နတ်မိကျောင်း ( စ၊ ဆုံး)
——————
‘ ဟေ့…လူပျိုကြီး။ ဒီနှစ်ဘုရားပွဲကော ဘယ့်နှယ့်လဲ။ စွံတော့မှလား…’
ရုတ်တရက် လှမ်းအော်နှုတ်ဆက်လာတဲ့ ကျော်မိုးရဲ့ အသံကြောင့် လူပျိုကြီးမောင်မျိုးတစ်ယောက် စိတ်ဆိုးရခက်၊ ဒေါသထွက်ရခက်နဲ့ လှည့်ကြည့်ရင်း မချိပြုံးပြုံးမိရတယ်။
‘ လူပျိုကြီး…ရယ်မနေနဲ့ဗျ။ မေးတာကို ဖြေဦး…’
‘ ဖြစ်လာမှာပေါ့…’
‘ ဖြစ်လာမှာပေါ့ မလုပ်နဲ့။ ဒီနှစ်မှ မစွံရင်တော့ ခင်ဗျားကိုယ်ခင်ဗျား စိတ်နာပြီး မိကျောင်းအိုင်ထဲကို ခုန်ချလိုက်သင့်ပြီနော်…’
လူပျိုကြီးမောင်မျိုး စကားကို တုန့်ပြန်မှုမပြုတော့။ တရှူးရှူးဒေါသထွက်ရင်း ခပ်သုတ်သုတ်ပဲ အိမ်ပြန်လမ်းဆီ ခြေလှမ်းလိုက်တယ်။ အနောက်ပါးဆီက ကျော်မိုးရဲ့ ရယ်မောသံကတော့ ကပ်ရက်သား လိုက်ပါလာလေရဲ့။
******
လူပျိုကြီးမောင်မျိုးဆိုရင် ရိုးကုန်းရွာမှာ မသိသူမရှိကြဘူး။
ရိုးကုန်းရွာမှာက အသက်နှစ်ဆယ်မကျော်ခင် အိမ်ထောင်ပြုတတ်ကြတယ်။ ဒီအထဲမှာမှ မောင်မျိုးတစ်ယောက်သာ ဘယ်လိုအကြောင်းကြောင့်မှန်းမသိ အသက်သုံးဆယ်ကျော်လာတဲ့တိုင်အောင် အိမ်ထောင်မကျ၊ ချစ်သူရည်းစားတောင် မရှိဖူးဘူး။ ဒီတော့ တစ်ရွာလုံးက မောင်မျိုးကို မြင်တာနဲ့ ထေ့ငေါ့ စနောက်ကြတာပါပဲ။ ကြာတော့ မောင်မျိုးမှာ ဒေါသထွက်ရတာပေါ့။
ဒီနေရာမှာ မောင်မျိုးတို့ ရိုးကုန်းရွာရဲ့ တည်နေရာအကြောင်းနဲ့ အပေါ်မှာ ကျော်မိုး စနောက်စကားပြောသွားတဲ့အထဲက မိကျောင်းအိုင်၊ ပြီးတော့ ဘုရားပွဲဆိုတဲ့အကြောင်းရယ်ကို ပြောပြရဦးမယ်။
မောင်ရိုးတို့ရိုးကုန်းရွာရဲ့ အနောက်ဘက်အခြမ်းဆီမှာ မိကျောင်းအိုင်လို့ အမည်ရတဲ့ အိုင်ကြီးတစ်အိုင် တည်ရှိတယ်။ အကျယ်က မိုင်နဲ့တွက်မယ်ဆို ကိုးမိုင်ပတ်ချာလည်လောက် ရှိလိမ့်မယ်။ ရေက ဆယ့်နှစ်ရာသီ မခမ်းတတ်ဘူး။ ဒီအိုင်ကြီးရဲ့ တစ်နေရာဟာ တစ်မိုင်လောက်အကွာက စစ်တောင်းမြစ်နဲ့ ဆက်နွယ်နေတယ်လို့ ယူဆကြတယ်။ ဘာကြောင့်ဆိုတော့ အိုင်ကြီးအတွင်းဆီက ရေတွေဟာ မြစ်ရေကျရင် ကျတတ်ပြီး မြစ်ရေတက်ရင် တက်တက်တယ်လေ။
ဒီအိုင်ကြီးဟာ သဘာဝရေအိုင်ကြီးဖြစ်ကာ ရှေးပဝေသနီအချိန်တွေကတည်းက နန်းရေးနန်းရာ၊ နန်းရိပ်နန်းငွေ့ ပက်သက်မှုတွေ များစွာ ရှိနေခဲ့ပါတယ်။ အဲ့ဒီ့တုန်းက ဒီအိုင်ကြီးအထဲဆီမှာ ဖြစ်ပွားခဲ့တဲ့ စစ်မက် တိုက်ပွဲတွေကလည်း မနည်းခဲ့ဘူးတဲ့။ ဒါက ပါးစပ်ရာဇဝင်ပဲဆိုဆို သမိုင်းပဲဆိုဆို ဖြစ်နိုင်ချေတော့ ရှိပါတယ်။
ဒီလို ရာဇဝင်တွေ သမိုင်းကြောင်းတွေနဲ့ ပက်သက်ငြိတွယ်လာခဲ့တဲ့ မိကျောင်းအိုင်ကြီးဆီမှာ လူအများအတွက် စိတ်ဝင်စားရာအကောင်းဆုံး ပါးစပ်ရာဇဝင်တစ်ခုကတော့ ရှေးရှေးတုန်းက အိုင်ထဲမှာ နေထိုင်တဲ့ မိကျောင်းကြီးတစ်ကောင် အကြောင်းပါပဲ။
ဒီမိကျောင်းကြီးဟာ အိမ်သုံးလုံးပမာဏလောက် ကြီးမားပြီး လူအသွင်လည်း ဆောင်တတ်လေပြီး ရပ်ထဲရွာထဲကို သွားလာလှုပ်ရှားကာ ယောက်ျား၊ မိန်းမတို့ကို ငြိတွယ်ဖမ်းစားတတ်တယ်တဲ့။
နောက်ဆုံးမှာတော့ ဒီလို ဆိုးသွမ်းသောင်းကျန်းလွန်းတဲ့ မိကျောင်းကြီးကို အာဂန္တုဘုန်းကြီးတစ်ပါးက ဆုံးမချေချွတ်ခဲ့တယ်။ မိကျောင်းကြီးရဲ့ ကိုယ်စွမ်းနဲ့ အိုင်ကြီးရဲ့ အရှေ့ဘက်ခြမ်းဆီမှာ ကျွန်းတစ်ခုကို တည်စေတယ်။ ပြီးတော့ အဲ့ဒီ့ကျွန်းကလေးအပေါ်မှာ မိကျောင်းမင်းစေတီလို့ သညှာပြုတဲ့ စေတီတစ်ဆူကို တည်စေပြန်ကာ ကိုယ်တော်တိုင် ထီးတော်တင်လှူခဲ့လေတယ်။ ထီးတော်လှူပြီးနောက်မှာ မိကျောင်းကြီးကို အမြုတေသွင်းလို့ ကျောက်မိကျောင်းကြီးအဖြစ်ပြောင်းလဲစေခဲ့ပြီး ကန်ရေအောက်မှာပဲ ထာဝရရှိနေစေတော့တယ်လို့ အပြောရှိကြလေတယ်။
ဒီလိုအကြောင်းကြောင့်ပဲ အိုင်ကြီးကို နတ်မိကျောင်းအိုင်၊ မိကျောင်းအိုင်ရယ်လို့ သညှာပြုခဲ့ကြတယ်။ စေတီကတော့ ဒီရေအိုင်ကျယ်ကြီးအထဲဆီမှာ အခုထိ တည်ရှိနေဆဲပဲ။
ကျောက်မိချောင်းအိုင်ကြီးရဲ့ ပတ်ချာလည်မှာ မောင်မျိုးတို့ရဲ့ ရိုးကုန်းရွာအပါအဝင် ရွာကြီးခုနှစ်ရွာတည်ရှိတယ်။ ဒီရွာတွေရဲ့ အထဲမှာမှ မောင်မျိုးတို့ရဲ့ ရိုးကုန်းရွာဟာ အရှေ့ဘက်ကမ်းဆီမှာ တည်ရှိတဲ့ တစ်ခုထဲသော ရွာပေါ့။
ရိုးကုန်းရွာဆီကနေ မိကျောင်းအိုင်ကြီးဆီကို လှမ်းကြည့်လိုက်မယ်ဆို မိကျောင်းမင်းစေတီကို ထင်ထင်ရှားရှားမြင်ကွင်းနဲ့ လှမ်းမျှော်ဖူးတွေ့နိုင်တယ်။ ကျန်ရွာတွေဆီကဆိုရင်တော့ သေးငယ်ဝေဝါးနေတတ်တယ်။
နှစ်စဉ် တပို့တွဲလထဲမှာတော့ စေတီကလေးအတွက် ကျင်းပတဲ့ ဗုဒ္ဓပူဇနိယပွဲတော် ရှိတယ်။ ဒီလို အချိန်မျိုးဆိုရင် ရပ်ဝေးရပ်နီးက အလှူရှင်၊ ကုသိုလ်ရှင်များရောက်ရှိလာကြပြီး စေတီလေးဆီမှာတင်မက ရိုးကုန်းရွာကလေးဆီမှာပါ စည်ကားသိုက်မြိုက်လို့ နေတတ်တယ်။
ပွဲစျေးအခင်းအကျင်းကလည်း ရိုးကုန်းရွာအပြင်ဘက်က လယ်ပြင်ကျယ်ကြီးဆီမှာ မျက်စိတစ်ဆုံးစည်ကားတယ်လေ။ ဒီလို ပွဲအချိန်အခါမျိုးကျရင် မောင်မျိုးတို့လို လူလွတ်၊ ကာလသားများဟာ အလွန်ကိုပဲ ပျော်မိတတ်ကြတယ်။
ဒိအချိန်ဟာ ရပ်ဝေးရပ်နီးက ဧည့်သည်တွေအထဲမှာ ကာလသမီးငယ် အချောအလှလေးတွေ အများအပြားလာရောက်တတ်ကြသလို စေတီကလေးဆီမှာ လှေဦးတိုက်ပွဲ၊ လှေပြိုင်ပွဲတွေလည်းကျင်းပပေးတတ်တယ်။ ဒီတော့ မောင်မျိုးတို့လို လူလွတ်သူလွတ်တွေ ပျော်တယ်ဆိုတာက မဆန်းပါဘူး။ ဒီပွဲတော်ကနေ ဖူးစာဆုံသွားကြသူတွေ မနည်းဘူးလေ။ မောင်မျိုးတစ်ယောက်သာ ဘာကြောင့်မှန်းမသိ၊ အသက်သုံးဆယ်ကျော်တဲ့ အခုအချိန်အထိကို ဂေါ်မစွံဖြစ်နေရလေတယ်။ ဒီနှစ်တော့ ထေ့ငေါ့ စနောက်မှုများစွာတို့ကို မောင်မျိုးတစ်ယောက် ရင်မဆိုင်ချင်တော့ပြီမို့ ဘုရားပွဲဆီမှာ ကိုယ့်ကိုယ်ကို အစွံထုတ်ဖို့ ဆုံးဖြတ်လိုက်မိတယ်။
ပွဲတော်ရက်ကလည်း မကြာခင်မှာ ရောက်လာတော့မှာဆိုတော့ ဒီကာလအပိုင်းအခြားဟာ မောင်မျိုးရဲ့ ရည်မှန်းကာလတစ်ခုဖြစ်သွားရပြီ။ အခုဆိုရင် ပြာသိုလကွယ်ကို လွန်ကာ တပို့တွဲလဆန်းပိုင်းအချိန်ကိုတောင် ရောက်နေခဲ့ပြီလေ။ မကြာခင်မှာ မောင်မျိုးတို့ စောင့်မျှော်နေကြတဲ့ ရည်မှန်းရာ ပွဲတော်အချိန်ကာလဆီကို ရောက်ရှိလာပါတော့မယ်။
******
‘ ရွာထဲမှာ အထက်လမ်းဆရာတွေ ရောက်နေတယ်တဲ့…’
ပွဲတော်ရက်နားနီးလာပြီး ပွဲခင်းအငှါးဆောက်တဲ့ဆီကနေ မောင်မျိုးပြန်လာတော့ ကြားရတဲ့ သတင်းတစ်ခု။ ကိုယ်နဲ့ မသက်ဆိုင်သလို စိတ်လည်း မဝင်စားမိတာမို့ မောင်မျိုးတော့ အမှတ်တမဲ့ပဲ နေဖြစ်ခဲ့တယ်။
ဒီရက်က ဆရာတွေရဲ့ သတင်းကို ကြားရုံပါပဲ။
နောက်တစ်ရက်မှာတော့ ဆရာတွေနဲ့ ပက်သက်ပြီး ထူးဆန်းတာတွေ ကြားလာရတယ်။
‘ ရေတွင်းထဲက ရေတွေကို မန္တာန်ရွတ်ပြီး ကျွတ်ကျွတ်ဆူလာအောင် လုပ်တာများတော်။ တကယ့်ကို အံ့သြစရာပါ…’
‘ ဒါက ဘယ်ဟုတ်ဦးမလဲ။ ဦးကျော့မောင်ကြီး လေဖြန်းပြီး အိပ်ရာထဲလဲနေတာ သေကောင်ပေါင်းလဲလေ။ ကြာကြာလှပြီကော။ ဟိုရက်ကဆို အသက်ပါငင်နေသေးတာတဲ့။ အခု အဲ့ဒီ့လူကြီးကို ဆရာက ဆေးကုပေးတာ ချက်ချင်းကိုပဲ လူကောင်းလိုဖြစ်သွားတာတဲ့တော်…’
‘ ဆရာကလေ…အရက်သမားငထော်ကို ကုသပေးလိုက်တာ အရင်က သောက်ထားတဲ့အရက်တွေအားလုံး အမည်းရောင်အဖြစ်ပြန်အန်ပြီး အခု လူကောင်းသူကောင်းပြန်ဖြစ်သွားတယ်တဲ့…’
အထက်လမ်းဆရာဆိုသူရဲ့ သတင်းအထူးအဆန်းတွေက မောင်မျိုးရဲ့ နားဆီမှာ ရက်ပိုင်းအတွင်းမှာပဲ ကြားရဖန်များလာတယ်။ ထပ်ကြားရပြန်တဲ့ စကားအရ…။
‘ ဆရာက ပီယဆေးလည်း စွမ်းတယ်တဲ့…’
ဒါမျိုးကျတော့ မောင်မျိုးနဲ့ သက်ဆိုင်သွားပြီ။
သူ့ကို တစ်ရွာလုံးက ဂေါ်မစွံလူပျိုကြီးအဖြစ် သတ်မှတ်ထားကြတာ။ ဒါကို သူမခံစားနိုင်တော့ဘူး။ လူပျိုကြီးဘဝကနေ ဒီနှစ်ကျွတ်ကို ကျွတ်ရမယ်လို့လည်း သူဆုံးဖြတ်ထားတယ်။ ဆရာ့ဆီက ပီယဆေးက စွမ်းတယ်ဆိုရင်တော့ မောင်မျိုးတို့ အားကိုးပြုရပြီလေ…။
ဆရာ့ဆီကို မောင်မျိုးတို့ ချက်ချင်းပဲ သွားမိခဲ့တာပေါ့။
ဆရာ့ဆီကို ရောက်တော့ ဆရာ့ဆီရောက်ဖို့ကို သူ့ထက်ငါ တန်းစီနေကြသူတွေ မနည်းမနောပါပဲ။ မောင်မျိုးအရှေ့မှာတင် လူက လေးငါးဆယ်လောက်ရှိတယ်။ အခုက မနက်ပိုင်းအလုပ်လုပ်ပြီး ထမင်းစားပြန်လာခဲ့တာပါ။ ဒါပေမယ့် အခုတော့ ဆရာ့ဆီကို ရောက်ဖို့ ဇွဲကောင်းကောင်းနဲ့ တန်းစီမယ့်အတွက် ညနေပိုင်းကို အလုပ်မဆင်းတော့ဘူးလို့ ဆုံးဖြတ်ထားခဲ့ပြီ။
မောင်မျိုးရဲ့ အနောက်မှာလည်း လူတန်းကြီးထပ်လို့ စီတန်းလာပြန်တယ်။ ညနေစောင်းတော့မှ မောင်မျိုးအလှည့်ဆီကို ရောက်လေတယ်။
ဆရာဆိုတဲ့သူက အသက်လေးဆယ်လောက်အရွယ်။ အမည်းရောင် အဝတ်တို့ကို ဆင်မြန်းပြီး အိမ်ဦးခန်း ဘုရားကျောင်းဆောင်အရှေ့မှာ တင်ပုလ္လင်ခွေ ထိုင်နေတယ်။ နံဘေးမှာ ဆရာရဲ့ ဝေယျာဝစ္စကို လုပ်ဆောင်ပေးနေတဲ့ အမည်းရောင်ဝတ်လူနှစ်ယောက် ရှိနေတယ်။
‘ ဆရာညို…ဒီတစ်ယောက်ကတော့ ပီယဆေးလိုချင်တာပါ…’
မောင်မျိုးတို့တတွေ တန်းစီနေတုန်းက ဆရာ့ကို တွေ့ချင်ရတဲ့ အကြောင်းကို ဆရာ့တပည့်တစ်ယောက်ဆီ ကြိုတင်ပြောထားရတယ်။ ဆရာမလုပ်ပေးနိုင်တဲ့အရာဆိုရင် အဲ့ဒီ့နေရာကတင်ပဲ တစ်ခါထဲ ငြင်းပါယ်လွှတ်တယ်။
တပည့်ဖြစ်သူရဲ့ စကားကိုကြားတော့ စူးရှရှ အကြည့်တွေနဲ့ ဆရာညိုက မောင်မျိုးကို ကြည့်လာတယ်။
‘ ဘယ်လိုကြောင့် ပီယဆေးလိုချင်ရတာလဲ ပြောပြပါဦး။ မိန်းမ ရှုပ်ပွေချင်လို့လား…’
မောင်မျိုး ခေါင်းကို ရမ်းခါလိုက်တယ်။
‘ မဟုတ်ဘူး ဆရာ။ ကျုပ်မှာ ပွေရှုပ်ဖို့ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ ကျုပ်…မိန်းမလိုချင်တာ တစ်ခုပါပဲ…’
မောင်မျိုးစကားကို နားထောင်ရင်း ဆရာညိုက ခပ်သဲ့သဲ့ပြုံးတယ်။
‘ စိတ်ဆန္ဒကြောင့် လိုချင်တဲ့ သဘောလား…’
မောင်မျိုး ရှက်တော့ ရှက်သွားရတယ်။ ဒါပေမယ့် အနာသိမှဆေးရှိရမယ်ဆိုတဲ့ စကားရပ်လိုပဲ ဘယ်လိုဆိုတာပြောပြမှ လိုချင်ရာကို ရနိုင်မယ်မဟုတ်လား။
‘ စိတ်ဆန္ဒကြောင့်လည်း ပါသလို ပတ်ဝန်းကျင်က ကျုပ်ကို ဂေါ်မစွံလူပျိုကြီး၊ အသုံးမကျသူကြီးအဖြစ် သတ်မှတ်ပြောဆိုနေကြတာကို မခံချင်လို့ဗျာ…’
မောင်မျိုးရဲ့ စကားအဆုံး ဆရာညိုတို့ ဆရာတပည့်သုံးယောက် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်မိကုန်ကြတယ်။ မသိမသာ ခေါင်းကို ညိတ်ကြတယ်။
‘ ဒါနဲ့ ခင်ဗျားက ဘယ်လို မိန်းကလေးမျိုးကို ရည်ရွယ်ထားသလဲ။ ပြောချင်တာက ရပ်ရွာထဲကပဲလား၊ ပွဲတော်ရက်က နီးလာပြီဆိုတော့ ပြင်ပရွာက မိန်းကလေးမျိုးကို ရည်ရွယ်ထားသလား…’
‘ ဖြစ်နိုင်ရင်တော့ ရွာထဲက မိန်းကလေးမျိုးကို မလိုချင်ဘူး။ ပြင်ပက မိန်းကလေးအချောအလှမျိုးကို ယူနိုင်ရင်တော့ အကောင်းဆုံးပေါ့ ဆရာရယ်…’
‘ အချောအလှဆိုတော့ ဇာတ်ထဲက မင်းသမီးမျိုးကို ရမယ်ဆိုရင်ကော ယူနိုင်မလား…’
‘ ဟာ…ဆရာ…’
ဆရာညိုရဲ့ စကားက မောင်မျိုးရဲ့ ရင်ကို ဒိန်းခနဲ ဖြစ်သွားတစတယ်။ ဇာတ်မင်းသမီးဆိုမှ အခုနှစ် ဘုရားပွဲမှာ စိန်ထွန်းမောင် ဇာတ်ဝင်မယ် ကြားမိတယ်။ ဒီဇာတ်က ခေါင်းဆောင်မင်းသမီး ရွှေသဇင်ကို သူ သိပ်သဘောကျမိတာပဲ။ မင်းသမီးရဲ့ အပြု၊ အငို၊ အရယ်၊ အပြုံး အရာအားလုံးက သူ့နှလုံးသားကို ကဝေမယ်လေးလိုပဲ ဖမ်းစားလွန်းခဲ့တယ်။ အလှမှာထိပ်ခေါင်လို့တောင် တိတ်တခိုးနာမည်ပေးထားမိသေးရဲ့။ ရွှေသဇင်ကိုသာ ရရင်လို့တောင် စိတ်ကူးယဉ်ဖူးသေးပါတယ်။
‘ ဇာတ်မင်းသမီးကိုကျတော့ ဖြစ်…ဖြစ်နိုင်ပါ့မလား ဆရာရယ်…’
စကားကို အထစ်ထစ် အငေါ့ငေါ့ပြောလာတဲ့ မောင်မျိုးကြောင့် ဆရာညိုက ရယ်လိုက်ပြီး…။
‘ မဖြစ်နိုင်စရာ မရှိပါဘူး ကိုမျိုး။ ခင်ဗျား အခုတွေ့ဆုံနေတာ ယောပြန်ဆရာညိုပါဗျ။ ဘာမှမပူနဲ့ ခင်ဗျားဘက်က စိတ်သာရှိ၊ ကျုပ်ဘက်က ရအောင်လုပ်ပေးမယ်…’
‘ ဆ…ဆရာ တ တကယ်လားဗျာ…’
‘ ကဲ…ကျုပ်က စကားကို အပိုအလိုမပြောတတ်ဘူးဗျာ။ မင်းသမီးကို ခင်ဗျား အပိုင်ရပြီလို့သာ မှတ်ပေတော့…’
‘ ကျေး…ကျေးဇူးပါ ဆရာ…’
မောင်မျိုးတစ်ယောက်တော့ နွားပြာကြီးသွားဖြီး တဟီးဟီးကို ဖြစ်နေလေတယ်။
‘ ကဲ…ကဲ ဒါဖြင့်လည်း ပီယဆေး ဖော်မယ့် တစ်ရက်ကို ကျုပ်တို့ သီးသန့်ချိန်းဆိုကြတာပေါ့…’
‘ ဟုတ်ကဲ့…ဆရာ…’
‘ ဒါနဲ့ ခင်ဗျား ကြောက်တတ်သလားဗျ…’
ပီယဆေးဖော်တယ်ဆိုတာ အစိမ်းသေမကို ပြန်နှိုးပြီး သနပ်ခါးသွေးခိုင်းတာတို့ဘာတို့ဆိုတာ မောင်မျိုးကြားဖူးပါတယ်။ သရဲတစ္ဆေဆိုတာမျိုးကို မောင်မျိုး ငယ်ကတည်းက မကြောက်တတ်ဘူး။ ဒါပေမယ့် ဒီတုန်းက ဆရာညိုက ဘာကိုရည်ရွယ်ပြီး မေးတယ်ဆိုတာကို မောင်မျိုးမသိခဲ့ပါဘူး။
‘ ကျုပ် မကြောက်တတ်ပါဘူး…’
မောင်မျိုး အလွယ်တကူပဲ အဖြေပေးလိုက်ပါတယ်။
‘ ကောင်းတယ်ဗျာ။ ကောင်းတယ်။ ကဲ…နောက်တစ်ခေါက် ဆုံကြတာပေါ့ဗျာ…’
‘ ဟုတ်ကဲ့ ဆရာ။ ဒါနဲ့ ပညာကြေးက…’
‘ နောက်တစ်ခေါက်မှပေါ့…’
ဆရာညိုကို သဘောကောင်းလိုက်တာလို့ လူပျိုကြီးမောင်မျိုး အထင်ရှိခဲ့ရပါတယ်။
ဆရာညိုဆီကနေ ပြန်လာတော့ မောင်မျိုးတစ်ယောက် မင်းသမီးရွှေသဇင်ကို စိတ်ကူးတွေတွင်တွင်ကြီးယဉ်ရင်း ဆရာညိုတို့ဘက်က အခေါ်ပြုလာမယ့် အချိန်ကို စောင့်ဆိုင်းမျှော်လင့်နေပါတော့တယ်။
******
လပြည့်နားနီးလာတော့ ပွဲစျေးခင်းဆောက်လုပ်နေတာကလည်း ပြီးစီးလုပြီ။ စျေးသည်တို့လည်း တစ်ယောက်စ၊ နှစ်ယောက်စ ရောက်လာနေကြပြီးမို့ ပွဲစျေးခင်းထဲ သွားသွားလာလာ လုပ်လို့ရနေပြီ။
မောင်မျိုးတို့ကတော့ ပွဲခင်းထဲ စျေးဆိုင်ခန်းတွေဆောက်လုပ်နေတာ ပြီးစီးခဲ့ပြီမို့ ဇာတ်ရုံဆောက်လုပ်ရေးဘက်ကို ဝင်ကူပေးနေရတယ်။
ဇာတ်ရုံက ပရိတ်သတ်တွေ နေရာကို ပတ်ချာလည်စည်းရိုးကာထားပြီး ဇာတ်စင်နေရာကို အမိုးအကာလုပ်ပေးထားတယ်။ ဇာတ်စင်ပေါ်ကို ရောက်တော့ ဇာတ်မင်းသမီး ရွှေသဇင်အကြောင်း တစိမ့်စိမ့်တွေးမိရပြန်ကော။ ဆရာညိုသာ တကယ်စွမ်းရင်တော့ သူနဲ့ ရွှေသဇင်တို့ တူနှစ်ဖြာ ရွှေဂဟေဆက်ဖို့သာ ရှိတော့တယ်။
‘ ကိုမောင်မျိုး…ဗျို့ ကိုမောင်မျိုး…’
အတွေးကောင်းကောင်းနဲ့ အလုပ်လုပ်နေမိတုန်း ခေါ်သံကြောင့် မောင်မျိုး လှည့်ကြည့်မိတော့ ဆရာညိုတို့ တည်းခိုရာ စံပေါတို့အိမ်ဆီက အငယ်ဆုံးကောင် ကျောက်ပေါ။
‘ အေး…ကျောက်ပေါ။ ဘာကိစ္စလဲကွ…’
မောင်မျိုး သိသိရက်နဲ့ စကားမေးဖြစ်လိုက်တယ်။
‘ ဆရာညိုက လွှတ်လိုက်တာဗျ။ ဒီညကို စေတီလေးဆီကနေ စောင့်နေတဲ့။ လှေတစ်စင်းလည်း ရှာထားပေးလို့ ပြောတယ်…’
ဆရာညို တကယ်လုပ်ပေးမှာပါလားဆိုတဲ့ အသိက မောင်မျိုးရင်ထဲ တထိတ်ထိတ်ခုန်လာမိတယ်။
‘ ဟေ့လူကြီး။ ကျုပ် ဘာပြန်ပြောပေးရမလဲ…’
‘ ဆက်ဆက် စောင့်နေမယ်လို့ ပြောပေးကွာ…’
‘ ပြောပေးမယ်။ ကျုပ် သွားပြီ…’
ကျောက်ပေါ လှည့်ထွက်သွားတယ်။
လူပျိုကြီးမောင်မျိုးကတော့ သူ လူပျိုသိုးကြီးဘဝကနေ ကျွတ်တော့မယ့်အရေးကို တွေးပြီး စိတ်ကူးတွေယဉ်ကာ ညအတွက်ကိုလည်း အစီအစဉ်တွေချမှတ်နေပါတော့တယ်။
******
ညရောက်တော့ လူပျိုကြီးမောင်မျိုးတစ်ယောက် စေတီလေးဆီကနေ လှေကလေးနဲ့အတူ ဆရာညိုတို့အလာကို စောင့်ဆိုင်းနေလေတယ်။
သက်ငယ်ခေါင်းချချိန်ရောက်လေတော့ ဆရာညိုနဲ့ သူ့တပည့်နှစ်ယောက်တို့ ဆွဲခြင်းအကြီးကြီးတစ်လုံးကို ထမ်းကာ ရောက်လာကြတယ်။
‘ ခင်ဗျား စောင့်နေတာ သိပ်ကြာသွားသလားဗျာ…’
ဆရာညိုက ရောက်မဆိုက်မှာပဲ မေးတယ်။
‘ သိပ်မကြာပါဘူး ဆရာ။ ကြာလည်း ရပါတယ်…’
‘ အင်းဗျာ…ပွဲအတွက် ငှက်ပျောသီး အုန်းသီးတွေ အရနောက်ကျသွားလို့…’
‘ ဟုတ်ကဲ့ ဆရာ…’
‘ ကဲ…ကဲ…နက္ခတ်က မကြာခင် စတင်မှာဆိုတော့ ငါတို့ အိုင်အလယ်ကို အရင်ဆုံးရောက်အောင်သွားမှရမယ်။ ကဲ…တက် တက်ကြ…’
ဆရာညိုက ဆော်သြတယ်။ ပြီးတော့ လှေအပေါ်ကို အရင်ဆက်လေတယ်။ သူတို့သုံးယောက်စလုံး တက်ပြီးချိန်မှာတော့…။
‘ ကဲ…ကိုမောင်မျိုး။ လှေကို ကန်အလယ်ဘက်ထဲ လှော်ချေဗျာ…’
‘ ဟုတ်ကဲ့ ဆရာ ‘
အခုအချိန်အထိတော့ ပီယဆေးအတွက်ပဲလို့ မောင်မျိုးထင်မိနေတယ်။ သူ့စိတ်ကူးနဲ့သူ လှေကို လှော်ခဲ့မိတယ်။ ဆရာညိုကတော့ လှေအပေါ်ကနေ ကောင်းကင်ဆီကို မော့်ကြည့်ရင်း ဂါထာတွေရွတ်ကာ လိုက်ပါလာတယ်။
အချိန်အတော်လေးကြာတော့ ကမ်းနဲ့အတော့်ကို ဝေးခဲ့လေပြီ။
ရေပြင်ကြီးဆီက လှိုင်းကြက်ခွပ်တို့ကြောင့် လှေကလေးက လူးနေတယ်။ ဆရာညိုက မီးမထွန်းခိုင်းတာမို့ မောင်မျိုးက လှေကို အမှောင်ထဲမှာပဲ အသေအချာ ထိန်းလှော်နေရတယ်။ တစ်နေရာကို ရောက်တော့ ဆရာညိုက လှေကို ရပ်ခိုင်းလေပြီး…။
‘ ကဲ…ကိုမောင်မျိုး။ ခင်ဗျား ကိစ္စအတွက် ကျုပ်တို့ အစီအရင်ကို လုပ်တော့မယ်…’
‘ ဟုတ်ကဲ့ ဆရာညို။ ကျုပ်ကော ဘာလုပ်ပေးရမလဲ…’
‘ ရတယ် ခင်ဗျားက လှေကို မရွေ့သွားအောင် ငြိမ်နေအောင်ပဲ ထိန်းပေးထား။ တစ်ခုတော့ ကြိုတင်မှာမယ်နော်။ ဘယ်လိုပဲ ကြောက်စရာကောင်းတာကို မြင်မြင်၊ ခင်ဗျား စိတ်ကို ထိန်း၊ ထွက်ပြေးတာမျိုး ဘာမျိုး မဖြစ်စေနဲ့။ ကျုပ် ရှိတယ်ဆိုတဲ့ အသိကို သိထား…’
‘ ဟုတ်ကဲ့ ဆရာညို…’
ဆရာညိုတို့ ဆရာတပည့်သုံးယောက်က လှေပေါ်မှာပဲ ကန်တော့်ပွဲတွေကို ပြင်ဆင်ကြတယ်။ ကန်တော့်ပွဲသုံးပွဲ။ တစ်ပွဲစီမှာ ဖယောင်းတိုင်တစ်တိုင်တစ်တိုင်၊ အမွှေးတိုင်ခုနှစ်တိုင် ထွန်းထားတယ်။
ကန်တော့်ပွဲတွေ ပြီးလေတော့ ဆရာညိုက…။
‘ ကဲ…ငသောင်းနဲ့ ငမောင်း။ မင်းတို့က စည်းတွေကို ထိန်း။ ငါ အာဏာစက်ခင်lကျင်းတော့မယ်…’
‘ ဟုတ်ကဲ့ ဆရာညို…’
ဆရာညိုက သူ့လက်ထဲက ပုတီးကို ညာလက်ဆီမှာ ရစ်ပတ်လိုက်တယ်။
‘ အောင်စင်္ကြာ နမာ၊ တေဝဘူဇ ယသေယနာ။ ကုမ္မိဂံ နိဋ္ဌာန် သေဝင်္ဂ သမ္ပာတံ…’
ဆရာညိုရဲ့ အစပျိုးရွတ်ဖတ်သံ။
ဒီနောက်တော့ ဆရာညိုဟာ ပါဋ္ဌိလိုလို ဂါထာလိုလို အရာတွေ ထပ်မံရွတ်ဖတ်လေပြန်တယ်။
ကြယ်တွေစုံလင်နေတဲ့ ကောင်းကင်ကြီးဆီမှာ တိမ်သားတိမ်တိုက်တွေ အုပ်လွှမ်းလာတယ်။ ရုတ်တရက် ရေပြင်ကြီးအောက်က အလင်းစတွေ လင်းဖြာလာတယ်။ မောင်မျိုးကတော့ လှေကို ထိန်းရင်း၊ ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေတွေကို ကြည့်ကာ အံ့သြမိရင်းပေါ့…။
‘ ငသောင်း ငမောင်း။ သူထွက်လာတော့မယ်။ မင်းတို့ အသေအချာစောင့်ကြည့်ကြ…’
ဆရာညိုက ထအော်လိုက်တယ်။ ပြီးတော့ သူ့လွယ်အိတ်ထဲက တစ်တောင်သာသာလောက်ရှိတဲ့ ကြိမ်လုံးလေးကို ထုတ်ပြီး ရေပြင်ကို တဖြန်းဖြန်းရိုက်ပုတ်လေတယ်။
ရေပြင်ဆီက လှိုင်းကြက်ခွပ်ကလေးတွေက ရုတ်တရက် ကြီးမားလာတယ်။ ကောင်းကင်ဆီက မိုးရေစက်တို့ ကျဆင်းလာတယ်။ ရေပြင်ဆီက အလင်းတွေက လင်းတစ်လှည့် မှိတ်တစ်လှည့်။
အခြေအနေက သာမန်မဟုတ်ဘူးဆိုတာ မောင်မျိုး သိမိလိုက်လေပြီ။ လှိုင်းက ကြမ်းလာတာမို့ လှေက လူးလာတယ်။
‘ ဆ…ဆရာ…’
မောင်မျိုး ဆရာညိုကို အားကိုးတကြီး လှမ်းခေါ်လိုက်မိတယ်။
‘ ဟေ့လူ…ခင်ဗျား တိတ်တိတ်နေ။ ဆရာညို့ကို အနှောက်အယှက် မဖြစ်စေနဲ့…’
ငသောင်းက ထအော်လာတော့ မောင်မျိုးလည်း ငြိမ်မိသွားရတယ်။ ဆရာညိုက ရေပြင်ကု ကြိမ်လုံးနဲ့ ရိုက်နေဆဲပဲ။ လှေနဲ့ မလှမ်းမကမ်းဆီက ရေပွက်ကြီးတစ်ခု ဖြစ်ပေါ်လာတယ်။
မောင်မျိုး ကြည့်နေမိတုန်းမှာပဲ ရေပွက်ကြီးအထဲကနေ သာမန်မိကျောင်းထက် နှစ်ဆလောက်ကြီးမားတဲ့ မိကျောင်းဖြူကြီးတစ်ကောင်ထွက်ပေါ်လာတယ်။
မိကျောင်းကြီးကို မြင်လိုက်ချိန် မောင်မျိုးတစ်ယောက် အလွန်အမင်း ထိတ်လန့်သွားရလေတယ်။ ဒီမိကျောင်းကြီးက ဒီမိကျောင်းအိုင်ရဲ့ ပါးစပ်ရာဇဝင်ထဲက နတ်မိကျောင်းကြီးဆိုတာ မောင်မျိုး သိမိလိုက်ပြီလေ။ ဆရာညိုတို့ဟာ သူ့အတွက် ပီယဆေးဖော်ဖို့ လုပ်ဆောင်နေတာ မဟုတ်မှန်းကိုလည်း မောင်မျိုးရိပ်မိသိရှိလိုက်လေပြီး။
‘ ဆရာညို…ခင်…ခင်ဗျားတို့…’
မောင်မျိုး လှေကို ထိန်းနေတာ ရပ်တန့်လိုက်ပြီး မတ်တပ်ရပ်ကာ လှော်တက်ကို ကိုင်ရင်း ဆရာညိုကို ဟစ်အော်လိုက်တယ်။ ဒီအခိုက် အနီးမှာ ရှိနေတဲ့ ငသောင်းက မောင်မျိုး သူတို့ကို အန္တရာယ်ပေးတော့မယ်ဆိုတာ သိတာမို့ လက်ဦးမှုယူကာ အပြေးတွန်းတိုက်လိုက်တာမို့ မောင်မျိုးတစ်ယောက် လှိုင်းထန်နေတဲ့ ရေထဲဆီကို ပြုတ်ကျသွားလေတယ်။
ဒီအချိန်မှာ ကောင်းကင်တိမ်တိုက်တွေဆီက မိုးစက်မိုးပေါက်တွေ သည်းသည်းထန်ထန်ရွာချလာခဲ့ပြီး ရေပြင်ဆီက မိကျောင်းကြီးဟာ ရန်လိုလှုပ်ရှားနေသလို ဆရာညိုတို့ ဆရာတပည့်သုံးယောက်ဟာလည်း သူတို့လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်နေပါတော့တယ်။
******
တစ်လခန့်ကြာပြီးနောက်…။
ပြီးခဲ့တဲ့ တစ်လအတွင်း ရိုးကုန်းရွာက လူတွေအကုန်လုံး သွေးပျက်ခြောက်ခြားနေကြရတယ်။
အကြောင်းက ရှေးရိုးအစဉ်အဆက် အမှီသဟဲပြုလာရာ မိကျောင်းအိုင်ကြီးဆီမှာ မိကျောင်းတိုက်ခိုက်မှုကြောင့် လူအသေအပျောက်ဟာ ဆယ်ယောက်ထက်မနည်း ရှိလာတာကြောင့်ပါ။
မိကျောင်းကလည်း အဖြူရောင်မိကျောင်းကြီး။ အကောင်အထည်က အိမ်တစ်လုံးစာပမာဏလောက်ရှိတယ်။ အမြီးတစ်ချက်ရိုက်ရင် လှေဆိုတာ အပိုင်းပိုင်းကျိုးပြတ်ပြီး နစ်မြုပ်ရတာပါပဲ။
ထူးဆန်းတာတစ်ခုကတော့ အိုင်ကြီးပတ်ချာလည်ဆီမှာ ရွာပေါင်းခုနှစ်ရွာ ရှိပေမယ့် မိကျောင်းဆွဲခံရတာက ရိုးကုန်းရွာက လူတွေချည်းသာဖြစ်နေတယ်။ အခြားရပ်ရွာများဆီမှာတော့ မိကျောင်းဖြူကြီးနဲ့ ပက်သက်လို့ အရိပ်အယောင်တောင် မမြင်ရပါဘူး။
‘ ညက မိစိန်တို့သားအမိကို မိကျောင်းဖြူကြီး ဝင်ဆွဲလို့တဲ့…’
‘ ဟောတော် ဘယ်လိုတောင်ဖြစ်တာတုန်း။ သူတို့သားအမိ ရေထဲများ ဆင်းမိလို့များလား…’
ဒီရက်ထဲကို အိုင်ကြီးဘက်ထဲ ဘယ်သူမှ မသွားကြဘူး။ ဒီတော့ မိကျောင်းဆွဲခံရတဲ့ ကိစ္စမျိုး မရှိသလောက်ဖြစ်နေတုန်း မကြာလိုက်ခင်မှာ သတင်းက ပြန်ထွက်လာပြီ။
‘ ဘယ်ကသာ အိမ်ထဲအထိ ဝင်ဆွဲတာတဲ့…’
‘ ဟောတော် ဘယ်လိုတွေတောင် ဖြစ်ရတာတုန်း…’
‘ အဲ့ဒါတော့ မပြောပါနဲ့တော်။ မိကျောင်းဖြူကြီးက အိမ္နံရံကို အမြီးနဲ့ရိုက်ချိုးပြီး ဝင်ဆွဲသွားတာတဲ့။ အခု မိစိန်တို့အိမ်ဘက်မှာ လူတွေမှ မနည်းဘဲ ရောက်နေကြတယ်…’
‘ သွားကြည့်ရအောင်တော်…’
‘ အေး…သွားမယ်။ ကျုပ်လည်း မရောက်သေးဘူး…’
ရွာသူမနှစ်ယောက် မိကျောင်းဆွဲခံရတယ်ဆိုတဲ့ မိစိန်တို့အိမ်ဆီကို သုတ်ခြေတင်ပြေးကြတယ်။ ဒီမိကျောင်းကြီးသောင်းကျန်းတာနဲ့ ဘုရားပွဲလည်း ပျက်ရတယ်လေ။
သူမတို့နှစ်ယောက် ရောက်သွားတော့ မိစိန်တို့အိမ်ဆီမှာ လူသူတွေမှ မနည်းမနောပါပဲ။ အိမ်တစ်ဖက်ခြမ်းကတော့ မိကျောင်းဖြူကြီးဖြိုဖျက်ထားတာမို့ ကျိုးကြေပျက်ဆီးနေလေတယ်။
‘ အိမ်ထဲက လူကိုတောင် ဝင်ဆွဲတယ်ဆိုတော့ ဒီမိကျောင်းကြီး များနေပြီ…’
‘ ဟုတ်တယ်။ ဒီအတိုင်း ငြိမ်နေရင်တော့ တစ်ရွာလုံး မိကျောင်းဆွဲလို့ အမျိုးပြုတ်တော့မယ်…’
‘ အမျိုးပြုတ်မယ် မလုပ်နဲ့။ အခုက အမျိုးဖြုတ်တဲ့ ပုံစံကို ဖြစ်နေပြီဗျ။ ခင်ဗျားတို့ သတိထားကြည့်ဦး…’
‘ ငတက်။ မင်းက ဘာကို ပြောချင်တာလဲ…’
‘ ခင်ဗျားတို့ စဉ်းစားကြည့်လေ။ ဒီအိုင်ကြီးနံဘေးပတ်ချာလည်မှာ ရွာပေါင်းခုနှစ်ရွာရှိတယ်။ မိကျောင်းဆွဲခံရတယ်ဆိုတာ ကျုပ်တို့တစ်ရွာထဲ။ ဆွဲခံရတဲ့လူတိုင်းကလည်း ကျုပ်တို့ရွာကချည်းပဲ။ ဒီတော့ မိကျောင်းက ကျုပ်တို့ရိုးကုန်းရွာတစ်ရွာထဲကို အငြိုးထားပြီး ဆွဲနေတာ သေချာတယ်…’
‘ အေး…မင်းပြောမှ ငါတို့လည်း တွေးမိတော့တယ်…’
‘ ကျုပ်အထင်ပြောရရင်တော့ လူပျိုကြီးမောင်မျိုးရဲ့ ဖြစ်စဉ်နဲ့ ပက်သက်နေမယ်ထင်တယ်…’
‘ ဟုတ်တယ် အဲ့ဒီ့ကောင် ကမ်းမှာလာတင်နေပြီး သတိပြန်ရလာတော့ မိေးကျာင်းကြီး မိကျောင်းကြီးဆိုပြီး အော်နေတာ…’
‘ ဟုတ္တယ္ဗ်။ ဆက်စပ်တွေးကြည့်မှ အဖြေကို ရေးရေးပေါ်လာပြီ။ ဆရာညိုတို့သုံးယောက်ကလည်း မောင်မျိုးဖြစ်တဲ့ညမှာပဲ ပျောက်သွားတာမဟုတ်လား…’
‘ အေး…ဟုတ်တယ်။ သူတို့တစ်တွေ မဟုတ္တာတစ္ခုခုကို လုပ်ခဲ့တာ သေချာတယ်။ ငါတို့တတွေ အကျိုးအကြောင်း ဂဃနဏသိရအောင် မောင်မျိုးကို မေးသင့်တယ်ထင်တယ်…’
‘ အို…အဲ့ဒီ့လို မေးလို့ ဘယ်ရမလဲဗျာ။ ဟိုလူကဖြင့် သတိပြန်လည်ကတည်းက ရူးသွားတဲ့ဥစ္စာ…’
ရွာသားတွေပြောသလိုပါပဲ။ မောင်မျိုးဟာ ဖြစ်စဉ်ဖြစ်ပြီး နောက်တစ်ရက်မှာ ကမ်းစပ်ဆီ သတိလစ်ရက်သား လာသောင်တင်နေခဲ့တယ်။
မောင်မျိုးသတိပြန်ရလာတော့ တောင်စဉ်ရေမရ စကားတွေကို ဗလုံးဗထွေးပြောဆိုနေတယ်။ မိကျောင်းကြီးဆိုတဲ့ စကားကို သွေးပျက်ခြောက်ခြားနေတဲ့ဟန်နဲ့ အတွင်တွင်ပြောတယ်။ ရွာကိုရောက်လာခဲ့တဲ့ ဆရာညိုတို့ ဆရာတပည့်သုံးယောက်ဟာလည်း အဲ့ဒီ့ညမွာပဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်။
‘ ဒါဆိုရင် ဒီကိစ္စအတွက် ဘယ်လိုလုပ်ကြမလဲ…’
‘ နတ်မိကျောင်းကြီးကျေနပ်အောင် တောင်းပန်တိုးလျှိုးပွဲ လုပ်ကြည့်ရင်ကော…’
‘ ကောင်းတယ် ဒီအစီအစဉ်ကောင်းတယ်…’
ရိုးကုန်းရွာသူရွာသားတွေဟာ နတ်မိကျောင်းကြီးကို တောင်းပန်တိုးလျှိုးပွဲလုပ်ဖို့ ချက်ချင်းကိုပဲ စီစဉ်ကြပါတော့တယ်။
******
‘ ဟဲ့…ငသူတော်…’
သူတော်တစ်ယောက် စေတီကလေးတစ်ဆူဆီက စောင်းတန်းဆီမှာ ဝင်ရောက်အိပ်ပျော်နေခဲ့ပါတယ်။
နားထဲကို တိုးဝင်လာတဲ့အသံကြောင့် သူတော်ရုတ်ခနဲ ငုတ်တုတ်ထထိုင်မိလိုက်တယ်။
‘ ဘိုးသိကြား…သူတော့်ကို အခေါ်ရှိတာလား…’
အရူးသူတော် တစ်ယောက် အိပ်မှုန်စုံမွှားနဲ့ ထကာ တောင်မြောက်ကြည့် ကြည့်ရင်း မေးမိတယ်။
‘ အေး…ဟုတ်တယ်…’
‘ ဘာခိုင်းမလို့လဲ ဘိုးသိကြား…’
‘ နင့်ကို အရှင်အဇ္ဇဂေါဏရဲ့ တောင်ဝှေးတော် လာငှါးပေးတာ…’
‘ အရှင်အဇ္ဇဂေါဏဆိုတာ ဟို…ဟို ရွှေမိုးငွေမိုးရွာစေတဲ့ ဆရာတော်လား…’
‘ အိမ်း…ဟုတ်ပေစွ…’
‘ ဟာ…ဒါ…ဒါဆို သူတော်က ရွှေဖြစ်ငွေဖြစ် ဖြစ်ပြီပေါ့။ ဟုတ္လား…ဘိုးသိကြား။ အမလေးလေး ငါသူတော်နတ်သားလေး ပျော်လိုက်တာနော်…’
သူတော်တစ်ယောက် ဝမ်းသာအားရနဲ့ လက်ခုပ်လက်ဝါးတီးပြီး ဟစ်အော်တယ်။
‘ ဟဲ့…ငသူတော်…’
‘ အဲ့…ပလုတ်တုတ်…’
ခေါင်းဆီကို ဒေါက်ခနဲ ခေါက်လာလို့ သူတော် ယောင်ယမ်းကာ အလန့်တကြား လှည့်မိတော့ ဘိုးသိကြားက သူ့အနောက်မှာ တောင်ဝှေးကိုင်လို့ ရပ်နေလေတယ်။
‘ အဲ…ဘိုးသိကြား။ သူတော်က အသံပဲ ရောက်လာတယ်ထင်လို့ ဟီး…ဟီး…’
‘ ငသူတော်။ နင် ပေါက်ကရတွေ အတော်ပြောနေတယ် ဟုတ်သလား…’
‘ အို…မဟုတ်ပါဘူး ဘိုးသိကြားရယ်။ အရှင်သူမြတ်ရဲ့ တောင်ဝှေးကို ရလို့ သူတော်ဝမ်းသာနေတာ…’
‘ ဟဲ့…ဝမ်းသာမနေနဲ့။ တောင်ဝှေးက နင့်ကို ခဏငှားတာ…’
‘ အယ်…’
သူတော် နားမလည်နိုင်ဖြစ်သွားပြီး မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခေါင်းကိုလည်း တဗျင်းဗျင်းကုတ်လိုက်တယ်။ ဘိုးသိကြားက…
‘ နင်သေချာနားထောင် သူတော်…’
‘ နားထောင်ပါပြီ ဘိုးသိကြား…’
‘ လွန်ခဲ့တဲ့ကာလတုန်းက မိကျောင်းအိုင်ဆီမှာ နတ်မိကျောင်းတစ်ကောင်ကို အရှင်သူမြတ်ဟာ ဆုံးမချေချွတ်ဖူးတယ်။ ဦးခေါင်းထဲက မျက်ရှင်လုံးကို ထိန်းချုပ်ပြီး နတ်မိကျောင်းကိုလည်း ရေအိုင်ထဲမှာ ကျောက်ရုပ်အဖြစ်ပြောင်းလဲပြီး ထားခဲ့တယ်။ အခုတော့ မသမာသူတို့ကြောင့် မျက်ရှင်လုံးက ရုန်းကြွပြီး နတ်မိကျောင်းဟာလည်း အသက်ပြန်ဝင်ပြီး အထိန်းအကွပ်မဲ့စွာ သောင်းကျန်းနေတယ်။ မသမာသူတို့ကတော့ မိကျောင်းကြောင့် ငရဲကို ရောက်ကုန်ပြီ။ မိကျောင်းကိုတော့ နင်သွားပြီး ထိန်းချုပ်ရမယ်။ အရှင်သူမြတ်ရဲ့ တောင်ဝှေးကို နင်သုံးပြီး နတ်မိကျောင်းကို နဂိုနေရာဆီပြန်ပို့ရမယ်။ လူအသေအပျောက် အတော်များနေပြီ။ နက်မြန်မြန်သွားကူညီပေးချေ…’
‘ နတ်မိကျောင်းဆိုတော့ သူတော်ကိုများ စားသွားမလားဟင်…’
သူတော် မျက်နှာငယ်လေးနဲ့ ရေရွတ်တယ်။
‘ ဟဲ့…ငသူတော်။ နင်က မသြားရဲဘူးလား။ ပြောတော့ နတ်သားလေး လုပ်ချင်တာပါဆို…’
‘ အဲ…ဟုတ်သားပဲ…ဟီ…ဟီ…’
‘ ဟီ…ဟီ…မနေနဲ့။ ရော့ တောင်ဝှေး။ နင်အခုပဲ သွားတော့…’
‘ သူတော် အခုသွားပါ့မယ်…’
သူတော်က တောင်ဝှေးကို လက်ခံယူတယ်။ ပြီးတော့ နေရာကနေ ထသွားတယ်။ ခြေလှမ်းသုံးလှမ်းလောက်ရောက်တော့ တန့်ခနဲရပ်သွားလေပြီး…။
‘ ဘိုးသိကြား…’
‘ ဟေလကွယ်…’
သူတော့်အခေါ်ကြောင့် ပြန်ဖို့ဟန်ပြင်နေတဲ့ ဘိုးသိကြားတန့်ခနဲ ဖြစ်သွားတယ်။
‘ သူတော်က ဘယ္ကိုသြားရမွာလဲ…’
‘ အဲ…ဟုတ်ပေသား။ ငါ မပြောရသေးဘူး…’
‘ မြန်မြန်ပြော ဘိုးသိကြားရယ်။ သူတော်နောက်ကျနေတော့မယ်…’
သူတော်က ပြန်ကွန့်တော့ ဘိုးသိကြား မျက်နှာမာမာနဲ့။
‘ မိကျောင်းအိုင်၊ ရိုးကုန်းဆိုတဲ့ရွာ။ ဒိကေန အရှေ့စူးစူးကို သွားချေတော့…’
‘ သွားပြီ ဘိုးသိကြားရေ…’
သူတော် ပြောပြီးတာနဲ့ အုန်းလက်မြင်းကိုခွစီး တောင်ဝှေးကိုမြှောက်ကိုင်ပြီး ပြေးထွက်သွားပါတော့တယ်။
******
မနက်ခင်း နေထွက်ချိန်…။
ရိုးကုန်းရွာကလူတွေ မိကျောင်းအိုင်ကြီးရဲ့ ကမ်းအစပ်ဆီမှာ စုဝေးရောက်ရှိနေကြတယ်။
လူသူတွေရဲ့ အလယ်မှာတော့ နတ်မိကျောင်းကို ကျွေးမွေးဖို့ နွားဖြူတစ်ကောင်ကို ကြိုးတုပ်ချည်နှောင်ထားလေတယ်။ ကမ်းနဖူးဆီမှာတော့ ကန့်တော့်ပွဲကိုးပွဲ ထိုးထားကြတယ်။
‘ အရှင်နတ်မိကျောင်းမင်း…ကျွန်ုပ်တို့ရွာသားက အရှင်နတ်မျကျောင်းအပေါ် အပြစ်ပြုမိထားပါတယ်။ ဒိအတြက္ကို ကန်တော့်ပွဲများနဲ့အတူ နွားဖြူတစ်ကောင်ဆက်သပြီး တောင်းပန်ဝန်ချအပ်ပါတယ်။ အပြစ်အားလုံးကို ခွင့်လွှတ်ပေးပါ…’
လူကြီးတစ်ယောက်က အရှေ့ထွက်ပြီး ကန်တော့်ပွဲကို မြှောက်လို့ အသံကျယ်ကျယ်နဲ့ ဟစ်အော်တိုင်တည်တယ်။ သူ့ရဲ့ တိုင်တည်မှုပြီးစီးလေတော့ နွားဖြူကို ရေထဲဆီကို တွန်းချကြလေတယ်။
နွားဖြူ ရေထဲရောက်ကာနီးအချိန် ရေပြင်ကြီးဆီမှာ အလွန်ကြီးမားတဲ့ ရေပွက်ကြီးတစ်ခု ဖြစ်ပေါ်လာတယ်။
‘ နတ်မိကျောင်းကြီး ပေါ်လာပြီဟေ့…နတ်မိကျောင်းကြီးပေါ်လာပြီ…’
‘ ခေါင်းဖြူဖြူကြီး။ အမေလး လှည်းဘီးလောက်ကိုကြီးပါလား…’
ဟစ်အော်သံတွေ ဆူညံကုန်ကြတယ်။
မိကျောင်းခေါင်းဖြူဖြူကြီးက ရေပြင်အထက်ဆီကို ထိုးတက်လာလေတယိ။
‘ ဟေ့…အားလုံးပဲ ရပ်ကြ။ ဆိုးသွမ်းနေတဲ့ မိကျောင်းကို ဆုံးမဖို့ ငါသူတော် နတ်သားလေး ရောက်လာပြီ…’
ကျယ်လောင်တဲ့ ဟစ်အော်သံနဲ့အတူ လူအုပ်ကြားထဲကနေ တောင်ဝှေးတစ်ချောင်းကို မြှောက်ပြီး ပြေးထွက်လာတဲ့သူရူးတစ်ယောက်။
သူရူးကြောင့် နွားဖြူကို တွန်းချနေသူတွေ ရပ်တန့်ပြီး ကြည့်လာကြတယ်။ ကမ်းအနားကို ရောက်နေပြီဖြစ်တဲ့ မိကျောင်းကြီးက နွားဖြူကို မစားရသေးတာမို့ ဒေါသထွက်ကာ အမြီးကြီးနဲ့ ရေပြင်ကို တဗြန်းဗြန်းရိုက်နေတယ်။ သူရူးကား ပြေးနေတာကို မရပ်။
တရှိန်ထိုးပဲ ပြေးရင်း ကမ်းနံဘေးကပ်နေတဲ့ မိကျောင်းကြီးရဲ့ ခေါင်းပေါ်ကို ခုန်တက်သွားတယ်။ သူရူးနဲ့ လက်ထဲက တောင်ဝှေးကို မြင်တော့ မိကျောင်းကြီးက အနောက်ဆုတ်ပြေးတယ်။
‘ ဟေ့…ဟေ့…ဒီလူ မိကျောင်းစားတာခံရတော့မှာပဲ…’
အကုန်လုံး ဝိုင်းအော်ကြပေမယ့် သူရူးက မိကျောင်းကြီးရဲ့ ခေါင်းအပေါ်ကို ရောက်သွားခဲ့တယ်။ ပြီးတော့ မိကျောင်းကြီးရဲ့ ခေါင်းကို တောင်ဝှေးထောက်ကာစိုက်ရင်း
‘ သင့်ကို ငါနိုင်ပြီ။ သင့်နေရာ သင်ပြန်။ အရှင်သူမြတ်ကိုယ်စား ငါသူတော်အမိန့်…’
လို့ဟစ်အော်လိုက်လေတယ်။
ဒီအခါမှာတော့ လှုပ်ရှားနေတဲ့ မိကျောင်းကြီးဟာ ရုတ်တရက် ကျောက်ရုပ်တစ်ရုပ်လိုပဲ တန့်ခနဲ ငြိမ်သက်သွားလေတယ်။ ပြီးတော့ ရေအောက်ဆီကို နစ်မြှုပ်လာလေတယ်။ သူရူးကတော့ မိကျောင်းကြီးခေါင်းထက်ဆီမှာ တောင်ဝှေးထောက်ရင်း မတ်မတ်ရပ်နေကာ မတုန်မလှုပ်နဲ့။
ကမ်းပေါ်က လူတွေကတော့ ထူးဆန်းတဲ့ မြင်ကွင်းကို အာမေဋိတ်သံတောင်မထွက်နိုင်တဲ့အထိ ပါးစပ်အဟောင်းသားနဲ့ ငေဲးည့်နေမိကြတယ်။
သိပ်မကြာလိုက်ခင်မှာပဲ မိကျောငိးကြီးကော သူရူးပါ ရေအောက်ဆီကို နစ်မြှုပ်လာခဲ့ပြီး ပျောက်ကွယ်သွားခဲ့ပါတော့တယ်။
အခုတော့ ရေပြင်ကြီးဟာ အခုနက ဘာမှမဖြစ်ခဲ့တဲ့အလား တည်ငြိမ်လို့။ လူအုပ်ကြီးကတော့ ဘာစကားမှမဆိုနိုင်လောက်အောင် ကြက်သေသေပြီး နှုတ်ဆိတ်နေမိကြတယ်။
‘ အို…ငါ့ရဲ့ သူငယ်ချင်းလေး။ ငါ့သူငယ်ချင်းလေး…သူ…သူ မိကျောင်းကြီးနဲ့ လိုက်သွားပြီ။ သူ့ကို မိကျောင်းကြီးက စားသွားပြီ အီး…ဟီး…ဟီး…’
ရုတ်တရက် ထွက်ပေါ်လာတဲ့ ငိုသံ။
ငိုသံနဲ့အတူ လူအုပ်ကြားထဲကနေ ကမ်းဘက်ဆီကို ယောက်ျားတစ်ယောက် အပြေးထွက်လာတယ်။
အဲ့ဒီ့သူဟာ လှည့်ဖျားခံရပြီး သွေးပျက်ဖွယ်ရာအဖြစ်အပျက်တွေကြောင့် ရူးနှမ်းသွားရသူ မောင်မျိုးကလွဲပြီး ဘယ်သူဖြစ်နိုင်ပါဦးမလဲ…။
ပြီးပါပြီ။