ဒုတိယအိမ်ထောင်ဦးစီးအဖေ

Posted on

ဒုတိယအိမ်ထောင်ဦးစီးအဖေ(စ/ဆုံး)
————————————–

အဖေ့ကိုဘယ်လိုပြောပြရင်ကောင်းမလဲ ညီမရေ

အေးလေ စိတ်ညစ်လိုက်တာ
မမရယ် ဘယ်လိုဖုံးထားလည်း ဓာတ်ကင်တဲ့အခါကျရင်သိမှာပဲ မမ
သနားပါတယ်

စမ်းချောင်းထဲက အထူးကုဆေးရုံကြီး၏ ည ၈နာရီ ဆေးရောင်းကောင်တာရှေ့မှာ ညီအမနှစ်ယောက်
တီးတိုးညီးညူပြောနေကြတာပါ

ဖခင်ဖြစ်သူ အရပ်ရှည်ရှည် အသားလတ်လတ် အသက်၇၀ဝန်းကျင်
အငြိမ်းစားမီးရထားအရာရှိကြီး ဦးသိန်းဝင်းမှာ ဓာတ်လှေခါးများရှေ့ မိတ်ဆွေတယောက်နှင့်စကားပြောနေတာမြင်ရသည်

လာပြီညီမလေး ဖေဖေလာနေပြီ

သမီးတို့ပြီးပြီလား

ဟုတ်ပြီးပြီဖေဖေ ပြန်ကြမယ်

မမရေ လမ်း၂၀မှာ ဖေဖေ့အတွက် ဘဲသားဆန်ပြုပ်ဝင်ဝယ်ရအောင်

အေးအေး

ပိတောက်ခြောက်ရောင်ပတ်ဘလစ်ကာကားလေးရှေ့ခန်းတွင်ဦးသိန်းဝင်း ဝင်ထိုင်ပြီး သမီးအကြီးမှကားမောင်းလာခဲ့သည်

ဖခင်ထံမှဘာစကားမှမကြား၍
ကားမောင်းရင်းသမီးကြီးမှစကား စလိုက်ရသည်

ဖေဖေ ကော်ရည်သောက်ပါလား

အေး ကောင်းသားပဲ
ဆရာဝန်က ထပ်မချိန်းတော့ဘူးနော်သမီး

ဟုတ်တယ် အဟာရပြည့်တဲ့အစားတွေစားပြီးအနားယူဘို့ပြောတယ်

ဖေဖေသဘောပေါက်ပါတယ်သမီး
သမီးတို့စိတ်မကောင်းမဖြစ်ကြနဲ့
အားလုံးဘယ်သူမဆိုတနေ့သွားရမယ့်လမ်းပဲလေ
ဖေဖေ့နောက်ပါမယ့်ကောင်းမှုမှန်သမျှ
ဖေဖေပြုခဲ့သလို နေ့တိုင်းလည်းပြုနေဆဲဆိုတာသမီးတို့သိတာပဲ
သမီးအမေကိုသာ စိုးရိမ်တာ

ဟုတ်ပါတယ်ဖေဖေ

လမ်း ၂၀ မှာစားစရာဝင်ဝယ်အပြီး
တိုက်ခန်းပြန်ရောက် ညစာစားကြသည်

မေမေ ကိုကိုကြီးလာသေးလား

မလာဘူးသမီး နယ်ကယောက်ခမတွေ
ခယ်မတွေရောက်လို့ ဘုရားသွားကြတယ်တဲ့

အငြိမ်းစားအရာရှိကြီးဦးသိန်းဝင်းနှင့်
ဗိုလ်ချုပ်စျေးရှိပိုးထည်ဆိုင်ပိုင်ရှင်
ဒေါ်မမလေးတို့၏သားသမီး ၃ယောက်
ထဲမှ အကြီးဆုံးသား ထွန်းမင်းလတ်သည် တာမွေဘက်တွင် စားသောက်ဆိုင်နှင့်ဟိုတယ်ဖွင့်ထားသည် သားသမီး ၂ယောက်နှင့်မိန်းမ အလုပ်သမားများကိစ္စတို့ဖြင့်
အမြဲအလုပ်ရှုပ်နေသူဖြစ်သည်

သမီးရေ ဖေဖေကြီး ကော်ရည်တပွဲကုန်တယ်ဟ တယ်ဟုတ်ပါလား

မင်းကလည်းငါ့ကိုအစားကြီးတယ်ပြောတာပေါ့ဟုတ်လား မမလေးဟု ရယ်မောစွာပြော၏

သမီးနှစ်ယောက်ကလည်းဖခင်ကိုကြည့်
ပြီး

ညတိုင်းဝယ်ပေးမယ် ဖေဖေကြိုက်ရင်

ကြိုက်တယ်မဟုတ်ပါဘူးသမီး
ကဲ ဒရင်းဘက်ပေါ်အသာမှေးအုန်းမယ်နော်

ဟုတ်ကဲ့

အကြီးမဖြစ်သူ ထက်ထက်မှ နောက်ဘက်နားသွား၍အကိုဖြစ်သူအားဖုန်းဆက်၏ အမေနှင့်ညီမကပါ ဖုန်းဆက်သည့်အနားရပ်နေသည်

ဟလို ကိုကိုကြီး
အိမ်ပြန်ရောက်ပြီလား

အေးအေး

မနက်ဖန်အိမ်လာခဲ့အုန်း ဖေဖေ့အကြောင်းပြောမလို့
နင့်မိန်းမခေါ်မလာနဲ့

အေးအေး လာခဲ့မယ်

မမ ဖေဖေကိုကြည့်ရတာမောနေသလိုပဲနော်

ဖေဖေက ကားပေါ်မှာပြောတာ သူ တရားရှိပါတယ်တဲ့ အစစပြင်ဆင်ပြီးသားတဲ့ မေမေ့ကိုသာစိတ်ပူတာတဲ့

ဟင် ဖေဖေကသူ့ရောဂါအခြေအနေသိတယ်ဟုတ်လား

ဟုတ်တယ် ဘယ်လိုသိလဲတော့ မမလဲမသိဘူး

ဒေါ်မမလေးမှသမီးငယ် သဇင်ကိုအသာဖက်၍တိတ်တိတ်ငိုချသည်

နောက်တနေ့မနက်

ထက်ထက်ရေ

လာပြီ လာပြီ

ဖေဖေအိပ်နေတယ်
ထိုင်

မေမေရော

အခန်းထဲမှာ

မနေ့က ဆေးခန်းပြမယ်ကြိုပြောတယ်
ငါလိုက်လာမယ်လို့ တခွန်းမပြောဘူး
ဖုန်းတောင်မဆက်ဘူး
ကိုကိုကြီး ဖေဖေ့အပေါ် တာဝန်မဲ့လွန်းတယ်

ဟဲ့ အဲ့လိုလည်းမဟုတ်ပါဘူးဟာ
ငါ့မိသားစု ငါ့အလုပ်တွေနဲ့ ငါမအားတာနင်တို့သိသားပဲဟာ
ခုဖေဖေဘယ်လိုနေလို့လဲ

အိမ်မှာပဲအနားယူခိုင်းလိုက်ပြီ
၂လ ၃လပဲနေရဘို့ကျန်တယ်
စိတ်လည်းလျှော့ချလိုက်ပုံရတယ်
မကောင်းဘူး

အကိုဖြစ်သူအခန်းထဲ ထ သွား၏

အမေမှ

လာ သား ဖေဖေကြီးမအိပ်ပါဘူး
ဖေကြီးရေ သားလာတယ်

အဖေဘာစားချင်လဲ သားပြန်ပြီးရင်
ပို့ခိုင်းလိုက်မယ်

ရတယ် သမီးတို့လုပ်ပေးတာစားတယ်သား
မပို့ပါနဲ့ မင်းအမေနဲ့ဧည့်ခန်းထဲစကားပြောအုန်းလေ

ဟုတ်ကဲ့ဖေဖေ

နင့်ကိုငါ စိတ်ဆိုးတယ်သားရယ်
နင့်ပါးစပ်ကနော် မအားလို့ပါလို့
ငါ့ကိုတခွန်းမှမပြောမိစေနဲ့

မေမေဘာလို့အဲ့လောက်အော်ရတာလဲ

ဟဲ့ နင့်ရဲ့မိဘအပေါ်မသိတတ်မှုတွေကိုမေမေကဒေါသဖြစ်နေတာ
မင်း ဖေဖေဆေးခန်းပြနေတာ ၃လ ကျော် မင်းဘယ်နှခေါက်လိုက်သလဲ

သားဘက်ကမိသားစုအသိုင်းအဝိုင်း
အလုပ်သမား ဒါတွေကိုမေမေတို့သိရဲ့သားနဲ့ သားကိုနားလည်မပေးနိုင်ဘူးနော်
ရက်စက်တယ်မေမေ

သြော် ဟုတ်ကဲ့မင်းကိုနားလည်းပေးလိုက်ပါပြီကွာ
မင်းအဖေသေမှပဲဖုန်းဆက်မယ်နော်
ဒီကြားထဲ မလာနဲ့တော့ မင်းမိသားစုကိစ္စတွေများတယ်

မိန်းမနှင့်သားသမီးနှစ်ယောက်ကွန်ထရိုးအောက်မှာ သံပတ်ပေးစက်ရုပ်လို
လုပ်ကိုင်နေထိုင်ရသော ကိုထွန်းမင်းလတ်
ထ ပြန်သွားသည်

ထိုအခါမှ ညီအမနှစ်ယောက်ဖခင်အခန်းထဲမှ ထွက်လာပြီး

ကောင်းတယ် မေမေခုထက်ပိုပြောဘို့တောင်ကောင်းသေးတယ်
အလကားသား မိန်းမခိုင်းတာကလွဲရင်
ကျန်တာဘာမှသူ့စိတ်ထဲမရှိဘူးလေ

ကိုထွန်းမင်းလတ်တယောက် ၃ထပ်တိုက်ဟိုတယ်လေးခေါင်းရင်းကားရပ်၍
သူတို့နေသော ၂ထပ်တိုက်ထဲအဝင်

ဟဲ့ နင်ဘာကိစ္စနဲ့ဖုန်းကိုအိမ်မှာထားခဲ့တာလဲဟေ
ဒီမှာငါတယောက်ထဲ ဘာလုပ်ရမှန်းကိုမသိဘူး
ခဏဆိုသွားလိုက်တာ ပြန်ကိုမလာဘူး

ငါတမင်ထားခဲ့တာ ငါ့အဖေမကောင်းလို့သွားတာသိလား
နင်လှမ်းဆက်မှစိုးလို့ဟေ့

သြော် အေးပါ
ဘာဖြစ်နေလဲနင်သိလား အလုပ်ရှိလို့နင့်ကိုဆက်မှာလေ နင်ကဖုန်းဆက်မှာစိုးလို့ဆိုတော့ ငါကဘယ်လင်ကိုဆက်ရမလဲ
ဟိုတယ်အဝတ်လျှော်စက်က ၂ယောက်စလုံးမလာဘူး
အဲ့ပြသနာကို နင်ခုသွားရှင်း
အလုပ်ထွက်တာလားမေး

ထိုစဥ် ပထမနှစ်တက္ကသိုလ်ကျောင်းသား သားအကြီးမှ

မားရေ ပါးပါးရဲ့အဖေဘာဖြစ်လို့လဲ

အဆုတ်ကင်ဆာလေ ကြာပါပြီ သားရယ်

နေ့ခင်းကျရင်သား Jym သွားရမယ်

အမေမပို့အားဘူး
နင့်အဖေပို့ခိုင်း

ကိုကိုရေ ညကျရင် ပန်းဆိုးတန်းဆိပ်ကမ်းက ဘဲလေးမှာ ငါတို့ဘိုကင်ယူထားတယ် အပေါ်ထပ်ရေးဗားဗျူး ဝိုင်းကိုယူထားတာ

ဘယ်သူတွေနဲ့လဲ

ငါရယ်မာမားရယ် မာမားသူငယ်ချင်း
အန်တီရွှေမှုံတို့မိသားစုရယ်

မိုက်တယ် ဟေ့ သွားကြပေါ့

၂ပတ်ခန့်အကြာ
ညီမလေး တံခါးဖွင့်ပါအုန်း
ထက်ထက်ရော

ဖေဖေ့အတွက် ယတြာသွားချေတယ်

မေမေ

လာသားကြီး မင်းအဖေစကားမပြောတော့တာ ၂ရက်ရှိပြီ

ဟုတ်လားမေမေ

လက်ဆောင်တွေများလိုက်တာ
ဖေဖေ့တပည့်တွေလာတာထင်တယ်

ဟုတ်တယ်သား
အမေရိကန်က ကိုအယ်ဒီလည်းမြန်မာပြည်ရောက်နေလို့သူဝယ်လာတာတွေရောပဲ
မင်းဖေဖေဘာမှမစားနိုင်တော့ဘူးလေ

ကျနော်ကြက်စွတ်ပြပ်လေးယူလာတယ်

အေးအေးထားခဲ့ပါ

၃ရက်မြောက်နေ့တွင်
အငြိမ်းစားအရာရှိကြီး ဦးသိန်းဝင်းဆုံးသည်
အမြဲအလုပ်ရှုတ်​နေသူ သားကြီးထံ
ညဘက်ဖြစ်နေ၍မဆက်ပဲ မနက်မှ
ဆက်သည်

ဟုတ်လားညီမ ဖေဖေဆုံးပြီ
ငါတောင်ငူဘက်ရောက်နေတာ စားသောက်ဆိုင်ကအလုပ်သမား လိုလို့လာခေါ်တာ
မနက်ဖန်ပြန်ရောက်မယ်
ရတယ်ကိုကိုကြီး
မနက်ဖန် ၁၁နာရီသင်္ဂြိုလ်မယ်

အေးအေး မီတယ်ညီမရေ

နောက်တနေ့ မနက် ၁၁နာရီတွင် ဦးသိန်းဝင်း၏စျာပနအခန်းအနားစည်ကားစွာပြီး၍ ကျန်ရစ်သူ မိသားစုပြန်ခါနီး
ဧည့်သည်များကိုနှုတ်ဆက်နေစဥ်
ကိုထွန်းမင်းလတ်တို့လင်မယားရောက်လာ၏

သူ့ကိုအိမ်ဝင်ခေါ်နေတာနဲ့ မမီဖြစ်သွားတယ်အမေဟု ပြောရင်းသူ၏အမေဒေါ်မမလေး၏ခြေဖမိုးအစုံကို
နဖူးဖြင့်ဦးချကန်တော့ကာ ဝမ်းနည်းခြင်းကြီးစွာ ငိုရင်း
ကန်တော့နေသူ တောင်းပန်နေသူကား
သားကြီးထွန်းမင်းလတ်
ရပ်ကြည့်နေသူများထဲမှာညီမနှစ်ယေက်နှင့် သူ၏ဇနီးတို့ပါကြသည်

မေမေမော​နေတယ်ကိုကိုကြီးဟုဆိုကာ
ကားလေးဆီသို့ ညီအမနှစ်ယောက် ဒေါ်မမလေးအား တွဲထူ၍ခေါ်သွားကြသည်

ရေဝေးမှမြောက်ဥက္ကလာလမ်းမပေါ်အရောက်
ထွန်းမင်းလတ်မှသူ၏ဇနီးအား
ငါ အမေတို့အိမ်ဝင်အုန်းမယ်ဟုပြောလိုက်ရာ

ဟဲ့ ငါ့ကိုအရင်အိမ်ပြန်ပို့ပြီးမှသွားလေ
ပြီးတော့
သဘက်ခါကျရင် နင့်သားနဲ့သူငယ်ချင်းတွေက တောင်ကြီးအင်းလေးလည်ဘို့
ဟဲဟိုးကိုလေယာဥ်နဲ့သွားမှာ
ငါတို့လေဆိပ်ကိုလိုက်ပို့ရမယ်
ကြိုပြောထားတာ သိလား

ကိုထွန်းမင်းလတ်အဖေရက်လည်ဆွမ်းသွတ်ရန် ၂ရက်အလို

ဟယ် ကိုကိုကြီးမိန်းမဖုန်းပါလားထူးဆန်းလိုက်တာ

ပေး ညီမ ငါ့ကို

ဟလို ထက်ထက်လား

ဟုတ်တယ် ယောင်းမ

ထက်ထက်တို့အဖေရက်လည်မှာ ကျမတို့မိသားစုအလှူအနေနဲ့ တင်တင်အေးမုန့်ဟင်းခါးမှာပေးချင်တယ်
ဘယ်လောက်မှာရမလဲမေးတာ

ဟယ် ထက်ထက်တို့ မြောင်းမြဒေါ်ချို
မှာပြီးသွားပြီနော်

သြော် ကျမဆက်တာနောက်ကျသွားတယ် အလုပ်တွေကလည်းရှုတ်နေလို့လေ

ရတယ်ရတယ်ယောင်းမရေ နော်

သာဓုခေါ်လိုက်ပါသမီးတို့ရေ

သာဓုသာဓုသာဓု

ပြီးပါပြီ