တစ်လင်ကွာ(စ/ဆုံး)
——————
“ဟေ့လူ..ခဗျားလည်း..လူယုတ်မာ…
ကျုပ်ကို…နွားမရွံ့ပိတ်ပြီး ရောင်းလိုက်တာ..
“မဟုတ်ပါဘူးကွာ….ငါ့မှာ..အဲလိုစိတ်မရှိပါဘူး…
“မရဘူးဗျာ…သိသိကြီးနဲ့..ခဗျားကြီး..လုပ်တာ…
သေစမ်း….
“အား…..
အိပ်နေရာကနေ…ကျနော်..လန့်ပြီးထထိုင်မိသည်။
“ဘာဖြစ်လို့လဲ…မောင်..
“အိပ်မက်..အိပ်မက်မက်လို့..စိုး….
ညနေက..စေ့စပ်ကြောင်းလမ်းတဲ့..
အိဖြူမ ကောင်လေးက..နွားမရွှံ့ပိတ်ရောင်းတဲ့အထဲ
ငါလည်းပါတယ်ဆိုပြီး…ဓားနဲ့..လိုက်ခုတ်နေလို့..
ငါ့ဘဝမှာ…ငါသွားခဲ့သမျှစေ့စပ်ကြောင်းလမ်းပွဲ..
တွေထဲမှာ…အိဖြူမရဲ့..ပွဲက..ငါ့အတွက်တော့
လိပ်ပြာမလုံဆုံးပဲ..စိုးရာ….
“အဲဒီလောက်လည်း တွေးမနေပါနဲ့မောင်ရယ်…
အဲဒီစေ့စပ်ပွဲကို..မောင်တစ်ယောက်တည်း..
တက်တာမှမဟုတ်တာ….
“ငါတစ်ယောက်တည်း မဟုတ်ပေမဲ့..ကျန်တဲ့သူ
တွေက..စေ့စပ်ပွဲမှာကျွေးတဲ့..ကော်ဖီသောက်
မုန့်စား…ရောက်တက်ရာရာပြော..ဒါလောက်ပဲ…
ငါက..နှစ်ဖက်ဆွေမျိုး တွေကြား..မင်္ဂလာ စကား
ပြောရတဲ့ကောင်ကွ… နောက်ပြီး..အိဖြူမဘာလဲဆိုတာ
မင်းလည်းသိနေတာပဲ…စိုးရာ…
ငါတော့..ထွန်းမင်းလတ်ဆိုတဲ့..ကောင်လေးကို
သနားလည်းသနားတယ်..အားလည်းနာတယ်ကွာ…
“မသိတော့ဘူးမောင်ရာ…အိပ်တော့မယ်..
မောင့်ဖာသာ..အဖြစ်သည်းနေတာ….
ကျနော့်အမျိုးသမီး..မေစိုးက…အိပ်ရာပေါ်ပြန်အိပ်ရင်း
ဘေးတစ်ဖက်စောင်း၍ ပြန်အိပ်သွားသည်။
ကျနော်လည်း…အိပ်လို့မရတော့တာနဲ့…
စာဖတ်တဲ့..စားပွဲလေးဆီထလာပြီး…ထိုင်ခုံမှာ
စိတ်မသက်မသာနှင့်..ထိုင်နေလိုက်သည်။
ည..ဆယ့်နှစ်နာရီ တိတိရှိနေပြီ…
လူက..ဘယ်လိုမှ..ပြန်အိပ်လို့မရ…
ဒါနဲ့ပဲ..ကျနော်အကြိမ်ကြိမ်ရေးဖို့…စဉ်းစားခဲ့တိုင်း
မရေးဖြစ်ခဲ့တဲ့…အိဖြူမရဲ့ အကြောင်းကို…
ခုညတင်..ရေးဖို့ကျနော်ဆုံးဖြတ်လိုက်သည်။
…………………………………………
Online..ဖူးစာ
…………………
အဲဒီနှစ်က ကျနော်တို့မြို့လေးရဲ့..တန်ဆောင်တိုင်ပွဲ
မှာ..ဗိုလ်အောင်ဒင်သီချင်းနဲ့…ဝုန်းဒိုင်းကြဲပြီး..
ပေါက်ခဲ့တဲ့..အဆိုတော်..မနော..လာပြီးဖျော်ဖြေ
တဲ့နှစ်။ကျနော်လည်း..မနောသီချင်းဆိုတဲ့..
ဖျော်ဖြေရေးကားကြီးနောက်က..လိုက်ရင်း..
တော်တော်ကြီးညနက်မှ..အိမ်ပြန်ရောက်ခဲ့သည်။
တခြား..နာမည်ကြီးအဆိုတော်တွေပါပေမဲ့..
ဥပမာ..ပိုပို..တို့လိုအဆိုတော်တွေပါပေမဲ့..
ပရိတ်သတ်က..မနောမှမနောဖြစ်နေတော့…
တစ်ချက်လေးမှ..မနားပဲ..စတိတ်ကားကြီးပေါ်..
မက်တပ်ရပ်ပြီး..တောက်လျှောက်သီချင်းတွေဆို..
ပရိတ်သတ်အလိုလိုက်ပြီး..
ဘာမာန်မာနမှ..မပါတဲ့..အဆိုတော်..ကိုမနောကို
အသိမှတ်ပြုမိပါတယ်..ဒါက..စကားစပ်မိလို့
ပြောလိုက်တာပါ…တကယ့်ကို..သဘောကောင်းတဲ့
ဗိုလ်အောင်ဒင်ကြီးပါဗျာ…
……………………
“မောင်…ထပါအုံး…
“ဘာလို့လဲ..စိုး…
“ကိုမြတ်သူ..ရောက်နေလို့…
ကျနော်လည်း..အိပ်ရာထဲက လူးလဲပြီးထလိုက်သည်။
“ညက..ပွဲမှာ..ညနက်သွားလို့ဗျ..ခဏထိုင်ပါအုံးဗျာ..
ကမန်းကတမ်းနဲ့..ကျနော်မျက်နှာသစ်သွားတိုက်
လိုက်သည်။.လက်ကနာရီကို ကြည့်လိုက်တော့
မနက်ရှစ်နာရီ..ထိုးပြီးနေပြီ။
“အကြောင်းရှိလို့လား…ကိုမြတ်သူ…
“ရှိပြီလားကွာ…ညက..အိဖြူမ..ပွဲခင်းကနေ
ခုချိန်ထိအိမ်ပြန်မလာလို့ကွ..ဒါနဲ့..သူနဲ့အတူသွားတဲ့
ခင်မြဝင်းတို့..ချောစုတို့မေးကြည့်တော့..သူတို့လည်း
မသိဘူးတဲ့ကွာ…ငါက..ချော့တစ်မျိုး..ခြောက်တစ်မျိုး
မေးတော့မှ…ညကသူ့ကောင်လေးနဲ့..အတူတွဲပြီး
သွားတာ..သူတို့လည်းပြန်လာမလားဆိုပြီး
စောင့်တယ်..
ပြန်မလာလို့
ခုမှ..အိမ်ရောက်တာတဲ့ကွာ…
ကိုမြတ်သူက..စကားကိုအရှည်ကြီးပြောလိုက်ပြီး
ရေနွေးကြမ်းတစ်ခွက်ကောက်သောက်လိုက်သည်။
ကိုမြတ်သူက..အိဖြူမရဲ့ ဦးလေးအရင်းဖြစ်သည်။
“ဒါနဲ့ငါလည်း…အဲဒါဆို..ကောင်လေးက..ဘယ်ကတုန်း
နင်တို့သိလားဆိုတော့…သူငယ်တော်က…
လက်သမားလုပ်တယ်တဲ့…ဟောဒီမှာ..ကောင်လေးပုံ
နာမည်က..ကျော်စွာဝင်း.. ..တဲ့..
ချောစုဆီကငါယူလာတာ..ကောင်လေးရဲ့..ဖေ့ဘွတ်
ထဲကပုံလို့ပြောတာပဲကွာ….တစ်ခါမှအပြင်မှာ..
သူတို့ချင်းမဆုံဖူးဘူး..ခုတန်ဆောင်တိုင်မှာ..
ပထမဆုံးစတွေ့တာတဲ့ကွာ….
“ဒါဆို..သူတို့က..လိုင်းပေါ်မှာ တွေ့တာပေါ့…
“ဟုတ်တယ်…သူငယ်တော်မှာ..မင်းညီမဝမ်းကွဲ
ရှိတယ်မို့လား..အဲတာ..စုံစမ်းကြည့်ချင်လို့..
မင်းဆီငါလာခဲ့တာ….
ဒါနဲ့..ကျနော်လည်း..ကျနော့်ညီမဝမ်းကွဲ..ခင်မာလွင်
ဆီကိုဖုန်းဆက်ပြီး..ကိုမြတ်သူရှေ့တင်မေးလိုက်သည်၊
“အစ်ကိုကြီး..သူငယ်တော်မှာ…လက်သမား
တစ်ယောက်မှမရှိဘူး…အားလုံးက..ပန်းရန်တွေ
ချည်းပဲ…Viber..ကနေကိုကြီးပို့လိုက်တဲ့..ပုံထဲက
ကောင်လေးကလည်း…ဒီရွာမှာတော့မရှိဘူး…
ဒီကလည်းမဟုတ်ဘူး….
ကျနော့်ညီမ..ခင်မာလွင်ဆီကအဖြေကြားတော့
ကိုမြတ်သူ…မျက်နှာက..စိတ်ပျက်သလိုဖြစ်သွား
ရှာသည်။နောက်တော့..ကျနော်လည်း..ကိုမြတ်သူ
နဲ့လိုက်ပြီး..အိဖြူမရှာပုံတော်ဖွင့်ရတော့သည်။
တစ်ပါတ်လောက်အထိ..ဘာသတင်းအစနမှမရ..
နောက်တော့..ကျနော်က..
ကျော်စွာဝင်းရဲ့..ဖေ့ဘွတ် မက်စင်ဂျာကနေ
အိဖြူမ..မိဘတွေကစိတ်ပူနေတဲ့အကြောင်းနဲ့..
အမြန်ဆုံး..မိန်းကလေးကိုလာအပ်ပြီး…
မိသားဖသားပီပီ…လာတောင်းရမ်းဖို့..
ရေးပြီး..ပို့လိုက်သည်။
ဒါကလည်း..ရေနစ်နေသူအတွက်..ကောက်ရိုးတစ်မျှင်
ဆိုပြီး..ကျနော်..ပို့လိုက်ခြင်းဖြစ်သည်။
ထင်သည့်အတိုင်းပါပဲ…စာကိုလုံးဝမဖတ်။
ဒီလိုနဲ့..ရှစ်ရက်မြောက်တဲ့ နေ့သို့ရောက်လာသည်၊
ကိုမြတ်သူတို့အနေ၌ကလည်း…ယောက်ျားနောက်
တူမလိုက်တာသိရက်နဲ့..ရဲကိုသွားပြီးလည်း..
လူပျောက်မတိုင်ချင်။မိန်းကလေးရှင်ဆိုတော့..
ရဲတိုင်လိုက်ရင်..ဟိုးလေးတကျော်ဖြစ်ပြီး…
အရှက်ရမှာ စိုးနေရှာသည်။
“ကိုမိုးအောင်…အုပ်ချုပ်ရေးမှုး ရုံးကို..ခုလာခဲ့ပါအုံးတဲ့…
ဆိုင်ကယ်ပေါ်ခွရင်းကနေ..အုပ်ချုပ်ရေးမှုးရုံးရဲ့
စာရေးတင်မောင်ကျော်က..ကျနော့်ကိုလာခေါ်သည်။
ဒါနဲ့..တင်မောင်ကျော်…ဆိုင်ကယ်နောက်က
ထိုင်ရင်းကျနော်လိုက်သွားလိုက်သည်။
ရုံးထဲရောက်တော့…အသက်လေးငါးဆယ်ခန့်
လူကြီးနှစ်ယောက်နဲ့…နှစ်ဆယ်အရွယ်မိန်းကလေး
အပါဝင်…
မျက်နှာစိမ်းသုံးယောက်ကိုတွေ့ရသည်။
မိန်းကလေးက..နေ့စေ့လစေ့ကိုယ်ဝန်အရင့်မာကြီး
နှင့်ဖြစ်သည်။
ကျနော်ရောက်လာတာနဲ့မိန်းကလေးက..ကျနော့်
လက်ကိုကိုင်ပြီး…
“အစ်ကိုရယ်…ကျွန်မက..ခုအစ်ကိုတို့ရှာနေတဲ့
ကျော်စွာဝင်းမိန်းမပါ…အဲကောင်ခွေးဇာက်ခင်းလို့
ရွံပေမဲ့..ညီမဗိုက်ထဲက..ကလေးလေးကို…
ငဲ့ပေးပါအုံးနော်…အစ်ကိုပြီးမှ..ဒီကိစ္စ ပြီးမယ်ပြော
လို့ပါ….
မိန်းကလေး..စကားကြားတော့..တအံ့တဩ နဲ့
ကိုမြတ်သူကို..ကျနော်ကကြည့်လိုက်သည်။
ဘယ့်နဲ့ ကျနော်ပြီးရင်ပြီးတယ်တဲ့လား…
“သူ့ကြည့်ပြီး..ငါလည်းဘာပြောရမှန်းမသိတာနဲ့..
မင်းကိုခေါ်လိုက်တာပါကွာ…
ကိုမြတ်သူက မျက်နှာငယ်လေးဖြင့် ပြောရှာသည်။
“အိဖြူမကလည်း..မိန်းကလေးတစ်ယောက်ပါ..
ညီမ..နောက်ပြီး..အပျိုလေးပါ…
ကျနော်က..ထိုသို့ပြောလိုက်တော့…မိန်းကလေးက
“ဒါပေမဲ့ ကျွန်မက..မပေါ့မပါးကြီးနဲ့ပါအစ်ကို..
မိန်းကလေးကိုကြည့်ပြီး..ကျနော်ဘာပြောရမှန်းမသိ
ဖြစ်သွားသည်။
“ဘယ်လိုမှ..စိတ်မရှိကြပါနဲ့..ကျွန်တော်တစ်ခုပြော
ပါရစေဗျာ.. ..
မိန်းကလေးနဲ့အတူပါလာတဲ့..လူကြီးနှစ်ယောက်
ထဲက..တစ်ယောက်ကပြောလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်က…ဒီကသမီးလေးရဲ့ယောက္ခမပါ..
ဟို.ခွေးကောင်ရဲ့အဖေပေါ့ဗျာ..ကျွန်တော့်သား
မိုက်ရိုင်းတာကတော့ ကမ်းကုန်ပါပဲဗျာ..
သူလုပ်တဲ့လုပ်ရက်က..ခွင့်လွတ်စရာမကောင်းပေမဲ့
ဒီကသမီးလွယ်ထားရတဲ့ကလေးအတွက်…
ကျွန်တော်တို့ဖက်က…ဒီဖက်က..ကလေးမလေးအတွက်
နစ်နာကြေး..ပေးပြီးကူညီပါရစေဗျာ…
ဒီစကားကြားတော့ ကိုမြတ်သူတို့ဘက်က..
သူတို့တူမကို..ငွေနဲ့ပိုင်းဖြတ်ကြတယ်ဆိုပြီး..
ဒေါသတကြီးနဲ့တုန့်ပြန်သည်။
“ဘာဗျ…ကျွန်တော့်တူမကလဲ..မိန်းကလေးပါဗျာ..
တော်ဗျာ..ကျော်စွာဝင်း ဆိုတဲ့ကောင်ကို…
ကာမလိမ်လည်ရယူမှု့နဲ့ထောင်ချပစ်မယ်…
အားလုံးက ဝိုင်းဝန်းဖျောင်းဖျပေမဲ့…ကိုမြတ်သူက
ထောင်ချပစ်မယ်ချည်းဖြစ်နေသည်။
“ပြောပေးပါအုံး..အစ်ကိုရယ်..
မိန်းကလေးက..မျက်နှာငယ်လေးဖြင့် ကျနော့်ကို
အကူညီတောင်းသည်။
“ကိုမြတ်သူ..တကယ်လို့..ကောင်လေးထောင်ကျ
သွားရင်..နှစ်ဦးနှစ်အဖက်ဘယ်သူမှအကျိုးမရှိပါဘူး.
ဗျာ…အဓိကကတော့..မွေးလာမဲ့ကလေးဟာ..
ဘာမှန်းညာမှန်းမသိရှာပဲ..အဖေမရှိတဲ့အဖြစ်ပေါ့ဗျာ..
လက်ခံပေးလိုက်ပါ..ကိုမြတ်သူရာ….
နောက်တော့..အိဖြူမအတွက်နစ်နာကြေးယူဖို့
ကိုမြတ်သူ တို့ဘက်ကလက်ခံလိုက်သည်။
ဒီလိုနဲ့..နစ်နာကြေးယူပြီး..အိဖြူမက..ရှစ်ရက်ပဲ..
ယောက်ျားတစ်ယောက်နဲ့ပေါင်းလိုက်ရတဲ့..
တစ်လင်ကွာမလေးဖြစ်သွားသည်။
အိဖြူမအဖြစ်ကိုကြည့်ရင်..အွန်လိုင်းပေါ်မှာ
တစ်ယောက်အကြောင်းတစ်ယောက်..ဘာမှ
ထဲထဲဝင်မသိပဲ..ယုံမှတ်ပြီး..ပုံအပ်လိုက်မိခြင်း
အတွက်..ခုလိုအဖြစ်မျိုး ကြုံရခြင်းဖြစ်သည်။
……………………………………
ကျနော့်မှာ..အင်္ကျီဝတ်စရာ..နည်းသလောက်
ပုဆိုးကတော့..ပေါတဲ့ဟိုဖက်ကိုလွန်နေပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ရပ်ကွက်ထဲမှာ စေ့စပ်
ကြောင်းလမ်းပွဲတွေလုပ်တိုင်း..ကျနော်ပါရလို့ပါပဲ…
နှစ်ဖက်ဆွေမျိုး တွေကြားမှာ..မင်္ဂလာ စကားပြောဖို့
ကျနော့်ကို…ပုဆိုးတစ်ကွင်းနဲ့..ဖိတ်ပြီး..မင်္ဂလာ
စကားပြောပေးရလို့ပါ။
ပုဆိုးတစ်ကွင်း နှမြောလို့..ကျနော့်ကိုမဖိတ်ချင်တောင်..
“ဟေ့..မင်းတို့..မိုးအောင်ကိုဖိတ်လိုက်အုံးနော်..
ငါတို့ကသူ့လို..အာဝါဟဝိဝါဟတွေ..ပြောတက်တာ
မဟုတ်ဖူး….
ဆိုတဲ့..အုပ်ချုပ်ရေးမှုး ဉ်ီးကြည်ဇော်ကြောင့်လည်း
ပါမယ်ထင်ပါတယ်။
“မောင်ရေ…ညနေ..၅နာရီ..စေ့စပ်ကြောင်းလမ်း
ပွဲဖိတ်သွားတယ်…
“ဘယ်သူ့ပွဲတုန်း..
“အိဖြူမ…
“ဟေ…
အိဖြူမကောင်လေးက…ရန်ကုန်ဘက်က..
ဒီလောက်မိုင်တွေရာချီနေတာတောင်….
အလုပ်နဲ့အ်ိမ်ကလွဲလို့..ဘယ်မှမသွားတဲ့..
အိဖြူမနဲ့တွေ့တဲ့..အွန်လိုင်းဖူးစာကိုတော့…
ကျနော်အံ့သြမိသည်။
ဒီပွဲမှာလည်း..ကျနော်မင်္ဂလာစကားပြောခဲ့ရသည်။
ဒါပေမဲ့ ခါတိုင်းပွဲတွေလိုတော့…လိပ်ပြာမလုံ…
သိသိကြီးနဲ့ ညာပေးနေရသလိုကြီးခံစားနေရသည်။
အတွေးလွန်နေရာက နာရီကိုကြည့်မိတော့
မနက်..တစ်နာရီခွဲနေပြီ…
ကျနော်ထိုင်ရာကထပြီး…
အဝတ်ဗီရိုကိုဖွင့်လိုက်သည်။
အိတ်ထဲကပင်မထုတ်ရသေးတဲ့..ပုဆိုးအသစ်စက်စက်
ဆယ်ကွင်းလောက်က..အထပ်လိုက်ရှိနေသည်။
ကျနော်..အပေါ်ဆုံးက..ပုဆိုးတစ်ထည်ကိုယူပြီး
အိမ်အပြင်ထွက်လာလိုက်သည်။
နောက်အိမ်ရှေ့ကလမ်းမပေါ်မှာ…
ပုဆိုးအသစ်စက်စက် လေးကို..ချထားခဲ့လိုက်သည်။
“ဒီပုဆိုးကိုဝတ်ရမှာ..ကျနော်တကယ်..
လိပ်ပြာမလုံလို့ပါ…
၂.၁၀.၂၀၂၃….နံနက်.၄း၃၁
#ပီယ