တောင်သခင်မ ကျိန်စာ

Posted on

တောင်သခင်မ ကျိန်စာ
အပိုင်း – ၁
စာရေးသူ-နောင်ရိုး(ဆေးတပ်)

** ** ** ** ** ** **


နွေနှောင်းပိုင်းကာလ၏ နေ့တစ်နေ့။ ညနေစောင်းအချိန်အခါ။

နွေအကုန် မိုးအကူး ဥတု အပြောင်းအလဲ ကာလပေမို့ မိုးကားတစ်ဖြိုက်၊ နှစ်ဖြိုက်ရွာလေပြီ။ သို့ဖြစ်သောကြောင့် ရိုးတံကျဲကျဲ ပင်အိုတို့ထံတွင် ရွက်စိမ်နုနုတို့က နေရာယူလျှက်ရှိနေ၏။ မြေပြင်ထက်တွင်လည်း မြက်သားနုနုတို့က ဟိုနားတစ်ကွက်၊ သည်နားတစ်ကွက်ဖြင့် ပေါက်ရောက်နေလေပြီ။

ထိုအချိန်၀ယ် သုံးတန်လှရွာ၏ အ၀င်လမ်းဆီသို့ မျောက်သေသုံးကောင်အား ကျောတွင် ပုဆိုးဖြင့် သိုင်းပိုးလျှက် သေနတ်ကို လက်တစ်ဖက်က ကိုင်ကာ လျှောက်လာနေသော သူတစ်ယောက်။ ထိုသူ၏ မျက်နှာတွင် ကန့်လတ်ဖြတ် အမာရွတ်ကြီး တစ်ခုက ထင်းထင်းကြီး ရှိနေပြီး ခေါင်းမှ ဆံပင်ရှည်များကို မဖီးမသင်ပဲ ထားသည်မှာ မည်မျှကြာလေပြီမသိသောကြောင့် နီကြောင် စုတ်ဖွားနေလေ၏။

ထိုသူသည် တဖြေးဖြေးဖြင့် ရွာနားသို့ ရောက်လာစဉ်ရွာထဲသို့ စားကျက်မှ နွားများ ပြန်သွင်းလာသော လူတစ်ဉ်ီးမှ မြင်သောအခါ

” ဗျို့. ….ကိုတောကျော်။ ဒီနေ့ကော အခြေအနေ ဘယ်လိုလဲ”

ဟု လှမ်းကာမေးလေ၏။ ထိူအခါ မုဆိုးတောကျော်သည် ထိုနွားကျောင်းနေသူအား လှည့်ကြည့်လာကာ

” ဪ…ကိုလှဆောင်ပါလား။ ကျုပ်ကတော့ ထုံးစံအတိုင်း အချစ်တော်လေးတွေပဲ ပစ်လာတာပေါ့ဗျာ။ ကဲ သွားပြီဗျို့ “

ဟု ပြန်လည်ဖြေကြားရင်း သူနေထိုင်ရာ တဲကလေးဆီကို ဦးတည်၍ ထွက်သွားလေတော့၏။

****

တောကျော်သည် မိဘမဲ့ တစ်ယောက်ပင်။ သူ၏ မိဘနှစ်ပါးမှာ သူသုံးနှစ်သားအရွယ်ခန့်တွင် ကာလ၀မ်းရောဂါကြောင့် ကွယ်လွန်ခဲ့ရ၏။ ထိုအခါတွင် သူ့အား သုံးတန်လှရွာမှ မုဆိုးကြီး ဦးဘတူမှ ခေါ်ယူမွေးစားခဲ့၏။ ဦးဘတူသည် အိမ်ထောင်မရှိ။ တစ်ကိုယ်တည်းနေသူမို့ သူတော၀င် အမဲလိုက်ချိန်တိုင်းတွင် တောကျော်အား ကျောပိုး၍ ခေါ်ဆောင်သွားတတ်၏။

သို့နှင့် တောကျော်မှာ အရွယ်ရောက်လေပြီးသောအခါ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ ဆိုသကဲ့သို့ ပင် ဦးဘတူ၏ မုဆိုး ပညာရပ်တို့ကို အလိုလို ဆက်ခံမိခဲ့တော့သည်။

တောကျော်လူပျိုကြီး ဖားဖား ဖြစ်ချိန်တွင်တော့ ဦးဘတူမှာ တစ်ကိုယ်တည်း တောလိုက်ရင်းဖြင့် မျောက် တစ်ကောင်ကို ပစ်ခတ်ခဲ့၏။ မျောက်မှာ ချက်ကောင်းကို မထိ။ သို့သော် အပင်ပေါ်မှ ပြုတ်ကျလာခဲ့ပြီး ဦးဘတူ သွားကောက်ချိန်တွင်တော့ ရုတ်တရက် ဦးဘတူ အပေါ် ခုန်တက်ကာ လည်ပင်းကို ကိုက်ခဲလေသည်။ ဦးဘတူမှာ သူ့အပေါ် တက်ကာ ကိုက်ခဲလာသော မျောက်အား ဓားမြှောင့်ဖြင့် ထိုးသတ်လိုက်၏။ သို့ရာတွင် ဦးဘတူမှာ ကံမကောင်းလှ။ မျောက်၏ ကိုက်ခဲမှုမှာ သူ့လည်ပင်းရှိ သွေးလွှတ်ကြောကို ကိုက်မိခဲ့သည်မို့ အကြောင်းမလှစွာဘဲ ထိုနေရာတွင်ပင် သွေးထွက်လွန်ကာ အသက်သေဆုံးခဲ့ရတော့၏။

တောကျော်မှာလည်း ထိုအချိန်မှ စ၍ ဦးဘတူ သေဆုံးမှုနှင့် ပက်သက်ပြီး မျောက်သတ္တဝါများကို အမုန်းကြီး မုန်းတီးခဲ့မိတော့၏။ သို့ကြောင့် ဦးဘတူ အတွက် လက်စားချေသည့်အနေဖြင့် သူသည် လက်ကျန် မုဆိုးဘ၀ကို မျောက်များကို လိုက်လံရှာဖွေသတ်ဖြတ်နေရင်းဖြင့်သာ ဖြတ်သန်းနေတော့၏။

စားသောက်ရာတွင်လည်း မျောက်သားကိုသာ အောင်သေအောင်သား စားသည့်အနေဖြင့် မက်မက်မောမော စားသောက်တတ်လာ၏။ သို့နှင့် အချိန်ကြာလာသောအခါ၀ယ် တောကျော်မှာ မျောက်သား မစားရလျှင် မနေတတ်တော့ပြီ။ သို့ဖြစ်၍ တောကျော်မှာ သူ့နေ့တိုင်း မျောက်သား စားရစေရန် လိုက်လံပစ်ခတ်ခြင်းအပြင် ထေါင်ချောက်ဆင်၍ပါ ဖမ်းလာ၏။

ပစ်ခတ်၍ မိသော မျောက်အသေများကို ချက်ချင်း ချက်ပြုတ်စားသောက်ပြီး ထောင်ခြောက်ဖြင့် မိသော မျောက်အရှင်များကိုမူ သူ၏ အိမ်နောက်ဘက်၀ယ် လှောင်အိမ်ကြီး တစ်ခုဆောက်ကာ ပိတ်လှောင်ထားပြီး သူတောသို့ မ၀င်ဖြစ်သော ရက်များတွင် လှောင်အိမ်မှ မျောက်များကို ရက်ရက်စက်သက် သတ်၍စားသောက်လေ၏။ ထိုသို့သော အပြုအမူများကို သုံးတန်လှရွာမှ လူကြီး သူမများက မလုပ်ရန် တားမြစ်သော်လည်း မရ။ သူလုပ်ချင်ရာကိုသာ ဆက်လက်လုပ်ဆောင်နေမြဲပင်မို့ ရွာသူရွာသားများက တောကျော်အား ရှောင်ဖယ်လာကြ၏။ သို့နှင့် အချိန်အနည်းငယ်ကြာလာသောအခါ တောကျော်မှာ ရွာအတွင်း မနေတော့ဘဲ ရွာနှင့် ခပ်လှမ်းလှမ်းရှိ တောစပ်တွင် အိမ်ဆောက်ကာ တစ်ကိုယ်တည်း နေလေတော့သည်။

တောကျော်သည် တောအစပ်ရှိ သူ၏နေအိမ် ခြံစည်းရိုး ပတ်လည်ရှိ တိုင်များတွင် သူသတ်စားပြီးသော မျောက်တို့၏ ဦးခေါင်းခွံတို့ကို ချိတ်ဆွဲထားလေသည်မို့ သူ့အိမ်မှာ အဝေးမှ မြင်ရုံဖြင့်ပင် မြင်ရသူအဖို့ သို့လော သို့လော အတွေးတို့ ၀င်ရောက်လာနိုင်ပြီး လွန်စွာ ခြောက်ခြားဖွယ်ကောင်းလှသည်မို့ ရွာသူရွာသားများက ဝေးဝေးက ရှောင်ရှားကြ၏။

*****

တောကျော် အခုတလော စိတ်အလိုမကျ ဖြစ်နေရသည်။ အဘယ့်ကြောင့်ဆိုသော် သူ မျောက်သား မစားရသည်မှာ အတော်ကြာနေပြီ။ ရာသီဥတုကလည်း မိုးကာလဆီ ရောက်ရှိပြီ ဖြစ်သောကြောင့် ယခင်လို တောသို့ ၀င်ရောက်ရာတွင် သိပ်အဆင်မပြေလှ။ သူပစ်ခတ်နေကျ တောဆီတွင်လည်း မျောက်များကား မရှိတော့ပေ။ အိမ်တွင် လှောင်ထားသော မျောက်များသည်လည်း ကုန်လေပြီ။ သို့ဖြစ်သောကြောင့် တောကျော် မျောက်သားနှင့် ဝေးကွာနေရ၏။ သို့ကြောင့် တောကျော် စိတ်အလိုမကျ လှ။

ထိုသို့သော အကြောင်းများကြောင့် နေသာလေသာသော နေ့တစ်နေ့တွင်တော့ တောကျော် မျောက်ပစ်ရန် ရိုးမတောထဲသို့ သူ၏ လက်စွဲတော် သေနတ်ကို ကိုင်ကာ ချဉ်းနင်း၀င်ရောက်ခဲ့လေတော့သည်။

*****

” တောက်”

တောကျော် စိတ်တိုနေရ၏။ သူ ယနေ့တောထဲ၀င်လာတာ နေမွန်းတည့်ချိန်ပင် ရောက်တော့မည်။ သို့အချိန်အထိ မျောက်တစ်ကောင်တစ်လေပင် မမြင်ရ။ သူဖြတ်သန်းလာခဲ့ရာ တောတွင် တစ်လျှောက် အခြားသားကောင်များကို တွေ့ရှိခဲ့ရသော်လည်း တောကျော် မပစ်ခဲ့။ သူ၏ ရည်ရွယ်ချက်သည် မျောက်ပစ်ရန်ပင် မဟုတ်ပါလား။

” ဟူး…”

တောကျော် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း အရိပ်အာဝါသကောင်းသော သစ်ပင်တစ်ပင်အောက်ဆီ ၀င်နားလိုက်သည်။ ပြီးနောက် သူ့အိတ်ထဲမှ ပုလင်းဖြင့် ထည့်လာသော တောအရက်ပုလင်းကို ထုတ်ပြီး တစ်ကျိုက်မော့သည်။

တောအရက်၏ ပူခါးခါး အရသာသည် သူ၏ လည်ချောင်းတစ်လျှောက်ဆီ စီးဆင်းသွားလေ၏။ သူ နောက်တကျိုက်ကို မော့သောက်ပြန်သည်။ ဤကဲ့သို့ သုံးလေးကြိမ်ခန့် မော့ပြီးချိန်တွင်တော့ တောကျော်၏ သွေးသားတို့ ဆူပွက်လာလေ၏။ ပုလင်းထဲမှ အရက်သည်လည်း တစိပိုင်း ကျိုးလုပြီ။ တောကျော် ဆက်မသောက်တော့။ ပုလင်းကို အိတ်ထဲပြန်ထည့်သည်။ ထို့နောက် သူဘာဆက်လုပ်ရမည်ကို စဉ်းစားကာနေလေ၏။

အတန်ကြာသောအခါ၀ယ် တောကျော် ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီး ထိုင်နေရာမှ ထကာ သစ်ပင်အောက်ဆီမှ ထွက်သွားလေတော့၏။ သူ၏ ခြေထောက်များသည်ကား သည်ကား နတ်တောင်ဟု အမည်ရှိသော တောင်ကြီး ဆီသို့ ဦးတည်လျှက်။

*****

နတ်တောင်။

ထိုတောင်ကြီးသည် ယခုတောကျော် ရောက်ရှိနေသော တောင်နှင့်ဆိုလျှင် ခြေကျင်ခရီး သုံးနာရီခန့် ရှိပေမည်။

နတ်တောင် ဟု အမည်တွင်ရခြင်းမှာ ထိုတောင်သည် လွန်စွာ အစောင့်အရှောက်ကြီးပြီး အမှားအယွင်း မခံဟု နာမည်ကြီးလေ၏။ သို့ကြောင့် ထိုတောင်အား လူသူအရောက်အပေါက် အလွန်နည်းလေသည်။ သို့ကြောင့် ထိုတောင်ဆီတွင် သားကောင်များ အလွန်ပေါများ၏။ အထူးသဖြင့် မျောက်များ အလွန်ပေါများ၏။ ဤသည်ကို ဦးဘတူ ပြောပြဖူးသဖြင့် တောကျော်သိနေသည်။ သို့သော် ဦးဘတူ မသေခင်က တောကျော်အား ထိုတောင်တွင် အမဲမလိုက်ရန် အတင်းအကျပ်တားမြစ်ထားဖူး၏။

ယခုတော့ တောကျော်သည် ထိုတားမြစ်ချက်ကို သူ၏ အစာရမ္မက်ကြောင့် ချိုးဖောက်လိုက်လေပြီ။ သူနတ်တောင်ရှိရာဆီကို စိတ်လောကြီးစွာဖြင့် လျှောက်လှမ်းနေ၏။

နေစောင်းချိနိတွင်တော့ တောကျော် နတ်တောင်ဆီကို ရောက်ရှိလေပြီ။ နတ်တောင်ကြိးဆီတွင်တော့ သစ်သီး၀လံများမှာ လောကကြီးကို အားမနာတမ်း ပြွတ်နေအောင် သီးနေလေ၏။ အပင်များ၏ အောက်ခြေတွင်လည်း အမှည့်လွန် သစ်သီးတို့ ကြွေကျနေလျှက်ရှိနေသည်။ တစ်ခါတစ်ရံတွင် သစ်ပင်များပေါ်၌ ကြောင်တစ်ကောင်စာ နီးနီးရှိသော ရှဉ့်ငပေါများ ပြေးလွှားနေသည်ကို တွေ့မြင်နေရ၏။

တောကျော် တစ်ယောက်တောထဲကို ခြေသံလုံလုံဖြင့် တဖြေးဖြေးတိုး၀င်လာခဲ့၏။ ထိုအချိန်၀ယ် ရုတ်တရက် မိုးမှာ သည်းထန်စွာ ရွာချလာ၏။ သို့ကြောင့် တောကျော် မိုးခိုရန် နေရာကို အချိန်ပေး၍ ရှာဖွေမနေတော့ဘဲ နီးစပ်ရာ သစ်ပင်ကြီး တစ်ပင်အောက်သို့ ပြေး၀င်လိုက်တော့သည်။

နာရီ၀က်ခန့်ကြာသောအခါတွင်တော့ မိုးအနည်းငယ်စဲလေပြီ။ အမှောင်ထုတို့ ကြီးစိုးလာ၏။ ထိုအချိန်၀ယ် မိုးရွာထားသောအရှိန်ကြောင့် နတ်တောင်ကြီးဆီ၀ယ် တောင်ခိုးတောင်ငွေ့များ ထွက်နေ၏။ သို့ကြောင့် တောကျော်၏ ပတ်၀န်းကျင်တွင် မြင်ကွင်းများမှုန်ဝါးဝါးဖြစ်နေရ၏။

တောကျော် မိုးခိုနေသော အပင်အောက်မှ ထွက်ရန်ပြင်လိုက်သည်။ ထိုစဉ်

” ဝေါ…ဖျော ဖျော..”

ဟူသော အသံတစ်ခုက သူ မိုးခိုနေသော အပင်ထက်ဆီမှ ထွက်ပေါ်လာ၏။ သို့ကြောင့် တောကျော် အသာငြိမ်နေလိုက်ကာ အပင်ပေါ်ကို မော့ကြည့်လိုက်သည်တွင်

” ဟင်…”

တောကျော်၏ မြင်ကွင်းတွင်မြင်လိုက်ရသည်က မျောက်ညိုကြီး တစ်ကောင်ပင်။ မျောက်ညိုကြီးမှာ တောကျော်အား မမြင်ပဲ သစ်ကိုင်းသစ်ခက်အချို့ကို ချိုးဖဲ့နေကာ အိပ်ရန်နေရာ လုပ်နေဟန်တူ၏။

ဤသည်ကိုကြည့်၍ တောကျော်မှာ ရေငတ်နေစဉ် ရေတွင်းထဲကျသကဲ့သို့ဖြစ်ပြီး ၀မ်းသာသွားရကာ သူ၏ လက်ထဲမှ တူမီးသေနတ်ကို အသင့်ပြင်ကာ မျောက်ကြီးဆီ ထိုးချိန်လိုက်ပြီး အသက်အောင့်ကာ မောင်းခလုတ်ကို ဖြေးညှင်းစွာ ဆွဲချလိုက်တော့သည်။

” ဒိန္​း….”

” ဝုန်း…ဗြုန်း….ဘုတ်”

တောကျော် ပစ်လိုက်သော သေနတ်သံသည် တိတ်ဆိတိနေသော နတ်တောင်ကြီး တခွင်ကို ပဲ့တင်ထပ်သွားစေ၏။ သေနတ်သံ၏ အဆုံးတွင်တော့ အပင်ပေါ်မှ မျောက်ညိုကြီးမှာ မြေပြင်ဆီသို့ အရုတ်ကြိုးပြတ်ပြုတ်ကျလာလေတော့၏။ ပြီးနောက် မြေပြင်ဆီတွင် ဆန့်ငင်ဆန့်ငင်ဖြစ်နေလေ၏။

တောကျော်မှာတော့ သူ့လက်ချက်နှင့် မျောက်ညိုကြီး ခံစားနေရသည်ကို ကြည့်ကာ ၀မ်းသာ ပြုံး ပြုံးလိုက်၏။ ပြီးနောက် သူ၏ ခါးတွင် ချိတ်ထားသော ဓားမြှောင်နှင့် ဝါးဆစ်ဗူးတစ်ဗူးအား ဆွဲဖြုတ်လိုက်ပြီး မျောက်ညိုကြီးထံ ချည်းကပ်သွားလိုက်၏။

ထို့နောက် မျောက်ညိုကြီး အား ဆွဲထူကာ လည်မျိုဆီသို့ ဓားမြောင်ဖြင့် တစ်ချက်လှီးကာ ပန်းထွက်လာသော သွေးတို့ကို ဝါးဆစ်ဗူးဖြင့် ခံယူလိုက်သည်။ ပြီးနောက် သူ့ဆီတွင် ပါလာသော အရက်ပုလင်းကို ထုတ်လိုက်ပြီး မျောက်ညို၏ သွေးတို့ကို ရောကာ သောက်သုံးလိုက်၏။ မျောက်ညို၏ သွေးနှင့် အရက်ရောကာ သောက်သုံးပါက ယောက်ျားတို့အတွက် လွန်စွာခွန်အားဖြစ်စေသည်ပင်။

” အားပါး….ကောင်းလိုက်တာကွာ”

တောကျော် တစ်ကြိုက် မော့သောက်လိုက်ပြီး ခပ်ညည်းညည်းပြောလိုက်သည်။ ထိုစဉ်

” ဝေါ…ဝေါ….ဝုန်း”

“ဟာ ဘာဖြစ်တာလဲဟ”

တောကျော်၏ ပတ်၀န်းကျင်တွင် တော်လှဲသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ မှောင်ရီ ဝိုးတဝါးဖြစ်နေသော အလင်းရောင်အောက်တွင် လျှပ်စီးလက်သကဲ့သို့ အလင်းရောင်များ ဟိုမှ၊ သည်မှ ထွက်ပေါ်လာ၏။

” ဟား….ဟား……ဟား…..ဟား….
ဟား…..”

” ဟင်…”

အဘယ်ဆီမှ ထွက်ပေါ်လာသည်မသိသော ရယ်သံနက်ကြီးကား တောကျော်၏ နံဘေးနားတွင် ပတ်ချာလည်နေ၏။ တောကျော် ရယ်သံထွက်ပေါ်လာရာဆီကို ပတ်ပတ်လည် လိုက်ရှာကြည့်သော်လည်း အသံပိုင်ရှင်ကို မတွေ့ရ။ တောကျော် တဖြေးဖြေး ကြောက်စိတ်တို့ကို တားဆီးမရတော့။ သို့နှင့် တောကျော် ဆုံးဖြတ်တစ်ခုကို ချလိုက်ပြီး သူ၏ လက်ထဲမှ တူမီးသေနတ်ကို ယမ်းအမြန်ထောင်းကာ မိုးပေါ်ထောင်၍ ပစ်လိုက်တော့သည်။

” ဒိန္​း….”

ကျယ်လောင်သော သေနတ်သံကြောင့် ပတ်၀န်းကျင်မှ ဆူညံနေသော အသံများ ရုတ်ခြည်းတိတ်ဆိတ်သွား၏။ ထို့ကြောင့် တောကျော် သဘောကျသွားပြီး

” ဟား…ဟား….တောကျော်ကွ။ တစ်ကျော်ထဲရှိတယ်။ ဒါမျိုးလာမစမ်းနဲ့။ ဟား…ဟား…တောစောင့်နတ်တွေကော၊ တောင်စောင့်နတ်တွေကော သောက်ဂရုမစိုက်ဘူး ဟား…ဟား…”

ဟု အားရပါးရ ရယ်မောနေတော့၏။ ထိုစဉ်

” ဟယ်…ငမိုက်သား။ ငါ့နေရာကိုလာပြီး ငါ့သားသမီးကို သတ်တယ်။ အခု ငါ့ကိုပါ စော်ကားမော်ကား ပြောလာပြန်ပြီ။ နင့်ကိုတော့ ကြီးလေးတဲ့ အပြစ်ပေးမှ ရတော့မယ်”

ဟု အသံနက်ကြီး အား တောကျော်သူ၏ နောက်ကျောဆီမှ ကြားလိုက်ရ၏။ သို့ကြောင့် တောကျော် လှည့်ကြည့်လိုက်သည်တွင်

” ဟာ ဟာ ဘာကြီးလဲ”

သူမြင်လိုက်ရသည်က အထက်အောက် အမည်းရောင် အ၀တ်ကို ဆင်မြန်းထားသည့် အဖွားအိုတစ်ဦး။ အဖွားအို၏ မျက်နှာသည် လွန်စွာ တင်းမာ ခက်ထန်နေပြီး တောကျော်အား စားတော့ ဝါးတော့မတတ် မျက်လုံးဖြင့် စိုက်ကြည့်နေ၏။

သို့သော် တောကျော်မှာ အဖွားအိုကို ကြည့်ကာ မထီတရီ ပြုံးလိုက်ပြီး

” ဟင်း ဟင်း ခင်ဗျားလို အဖွားကြီးက ကျုပ်ကို ဘာလုပ်နိုင်မှာ မို့လို့လဲ ဟား…ဟား…”

ဟု အော်ရယ်လိုက်ပြီး လက်ထဲမှ သေနတ်ကို အဖွားအို ထံ ထိုးချိန်လိုက်သည်တွင်

” အ…အား….အစ်…အစ်”

တောကျော် လှုပ်၍ မရတော့။ သူ၏ လက်အစုံသည် နဂိုနေရာဆီမှ ရွေံလျားမှုလုံး၀မရှိ။ ထို့ပြင် တစ်ကိုယ်လုံးကိုလည်း မြွေတစ်ကောင်မှ တင်းကျပ်စွာ ရစ်ပတ်ထားသလို ခံစားလိုက်ရ၏။ သို့ကြောင့် တောကျော်မှာ ကြောက်အား လန့်အားဖြင့် ရုန်းကန်နေလေသည်။

” ဟား…ဟား…ဟား….ဟား…”

အဖွားအိုမှာ တောကျော်ကို ကကည့်၍ အားရပါးရရယ်မောလိုက်ပြီး နောက် သူရပ်နေရာမှပင် တောကျော်ထံ လက်ညိုးလှမ်းထိုး၍

” နင်…ငါသားကို သတ်ပြီး သွေးသောက်တဲ့ကောင်။ အခုငါ နင့်ကို ငါ့သားအတွက် ကျိန်စာတိုက်မယ်။ ငါ့ရဲ့ အမှုတော်ကို ထမ်းရွက်နေတဲ့ ငါ့သားကို နင်က သတ်ခဲ့တဲ့အတွက် ငါ့သားကိုယ်စား နင်က ငါ့ဆီမှာ အမှုတော်ထမ်းရွက်ရမယ်။ နင်သောက်ခဲ့တဲ့ ငါ့သားရဲ့ သွေးတွေသည် နင့်ကိုယ်ထဲမှာ အမြဲလိုလို ဆူပွက်နေစေရမယ်။ အကယ်၍ ဒီကျိန်စာကို ပြယ်လိုပါက နင်ဟာ ငါ့ဆီက ထွက်တဲ့ ကျင်ငယ်ရည်ကို သောက်ပြီးမှသာ ပြယ်ရစေမယ်…ဟေ့….”

အဖွားအို၏ ကျိန်စာတိုက်သံကြီးကား နတ်တောင်ကြီး တခွင်ကို ပဲ့တင်ထပ်သွားစေ၏။ ကျိန်စာ၏ အဆုံးတွင်တော့ တောကျော်မှာ မတ်တပ်ရပ်နေရာမှ တဖြေးဖြေး ဒူးတုပ်၀ပ်ဆင်းလာပြီးနောက် လက်နှစ်ဖက်ကို ဦးခေါင်းထက် ယှက်ဖျာကာ အရိုအသေပေးသကဲ့သို့ ပြုလုပ်လိုက်ပြီး နောက် သူ၏ အ၀တ်အစားများကို ဆွဲဖြဲလေတော့သည်။ အ၀တ်အစားများ ကုန်ပြီးသောအခါတွင် ကုန်းကုန်းကွကွဖြင့် ထလာပြီး သူကိုင်သော တူမီးသေနတ်အား ကောက်ယူ၍ နံဘေးရှိသစ်ပင်ကြီး ရှိရာကို ပြေးသွားကာ ” တဖြောင်းဖြောင်း” မြည်အောင်ရိုက်ချိုးလိုက်ပြီး
အဖွားအိုကို လှည့်ကြည့်ကာ ပါးစပ်မှ တစ်စုံတစ်ရာကို ပြောလာသော အသံတို့သည် မျောက်တစ်ကောင်၏ အော်သံဖြစ်သော ” ကွိ…ကွိ ကွစ်…ကွစ် ” ဟူသော အသံသာထွက်လာလေ၏။

ထို့နောက်တွင်တော့ တောကျော်သည် သူသေနတ်ရိုက်ချိုးလိုက်သော သစ်ပင်ကြီး ပေါ်သို့ မျောက်တစ်ကောင်နှယ် ကုတ်ကပ်တွယ်တက်သွားလေတော့သည်။ ဤသည်ကို ကြည့်၍ အဖွားအိုသည်

” ဟား…ဟား….ဟား….ဟား…”

ဟု အော်ရယ်ရင်း ပုံသဏ္ဍာန်သည်တဖြေးဖြေးေ၀၀ါးလာကာ နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားလေတော့၏။

*****

ထိုဖြစ်ရပ်ဖြစ်ပွားပြီး တစ်နှစ်ကျော်ခန့်အကြာ။ နွေဦးရာသီ၏ သာယာလှသော နေ့တစ်နေ့၀ယ်။

ကျွန်တော်နှင့် စိုးလေးတို့ သုံးတန်လှ သစ်ထုတ်လုပ်ရေးစခန်းဆီသို့ တောင်သာမြို့မှ တဆင့် သစ်တင်သွားမည့် ခါလီ(ကုန်မပါ) သစ်တင်ယာဉ်ဖြင့် အကြုံလိုက်ခဲ့ကြသည်။ သစ်ထုတ်စခန်းဆီကို သွားကြမည့် ယာဉ်အစီးရေမှာ ကျွန်တော်တို့ အကြုံလိုက်စီးမည့်ဂျီအမ်စီ ခြောက်ဘီးယာဉ်အပါအ၀င် အားလုံးပေါင်း လေးစီးဖြစ်လေ၏။

ကားများမှာ နံနက်ဆယ်နာရီ ၀န်းကျင်ခန့်တွင် တောင်သာမြို့ကလေးဆီမှ ထွက်ခဲ့ကြပြီး နေ့လည် မွန်းတည့်ချိန်တွင်တော့ သာမန် မိန်းလမ်းမကြိ်းမှ ခွဲထွက်၍ ရိုးမပေါ်ကို မေးတင်တက်ရောက်မိချေတော့၏။

သစ်ထုတ်လုပ်ရေးလမ်းမှာ မြေသားလမ်းဖြစ်ပြီး တောင်ပေါ်လမ်းဖြစ်သည့်အတွက် အတက်အဆင်း၊ အလူးအလိမ့်များသည့်အပြင် နွေဦးရာသ်ီ ဖြစ်သည့်အတွက်ကြောင့် ကားတစ်စီး ဖြတ်မောင်းလိုက်တိုင်း ဖုန်လုံးကြီးများ လိမ့်လိမ့်တက်လာလေ၏။ ထို့အပြင် ကားများမှာ သစ်တင်သည့်ကားများဖြစ်သည့်အတွက် ကားခေါင်စခန်းမှာ တံခါးပိတ်များ မပါလေပြီမို့ ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးနှင့် ကားဆရာ၊ စပယ်ယာကောင်လေးတို့မှာ မစားသာလှ။ လူတွေမှာ ဖုန်းခိုးရှုရသည့်အပြင် ကပ်ညိနေသော ဖုန်မှုန့်များကြောင့် တစ်ကိုယ်လုံး ဖွေးဖွေးဖြူနေရတော့၏။

သို့နှင့် ညနေစောင်း လေးနာရီ၀န်းကျင်ခန့်တွင်တော့ ကျွန်တော်တို့ ယာဉ်တန်းမှာ သုံးတန်လှ သစ်ထုတ်လုပ်ရေးစခန်း၏ ကားရပ်ကွင်းဆီကို ရောက်ရှိလေတော့၏။

ထို့နောက် ကျွန်တော်နှင့် စိုးလေးတို့မှာ ကားပေါ်မှ အထုပ်အပိုးများချပြီးနောက် အနီးတွင်တွေ့ရသော ဆင်ဦးစီးတစ်ယောက်အား ကိုအေးချိုနေထိုင်ရာ တဲဆီကို မေးမြန်းပြီး လိုက်ပို့ရန် အကူအည်ီ တောင်းလိုက်၏။ ဆင်းဦးစီးမှာ အသက်နှစ်ဆယ်၀န်းကျင်ခန့်မျှသာ ရှိမည့် ကရင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး တိုင်းရင်းသားတို့၏ ဓလေ့အတိုင်း မနောဖြူလှသူပေမို့ ကျွန်တော်တို့နှစ်ဦးအား ရက်ရက်ရောရောပင် သူ၏ ဆင်ပေါ်ခေါ်တင်၍ ကိုအေးချိုနေထိုင်ရာ တဲဆီအထိ အရောက်ပို့ပေးလေတော့သည်။

တဲဆီသို့ရောက်သောအခါ၀ယ် ကိုအေးချိုမှာ ဖုန်များပေလူးနေသော ကျွန်တော်တို့နှစ်ယောက်အား မမှတ်မိပေ။ သို့ကြောင့် ကျွန်တော်မှ ” ဟိတ်လူ…ကျွန်တော် ကိုစိုင်းလေဗျ ာ” ဟု ဆိုလိုက်လေမှ မှတ်မိလေပြီး ကျွန်တော်တို့ပုံစံအားကြည့်ကာ သဘောအကျကြီး ကျနေလေတော့၏။

ပြီးနောက် ကိုအေးချိုမှ

” ကဲ ကိုစိုင်း…ခရီးပန်းလာတာဆိုတော့ ခဏတော့ နားလိုက်ဦး။ ကျွန်တော် ခင်ဗျားတို့ ရေချိုးဖို့နဲ့ စားဖို့သောက်ဖို့ သွားစီစဉ် လိုက်ဦးမယ်” ဟု ဆိုကာ ကုန်းပေါ်မှ ဆင်းသွားလေ၏။

ကိုအေစချိုထွက်သွားပြီးနောက် ကျွန်တေ.်နှင့် စိုးလေးတို့မှာ အထုပ်အပိုးများချပြီး တဲပေါ်တွင် ခေတ္တတုံးလုံးလှဲကာ နားနေလိုက်ကြတော့၏။

တအောင့်မျှကြာသောအခါ ကိုအေစချိုပြန်ရောက်လာ၏။ ထို့နောက် ကျွန်တော်တို့နှစ်ယောက်အား ရေချိုးရန်ပြင်ဆင်စေကာ သစ်ကွင်းအောက်ရှိ တောင်ကျချောင်းကလေးဆီသို့ ခေါ်ဆောင်၍ ရေချိုးစေတော့၏။

ကျွန်တော်နှင့် စိုးလေးတို့မှာ ခရီးပန်းလာသည်ကတစ်ကြောင်း၊ တစ်လမ်းလုံး ဖုန်ခိုးများ၏ နှိပ်စက်မှုတို့ကြောင့် စိတ်ပင်ပန်းရသည်ကတစ်ကြောင်းကြောင့်ပေမို့ တောင်ကျချောင်းကလေးဆီတွင် ရေကို စိမ်ပြေနပြေ ချိုးလိုက်ကြလေတော့၏။

ရေချိုးပြီးနောက် ကျွန်တော်တို့ သစ်ကွင်းဆီပြန်လာခဲ့ကြပြီး ကိုအေးချိုမှ ညရောက်လျှင် ကျွန်တော်တို့အတွက် ပွဲတစ်ခု စီစဉ်ထားကြောင်းပြောပြ၏။

ထို့နောက် သူ၏ တဲတွင် ၎င်း၏ တပည့်နှစ်ဦးပြင်ဆင်ပေးထားသည့် ညနေစာကို စောစောစီးစီး စားစေတော့၏။

ထမင်းဝိုင်းတွင် ပါ၀င်သော ဟင်းများမှ တောထွက်သီးနှံများဖြစ်သော ညောင်ချဉ်ဖူး ချဉ်ရည်ဟင်း၊ ငရုတ်သီးစပ်စပ်ဖြင့် ထောင်းထားသော ငပိထောင်း၊ ဇရစ်ရိုးတို့စရာတို့အပြင် ဆတ်သားခြောက်အား ဆီအိအိဖြင့် နှပ်ကာထားသော ဆတ်သားခြောက်ဆီဆမ်း၊ ကိုအေးချို၏ တပည့်တွေ လိုက်လံ၍ ဖမ်းဆီရှာဖွေခဲ့သော ငါးကလေးတွေကို ဆီပူတိုက်ထားသော ငါးကြော်ဟင်းတို့မှာ ကျွန်တော်တို့ နှစ်ဦးအား ထမင်းစားပွဲဆီမှ ခေါင်းမဖော်နိုင်အောင် ဆွဲဆောင်လိုက်လေတော့၏။

****

ည။

စခန်းရှိ တဲများ၏ အလယ်တွင် မီးဖိုကြီးတစ်ခု ဖိုထားပြီး နံဘေးတွင် စားပွဲဝိုင်းအချို့ ချ၍ တောတွင်းညစာစားပွဲလေးတစ်ခုကို ကျင်းပပြီး ကိုအေးချိုမှ ကျွန်တော်တို့အား ဧည့်ခံလေ၏။

အမြည်းအဖြစ် ကိုအေးချို ကြိုတင်စီစဉ်ထားသော စခန်းတွင် မွေးထားသည့် ကြက်နှစ်ကောင်အား ကာလသားချက်ချက်ကာ ကျွန်တော့်ထံတွင်ပါလာလေသော ဝီစကီနှစ်လုံးထောင်၍ ပွဲတော်တည်ခင်းကြ၏။

မီးပုံပွဲမှာ ကျွန်တော်တို့သုံးယောက်အပြင် သစ်ထုတ်စခန်းမှ အခြား၀န်ထမ်းသုံးလေးဦးခန့်ပါလေရာ အားလုံး ခုနှစ်ဦးခန့်ရှိပြီး ဝီစကီနှစ်တောင့်အား အားကောင်းမားကောင်း ဝိုင်းဖြိုကြလေရာ တစ်နာရီအတွင်းပင် ဝီစကီနှစ်တောင့်မှာ ခမ်းလုပြီဖြစ်၏။ သို့သော် အားလုံးမှ ာ ရေချိန်မကိုက်သေး။ သို့ကြောင့် ကိုအေးချိုမှ သူ့တပည့်တစ်ဦးအား.

” ဟေ့ နေလင်း။ ကရင်လေးတွေဆီ တောအရက်ရှိသေးသလား သွားမေးကွာ။ ရှိရင် ယူခဲ့လိုက်။ အနက်မှ ငါပြန်၀ယ်ပေးလိုက်မယ်”

ဟု ဆိုလေသည်မို့ နေလင်းဆိုသော ၀န်ထမ်းမှာ အဖေါ်တစ်ယောက်ခေါ်ပြီး ကရင်လေးတွေ ရှိရာဆီ ထွက်ခွာသွားကြ၏။ တအောင့်မျှကြာသောအခါ နေလင်းတို့ ပြန်ရောက်လာကြသည်။ သူတို့နှင့်အတူ ညနေက ကျွန်တော်တို့ကို ဆင်ဖြင့် လိုက်ပို့ပေးသော ကရင်လေးကို တောအရက်ထည့်ထားသော ဂါလံပုံးတစ်လုံးနှင့်အတူ တွေ့လိုက်ရ၏။ နေလင်း၏ လက်ထဲတွင်တော့ ဂစ်တာတစ်လက်ပါလာ၏။

ထို့နောက်တွင်တော့ ကျွန်တော်တို့၏ မီးပုံပွဲလေးမှာ စားရင်းသောက်ရင်း သီချင်းဆိုကြရင်းဖြင့် ပိုမိုစည်ကားလာတော့၏။

ဂစ်တာကို ဆင်ဦးစီး ကရင်လေးနှင့် ကိုအေးချိုတို့က အလှည့်ကျတီးနေကြပြီး ကျွန်တော်တို့ကတော့ ဝိုင်းဆိုရုံ သက်သက်သာ။ ကိုအေးချိုမှာ ကျောင်းသားဘ၀တုန်းက ဂစ်တာပိုက်ကာ ကျောင်းသူများ အ ဆောင်ရှေ့ ၀ယ် သီချင်းဆို သီကျူးတတ်ခဲ့သူမို့ သူ၏ ဂစ်တာလက်သံမှာ ချိုမြလှ၏။ ထို့ပြင် သြရှသော သူ၏ အသံကြီးဖြင့် အဆိုတော် ခင်မောင်တိုး၏ ” ချစ်သူသိစေ” သီချင်းအား သီဆိုလေရာ လွန်စွာ နှစ်ခြိုက်ဖွယ် ကောင်းနေတော့၏။ သို့နှင့် ညဉ့်အတော်ကလေး နက်လာချိန်၀ယ် တောင်ပေါ်သစ်ထုတ်စခန်းလေးဆီ၌ အအေးဓာတ်တို့ တဖြေးဖြေး ကြီးစိုးလာလေပြီ။ ထိုအချိန်၀ယ် ကိုအေးချိုမှ သူ့လက်တွင်ပတ်ထားသော နာရီကို တစ်ချက်ကြည့်လိုက်ပြီး

” ကဲ ကိုစိုင်းရေ…ညဉ့်လည်း အတော်နက်လှပြီဆိုတော့ ကျွန်တော်တို့ ဝိုင်းသိမ်းကြစို့ဗျာ”

ဟု ပြောလာသည်မို့ ကျွန်တော်မှ ခေါင်းကို အသာညိတ်ပြလိုက်တော့သည်။

ထို့နောက် ပစ္စည်းများကို ဝိုင်း၀န်းသိမ်းဆည်းလိုက်ကြပြီး ကျွန်တော် တို့မှာ ကိုအေးချို နေထိုင်ရာ တဲဆီကို ပြန်လာခဲ့ကြ၏။

လဆန်းရက်ပေမို့ လရောင်သဲ့သဲ့က သစ်ထုတ်စခန်းလေးဆီကို ဖြန့်ကျက်နေလေ၏။ သို့သော် ကျွန်တော်တို့မှာတော့ ကိုယ့်ရေချိန်နှင့် ကိုယ်ပေမို့ ထိုအရသာကို ကောင်းစွာ မခံစားမိ။ သို့နှင့် ကိုအေးချို၏ တဲဆီ ရောက်ရှိခဲ့ပြီးနောက် ကျွန်တော်နှင့် စိုးလေးတို့မှာ တဲ၏ အနောက်ဘက်ကို သွားပြီး အပေါ့သွားကြ၏။ ထိုစဉ် ကျွန်တော်တို့့နှင့် ခပ်လှမ်းလှမ်းရှိ အပင်ကြီးထက်မှ

” ဝေါ….ဖျော…ဖျော…ဘုတ်”

ဟူသော အသံနှင့်အတူ မည်းမည်းအကောင်တစ်ကောင် ခုန်ဆင်းချလာလေ၏။ သို့ကြောင့် ကျွန်တော်နှင့် စိုးလေးတို့မှာ လွန်စွာ အံသြသွားကြပြီး

” ဟာ…”

” ဟာ…ဘာကြီးလဲ”

ဟု အာမေဋိတ် အသီးသီး ထွက်ကုန်ကြ၏။ ကျွန်တော်တို့၏ အသံကို ကြားသဖြင့် ထိုအကောင်မှာ ကျွန်တော်တို့ရှိရာကို တစ်ချက်လှည့်ကြည့်လာ၏။ ထိုအခါတွင် လရောင်သဲ့သဲ့အောက်၌ သူ၏ ပုံပန်းသဏ္ဍာန်အား ခပ်ရေးရေး မြင်ရချေတော့သည်။

အကောင်၏ ပုံသဏ္ဍာန်မှာ အမွေးအမျှင်များ မရှိဘဲ လူတစ်ယောက် အ၀တ်အစားမပါသော ပုံသဏ္ဍာန် ဖြစ်ကာ သူ၏ ဦးခေါင်းထက်မှ ရှည်လျားသော ဆံပင်တို့သည် ပုခုံးပေါ် ဝဲကျနေ၏။ သို့သော် ကုန်းကွကွနှင့်မို့ လူဟု ပြောရန်ကလည်း ခက်ရပြန်သည်။ ထိုစဉ် ကျွန်တော်တို့နှစ်ဦး၏ နောက်ကျောဆီမှ

” ကိုစိုင်း…ဘာဖြစ်တာလဲ။ အော်သံကြားလို့”

ဟူမေးလာသောကိုအေးချို ၏ အသံကြောင့် ကျွန်တော်တို့ လှည့်ကြည့်မိလိုက်စဉ်

” ဝှီး….ဖရော…ဖရော…”

. ဟူသော အသံနှင့်အတူ မည်းမည်းအကောင်မှာ နီးစပ်ရာ သစ်ပင်ပေါ်သို့ အပြေးခုန်တက်သွားပြီး အပင်ပေါ်မှ မျောက်တစ်ကောင်ကဲ့သို့ တစ်ပင်နှင့် တစ်ပင် ကူးပြောင်းကာ တောထဲကို ၀င်ရောက်သွားလေတော့၏။ ထိုအကောင်၏ လှုပ်ရှားမှုမှာ လွန်စွာ လျှင်မြန်လှသဖြင့် ကျွန်တော်တို့မှာ လိုက်လို့ မမီတော့ပေ။

ထို့နောက်တွင်တော့ ကျွန်တော်တို့အားလုံးမှာ ထိုသတ္တဝါအား လူလော၊ မျောက်လော၊ ဟုဝေခွဲမရခဲ့ဘဲ ဒွိဟတွေ နှင့် အိပ်ရာ၀င်ခဲ့ကြရတော့၏။

ဆက်ရန်….။

နောင်ရိုး(ဆေးတပ်)