တစ္ဆေအင်းချပ် (စ/ဆုံး)
မူရင်းရေးသားသူ – သတိုးဇာမဏီ
၂၀၁၀ ခုနှစ် နာဂစ်မုန်တိုင်းအပြီး / နှစ်နှစ်ခန့်အကြာက ဆန်းကြယ်သည့် ဖြစ်ရပ်ကလေး တစ်ခုဟုဆိုရပေမည်။ စာဖတ်သူတို့ အားလုံးသိကြသည့် အတိုင်း ၂၀၀၈ ခုနှစ်၀န်းကျင်က တိုက်ခတ်ခဲ့သော ထိုနာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ အချို့ဒေသများ၌ အတော်ပင် အထိနာခဲ့ရသည်။
“အဖေ … ကျုပ်တို့ မြို့ပေါ်ပြောင်းနေကြရအောင်ဗျာ ”
ဘိုတောက် စကားကြောင့် ဦးစံပေါ အထူးအဆန်းဖြစ်သွားလေ၏။ သူတို့မိသားစု လေးမှာ ဧရာ၀တီတိုင်း ဘိုကလေးမြို့နယ် အတွင်းက ရွာကလေးတစ်ရွာ တွင်နေထိုင်ကြ၏ ။ ဘိုတောက် ကား လူငယ်ပီပီ မြို့ကြီးပြကြီးကို သဘောတွေ့အားကျကာ ယခု၎င်း နေထိုင်သည့် ရွာငယ်ဇနပုဒ် ကလေးတွင် မနေထိုင်လိုတော့ ။
“ငါ့သားရယ် … မြို့ပေါ်တက်နေတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူးလေ … နောက်ပြီး အဖေတို့ လက်ထဲမှာလည်း စုထားဆောင်းထားတဲ့ ပိုက်ဆံရယ်လို့မှ မရှိတာ ”
“ဒါများ အဖေရာ … ကျုပ်တို့ ပိုင်တဲ့ လယ်တွေ ရောင်းထုတ်ပစ်လိုက်ပေါ့ဗျ … ဒီလယ်အလုပ်နဲ့ ကျုပ်တို့ ဒီတိုင်း ဆက်သွားရင်တော့ လုံးပါးပါးသွားတော့မှာပဲ ”
မိမိတို့ ပိုင် လယ်ယာမြေကွက်များကို ရောင်းထုတ်ပစ်လိုက်တော့ ဆိုသည့်စကားကြောင့် ဦးစံပေါ ပျာပျာသလဲဖြစ်သွားရသည်။
“ဘယ်နှယ့်ပြောလိုက်တာလဲ … ငါ့သား … ဒီလယ်မြေ တွေ ဆိုက တို့ဘိုးဘွား အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ရတာလေ … ဒီလယ်မြေလေးတွေကိုတော့ မထိပါနဲ့လား … ဘိုးဘွား အမွေအနှစ်ဆိုတာ တန်ဖိုးထား စောင့်ရှောက်တတ်ရတယ်ကွ ”
ဦးစံပေါမှာတော့ ၎င်းတို့၏ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာခဲ့သည့် ထိုလယ်များကို မြတ်နိုးတန်ဖိုး ထားလေသည်။ သို့သော် ဘိုတောက်မှာတော့ အပျံ တတ်ခါစ ဌက်ကလေးတွေလို ဟိုသည်လျှောက်စူးစမ်း ချင်သည်ကိုလည်း အပြစ်ဟု မဆိုသာ။
“ကျုပ်တို့ရွာကလေးက ဖွံ့ဖြိုးတိုးတက်မှုလည်း ရှိတော့တာ မဟုတ်ဘူး … အဖေကသာ နေနိုင်ပေမယ့် ကျုပ်ကတော့ မနေနိုင်ဘူးဗျာ … နောက်ပြီး ကျုပ်မိန်းမတွေရလို့ သားသမီးတွေ ရလာရင်လည်း … ဟောဒီလယ်ထဲ ဗွက်ထဲမှာ ကျွဲလို ရုန်းကန်မနေစေချင်ဘူး … မြို့ကြီးပြကြီးမှာပဲ တင့်တောင်းတင့်တယ်ထားချင်တယ် နေစေ့ချင်တယ် … ”
“ဒါပေမယ့်လည်းကွာ …”
ဦးစံပေါ စကားကိုဆက်မည် အပြု ဘိုတောက်ကပင်
“မဟုတ်ဘူး အဖေ … ကျုပ်ကလည်း ရောင်းစေချင်လွန်းလို့ရယ် ပြောတာမဟုတ်ရပါဘူး … နာဂစ်ပြီးကတည်းက အဖေ့လယ်တွေပျက်ပြီး အခု စပါးကော အောင်လို့လား … နောက်ပြီး မျိုးစပါးကို အကြွေးနဲ့ ယူ/ စပါးက အထွက်နည်းတော့ … အကြွေးပေါ်အကြွေးဆင့်ကုန်တာပဲ အဖတ်တင်တယ် … ကြာရင် ကျုပ်တို့လည်း အကြွေးလည်ပင်းနစ်ပြီး ဒုက္ခရောက်ကုန်မှာစိုးတာကိုပြောတာ အဖေရ ”
ထိုအခါ ဦးစံပေါလည်း အဖန်ရည် တစ်ခွက်ကို ဌဲ့သောက်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ကို ဆွဲဆွဲငင်ငင် ချလိုက်တော့သည်။
“အဖေ စဉ်းစားပါရစေအုံးကွာ …”
ဦးစံပေါ၏ လေသံအဖျားလေးတွေမှာ ဝမ်းနည်းသံအချို့က ယှက်သန်းလို့နေသည်။ သားဖြစ်သူ ဘိုတောက် ပြောသည်ကား သဘာ၀ကျ၏။ မုန်တိုင်းပြီး သည့်နောက်တွင် လယ်မြေများက စပါးစိပ် မထွက်တော့ ။ မျိုးစပါးကိုလည်း အကြွေးနှင့်ယူ သုံးနေရသည့် အခြေအနေလည်း ဖြစ်သလို ဘာတွေဖြစ်နေသည်ကိုလည်း ဦးစံပေါ တစ်ယောက် သူသာ အသိဆုံးဖြစ်သည်။ ထို့ကြောင့်လည်း ဘိုတောက်၏ အစီအစဉ် အတိုင်း ဧကတစ်ရာကျော်မျှ ကျယ်၀န်းသော ဘိုးဘွား ပိုင် လယ်မြေများကို ရောင်းချရန် ဆုံးဖြတ်ချက်ချလိုက်ကြလေတော့၏။
+++++++++++
သုံးလ ကျော် လေးလ လောက်အထိ ထိုလယ်များကို လူကိုယ်တိုင်စုံစမ်း၍သော်လည်းကောင်း ကြားနေပွဲစားဖြင့်သော်လည်းကောင်း ဆက်စပ်ရောင်းချသည့်တိုင် ၀ယ်သူကားမရှိခဲ့။ ဦးစံပေါတို့ သားအဖ လည်း အကြံအိုက်လာချေပြီ။ သို့သော် တစ်နေ့မှာတော့
“ဟဲ့ … မိလုံး … နင် ဟိုသတင်းကြားပြီးပြီလား ”
“ဟဲ့ ဘာသတင်းတုန်း … မြစိန် ”
“ဒီလိုဟဲ့… ရွာလူကြီး ဦးသောင်းမြင့် အိမ်မှာ ဟိုတစ်လောက ရောက်လာတဲ့ ဗေဒင်ဆရာလိုလို အထက်လမ်းဆရာလိုလို လူကြီးကို နင်သိတယ်မို့လား ”
မြစိန် အမေးကို မိလုံးက ခေါင်းငြိမ့်ပြရင်း
“အေးသိတယ်လေ … ဘာဖြစ်လို့လဲ”
” ဒေါင်းခင် တို့လင်မယားကွဲနေတာ ရော နင်သိတယ်မို့လား … ”
“သိတယ်လေ … ကိုဘရင်က မယားငယ်နေတာကိုး … ဒေါင်းခင်ခမျာလည်း ၀ဋ်ကြီးပါတယ်ဟယ် … မယားငယ်နောက် ကောက်ကောက်ပါသွားတဲ့ လင်ကိုမှ လင်ထင်နေတာ ”
မိလုံး၏ စကားကို မြစိန်က အားရသဘောကျစွာဖြင့်
“အဲ့ဒါပြောတာပေါ့ … ဟိုတနေ့ကပဲ … ဒေါင်းခင်က အဲ့ဆရာကြီးဆီမှာ သူ့ယောကျာ်းအတွက် ဓာတ်ရိုက်ဓာတ်ဆင်သွားလုပ်တာ … ဘာဆန်းသလဲ မမေးနဲ့ … နေ့မကူးဘူး သူ့လင် ကိုဘရင် တစ်ယောက် မယားငယ်နဲ့ ကွဲပြီး သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ပြန် ရောက်လာပါလေရော ”
“ဟယ်…. တကယ်ကြီးလား ”
“တကယ်ကြီးပဲ … ငါတောင် အံ့ဩလို့ မဆုံးဘူး … အဲ့ဆရာကြီးရဲ့ ဓာတ်ရိုက်ဓာတ်ဆင်တွေ အဆောင်တွေ ယတြာတွေက အတော်စွမ်းတယ်လို့လဲ ရွာထဲက လူတွေပြောနေသံကြားတယ်ဟဲ့ ”
“ဟုတ်လား … ဒါဆိုရင်တော့ အတော်ပဲ ”
မိလုံး၏ အပြောကို မြစိန်က
“ဘာလဲ … နင်လည်း လင်မြန်မြန် ရအောင် ယတြာသွားလုပ်တော့မလို့လား … အချိန်တန်ရမှာပါဟယ် ”
“ဟဲ့ … တော်စမ်း … ငါ့ရုပ်ငါ့ရည်နဲ့ လင်မြန်မြန် ရအောင်လုပ်စရာလား ”
“သိပါတယ်အေ … ငါက ငါ့သူငယ်ချင်းကို ချစ်လို့စတာ … ကဲကဲ ငါလည်း လက်ကျန် ငါး လေးတွေ ဆက်ရောင်းလိုက်အုံးမယ် ”
မြစိန်တစ်ယောက် ထိုသို့ပြောရင်း ” ဟောဒီက ငါးလတ်လတ်ဆတ်ဆတ် ကလေးတွေရမယ် ” ဟု အော်ကာ ငါးဗန်းကို ခေါင်းပေါ်ရွက်ရင်း မိလုံးအနားမှ ထွက်သွားလေတော့၏။
ရွာလူကြီး အိမ်ရောက်နေသော ထိုဆရာကြီး၏ သတင်းမှာလည်း တစ်စထက်တစ်စ ကြီးထွားလာကာ နောက်ဆုံး အကြံအိုက်နေသော ဦးစံပေါ တို့ သားအဖ ထံရောက်ပြီး ဆန်းကြယ်သော ဇာတ်လမ်း ကလေး တစ်ပုဒ်အဖြစ် အစချီလာခဲ့ပါတော့သည်။
+++++++++++
( ၂ )
“အဖေ … ကျုပ်တို့ လယ်တွေကလည်း ကျိန်စာ များသင့်နေတာလား မသိဘူး … ၀ယ်သူက အခုထိကို ရှာမရဘူး … တစ်ခုခုတော့ လုပ်မှဖြစ်တော့မယ် ”
ဘိုတောက်စကားကို ဦးစံပေါလည်း သဘောတူထောက်ခံဟန်ဖြင့်
“ဆိုတော့ ငါ့သားက … ဘယ်လိုလုပ်ချင်တာလဲ ”
“ဦးသောင်းမြင့်အိမ်မှာ … ဆရာတစ်ယောက် ရောက်နေတယ်ကြားတယ်ဗျ … နောက်ပြီး အဲ့ဆရာက သိပ်စွမ်းတယ်ဆိုပဲ … ကျုပ်တို့ ယတြာလေး ဘာလေး သွားလုပ်ရအောင်လား”
“အေး …. အဆင်ပြေသလိုသာ လုပ်ကြတော့ကွာ”
ဤသို့ဖြင့် ဦးစံပေါ တို့သားအဖလည်း ၎င်းဆရာကြီး ရှိရာ ရွာလူကြီး ဦးသောင်းမြင့် အိမ်သို့ရောက်ခဲ့ကြတော့သည်။ ဦးသောင်းမြင့် အိမ်ရောက်တော့ သူတို့ထက် အရင်ပင် ရွာသူရွာသား အချို့က ဦးလို့ပင်ရောက်နေကြသေးသည်။
တချို့ စီးပွားရေးအကြောင်းမေးလိုမေး တချို့ကလည်း အိမ်ပြန်မလာသူ မိသားစု၀င်များ အကြောင်းမေးလိုမေးနှင့် စည်ကားနေ၏။ ဦးစံပေါ နှင့် ဘိုတောက်လည်း သူတို့ အလှည့်မရောက်သေးသည်မို့ ဦးသောင်းမြင့်အိမ်အရှေ့ကွပ်ပျစ်လေးတွင် ထိုင်ကာ စောင့်နေလိုက်ကြသည်။
ထိုဆရာကြီးမှာတော့ အသက် ငါးဆယ်ကျော် ၀န်းကျင်ခန့်ရှိပြီး ဝါ၀င်းစိုပြေသော အသားအရည်ရှိလေ၏။ အပေါ်အဖြူ အောက်အဖြူ ၀တ်စုံကို ၀တ်ဆင်ထားကာ နက်မှောင်သော ဆံနွယ်များကို သေသပ်လှပစွာ ထုံးထားပြီး ပဝါစ အဖြူလေးကိုလည်း ပေါင်းထားပြန်သည်။ အမြင်အားဖြင့် ဆုံးဖြတ်ရသော် ထိုဆရာကြီးမှာ အောက်လမ်းဆရာ မှော်ဆရာ တစ်ယောက်တော့ ဖြစ်ဟန်မတူပေ။ လူအတော်အတန်စဲသွားတော့မှ ဘိုတောက်တို့ သားအဖ လည်း ဆရာကြီး၏ စာအုပ်စာရွက်များတင်ထားသော စားပွဲဝိုင်းရှေ့ မျက်နှာချင်းဆိုင်တွင် ၀င်ရောက်ထိုင်လိုက်ကြတော့သည်။
“ကိုင်း … အဘယ်အကြောင်းများရှိလို့ ဆရာဆီ ရောက်လာကြတာလဲ ”
ထိုအခါ ဘိုတောက်က ခပ်သွက်သွက်ပင်
“ကျုပ်တို့ လယ်တွေ ရောင်းမထွက်လို့ပါ ဆရာကြီး … အ၀ယ်လိုက်စပ်နေတာ /အချိန် သာ လေးငါးလကုန်တော့မယ် … အခုထိ ၀ယ်သူကို မတွေ့သေးဘူး … အဲ့ဒါကြောင့် ဆရာကြီးများ ကူညီနိုင်ရင် …. ယတြာလေးဘာလေး လိုချင်လို့ပါ ”
“မောင်ရင်တို့ လယ်ဧက အကျယ်အ၀န်း ရယ် … ဘယ်ဖက်အရပ်မှာ ရှိတယ်ဆိုတာ… ဆရာ့ကိုပြော ”
ဆရာကြီး၏ အသံမှာ ဩဇာဓာတ်ပြင်းလှပေသည်။ ထို့ကြောင့် ဘိုတောက် မှာ စကားပြောနေရင်းကပင် အားငယ်လာသလိုခံစားရလေ၏။ ပြီးနောက် ဆရာကြီးမေးသည့် အတိုင်း လယ်အကျယ်အ၀န်းများ တည်ရှိရာ အရပ်ဒေသများကိုပြောလိုက်သည်။ တစ်ဖန် ဆရာကြီး သိလိုသည်များကို လည်း ခရေစေ့တွင်းကျ ပြောပြပေးရပြန်သည်။
ဆရာကြီးမှာတော့ ဘိုတောက် ပြောပြသည်များကို စာရွက်ပေါ်ချရေးကာ တစ်စုံတစ်ရာကို တွက်ချက်နေဟန်တူလေ၏။
“ကိုင်း … ဆရာ့နဲ့ တွေ့ပြီဆိုတော့ ဘာမှမပူကြနဲ့ … အဆင်ပြေစေ့ရမယ် ”
ဆရာကြီးလည်း ပြောပြီး အင်းကွက်ချထားသော ဆေးဖယောင်းတိုင် တစ်ထုပ်နှင့် အတူ အင်းချပ်လေးချပ်ကို ဘိုတောက်ထံပေးလေ၏။ ဘိုတောက်လည်း ထိုဆရာကြီးပေးသည်ကို ရိုကျိုးစွာ ယူလိုက်၏။
“ဒီဆေးဖယောင်းတိုင်တွေ ကို … ညခြောက်နာရီတိတိမှာ ထွန်းပြီး မိမိတို့ လယ်တွေ ရောင်းထွက်ဖို့ ဆုတောင်းပေတော့ …. ဒီအင်းချပ်လေးချပ်ကတော့ … မောင်ရင်တို့လယ်ရဲ့ တောင့်လေးတောင့် မှာ တစ်ချပ်ဆီမြုပ်ပေး …. ဒါဆိုအဆင်ပြေပြီ …. ဘာလို့ ရောင်းမထွက်တာလဲ ဆိုတော့ လယ်ကိုစောင့်နေတဲ့ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေ ရှိနေလို့ပဲ ”
“ဟုတ် … ဆရာကြီး ”
“ဆရာပြောသလိုသာ လုပ်တော့ … မောင်ရင်တို့ ကိစ္စ အထမြောက် ရစေ့မယ် ”
ဘိုတောက်လည်း ထိုအခါမှ ကျေနပ်အားရသွားကာ ဆရာကြီးအား ဉာဏ်ပူဇော်ခအဖြစ် ငွေတစ်သောင်းကို ပေးအပ်ခဲ့လိုက်ပါတော့၏။
အကြံကုန် ဂဠုန်ဆားချက်ဆိုသည့်အတိုင်း လုပ်၍သာလုပ်လိုက်ရသည် ။ ဘိုတောက်မှာ ထိုလောကီပညာရပ်တွေကို နားမလည်သလို အယုံအကြည်လည်း ရှိလှသည်မဟုတ်။ သုံးလေးလလောက် နယ်လှည့်ရောင်းလာသည်တောင် ၀ယ်သူမရှိသည့် လယ်များက ယခု အစီအရင်များနှင့် အဆင်ပြေနိုင့်ပါ့မလားဟု တွေးမိသေးသည်။ သို့သော်လည်း ဆရာကြီး ခိုင်းထားသည့် အတိုင်းတော့ လုပ်ရပေမည်။ ထိုလယ်များ မြန်မြန်ရောင်းထွက်ဖို့ အရေးသာ အဓိက ကျသည်မဟုတ်ပါလား။
++++++++++
နောက်တစ်နေ့မှာတော့ ဘိုတောက်တို့ သားအဖ လယ် များရှိရာ စကားလွန်း ချောင်းဖျားကလေးအတိုင်း လှေကိုလှော်လာခဲ့လိုက်သည်။ ရေပြင်မှာငြိမ်သက်နေသော်ငြားလည်း ယခုအချိန်ကား မိကျောင်း အသိုက်ကိုက်သည့် အချိန်မို့ အတော်ပင် သတိထားသွားရသည်။ တစ်လောကလေးပင် ကိုသာလှ သား မောင်ချစ်ဆွေ ငါးဆင်းဖမ်းရင်း မိကျောင်းဆွဲခံရသည်ဆိုသော သတင်း ကလည်း မဟောင်းသေး။
မကျွမ်းကျင်သူ အဖို့ဆိုလျှင်တော့ ခက်ခဲကောင်းခက်ခဲပေလိမ့်မည်။ သို့သော် ဘိုတောက်မှာ မွေးကလည်း ဤအရပ်ဒေသတွင် ကြီးပြင်းလာသူလည်းဖြစ်သည်မို့ ထိုကိစ္စများက အထူးအထွေတော့ မဟုတ်။ လယ်များဆီရောက်လာတော့ ဘိုတောက်က
“ကိုင်း … အဖေ / အဖေကတော့ … လယ်တဲမှာပဲ ကျုပ်ကို စောင့်နေရစ်တော့ … ကျုပ် လယ်ဒေါင့် ( တောင့် ) တစ်တောင့်ဆီမှာ အင်းတွေမြုပ်ပြီး ပြန်လာခဲ့မယ် … အဖေပါလိုက်နေရင် ပင်ပန်းမယ် ”
မှန်ပေသည်။ လယ်ဧကမှာ တစ်တောင့် နှင့် တစ်တောင့်သွားဖို့ အတော်ပင် ဝေးသည်မို့ ဦးစံပေါကို လယ်ထဲတွင် အသင့်ဆောက်ထားသော တဲအိမ်တွင်သာ နေရစ်ခဲ့စေသည်။ လယ်တဲတွင်လည်း ဦးစံပေါ တစ်ယောက်တည်း နေခဲ့ရမည်မဟုတ် ။ ဘိုတောက်၏ အကို ထွန်းရွှေ နှင့် ဇနီး ခင်မြင့် တို့မှာ လယ်တဲအိမ်တွင် နေထိုင်ကြလေသည် ။ ဘိုတောက်တို့ ရောက်တော့ ထွန်းရွှေလည်း ငါးမျှားကိုင်းတံများနှင့် တဲထဲက အထွက်
“ဟာ … အဖေ နဲ့ ဘိုတောက် ပါလား ”
“အေးဟုတ်တယ် … ငါ ဟိုနေ့က ဆရာကြီးပေးလိုက်တဲ့ အင်းချပ်တွေ လိုက်မြုပ်မလို့ … အဲ့ဒါ အဖေကို ထားခဲ့မယ် … အဖေလိုက်နေ ရင် ပင်ပန်းမှာစိုးလို့ ”
“အေးပါ … ငါကောလိုက်ခဲ့ရမလား ”
ထွန်းရွှေ ထိုသို့ပြောတော့ ဘိုတောက်က
“နေနေ … ငါ့ဘာသာပဲလုပ်လိုက်တော့မယ် … မင်းငါးမျှားသွားအုံးမာမို့လား … လိုက်မနေနဲ့တော့”
“ဒါဆိုလည်း ဂရုစိုက်သွားအုံး … မိကျောင်းတွေက ခုတလော သောင်းကျန်းနေတယ်နော် ဘိုတောက် ”
“… ငါဒီရွာသားပါ ထွန်းရွှေရ ”
ဘိုတောက်လည်း ပြောပြောဆိုဆိုနှင့် လှေကလေးကို ခပ်သော့သော့လှော်ကာ လယ်ကွက် တောင့်တစ်တောင့်ဆီမှာ အင်းချပ်များကို လိုက်လံမြုပ်ပါတော့သည်။
အင်းချပ်များ မြုပ်လို့ ပြီးစီးချိန်မှာတော့ ဘိုတောက်လည်း ဦးစံပေါရှိရာ လယ်တဲသို့ပြန်လာလိုက်ပြီး ဆေးဖယောင်းတိုင်များကိုထွန်းကာ ဆရာကြီးပြောသည့် အတိုင်းဆုတောင်း လိုက်ကြတော့သည်။
ထိုအင်းချပ်များ မြုပ်ပြီး နောက်ပိုင်းမှာတော့ ဘိုတောက် တို့ မိသားစုလည်း ထူးဆန်းသော အဖြစ်အပျက်များကို နေ့စဉ်ရက်ဆက်ဆိုသလို ကြုံကြိုက်ခဲ့လာရပါလေတော့၏။
++++++++++
( ၃ )
ထူးဆန်းသော အဖြစ်များကား အခြားတော့ မဟုတ် လယ်ထဲတွင် သရဲအခြောက်ကြမ်းလာခြင်းပင်။ တစ်နေ့ / အချိန်ကား နွားရိုင်းသွင်းချိန် မှောင်ရီဖြိုးဖျ ။ ကိုထွန်းရွှေလည်း မနက်ကထောင်ထားသော ငါးမျှားကိုင်းတံများကို သွားသိမ်းနေသည့် အချိန်။ လယ်တဲအိမ်တွင် ဇနီးဖြစ်သူ မခင်မြင့် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ နေ့အလင်းရောင်ကား လုံးလုံး မပျောက်သေးသော်ညားလည်း မှောင်ရိပ်ကသန်းစပြုနေချေပြီ။ မခင်မြင့်မှာတော့ ကိုထွန်းရွှေ၏ ပုဆိုး အပေါက်ကို အပ်ချည်ဖြင့်ဖာပေးနေရင်းမှ အိမ်နောက်ဖေး ဆီမှ ချိုးချိုးချွတ်ချွတ် အသံများကို ကြားလိုက်ရ၏။
“ကိုထွန်းရွှေလား ….ဘာမေ့ကျန်ခဲ့ပြန်တာ မသိပါဘူး ”
မခင်မြင့်လည်း သူ့ယောကျာ်း ကိုထွန်းရွှေ ပစ္စည်း တစ်ခုခုကျန်ခဲ့၍ ပြန်ရောက်လာသည်အထင်နှင့် လုပ်လက်စကို ခနချကာ ထလာခဲ့လိုက်တော့သည်။ အသံများက ရပ်မသွားသေး။
“ကိုထွန်းရွှေ …. ”
အသံပေးသည့်တိုင် တစ်ဖက်မှ တုန့်ပြန်သံမကြားရ ။ အိမ်နောက်ဖေးသို့ အရောက်မှတော့
” အမလေး ”
မခင်မြင့် တစ်ယောက် ထိုသို့အော်ဟစ်ကာ နေရာမှာပင် သတိလစ်မေ့မြောသွားတော့သည် ။ သူမမြင်လိုက်ရသည်ကား အိမ်ခေါင် ထုတ်တန်းကို ခိုကာ အပြင်ကို ခုန်ထွက်သွားသော ယောကျာ်းကြီးတစ်ယောက် ။ ထိုယောကျာ်းကြီးမှာ ခေါင်းမပါ သော ခန္ဓာကိုယ်ကြီး သပ်သပ် သာ ဖြစ်နေပါတော့၏။
ထို့အတူပင် ကိုထွန်းရွှေမှာလည်း လယ်ထဲတွင် ထောင်ထားသော ငါးမျှားကိုင်းတံများကို သိမ်းရန် အသွား နောက်ကျောဖက်ဆီမှ ခြေသံ တစ်ခုက ကပ်လျက်ပါလာနေ၏။
“ရှပ် … ရှပ် … ရှပ် ”
ကိုယ့်အနောက်ဘက်တွင် မည်သူပါလာသည် မပါလာသည်ကို သော ခံစားမိတတ်ကြသည်ချည်း မဟုတ်ပါလား ။ ကိုထွန်းရွှေရပ်လိုက်လျှင် ခြေသံလည်း ရပ်သွားသည်။ ဆက်သွားလျှင် ထပ်ကြားရပြန်သည်။ စိုစွတ်သော ဗွက်ထနေသော နေရာလည်း ဖြစ်သည်မို့ အနောက်ဘက်ဆီမှ ခြေသံသည် သိသိသာသာ ပေါ်လွင်ကာ အတိုင်းသား ကြားနေရ၏။
အနောက်ဖက်ကို သမင်လည်ပြန် လှည့်ကြည့်လိုက်ရာတွင်လည်း လူမပြောနှင့် ခွေးတစ်ကောင်ကြောင်တစ်မြီးပင် မရှိ။ အမှောင်ထုကြီးကသာ ကြီးစိုးမင်းမူနေသည်။ ကိုထွန်းရွှေဆိုသူမှာလည်း ခေသူတော့ မဟုတ်။ သရဲခြောက်နေမှန်းကို သိလာသည့်တိုင် ထိုသို့သရဲခြောက်သည်ကား သူ့အတွက်အထူးအဆန်းမဟုတ်တော့။ ကိုထွန်းရွှေလည်း ငါးမျှားကိုင်းတံများကို ရုတ်ပြီး အိမ်သို့ပြန်ခဲ့သည် ။ အနောက်ဖက်မှ ခြေသံကလည်း တပ်ကြပ်မကွာလိုက်လာပြန်သေး၏။ တစ်နေရာအရောက်မှာတော့ ကိုထွန်းရွှေလည်း ခြေကို တန့်ခနဲရပ်ကာ အသင့်ပါလာသော ပလိုင်းထဲက ဓါးမ ဖြင့် အနောက်ကို လှည့်ကာ ပိုင်းလိုက်လေတော့သည်။
ဘယ်သူမျှ မရှိသော်လည်း ” အား ” ဆိုသည့်အသံကြီးက စူးစူးဝါးဝါး ထွက်ပေါ်လာ၏။ သို့သော် ထိုနေရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေ ။ ကိုထွန်းရွှေတစ်ယောက်တည်းသာ ။ ပြီးနောက် သူလည်း လယ်တဲအိမ်ကလေးဆီသို့ ပြန်လာခဲ့လိုက်တော့သည်။ တဲထဲရောက်တော့ ဇနီးဖြစ်သူ ခင်မြင့် လဲကျနေသည်ကို ရုတ်ချည်း တွေ့လိုက်ရတော့ ကိုထွန်းရွှေ ခေါင်းကြီးသွားတော့သည် ။
“ဟာ … ခင်ခင် …”
ကိုထွန်းရွှေလည်း ဇနီးဖြစ်သူကို ပြေးပွေ့လိုက်၏။သို့တိုင်အောင် မခင်မြင့်မှာ သတိလည်မလာသေး ။ ထို့ကြောင့် သောက်ရေအိုးစင်ပေါ်က ရေတစ်ခွက်ကိုယူကာ မခင်မြင့် မျက်နှာကို တောက်ပေးလိုက်တော့ သတိရလာသည်။
“ခင်ခင် … ခင်ခင် ဘာဖြစ်တာလဲ ”
“ဟို … ဟို စောစောက … ယောကျာ်းကြီးတစ်ယောက် ကိုတွေ့လိုက်တယ် ကိုထွန်းရွှေ ”
“ဟမ် … ဘယ်က ယောကျာ်းကြီးလဲ … ဘယ်သူမှမရှိပါဘူး ”
“မ .. မဟုတ်ဘူး … ခင်ခင်တွေ့လိုက်တယ် … ယောက် … ယောကျာ်းကြီး တစ်ယောက် … ခေါင်းလည်းမပါဘူး … အိမ်တုတ်တန်းကို ခိုစီးပြီး အနောက်ဘက်ကို ခုန်ထွက်သွားတာ ”
“အော် .. ခင်ခင်ရယ် … သွေးလေခြောက်ချား လို့ထင်ယောင်ထင်မှားဖြစ်တာနေမှာပါ … ခင်က အခုချိန် သွေးနုသားနု နဲ့လေ … မဖြစ်ပါဘူး မနက်ကျရင်တော့ … ဘိုတောက်ကို ဒီမှာလာစောင့်နေခိုင်းရတယ် … အကိုနဲ့ ခင်ခင် နဲ့ကတော့ အဖေနဲ့ သွားနေကြတာပေါ့ ဟုတ်ပြီလား … ရော့ရော့ ရေသောက်လိုက်အုံး ”
မခင်မြင့်မှာတော့ အကြောက်ရှိန်မပြေသေးပေ ။ကိုထွန်းရွှေပေးသော ရေတစ်ခွက်ကိုသာ တုန်တုန်ရီရီနှင့် မော့သောက်လိုက်ပါတော့သည်။
မခင်မြင့်မှာ သူ့ ရင်သွေးလေးကို လွယ်ထားရသည့်အချိန်မို့ ကိုထွန်းရွှေတစ်ယောက် မလိုအပ်သော ပြဿနာများကို မဖြစ်စေလို။ သူကိုယ်တိုင်လည်း အခုလေးတင် သရဲအခြောက်ခံလာရသည်မဟုတ်ပါလား။
နောက်နေ့မနက်အရောက်မှာတော့ ကိုထွန်းရွှေနှင့် မခင်မြင့်လည်း ရွာပေါ်တက်နေကာ လယ်ထဲက အိမ်ကလေးကိုတော့ ဘိုတောက် အားသွားနေေပးရန် ပြောလိုက်ပါတော့သည်။
“အင်းပါ … သွားနေဆိုလည်းနေပေးပါ့မယ် … မရီးကလည်း ကိုယ်၀န်ကြီးနဲ့ဆိုတော့ … ရွာထဲနေတာကပို သင့်တော်ပါတယ် …”
“အေးကွာ … ဒါနဲ့ … ငါမင်းကိုပြောစရာရှိတယ်”
ကိုထွန်းရွှေလည်း ဘိုတောက်အား အိမ်အပြင်ဖက်သို့ ခေါ်လာခဲ့လိုက်တော့သည်။ အဘယ်ကြောင့်လည်းတော့ ဘိုတောက် မသိ / မခင်မြင့် မသိစေချင်သော အကြောင်းမို့ ခေါ်လာသည်မှန်း ရိပ်မိလေ၏ ။
“ဘာပြောမလို့လဲကွ …”
“ဒီလိုကွာ … အခုတလော လယ်ထဲမှာ သရဲ အရမ်းခြောက်နေ တယ် ဘိုတောက်ရ … ငါ့မိန်းမလည်း တွေ့သလို ငါကိုယ်တိုင်လည်း မနေ့ကတင် အခြောက်ခံလိုက်ရတာ … အဲ့ဒါမင်းသွားနေရင် သတိထားဖို့ ”
“အေးပါ …. မင်းလည်း ငါ့အကြောင်းသိသားနဲ့”
ထိုအခါ ကိုထွန်းရွှေက
“အေး … သိလို့ပြောတာပေါ့ဟ … မင်းက တခုခုဆို ဇွတ်တရွတ်လုပ်တတ်လွန်းလို့ ”
“စိတ်ချပါဟ … ငါညနေကျသွားလိုက်မယ် …ဘာမှပူမနေနဲ့ မင်း မိန်းမကိုသာ ဂရုစိုက်”
ဤသို့ဖြင့်ပင် ဘိုတောက်တစ်ယောက် လယ်တဲအိမ်တွင် သွားရောက်စောင့်အိပ်ရန် အကြောင်းဖန်လာခဲ့ပါလေတော့၏ …..။
+++++++++++
ညနေငါးနာရီခွဲလောက်ရောက်တော့ ဘိုတောက်လည်း စောင်ပါးလေးတစ်ထည်နှင့် အ၀တ်အစားအချို့ကို ထည့်ကာ လှေကလေးနှင့် ချောင်းထဲဆင်းခဲ့လိုက်တော့သည်။ လယ်နှင့် နီးလာတော့ အပုပ်နံ့စူးစူးဝါးဝါး တစ်ခုက ဘိုတောက် နှာခေါင်းထဲသို့ လှိုင်လှိုင်တိုး၀င်လာတော့၏။ ထို့ကြောင့် အသင့်ပါလာသော ဆန်အရက်ပုလင်းကို အဖုံးဖွင့်ကာ နှစ်ကျိုက်ခန့်မော့လိုက်ပြီး
“အေး … ငါ့ကိုခြောက်ချင်ရင် အနံ့နဲ့ လာမခြောက်နဲ့ … ကိုယ်တိုင်လာခြောက် … ဘိုတောက် တဲ့ကွ … ”
ဘိုတောက်လည်း သူ့၀သီ အတိုင်းအရက်ကလေးသောက်ကာ စတင် ကြိမ်းဝါးလေတော့သည်။ လယ်နှင့် နီးလာလေ အပုပ်နံ့က ပိုဆိုးဝါး လာလေ ဖြစ်သည်မို့ လယ်တဲ အိမ်နားအရောက်မှာတော့ ဘိုတောက် ၎င်း လှော်လာသော လှေကလေးကို ငုတ်တွင် ကြိုးချည်ပြီး ခပ်သုတ်သုတ် ပင် တဲထဲ၀င်သွားလိုက်တော့သည်။
တဲထဲရောက်တော့ အတော်ပင် မှောင်မည်းလို့ နေချေပြီ။ ဘိုတောက်လည်း အသင့်ပါလာသော သုံးတောင့်ထိုး ဓာတ်မီးကြီးဖြင့် ဖယောင်းတိုင်ထွန်းရန် နေရာတစ်နေရာရှာပြီး မီးညှိလိုက်၏။ ပြီးနောက် လက်ကျန်အရက်ကလေးကို သောက်ရင်း အိပ်ချင်လာပြီမို့ တံခါးမင်းတုတ်ကို ထိုးကာ စောင်ပါးလေးခြုံပြီး အိပ်စက်လိုက်တော့သည်။ မှေးကနဲ အိပ်ပျော်ရုံ ရှိသေး ။
“ဝုန်း ” ကနဲ “ဝုန်း ” ကနဲ အသံကြီးနှင့် အတူ တဲအိမ်ကလေးမှာ ယိမ်းထိုးလှုပ်ရှားသွားေတာ့သည်။ ဘိုတောက်လည်း ရုတ်တရက်လန့်နိုးလာပြီး
“ဟ … ငလျင်လှုပ်တာလား ”
ဆို၍ပင်တွေးလိုက်မိ၏။ ၎င်းထင်သလိုပင် ငလျင်လှုပ်သွား သကဲ့သို့ တစ်ချက်နှစ်ချက်မျှ ယိမ်းထိုးသွားပြီး တဲအိမ်ကလေးမှာ ပကတိငြိမ်သက်တိတ်ဆိတ်လို့သွားလေ၏။ သို့သော် ခနအကြာမှာတော့
“ဟာ ….”
သူခြုံထားသော စောင်ပါးကလေးကို တစ်စုံတစ်ယောက်က လာရောက်ဆွဲလေပြီ။
“တောက် … လူပါး၀လို့ကွာ ”
ဘိုတောက်လည်း အရက်တန်ခိုးဖြင့် စောင်လာဆွဲနေသော လူမှာ မည်သူမှန်းမသိသော်လည်း ထိုလူနှင့် အပြိုင်ပြန်ဆောင့်ဆွဲလေ၏။ တစ်ဖက်က လွှတ်ပေးလိုက်တော့ ဘိုတောက်မှာ အရှိန်လွန်ပြီး နောက်သို့ လွှင့်ထွက်သွားတော့သည်။ ထိုအခါ ဘိုတောက်လည်း ဒေါသ အကြီးအကျယ်ဖြစ်လာပြီး
“ဘယ်ကောင် ငါ့စောင်ကိုဆွဲတာလဲကွာ … သတ္တိရှိရင် ခုလာခဲ့လိုက် … ကြောက်တတ်တဲ့ အထဲ ဘိုတောက်မပါဘူး ”
သူ့စကားလည်းဆုံးရော မျက်စိရှေ့မှာပင် အငွေ့လိုလို မီးခိုလိုလို သဏ္ဍာန်များ ပေါ်လာပြီး မဲမဲ ဖိုင့်ဖိုင့် အရာကြီးတစ်ခု ပေါ်လာလေတော့၏။ လူနှင့် ပုံပန်းသဏ္ဍာန်တူသော်လည်း လူမဟုတ်မှန်း သူသိတယ်။ ဖယောင်းတိုင်မှာလည်း မီးစာကုန်လုပြီမို့ ခပ်မှိန်မှိန် အလင်းရောင်ကလေးမှ ထို မဲမဲအရာကြီးကို ဘိုတောက် အသေအချာမြင်လိုက်ရ၏။
သူမြင်လိုက်ရသည်ကား အမွှေးရှည်ရှည် လက်သည်းရှည်ရှည် နှင့် ၀၀ဖိုင့်ဖိုင့် အကောင်ကြီး တစ်ကောင် ။ မျက်လုံးများက အမှောင်ထဲတွင်ပင် ရဲရဲတောက်ကာ တလက်လက်ဖြစ်နေလေ၏။ ဘိုတောက်လည်း ကြောက်စိတ်မရှိသည်မို့ ထိုမဲမဲ သတ္တဝါကြီးနှင့် တိုက်ခိုက်ရန် အသင့်အနေအထားကိုယူလိုက်သည်။ မျက်စိမှလည်း ဟိုသည်ဝေ့ဝှိုက်ကြည့်လိုက်တော့ တဲတံခါး မင်းတုတ်မှာ ဘယ်ချိန်ကတည်းက ပြုတ်နေသည်မသိ။ ဘိုတောက် အတွေးစပင် မပြတ်သေး ထိုသတ္တဝါကြီးက သူ့အား အတင်း၀င်လုံးပါတော့သည်။
ဘိုတောက်လည်း ထိုမဲမဲ ဖိုင့်ဖိုင့် အကောင်ကြီး နှင့် သူ စလုံးပါ တော့သည်။ အကောင်ကြီးက အပေါ်ကရောက်လိုက် ဘိုတောက်က အောက်ကရောက်လိုက် နှင့် သူတစ်ပြန်ကိုယ်တစ်ပြန် လုံးနေရင်းမှ လစ်ရင် လစ်သလို ထိုအကောင်ကြီး၏ ၀မ်းဗိုက်သို့သော် လည်းကောင်း မျက်နှာသို့သော်လည်းကောင်း ထိုးထိုးလွှတ်လေ၏။ ထိုးချက်များ က အပီအပြင်မိသော်လည်း လေဟာနယ်ကြီးကို ထိုးနေရသည့်အလား ။ ထိုအကောင်ကြီးကလည်း ၎င်း၏ သန်မာသော လက်ကြမ်းကြီးများဖြင့် ဘိုတောက်အား ကိုင်ပေါက်လေ၏။ အတန်ကြာလာတော့ ဘိုတောက်လည်း ဟိုက်စပြုလာပြီ။ စောစောက သောက်ထားသော အရက်များပင် ချွေးများအဖြစ် အငွေ့ပျံကာ ထွက်သွားလေသလား မစဉ်းစားတတ်တော့ ။ အမူးက ပျောက်ချင်းမလှ ပြေသွားပြီ။
ဆက်လုံးနေရင်တော့ သေဖို့သာရှိတော့မည် ။ ထို့ကြောင့် ဘိုတောက်လည်း လုံးနေရင်းမှ တဲအပြင်ဖက်ကို မရရအောင် ဆွဲခေါ်ကာ ပြေးရန်ကြံရတော့သည်။ တဲထဲတွင်တော့ သူဘယ်နည်းနှင့်မှ လွှတ်မည် မဟုတ်။ ဤသို့ဖြင့် လုံးရင်း လုံးရင်းပင် ဘိုတောက် နှင့် သရဲကြီးလည်း တဲအပြင်ကို ရောက်သွားတော့သည်။ တဲအပြင်လည်း အရောက် ထူးဆန်းစွာပင် လယ်ကွက်၏ တောင့်တစ်တောင့်ဆီမှ အလင်းတန်းများ ထွက်လာသည်ကို ဘိုတောက် တွေ့လိုက်ရ၏။ သရဲကြီးလည်း ထိုအလင်းတန်းများကိုကြည့်ကာ ခေတ္တမျှ ငြိမ်သက်နေလေ၏။
“ဟာ ….”
ထိုအလင်းတန်းများက ကောင်းကင်သို့တက်သွားပြီး ဘိုတောက် နှင့် သရဲကြီး နပန်းလုံးနေရာ အနီးတွင် လာရောက်စုသွားတော့သည် ။ ဘိုတောက်လည်း ထိုအလင်းတန်းကြီးများကို ကြည့်နေရာကပင် မမျှော်လင့်သော အဖြစ်အပျက်ကို တွေ့လိုက်ရပြန်တော့၏ ။ အလင်းတန်း တစ်ခုချင်းစီကနေ သရဲတစ်ကောင်စီ ဖြစ်လာပြီး စုစုပေါင်း သရဲလေးကောင် သူတို့အနားကို ရောက်လာ၏ ။ သရဲလေးကောင်မှာ တစ်ကောင်မှ ကိုယ်လက်အင်္ဂါမစုံချေ ။ တစ်ကောင်မှာ မျက်စိမပါပေ ။ / တစ်ကောင်မှာလည်း ခြေတောက် နှစ်ချောင်းမပါသော ခြေပြတ်သရဲကြီး ။ နောက်တစ်ကောင်မှာလည်း အလားတူ လက်နှစ်ဖက်မပါသည့် လက်ပြတ်သရဲ ဖြစ်ပြီး နောက်ဆုံး တစ်ကောင်မှာတော့ ဦးခေါင်းပါ မပါသည့် ခေါင်းပြတ်သရဲပင် ဖြစ်နေပါတော့သည်။
ထိုအခါမှ ဘိုတောက် ခေါင်းနပန်းကြီးသွားကာ ငါတော့ သေပြီဟု စိတ်ထဲက တွေးလိုက်တော့၏။ ဘိုတောက် နှင့် လုံးနေသော သရဲကြီးမှာလည်း ထိုသရဲလေးကောင်အား ကြည့်ကာ စူးစူးဝါးဝါးအော်ဟစ်ပစ်လိုက်၏။ သရဲလေးကောင်မှာတော့ ချက်ချင်းဆိုသလိုပင် သူ တို့လုံးနေရာ သို့ တဟုန်တိုးပြေး၀င်လာ ပြီး ဘိုတောက်နှင့် လုံးနေသည့် သရဲအား လည်ဂုတ်ကနေကိုင်မြောက်ကာ ဝိုင်း၀န်းသတ်ပုတ်ကြလေ တော့၏။ ဘိုတောက် မှာတော့ ရုတ်တရက်ဖြစ်သွားတော့ အဖြစ်အပျက်ကြောင့် တဒင်္ဂမျှ ကြက်သေသေကာ ပါးစပ်အဟောင်းသားဖြစ်နေရသည်။
သူနှင့် နပန်းလုံးခဲ့သော သရဲကြီးမှာလည်း ထိုသရဲလေးကောင်ကို ကြောက်လန့်ကာ ထွက်ပြေးပျောက်ကွယ်သွားေချပြီ ။ ထိုအခါမှ သရဲလေးကောင်က ဘိုတောက်အား ကြည့်ကာ ၎င်းတို့၏ မူလပုံသဏ္ဍာန်အလင်းတန်းများ ဖြစ်ကာ လယ်တောင့် တစ်နေရာဆီသို့ ငုပ်လျှိုးပျောက်ကွယ်သွားလေတော့၏။ ဘိုတောက်လည်း ယခုမှပင် သက်ပြင်းချနိုင်တော့သည်။ စိတ်ထဲတွင်တော့ ထိုသရဲလေးကောင်အား ကျေးဇူးတင်နေမိသည်ကား အမှန်ပင် ။ အကုန်လုံး ပကတိပြန်လည် တိတ်ဆိတ်သွားချေပြီ။ သရဲ လေးကောင်လည်း မရှိတော့သလို စောစောက နပန်းသတ်သွားသော သရဲမှာလည်း ပြန်လာရဲတော့ မည်မဟုတ် ။
ထိုအခါမှ ဘိုတောက်လည်း တဲထဲပြန်၀င်သွားပြီး ကတ်ဆက်ကလေးမှ တရားတော်များကိုဖွင့်ကာ မနက်မိုးမြန်မြန်လင်းရန်သာ ဆုတောင်းနေလိုက်ပါတော့သတည်း ။
++++++++++
( ၄ )
” ………..”
မနက်လင်းကြက်တွန်သံကြားတော့ ဘိုတောက် တစ်ယောက် ထုပ်ပိုးစရာရှိသည်များကို ထုတ်ပိုးကာ လှေကလေးဖြင့် ရွာကို တစ်ဖန်ခရီး နှင်ရတော့သည်။ အိမ်ပြန်ရောက်တော့ ဖခင်ဖြစ်သူ ဦးစံပေါသာ မက ကိုထွန်းရွှေပါ သူပြန်လာသည်ကို အထူးအဆန်းဖြစ်လို့နေကြ၏။
“ငါ့သား … ဘာလို့ အစောကြီး … ပြန်လာတာလဲကွ ”
ဦးစံပေါ အမေးကို ဘိုတောက်လည်း
“ပြန်မလာရင် … အဖေတို့ ကျုပ်အလောင်းကို လယ်တဲမှာ သွားကောက်နေရမယ် ”
“ဟေ … ဘယ်လိုဖြစ်တာလဲ ဆိုစမ်းပါအုံးဟ ”
“ဒီလို အဖေရေ … ကျုပ်ဖြင့် ကံကောင်းလို့ မသေတယ် ”
ဟုအစချီကာ ညက ကြုံခဲ့ရသမျှ ဖြစ်ကြောင်းကုန်စင်ကို ဘိုတောက်လည်း ခရေစေ့တွင်းကျပြောပြလိုက်ပါတော့၏။ ထိုအခါမှ ဦးစံပေါ နှင့် ကိုထွန်းရွှေလဲ ခေါင်း တဆတ်ဆတ်ဖြင့်
“အေး … အဲ့ဒါ ဆရာကြီးပေးလိုက်တဲ့ လယ်စောင့် အင်းချပ်တွေ စွမ်းလို့ပေါ့ကွာ … မသွားခင်တည်းက မင်းကိုငါပြောသားပဲ နှုတ်ပါးစပ် မသရမ်းပါနဲ့လို့ ”
ထိုအခါ အဖေဖြစ်သူ ဦးစံပေါကပင်
“မင်း အကိုပြောတာမှန်တယ် … ဘိုတောက် ”
ဘိုတောက်လည်း မိမိက မှားတဲ့သူမို့ အဖေ နှင့် အကိုကို ပြိုင်ကာ ငြင်းမနေတော့ပေ။ အမှန်တကယ် တွင်လည်း ထိုဆရာကြီး ပေးလိုက်သော လယ်စောင့်အင်းချပ်များက သူ့အသက်ကို ကယ်ပေးသွားကြောင်း သိနေသော ကြောင့်ပင်။ ထိုနေ့မှစကာ ဘိုတောက်တစ်ယောက် လယ်ဆီသို့ ခြေဦးပင် မလှည့်ဖြစ်တော့ ။
+++++++++++
( ၅ )
တိုက်တိုက် ဆိုင်ဆိုင်ပင် နောက်သုံးရက်ခန့်အကြာမှာတော့ ဘိုတောက် တို့ လယ်များကို ၀ယ်မည့်သူ ရောက်လာခဲ့တော့သည်။
“လေးလေးစံပေါရေ … လေးလေးစံပေါ ”
“အေး … ကျော်ထွန်းပါလား … ”
“ဟုတ်တယ် လေးလေးရေ … ဟောဒီမှာ လေးလေး တို့လယ်တွေကို ၀ယ်မယ့်သူ … ကျုပ်ခေါ်လာခဲ့ပြီ ”
“အေအေ … အိမ်ထဲခေါ်ခဲ့ဟေ့ ”
၀ယ်မည့်သူမှာလည်း ရန်ကုန်က သူဌေးကြီး တစ်ဦးဖြစ်လေ၏။ ထို့အတွက်ကြောင့် ဈေးစကားပြောရာတွင်လည်း အဆင်ပြေချောမွေ့ကာ နောက်ဆုံး ဦးစံပေါတို့၏ လယ်ဧက တစ်ရာကျော်မှာ နောက်လထဲတွင် ငွေအကြေချေရန် စာချုပ်ချုပ်ပြီး ရောင်းထွက်သွားပါတော့၏။
ငွေများ အကြေချေပြီးချိန်တွင်တော့ ဘိုတောက်တို့ မိသားစုလည်း နေရပ် ရွာကလေးကို စွန့်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကလေးဆီသို့ လာရောက်နေထိုင်လိုက်ကြတော့သည်။ လယ်စောင့် အင်းချပ်များကိုတော့ ပြန်ဖော်မပေးမိခဲ့ ။ရွာထဲတွင် ကျန်ခဲ့သည့် မိတ်ဆွေ အချို့ဆီကတော့ ရံဖန်ရံခါ သတင်းများတစ်စွန်းတစ်စ ကြားဖြစ်သည်။ သူတို့လယ်ထဲတွင် သရဲများ သောင်းကျန်းနေသည် ဆိုသော အကြောင်းများ သာဖြစ်၏ ။
အလုပ်လုပ်ရန် လာသော လယ်သူရင်းဌားများလည်း ကြာရှည်မနေနိုင်ကြ ။ ခေါင်းပြတ်သရဲကြီး လယ်ထဲတွင် လမ်းလျှောက်နေသည်ကို မြင်သူက မြင်/ တဲပေါ်က ဆွဲချခံရသူက ခံရနှင့် အဆုံးမှာတော့ ထိုလယ်မြေများကို မည်သူမျှ မလုပ်ကိုင်ရဲကြတော့။
ထိုကြောင့်လည်း ယခုအခါတွင် ဧကတစ်ရာကျော်မျှ ကျယ်ဝန်းသည့် ၎င်း လယ်ကြီးမှာ မြက်ရိုင်း ခြုံရိုင်းများ ထူထပ်ပြီးပေါက်ရောက်ပြီး ခြောက်ချားဖွယ် အတိရှိလို့သာ နေပါလေ တော့သတည်း ….။
( ပြီးပါပြီ )
တစ္ဆေအင်းချပ် အမည်ရ ၀တ္ထုတိုလေးအား
ဤတွင် နိဂုံးချုပ် အဆုံးသတ်လိုက်ပါသည်။
စာဖတ်သူတို့အား အစဉ်လေးစားလျက်
👉မူရင်းရေးသားသူ သတိုးဇာမဏီအား အထူးပင် လေးစားကျေးဇူးတင်ရှိပါသည်။