“နံပါတ်စဥ်”(စ/ဆုံး)
————————
ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တစ်ပုဒ်လောက် ပြောပြချင်ပါတယ်။ဇာတ်ကောင်တွေကို နစ်နာစေလိုစိတ် မရှိပေမယ့် စာဖတ်သူတွေလဲ ဒီစာလေး ဖတ်ပြီး ဆင်ခြင်နိုင်ကြစေဖို့ပါ။
အိမ်နားက မိသားစု အကြောင်းပေါ့။သူတို့က အိမ်ငှားတွေပါ။နယ်က တက်လာတယ်။
ယောက်ျားက ကုန်ကားမောင်းတယ်။သားလေး တစ်ယောက်လဲရှိတယ်။
သူတို့ သားလေးက အိမ်က သမီးနဲ့ ရွယ်တူဆိုတော့လဲ အနေကြာလာတော့ ကလေး နှစ်ယောက်က သိပ်ခင်ကြတဲ့ သူငယ်ချင်းတွေပေါ့။
ကလေး အမေက ခပ်ငယ်ငယ်ဆိုပေမယ့် ကလေး အဖေကတော့ အသက် ပိုကြီးတယ်လေ။ကောင်မလေးက အနေ အထိုင် မတတ်သူလို့ မိန်းမချင်း မြင်မိပေမယ့်လဲ စိတ်ရင်းကောင်းပြီး ဖော်ရွှေတဲ့ မိန်းကလေးပါ။
သူမက အသုံးအဖြုန်းကြီးတယ်။ခင်ပွန်းကလဲ အမြဲ ခရီးထွက်နေတဲ့ သူဆိုတော့ ကောင်မလေးက Tik Tok ဆော့ရင်းက ဘယ်လို စိတ်ကူး ရသွားလဲ မသိဘူး။ကလေးကို ထားခဲ့ပြီး ရုတ်တရက် ထွက်သွားခဲ့တယ်။
ကလေးအဖေက ကလေးကို လာခေါ်သွားပြီး သူ့မိဘ အိမ်မှာပဲ သွားပို့ ထားတယ်လို့ ကြားမိတာပဲ။
သတင်းကြားရသလောက် ကောင်မလေးကို တခြား ကောင်လေး တစ်ယောက်နဲ့ တနေရာမှာ တွေ့တဲ့ အကြောင်း ဟိုလူကလာပြော၊ဒီလူက လာပြောပေါ့လေ။ကိုယ့်မျက်စိနဲ့တော့ တပ်အပ် မမြင်မိပါဘူး။
ဒီလိုနဲ့ တစ်နှစ်လောက် ကြာပြီးနောက် သူတို့ မိသားစု ပြန်ပြောင်းလာကြတယ်။
ပြောင်းလာခါစက နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင်ပါပဲ။သူတို့သားလေးက ၅နှစ် ပြည့်ပြီဆိုတော့ အနားက ကျောင်းမှာပဲ ကျောင်းထားကြတယ်လေ။
ကိုယ်က ရင်းနှီးပြီးသား လူဆိုတော့လဲ ကလေးက မိဘ နှစ်ပါးနဲ့ အတူ ပြန်နေခွင့်ရလို့ ပျော်နေပေမယ့် သူတို့ ဇနီးမောင်နှံရဲ့ ပျော်ရွှင်နေတဲ့ ပုံစံကို မြင်ရတာလေ စိတ်ထဲ မပါပဲ တစ်ဦးနဲ့တစ်ဦး ဟန်ဆောင်နေကြသလိုပါပဲ။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ လင်မယားတွေ ရန်ဖြစ်ကြပါရော။ကလေးအဖေက တစ်ပတ် တခါ ပြန်လာတယ်။ပြန်လာတိုင်း ရန်ဖြစ်ကြတယ်။
ရန်ဖြစ်တိုင်းလဲ တစ်ယောက်နဲ့တစ်ယောက် ထုရိုက်ကြတော့ ကလေးက ကြားထဲမှာ လိပ်ပြာလွင့်မတတ် ငိုနေရှာတာပေါ့။
အဲ့လို ဖြစ်ကြတိုင်း ကိုယ်တွေမှာ မနေနိုင်ပဲ ပြေးဆွဲရ။တားရ။ဖြောင်းဖျရ။ကလေးကို ချော့ရနဲ့။
သူတို့က အငယ်။ကိုယ်က အကြီးဆိုတော့လဲ မောင်ငယ်၊ညီမငယ်လို သဘောထားပြီး ဆိုဆုံးမရတာပေါ့။
သူတို့ ရန်ဖြစ်တိုင်း တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူ အရင် ဖောက်ပြန်တာလဲ ဆိုပြီး အပြန် အလှန် မေးခွန်းထုတ်ကြ၊စွပ်စွဲကြ၊ငြင်းခုန်ကြနဲ့ ဆိုတော့ သူတို့ အိမ်တွင်းရေးကလဲ တစ်ရပ်ကွက်လုံး နားမစွင့်ရပဲ မကြားချင်မှ အဆုံးပေါ့။
ကောင်မလေးက Tik Tokကတွေ့တဲ့ ကောင်လေးနောက်ကို လိုက်သွားပြီးတဲ့ နောက်မှာ ပါသွားသမျှ ရွှေထည်နဲ့ ငွေတွေရော phပါ ကုန်အောင် သုံးစွဲပစ်ပြီးတဲ့ အခါမှာတော့ ဟိုကောင်လေးက ပစ်ထားခဲ့ခြင်း ခံရလို့ လေလွင့်ပြီး လမ်းပေါ်မှာ ပျက်စီး နေခဲ့တယ်လို့ ကလေး အဖေက စွပ်စွဲတယ်။
အဲ့လို ပျက်စီးနေချိန်မှာ ကောင်မလေးကို ငွေပေးပြီး ပျော်ပါးခဲ့တဲ့ ယောက်ျားနဲ့ ကလေးအဖေ ဖဲဝိုင်းမှာ မတော်တဆ ဆုံကြရာက တဆင့် ရန်ဖြစ်ကြရင်း သူ့မိန်းမ အကြောင်းကို သိလိုက်ရလို့ ကလေး မျက်နှာကို ထောက်ထားပြီး မိန်းမကို မရမက လိုက်ရှာ ခေါ်ယူလို့ ပြန်ပေါင်းတာလို့ ကလေးအဖေက ပြောပြန်တယ်။
ဒီစကားတွေက ဟုတ်ချင်မှလဲ ဟုတ်မှာပါ။လင်မယား စကားများလို့ အနိုင်ပိုင်းလိုစိတ်နဲ့ ပြောတာလဲ ဖြစ်နိုင်ပါတယ်။
ကလေးအမေကလဲ သူမ ထွက်သွားရတဲ့ အကြောင်းအရင်းမှန်က ကလေးအဖေက လိုင်းပေါ်မှာ မယားငယ် တစ်ယောက်ပြီး တစ်ယောက် ထားနေတာကြောင့်လို့ ဆိုပြန်တယ်။
သူတို့ နှစ်ယောက်ကို ငယ် နားမလည်ဘူး။တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်နိုင်လို့ ပြန်ပေါင်းခဲ့ကြပြီးမှ ဘာ့ကြောင့် ကိုယ့်အရှက် ကိုယ်ခွဲပြီး မျက်နှာချင်းဆုံတာနဲ့ တစ်ရပ်ကွက်လုံး ကြားအောင် ရန်သူကြီးတွေ လို ရန်ဖြစ်နေကြပါလိမ့်။
သူတို့မှာ ဖြေရှင်း မရတာက အတိတ်က ပြသနာတွေ တင်မကပဲ လက်ရှိမှာလဲ ပြသနာတွေက ရှိနေပြန်တယ်။
ကောင်မလေးကလဲ အရင်လိုပဲ ခင်ပွန်း ကွယ်ရာ ရောက်တိုင်း Tik Tokဆော့မပျက် ညတိုင်းလဲ ph ပြော မပျက်ဘူး။ဒါကို ကလေး အဖေက မကြိုက်တာ သူမ သိနေပေမယ့်လဲ မဆင်ခြင် နိုင်ပြန်ဘူး။
ကလေးအဖေ ကိုယ်တိုင်ကလဲ ဇနီးနဲ့ ကွဲကွာနေတဲ့ အချိန်မှာ Tik Tokက ကလေးသုံးယောက်မိခင် အိမ်ထောင်ကွဲ အမျိုးသမီးနဲ့ ငြိစွန်းခဲ့တယ်။
ဇနီးဟောင်းကို မပြတ်လို့ ပြန်ပေါင်းပေမယ့်လဲ တစ်ဖက်က အတူနေ ချစ်သူနဲ့ လမ်းမခွဲနိုင်ပြန်ဘူး။
ကြာလာတော့ ဒီဘက်က မယားကြီးက သိပြီး နဂိုကမှ မအေးချမ်းနေတဲ့ အိမ်ထောင်ရေးဖွဲမီးက အရှိန် ပိုရလာပြီး ပြသနာ တွေ ပိုကြီးလာကြတော့တာပေါ့။
မယားကြီးကလဲ စင်ပေါ်က လူဆိုတော့ တဖက် မိန်းကလေးကို ဆဲဆိုတာတွေ လိုင်းပေါ် tagတွဲလို့ အရှက်ခွဲတာတွေ၊ဟိုမိန်းကလေးရဲ့ Tik Tokက မန့်မှာ လူမြင်အောင် ဆဲရေးတိုင်းထွာတာတွေ စသဖြင့် သူမဘက်က လုပ်နိုင်သမျှ အကုန် လုပ်တော့တာပေါ့။
တဖက် မိန်းကလေးကလဲ မရှက်တတ်တာလား၊ထွက်ပေါက် ပိတ်နေလို့ပဲလား မသိဘူး။ပြန်ဆဲရင်း နှစ်ယောက်သား Tik Tokမှာ အပြန်အလှန် ဆဲကြ စောင်းကြနဲ့ Tik Tok မှာ လင်လုပွဲကြီး ဖြစ်နေတာပေါ့နော်။
သူတို့ လုတဲ့ လူကို ကြည့်တော့လဲ ဝင်ငွေ ကောင်းလား ဆိုတော့လဲ no။ရုပ်ရည် ရှိလား။အပြောကောင်းလား ဆိုလဲ no။
ကိုယ်တွေ ဘေးက ကြည့်တော့လဲ ဘာမှလဲ မဟုတ်။
ကလေးအဖေ ကိုယ်၌က မယားကြီးကိုရော မယားငယ်ကိုပါ မစွန့်လွှတ်နိုင်တာကလဲ ပြသနာရဲ့ ဇစ်မြစ် ဖြစ်နေပြန်တယ်။
သူနိုင်၊ကိုယ်နိုင် အပြိုင်ကျဲကြရင်းက မယားငယ်ဖြစ်တဲ့ မိန်းကလေးမှာ ကိုယ်ဝန်လေးလ ရှိနေမှန်း သိလိုက်ကြရတယ်။
ဒါ့ကြောင့်လဲ ဟိုကောင်မလေးက နောက်ဆုတ်ပေးဖို့ ငြင်းဆန်နေခဲ့တာကိုး။အမျိုးသား အနေနဲ့လဲ စွန့်လွှတ်လိုက်ဖို့ မဖြစ်နိုင်တော့တဲ့ အနေ အထား ဖြစ်နေပြန်ရော။
အဲ့လို ဖြစ်နေလို့ မယားကြီးနဲ့ သားကို စွန့်လွှတ်မလား ဆိုပြန်တော့လဲ မစွန့်လွှတ်နိုင်ပြန်ဘူး။ဇနီး ဖြစ်သူက ကွာရှင်းပေးဖို့ တောင်းဆိုရင်လဲ မျက်ရည်လည်ရွဲနဲ့ မိန်းမကို ဒူးထောက်ပြီး တောင်းပန် ပြန်ရော။
ရှင်းမရအောင် ရှုပ်နေတဲ့ အခြေအနေတွေရဲ့ အဆုံးသတ်ကတော့ မယားကြီး ဖြစ်တဲ့ မိန်းကလေးက ကိုယ်တွေ တားနေတဲ့ ကြားက ကလေးကို ကျောင်းပြန်ထုတ်ပြီး သူမ မိဘတွေ ရှိတဲ့ ရွာကို ဖခင် နေမကောင်းဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြီး ပြန်သွားတော့တာပါပဲ။
ဒီဇာတ်ရှုပ်ကြီးကို ဖတ်ပြီး ချစ်တို့ရော ဘယ်သူ့ကို အပြစ်တင်ကြမလဲ ဟင်။
ငယ်ကတော့ ကလေး အဖေကိုပဲ အပြစ်တင်ချင်တယ်။
ခုခေတ် Tik Tokတွေ ကြည့်ကြ။လှုပ်လှုပ် ခတ်ခတ်လေးတွေ။ထော်ထော် လန်လန်လေးတွေကို အဖက်တွေ ပါမှန်း သိလဲ မလွန်ဆန်နိုင်ကြဘူး။
တချို့ မိန်းကလေးတွေဆို ရုပ်ကလေး ပြပြီး ချူစားတာတွေလဲ ရှိတယ်။လူတိုင်းကို မဆိုလိုပါဘူး။
ဒါပေမယ့် အမျိုးသားတွေ ဘာကြောင့် မိန်းမနဲ့ ပက်သက်ရင် အတောမသတ်နိုင်ကြတာလဲဟင်။
တချို့က အချစ်ကို ရှာတယ်။အချစ်ဆိုတဲ့ စကားလုံးနဲ့ တွဲပါလာတာက တဏှာရမက်ပဲ။
တချို့က အချစ်ရဲ့ရှေ့မှာ တဏှာထားပြီး တချို့က အချစ်ရဲ့နောက်မှာမှ တဏှာကို ထားကြတယ်။
တချို့ ကံဆိုးသူ မိန်းကလေးတွေ ကျတော့လဲ ယောက်ျားတစ်ယောက်ဆီက အချစ်ရရင် ပြီးရော ကျန်တာ ဘာဖြစ်ဖြစ် ရင်ဆိုင်မယ် ဆိုပြီး စုံလုံးကန်းရာက တဆင့် အလိုရမက် မပြည့်နိုင်၊မပြတ်သားနိုင်တဲ့ ယောက်ျားတစ်ယောက်အတွက် နံပါတ်စဥ် တစ်ခု ဖြစ်ကြရတော့တာပါပဲ။ဘယ်နှစ်ယောက်မြောက် ဇနီးဆိုပြီးတော့ပေါ့။
ခု ပြသနာမှာ အငယ်ဖြစ်တဲ့ မိန်းကလေးဘက်ကိုပဲ အရင်ဆုံး တွေးကြည့်မိတယ်။
အိမ်ထောင်သယ် ယောက်ျားတွေအများစုရဲ့ သိမ်းသွင်းနည်းကတော့ သူတို့ရဲ့အိမ်ထောင်ရေးကံ ဘယ်လောက်ဆိုးကြောင်း သနားစဖွယ် ရင်ဖွင့်ရာက စတာပါပဲ။
ဒီလို ရင်ဖွင့်လာတော့ ပင်ကိုက အိမ်ထောင်ရေး ကံဆိုးသူ ကလေးသုံးယောက် အမေကလဲ စာနာစိတ်နဲ့ သနားပြီး ပြန်ချစ်မိတာလို့ ငယ်တော့ ထင်တာပဲလေ။
ဒါဆို သူမက ဘာလို့ ကိုယ်ဝန်ယူဖို့ စိတ်စောရတာလဲနော်။တကယ်ဆို အတွေ့အကြုံ မရှိသူလဲ မဟုတ်ဖူးလေ။
တဖက်က ပြတ်သားလား၊မပြတ်သားလား အချိန်တခုပေးပြီး သေချာ စောင့်ကြည့်ရအုံးမှာ မဟုတ်လားကွယ်။
ခုလိုကျတော့ သူမရဲ့ ကလေးတွေလဲ ပတ်ဝန်းကျင်မှာ သူမနည်းတူ အရှက်ရကြမှာ အသေအချာပဲ။
မင်း ကိုယ်ဝန်ရှိသွားလို့ ငါက မဖြစ်မနေ ယူရတာပါ ဆိုပြီး အခန့် မသင့်ချိန်တိုင်း ရန်တွေ့ခံနေရမယ် ဆိုရင်ရော။
ငယ် ပြောချင်တာကလေ။လောဘ ကြီးတဲ့ ယောက်ျားတွေနဲ့ ခပ်ဝေးဝေး နေကြဖို့ပါ။တချို့ ယောက်ျားတွေမှာ အတောမသတ်နိုင်တဲ့ စိတ်တွေ ရှိတယ်။သူတို့ကိုယ်တိုင်လဲ အဲ့စိတ်ကို မထိမ်းချုပ်နိုင်ဘူး။ရနိုင်သမျှ လိုချင်ကြတာမျိုးပေါ့နော်။
အဲ့လို လူတွေက အကောင်းဆုံး ဆိုတာ ဘာမှန်း မသိနိုင်ကြဘူး။
သူတို့ ပိုင်ဆိုင်ထားမိတာက သူတို့နဲ့ အထိုက်တန်ဆုံး ဖြစ်ချင် ဖြစ်လိမ့်မယ်။
ဒါပေမယ့် အဲ့ဒါကို ဆန်းစစ်နိုင်စွမ်း မရှိပဲ အပျော်တွေ နောက်ကိုပဲ တစိုက်မတ်မတ် လျှောက်လိုက်နေတာက တဆင့် ရထားပြီးသား အခွင့်အရေးတစ်ခုကို ဆုံးရှုံးရမှန်း မသိပဲ လက်လွှတ်လိုက်ရတာပါပဲ။
ကိုယ့်ကို ချစ်တဲ့လူက သူဘယ်လောက်ရှုပ်ရှုပ် ရှင်းအောင်နေပါလိမ့်မယ်။
လူတိုင်းနီးပါးမှာ မလှပတဲ့ အတိတ်တွေ ရှိနိုင်ကြပါလိမ့်မယ်။
ဒါပေမယ့် အတိတ်ထဲက ရုန်းမထွက်နိုင်ပဲ တဝဲလည်လည် ဖြစ်နေရင်တော့လဲ သူ မပြတ်သားလဲ ကိုယ်ပဲ ပြတ်သားလိုက်တော့ပေါ့။
သူ ကင်းအောင် မနေရင် ကိုယ်ပဲ ကင်းအောင် နေပေါ့။အယုံလွယ်တာတွေ သနားလွယ်တာတွေက တဆင့် နောက်ဆုံး ကိုယ်သာမက မိသားစုပါ အရှက်ရကြရတဲ့ အထိတော့ မမိုက်ကြနဲ့လေကွယ်။
အသည်းကွဲမှာ မကြောက်ပါနဲ့။
နာကျင်တိုင်း “သြော် …ငါ့ဒဏ်ရာ ကျက်တော့မှာ မို့လို့ နာနေတာ “ပဲလို့ တွေးကြပါနော်။
ကံဆိုးသူ ၊အချစ်ကို ကိုးကွယ်လိုသူ မိန်းကလေးတိုင်း မပြတ်သားနိုင်တဲ့ ယောက်ျားတွေရဲ့ အပျော်မယား ဖြစ်တဲ့ နံပါတ်စဥ် ဘဝတွေကတဆင့် ပြန်လည် ရုန်းထွက် နိုင်ကြပါစေရှင်။
#နတ်ရွေးငယ်