နာမည်ခေါ်တိုင်းမထူးနဲ့

Posted on

နာမည်ခေါ်တိုင်းမထူးနဲ့(စ/ဆုံး)

——————————-

ဆောင်းဝင်ပြီ ဖြစ်၍ အနောက်ရိုးမ တစ်ခွင် နှင်းငွေ့လေးများ လွှမ်းခြုံကာ မှုန်မှိုင်းအုံ့ဆိုင်းကာ အအေးဓာတ်များကသာ လွှမ်းခြုံနေလေသည်။ရိုးမတောင်ခြေရှိ ညောင်စောက်ရွာလေးသည်ကား အတန်အသင့် စည်ကားသော ရွာလေးတစ်ရွာပင်ဖြစ်သည် ။မောင်ဇော်၊ထွန်းဝင်းနှင့် မင်းသိန်းတို့သည် အလွန်ချစ်ကြသော သူငယ်ချင်းများဖြစ်ကြသည်။တောသူတောင်သားများ ဖြစ်ကြသည့်အလျောက် တောပစ်ထွက်၍ ချိုး၊ခါ၊ယုန်၊ဖွတ်၊ပတတ်၊ရှဉ့်၊မြွေ မကျန်ရလေအောင် လေးခွကိုယ်စီ နှင့် တွေ့သမျှ အကောင် ပစ်ကာ ဟင်းစား ရှာခြင်း အလုပ်၌လည်း ဝါသနာကြီးလေ၏။

တနေ့သ၌ သူငယ်ချင်း သုံးယောက် လေးခွ ကိုယ်စီနှင့် တောပစ်ထွက်ခဲ့ကြသည်။ထိုနေ့သည်ကား ရိုးမတောင်ခြေတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေကာ ကျေးငှက်တိရိစ္ဆာန် အသံများပင် မကြားရချေ။နေ့လည်ခင်း တစ်ခုလုံး မည်သည့်အကောင်မျှပင်မရသဖြင့် သုံးယောက်သား စိတ်ညစ်နေသည်။

“ဒီနေ့မှကွာ ငှက်တွေကလည်း ဘယ်နား သွားသေနေကြလည်း မသိပါဘူး တခြားအကောင်ပလောင်တွေလည်း မတွေ့ဘူးကွာ မောတာပဲ အဖတ်တင်တယ်´´

“အေးလေကွာ အိမ်အပြန် တော့ တောသားတောင်သား မစား ရတော့ဘူး ကွာ ငတ်ပါပြီ ဟူးး´´

သုံးယောက်သား တဗျစ်တောက်တောက် ပြောရင်း သစ်ပင်ကြီး တစ်ပင်အောက်တွင် ထိုင်ကာ အမောဖြေနေလေကြသည်။ထိုစဉ် သစ်ရွက်ခြောက်များပေါ်တွင် ရှပ်တိုက်ကာ ပြေးလွှားလာသည် အသံများကိုကြားလိုက်ရသည်။

“ရှပ် ရှပ် ရှလျော ဖြော ဖြော ဖြော´´

သုံးယောက်သား ကြားလိုက်ရသည့် အသံများကြောင့် ဘေးပတ်ဝန်းကျင်သို့ ပြူးပြူးပြာပြာဖြင့် မျက်စိ ကစားကာ ကြည့်လိုက်ရသည်။ပထမဆုံးလှမ်းမြင်လိုက်သူက မင်းသိန်းပင်ဖြစ်သည်။

“ဟာ ဟကောင်တွေ ဟိုမှာ ဖွတ်ကြီးဟ အကြီးကြီးပဲ´´

မင်းသိန်းမှ ထိုသို့ အားပါးတရ ထအော်လိုက်ရာ ကျန်နှစ်ကောင်မှ ပြာပြာသလဲ မေးကာ ကြည့်လိုက်သည်။တွေ့လိုက်ပါပြီ ဖွတ်ကြီး ကားယားကားယားနှင့် သွားနေသည်။

“ဘာလုပ်နေတာလဲဟ လိုက်ကြမယ်လေ ထလေ လာလာ´´

မင်းသိန်းမှ လော်ဆော်ကာ မောင်ဇော်နှင့် ထွန်းဝင်းတို့သည် ထိုင်နေရာမှ ကသုတ်ကရက်ထကာ ထိုဖွတ်နောက်သို့လိုက်တော့သည်။အောက်ခြေ အနည်းငယ်ရှုပ်နေသော ခြုံများကြားသို့ ဖြတ်ကာ ပြေးသွားသဖြင့် လေးခွဖြင့် ပစ်ရန်လည်း အခွင့်အရေး မသာခဲ့ပေ။ထိုသို့ပြေးရင်း လိုက်ရင်းဖြင့် ညောင်ကြပ်ပင်ကြီး အခြေရှိ တောင်ပို့ တစ်ခု၏ အပေါက်ထဲသို့ ထိုဖွတ်ကြီးပြေးဝင်သွားလေသည်။

“ဟာ ဟိုမှာဟေ့ တောက်ပို့ထဲ ဝင်သွားပြီးဟ သွားပါပြီကွာ´´

ငြီးငြီးငြူငြူဖြင့် မင်းသိန်းကပြောလိုက်သည်။ထွန်းဝင်းကလည်း

“ဟုတ်ပါ့ကွာ နည်းတဲ့ အကောင်ကြီးမဟုတ်ဘူးကွ တူးစရာ လက်နက် ငါရွာပြန်ယူ မယ်ကွာ မင်းတို့နှစ်ယောက် တောင်ပို့နားက စောင့်နေကွာ´´

မောင်ဇော်က ပတ်ဝန်းကျင်အခြေအနေကို သေချာလှည့်ပတ်ကြည့်ရှု ကာပြောလိုက်သည်။

“နေအုံးကွ ဒီတောင်ပို့နားလေးတစ်ဝိုက်က မြေက အမှိုက်တစ်စမှ မရှိဘူး လှည်းထားသလို ပြောင်ရှင်းနေတာပဲ ရွာထဲက လူကြီးတွေပြောတာကြားဖူးတယ်ဟ တောထဲတောင်ထဲ အမှိုက်တွေ ရှုပ်ပွနေတဲ့ နေရာတွေမှာ အမှိုက်တစ်စမှ မရှိပဲ တလင်းပြောင်လိုဖြစ်နေတဲ့ နေရာတစ်ဝိုက် မှာ ကျတ် တွေနေတတ်တယ်တဲ့ဟ တောင်ပို့ကလည်း တော်တော်ကြီးတာကွ မတူးတာ ကောင်းမယ်ထင်တယ်နော်´´

“ဟာ ငဇော်ကလည်းကွာ ဒီလောက်အကောင်ကြီးတွေ့နေမှ မဖမ်းဘဲ မနေနိုင်တော့ဘူးကွာ ညကြရင် ကင်စားလိုက်လို့ရတော့ သွားထွန်းဝင်း ရွာအမြန်ပြန်ပြီး တူးစရာ လက်နက်တွေ ပြန်ယူလာခဲ့ ငါနဲ့မောင်ဇော် တောင်ပို့နားကပဲ ထိုင်ပြီးစောင့်နေမယ် အကောင်ပြန်ထွက်လာ မလား ကြည့်ထား မယ် ဟားဟား´´

“အေးပါကွာ ဟုတ်ပါပြီ ငါပဲပြန်ပြေးယူလိုက်မယ် မင်းတို့သာ သေချာ စောင့်ကြည့်ထား´´

ပြောပြောဆိုဆိုဖြင့် ပုဆိုးကွင်းသိုင်းကာ ထွန်းဝင်းတစ်ယောက် ရွာသို့ သုတ်ခြေတင်ကာ ပြေးလေတော့သည်။မောင်ဇော်နှင့်မင်းသိန်းလည်း တောင်ပို့အနားတွင် ငုတ်တုတ်ထိုင်ကာ ဖွတ်ပြန်ထွက်အလာကို မျက်စိလျင်လျင်ထားကာ စောင့်ကြည့်နေလေသည်။မောင်ဇော်သည်ကား သူငယ်ချင်းများကို ပြောမရ၍သာ ရင်ထဲတွင်မတော့ တစုံတခုကို စိုးရိမ်ထိန့်လန့်၍ နေလေတော့သည်။အချိန်အားဖြင့် ၄၅မိနစ်ခန့်အကြာတွင်မူ ထွန်းဝင်းသည် တူးဆွစရာ လက်နက်များကို ယူကာ ပြန်ရောက်လာသည်။

“ဟောဟဲ ဟောဟဲ မောလိုက်တာကွာ သုတ်ခြေတင်ပြေးလိုက် တာ အခြေအနေ ဘယ်လိုလဲ တွင်းထဲမှာပဲလား မင်းတို့နှစ်ကောင်တူးကွာ ငါတော့ မောနေပြီ ´´

ပြောပြောဆိုဆိုပင် ထွန်းဝင်းသည် မြေပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်လေသည်။မောင်ဇော်နှင့်မင်းသိန်းလည်း တူးရွင်း ကိုယ်စီကိုင်ကာ တောင့်ပို့အား စတင်တူးလေတော့သည်။

“ဒုတ် ဒုတ် ဖြော ဖြော ´´

တူးရင်းဖြင့် တောင်ပို့ထဲမှ လူသံများကို မောင်ဇော်ကြားလိုက်ရသည်။

“အား ကယ်ကြပါ မလုပ်ပါနဲ့ မဖြိုပါနဲ့ ငါတို့ နေတဲ့နေရာကို မဖျက်စီးပါနဲ့ ငါတို့တားနေတာ ဆက်တူးရင် မင်းတို့ တန်ပြန်ခံစား ရမယ်နော်´´

စသည်ဖြင့်အော်ဟစ်နေသံများသည် မောင်ဇော်နား
ထဲသို့ အလုအယက် တိုးဝင်လာသည်နှင့်တပြိုင်နက် ခြေလက်များကတုန်ကယင်ဖြစ်ကာ ကြောက်ရွံ့စိတ်များ ဖြစ်လာသည်။

“ဟေ့ ကောင်တွေ ကြားလား လူသံတွေကို စကားပြောနေကြတာ ဆက်မတူးရင်ကောင်း မယ်´´

မောင်ဇော်က အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ ထွန်းဝင်းမှ

“ဟာ ငါထိုင်နေတာ ဘာသံမှ မကြားရပါဘူးကွာ ဒီကောင်အခုမှ အူကြောင်ကြောင်နဲ့ ဘာဖြစ်နေတာလဲ မသိပါဘူး ဖယ် ဖယ်ကွာ မင်းဆက်မတူးရဲရင် ငါတူးမယ်´´

ထွန်းဝင်းလည်း မောင်ဇော်ဆီမှ တူးရွင်းအား ဆွဲယူကာ ဆက်တူးနေသည်။အချိန်ခဏအကြာတွင် ဂလိုင်တခုထဲတွင် ပုန်းနေသော ဖွတ်ကြီးအားတွေ့လိုက်ရသဖြင့်ဖမ်းကာ ရွာသို့ပြန်လာခဲ့ကြသည်။မောင်ဇော်ခမျာမတော့ နောက်ကြောင်းပြန်လှည့်ကြည့်လှည့်ကြည့်နှင့် ကျောမလုံဖြစ်နေတော့သည်။

ထိုနေ့ည၉ နာရီအချိန်ခန့်တွင်ဖြစ်သည်။ လမိုက်ညမို့ ပတ်ဝန်းကျင်တစ်ခွင်လုံး မှောင်မဲနေတော့သည်။ရွာထဲတွင်လည်း ဆီးမီးခွက်အလင်းရောင် လေးများကသာ ဟိုတစ်စ သည်တစ်စ မှိတ်တုတ် မှိတ်တုတ်လင်းနေသည်။ ထိုစဉ် ရွာလယ်လမ်းမကြီးအတိုင်း လှည်းတစ်စီးမောင်းနှင်လာ သံသည် တိတ်ဆိတ်နေသော ညဦးယံ ကို ဖောက်ထွက်ကာ ကြားလိုက်ကြရသည်။

“ဟဲ့ နွား တယ် ဒီနွားနှယ် တောက် ´´

“ကျွီ ကျွီ ကျီ အီ အီ ´´

ပျင်းရိငြီးငွေ့ ဖွယ်ရာ ကောင်းသော တကျွီကျွီ တအီအီနှင့် နွားလှည်းဝင်းရိုးမြည်သံသည် မင်းသိန်းတို့ အိမ်ရှေ့ အရောက်တွင် ရပ်သွားသည်ကို ကြားလိုက်ရသည်။

“မင်းသိန်းရေ ဟေးး မင်းသိန်း ´´

“ဟေ ဘယ်သူတွေလဲဟ´´

“ငါတို့ပါကွာ အရေးကြီးလို့ ခနလိုက်ခဲ့ပါအုံးကွ´´

“အေး လာပြီလာပြီလေ´´

မင်းသိန်းလည်း အိပ်ယာထက်လှဲ နေရာမှ ထကာ မည်သူမည်ဝါ ဆက်မမေးတော့ပဲ အိမ်အပြင်အမှောင်ထု ထဲသို့ ထွက်သွားလေတော့သည်။

မကြာမှီပင် လှည်းမောင်းသံများ ပြန်လည်ထွက်ပေါ်လာ တကျွီကျွီဖြင့် မောင်းနှင်သွားလေသည်။တဖန်ထိုလှည်းသံသည် ထွန်းဝင်းတို့ လမ်းဖက်ဆီသို့ ဦးတည်မောင်းသွားသံကို ကြားလိုက်ရပြန်သည်။

“ထွန်းဝင်းရေ ထွန်းဝင်း ငါတို့နဲ့လိုက်ခဲ့ပါအုံး´´

“ဟေ ဘယ်သူတုန်း အေးအေး လာပြီ လာပြီ´´

ထွန်းဝင်းလည်း ရင်းနှီးသည့်အသံဟုထင်ကာ ကပြာကယာ ထလိုက်သွားပြန်သည်။အမှောင်ထုထဲတွင် အတန်ကြာငိမ်သက်နေပြီး တဖန် နွားငေါက်သံများ လှည်းဝင်ရိုးသံများ ပြန်ထွက်ပေါ်လာကာ ရွာလမ်းမကြီးတိုင်း ထွက်သွားပြန်လေသည်။

“ဣိတိပိသော ဘဂဝါ အရဟံ သမ္မာသဗ္ဗုတော´´

မောင်ဇော်တစ်ယောက် ဖခင်ဖြစ်သူ ဘုရားရှိခိုးနေသဖြင့် အနားတွင်ထိုင်ကာ ခြင်မကိုက်စေရန် ယပ်တောင်တစ်ချောင်းဖြင့် ယပ်ခတ်ပေးနေသည်။ထိုစဉ်လှည်းတစ်စီး အိမ်ရှေ့လာရပ်သံကို ကြားလိုက်ရသည်။ထို့နောက်တဆက်တည်းဆိုသလိုပင်

“မောင်ဇော်ရေ မောင်ဇော် ဟေ့ မောင်ဇော်ရေ´´

အိမ်ရှေ့မှ နာမည်ခေါ်သံကို မောင်ဇော်ကြားလိုက်ရသည်။သို့သော် ဖခင် ဖြစ်သူ ဘုရားရှိခိုးနေ၍ အနှောင့်အယှက်ဖြစ်မှာစိုးသောကြောင့် ပြန်မထူးပဲ ငြိမ်နေလိုက်သည်။ဖခင်ဖြစ်သူ၏ ဘုရားရှိခိုးသံသည် အိမ်ထဲမှ တဆင့်အိမ်အပြင်သို့ လျှံထွက်သွားလေသည်။

“မောင်ဇော် မောင် ´´

“ဟာ ဟေ့ မခေါ်တော့နဲ့ တော်တော့ တော်တော့ ဒီအိမ်က ဘုရားတရားလုပ်နေတာ အနှောင့်အယှက်ပေးလို့မရဘူး မဟုတ်ရင် ငါတို့ ဒီထက်ကြီးလေးတဲ့ပြစ်ဒဏ် ခံရလိမ့်မယ် ထားလိုက် တော့ ပြန်မယ် မြန်မြန်မောင်း´´

စကားပြောသံများအဆုံးတွင် လှည်းမောင်းသံများကြားလိုက်ရကာ ရွာအပြင်ဖက်ဆီသို့ တကျီကျီဖြင့် ထွက်သွားလေတော့သည်။

မနက်မိုးသောက် အာရုံတက်တွင် တရွာလုံးဆူဆူညံညံနှင့် ပွက်လောရိုက်စေသော သတင်းတစ်ပုဒ်ကြားလိုက်ရသည်။မင်းသိန်းနှင့် ထွန်းဝင်းတို့၏ မိဘများသည် ၎င်းတို့ ၏သားများကို ညက လှည်းတစ်စီးနှင့် လူများလာရောက်ခေါ်ဆောင်သွားပြီး ညကလည်း ပြန်မအိပ်သဖြင့် သူငယ်ချင်း အပေါင်းအသင်းများထံတွင် အိပ်နေသည်ဟုထင်ကာ မနက်မှပြန်မလာသဖြင့် လိုက်ရှာရာ မတွေ့သောကြောင့် အကျိုးအကြောင်းသိရှိရန် မောင်ဇော်ထံသို့ လာမေးကြသည်။

“မောင်ဇော်ရှိလား မောင်ဇော်´´

“ဟုတ်ကဲ့ ရှိပါတယ်ဗျ ဘာဖြစ်လို့လဲ ဦးလေးတို့ အိမ်ထဲဝင်ခဲ့ကြလေ´´

“အေးအေး မနေ့ညက မင်းသူငယ်ချင်း နှစ်ယောက်ကို နွားလှည်းတစ်စီးနဲ့ လူတွေလာခေါ်တာ အမှောင်ထဲဆိုတော့ ဘယ်သူ ဘယ်ဝါရယ်တော့ မသိလိုက်ဘူး သူတို့နာမည်အော်ခေါ်တာနဲ့ ထလိုက်သွားတာ ညကလည်းပြန်မအိပ်ဘူး သူငယ်ချင်း အိမ်တွေများအိပ်နေတာလား ဆိုပြီး မနက်ခင်းကျ လိုက်ရှာတာလည်း ဘယ်မှ မတွေ့လို့ မင်းဆီ လာမေးတာ´´

“ဗျာ ဘယ်ဘယ်လို လှည်းတစ်စီးနဲ့ လူတွေ လာခေါ်တယ်ဟုတ်လား ညကကျတော့်ဆီလည်း လာပြီခေါ်တယ်ဗျ ကျတော်က အဖေ ခြင်မကိုက်အောင် ယပ်ခတ်ပေးနေတာရယ် ပြန်ထူးလိုက်ရင် အဖေ ဘုရားရှိခိုးနေတာ အနှောင့်အယှက် ဖြစ်မှာစိုးလို့ မထူးပဲနေလိုက်တာ ပြီးတော့ပြောသေးတယ် ဒီအိမ်က ဘုရားရှိခိုးနေတာ ငါတို့နှောင့်ယှက်လို့မရဘူး သွားရအောင်ဆိုပြီး ပြောထွက်သွားတာပဲ´´

“နေပါအုံး ဒါသွေးရိုးသားရိုး မဟုတ်ဘူးကွ မနေ့ကမင်းတို့ တောလည်သွားတာ ဘာအမှားတွေများလုပ်ခဲ့ကြလဲဟေ´

“မနေ့က တောထဲဖွတ်လိုက်တာ မြေပြောင်ပြောင်လေးမှာရှိတဲ့ တောင်ပို့ထဲဝင်ပြေးတာ တူးပြီးဖမ်းလာတာပဲရှိတယ် နေအုံးဗျ တူးတုန်းကတော့ တောက်ခေါက်သံတွေ အော်သံတွေကြားရတယ်ဗျ´´

“ဟင် ဟာ ဟို ဗျာခက်ကုန်ပြီနဲ့တူးပါတယ်ဗျာ´´ လူကြီးများဆီမှ တယောက်တစ်ပေါက် အော်သံများထွက်လာသည်။

“ဖြစ်နိုင်တာက ကျတ်ကုန်းကို သွားဖျက်မိပြီနဲ့တူတယ် ဘယ်နားမှာလဲ လာလာအချိန်မှီမလား လိုက်ရအောင်´´

ရွာလူကြီးများ ဦးဆောင်၍ ကာလသား များစုပေါင်းကာ ကျတ်ကုန်းရှိရာသို့ ထွက်ခဲ့ကြတော့သည်။

“ ဟာ ဟိုးမှာ လူနှစ်ယောက်လဲနေတယ် မြန်မြန်သွားကြည့်ကြရအောင်´´

“မင်းသိန်းနဲ့ ထွန်းဝင်းပါလား မျက်လုံးတွေကလဲ ပြူးလို့ ဟာအသက်မရှိတော့ပါလား´´

“ကဲ မထူးဘူး သယ်ခဲ့ကြတော့ကွာ နှစ်ယောက်လုံးကို´´

“မောင်ဇော် မင်းတို့တွေတောထဲမှာ အချင်း ချင်းနာမည်တွေ ဘာတွေခေါ်ပြီးပြောမိကြသလားကွဟေ´´

“ဟုတ်ပါတယ်ဗျ ကျတော်တို့ အချင်းချင်း နာမည်ခေါ်ပြီး ပြောမိကြတယ်ဗျ´´

“အေး သေချာပါပြီကွာ ကျတ်တွေက သူတို့နေရာကိုဖျက်စီးလို့ မကျေနပ်ပါဘူးဆို မင်းတို့က နာမည်တွေ ခေါ်ပြီးပြောနေတာကို မှတ်ထားပြီး ရွာပြန်ရောက်တာ တောင် နောက်ကနေလိုက်ပြီး နာမည်ခေါ်ပြီး ဝိညာဉ်နှုတ်သွားတာပဲ မောင်ဇော်ရေ မင်းတောင်ကံကောင်းလို့ မင်းအဖေ ဘုရားရှိခိုးနေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားလို့သက်သာသွားတာ နောက်ဆိုမှတ်ထား တောထဲတောင်ထဲ နာမည်ခေါ်ပြီး စကားမပြောနဲ့ကွဲ့ ပြီးတော့ ညဖက်ဆို ကိုယ့်နာမည်ခေါ်တိုင်း ဘယ်သူဘယ်ဝါမှန်း မသေချာပဲနဲ့ မထူးနဲ့ကွယ့် မြဲမြဲမှတ်ထားကြ´´

“ဟုတ်ကဲ့´´

အပြန်လမ်းတစ်လျှောက် လူကြီးများ၏ မှတ်သားဖွယ်ရာ ဆုံးမစကားများနားထောင်ရင်းဖြင့် မဆင်ခြင်မိသော အမှား တစ်ခုကြောင့် သူငယ်ချင်းများအသက်ဆုံးရခြင်းကို စဉ်းစားရင်း ဝမ်းနည်းပက်လက်ဖြင့် ခေါင်းင်ိုက်စိုက်ချကာ ရွာသို့ ပြန်ခဲ့လေတော့သတည်း။

ပြီးပါပြီ