ထူးဆန်းသော ငှက်ပျောပင်

Posted on

ထူးဆန်းသော ငှက်ပျောပင်(စ/ဆုံး)

—————————————

အချိန်ကာလအားဖြင့် ခရစ်သက္ကရာဇ် ၂၀၁၂ ၀န်းကျင်ခန့်ကဖြစ်၏။

ဖြူတစ်ယောက် လိုအပ်သောပစ္စည်းများအား ခရီးဆောင်အိတ်ထဲ ထည့်နေသည်။

” သမီးရေ ဆေးဘူးတွေသေချာထည့်နော် ၊ ဆေးတွေက ဈေးက ကြီးပါပေ့နဲ့ ”

” ဟုတ်အမေ ဆေးအိတ်ကို သော့ခတ်ထားတယ် ”

” ကားလက်မှတ်ကရော ဖြတ်ပြီးပြီလား ၊နောင်မွန် ဆီဆိုင်ဘက်ကသွားမှာလား၊ ပင်လောင်းဘက်ကသွားမှာလား ”

“ပင်လောင်းဘက်ကပဲ သွားမယ်အမေ.. နောင်မွန်ဘက်ကကြ ကယားကိုတိုက်ရိုက်ရောက်မှာ ၊ ပင်လောင်းဘက်ကမှ ဖယ်ခုံဘက်ရောက်မှာ ”

” သမီးတို့အခုသွားမှာက ဘယ်ကိုလဲ ”

” ဖယ်ခုံနဲ့ မိုးဗြဲကြားက ရွာပါ ၊ လမ်းဆင်းပြီးရင် အဲ့ဒီရွာကိုရောက်ဖို့ အတော်လေးလျှောက်ရမှာ ”

” အင်း ဂရုစိုက်ကြပေါ့၊ မိန်းခလေးနှစ်ယောက်ထဲသွားရမှာဆိုတော့ ”

” စိတ်မပူနဲ့အမေ၊ သမီးတို့ကသွားနေကျပါ ”

ဖြူသည် တောင်ကြီးသူတစ်‌ယောက်ဖြစ်ကာ ယခုခရီးသည် တောင်ကြီးမြို့မှ ရှမ်းကယား နယ်စပ်ရှိရွာလေးထံသို့ သွားရန်ပြင်ဆင်နေခြင်းဖြစ်သည်။
ဖြူသည် MLM ဆေးကုမ္ပဏီတစ်ခု၌ အလုပ်လုပ်နေခြင်းဖြစ်၏။
ထိုကုမ္ပဏီ၏ planသည် အခြားကုမ္ပဏီ၏ plan ထက် သာသည်ဟုပင်ဆိုရမည်။
အဓိကက ကုမ္ပဏီ၏ ဆေးများက အတော်ပင် ကောင်းမွန်၏။

ကုမ္ပဏီ၏ ပိုင်ရှင်နှင့် leader ကြီးများက တရုတ်လက်ဖဝါးကြည့်ကာ ကျန်းမာရေးအား စစ်ဆေးသည့် ပညာရပ်အား သင်ကြားပေးခဲ့ကြ၏။
ဖြူသည် ပါရမီကောင်းသူဖြစ်သည့်အားလျော်စွာ လက်ဖဝါးကြည့်ပေးသည့်အတတ်အား ကျွမ်းကျင်စွာတတ်မြောက်ခဲ့၏။

သူသည် အခြား leader များကဲ့သို့ member ၀င်ရန် အတင်းအကြပ်စည်ရုံးခြင်းမရှိ၊ ဆေးများအားလဲ အတင်းမရောင်း၊ လက်ဖဝါးအား အခမဲ့ ကြည့်ပေးကာ ကျန်းမာရေးအားစစ်ဆေးပေးပြီးနောက် ကုမ္ပဏီထုတ် သောက်ရမည့်ဆေး ဆယ်လုံးခန့်ကို ရေးပေး၏။
မ၀ယ်သောက်လဲ ကိစ္စမရှိ။
ဆောင်ရန်ရှောင်ရန်များအား အကြံပြုပေး၏။

အချို့ကလဲ အပျော်သဘောဖြင့် လာစစ်ဆေးကြသည်။
သို့သော် သူတို့၏ ကျန်းမာရေးအခြေအနေများအား အတော်လေး မှန်အောင်စစ်ဆေးပေးနိုင်သဖြင့် ဆေး၀ယ်သောက်ကြသည့် လူက အတော်ပင်များသဖြင့် ဖြူဦးဆောင်သော ကွန်ရက်သည် အတော်ပင် အောင်မြင်သည်ဟုပင် ဆိုရမည်။အချို့leder များက ကျန်းမာရေးစက်များ၀ယ်ကာ လက်တော့နှင့်တွဲကာ စစ်ဆေးပေးကြ၏။
သို့သော် လူအများက ကျန်းမာရေးအား စက်ဖြင့်စစ်ဆေးပေးခြင်းထက် လက်ဖဝါးအား စစ်ဆေးပေးခြင်းကို သာ၍ပင် သဘောကျကြလေသည်။

စေတနာအားအခြေခံကာ ပြုလုပ်သောအလုပ်မို့လားမသိ ဖြူ၏ လိုင်းသည် အတော်ပင် အောင်မြင်၏။
ဖြူ၏လက်အောက်မှ လိုင်းခေါင်းဆောင်များက ခေါ်သောအခါ ခေါ်သည့်နေရာသို့မညည်းမငြူ လိုက်၍ ကျန်းမာရေးအား အခမဲ့စစ်ဆေးပေးရ၏။

ယခုလဲ ဖြူ့လက်အောက်မှ လိုင်းခေါင်းဆောင်တစ်ဦး၏ ကွန်ယက်ရှိရာ ရွာသို့ လက်ဖဝါးကြည့်ကာ ကျန်းမာရေးစစ်ဆေးပေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ဖြူတို့သွားရောက်ရမည့်ရွာသည် မိုးဗြဲနှင့်ဖယ်ခုံကြားရှိ ရွာလေးတစ်ရွာဖြစ်၏။

ထိုရွာလေးသည် ရှမ်းကယားနယ်စပ်ရှိ ရွာလေးဖြစ်၏။

” သမီးရေ ဖုန်းလာနေတယ် ”

” ဟုတ်အမေ .. ”

ဖြူသည် ဖုန်းအားကောက်ကိုင်လိုက်၏။
ထိုအချိန်၌ ငါးသိန်းတန် ကမ်းရိုးတန်းဖုန်းများခေတ်စားပြီးနောက် အင်တာနက်ရသော ဂျီအက်အမ် နှစ်သိန်းတန်ဖုန်းများစတင်ခေတ်စားနေသည့်ကာလဖြစ်၏။
ဂျီအက်အမ်ဖုန်းများသည် 2G လိုင်းများသာ ရသေး၏။

Touch ဖုန်းများလဲ စတင်ခေတ်စားသည့်ကာလဖြစ်ကာ Huawei ဖုန်းများသာ ဈေးကွက်အတွင်း တွင်ကျယ်လျက်ရှိ၏။

Mobile ဖုန်းများခေတ်တခေတ်ပြောင်းသည့်ကာလဟုလည်း ဆိုနိုင်လေသည်။

ဖြူသည်လည်း အင်တာနက်ရသော ဂျီအက်အမ်ဖုန်းလေးအား ကိုင်ထား သူတစ်ယောက်ဖြစ်၏။သို့သော် ထိုအချိန်က Gtalk များသာ ခေတ်စားသေး၏။

” ဟလို နီနီ ၊ အေး ငါခုပဲ အိမ်က ထွက်လာတော့မှာ၊ နင်ရော အသင့်ဖြစ်ပြီလား ၊ အေး …ကားဂိတ်ကစောင့်နော် ..ဒါပဲ..”

ဖြူသည် အိမ်လမ်းထိပ်မှ အငှားကားဖြင့် ကားဂိတ်သို့ ထွက်လာခဲ့၏။
ထိုကားဂိတ်၌ သူငယ်ချင်းဖြစ်သူ နီနီက အသင့်စောင့်ကြိုနေသည်အားတွေ့လိုက်ရလေသည်။

ဖြူရောက်ပြီးမကြာမီ ကားက စတင်ထွက်ခွာလာ၏။

မြင်ကွင်းထဲ၌ သစ်ပင်ကြီးများက တရိပ်ရိပ်ဖြင့်ကျန်ခဲ့၏။
ဖြူတစ်ယောက်သည် ကားပေါ်၌ ငိုက်မြည်းလျက်ရှိ၏။
နီနီသည်ကား လမ်းဘေးဝဲယာမှ ရှုခင်းများအား ငေးကာ လိုက်ပါလာကြလေသည်။

” ဖြူ …အောင်ပန်းရောက်ပြီ ၊ အဆာပြေတစ်ခုခုစားရအောင် ”

” အေး ၊ ငါတော့ ထမင်းကြော်ပဲစားတော့မယ် ”

” ခစ် ခစ် နင့်ရဲ့မရိုးနိုင်တဲ့ ထမင်းကြော်လား ”

” ဟီးးး သိတယ်မို့လား …ငါကလဲ ဒါကလွဲပြီး ကျန်တာ မမှာတတ်တော့ဘူးလေ ”

သူငယ်ချင်းနှစ်ဦးသဘောကျစွာ ရယ်မောမိကြ‌၏။

မကြာမီ ဖြူတို့စီးလာသောကားသည် ခရီးဆက်လေ၏။

နေ့လည်တစ်နာရီခန့်အချိန်သို့ရောက်သောအခါ ဖြူတို့ဆင်းရမည့်နေရာသို့ရောက်ပြီမို့

” ကားဆရာ ရှေ့က လမ်းဆုံမှာဆင်းမယ် ”

ထိုအခါကားဆရာသည် ဖြူနှင့် နီနီတို့အား အကဲခတ်သလိုကြည့်ကာ

” ညီမတို့ အဲ့ဒီလမ်းဆုံမှာက ရွာမရှိဘူး၊ ရွာထဲ၀င်ဖို့ အတော်လျှောက်ရသေးတယ်နော် ၊ လမ်းလျှောက်ဆို မလွယ်လောက်ဘူး ”

” ဟုတ်ကဲ့ အသိတွေလာကြိုမှာပါ ”

” အင်း အဲ့ဒါဆိုလဲ ပြီးတာပါပဲ ”

ဖြူတို့လဲ ဆေးသေတ္တာများအား ကိုင်ကာ ထိုလမ်းခွဲလေး၌ ဆင်းလိုက်ကြ၏။
ထိုနေရာသည် ဖယ်ခုံနှင့်မိုးဗြဲကြားရှိ ကားလမ်းဖြစ်၏။
ကားလမ်းမကြီးသည် တောင်နှင့်မြောက်အနေအထားဖြစ်ကာ ထိုလမ်းမကြီး၏ အရှေ့ဘက်၌ ဖြူတို့သွားရမည့်ရွာ၏လမ်းဖြစ်သည်။
ထိုရွာသို့၀င်မည့်လမ်းဘေး၌ သစ်သားဖြင့် သပ်သပ်ရပ်ရပ်ဆောက်လုပ်ထားသော ဇရပ်ငယ်လေးရရှိ၏။
ဇရပ်သည် သွပ်မိုးထားကာ အကာတော့မရှိပါချေ။

ဖြူတို့လည်း ဆွဲအိတ်အား ဇရပ်လေး၌ တင်ကာ လူကြံအားစောင့်နေ၏။

” နီနီ နင်ခေါ်လို့သာ လိုက်လာရတာ၊ ဒီရွာကို ငါ တစ်ခါမှမရောက်ဖူးဘူး၊ အဆင်ပြေပါ့မလား ‘”

” မပူပါနဲ့ဖြူ ၊ ငါဒီရွာကိုရောက်ဖူးတယ်၊ ဒီရွာက သားဖွားဆရာမက ငါတို့ဆေးတွေကို စိတ်၀င်စားတယ်လေ၊ ပြီးတော့ နင့်ကို လက်ဖဝါးလဲ ကြည့်စေချင်တယ်တဲ့၊ ငါက လက်ဖဝါးမကြည့်တတ်တော့ နင့်ကို အပါခေါ်ရတာ၊ နင်က ငါ့ရဲ့ leader မို့လား ဟဲဟဲ ၊ ဒီလုပ်ငန်းက leader တွေကို ခိုင်းစားရတာလေ ဟီးးးး”

” အင်းပါ များများခိုင်း ဟုတ်ပြီလား ”

ဖြူသည် နီနီ့အား မျက်စောင်းတစ်ချက်ထိုးကာ ဇရပ်ပေါ်၌ ခြေပစ်လက်ပစ်ထိုင်ချလိုက်မိသည်။
နေက အတော်ပူကာ သစ်ရိပ်ဝါးရိပ်များက မရှိ‌သောကြောင့် ပိုပူသည်ဟု ခံစားမိ၏။
ပေလမ်းမကြီးသည်လည်း နေ၏အပူရှိန်ကြောင့် တလျှပ်လျှပ်တောက်နေသည်ဟုထင်ရ၏။

ထိုစဉ် သဲများတင်‌လာသော ထော်လဂျီငယ်တစ်စင်းသည် ထိုရွာလမ်းသို့ ကွေ့၀င်လာသည်မို့ ၊

” နေအုံး နေပါအုံး ”

နီနီ၏ အာပြဲလျှာပြဲအော်သံကြောင့် ထော်လဂျီက ရပ်တံ့သွား၏။

“”ဦးလေး ကျွန်မတို့က ဆရာမအေးမူဆီလာတဲ့ ဧည့်သည်ပါ။ ဆရာမကို ကျွန်မတို့ရောက်နေပြီလို့ အကြောင်းကြားပေးပါ။”

” ဟာဟုတ်လား ဦးလေးလဲ အဲ့ဒီအိမ်နားမှာ သဲချရမှာ၊ ဦးလေး ထော်လဂျီနဲ့သာ လိုက်ခဲ့ကြ၊ ဆရာအေးမူက အားမှာမဟုတ်ဘူး၊ သူ့အိမ်က ၀က်မကြီးမွေးနေလို့ စောင့်နေရတာ ”

” ဟုတ်ကဲ့ဦးလေး ”

နီနီက အားရ၀မ်းသာ အထုတ်များဆွဲကာ ထော်လဂျီပေါ်ပြေးတက်၏။

” လာ ဖြူရေ ၊ ဂျီးများနေလို့မရဘူး ၊ ကြုံတဲ့ ဟာနဲ့ လိုက်မှ ”

” အေးပါအေ အေးပါ ”

ဖြူသည် နဖူးမှ ချွေးများအားသုတ်ကာ ထော်လဂျီပေါ် အထုတ်များပစ်တင်လိုက်၏။
ဖြူတို့နှစ်ဦး၏ ၀တ်စားထားပုံနှင့် သဲတင်ထားသော ထော်လဂျီနောက် လိုက်ရသည်မှာ အတော်ပင် ရယ်ချင်စဖွယ်ကောင်းလှ၏။
၀တ်ထားသည်က ကိုးရီးယားမင်းသမီးရှုံးလောက်သည် မဟုတ်လား။

မကြာမီ ဖြူတို့စီးလာသော ထော်လဂျီသည် ရပ်တံ့သွား၏။

” ကဲ ရှေ့က ပျဉ်ထောင်အိမ်က ဆရာမအေးမူရဲ့ အိမ်ပဲ”

” ဟုတ်ကဲ့ဦးလေး ကျေးဇူးပါ ”

ဖြူနှင့်နီနီလဲ အထုတ်များဆွဲကာ သားဖွားဆရာမ အေးမူထံ ရောက်ရှိလာ၏။
ဆရာမအေးမူသည် ကယားဗမာ ကပြားဖြစ်ကာ သူ၏အမျိုးသားမှာ ဗမာလူမျိုးတစ်ဦးဖြစ်ကာ အမည်မှာ ဦးအောင်မြိုင် ဖြစ်သည်။

” ဟာ လာ လာ ဆရာမနီနီတို့ရောက်လာကြပြီလား ၊ အိမ်က ၀က်မကြီး ကလေးမွေးနေလို့ ဘယ်မှ မထွက်ဖြစ်ဘူးဆရာမရေ၊ ညဘက်တောင် ကိုအောင်မြိုင်က ၀က်ခြံနား သွားအိပ်ရတယ်”

ဆရာမ အေးမူတို့၏ ၀က်ခြံမှာ အတော်ပင်ကျယ်ကာ သန့်ရှင်းသည်ဟုပင် ဆိုရမည်။
၀က်ချေးများကိုလည်း အမြဲသန့်ရှင်းရေး လုပ်ထားကြပုံရ၏။

” ဩ မိတ်ဆက်ပေးရအုံးမယ် ဒါက ကျွန်မရဲ့ လိုင်းခေါင်းဆောင် ဖြူတဲ့၊ သူကလဲ အစိုးရ၀န်ထမ်းပဲ ၊ ၀န်ထမ်းလုပ်နေရင်း အပို၀င်ငွေရအောင် ဒီဆေးကုမ္ပဏီလုပ်ငန်းကိုတွဲလုပ်တာ ၊ ခုတော့ ကုမ္ပဏီကရတဲ့ငွေက ၀န်ထမ်းလစာထက်ပိုတယ်လေ ”

” တော်လိုက်တာ ဆရာမဖြူရေ ”

” တစ်ကယ်အလုပ်လုပ်မှ ရတာပါဆရာမအေးမူရေ… အရမ်းတော့ပင်ပန်းတယ်၊ အဓိကကတော့ ဆေးရောင်းရတဲ့အပေါ်မူတည်ပြီး အကျိုးအမြတ်ရတာပါ ၊ ဆေးမရောင်းနိုင်ရင်တော့ ဘယ် မန်ဘာမှ ငွေမရဘူး ၊ တော်ကြာ မန်ဘာ၀င်တိုင်း ငွေရမယ့်ပုံစံတွေနဲ့ အချို့သူတွေက စည်းရုံးတတ်ကြလို့ ”

” ဟာ ပွင့်လင်းလိုက်တာ ၊ ဒါမျိုးမှ ကြိုက်တာဆရာမဖြူရေ ကဲ ကဲ ခဏနေမှ ဆွေးနွေးကြမယ်၊ ခုတော့ ခရီးပန်းလာကြတယ်၊ အပေါ်ထပ်မှာ အေးဆေးနားကြအုံး ”

” ဟုတ်ဆရာမ ၊ ဆရာမလဲ လုပ်စရာရှိတာလုပ်ပါ ”

ဦးအောင်မြိုင်သည် လမ်းတံတား ဆောက်လုပ်ရေးကုမ္ပဏီမှဖြစ်ကာ ‌ဆေးလုပ်ငန်းအား သူ၏အမျိုးသမီး မအေးမူထက်ပင် ပို၍ စိတ်၀င်စားသူဖြစ်၏။

ဦးအောင်မြိုင်၏အသက်မှာ ထိုစဉ်အခါက လေးဆယ့်ငါးနှစ်ခန့်ဖြစ်ကာ ပရလောက အတွေ့အကြုံများလဲ ရှိသူဖြစ်၏။

ဖြူတို့ရောက်ပြီး နောက်တစ်ရက်၌ ဦးအောင်မြိုင်သည် ထူးဆန်းသော အကြောင်းအရာတစ်ခုအား ပြောပြ၏။

” ဆရာမတို့က ပရလောက စိတ်၀င်စားတယ်ဆိုတော့ ကျုပ်က အကြောင်းအရာတစ်ခုကိုပြောပြမယ် ။ ပြီးရင် ဗွီဒီယိုဖိုင်နဲ့ပါ သက်သေပြမယ် ။ ဆရာမတို့မယုံမှာစိုးလို့ပါ”

” ဟုတ်ကဲ့ ပြောပါအုံး ၊ ကျွန်မကလဲ ပရလောက အကြောင်းသာကြားရလို့ကတော့ ထမင်းမေ့ ဟင်းမေ့ပဲ ”

” ဒီလိုဆရာမရဲ့ ၊ ကျုပ်ရဲ့ အလုပ်ထဲက ခူးရယ် ဆိုတဲ့ လူငယ်ရှိတယ်။ သူက ကယားလူမျိုးပဲ၊ တစ်နေ့တော့……”
ဟုဆိုကာ အဖြစ်အပျက်တစ်ခုအား ပြောပြလေသည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း (၂)

” ခူးရယ်ရေ တစ်နေ့တစ်နေ့ နင်ကတော့ ဒီဖုန်းနဲ့ပဲ အချိန်ကုန်နေတယ် ၊ ငါ့ဒီမှာ ထမင်းချက်ဖို့ ထင်းမရှိတော့ဘူး…. တောထဲ ထင်းလေးဘာဘေး ခုတ်ဖို့ စိတ်ကူးအုံး”

” အင်းပါအမေရာ ကျုပ် ဒီနေ့တောထဲ ၀င်မယ်ဟုတ်ပြီလား ”

” အေးလေ ၀င်မှပဲ ၊ မ၀င်ရင် ထမင်းမစားနဲ့တော့ …ရေပဲသောက် ”

မိခင်ဖြစ်သူ၏ စကားကြောင့် ခူးရယ်တစ်ယောက် ပြုံးနေမိ၏။
သူ၏မိခင်သည် ‌အပြောဆိုးသော်လည်း သူ့အပေါ်အင်မတန်မှ ချစ်ရှာ၏။

သူဖုန်းလိုချင်သည်ဟု ပူဆာသည့်အခါ နှစ်ရက်လောက်တော့ အဆဲအရွတ်ခံရ၏။
သို့သော် နောက်ဆုံး၌ သူလိုချင်သော ဖုန်းအား၀ယ်ပေးခဲ့ရှာလေသည်။

ခူးရယ်လဲ မနက်စာ စားသောက်ပြီးနောက် ထင်းခုတ်ဓားအား ခါးကြားထိုးကာ တောဘက်သို့ တစ်ယောက်တည်းထွက်လာ၏။
သူ၏အချစ်တော် ‌ဖုန်းလေးအားလဲ လွယ်အိတ်ထဲ၌ ထည့်ထားလေသည်။
သို့သော် တောထဲ၌ အင်တာနက်လိုင်းကား မမိပါချေ။

ခူးရယ်လဲ သစ်ပင်များထဲမှ ထင်းစိုက်၍ ကောင်းကာ ဖြတ်ရလွယ်မည့် အပင်အား လိုက်ရှာရင်း ငှက်ပျောတော အစပ်ဘက်ရောက်လာ၏။
ထိုအခါမှ သူလဲ ဗိုက်ဆာလာသည်ကို သတိရကာ ငှက်ပျောတောထဲ၌ ငှက်ပျောသီးအမှည့်များအား ဦးစွာစားပြီးမှ ပြန်လှည့်ကာ ထင်းခုတ်တော့မည်ဟုပင် ဆုံးဖြတ်လိုက်၏။

သူလဲ ငှက်ပျော‌ပင်များရှိရာဘက်၀င်ကာ ငှက်ပျောသီးအမှည့်အားလိုက်ရှာလေတော့သည်။ထိုသို့ရှာနေရင်း အခိုင်ထွက်နေသောအပင်မှ အဖူးအချို့အားခုတ်ချလိုက်၏။
သို့မှသာ အခိုင်က အသီးများက ထွားမည်ဖြစ်သည်။

ထိုသို့ပြုမူရင်း ပင်စည် အတော်ကြီးမားသော ငှက်ပျောပင်ကြီးအားတွေ့လိုက်ရ၏။
ထိုအပင်သည် အခြားအပင်များထက် အုံထူကာ သန်လဲပိုသန်၏။
ထိုအပင်၌ အခိုင်ထွက်နေကာ အခိုင်အောက်၌ ငှက်ပျောဖူးကတန်းလန်းဖြစ်နေသည်မို့ သူလဲ ထိုငှက်ပျောဖူးအား အားရပါးရ ခုတ်ချလိုက်ရာ ထင်မှတ်မထားသော ကိစ္စဖြစ်ပေါ်လာသည်။

” ဟာ ဒီမှာလဲ တစ်ဖူး ၊ ကိုင်း သွားလေရော့ဟယ်”

” ဘုတ် ”

သူ၏ဓားချက်ကြောင့် ငှက်ပျောဖူးသည် မြေပေါ်သို့ဘုတ်ခနဲပြုတ်ကျသွား၏။

” အဟင့် ဟင့် ဟင့် အီး ဟီး ဟီး ဟီး ”

ငှက်ပျောပင်ကြီးထံမှ မိန်းမတစ်ဦး၏ နာကျင်၀မ်းနည်းသည့် ငိုသံကြီးက ကျယ်လောင်စွာထွက်ပေါ်လာသည်။

ထိုငိုသံကြီးကြောင့် သူလဲ ရုတ်တရက် ကြောင်သွား၏။

” ငါ ငါ ငှက်ပျောဖူးကိုခုတ်တာပါ …လူ…လူကိုများခုတ်မိသွားတာလား ”

သူလဲ ငှက်ပျောပင်အုံကြီးအား လှည့်ပတ်ကြည့်ရှုရာ မည်သူ့ကိူမျှမတွေ့ရပေ။
သို့သော် မိန်းမကြီး၏ ငိုသံက ငှက်ပျောအုံထဲမှ ပီပီပြင်ပြင်ထွက်ပေါ်နေသည်က သေချာသည်။
ထိုစဉ် သူ့ထံပြေးလာသော ခြေသံအားကြားလိုက်ရ၏။

” ဟင် ခူးရယ် မင်း မင်း ဘာလုပ်တာလဲ ၊ မိန်းမတစ်ယောက်ကို ဘာလုပ်လိုက်တာလဲ ”

” ငါ ငါ ဘာမှမလုပ်ဘူး ဂျဝါးနီ ၊ ငါ ‌ဒီငှက်ပျောခိုင်ကြီးက အဖူးကို ခုတ်ချလိုက်တာနဲ့ ဒီငိုသံကြီးကို ကြားလိုက်ရတာပဲ ”

” ဟာ ထူးဆန်းလိုက်တာ ကြည့်စမ်း တော်တော်လေး ကြေကွဲပြီးငိုနေသလိုပဲ ခူးရယ် မင်းမှာဖုန်းပါတယ်မို့လား ဗွီဒီယို ရိုက်ထား ”

” အဟင့် ဟင့် အီးဟီး ဟီး၊ အဟင့် အဟင့် ”

မိန်းမငိုသံကြီးအား ကြက်သည်းထဖွယ် ကျယ်လောင်စွာ ကြားနေရ၏။

” ငါ ငါ ကြောက်တယ် ဂျဝါးနီ ”

” မြန်မြန်ရိုက် ၊ ငါလဲ ကြာကြာမနေရဲဘူး ”

ခူးရယ်လဲ သူ့လွယ်အိတ်ထဲမှ ဖုန်းအားထုတ်ကာ ထိုငှက်ပျောပင်ကြီးအား ပတ်ကာ ဗွီဒီယိုရိုက်၍ မှတ်တမ်းတင်လိုက်၏။

” အဟီး ဟီး အဟင့် ဟင့် ဟင့် အားးး”

” တော် တော် တော့ ခူးရယ် ပြေး…ပြေးရအောင် ကြောက်စရာကြီး ”

“မင်းမပြောခင်ကတည်းက ငါဆက်မရိုက်ရဲလို့ မရိုက်တော့ဘူး ပြေး ပြေးရအောင် ”

ခူးရယ်နှင့် ဂျဝါးနီတို့နှစ်ဦးလည်း ထိုငှက်ပျောပင်ကြီး နှင့်ဝေးရာအရပ်သို့ ထွက်ပြေးကြလေတော့သည်။
သူတို့အတော် ဝေးဝေးရောက်သည်အထိ ထိုမိန်းမ၏ ဆွဲဆွဲငင်ငင် ငိုသံကြီးကို ကြားနေရဆဲဖြစ်၏။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း (၃)

” ဟင် ဒါဆို .. ခူးရယ်တို့က အဲ့ဒါကို ဗွီဒီယိုရိုက်ခဲ့တာပေါ့ ”

” ဟုတ်တယ် ဆရာမဖြူ… ဒီဗွီဒီယို ကို ကျွန်တော်ကူးထားတယ် ၊ဖွင့်ပြမယ် ”

” ဟုတ်ကဲ့ ကြည့်ရအောင် ”

ဦးအောင်မြိုင်သည် ထိုဗွီဒီယိုဖိုင်အား ဖွင့်ပြလေသည်။ ဗွီဒီယိုသည် ငှက်ပျောပင်အအုံကြီးအား လှည့်ပတ်ရိုက်ထားကာ မိန်းမတစ်ယောက်၏ နာနာကျင်ကျင် ငိုသံကျယ်ကြီးအားလည်း ကြက်သည်းထဖွယ်ကြားနေရ၏”

သရဲမကြောက်တတ်သော ဖြူတစ်ယောက်ပင် ထိုအသံကြီးအား ဆက်၍ နားမထောင်ရဲတော့ပေ ။

“ပိတ် ပိတ်လိုက်တော့ ဦးအောင်မြိုင်၊ ကြောက်စရာကောင်းလိုက်တဲ့ ငိုသံ၊ ကျွန်မဘ၀မှာ ဒီလောက်ကြောက်စရာကောင်းတဲ့ ငိုသံမျိုး မကြားဖူးဘူး၊ ငိုသံက တစ်ယောက်ယောက်သေလို့ ယူကြုံးမရဖြစ်ပြီး မရပ်မနားအော်ငိုနေသံမျိုးကြီးပဲ ”

” ဟုတ်တယ် ဆရာမ ၊ ကြည့်ရတာ ငှက်ပျောဖူးက သူ့ကလေးနေမှာ၊ ခူးရယ်က ငှက်ပျောဖူးကို ခုတ်လိုက်တော့ သူ့ကလေးကို သတ်သလိုဖြစ်ပြီး ငိုတဲ့အသံထင်တယ်၊ ဒီအသံကို ကြားတဲ့သူတိုင်းက ကလေးကိုဆုံးရှုံးလို့ မိခင်တစ်ယောက်ရဲ့ ၀မ်းနည်းပမ်းနည်း ငိုသံကြီးလို့ပဲ အားလုံးက မှတ်ချက်ပြုကြတယ်”

” ကြောက်စရာကောင်းလိုက်တာ ဦးအောင်မြိုင်ရယ်၊ ထူးဆန်းလိုက်တာ ”

နီနီသည် ဦးအောင်မြိုင်၏ အိမ်ထောင့်ရှိ ငှက်ပျောပင်ကြီးအား မလုံမလဲကြည့်ကာ

” ဖြူရေ ငါတော့ ငှက်ပျောပင် မြင်တိုင်း လန့်နေတော့မယ်ထင်တယ်၊ ငိုသံကြီးက နားထဲစွဲနေတယ် ၊ ဘယ်လိုများ လုပ်ရပါ့ ”

” ဆရာမတို့ ဒီဗွီဒီယိုလေး ကူးသွားကြပါလား၊ မြို့ရောက်တော့ သူများတွေကို ပြရ‌တာပေါ့ ”

” အမယ်လေး ခဏလေး နားထောင်မိတာတောင် မှားပြီထင်တာ၊ အဲ့ဒီဗွီဒီယိုကြီးတော့ မယူသွားပါရစေနဲ့ ”

” ဟုတ်တယ်ဦးအောင်မြိုင် ၊ တော်ကြာ မတော်တဆ ညကြီးအဲ့ဒီဗွီဒီယိုဖိုင်ကြီးကို ထိမိလို့ ငိုသံကြီးထမြည်လာရင် ပြေးပေါက်မှားနေပါ့မယ် ”

” အင်း …ဒီအသံကိုကြားတဲ့သူတိုင်းက ထိတ်လန့်ကြတယ်၊ ကျွန်တော်လဲ စကြည့်တုန်းက စိတ်ထဲ အတော်လန့်တာ၊ တစ်ကယ်လို့ ခူးရယ်သာ ဒီဗွီဒီယိုကို မရိုက်ခဲ့ရင် သူပြောတာဘယ်သူမှ ယုံမှာမဟုတ်ဘူး၊ ငှက်ပျောပင်ဆိုတာကလဲ ပရလောကသားတွေ ခိုကပ်လွယ်တယ်မို့လား ၊ အချို့က သရဲခေါ်ရင်တောင် ငှက်ပျောပင်ကို ကြိုးချည်ပြီး အဲ့ဒီကြိုးကို ကိုယ့်အိပ်ရာအထိ ဆွဲပြီး သရဲခေါ်လို့ရတယ်ပြောကြတာ၊ ညဘက် အမှောင်ထဲမှာ ကြည့်ရင်လဲ ငှက်ပျောပင်တွေဟာ နားရွက်အကြီးကြီးနဲ့ တဘက်ကြီး ငုတ်တုတ်ထိုင်နေသလိုပဲ မို့လား ”

” အမယ်လေး တော်…တော်ပါတော့ ဦးအောင်မြိုင်ရယ် ၊ ဦးလေးပြောမှပဲ ငှက်ပျောပင်တွေကို ပို‌ကြောက်လာပြီ ”

” ဟား ဟား ဟား ဟုတ်ပါပြီဗျာ ခက်တာက ကျုပ်တို့အိမ်ရဲ့ အိမ်သာဘေးမှာ ငှက်ပျောပင်ကြီးရှိနေတာပဲ၊ ကျုပ်လဲ ခူးရယ်ရဲ့ ဒီဗွီဒီယိုကို ကြည့်ပြီးကတည်းက ညဘက် အိမ်သာမတက်ရဲတော့ဘူး ဆရာမတို့ရေ ”

ထိုအခါမှာ ဖြူတို့လဲ သတိထားကြည့်မိ၏။
ဦးအောင်မြိုင်တို့အသုံးပြုသော အိမ်သာသည် အမှန်တစ်ကယ်ပင် ငှက်ပျောပင်ဘေး၌ တည်ရှိနေ၏။ဖြူတို့နှစ်ယောက်လုံး ဆရာမ အေးမူတို့၏အိမ်သာဘေးရှိငှက်ပျောပင်ကြီး ကြောင့် ညဘက်၌ အိမ်သာပင် မသွားရဲကြတော့ပေ။

နီနီနှင့် ဖြူတို့ သူငယ်ချင်းနှစ်ယောက်လဲ ထိုရွာလေး၌ နှစ်ညတာ တည်းခိုပြီးနောက် အခြားတစ်ရွာသို့ ခရီးဆက်ခဲ့ လေတော့သည် ။

ဖြူတစ်ယောက် ယနေ့ချိန်ထိ ညဘက်၌ ငှက်ပျောပင်ကြီးများအား မြင်လေတိုင်း ခူးရယ်ရိုက်ကူးခဲ့သော ဗွီဒီယိုဖိုင်ထဲမှ မိန်းမတစ်ယောက်၏ နာနာကျင်ကျင် ဆွဲဆွဲငင်ငင်ငိုညည်းသံကြီးအား ကြားယောင်နေဆဲ ထိတ်လန့်နေဆဲပင် ဖြစ်လေတော့သတည်း။

လေးစားလျက်
စာရေးသူ နန်းကြာညို