နှင်းဆီသခင်(စ/ဆုံး)
——————-
တစ်နေ့မနက်ပေါ့။ မမက ကျွန်တော့နားမှာ အသာထိုင်ပြီး ကျွန်တော့်ခေါင်းလေးကိုခပ်ဖွဖွသပ်ရင်းပြောတယ် ။
” မမ မရှိလည်းအကောင်းဆုံးရှင်သန်ရမယ်နော် “တဲ့။ ခေါင်းကိုအသာငဲ့ရင်း မမကိုကြည့်လိုက်တော့ မမက အဝေးတစ်နေရာကို ဆွေးဆွေးမြေ့မြေ့ငေးနေတယ်။ မျက်ဝန်းတွေကလည်း ရီဝေဝေနဲ့ မျက်ရည်တွေဝေ့ဝဲနေသလိုလို။ “မမက ဘယ်သွားမှာမို့လို့လဲ “လို့တော့ ကျွန်တော်မမေးခဲ့မိပါဘူး။
နောက်နေ့ မနက်မိုးလင်းလင်းချင်းကြားလိုက်ရတဲ့ အကြောင်းအရာက စိတ်မကောင်းစရာ။ မနေ့ညက မမ အိပ်ဆေးအပြင်းတွေတစ်ဘူးလုံးသောက်ပစ်လို့တဲ့။ မမရဲ့ သမီးအငယ်မလေးငိုသံကြားလို့ အခန်းထဲကိုဝင်ကြည့်တော့မှ မမကို ခေါ်လို့မရမှန်းသိကြတော့တာ။ အခုတော့ ဆေးရုံကိုခေါ်သွားကြတယ်။ မမ အမေကတော့ မမရဲ့သမီးအငယ်မလေးကိုချီရင်း ပြာယာတွေခပ်လို့။ မမရဲ့သမီးအကြီးမလေးကတော့ အမေကိုကြည့်ပြီးငိုနေရှာတယ်။
ဆရာဝန်တွေက မမရဲ့ အစာအိမ်ထဲက ဆေးတွေကို စုပ်ထုတ်ဖို့ကြိုးစားနေတယ်ဆိုတဲ့ အကြောင်းကို မမ အမေပြောလို့ သိရတယ်။ ဆေးတွေရဲ့ပြင်းအားက အတော်ပြန့်သွားတာမို့ မမပြန်ကောင်းလာဖို့ကို ဘုရားမှာပဲဆုတောင်းရတော့မယ်လို့လည်းပြောနေကြတယ်။
ညနေရောက်တော့ မမကိုအိမ်ကိုပြန်ခေါ်လာကြတယ်။ အိမ်မှာအသင့်စောင့်နေကြသူတွေရော အတူပြန်လာကြသူတွေမှာပါ တူညီတဲ့အချက်က အားလုံးမျက်ဝန်းမှာမျက်ရည်စတွေနဲ့။ မမကတော့ ပန်းတွေကြားမှာ လှဲလျောင်းနေပြီ။
” ကောင်မလေးက ဘယ်အချိန်ကထဲက စိတ်ကျရောဂါခံစားနေရလည်းမှမသိတာ ”
“ဘယ်လောက်ထိ စိတ်ဖိစီးမှု့တွေရှိလို့ ကလေးနှစ်ယောက်ကိုထားပြီး သေဖို့တွေးရလဲမသိပါဘူးဟယ်”
မမ အိမ်မှာသတင်းလာမေးတဲ့သူတွေရဲ့ ကျွတ်စီကျွတ်စီအသံတွေ။ တချို့ကတော့ မမကို မိုက်လိုက်တာတဲ့။ တချို့ကတော့ စိတ်မကောင်းလိုက်တာဆိုပြီး မျက်ရည်လေးတွေ စတ စတနဲ့။ ကျွန်တော်ကတော့ ကလေးနှစ်ယောက်ကိုစိတ်ချလက်ချနဲ့ထားပြီး ထွက်သွားခဲ့ရလောက်တဲ့ထိ မမဘယ်လောက်များစိတ်တွေပင်ပန်းနေခဲ့လို့လဲလို့တွေးနေမိတယ်။ တကယ်တော့ မမမှာ မူမမှန်တာတွေများနေပြီ ဆိုတာ ကျွန်တော်ရိပ်မိနေတာကြာပြီ။ ခုတလောမှာဆို မမ အမြဲငိုနေတတ်တယ်။ တစ်ခါတလေ တံခါးရွက်နောက်ကြားလေးမှာ တစ်ခါတလေ အမှောင်ချထားတဲ့ အခန်းထောင့်က ချောင်လေးမှာ တစ်ယောက်ထဲငုတ်တုပ်ထိုင်ရင်း ဒူးကို လက်နဲ့ပိုက်ပြီး ငိုနေတတ်တယ်။ တခါတလေကျပြန်တော့လည်း ကြောင်စီစီမျက်ဝန်းတွေနဲ့ အဝေးကိုငေးလို့။
ပုံမှန်ဆို မမက အရမ်းသိမ်မွေ့နူးညံ့ပြီးသိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်ဖြစ်ပေမယ့် ဒေါသထွက်တဲ့အချိန်မျိုးမှာဆိုရင်တော့ သိပ်ကြောက်ဖို့ကောင်းအောင် ဝုန်းဒိုင်းကြဲနေတတ်တယ်။ တကယ်တော့မမက အစွန်းနှစ်ဖက်နဲ့ လူတစ်ယောက်လိုပါပဲ။ သံယောဇဥ်သိပ်ကြီးတတ်တဲ့သူတွေဟာ သိပ်နာကျင်ရတတ်ပြီး လူလိုသိတတ်တဲ့သူတွေဟာ ပိုပင်ပန်းရတယ်တယ်ဆိုတဲ့ စကားဟာ မမအတွက်များ တမင်ပြောခဲ့သလားလို့ကျွန်တော်တော့ထင်မိတာပါပဲ။
လူတွေက သိပ်အံ့ဩဖို့ကောင်းတယ်။ ဘယ်တုန်းကမှ မမကို ငဲ့မကြည့်ခဲ့ဘူးတဲ့ မိသားစုဝင်တွေက အခုတော့ မမရဲ့ကောင်းကွက်တွေကိုခဏတိုင်းထုတ်ပြောရင်း တတပြီးငိုနေကြတယ်။ မမလည်း ပင်ပန်းနေရှာမှာပဲဆိုပြီး တခါမှ ကိုယ်ချင်းမစာပေးခဲ့ကြတဲ့သူတွေက ခုတော့ မမဓာတ်ပုံရှေ့မှာ မမ ကြိုက်တတ်တဲ့ အစားအစာတွေကို မနက်တစ်မျိုး နေ့လယ်တစ်မျိုး ညနေတဖုံ မရိုးနိုင်အောင် ထားပေးထားကြတယ်။ သူတို့အပြောကတော့ အဲ့ဒါ မမကို ကျွေးတာတဲ့။ ဓာတ်ပုံထဲက မမက အဲ့ဒါတွေကို တကယ်စားနိုင်လို့လားတော့ ကျွန်တော်မသိဘူး။ မမအသက်ရှိတုန်းကသာ အဲ့တစ်ဝက်လောက် ဂရုစိုက်ပေးခဲ့ကြရင် နားလည်ဖေးမပေးခဲ့ကြရင် မမ သေချင်မှသေမှာလို့တော့ တွေးလိုက်မိသေးတယ်။
” ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်ရှင်သန်ချင်စိတ် ရှိဖို့ပဲလိုတယ်….အရှုံးမပေးဘဲ ရှင်သန်ချင်စိတ်သာရှိရင် အဆိုးဆုံးအခြေအနေမှာတောင် ပြန်ထလို့ရတယ်..”
မမစိုက်ထားတဲ့ မောနင်းဖလားဝါးလေးတွေ အမြစ်မတွယ်ခင် မိုးတွေအရမ်းသည်းပြီး မျောပါကုန်ကြတုန်းက ပြန်စိုက်ရင်း မမပြောခဲ့တဲ့စကား။ ဒါဆို မမကရော ဘာလို့အရာရာကို အရှုံးပေးသွားတာပါလိမ့်။ ဘဝဆိုတာ ဒီလိုပဲအဆုံးသတ်သွားရတာလား။ မမ ဘယ်လောက်ထိ ပင်ပန်းနေခဲ့လဲ ဘာတွေကိုတစ်ယောက်ထဲကြိတ်ခံစားနေခဲ့ရသလဲဆိုတာ မြိုသိပ်နိုင်လွန်းတဲ့ မမက ဖွင့်မပြောခဲ့သလို ကျွန်တော်ရော မမရဲ့မိသားစုဝင်တွေရော ဘယ်သူမှလည်း သိဖို့ နားလည်ဖို့မကြိုးစားခဲ့ကြဖူးဘူး။ တကယ်ဆို မျှော်လင့်ချက်တခုခုကိုဆုပ်ကိုင်ပြီး မမရှင်သန်ဖို့ကြိုးစားသင့်တာ။ မျှော်လင့်ချက်တွေ သေဆုံးသွားကြတဲ့သူတွေဟာ ရှင်သန်ဖို့ကိုလည်း မတွေးမိကြတော့ဘူးနဲ့တူပါရဲ့။
မမရဲ့သမီးအကြီးမလေးကတော့ အမေကို သတိရတယ်ဆိုပြီး ငိုနေတတ်သလို မသိတတ်သေးတဲ့ အငယ်မလေးကလည်း အမေကိုမကပ်ရလို့ ငိုနေရှာတယ်။ ကျွန်တော်ကရော။ ကျွန်တော်လည်း မမ မရှိလို့ ဝမ်းနည်းရတာပါပဲ။ ဒီအိမ်မှာ ကျွန်တော့ကိုဂရုစိုက်တဲ့သူဆိုလို့ မမ တစ်ယောက်ပဲရှိတာလေ။ မမရဲ့ မိသားစုတွေ မမကိုလွမ်းသလို ကျွန်တော်လည်း မမကို သိပ်လွမ်းရတယ်။ အခုဆို ကျွန်တော်နေလို့မကောင်းဘူး။ နေမကောင်းတော့ အစာချေဖျက်နိုင်စွမ်းအား လျော့နည်းလာတယ်။ တကိုယ်လုံး တဖြည်းဖြည်းနဲ့ အားတွေယုတ်လျော့လာသလိုပါပဲ။ မမရဲ့ မောင်လေးက ကျွန်တော့်အခြေအနေကိုမြင်ပြီး အားဆေးတွေလာတိုက်ပေမယ့် မထူးပါဘူး။ နားထဲမှာတော့ မမပြောတဲ့စကားတစ်ခွန်းကိုပဲ ပြန်ကြားနေတယ်။
” ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်ရှင်သန်ချင်စိတ် ရှိဖို့ပဲလိုတယ်….အရှုံးမပေးဘဲ ရှင်သန်ချင်စိတ်သာရှိရင် အဆိုးဆုံးအခြေအနေမှာတောင် ပြန်ထလို့ရတယ်..ဒါပေမယ့် ကိုယ်တိုင်ကိုက ပြန်ထချင်စိတ်မရှိတော့ဘူးဆိုရင်တော့ ဘယ်သူမှကူညီလို့လည်းရတော့မှာမဟုတ်ဘူး အဓိကက စိတ်ပဲ မဟုတ်လား”
ဒါဆို ဆရာဝန်တွေက မမ အစာအိမ်ထဲက ဆေးတွေကိုစုပ်ထုတ်နိုင်ခဲ့ပေမယ့် မမကိုမကယ်လိုက်နိုင်တာ အဲ့ဒီစိတ်ကြောင့်ပဲလား။ ကျွန်တော်လည်း အတူတူပါပဲ။ အခု ကျွန်တော်ရင်တွေအရမ်းပူတယ်။ တစ်ကိုယ်လုံးလည်း ခြောက်သွေ့ပြီး အပေါ်ယံအရေပြားတွေတောင် အက်ကွဲကြောင်းရာတွေအပြည့်နဲ့။ တကိုယ်လုံးလည်း အားအင်တွေဆုတ်ယုတ်နေသလိုခံစားရတယ်။
မနက်ခင်းနေရောင်ခြည်က ကျွန်တော့ပေါ်ကို နွေးနွေးထွေးထွေး လွှမ်းခြုံလာတာကြောင့် လေးလံနေတဲ့မျက်လွှာတွေကို အားယူဖွင့်ကြည့်လိုက်မိတယ်။ အားနည်းနေတဲ့ ခန္ဓာကိုယ်ကြောင့်ပဲလားမသိ မြင်နေရတဲ့ မြင်ကွင်းတွေက ဝေဝါးဝါးရယ်။ ဟိုး အဝေးက မှုန်ပြပြအလင်းတန်းထဲမှာ ပုံရိပ်လေးတစ်ခုက ကျွန်တော်ကို ပြုံးပြရင်း လက်ယက်ခေါ်နေတယ်။ ဟင် ဒါ မမပဲ မမကျွန်တော်ကိုစောင့်နေတာများလား ဟုတ်တယ် ကျွန်တော်မမဆီသွားမယ်။ နောက်ဆုံးထွက်သက်ကို ရှိုက်ထုတ်လိုက်ရင်း ကျွန်တော် မမဆီကိုပြေးသွားမယ့်ဆဲဆဲမှာပဲ အသံတစ်သံက ခပ်သဲ့သဲ့လေးပေါ်ထွက်လာတယ်။
” အမေရေ ဒီမှာ မမ စိုက်ထားခဲ့တဲ့ နှင်းဆီပင်လေးသေပြီထင်တယ်…. ဟိုနေ့ကတောင် သားရေလောင်းခဲ့လိုက်သေးတယ်.. အခု မြေတွေပက်ကြားအက်ပြီး တစ်ပင်လုံးလည်း ညှိုးခြောက်သွားပြီ.”
ကျွန်တော်ကတော့ ဂရုမစိုက်တော့ပါဘူး။ နောက်ဆုံးလက်ကျန်အားလေးကိုသုံးပြီး ရုန်းကန်ရင်း မမဆီကိုပြေးသွားလိုက်တယ်။ ခြောက်သွေ့နေတဲ့ ရွက်ကြွေတွေနဲ့ ပွင့်ဖတ်ခြောက်တွေကတော့ မြေမှာဝဲလို့။ လူတွေရဲ့ပါးစပ်ဖျားမှာတော့ စိတ်ကျရောဂါနဲ့ဆေးတွေသောက်ပြီး သတ်သေသွားတဲ့ ကောင်မလေးရယ် အဲ့ကောင်မလေးရက်လည်တဲ့နေ့မှာပဲ ထူးထူးဆန်းဆန်းညှိုးခြောက်ပြီးသေသွားတဲ့ ကောင်မလေးရဲ့ နှင်းဆီပင်လေးရယ်အကြောင်းကတော့
အချိန်တစ်ခုတိုင်အောင် တဖွဖွပြောနေကြဦးမှာပါပဲ။ အချိန်တစ်ခုထိပဲပေါ့….။
နှင်းဆီပွင့်လေးတွေကလည်း သခင်မက်ပါတယ်…
#ကျွန်တော်နဲ့မမရဲ့ဒိုင်ယာရီ
#အမ်နိုင်း(oasis)