တောသူမကျွန်မရဲ့အမေ(စ/ဆုံး)
——————————-
“ အလကား တောသူမ၊
ဗဟုသုတလည်းမရှိ၊ အသိဉာဏ် အတွေးအခေါ်လည်း မရှိ၊ ကိုယ်ထင်တာကိုယ် အဟုတ်လုပ်တဲ့ အလကား တောသူမ ”
အနှီစကားကို မကြာခဏ ဗျစ်တောက် ဗျစ်တောက် ပြောလေ့ရှိသူကတော့ ကျွန်မရဲ့ မွေးသဖခင်ကြီးပေါ့ရှင်။ ဘယ့်နှယ် ၊ အမေ့ကိုများ၊ နှိမ်ချက်ကတော့။ဒီလိုရေရွတ်တိုင်း ကျွန်မဖြင့် အဖေ့ကိုသာ မျက်စောင်းအတွင် ထိုးတော့တာပါပဲရှင်။
အေးအေးလူလူနေတတ်တဲ့အဖေက မျက်မှန်ကြီးတပ်လို့ စာအုပ်နဲ့မျက်နှာ မခွာစတမ်း၊ တစ်နေကုန် စာအုပ်ဖတ်နေသလောက် အမေကတော့ ချက်ရေးပြုတ်ရေး၊ လျှော်ရေးဖွပ်ရေးအပြင် အိမ်ရဲ့ ဗာဟီရကိစ္စ မှန်သမျှတိုင်းကို စိတ်ထင်သလို လုပ်တတ်ပါတယ်။
မိုးရွာရင်လည်း မိုးရွာထဲထွက်လို့ တံစက်မြိတ်ကကျတဲ့ မိုးရေတွေကို စဉ့်အိုးတွေနဲ့ ခံလားခံရဲ့၊
သည်နားက သစ်ပင်တွေကို ဟိုဘက်ဆီ ပြောင်း စိုက်လားစိုက်ရဲ့၊ ဒါးမတစ်ချောင်းနဲ့ ထင်းခုတ်လားခုတ်ရဲ့နဲ့ နည်းနည်းလေးတောင်မှ ငြိမ်ငြိမ်မနေ၊ အအားမနေတတ်သူဖြစ်ပါတယ်။
အလယ်တည်ဇလုံထဲမှာ ရေစိမ်ထားတဲ့ သရက်သီးစိမ်းစိတ်ကလေးတွေ၊ ဂေါ်ဖီထုပ်ရှစ်စိပ်ထိုးတွေကို တစ်လွှာစီယူပြီး တဂျွမ်းဂျွမ်းဝါးစားရင်း ငရုပ်ခြောက်ကြော်ထောင်းနဲ့ ပုဇွန်ခြောက်ကွေးကွေးကြီးတွေထည့်ဖျော်ထားတဲ့ ငံပြာရည်ချက်နဲ့များ ထမင်းစားရတဲ့နေ့ဆိုရင်၊
အို… ဘာပြောကောင်းမလဲ၊
လျှော့ပြီးတော့ကို စားရပါတယ်ဆို။
ခါးမှာပတ်ထားတဲ့ ထဘီစ ပြောပါတယ်။
အဲဒါကိုများ အဖေကလေ…
“ ငံပြာရည်ကို အဟုတ်လုပ်စားနေတယ်။ ငါးရံ့ကလေးကိုမီးကင်၊ ဖျစ်ညှစ်ပြီး ငရုတ်လှော်ထောင်းလေးနဲ့ ငါးပိရည်ကျိုလေးနဲ့ ကို စားမှ စားတတ်ရဲ့လားမသိပါဘူး၊ သရက်သီးစိမ်းဆိုတာ ထောင်းပြီး ပါစွန်လေးနဲ့ သုတ်မှ စားလို့ကောင်းတာ ”
ပျော်ပျော်ရွှင်ရွှင်ကြီး ကုန်းလွှေးနေတဲ့ ကျွန်မတို့မောင်နှမတစ်တွေဟာ အဖေ့ကို ဘယ်လို မျက်မုန်းမကျိုးပဲ နေပါ့မလဲရှင့်။ အခုတော့ အဖေမရှိတော့တာ နှစ်ပေါင်းနှစ်ဆယ်ခန့်ရှိပြီ ဖြစ်သလို ကျွန်မတို့ရဲ့အရွယ်ဟာလည်း ခြောက်ဆယ်အတွင်းသို့ ရောက်မှန်းမသိ ရောက်နေပါပြီရှင်။
ကိုးဆယ်ကျော်နေပြီဖြစ်တဲ့ အမေ့ကို စိတ်ချမ်းချမ်းသာသာနဲ့ နေနိုင်အောင် ကြိုးစားနေရင်းပေါ့။
“ မောင်ကျော်ခိုင်… ငါ့ဆီလာဦး”
အမေလှမ်းခေါ်တာကြောင့် ကျွန်မရဲ့အိမ်ဦးနတ်ကြီးဟာ အမေထိုင်နေတဲ့ သစ်ပင်ရိပ်အောက်သို့ ဝင်သွားပါတယ်။
အမေ ဘာလို့ ခေါ်ပါလိမ့်။
“ မင်းအင်္ကျီ ငါ့ကို ချွတ်ပေးခဲ့စမ်း၊ နောက်ကျောမှာ အပြဲကြီးက တစ်ထွာလောက်ရှိနေပြီ၊ ငါ ချုပ်ပေးစမ်းမယ် ”
အမေ့စကားသံကြောင့် အိမ်ဦးနတ်ကြီးရဲ့ လှမ်းလက်စခြေလှမ်းဟာ တုန့်ကနဲ ရပ်သွားရုံသာမက တချီတည်း ကွေ့ပြီး ပြန်ပြေးလာပါတော့တယ်။
“ ရတယ်၊ ရတယ်၊ မိမိချုပ်ပေးလိမ့်မယ် ”
အဲဒီကတည်းက အဲဒီအင်္ကျီကျောစုတ်ကို အမေ့ရှေ့မှာ မဝတ်ရဲတော့တာပါပဲ။
အရွယ်ရလာတာနဲ့အမျှ ကျွန်မရဲ့အမေဟာ နေရာတိုင်းမှာ စိတ်လိုက်မာန်ပါ ဖြစ်နေလေရော့သလား။
ပြီးခဲ့တဲ့ တစ်ပါတ်ခန့်က ပေါ့။
အမေက ကျွန်မကို ပြောလာပါတယ်။
“ မောင်ကျော်ခိုင့်ကို ပြောပေးစမ်း။ ဟိုးအရှေ့ဘက်ကထွက်နေတဲ့ သစ်ကိုင်းကြီးကို ခုတ်ပေးစမ်းလို့၊ သစ်ကိုင်းအဖျားတွေက အိမ်ခေါင်မိုးပေါ်ကို ရိုက်နေတာ၊ သွပ်ပြားတွေ ပျက်စီးကုန်လိမ့်မယ် ”
အိမ်ရှေ့မန်ကျည်းပင်ငယ်ရဲ့အရိပ်မှာထိုင်နေတဲ့အမေဟာ အိမ်ဝင်းကွက်လပ်ရဲ့ အလည်က စိန်ပန်းပင်ကြီးကို လက်ညှိုးညွှန်ပြီး ပြောနေတာဖြစ်ပါတယ်။ အပင်ကြီးမျိုးဖြစ်တဲ့အလျောက် စိန်ပန်းပင်ကြီးဟာ မြင့်မြင့်မားမားရှိနေရုံသာမက အကိုင်းအခက်တွေ ဝေဝေဆာဆာ ဖြာထွက်ရင်း အိမ်ဝင်းရဲ့တစ်ဝက်ခန့်ကို ထီးကြီးတစ်ချောင်းသဖွယ် အုပ်မိုးထားပါတယ်။
စိန်ပန်းပင်ကြီးရဲ့အရိပ်ကြောင့် ကျွန်မတို့ရဲ့အိမ်ဟာ သိသိသာသာ အေးမြမှုကို ရရှိစေပါတယ်။
“ ငါ့ကို ခုတ်ခိုင်းနေတာဟေ့။ ငါက ခုတ်မပေးဘူးလို့ပြောလို့ ညည်းကိုခိုင်းနေတာ ”
အမေ့ကို လက်ခါပြပြီးထွက်လာတဲ့ ကျွန်မကို အကိုကြီးက လှမ်းပြီးပြောတာပါ။ စိတ်ထဲမတော့ အမေက နောက်ထပ်အစ်ကိုတစ်ယောက်ကို ခိုင်းတော့မယ်လို့ မချွတ် တွေးပြီးပါပြီ။
အမေ့ရဲ့ငါးယောက်မြောက် သားဖြစ်သူ ကျွန်မအစ်ကိုဟာ သစ်ကိုင်းတွေကို အမေ့စိတ်တိုင်းကျ
ခုတ်ပေးလိုက်ပါပြီ။ အရှေ့ဘက်သစ်ကိုင်းကြီးတင် ဘယ်ကပါ့မလဲ။ မြောက်ဘက်သို့ဖြာထွက်နေတဲ့ သစ်ကိုင်းကြီးပါ အဆစ်ခုတ်ပေးလိုက်ရပါသော်ကောလား။
သစ်ကိုင်းခုတ်ပြီး နောက်ရက်တွေမှာ မန္တလေးမြို့ရဲ့အပူချိန်ဟာ ၄၄° စင်တီဂရိတ်အထိ မြင့်တက်တဲ့နေ့တွေပေါ့။ အိမ်ထဲမှာမနေပဲ အိမ်ဝင်းထဲက သစ်ပင်ရိပ်မှာပဲ တနေကုန်နေလေ့ရှိတဲ့အမေဟာ ထိုင်ခုံကို နာရီဝက်တစ်ခါလောက် ရွှေ့ခိုင်းပါတော့တယ်။ စိန်ပန်းခက်တွေကြောင့် ထူထပ်သိပ်သည်းနေတဲ့ အရွက်တွေဟာ အခုတ်ခံရချိန်မှာ နေကျဲကျဲပူတဲ့ဒဏ်ကို ခံနေရပြီပေါ့။
သင်္ကြန်နောက်ကျမိုးဟာ ဧပြီလ ၂၂ ရက်နေ့ည ရှစ်နာရီမတ်တင်းခန့်မှာ စတင်ခဲ့ပါတယ်။ တဝုန်းဝုန်းနဲ့ ဆောင့်ဆောင့်ပြီး တိုက်လာနေတဲ့လေကြမ်းကြီးကြောင့် ကျွန်မရဲ့ မြေစိုက်တဲကလေးဟာ တသိမ့်သိမ့် ရမ်းခါနေပါတယ်။
“ ဘုရား ဘုရား ၊ ငါ့အိမ်လေးများ လေထဲပါသွားရင်တော့ ဒုက္ခပါပဲ ”
ကြမ်းတမ်းတဲ့လေပြင်းကြီးဟာ သစ်ကိုင်းအဖျားတွေကို ဖြတ်ချပစ်နေပါတယ်။ သစ်ကိုင်းကျိုးသံ၊ သရက်သီးကြွေသံတွေဟာ တဖျောင်းဖျောင်းတဒိုင်းဒိုင်းနဲ့ ဆူညံလို့နေပါတော့တယ်။
နောက်တနေ့မနက်မိုးလင်းတဲ့အခါ အိမ်ဝင်းအနှံ့ပြန့်ကျဲနေတဲ့ သစ်ကိုင်းတွေ သစ်ရွက်ကြွေတွေကို သိမ်းရင်းဆည်းရင်း လှဲရင်း ကျင်းရင်း စိန်ပန်းပင်ကြီးကို မော့ ကြည့် မိပါတယ်။
အပင်ထိပ်နားဆီက အလည်တည့်တည့်ကိုင်းကြီးတစ်ကိုင်းကျိုးကျနေပေမယ့် ရှုပ်ထွေးနေတဲ့ သစ်ကိုင်းတွေကြောင့် အောက်သို့ကျမလာပဲ အပင်ပေါ်မှာ တင်နေတာကို တွေ့ရပါတယ်။
“ လောလောဆယ် ဖယ်လို့ မရသေးတော့ ဒီအတိုင်းထားတာပဲ ကောင်းမယ်ထင်ပါရဲ့”
ဧပြီလ ၂၃ ရက်နေ့ည ရှစ်နာရီခန့်မှာ မိုးသံလေသံတဂျိမ်းဂျိမ်းနဲ့အတူ လေပြင်းတွေဟာ တဝေါဝေါ တိုက်ခတ်လာပြန်ပါပြီ။
“ ကိုကျော်ရေ၊ ကိုကျော်၊ လက်နှိပ်ဓာတ်မီးယူပြီး အပြင်ထွက်ခဲ့ဦး ”
“ ဘာဖြစ်လို့တုံးဟ ”
တဝုန်းဝုန်းတိုက်နေတဲ့ လေပြင်းတွေကြားထဲသို့ ကျွန်မတို့နှစ်ယောက် ဓာတ်မီးနဲ့တိုးဝင်လာရင်း စိန်ပန်းပင်ကြီးဆီသို့ ဓာတ်မီးနဲ့ ထိုးပြလိုက်ပါတယ်။
“ ကိုကျော်… ဟိုး အပေါ်မှာတွေ့လား သစ်ကိုင်းကျိုးကြီးလေ၊ ”
“အေး ဘာဖြစ်လို့လဲ ”
“ လေကအရမ်းတိုက်နေတော့ သစ်ကိုင်းကြီးက အောက်ကိုကျလာရင် လေအရှိန်နဲ့ ဂိုဒေါင်ထဲက ကားပေါ် ကျနိုင်သလားလို့ ”
“ ကားကလည်း အတွင်းထဲ ရောက်နေပါတယ်၊ ကိုင်းကလည်း ကျဖို့ ခက်ပါတယ် မထိလောက်ပါဘူးဟ ”
” အဲဒါဆိုလည်း ပြီးတာပဲ၊ ကျွန်မက စိတ်ပူလို့ရယ်”
ကျွန်မက အိမ်ထဲသို့ ပြန်ဝင်လာခဲ့ပေမယ့် ကိုကျော်ကတော့ ဓာတ်မီးတလက်နဲ့ မီးကို ဟိုဟိုသည်သည်ထိုးကြည့်နေရင်း အပြင်မှာ ကျန်ခဲ့ပါတယ်။ အဲသည်အချိန်မှာပဲ
“ ဝုန်း ” ကနဲ အသံကြားလိုက်ရပါတယ်။
” သစ်ကိုင်းကျလာပြီထင်တယ်၊ ကိုကျော်ရေ … ရှင် ဘယ်မှာတုံး ”
“ ကျိုးနေတဲ့သစ်ကိုင်းကြီးကျလာတာမဟုတ်ဘူး၊ နောက်ထပ်တစ်ကိုင်းထပ်ကျိုးကျလာတာဟ ”
ဝိုင်ဖိုင်ကြိုးအပေါ်ဖိမိသွားတဲ့အတွက် မီးပျက်နေတဲ့အမှောင်ကြီးထဲမှာ မိုးတဖွဲဖွဲကျလာနေပေမယ့် ဓာတ်မီးအလင်းရောင်အားပြုပြီး အကိုကြီးရယ်၊ ကျွန်မရယ်၊ အိမ်ဦးနတ်ကြီးရယ် သုံးယောက်သားဟာ အားကြိုးမာန်တက်နဲ့ သစ်ကိုင်းကြီးကို ရွှေ့ကြရပါတယ်။
နောက်တနေ့မနက်မှာတော့ သစ်ကိုင်းတွေကို ခုတ်ကြရှင်းကြရင်းနဲ့ စိန်ပန်းပင်ကြီးကို မော့ကြည့်မိပါတယ်။ အနောက်ဘက်ကိုသွားတဲ့ကိုင်းကြီးကျိုးကျသွားတဲ့အတွက် အခုဆိုရင် ထီးအကြီးကြီးဖွင့်ထားတဲ့ကဏ္ဌာန် စိန်ပန်းပင်ကြီးဟာ ကိုင်းတွေရော အရွက်ပါကျိုးပြီး ဟင်းလင်းပြင်ဖြစ်သွားပြီပေါ့။
“ အမေက သစ်ကိုင်းတွေကို ဇွတ်ခုတ်ခိုင်းတာကိုး၊ သစ်ပင်က ဟန်ချက်မညီတော့ဘူး၊ လေတိုက်တိုင်း ကျိုးနေပြီ ”
အယ်လ်နီညိုကာလမှာ မေလ တစ်လလုံးဖြတ်သန်းဖို့ ကျန်ပါသေးတယ်။ အိမ်ထဲမှာ မနေနိုင်ပဲ၊ သစ်ပင်ရိပ်မှာ ကြိမ်ပက်လက်ကုလားထိုင်နဲ့ အပြင်မှာပဲ အမြဲထိုင်ချင်တဲ့ အမေ့ကို အထားရခက်ပြီပေါ့။
ပူလိုက်တဲ့နွေ…
အဖေရေ…
အဖေပြောတာမှန်လိုက်တာ၊
အမေ့ကိုလာပြီး ဗျစ်တောက်ဗျစ်တောက် ပြောလှည့်ပါဦးလား။
တောသူမ၊ ဗဟုသုတမရှိ၊ ကိုယ်လုပ်ချင်တာကိုယ် အဟုတ်ထင်တဲ့ တောသူမ … ရယ်လို့။
#ခင်မိမိ_နန်းတော်ရှေ့