တိရိစ္ဆာန်မဟုတ်သော မိညို

Posted on

တိရိစ္ဆာန်မဟုတ်သော မိညို(စ/ဆုံး)

————————————

“ကျုပ်နာမည် ဖိုးခွေး…
အများတကာက “မျောက်ဖိုးခွေး”လို့ခေါ်ကြတယ်။ ခေါ်ဆို ကျုပ်အလုပ်က အပင်တက်တဲ့အလုပ်လေ…ဘာအပင်တွေတက်လဲမမေးနဲ့ အပင်မှန်သမျှ အကုန်တက်တယ်။ အဓိက တက်ဖြစ်တာတော့ အုန်းပင်ပေါ့လေ။ တနည်းပြောရရင် အုန်းသီး အငှါးခူးတယ်ဆိုပါတော့။ ထန်းတက်တဲ့အလုပ်နဲ့ သစ်ပင်ချိုင်တဲ့အလုပ်ကိုလည်း ကြားပေါက်လုပ်ပါတယ်။ ဒါပေသိ အုန်းတက်တဲ့အလုပ်ကတော့ ရှားရှားပါးပါး ကျုပ်တယောက်ပဲရှိတယ်ဗျ။ ကြည့်လေ အတောင်၅၀ကျော်မြင့်တဲ့ အုန်းပင်ပေါ်ကို ခြေမန်းကွင်းထိုးပြီး အုန်းသီးတက်ဆွတ်ရတဲ့အလုပ်က တော်ယုံသတ္တိနဲ့မှ မရတာ။ အဲ့တော့ ကျုပ်ဆိုတဲ့ကောင် နေ့တဒူပ အလုပ်ရှိတယ်။ အလုပ်ရှိတော့ ဝင်ငွေမပြတ်ဘူး ဝင်ငွေမပြတ်တော့ ယောက်ျားကောင်းတို့ထုံးအတိုင်း အသောက်အစားလေးတော့ဖတ်တာပေါ့။ အိမ်ထောင်လည်းမရှိ၊ငိုစားရီစားမဲ့ခလေးသားငယ်လည်းမရှိဆိုတော့ လောလောဆယ် ဘာအပူပင်မှ မရှိပဲ အေးအေးလူလူနေနိုင်တဲ့သူတယောက်ပေါ့။
…နေတာက တွန်တေးတောကြီးတန်း(ငှက်အော်စန်း)အနားက အုန်းပင်ကုန်းရွာမှာနေပါတယ်။
ဒါကတော့ ကျုပ်ရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းပေါ့။ အနည်းငယ် မိတ်ဆက်ပေးချေမှ ဇာတ်ကြောင်းအသက်ဝင်မှာကိုးဗျ။

…သို့သော် အဓိကကျုပ်ပြောချင်တာက သူ့အကြောင်း..သူ ဘယ်သူလည်းဆိုတော့ ကျုပ်သမီး မိညိုအကြောင်း….အဲ….အဲ့မှာ နားနည်းနည်းရှုတ်သွားမယ်ထင်တယ် အိမ်ထောင်မရှိဘူးလည်းပြောသေး၊ကလေးသားငယ်လည်းမရှိဘူးပြောသေး အခုပြောမယ်ဆိုတာက ကျုပ်သမီးမိညိုအကြောင်းဆိုတော့လေ….ဟုတ်ကဲ့ ကျုပ်သမီးမိညိုဆိုတာ လူမဟုတ်ဘူးဗျ….မျောက်တကောင်…
…မျောက်ဆိုလို့ ခင်ဗျားတို့အတွေ့များတဲ့ မျောက်လွားကျော်တို့၊မျောက်မျက်ကွင်းဖြူလို့တော့ မမှတ်ချေနဲ့….မျောက်မျိုးစိတ်ဆယ်ဂဏန်းကျော်တဲ့ မြန်မာမျောက်မျိုးနွယ်ထဲမှာ မျိုးတုန်းသွားပြီလို့ယူဆထားတဲ့ “မျောက်မြီးရှည်”မျိုးဗျ….သူ့အမြီးက သူ့ကိုယ်နှစ်ဆလောက်ရှည်တယ်။ မိညိုကို မုဆိုးခွေးပုဆီက တကူးတကဝယ်ထားတာ…ကျုပ်ဆီရောက်တော့ လသားလေးပဲရှိသေးတယ်….ကျုပ်လက်ထဲရောက်မှ နို့ဗူးတိုက်ပြီး တယူတယမွေးယူခဲ့ရတာ။ သဲလိုက်၊ကဲလိုက်တာလည်းလွန်ရောဗျာ…ကျုပ်ပြန်လာတာနဲ့ ကျုပ်ပုခုံးပေါ်ဖက်တက်ပြီး အာဘွားတွေ တလှေကြီးပေးတတ်တဲ့ခလေး..
….မိညိုဆိုတဲ့နာမည်ကိုတော့ ကျုပ်ပဲပေးထားတာပါ သူ့ရဲ့နက်မှောင်တဲ့အမွှေးတွေကိုအစွဲပြုပြီးလေ။ မျောက်မှန်းသိတဲ့အရွယ်ကစပြီးကျုပ်နဲ့နေလာတာဆိုတော့ ကျုပ်ကို သူမိဘအရင်းလို့ ထင်နေပုံရတယ်။ ကျုပ်ဆိုတဲ့ကောင်ကလည်း မျောက်ဘဝကနေ ထုံကူးလာသလားမဆိုနိုင် မျောက်ဆိုရင် အသေချစ်တာဗျ….ဒီတော့ တဦးမေတ္တာ တဦးစေတနာ ဆိုသလို မိညိုနဲ့ကျွန်တော် အတော်လေး သံယောဇဉ်ကြီးခဲ့ပြီပေါ့။ ဒီလိုနဲ့ မိညို ၆လပြည့်တဲ့အခါမှာ ကျွန်တော် အစီစဉ်တခုချလိုက်တယ်…ဒါကတော့ မိညိုကို အုန်းသီးခူးသင်ပေးမယ်ဆိုပြီးလေ…
….အရင်ဆုံး အုန်းသီးလေးတွေပေးပြီးကစားခိုင်းတယ်။ အဲ့နောက် အုန်းသီးကို ထုတ်တန်းမှာချည်ပြီး ခြေချခိုင်းတယ်။ နှစ်ခါမသင်ရဘူး တဗြုံးဗြုံးနေအောင် ခြေချပြစ်တယ်။ သင်တာကလည်း အုန်းသီးအရင့်ကိုပေးပြီးသင်ရတယ်…ဒါမှ အုန်းသီးအနုနဲ့ အရင့်ကို ခွဲခြားတတ်မှာကိုး…တလလောက် စိတ်ရှည်လက်ရှည်သင်ပေးပြီး အိမ်ဝိုင်းထဲကအုန်းပင်တွေကို အစမ်းတက်ခူးခိုင်းတယ်…ကျုပ်လည်းတက်လိုက်ရတာပေါ့…အပင်ပေါ်ရောကတော့ ခူးရမဲ့အုန်းသီးကို လက်နဲ့ပုတ်ပြပေးတယ်..အဲ့တော့ မိညိုက အုန်းခိုင်ကိုခိုတယ် သူ့ရဲ့ခြေနှစ်ဘက်နဲ့လည့်ပြီးခြွေချတယ်….နှစ်ပင်လောက်တက်ပြီးသွားတော့ နောက်အပင်တွေ ကျုပ်လိုက်စရာမလိုတော့ဘူး။ ကျုပ်ရဲ့တွက်ကိန်း အတော်အောင်မြင်ပါတယ် လူကမှ တပင်နဲ့တပင်ကို အတက်အဆင်းလုပ်နေရဦးမယ် မိညိုက အုန်းလက်ပေါ်ကနေ ခုန်ပြီး ကူးသွားတာဗျ…
….နောက်ရက်တွေကြတော့ ကျုပ် အုန်းတက်သွားတာနဲ့ မိညိုကိုခေါ်သွားတယ်..
…တွံတေးနယ်ဘက်က အုန်းကိုစီးပွားဖြစ်စိုက်တာဗျ…အုန်းတခြံကို ရာချီပြီးရှိတယ်။ အုန်းဆီချက်ကြတယ်လေ…တနိုင်တပိုင်ရော စီးပွားဖြစ်ရော ချက်ကြတယ်။ တပင်ကို ၁ကျုပ်ရတယ် အရင်က တမနက်ကို၁၀ပင်လောက်ပဲကျတဲ့ကျုပ် မိညိုပါလာမှ တမနက်ကို အပင်၅၀လောက် ခရီးပေါက်နေပြီလေ။ အပင်၅၀ ငွေ၅၀…ဆန်တပြည်မှ တကျပ်….ကျုပ်ဘဝကြီး တိန်တိန်ကိုမြည်လို့။
ဒီလိုနဲ့ တနေ့သောမနက်မှာ မိညိုတယောက် ခက်စောစော ပျောက်သွားပြီး ခဏကြာတော့ မေမြို့ပန်းတဆုပ်ကိုင်ပြီးပြန်ရောက်လာတယ်……

…ဟာ
…အလို….သမီး…
..ဘယ်ကပန်းတွေယူလာတာတုန်းဟ…
…ဘာလုပ်ဖို့လည်းဟေ…..

…ကြီးးကြီးးကြစ်…..ကြစ်….

..အလို….ဘုရား…ဘုရား…..
..ကျုပ် မျက်လုံးပြူးသွားပြီး ကြက်သီးတွေပါထသွားတယ်….

…မိညိုက ပန်းစည်းကိုင်ပြီး အိမ်ဦးဘုရားခန်းပေါ်တက်တယ်….ပန်းအိုးထဲက ပန်းအချောက်တွေကိုဖယ်ပြီး သူခူးလာတဲ့ ပန်းတွေထိုးလိုက်တယ်….
…ကျုပ်သဘောပေါက်သွားပါပြီ….
…သမီး….
…တော်လိုက်တဲ့ငါ့သမီး….
…သာဓု…သာဓု..သာဓုပါကြာ….
…ကျုပ်လည်း မိညိုရဲ့အပြုအမူကို ကျေနပ်မိပြီး ဘုရားကို ဦး၃ကြိမ်ချလိုက်တယ်။

…သို့သော်…ခဏအကြာမှ ပြသနာစတော့တာပဲ….

…ဟေ့…ဖိုးခွေး….
….ဖိုးခွေး…….

..ဗျာ….
…ဦးလေးကောင်း
…ကျွန်တော်ရှိတယ် အိမ်ပေါ်တက်ခဲ့လေ…

…အေး…လာပြီ….

…စောစောဆီးဆီး ဘာဖြစ်လာတာလည်းဗျ..

..ဟ…ဘာဖြစ်ရမှာတုန်း..ခုမနက်…မင်းသမီး ငါ့ပန်းခင်းထဲက ပန်းတွေနှုတ်သွားလို့ဟ..

..ဗျာ……. ကျုပ်သမီးက…..

…အေး…ဟုတ်တယ်….မြင်တဲ့သူကပြောလို့…..
…ဟင်…ဒါဆို ဟို…ဘုရားစင်ပေါ်က မေမြို့ပန်းတွေလား ဦးလေးကောင်း…

…ဟ….ဟုတ်သပ…အဲ့ပန်းတွေပဲ…

….ကျုပ်လည်း ခုမနက် မိညို ပန်းတွေယူလာလို့ အံ့သြနေတာဗျ…ဘယ်လိုစိတ်ကူးပေါက်ပြီးလုပ်လာတာပါလိမ့်…..

…အေး….စိတ်ကူးပေါက်တာ မပေါက်တာတော့မသိဘူး ဖိုးခွေးရေ….
…နင့်သမီး မနေ့က ငါ့အိမ်ရောက်လာတယ်
(အသံကြားလို့ ခြံထဲဝင်လာသော အပျိုကြီးမိစန်း)
…ဗျာ….
…အရီးလေးစန်း….
…လာဗျာ……ကျုပ်သမီး ဘာလာလုပ်သွားလည်း…ပြောပါဦး…

…ဘာမှတော့မလုပ်ပါဘူး…ငါ ဘုရားပန်းအိုးလဲနေတာကိုထိုင်ကြည့်ပြီးပြန်သွားတာပဲ….ငါ့အထင် ငါ့အတုခိုးပြီး ခုမနက် ဒီလိုလုပ်တာဖြစ်ကောင်းတယ်….

….အင်း….
…ဘာပဲဖြစ်ဖြစ် ဘုရားကိုလှူတယ်ဆိုရင်ဖြင့် ငါလဲကုသိုလ်ရပါတယ်….မပြောလိုတော့ဘူး…ဒါပေသိ အခြား မကောင်းတဲ့ အပြုအမူတွေကိုမြင်ပြီး အတတ်ဆန်းမှာကိုတော့ သတိထားဖိုးခွေး…

..ဟုတ်ကဲ့ဦးလေးကောင်း…

..ဒါဖြင့် ယာထဲပြန်ဦးမယ်….
…ကဲ မိညိုရေ…သွားလိုက်ဦးမယ်…နောင်တခါ ပန်လိုချင်ရင် ငါ့ဆီမှာတောင်း မသိပဲမယူနဲ့ ငရဲကြီးတတ်တယ်…..

..ကွစ်…ကွစ်……

….နားလည်တာမလည်တာတော့ ကျုပ်လည်းမပြောတတ်…မိညိုကတော့ ဘုရားစင်ဘက်လှည့်ပြီး ဦးကုန်းချနေတော့တာပဲ….

….အဲ့အချိန်ကစပြီး မိညိုကို သတိထားပြီးကြည့်နေရတယ်ပေါ့…
…ကျုပ်ဆိုတဲ့ကောင်က အသောက်အစားလေးရှိပေမဲ့ ၄ပါးသီလတော့အတက်နိုင်ဆုံးလုံအောင်ထိန်းတယ် ခုချိန်ထိနာမည်ပျက်မရှိခဲ့သူပါ။
ယခု မိညိုလုပ်တာက အပြစ်လို့တော့ပြောလို့မရပါဘူး…တရိစ္ဆာန်ပဲလေ….ပြီးတော့ ဘုရားကိုလှူတာ…အတုမြင်ပြီးအတက်ဆန်းသည့်တိုင် ကုသိုလ်ရတဲ့အလုပ်မို့ စိတ်ထဲကနေကြိတ်ပြီးဝမ်းသာမိခဲ့တယ်။

…..နောက်ရက်တွေမှာလည်း ကျုပ်တို့သားအဖ၂ယောက် အလုပ်ပုံမှန်လုပ်ဖြစ်ကြတယ်။ ဒါပေသည့် အလုပ်နားတဲ့တမနက်မှာ ကျုပ် ထမင်းစောစောချက်၊ ဝက်တပိသာကို ကျကျနနချက်ပြီး အရက်တလုံးသွားဝယ်လိုက်တယ်။ နားရက်မှာ ဝက်သားအမြည်းလေးနဲ့တောအရက်လေးသောက်မယ်ပေါ့….အဲ့ဒါ ပြန်ရောက်လို့ ဟင်းအိုးဖွင့်လိုက်ရင်ပဲ ဝက်သားဟင်းတဝက်လောက်ပျောက်နေတယ်။ ထမင်းအိုးထဲကထမင်းတွေလည်း တယောက်ယောက်နှိုက်စားထားသလို ပွစာကျဲနေတာကိုမြင်လိုက်ရတယ်…
…ဟင်….
..ဘယ်..ဘယ်လိုဖြစ်တာလည်း..
..ကုန်ပါပြီ….
..မိညို….
..ဟေ့..မိညို…ဒီကိုလာစမ်း..

..ကြိ…ကြိ…

..ဒါ…ဒါ…နင့်လက်ချက်မို့လား…
..နင်..အတတ်ကောင်းတွေတတ်နေပါ့လား..
..ငါမရှိတုန်း ခိုးစားတယ်ပေါ့ ဟုတ်လားမိညို…..( မိညိုကို ယခုလို တပ်အက် စွတ်စွဲလိုက်ခြင်းမှာ သူ့လက်တွင်ပေနေသော ထမင်းလုံးများကြောင့်ဖြစ်သည်)

..သို့သော်..မိညိုက ခေါင်းခါပြီးငြင်းတယ်လေ….

..ကြိကြိ….ကြစြ္ကစ်….

..ဘာ….နင်က မဟုတ်ဘူးငြင်းချင်တာလား..
..နင့်လက်မှာထမင်းလုံးတွေပေနေတာ သက်သေပဲ….ခိုးတာ၊လိမ်တာ ငါမကြိုက်ဘူးမိညို…ငါက သမီးအရင်းလို အလိုလိုက်ထားလို့ ခုလို ယောက်တက်တာလား…
..မရဘူး…အပြစ်လုပ်ရင်တော့ ဖိုးခွေးဆိုတဲ့နင့်အဖေက အပြစ်ပေးရမှာပဲ…
..လာခဲ့စမ်း သခိုးမ

..ဖြောင်း…ဖြောင်း…
…ကိ…ကိ
…ကွစ်…ကွစ်….

..ကျုပ်လဲ ဆိုင်မှာ အရက်တပိုင်းချလာတော့ ခက်ထွေထွေဖြစ်နေတာနဲ့ မိညိုကို ဝါးခြမ်းပြားနဲ့ ခက်ဆတ်ဆတ်လေး ၃ချက်ရိုက်လိုက်တယ်….

…အမယ်..သူ့အသားနာတော့ ကြောက်ရကောင်းမှန်းတော့အသိသား..သူ့တင်ပါးလေးပွတ်ပြီး အိမ်အောက်ကိုဆင်းပြေးတယ်..ကျုပ်က နောက်ကလိုက်ပေါ့….
…ကြီ….ကြီ….
…ကစ်…ကစ်…

..ဟဲ့ သခိုးမ…မပြေးနဲ့…အခုပြန်လာစမ်း…
..ပြေးရင် ဒါ့ထက်နာမယ်နော်….

..ဒီလိုနဲ့ ခြံဝကိုရောက်တော့…

” ဟဲ့.ဒကာဖိုးခွေး.ဘာဖြစ်နေကြတာတုံးကွဲ့”

..ဟင်…ရွာဦးကျောင်းဆရာတော်ကြီးပါ့လား..ဆွမ်းခံပြီး ပြန်ကြွလာခြင်းဖြစ်သည်။

…တင်..တင်ပါ့ဘုရား
..တပည့်တော့ရဲ့သမီး မိညိုလေ…ထမင်းနဲ့ဟင်းတွေခိုးစားလို့ ဆုံးမနေတာပါဘုရား…

..ဟေ….
..ဖြစ်ရလေကွယ်…

..အဲ့ထမင်းနဲ့ဟင်းက သူစားတယ်ထင်လို့လား ဒကာ…

..တင်ပါ့…သူ့လက်မှာ ထမင်းလုံးတွေပေနေလို့ပါဘုရား…

..ဟင်း…ခက်တာပဲဒကာ….

..ဒါကာပျောက်သွားတဲ့ထမင်းနဲ့ဟင်းက ဘုန်းကြီးရဲ့သပိတ်ထဲမှာကွဲ့….

…ဗျာ….
…ဘယ်လို…
..အဲ…ကန်တော့…ကန်တော့ပါဘုရား
…တပည့်တော် ဘာမှမသိရပါဘုရား…

…အင်း….ဘုန်းကြီး ဆွမ်းခံကြွာလာရင်း ဒကာ့အိမ်ရှေ့ရောက်တော့…မိညိုက ထမင်းဇလုံကြီးနဲ့စောင့်နေတယ်ဒကာ ဇလုံထဲမှာလည်း ဝက်သားဟင်းဖတ်တွေပြည့်လို့…

..တင်ပါ့…မိန့်ပါဦးဘုရား…

…အိမ်း….
…ဗြုံးခနဲဆိုတော့ ဘုန်းကြီးလည်း အံအားသင့်ပြီး ရပ်ကြည့်လိုက်တယ်…

…အဲ့တော့ မိညိုက ထမင်းပန်းကန်ကိုမြှောက်ပြီး ဘုန်းကြီးရှေ့လာတယ်…ဘုန်းကြီးလည်း ဆွမ်းလောင်းချင်လို့လား ဒါယိကာမမိညိုလို့မေးတော့ ခေါင်းညှိမ့်ပြတယ်….သပိတ်ဖွင့်ပေးလိုက်တော့ ဇလုံထဲကထမင်းတွေဟင်းတွေ အကုန်လောင်းထည့်တယ်ဒကာဖိုးခွေး…

..အို….
…ဘုရား…ဘုရား…
..ကျုပ်သမီးမိညိုက ဆွမ်းလောင်းတယ်တဲ့
..ကျုပ်နားတွေများအကြားမှားလေရော့သလား……ကျုပ် ကြက်သီးတွေတဖြန်းဖြန်းထပြီး ဒူးတွေပါတုန်သွားတယ်….စဉ်စားကြည့်လေ…မနက်မိုးလင်းတာနဲ့ အုန်းပင်ပေါ်ရောက်နေတဲ့ကျုပ်..
…ဆွမ်းလောင်းဖူးတဲ့အကြိမ်ရေဟာ ခုအသက်ရွယ်ထိ လက်၁၀ချောင်းပင် ပြည့်မည်မထင်…..

…တင်…တင်ပါ့ဘုရား
…တပည့်တော် ဒီလိုအဖြစ်မျိုးကို လုံးဝ ထင်မထားမိခဲ့ပါဘုရား…

..အိမ်း…
..ဒါကာရဲ့သမီးဟာ တရိစ္ဆာန်ဆိုပေမဲ့ ဘာသာရေးအသိစိတ်လေး ရှိတယ်ကွဲ့…ဒါကာရဲ့သမီးကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်မွေးမြူပါ ဒကာ….ဘုန်းကြီးကြွတော့မယ်..

..တင်..တင်ပါ့ဘုရား ဟု….ကျွန်ုပ် ဦးသုံးကြိမ်ချမိလိုက်လေတော့သည်။

===========================

…အဲ့အချိန်ကစပြီး မိညိုကို လွတ်လပ်စွာနေခွင့်ပြုလိုက်လေသည်။ ထို..ထို..သီတင်းတွေကြောင့် တရွာလုံးက မိညိုကို အံသြချီးမွန်းခြင်းနဲ့အတူ မိညိုလာရင် အစားအသောက်လေးတွေကျွေးပြီး သန်းရှာခိုင်းကြ၊အသီးခူးခိုင်းကြနှင့် အတော်လေး အကြောင်းအပေါင်းသင့်လျှက်ရှိသည်။
…ကျုပ်ကလည်း မိညိုကိုယုံသည်…
…မဟုတ်တာ လုံးဝမလုပ်ဘူးလို့လေ…အရင် သူလုပ်ခဲ့ဖူးတာတွေကလည်း ကောင်းတဲ့အလုပ်တွေပဲမို့လား….ကျုပ်သမီးမို့ ကျုပ်ပြောတာမဟုတ်ဘူး….အရင်က ပန်းချောက်သွားသည့်တိုင် မလဲဖြစ်တဲ့ ကျုပ်ဘုရားခန်းမှာ မနက်တိုင်း ဘုရားပန်းအသစ်တွေနဲ့ဝေနေလျှက်ရှိပြီ…မနက်တိုင်း ဆွမ်းမလောင်းဖြစ်တဲ့ကျုပ် ဆွမ်းခံကြွတဲ့ကြေးစည်သံကြားရင် မိညိုကို ဆွမ်းလောင်းဖို့ လွှတ်တတ်နေပြီ…မိညိုကလေ သိပ်သိတတ်လွန်းတယ်ဗျ…ဆွမ်းလောင်းပြီးတာနဲ့…တကွိကွိနဲ့ အသံပေးတယ်…အဲ့လိုဆို ကြားတဲ့အရပ်ကနေ သာဓုခေါ်လိုက်တယ်…ပြီးတော့ ဘုန်းကြီးကျောင်းနဲ့ ကျုပ်အိမ်က သိပ်မဝေးတော့ အလုပ်သိမ်းလို့ပြန်လာပြီးတာနဲ့ မိညိုတကောင် ရွာဦးကျောင်းကိုတန်းပြေးတာပဲ…ဘာသွားလုပ်လည်းသိချင်လို့ လိုက်ချောင်းတဲ့ကျုပ် သာဓုခေါ်ပြီးပြန်လာရတယ်မောင်…ဘယ့်နယ် ကျောင်းဝန်းထဲကအမှိုက်တွေကို မိညိုက အုန်းဆံတန်မျက်စည်းနဲ့ လှဲနေတာကိုးဗျ…
…ဟင်းးဟင်းး
…လူမွေးထားရင်တောင် ဒီလောက်သိတတ်ချင်မှသိတတ်မယ်…အခု မိညိုက လူထက်တောင် အသိတရားရှိနေသေး….

…အဲ့လို အသိတရားရှိလွန်းလို့လည်း ကျုပ်တယောက် အရက်ဖြတ်ဖြစ်သွားတယ်ပေါ့….
…မိညိုက အရက်သောက်တာ မကြိုက်ဖူးလေ….ဒါကလည်း ဘုန်းကြီးကျောင်းအသွားများလို့ တခုခု သိလာပုံရ၏…အရက်ပုလင်းကိုတွေ့တာနဲ့ အတင်းဆွဲပြီးလွတ်ပစ်တယ်….လွှတ်ပစ်လို့လည်း ဘာမလုပ်ရဲဘူး…မတော်ကာ ဆရာတော်သိလို့ ဘာဖြစ်တာလဲမေးရင် ကြိမ်လုံးစာက မိဦးမယ်…အဲ့တော့ မသောက်ဖြစ်တော့ရင်း လုံးလုံးအရက်ပြတ်သွားတယ်ဆိုပါတော့….

…ခုနောက်ပိုင်း ဆရာတော်ဆွမ်းခံကြွလာရင် ကျောင်းခွေးကြီးမိုးမှောင်နဲ့တူ မိညိုက ဆွမ်းချိုင့်ထမ်းပြီး လိုက်နေတာမြင်ရပြန်ပြီ…..မိုးမှောင်က ရှေ့ကဟောင် မိညိုကနောက်က အထမ်းနဲ့လိုက်…ဟုတ်ကိုနေရောဗျာ….
…ကောင်းလေစွ သမီးရေ…ကောင်းလေစွ
…မွေးရကျိုးနပ်ပါပေတယ် သမီးရယ်……

============================

” ဒီနေ့တော့ ရွာထဲမှာအလှူရှိတာနဲ့ ဝေရာဝစ္စလုပ်ဖို့ အလှူအိမ်ကို မိညိုနဲ့အတူထွက်လာခဲ့တယ်…
….အလူကတော့ ဝမ်းသာစရာပါ ရွာဦးကျောင်းအတွင်း..
တည်လက်စ စေတီဌာပနာပိတ်၊ရဟန်းခံရှင်ပြုအလှူကြီးပါ အလှူ့ရှင်က ဒီရွာသား ဦးသိန်းမောင်တဲ့ မြို့တက်ပြီးကြီးပွားနေတဲ့ ဦးအုန်းကြိုင်တို့မိသားစုပေါ့…ထာပနာထည့်ဖို့..ရွေဘုရား၊ငွေဘုရား၊ကျေးဘုရား၊မြဘုရား၊ကျောက်စိန်းဘုရားစတဲ့ဘုရား၅ဆူအပြင် တန်ဘိုးကြီး ပတ္တမြားတလုံးနဲ့လက်ဝတ်လက်စားအချို့ကို မဏ္ဏပ်ဘုရားခန်းအောက်မှာ မှန်သေတ္တာနဲ့ပူဇော်ထားပါတယ်။
….မိညိုကလည်း အားကိုးရသဗျား..ဆယ်နှစ်မျိုးဟင်းချိုချက်ဖို့ မဲဇလီဖူးကစလို့ အပင်ပေါ်တက်ခူးရမဲ့အရာအားလုံး ခူးပေးတယ်…ညဘက်ရောက်တော့ အလှူက ဘုရားထာပနာပစ္စည်းတွေကို ရွာသားတွေ တလှည့်စီကင်းစောင့်ပြီးအိပ်ပေးရတယ်။ အလှူက နှစ်ရက်လိုသေးတယ်ပေါ့။ ဒီည ကျုပ်အပါအဝင် ရွာသား၅ယောက်ကင်းစောင့်ပေးတယ်…မိုးလင်းတဲ့အထိ ချောချောခြူခြူပါပဲ။
…အဲ နောက်နေ့ညလဲရောက်ရော ပြသနာကစတော့တာပဲ….ကာလသားခေါင်း ငကျော်တင့်တို့အလှည့်ကြခါမှ ထာပနာထဲက မြဘုရားတဆူနဲ့၊ပတ္တမြားကြီးပျောက်သွားပါလေရော လက်သည်လုံးဝမပေါ်လို့ အဲ့ည တရွာလုံး ကျွတ်ကျွတ်ညံကုန်တော့တာပဲ။
ဆူသံကြားလို့ ကျုပ်လည်းထသွားဖြစ်ခဲ့တယ်…
..အဲ့ည မိညို အိမ်မှာမရှိဘူးဗျ…အလှူအိမ်ဘက်ကိုသွားပုံရတယ်….
…အလှူ့အိမ်ရောက်တော့ သူကြီးသာဒွန်းက ကာလသားခေါင်းငကျော်တင့်အပါအဝင် ရွာသား၅ဦးကို ပလိပ်စစ်သလိုစစ်နေတယ်။

..”.ဒီ ထာပနာပစ္စည်းတွေ အခိုးခံရအောင် မင်းတို့၅ယောက်က ဘာလုပ်နေလို့ပျောက်ရတာလဲကွ..
..မှန်မှန်ပြောစမ်း ဒီပစ္စည်းတွေကို မင်းတို့ထဲက တယောက်ယောက်လုပ်တာမို့လား…

…မ….မလုပ်ပါဘူးသူကြီး….
…ဘုရားပစ္စည်းကို မလုပ်ဝံ့ပါဘူး သူကြီး..
…သန်းခေါင်ကျော်တဲ့ထိ ကျုပ်တို့စောင့်နေတာပါ…သန်းခေါင်ကျော်တော့ ရုတ်တရက် အရမ်းအိပ်ချင်လာပြီး ခဏမှေးမိတာပါ…အဲ့အချိန်ပျောက်သွားတာသူကြီး….

..တော်..တန်…တိတ်…
..ရုပ်တိမတန်တာမပြောနဲ့…
..မိုးလင်းတာနဲ့ မင်းတို့၅ယောက်လုံး မြို့ကဂတ်ကိုပို့မယ်…

…နေဦးသူကြီး ဒီပစ္စည်းတွေကို သူတို့လုပ်တာမလုပ်တာအပထားလို့ ခိုးသွားတာက နောက်တယောက်ဗျ…သူတို့ခိုးရင် ဒီမှရှိနေပါ့မလား…ကျုပ်နိုးလို့ဆင်းကြည့်မှ ထာပနာပျောက်မှန်းသိတာ အဲ့အချိန် သူတို့၅ယောက် အိပ်ပျော်နေကြတာဗျ..မသကာ တယောယောက်က အိပ်ငွေ့ချပြီး ခိုးသွားတာဖြစ်လောက်တယ်။

..အို…ဘာပဲဖြစ်ဖြစ် ကိုသိန်းမောင်ရယ် ကျုပ်ရွာမှာ ဒီလိုဖြစ်သွားတာ ကျုပ်အရမ်းရှက်တယ်….

..ကဲ…ရွာသားအားလုံး မီတုတ်ဆွဲကြ..အခုချက်ချင်း တောနင်းရှာမယ်။

…ဒီလိုနဲ့ ရွာသားအားလုံး ရွာအနောက်ဘက် ငှက်အော်စန်းဘက်ကို လူစုခွဲပြီး ထပနာသခိုးနောက်ကိုလိုက်ကြလေသည်။

…တောထဲရောက်ပြီး ခဏအကြာမှာ

..ဖြော…ဖရော…..
….ဗြော….

..ဟာ…ဟေ့….
..ရှေ့မှာ မဲမဲ မဲမဲနဲ့….လူတယောက်ပြေးလာတယ်…မလွတ်စေနဲ့ ဝိုင်းဖမ်းစမ်း…..

..ဝေါ…ဖရော….
…ကွစ်…ကွစ်….
…ဖြော…ဖရော

..ဟေ့..မပြေးနဲ့…
..ဝိုင်းထား…ဝိုင်းထား…

..ဟာ
..ဟယ်
..အလို
..မိ…မိညို….
..လူမဟုတ်ဘူးကွ…မိညို….

…ဟာ…သူ့လက်ထဲမှာလည်းအထုပ်တထုပ်….တကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့..ဘယ်လိုဖြစ်လာတာလည်းမိညို…..

…မိညိုက လူအုပ်ထဲမှ ဖိုးခွေးဆီပြေးသွားပြီး အထုပ်ကိုပေးလိုက်တယ်…ဖွင့်ကြည့်လိုက်တော့ ထာပနာထဲက ပျောက်သွားတဲ့မြဘုရား…

….အဲ့မှာ စပြီးရှုတ်ကုန်တော့တာပဲ…

…ဖိုးခွေး….
…မင်းအကြံ ဒါအကုန်လား
…မင်းကွာ…လုပ်ရက်လိုက်တာ…

…ဗျာ….သကြီး
…သူကြီး ဘာကိုဆိုလိုတာလည်း..

…ဟ….ဘာကိုဆိုလိုရမှာတုန်း
…ဒီပစ္စည်းတွေ မင်းရဲ့မျောက်မ မိညိုကို လွှတ်ပြီးခိုးခိုင်းတာကိုပြောနေတာကွ…

…ဘာ….
…ခင်ဗျား ဘာစကားပြောတာလည်း ကျုပ် ဘာမှမသိဘူး….

..ခုမှ ရူးချင်ယောင်ဆောင်မနေနဲ့….သခိုးကခိုးတယ်ပြောမလား…အခု လက်ပူးလက်ကြပ်မိပြီလေကွာ…ငါတို့ကတော့ မျောက်လိမ္မာတကောင်မွေးထားတယ်ဆိုပြီး ချီးမွန်းလိုက်ရတာ ခုတော့ မင်းက မျောက်ကိုအသုံးချပြီး တသက်စာကြံတာကိုးကွ….ဟေ့ကောင်တွေ ဒီသူခိုးကို ကြိုးတုတ်စမ်း…..

…အဲ…ပတ္တမြားကြီးကျန်သေးတယ်…
…ဘယ်မှာလည်း ပတ္တမြား
…သေသေချာချာရှာစမ်း…

…တောက်..ဖြစ်ရလေခြင်းကွာ…
…တသက်လုံး ကို့သိက္ခာနဲ့ကိုယ်နေလာတဲ့ဖိုးခွေး ခုတော့ သူခိုးတဲ့…..အဲ့ဒါ မိညိုကြောင့် ဒီအမိုက်မ ဘာစိတ်ကူးပေါက်ပြီး ဒီလိုလုပ်ရတာပါလိမ့်..ရှက်လိုက်တာဗျ…

…ဟဲ…မိညို…..
…နင်ဟယ်….
…နင့်ကြောင့် အခု သခိုးလို့အပြောခံနေရပြီ
…ငါ့ကို တော်တော်ဒုက္ခပေးတဲ့ တရိစ္ဆာန်မပဲ။

….ကြိ…ကြိကြိ…. ခြီးးခြီး
(မိညို ခေါင်းအတင်းခါပြီး ငြင်းသည်)

…ဘယ်မှာလည်း ပတ္တမြား အခုပြန်ပေးလိုက်…..ငါ့ကို အသေသာသက်လိုက်ပါတော့မိညိုရယ်…
..အေးပေါ့လေ…နင်က တရိစ္ဆာန်ဆိုတော့ တရိစ္ဆာန်လိုပဲလုပ်မှာပေါ့….အီးးဟီးးဟီးး

..ကျုပ် ချုံးမွဲချပြီးငိုချလိုက်လေသည်။

…ကွစ်…ကွစ်
…ခြီးးခြီး

…ဖြော…ဖရော
….ဖုံး…….
…ဝုန်း……….

…ဟာ…မိညို….သမီး….
…အမလေး
..သေ…သေပါပြီ….
…ကျုပ်သမီးလေး….
….

..လုံးဝထင်မထားသော မိညို၏လုပ်ရပ်ပါ…

..ကျုပ်ထိုင်ငိုနေတဲ့နောက်က အုန်းပင်ပေါ်ပြေးတက်ပြီး အပင်အောက်ကို ဇောက်ထိုးခုန်ချပြစ်လိုက်လေသည်။
….အောက်ရောက်တော့ သွေးတွေတပွက်ပွက်ထိုးအန်ချလိုက်ရင်း သူ့ပါးစပ်ထဲမှ ပတ္တမြားကြီးထွက်ကျလာလေသည်။

…ထိုအဖြစ်ကိုကြည့်နေတဲ့ ရွာသားတွေလည်း အသက်ရှူဖို့ပင်မေ့နေကြသည်။
.
…တွေ့ပြီ…ပတ္တမြားကြီးတွေ့ပြီ….
…မိညိုပါးစပ်ထဲက ထွက်ကျတာဗျ….

..ထိုအချိန်…ကာလသားခေါင်းငကျော်တင့်တို့အုပ်စု လူတယောက်ကိုကြိုးတုတ်ပြီးရောက်ချလာသည်။
…ဟေ့ ကျော်တင့် ဘယ်သူလည်းကွ…

…ဘယ်သူရမလဲ…ပိတောက်ချောင်ရွာက သူခိုးတက်ပြားလေ….တောထဲမှာ မျက်စိတဘက်ကန်းပြီး တောတိုးနေတာနဲ့ဖမ်းစစ်လိုက်တာ သူ့ဆီမှာ ထာပနာထဲကပျောက်သွားတဲ့ ဆွဲကြိုးနဲ့လက်ကောက်တွေ တွေ့လို့ ဖမ်းလာတာ……

…ဟေ….
…အလို….
….ဘုရား….ဘုရား……….

========================

…(သူခိုးတက်ပြား၏ ပြန်လည်ပြောပြချက်)

” ထာပနာပစ္စည်းတွေကို ကျုပ်ခိုးတာပါ…
…မခိုးခင် အိပ်ဆေးတမျိုးနဲ့ အိပ်ငွေ့ချပြီး မြဘုရား၊ပတ္တမြားနဲ့ ဆွဲကြိုးတကုံးကိုခိုးခဲ့ပါတယ်…ပစ္စည်းတွေရတော့ ငှက်အော်စန်းတောကိုဖြတ်ပြီး တွံတေးမြို့ကိုသွားမယ်ပေါ့။ အဲ့ဒါ ငှက်အော်စန်းတောထိတ်ရောက်တော့ ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့မျောက်တကောင်က ကျုပ်ကို အသေအလဲ တိုက်ခိုက်ပြီး ပစ္စည်းတွေပြန်လုတယ်ဗျ…ညဘက်ဆိုတော့ ကျုပ်လည်း ဘာမမြင်ပဲ မဲမဲမင်ရာကိုဓားနဲ့ခုတ်ရင်း တချက်တော့ခုတ်မိသွားသလို ကျုပ်မျက်စိတဘက်လည်း မျောက်ကုတ်လို့ကန်းသွားတယ်…အဲ့အချိန် ဘုရားရုပ်ထုထည့်ထားတဲ့အိပ်နဲ့ ပတ္တမြားကြီးကို မျောက်က လုပြီးပြေးသွားတယ်…..ကျုပ်လည်း အတင်းလိုက်ပြီး ပြန်လုပါသေးတယ် အဲ့လို လုံးလာထွေးလားဖြစ်နေတဲ့အချိန် မျောက်ကအတော်လည်တာဗျ ပတ္တမြားကြီးကိုပါးစပ်ထဲငုံပြီး အတင်းရုန်းပြေးလို့ လွတ်သွားတယ်…အဲ့နောက် ရွာသားတွေနဲ့တွေ့ပြီးအဖမ်းခံလိုက်ရပါတယ်။

” ကိုင်း….အဖြေကတော့ရှင်းပြီသူကြီး
…ထာပနာပစ္စည်းတွေကို သူခိုးက စနစ်တကျခိုးတယ် မျောက်မလေးမိညိုက အသက်ပေးပြီး ပြန်လုတယ်…ဒါကို ကျုပ်တို့က သေသေချာချာမစဉ်းစားပဲ ဖိုးခွေးကိုသူခိုးစွဲတယ်…..အဲ့တော့ သူ့သခင်သူခိုးမဟုတ်ကြောင်း၊သူလည်းမခိုးကြောင်း အသက်နဲ့ရင်းပြီး သက်သေပြသွားတယ်….

…ဟုတ်တယ် ကိုသိန်းမောင်….
..ဒါပေမဲ့ ဒီသခိုးနောက်ကို မိညိုက ဘယ်လိုသိပြီး ဘယ်လိုလိုက်သွားတာလည်း အဲ့အချက်ကိုစဉ်းစားမရဘူးဖြစ်နေတယ်…

..အင်း…ဒါကတော့ တရိစ္ဆာတွေမှာ လူတို့မသိနိုင်တဲ့ အာရုံတခုခုကြောင့်လို့ပြောလို့ရတယ်။ ကျုပ်အလှူမဏ္ဏပ်ထိုးပြီးထဲက မိညိုတကောင် ထာပနာပစ္စည်းတွေကို ကြည်ညိုပြီး ညတိုင်းလာ လာ ရှိခိုးနေတာ သတိထားမိတယ်ဗျ…ကျုပ်နဲ့ကျုပ်မိန်းမတောင် ကြည့်ပြီး ချီးမွန်းနေရသေး…

…ကဲ…လူလေးဖိုးခွေး…မင်းသမီးအတွက် စိတ်မကောင်းဖြစ်နေတာကို ဦးလည်းနားလည်ပါတယ်…လူလေးရဲ့သမီးဟာ တန်ဘိုးရှိရှိအသက်စွန့်သွားတာပါ ခုလောက်ဆို ကောင်းရာမွန်ရာကို
ရောက်နေလောက်ရောပေါ့….မိညိုအတွက် ဆရာတော်နဲ့တိုင်ပင်ပြီး ကောင်းမှုလေးလုပ်ဖို့ ဦးစီစဉ်ထားပါတယ်…ရေစက်ချတဲ့နေ့ကြ မိညိုအတွက်ပါ အမျှဝေပေးကြတာပေါ့လူလေးရယ်………………..

….တလကြာသောအခါ….အပြီးသပ်ပြီးစီးသွားသော စေတီကြီးအား ဘုရားအနေကဇာတင်ရေစက်ချခြင်းအလှူကို ရွာဦးကျောင်းမှာ ပြုလုပ်ခဲ့ပါသည်။

….ဆွဲလည်းသံ တညံညံနှင့် သပ္ပါယ်လှသောစေတီကြီး..
..ပြီးတော့…စေတီကြီးရဲ့ မုဂ်ဝမှ အမြီးရှည်မျောက်တကောင်၏ရုပ်ထုကို ကြာပန်းကိုင်ထားသောပုံစံအသွင် ထုလုပ်ထားလေသည်…….

…အဲ့ဒီမျောက်လေးကတော့……???

(ပြီးပါပြီ)