ထုံကူးဝိဇ္ဇာ (စ/ဆုံး)
—————-
မနက်မိုးလင်းတာနဲ့ ငှက်ကျေးအပေါင်းရဲ့ အော်မြည်သံ၊ ဒေါင်းတို့ရဲ့ တွန်ကျူးသံ၊ မျောက်မောင်းမတို့ရဲ့ အစာရှာ ဟစ်ကျွေးသံက မြေဝါတောင်ကြောကြီးဆီကို အသက်ဝင် လှုပ်ရှားနေစေပါတယ်။
တောင်ကြောကြီးရဲ့ အခြေမှာ စမ်းချောင်းကလေးတစ်ခုလည်း ရှိပြီး စမ်းချောင်းအတွင်းမှာ ရွှေရောင်၊ ငွေရောင်ရှိတဲ့ ငါးကလေးတွေ ကူးခတ်သွားလာနေကြတယ်။
မြေဝါတောင်ကြောကြီးဟာ ဗမာပြည်အလယ်ပိုင်း စစ်ကိုင်းတောင်ရိုးကြီးလိုပဲ ဘယ်ရိုးမ၊ ဘယ်တောင်တန်းနဲ့မှ ဆက်စပ်နေခြင်းမရှိတဲ့ နေရာပါ။ သီးခြားဆန်ပြီး ပုဂ္ဂိုလ်ထူးတွေ အခြေကျရာ နေရာပေါ့။ ဒီနေရာဟာ ‘ ဝိဇ္ဇာထုံကူး၊ ဇော်ဂျီမြူးလို့ နဂါးဂုမ္မာန် အောင်းရာစံလတ်’ လို့ အဆိုပြုရာ နေရာပေါ့။
တည်နေရာကိုတော့ အတိအကျ ဖော်ပြဖို့ရာခက်ပါတယ်။ ဗမာပြည်အလယ်ပိုင်း ရိုးမကြီးတစ်နေရာလို့သာ မှတ်ပါ။
******
မောင်လှတစ်ယောက် သူ့အရှေ့ဆီက ပုံမှန်ခြေလှမ်းနဲ့ သွားနေတဲ့ အသက်ခုနှစ်ဆယ်အရွယ် လူအိုကြီးကို ကြည့်ပြီး အံ့သြမိနေတယ်။
ဘာကြောင့်လဲဆိုတော့ ဒီလူကြီးဟာ ခရီးစတင်ရာငနေ လှမ်းလျှောက်လာတဲ့ လမ်းတစ်ခုလုံး မောပန်းဟန်လုံးဝ မပြဘူး။ နွမ်းလျှဟန်လည်း မရှိဘူး။ သက်တောင့်သက်သာ သွားလာနေသလိုပါပဲ။ သူ့မှာတော့ လူငယ်တစ်ယောက်ဖြစ်ပြီး ခရီးကြာရင် ကြာသလို မောပန်းမှုကို ခံစားနေရတယ်။ တွေးကြည့်ရင် ရှက်ဖွယ်ပါပဲ။
ဒီလူကြီးနဲ့ ဆုံချိန်တုန်းက သူက ပုတီးအဓိဌာန်အတွက် ပဲခူးရွှေမော်ဓောဘုရားကြီးဆီမှာ ရှိနေချိန်။ ပုတီးအဓိဌာန်ဝင်ရာ ရက်သတ္တပတ်လုံး ဒီလူကြီးနဲ့ မကြာခဏ ဆုံဆုံဖြစ်တယ်။ နောက်ကျတော့ စကားစမြည်ပြောဖြစ်ပြီး ဒီလူကြီးက ထူးဆန်းရာ ကျင့်စဥ်တစ်ချို့ကို ပြောပြလာတယ်။
ပထမတော့ မောင်လှစိတ်ဝင်စားမိပေမယ့် သူက ပုတီးလိုင်းလေ။ လိုင်းချင်းက မတူဘူးလို့ ခံစားမိတယ်။
ဒါပေမယ့်လည်း သုံးလေးရက်ကြာချိန်မှာတော့ အဲ့ဒီ့လူကြီးရဲ့ စည်းရုံးပြောဆိုမှုတွေမှာ မောင်လှစိတ်ပြောင်းစပြုလာတယ်။
သူလိုက်စားနေတဲ့ ပုတီးအကျင့်က ပေါက်ရောက်ဖို့မလွယ်ဘူးလို့ ခံစားမိလာရတယ်။ ဒါကြောင့် အဓိဌာန်ကို ပြီးစီးအောင်လုပ်ပြီးတာနဲ့ အဲ့ဒီ့လူကြီးရဲ့ ကျင့်စဥ်ဘက်ကို ကူးပြောင်းတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ပုတီးအကျင့်ဆိုတာကလည်း မိခင်ဘက်က အဘိုးရဲ့ လမ်းပြမှုနဲ့ အသက် ဆယ်လေးနှစ်သားအရွယ် ငယ်ကတည်းက လိုက်စားခဲ့တာဆိုတော့ ချက်ချင်စွန့်ခွာဖို့ရာက အခက်သားပဲ။ ဒါပေမယ့်လည်း မောင်လှက ဆုံးဖြတ်ချက်ကို ချခဲ့ပြီလေ။ ပြတ်သားစွာနဲ့ပေါ့။
နောက်များတော့မှ အဲ့ဒီ့လူကြီးနာမည်ကို သိရတာက ဦးရာဇလို့ သိရတယ်။
မောင်လှဝင်တဲ့ အဓိဌာန်က ဆယ့်ရှစ်ရက်။
အဓိဌာန်ပြည့်ပြီးတဲ့အထိ ဦးရာဇက မောင်လှဆီကို ရောက်ရောက်လာခဲ့တယ်။
အဓိဌာန်ရဲ့ နောက်ဆုံးရက်မှာတော့ ဦးရာဇဟာ မောင်လှရဲ့ မိသားစုအတွက်ကို ရွှေဒဂါးငါးပြားပေးတယ်။ စားဝတ်နေရေးအတွက် စီစဥ်ပါလို့ ဆိုလေပြီး နောက်တစ်ရက်မှာတော့ မောင်လှကို ခရီးထွက်မယ်ဆိုတာကိုပါ အသိပေးအပ်လာတယ်။
မောင်လှလည်း မိဘနှစ်ပါးဆီကို ရွှေဒဂါးတွေအပ်ပြီး အကျိုးအကြောင်းပြောပြလို့ နောက်တစ်နေ့မနက်မှာ အဝတ်အစားသုံးစုံလောက်ပါတဲ့ လွယ်အိတ်ကို လွယ်ပြီး အိမ်က ထွက်လာခဲ့တယ်။
ဦးရာဇနဲ့ ရွှေမော်ဓောဘုရားဆီမှာပဲ ဆုံကြပြီး ပဲခူးကားဂိတ်ကနေ ပျဥ်းမနားအထိကို ကားအဆင့်ဆင့်စီးလို့ ထွက်ခဲ့ကြတယ်။ ပျဥ်းမနားရောက်တော့ တစ်ညအိပ်ကြရတယ်။
နောက်တစ်နေ့ မနက်မှာတော့ ရမည်းသင်းကို ထွက်လာခဲ့ကြရပြီး ရမည်းသင်းမြို့ဆီကို မဝင်ခင် လမ်းသွယ်တစ်ခုကနေ ညိုမောင်းနေတဲ့ တောင်ညိုတန်းကြီးဆီကို ခြေကျင်ခရီး ထွက်ကြရတော့တာပါပဲ။
မနက်ကတည်းက ထွက်လာခဲ့တာ နေမွန်းလွဲနေပြီ။ တစ်ခရီးတစ်ထောက် မနားဖြစ်သေးဘူး။ ဝမ်းဆီကလည်း တကြုတ်ကြုတ်ဆာလောင်နေပြီ။
‘ မောနေပြီလား မောင်လှ။ ဆာလည်း ဆာရောပေါ့…’
ဦးရာဇက စကားဆိုလာတာမို့ မောင်လှအတွေးတွေ ပြတ်တောက်သွားရတယ်။
‘ ဟုတ်ကဲ့။ ကျုပ် ဆာနေပြီ ဘကြီး…’
‘ အင်း…ရှေ့နားကျတော့ တစ်ထောက်နားတာပေါ့။ လောလောဆယ်တော့ ဒီသစ်သီးကို စားထားချေကွယ်…’
ဦးရာဇ ကမ်းပေးလာတဲ့ ညိုနက်နက် သစ်သီးကလေးကို မောင်လှ လမ်းသွားရင်းပဲ စားသုံးလိုက်တယ်။ အရည်ရွှမ်းပြီး အရသာကတော့ ချို၊ ချဥ်၊ ဖန်သုံးမျိုးစပ်တဲ့ အရသာရှိတယ်။
စားသုံးလို့ ပြီးစီးတော့ ရေဆာတာ၊ မောပန်းတာတွေနဲ့ ဝမ်းဆီက ဆာလောင်နေတာတွေက ယူပစ်သလိုပဲ ပျောက်သွားခဲ့တယ်။
အရှေ့ကို တစ်ပြလောက်သွားပြီးတော့ ညနေစောင်းအချိန်ကို ရောက်လုပြီ။
‘ နားကြစို့…’
ဦးရာဇက ပြောပြီး သစ်ပင်ကြီးတစ်ပင်ရဲ့ အရိပ်ကျရာဆီမှာ ထိုင်ချလိုက်တယ်။
မောင်လှလည်း လိုက်ထိုင်မိတယ်။
‘ နောင်တများ ရနေရော့သလား မောင်လှ…’
‘ ကျုပ် နောင်တမရပါဘူး…’
‘ အင်း…ကောင်းတယ်။ နောင်တရစရာ မရှိပါဘူး။ ဟိုကိုရောက်ရင် မင်း သိပ်ပျော်သွားမှာပါ…’
ဦးရာဇာ ပြောမှ မောင်လှလည်း သူတို့သွားမယ့်နေရာကို မေးခွန်းထုတ်ဖို့ တွေးမိရတယ်။ စထွက်လာကတည်းက ဦးရာဇက ဘယ်သွားမယ်ဆိုတာကို မပြောခဲ့သလို သူကလည်း မေးဖို့ရာ မတွေးခဲ့ဘူးလေ။ အခုတော့ နားပြီမို့ မေးမြန်းဖို့ ကြံရွယ်လိုက်တယ်။
‘ မင်းမေးမယ့်အရာကို ငါ သိတယ် မောင်လှ။ ငါ ပြောပြမယ်။ ငါတို့ အခု မြေဝါတောင်ကို သွားနေကြတာ…’
‘ မြေဝါတောင်ဆိုတာက ဘယ်လိုနေရာလဲ…’
‘ သူတော်စင်တို့ ပျော်စံရာ မဟာမြိုင်လို အရပ်မျိုးပေါ့။ ဒါပေမယ့် လူသူနဲ့ သိပ်နီးတော့ သူတော်စင်တို့ဟာ အဲ့ဒီ့မှာ အမြဲတမ်းနေဖို့ထက် ရံဖန်ရံခါလောက်ပဲ နေဖို့ရာ အဆင်ပြေတယ်ပေါ့ကွာ…’
‘ တစ်မျိုး ဆန်းသလိုပဲနော်…’
‘ ဆန်းသကိုဆို လှမ်းခိုလို့သာ ကြိုပါစေတော့ မြေဝါတောင်ညို တောစိုစမ်းပြ လှပညောင်ဆင်း လေးရာခင်းညီ သူတော်များတို့ ပျော်ရင်းရှာ၏’ တဲ့ မောင်လှရ…’
စာချိုးက မောင်လှရဲ့ အာရုံဆီမှာ မြေဝါတောင်ရဲ့ သရုပ်ကို အထင်သားပေါ်လွင်စေပါတယ်။
မောင်လှတော့ စိတ်ထဲ မြေဝါတောင်ရဲ့ ပုံသဏ္ဍာန်ကို
ဖော်ကြည့်ရင်း စိတ်အမောတွေတောင် ပြေလွင့်ရသလိုဖြစ်ရတယ်။
‘ ဒါနဲ့ ဘကြီး။ ကျုပ်တို့က အဲ့ဒီ့ကို ဘာသွားလုပ်ကြရမှာလဲ…’
‘ ဪ…အေး။ ဟုတ်ပေသားပဲ။ မင်းကို အသေအချာ မပြောပြခဲ့ရဘူး…’
‘ ဟုတ်တယ် အဲ့ဒါကြောင့် မေးကြည့်တာ။ ကျင့်စဥ်အတွက် သီးခြားသွားတာတော့ မဟုတ်ဘူးလို့ ထင်တယ်…’
‘ အမှန်ပဲပေါ့ မောင်ရာ။ ပထမဆုံး မြေဝါတောင်ကို ရောက်တာနဲ့ ဘကြီးထုံကူးဖို့ ရှိတယ်…’
‘ ထုံကူးတယ်ဆိုတော့ ဘကြီးက ပေါက်ရောက်နေပြီးသားလား…’
‘ အင်းပေါ့ မောင်ရ…’
‘ ဘယ်လိုများ ပေါက်ရောက်တာလဲ။ ထုံကူးတာကကော ဘယ်လိုများလဲ။ ကျုပ်လည်း ကြားဖူးနားဝသာ ရှိတာ။ စစ်ပေါက်ပေါက် မသိဘူးမို့…’
မောင်လှက ဦးရာဇာက ထွက်ရပ်ပေါက်ပြီးသားဆိုတာ အခုမှ အသေအချာသိတာပါ။ ဒါကြောင့် သူသိလိုတာတွေကို ဆက်တိုက်မေးမြန်းမိတယ်။
‘ ဘကြီး ပေါက်ရောက်ခဲ့တာကတော့ ပညာရပ်တစ်ခုကနေ ပေါက်ရောက်ခဲ့တယ်ဆိုပါတော့ကွာ။ ထုံကူးတယ်ဆိုတာကတော့ အမျိုးမျိုးရှိတယ်ကွ။ တစ်ချို့က မြေထုံ၊ တစ်ချို့က မီးထုံ၊ တစ်ချို့ကကျ ရေထုံ စသလို သင့်ရာနည်းတို့နဲ့ ထုံကူးကြတယ်…’
‘ ဟုတ်ကဲ့…’
‘ ထုံကူးခြင်းဆိုတာကတော့ကွာ ဘယ်လိုပြောရမလဲ။ ခန္ဓာဟောင်းတစ်ခုကို ခန္ဓာသစ်တစ်ခုအဖြစ် ပြန်လည် ပြောင်းလဲခြင်းပေါ့။ ဝိဇ္ဇာဆိုတာကလည်း လူသားပဲလေ။ ခန္ဓာဟာ အိုမင်းတတ်တယ်။ ဒါကြောင့် လူ့သက်တမ်းတစ်ကြိမ်တိုင်း ခန္ဓာကို ပြန်ပြီးမွမ်းမံရတာမျိုးပဲ…’
‘ ဒီအထိတော့ သိသင့်သလောက် ကျုပ်သိထားပါတယ်။ အသေးစိတ် လုပ်ဆောင်ချကိလေးတွေကို သိချင်မိတာပါ…’
‘ အရိပ်အမြွက်တော့ ပြောပြနိုင်ပါတယ်။ စကားဆိုတာက ပြောပါများလွန်းရင်လည်း သိပ်မကောင်းတတ်ဘူးလေကွယ်။ အသံကြောင့် ဖားသေတတ်တယ်။ ဒါကို ဘာကြောင့် ပြောလဲဆိုတာကကျ ထုံကူးခြင်းဆိုတာဟာ သိပ်ကို ထိလွယ်ရှလွယ် ဖြစ်လွန်းတယ်။ ပတ်ဝန်းကျင် ပယောဂများလွန်းပြီး ဘေးအန္တရာယ်သိပ်များတတ်တယ်…’
‘ ဟုတ်ကဲ့ ဘကြီး။ သိခွင့်ရသလောက်ပေါ့…’
‘ ဝိဇ္ဇာထုံကူးတော့မယ်ဆိုရင် အရင်ဆုံး လပြည့်လကွယ်ရက် နက္ခတ်တို့ကို ကြည့်ပြီး ဆေးဝါးစီရင်ရတယ်။ ပြီးရင် ထုံကူးမယ့်နေရာ၊ ထုံကူးမယ့်ရက်၊ ထုံကူးရမယ့် အချိန်တို့ကို သတ်မှတ်ရတယ်…’
‘ မှတ်သားနေပါတယ် ဘကြီး…’
မောင်လှက ဦးရာဇာကြီးပြောသမျှကို စိတ်မှတ်နဲ့ လိုက်လံမှတ်သားနေတယ်။ အပေးအယူမျှအောင် စကားကိုလည်း ထောက်ပေးတယ်။
‘ ဒါတွေအားလုံးပြီးစီးတဲ့အခါမှာတော့ အဓိက အကျဆုံးအရာဖြစ်တဲ့ ကူညီစောင့်ရှောက်ပေးမယ့်သူကို ရှာရတယ်။ ကူညီပေးမယ့်သူဟာ သစ္စာရှိရမယ်။ သတ္တိရှိရမယ်။ ပြတ်သားရမယ်။ လိုက်နာရမယ်။ ပြီးတော့ ချစ်ခင်၊ လိုချင်၊ ဖြည့်ဆည်းဆိုတဲ့ လောဘသုံးတန်ကင်းရမယ်။ ဒါဟာ ဘာလို့ အဓိကကျသလဲဆိုတော့ ထုံကူးမယ့် သူက အဲ့ဒီ့အချိန်ဟာ အားအနည်းဆုံးအချိန်အခါဖြစ်နေတာမို့ပဲ။ ဂဏန်းတို့ အခွံလဲသလိုပေါ့။ တစ်ကောင်က အခွံလဲနေရင် လဲလှယ်နေရင် ကျန်တစ်ကောင်က အနားမှာ လိုအပ်တာ ဖြည့်ဆည်းပေးရင်း သစ္စာရှိစွာနဲ့ စောင့်ပေးတာမျိုးလို ထပ်တူပါပဲ…’
မောင်လှက ခေါင်းကို ညိတ်တယ်။ ပြီးတော့…
‘ ဘကြီးပေးတဲ့ ဥပမာက အဆင်ပြေမနေဘူး…’
‘ ဟေ…ဘာကြောင့်လဲ…’
‘ ဂဏန်းတို့ အခွံလဲတာကို ကျုပ်ကြားဖူးတာ ရှိနေလို့ပဲ ဘကြီး…’
‘ ပြောပြစမ်းပါဦးကွာ…’
‘ ဟုတ်ကဲ့ ပြောပြပါ့မယ်။ ဂဏန်းတို့ အခွံလဲရာမှာ ဂဏန်းမတို့ အခွံလဲရင် ဂဏန်းထီးက စောင့်ရှောက်ပေးပြီး ဂဏန်းထီးတို့ အခွံလဲချိန်မှာကျတော့ ဂဏန်းမက အားအင်ချိနဲ့နေတဲ့ ဂဏန်းထီးကို ရက်ရက်စက်စက် သတ်စားတယ်တဲ့။ ဒါကြောင့် ဘကြီးရဲ့ ဥပမာကို ကျုပ် သဘောမကျဘူး ပြောတာ…’
မောင်လှစကားကြောင့် ဦးရာဇက တဟားဟားထရယ်တယ်။ မောင်လှကတော့ မရယ်။ ဥိးရာဇက ရယ်လို့ဝတော့ ပြုံးပြုံးကြီးနဲ့ ခေါင်းကို တညိတ်ညိတ် လုပ်လေပြီး…။
‘ မောင်ရယ်…ဒါကြောင့်လည်း ဘကြီးတို့ ထုံကူးရာမှာ ဂဏန်းထီးတွေကိုသာပဲ အားကိုးကြတာပေါ့။ ဂဏန်းမကို မရှာခဲ့ဘူးလေကွာ…’
မောင်လှကော ဦးရာဇာပါ ရယ်လိုက်ကြပါတယ်။
သစ်ပင်ကြီးအောက်ဆီမှာ ရယ်သံတို့ စီညံတာပေါ့။ ခဏအကြာ ရယ်သံတိတ်ချိန်မှာတော့ သူတို့အရှေ့က ခြုံကလေးတစ်ခုဆီမှာ သပိတ်လွယ်ငှက်ကလေးတစ်ကောင် တကျစ်ကျစ် ဟစ်အော်ရင်း လာရောက်နားလေတယ်။
ဘာရယ်မဟုတ်ပါဘူး။ မောင်လှလည်း သပိတ်လွယ် ငှက်ကလေးကို အမှတ်တမဲ့ ကြည့်မိသွားခဲ့တယ်။
‘ မောင်လှ…မင်းမှာ လောဘရှိသလား…’
‘ ဘကြီး အခုနက ပြောပြတဲ့ လောဘသုံးတန်ကို ပြောတာလား…’
‘ အင်း…ဆိုပါတော့…’
‘ ကျုပ်မှာ ငယ်ကတည်းက ကျုပ် အမေဘက်က ဘကြီးဘုန်းကြီးက သင်ကြားပေးခဲ့တာမို့ လောဘဆိုတာကို ပါယ်သတ်နိုင်ပါတယ်။ လိုချင်မှုကြောင့် လောဘဖြစ်ရသလို မရှိခြင်းကြောင့်လည်း လောဘဖြစ်ရတယ်။ ချစ်ခင်ခြင်းကြောင့်လည်း လောဘဖြစ်ရတယ်။ ဒါက အခုနက ဘကြီးပြောတဲ့ လောဘသုံးတန်ဆိုတာနဲ့ အတူတူပဲ မဟုတ်လား…’
‘ အေး…ဟုတ်တယ်…’
‘ ကျုပ်မှာ အဲ့ဒါတွေ မရှိပါဘူး…’
‘ ကောင်းပြီလေ။ ဒါဖြင့် ဗဟုသုတလေးတစ်ခု ပြစေတာပေါ့…’
‘ ကောင်းပါပြီ ဘကြီး…’
‘ ဟောဟိုက သပိတ်လွယ်ငှက်ကလေးကို မြင်ရဲ့မဟုတ်လား…’
‘ မြင်ပါတယ် ဘကြီး…’
‘ အဲ့ဒီ့နေရာက သူ့အိပ်တန်းတက်ရာနေရာပဲ။ သူ အခု အိပ်တန်းဆီကို အစောပြန်ရောက်လာရတဲ့ အကြောင်းက မင်းနဲ့ ဘကြီးနဲ့ ဒီအနားကို ရောက်နေတာကြောင့်ရယ်…’
‘ ဘယ်လိုကြောင့်များလဲ…’
‘ အင်း…သပိတ်လွယ်ငှက်တို့ဟာ ရှေးက သူဌေး၊ သူကြွယ်တွေတဲ့ကွ။ သူတို့ဟာ ရွှေရှိရာမှာပဲ နေပျော်ကြတယ်။ သူ့ အိပ်တန်းအောက်က ချေးစင်ရာ လက်တစ်ထွာကို မောင် တူးကြည့်။ တစ်စုံတစ်ခု တွေ့ရမှာပေါ့…’
မောင်လှလည်း ဓားကိုယူပြီး သပိတ်လွယ်ငှက်ကလေး ရှိနေရာဆီကို သွားလိုက်တယ်။ ငှက်ကလေးက ပျံသန်းသွားတယ်။ သစ်ကိုင်းကလေးအောက်ခြေက ငှက်ချေးတို့ကို ရှာဖွေလိုက်ပြီး တစ်ထွာပတ်ချာလည်ကို တူးဆွတယ်။
မြေအနက် တစ်ထွာကျော်လောက် တူးပြီးချိန်မှာတော့ လက်သည်းခွံလောက်ရှိမယ့် ရွှေတုံးကလေး လေးငါးတုံးကို တွေ့ပါပြီ။
‘ ဘယ်လိုလဲ မောင်လှ…’
‘ ထူးဆန်းသားဗျာ…’
‘ ထူးဆန်းရင် အဲ့ဒီ့ရွှေတွေကို ယူခဲ့ချေပေါ့…’
‘ အို…မယူပါဘူးဗျာ…’
‘ ဟဲ…ဟဲ…မယူဘူးဆိုတော့လည်း ပြန်ထားပေါ့ မောင်ရယ်…’
မောင်လှလည်း သပိတ်လွယ်ငှက်ကလေးရဲ့ ရွှေတွေကို မြေဆီ ပြန်မြှုပ်ပေးလိုက်တယ်။
‘ သူ အိပ်တန်းကို အစောပြန်လာရတဲ့ အကြောင်းက တို့နှစ်ယောက် သူ့ရွှေတွေကို တူးပြီး ယူသွားမှာကို စိုးရိမ်တာကြောင့်ပဲ။ တကယ်တမ်းကျတော့ ဒီငှက်ကလေးတွေက ရွှေနံ့ရှူပြီး အသက်ရှင်ကြတာ…’
‘ ဪ…’
‘ ကဲ…နေလည်း စောင်းပြီဆိုတော့ ခရီးဆက်ကြစို့လား…’
‘ ဟုတ်ကဲ့…’
ဦးရာဇကြီး ထွက်သွားတော့ မောင်လှလည်း လွယ်အိတ်ကို လွယ်လို့ လိုက်ခဲ့တယ်။
‘ ဘကြီး…’
‘ ဟေ…’
‘ ကျုပ်တို့ အခုနက မြေဝါတောင်ကို ရောက်ရင် ဘာလုပ်ရမယ်ဆိုတာ ပြောရေးဆိုရေး မပြီးသေးဘူးနော်…’
‘ အေး…ဟုတ်တယ်။ ထုံကူးတာ ပြီးစီးရင်တော့ မောင်ရင်က အဲ့ဒီ့မှာ ဆက်ပြီး ကျင့်ကြံရမယ်…’
‘ လမ်းစဥ်အတွက်ကကော…’
‘ ထုံကူးပြီးရင် ဘကြီး ပြောမှာပေါ့…’
‘ ဪ…ဟုတ်ကဲ့…’
မောင်လှတို့လည်း စကားပြောရင်းနဲ့ အချိန်အတော်ကြာကြာ ခရီးဆက်ပြီးတော့ နေဝင်သွားခဲ့ပြီ။
‘ နားခိုဖို့ ဇရပ်လေးဘာလေး ဒီနားရှိနိုင်တယ်…’
ဦးရာဇကြီးက ခန့်မှန်းပြီး ရှေ့ဆက်လှမ်းရာ သိပ်မကြာဘူး။ ဇရပ်ပျက်ကြီးတစ်ခုဆီကို ရောက်ကြလေတယ်။
ဇရပ်အပေါ်ကို နှစ်ယောက်သား တက်ပြီး အနားယူဖို့ လှဲကျင်းပြင်ဆင်ကြတယ်။ လှဲကျင်းသန့်ရှင်းပြီးချိန်ကျ မောင်လှက ပုဆိုးတစ်ထည်ကို ဦးရာဇအတွက် ခင်းကျင်းပေးလေတယ်။
‘ နေပါစေ မောင်လှ။ ဘကြီးအတွက် အခင်းမလိုအပ်ပါဘူး…’
‘ ဪ…ဟုတ်ကဲ့…’
မောင်လှလည်း သူ့အတွက်သူပဲ ခင်းကျင်းလိုက်တယ်။
ခင်းကျင်းပြီးလို့ ဦးရာဇကို ကြည့်တော့ ဘုရားဝတ်ပြုနေတာကို မြင်ရတယ်။
မောင်လှလည်း ဘုရားကို ဝတ်ပြုလိုက်ပြီး သရဏဂုံဆောက်တည်ကာ ငါးပါးသီလကို ခံယူတယ်။ မေတ္တာပို့တယ်။ ပြီးတော့ ဘာကျင့်စဥ်လမ်းဆီကိုမှ မရောက်သေးတာကြောင့် သူဆောင်နေကျ ၁၀၈ လုံး ပုတီးလေးကို ထုတ်ကာ စိပ်နေပါတော့တယ်။
‘ ဒုန်း…ဝုန်း….’
မောင်လှ ပုတီးစိပ်ရင်း ဘယ်လောက်ကြာအောင် စိတ်နစ်သွားမိတယ် မသိဘူး။ ဇရပ်ခေါင်မိုးဆီက အလွန်အမင်းကျယ်လောင်လွန်းတဲ့ အသံကြီးထွက်ပေါ်လာမှ အာရုံပျက်ယွင်းပြီး လန့်ဖျပ်သွားရတယ်။ မောင်လှလည်း မျက်လုံးကို ဖွင့်ကြည့်မိတယ်။ ဘာမှ မတွေ့ရဘူး။
‘ ဟင်း…ဟင်း…ဟင်း….’
ဇရပ်ခေါင်ဖျားဆီက မိန်းမတစ်ယောက်ရဲ့ ညည်းတွားသံကြီး ထွက်ပေါ်လာပြန်တယ်။ မောင်လှ အတွေ့အကြုံမရှိဖူးတာမို့ ဦးရာဇကို အားကိုးတကြီး လှမ်းကြည့်မိတယ်။
ဦးရာဇက ဘာကိုမှ မကြားဟန်နဲ့ ကျောက်ရုပ်ကြီးတစ်ရုပ်လိုပဲ ထိုင်နေတယ်။
‘ ဘကြီး…ဘကြီး…’
မောင်လှက လေသံနဲ့ ခပ်တိုးတိုး ခေါ်မိတယ်။ ဦးရာဇကတော့ လုံးလုံးလျားလျား လှုပ်ရှားမလာခဲ့ဘူး။
‘ အီ…ဟီ…ဟီ…ငါ့နေရာကို… ငါ့နေရာကို ကျူး ကျော်လာတယ်…ကျူးကျော်လာတယ်…’
အခုနက ညည်းတွားသံပြုလာတဲ့ မိန်းမရဲ့ ငိုမလို ရီမလိုအသံ။ အသံဆီမှာ ဒေါသတွေပါနေတယ်။ မကျေနပ်မှုတွေပါရှိနေတယ်လို့ မောင်လှ ခံစားမိတယ်။
‘ ဖယ်ကြ…သွားကြ….’
မိန်းမကြီးရဲ့ ငယ်သံပါအောင် ဟစ်အော်သံ။ ဒီအသံအဆုံးမှာတော့ မောင်လှနဲ့ ဦးရာဇာကြီးတို့ ထိုင်နေရာ ကျောဘက်ဆီကို ဒုန်းခနဲ အသံနဲ့အတူ တစ်စုံတစ်ရာ ကျရောက်လာသလို ဇရပ်ကြမ်းပြင်က တုန်ခနဲ ဖြစ်သွားတယ်။
မောင်လှ ကပြာကယာလှည့်ကြည့်လိုက်တယ်။
‘ အလိုလေး…’
မောင်လှ အလွန်အမင်း လန့်ဖျပ်သွားတယ်။
သူတို့အနောက်ဆီမှာ ထဘီစုတ်ကို စွန်တောင်ဆွဲပြီး ဒေါသမျက်ဝန်းနီရဲရဲနဲ့ သူတို့ဆီကို လက်ညှိုးတငေါက်ငေါက်ထိုးနေတဲ့ ပုံပျက်ပန်းပျက် မိန်းမကြီးတစ်ယောက်။ ဆံပင်တွေကလည်း ကျိုးတို့ကျဲတဲ ဖြစ်နေသေးပြန်တယ်။ ဒါဟာ လူမဟုတ်ဘူးဆိုတာ မောင်လှ သတိထားမိတယ်။
‘ မောင်လှ ပုတီးကိုသာ မပြတ်စိပ်နေစမ်း…’
‘ ဟုတ်ကဲ့…’
ဦးရာဇရဲ့ အသံကို မောင်လှရင်ထဲက ကြားရသလိုလို အပြင်ဘက်ကပဲ ကြားရသလိုလိုနဲ့ပဲ။ မောင်လှ ဟုတ်ကဲ့ ပြုရင်း ပုတီးကို အာရုံပြန်စိုက်ပြီး စိပ်လေတယ်။
‘ သွားကြ…သွား…သွား…ငါ့နေရာမှာ နင်တို့ စောက်အလုပ်တွေ လာမလုပ်နဲ့…သွား။ ထွက်သွားကြ…’
အော်သံကြီးက ကြက်သီးထလောက်အောင်ပဲ စူးရှပြင်းထန်လွန်းတယ်။
မောင်လှလည်း မနေနိုင်ဘူး။ မျက်လုံးကို ဖွင့်ကြည့်လိုက်မိတယ်။
‘ ဟိုအကောင်တွေ နင်တို့သွားမှာလား မသွားဘူးလား။ မသွားရင် နင်တို့ကို ငါ့ရဲ့ မွေးရာပါနဲ့ ပြေးလုပ်တော့မှာနော်…’
ပုံပျက်ပန်းပျက် မိန်းမကြီးက ဟစ်အော်ပြန်တယ်။ ဒီတစ်ခါတော့ ဦးရာဇကြီး ဆတ်ခနဲ ဖြစ်သွားရကာ…။
‘ တောက်…ဒီမကောင်းဆိုးရွားမ အလွန်မိုက်ရိုင်းတာပဲ…’
ဦးရာဇာကြီးရဲ့ တောက်ခေါက်သံက ကျယ်လောင်ပြင်းထန်လွန်းတော့ မောင်လှတင်မက မိန်းမကြီးပါ တုန်ခနဲ ဖြစ်သွားတယ်။ ဒါပေမယ့် မိန်းမကြီးက ချက်ချင်းပဲ ဟန်ကို ပြန်ထိန်လိုက်ပြီး…။
‘ ဟဲ့…နင်လိုအကောင်မျိုးကို ငါက ကြောက်ရမှာလား။ ငါအသက်က နင့်ထက် သုံးဆလောက်ကြီးတယ်။ ငါ့အသက် နှစ်ရာကျော်ပြီဟဲ့…’
‘ အသက်ကြီးတာတော့ မှန်ပါတယ်။ အချိန်တော့ သိပ်မစီးသေးဘူး မကောင်းဆိုးရွားမကြီးရယ်။ တကယ်တမ်း အသက်ကြီးတယ်ဆိုရင် ကောင်းတာလုပ်တာကို မြင်တဲ့အခါ ကောင်းစိတ်မွေးရတယ်ဆိုတာတော့ သိထားသင့်တယ်…’
‘ ဘာ…နင်…နင်…’
မိန်းမကြီးက အလွန်အမင်း ဒေါသထွက်ဟန်နဲ့ ခုန်ဆွဆွ ဖြစ်သွားတယ်။
‘ နင့်ကို ငါဆုံးမပေးရမယ်…’
ပုံပျက်ပန်းပျက် မိန်းမကြီးက သူနဲ့ ဦးရာဇကြီးတို့ အဆင့်ခြင်းမတူတာကို မသိတာလား၊ ဂုဏ်မောက်တာလား၊ ဒါမှမဟုတ် တမင်ပဲ ရန်ပြုလိုတာလား ဘာကြောင့်မှန်း မသိနိုင်။ ဒေါသစကားကို ဆိုလို့ ထဘီကြီးကို မပြီး မဖွယ်မရာပြလို့ ဦးရာဇဆီကို ပြေးဝင်လာတယ်။
‘ ဒီလောက်တောင် ယုတ်မာတဲ့ မကောင်းဆိုးရွားမ။ နင့်ထိုက်နဲ့ နင့်ကံပဲ…’
ဦးရာဇက ကြိမ်းဝါးရင်း လက်တစ်ဖက်ကို ဆတ်ခနဲ လှုပ်ရှားလိုက်တယ်။ လင်းခနဲ အရာတစ်ခုက လှစ်ခနဲပဲ ပြေးလာနေတဲ့ ပုံပျက်ပန်းပျက် မိန်းမကြီးရဲ့ နဖူးဆီကို စိုက်ဝင်သွားတယ်။
‘ အူး….အီး…အီး…’
မိန်းမကြီးဟာ ကြမ်းပြင်ဆီကို ဘိုင်းခနဲ လဲကျပြီး အလွန်အမင်းနာကျင်ခံစားရဟန်နဲ့ လူးလှိမ့်ရုန်းကန်နေပါတယ်။
‘ ပူတယ်…ငါ့တစ်ကိုယ်လုံး ပူလောင်လွန်းနေတယ်။ နင် တို့ ဘာလုပ်လိုက်တာလဲ…’
မိန်းမကြီးက လူးလှိမ့်ရင်း အသံနက်ကြီးနဲ့ အော်တယ်။
‘ ဆရာတို့ ကျွန်မ ကြောက်ပါပြီ။ ကျွန်မ မခံစားနိုင်တော့ပါဘူး အရှုံးပေးပါတယ်…’
‘ နင် သေချာပြီလား…’
‘ သေ…သေချာပါပြီ…’
‘ ကောင်းပြီလေ။ နောက်နောင် ဒီအချိုးမျိုးပဲ ဆက်လုပ်နေရင်တော့ ငါ့ထက်ဆိုးသူနဲ့ နင် တွေ့ရလိမ့်မယ်…’
‘ မလုပ်တော့ပါဘူးရှင်။ မလုပ်တော့ပါဘူး…’
ဦးရာဇက လက်ကို ဆန့်တန်းလိုက်တော့ မိန်းမကြီးရဲ့ နဖူးအတွင်းကို စိုက်ဝင်နေတဲ့ လင်းလက်လက် အရာလေးက ပြန်ထွက်လာပြီး ဦးရာဇရဲ့ လက်ထဲကို ပြန်ရောက်လာကာ မှေးမှိတ်သွားလေတယ်။
မိန်းမကြီးကတော့ ဦးရာဇကို လက်အုပ်ချီ ဦးကုန်းချပြီး ဇရပ်အပေါ်ကနေ ဆင်းပြေးတော့တာပါပဲ။
‘ ဘကြီး ဘာနဲ့ လုပ်လိုက်တာလဲ…’
မောင်လှက မေးမြန်းလိုက်တယ်။ ဦးရာဇက လက်ထဲက အပ်ကလေးကို ထုတ်ပြလာပြီး…။
‘ သိမ်ဝင်အပ်ကလေးပါ မောင်ရင်…’
‘ သိမ်ဝင်အပ်က ဒီလောက်တောင် စွမ်းသလား…’
‘ အသုံးပြုတတ်ရင်တော့ ဘယ်အရာမဆို စွမ်းပါတယ် မောင်လှရယ်…’
‘ ဝိဇ္ဇာစကားလို့ပဲ မှတ်ရမှာပေါ့…’
‘ မှတ်လိုက မှတ်ပါ…’
‘ ပုတီးလည်း ဆက်စိပ်လို့ မရတော့ပါဘူး။ ကျုပ် အိပ်နှင့်တော့မယ် ဘကြီး…’
‘ အေးအေး…’
မောင်လှလည်း ပုဆိုးလေးခင်းလို့ အိပ်စက်လိုက်တယ်။
******
နောက်တစ်နေ့ မနက် ဝေလီဝေလင်းမှာတော့ ဥိးရာဇာက မောင်လှကို နှိုးလာပြီး ခရီးဆက်ဖို့ ပြောတယ်။
မောင်လှလည်း မျက်နှာသစ်ပြီးတာနဲ့ ခရီးကို ဆက်ခဲ့ကြတယ်။
နေထန်းတစ်ဖျားလောက်ရောက်တော့ ဦးရာဇကြီးက မြေဝါတောင်ခြေဆီကို ရောက်ပြီလို့ ပြောလာတယ်။
တောင်ခြေကို ဖြတ်ပြီး တောင်ပေါ်ကို စတက်ချိန်မှာတော့ မြေသားပြင်တွေက ဝါကျင်ကျင် ဖြစ်နေတာကို မောင်လှမြင်ရတယ်။
ငှက်ကျေးတို့တွန်ကျူးသံတွေကလည်း အရှေ့မှာ ဖြတ်သန်းခဲ့တဲ့ တောတောင်တွေကထပ်ကို ပိုပြီးသာယာနေသလိုပါပဲ။
‘ မြေဝါတောင်ကိုတော့ ရောက်ပြီ။ ဘကြီး ရှာဖွေထားတဲ့ ဝိဇ္ဇာဂူကို သွားကြမယ်…’
ဦးရာဇကြီးက ပြောပြောဆိုဆိုပဲ တောင်ကြီးရဲ့ အောက်ခြေဘက်အခြမ်းကနေ ကွေ့ပတ်ပြီး သွားလေတယ်။
ကျောက်ဆောင်တန်းလေးတစ်ခုဆီကိုရောက်လာတယ်။ ရေကြည်စတို့ စီးဆင်းနေတဲ့ စမ်းချောင်းကလေးကိုလည်း တွေ့ရတယ်။
စမ်းချောင်းကလေးကို ဖြတ်ပြီးချိန်ကျ ကျောက်သားနံရံဆီမှာ ဂူပေါက်ကလေးတွေ ဆယ်ခုလောက် အစီအရီရှိနေတာကို မြင်ရတယ်။
‘ ဒါတွေက ဝိဇ္ဇာတို့ ထံကူးရာမှာ အသုံးပြုကြတဲ့ ဂူပေါက်တွေ။ ဘကြီးက ငါးပေါက်မြောက်ဂူကို အသုံးပြုဖို့ ရွေးချယ်ထားတယ်…’
ဦးရာဇာကြီးပြောတဲ့ ငါးပေါက်မြောက် ဂူပေါက်ဆီကို ရောက်လာပြီး အထဲကို ဝင်လိုက်တယ်။
ဒီအခါ မောင်လှတစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြုံဖူးတဲ့ အလွန်တစ်ရာ မွှေးပျံ့လွန်းတဲ့ ရနံ့သင်းသင်းကို ရမိတယ်။
‘ ကဲ…မောင်လှ။ တို့တတွေ ဒီမှာ လိုအပ်တာတွေ ပြင်ဆင်ကြရမယ်။ ဘကြီးက မီးထုံကူးမှာဆိုတော့ ကရမတ်တို့ စန္ဒကူးတို့လို သစ်မွှေးတွေ ရှာဖွေဖို့ လိုအပ်တယ်…’
‘ ကျုပ် ရှာလိုက်ပါ့မယ်…’
‘ အင်း…ကောင်းတယ်။ ဘကြီးကတော့ ထုံကူးဖို့အတွက်ကို ဂါထာတွေ မပြတ်တမ်းရွတ်နေရမပေါ့…’
‘ ဟုတ်ကဲ့…’
မောင်လှလည်း ဦးရာဇကြီးအတွက် လိုအပ်တာတွေကို ရှာမှီးပေးရမယ့် တာဝန်ကို ယူလိုက်တယ်။
ဦးရာဇကြီးကတော့ သူလုပ်စရာရှိတာကို ဆက်လက်လုပ်ရုံပေါ့…။
*******
မြေဝါတောင်ဆီကို ရောက်ပြီး တစ်ပါတ်လောက်အကြာမှာတော့ ဦးရာဇကြီးက ထုံကူးဖို့ ကိစ္စကို စတင်လုပ်ဆောင်ပါပြီ။
ဂူအတွင်းဆီမှာ သစ်မျိုးပေါင်းစုံနဲ့ စီမံထားတဲ့ မီးပုံကြီးတစ်ခု ဖိုထားတယ်။ အလယ်ဆီမှာ ဦးရာဇကြီးဝင်ထိုင်ဖို့ရာ နေရာတစ်ခုလည်း လုပ်ဆောင်ထားတယ်။
မောင်လှဆီကို အရောင်လေးမျိုးပါတဲ့ ကွမ်းသီးလုံးလောက် ဆေးလုံးလေးလုံးလည်း ပေးအပ်ထားတယ်။
‘ မောင်လှ…မီးဖိုထဲကို ဘကြီးဝင်ပြီး ဆယ်မိနစ်ကြာတာနဲ့ အညိုရောင်ဆေးကို ပစ်ထည့်လိုက်ပါ…’
‘ ဟုတ်ကဲ့ ဘကြီး…’
‘ ဆေးလုံးပစ်ထည့်ပြီးတာနဲ့ မီးတောင်က ပိုပြီးပြင်းထန်လာလိမ့်မယ်။ မီးညွန့်တွေက အချင်းချင်းလိမ်ယှက်သွားပြီဆိုရင်တော့ အဝါရောင်ဆေးလုံးကို ပစ်ထည့်ပါ…’
‘ ဟုတ်ကဲ့ ဘကြီး…’
မောင်လှက လက်ထဲက ဆေးလုံးတွေကို ကြည့်ပြီး ဦးရာဇကြီးရဲ့ စကားတို့ကို အသေအချာမှတ်သားထားလိုက်တယ်။
‘ ဆေးလုံးကို ပစ်ထည့်ပြီး မကြာခင်မှာ မီးပုံဆီက အလင်းရောင်တွေ ဖြာခနဲ ဖြစ်လာလိမ့်မယ်။ အလင်းရောင်တွေ မှိန်စပြုလာတဲ့အထိ စောင့်ပါ။ မှိန်လာတာနဲ့ တတိယမြောက်ဆေးလုံးအနီရောင်ကို ပစ်ထည့်ပါ။ မီးတွေက နီကျင်ရဲတောက်လာလိမ့်မယ်။ ဒီအခါကျ စတုတ္ထမြောက် ဆေးလုံးကို ပစ်ထည့်လိုက်ပါ။ မီးတွေအကုန်ငြိမ်းပြီး မီးခိုးလုံးကြီးတွေ အူထွက်လာလိမ့်မယ်။ အဲ့ဒိ့အခါကျရင် ဘာမှမလုပ်တော့ဘဲ နေရာမှာတင် ထိုင်ချပြီး ဝိဇ္ဇာယနမန္တာန်ကို ၂၉ ခေါက်ရွတ်နေပါ မောင်လှ…’
‘ ဟုတ်ကဲ့ ဘကြီး။ ကျုပ် အားလုံး မှတ်သားထားပါပြီ…’
‘ အရေးကြီးတာကတော့ ဆေးလုံးကို မပစ်ထည့်ခင် ဝဇ္ဇာဓရမန္တာန်ထူးကို သုံးခေါက်ရွတ်ဆိုရမယ်။ အန္တရာယ်တစ်စုံတစ်ရာ ရှိလာခဲ့ရင် သမ္မာဒေဝအင်းနဲ့ ပစ်ခွင်းပါ…’
ရွှေရောင်အင်းချပ် သုံးချပ် မောင်လှလက်ထဲကို ရောက်ရှိလာတယ်။
‘ ဘယ်အချိန် စမလဲ ဘကြီး…’
‘ မီးထုံကူးမှာဆိုတော့ မကြာခင်မှာ ကျရောက်မယ့် တေဇောဝေယျာနက္ခတ်စတင်တာနဲ့ ထုံကူးမှုကို အစပြုမယ်…’
ဦးရာဇနဲ့ မောင်လှတို့ နက္ခတ်အချိန်ကို စောင့်ကြတယ်။
သိပ်ကြာကြာမစောင့်လိုက်ရပါဘူး။ ဦးရာဇက နက္ခတ်အချိန်ကျပြီဆိုပြီး ဝတ်ထားတဲ့ အဝတ်တို့ကို ချွတ်လေတယ်။ နံငယ်ပိုင်းတစ်ခုသာ ထားရစ်ပြီး ထင်းပုံအလယ်ကနေရာဆီကို ဝင်ထိုင်တယ်။
‘ မောင်လှ…မီးတို့လိုက်တော့…’
မောင်လှက မီးပုံဆီကို မီးတို့လိုက်တော့ ရှဲခနဲ မီးတောက်တို့က စတင်တောင်လောက်ပါတယ်။ ဦးရာဇက မီးပုံအလယ်ဆီမှာ လက်အုပ်ချီရင်း ငြိမ်သက်စွာ ထိုင်နေတယ်။
မီးတောက်တို့က ထင်းတွေကို အလုံးစုံလောင်ကျွမ်းပြီးချိန် မီးတောက်ကြီးက ဟုန်းဟုန်းတောက်လာခဲ့ပြီ။ သစ်မွှေးတို့ကြောင့် ဂူအထဲမှာလည်း မွှေးပျံ့တဲ့ ရနံ့တို့က သင်းကြိုင်လှိုင်နေတယ်။
မောင်လှလည်း အချိန်ကို အသေအချာကြည့်တော့ ဆယ်မိနစ်ပြည့်လုပြီ။
ဦးရာဇမှာသလိုပဲ ဝိဇ္ဇာဓရမန္တာန်ထူးကို သုံးကြိမ်ရွတ်ဆိုလိုက်တယ်။
‘ ဝုန်း….’
ဆေးလုံးလေး မီးထဲကို ရောက်တာနဲ့ မီးတောက်ကြီးက လောင်စာပြင်းပြင်း ထည့်လိုက်သလို ဟုန်းခနဲတောက်ထပြီး ပိုမိုသိပ်သည်းလို့ လောင်ကျွမ်းလေတယ်။
မီးတောက်တွေကြောင့် ဦးရာဇကို မမြင်ရတော့ဘူး။
အချိန်ခဏကြာတော့ လောင်ကျွမ်းနေတဲ့ မီးတောက်တွေဟာ မီးညွန့်တွေတက်ပြီး မြွေများလို လိမ်ယှက်လာကြတယ်။
‘ ဒုတိယဆေးလုံးကို ထည့်ရမယ်…’
မောင်လှလည်း မန္တာန်ကို ရွတ်လိုက်တယ်။ ဆေးလုံးကို မီးပုံကြီးဆီ ပစ်ထည့်လိုက်တော့ အရောင်တွေလက်ဖြာလာတယ်။ အရောင်တွေကျချိန်မှာတော့ တတိယမြောက်ဆေးလုံးကို ပစ်ထည့်တယ်။ နောက်တော့ စတုတ္ထမြောက်ဆေးလုံးပေါ့။
ဆေးလုံးအားလုံး ပစ်ထည့်ပြီးချိန်မှာတော့ ဦးရာဇပြောသလို လောင်နေတဲ့မီးတွေအားလုံး ဟုတ်ခနဲ ငြိမ်းပြီး မီးခိုးလုံးကြီးတွေ အူခနဲ ဖြစ်လာတယ်။
မောင်လှလည်း ဦးရာဇမှာသလိုပဲ နေရာမှာတင်ထိုင်ချလိုက်ပြီး ဝိဇ္ဇာယနမန္တာန်ကို စတင်ရွတ်ဖတ်တော့တာပဲ။ ပတိဝန်းကျင်တစ်ခုလုံးက အသံဗလံတွေ တိတ်ဆိတ်လွန်းနေတယ်။
မန္တာန် ဆယ်ခေါက်မြောက်မှာတော့ မျက်စိအစုံကို မှိတ်ပြီး ရှနေတဲ့ မောင်လှရဲ့ နားထဲမှာ အသံတစ်ခုတိုးဝင်ရောက်လာတယ်။
‘ ခစ်…ခစ်…ခစ်…’
‘ ဟီး…ဟီး…ဟီး…’
အသက်ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ဟက်ဟက်ပက်ပက်ရယ်မောသံ။
မောင်လှ မျက်စိဖွင့်ကြည့်လိုပေမယ့် မန္တာန်စည်းပျက်မှာစိုးလို့ မဖွင့်ကြည့်ရဲဘူး။ မန္တာန်ကိုသာ သဲသဲမဲမဲ ဆက်လက်ရွတ်ဖတ်နေမိတယ်။
၂၉ ခေါက်မြောက်ကို ရွတ်ဖတ်နေချိန်မှာတော့ အနားဆီကို လှမ်းလာနေတဲ့ ခြေသံကို ကြားရတယ်။
မောင်လှကတော့ မန္တာန်ပြီးလုပြီးခင်မို့ မျက်စိဖွင့်ကြည့်ချင်စိတ်ကို မနည်းအောင့်အီးပြီး သည်းခံနေရတယ်။ ခြေသံထွက်သွားတာကို ကြားမိတယ်။
မန္တာန်လည်းပြီးကော မောင်လှလည်း မျက်လုံးတွေကို ချက်ချင်း ဖွင့်ပြီး ခြေသံထွက်သွားရာဆီကို အမြန်လှမ်းကြည့်လိုက်ပါတယ်။
ခန္ဓာကိုယ်ဆီမှာ အရှက်လုံရုံ နံငယ်ပိုင်းမျှသာ အဝတ်အစား ဝတ်ဆင်ထားပြီး အသက်အားဖြင့် ဆယ်နှစ်၊ ဆယ့်နှစ်နှစ်သာရှိမယ့် ကလေးတစ်ယောက်။ တောတန်းဆီကို ကျောခိုင်းပြီး သွားနေလေတယ်။
‘ ဟေ့…ဟေ့…ကလေး…’
မောင်လှ လှမ်းခေါ်လိုက်ပါတယ်။ ဒါပေမယ့် ကလေးငယ်ကတော့ လှည့်မကြည့်တမ်းကိုပဲ တောထဲဆီကို တိုးဝင်ပြီး ပျောက်ကွယ်သွားခဲ့ပါပြီ။
မောင်လှလည်း ဦးရာဇာကို တွေ့လိုတွေ့ငြား ပြန်ရှာဖို့ ဂူထဲဆီကို ပြန်ဝင်လာခဲ့လိုက်တယ်။ သူ မန္တာန်ထိုင်ရွတ်ခဲ့ရာနေရာဆီမှာ စာကလေးတစ်စောင်။
မောင်လှလည်း စာကို ကောက်ယူပြီး ဖတ်ရှုလိုက်တယ်။
‘ ထုံကူးရာမှာ ကူညီပေးလို့ မောင်လှကို ကျေးဇူးတင်ပါတယ်။ လိုရာအပ်ရာ အသုံးပြုနိုင်ဖို့ ရွှေဒဂ်ါးတစ်ရာနဲ့ ကျင့်စဥ်လမ်းကို ပြခဲ့ပါတယ်။ အသုံးတည့်ရင် ဆေးဖြစ်ပါလိမ့်မယ်…’
စာကို ဖတ်ပြီးတော့ မောင်လှ စိတ်ညစ်ညူးသွားရတယ်။ နေရာမှာတင် ထိုင်ချလိုက်မိပြီး ဘာဆက်လုပ်လို့ ဘယ်ကိုသွားရမယ်မှန်းလည်း မသိတတ်တော့ဘူးပေါ့။
အချိန်ကတော့ ညနေစောင်းလို့ မှောင်စပြုနေပါပြီ။
*****
သူတော်တစ်ယောက် အရူးခန္ဓာအဖြစ်နဲ့ ရှိနေပြီး တောတန်းကလေးတစ်ခုအတွင်းက ပန်းခြုံပင်ကြီး ထက်ဆီမှာ လှဲအိပ်ရင်း လိပ်ပြာကလေးတွေနဲ့ ဆော့ကစားနေတယ်။ ပန်းခြုံကြီးက အတော်ကြီးကြီးမို့ သူတော့် ခန္ဓာကိုယ်ကိုတော့ ကောင်းကောင်းကြီးနိုင်လေတယ်။
‘ ငသူတော်…’
‘ ဟဲ့…ငါ့ကို ဘိုးသိကြား ခေါ်နေပြီ။ နင်တို့ သွားကြတော့…’
သူတော်က ပြောတော့ လိပ်ပြာကလေးတွေ ဝေါခနဲ ပျံထွက်သွားကုန်ကြတယ်။
‘ ဟဲ့…ငသူတော်…’
‘ သူတော် ရှိပါတယ်…ဘိုးသိကြား…’
‘ အေး…နင် မြေဝါတောင်ကို သွားရမယ်…’
‘ မြေဝါတောင်ဆိုတာက ဝိဇ္ဇာထုံကူး ဇော်ဂျီမြူးရာ တောင်ကိုလား…’
‘ အမှန်ပဲ သူတော်…’
‘ သူတော်က အဲ့ဒီ့ကို ဘာသွားလုပ်ရမလဲ။ သူယောက်မယ်လေးတွေဆီကို အလည်သွားရမှာလား…’
‘ ဟဲ့ ငသူတော်။ နင်တော့ မပြောမရှိ ပေါက်ကရက စပြောပြီ…’
‘ ဒါဖြင့်လည်း အကျိုးအကြောင်းကို တိတိလင်းလင်းပြောပြလေ ဘိုးသိကြားရယ်…’
‘ အင််းပါ…ငါ့ရဲ့ လိုအပ်ချက်ဖြစ်စေပေါ့ ငသူတော်ရယ်။ ပြောပြမယ် သေချာမှတ်။ နောင်တစ်ချိန်မှာ ပုတီးလမ်းနဲ့ ထွက်ရပ်မြန်းမယ့် ပုဂ္ဂိုလ်တစ်ယောက်ကို နင် အဲ့ဒိ့ကနေ သွားပြီး ကယ်ထုတ်ပေးရမယ်…’
‘ ဘယ်လိုကြောင့်လဲ…ဘိုးသိကြား…’
‘ လက်ရှိတော့ သူက သာမန်ပဲ။ သူ့ကို အောက်ဝိဇ္ဇာတစ်ပါးက ထုံကူးရာမှာ အကူအညီပြုဖို့ လှည့်ဖျားပြီး ခေါ်ဆောင်သွားတယ်။ အဲ့ဒီ့ဝိဇ္ဇာဟာ ထုံကူးမှုပြီးစီးတာနဲ့ တစ်ခါထဲ ထွက်သွားခဲ့တယ်။ အခုတော့ မြေဝါတောင်ဆီက မာယာတွေအထဲမှာ ထွက်ရပ်မြန်းမယ့် ပုဂ္ဂိုလ်ဟာ ဒုက္ခအတိ ရင်ဆိုင်နေရတာ တစ်ညနဲ့ တစ်ရက်ရှိပြီ။ သူ့ကို နင် အမြန်ဆုံး သွားကယ်ပေးရမယ်…’
‘ ကယ်တင်ရုံပဲလား ဘိုးသိကြား။ ဟို… သူတော်နဲ့သူယောင်မယ်လေး…’
‘ တော်တိတ်စမ်း ငသူတော်။ နင် ကယ်တင်ပြီးရင် သူ့ကို ပြန်ရာလမ်းဆီ ပို့ပေးရမယ်…’
‘ သူတော် သွားလိုက်ပါ့မယ်…’
ဘိုးသိကြားက ငေါက်ငမ်းတာမို့ သူတော် အကွ့န်မတက်ရဲတော့ဘဲ ရိုကျိုးစွာ ပြောလိုက်တယ်။ ပြီးတော့ တစ်ဆက်ထဲပဲ…။
‘ ထုံကူးတဲ့ ဝိဇ္ဇာကိုကော ဘာလုပ်ခဲ့ရမလဲ ဘိုးသိကြား…’
‘ ဘာမှမလုပ်နဲ့။ နင်က ဟိုပုဂ္ဂိုလ်ကို ကယ်ထုတ်ပေးရုံပဲ…’
‘ နားလည်ပါပြီ ဘိုးသိကြား။ သူတော် အခုပဲ သွားလိုက်ပါ့မယ်…’
‘ သွားတာတော့ သွား။ တစ်လွဲတော့ မဖြစ်စေနဲ့ ငသူတော်…’
‘ မဖြစ်စေရပါဘူး ဘိုးသိကြားရယ်။ သူတော်က နတ်သားလေးပါ။ အလွန်တော်ပြီး သိပ်ကို တိကျပါတယ်…’
‘ အေးလေ…ပြောတာလည်း နင်ပါပဲ။ သူယောင်မယ်တွေနဲ့ တစ်စုံတစ်ခုဆိုပြီး ကြားမိရင်တော့ နင်မလွယ်ဘူးနော် ငသူတော်…’
‘ သူတော် သိပါတယ် ဘိုးသိကြားရယ်။ ကဲ…ကဲ နတ်သားလေးသူတော် သွားပြီဗျို့…’
သူတော်က ပြောပြောဆိုဆိုပဲ သစ်ပင်အပေါ်ကနေ ခုန်ဆင်းလိုက်ပါတယ်။
ပြီးတော့ ပန်းခြုံကြီးရဲ့ တစ်နေရာဆီမှာ ထောင်ထားတဲ့ သူ့ရဲ့ အုန်းလက်မြင်းကြီးကို ခွစီးပြီး အပြေးထွက်သွားပါတော့တယ်။
******
မောင်လှ ဂူထဲကနေ အပြင်ကို မထွက်ရဲခဲ့ဘူး။
အကြောင်းက ပြီးခဲ့တဲ့ည ညဦးပိုင်းအချိန်မှာ အပြင်လုံးဝမထွက်ဘဲ ဂူထဲမှာပဲ ပုတီးစိပ်နေဖြစ်တယ်။ ဒိအခါ ဂူအပြင်ဘက်ဆီက ကျားဟိန်းသံအများအပြားကို ကြားရတယ်။
ညဦးပိုင်းကို လွန်တော့ ကျားဟိန်းသံတွေ ပျောက်ကွယ်ပြီး ဆင်အော်သံတွေ ကြားရတယ်။ ဆင်တွေက ဂူအပြင်ဘက်က ရှိရှိသမျှအရာတို့ကို နင်းချေဖျက်ဆီးနေသလိုပါပဲ။
ဆင်အော်သံတွေလွန်ပြန်တော့ မိန်းမပျိုတစ်အုပ်လိုက်ကြီးရဲ့ စကားပြောသံ ရယ်မောသံတွေ ထွက်ပေါ်လာတယ်။ ဂူထဲက သူ့ကိုလည်း ပျော်ပါးဖို့အတွက် အပြင်ထွက်လာဖို့ ချိုကြည်ကြည်အသံနဲ့ ထပ်ဖန်တလဲလဲ ဖိတ်ခေါ်နေတယ်။
ဒါကို လွန်ပြီးပြန်တော့ နွားကျောင်းသား ကလေးငယ်တစ်အုပ်ရဲ့ စကားပြောသံ၊ ရယ်မောဆဲဆိုသံတွေကို ကြားရတယ်။
ဒါတွေကို လွန်ပြန်တော့ လူအိုကြီးတစ်ယောက်ရဲ့ သီချင်းဆိုသံကို ညည်းငွေ့ဖွယ်ရာ ကြားရပြန်တယ်။
ဒီအသံတွေက မနက်အာရုံတက်ချိန်အထိ ဖြစ်လေပြီးနောက် ပျောက်ကွယ်သွားပါတယ်။
ဒီတောဟာ မာယာများကြောင်း မောင်လှ သိထားလိုက်ပြီ။
မနက် နေထွက်ချိန်မှာတော့ မောင်လှ အပြင်ကို ထွက်ပြီး ကြည့်တယ်။ ညတုန်းက အသံဗလံတို့ကြားရတာဟာ အိပ်မက်လိုပမာပဲ။ အပြင်မှာတော့ ခြေရာလက်ရာ ဘာမှပျက်ယွင်းမနေဘူး။
ရေနဲ့ စားစရာတချို့ကို ရှာဖွေပြီး မောင်လှဂူထဲကိုပဲ ပြန်ဝင်လာခဲ့တယ်။
အခုတော့ ညနေစောင်းအချိန်ကို ဥတုစျာန်မီ တစ်ဖန်လည်လို့ ရောက်ရှိပြန်ပါပြီ။
******
ညမှောင်တာနဲ့ ဂူကို စည်းချပြီး မောင်လှနေနေရတယ်။
ဒီညမှာတော့ ဂူအပြင်က သတ္တဝါတိုင်းဟာ ဂူအထဲကို သရဲစီး၊ ဘီလူးစီး အတင်းဝင်ရောက်ဖို့ ကြိုးစားကြတယ်။
မောင်လှက သမာဓိအား သိပ်မကောင်းသေးတော့ ဒါတွေကို မြင်မိပြီး ပုတီးတောင် ကောင်းကောင်း မစိပ်နိုင်ဘူး။
စိုးရိမ်စိတ်ပူရင်း အချိန်တွေ ကုန်လွန်ဖို့ကို မနည်းကြီး စောင့်ဆိုင်းနေရတယ်။
မိန်းမပျိုတွေအလှည့်ကို ရောက်လာတယ်။
ပြင်ပဆီကနေ ဘယ်က ထွက်ပေါ်နေမှန်းမသိတဲ့ စိမ်းပြပြ အလင်းရောင်အောက်မှာ လှပလွန်းတဲ့ မိန်းမပျိုခုနှစ်ယောက်ဟာ လျှပ်ပေါ်လော်လီစွာနဲ့ ယိမ်းနွဲ့ရင်း ကပြနေကြတယ်။
မောင်လှ ဒါတွေကို ကြည့်ရင်း စိတ်က ညွှတ်ခနဲ ဖြစ်သွားရတယ်။
လူက ကိုယ်တိုင် သတိမမူနိုင်ခင်မှာပဲ ထိုင်ရာက ထမိပြီး မိန်းမပျိုတွေ ကပြနေတဲ့ ဂူပေါက်ဆီကို သွားမိတော့တာပါပဲ။
******
‘ ဝုန်း…ဗျော…’
ရုတ်တရက် ထွက်ပေါ်လာတဲ့ ဆူညံသံတို့ကြောင့် မောင်လှ သတိဝင်လာရတယ်။
ဂူဝဆီကို ကြည့်မိတော့ လူပေါင်လုံးလောက်ရှိမယ့် မြွေကြီးခုနှစ်ကောင်။
‘ ဗိုင်းတာမတွေ။ နင်တို့က ကောင်းမယ့်အရာဆို ဖျက်ဆီးဖို့ရာပဲ တွေးတယ် ဟုတ်သလား။ အခုတော့ ငါသူတော်နတ်သားလေး ရောက်လာပြီလေ။ ဘာတတ်နိုင်သေးသလဲ…’
ကြုံးဝါးသံနဲ့အတူ ဂူဝဆီက လင်းခနဲ ဖြစ်သွားပြီး မြွေကြီးခုနှစ်ကောင်ဟာ ကစဥ့်ကလျား ပြေးလွှားကုန်ကြတယ်။
မြွေကြီးတွေလည်း မရှိတော့ကော ဂူဝဆီကို လူတစ်ယောက် ခုန်ပေါက်ရင်း ပြေးဝင်လာပါတယ်။
‘ ဟေး…ငါသူတော်နတ်သားလေး လာပြီလေ့…’
ဟစ်ကြွေးသံနဲ့အတူ အသံရှင်က မောင်လှအရှေ့ကို ရောက်ရှိလာတယ်။
‘ ဟင်…ဘယ်လိုလူပါလိမ့်…’
မောင်လှက သူရူးကို မြင်တော့ အံ့အားသင့်နေချိန် သူရူးက မောင်လှကို စေ့စေ့ကြည့်လိုက်ပြီး…။
‘ ဟေ့…လူသား။ ဘိုးသိကြားက နင့်ကို ကယ်ဖို့ အမိန့်ရှိတယ်။ ငါ သူတော်လေး နင့်ကို လာကယ်တယ်…’
‘ သူ…သူတော်ဟုတ်လား…’
‘ ဟုတ်တယ်။ ငါ့နာမည် သူတော်။ အလုပ်အကိုင်က နတိသား။ ဟီ…ဟီ…’
မောင်လှ ဘာပြောရမယ် မသိဘူး။
‘ ကဲ…နင် ငါ့ကို ဘာမှပြောမနေနဲ့တော့။ ငါသူတော်လေး ခရီးပန်းလာတာမို့ အနားယူတော့မယ်။ နင်လည်း နားချင်နားပါ။ ဟိုမဟုတ်တရုတ်ဟာတွေကိုတော့ အာရုံထားမနေနဲ့တော့။ ငါ သူတော်လေး ေရာက်နေပြီမို့ သူတို့ ဘာမှမလုပ်ရဲတော့ဘူး။ အိပ်လိုက အိပ်တော့…’
သူရူးက ပြောဆိုရင်း ဂူထောင့်တစ်နေရာဆီမှာ သွားရောက်လှဲချပြီး အိပ်စက်ပါတော့တယ်။
မောင်လှမှာတော့ စိတ်မဖြောင့်တာမို့ အိပ်စက်ဖို့ရာ မတွေးအားသေးဘူး။ အခြေအနေကို ဆက်လက်စောင့်ကြည့်နေမိတယ်။
အခြေအနေတို့က သန်းခေါင်ယံအထိ မထူးခဲ့လေဘူး။
ဒီတော့ မောင်လှလည်း စိတ်ကိုလျော့ကာ အိပ်စက်လိုက်ပါတော့တယ်။
*******
နောက်တစ်နေ့ မနက်မှာတော့…။
မောင်လှတစ်ယောက် အိပ်ရာက နိုးချိန် ညတုန်းက သူရူးက သစ်သီးလေးငါးလုံးနဲ့ သူ့အနားမှာ ထိုင်စောင့်ပေးနေတာကို တွေ့ရတယ်။
မောင်လှ သစ်သီးကို စားနေချိန်ကျတော့ သူရူးက အကြောင်းစုံကို ပြောပြလာပြီး ပြန်ရမယ့် လမ်းဆီကို ပို့ပေးမယ့်အကြောင်း ပြောပြလာတယ်။
မောင်လှလည်း ယုံကြည်မိခဲ့ပါပြီ။
ဦးရာဇထားရစ်ပေးခဲ့တဲ့ ရွှေတို့ကို မောင်လှယူလိုက်တယ်။
ပြီးတော့ သူရူးဦးဆောင်ခေါ်ရာအနောက်ဆီက ထပ်ချပ်မခွာလိုက်မိပါတယ်။
သူရူးကတော့ အရှေ့ဆီကနေ အုန်းလက်မြင်းကို စီးနင်းရင်း သူစိတ်ထင်ရာ သီချင်းတို့ကို ဆိုလေကာ တစ်ခါတစ်ရံ ဝဇ္ဇာတောလားသီချင်းကို ဆိုတယ်။
မောင်လှကတော့ အတွေးတွေမပြတ်တွေးတောရင်းပေါ့။
မောင်လှရဲ့ အတွေးတွေထဲမှာတော့ ဒိတစ်ကြိမ်လို အမှားမျိုး နောင်ဘယ်တော့မှ ထပ်မကျူးလွန်တော့ဘဲ ကိုယ်ရှိနေရာ လမ်းဆီကနေ ရည်မှန်းရာဆီ အရောက်လှမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက် အတွေးက ထပ်ဖန်တလဲလဲပါပဲ။
ပြီးပါပြီ။