နွယ်တမျှင်ရဲ့သောက(စ/ဆုံး)
—————————-
လူတွေဟာ….
ဘောဂဗျသန – စည်းစိမ်ဥစ္စာတွေ ပျက်စီးတဲ့အခါ
ဉာတိဗျသန – ဆွေမျိုးတွေ ပျက်စီးတဲ့အခါ
ရောဂဗျသန – ရောဂါဆိုးတွေ စွဲကပ်နှိပ်စက်တဲ့အခါ
သီလဗျသန – မိမိရဲ့ ကိုယ်ကျင့်သီလ ပျက်စီးတဲ့အခါ
ဒိဌဗျသန – အယူဖောက်ပြန်ပျက်စီးတဲ့အခါ ဆင်းရဲကြောင်းအမှုတွေနဲ့ တွေ့ကြုံနှိပ်စက်ခံရတဲ့ အခါမှာ သောက ဖြစ်ကြရတယ်။
သောကဆိုတာ စိုးရိမ်ပူဆွေးခြင်းဖြစ်တယ်လို့ သူမဖတ်ခဲ့ရဖူးတယ် ……
“သောကဆိုတာ ….
အတွင်းမှာ ကြံတွေးပြီး ပူဆွေးတဲ့ လက္ခဏာရှိသလို
စိတ်ကိုလဲ ထက်ဝန်းကျင် ပူလောင်စေတတ်တယ်
ပြန်လည် စဉ်းစားပြီးတော့လည်း ပူလောင်စေတတ်တယ်
အဖန်တလဲလဲ စိုးရိမ်ပူးဆွေးနေတတ်တာဟာ သောက”ပဲလို့ သူမနားလည်ထားတယ် …
သူမနားလည်ထားတဲ့ သောက
တနည်းသဖြင့် …
သူမလက်ရှိ ခံစားနေရတဲ့ သောကအချို့ကို အသက်ရှင်ရပ်တည်ချိန်တစ်ခုလုံး အတွက် သူမ မခံစားလို။ အချိန်အတိုင်းအတာ တစ်ခုအထိ ခံစားပြီး ရပ်တန်းက ရပ်နိုင်ဖို့ သူမ ကြိုးစားရင်း …….
သူမဆိုသော …..
“နွယ်” ဆိုသည့် မိန်းမပျိုလေး ခံစားနေရသည့် သောက သည်ကား …….
********************************
နယ်မြို့လေးရဲ့ အစွန်ဘက်
လူသူသွားလာမှုနည်းသော ရထားလမ်းမကြီး မလှမ်းမကမ်းမှာရှိတဲ့ ဇရပ်အိုလေးအနားမှာ သူမ မတ်တပ်ရပ်နေရင်း မျှော်လို့ မဆုံးသော စိမ်းစိုနေသည့် လယ်ကွင်းမှ စပါးပင်များကို ကြည့်လို့ တိုးဝှေ့ လာသော လေပြေ၊ လေညှင်းတို့သည်ကား သူမရဲ့ရှည်လျားသော ဆံနွယ်တွေကို တစ်ချက်တိုက်ခတ်သွားတယ် ဆိုရင်ပဲ လေနဲ့အတူ လွင့်မျောနေသော သူမဆံနွယ်တွေကို လက်တစ်ဖက်နဲ့ စုပိုက်ထားရင်း…
သူမ ….
“မင်းထင်” အလာကို စောင့်မျှော်နေမိတယ်
တကယ်တော့ သူမမျှော်နေသော မင်းထင်နှင့်သူမသည် ချစ်သူရည်းစားလည်းမဟုတ်…
ငယ်သူငယ်ချင်း မဟုတ်
သို့ပေမဲ့ သူမနှင့် မထင်မှတ်ဘဲ ခင်မင်မိရာက တစ်ယောက်ရဲ့ ခံစားချက်၊ အခက်အခဲတွေ ကြုံလာတိုင်း တစ်ဦးကို တစ်ဦး ရင်ဖွင့်ရာက ခင်မင်လာသော မိတ်ဆွေတွေသာ …..
ပြီးတော့ …..
သူမနှင့် တစ်နယ်ထဲနေသော သူဖြစ်သလို၊
သူ့ရဲ့ အကြောင်းတော်တော်များများသိပြီး တစ်ယောက် အကြောင်း၊ တစ်ယောက်သိပြီးသားသော သူတစ်ယောက်။
ခင်မင်ပြီး နောက်ပိုင်း အတိုင်းအတာတစ်ခုအတွင်း
သူမအပေါ် နားလည်မှုရှိသလို
သူ့အပေါ်လည်း နားလည်အပေးနိုင်ဆုံးသူတစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ် ခံယူထားသော သူ တစ်ယောက်ဖြစ်တယ်
အမှန်အတိုင်းပြောရမယ်ဆိုရင် ထိုကာလအတိုင်းအတာတစ်ခုအတွင်း သူမ သူ့အပေါ် သာမန် ထက်ပိုသော သံယောဇဉ်တွယ်တာမှု ရှိခဲ့ပေမဲ့ … သူမဟာ သူ့အတွက်တော့ ဒုတိယထက်မပိုသော သူတစ်ယောက်အဖြစ်သာ ….
တကယ်တော့….
သူ (မင်းထင်) မှာ သူမနဲ့ ခင်မင်ခြင်း မပြုမီကပင် ချစ်သူရှိပြီးသား …
ထို့အတွက်ကြောင့် သူမအဖို့ သာမန်ထက်ပိုသော ဆက်ဆံမှုမျိုး မဖြစ်အောင် မိန်းကလေးဘက်က အတတ်နိုင်ဆုံး နေထိုင်သလို၊ စိတ်ဆန္ဒနောက် အလိုမလိုက်မိရန် အမျိုးမျိုးထိန်းချုပ်သော်လည်း
အချစ်ဆိုသည်ကား ……
ထိုအတွေးတွေ တွေးနေရင်းက လေနဲ့အတူ လွင့်မျောနေသော သူမဆံနွယ်တွေကို လက်နဲ့ ပုတ်ခတ်ကြီဆယ်ရင်း
“ဟိတ် …..” ဆိုပြီး နောက်မှ နေ၍ လှန့်လိုက်တယ်ဆိုရင်ဘဲ ဆိုင်ကယ်သံမကြား ဘာမကြားဘဲ ရောက်လာတာရော၊ သူနဲ့ ပတ်သက်တဲ့ အတွေးလွန်နေတာကြောင့် စိတ်မလုံသလိုဖြင့်
“နင်ကလဲ လန့်လိုက်တာ
အသံမပေး၊ ဘာမပေးနဲ့
ဆိုင်ကယ်သံလည်း မကြားပါလား
ပြီးတော့ ချိန်းလည်း ချိန်းသေး
ချိန်းတဲ့သူက နောက်လည်း နောက်ကျသေး” ဆိုတော့
” ငါရောက်တာကြာပေါ့
နင် ဘာတွေကြည့်ပြီး တွေးနေ ဆွေးနေတာလဲ ဆိုပြီး
ဟိုး ဘုန်းကြီးကျောင်းအဝက ကြည့်နေတာ
နင်ကို စချင်လို့ ငါ
ဆိုင်ကယ်ကို ဘုန်းကြီးကျောင်းထဲထားပြီး လမ်းလျှောက်လာရတာ” လို့ ဆိုရင်ပဲ မျက်စောင်း တစ်ချက်ထိုးရင်း
“ ဒါနဲ့ နင်က ဘာကိစ္စရှိလို့
ငါ့ဖုန်းဆက်ပြီး ချိန်းတာရတာလဲ
ဖုန်းဆက်ပြီး ပြောလည်းရတာကို
အလုပ်ကိုရှုပ်တယ် ” လို့ မိန်းကလေး သဘာဝအရ ကိုယ့်ရင်ထဲက ခံစားချက်တွေကို ရိပ်မိမှာ စိုးလို့ ဟန်ဆောင်ပြောရပေမယ့် သူနဲ့ တွေ့ရမယ်ဆိုတဲ့ အသိနဲ့တင် သူမ ပျော်နေမိတာအမှန်
“ ဘာမှ မဟုတ်ပါဘူးဟာ
နင်ကလည်း စိတ်ချည်းပဲ
ငါအားတဲ့ အချိန်လေး ကိုယ်ချစ်တဲ့၊ ခင်တဲ့သူငယ်ချင်းလေးကို
အချိန်ပေးချင်လို့ပါ” လို့ ပြောင်စပ်စပ်နဲ့ ပြောရင်ပဲ
“ အေးပါဟာ
နင့်ကောင်မလေး အထင်မလွဲပြီးတာပဲ
ငါ့ဆီလာတာလဲ အလကားနေ နင့်ကောင်မလေးကို သံတော်ဦးတင်မနေနဲ့
ငါမကောင်းဘူးဟ
မိန်းမသိက္ခာကျတယ်”ဆိုတော့ သူမက ပိုရန်ကောဆိုတဲ့ ပုံစံနဲ့ နှာခေါင်းကိုရှုံ့လို့
“ အေးပါ…. သိက္ခာရှင်မကြီးရယ်” ဆိုပြီး နှစ်ယောက်သား အနီးရှိ ဇရပ်မှာထိုင်လို့ တောင်စဉ် ရေမရ ကြုံရာ စကားတွေပြောလိုက်
ရယ်လိုက်နှင့် … စနောက် နေချိန် နဘေးက ရထားလမ်းကနေ အမြန်ရထားကြီး ဖြတ်သန်းသွား ရင်ပဲ ရထားပေါ်မှ စနောက်တတ်သူ အချို့က …
“ ဝေး….. ဟေး….” လို့ အော်ကြသလို
အချို့ကလည်း
“ ကောင်မလေးကို လွှတ်လိုက်….” လို့ စနောက် ကြတာကြောင့် ရှက်ရှက်နဲ့ သူမတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စကားမပြောဖြစ်တော့
နောက်ဆုံး ရထားတွဲရှည်ကြီး သူတို့ဘေးက ထွက်သွားလို့ ခပ်ပျပျလောက် လှမ်းမြင်ရရင်ပဲ … သူက
“ နင်ကလည်း ဟိုက လျှောက်စတာကို
အဲ့လောက်ရှက်စရာလား…..
ဒီလောက် ရှက်နေရင်လည်း ပြန်ကြရအာင်” ဆိုပြီး နှစ်ယောက်သား လမ်းခွဲလို့
မည်သို့ပင်ဆိုစေ ..
“သိသာသိစေ၊ မမြင်စေနဲ့”… ဆိုတဲ့ စကားလို သူမရင်ထဲမှာ ဘယ်လိုပဲ ဖြစ်ပါစေ သူမရဲ့ ဂုဏ်သိက္ခာတော့ သူမ အထိပါး ခံလိမ့်မည်တော့ မဟုတ်….
**************************
မနက်ဖြန် စနေနေ့ဖြစ်တာကြောင့် အလုပ်ပိတ်သဖြင့် သူမ ညဉ့်အတော် နက်သည်အထိ facebook သုံးနေရင်း မင်းထင်ဆီက
“ ဝေး ….. မအိပ်သေးဘဲ
ဘာလုပ်…..” ဆိုတဲ့ Message ရောက်လာရင်ပဲ ခပ်ရွဲ့ရွဲ့နဲ့
“ ဘဲရှာ …..” ဆိုပြီး reply ပြန်လိုက်မိတယ်။ တကယ်တော့ သူမ မင်းထင် Account မီးစိမ်းနေတာ တွေ့ပေမဲ့လည်း သူမဘက်ကတော့ မလိုအပ်ဘဲ ဘယ်တော့မှ စမခေါ်….
ထိုသို့ Reply ကြောင့် သူ့ဆီက
“ ဒါဆို ငါ့မျှော်နေတာပဲ ဖြစ်မယ်” ဆိုတဲ့ စာကို ဖတ်မိရင်ပဲ သူမ အတွေးထဲ
“ သူမူးနေတာများလား…” လို့ တွေးမိရင်း သူ ခေါ်ဆောင်ရာ စကားထဲကို သူမ မျှောမလိုက်ဘဲ သူမ လက်ရှိသုံးနေသော facebook ကို offline ပြလိုက် အိပ်ဖို့ ကြိုးစားပေမဲ့လည်း သူမ အိပ်လို့ လုံး၀ မရခဲ့ ……
မနက်မိုးလင်းတယ်ဆိုရင်ဘဲ ……
“ — လမ်းဆုံမှာ ဘဝမဆုံပါ ဒို့ကျောခိုင်းရမယ်နော်….
ကျေနပ်တယ်
ဒို့ ကျေနပ်တယ်
တကယ်ကို ပေါင်းစပ်မရတဲ့ဘဝမို့ အတူနေချင်သော်လည်းကွယ်
ဒီ .. ဇာတ်လမ်းလေး မပြီးသေးခင် နေဝင်မယ်” ဆိုတဲ့ လက်ရှိ သူ feel နေသော Ringtone ထပ်ခါ ထပ်ခါ မြည်လာတယ်ဆိုရင်ဘဲ …
ညဉ့်နက်ချိန်ထိ အိပ်မပျော်သော သူမ ဖုန်းကိုကြည့်မိလိုက်ရင်ပဲ သူ့ဆီက ဆက်လာသော ဖုန်းဖြစ် နေတာကြောင့် ဖုန်းကို ကောက်ကိုင်ရင်း …
“ အေး စောစောစီးစီး
ဘာဒုက္ခပေးအုံးမလို့လဲ…” လို့ အငေါ်တူးလိုက်တယ်ဆိုရင်ဘဲ
“နင်ကလည်း စောစောစီးစီး ရန်လိုလိုက်တာ
ငါ ညက နည်းနည်းမူးပြီး နင့်ကို စလိုက်တာ
စိတ်ဆိုးသွားလား” ဆိုတာနဲ့
“ ဘာ ဆိုးစရာရှိလဲ
ဒီစကား …. စပြောကတည်းက
နင် … ဘီယာမူးနေတယ်ဆိုတာ ပြောစရာကို မလိုဘဲ
သိပြီးသား” ဆိုရင်ဘဲ သူက
“ ဟ ဟား ….” သံရှည်ဆွဲပြီး ရယ်လျက်
“ နွယ် ….. နင်ကလေ ရည်းစားသာမရှိတာ
ပြောလိုက်ရင် လေသံကတော့ ဆရာမကြီးအတိုင်းပဲ
ဒါနဲ့ ငါ့ကောင်မလေးနဲ့ ငါ့ကို သဘောတူလား” လို့ ဘာမဆိုင် ညာမဆိုင် မေးလာတဲ့ အခါ သူမက မဆိုင်းမတွပဲ
“ ဘာ သဘောမတူစရာရှိလဲ
ငါနဲ့ မသိခင်ကတည်းက ကြိုက်နေတာ
ငါက ဘာပြောစရာရှိမှာတုန်း
ပြောမယ်ဆို သူကပဲ ငါ့ကို ပြောမှဘဲ” ဆိုရင် သူက
“ အေးပါဟာ ….နင်သဘောတူရင်ပြီးတာပဲ
ငါက နင့်ကို သနားလို့” ဆိုပြီး စသလိုလို ပြောပြီး ဖုန်းချသွားလေတယ်။ သူ့ဘက်က ဖုန်းချသွား ပေမဲ့လည်း ….
*******************************
သူမ …..
မင်းထင် သူမရဲ့ ရင်ထဲက ခံစားချက်တွေကိုများ
သိနေပြီလား…..?
ရိပ်မိနေပြီလား….? ဆိုတဲ့ အတွေးတွေနဲ့အတူ သူမှ အရာရာကို စိုးရိမ်ပူပန်မိလေပြီ
သူမ ….
သူ့ကိုသာ သံယောဇဉ်ရှိသည် ..
သူ့ကို ချစ်သည် …
ထိုအချစ်သည် ရယူပိုင်ဆိုင်ရမယ်လို့မဟုတ်
သူပျော်နေရင် သူမပျော်သည်
ဒီလောက်ပါပဲ……
သူမအသက်အရွယ်သည်လည်း လေတိုက်တိုင်း စိတ်ကစားရမယ့် အရွယ်မဟုတ်ပေမဲ့ ခံစားချက်တိုင်းကိုတော့ သူမထိန်းချုပ်နိုင်မည် မဟုတ်တာတော့ သေချာသည်။
သူမကြောင့် သူမချစ်တဲ့သူရဲ့ အသိုက်အဝန်းတွေ မပြိုကွဲစေလို
သူမကြောင့် ဘယ်သူ့ ဘယ်သူကိုမှ သူမ မနစ်နာစေလို သူမသည် ဒုတိယလူအဖြစ်သာ ….။
ထို့အတွက်ကြောင့်လည်း ပထမနေရာ ရဖို့အတွက် သူမ ဘယ်သို့သော မာယာကို မှ မသုံးလို …။
သူမတို့ရဲ့ ပုံမှန်ဆက်ဆံရေး အခြေအနေမှ အချိန်ကြာလာတာနဲ့အမျှ မလိုလားအပ်သော ဆက်ဆံရေး တစ်ခုကို သူမ မရောက်စေလို ….
အချိန်အတိုင်းအတာ တစ်ခုအတွင်း သူ့ရဲ့ ပြောင်းလဲလာတဲ့ ဆက်ဆံရေး အချို့ကြောင့် သူ့ကို အပြစ်မတင်လို ..
သူသည်လည်း ယောကျာ်းသား တစ်ယောက်ပဲလေ
သူ့စိတ်ထဲမှာလည်း သူမကို ဘယ်လိုတွေးနေမလဲ
ဒါတွေ သူမ မတွေးလိုတော့
သူမဘက်က ဆက်ဆံရေး ချို့ယွင်းချက်တွေကြောင့် သူ့ဆီက
“မထိတထိ စကားတွေများလား….”
သူမ ကိုပြောတဲ့ စကားတွေကို အလိုက်သင့် ဝင်သွားရင်း သူမအနားရောက်လာနိုင်သလို …
သူမလိုပဲ
“နောက်တစ်ယောက်တွေ့ရင်
အဲ့သလို ဖြစ်စဉ်မျိုးတွေ ဖြစ်လာအုံးမှာပဲလား….” ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ သူမ မဖြတ်သန်းလို
သူမကြောင့် ယခင်ခိုင်မြဲနေတဲ့ သူတို့ရဲ့ အချစ်ရေးကိုလည်း မပျက်စီးလိုတာကြောင့် …..
သူမ အရာရာကို ပြင်ဆင်ဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်ရင်း ……..
သူ့ထံသို့
“ငါတို့ ဆက်ဆံရေးကို ဒီကနေပဲ အဆုံးသတ်ရအောင်” ဆိုတဲ့ message ကို ပို့ရင်း
သူ့ဆီက ဘယ်သို့သော ဆက်သွယ်မှုများကို မှ သူမဘက်က လက်မခံခဲ့ဖြစ်တော့ …
သူ့ဆီက မျိုးစုံသော ဆက်သွယ်မှုတွေလာတိုင်း သူမ စိတ်လှုပ်ရှားခဲ့ရပေမဲ့ သူမဘဝကို စိုးရိမ် ပူပန်မှုများစွာနဲ့ မဖြတ်သန်းလို
အမဲစက်တွေနဲ့ မဖြတ်သန်းလို
စိတ်မချမှုများစွာနဲ့ မဖြတ်သန်းလိုတာကြောင့်
ဘဝတစ်လျှောက်လုံး ခံစားနေရမှာထက် လက်ရှိ အတိုင်း အတာတစ်ခုလောက် သောကတွေကို ရင်စီးခံစားရင်း ……
“နွယ်” ဆိုသော သူမ
“နွယ်” လို တွယ်ရစ်မိသော သူမ
နီးစပ်ရာ၊ မှီတွယ်ရာကို အလွယ်တကူ တွယ်တာမိသော သူမ
သြော် …..
နွယ်တစ်ပင်နှင့် အလားသဏ္ဍန်တူသော သူမအကြောင်း ကို သူမပြန်တွေးရင်း သူမ ရှေ့ရှိ ဒိုင်ယာရီ ထဲတွင် ချရေးမိသည်ကား ….
“ နွယ်….
တွယ်တတ်တယ်မောင်
သို့ပေမဲ့ ..
သိက္ခာမဲ့စွာ မတွယ်ချင်ဘူး …. မောင် ။”
****************************************
ပြီးပါပြီ