*တောင်ခြေရွာက ကျတ်တစ္ဆေများ*📖📖📖
***********************************
စဆုံး
ဘွားမယ်စိန်တို့တောင်ခြေရွာသို့ရောက်ရှိနေကြသည်။
တောင်ခြေရွာသည်ကတခြားသောရွာမဟုတ်
ဒေါ်နော်ခမ်း၏ရွာပင်ဖြစ်သည်။
“အရီး….ဒီနယ်မှာစုန်းတွေတအားပေါတာပဲနော်…
အဲ့တာက အရီးအတွက်အဆင်ပြေရဲ့လား”
ရှင်ညိုက မေးတော့ ဒေါ်နော်ခမ်းပြုံးလေသည်။
ဘွားမယ်စိန်က…
“ငါ့သမီးရဲ့…ညည်းရဲ့အရီးကလေ သူတို့ကိုတောင်ပြန်ခိုင်းနေတာ…ဘွားတို့ဒီရွာကို ပထမဆုံးလာစဥ်ကဆိုရင်
သူ့လက်အောက်ကစုန်းတွေနဲ့
အရင်ဆုံးစမ်းသက်တာကိုခံခဲ့ရသေးတာအေ့…”
“သြော်…အဲ့သည်လိုလား”
“ဟုတ်တယ်အေ့…သူတို့ခမျာလည်း အရီးကိုကျော်ပြီး
ဘာမှမလုပ်ဝံ့ကြပါဘူး…ဒါကြောင့် အရီးရဲ့ရွာမှာ
ညည်းစိတ်ကြိုက်သာနေပါအေ…သြော်…ဒါနဲ့ဒီက
မိညှပ်နဲ့ညည်းကအရွယ်တူကြလောက်မယ့်ပုံပဲအေ့…”
“မိညှပ်နဲ့ကျုပ်ကအဲ့သည်အကြောင်းကို
ပြောပြီးကြပြီအရီးရဲ့…သူ့ထက်ကျုပ်က
နှစ်နှစ်တောင်ကြီးတယ်…”
“အေးပေါ့အေ…အရွယ်မကွာကြဘူးဆိုတော့
စကားပြောလို့ဆိုလို့ကောင်းကြတာပေါ့…
ဒါနဲ့ဒီတစ်ခါ ဟိုကလေးမကိုရော
ဘာကြောင့်မခေါ်လာကြတာလဲ”
“ညီမလေးနန်းကြိုင်က သူ့အမေတစ်ယောက်ထဲ
ကျန်ရစ်ခဲ့မှာစိုးလို့မလိုက်လာတာပါအရီးရယ်…
မိညှပ်နဲ့အရီးကိုတော့ တွေ့ချင်နေရှာတယ်…”.
“အေးပေါ့လေ…ခရီးကလည်းဝေးတာကို…
နေ့ချင်းပြန်သွားလာလို့ရရင်လည်းကောင်းသားအေ့”
“အဲ့သည်လိုသွားချင်ရင်တော့ ညည်းလည်း
ဘွားတို့ရွာကိုပြောင်းခဲ့ပေါ့အေ”
ဘွားမယ်စိန်ကပြောတော့ ဒေါ်နော်ခမ်းခေါင်းကို
ဖြေးညှင်းစွာခါရမ်း၍…
“ဘယ်ဖြစ်မလဲအမေကြီးရယ်…
ဒီရွာမှာလည်းကျုပ်ကိုအားကိုးနေကြသူက
အများသားလေ…
ဒီတော့ အမေကြီးတို့နဲ့တွေ့ချင်ရင်လည်းကျုပ်တို့လာခဲ့မှာဖြစ်သလို…အမေကြီးတို့က တွေ့ချင်ရင်လည်းအခုလိုပဲ
လာခဲ့ကြပေါ့.. ကျုပ်တို့တွေမသေမချင်းကတော့
အခုလိုပဲသွားလာနေရမှာပဲအမေကြီးရယ်…”
“အေးကွယ်….ငါ့သမီးပြောတာလည်းမှန်ပါတယ်…”
ဘွားမယ်စိန်နဲ့ဒေါ်နော်ခမ်းတို့လည်း ဆက်လက်၍
တခြားသောအကြောင်းအရာများကို ပြောနေခဲ့ကြသည်။
မောင်တိုးနဲ့မောင်အုန်းတို့မှာ ဒေါ်နော်ခမ်း၏ခြံဝိုင်းထဲ၌
နွားများကို အစာကျွေးရေတိုက်ပြုလုပ်နေကြသည်။
ခရီးကဝေးလွန်းသောကြောင့် နွားတွေခမျာ
ပင်ပန်းနေကြရှာသည်။ဒါ့ကြောင့်သူတို့ညီအစ်ကိုလည်းနွားတွေကိုဂရုစိုက်ပေးနေကြရ၏။
ရှင်ညိုနဲ့မိညှပ်တို့ကတော့ အတွဲညီလှသည်။
မိညှပ်သည်.ရှင်ညိုလက်ကိုဆွဲ၍ ဘေးအိမ်များသို့
အလည်ခေါ်သွားကာမိတ်ဆက်ပေးနေသည်။
ဘေးအိမ်များရှိသက်တူရွယ်တူရွာသူမိန်းကလေးတို့မှာ
ရှင်ညိုကို ဝမ်းသာအားရပင်စကားပြောနေကြရှာသည်။
“မိညှပ်…တော်တို့ရွာကနေချင်စရာလေးနော်…”
“ဟုတ်တယ်ရှင်ညိုရဲ့…ကျုပ်တို့ရွာက နေပျော်တယ်…
ဒါနဲ့….မနက်ဖြန်ဘေးရွာမှာ ဘုရားပွဲရှိတယ်…
မြို့ကလာတဲ့ဇာတ်ပွဲလည်းကမှာ…
ကျုပ်တို့သွားရင် ရှင်ညိုတို့လည်းလိုက်ခဲ့ကြနော်…”
“အင်း…လိုက်ခဲ့မယ်လေ…”
“ရှင်ညိုတို့ရွာတော့မသိဘူး…
ကျုပ်တို့တော့ တစ်နှစ်မှတစ်ခါလောက်ပဲဇာတ်ပွဲကို
ကြည့်ရတာ…အဲ့သည်တစ်ခါလေးကိုပဲ
အလွတ်မခံနိုင်ဖြစ်နေကြတာရှင်ညိုရဲ့…”
ဟု…မိညှပ်ကပြောလေတော့ နံဘေးရှိမိန်းကလေးတွေက
ခေါင်းညိတ်ထောက်ခံကြသည်။
“ကျုပ်တို့ရွာမှာတော့ သူဌေးတွေများတာကြောင့်လား
မသိပါဘူးမိညှပ်ရယ်…တစ်ခါတစ်ရံအလှူရှိရင်
ပွဲလည်းပါတတ်သေးတယ်လေ…အယ်…ပွဲဆိုလို့
ကိုကြီးတိုးနဲ့ကိုကြီးအုန်းတို့လည်းကြည့်ချင်ရှာမယ်ထင်တယ်…သူတို့ကလည်းပွဲသိပ်ကြိုက်တာ မိညှပ်ရဲ့”
“လိုက်ချင်ရင်သူတို့က်ိုလည်းခေါ်ခဲ့လို့ရပါတယ်…
သူတို့အကြောင်းကိုလည်းတစ်ရွာလုံးကသိပြီးသား
ဆိုတော့ စိမ်းမနေလောက်ပါဘူး ရှင်ညိုရဲ့…”
“အင်း…ဒါနဲ့ ဒီကညီမတွေရဲ့နာမည်ကဘယ်လိုခေါ်လဲ”
ရှင်ညိုက မိန်းကလေးတွေဘက်သို့လှည့်၍
မေးကိုငေါ့ကာပြောလိုက်သည်။
“သြော်…အေး…ဟုတ်သား…
ကျုပ်မေ့နေတာရှင်ညို…သူက ဒီဘက်အိမ်က
မိသန်းတဲ့…သူကတော့ဒီအိမ်ကပဲ…အေးပုနဲ့အေးစုလို့
ခေါ်တယ်…အထက်အောက်ညီအစ်မတွေပေါ့အေ…
တို့တွေထက်တော့တစ်နှစ်…နှစ်နှစ်ငယ်ကြတယ်…”
“ဟုတ်တယ်မမိညှပ်ထက်တော့ကျုပ်တို့ကငယ်တယ်..
ဒါပေမယ့် ညီမတွေဘာတွေခေါ်မနေနဲ့တော်…
မမိညှပ်ခေါ်သလိုပဲ…အေးပုတို့အေးစုတို့လို့ပဲခေါ်ပေါ့…”
အေးပုတို့ကစကားပြောပွင့်လင်းသည်။
ဖော်ရွှေလှသော အေးပုတို့ကို ရှင်ညိုဘက်ကလည်း
ခဏတာအချိန်တွင်းမှာပင် ခင်မင်လို့သွားခဲ့၏။
“မိညှပ်…”
“ပြောလေရှင်ညို…”
ရှင်ညိုကခေါ်တော့ မိညှပ်က ရှင်ညိုမျက်နှာကို
ကြည့်၍ပြောလိုက်သည်။
“တော်တို့ရွာရဲ့ ဟိုဘက်နားမှာ တောအုပ်လေးတစ်ခုတွေ့ခဲ့တယ်…အဲ့သည်တောအုပ်လေးကို
ကျုပ်သွားကြည့်ချင်တယ်…
အဲ့တာတော်တို့ လိုက်ပို့လို့ရမလား…”
ရှင်ညိုစကားကြောင့် မိညှပ်တင်မက အေးပုတို့ပင်
အလန့်တကြားဖြစ်သွားသည်။
မိညှပ်ကတော့ ဘေးဘယ်ညာကိုခေါင်းလှည့်ကြည့်ရင်း…
“တိုးတိုးပြောပါရှင်ညိုရယ်…
အရီးကြားသွားရင် ကျုပ်ကိုရိုက်နေပါ့မယ်…”
ဟု…ပြောလေတော့ရှင်ညိုနားမလည်ဖြစ်သွားရသည်။
“ဘာလို့လဲမိညှပ်ရဲ့…”
ဟု…ရှင်ညိုမေးမိပြန်တော့ မ်ိညှပ်ကလေသံ
တိုးတိုးလေးဖြင့် …
“အဲ့သည်တောကို ရွာကလူတွေ အရေးကိစ္စရှိမှ
သွားကြတာ…ထင်းခုတ်ဝါးခုတ်ချင်ရင်တောင်
အရီးကိုပြောရတယ်ရှင်ညိုရဲ့…
အရီးဆီကခွင့်ပြုချက်မရရင်ဘယ်သူမှမသွားရဲကြဘူး”
ဟု…ပြောလေတော့ ရှင်ညိုပင်ပို၍စိတ်ဝင်စားလာခဲ့သည်။
လူ့စိတ်သဘောအရမသိသင့်သည့်အကြောင်းအရာဆို
ပို၍သိချင်ကြလေသည်။
ရှင်ညိုလည်း ထိုသို့ဖြစ်နေခဲ့၏။
ထပ်၍မေးဖို့ ဟန်ပြင်လေတော့…
“ဟင်း…ဘာလဲ…ညည်းသိချင်နေပြန်ပြီလားရှင်ညို…”
မိညှပ် ရှင်ညို၏မျက်နှာထားကိုကြည့်၍
သက်ပြင်းတစ်ချက်ချကာပြောလိုက်လေရာ
ရှင်ညိုလည်းခေါင်းကိုညိတ်ပြလိုက်သည်။
“အဲ့တာဆိုလည်းလိုက်ခဲ့တော့ရှင်ညို…
ကျုပ်တို့ ဟိုဘက်နားကအပင်အောက်မှာ
သွားပြောကြတာပေါ့…အဲ့သည်ဘက်က လူရှင်းတယ်…”
မိညှပ်လည်းရှင်ညို၏လက်ကိုဆွဲ၍
ခေါ်သွားတော့သည်။အေးပု၊အေးစုနဲ့မိသန်းတို့
သုံးယောက်ကလည်းအနောက်ပါးဆီမှအတူတူလိုက်လာခဲ့ကြပြန်သည်။
လူသွားလူလာနည်းသော မန်ကျည်းပင်ကြီး၏အောက်၌
ဖျာကြမ်းအစုတ်လေးတစ်ချပ်ကိုခင်းလို့ထားသည်။
ထိုဖျာစုတ်လေးအပေါ်၌ရှင်ညိုတို့ငါးယောက်
ဝိုင်းဖွဲ့ကာထိုင်လိုက်ကြသည်။
ထိုင်ပြီးလေတော့ မိညှပ်က စတင်၍ပြောလာ၏။
“ညည်းတွေ့ရတဲ့တောအုပ်လေးဆိုတာ
အမြင်ကသာလှတာအေ့…တို့ရွာတွေဆို…
ဘယ်သူမှမသွားရဲကြဘူး…”
“ဘာဖြစ်လို့များလဲမိညှပ်ရဲ့…”
မိညှပ်ပြောမျှကိုရှင်ညိုကပြန်၍မေးနေခဲ့သည်။
“အေး…ဒီလိုရှင်ညိုရဲ့…အဲ့သည်တောထဲမှာလေ…
ကျတ်တွေရှိတယ်…ရှိတာမှတစ်ကောင်နှစ်ကောင်မဟုတ်ဘူးအေ့…အုပ်စုလိုက်ရှိတာတဲ့…”
“ဟင်…ကျတ်တွေဟုတ်လား…”
“ဟုတ်တယ်…ဟိုးအရင်ကတော့ကျတ်တွေဘာတွေ
မရှိဘူးလို့လူကြီးတွေကပြောကြတယ်…
တို့မွေးတော့ကျတ်တွေရှိတယ်ဆိုပြီးပြောလာကြတာအေ့…”
“ကျတ်တွေက လူတွေကို ဒုက္ခပေးနေတာလား”
“ဒုက္ခပေးတယ်ဆိုတာထက်…အမှားမခံကြတာပေါ့အေ…”
“အရီးကရော…ဘာမှမလုပ်ပေးဘူးလား”
“အရီးကလုပ်ပေးလို့သာ…တောထဲဝင်မယ့်သူတိုင်း
အရီးဆီကိုလာခွင့်တောင်းကြရတာပေါ့အေ့…”
“ဟင်း…ဘယ်လိုကြီးလဲ”
“ဘယ်လိုကြီးလဲလုပ်မနေနဲ့…
တို့ငယ်ငယ်တုန်းကကြားဖူးတာဆိုရင်…
အဲ့သည် တောထဲကို ဖိုးထူးဆိုတဲ့ကောင်လေးတစ်ယောက်
သစ်ခုတ်လိုက်သွားတာတဲ့…
အပေါ့အပါးသွားတာ မပြောမဆိုနဲ့ တောထဲက သစ်ပင်ကြီးတစ်ပင်ကို သေးနဲ့ပန်းခဲ့တာတဲ့လေ…
အဲ့သည်လိုသေးနဲ့လည်းပန်းပြီးရော
သူ့စိတ်ထဲမှာကြောက်လာတာတဲ့အေ့…
ကြောက်တာများကြက်သီးတွေတောင်တဖြန်းဖြန်းထတယ်ဆိုပဲ…သူ့ဘေးနားတွေ…ဝေ့ဝိုက်ကြည့်တော့လည်း
ဘာဆိုဘာမှမရှိဘူးတဲ့အေ…
အဲ့သည်လိုကနေတောထဲကပြန်လာပြီး
သုံးရက်လောက်ကြာတော့ သေရောတဲ့…”
“နေပါဦး…ရှိသေးတယ်လေမိညှပ်ရဲ့”
မိညှပ်ကအာပေါင်အာရင်းသန်သန်ပြောအပြီး…
အေးပုက ဆက်၍ပြောပြန်သည်။
ရှင်ညိုကတော့ မိညှပ်ကိုကြည့်ပြီးနောက်
ဆက်၍ပြောလာမည့်အေးပုဘက်ဆီသို့ခေါင်းကို
ရွေ့လိုက်သည်။
“နောက်တစ်ယောက်က ဒီလိုအေ့…
တို့အဘွားပြောဖူးတာတော့…
မြို့ပေါ်ကမျက်နှာစိမ်းဧည့်သည်တစ်ယောက် တောထဲ
လည်ချင်ပတ်ချင်ပါရဲ့ဆိုပြီးပြောလေတော့
ပထမတော့တို့ရွာကလူတွေကဝိုင်းတားပါသေးရဲ့…
ဒါပေမယ့် သူကမယုံတာကြောင့်ဘယ်လိုမှ
တားမရဘူးတဲ့လေ…
နောက်ဆုံးဒင်းလည်းတောထဲကပြန်လာပြီး
ဂယောင်ဂတမ်းတွေထအော်တာတဲ့…
မကြာပါဘူးအေ… သေပါလေရောလား…
အဲ့သည်လိုတွေသေပါများလာတော့
ဘယ်ရွာကမှ ဒီတောထဲကို မဝင်ရဲကြတော့ဘူးရှင်ညိုရဲ့…
အခုနောက်များတော့ အရီးကိုအားကိုးပြီး
ထင်းခုတ်…ဝါးခုတ်လေးလုပ်နေကြရတာအေ့”
“အင်း…”
ရှင်ညိုတွေးစစဖြင့် ခေါင်းညိတ်လိုက်သည်။
ရှင်ညို၏စိတ်ထဲမှာတော့ သိချင်စိတ်များက
ရှိနေသေး၏။
“ဟေး…ကောင်မလေးတွေ…ဘာတွေပြောနေကြတာလဲဟ”
မောင်တိုးကအသံတိတ်ရောက်လာကာ
ရှင်ညိုတို့ကို စနောက်လိုက်သည်။
အေးပုတို့သုံးယောက်မှာလန့်သွားပေမယ့်…ရှင်ညိုနဲ့
မိညှပ်တို့ကမောင်တိုးကိုပြုံး၍ကြည့်နေကြသည်။
ရှင်ညိုက…
“ကိုကြီးတိုး…ဘေးရွာမှာပွဲရှိတယ်တဲ့…
ကျုပ်တို့ကသွားကြည့်မလို့လေ…ကိုကြီးတိုးတို့ကော
လိုက်ကြဦးမလား…”
“ဟေ…ဟုတ်လား…ဒီညသွားကြမှာလား”
မောင်တိုးက ဝမ်းသာအားရပင်မေးလိုက်သည်။
“မနက်ဖြန်မှပါကိုကြီးတိုးရယ်…
ကိုကြီးတိုးတို့များ ပွဲဆိုတာနဲ့ အရမ်းကို
သွားချင်နေတော့တာပဲ…”
“အေးဟာ…ငါပွဲကြိုက်တာနင်လည်းသိတာပဲ…
နင်တို့သွားရင်ငါ့တို့ညီအစ်ကိုကိုလည်းခေါ်ဦးနော်…”
“စိတ်ချပါတော်…”
မောင်တိုးတစ်ယောက် ရှင်ညိုတို့နှင့် ဇာတ်ပွဲ
လိုက်ကြည့်ရမယ်ဆို၍ ဝမ်းသာနေသည်။
ရှင်ညိုတို့အနီးမှထွက်သွားပြီးနောက်
မောင်အုန်းဆီသို့ဝမ်းသာအားရပြေးပြောပြန်သည်။
နောက်တစ်ရက်ညနေပိုင်းသို့ရောက်တော့
ဇာတ်ပွဲသွားကြည့်ဖို့ ပြင်ဆင်နေကြသည်။
ရှင်ညိုနဲ့မိညှပ်တို့မှာ မိန်းကလေးတို့ပီပီ
ပြင်ဆင်နေကြသလို မောင်တိုးတစ်ယောက်မှာလည်း
ခေါင်း၌ အုန်းဆီများလိမ်းကာ အသေချာပင်
ဖြီးသင်လို့နေခဲ့သည်။
“ကိုကြီးတိုး…တော်ပြင်လို့ပြီးဦးမှာလား…
ကျုပ်တို့စောင့်နေတာကြာလှပြီနော်…”
“နေပါဦးဟာ…တခြားရွာကိုဇာတ်ပွဲသွားကြည့်မှာလေ…
နည်းနည်းတော့ပြင်ရတာပေါ့”
“ဟော…တော်ပြင်တာက မှန်ရှေ့ကမခွာဖြစ်နေတာလေ…
ကျုပ်တို့လိုမိန်းကလေးတွေမှန်ကြည့်ဖို့လည်းထားပါဦးတော်…”
“ကဲ…ပြောမနေနဲ့တော့မိညှပ်…
ကိုကြီးတိုး…လမ်းသိတယ်မဟုတ်လား…
လမ်းသိရင် ကိုကြီးအုန်းကိုခေါ်လာပြီးလိုက်သာလာတော့
ပွဲခင်းထဲမှပဲ ကျုပ်တို့ဆုံကြမယ်…”
“အေးပါ…ညည်းတို့သွားနှင့်ချင်ရင်သွားနှင့်ကြတော့…”
ရှင်ညိုတို့လည်း မောင်တိုးကို ထားရစ်ခဲ့ကြတော့သည်။
ရှင်ညိုတို့ထွက်သွားပြီးနောက်…
“ကဲ…ကိုကြီးအုန်းရေ သွားမယ်ဗျို့…”
မောင်တိုးက အော်ခေါ်ပါသော်လည်း မောင်အုန်းမှာ
အိမ်အပေါ်ထပ်မှဆင်း၍မလာသေးပေ။
“ဟဲ့…မောင်တိုး…နင့်အစ်ကိုနေလို့သိပ်မကောင်းဘူး…
ဗိုက်တွေနာနေတယ်ဆိုလို့ အရီးအစောကမှ
ဆေးတိုက်ထားရတာ…”
“ဟာဗျာ…ကိုကြီးအုန်းကလည်းစောစောစီးစီးမပြောဘူး…
ကျုပ်ကသူလိုက်မယ်ထင်ပြီးစောင့်နေတာအရီးရဲ့…”
“အေးလေ…နင်ကလည်း ပွဲသွားဖို့ပြင်နေတာနဲ့
မမေးမိဘူးမဟုတ်လား…သွားကောသွားတတ်ရဲ့လား…
အရီးလိုက်ပို့ပေးဖို့လိုသေးလား”
“ရပါတယ်ဗျာ…ကျုပ်သွားတတ်ပါတယ်…
ဒါဖြင့်သွားတော့မယ်အရီး…မိုးကချုပ်နေပြီ…
ဘွား…ကျုပ်သွားလိုက်ဦးမယ်နော်…”
“အေး…အေး…အေး…ဂရုစိုက်နော်…
ရန်တွေဘာတွေဖြစ်မလာခဲ့နဲ့ကွဲ့…”
“ဟုတ်ကဲ့ဘွား…”
မောင်တိုးလည်း ခြေလှမ်းခပ်သွက်သွက်ဖြင့်
ထွက်လာခဲ့တော့သည်။
“ဟိုကလေးမတွေတော့ ပွဲထဲရောက်နေလောက်ပြီ”
သူ့အတွေးဖြင့် သူလမ်းလျှောက်လာခဲ့၏။
လမ်း၌သူ့လိုပင်ပွဲသွားကြည့်သူများကလည်းရှိနေသည်။
တချို့ကတော့သူ့အားပြုံးပြကြနှုတ်ဆက်ကြလေသည်။
ထိုသို့သွားနေရင်း လမ်း၌ မိန်းမပျိုတစ်ယောက်ကို
မောင်တိုးသတိထားမိသည်။
ထိုမိန်းမပျိုသည် ချောသည့်လှသည့်ထဲပါ၏။
တစ်ဦးထဲဇာတ်ပွဲသွားကြည့်ဖို့ ထွက်လာဟန်လည်းတူသည်။
“ညီမ…တစ်ယောက်ထဲလားဗျ”
မောင်တိုးကမေးတော့ ထိုမိန်းမပျိုသည် ခေါင်းကိုလှည့်ကြည့်ယုံသာလုပ်ပြီးမောင်တိုး၏စကားကိုပြန်မဖြေဘဲ
သူ့လမ်းသူသာဆက်သွားနေခဲ့သည်။
မောင်တိုးလည်း သူ့အမေးအားပြန်၍ မဖြေသည့်
ထိုမိန်းမပျိုကိုမျက်မှောင်ကျုံ့ကာကြည့်ပြီး
မိန်းမပျို၏အရှေ့မှကျော်တက်ကာ ဆက်သွားတော့သည်။
ထိုအခါမှ မိန်းမပျိုသည် သူ့အားအမီလိုက်လာပြန်သည်။
မောင်တိုးနားလည်လိုက်သည်။
မိန်းမပျိုတစ်ဦးထဲမလို့ သူ့နံဘေး၌အဖော်အနေဖြင့်
လိုက်လာသည့်ပုံရသည်။
ထို့ကြောင့် ခြေလှမ်းကိုလျော့၍ မိန်းမပျိုမီစေရန်
သွားလေတော့သည်။
ပွဲခင်းထဲသို့ရောက်တော့ မိန်းမပျိုက အရင်ဦးစွာ
ထွက်သွားလေသည်။
သူ့အားကျောခိုင်းထွက်သွားသည့် မိန်းမပျိုကို
မောင်တိုးလှမ်းကြည့်နေစဥ်…
“ဘာလို့ကြာနေကြတာလဲကိုကြီးတိုးရဲ့…
ဒါနဲ့ကိုကြီးအုန်းကောဘယ်မှာလဲ”
ရှင်ညိုက မောင်တိုးကိုမြင်လေတော့ လာမေးရာ
မောင်တိုးသတိပြန်ဝင်လာခဲ့သည်။
“အေးဟ…နင့်အစ်ကိုဖျားနေတယ်တဲ့…
ဒါကြောင့်ငါ့ဘာသာထွက်လာခဲ့တာ…”
“ကျုပ်ကဒီမှာလေ…ဘယ်ကိုကြည့်ပြောနေတာလဲ”
မိန်းမပျိုထွက်သွားရာဆီကိုကြည့်ရင်းပြောနေသော
မောင်တိုးကြောင့် ရှင်ညို မျက်မှောင်ကျုံ့ရင်း
ပြောလိုက်သည်။
“ဟဲ…ဟဲ…ဟဲ…ဘာမှမဟုတ်ပါဘူးဟာ…
ပွဲကစည်သားပဲဟ”
မောင်တိုးက ရယ်ကျဲကျဲဖြင့်ပြောသော်လည်း
ရှင်ညို မောင်တိုးကိုအကဲခတ်နေသည်။
“ကိုကြီးတိုးနော်မဟုတ်တာတွေမလုပ်နဲ့…
တစ်ခုခုဆိုရင်ကျုပ်ကိုပြောဦး…
သူများရွာကိုအထင်မသေးနဲ့တော့်…”
“အေး…အေးပါဟာ…မိညှပ်တို့ကောဘယ်မှာလဲ…
သူတို့ဆီသွားကြရအောင်လေ…”
မောင်တိုးက ရှင်ညို၏အကြည့်များကိုရှောင်ဖယ်၍
ထွက်သွားတော့သည်။
မိညှပ်တို့အုပ်စုဖြင့် ပွဲကြည့်နေသော်လည်း
မောင်တိုး၏စိတ်များက အစောကမိန်းမပျိုထံ၌သာရှိနေခဲ့သည်။
“ရှင်ညို…ငါအပေါ့သွားဦးမယ်…”
“အင်း”
ရှင်ညိုတို့ကိုပြောပြီး မောင်တိုးထွက်လာခဲ့သည်။
မိန်းမပျိုကိုတွေ့နိုးနိုးဖြင့် မောင်တိုးရှာနေမိ၏။
မကြာပါ…ပွဲခင်း၏တစ်ဖက်၌ မိန်းမပျိုကိုတွေ့လိုက်လေသည်။
မိန်းမပျိုသည်ဟိုသည်ကိုကြည့်၍တစ်စုံတစ်ယောက်ကို
ရှာဖွေနေပုံရသည်။
“ညီမ…ဘယ်သူ့ကိုရှာနေတာလဲ”
မောင်တိုးကိုမြင်တော့မိန်းမပျိုသည်
ဝမ်းသာသွားပုံရသည်။
အစောကနှင့်မတူလိုလိုလားလားစကားပြောချင်နေပုံလည်းရ၏။
“ကျုပ်အဖော်တွေကိုရှာမတွေ့လို့…
ရွာကိုပြန်ချင်လို့အစ်ကို…”
“ဟောဗျာ…တစ်ယောက်ထဲပြန်မလို့လားညီမရဲ့”
“ဟုတ်…”
“ဒီလိုဆိုရင် အစ်ကိုလိုက်ပို့ပေးရမလား…
တမျိုးတော့မထင်ပါနဲ့…ညီမရယ်…
ညီမလက်ခံမှအစ်ကိုကလိုက်ပို့မှာပါ…”
မောင်တိုးစကားကို မိန်းမပျိုက ခေါင်းညိတ်၍…
“ညီမလည်းတခြားသူတွေကိုအကူအညီမတောင်းရဲဘူး…
အစ်ကို့ကိုတော့ညီမယုံပါတယ်…
ဒါကြောင့် လိုက်ပို့ရရင်လိုက်ပို့ပေးပါရှင်…”
ဟုပြောလေတော့ မောင်တိုးပြုံးလေသည်။
ထိုသို့ဖြင့် မောင်တိုးလည်း မိန်းမပျိုအားလိုက်ပို့ပေးလေသည်။
“အစ်ကို့နာမည်ကမောင်တိုးလို့ခေါ်တယ်…
ဒီကညီမနာမည်ကရော…”
“ညီမနာမည်က ဝိုင်းစိန်ပါအစ်ကို…
ညီမတို့ရွာက တောအုပ်လေးနားတင်ပါ…
အစ်ကိုညီမတို့ရွာကိုလိုက်ပို့ရဲ ရဲ့လား”
“ဟောဗျာ…လိုက်မပို့ရဲစရာမရှိပါဘူးညီမရယ်…
ရွာထဲထိတော့မလိုက်တော့ပါဘူး…
ငါ့ညီမ မိဘများတမျိုးတမည်ထင်မှာဆိုးတာကြောင့်ပါ…”
“ရပါတယ်အစ်ကိုရယ်…
ညီမမိဘများကသဘောကောင်းကြပါတယ်…”
မောင်တိုးတို့စကားတပြောပြောဖြင့် တောအုပ်လေးနားသို့ရောက်လာခဲ့သည်။
“ဟိုအရှေ့မှာတွေ့လားအစ်ကို…အဲ့သည်အပင်ကြီးနားမှာ
ညီမတို့ရွာလေးရှိတယ်…”
မောင်တိုးယူလာသော မီးအိမ်လေးအလင်းဖြင့်
ဆက်လျှောက်လာခဲ့ကြသည်။
“မိုးတောင်အတော်ချုပ်နေပြီ…
ဒီလိုအချိန်ကြီး ငါ့ညီမတစ်ယောက်ထဲရွာကိုပြန်ရင်
စိတ်ချရတာမဟုတ်ဘူး…”
“ဟုတ်ပါ့အစ်ကိုရယ်…
ကျုပ်ဖြင့် အစ်ကိုနဲ့တွေ့လို့သာတော်ပါသေးတယ်…”
မောင်တိုးလည်း ဝိုင်းစိန်တို့ရွာအထိလိုက်လာခဲ့သည်။
ရွာဟုခေါ်သော်လည်း အိမ်ခြေကအလွန်နည်းလှ၏။
ဝိုင်းစိန်ကမိဘများကိုအကျိုးအကြောင်းပြောပြလေတော့
မိဘများက မောင်တိုးကို ကျေးဇူးတင်ကြောင်းများပြောနေကြ၏။
“ငါ့တူ…ညလည်းနက်လှပေါ့…
မပြန်ရင်မပြန်နဲ့တော့ကွယ်…
အဘတို့ဆီမှာပဲအိပ်သွားပါ…”
“အဲ့သည်လိုတော့ ညအိပ်လို့မဖြစ်လို့ပါဦးကြီးရယ်…
ကျုပ်ညီမလေးတွေပွဲကြည့်နေကြသေးတယ်ဗျ…
ကျုပ်သူတို့ကိုသွားပြန်ခေါ်ရဦးမှာမလို့ပါ…”
ဝိုင်းစိန်မိဘများက ရွာ၌ညအိပ်ဖို့ပြောသော်လည်း
မောင်တိုးငြင်းဆန်လေသည်။
“ဟေ့…ငါ့အစ်ကိုကို အခုပြန်ထုတ်ပေးကြစမ်း…
မဟုတ်ရင်ရှင်ညိုရဲ့အကြောင်းနင်တို့သိစေရမယ်…”
“ဝုန်းးး”
“အမယ်လေး…..”
အသံများဆူညံစွာထွက်ပေါ်လာတော့ ဝိုင်းစိန်တို့
မိသားစုထိတ်လန့်နေကြသည်။
ဝိုင်းစိန်မျက်နှာကလည်းအတော်လေးပျက်ယွင်းနေခဲ့၏။
“နေပါဦး…ဒါ…ကျုပ်ညီမ ရှင်ညိုရဲ့အသံဗျ”
မောင်တိုး အိမ်ထဲမှထွက်လေတော့ ဝိုင်းစိန်တို့
မိသားစုလည်းအတူလိုက်လာခဲ့သည်။
“ကိုကြီးတိုး…အခုထွက်လာခဲ့”
ရှင်ညိုကဒေါသတကြီးဖြင့် မောင်တိုးကိုအော်ခေါ်သည်။
နံဘေးရှိတဲများမှာ မီးများပင်လောင်နေသည်ကို
မြင်ရလေတော့ မောင်တိုးအံ့သြနေ၏။
“ကျုပ်ပြောနေတာမကြားဘူးလား…
အခုဒီကိုလာခဲ့…ဒင်းတို့ကို ကျုပ်မီးလောင်
တိုက်သွင်းပစ်လိုက်မယ်…ဟဲ့ကောင်မ…နင်ငါ့ကိုဘာများမှတ်နေတာလဲ…အရီးနော်ခမ်းလိုသနားစိတ်နဲ့
နေခွင့်ပေးမယ်မထင်နဲ့နော်…
ကဝေမရှင်ညိုတဲ့ဟဲ့…”
“အစ်ကို…သွား…သွားလိုက်ပါ….”
ဝိုင်းစိန်ကမောင်တိုးကိုအတင်းပင်တွန်းထုတ်နေသည်။
“မဟုတ်သေးပါဘူး…ရှင်ညို…
နင်ဘာတွေဖြစ်နေတာလဲဟ…”
မောင်တိုးကနားမလည်နိုင်သောကြောင့် ရှင်ညိုကိုမေးနေသည်။
ရှင်ညိုက ဝိုင်းစိန်တို့ကို လက်ညိုးငေါက်ငေါက်ထိုး၍…
“ဒင်းတို့ကလူတွေမဟုတ်ဘူး…
ဒင်းတို့က ကျတ်တွေ…
အခု…ကိုကြီးတိုးကိုသူတို့မြှားခေါ်လာတာ…
ဘာကြောင့်လဲသိလား…
အဲ့တာ ကိုကြီးတိုးရဲ့ အူအသည်းတွေကိုစားချင်လို့…
ဒင်းတို့ကိုသနားပြီးအရီးကလွှတ်ပေးထားလို့
ပိုပိုပြီးဆိုးလာတာ…ကျုပ်ကတော့ခွင့်မလွှတ်နိုင်ဘူး…
ဒင်းတို့ကိုမီးလောင်ပြာချပစ်ရလိမ့်မယ်…”
ဟုပြောလိုက်သည်။
မောင်တိုးအံ့သြသွား၏။
ချက်ချင်းပဲ ရှင်ညိုဆီသို့ ခြေလှမ်းကျဲကြီးဖြင့်
ထွက်လာခဲ့သည်။
“ကျုပ်တို့ကိုခွင့်လွှတ်ပေးပါ…
ကျုပ်တို့ဘယ်သူ့ကိုမှဒုက္ခမပေးတော့ပါဘူး…”
“ဟုတ်ပါတယ်…ခွင့်လွှတ်ပေးပါရှင်…”
ဝိုင်းစိန်တို့အုပ်စုသည် ရှင်ညိုကိုတငိုငိုတရီရီဖြင့်
တောင်းပန်ကုန်ကြသည်။
မောင်တိုးကတော့သနားနေမိလေသည်။
“ဒီမှာ…ကျုပ်ပြောမယ်…
တော်တို့အခုလိုလူတွေကိုဒုက္ခပေးနေတာ
ကျုပ်မကြိုက်ဘူး…ဒါကြောင့် ဒီအရပ်ကနေတော်တို့
ထွက်သွားပေးပါ…အေး…ထွက်သွားပြီးရင်လည်း
လူတွေကိုထပ်ပြီးဒုက္ခပေးလို့ရမယ်မထင်နဲ့နော်…
ကျုပ်တော်တို့အကြောင်းကိုကြားရတာနဲ့
ရောက်တဲ့နေရာမှာမီးလောင်ပြာချခံရမယ်ဆိုတာ
မှတ်ထားကြ…မိုးလင်းရင်တော်တို့ကို ဒီအရပ်မှာရှိနေတာ
မမြင်ချင်ဘူး…ကျုပ်ပြောတာကြားကြလား”
ရှင်ညို၏စကားကို ခေါင်းများညိတ်ကြသည်။
“လာ…ကိုကြီးတိုး…ကျုပ်တို့ပြန်ကြမယ်…”
ရှင်ညိုခေါ်ရာသို့မောင်တိုးပြန်လိုက်ာလာခဲ့သည်။
လမြး၌…
“ပွဲခင်းကိုပြန်မသွားတော့ဘူးလားရှင်ညို”
“မသွားတော့ဘူး…ကျုပ်တို့အရင်ပြန်နှင့်မယ်လို့
ပြောလာခဲ့ပြီးပြီ”
“အေးဟာ…ငါလည်းနင်ကယ်လို့သာပဲ…
မဟုတ်ရင်ငါတော့ဘာဖြစ်နေမလဲမသိဘူး”
မောင်တိုးကပြောတော့ ရှင်ညိုခြေလှမ်းများ
ရပ်တန့်သွားပြီး မောင်တိုးကိုစိုက်ကြည့်၍…
“ကိုကြီးတိုးက ကျုပ်စကားကိုအလေးမထားတာပဲ…
တစ်ခုခုဆိုကျုပ်ကိုပြောဖို့မပြောထားဘူးလား”
ဟု…စိတ်ဆိုးဟန်ဖြင့်ပြောလေသည်။
“အေး…ငါမှားတာပါငါ့ညီမရယ်…
နောက်ကိုအခုလိုမဖြစ်စေရပါဘူးဟာ…
နောက်ပြီး ဘွားတို့ကိုတော့မပြောပါနဲ့တော့…
မဟုတ်ရင်ငါ့ကိုဆူကြမှာဟ”
“မပြောလည်းသိမှာပဲလေ…
အရီးလက်အောက်က ကောင်တွေကို
ကျုပ်ကနှင်ပစ်ခဲ့တာမလား…”
“အင်းး…ဒါဆိုလည်းဘယ်တတ်နိုင်မလဲဟာ…
ငါ့အပြစ်နဲ့ငါပေါ့…”
မောင်တိုးလည်း ခေါင်းငိုက်စိုက်ဖြင့်သာ
ရွာသို့ပြန်လိုက်လာခဲ့တော့သည်။
ဒေါ်နော်ခမ်း၏အိမ်သို့ရောက်တော့
ဘွားမယ်စိန်တို့ပင်အိပ်နေကြပြီဖြစ်သည်။
မောင်တိုးတစ်ယောက်တော့ မိုးလင်းရင်အဆူခံရလေ
မလားတွေးရင်း ထိုညကအိပ်၍ပင်မပျော်ဖြစ်နေခဲ့ရှာသည်။
နောက်တစ်နေ့နံနက်သို့ရောက်တော့
မိညှက်ကြော်ပေးထားသောထမင်းကြော်နှင့် မနက်စာကို
အတူတူဝိုင်းဖွဲ့၍စားကြသည်။
ဘွားမယ်စိန်နှင့်ဒေါ်နော်ခမ်းကသူတို့အား
ခါတိုင်းကဲ့သို့ပင်ပြောဆိုနေပြီး…
ကျတ်သရဲများကိစ္စကိုမေးပင်မမေးကြပေ။
သို့သော်လည်းရှင်ညိုက…
“အရီး…ကျုပ်ညက အရီးရဲ့ကျတ်သရဲတွေကို
တောထဲကနေနှင်ထုတ်လိုက်တယ်…အဲ့တာ”
“ဘာလဲ…အရီးက ညည်းတို့ကိုဆူမယ်လို့ထင်နေတာလား…
မဆူပါဘူးအေ…အဲ့သည်အုပ်စုက အတော်လေး
ဆိုးသွမ်းလာတယ်…အရီးလုပ်ရမယ့်ကိစ္စကို
ညည်းကလုပ်ပေးခဲ့တာပဲ…ပြောရရင်အရီးကတောင်
ကျေးဇူးတင်ရဦးမယ်အေ…”
ဟု…ဒေါ်နော်ခမ်းကပြောတော့ရှင်ညိုလည်းခေါင်းညိတ်လိုက်သည်။
“ဟီး…ကျုပ်ကအရီးနဲ့ဘွားတို့ဆူကြမယ်ထင်နေတာဗျ…
တော်ပါသေးတယ်ဗျာ”
ဟု…မောင်တိုးကပြောတော့ဘွားမယ်စိန်နှင့်ဒေါ်နော်ခမ်းတို့၏အကြည့်ကမောင်တိုးထံသို့ရောက်လာခဲ့သည်။
“ဘွားရဲ့သမီးကိုတော့ဘွားတို့မဆူပါဘူး…
ဒါပေမယ့်အပျိုချောချောကိုမြင်ပြီးဘာမှ
မစူးစမ်းဘဲလိုက်သွားခဲ့တဲ့မောင်ရင့်ကိုတော့ဆူချင်သေးတယ်…မနေ့ညက သမီးရှင်ညိုသာလိုက်မသွားခဲ့ရင်
မောင်ရင့်ရဲ့အဖြစ်ကတော့ ဟောသည်ရွာတင်မကဘူး
သောင်ထွန်းရွာမှာပါပြောလို့ပြီးမှာမဟုတ်ဘူးကွဲ့”
ဘွားမယ်စိန်ကပြောလေတော့မောင်တိုးခေါင်းလေးငုံ့ကာနေရှာသည်။
မိညှပ်နဲ့မောင်အုန်းတို့ကတော့မောင်တိုးကိုကြည့်ပြီး
ရယ်ချင်စိတ်ကိုထိန်ထားကြရ၏။
“ကဲပါ…စားစရာရှိတာကိုစားပါ…
ဘွားတို့ဆူနေရင်လည်းမောင်ရင်ဒီရွာမှာ
နေပျော်မှာမဟုတ်ဘူး…
ဒီတော့နောက်ကိုဆင်ခြင်ပေါ့ကွယ်…”
“ဟုတ်ကဲ့ဘွား…ကျုပ်နောက်ဒီလိုထပ်မဖြစ်စေရပါဘူး”
“အေး…အေး…အေး…
ဒါဖြင့်လည်းစားတော့ကွယ်….”
ဘွားမယ်စိန်ကပြောတော့ မောင်တိုးနဲ့ရှင်ညိုတို့တတွေလည်း မနက်စာကိုဆက်စားကြတော့သည်။
ဒေါ်နော်ခမ်း၏ရွာ၌ ဘွားမယ်စိန်တို့
ဆက်၍နေဖြစ်ကြသေး၏။
တောင်ခြေရွာကလူများကလည်း ရှင်ညို၏လက်ချက်
ကြောင့် ကျတ်သရဲများပြောင်းရွေ့သွားတာကိုသိရ၍
တောထဲသို့ရဲရဲတင်းတင်းပင်သွားလာနေကြပြီဖြစ်သည်။
“ကဲ…ရှင်ညို…ညည်းကတောထဲလည်ချင်နေတာ
မဟုတ်လား..ကျတ်တွေလည်းမရှိတော့ဘူးဆိုတော့
ကျုပ်တို့သွားလည်ကြတာပေါ့”
မိညှပ်စကားအတိုင်းရှင်ညိုလည်းမောင်တိုးတို့နှင့်
မိသန်းတို့ကိုခေါ်ကာသောင်ထွန်းရွာသို့မပြန်သေးခင်
တောထဲသို့သွားခဲ့ကြသေးသည်။
တောထဲ၌ အသီးအရွက်များကိုခူးယူပြီး
ပျော်ပျော်ရွှင်ရွှင်ပင်နေခဲ့ကြသေးသည်။
မောင်တိုးကတော့ ဝိုင်းစိန်ကိုအိမ်ပြန်လိုက်ပို့ပေးခဲ့သည့်
ညကအဖြစ်ကိုပြန်တွေးပြီး ဝိုင်းစိန်တို့ရွာကိုရှာမိသေးသည်။ သို့သော်လည်းသစ်ပင်ကြီး၏နံဘေး၌ တဲအိမ်ဟူ၍တစ်အိမ်မျှပင်မတွေ့ခဲ့ရ။
ယခုတော့ထိုတောအုပ်လေးသည် လူတို့၏အကြောက်တရားများ ကင်းမဲ့ရာ အရပ်လေးဖြစ်လာခဲ့တော့၏။
ကျတ်သရဲများမှာလည်း ရှင်ညိုကိုကြောက်၍
ချက်ချင်းပင်ပြောင်းရွေ့သွားခဲ့ကြသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)