ဒုတိယမိသားစု

Posted on

ဒုတိယမိသားစု(စ/ဆုံး )

———————

“သား အမေကို ဆည်းဆာရိပ် ပို့ပေးပါလား? အမေ တရားလေးအားထုတ်ချင်မိတယ်။ အသက်လေးရလာပြီဆိုတော့ အမေဘုရားအလုပ် နိုင်ရာ၀န်လေးထမ်းချင်ပြီ သားရယ်။”

အမေ့စကားကြားလိုက်ရတော့ ကျွန်တော်အံ့သြသွားမိသည်။

“အမေ့စကားက ထူးဆန်းလိုက်တာ။ ဘာလဲ အမေအိမ်မှာနေရတာ
အဆင်မပြေဘူးလား? နော်မွှေးနဲ့များတစ်ခုခုဖြစ်သလားအမေ။
သားနဲ့ စုမွန်တို့ ရှိနေသားနဲ့အမေရယ်။ အဲ့လိုကြီးမလုပ်ပါနဲ့။”

“အမေဆုံးဖြတ်ပြီးပြီ သား။ အမေ နေရတာ ငြီးငွေ့နေပြီ။ အမေအချိန်တစ်ခုယူပြီးစဥ်းစားခဲ့တာပါ သားရယ်။ အမေ့ကို အေးအေးဆေးဆေး နေတာမြင်ချင်တယ်ဆိုရင် အမေ့ကိုခွင့်ပြုပေးပါ။ ”

ကျွန်တော်ဖြောင်းဖျနေပေမဲ့ အမေကအတင်းကြပ်တောင်းဆိုနေခဲ့
တာမို့ ကျွန်တော် ခွင့်ပြုပေးခဲ့ရတော့သည်။ နောက်ကွယ်မှာ ပြဿနာ တစ်ခုခုရှိနေသလားလို့ တီးခေါက်ကြည့်မိပေမဲ့ အခြေနေကမထူးခြားခဲ့။ အမေ့ကိုလဲ စိတ်ချမ်းသာစေချင်သည်။ အမေ့တွက်လိုအပ်တာလေးတွေ နော်မွှေးကို ပြင်ဆင်ခိုင်းပြီး ဆည်းဆာရိပ်ကို
ပို့ပေးလိုက်ရတော့သည်။

×××××××××××××××××××××××

အပိုင်း(၂)

ချမ်းအေးလွန်းတဲ့ဆောင်းက နုဝေကို အလွမ်းပိုစေသည်။ နုဝေ
ဆည်းဆာရိပ်ကို ရောက်ခဲ့တာ တစ်နှစ်တောင်ကျော်လာခဲ့ပြီပဲ။
အခုလိုအချိန်မှာ နုဝေ သားနဲ့သမီးကို သတိရမိသည်။ မြေးလေးတွေရဲ့ တီတီတာတာ ခေါ်သံလေးတွေလဲ လွမ်းသည်။ သံယောဇဥ်တွေ အကုန်ဖြတ်ထားပြီးပြီလို့ တွေးထားခဲ့ပေမဲ့ တကယ်တော့ အဲ့လောက်မလွယ်ကူခဲ့ပေ။ သားကြီး မိုးသူနဲ့ သမီးစုမွန်ကို မွေးပြီး
သားအကြီးကို အချစ်ပိုခဲ့ပေမဲ့ အိမ်ထောင်ကျသွားချိန်မှာတော့ ချွေးမလုပ်သူကိုအမြင်မကြည်လင်ဖြစ်ခဲ့ရသည်။ ချွေးမလုပ်သူကတိုင်းရင်းသူမို့ ပွင့်လင်းသည်။ စကားပြောပြေပြစ်မှုမရှိသည့်အတွက်သမီးစုမွန်နှင့် မကြာခဏပြဿနာတက်ကြသည်။ သားကြီးနဲ့ သမီးကအသက်ဆဟ်နှစ်ကျော်ကွာသည်မို့ ကလေးတစ်ယောက်လိုဆိုးနေတုန်းပင်။ချွေးမအိမ်ရောက်လာထဲက နုဝေ ပညာပြတော့သည်။

“အိမ်မှာက အငယ်ရှိနေတော့ အကိုတွေ မောင်တွေမခေါ်ရဘူးနော်။
ကိုကြီးမိုးလို့ အိမ်ကခေါ်သလိုပဲ ခေါ်ရမယ်။
အိမ်မှာက ဝိုင်းလုပ်ဝိုင်းစားပေါ့။ ဘယ်သု့အလုပ်ရယ်လို့တော့မခွဲထားဘူး အဆင်ပြေသလိုလုပ်ရမှာပဲ။ ”

နုဝေပြောသမျှ ချွေးမလုပ်သူက အကွန့်မတက်ခဲ့ပေ။ အိမ်မှုကိစ္စ
မှန်သမျှ ထောင့်စေ့အောင်ခိုင်းတော့သည်။ အိမ်မှာအဝတ်လာလျှော်တဲ့ ဒေါ်မုန်းကိုပါ မလာခိုင်းတော့။ ချွေးမကို ကျွန်တစ်ယောက်လို
မြင်နေမိတာက နုဝေရဲ့စိတ်။ အိမ်က လူလေးယောက်တာဝန်ရှိသမျှ
ချွေးမခေါင်းပေါိတင်ပေးခဲ့သည်။ သမီးတစ်လုံးခေါ်ပြီးလက်ညှိုးထိုးခိုင်းခဲ့သည်။ သမီးမွေးထားပေမဲ့ သမီးချင်းကိုယ်ချင်းစာစိတ်ထားပေးဖို့ နုဝေ မေ့နေခဲ့မိသည်။ ချွေးမလုပ်သူကလေးတွေ
ရလာတဲ့ထိ ဘာမှပြောင်းလဲခြင်းမရှိခဲ့။ သားလုပ်သူက အိမ်မှာအတူနေကြချိန် အိမ်သုံးစာရိတ်ကိုမျှဝေခံခိုင်းရသည်။ တစ်ခါတစ်ရံ မောင်နှမတွေ စိတ်အခနိ့မသင့်လို့ စကားများချိန်တိုင်း သားလုပ်သူကိုသာ အပြစ်တင်ပြောဆိုခဲ့မိသည်။ ကြာလာတော့ သားလုပ်သူစိတ်ထဲ အစိုင်ခဲ ဖြစ်လာခဲ့တော့သည်။ စကားတစ်ခွန်းကို လက်လွတ်စပယ်ပြောလိုက်မိရာက သားရဲ့စိတ်ထဲ အမှတ်မထင် စိုက်၀င်နေသည့် ဆူးတစ်ချောင်း ဖြစ်သွားးခဲ့ရသလို တစ်ဖက်ကသမီးလုပ်သူကလဲ မိဘတွေသူ့ဘက်ကအမြဲ ရပ်တည်ပေးနေခဲ့တာကြောင့် မီးလောင်ရာလေပင့်မိသလိုဖြစ်ပြီး အကြီးကို လေးစားရကောင်းမှန်းမသိ ဖြစ်လာကြတော့သည်။ မိဘတွေဆိုတာ သားသမီးတွေအပေါ် တန်းတူညီမျှချစ်ပေး ဂရုစိုက်ပေးရမှာ မှန်ပေမဲ့ နုဝေ မလုပ်ပေးနိုင်ခဲ့။ နုဝေ ဆုံးမ မတတ်ခဲ့တာကြောင့် သားနဲ့သမီးက စိတ်ဝမ်းတွေကွဲပြီး သူစိမ်းတွေလို ဖြစ်လာကြတော့သည်။ သမီးလုပ်သူကလဲ ဆယ်တန်းနှစ်မှာတင် အိမ်ထောင်ကျသွားခဲ့သည်။ သမက်ရလာသည့်တိုင် အိမ်ရဲ့တာဝန်က နော်မွှေးသာ ယူခဲ့ရသည်။ နုဝေ ကိုယ့်သမီးလေးကျ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ထားခဲ့တာကိုသမက်ရှေ့ ဂုဏ်ယူပြောခဲ့သည်။ သားနဲ့သမီးအဆင်မပြေကြလို့ ပြဿနာတက်လဲ နုဝေ သမီးဘက်က်ုသာ ရပ်တည်ပေးခဲ့သည်။ နုဝေ စိတ်အစွဲကချွတ်မရကြတော့။ သားပေးရင် သမီးရတယ် မတွေး ။ သမီးပေးတာကျ သားရသည်လို့တွက်နိုင်ကြသူများပါ။ မိသားစုပြဿနာတွေကြောင့် သားတွေအိမ်ခွဲသွားကြတော့သည်။ နုဝေ သိပ်ကိုအတ္တကြီးခဲ့မိသည်။ နုဝေ ကိုယ်တိုင်ကလက်ရှိလက်မဲ့ခွဲခြားခဲ့တဲ့ စကားကြောင့်သားကြီးစိတ်ထဲမှာ မသိမသာ သံမှိုစိုက်ပေးလိုက်မိတော့သည်။

××××××××××××××××××××××××

အပိုင်း(၃)

သမီးနဲ့မှ တိုးတိုးတိုင်ပင်ဖော်ရသည်လို့ နုဝေ တစ်ထစ်ချယုံကြည်ထားပြီးသား။ ကိုယ့်သွေးသားကြတော့ နုဝေအပြစ်မမြင်နိုင်။ သမီးပေးသလောက်လေးနဲ့ ကျေနပ်နေတတ်သလောက် သားဆီကကျတော့ နုဝေ ပိုပြီးလိုချင်မိသည်။ ပိုက်ဆံရှာနေတာ ငါ့သားဆိုသည့်မတွေး ဖျောက်မရ။ သားတွေအဆင်ပြေလာပြီဆို အပြစ်မြင်ချင်လာတော့သည်။ မိဘကို မသိတတ်တဲ့သားရယ်လို့ ပြောစရာရလာသည်။ တကယ်တော့ သားအဆင်မပြေတဲ့အချိန် နုဝေ လက်ထဲရှိနေတာတွေကျ နုဝေ ဘာမှအထောက်ပံ့မပေးခဲ့။
သမီးဆိုတာ မကောင်းတဲ့မိန်းမဖြစ်နေရင်တောင် မိဘဆီဟင်းတစ်ခွက် ရောက်တယ်ဆိုတဲ့အတွေးက ရောက်နေပြီးသား။ ဒါကြောင့်သမီးကိုကျ ဘာလေးပဲဖြစ်ဖြစ်အတူတိုင်ပင်ပြီး ပေးစရာရှိလဲ သမီးကိုသာပေးထဲ့သည်။ သေသည်အထိသမီးအားကိုးပြီး နေဖို့ဆုံးဖြတ်ထားခဲ့သည်။ သို့ပေမဲ့ ကံတရားက ချွေးမလုပ်သူနဲ့ အတူပြန်နေရဖို့ဖြစ်လာတော့သည်။ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်း နုဝေ
သမီးနဲ့အတူနေထိုင်ရင်း စီးပွားရေး အခြေချဖို့ အိမ်ကိုရောင်းလိုက်
သည်။ သားကလဲ ကြည်ဖြူစွာ လက်မှတ်ထိုးပေးခဲ့ပေမဲ့ သားအတွက်ဘာမှလုပ်မပေးဖြစ်ခဲ့။ ငွေရှရင် အရာရာပြည့်စုံနေတဲ့ နုဝေ
စားလိုက်သောက်လိုက် သုံးလိုက်ဖြုန်းလိုက်နဲ့ လက်ထဲကငွေက
ဆယ်နှစ်မကြာလိုက်ပါပဲ ကုန်သွားခဲ့တော့သည်။ ကိုယ်သုံးဖို့လေးသာချန်ထားခဲ့ပြီး သမီးလုပ်သူကို အားလုံးပုံအပ်ခဲ့မိသည်။ သမီးနဲ့သမက်အပါ် အားကိုးပြီးအတူနေခဲ့တာ သမီးနဲ့မြေးတွေရဲ့ခိုင်းဖက်ဘ၀ရောက်မှန်းမသိရောက်ခဲ့ရတော့သည်။ ဒါပေနဲ့လဲ နုဝေ မငြီးငြူ
ခဲ့။ သမီးအတွက် ၊သမက်အတွက်၊ မြေးအတွက်လုပ်ပေးနေရရင်
ပင်ပမ်းရကောင်းမှန်းမသိခဲ့တော့။ ကိုယ့်ဝမ်းကမွေးထာတဲ့သမီးကိုတော့ ပင်ပမ်းမှာကြောက်နေသလောက် ချွေးမနဲ့အတူရှိခဲ့စဥ် ဂရုတစ်စိုက်လုပ်ပေးခဲ့သမျှ မြင်ယောင်မိပေမဲ့ ကျေးဇူးတင်ရကောင်းမှန်း ခုထိမသိနိုင်သေးတဲ့ နုဝေပါ။

“အမေလာလေ။ အမေ့တွက်အခန်းပြင်ထားပေးတယ်။ အမေ ခဏနားလိုက်အုန်း။ သမီး အ မေ့မြေးတွက် ထမင်းချိုင့်ပြင်ပေးလိုက်အုန်းမယ်။ ”

နုဝေ အသာခေါင်းညိမ့်ပြပြီး အိပ်ယာထဲလှဲလိုက်သည်။ သမီးကို သံယောဇဥ်ပိုပြီး ချစ်ပေမဲ့သူတို့အိမ်မှာ ဆက်နေဖို့မဖြစ်နိုင်တော့။ အိမ်မှာ လူပိုကြီးတစ်ယောက်လို ဆက်ဆံထံနေရပြီမို့ နုဝေရှိမနေသင့်တော့။ ဒီကိုရောက်ပြီး နုဝေ အကုန်လိုက်လေ့လာဖြစ်သည်။ ချွေးမ
က သူအိုးသူ့အိမ်နဲ့ဖြစ်သွားတော့ သိပ်ကိုစေ့စပ်သညိ။ အိမ်မှုကိစ္စ
နိုင်နင်းရုံတင်မက သားသမီးထိန်းကွပ်မှုကောင်းလှသည်။ မြေးတွေကို အဝေးကသာဖုန်းတဲ့စကားပြောခဲ့ပေမဲ့ အနီးကပ်နေခွင့် ရတော့မှသာ ပိုပြီးသိလာခဲ့တာ မြေးတွေအားလုံးစည်းစနစ်ကောင်းစွာနဲ့ ရှင်သန်နေကြတာ ကြည့်ပြီး နုဝေ စိတ်ထဲကချီးကျုးမိသည်။ အေးချမ်းတဲ့မိသားစုအရိပ်ကို ခိုဝင်ခွင့်ရခဲ့တာပါပဲ။ နုဝေ တစ်သက်လုံးအမြင်မကြည်ခဲ့တဲ့ ချွေးမက နုဝေကို ကောင်းကောင်းပညာတွေ
ပြခဲ့လေသည်။

××××××××××××××××××××××

အပိုင်း(၄)

“အကို သားကြီးက ငွေဆဟ်သိန်းလောက်လိုချင်လို့တဲ့ အဲ့ဒါ
အနော် စီစဥ်ပေးလိုက်မယ်နော်။ ဒီနေ့ ဘဏ်သွားလိုက်မယ်။”

“ဆယ်သိန်းလောက်ဆို အကို့ဆီမှာရှိသေးတယ်လေ။ သွားမနေတော့နဲ့။ မင်းသမီးကောသိရဲ့လား? ဒီကောင်ဘာအတွက်သုံးမှာလဲ ဆိုတာ
အသိပေးမှရမယ်။ ”

“လှမ်းပြောပြီးသွားပါပြီး အိငယ်က သူသိတယ်တဲ့ အလုပ်တိုးချဲ့ဖို့
ပြောတယ်။ သမီးကိုတော့ အသိပေးထားပြီးသားပါ။ နောက်တစ်ခုက ညက အိငယ်ပြန်လာတော့ တိုင်နေတယ်နော်။ အကို့သား ဘီယာတွေ သောက်လာလို့တဲ့။ အဲ့ဒါ ညကျရင်ခေါ်ပြီးပြောလိုက်အုန်း ကလေးမလေးက ကိုယ့်အိမ်လာနေနေရတာ။ တိုင်တာကို မိဘတွေကမဆုံးမရင် သူ့ခမျာအားငဟ်နေရှာလိမ့်မယ်။ အကို့သားကို သေချာပြောထားအုန်း။”

“အေးပါကွာ။ ”

သားနဲ့သမီး၊ သမီးသမက် ဘယ်သူ့ကိုမှ မျက်နှာမလိုက်။ လိုအပ်တာမှန်သမျှ မိဘကပံ့ပိုးပေးသည်။ ချွေးမနဲ့သမီးကို တန်းတူဆက်ဆံသည်။ သမီးမှားရင် မျက်နှာမလိုက်သလို ချွေးမနဲ့စကားပြောရအဆင်မပြေရင် သားကိုပါအတူခေါ်ပြီး ဆုံးမတတ်ကြသည်။ သားသမီးကကန်တော့သည့်အခါဖြစ်စေ၊ သုံးဖို့ပေးသည့်အခါဖြစ်စေ သမက်နှင့်ချွေးမလုပ်သူကို တကူးတကအသိပေးတတ်ကြသည်။ သူတို့ရဲ့မူကတစ်မျိုး။ အစက နုဝေထင်ခဲ့မိတာ ကိုယ့်မွေးထားတဲ့ သားသမီးတွေက ထောက်ပံ့တာ သမက်နဲ့ချွေးမကို
အသိပေးစရာမလိုဘူးလို့ နုဝေ ထင်ခဲ့သည်။ ချွေးမပြောတဲ့စကားကြားတော့ နုဝေ ရင်ထဲခံစားချက်တွေ ပိုတိုးလာမိသည်။

“အမေရယ် သမီးလဲတစ်ချိန်က ချွေးမဖြစ်ခဲ့တာမို့ သမီး သူတို့လေးတွေကို ကိုယ်ချင်းစာတယ်အမေ။ အိမ်တစ်အိမ်မှာ ချွေးမတစ်ယောက်ရောက်လာပြီဆို အနှိမ်ခံတစ်ယောက်လို ဆက်ဆံတတ်ကြတာ သမီးတို့မြန်မာလူမျိုးတွေသဘာဝလေ။ သမီးကတော့ ရှင်းတယ် ကိုယ့်သမီးလေးကို ချစ်သလို သူတို့ကိုလဲ သမီးလေးလိုချစ်ပေးတယ်။ ကိုယ့်သမီးလေးရတဲ့အခွင့်ရေး သူတို့အကုန်ရစေရမယ်။ ကိုယ့်သားလေးကို ချစ်ခင်စုံမက်လို့ အရာအားလုံးက်ုစွန့်လွှတ်ပြီး ကိုယ်တွေရဲ့ဘ၀ထဲကို ၀င်လာခဲ့တာလေ။ သမီးကဦးချိုးထားခဲ့ရင် ကျန်တဲ့ကလေးတွေပါ ရောင့်တက်ကြမယ်။ သားသမီးဆိုတာ မိဘရဲ့စီမံမှုကို လိုက်နာကြရတာလေ။ သူတို့လိုချင်တဲ့ ပန်းတိုင်ရောက်နိုင်ဖို့ မှန်ကန်တဲ့လမ်းကို ချပေးတတ်ဖို့မိဘမှာတာဝန်အပြည့်ရှိတယ်။ လူဆိုတာ ကိုယ့်ဆန္ဒအတိုင်းကြီးတော့ ဘယ်အရာမှမဖြစ်နိုင်ဘူးလေ။ ကိုယ်ကြိုက်တဲ့အရာ သူတို့ကြိုက်ချင်မှ ကြိုက်ကြလိမ့်မယ်။ သူတို့ကြိုက်တဲ့ထဲကမှ ကိုယ်လိုချင်တာက်ု ပြုပြင်ယူကြရတာ။ ကိုယ်ကတူညီတဲ့မေတ္တာကို ပေးတဲ့အတွက်သူတို့ကလဲ ကိုယ့်ကိုမလွန်ဆန်ဘူးလေ။ ”

“ဘက်လိုက်မှုမထားတဲ့အတွက် ကိုယ်လဲလိပ်ပြာလုံတယ်။ ကိုယ်က မှန်ကန်အောင်လုပ်ပေးထဲ့တာမို့ သူတို့လေးတွေက အမေမြင်တဲ့အတိုင်း သမီးသဘောကို ဘယ်သူကမှ မလွန်ဆန်ကြတော့ဘူး။ အားလုံးက သမီးဘာလုပ်လုပ်ကြည်ဖြူကြတော့တာ။ ကိုယ့်ဘက်က ရင်နီးပေးဆပ်မှုတွေတော့ ရှိတာပေါ့အမေ။ ကိုယ့်ကသာ ကွယ်ရာမှာ မမှန်မကန်လုပ်ထားကြည့် သူတို့ဘယ်လေးစားတော့မလဲ? မတတ်သာလို့ ငြိမ်ခံနေရပေမဲ့ ကွယ်ရာကျတော့ ကိုယ့်သားသမီးတွေကို နင်တို့မိဘတွေက ငါတို့ကိုကျတော့ ဘယ်တုန်းက ဘယ်လိုလုပ်ထားတာဆိုပြီး လက်ညှိုးထိုးစရာ ရသွားမှာ။ မေတ္တာပေးပြီး မေတ္တာပြန်ယူရတယ်ဆိုတာ လွယ်တော့မလွယ်ဘူးပေါ့။ သမီး ရင်ထဲကဖြစ်ချင်ခဲ့တာတွေ မြိုသိပ်ခဲ့ရတာတွေလဲ အများကြီး။ ဒါပေမဲ့ သူတို့လေးတွေရဲ့ ဆန္ဒက ပိုပြီးအရေးကြီးပါတယ် အမေ။ သမီးတို့သူတို့ကို လူ့လောကကြီးထဲ ခေါ်လာခဲ့ပြီးပြီလေ။ အတတ်နိုင်ဆုံး ကောင်းတဲ့အမွေလေးတွေပဲ လက်ဆင့်ကမ်းပေးချင်မိတယ်။ မိသားစုနှစ်ခုကို တစ်ခုဖြစ်အောင်လုပ်ရတာ လွယ်တော့ မလွယ်ဘူးပေါ့။ ချွေးမကို နေရာမပေးပဲ ဘေးဖယ်ထားရင် သူ့ရင်ထဲဘယ်လောက်ခံစားရမလဲ? ဆင်ခြင်တတ်တဲ့သူဆိုရင်တော့ တစ်မျိုးပေါ့။ တစ်ဇွတ်ထိုးလုပ်တတ်တဲ့ သူမျိုးနဲ့တွေ့လို့ကတော့ ကိုယ့်သားလေးပါ တစ်သက်လုံး
နင့်အမေကအဲ့လိုလုပ်ခဲ့တာပေါ့ဆိုပြီး တစ်သက်လုံးလက်ညှိုးအထိုးခံရမှာ။”

ချွေးမလုပ်သူ နော်မွှေး ပြောသမျှစကားတွေက သူနဲ့ နုဝေတို့ဖြစ်နေတဲ့ စိတ်ထားကို ပြောနေသလိုခံစားရသည်။ နုဝေ သူ့အပေါ်အကောင်းမမြင်ခဲ့သမျှ သူက အဆိုးတွေပြုပြင်ယူပြီး လမ်းသစ်ကို ရအောင်ဖောက်ထွက်သွားခဲ့သည်။ နုဝေ ကိုသူမ မကျေနပ်တာတွေများရှိနေသလား နုဝေ မမေးရက်သလို သူမနှုတ်ဖျားက ခွင့်လွှတ်တဲ့စိတ်နဲ့ ပြန်ဆက်ဆံမှာကို နုဝေ ရှက်မိသည်။ သူမက မကျေနပ်ရင်
တဲ့တိုးပြောတတ်ပြီး စိတ်ထဲမထားတတ်သူဆိုတာ နုဝေ အသိဆုံး။

×××××××××××××××××××××××

(ဇာတ်သိမ်း)

ချွေးမက နုဝေကို မကျေနပ်ဘူးလို့ တစ်လုံးမှမပြောပဲ မြိုသိပ်ထားခဲ့တဲ့သူ။ အခုချိန်ပြန်စဥ်းစားမိတိုင်း နုဝေ စိတ်ထဲမကောင်းဖြစ်ခဲ့ရသည်။ နုဝေ တို့အမေတွေဆိုတာ သားသမီးတွေအပေါ် သွန်သင်ဆုံးမဖို့ အဓိကအနီးကပ်ဆုံး။ လက်တွေ့ နုဝေ ရင်ဆိုင်လိုက်ရတာက
မောင်နှမတွေကြားမှာ ညီမျှတဲ့မေတ္တာ မပေးခဲ့ပဲ မျက်နှာလိုက် ချစ်
ပေးခဲ့မှုတွေက အခုတော့ မောင်နှမချင်းတွေ့လို့တောင် နှုတ်မဆက်နိုင်တဲ့ဘ၀တွေ ရောက်ကုန်ုကြတော့သည်။ နုဝေ သာမရှိခဲ့ရင် သူတို့ မောင်နှမတွေ အဆက်သွယ်တောင် ရှိကြတော့မည်မထင်။

နုဝေ ၀မ်းနည်းမဆုံးဖြစ်ရသည်။ ရှိတဲ့အမွေတုန်းက ချွေးမကို မကြည်လို့ လိုလို၊ သားကငွေရှာနိုင်လို့ မပေးသလိုလုပ်ခဲ့ပေမဲ့ ချွေးမ
လုပ်သူက မရကောင်းလားဆိုပြီး တစ်ခွန်းတစ်ပါဒမှ စကားမဆိုခဲ့။
သမီးလုပ်သူကလဲ သူ့ရပိုင်ခွင့်အပြင် ပိုပြီးရခဲ့လို့လဲ အကိုလုပ်သူကို
ကျေးဇူးတင်ရကောင်းမှန်းနားမလည်။ အခုလို အဆင်မပြေဖြစ်လာချိန်ကြမှ အကို့ဆီကငွေချေးပေးဖို့ နုဝေ ကိုလှမ်းပြောနေတာမို့
နုဝေ ဘယ်လိုငြင်းရပါ့မလဲ? သားနဲ့ချွေးမလုပ်သူက နုဝေ သုံးဖို့
ပေးခဲ့သမျှကိုလဲ သားမသိအောင်ခုထိပေးမိနေတုန်း။

ဒီသံသရာက နုဝေ လုပ်ခဲ့တဲ့အကြွေးမို့ နုဝေ ကိုယ်တိုင်ဖြတ်တောက်မှ ရပေတော့မည်။ မိဘ ဖြစ်ပြီးသားသမီးတွေကို လုပ်ခဲ့မိတဲ့ ကံကြွေးက ဒီဘ၀ ဒီမျှသာ ကြေချင်မိသည်။သားအပေါ် မတရားလုပ်ခဲ့မိတာကို သားကအပြစ်မဆို စကားမစခဲ့ပေမဲ့ နုဝေ ကတော့
ချွေးမလုပ်သူ ကိုယ့်ကိုအမေလို့ ခေါ်ပြီး ပြုစုစောင့်ရှောက်ပေးလေတိုင်း နောင်တရမဆုံးဖြစ်မိခဲ့သည်။ သူမရဲ့ ဒုတိယမိသားစု
လေးကို မိမိအတ္တတွေနဲ့ အရောင်ခြယ်ပေးခဲ့မိသည်။ သားအကေါ်တာ၀န်မကျေတဲ့ မိခင်တစ်ယောက်အဖြစ် အသက်ရှင်နေရတာ
မွန်းကြပ်လွန်းလို့ နုဝေ လွတ်မြောက်ရာလမ်းကို ထွက်လျှောက်ခဲ့ပါပြီ။ သားရဲ့အရိပ်ကို ခိုရတာလဲ ရင်ထဲခံစားရခက်လွန်းလှပါသည်။
နုဝေ နော်မွှေးအပေါ်လုပ်ခဲ့တာတွေက ဒီတစ်ခုတင်မဟုတ်ပဲ သားရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ လင်မယားချင်း စကားများအောင် ဟန်ဆောင်ပြီးရန်တိုက်ပေးခဲ့တာတွေ မိမိအိမ်ခိုလှုံခဲ့စဥ် မိသားစုစရိတ်တွေကို ကြွေးပူသလိုတောင်းခဲ့မိတာတွေထိ ရှိနေခဲ့သည်။ သားလုပ်သူက ဒါတွေလဲ သိဟန်မတူ။ ချွေးမက မပြောတာလား? သားက မသိဟန်ဆောင်နေတာလားတော့ နုဝေမပြောတတ်တော့ပါဘူး။ အခုတော့ နုဝေ အေးချမ်းမှုရနေပါပြီလေ။နုဝေ ဆည်းဆာရိပ်ကို ခိုလှုံခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ သား၊ချွေးမနဲ့ မြေးလေးတွေ လာကန်တော့ပြီး ပြန်သွားကြတော့ စိတ်ကတင်းထားပေမဲ့ မျက်ရည်တော့ ကျမိနေသေးသည်။ နော်မွှေး ကတော့ သူမရဲ့ဒုတိယမိသားစုလေးကို အလှဆုံးဖန်တီးနိုင်တဲ့ အိမ်ရှင်မလေးအဖြစ် ဂုဏ်ယူအပြုံးများနှင့်။
ချွေးမလေးများအတွက် လှပသော ဒုတိယမိသားစုလေးများဖန်တီး
ပေးနိုင်ကြပါစေလို့သာ နုဝေ ဆုတောင်းပေးနေမိတော့သည်။

ကြယ်စင်(လားရှိုး)