ဒုက္ခကိုဝယ်ကြသူများ(စ/ဆုံး)
—————————-
မြင့်ဇော် အလုပ်ကနေ ပြန်လာသည့်အခါတိုင်း သနပ်ခါးအဖွေးသားနှင့် အဝတ်စားကို သပ်သပ်ရပ်ရပ် ဝတ်ဆင်လေ့ရှိပြီး အပြုံးလေးဖြင့် ဆီးကြိုတတ်လေ့ရှိသော မခိုင်သည် ယခုအခါ ပုံစံတွေ ပြောင်းလဲနေသည်ကို မြင့်ဇော် သတိထားမိနေသည်။
ရေမချိုး၊ သနပ်ခါးမလိမ်းဘဲနှင့် ဖုန်းတစ်လုံးနှင့် ငြိမ်လွန်းနေသည့်မခိုင်ကို မြင့်ဇော် အလုပ်ကပြန်လာသည့်အခါတိုင်း တွေ့ရသည်။ မခိုင်ဖုန်းမှ ဘာသံမှလည်း မကြားရ။ သာမန် ဖုန်းသုံးလျှင် ဖုန်းထဲမှ စကားပြောသံ၊ သီချင်းသံတို့ ကြားရမည်။ မြင့်ဇော် သူ့အနား ရောက်လာလျှင်လည်း မခိုင်သည် ဖုန်းစခရင်ကို မြင့်ဇော် မမြင်အောင် မသိမသာဖြင့် တစ်ဖက် လှည့်လိုက်သည်ကို မြင့်ဇော် သတိထားမိသည်။
“အင်း… မခိုင် ငါမသိအောင် ဘာတွေ လုပ်နေပါလိမ့်”
မခိုင်နှင့် အိမ်ထောင်သက် ငါးနှစ်ပင်ပြည့်ခဲ့၍ သမီးလေးတစ်ယောက်ပင် ရခဲ့ပြီ။ ယခုကဲ့သို့ သံသယဝင်သည့် အပြုအမှုမျိုး မခိုင် မပြုမှုခဲ့။
မခိုင် ရေချိုးခန်းဝင်နေတုန်း မြင့်ဇော် မခိုင်ဖုန်းကို ယူကြည့်လိုက်သည်။ အရင်ဆုံး ဖေ့စ်ဘုတ်နှင့်မက်စင်ဂျာကို ဝင်ကြည့်လိုက်သည်။ သံသယဖြစ်စရာမတွေ့ရ။ ထို့နောက် ဘိုက်ဗာ ကို ဝင်ကြည့်သည်။ သူ့အစ်မနှင့် သာကြောင်းမာကြောင်း ပြောထားတာပဲတွေ့ရသည်။ ဒီလိုဆို မခိုင် ဖုန်းတစ်လုံးနှင့် ဘာတွေလုပ်နေသောကြောင့် ငြိမ်နေပါလိမ့်။ စာဖတ်တယ်ဆိုရင်လည်း သူလာရင် ဖုန်းစခရင်ကို မမြင်စေချင်စရာ အကြောင်းမရှိ။ နောက်ဆုံး အီးမန်းနီးအကောင့်ထဲ ဝင်ကြည့် လိုက်သည်။ ဟင် မခိုင့်အီးမန်းနီးအကောင့်၏ ငွေသွင်းငွေထုတ်စာရင်းမှတ်တမ်းတွင် ငွေလွှဲငွေသွင်းတွေ များနေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။
“မခိုင် ဘာတွေ လုပ်နေပါလိမ့်”
မြင့်ဇော် မတွေးတတ်အောင် ရှိနေပြီ။
မခိုင် ရေချိုးခန်းထဲမှ ထွက်လာသည်။
“အစ်ကို ထမင်းစားတော့မလား”
“မစားသေးဘူး မခိုင်၊ ကိုယ်လည်း ရေချိုးလိုက်အုံးမယ်”
“ဒါဆို အစ်ကိုရေချိုးပြီး အဆင့်သင့်ဖြစ်အောင် မခိုင် ဟင်းတွေ နွေးထားလိုက်မယ်နော်”
မခိုင်ကို ခေါင်းညိတ်ပြပြီး မြင့်ဇော် ရေချိုးခန်းထဲ ဝင်ခဲ့သည်။
ရေချိုး၊ အဝတ်စားလဲပြီး ထမင်းဝိုင်းတွင် ထိုင်သည်အထိ မြင့်ဇော် မခိုင်ကို စကားတစ်ခွန်းမှ မပြောမိ။ မေးချင်နေသော စကားသည်လည်း ထမင်းစားနေချိန်မို့ မမေးချင်။သမီးလေးကတော့ အပူပင်ကင်းစွာဖြင့် ထမင်းတွေ ငုံ့စားနေသည်မှာ ခေါင်းပင်မဖော်တော့။
မြင့်ဇော် ထမင်းစားပြီးတော့ ဧည့်ခန်းထဲမှ စတီကုလားထိုင်ပေါ်ထိုင်းရင်း စားပွဲပေါ်တွင် အဆင်သင့်ရှိနေသည့် ဝတ္ထုစာအုပ်တစ်အုပ်ကို မြင့်ဇော် ယူဖတ်လိုက်သည်။ စာဖတ်နေ သော်လည်း စာထဲတွင် စိတ်နှစ်ထား၍ မရ။
“အစ်ကို ထမင်းစားမကောင်းဘူးလား၊ ထမင်းစားနဲပါ့ပဲ”
ပန်းကန်ခွက်ယောက်တွေ ဆေးကြောပြီး မီးဖိုခန်းထဲမှ မခိုင် ထွက်လာသည်။
“ထိုင်ပါအုံးမခိုင်၊ မခိုင်ကို အစ်ကို မေးစရာရှိတယ်”
မခိုင်မေးတာကို ဖြေမနေတော့ဘဲ မြင့်ဇော် သူ သိချင်တာမေးဖို့ ဆုံးဖြတ်လိုက်သည်။
“မေးလေ အစ်ကို”
“မခိုင့် အီးမန်းနီးအကောင့်ထဲမှာ ငွေအဝင်အထွက်တွေ များနေပါ့လား၊ အဝင်ဆိုတာထက် အထွက်တွေက ပိုများနေတယ်မခိုင်၊ ငွေလက်ကျန်လည်း တစ်ပြားမှ မရှိတော့ပါ့လား၊ မခိုင် ဘာတွေလုပ်နေလဲ ကိုယ့်ကိုမှန်မှန်ပြောစမ်း”
နောက်ဆုံး စကားလုံးတွင် မြင့်ဇော်လေသံ နည်းနည်းမာသွားသည်။
မခိုင်မျက်နှာသည်လည်း ပြိုတော့မည့်မိုးလို ညှို့မှိုင်းသွားသည်။
“မခိုင် အွန်လိုင်းစလော့ဂိမ်းတွေ ကစားမိတယ်အစ်ကို”
“ဘာပြောတယ် မခိုင်”
မြင့်ဇော် ကိုယ့်နားကိုယ်ပင် မယုံချင်သလို ဖြစ်သွားသည်။
“မခိုင် အရင်က အဲဒီလောင်းကစားဂိမ်းတွေ တစ်ခါမှ မလုပ်ဖူးပါဘူး၊ အခုမှ ဘယ်လိုဖြစ်ပြီး လုပ်ရတာတုံး မခိုင်ရာ၊ မိုက်လိုက်တာကွာ”
“မခိုင် အွန်လိုင်းပေါ်မှာ စလော့ဂိမ်းကြော်ငြာတာတွေ ခဏခဏတွေ့ပြီး ကစားကြည့် ချင်စိတ်ဖြစ်လာမိတယ်၊ အဲဒါနဲ့ စပြီးကစားတော့ မခိုင်နိုင်တယ် အစ်ကို၊ နိုင်တော့ လောဘက တက်တက်လာပြီး ကြေးများများနဲ့ ကစားဖြစ်လာတယ်၊ နောက်ပိုင်းတော့ အနိုင်ကနဲပြီး အရှုုံးတွေပဲ ပိုများများလာတယ်”
“အဲဒါ လောင်းကစားတွေရဲ့ သဘာဝပဲလေ မခိုင်ရာ၊ အဲတော့ မခိုင် ဘယ်လောက်ရှုံး သွားလဲ”
“သိန်းသုံးဆယ် ရှုံးသွားတယ်အစ်ကို”
“မိုက်လိုက်တာ မခိုင်ရာ”
“အဲဒါနဲ့ စလော့ဂိမ်းကြောင့် ရှုုံးသွားတဲ့ ပိုက်ဆံတွေကို ပြန်ရချင်တာကြောင့် နှစ်လုံးတွေ ထိုးမိခဲ့တယ်”
“မိုက်မဲပြီးရင် မိုက်နေပါ့လား မခိုင်ရာ”
မခိုင်၏ မိုက်မဲမှုတွေကြောင့် မြင့်ဇော် စိတ်ထဲကဖြစ်ပေါ်လာသော ဒေါသတွေကို မနည်း မျိုသိပ်ထားရသည်။ ဒေါသတွေကို ထွက်ပေါက်ပေးလိုက်လျှင် မခိုင်ကို ကိုယ်ထိလက်ရောက် ပြုမှုမိတော့မည်။ မခိုင်လည်း သူ့မိုက်ပြစ်ကိုသူ သိ၍လား၊ မြင့်ဇော်ကို ကြောက်၍လား ၊ တအီအီ ငိုနေတော့သည်။
“နှစ်လုံးထိုးတော့ရော စလော့ဂိမ်းကြောင့် ရှုံးသွားတဲ့ ပိုက်ဆံတွေ ပြန်ရရော့လား မခိုင်”
အဖြေကို သိပေမယ့်လည်း မြင့်ဇော် ရွဲ့မေးလိုက်ခြင်းဖြစ်သည်။
“နှစ်ဆယ့်ခြောက်သိန်း ထပ်ရှုံးသွားတယ်”
“လောင်းကစားတွေရဲ့ ဇာတ်သိမ်းက ဒီလိုပဲ လာမှာ မခိုင်”
မခိုင်မျက်နှာကို မြင့်ဇော် သေချာစိုက်ကြည့်လိုက်သည်။မခိုင်က မြင့်ဇော်မျက်လုံးတွေနှင့် ရင်မဆိုင်ရဲ၍ မျက်နှာလွှဲထားသည်။
“မခိုင် ဘာလို လောင်းကစားလုပ်ရတာလဲ”
“မခိုင် ပိုက်ဆံလိုချင်လို့ပါ”
“ပိုက်ဆံလိုချင်ရင် ရိုးရိုးသားသား၊ သမ္မာအာဇီဝကျကျနဲ့ ရှာရမှာပေါ့၊ မတော်လောဘနဲ့ အလွယ်နည်းလမ်းက မရှာနဲ့လေ၊ အေး အလွယ်နည်းလမ်းက ရလာတဲ့ပိုက်ဆံကလည်း လွယ်လွယ်နဲ့ရတော့ တန်ဖိုးမထားတဲ့အတွက်ကြောင့် လွယ်လွယ်နဲ့ပဲ ပြန်ထွက်သွားမှာပဲ မခိုင်၊ ပြီးတော့ လောင်းကစားကြောင့် ကြီးပွားချမ်းသာတဲ့သူဆိုတာလည်း မရှိဘူး၊ ရှိလည်း ခဏပဲ၊ တစ်သက်လုံး ဘယ်သူမှ မချမ်းသာဘူး၊ လောင်းကစားကြောင့် ဘဝပျက်သွားတဲ့သူတွေပဲ ရှိတာ…”
“မိသားစုထဲမှာလည်း လောင်းကစားစွဲသူရှိလာရင် အဲဒီအိမ်ဟာ ဘယ်တော့မှ စီးပွားမဖြစ် တော့ဘူး။ လောင်းကစားစွဲသူ အိမ်ထဲမှာရှိနေရင် သူခိုးတစ်ယောက် အိမ်ထဲရောက်နေတာနဲ့ အတူတူပဲ၊ လောင်းကစားလုပ်ဖို့ ပိုက်ဆံများ ခိုးသွားမလား၊ ရွှေတွေများခိုးသွားမလား၊ ဆိုင်ကယ်ပဲ ခိုးသွားမလားနဲ့ ရင်တထိတ်ထိတ်နဲ့ တစ်မိသားစုလုံးက စောင့်ကြည့်နေရရှာတာ၊ သူ့ကို ဘယ္သူမှ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး အယုံအကြည် မရှိတော့ဘူး၊ လောင်းကစား ဆိုတဲ့ အရာကို ပေါ့ပေါ့လေးတွေးပြီး သွားမစလိုက်နဲ့ မခိုင်၊ လူညွန့်တုံးသွားလိမ့်မယ်၊ တကယ်တော့ လောင်းကစားလုပ်တဲ့သူတွေဟာ ဒုက္ခကို ငွေနဲ့ဝယ်သူတွေပဲ မခိုင်”
မြင့်ဇော် စကားတွေက မှန်နေ၍ မခိုင် ဘာမှ ပြန်မပြောသာ။
“အေး လောင်းကစားစွဲနေပေမယ့် အချိန်မီ အသိတရားရှိရှိနဲ့ ပြန်ပြင်မယ်ဆိုရင်တော့ လူမှန်နေရာမှန် ပြန်ရောက်နိုင်ပါတယ်၊ ဒီနေရာမှာ စာရေးဆရာချစ်ကိုကိုယုရဲ့ လောင်းကစားနဲ့ ပတ်သက်ပြီး မှတ်သားထိုက်တဲ့စကားလေးတစ်ခွန်း မခိုင်ကို ပြောပြချင်တယ်၊ “လောင်းကစားကို အနိုင်နဲ့ပိုင်းတဲ့သူဆိုတာ မရှိဘူး၊ ရှိလည်း ခဏပဲဖြစ်ချင်ဖြစ်မယ်၊ အရှုံးနဲ့စောစောစီးစီး အနိုင်ပိုင်းနိုင်တဲ့သူကသာ လူတော်ပဲ”တဲ့၊ မခိုင်နားလည်အောင် ထပ်ရှင်းပြရရင် ဆရာဆိုလိုချင်တာကတော့ လောင်းကစားရဲ့ အဆုံးသတ်ရလာဒ်က အရှုံးပဲ၊ ဒါ့ကြောင့် လောင်းကစားကို ရှုံးမဲမဲပြီး ဆက်မလုပ်တော့ဘဲ ရှုုံးတဲ့နေရာမှာသာ ရပ်တန့်ပြီးတော့ ဘဝကို တစ်ကနေပြန်စလိုက်ပါတဲ့”
မြင့်ဇော်ပြောပြနေသည့် ဆရာကြီး၏ စကားတွေကို သဘောကျနှစ်ခြိုက်၍ မခိုင် ခေါင်းညိတ်ပြလိုက်သည်။
“အခု မခိုင် လောင်းကစားလုပ်လို့ ပိုက်ဆံတွေ ဆုံးရှုံးသွားတာနဲ့ပတ်သက်ပြီး ကိုယ်သာ အသိဉာဏ်နဲပါးတဲ့သူ၊ ဒေါသကို မထိန်းသိမ်းနိုင်တဲ့သူဆိုရင် မခိုင်ကို ကိုယ်ထိလက်ရောက် ပြုမိလိမ့်မယ်၊ ခိုက်ရန်ဖြစ်ပွားပြီး လင်မယားကွဲတဲ့အထိ ဖြစ်သွားနိုင်တယ်မခိုင်၊ ကိုယ်ကတော့ ဆုံးရှုုံးသွားတဲ့ ပိုက်ဆံတွေထက် မခိုင်လောင်းကစားစိတ်ဝင်သွားတာကိုပဲ နှမြောမိတယ်၊ အခု မခိုင်ကို ကိုယ် ကတိတစ်ခုတောင်းမယ်၊ အဲဒီကတိကလည်း တစ်သက်လုံးတည်ရမှာနော်၊ အေး လွယ်လွယ်နဲ့တော့ မပေးနဲ့ ၊ တည်နိုင်မှပေးပါ မခိုင်”
“ဟုတ် ပြောပါ အစ်ကို”
“အွန်လိုင်းစလော့ဂိမ်းတွေအပါအဝင်ပေါ့ နှစ်လုံး၊ သုံးလုံးဆိုတဲ့ လောင်းကစားတွေကို ဘယ်တော့မှ မလုပ်တော့ပါဘူးဆိုတဲ့ ကတိပဲ မခိုင်၊ အဲဒီကတိတည်နိုင်မှ သမီးလေးရဲ့အနာဂတ် နဲ့ ကိုယ်တို့ရဲ့ အိမ်ထောင်ရေးဟာ သာယာချမ်းမြေ့လိမ့်မယ်၊ မခိုင် ပေးနိုင်မလား”
“မခိုင်ပေးနိုင်ပါတယ် အစ်ကို၊ အစ်ကိုမယုံရင် ညောင်ရေအိုးထဲက ရေသောက်ပြီး မခိုင် သစ္စာဆိုပါ့မယ်”
“မလိုပါဘူးမခိုင်၊ လူဆိုတာ ဘေးလူဆုံးမလို့ အသိတရားရတာထက် ကိုယ်ပိုင် အသိတရားက ပိုအရေးကြီးပါတယ်၊ မခိုင် ကိုယ်ပိုင်အသိတရားရှိလို့ ရဲရဲဝံံ့ဝံ့ ကတိပေးတယ်လို့ အစ်ကို ယုံကြည်တယ်”
လမ်းမှားရောက်တော့မည့် ဇနီးသည်ကို အသိတရားရှိအောင်၊ လမ်းမှန်ရောက်အောင် ဆုံးမပဲ့ပြင်ပေးပြီး ဇနီးသည်၏ မိုက်ပြစ်တွေကို ခွင့်လွှတ်ပေးနိုင်သော ခင်ပွန်းဖြစ်သူ မြင့်ဇော် ကို မခိုင် လေးစားကြည်ညိုစိတ်ဖြင့် စတီကုလားထိုင်ပေါ်မှဆင်းကာ ကြမ်းပြင်ပေါ်တွင် ပုဆစ်တုတ် ထိုင်၍ ဦးသုံးကြိမ်ချလိုက်သည်။ လူတွေကို ဒုက္ခမျိုးစုံပေးနေသော လောင်းကစားကို လည်း ရာသက်ပန်စွန့်လွှတ်တော့မည်ဟု မခိုင် ဆုံးဖြတ်ချက် ချလိုက်ပါတော့သည်။
ဝင်းမင်း(ဖန်ခါးမြေ)
၂၂-၆-၂၀၂၅