မောင်သိက္ခာ
တံငါငတ်စွ ငတ်စွလေး
(၁)
“အဘ ညစာချက်ဖို့ ဆန်မရှိတော့ဘူးတော့်”
ပူတူးမသည် အိမ်နောက်ဖေးတွင် နံနက်စာအတွက် ဆန်ဆေးနေရာမှ အဘဉာဏ်အား လှမ်း၍ပြောလိုက်၏။
ဟုတ်သည်။
အဘဉာဏ်တို့လို တံငါသည်များဘဝမှာ လှေဦးစိုမှ ပါးစပ်စိုသည်။ လှေဦးခြောက်လျှင် ပါးစပ်ခြောက်သည်ဟု ပြောစမှတ်ပြုကြသည်။
အဘဉာဏ် မြစ်အတွင်း ငါးဖမ်းမဆင်းနိုင်သည်မှာ နှစ်ရက်သုံးရက် ကြာပြီ။
တစ်သက်လုံး ပင်ပင်ပန်းပန်း နေပူမရှောင် မိုးရွာမရှောင် အလုပ် လုပ်ရသည့်ဒဏ်သည် ယခုလိုအသက်ကြီးလာတော့ ခံလာရ၏။
ဒူလာသွေးဝမ်းများဖြစ်ပြီး တစ်ကိုယ်လုံး နုံးချည့်ညောင်းညာကာ အလုပ်မလုပ်ချင်သလို ဖြစ်နေ၍ နားနေခြင်းဖြစ်သည်။
အလုပ်သုံးရက်လောက် နားလိုက်လျှင်ပင် အဘဉာဏ်တို့မြေးအဘိုးသုံးယောက်အတွက် စားစရာဆန် မရှိတော့။
မြစ်အတွင်း တစ်နေကုန် ငါးဖမ်းခြင်းလုပ်ငန်းကိုမူ ကျန်းမာရေးကြောင့် မလုပ်နိုင်သေး။
အဘဉာဏ် စဉ်းစားမိ၏။
ယောက်ျားများ ဒူလာသွေးဝမ်းဖြစ်လျှင် ငါးရှဥ့်သွေးကို သောက်ရသည်။ ငါးရှဉ့်နှင့် ဆီးဖြူသီး ရော၍ ချက်စားရသည်။
ခေတ္တခဏသာ လုပ်ရသော ငါးရှဉ့်ဖမ်းထွက်လျှင် ကောင်းမည်။ ဒါမှ ဖမ်းရသော ငါးရှဉ့်အချို့ကို သွေးဝမ်းအတွက် ချက်စားပြီး အချို့ကို ဆန်ဖိုးကလေးရအောင် ရောင်းရမည်။
ပြီးတော့ မြေးဖြစ်သူ ကြွက်နီကိုလည်း လက်တွေ့ ငါးရှဉ့်ထိုးနည်း သင်ပေးရဦးမည်။
မိုးဖြိုင်ဖြိုင်ရွာသော ဝါဆိုဝါခေါင်တုန်းကမူ ပိုင်ဖြင့် ငါးရှဥ့်ဖမ်းနည်းကို ကြွက်နီသာမက မြေးမဖြစ်သူ ပူတူးမကိုပါသင်ပေး၍ မောင်နှမနှစ်ယောက်စလုံး ငါးရှဉ့်ကို ကျွမ်းကျွမ်းကျင်ကျင် ဖမ်းတတ်နေပြီ။
ကြွက်နီက ‘ပိုင်’ ကို လုပ်တတ်သည်။
‘ပိုင်’ ဆိုသည်မှာ ငါးရှဉ့်ဖမ်းသော ကိရိယာဖြစ်၏။ ဝါးယားတစ်လုံးလျှင် ပိုင်ရိုးရိုး တစ်ဆယ့်ငါးလုံးခန့် ရသည်။ ဝါးတစ်လုံး သုံးကျပ်ပေးရသဖြင့် ပိုင်တစ်လုံးမှ ပြားနှစ်ဆယ်ခန့်မျှသာ ကုန်သည်။
ထွာဆိုင်မျှ အလုံးရှိသော ခြင်းကြားရှည်ရှည်ပုံသဏ္ဌာန် တစ်ဖက်ပိတ် ရက်ပြီး၊ တစ်ဖက်ဝတွင် ‘အခင်’ ကိုလက်ယှက်ထိုး တပ်ဆင်ထားခြင်းမျှသာ။
‘ပိုင်’ ကို ညဘက်တွင် ထောင်၍ နံနက်မှပြန်၍ ရေအောက်မှ ဖော်သည်။ ‘ပိုင်’ အဝမှာ အခင်ကြောင့် ငါးရှဉ့်မှာ လွယ်လွယ်ကူကူ တိုးဝင်နိုင်သော်လည်း ပိုင်အတွင်းရောက်ပါက ပြန်မထွက်နိုင်တော့။
အဘယ်ကြောင့်ဆိုသော် အခင်ဟု အဘဉာဏ်တို့ခေါ်သော ဝင်ပေါက်ထွက်ပေါက် လက်ယှက်ထိုး ဝါးချောင်းကလေးများမှာ ပိုင်းအတွင်း၌ ဝါးစချွန်ချွန်ကလေးများ ဖြစ်နေသည်။ ဝါးချွန်ချွန်များက ‘ပိုင်’ မှပြန်ထွက်ရန် ကြိုးစားသော ငါးရှဉ့်ကို စူးပေလိမ့်မည်။
ဝင်လမ်းသာရှိပြီး ထွက်လမ်းမရှိသော ကိရိယာတစ်ခု။
‘ပိုင်’ အတွင်း ငါးရှဉ့်စာအဖြစ် လယ်ပုစွန်လုံးအသေကောင်ကို ထားသည်။ အချို့ကမူ ကျော်စံကေးဖားကလေးများကို မကျက်တကျက် ပြုတ်၍ ဖက်နှင့်ထုပ်ထားသည်။
ပိုင် အတွင်းဝင်လာသော ငါးရှဉ့်က လယ်ပုစွန်လုံး၏ အဆီကို စုပ်သည်။ အငမ်းမရ ပိုင်အတွင်းသို့ တစ်ကောင်ကို တစ်ကောင် တိုးဝှေ့ဝင်တတ်သဖြင့် တစ်ခါတစ်ရံ ပိုင်တစ်လုံးအပြည့် ငါးရှဉ့်များမိတတ်၏။
သို့သော် အစာကိုတော့ တစ်ညတစ်ကြိမ် လဲပေးရသည်။
အဘဉာဏ်တို့အရပ်တွင် ငါးရှဉ့်အမျိုးအစား သုံးမျိုးလောက်ရှိ၏။ အမွဲ၊ အနီ၊ သင်္ဘောပေါက်။
အမွဲအမျိုးအစား ငါးရှဉ့်က မွဲခြောက်ခြောက်အရောင်နှင့်၊ အချို့ငါးရှဉ့်အမွဲများ၌ သေသေချာချာကြည့်လျှင် အကြေးခွံသေးသေးလေး များရှိသည်။ ကျောရိုးတွင် အဆီမြောင်းရှိသည်။ စား၍ အနည်းငယ်ကြမ်းသော်လည်း ပိုမိုဆေးဘက်ဝင်သည်ဟု ယူဆကြသည်။
အနီအမျိုးအစား ငါးရှဉ့်တွင် အကြေးခွံမရှိ။ နီဝါရောင်အဆင်းနှင့် စား၍ နူးညံ့လှသည်။ အရသာရှိသည်။
သင်္ဘောပေါက်မှာမူ ငါးရှဉ့်အမျိုးအစားတွင် အညံ့ဆုံးဖြစ်သည်။ အရောင်အဆင်းကလည်း ဖြူဖပ်ဖြူရော်။ စား၍လည်း အရသာမရှိ။
ပိုင်ကို ဝါဆိုလမှ တန်ဆောင်မုန်းလလောက်အထိ ထောင်နိုင်သည်။ သို့သော် ပိုင်နှင့်ထောင်လျှင် ငါးရှဉ့်ကြီးကြီးမားမား မမိတတ်။ အကြီးဆုံး နှစ်ဆယ်သားလောက်အကောင်သာ မိတတ်သည်။
တစ်ခါတစ်ရံ ပိုင်တစ်ခုတည်းတွင် အကောင်နှစ်ဆယ်ခန့်လောက်မိနေလျှင် ငါးရှဉ့်သေးသေးမျှသာ။
ရေမြွေများကလည်း လမ်းမှား၍ ပိုင်အတွင်းဝင်နေတတ်သေးသည်။ အများအားဖြင့် ပိုင်ထဲတွင် ငါးရှဉ့် အသေသာ ရမိတတ်သည်။
အဘယ်ကြောင့်ဆိုသော် ပိုင်ထောင်လျှင် ချောင်း၊ အိုင်အတွင်း ရေစီးကိုပြောင်းပြန်လှန်၊ ရေဆန်ကို ဦးတိုက်ပြီး ပိုင်ကိုရွှံ့အုံ၍ ငါးရှဉ့် သွားလမ်းလုပ်ပေးကာ ထောင်ထားခြင်းကြောင့် ငါးရှဉ့်မှာ ပိုင်အတွင်း အချိန်ကြာသည်နှင့်အမျှ အသက်ရှုမဝ၊ ရေမွန်း၍ သေကြရသည်။
အဲ မတ်တတ်ခြင်းကြားကို အခင်တပ်ထားသော ‘မတ်တတ်ပိုင်’ နှင့် ထောင်ပါမူ ငါးရှဉ့်အရှင်များကို ရသည်။ မတ်တတ်ပိုင်၏ အဝမှာ ရေပေါ်မှာရှိ၍ အသက်ရှုရန် လေကောင်းကောင်းရသည်။
ချောင်းအတွင်း အိုင်အတွင်း ငါးရှဉ့်ဖမ်းနည်းပညာများကို အဘဉာဏ်က ယခင်နှစ်များကတည်းက မြေးနှစ်ယောက် ကြွက်နီနှင့် ပူတူးမကို လက်တွေ့ပြသသင်ကြားပေးပြီးပြီ။
ထို့ကြောင့် အဘဉာဏ်တို့မှာ မိုးတွင်းအခါ ဟင်းမရှား။
ရွာဓလေ့ကြောင့် အခြားနည်းများဖြင့် လယ်ကန်သင်းရိုးမှာ ငါးရှဉ့်ဖမ်းနည်း၊ ငါးရှဉ့်တွင်း အကဲခတ်နည်းကိုတော့ အဘဉာဏ်ပင် သင်မပေးရ။
အတုမြင်၍ အတတ်သင်ပြီးကြပြီ။ မိုးတွင်းအခါ လယ်ကန်သင်းရိုးများတွင် တွင်းများရှိသည်။
ပုစွန်လုံးတွင်း၊ ငါးရှဉ့်တွင်း။
ငါးရှဉ့်တွင်းကို ခွဲခြားသိနိုင်ပါသည်။ တွင်းဝတွင်ရှိသောရေမှာ အမြှုပ်ကလေးတစီစီနှင့်။
ငါးရှဉ့်တွင်းအတွင်းသို့ လက်မနှင့်လက်ညှိုးကို ရေမြုပ်သည်အထိ နှစ်လိုက်ပါ။ ရေကို အသံမြည်အောင် တောက်၍ အသံပေးလိုက်ပါ။ ပြီးတော့ လက်ညှိုးကို ရေစိမ်ထား။
မကြာမီ ဘာကြောင့်မှန်းမသိ၊ လက်ညှိုးကို ငါးရှဉ့်က လာကိုက်လျှင် ဆွဲသာထုတ်လိုက်တော့။ တန်းခနဲ လက်ဖျားတွင် ငါးရှဉ့်ပါလာမည်။
ထိုအခါ ငါးရှဉ့်ကိုဖမ်းနိုင်ပြီ။
အဲ ဖမ်းနည်းတော့ လိုသည်။
သူ့ကို သည်အတိုင်းလက်ဖြင့်ဆုပ်ပြီး ဖမ်း၍တော့ မရ။
ငါးရှဉ့်ကိုယ်လုံးက ချောသမို့ လျှောခနဲ လွတ်သွားမည်။ လွယ်လွယ်နှင့် မဖမ်းနိုင်။ သည်တော့ လက်ညှိုးနှင့် လက်သူကြွယ်ကို အောက်ဘက်၊ လက်ခလယ်ကို အထက်ဘက်ထားပြီး လက်ချောင်းများကို ခင်ရင်းခွသဏ္ဌာန်လုပ်၍ ငါးရှဉ့်ကို ညှပ်ဖမ်းမှ လွယ်လွယ်ကူကူမိသည်။
ထိုသို့ဖမ်းလိုက်လျှင် ငါးရှဉ့်ကိုက်ခံရလျှင် အမွဲမျိုးငါးရှဉ့် ကိုက်ခံရပါက နည်းနည်းပိုနာသည်။
လက်ကို အနာမခံလိုက ပထမဖမ်းမိသော ငါးရှဥ့်သေကို လက်ညှိုးအစား ထိုးထည့်ပြီးလည်း ဖမ်းနိုင်ပါသေးသည်။
သို့မဟုတ် တစ်နည်းရှိပါသေးသည်။
ငါးရှဉ့်တွင်းရှိရာသို့ ဆူးများရှိ၍ ခြံကာရသော တစောင်းပင်တစ်ပင်ကို ယူလာပြီး၊ ငါးရှဉ့်တွင်းထိပ်ဝမှာ တစောင်းပင်ကိုဓားဖြင့် ခုတ်ဖြတ်လိုက်လျှင်၊ တစောင်းပင်မှ နို့ရည်ကဲ့သို့ အဖြူရည်တစောင်းစေးများ ငါးရှဉ့်တွင်း အတွင်းသို့ တစ်စက်တစ်စက်ကျလာပါလိမ့်မည်။
တစောင်းစေးရည်ကြောင့် ငါးရှဉ့်မှာ မျက်စိစပ်ပြီး တွင်းအပြင်သို့ လူးလွန့်တိုးထွက်လာပါလိမ့်မည်။
မိုးတွင်းအခါ လယ်ကန်သင်းမှ ဖမ်းမိသော ငါးရှဉ့်မှာသေး၍ ကန်ဘောင်တွင်ရှိသော ငါးရှဉ့်များက အကောင်ကြီးသည်။
ထိုငါးရှဉ့်ကြီးများကိုတော့ လက်ညှိုးနှင့်သွား၍ မဖမ်းလိုက်ပါနှင့်။ အရိုးပေါ်သည်အထိ ကိုက်နိုင်စွမ်းအား ရှိသည်။
သည်တော့ ငါးရှဉ့်ကို မျှားရမည်။
ငါးရှဉ့်မျှားနည်းကို အဘဉာဏ်က လက်တွေ့ပြ၍ သင်ပေးခဲ့သည်။
ငါးမျှားချိတ်ကို တစ်ဆစ်ချိုး ပြန်လည်ပြုပြင်ပြီး၊ ဝါးကိုင်းသေးသေး မာမာ ဖြောင့်ဖြောင့် တစ်ချောင်းနှင့် ငါးမျှားကြိုးကို ပူးတွဲ၍ အစာတပ်ထားသော ငါးမျှားကို ငါးရှဉ့်တွင်းထဲသို့ ရောက်အောင် ထိုးထည့်လိုက်ရသည်။
ထို့နောက် ဝါးကိုပြန်နုတ်လိုက်လျှင် ကြိုးတန်းလန်းနှင့် ငါးစာတပ်ထားသော ငါးမျှားချိတ်သာ ငါးရှဉ့်တွင်းအတွင်း၌ ကျန်ရစ်သည်။ ငါးရှဉ့်က အစာကိုဟပ်၍ စားလိုက်သောအခါ ငါးမျှားချိတ်က ငါးရှဉ့်၏ပါးစောင်ကို ချိတ်မိတော့သည်။
ထိုစဉ် အလောတကြီး ဆွဲတင်လိုက်ပါမူ ငါးရှဉ့်ကို မရနိုင်။ ငါးရှဉ့်သည် အလွန်အားသန်သော သတ္တဝါဖြစ်၏။ တွင်းထဲမှ တွင်းပြင်သို့ ငါးမျှားချိတ်နှင့်အတူ ပါမလာဘဲ အတင်းရုန်းသဖြင့် ငါးမျှားကြိုးပြတ်သွားနိုင်သည်။ သို့မဟုတ် ငါးရှဥ့်ပါးစောင် ပြတ်သွားနိုင်သည်။ သည်တော့ ဘယ်လိုလုပ်ရမည်နည်း။
စိတ်တော့ ရှည်ရှည်ထားရမည်။
ဘယ်လက်ဖြင့် ငါးမျှားကြိုးကို ခပ်တင်းတင်းကလေး ဆွဲထားပြီး ညာဘက်လက်ချောင်းကလေးများဖြင့် တင်းနေသောကြိုးကို အသာအယာ တောက်၍ တောက်၍ ပေးရသည်။ မယ်ဒလင်ကြိုးကို ခေါက်သကဲ့သို့ ခေါက်ရသည်။
ကြိုးသည် လက်ဖြင့် တောက်လိုက်မှုကြောင့် တင်းနေသော ငါးမျှားကြိုးမှာ တုန်ခါပြီး ကြိုးနှင့်ဆက်နေသော ငါးရှဉ့်ပါးစပ်တွင်းမှ ငါးမျှားချိတ်မှာလည်း မိနေသောဒဏ်ရာကို နှဲ့၍ နှဲ့၍ ပေးသလိုဖြစ်နေသည်။
ဤအခါ ငါးရှဉ့်မှာ အာစောင်မှဒဏ်ရာ၏နာကျင်မှုကို ကြာကြာမခံနိုင်တော့။ ငါးမျှားလှုပ်သည်နှင့်အမျှ ဒဏ်ရာကို ညှာပြီး၊ ကြိုးလျော့သွားစေရန် တွင်းပေါ်သို့ အလိုအလျောက် တက်၍ တက်၍ လာသည်။
ထိုအခါ လျော့သွားသောကြိုးကို ငါးရှဥ့် တွင်းပေါ်သို့ ရောက်သည်အထိ တဖြည်းဖြည်း တင်းယူပြီး ဖမ်းနိုင်ပါသည်။
ယင်းသို့ ဖမ်းဆီးမိသော ငါးရှဉ့်ကြီးများမှာ တစ်ကောင်လျှင် ရှစ်ဆယ်သားမှ တစ်ပိဿအထိပင် ရှိတတ်သည်။
မိုးအခါ ဖမ်းနည်း။ ဤပညာများကိုတော့ ကြွက်နီတို့ပူတူးမတို့က တတ်မြောက်ပြီးသား ဖြစ်သည်။
မိုးပြတ်သွားသော ယခုလိုဆောင်းတွင်း နတ်တော် ပြာသိုလ ငါးရှဉ့်စူးထိုးနည်းတော့ မတတ်ကြသေးပေ။
အထူးသဖြင့် ကြွက်နီ တတ်ဖို့လိုသည်။ ကြွက်နီကို အဘဉာဏ်က ငါးရှဉ့်ထိုးနည်းပညာကို လက်တွေ့သင်ပေးရဦးမည်။
(၂)
“ကြွက်နီ လာဟေ့၊ ငါးရှဉ့်ထိုးသွားကြမယ်”
အဘဉာဏ်သည် ပူတူးမ၏ “အဘ ညစာချက်ဖို့ ဆန်မရှိတော့ဘူးတော့်” ဟူသော အသံကို ကြားလိုက်ရ၍ မကြာမီ ကြွက်နီကို လှမ်း၍ ခေါ်လိုက်၏။
ကြွက်နီက အိမ်ရှေ့တွင် ငါးတိုး၍ စုတ်ပြဲသွားသော ပိုက်ကို ဖာနေသည်။
ပိုက်ဖာနေရာမှ ကြွက်နီက-
“ဘယ်သွားပြီး ငါးရှဉ့်ထိုးမှာလဲ အဘရဲ့၊ ကျွန်တော်မှ ငါးရှဉ့်မထိုးတတ်ပဲ”
“အေး အဲဒါကြောင့် မင်းကို ငါးရှဥ့်ထိုးနည်း ငါလက်တွေ့သင်ပေးမလို့”
ထို့နောက် အဘဉာဏ်က တစ်ဆက်တည်း-
“ထရံမှာထိုးထားတဲ့ ငါးရှဉ့်စူးနဲ့ ပလုံးတစ်ခုကိုလည်း ယူခဲ့ကွာ”
အဘဉာဏ်တို့ မြေးအဘိုးနှစ်ယောက် သူတို့နေထိုင်ရာ ‘ဇလွန်ဘက်တန်း’ ရွာမှ ‘ဂုံမင်းကျောင်း’ နံဘေးရှိ ရေကန်ကြီးဘက်သို့ ထွက်ခွာလာကြသည်။
နေထန်းတစ်ဖျားခန့်ပင် ရှိနေပြီ။
သို့သော် နေလုံးကို မမြင်ရသေး။ နှင်းမှုန်တို့မှာ တဖွဲဖွဲကျလျက်ပင် ရှိသေးသည်။
နှင်းရည်ဖြင့် အိနေသော ရိုးပြတ်များမှာ ခြေဖြင့်နင်း၍ အရသာရှိလှ၏။
စည်းစိမ်ရှင်တို့မှာမူ ယခုလိုအချိန်အထိ စောင်ခြုံပြီး ကွေးနေကောင်း ကွေးနေကြပေလိမ့်မည်။
အဘဉာဏ်တို့လို ညစာချက်ရန် ဆန်မရှိသော မြေးအဘိုးနှစ်ယောက်မှာမူ အိပ်ရာထဲမှာ ကွေးမနေနိုင်အား။
ချမ်းအေးသော ရာသီဥတုကိုလည်း မမှု။
ငါးရှဉ့်မျှားလျှင် အေးစက်သော ရွှံ့နွံများကိုပင် နင်းရဦးမည် မဟုတ်ပါလော။
အဘဉာဏ်တို့ မြေးအဘိုး ‘ဂုံမင်းကျောင်း’ အနီးရှိ ရေခန်းစပြုနေသော ကန်ကြီးသို့ ရောက်လေပြီ။
ရေစပ်စပ်ဖြင့် ရွှံ့နွံများအတွင်းသို့ စွပ်ခနဲ ခြေချလိုက်သည့် တစ်ပြိုင်နက်၊ အေးစက်သော အတွေ့က အဘဉာဏ်တို့ကို တွန့်ဆုတ်မသွားစေပါ။ ဆန်ဖိုးကလေးတော့ ရအောင်ရှာရမည်။
အဘဉာဏ်သည် ကန်နံဘေးမှ ရေစပ်စပ်ဖြင့် ရွှံ့နွံများအတွင်းရှိ တွင်းကလေးများကို လိုက်လံ၍ သေသေချာချာ စူးစမ်းကြည့်နေသည်။ သူ၏ လက်ထဲတွင် ငါးရှဉ့်စူးကို ကိုင်ထား၏။
ငါးရှဉ့်စူးဆိုသည်မှာ အရင်းငါးမူးလုံးလောက်တုတ်၍ အဖျားတွင် သုံးမူးလုံးလောက် တဖြည်းဖြည်းသေးသွားသော သံချောင်းတစ်ချောင်း ဖြစ်သည်။ အရှည်မှာ သုံးတောင်ခန့်ရှိသည်။ စူး၏အဖျားတွင် တစ်ဖက်နှင့်တစ်ဖက် တစ်လက်မခန့်ကျယ်သော ခွချွန်ပုဝိုင်းဝိုင်းရှိပြီး ခွမှာ အလယ်ကားကား အဖျားရှူးရှူးပုံသဏ္ဌာန် လုပ်ထားသည်။
အဘဉာဏ်သည် ငါးရှဉ့်တွင်းများကိုကြည့်နေရာမှ-
“ဟေ့ ကြွက်နီ၊ မင်းတို့ ငါးရှဉ့်တွင်းကို မျှားတဲ့အခါမှာ ငါးရှဉ့်တွင်း ဟုတ် မဟုတ် အကဲဘယ်လိုခတ်ရသလဲကွ”
ထိုအခါ ကြွက်နီက-
“ဟာ အဘပဲ ပြောထားတာပဲ၊ ငါးရှဉ့်တွင်းထဲက ရေဟာ အမြဲလိုလို အငြိမ်မနေဘူး။ နိမ့်ချည်မြင့်ချည် ဖြစ်နေတတ်တယ်။ ရေဟာ ကြည်ပြီး လက်ကိုနှစ်ကြည့်လိုက်ရင် အေးစိမ့်နေတယ်လို့ဆိုတာ မမေ့သေးပါဘူးဗျ”
“အေး ဟောဒီမှာ ကြည့်စမ်း၊ ဒါ ငါးရှဉ့်တွင်း မဟုတ်လား”
ရေကလေးများ နိမ့်လိုက် မြင့်လိုက်။ အငြိမ်မနေ ဖြစ်နေသော နုန်းအလယ်မှ တွင်းတစ်တွင်းကို အဘဉာဏ်က ညွှန်ပြရင်းပြောလိုက်သည်။
“ဒီတွင်းမှာ ငါးရှဥ့်ရှိနိုင်တယ်။ ဒါပေမဲ့ တွင်းဘေးနုန်းတွေထဲမှာ တိုးပြီး နေဖို့များတယ်။
ပြောပြောဆိုဆို အဘဉာဏ်သည် တွင်းနံဘေးတစ်ဝိုက်မှကပ်၍ ငါးရှဉ့်စူးကို ထိုးချလိုက်သည်။ ထို့နောက် ပြန်နုတ်ပြီး နေရာရွေ့ပြီး ထိုးလိုက်ပြန်သည်။
ထိုးလိုက် နုတ်လိုက်၊ ထိုးလိုက် နုတ်လိုက်။
တစ်နေရာသို့ ငါးရှဉ့်စူးဖြင့် ထိုးလိုက်သောအခါ ကျင့်သားရပြီးသော အဘဉာဏ်၏ ငါးရှဉ့်စူးကိုင်ထားသောလက်မှာ အတွေ့တစ်မျိုးကို ခံစားလိုက်ရသည်
ပျော့သော ရွှံ့များအောက်မှာ တင်းခနဲဖြစ်ကာ စူးဝင်သွားသောအတွေ့။
ငါးရှဉ့်တစ်ကောင်ကို ထိုးမိလေပြီ။
ပိုမိုသေချာအောင် အဘဉာဏ်က ငါးရှဉ့်စူးကို တစ်ပတ်ပတ်လှည့်လိုက်ပြီး လက်မှလွှတ်လိုက်၏။
ငါးရှဉ့်စူးထိပ်သည် လှည့်လိုက်သည့်ဘက်နှင့် ပြောင်းပြန်တဖြည်းဖြည်း ပြန်၍ လည်နေသည်။
“အဲဒါ မှတ်ထား ကြွက်နီ။ ငါးရှဉ့်ကို ထိုးမိတော့ ငါက စူးကို လှည့်လိုက်တယ်။ ရွှံ့အောက်က ငါးရှဥ့်ဟာ စူးခွကြားမှာ အလိုလိုပတ်သွားတာပေါ့။ ဒီတော့ သူက အားသန်တဲ့အကောင်ဆိုတော့ စူးအပတ်ကို နုန်းထဲမှာပဲ ပြန်ဖြေနေလို့ စူးထိပ်က လည်နေတာပေါ့ကွ။ ပြီးတော့ မင်းကြည့်လိုက်စမ်း”
အဘဉာဏ်သည် ငါးရှဉ့်တွင်းကို ကြွက်နီအားပြလိုက်သည်။
“စောစောက ငါးရှဉ့်ကို စူးနဲ့လိုက်ထိုးနေတုန်း တွင်းဝကရေဟာ နိမ့်ဆင်းသွားတယ်။ အဲဒါက ငါးရှဥ့်နုန်းထဲကလွတ်အောင် ရှောင်သွားတော့ ရေနိမ့်သွားတာပေါ့။ ဟော ခုလို မိလည်းမိလိုက်ရော ရေပြန်တတ်လာတာ တွေ့ တယ်မဟုတ်လား”
“ဟုတ်တယ် … တွေ့တယ် အဘ”
အဘဉာဏ်သည် ကြွက်နီအား လက်တွေ့ငါးရှဉ့်စူး ထိုးနည်းပညာကို သင်ပြနေခြင်းဖြစ်သည်။
နုန်းကိုဖယ်၍ ငါးရှဉ့်ကို ဖမ်းလိုက်၏။
ရှစ်ဆယ်သားခန့်ရှိသော ငါးရှဉ့်အမွဲကြီးတစ်ကောင်။
ကြွက်နီသည် စူးဖျားမှ ငါးရှဉ့်ကို ကျွမ်းကျင်စွာ ဖမ်းပြီး၊ သူ့ဘေးတွင် လွယ်ထားသော ပလုံးထဲသို့ ထည့်လိုက်၏။
အဘဉာဏ်က ကြွက်နီအား လက်တွေ့ ငါးရှဉ့်ထိုးစေခြင်းဖြင့် ငါးရှဉ့်ကြီးသုံးကောင်ပင် ရနေပြီ။
ယခုအခါ စူးထိုးလိုက်သည်က အဘဉာဏ်။
နုန်းအောက်မှာ တစ်ကောင်တော့မိနေပြီ။ ထုံးစံအတိုင်း အဘဉာဏ်က စူးကိုပတ်လှည့်လိုက်၏။ ထူးခြားနေသည်။
စူးထိပ်သည် ပြန်မလည်။
အဘဉာဏ်က တစ်ချက်ပြုံးလိုက်၏။ ပြီးတော့ သူ၏ပါးစောင်းတစ်ဖက်မှာ ငုံထားသော ဆေးဖတ်များကို ထွီခနဲ့ ထွေးထုတ်ပစ်လိုက်သည်။
“ဟေ့ ကြွက်နီ၊ ငါးရှဉ့်စူးမှာ ဘာကောင်မိနေသလဲကွ”
ကြွက်နီ မပြောတတ်။
စူးမလည်သည်ကတော့ ထူးခြားသည်။
ထိုအခါ အဘဉာဏ်က-
“အေး မှတ်ထား၊ အဲဒါ ငါးရှဉ့်မဟုတ်ဘူး။ ဒိုက်ငန်းကွ … ဒိုက်ငန်း။
” ငါ စူးထိုးလိုက်ကတည်းက သိတယ်။ အထိအတွေ့က ငါးရှဉ့်ထိုးမိတာနဲ့ မတူဘူးကွ။ သူက ငါးရှဉ့်လို တင်းခနဲဖြစ်ပြီး မထိုးမိဘူး။ ခပ်ပျော့ပျော့ကလေးစူးသွားတယ်။ ဒိုက်ငန်းက ငါးရှဉ့်လိုအသားမမာဘူး။ ပြီးတော့ ငါးရှဉ့်လို ရုန်းကန်အား မကောင်းဘူး။ စူးသွားကို ပြန်မဖြေနိုင်ဘူး”
ဒိုက်ငန်းဆိုသည်မှာ ရွှံ့နွံများအတွင်းမှာ နေသောမြွေတမျိုးဖြစ်သည်။
အဘဉာဏ်သည် ပြောပြောဆိုဆို စူးထိုးမိသော ဒိုက်ငန်းကိုရွှံ့အတွင်းမှ စူးဖြင့်ကော်၍ ထုတ်လိုက်သည်။
ငါးရှဉ့်စူး၏ ခွကြားတွင် အဘဉာဏ်ပြောသည့်အတိုင်း တလူးလူး တလွန့်လွန့်နှင့် ဒိုက်ငန်းခေါ် မြွေကြီးတစ်ကောင်။
ကြွက်နီအဖို့ အတွေ့အကြုံသစ်ကို မှတ်သားလိုက်ရပြန်သည်။
သို့နှင့် ဆွမ်းခံပြန်ချိန်ပင် ရောက်နေပြီ။ သူတို့မြေးအဘိုး ငါးရှဥ့်ဖမ်းနေသည်မှာ နှစ်နာရီခန့်ပင် ကြာချေပြီ။ ငါးရှဉ့် ငါးကောင်ရသည်။ အကြီးအသေးအစုံမို့ သုံးပိဿကျော်မည် ထင်သည်။
အမွဲတစ်ကောင်ကိုတော့ အဘဉာဏ်၏ ဒူလာသွေးဝမ်းရောဂါအတွက် ချန်ထားရမည်။ တစ်ပိဿ ရှစ်ကျပ်ဈေးပင် ရောင်းရပါစေ။ ဆန်ဖိုးကတော့ လုံလောက်ပါသည်။
ဆကာကြီးမြို့ဈေးသို့ အပြန်ပြေးလေမှ။
(၃)
အဘဉာဏ်တို့ ဆကာကြီးမြို့ဈေးအနီးသို့ ရောက်သောအခါ ဈေး၌ လူအနည်းငယ်သာ ရှိတော့သည်
ဆကာကြီးမြို့ဈေးက အတော်ခက်သည်။ နံနက်ပိုင်းအချိန်ကလေး ခေတ္တခဏစည်ကားပြီး ဈေးကွဲသွားတတ်သည်။ ရောင်းသူ ဝယ်သူမရှိတော့။
ငါးရှဉ့်ကလေး ငါးကောင်လောက်မျှနှင့် ဓနုဖြူဈေးသို့လည်း သွားမရောင်းနိုင်။
အဘဉာဏ်တို့ဖမ်းဆီးရမိသမျှ ဖောက်သည်ဟူသော ဆကာကြီးဈေးအတွင်းမှ ငါးသည်ဒေါ်တင်လှကို တွေ့လျှင် ပါလာသော ငါးရှဉ့်ကို ပေးပြီး ငွေယူ ဆန်ဝယ်၍ အဘဉာဏ်တို့ဂေဟာ ဇလွန်ဘက်တန်းရွာသို့ ပြန်ရမည်။
ငါးရှဉ့်သားချက်ရန် ငရုတ်သီးထောင်းထားမည့် ပူတူးမကလည်း မျှော်လှရော့မည်။
အဘဉာဏ်တို့ ဆကာကြီးဈေးအနီး ရောက်သောအခါ အသံချဲ့စက်အငှားဆိုင်တစ်ဆိုင်မှ တေးသံတစ်သံသည် လေမှာလွင့်၍ အဘဉာဏ်၏ နားထဲသို့ တိုးဝင်လာ၏။
တေးမှာ သီချင်းကြီးတစ်ပုဒ်ဖြစ်၍ ယနေ့ခေတ်ပေါ် တေးသံရှင်တစ်ဦးက ပြန်လည်ဆိုထားဟန်တူသည်။
အဘဉာဏ်က ဘာသီချင်းကို ဘယ်သူဆိုသည်ဟူ၍တော့ မသိ။ တေးသံရှင်ကား အဆိုကောင်းလှ၏။ အရှူအရှိုက်၊ အဟဲအချွဲ စုံစုံလင်လင်ဖြင့် နောက်ခံဂီတနှင့်လိုက်အောင် သီဆိုနိုင်သည်။
အဆိုကောင်းသည်သာမက သူဆိုနေသော တေးသွားများကလည်း ကြည်လင်ပြတ်သားသည်။ ပြီးတော့ အဘဉာဏ်တို့၏ တံငါသည်ဘဝကို သီကျူးထားသည်မို့ အဘဉာဏ်က ပိုမိုစိတ်ဝင်စားမိသည်။ ခေတ္တရပ်၍ နားစွင့်မိသည်။
“သောင်ကမ်း … သောင်းကမ်းမော်တည့် အဖော်မပါ၊ မ ကိုရှာ၊ ဟင်္သာမြစ်တွေး ပင်လယ်ငယ်ဝယ်မှာ၊ ကျူးရင့်ကြွေး … မြစ်တွေး ကွန်သံ လန့်တည့်လေး”
ဟုတ်သည်။ သောင်စပ်မှာ အဘဉာဏ်တို့ကွန်ပစ်လိုက်လျှင် ကွန်သံကြောင့် လန့်၍ပျံသွားတတ်သော ဟင်္သာငှက်များ၊ မြစ်တွေးငှက်များကို ပြန်လည်မြင်ယောင်လာမိသည်။
“ဟယ် ဒါနားထောင်နေလို့ မဖြစ်ပါဘူး၊ ဆန်ဖိုးကလေးရအောင် လုပ်ဖို့က အရေးကြီးသေးတယ်”
အဘဉာဏ်အဖို့ ငါးသည်ဒေါ်တင်လှကို မီနိုင်ရန် ငါးဈေးတန်းသို့ အရောက်သွားရမည်က ပို၍အရေးကြီးသည်။
သို့သော်-
ငါးဈေးတန်းသို့ အဘဉာဏ်ရောက်သွားသောအခါ ခဲလေသမျှ သဲရေကျရသည်။ ငါးသည် ဒေါ်တင်လှ မရှိတော့။ သူရောင်းရမည့် ငါးများကုန်၍ အိမ်သို့ပင် ပြန်သွားချေပြီ။ ဝယ်သူများလည်း တစ်ဦးမျှမရှိတော့။
ငါးဈေးတန်းကား ပကတိတိတ်ဆိတ်နေသည်။
ငါးသည် ဒေါ်တင်လှမရှိလျှင် အဘဉာဏ်ဖမ်းမိသော ငါးရှဉ့်များကို မရောင်းရ။ ငါးရှဉ့်မရောင်းရလျှင် ငွေမရ။ ငွေမရလျှင် အဘဉာဏ်အတွက် ဆန်မဝယ်နိုင်။ ခက်ချေပြီ။
ဖမ်းမိသော ငါးရှဉ့်ထဲမှ အူပြတ်သွားအောင် စူးမထိုးမိသော ငါးရှဉ့်များကို ရေစပ်စပ်အထဲမှာ ထည့်ထားလျှင် ငါးရှဉ့်မသေနိုင်။ မသေသောငါးရှဉ့်ကို ညနေဈေးအမီ လာရောင်းမည်။ ငါးသည် ဒေါ်တင်လှကို ညနေဈေးမှာတွေ့လျှင် ဖောက်သည်ပေးလိုက်မည်။
အူပျက်သွားသော ငါးရှဉ့်များကိုတော့ အိမ်ရောက်လျှင် ချက်စားလိုက်မည်။ ဒူလာ သွေးဝမ်းပျောက်အောင် ငါးရှဥ့်သားကို စားကိုစားရမည်။
ယခုလောလောဆယ် ရောင်းရမည့်သူတစ်ဦးတော့ ရှိသည်။
သူက ရဲစခန်းအနီးမှာနေသော ကျောင်းဆရာ ဦးအုန်းဖေ။
ဆရာဦးအုန်းဖေက အစားကောင်းအလွန်ကြိုက်သည်။ ဤလို ငါးရှဉ့်ကြီးများကိုရလျှင် ဈေးမရှောင် ဝယ်တတ်သည်။ ဆရာဦးအုန်းဖေထံ သွားရောင်းမည်။ ဇလွန်ဘက်တန်း နေအိမ်သို့မပြန်နိုင်သေး။
အဘဉာဏ်သည် ပလုံးလွယ်ထားသော ကြွက်နီကို အပါခေါ်၍ လာလမ်းကိုပင် ပြန်လှည့်လိုက်သည်။
အသံချဲ့စက်အငှားဆိုင်ရှေ့သို့ ဒုတိယအကြိမ်ဖြတ်ရပြန်ပြီ။
အဘဉာဏ် ဈေးသို့လာစဉ်က ကြားရသော တံငါသီချင်းကား မပြီးဆုံးသေး။ သို့သော် နောက်ဆုံးအပိုဒ်ကိုတော့ ရောက်နေဟန်တူပါသည်။
အလယ်ကတေးကိုမူ အဘဉာဏ် အစုံအလင် နားမထောင်လိုက်ရ။
ယခုနားထောင်ရသော တေးသွားအပိုဒ်ကမူ အဘဉာဏ်အတွက် တိုက်ရိုက်ရည်ရွယ် ညွှန်းစပ်ဆိုထားသည်ဟုပင် ထင်လိုက်မိသည်။
နားထောင်ကြည့်စမ်းပါ။
“ပုဆိုးမည်းစင်း၊ ငါးစိမ်းခြင်းငယ်နှင့် အပြင်ဈေးမီ၊ လှော်စလေး … ပက္ကလာတွင်၊ တောင်းငယ်တင်၊ ခုံမင်ဖောက်သည် … လာစွလေး၊ ဖောက်သည်လည်းလာ ဆန်မပါ တံငါငတ်စွ ငတ်စွလေး…”
ဟုတ်လိုက်သည့် သီချင်းရယ်။
သီချင်းထဲမှာတော့-
“ဖောက်သည်လည်းလာ ဆန်မပါ၊ တံငါငတ်စွ ငတ်စွ…” လေးတဲ့။
အဘဉာဏ်မှာတော့ ဖောက်သည်လည်းမလာ။
ဆန်လည်း မပါ။
အဘဉာဏ်အတွက် တိုက်ရိုက်ဆိုလိုက်သည်ဟုပင် ထင်မိသည်ကတော့-
“တံငါ ငတ်စွ … ငတ်စွလေး … ” တဲ့။ ။
(ရှုမဝရုပ်စုံမဂ္ဂဇင်း၊ အတွဲ ၃၃
အမှတ် ၃၉၁၊ ဒီဇင်ဘာ၊ ၁၉၇၉)
– ပြီး –
စာရေးသူ – မောင်သိက္ခာ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ