တဏှာ ၅၂၈(စ/ဆုံး)
—————–
မြတ်ကို တစ်ယောက် အိမ်တံခါးများ သေသေချာချာလိုက်ပိတ်လိုက်ပြီး မီးများကိုပိတ်လိုက်သည်။ အိမ်ရှေ့လမ်းမီးကိုတော့မပိတ်တော့ပဲ စူးစိုက်ကြည့်လိုက်သည်။အရင်ညတွေတုန်းက မိမိအိမ်ရှေ့မှာလူတစ်ယောက် ယောင်လည်ယောင်လည် လုပ်နေသဖြင့်ဘေးအိမ်များကအသံပေးလိုက်မှ ထွက်သွားသည် ဟုသူ့ကိုအိမ်နီးနားခြင်းတွေကပြန်ပြောကြသည်။ သက်ပြင်းလေးချလိုက်ပြီး ဘုရား ကို ညရေချမ်းကပ်လှုလိုက်ပြီး အိပ်ယာသို့၀င်ကာ ပက်လက်လှန်လိုက်သည် စိတ်ကိုတည်ငြိမ်နေအောင်စုစည်းပြီး မျက်ခုံးနှစ်ဖက်ကြားနေရာသို့ အသိစိတ်တို့ကိုအာရုံစူးစိုက်ထားလိုက်သည်။ ခန္ဓာကိုယ်ကိုအတက်နိုင်ဆုံးလျှော့ချကာ စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်နေသော်လည်း တစ်ချက်တစ်ချက် ခြေထောက်ကလှုပ်ချင်လာလိုက် လက်ကလှုပ်ချင်လာလိုက်ဖြစ်နေသဖြင့် နှာသီး၀ကနေ ၀င်လေထွက်လေကိုပြန်မှတ်လိုက်ရသည် စိတ်လေးတော်တော်ကြာတည်ငြိမ်သွားတော့မှ မျက်ခုံးနှစ်ဖက်ကြားနေရာ သို့ပြန်ပို့ပြီး စိတ်ကိုစူးစိုက်ကြည့်လိုက်သည်။ အသိစိတ်က တစ်နေရာထဲရောက်နေပြီး ခြေတွေလက်တွေကပေါ့ပါးလာသလို့ခံစားနေရသည်။စိတ်ထဲကနေပြီး အပေါ်မြောက်တက်သွားပြီ ဟုတွေးလိုက်တာနဲ့ မြတ်ကို တစ်ယောက် အိပ်ယာပေါ်ကနေ အပေါ်သို့လွင့်တက်လာသလိုခံစားလိုက်ရပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်သည့်အခါ အိပ်ယာထက်မှာ မိမိခန္ဓာကိုယ်ကငြိမ်သက်စွာရှိနေပါတော့သည်။ ဝိညာဉ်သုံးလေးခါမကလွှင့်ဖူးပြီးသားဖြစ်နေသောကြောင့် စိတ်က အိမ်ရှေ့နေရာကိုညွတ်လိုက်သည်နှင့် အိမ်ရှေ့သို့ရောက်ရှိသွားလေသည်။ လမ်းမီးရောင်အောက်မှနေ၍ ဟိုဟိုဒီဒီကြည့်ကာ
” အမေ ..သားရောက်နေပြီ ..အမေ ဘယ်မှာလဲ ..”
ဟုအသံကိုမြှင့်ပြီးပြောလိုက်တော့ ခြံအတွင်းကနေ၍ ၀တ်ဖြူစင်ကျယ် နှင့်ခန္ဓာကိုယ်ကနေ အရောင်တွေဖြာထွက်နေသည့် လူတစ်ဦးပေါ်ထွက်လာခဲ့သည်။ ထိုလူက
” လူကလေး ..အခုထိ စိတ်ကိုမပိုင်းဖြတ်နိုင်သေးဘူးလား လူလေးရယ်.. လူလေးမိခင်က သေဆုံးသွားတာ ကြာမြင့်နေပြီလေကွယ်..”
ဟုပြောလိုက်တော့ မြတ်ကိုက
” ကျွန်တော်အခုလို အမေနဲ့တွေ့ခွင့်ရနေသေးတယ်လေ.. ခြံစောင့်နတ်ကြီးရယ်.. ကျွန်တော့်ကိုတွေ့ခွင့်ပေးပါ ..”
ဟုပြောလိုက်တော့
” ဝိညာဉ်အချင်းချင်းတွေ့ဖို့မတွေ့ဖို့ ခြံစောင်နတ်တွေကတားပိုင်ခွင့်မရှိပါဘူးကွယ်.. ခြံထဲ၀င်မလာအောင်သာတားခွင့်ရှိတာပါ ..လူလေးကိုနားချနေရတာက အကြောင်းရှိတယ်လူလေး .. လိပ်ပြာလွှင့်တာက အရမ်းအန္တာရယ် များတယ် ..အချိန်တန်လို့ပြန်မ၀င်နိုင်ရင် လူလေးဘ၀ဆုံးသွားလိမ့်မယ်.. နောက်ပြီးတော့ လူလေးမိခင်က လူ့ဘ၀က ကောင်းမှုကုသိုလ်လုပ်ထားတာတွေရှိတယ် ..လူလေးကိုစွဲလမ်းနေလို့သာ ဘ၀မကူးပြောင်းသေးဘဲ ဝိညာဉ်ဘ၀နဲ့လှည့်လည်သွားလာနေထိုင်နေရတာပါ ..အခုလိုဆက်လုပ်နေမယ်ဆိုရင် သူလဲကျွတ်လွတ်ဖို့ခက်ခဲနေလိမ့်မယ် ..”
ဟုပြောလိုက်တော့ မြတ်ကိုတစ်ယောက် ခေါင်းကိုသွက်သွက်ခါပြီး
” မသိဘူးဗျာ.. ကျန်တာကျွန်တော်မသိဘူး .. ကျွန်တော်အမေနဲ့ကျွန်တော်တွေ့ခွင့်ရနေသေးတယ်.. ဘဝြခားနေပေမယ့် အခုလိုတွေ့ခွင့်ရဖို့ကျွန်တော်အသဲအသန်ကြိုးစားထားရတာ ..”
ဟုပြောလိုက်တော့ ခြံစောင့်နတ်က
” လူလေးက..နာနာဘ၀ ဝိညာဉ်လောကရဲ့အခက်အခဲတွေကိုမသိသေးလို့..အခုလိုပြောနေသေးတာပါ ..ကဲကဲ အနောက်ကနေလိုက်ခဲ့.. လူလေးအမေရှိရာ လမ်းပြပေးမယ်..”
ဟုပြောကာ လမ်းမအတိုင်းရွေ့လျားသွားပါတော့သည် ။
မြတ်ကိုတစ်ယောက်လဲ အခက်အခဲမရှိ အနောက်ကနေလိုက်သွားပြီး စျေးတစ်ခုနားအရောက်တွင် ခြံစောင့်နတ်က ရပ်တန့်လိုက်ပြီး စျေးရုံဘက်ကိုလက်ညိုးညွှန်ကာ
” အဲ့ဒီ့ဘက်မှာ လူလေးအမေ အစာရှာနေတယ်ကွယ့်.. အဝေးကနေပဲကြည့်ပါ.. လူလေးမိခင် လူလေးကိုမတွေ့ပါစေနဲ့..”
ဟုပြောပြီး ခြံစောင့်နတ်ကြီးပျောက်ကွယ်သွားတော့သည်။ စျေးတစ်ခုလုံး ကြည့်လိုက်သမျှနေရာတိုင်းတွင် ဝိညာဉ်များနေရာအနှံ့တွေ့နေရပြီး တစ်ချို့ကပင်ကိုလူအတိုင်းတွေ့မြင်ရသည် တစ်ချို့က ကြောက်စရာသွင်ပြင်များဖြစ်နေပြီး ရွံစရာကောင်းလောက်အောင်ဖြစ်နေကြသည်။စျေးရုံပက်လည်တွင် မြေကြီးပေါ်ကျနေသည့် ထမင်းလုံးစေ့ သားစိမ်းငါးစိမ်းအပိုင်းအစများကို လုယူစားသောက်နေသော ဝိညာဉ်များကိုလဲတွေ့မြင်နေရသည်။ မြတ်ကိုတစ်ယောက် ခြံစောင့်နတ်ကြီးညွှန်ပြရာနေရာသို့ တိုးသွားပြီး ကြည့်လိုက်သောအခါ ငါးစိမ်းတန်းနေရာဖြစ်နေကြောင်းမှတ်မိလေသည်။ ဆိုင်ခန်းတွေတစ်လျှောက် နေ့လည်ကခုတ်ထစ်ရောင်းချနေတုန်းကအသားစလေးများ ဟိုတစ်စ ဒီတစ်စ ကျနေသည်ကို အလှအယက်ရှာဖွေစားသောက်နေကြသည့်ဝိညာဉ်များကိုတွေ့လိုက်ပြီး ခပ်ဝေးဝေးတောင့်တစ်နေရာမှာ ငုတ်တုတ်ထိုင်ကာ မြေကြီးပေါ်မှအရာတစ်ခုကိုကောက်လိုက်စားလိုက်လုပ်နေသော မိခင်ဖြစ်သူဒေါ်ထွေးရီကိုတွေ့လိုက်ရပါတော့သည်။
မြတ်ကိုတစ်ယောက် ခြေမခိုင်တော့လောက်အောင်ဖြစ်ပြီး နေရာမှာပင် အားကုန်သလိုဖြစ်ကာ စိတ်မကောင်းခြင်းများစွာဖြင့်ကြည့်နေရင်း စိတ်မသက်မသာဖြစ်ကာ နေရာမှထွက်လာခဲ့ပါတော့သည်။ မျက်၀န်းထဲကမျက်ရည်တို့က တားဆီးနိုင်ခြင်းမစွမ်းသာတော့ပဲ စီးကြနေပြီး ရင်ဘက်ထဲတွင်တစ်ခုခုတစ်စို့နေသကဲ့သို့ဖြစ်နေသည်။ ခြံရှေ့ပြန်ရောက်သောအခါ ခြံစောင့်နတ်က
” ဘယ်လိုလဲ ..လူလေးမိခင်ရဲ့ဘ၀ကိုတွေ့မြင်ရတော့ ဘယ်လိုခံစားရသလဲ..”
ဟုမေးတော့ မြတ်ကိုက မျက်ရည်တွေစီးကြနေသည့်မျက်၀န်းများဖြင့်ကြည့်ကာ
” ကျွန်တော်မှားသွားပြီဗျာ.. ကျွန်တော်တစ်ကယ်မှားသွားပြီ ..”
ဟုရင်နင့်ဖွယ်ပြောလိုက်ပါတော့သည်။ခြံစောင့်နတ်က
” လူလေးမိခင်သေဆုံးပြီး ရက်မလည်ခင်တစ်ညမှာ .. လူလေးက ဝိညာဉ်ခွာပြီး.. သွားတွေ့လိုက်တာကိုကွယ့်.. မိခင်ကလဲသားဇောနဲ့စိတ်မချဖြစ်နေတော့ တစ်ခါတစ်လေတွေ့ခွင့်ရမယ်ဆိုတဲ့အသိ၀င်ပြီး အမျှဝေတော့သာဓုမခေါ်ခဲ့ဘူးလူလေး ..တစ်ကယ်ဆိုရင်အခုချိန်လောက်ဆို ဘ၀ကူးပြောင်းပြီးတော့နောက်တစ်ဘ၀မှာ ဖြစ်တည်နေလောက်ပါပြီလူလေးရယ်..”
မြတ်ကိုတစ်ယောက်မြေကြီးမှာဒူးထောက်ချလိုက်ပြီး မျက်နှာကိုလက်ဖြင့်အုပ်ကာငိုရှိုက်နေပါတော့သည်။ ခြံစောင့်နတ်က
” ဟိုမှာလူလေးအမေ လာနေပြီ.. တွေ့ပြီးဖျောင်းဖြလိုက်ပါ ..”
ဟုပြောတော့ မြတ်ကိုကမော့ကြည့်ပြီး မိခင်၏ဝိညာဉ်ကိုပြေးဖတ်ပါတော့သည်။ဒေါ်ထွေးရီက ရင်ခွင်ထဲပြေး၀င်လာသည့် သားဖြစ်သူကိုကြည့်ပြီး
” သား.. မြတ်ကို.. ကလေးမဟုတ်သူငယ်မဟုတ်ငိုနေတုန်းလားကွယ်.. အမေလာမှာပေါ့ငါ့သားရယ့် ..အမေကလွမ်းနေတာငါ့သားလေးကို ..”
ဟုဆံပင်လေးကိုပွတ်ကာပြောသည်။ မြတ်ကိုက မိခင်ရင်ခွင်ထဲခေါင်းဝှေ့ထားရင်း
” အမေရယ် ..သားလဲအသက်မငယ်တော့ပါဘူး .. သားကိုစိတ်ချပါတော့အမေ.. နောက်ဘ၀ကူးလိုက်ပါတော့ ..”
ဟုပြောလိုက်တော့ အမေက
” အို..ဘာလို့နောက်ဘ၀သွားရမှာလဲ .. အမေ့မှာသားလေးကိုမခွဲနိုင်သေးပါဘူး ..သားအသက်ဘယ်လောက်ကြီးကြီးအမေ့မျက်စိထဲကလေးလိုပဲ ..နောက်ပြီး အမေဒီလိုနေရတာအဆင်ပြေတယ်သားရဲ့ .. အမေ့သူငယ်ချင်းတွေတော်တော်များများပြန်တွေ့ရတယ်.. တစ်ချို့ကြတော့လဲ ခနပဲတွေ့ပြီး ပျောက်သွားတော့တာပါပဲသားရယ် ..”
ဟုပြောတော့ မြတ်ကိုက
” အမေရယ် ..သားအမေ့ကိုမကြည့်ရက်လို့ပါနော် .. အမေနေထိုင်စားသောက်နေရတာ သားဘယ်လိုမှမကြည့်ရက်ဘူးဗျာ ..”
ဟုပြောလိုက်တော့ ဒေါ်ထွေးရီက
” သားလေး ..အမေအဆင်ပြေတယ်လေ အခုတောင် စားစရာတွေတစ်၀တစ်ပြဲစားသောက်နေလို့နောက်ကျနေတာပါငါ့သားရဲ့.. ပေါများလိုက်တဲ့စားစရာတွေကွယ် စားလို့ကိုမကုန်နိုင်ဘူး..”
ဟုပြောနေတုန်း မိခင်၏ခန္ဓာကိုယ်မှာရှိတဲ့အ၀တ်အစားများမှာ ပိုမိုဟောင်းနွမ်းသွားသည်ကိုတွေ့လိုက်ရပါတော့သည်။ ခြံစောင့်နတ်က
” ဟဲ့ကလေးမ ..မုသာဝါဒကံထပ်မကျူးလွန်နဲ့ ဒီ့ထက်အခြေအနေတွေပိုဆိုးကုန်မယ် ..”
ဟုပြောလိုက်တော့ ဒေါ်ထွေးရီက မျက်ရည်များကျလာပြီး
” ခြံစောင့်နတ်ကြီးရယ် ..ကျွန်မ သားလေးဘေးကနေထွက်မသွားချင်ဘူး ..”
ဟုငို၍ပြောပါတော့သည်။ခြံစောင့်နတ်က
” ကလေးမ သက်ရှိထင်ရှားလူ့လောကမှာရှိတုန်းက ဘုရားကန်တော့ပြီးတိုင်းအမျှဝေရင်ကျွန်ုပ်တို့သာဓုခေါ်ခဲ့တယ်.. အဲ့ဒီကျေးဇူးကိုထောက်ထားပြီး အခုကူညီဖြောင်းဖြနေတာကလေးမ ..”
ဟုပြောလိုက်ပြီး မြတ်ကိုဘက်ကြည့်ကာ
” လူလေးကလဲ..နောက်တစ်ရက်မှာ မိခင်ကိုရည်စူးပြီအလှုအတန်းလုပ်ပါ ..အမျှအတန်းဝေပေးပါ ..ကလေးမကလဲသာဓုခေါ်ပြီး ဘ၀ကူးပြောင်းပါတော့ကလေးမရယ် ..”
ဟုပြောတော့မြတ်ကိုက
” ဟုတ်ပါတယ်အမေရယ်.. မနက်ဖြန် ဘုန်ကြီးကျောင်းမှာ သံဃာတော်အရှင်သူမြတ်တွေကိုဆွမ်းကပ်ပေးပါ့မယ်.. အမေသာဓုခေါ်ပေးနော်..”
ဟုပြောလိုက်တော့ ဒေါ်ထွေးရီက
” သားလေးရယ် ..အမေသားကိုမခွဲနိုင်ဘူး .. အဖမဲ့သားလေးကိုအမေတစ်ယောက်ထဲ ငယ်ငယ်လေးထဲက.. အဖေလိုတစ်မျိုး အမေလိုတစ်မျိုးကျွေးမွေးလာခဲ့တာ ..အမေ မခွဲချင်ဘူး သား ..”
ဟု ငိုပြီးပြောပါတော့သည်။မြတ်ကိုလဲ ဒေါ်ထွေးမြကိုဖက်ထားပြီး
” သားလဲဘယ်ခွဲချင်ပါ့မလဲအမေရာ .. ဒါပေမယ့် အမေအခုလိုနေထိုင်စားသောက်နေရတာ သားမကြည့်ရက်ဘူးအမေ ..”
ဟုပြောတော့ ခြံစောင့်နတ်ကြီးက
” ကလေးမ ..”
ဟုခေါ်လိုက်ပြီး
” လူလေးနာမ်ခွာလာတာ..အချိန်လင့်နေပြီကွဲ့ ..”
” ရုပ်နာမ်ပြန်တွဲဖို့လိုနေပြီ ..စကားနားထောင်ပြီးတော့ ဘ၀ကူးပြောင်းဖို့ကတိပေးလိုက်ပါကွယ်..”
ဟုပြောသည်။ ဒေါ်ထွေးရီလဲ သားဖြစ်သူပါးလေးကိုနမ်းလိုက်ပြီး မျက်နှာကိုစေ့စေ့ကြည့်ကာ
” ငါ့သား.. ကောင်းကောင်းမွန်မွန်ဘ၀ကိုဖြတ်သန်းပါ ..အမေ့အတွက်ရည်စူးပြီးမနက်ဖြန်အလှူလုပ်ပေးပါတော့ ..အမေသာဓုခေါ်ပါ့မယ်သားရယ်..”
ဟုပြောလိုက်ပါတော့သည်။ မြတ်ကိုလဲ အမေ့ရှေ့တွင်ဒူးထောက်ထိုင်ချကာ ထိခြင်းငါးပါးဖြင့်ကန်တော့လိုက်ပြီး
” အမေ့စကား..သားနားထောင်ပါ့မယ်အမေ စိတ်ဖြောင့်ဖြောင့်နဲ့သာသွားပါတော့ ..”
ဟုပြောလိုက်ပါတော့သည်။ အိမ်အတွင်းသို့ လွင့်မြောပြီး ပြန်၀င်ဖို့လုပ်ပြီး အိမ်တံခါးနားအရောက်တွင် လည်ပြန်ကြည့်လိုက်တော့ ဒေါ်ထွေးရီတစ်ယောက် သားဖြစ်သူမြတ်ကို ကို ငေးကြည့်နေတာကိုတွေ့လိုက်ရသည်။ ပြီးနောက်ငြိမ့်ကနည်းဖြစ်သွားပြီး အိပ်ယာပေါ်ကနေ ပြန်နိုးလာပါတော့သည်။ အိမ်မီးတွေဖွင့်ပြီး ခြံရှေ့ကိုကြည့်လိုက်တော့ ဖြူဖြူအရိပ်တစ်ခုလွင့်မြောသွားသည်ကိုတွေ့လိုက်ရပါတော့သည်။
-*-*-*-*-*-*-*-*-*-*
” အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု
အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု
အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု ”
ဆရာတော်ကအမျှဝြေပီးတာနဲ့မြတ်ကို ကိုကြည့်ကာ
” ဒကာလေးပြောပုံအတိုင်းဆိုရင်.. ဒကာမကြီးထွေးရီက အမျှခေါ်နိုင်ရဲ့သားနဲ့.. စွဲလမ်းစိတ်ကြောင့်သာဓုမခေါ်ခဲ့တာပေါ့ ..ဟုတ်လား ..”
ဟုမေးတော့ မြတ်ကိုက
” မှန်ပါအရှင်ဘုရား ..တပည့်တော်အမေက တပည့်တော်ကိုစိတ်မချတာနဲ့တမင် သာဓုမခေါ်ခဲ့တာပါဘုရား.. တပည့်တော်ကလည်း မိုက်မဲမိပါတယ်ဘုရား ..”
ဟုလျှောက်လိုက်ပြီး
” ယခုချိန်ဆိုရင်တော့.. ကျွတ်လွတ်သွားလောက်ပါပြီဘုရား ..”
ဟုပြောလိုက်ပါတော့သည့် ဆရာတော်က ခေါင်းတစ်ငြိမ်ငြိမ့်ဖြင့်
” အင်းး ..တဏှာ.. တဏှာ.. တက်မက်မှုစွဲလမ်းမှု တဏှာပဲ ဒကာလေးရဲ့ ..ဒကာမကြီးရဲ့တဏှာက လင်ချစ်မယားချစ်၁၅၀၀တဏှာမဟုတ်ပဲ.. သားသမီး မောင်နှမအချစ်၅၂၈ တဏှာ ပဲ ..”
ဟုမိန့်လိုက်ပါတော့သည်။ မြတ်ကိုတစ်ယောက် ဘုန်းကြီးကျောင်းကအပြန် အိမ်သို့ရောက်သောအခါ ဘုရားစင်ကျောင်းဆောင်ရှေ့ထိုင်ကာ ဦးသုံးကြိမ်ချလိုက်ပြီး
” အမေ ကောင်းရာသုကတိ လားပါစေ ..”
ဟုဆုတောင်းလိုက်ပါတော့သည်။
ပြီးပါပြီ။
နေလင်းရောင်(ဒဂုံမြေ)
ကိုယ်တိုင်ရေးစာမူဖြစ်ပြီး မည့်သည့်နေရာတွင်မျှ ဖော်ပြ အသုံးပြုခြင်းမရှိပါ။