကုန်
မောင်းထွက်လာပါတော့တယ်။ အနောက်ကို လှည့်ကြည့်လိုက်တဲ့
အခါမှာတော့ သူနဲ့ ခပ်လှမ်းလှမ်းကနေ

”မောင်လေး ဘယ်သွားတာလည်းကွယ့် ပြန်လာခဲ့လေ”

သူတွေ့ခဲ့ရတဲ့ အစ်မနှစ်ယောက်ပုံစံနဲ့ သူ့ကိုလှမ်းခေါ်နေတာပါ။
အသံချိုချိုလေးနဲ့ သူ့ကိုလှမ်းခေါ်နေခဲ့တာပါ။ ဒါပေမဲ့ သူကလည်း

”သွား …သွား သရဲမတွေ ငါ့နောက်လိုက်မလာနဲ့”

ဆိုပြီး အော်ဟစ်ကို လှေကို သာ ကြုံးလှော်ပါတော့တယ်။ ထိုအခါ
မှာတော့ ညီအစ်မနှစ်ယောက်က စောစောကလို ရေတွေဝင်ကာ
ပုတ်ပွနေတဲ့ ပုံစံပြောင်းသွားခဲ့ပြီး။ အသံသြသြကြီးပြန်ဖြစ်ကာ

”နင်လွတ်အောင်ပြေး မိရင်တော့ မလွယ်ဘူး ဟား… ဟား…”

သူလည်းအသားကုန်းသာ လှော်ခတ်လာခဲ့ပါတော့တယ်။
သူ့နောက်ကနေ ဒေါသတကြီးနဲ့အော်ဟစ်နေသံကို ကြားနေရလေ
တော့ မနားရဲပဲ အပြင်းလှော်ခတ်လာပါတော့တယ်။
ထို့နောက်မှာတော့ သူ့လို တံငါသမားတွေရှိနေတဲ့နေရာကို ရောက်
တော့မှာသာ အမောလွန်ကာ လှေပေါ်မှာပဲ ပစ်လှဲကျသွားပါတော့
တယ်။
…………… …………… ……………

”သား…သား… သတိရပြီလား”

”ဟင် အမေ သားဘယ်ရောက်နေတာလည်း”

”မင်း အမောတကောနဲ့ လှေပေါ်မှာ လဲကျသွားလို့ မောင်ငယ်တို့
ကိုဝင်း တို့က အိမ်ကို လိုက်ပို့တာလေ”

”ဟုတ်တယ် မောင်ထင်လင်းရဲ့ ဦးကြီးတို့ နားကို မင်းရောက်လာ
တော့ သတိမေ့သွားတော့တာပဲကွ ဘာဖြစ်လာလို့လည်း”

မောင်ထင်လင်းရဲ့ အဖေ ဦးအုန်းမောင်ကလည်းပြောလိုက်ပါတယ်။

”မင်း ပိုက်တွေလည်း မပါပဲ လှေကို အပြင်းလှော်လာပြီး လဲကျ
သွားတာဆို ဘာဖြစ်လို့လည်း သားရယ်”

တံငါသည် ဦးကြီးတွေက သူလဲကျသွားတာကိုတွေ့တော့ သူ့အိမ်
ကို ပြန်ခေါ်လာခဲ့ခြင်းပါ။ သူလည်း ရေတစ်ခွက်တောင်းသောက်
လိုက်ပြီး ဖြစ်ခဲ့ပုံကို ပြန်ပြောလိုက်ပါတယ်။ သူ့စကားအဆုံးမှာ
တော့…

”ဟင် … ဟာ … ဟောဗျာ ဖြစ်မှဖြစ်ရလေ ”

စသဖြင့် အသံတွေမျိုးစုံသွားခဲ့ပါတယ်။ မောင်ထင်လင်းက မေး
လိုက်လေသည်။

”ဒါထက် အဖေ အဲ့ဒါက ဘာတွေလည်းဟင် အဲ့ဒီနေရာမှာ သရဲ
ခြောက်တယ်လို့တော့ အဖေပြောလို့သိပါတယ် ဒါပေမဲ့ ဘာ
ကြောင့်လည်းတော့ မသိဘူး ပြောပြပါအုန်း”

”အေး သားလည် နောက်တစ်ခါ ဆင်ခြင်နိုင်အောင် ပြောပြပါ့မယ်”

ဦးအုန်းမောင် ပြောပြတာကတော့ အဲ့ဒီနေရာမှာ လွန်ခဲ့တဲ့ တစ်နှစ်
ကျော်လောက်က မသန္တာရွှေ နဲ့ မသန္တာငွေဆိုတဲ့ အမွှာညီအမ နှစ်
ယောက်ရှိကြပါတယ်။ ကမ်းစပ်လေးမှာ တဲလေးထိုးနေတာပေါ့။
သူတို့ရဲ့ အဖေကတော့ ငါးဖမ်းပါတယ်။

တစ်နေ့မှာတော့ သူတို့အဖေက ညဘက်ငါးဖမ်းထွက်နေတာက
အချိန်တန်လို့ ပြန်မလာသေးတဲ့အတွက် လှေတစ်စီးနဲ့ လိုက်ရှာ
တာပေါ့။ ဒီလိုလိုက်ရှာတဲ့အခါမှာတော့ ညီအစ်မနှစ်ယောက်
စနောက်နေရင်းကနေ လှေမှောက်ပြီးရေထဲ ပြုတ်ကျခဲ့ပါတယ်။
နှစ်ယောက်စလုံးကလည်း ရေကူးတတ်ကျပေမဲ့ အငယ်မလေး
သန္တာငွေက ရေကူးနေရင်း ကြွက်တက်လာတဲ့အတွက် ဆက်မကူး
နိုင်တော့လို့ အစ်မဖြစ်သူ သန္တာရွှေက လာရောက်ကယ်ဆယ်ခဲ့
ရင်း သန္တာငွေက ရေထဲမှာ ကြောက်ကြောက်နဲ့ ဆွဲထားလေသော
ကြောင့် နှစ်ယောက်လုံး ရေနစ်သေခဲ့ကြရတာပါ။

နောက်ပိုင်းမှာတော့ အဲ့ဒီနေရာကို ရောက်လာတဲ့သူတွေကို
ခြောက်လွန်းတော့ ဘယ်သူမှမလာကြတော့ပါဘူး။ တကယ်
တော့ သူတို့အဖေက ငါးရှာနေရင်းနဲ့ ငါအရကောင်းတဲ့အတွက်
အချိန်ကြာနေခဲ့ခြင်းပါ။ သမီးနှစ်ယောက်မရှိတဲ့ အခါမှာတော့
အဖေဖြစ်သူကလည်း တံငါအလုပ်ကို စွန့်လွှတ်ပြီး ဘုန်းကြီး
အပြီးဝတ်သွားခဲ့တာ ခုထိပါပဲ။ အမျှတန်းတွေ ပေးဝေခဲ့ပေမဲ့
ယခုထိ ကျွတ်လွတ်သေးပုံမရသေးပါဘူး။

ဒီတော့မှ မောင်ထင်လင်းလည်း အကြောင်းစုံသိသွားခဲ့ပါတော့
တယ်။ နောက်များမှာတော့ ထိုနေရာကို လုံးဝမသွားဖြစ်ခဲ့တော့
ပါဘူး။ နောက်တစ်ခါသာ ထပ်ကြုံရရင် လိပ်ပြာလွင့်သွားနိုင်တယ်
ဟုတွေးကာ ဝေးဝေးကရှောင်နေပါတော့တယ်။

ပြီးပါပြီ။

စာဖတ်သူများအားလုံး စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေ…။

မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။