ထားရာနေ..စေရာသွား(စ/ဆုံး)
——————————–
အိပ်မရသည့်အတူတူအိပ်ယာ မှထကာစီးကရက်ဗူးကိုကောက်ယူလိုက်သည်။
အဲကွန်းမဖွင့်ချင်၍ မှန်ပြတင်းကို ဆွဲဖွင့်လိုက်သည်။
မီးခြစ်ကိုယူပြီးမှ ထားပြုံးမိသည်။
ဂျပန်မှသားက
“မေမေဆေးလိပ်ဖြတ်ပါ…အဆုတ်ထိခိုက်လိမ့်မယ်”
စင်္ကါပူမှသမီးက
” မေမေ ဆေးလိပ်လျော့သောက်နော်”….တဲ့။
သားရော သမီးရော သူ့ကိုစိတ်ပူကြရှာသည်။
ပူပေမပေါ့။
သည်အမေကပဲသူတို့ဘဝတစ်
လျောက်လုံးပြုစုပျိုးထောင်မြေတောင်မြှောက်ခဲ့ရသည်မဟုတ်ပါလား။
ညနေက သားဖွားမီးယပ်ပါရဂူထံမှ ကိုယ့်အခြေနေကို သိခဲ့ပြီမို့ စိတ်တော့လှုပ်ရှား ထိခိုက်မိပါသည်။
ထားအသက်ငါးဆယ်။
အရွယ်တင် လှနိုင်ပါပေတယ်ဟုချီးကျူးကြတိုင်း စီးကရက်မီးခိုးများကို အကွင်းအကွင်းလေးများဖြစ်သွားအောင်
ဦးခေါင်းကိုမော့ကာ မော့ကာဖွာရှိုက်ရင်း ကျေနပ်ခဲ့ဖူးသည်။
စီးကရက်ကိုနှုတ်ခမ်းမှာခဲ ထားရင်းက ဖဲချပ်များကိုရောမွှေ ဝေနေတိုင်း ထားကိုငေးကြည့်တတ်သော ကိုမြတ်မင်းအားရင်ထဲက ကျိတ်ပြုံးမိခဲ့ဖူးသည်။
သဇင်ပြုံး၏မွေးနေ့မှာ စားသောက်နေကြရင်းမှ
“ထားဝိုင်ခွက်ကိုင်ပုံကြည့်စမ်းပါ…ဝိုင်ခွက်လည်တံကို သူများလိုဆုပ်မကိုင်ပဲ….ကလပ်ကိုကပြီးမထားသလိုပဲ….ဘရစ်ဂျစ်ဘားဒေါ့အတိုင်းပဲဗျာ”
ကိုသန့်ဇင်၏ ပြောစကားမှာ ထားခိုးခိုးခစ်ခစ်ရယ်မိသည်။
ထားက ရခိုင်သွေးနှောသူမို့
မျက်လုံး မျက်ခုံး မျက်တောင်အလွန်ပင်လှသည်ဟု ပြောကြသည်။
ညိုသောအသားကစိမ့်နေအောင် စိုပြည်သည်။
အရွယ်တင်သော နုသော လှသော ထားကို ဖဲရိုက်ဖေါ် ဝိုင်သောက်ဖက် ကတော်များက
ရှေ့တွင်သာပြုံးကြသည်။
နောက်ကွယ်တွင်တော့ မလိုတမာ အတင်းအုပ်ကြပါသည်။
ထားရိပ်မိ သိခဲ့သော်ငြား အလေးမထား ဂရုမစိုက်ပါ။
ထားတွင်အကြောတင်း ခေါင်းမာသော ဗီဇကရှိနှင့်ပြီးသားဖြစ်သည်။
သားနှင့်သမီးက မသောက်စေချင်သော်လည်း ထားစီးကရက်ကိုမီးညှီလိုက်ပြီး ဖွာထုတ်လိုက်သည်။
မှုတ်ထုတ်လိုက်သော မီးခိုးမျှင်တန်းများကို ငေးကြည့်ရင်းမှ ပြုံးလိုက်မိသည်။
မဲ့ပြုံး လှောင်ပြုံး မချိတရိပြုံး
ထိုအပြုံးများနှင့်ထားဘဝအသားကျနေခဲ့တာ နှစ််ပေါင်းသုံးဆယ်ကျော်ခဲ့ပြီ။
( ၂)
ထားထားမြတ် အဝတ်တွေလှမ်းပြီး ရေချိုးရန်အင်္ကျီချွတ်လိုက်သည်။
အိမ်ပြင်ဖက်က တံခါးခေါက်သံကြောင့် မျက်နှာသုတ်ပုဝါကို ဆွဲယူခြုံ၍ အိမ်ရှေ့တံခါးကို ဆွဲဖွင့်လိုက်ချိန်…..
“နင့်အမရော”
ခဲအိုဖြစ်သူအလုပ်ပြန်ချိန်မဟုတ်ပဲပြန်လာခြင်းပင်။
” မမက သူ့သူငယ်ချင်းနေမကောင်းတာ သတင်းသွားမေးတယ်”
တံခါးဖွင့်ပေးပြီး ထား အခန်းတွင်းသို့ပြန်ဝင်လာသည်။
ရေချိုးသနပ်ခါးသွေးလူးနေချိန် အခန်းပြင်မှအမယောကျ်ားဖြစ်သူ ၏ခေါ်သံကြောင့် တံခါး ဖွင့်ကြည့်လိုက်မိသည်။
” အကို ဘာပြောမလို့လည်း….
ဝင်မလာနဲ့လေ…ကျွန်မအဝတ်လဲပြီးထွက်ခဲ့မယ်”
ထား၏စကားကိုနားမထောင်။
အခန်းတွင်းဇွတ်တိုးဝင်လာသည်။
ထားကအခန်းပြင်ထွက်လိုက်ချိန် သူကထားလက်ကို ဆောင့်ဆွဲလိုက်သည်။
ထားရုန်းသော်လည်းအားကမမျှ။
အော်ဟစ်သော်လည်း ခြံတွေကကျယ်သောကြောင့် ဘေးအိမ်များမကြားနိင်။
ထား၏အပျိုစင်ဘဝလေးကို ခဲအိုဖြစ်သူကချေမွနင်းချေခဲ့ပြီ။
ထားရှိုက်ငိုယုံအပြင်အင်အာချင်းကမမျှ ။
မုန်ယိုနေသောဆင်ကဲ့သို့ ကြမ်းတမ်းလှသူ၏လက်ထဲ တွင် ထားဘဝမှာ ပန်းပမာညှိုးနွမ်းခဲ့ရပါလေပြီ။
ထိုနေ့က ထားထမင်းလည်းထွက်မစား။
အခန်းပြင်လည်းမထွက်။
နေမကောင်းလို့ပါဟုသာ အမဖြစ်သူကို ပြောပြလိုက်သည်။
” မမကိုပြန်မပြောနဲ့….အကိုအဆင်ပြေဖို့နည်းလမ်းရှာမယ်…ထားကိုချစ်လွန်းလို့ ချစ်နေခဲ့တာကြာလှပြီ”
ထိုစကားများက နားထဲကိုသံရည်ပူနှင့်လောင်းနေသလိုပင်။
အထပ်ထပ်တွေးပြီးမှ ထားအမအိမ်မှထွက်ခဲ့သည်။
အမဖြစ်သူကိုတော့ ဘာမှလည်းပြောပြမနေချင်တော့ပေ။
ထားအသက်နှစ်ဆယ်ရှိပြီမို့ ကိုယ့်လမ်းကိုယ်ရအောင်လျောက်တော့မည်ဟု ဆုံးဖြတ်ခဲ့သည်။
သူငယ်ချင်း၏ အဒေါ်တစ်ယောက်အကူညီဖြင့် လက်နှိပ်စက်ရိုက်သည့်အလုပ်ကို ရခဲ့သည်။
အဆောင်တွင်နေပြီး တိုင်းတရားရုံးရှေ့တွင် လက်နှိပ်စက်ရိုက်ရသည်မို့ လူပေါင်းစုံ အမှုပေါင်းစုံကို တွေ့မြင်နေရသည်။
တစ်ရက်တွင် ကားအဖြူရောင်နှင်အရွယ်လတ် လူရည်သန့်တစ်ယောက် စာချုပ်တစ်ခုကို ပြင်ဆင်၍ရိုက်ခိုင်းသည်။
ထားကခနစောင့်ပါဟု ခုံလေးချပေးပြီး စာစီပြီးရိုက်နေချိန် ထိုလူကလည်းထားကိုကြည့်နေခဲ့သည်။
အားလုံးပြီး၍ ငွေချေပြီးချိန်တွင်
” ညီမနံမည် ဘယ်လိုခေါ်လည်း”
” ထားထားမြတ်ပါ”
“အကိုက ရန်နောင်ပါ….ဒီစာချုပ်ထဲကအလုပ်က ကိုယ့်အလုပ်ပါ”
ကိုရန်နောင်ထားဆီဝင်ထွက်သွားလာသောအကြိမ်ရေများလာသလို…သံယောဇဥ်လည်းတွယ်လာကြသည်။
အလုပ်ရှင်အန်တီကိုခွင့်တောင်းကာ လက်ထပ်ခဲ့ကြသည်။
ကိုရန်နောင်ကမိဘများမရှိတော့ဟုဆိုသည်။
လုပ်ဖေါ်ကိုက်ဖက်အနည်းအကျဥ်းနှင့်သာပြုလုပ်သောလက်ထပ်ပွဲတွင် ကိုရန်နောင့်သူငယ်ချင်းများ၏ အကြည့်က အဓိပ္ပါယ်ကောက်ရခက်လှသည်။
ဆယ်တန်းထိသာပညာသင်ခဲ့ဖူးသော မိဘဆွေမျိုးမရှိသော
အခြေနေမဲ့သောထားကိုလက်ထပ်ခဲ့သူမို့ ထားသည်ကိုရန်နောင်ကို ချစ်မြတ်နိုးလှပါသည်။
လက်ထပ်ပြီးခြောက်လအကြာတွင် အိမ်ရှေ့သို့ကားတစ်စီးရောက်လာချိန်မှစကာ ထားဘဝ ပိုမှောင်မိုက်ခဲ့ရပြန်ပါသည်။
ကိုရန်နောင်မှာ မယားကြီးရှိသည်။သူ့ထက်အသက်ဆယ့်ငါးနှစ်ကြီးကာ အလွန်ချမ်းသာသည့် သူဌေးမကြီးဖြစ်သည်။
ထို့ကြောင့်ပင် လက်ထပ်ခဲ့စဥ်က ထားကိုကြည့်သောမျက်လုံးများကိုပြန်သတိရမိခဲ့သည်။
” နင်သူနဲ့ဆက်ပေါင်းရင်….ငါ့လုပ်ငန်း ငါ့အိမ် ကား အကုန်ပြန်အပ်…ပြီးရင်ထွက်သွား”
ကိုရန်နောင် သူ့မိန်းမကြီးနောက်ပြန်လိုက်သွားပါသည်။
နောက်ရက်တွင် သူ့ သူငယ်ချင်းဖြစ်သူမှတစ်ဆင့်ငွေသိန်းနှစ်ဆယ်ပို့ပေး၍ အိမ်ပေါ်မှ ဆင်းသွားရန်အမှာစကားပါးခဲ့သည်။
ထိုခေတ်ကသိန်းနှစ်ဆယ်သည် ယနေ့ခေတ်နှင့်တွက်မည်ဆိုလျင် သိန်းနှစ်ရာခန့်ရှိပါသည်။
ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် အိမ်လေးတစ်လုံးဝယ်ခဲ့သည်။
ရပ်ကွက်စျေးထဲတွင် အထည်ဆိုင်လေးဖွင့်ခဲ့ပြီး တစ်ယောက်ထဲ ဘဝကိုရပ်တည်ခဲ့ရသည်။
အရွယ်ငယ်သူ လှပချောမောသူမို့ ထားတစ်ယောက်ထဲနေထိုင်ရသည်မှာ ထိကပါးရိကပါးလုပ်သူတို့ကြားတွင် အတော်လေးထိန်းသိမ်းနေထိုင်ခဲ့ရသည်။
သူ့ဘဝကိုလည်း သူအတော်
ဝမ်းနည်းကြေကွဲစိတ်ထိခိုက်လှသည်။
လှပနုပျိုချိန်တွင် ပန်းဦးကြွေခဲ့ရသည်။
အိမ်ထောင်တစ်ခုကိုအတည်တကျပြုမိပြန်တော့လည်း လိမ်ညာဟန်ဆောင်သူနှင့်တွေ့ခဲ့ရပြန်သည်။
သူ့အမထံသို့လည်းပြန်မသွားချင်တော့ပေ။
သည်လိုနှင့် အထည်သွားဝယ်ချိန် သွားလာစရာရှိချိန်များတွင် ရပ်ကွက်တွင်းမှလူတစ်ယောက်နှင့်တွေ့ဆုံပါများပြီးမျက်မှန်းတန်းမိရာမှ ခင်မင်လာကြသည်။
သူက ကုမ္မဏီဝန်ထမ်းတစ်ယောက် မိဘမရှိတစ်ယောက်ထဲသမား။
သည်လိုနှင့် ကန်ဇွန်းခင်းရော ကြိုးချင်းပါငြိကြလေသည်။
သည်တစ်ခါတော့ဖြင့်ထားဘဝ ပျော်ရွှင်သာယာရပါပြီ။
ထားတို့လင်မယားချစ်ကြသည်မှာ အများကအားကျယူကြသည်အထိ။
(၂)
ထားနှင့်မောင်တို့အိမ်ထောင်သက်ရှစ်နှစ်အတွင်း သားသမီးနှစ်ယောက်ရခဲ့သည်။
အေးချမ်းတာဝန်ကျေသော ခင်ပွန်းကို ထားဘဝတွင်မည်သူ့ကိုမှ မချစ်ဖူးသော အချစ်ဖြင့်ချစ်ရပါသည်။
တစ်ရက်တွင်တော့….
“ထား….မောင်ရုံးမှာပြသနာတက်နေတယ်”
” ငွေစာရင်းကွာနေတယ်….မောင်ဘယ်လိုစစ်စစ်မရဘူး…တစ်ယောက်ယောက်လုပ်တာနေမှာ”
“ဟင်…မောင်ဘယ်လိုလုပ်မလည်း…မောင်မှမလုပ်တာ….
ဥက္ကဌကိုပြောပြလေ”
“အဲ့လိုပြောယုံနဲ့မရဘူး….ရုံးတို့စခန်းတို့မှာပြောရမယ်ထင်တယ်”
ငွေသိန်းငါးရာစာရင်းပျောက်နေသောကိစ္စဖြင့် မောင် ထောင်ကျခဲ့ပါသည်။
ထားသည်လည်း မောင့်အတွက် ရှေ့နေငှားရ အမှန်ကိုထွက်ဆိုပေးရေးရုံးမှလူများကို ပေးရကျွေးရ အချုပ်ထဲမှာအဆင်ပြေအောင် ကြိုးစားရနှင့် အိမ်ကိုပါ ပေါင်လိုက်ရသည်။
မောင်ထောင်ကျပြီးချိန် ထားမှာလည်း အရင်းနှိးကမတတ်နိုင်သည့်အခြအနေဖြစ်၍ အထည်ဆိုင်တွင်အသစ်အဆန်းတို့မတင်နိုင်။
မောင်ကရိုးသားပါလျက်နှင့် သူတစ်ပါး၏ ပိရိသောချောက်ချမှုကို ခံလိုက်ရခြင်းဖြစ်သော်လည်း ပါတ်ဝင်းကျင်ကတော့ မောင်သည်ကုမ္မဏီပိုင်ငွေကို အလွဲသုံးစားခိုးသူအဖြစ်သာသတ်မှတ်ကြသည်။
ထားတို့အိမ်ထောင်သက်တစ်လျှောက် မောင်ကျန်းမာရေးကောင်းပါသည်။
အေးချမ်းသူမို့လည်း သွေးတိုး
ခြင်းလည်းမရှိခဲ့။
သို့သော်လည်း မောင့်သတင်းဆိုးက ထားရင်သို့ မိုးကြိုးပစ်သလို ရောက်ရှိလာခဲ့သည်။
အကျဥ်းထောင်ထဲတွင် မနက်ပိုင်းအိပ်ယာမှမထသဖြင့် သွားနှိုးကြရာမှ အသက်မဲ့နေသည်ကိုတွေ့ကြရသည်ဟု အကြောင်းကြားကြသည်။
ဆရာဝန်စစ်ဆေးချက်အဖြေအရ ညဖက်နှလုံးရပ်ခြင်းဖြစ်သည်။
မောင့်မှာ နှလုံးရောဂါအခံရှိသည်ဟုဆရာဝန်က မှတ်ချက်ပေးခဲ့သည်။
ထားဘဝကမ္ဘာပြိုပါပြီ။
ချစ်ခြင်းမေတ္တာအကြောင်း သင်ကြားပေးသောသူ။
မိသားစုဘဝလေးတည်ဆောက်ပေးသောသူ။
ထားဘဝ၏တန်ဖိုးထားရသော တစ်ဦးတည်းသော
ယောက်ျား ဤ ကမ္ဘာမြေပေါ်မှ ကွယ်ပျောက်ခဲ့လေပြီ။
(၃)
ပေါင်ထားသောအိမ်ကိုရွေးယူရန်အတွက်လည်းအဆင်မပြေနိုင်။
အထည်ဆိုင်ကိုလည်း အသစ်များမဖြည့်နိုင်သည့်အတွက်ထား ငွေရှာရပါသည်။
စျေးနှင့်ရပ်ကွက်ထဲတွင် ငွေတိုးပေးသူ မသဇင်နှင့်ထားပါတ်သက်ရပါသည်။
တစ်ရက်တွင်…
” ထားရေ နေ့လည်ဆိုင်ပိတ်ရင်…သဇင်နဲ့ခနလိုက်ခဲ့ပါလား…သွားစရာရှိလို့”
” မသဇင်အဖေါ်မရှိလို့လား….
ထားလိုက်ခဲ့မယ်လေ”
ထားတို့စျေးကမနက်စျေးမို့နေ့လည်12 နာရီဆိုထားကဆိုင်ပိတ်သည်။
သဇင်ကအိမ်ထောင်မရှိ။
ကွဲနေတာကြာခဲ့ပြီ။
သူသွားတွေ့သူက သဇင်နှင့်အပြင်မှာတွဲနေသူဟုသိရသည်။
စားသောက်ဆိုင်တစ်ခုတွင် ချိန်းထားခြင်းဖြစ်သည်။
အတော်လေးချမ်းသာပုံလည်းရသည်။
” မနက်ဖန် ဝိုင်းရှိတယ် မထားကိုလည်း ခေါ်လာခဲ့လေ”
ထားကနားမလည်။
” ထားရေ…ဖဲဝိုင်းရှိတာ…သဇင်တို့မိတ်ဆွေတွေစုတဲ့ဝိုင်း”
” အော် မသဇင်ကလည်း…ထားမှမရိုက်တတ်တာ”
” နောက်တော့ တတ်သွားမှာ မပူနဲ့….ထားဆိုင်တစ်ရက်စာအမြတ်ထက်ကျန်စေရမယ်”
နောက်ရက်မှာလည်း မသဇင်ကခေါ်သွားပြန်သည်။
သည်လိုနှင့် ထားအထက်တန်းလွှာ ဖဲဝိုင်းမှာ ဝင်ဆန့်လာသည်။
ထားအလှကလည်း ထင်ပေါ်ကျော်ကြားလာခဲ့သည်။
အသက်သုံးဆယ်သုံးနှစ်ရွယ်ထားသည်အသက်လေးဆယ်ကျော် သွင်းကုန်ထုတ်ကုန်ကုမ္မဏီပိုင်ရှင်ဦးသက်အောင်နှင့် ဆုံခဲ့သည်။
ထား၏ အကြွေးများလည်းကြေခဲ့ပြီ။ပေါင်ထားသောအိမ်ကိုလည်းရွေးနိုင်ခဲ့ပြီ။
အထည်ဆိုင်မှာလည်း ပေါ်သမျှအသစ်အဆန်းတို့ တင်နိုင်ခဲ့ပြီ။
ထား၏ အက်ကြောင်းသံနှင့် နှလုံးသားမဲ့ ချိုလွင်သောရယ်သံတို့လည်း ဝေစည်လာခဲ့သည်။
ထားလက်ထဲသို့ စိန်နားကပ်တစ်ရံ လက်ဆောင်ပေးပြီးချိန်မှာ ….
“ကိုယ်ထားနဲ့လမ်းခွဲပြီး နောက်တစ်ယောက်နဲ့ထပ်တွဲမှာမို့ခွင့်ပြုပေးပါ”
ဟု ဦးသက်အောင်မှ ပြောလာခဲ့သည်။
ထားခေါင်းညှိမ့်ပေးခဲ့သည်။
သားသမီးများလည်းအတန်းကြီးလာခဲ့ပြီ။
ကိုယ်မရခဲ့သော ပညာတတ်ဘဝကိုသားသမီးများကိုပေးချင်သည်။
နိုင်ငံခြားအထိပင်စေလွှတ်ချင်ခဲ့သည်။
ထားစီးကရက်သောက်တတ်ပြီ။
ဝိုင်ခွက်ကို လှလှပပ ကိုင်ကာမော့သောက်တတ်ပြီ။
ခေါင်းကိုမော့ကာနှုတ်ခမ်းကိုလက်ဖဝါးဖြင့် အုပ်ပြီး ထားရယ်နေပုံကို အိမ်မက်ထဲအထိထည့်မက်ပါတယ်ဟု ဆိုလာသူ အဝေးပြေးကားများထောင်ထားသူ ဦးကံနိုင် ကတော့ဖြင့် ထားရွှေဆိုရွှေ ငွေဆိုငွေ ဖြစ်လာခဲ့ပြန်ပါသည်။
သားနဲ့သမီးကို အကောင်းဆုံးဘော်ဒါသို့ပို့နိုင်ပြီး ထားအိမ်ကို နှစ်ထပ်တိုက်ပြင်ဆောက်ခဲ့သည်။
အထည်ဆိုင်ခန်းကို ပြန်အပ်၍ လူစည်ကားရာ ရပ်ကွက်ထိပ်မှာ အထည်နှင့်ဖန်စီပစ္စည်းဆိုင်ဖွင့်ခဲ့သည်။
အရင်းအနှီးများများထည့်နိုင်ပြီဖြစ်၍ မိတ်ဆွေတစ်ယောက်နှင့်လည်း နိုင်ငံခြားဖိနပ်ဆိုင်ဖွင့်နိုင်အောင်ကြိုးစားသည်။
ထားကဖဲကို စီးပွားထိခိုက်အောင် စီးပွားပျက်အောင်မရိုက်။
အလှပြယုံ ဖေါ်ရှိုး အနေဖြင့်သာဖဲရိုက်သည်။
ဝတ်နိုင်စားနိုင်တော့ ထားအလှကပိုပေါ်လွင်သည်။
ထားကလက်ရှိတွဲနေသူကို ဘယ်သောအခါမှ စည်းမဖေါက်။
စီးပွားရေးလုပ်ချင်သည်ကိုပြောပြအကြံတောင်းသည်။
တစ်ဖက်ကဖြည့်ဆည်း ပေးသည့်အခွင့်အရေးကို ဆုပ်ကိုင်ကြိုးစားသည်။
ထားကားတစ်စီးဝယ်ချင်သည်။လက်ထဲရှိသောငွေကို ဦးကံနိုင်ကိုပြောပြပြီး ကျန်ငွေစိုက်ပေးပါဟုထားကပူဆာခဲ့သည်။
ကားတစ်စီးဝယ်ဖြစ်ခဲ့ချိန်မှာ ဦးကံနိုင် ကအကူညီလိုရင်အချိန်မရွေးတောင်းပါဟုဆိုကာ ထားနှင့်လမ်းခွဲခဲ့သည်။
သူလည်း ထားထက်ပိုငယ် ပိုလှသောသူနှင့် တွဲသွားခဲ့ပြီဖြစ်သည်။
(၃)
စီးပွားရေးကိုအာရုံစိုက်ရင်း ကြိုးစားရင်းဖြင့် သားနှင့်သမီးတို့ကျောင်းပြီးခဲ့ပြီ။
ထားအသက်လည်းလေးဆယ်ကျော်ငါးဆယ်နားကပ်ခဲ့ပြီ။
သားကဂျပန်သို့ ကျောင်းထပ်တက်ရင်း အလုပ်သွားလုပ်လိုသည်ဟုခွင့်ပန်သည်။
သမီးကစင်္ကာပူသို့သွားချင်ပါသည်ဟုဆိုသည်။
ထားလိုချင်ခဲ့သည့် အခြေနေကိုရောက်ခဲ့ပြီ။
ပညာတတ်သားနှင့်သမီး နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြမည်။ပညာတွေသင်ကြမည်။
မြန်မာပြည်မှာ ထားတစ်ယောက်ထဲနေခဲ့ရမည်။
ထား၏နဘေးတွင်ပြုံးလျက်ရပ်နေသောမောင့်နေရာ
ထား၏နှလုံးသားထဲက မောင့်နေရာ
သားနှင့်သမီး၏ဖခင်နေရာ ထိုနေရာများတွင်တော့
မောင့်မှတစ်ပါးတစ်ခြားသူမရှိခဲ့ပါ။
ထားရောက်ရှိသွားရာ မျက်နှာဖုံးစွပ်လူကုံထံအသိုင်းဝိုင်းထဲတွင် ထားသည် တိကနဲ ပိုင်းသည့်မကွေးကတ်ကြေးဟု ပြောကြသည်။
ချစ်ခြင်းမေတ္တာမပါသော လိုချင်တက်မက်မှုနှင့်ကြုံရသည့်အခါ ရသင့်သလောက်ပြန်ယူသင့်သည်ဟုထားကယူဆသည်။
ဘဝအစမှာထဲကကြုံလာရသည့်ခါးသီးမှုများကိုထား အခွင့်ရချိန် လက်တုန့်ပြန်သည်။
ထားအယူအဆ မှားနိုင်သည်။
မှားကောင်းမှားမည်။
ထားနေရာ ကိုတစ်စုံတစ်ယောက် များရောက်ရှိကြုံတွေ့ရပါက မည်သို့ ခံစားပြုမူမိကြမည်ထားသိချင်ပါသည်။
(၄)
ထားလွန်ခဲ့သောတစ်လကျော်က အသစ်ဖွင့်ထားသော အင်္ကျီဆိုင်သို့အသွား ကားမောင်းနေရင်းမှ အောက်ပိုင်းတွင် စိုလာသည်ဟုခံစားနေရသည်။
ဆိုင်အရောက် ကားရပ်ပြီးချိန် ခန္တာကိုယ်ကိုကြွကြည့်မိချိန် ရဲရဲနီသော သွေားများမြင်မကောင်း။
ထိုနေ့က သားဖွားမီးယပ်ပါရဂူဆရာဝန်ကြီး၏ စကားများကိုနားထောင်ခဲ့ပြီးပြီမို့ ထူးလည်းတုန်လှုပ်မနေတော့ပေ။
” ကျွန်မက တစ်ယောက်ထဲနေသူပါ…သားသမီးတွေကနိုင်ငံခြားမှာပါ…ကျွန်မကို ပွင့်ပွင့်လင်းလင်းသာပြောပြပါ”
ထား၏စကားကြောင့်ဆရာဝန်မကြီးက ထိန်းသိမ်း၍ပြောရှာပါသည်။
သို့သော်လည်း ထား သိလိုက်ပါသည်။
ထားမှာ သားအိမ်ကင်ဆာဖြစ်နေပြီ။
ထား ငိုလည်းမငိုပါ။
တာဝန်တွေပြီးဆုံးတော့မည့်ခံစားချက်မျိုးလိုပင်။
မိဘမဲ့ကျောင်းများ ဘိုးဘွားရိပ်သာများသို့ထားသွားသည်။
အလှူအတန်းပြုသည်။
နေ့စဥ်ပြုနေကျဘုရားဝတ်တက်ခြင်းကိစ္စအပြင် တရားနာသည်။
ဝင်သက်ထွက်သက်ရှုမှတ်သည်။
သည်ဘဝတွင်ပြုခဲ့သော သူတစ်ပါးအိမ်ယာနှင့်ငြိစွန်းခဲ့သော ကာမေသုကံသည်မလွေမသွေ ဘဝဘဝတွေမှာပြန်လည်ခံစားရမည်ကိုလက်ခံ နှလုံးသွင်းသည်။
ကျန်ရှိနေချိန်လေး အသက်ရှင်နိုင်သမျှကာလ လေးကိုဖြင့် စိတ်ရောကိုယ်ပါ အညစ်အထေးကင်းဖို့ အားထည့်ကြိုးစားသွားမည်။
နောက်ထပ်စီးကရက်တစ်လိပ်ကိုမီးထပ်ညှိလိုက်သည်။
ဘာတွေကိုပဲတက်မက်သည်ဖြစ်စေ ဘယ်လောက်ကြိုးစားကြိုးစားနောက်ဆုံးတော့ငြီးငွေ့ခြင်းနှင့်သာ အဆုံးသတ်ကြသည်တဲ့။
ငြီးငွေ့ခြင်း မှာနောက်မကျဖို့တော့လိုကြမည်ထင်သည်။
ထားနောက်ကျနေခဲ့သည်ဟုခံစားမိသည်။
တက်မက်မှုနာက်လိုက်နေမိသောထားအတွက် ငြီးငွေ့ရန် ငြီးငွေ့သော အသိကိုရချိန်နောက်ကျခဲ့လေပြီလား။
ထား၏အသိစိတ်တွင် ဘဝ၏အဆုံးသတ်ချိန်ကိုမေ့လျော့ကာ လောဘနှင့်တက်မက်မှုနောက်လိုက်ရင်းဖြင့် ဘဝသံသရာတွေမည်မျှထပ်၍ ဝဲလည်ဦးမည်မသိနိုင်တော့ပါ။
အငိုဖြင့်စခဲ့သောဘဝတစ်ခု၏ လမ်းခုလတ်တွင် ရယ်မောခြင်ပျော်ရွှင်ခြင်းတို့ဖြင့် သရုပ်အမျိုးမျိုးဆောင်ခဲ့ကြသည်။
ဇာတ်ရုပ်တွင်အဟုတ်ထင် ပျော်ခဲ့ငြားလည်း နောက်ဆုံးချိန်မှာဖြင့် အငိုနှင့်သာနှုတ်ဆက်ထွက်ခွာရပေဦးမည်။
အသက်ရှင်နေသမျှ ဘဝဇာတ်ဆရာ၏ ထားရာနေစေရာ ကရသော ကြိုးဆွဲရုပ်မျှသာ။
မငိုတတ်တော့ပြီီဟု ထင်ထားခဲ့သော ထား၏ပါးပြင်နှစ်ဖက်တွင် မျက်ရည်များက လိမ့်ဆင်းလျက် ။ ။
ပြီးပါပြီ
မေခြယ်
(ထားရာနေ စေရာသွား)