” နယ်နိမိတ်များ “(စ/ဆုံး)
———————-
ဒီရက်ပိုင်း ရန်ကုန်မှာ မိုးတွေ ဆက်တိုက်ရွာနေတာမို့ သူ စိတ်ညစ်နေမိတယ်။ ရန်ကုန်က တိုက်ခန်းတွေရဲ့ ထုံးစံအတိုင်း နေရောင်ကလည်း သိပ်မရတာမို့ ကလေးနှစ်ယောက် အဝတ်တွေက အခုထိ မခြောက်။ မီးပျက်နေတာမို့ မနက်စာကလည်း အခုထိ မကျက်သေး။ ချက်ပြုတ်လက်စ ဟင်းအိုးကို ဂက်စ်မီးဖိုပေါ် ပြောင်းတင်နေချိန် အငယ်ကောင်က သေးစိုလို့ ထငိုတယ်။
သားကြီးရေ ညီလေးနား သွားလိုက်ဦး။ ဘောင်းဘီချွတ်ထားပေး၊ အမေ အခုလာမယ်
ဟုတ် မေမေ
သူ့အမျိုးသား ကိုဇော် အိမ်မှာ ရှိနေတုန်းက ဒီလောက်ထိ ရုပ်ပျက်ဆင်းပျက် မနိုင်ခဲ့ဘူး။ သူ့အမျိုးသား ကိုဇော် က သင်္ဘောသားပါ။ အမျိုးသား သင်္ဘောတက်သွားတော့ ကလေးနှစ်ယောက် ကိစ္စ၊ အိမ်မှုကိစ္စတွေနဲ့ မနိုင်မနင်းဖြစ်ရတယ်။ သူ့အမျိုးသားနဲ့ Viber က video call ပြောကြတော့ အိမ်အကူတစ်ယောက်ထားဖို့ အကြံပေးတယ်။
မိန်းမကလည်းကွာ။ ငွေကပ်စေးနှဲ မနေနဲ့။ အကြီးကောင်က မူကြိုပို့ရ၊ ကြိုရမို့ အိမ်အကူတစ်ယောက် အမြန်ရှာလိုက်၊ ဒါမှ မိန်းမ သက်သာမှာပေါ့။ လှလှပပ နေစမ်းပါကွာ
အိမ်အကူ ရှာရတာ အရင်ခေတ်တွေလို မလွယ်ကူတော့ဘူး။ ပွဲစားတွေ ရှားလာသလို အလုပ်လုပ်လိုသူလည်း ရှားလာတယ်။ နိုင်ငံခြားကို အလုပ် ထွက်လုပ်သူတွေ ပိုများလာတာမို့ အလုပ်သမား ပိုရှားလာတာလို့ သူထင်မိတယ်။ ပွဲစား သုံးယောက်လောက် ဖုန်းဆက်မေးပေမယ့် လူမရှိသေးဘူးဘဲ ပြောကြတာနဲ့ Facebook အိမ်အကူရှာ Group တစ်ခုထဲ post တင်ရှာလိုက်မှ လူရှာလို့ ရတော့တယ်။ ဈေးနှုန်းတွေက အနည်းဆုံး နှစ်သိန်းခွဲကနေ ၅ သိန်းထိ ရှိတယ်။ လာဆက်သွယ်သူ ငါးယောက်ထဲက ဖုန်းနဲ့ အင်တာဗျူးရင်း အသက် ၄၀ နှစ်အရွယ် အစ်မ တစ်ယောက်ကို ရွေးလိုက်တယ်။ အိမ်ထောင်ကွဲ တစ်ခုလပ်မို့ အိမ်မှုကိစ္စတွေအပြင် ကလေးထိန်းတာပါ အဆင်ပြေဖို့ပါ။ အမျိုးသားကတော့ အဝေးကနေပဲ အကြံလှမ်းပေးတယ်။
မိန်းမရေ။ အခုခေတ်က ဘယ်သူ့မှ မယုံရဘူး။ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာတွေပါမှ လက်ခံနော်
ထောက်ခံစာ ဘယ်လောက်ပါပါ အိမ်ကနေ ပစ္စည်းခိုးပြီး ထွက်ပြေးသူ များစွာတွေ့နေရတာကို သူ့အမျိုးသားစိတ်ပူမှာစိုးလို့ မပြောဖြစ်ခဲ့ပါဘူး။
######
မိုးက တဖွဲဖွဲ ကျနေတယ်။ ပြတင်းပေါက်ကတစ်ဆင့် လေတွေ မိုးတွေ ပါလာတာမို့ ပြတင်းပေါက်ကို အမြန်ပိတ်ရတယ်။ မီးဖိုချောင်ထဲက ချက်လက်စ ကြက်သားဟင်းပူပူရဲ့ ဆီအနံ့က ဗိုက်ပိုဆာလာစေတယ်။ ဧည့်ခန်းထဲမှာ သားကြီးဖြစ်သူက အရုပ်တွေနဲ့ ကစားနေသံကို ကြားနေရတယ်။
မေမေရေ။ အိမ်ရှေ့ တံခါး လာခေါက်နေတယ်
အေးအေး မေမေ လာပြီ
မျက်နှာပေါ်က ချွေးစက်တွေကို သုတ်ရင်း အိမ်ရှေ့တံခါးဆီ ထွက်လာရတယ်။ အိမ်အကူ ဒီနေ့လာမယ်လို့ ကြိုတင်ပြောထားတာမို့ အိမ်အကူပဲ ဖြစ်မယ်လို့ တွေးမိတယ်။ တံခါးဝ မှန်ပြောင်းကနေ ကြည့်တော့ အသားညိုညို ခပ်ဝဝ သနပ်ခါးတွေ လိမ်းထားတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ရတယ်။ တံခါးပေါက် ဖွင့်လိုက်တယ်။
အစ်မ ဒါမဝင်းတို့အိမ်လား။ အိမ်အကူခေါ်ထားတာလေ။ ကျွန်မ မအေးပါ
ဟုတ်ပါတယ်
ခြေသံပြင်းပြင်းနဲ့ မအေးက ဝင်လာတယ်။ မအေးဆွဲလာတဲ့ အိတ်ကြီးကြောင့်မို့ ခြေသံတွေ ပိုပြင်းနေတာဖြစ်မယ်။ မအေး မျက်ဝန်းတွေကို လေ့လာတဲ့အခါ လူလိမ်လူလည်ပုံတော့ ပေါက်မနေခဲ့သလို ရိုးသားတဲ့ပုံလည်း ပေါက်မနေခဲ့ပါ။
ဖုန်းထဲမှာ ပြောထားတဲ့အတိုင်း ဒီအိမ်မှာက ညီမရယ် ကလေးနှစ်ယောက်ရယ်ပဲ ရှိတာပါ။ ထမင်းဟင်းချက်၊ အဝတ်လျှော်၊ အငယ်လေး ထိန်းရုံပါ
ဟုတ်ကဲ့ အစ်မ
ရပါတယ် ကျွန်မက အခု အသက် ၂၃ မို့ ညီမလို့ပဲခေါ်ပါ။ ကိုယ့်အိမ်လိုပဲ သဘောထားနော် အစ်မ
ဟုတ်ညီမ
မှတ်ပုံတင်နဲ့ ထောက်ခံစာတွေ ပါလား
ဟုတ်ပါပါတယ်
မအေးက အိတ်ထဲကနေဆွဲထုတ်ပြီးသူ့ကို ပေးတော့ သူ သေချာ စစ်ရတယ်။
လာ ဒါက အစ်မ နေရမယ့်နေရာပါ။
မအေးဟာ အိမ်ထောင် နှစ်ခါ ကျဖူးပြီး သားတစ်ယောက် သမီးတစ်ယောက်ရှိကြောင်းသိရတယ်။ ပထမအိမ်ထောင်က ဆုံးသွားပြီး ဒုတိယအိမ်ထောင်က အရက်သမားမို့ ကွဲသွားတာဖြစ်ကြောင်း သိရတယ်။ သားနဲ့ သမီးက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ကိုယ်စီ ကျနေပြီဖြစ်ကြောင်း သိရတယ်။
မောင်ရေ။ ဒါ မအေးတဲ့။
အစ်မရေ။ မောင့်ကို နှုတ်ဆက်လိုက်ပါဦး
မောင်နဲ့ video call ပြောရင်း မောင့်ကို မအေးနဲ့ မိတ်ဆက်ပေးရတယ်။
ကျွန်တော့် မိန်းမနဲ့ ကလေးတွေကို စောင့်ရှောက်ပေးပါဦးနော်အစ်မ။ ကိုယ့်အိမ်လို သဘောထားပါ
ဟုတ်ကဲ့ပါဆရာ။ စိတ်ချပါ။ ကျွန်မ အိမ်လို သဘောထားပါမယ်
######
မအေး ချက်ပြုတ်ထားတဲ့ ကြက်သားဟင်းကို စားကြည့်မိတယ်။
အစ်မ ဆားထည့်တာများတယ်။ နောက်ဆို ဆားပေါ့ပေါ့ ချက်ပေးနော်
ဟုတ်ကဲ့ ညီမ။ အစ်မက အငန်စားနေကျမို့ပါ။ နောက်တစ်ခါ သေချာ သတိထား ချက်ပါ့မယ်
အဝတ်လျှော်စက်ထဲ အင်္ကျီအဖြူတွေ ရောမလျှော်နဲ့နော်အစ်မ။ စွန်းတတ်လို့
ဟုတ်ကဲ့ညီမ။ အစ်မ သတိထားလိုက်ပါ့မယ်
မအေးက ပြောလွယ်ဆိုလွယ်မို့ ရောက်ပြီး ၃ လအတွင်း ဒီအိမ်က မအေးခြေ မအေးလက် ဖြစ်လာတယ်။ အစစအရာရာလည်း အားကိုးရတယ်။ ရောက်ခါစက ဈေးကို အတူ သွားကြပေမယ့် အခုဆို တစ်ယောက်တည်း လွှတ်ပြီး ဝယ်ခိုင်းလို့ရတယ်။ ငွေကြေးကိစ္စလည်း စိတ်ချရသလို အခုခေတ်ကလေးတွေကို တစ်ချိန်လုံး ဖုန်းပဲ ကြည့်မနေတာမို့ အလုပ် ပိုတွင်တယ်။ အလုပ်ကလည်း အများကြီး မရှိတာမို့ မအေးအတွက်လည်း အဆင်ပြေပါတယ်။ ထမင်းဟင်းစားတာလည်း မိသားစုလိုပဲ တစ်ဝိုင်းတည်း စားဖြစ်ကြတယ်။
သူ့အတွက် အစ်မတစ်ယောက် ရလိုက်သလို ခံစားရလို့ ကိုယ့်အစ်မရင်းလိုပဲ စိတ်ရင်းနဲ့ ဆက်ဆံမိတယ်။ မအေးရဲ့ ဒုတိယ အမျိုးသားက လူမဆန်စွာရက်စက်ရိုက်တတ်ပြီး မအေးမှာ စိတ်ဒဏ်ရာ တွေရှိတာသိရတယ်။ မောင်လို လူကောင်းလေးကို တန်ဖိုးထားဖို့ မအေးက အမြဲ ပြောတယ်။
အဲဒီလိုပြောချိန် မအေး မျက်လုံးတွေက အရောင်ပြောင်းနေတယ်။
####
သားလေးရေ အိပ်ပါတော့
သားငယ်က မအိပ်ဘဲ ည တစ်နာရီထိ ဂျီကျနေတာမို့ သားငယ်ကို ပွေ့ဖက်ပြီး လမ်းလျှောက်ရတယ်။ မအေးက နိုးလာပြီး ညီမ နားလိုက်ပါ၊ ကျွန်မ ချော့သိပ်လိုက်မယ်။” မအေးက ကလေးကို ပွေ့ချီပြီးယူကာ ချော့သိပ်တယ်။
မအေးက ကလေးကို ချော့သိပ်ရင်း နံရံက အိမ်ရှင်မိသားစုဓာတ်ပုံကြည့်ရင်း မျက်ရည်တွေ စီးကျနေတာကိုတော့ သူ မေးမိတယ်။
အစ်မ ဘာဖြစ်လို့လဲ
သားနဲ့ သမီးကို သတိရလို့ပါ။ နောက်ပြီး ဟိုလူယုတ်မာကောင် အကြောင်းပါ တွေးမိလို့
အဲဒီအချိန် မအေး မျက်လုံးတွေက ကြောင်စီစီနဲ့မို့ သူ ကြောက်မိတယ်။
#######
မောင်နဲ့ Video Call ပြောတဲ့အခါတိုင်း
မောင်က ဒီမိသားစုကို စောင့်ရှောက်ဖို့ မအေးကို မှာလေ့ရှိတယ်။ ဒါကိုပဲ အတည်ယူပြီး မအေးက
ဒီအိမ်မှာ အရေးကြီးဆုံးလူလို့ ကိုယ့်ကိုယ်ကို ခံယူလိုက်လို့လား။မအေးကို စည်းတစ်ခု သူတို့ မတားမိလို့လား။ နယ်နမိတ်တွေ မကန့်သတ်မိလို့လား။ ဒါမှမဟုတ် မအေးက ကိုယ်နေရမယ့်နေရာကို မေ့သွားပြီး စည်းကျော်တာလား။ တဖြည်းဖြည်းနဲ့ ဒီတိုက်ခန်းကို ရောက်ပြီး ငါးလအကြာ ဟင်းချက်ပြုတ်ရာမှာ ချက်ချင်သလို ချက်တော့တယ်။ သူပြောရင်လည်း အကြောင်းပြချက် မျိုးစုံ ပေးတယ်။
အစ်မရေ၊ ဒီဝက်သားဟင်းက အဆီတွေ
များတယ်နော်
ဟင် ညီမကလည်း ဝက်သားဆိုတာ အဆီများပြီး အိနေမှ စားလို့ကောင်းတာကိုး
တချို့အလုပ်တွေကိုလည်း အိမ်ရှင်ဖြစ်တဲ့ သူနဲ့ ယှဉ်ပြီး မနာလို ဖြစ်လာတာတွေ့ရတယ်။
သူ့ သားကြီးအတွက် ဟင်းချက်ပြီး အိုးကို ဆေးဖို့ ထားခဲ့စဉ်
ညီမ၊ ဒီအိုးက ဒီနေရာမှာ မဟုတ်ဘူး။ ဒီဘက်ထားရမှာလေ
မအေး လေသံက အေးစက်ပြီး မာနေသလို ကြည့်တဲ့ အကြည့်တွေက ဒီလောက်တောင် အသုံးမကျဘူးလားဆိုတဲ့ လှောင်တဲ့ အကြည့်မို့ သူ့ရင်ထဲ ဒေါသလှိုင်း ရိုက်ခတ်သွားမိတယ်။
ဘာဖြစ်လို့လဲ အစ်မ။ အဲ့အိုးက ရေဆေးရဦးမှာလေ။ အစ်မ ဆေးပြီး သိမ်းထားလိုက်ပါ
အေးပါအေ
မအေးက ရောက်ခါစကလို မဟုတ်တော့ဘူး။ စည်ပင်အမှိုက်ကန်နဲ့ တိုက်ခန်းက အနီးလေးမို့ နေ့စဉ် အမှိုက်ပစ်ရာကနေ ၃ ရက်တစ်ခါမှ အမှိုက်ပစ်တော့တယ်။
အစ်မ အမှိုက်တွေက နံနေပြီ။ နေ့စဉ် ပစ်ပါ
ပလတ်စတစ်အိတ်တွေ ဈေးကြီးနေတာ ချွေတာမှရမယ်ညီမ။ အခုခေတ် ကုန်ဈေးနှုန်းက မလွယ်ဘူး။ ညီမ အမျိုးသားက ပင်ပင်ပန်းပန်း ရှာဖွေနေရတာလေ
မအေး လွှင့်ပစ်ထားတဲ့ ပုပ်နေတဲ့ ဟင်းထမင်းနဲ့ ဟင်းရွက်နံ့က အိမ်နောက်ဖေးမှာ စွဲကျန်နေခဲ့တယ်။
တစ်ရက်တစ်ခေါက် အမှိုက် ပုံမှန်ပစ်ပါအစ်မ။ ပလပတ်စတစ်ဈေးထက် ကလေးတွေ ကျန်းမာရေးက ပို အရေးကြီးပါတယ်။ အမှိုက်ရှိရင် ခြင်တွေ၊ ယင်တွေ လာမယ်
အစ်မက စေတနာနဲ့ပြောတာပါ။ ပစ်ဆိုလည်း ပစ်ပါ့မယ်။ ညီမက အိမ်ရှင်ပဲလေ
မဲ့ကာရွဲ့ကာ မျက်နှာသေနဲ့ ပြောတဲ့ စကားတွေကြောင့် မအေးအကြောင်းကို သူ့အမျိုးသားနဲ့ ဖုန်းပြောရင်း တိုင်ပင်ဖြစ်တယ်။
မောင်ရေ။ မအေးက သူ့ကိုယ်သူ ဒီအိမ်က အိမ်ထောင်ဦးစီးထင်နေပုံရတယ်။ မောင်က ချစ်တို့သားအမိကို သူ့ဆီအပ်ထားတာပဲ ပြောနေတယ်။ သူ စောင့်ရှောက်ရမယ်တဲ့။ အဲဒါ မောင့်ကြောင့် ။အခု အဲဒီမိန်းမ အလုပ်လုပ်ပုံတွေက တကယ် အဆင်မပြေတော့ဘူး
ဟာကွာ။ မောင်နဲ့ ဘာဆိုင်လို့လဲ။ ဒီလိုပဲ စကားအဖြစ်ပြောရတာပေါ့။
ကိုယ်က ငွေပေးထားတာ သည်းခံစရာ မလိုဘူးနော်မိန်းမ။ အဆင်မပြေရင် အလုပ်ထုတ်ပြီး လူသစ်ရှာပါလို့ ပြောတယ်။
အလုပ်ထုတ်ရတာလွယ်ပေမယ့် လူသစ်ရှာဖို့ခက်ပြီး မအေးက အိမ်နဲ့ အသားကျနေပြီမို့ ဆက်ပြီး စောင့်ကြည့်ဖို့ သူဆုံးဖြတ်ထားတယ်။
######
မေမေရေ အန်တီအေးက သားအရုပ်တွေ သိမ်းနေတယ်
ကလေးကစားစရာတွေကို ပလတ်စတစ်အိတ်ထဲ အတင်းထိုးထည့်နေတယ်။ မအေးလက်မှာ ကပ်နေတဲ့ ပြင်းပြင်းရှရှ ဆပ်ပြာနံ့တွေက လေထဲမှာ ပျံ့နေတယ်။
ကစားပဲကစားနေပြီး စာမလုပ်လို့ သိမ်းနေတာညီမ။
ကလေးက ကစားချိန်ကစား၊ စာလုပ်ချိန် စာလုပ်၊ ကျွန်မ အချိန်သတ်မှတ်ထားပေးတာပဲ။ အခုက ကစားချိန်လေ။ ကလေး ကစားစရာ အရုပ်တွေ ဇွတ်ထိုးမထည့်ပါနဲ့။စျေးကြီးတယ်
ကလေးတွေ သိပ်အလို မလိုက်ပါနဲ့။ ပျက်စီးမယ်ညီမ
မအေး အခန်းတံခါးကို ဆွဲပိတ်လိုက်တဲ့ အသံက သူ့ခေါင်းထဲမှာ သံမဏိကြိုးတွေ ကျစ်သွားသလိုပဲ။ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ကလေးကိုပိုက်ပြီး ထိုင်နေတဲ့ သူ့ကျောကို အေးစက်တဲ့လေက ဓားနဲ့လာထိုးနေသလိုပဲ။ သူ့စိတ်ထဲ တစ်ခုခုဆုံးဖြတ်ချက်ချဖို့ တစ်ရာခိုင်နှုန်းပဲ ကျန်တယ်။
သူလည်း အိမ်သာတက်ချင်လို့ အိမ်သာတက်ဖို့နောက်ဖေး ထွက်ခဲ့လိုက်တယ်။
သားလေး မဆော့တော့နဲ့ အန်တီအေး အိပ်တော့မယ်။သားလည်း အိပ်တော့။ငါ့ကလေးတွေဆို ဆယ်ချက်လောက်ရိုက်ပြီးပြီ။ငါလည်း စိတ်ညစ်တယ်။ အမေရင်းကလည်း မပြောဘူး။ ငါသာ မရှိရင် မင်းတို့ ဘယ်လိုနေမလဲ။ ဒီအိမ်က ဇောက်ထိုးဖြစ်မယ် စည်းမရှိ ကမ်းမရှိ လို့ သူပြောလိုက်တဲ့ အသံက နံရံတွေကို ရိုက်ခတ်ပြီး အိမ်သာကထွက်လာတဲ့ သူ့နားထဲမှာ ကျောက်တုံးတွေ လှိမ့်ကျသလို ဝင်လာတယ်။
ရှင် ဘာပြောလိုက်တာလဲ
ပုခက်ထဲက ကလေးငိုသံကပါ ပေါင်းလိုက်တော့ ပိုပြီး စိတ်မချမ်းမြေ့စရာဖြစ်လာတယ်။ ကလေးကို ကောက်ချီပွေ့ထားရင်း သူ့လက်တွေက တုန်နေတယ်။ မအေး မျက်လုံးတွေကို ကြည့်လိုက်တဲ့အခါ ပကတိအေးစက်နေတယ်။ သူ့ လည်ချောင်းထဲမှာ ပူလောင်တဲ့ ကျောက်တုံးကြီးတစ်ခု ပိတ်နေသလို ခံစားရတယ်။
လာရောက်နေထိုင်ခဲ့တဲ့ ကာလအတွက် ကျေးဇူးတင်ပါတယ်… ဒါပေမယ့် မနက်ဖြန်မနက်ကစပြီး…
####
နောက်နေ့ မနက်ခင်းမှာတော့ မအေးရဲ့ ခရီးဆောင်အိတ်ကြီးက တံခါးဘေးမှာ ရောက်နေပြီ။ ပြတင်းပေါက်ကနေ နေရောင်ခြည်က ဖြာကျလာပြီး သူ့ မျက်နှာပေါ်က မှိုင်နေတဲ့အရိပ်ကို ထိုးဖောက်သွားတယ်။
မအေး ထွက်သွားချိန် အိမ်ထဲကို လေအေးတွေ ဝင်လာတယ်။ မနက်စာအတွက် ကြက်ဥကြော်နံ့က မီးဖိုပေါ်မှာ ပြန်လည်နွေးထွေးလာတယ်။ သူကိုယ်တိုင် ဖျော်သောက်လိုက်တဲ့ ကော်ဖီရဲ့ ခါးသက်မှုကို လျှာဖျားမှာ ခံစားရတယ်။ ဒီခါးသက်မှုဟာ လွတ်လပ်မှုရဲ့ အစပဲဆိုတာ၊ ချိုမြိန်မှုနဲ့ ပေါင်းစပ်နေတာ နားလည်လာတယ်။ ကလေးငယ်ရဲ့ လက်ဖဝါးလေးက သူ့ပါးကို လာထိတယ်။ နွေးထွေးတဲ့ အထိအတွေ့က သူ့ မျက်ဝန်းထောင့်က မျက်ရည်တွေကို အငွေ့ပျံသွားစေတယ်။
သားကြီး အရုပ်တွေက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတယ်။ ကစားနေတဲ့ အသံက အိမ်ကို လွှမ်းသွားတယ်။ ကလေးရဲ့ ရယ်သံတွေက မအေး ခြေသံမရှိတော့တဲ့ ဒီအိမ်လေးကို ပြန်အသက်ဝင်လာစေတယ်။ လေအေးလေးက ပြတင်းပေါက်ကနေ ဝင်လာပြီး သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ကလေးရဲ့ မျက်နှာလေးကို ဖြတ်တိုက်သွားတယ်။ နောက်လူသစ်လာတဲ့အခါ နယ်နမိတ်အတိအကျထားဖို့တော့ သူဆုံးဖြတ်လိုက်တယ်။
#ဟမ်စိုင်း (ဆေး-မန်း)
8-6-25