နှစ်ဆောင်ပြိုင်အိမ်ကြီးထဲက သရဲမိသားစု
_____________________________
အခန်း(၁)
” မေမေ..အိမ်ကြီးက ကြီးလိုက်တာနော် “
” ဟုတ်တယ် သမီးရဲ့၊ အခန်းက(၈)ခန်းရှိတယ်၊
ဧည့်ခန်း၊ ထမင်းစားခန်း၊ စာကြည့်ခန်း၊ အနားယူခန်း
အများကြီးကျန်သေးတယ်၊ အိမ်ဖော်တွေနေတဲ့ အခန်း
လည်း ရှိသေးတယ်၊ အခန်းတိုင်းဖွင့်လို့ ပိတ်လို့ရ
အောင် အရင်အိမ်ရှင်ပေးသွားတဲ့ သော့က အချောင်း
(၅၀)တောင် ရှိတယ် “
” ဟင်..များလိုက်တာ ဘယ်လိုရွေးမှာလည်း မေမေ “
” နံပါတ်တွေမှတ်ထားတယ် သမီးရဲ့၊ ဘီရိုသော့ သေတ္တာ
သော့တွေလည်း ပါလို့များနေတာ၊ ကဲ လာ..အပေါ်ထပ်
မှာ သမီးနဲ့ မောင်လေး အိပ်ရမယ့်အခန်းကို အမေပြ
မယ် “
” ဖေဖေက ဘာလို့မလာသေးတာလဲဟင် “
” သားတို့ သမီးတို့ဖေဖေက အင်္ဂလိပ်တွေနဲ့ စီးပွားရေး
လုပ်ခဲ့တဲ့အတွက် ဂျပန်တွေ ဝင်လာလို့ ခဏရှောင်နေ
ရတယ်၊ မင်းတို့ဖေဖေက ဒီအိမ်ကြီးမှာနေပြီး သူလာ
အောင် စောင့်နေကြတဲ့ “
” အင်္ဂလိပ်တွေ မရှိတော့ဘူးဆိုပြီးတော့ ဂျပန်တွေက
ရောက်လာပြန်ပြီနော် “
” အင်္ဂလိပ်တွေကို ဗမာ့တပ်မတော်နဲ့ ဂျပန်တွေ
ပူးပေါင်းတိုက်ထုတ်လိုက်လို့ ထွက်ပြေးကုန်တာ သမီး
ရဲ့၊ ဒီနိုင်ငံမှာ အင်္ဂလိပ်တွေ မရှိတော့တာ သေချာမှ
ဂျပန်တွေက သူ့နိုင်ငံသူ ပြန်မယ်ထင်ပါတယ် “
” သမီးတို့ အရင်အိမ်မှာ ထမင်းဟင်းချက်ပေးတဲ့
ကြီးမေကရော..ဘာလို့ သမီးတို့နဲ့အတူ မလိုက်ခဲ့
တာလဲ “
” ကြီးမေက သူ့ဆွေမျိုးတွေကို သတိရလို့တဲ့ တောကို
ပြန်သွားတယ်လေ “
” ဖေဖေခေါ်ပေးမယ့် အိမ်ဖော်က ကြီးမေလို သဘော
ကောင်းရင် သိပ်ကောင်းမှာပဲ “
” လူကောင်းနဲ့ တွေ့မှာပါ သမီးရယ် “
” မေမေ..သားတို့ ဖေဖေကို ဂျပန်တွေက တွေ့ရင်
ဘာလုပ်မှာလဲဟင် “
” နည်းနည်းပါးပါး စစ်မေးမှာပေါ့၊ စိုးရိမ်စရာမရှိ
ပါဘူး “
” ဒါဆိုရင်..သားတို့နဲ့ ဘာလို့ လာမနေတာလဲ “
” အခုတော့ မဖြစ်သေးဘူးလေကွယ်၊ မေမေတို့ကို
လိုလေသေးမရှိ ထားပေးတာပဲ “
ကလေးနှစ်ယောက်လည်း ဆက်ပြီးမမေးတော့ပေ။
မိခင်ဖြစ်သူလည်း သော့တွဲမှ သော့ရှာပြီး အခန်းတံခါး
ကို ဖွင့်လိုက်၏။
” ဒီအခန်းထဲမှာ သားနဲ့ သမီးအိပ်ရမယ် “
” မေမေက ဟိုအခန်း၊ သမီးတို့အခန်းနဲ့ဆိုရင် တစ်ခန်း
ကျော်မှာ ရှိတယ် “
” ဟိုအခန်းလား မေမေ “
သမီးကြီး ထားထားက လက်ညှိုးထိုးပြလိုက်သည်။
” ဟုတ်တယ် သမီးရဲ့၊ အဲ့ဒါ မေမေတို့ အခန်းပဲ “
တံခါးပွင့်သွားသောအခါ အခန်းထဲတွင် ကုတင်နှစ်လုံး
ယှဥ်လျက်ရှိနေ၏။
” သားနဲ့ သမီး ကြိုက်တဲ့နေရာမှာ အိပ်ရာယူကြ “
” သမီးက ဒီနေရာမှာ အိပ်မယ် “
” သားက ဟိုနေရာမှာ အိပ်မယ် မေမေ “
” အိမ်မှာလျှပ်စစ်မီးမရှိဘူး၊ သားတို့အခန်းထဲမှာ
မှောင်ရင် ဖယောင်းတိုင်မီးထွန်းနော်၊ အိပ်တဲ့အခါ
မီးမှုတ်ပြီးတော့အိပ်၊ ဖယောင်းတိုင်မီးထွန်းပြီး
မအိပ်ရဘူး ကြားလား “
” ထွန်းပြီးတော့ အိပ်ရင် ဘာဖြစ်လို့လဲ မေမေ “
” ဟဲ့ နင်ကလည်း..ဒီလောက်လေးတောင် မသိဘူး
လား၊ ဖယောင်းတိုင်တိုသွားရင် အောက်ကခံထားတဲ့
ပစ္စည်းကို မီးကူးပြီး လောင်သွားမှာပေါ့ “
ထားထားက မိခင်ဖြစ်သူ ရှင်းမပြခင်မှာပဲ
မောင်လေးကျော်ကျော်ကို ရှင်းပြလိုက်သည်။
” ကဲ..ခဏနေရင် ထွက်ခဲ့ကြ၊ မေမေသားနဲ့သမီးစားဖို့
စားစရာလုပ်ထားလိုက်မယ် “
အင်္ဂလိပ်စစ်တပ်ကို ဂျပန်လေတပ်က ဝင်ရောက်ဗုံးကျဲ
ခဲ့တဲ့အတွက် ဓာတ်မီးတိုင်များ ထိမှန်ကျိုးပဲ့ကုန်ပြီး
တစ်မြို့လုံး မီးမရခဲ့ကြပေ။ ရေနံဆီနှင့် မီးထွန်းကြရ
သလို ဖယောင်းတိုင်များနဲ့လည်း မီးထွန်းခဲ့ကြရသည်။
ထိုအချိန်သည် အင်္ဂလိပ်အစိုးရလက်ထပ်ဖြစ်ပြီး၊
မြန်မာပြည်ကြီး အင်္ဂလိပ်လက်အောက်ရောက်ခဲ့စဥ်
ဗမာ့တပ်မတော်များနှင့် ဂျပန်များ ပူးပေါင်းတိုက်
ထုတ်ရာ အင်္ဂလိပ်တပ်များ အရေးနိမ့်၍ မြန်မာပြည်မှ ပြန်လည်ထွက်ခွာခဲ့ရ၏။ ဂျပန်များက အုပ်ချုပ်ရေး
ပိုင်းကို အတိအလင်း အပိုင်ယူလိုက်ကြသည်။
မအေးနုတို့ မိသားစုသည် နှစ်ဆောင်ပြိုင်အိမ်ကြီးသို့
ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ အိမ်ကြီးက ရှေးဟောင်း
လက်ရာ နှစ်ထပ်အိမ်ကြီးဖြစ်သည်။ သူ(မ)၏
ခင်ပွန်းဖြစ်သူ ကိုထွန်းမြင့်မှာ လူလတ်ပိုင်းအရွယ်
စပါးကုန်သည် ပွဲစားတစ်ယောက်ဖြစ်၏။
(၅)နှစ်အရွယ် သမီးတစ်ယောက်နှင့် (၄)နှစ်ခန့်အရွယ်
သားလေးတစ်ယောက်ရှိပြီး မိသားစုလေးယောက်
ရှိသည်။
ထိုအိမ်ကြီးကို ဝယ်ပြီးပြောင်းလာသောအခါ မိသားစု
လေးယောက်ထဲမှ ခင်ပွန်းဖြစ်သူကိုထွန်းမြင့်က
ပါမလာဘဲ မိခင်နှင့် ကလေးနှစ်ယောက်သာ လာခဲ့ကြ
သည်။
အခန်း(၂)
အချိန်တွေက တစ်ရက်ပြီးတစ်ရက် ကုန်သွား၏။
မအေးနုတစ်ယောက် ကိုထွန်းမြင့်ပြန်လာမည့်ရက်ကို
မျှော်ရသည်မှာ လည်ပင်းရှည်လှပြီ။ သားကျော်ကျော်
နှင့် သမီးထားထားကလည်း ခဏခဏမေးလှပြီ။
အင်္ဂလိပ်အစိုးရကို ရိက္ခာထောက်ပံ့ပေးခဲ့သော
ကုန်သည်တွေရဲ့စာရင်းကို ဂျပန်တွေက ရသွား၏။
ထိုစာရင်းထဲတွင် ကိုထွန်းမြင့်ပါနေသည်။
ဂျပန်များက သူတို့အတွက်လည်း ဆက်ပြီး ထောက်ပံ့ခိုင်းရင် တော်သေး၏။ မဟုတ်ပါက အင်္ဂလိပ်အလို
တော်ကြီးဟု သတ်ပစ်မည်စိုးကာ ရှောင်ပုန်းနေရ၏။
ကိုထွန်းမြင့်နှင့်အတူ စီးပွားရှာဖက် ကုန်သည်သုံးယောက်ကို ဖမ်းမိသွား၍ ကြိုးပေးလိုက်သည်ဟု
ကြားရသည်။ ကိုထွန်းမြင့်လည်း ထို့ကြောင့် အိမ်ပြန်
မလာခြင်းဖြစ်လိမ့်မည်။ ကြိုးပေးအသတ်ခံလိုက်ရ
သော ကုန်သည်သုံးယောက်ရဲ့နာမည်ကို အခုထိမသိ
ရသေး။
မအေးနုတစ်ယောက် အိမ်ကြီးထဲတွင် ကလေးနှစ်ယောက်နှင့် နေရသည်မှာ ခြောက်ခြားလာ၏။
အိပ်ရေးပျက်သည့် ညများလည်း များလာသည်။
သူ(မ)က အိမ်အကူတစ်ယောက်လောက် အမြန်လို
နေသည်။
အိမ်သို့ပြောင်းရွှေ့လာစဥ်ကတည်းက အိမ်အကူမရှိ
သဖြင့် နေ့တိုင်းဖြစ်သလို ရင်ဆိုင်ခဲ့ရ၏။ အချိန်ကြာ
လာတော့ ချက်ရေးပြုတ်ရေးကို လုံးဝတာဝန်မယူချင်တော့ပေ။
အိမ်အကူအမြန်အလိုရှိသည် ဟု ဆိုင်းဘုတ်ရေးပြီး
အိမ်ရှေ့တွင် ချိတ်ထားလိုက်သည်။
သုံးရက်အကြာမှာ အိမ်ကိုအသက်(၅၀)အရွယ်
အဒေါ်ကြီးတစ်ယောက်နှင့် အသက်(၆၀)အရွယ်
ဦးလေးကြီးတစ်ယောက် ရောက်လာ၏။
” ဒေါက်..ဒေါက် “
အိမ်ရှေ့တံခါးခေါက်သံကြောင့် မအေးနုတစ်ယောက်
တံခါးဖွင့်ပေးလိုက်သည်။
” ဘာကိစ္စရှိလို့လဲရှင့် “
” ဒီအိမ်က အိမ်အကူလိုချင်တယ်ဆိုလို့ပါ “
” သြော်..ဟုတ်ကဲ့၊ လာပါ အထဲဝင်ပါရှင့် “
ထိုသူနှစ်ယောက်လည်း အိမ်ထဲကို ဝင်လာခဲ့ကြသည်။
အချိန်က မနက်ခင်း ဆယ်နာရီခွဲခန့်သာရှိသေး၏။
အိမ်ထဲကိုဝင်လိုက်တော့ အိမ်ကြီးကမှောင်မည်းနေသည်။
” အိမ်ကြီးကမှောင်လိုက်တာ ပြတင်းပေါက်တွေ
မဖွင့်ဘူးလား “
အဒေါ်ကြီးမေးတာကို မဖြေသေး။ မအေးနုက
ပြန်မေးလိုက်၏။
” အဒေါ်တို့က ဘာတော်တာလဲ “
” အဒေါ်တို့က လင်မယားတွေပါ၊ အဒေါ်က ထမင်း
ချက်၊ ကြမ်းတိုက်၊ အဝတ်လျှော်၊ ပန်းကန်ဆေး၊
မီးပူတိုက်အကုန်လုပ်နိုင်ပါတယ်၊ အဒေါ့်ယောက်ျားက
ခြံလုံခြုံရေး၊ ခြံသန့်ရှင်းရေးနဲ့ သစ်ပင်ပန်းပန် ထိန်း
သိမ်းရေးလုပ်နိုင်ပါတယ် “
” အဒေါ်တို့က လင်မယားဆိုပေမဲ့ အတူမနေရင်
ဖြစ်လား “
” တူမကြီးက ဘယ်လိုဖြစ်စေချင်လို့လဲ “
” ဦးလေးကြီးက ခြံတာဝန်ခံဆိုတော့ အိမ်ဘေးမှာ
ကားဂိုဒေါင် အဟောင်းရှိတယ်၊ အပေါ်မှာအိပ်ရာခင်း
အသင့်ရှိတယ်၊ အဲ့ဒီမှာနေပါ၊ အဒေါ်ကြီးအတွက်
လည်း မီးဖိုခန်းဘေးမှာ အိပ်ခန်းအသင့်ရှိတယ်၊
အဲ့ဒီလိုခွဲအိပ်ရမှာ၊ စျေးကလည်း(၅)မိနစ်လောက်
သွားရုံနဲ့ရောက်တယ် “
” ဟုတ်ကဲ့၊ အဲ့လိုနေရလည်း ဖြစ်ပါတယ် “
” အိုကေ..ဒါဆိုလည်း အလုပ်စဝင်ကြပေါ့ရှင်၊
တစ်ခုကြိုမှာထားရဦးမယ်၊ ကျွန်မမှာ သားနဲ့သမီး
ရှိတယ်၊ သူတို့က ကျန်းမာရေးသိပ်မကောင်းကြဘူး
အလင်းရောင်ကိုထိလို့မရဘူး၊ အထူးသဖြင့် နေရောင်
ပေါ့၊ သူတို့ကိုယ်ပေါ်ကို နေရောင်ထိတာနဲ့ အသားအ
ရေတွေက မည်းကုန်တယ်၊ ဆံပင်တွေလည်း ကျွတ်
ကုန်တယ်၊ အဲ့ဒါကြောင့် နေ့ခင်းပိုင်းဆိုပေမဲ့ ပြတင်း
ပေါက်တံခါးတွေကို ပိတ်ပြီး လိုက်ကာတွေပါ ချထား
ရတာ၊ ဒါနဲ့ အဒေါ်တို့ရဲ့ နာမည်တွေ ပြောထားပါဦး “
” ဦးစံထူးနဲ့ ဒေါ်ပုကြွယ်ပါ “
” သြော်..ဟုတ်ကဲ့၊ ကျွန်မနာမည်က မအေးနု၊
ကျွန်မယောက်ျားက ကိုထွန်းမြင့်တဲ့ “
” ဒါနဲ့ ကလေးတွေက ဘယ်မှာလဲ “
” အပေါ်ထပ်က သူတို့အခန်းထဲမှာ အရုပ်ဆွဲနေလား၊
စာဖတ်နေလား၊ ကစားနေလားတော့မသိဘူး “
” ကလေးတွေက ဘယ်အရွယ်ရောက်ပြီလဲ “
” သမီးလေးက(၅)နှစ်၊ သားလေးက(၄)နှစ်ပါ “
” ကလေးတွေက လိမ္မာပါတယ် “
” ကဲ..လာ အဒေါ်တို့နေရမယ့်အခန်းလိုက်ပြမယ်၊
ပြီးတော့ အိမ်က အရေးကြီးတဲ့အခန်းတွေကို
လိုက်ပြမယ် “
” ဒါနဲ့ တူမကြီးရဲ့ ယောက်ျားရော မမြင်ပါလား “
” သူကကုန်သည်ဆိုတော့ ခရီးအမြဲထွက်နေရတယ်၊
ပိုက်ဆံတော့ ပို့ပေးပါတယ် “
” ဒါက ထမင်းစားခန်း၊ ဒါက မီးဖိုခန်း၊ ဒါကတော့
အဒေါ် နေရမယ့်အခန်းပဲ၊ ဟိုအခန်းက ဧည့်သည်
တွေလာရင် အိပ်ဖို့အတွက် အခန်းနှစ်ခန်းပဲ၊ အပေါ်
လိုက်ခဲ့..ကျွန်မတို့ရဲ့အခန်းနဲ့ ကလေးတွေရဲ့အခန်းကို
ပြထားမယ် “
မအေးနုလည်း ပြောပြောဆိုဆိုနှင့် လှေကားအတိုင်း
တက်လာခဲ့၏။
” ဟောဒါက စာဖတ်ခန်း၊ ဒါက ကလေးတွေရဲ့အခန်း၊
ဒါက အပိုအိပ်ခန်းပါ၊ ဒီဟာကတော့ ကျွန်မတို့ရဲ့
အခန်း၊ အရှေ့ကဟာကတော့ ဘုရားခန်း၊ ဧည့်ခန်း၊
ဟိုနားမှာက အိပ်ခန်းနှစ်ခန်းနဲ့ နားနေခန်းရှိတယ်၊
နားနေခန်းထဲမှာတော့ စန္ဒယားကြီးလည်းရှိတယ် “
” အမယ်လေး..အခန်းတွေက များလိုက်တာ “
” အိပ်ခန်းကြီးပဲ အပေါ်အောက် (၈)ခန်းရှိတယ်၊ ကဲ
အောက်ဆင်းပြီးတော့ စားရေးသောက်ရေးအတွက်
စီစဥ်ပေးပါ၊ ကျွန်မတို့က နေ့ခင်း(၁)နာရီကို နေ့လည်
စာစားတယ်၊ ည(၆)နာရီကို ညစာစားတယ်၊ မနက်
(၈)နာရီ၊ (၉)နာရီကို အဆာပြေစားတယ်၊
တစ်ခုတော့ မမေ့နဲ့နော် ဘယ်အချိန်မှ လိုက်ကာကို
မဖွင့်ပါနဲ့ “
” မေမေ..မေမေ “
” ဘာလဲ..သားရဲ့၊ အမေတို့အောက်ထပ်မှာရှိတယ် “
” မမကလေ သားကို အခန်းထဲမှာ သရဲရှိတယ်ပြောတယ်၊ အဲ့ဒါဟုတ်လား “
” ဟယ်..ဒီကလေးမလေး ပေါက်ပေါက်ရှာရှာ
လျှောက်ပြောနေတယ်၊ သမီး မောင်လေးကို မခြောက်
ရဘူးလေ “
” ဟုတ်တယ် မေမေရဲ့..သမီးတွေ့လိုက်တယ် “
” မဟုတ်တာပြောရင် နာမယ်နော် “
ကလေးနှစ်ယောက်လည်း အခန်းထဲကို ပြန်ဝင်သွား
ကြသည်။
အခန်း (၃)
” ဟဲ့..နင်မကြောက်ဘူးလား၊ ငါတို့အခန်းထဲမှာ
သရဲကောင်လေးတစ်ယောက်ရှိတယ် “
” သားမမြင်ရပါဘူး၊ မမ မြင်ရလို့လား “
” မြင်ရတယ်ဟဲ့..ဟိုမှာရပ်နေတာ “
” သူကရော မမကိုမြင်ရလားဟင် “
” မမြင်ရဘူးထင်တယ်၊ ဟော..စားပွဲဆီကို သွားပြီး
စာထိုင်ဖတ်နေတယ် “
” သားကမမြင်ရဘူး၊ မမက မြင်ရတယ်ဆိုတော့ သရဲ
က မမကို ခြောက်တာပဲ၊ မမ မကြောက်ဘူးလား “
” ကြောက်တော့လည်း ဘယ်လိုလုပ်ရမှာလဲ၊ မောင်
လေးကိုထားပြီး အမက ထွက်ပြေးလို့ဖြစ်မလား၊
သရဲလေးက သဘောကောင်းတယ်၊ ဘာမှမလုပ်ဘူး၊
မမထက် တစ်နှစ်,နှစ်နှစ်လောက်ပဲ ကြီးလိမ့်မယ်၊
သူက အခု စာဖတ်နေတယ် “
” စာဖတ်ရင်းနဲ့ သေသွားတာလား မသိဘူးနော် “
” ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ ဟော..ထလာပြီ၊
သူ့ဘက်ကိုကြည့်မနေနဲ့၊ အိပ်ရာပေါ်အိပ်နေ “
မောင်နှမ နှစ်ယောက်လည်း အခန်းထဲမှာ သရဲလေး
ရှိနေသည်ကို ဥပေက္ခာပြုပြီး မျက်စိမှိတ်
အိပ်လိုက်ကြသည်။
နေ့လည်စာကို သားအမိသုံးယောက်စားကြသည်။
ဒေါ်ပုကြွယ်က ဘေးမှာရပ်နေ၏။
နေ့ခင်းတစ်နာရီ ဖြစ်ပေမဲ့ ထမင်းစားခန်းထဲမှာ
ဖယောင်းတိုင် တစ်တိုင်ထွန်းပြီး စားနေကြရသည်။
ပြတင်းပေါက်တွေပိတ်ထားပြီး လိုက်ကာများလည်း
ချထားသောကြောင့် အခန်းတစ်ခုလုံး မှောင်မည်းနေ
၏။
” မေမေ..မမက အိပ်ခန်းထဲမှာ သရဲလေးရှိတယ်တဲ့ “
” ထမင်းစားတုန်းကို စကားမပြောရဘူးလေ သားရဲ့၊
ထမင်းလုံးနင်လိမ့်မယ်၊ ဟင်းထဲမှာ အရိုးတွေဘာတွေ
ပါရင်လည်း မျတ်တတ်တယ် “
” မမက သားကိုခြောက်နေတာ “
” ထားထားနော် ညာမပြောရဘူး၊ မေမေမကြိုက်ဘူး “
” သမီး ညာပြောတာမဟုတ်ဘူး မေမေရဲ့၊ အခုဆို
ဒီအိမ်ထဲမှာ သရဲတွေ အများကြီးရောက်လာပြီ၊
သရဲအဖွားကြီးရယ်၊ သရဲလင်မယားရယ်၊ သရဲအထီး
နှစ်ကောင်၊ သရဲကောင်လေးရယ်၊ အားလုံးပေါင်း
သရဲခြောက်ကောင် အမြဲတွေ့နေရတယ် “
” ဟဲ့..ပြောလေ ကဲလေပါလား “
” သြော်..တူမကြီးရယ်၊ ကလေးက တကယ်မြင်လို့
ဖြစ်မှာပါ “
” အဲ့ဒီ သရဲကြီးတွေက ဘာလို့ ရောက်လာတာလဲဟင်
မေမေ “
” သရဲမရှိဘူး၊ နင့်အမက စိတ်ကူးယဥ်ပြီး လျှောက်
ပြောနေတာ “
” ရှိတယ် မေမေရဲ့၊ သရဲတွေ ရောက်လာကြပြီ “
” ဟဲ့..သွားတော့ ၊ ထမင်းမစားနဲ့ “
ထိုအချိန် တဒုန်းဒုန်းနှင့် ထွက်ပေါ်လာသော အသံကို
သူတို့အားလုံး ကြားလိုက်ရ၏။
” ဟင်..ဘယ်ကအသံလဲ “
” ဟိုဘက်အခန်းကထင်တယ်၊ ဒေါ်လေးသွားကြည့်
လိုက်မယ် “
” နေနေ..ဒေါ်လေး၊ ဒီပန်းကန်တွေပဲ သိမ်းလိုက်တော့၊
ကျွန်မသွားကြည့်လိုက်မယ် “
မအေးနုလည်း ထမင်းစားခန်းထဲမှ ထပြီး၊ အသံကြား
ရသော အခန်းကို ထွက်လာခဲ့၏။ တံခါးကို တွန်းဖွင့်
ကြည့်လိုက်၏။ မရပေ။ သို့ကြောင့် အမြဲဆောင်ထား
သော သော့တွဲတွေထဲက သော့တစ်ချောင်းကိုရှာပြီး
အခန်းကိုဖွင့်လိုက်သည်။ တံခါးကိုဖွင့်ပြီး အခန်းကို
ဝင်လိုက်စဥ် သူ(မ)ဖွင့်ထားသော အခန်းတံခါးသည်
နောက်ကျောဘက်မှ အလိုလို ပိတ်သွား၏။ အနောက်
ကို လှည့်ကြည့်လိုက်တော့လည်း ဘယ်သူ့ကိုမှ မတွေ့
ရပေ။
တံခါးပြန်ပိတ်သွားသောကြောင့် ဆွဲဖွင့်ကြည့်၏။
မထူးခြား။ အခန်းထဲကို လှည့်ပြတ်ကြည့်လိုက်ရာ
ဘီရိုတံခါး ပွင့်နေသည်ကို တွေ့ရ၏။
” ဒီ..ဒီအခန်းထဲမှာ ဘာတွေဖြစ်နေတာလဲ “
သူမကြည့်နေစဥ်အတွင်း ဘီရိုတံခါး ပြန်ပိတ်သွား၏။
ရှေ့နောက် ဘေးဘီဝှဲယာ ရှာပေမယ့် ဘာမှမတွေ့။
” တကယ်ပဲ သရဲရှိနေတာလား “
ထိုအချိန် သူ(မ)၏ မျက်လုံးမှ မီးပန်းဆွဲထားသော
မျက်နှာချပ်ကို မြင်လိုက်ရ၏။ မီးပန်းကိုင်းကြီးက
ယိမ်းယိုင်ထိုးလှုပ်နေသည်။
” သမီး..ထားထား..ထားထား “
” သား ကျော်ကျော် ၊
အပေါ်မှာ လျှောက်ပြေးနေတာလား “
မအေးနုလည်း အခန်းတံခါးကို အားကုန်ဖွင့်လိုက်၏။
ကြောက်လန့်စိတ်ကြောင့်လား၊ ဒွိဟစိတ်ကြောင့်လား
မသိ၊ ချက်ချင်းတံခါးပွင့်သွားသည်။ အခန်းထဲက
ထွက်ပြီး အပေါ်ထပ်ကို ခပ်သွက်သွက်တက်လာသည်။
ကလေးနှစ်ယောက်ရဲ့ အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့မောင်နှမ နှစ်ယောက်လုံး စားပွဲနားမှာထိုင်နေသည်ကို
မြင်လိုက်ရ၏။ ထားထားက အရုပ်ဆွဲနေပြီး၊ ကျော်
ကျော်က ကာတွန်းစာအုပ် လှန်ကြည့်နေသည်။
” စောစောက အိမ်ပေါ်မှာ လျှောက်ပြေးနေတာလား “
” မပြေးပါဘူး..မေမေရဲ့၊ သားတို့ ဒီစားပွဲနားမှာ
ထိုင်နေတာကြာပြီ၊ မမလည်းအရုပ်ဆွဲနေတာ “
” အေး ပြီးရော၊ ညာမပြောရဘူးနော်၊ ညာတာတွေ့
ရင် ရိုက်မယ် “
မအေးနုလည်း တံခါးပိတ်ပြီး အိမ်အောက်ထက်ကို
ပြန်ဆင်းလာခဲ့သည်။
” ဟင်..လိုက်ကာတွေ ပွင့်နေတယ်၊ ဒေါ်ကြီးပုကြွယ်
ဒေါ်ကြီးပုကြွယ်..ဘယ်တွေသွားနေတာလဲ “
ခဏအကြာမှာ ဒေါ်ပုကြွယ် အိမ်ထဲကို ဝင်လာ၏။
” တူမကြီး ဘာခိုင်းစရာရှိလို့လဲ၊ ဒေါ်ကြီးဘာလုပ်ပေး
ရမလဲ “
” လိုက်ကာတွေကို ဘာလို့ဖွင့်ထားတာလဲ၊ မဖွင့်ဖို့
အသေအချာပြောထားတယ်လေ “
” ဟင်..ဒေါ်ကြီးမဖွင့်ပါဘူး၊ အလုပ်မရှိသေးတာနဲ့
ခြံထဲဆင်းပြီး ဦးစံထူးနဲ့ စကားသွားပြောနေတာ “
” ဒါဆို ဘယ်သူဖွင့်တာလဲ…”
” မေမေ..သမီးတို့ဆင်းလာပြီ “
” ပြတင်းပေါက်တွေ မြန်မြန်ပိတ်လိုက်၊ သမီးဆင်း
လာပြီတဲ့ “
” ခဏနေဦး သမီးရေ..လိုက်ကာပိတ်လိုက်ဦးမယ် “
ဒေါ်ပုကြွယ်နှင့် မအေးနုတို့လည်း လိုက်ကာတွေကို
အမြန်ပိတ်လိုက်ကြသည်။ ခဏကြာတော့ မောင်နှမ
နှစ်ယောက်လုံး အောက်ထပ်ကို ဆင်းလာ၏။
” သမီး ကစားမလို့လား “
” မဟုတ်ဘူး မေမေရဲ့၊ စကားသံတွေကြားလို့ အောက်ကိုဆင်းလာတာ၊ နားကိုငြီးနေတာပဲ “
” ဘယ်ကအသံတွေလဲ သမီးရဲ့ “
” ဟိုသရဲတွေပေါ့ ၊ သူတို့ဘာတွေပြောနေမှန်းလဲ
မသိဘူး၊ ကြားနေရတယ်၊ မေမေ ဖေဖေက ပြန်မလာ
သေးဘူးလားဟင် “
” လာမှာပေါ့ သမီးရဲ့၊ ပြန်လာမှာပါ “
” မေမေ..ဖေဖေက သေပြီလားဟင် “
” ဟော.လုပ်ပြီ၊ မသေပါဘူး၊ သွားသွား အပေါ်ထပ်
သွားပြီး ကာတွန်းစာအုပ်ကြည့်နေကြ “
” မကြည့်ချင်ဘူး၊ အဲ့ဒီအခန်းထဲမှာ အေးသိန်းဆိုတဲ့
သရဲလေးက အမြဲရှိနေတယ် “
” ဘယ်က အေးသိန်းလဲ “
” သမီးပြောတဲ့ သရဲလေးလေ၊ သမီးထက် နည်းနည်း
ကြီးတယ်၊ သမီးတို့အခန်းထဲမှာနေတယ်၊ သူ့နာမည်က
အေးသိန်းတဲ့၊ သူဖတ်တဲ့ စာအုပ်ထဲမှာရေးထားတယ် “
” ရော..ဒီကလေးတွေကတော့ ကာတွန်းစာအုပ်ထဲက
သရဲဇာတ်လမ်းတွေကြည့်ပြီး စိတ်ထင်ရာလျှောက်
ပြောနေတယ် “
” တကယ်ပြောတာ မေမေရဲ့၊ အခု သားလည်း သူ့ကို
မြင်ရပြီ “
” ဒီကလေးတွေကတော့ ခက်ပြီ၊ သွား..သွား
အပေါ်သွားတော့၊မသွားရဲရင် မေမေလိုက်ပို့ပေးမယ် “
” ရပါတယ် သမီးတို့ပဲသွားမယ် “
ထိုအချိန်မှာပဲ မအေးနုတစ်ယောက် တစ်ဖက်ခန်းက
စကားသံတွေလိုလို ကြားလိုက်ရသည်။
” ဟင်..ဒေါ်ကြီး ကြားလိုက်လား “
” အင်း..ကြားလိုက်သလိုပဲ “
” ဒီအိမ်မှာ ဘယ်ကသရဲတွေ ရောက်နေတာလဲ မသိပါဘူး ၊ ဒီတိုင်းဆို မဖြစ်တော့ဘူး၊ ဒီအနီးအနားမှာ
ဘုရားကျောင်း မရှိဘူးလား “
” ဘုရားကျောင်းတွေကတော့ အများကြီးပဲ “
” ဒါဆို သိက္ခာတော်ရ ဘုန်းတော်ကြီးတစ်ပါး ပင့်ပေး
ပါလား၊ ဒီသရဲတွေကို မောင်းထုတ်ရအောင် “
” အဒေါ် သွားလို့လိုက်မှာမဟုတ်ဘူး တူမကြီးရဲ့၊
သွားမနေပါနဲ့၊ အချိန်တန်ရင် သရဲတွေက သူ့ဟာသူ
ထွက်သွားမှာပါ “
” အဲ့ဒီအချိန်ထိတော့ စောင့်မနေနိုင်ပါဘူး၊ ကလေးတွေ
အတွက် အန္တရာယ်ရှိတယ်၊ ဒေါ်ကြီးမသွားရင် နေ၊
ကျွန်မသွားမယ် “
မအေးနုလည်း တံခါးဖွင့်ပြီး ဘုရားကျောင်းရှာဖို့
ထွက်သွားခဲ့သည်။
” အေး..မင်း ဘုရားကျေားင်းထိမရောက်ပါဘူး၊
ကြိုးစားနေလည်း အပိုပါပဲ “
ဒေါ်ပုကြွယ်က ခြံဝမှာ ရပ်ပြီး အသံမထွက်ဘဲ စိတ်ထဲ
ကပြောရင်း ကျန်ခဲ့၏။
မအေးနုတစ်ယောက် အိမ်ကြီးထဲမှ ခြံဝသို့လျှောက်
လာစဥ် အိမ်ထဲသို့ လူတစ်ယောက် ဝင်လာသည်
ကိုတွေလိုက်ရသည်။
” ဟင်..အကို..ကိုထွန်း “
သူမ မြင်လိုက်ရသူမှာ ကိုထွန်းမြင့်ဖြစ်သည်။
” ကိုထွန်း..အခြေအနေကောင်းလို့ ပြန်လာတာလား၊
ဂျပန်တွေရော မြို့ထဲမှာ ရှိသေးလား “
” ရှိသေးတယ်၊ သူတို့လည်း စစ်ရှုံးတော့မှာမို့ မြန်မာ
ပြည်က ပြန်ပြေးတဲ့ကောင်ပြေးနေပြီ၊ မြို့ထဲမှာ
အနည်းအကျင်းပဲ ကျန်တော့တယ် “
” ဒါဆို ရှင်လည်း ဂရုစိုက်ပြီးနေပေါ့၊ အိမ်ထဲက အိမ်အပြင် မထွက်ဘဲနေ၊ လာလာ အထဲသွားမယ် “
ကိုထွန်းမြင့်က ဘာမှမပြောဘဲ မအေးနု၏ဘေးမှ
လျှောက်ပြီး ပါလာသည်။ ခါတိုင်းဆိုလျင် ကိုထွန်းမြင့်
က အလွန်စကားပြော၏။
မအေးနုလည်း ကိုထွန်းမြင့်ကို ကြည့်ရသည်မှာ အား
မရပေ။ ဂျပန်တွေကို ရှောင်ရင်းပုန်းရင်း ပင်ပန်းလာ
ခဲ့သည် ဖြစ်မှာပါဟု စိတ်ကိုတွေးရင်း အိမ်ဘက်ကို
လှည့်လာခဲ့ကြသည်။
” ကျွန်မ ဘုရားကျောင်း မသွားဖြစ်တော့ဘူး ဒေါ်ကြီး၊
ကျွန်မယောက်ျားနဲ့ ခြံဝမှာတွေ့လို့ ပြန်ဝင်လာခဲ့တယ် “
” အေးအေး ကောင်းတာပေါ့ကွယ်၊ အိမ်မှာမိသားစု
လေးယောက် စုံစုံညီညီရှိသွားတော့ အားရှိတာပေါ့ “
” ဟုတ်တယ်၊ ကလေးတွေဆိုရင်လည်း သူတို့အဖေကို
မြင်ရင် ဝမ်းသာမှာ “
မအေးနုလည်း အပေါ်ထပ်ကို ဆက်တက်လာခဲ့သည်။
” သားရေ..သမီးရေ၊ ဒီမှာ ဘယ်သူပါလာလဲ ကြည့်
ပါဦး “
” ဟာ..ဖေဖေပြန်လာပြီ “
” ဖေဖေ ပြန်မသွားရတော့ဘူးနော် “
မောင်နှမနှစ်ယောက်လုံး ဖခင်ဖြစ်သူကို ပြေးဖက်
လိုက်ကြသည်။
ကိုထွန်းမြင့်က ကုတင်ပေါ်ကို ထိုင်လိုက်၏။ ကလေး
နှစ်ယောက်လည်း ကုတင်ပေါ်ပြေးတက်ရင်း ဖခင်
ဖြစ်သူကို တတွတ်တွတ်ပြောသည်။ ကိုထွန်းမြင့်က
ဘာမှမပြောဘဲ ပြုံးနေ၏။
” ကဲ သားနဲ့သမီးတို့ ဖေဖေပင်ပန်းလာတယ်၊
အိပ်ခန်းထဲသွားပြီးတော့ လှဲနေလိုက်ဦးမယ် “
” ညစာအတူတူစားမယ်နော် ဖေဖေ “
သမီးကြီးထားထားက ဝမ်းသာအားရပြောလိုက်ပေမဲ့
ဖခင်ဖြစ်သူက ဘာမှပြန်မပြော။ မိခင်ဖြစ်သူနှင့်
အတူထွက်သွားသည်။
အိပ်ခန်းထဲကို ရောက်သည်နှင့် စကားမပြောဘဲ
အိပ်ရာပေါ်မှာ လှဲအိပ်လိုက်၏။
” အကိုခဏ မှေးလိုက်ဦးမယ် “
မအေးနုသည် ကိုထွန်းမြင့်ကို စောင်ခြုံပေးရင်း
ဂျပန်တွေမမိအောင် ရှောင်ပုန်းနေရသဖြင့် အိပ်ရေး
ဝအောင် မအိပ်ခဲ့ရဘူးဟု တွေးရင်း အိပ်ခန်းတံခါး
ပိတ်ပြီး အောက်ထပ်ကို ဆင်းလာခဲ့သည်။
ည(၆)နာရီထိုးပြီ။ ညစာထမင်းစားရန်လည်း ပြင်ဆင်
ပြီးပြီ။ ထမင်းစားပွဲတွင် မအေးနုနှင့် ကလေးနှစ်
ယောက်သာရှိ၏။
” မေမေ..ဖေဖေက ထမင်းမစားဘူးလား၊ ဖေဖေ့ကို
တော့ ခေါ်မလာဘူး “
” ဖေဖေက အိပ်ရေးမဝလို့ အိပ်နေတယ်၊ အိပ်ပါစေ
ကွယ်၊ သူနိုးလာတဲ့အချိန် ထစားမှာပါ..ကဲကဲ စကား
မများဘဲ စားကြတော့ “
မအေးနုတို့ ထမင်းစားရန်လုပ်နေစဥ် ဧည့်ခန်းထဲမှ
စန္ဒယားအသံထွက်လာသည်။
” ဟင်..ဒီအခန်းကို သေသေချာချာပိတ်ထားတာပါ၊
စန္ဒယားကို ဘယ်သူမှ မကိုင်ရဘူးလို့ ပြောထားတာကို
ဟိုသရဲတွေ လုပ်နေပြီနဲ့တူတယ် “
မအေးနုက စန္ဒယားအသံကြားသော အခန်းကို
ထွက်လာခဲ့သည်။ စန္ဒယားက အဖုံးပွင့်ပြီး ခလုတ်
တွေက လုပ်ရှားနေ၏။
” သရဲက အတော်လေးသောင်းကြမ်းနေတာပဲ “
မအေးနုက အကောင်အထည်မမြင်ရသဖြင့် မကြောက်
သည့်ဟန်နှင့် စန္ဒယားအဖုံးကို ပြန်ပိတ်လိုက်သည်။
သူ(မ) အခန်းထဲက ပြန်ထွက်မည်အလုပ် စန္ဒယား
အသံက ပြန်ထွက်လာသည်။
” တောက်..သတ္တိရှိရင် ကိုယ်ထင်ပြပါလား၊ မကြိုက်
တာဘဲ လိုက်လုပ်နေတယ် “
မအေးနုလည်း ပါးစပ်ကပြောရင်း စန္ဒယားခလုတ်ကို
ဆက်ခနဲပိတ်ပြီး အခန်းထဲမှထွက်ကာ တံခါးကို
သော့ခတ်လိုက်၏။ ထို့နောက် ထမင်းစားခန်းကို
ပြန်လာခဲ့သည်။ မောင်နှမနှစ်ယောက်လုံး မရှိတော့
ပေ။ အပေါ်ထပ်အခန်းသို့ ပြန်သွားပြီဖြစ်ကြောင်း
ဒေါ်ပုကြွယ်က ပြော၏။ သူ(မ)လည်း ထမင်းစားချင်
စိတ် မရှိတော့သဖြင့် အပေါ်ထပ်အိပ်ခန်းသို့ ပြန်လာ
ခဲ့သည်။
အခန်းထဲသို့ရောက်သောအခါ ကိုထွန်းမြင့်က နိုးနေ
သည်။ သို့သော် အိပ်ရာထဲမှ မထသေး။
သူ(မ)လည်း ကိုထွန်းမြင့်အနားသို့သွားကာ ပါးကို
တစ်ချက်နမ်းလိုက်သည်။
” ဒီရက်တွေမှာ သိပ်သတိရတာပဲ၊ ကလေးနှစ်ယောက်
နဲ့ ဘဝကိုရင်ဆိုင်ရတာ တော်တော်ခက်တယ်၊ မြန်မြန်
နေကောင်းအောင် ကြိုးစားနော်၊ ထမင်းကော စားတော့မှာလား အကို “
မအေးနုကပြောရင်း အပေါ်အိင်္ကျီကို ဆွဲချွတ်လိုက်သည်။ အောက်တွင် ညဝတ်အိင်္ကျီတစ်ထည် ရှိနေ
သေး၏။
” အကိုဒီမှာ အိပ်လို့မဖြစ်ဘူး၊ ပြန်ရမယ် “
” ဟင်..ဘယ်လိုဖြစ်တာလဲ “
” အကိုဒီမှာ မင်းတို့နဲ့အတူ နေလို့မရဘူး၊ ခဏခွင့်
တောင်းပြီးတော့ လာခဲ့တာ၊ အခုပြန်မှဖြစ်မယ်၊ ကလေး
တွေကိုလည်း နှုတ်မဆက်တော့ဘူး “
” အပြီးပြန်လာတာ မဟုတ်ဘူးလား “
” မဟုတ်ဘူး..အကိုပြန်လာလို့မရတော့ဘူး၊ မင်းတို့ကို
တွေ့ချင်လို့ ခွင့်တောင်းပြီးတော့ လာခဲ့တာ “
” ရှင်..ရှင်သေသွားပြီလား “
” မသေပါဘူး “
” မဖြစ်ဘူး ရှင်မသွားရဘူး၊ ကလေးတွေကို သွားခေါ်
ရမယ်၊ သူတို့ကို ရှင်ထွက်မသွားဖို့ ပြောခိုင်းရမယ် “
မအေးနုက တံခါးဖွင့်ပြီး ကလေးတွေအခန်းသို့ ထွက်
လာချိန် ကိုထွန်းမြင့်က သူ၏အပေါ်အိင်္ကျီကို လှန်ပြီး
ကြည့်လိုက်သည်။
သူ၏ရင်ဝနှင့် နှလုံးနေရာတွင် အပေါက်ကြီးနှစ်ခုကို
အထင်းသားတွေ့ရ၏။ ထိုနေရာကို အိင်္ကျီနှင့်လုံခြုံစွာ
ဖုံးပြီး အပြင်သို့ ထွက်လာခဲ့သည်။
မအေးနုနှင့် ကလေးတွေရောက်လာသောအချိန်
အခန်းထဲတွင် ကိုထွန်းမြင့်မရှိတော့ပေ။
” အကို..ကိုထွန်းမြင့် “
” ဖေဖေ..ဖေဖေ ဘယ်သွားတာလဲ “
သူတို့လည်း အိမ်အောက်ထပ်သို့ ဆင်းလာခဲ့ကြ၏။
အောက်ထပ်တွင်ရပ်နေသော ဒေါ်ပုကြွယ်ကို တွေ့လိုက်
ရသည်။
” ဒေါ်ပုကြွယ်…အကို့ကိုတွေ့လိုက်လား “
” စောစောကပဲ တံခါးဖွင့်ပြီးတော့ ထွက်သွားတယ် “
” ရှင်..ဒေါ်ပုကြွယ်က မတားလိုက်ဘူးလား “
” သူဘယ်သွားမယ်..ဘာလုပ်မယ်မသိဘူးလေ၊ တူမ
ကြီးတို့ရဲ့ အိမ်တွင်းရေးကိုလည်း မသိဘူးလေ၊ အဒေါ်
မှာ တားပိုင်ခွင့်လည်း မရှိပါဘူး “
ဒေါ်ပုကြွယ်၏ စကားမှာ မှန်ကန်နေသောကြောင့်
မအေးနုက ဘာမှဆက်မပြောတော့ဘဲ တံခါးဖွင့်ပြီးအပြင်ကိုကြည့်လိုက်၏။ မှောင်နက်မည်းမည်း ဘာမှ
မမြင်ရ။ လရောင်လည်းမရှိ။ မီးလည်းမရှိ။ ည(၇)နာ
ရီအချိန် သစ်ပင်များနှင့် ထူထက်နေသော ခြံထဲမှာ
လူတစ်ယောက်ကို ရှာရသည်က မလွယ်လှပေ။
သူ(မ)လည်း ခြံထဲကိုမဆင်းတော့ဘဲ အိမ်တံခါးကို
ပိတ်လိုက်တော့သည်။
ကလေးနှစ်ယောက်ကို ထွေးပွေ့ပြီး မအေးနုက
ရှိုက်ကြီးတငင် ငိုလေ၏။
” အဟင့်..အဟင့်..ဟင့်
ကိုထွန်းမြင့်ရယ် ကျွန်မတို့မိသားစုကို ထားသွားပြီလား၊
ရှင်ပြောတော့ မိသားစုအတူတူနေကြမယ်ဆို…
ရှင်မရှိဘဲ ဒီကလေးနှစ်ယောက်နဲ့ ဘယ်လိုနေရမှာလဲ “
ကလေးနှစ်ယောက်လည်း မိခင်ကို ဘာမှမမေး။
အားပါးတရ ငိုနေလိုက်ကြသည်။
ထို့နောက် အချိန်ကြာမြင့်စွာ ငူငူငိုင်ငိုင် ထိုင်နေလိုက်ကြ၏။
အခန်းထဲသို့ ဒေါ်ပုကြွယ်ရောက်လာပြီး အိပ်ချိန်ရောက်
ပြီဟု သတိပေးလိုက်သဖြင့် ဖယောင်းတိုင်မီးကိုငြိမ်း
ပြီး အိပ်လိုက်ကြသည်။
အခန်း(၅)
ထားထားတစ်ယောက် အိပ်ရာမှနိုးလာခဲ့သည်။
စောင်ကိုဖယ်၍ ကုန်းထလိုက်၏။ အခန်းထဲတွင်
ထူးခြားနေသောကြောင့် အနောက်ကိုလှည့်ကြည့်
လိုက်ရာ…
” အား…”
ထားထားမျက်လုံးပြူးသွားသည်။ အသံကုန်အဆက်
မပြတ် အော်ဟစ်လေ၏။
မအေးနုလည်း လန့်နိုးလာပြီး အခန်းတံခါးကို
ပြေးဝင်ကာ လျင်မြန်စွာ ဖွင့်လိုက်၏။ အခန်းတစ်ခု
လုံး လင်းထိန်နေသည်။ လိုက်ကာများ မရှိတော့ပေ။
” ဟင်..လိုက်ကာတွေ ဘယ်ရောက်သွားတာလဲ၊
လာလာ မေမေ့ဆီလာကြ “
မအေးနုက ကလေးနှစ်ယောက်လုံးကို စောင်တစ်ထည်
နှင့်ဖုံးအုပ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
အပေါ်ထပ်တွင်ရှိသော အိပ်ခန်း၊ စာကြည့်ခန်း၊ ဧည့်
ခန်း မှန်သမျှ လိုက်ကာခန်းစီးများမရှိတော့ပေ။
အခန်းအားလုံး လင်းထိန်နေသည်။ အောက်ထပ်
ရောက်သောအခါ၌လည်း ပြတင်းပေါက်အားလုံး
လိုက်ကာများ မတွေ့ရတော့ပေ။
” ဟင်..တစ်ခန်းမှ လိုက်ကာတွေ မရှိတော့ဘူး “
ကလေးနှစ်ယောက်ကို အခန်းထောင့်မှာ စောင်ခြုံပေး
ပြီး ထိုင်နေခိုင်းလိုက်၏။
” ဒေါ်ကြီး..ဒေါ်ကြီးပုကြွယ် “
မအေးနု၏ ခက်ထန်မာကျောသော အော်ဟစ်သံကြောင့်
ဒေါ်ပုကြွယ်တစ်ယောက် ခြံထဲမှ အိမ်ပေါ်သို့ တက်
လာခဲ့သည်။
” လိုက်ကာတွေကို ဒေါ်ကြီးဖြုတ်ပစ်တာလား “
” မဖြုတ်ပါဘူး..ငါ့တူမ မခိုင်းဘဲ ဘာမှမလုပ်ပါဘူး “
” ဒါဖြင့် လိုက်ကာစတွေ ဘယ်ရောက်သွားတာလဲ၊
ဒေါ်ကြီးတို့လင်မယားမလုပ်လို့ ဘယ်သူကလုပ်မှာလဲ”
” မလုပ်ရပါဘူး တူမကြီးရယ် “
” ကျွန်မ မကြိုက်မှန်းသိလို့ တမင်လုပ်တာမလား၊
သွား..သွားကြ၊ အခုအချိန်ကစပြီး ရှင်တို့လင်မယား
ဒီအိမ်မှာ မနေနဲ့တော့ “
မအေးနုလည်းပြောပြီး အခန်းထဲမှ ဘီရိုအန်ဆွဲတွေကို
တစ်ခုမကျန် ဆွဲဖွင့်လိုက်၏။ လိုက်ကာများကို
ဘယ်မှာမှရှာမတွေ့။
” တူမကြီး သွားဆိုလည်း သွားပါ့မယ် “
ဒေါ်ပုကြွယ်က ထိုမျှလောက်သာပြောပြီး ထွက်သွား၏။
ခဏအကြာတွင် ဦးစံထူးနှင့် နှစ်ယောက်သား ခြံထဲမှ
ထွက်ခွာသွားကြသည်။
မအေးနုလည်း တစ်ခန်းပြီးတစ်ခန်း လိုက်ကာစတွေ
ရှိနိုင်မည့် နေရာအနှံ့ကို လိုက်ရှာ၏။ သူ(မ)ရှာနေစဥ်
အတွင်း အန်ဆွဲတစ်ခုထဲမှ သတင်းစာအဟောင်း
တစ်စောင်ကို တွေ့လိုက်၏။
” ဟင်..အမယ်လေး “
မအေးနုတစ်ယောက် အံ့သြတကြီးဖြင့် လန့်ပြီး
ထအော်မိလိုက်၏။ သတင်းစာမျက်နှာထဲမှ ပုံတစ်ပုံ
ကြောင့် သူ(မ)မျက်လုံးပြူးသွားသည်။
စက်ရှင်မင်းသားကြီး မစ္စတာဝဲ(လ်)စင်၏ အိမ်၌
ခြံစောင့်ကြီး ဦးစံထူးနှင့် ဒေါ်ပုကြွယ်တို့လင်မယား
နှစ်ယောက် အသတ်ခံရခြင်း ။
အခန်း(၅)
စက်ရှင်မင်းကြီး ခရီးထွက်နေစဥ်အတွင်း အိမ်ကြီးကို
စောက်ရှောက်ရန် ကျန်ခဲ့သော အိမ်ဖော်လင်မယားအား
ဓားပြတွေမှ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု
ဖတ်လိုက်ရ၏။
” ဒါ..ဒါဆိုရင် ဦးစံထူးနဲ့ ဒေါ်ပုကြွယ်တို့က သရဲတွေ
ပါလား၊ ငါ..ငါသရဲတွေကို အိမ်ပေါ်ခေါ်တင်ထားမိ
တာပဲ “
မအေးနုလည်း သတင်းစာကို အန်ဆွဲထဲ ပြန်ထည့်ထား
လိုက်၏။ ထို့နောက် သူ(မ)လည်း အပြင်ကို ထွက်လာ
ခဲ့သည်။
” ငါသူတို့ကို အိမ်ပေါ်က မောင်းထုတ်လိုက်တာ ဘာမှ
လုပ်မသွားဘဲ ထွက်သွားလို့တော်ပါသေးရဲ့၊ မဟုတ်ရင်
သရဲလင်မယားနဲ့ ငါတို့သားမိ စဥ်းစားရင်းနဲ့တောင်
ကြောက်လာပြီ “
ထိုအချိန် ကလေးနှစ်ယောက် စောင်ကိုဖယ်ချပြီး
အပြင်ကို ထွက်လာခဲ့ကြသည်။
” ဟင်..သားတို့သမီးတို့ ဘာမှမဖြစ်ကြတော့ဘူး
လား “
” မဖြစ်တော့ဘူး မေမေရဲ့ “
” ဟုတ်တယ်၊ သားတို့ အလင်းရောင်ထိလို့ရသွားပြီ၊
နေရောင်ပါထိလို့ရရင်တော့ အပြင်မှာထွက်ကစားလို့
ရသွားပြီ မေမေ “
” တော်သေးတာပေါ့၊ လိုက်ကာတွေရှာမတွေ့လို့
မေမေက စိတ်ပူနေတာ၊ အခုလို အလင်းရောင်အောက်
မှာ နေလို့ရလို့ မေမေ စိတ်ချမ်းသာသွားပြီ၊ နေရောင်
တော့ မထိစေနဲ့ဦး “
” ဟုတ်ကဲ့ မေမေ “
” ကဲကဲ..အခန်းထဲပြန်သွားကြ၊ တော်ကြာ အိမ်ထဲမှာ
ရှိတဲ့ သရဲတွေနဲ့ တိုးနေဦးမယ် “
” အခု သရဲတွေက သားနဲ့မမကို မြင်သွားကြပြီ၊
သူတို့က ဘာမှမလုပ်ဘူး၊ တွေ့တာနဲ့ပြုံးပြကြတယ် “
” သူတို့ကပြုံးပြလည်း အရောမဝင်နဲ့၊ သရဲဆိုတာက
စိတ်မှန်တာမဟုတ်ဘူး သားရဲ့၊ အခုပြုံးပြလည်း
နောက်ဆိုရင် မျက်လုံးပြူးပြ၊ လျှာထုတ်ပြရင် ပြမှာ “
” ဟုတ်ကဲ့ပါ မေမေရဲ့၊ သမီးတို့လည်း အရောတဝင်
မနေပါဘူး “
အချိန်သည် တဖြေးဖြေးမှောင်စပြုလာ၏။
ကျော်ကျော်နှင့်ထားထားတို့လည်း အိမ်ပြတင်းပေါက်
မှ ခြံထဲသို့ကြည့်နေစဥ် ခြံထဲကို ဒေါ်ပုကြွယ်နှင့် ဦးစံ
ထူးတို့ လင်မယားနှစ်ယောက် ဝင်လာကြသည်ကို
မြင်လိုက်ရသည်။
ကျော်ကျော်က တံခါးဖွင့်ပြီး ခြံထဲသို့ ဆင်းသွား၏။
ထားထားက တံခါးပေါက်မှာရပ်နေရင်း …
” မေမေရေ..မေမေ၊ ဘကြီးစံထူးနဲ့ ကြီးမေပုကြွယ်
တို့ ပြန်လာပြီ “
မိခင်ကို အော်ပြောရင်း မောင်နှမနှစ်ယောက် ခြံထဲသို့
ပြေးဆင်းသွားကြသည်။
ထားထား၏ အော်သံကြောင့် မအေးနုက အပေါ်ထပ်
မှ ပြေးဆင်းလာခဲ့၏။
” သမီးဘယ်သွားမလို့လဲ..ဘယ်လဲ “
ထိုအချိန် သားဖြစ်သူ ကျော်ကျော်က ဒေါ်ပုကြွယ်တို့
နှင့် မနီးမဝေးမှာ ရောက်နေသည်။
” အမယ်လေး..သားပြန်လာခဲ့၊ သမီးမသွားနဲ့… “
” ဘာဖြစ်လို့လဲ မေမေ “
” မမေးနဲ့ သား..ဒီကို အမြန်ပြေးလားခဲ့၊
သမီး အဲ့ဒီအဖိုးကြီး အဖွားကြီးက သေတာကြာပြီ၊
သူတို့တွေက သရဲဖြစ်နေပြီ သမီးရဲ့ “
” ဟင်..ဟုတ်လား “
” ဟုတ်တယ် မေမေသိပြီးပြီ နောက်မှပြောပြမယ်၊
မောင်လေးကိုရော ခေါ်လိုက် “
ထားထားလည်း ဆက်မသွားတော့ဘဲ မောင်ဖြစ်သူ
ကျော်ကျော်ကို အသံကုန်ဟစ်၍ ခေါ်လိုက်သည်။
” မောင်လေး..ပြေးလာခဲ့ “
” ဘာဖြစ်လို့လာရမှာလဲ၊ ဘကြီးတို့ကို စောင့်ခေါ်ဦး
မယ်လေ “
” ဟာ မောင်လေး..လာမြန်မြန်၊ အဲ့ဒါလူမဟုတ်ဘူး
သရဲ “
” မဟုတ်ပါဘူး..သားတို့လို လူမဟုတ်ဘူးလား၊ သရဲ
မဟုတ်ပါဘူး “
” မြန်မြန်လာပါဆို..အခုပြေးလာခဲ့ “
ကျော်ကျော်လေးလည်း နောက်ကြောင်းပြန်လှည့်ပြီး
ပြေးလာခဲ့၏။
မောင်နှမနှစ်ယောက်လုံး မိခင်ဖြစ်သူ အနားသို့
ရောက်လာကြသည်။
” လာလာမြန်မြန်..အိမ်ထဲဝင်၊ အဲ့ဒါလူမဟုတ်ဘူး
သရဲတွေ “
မအေးနုက ပြောလည်းပြော အိမ်ပေါ်ကို အမြန်တက်
လိုက်ပြီး တံခါးကိုချက်ချင်းပိတ်လိုက်၏။
ဒေါ်ပုကြွယ်နှင့် ဦးစံထူးတို့က အိမ်ဘေး၌ ဖြတ်လျှောက်ပြီး မှန်ပြတင်းမှာ လာရပ်ကြသည်။
” တူမကြီး ဝင်ခွင့်ပြုပါ၊ အတူတူနေကြတာပေါ့ “
” သွား..သွား၊ ရှင်တို့က သရဲတစ္ဆေတွေ အတူနေလို့
မဖြစ်ဘူး “
” ဘာလို့မဖြစ်ရမှာလဲ၊ အရင်ကလည်း အတူတူ
နေခဲ့ကြတာပဲ မဟုတ်ဘူးလား၊ ဒီအိမ်မှာ တူမကြီးတို့
အပြင် တခြားသူတွေလည်းရှိနေတာပဲ၊ သူတို့လည်း
သူတို့ဘာသာသူတို့ နေထိုင်လို့ရနေတာကို ဒေါ်ကြီး
တို့လည်း အတူတူနေကြရအောင်၊ တံခါးဖွင့်ပေးပါ
ကွယ် “
” မရဘူး ထွက်သွား..အခုသွား..သွားကြ ၊
ဒီအိမ်မှာ ကျွန်မတို့သားအမိပဲနေမယ်၊
သွား..သွား ထွက်သွားကြ “
***************
အခန်း(၆)
နှစ်ဆောင်ပြိုင် အိမ်ကြီးထဲတွင် လူဆယ်ယောက်ခန့်
ရောက်ရှိနေကြသည်။ ထိုလူအုပ်ရဲ့ အလယ်မှာတော့
အသက်ခြောက်ဆယ်အရွယ် အဖွားကြီးတစ်ယောက်
ထိုင်နေ၏။ သူ၏ဦးခေါင်းမှာလည်း တဆက်ဆက်
တုန်နေသည်။
” သမီးတို့သားတို့ သိချင်တာမေးလေကွဲ့ “
” သမီးတို့က ဒီအိမ်ကြီးကို ဝယ်မလို့ပါ၊ အစမ်း(၁)လ
လာနေကြည့်တာ၊ အခု ဒီအိမ်ကြီးမှာ ဝိညာဥ်တွေ
အများကြီး ရှိနေတယ်ထင်ပါရဲ့၊ ကလေးဝိညာဥ်တွေ
လည်း မကြာမကြာတွေ့နေရတယ်၊ အဲ့ဒါဘာလို့လဲ
သိချင်ပါတယ် “
” အင်း…အမေးရှိတော့လည်း ပြောရတာပေါ့ကွယ်၊
ဒီအိမ်ကြီးမှာ ဝိညာဥ်တွေကြီးစိုးနေတာ ကြာပြီကွဲ့၊အင်္ဂလိပ်တွေဆီမှာ အမှုထမ်းခဲ့တဲ့ အိမ်ပိုင်ရှင်လင်မ
ယား မကျွတ်မလွတ်ရှိနေကြတယ် “
” ဟုတ်ကဲ့..အမေမြင်သမျှပြောပါ “
” အေး ပြောမယ်ကွဲ့၊ အရင်ဒီအိမ်ကြီးကို စောင့်ရှောက်တဲ့လူတွေက ပွဲစားလင်မယား၊ မိသားစုလေးယောက်ကို
လက်လွှဲရောင်းချခဲ့တယ်၊ သူတို့ဝယ်ပြီး မကြာခင်မှာ
ပဲ အင်္ဂလိပ်တွေအထွက် ဂျပန်တွေအဝင်၊ အင်္ဂလိပ်ကို
ရိက္ခာထောက်ပံ့တယ်ဆိုပြီး ဒီအိမ်ပိုင်ရှင် ယောက်ျား
ဖြစ်သူကို ဂျပန်တွေကရှာပြီး သတ်ပစ်လိုက်ကြတယ်၊
ဇနီးနဲ့ကလေးနှစ်ယောက်က ဖခင်ပြန်လာနိုး နေရင်း
နဲ့ စိတ်ခြောက်ခြားပြီး နေခဲ့ကြရတယ်၊ အိမ်ပေါ်ကြီး
လင်မယားကို ဟိုနားတွေ့ ဒီနားတွေ့နဲ့ ကြာတော့
အိမ်ရှင်အမျိုးသမီးက စိတ်ဖောက်ပြန်ပြီး ရူးသွတ်
သွားတယ်၊ ရူးနေပေမဲ့ ကလေးနှစ်ယောက်ကိုတော့
မျက်စိအောက်က အပျောက်မခံဘူး၊ ကလေးတွေက
ငယ်သေးတော့ ထိန်းမရ ပြုမရနဲ့ ဟိုရှေ့မထွက်နဲ့ဆို
ထွက်၊ ဒီနားမသွားနဲ့ဆိုသွားနဲ့ ဆိုတော့ ရူးနေတဲ့မိခင်
က ဘယ်မှမသွားနိုင်အောင် အိပ်နေတုန်းမှာ ခေါင်း
အုံးနဲ့ဖိပြီး သတ်လိုက်တယ်၊ ကလေးနှစ်ယောက်လည်း
သေသွားတာပေါ့၊
ရူးနေတဲ့မိခင်က ရူးလိုက်ပြန်ကောင်းလိုက်နဲ့ ရူးနေတဲ့
အချိန်ဆို ဘာမှမဖြစ်ပေမဲ့ ကောင်းနေတဲ့အချိန်မှာ
သူ့ကလေးနှစ်ယောက်ကို သူသတ်လိုက်မိတာကို
သိသွားတယ်၊ အဲ့ဒီအချိန်မှာပဲ သူ့ယောက်ျား
လိုင်စင်နဲ့ကိုင်တဲ့သေနတ်နဲ့ နဖူးကိုချိန်ပြီးတော့
ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ် “
အဖွားအိုက ပြောရင်းနှင့် တစ်ကိုယ်လုံးတုန်ယင်
လာသည်။
“အမေ..အမေ သတိထားပါ “
အကြားအမြင်ဟောသူ အဖွားအိုလည်း ခဏအကြာမှာ
အတုန်ရပ်သွားပြီး ဆက်ပြော၏။
” အဲ့ဒီအမျိုးသမီးလည်း သေပြီးတော့ မကျွတ်မလွတ်
ဘဲ ဝိညာဥ်ဘဝနဲ့ ဒီအိမ်ကြီးမှာ ရှိနေတယ် “
” အိမ်ပေါ်ကြီးလင်မယားရဲ့ ဝိညာဥ်တွေရောအမေ “
” သိပ်ရှိတာပေါ့ကွယ်၊ သူတို့က အရင်အိမ်ရှင်ရှိစဥ်
ကတည်းက အိမ်ကြီးကို စောင့်ရှောက်ဖို့ ထားခဲ့
ရင်း ဓားပြတွေလက်ချင်နဲ့ အသတ်ခံလိုက်ရတာဆို
တော့ ဒီအိမ်ကြီးကို စွဲပြီးမကျွတ်မလွတ်နဲ့ အခုထိနေ
နေကြရတာ “
” ဒါဆို ဒီသရဲတွေကို ဒီအိမ်ကြီးမှာ မနေနိုင်အောင်
ဘယ်လိုနှင်ရရင် ကောင်းမလဲအမေ “
” သူတို့ကို အကြမ်းနည်းနဲ့ သုံးလို့မရဘူးကွဲ့ ၊
သူတို့က အိမ်ကိုစွဲပြီးတော့နေကြတာ၊ အတူတွဲပြီး
တော့ နေနိုင်ရင်နေ၊ မနေနိုင်ရင် ဘုရားကျောင်း
သွားပြီးတော့ ဘုန်းတော်ကြီးပင့်၊ ကျမ်းစာတွေ
ရွတ်ခိုင်းပေါ့ “
ထိုစကားကို စလိုက်သည်နှင့် အိမ်တစ်ခုလုံးယိမ်း
ယိုင်သွား၏။ အိမ်ထဲရှိ အခန်းများမှလည်း
ကျကွဲသံ၊ ထုရိုက်သံများ သောင်းသောင်းညံသွား
သည်။
” အေး သရဲတွေက သူတို့အကြောင်း ပြောနေတာကို
သိတယ်ကွဲ့၊ မကြိုက်ဘူးနဲ့တူတယ်၊ သူတို့သရဲမိသားစု
အတွက် ကောင်းမှုကုသိုလ်လုပ်ပေးနိုင်ရင်တော့
ကောင်းတာပေါ့ကွယ်၊ ဒါမှသရဲဘဝက ကျွတ်လွတ်
ကြမှာ “
” သူတို့ ဒီအိမ်ကြီးက ထွက်သွားမှ ကျွန်တော်တို့က
ဒီအိမ်ကြီးကို အပိုင်ဝယ်ချင်တာ အမေရဲ့၊ သူတို့
ဒီမှာရှိနေရင် ကလေးတွေအတွက် အန္တရာယ်ရှိနိုင်
လို့ပါ “
” အဲ့ဒီလို အတွေးရှိတယ်ဆိုလည်း မနေနဲ့ပေါ့ ဒါမှ
မဟုတ် တစ်ဦးနဲ့တစ်ဦး မေတ္တာထားပြီး နေမယ်ဆို
ရင် သူတို့လည်း သူတို့စည်း သူတို့ကမ်းနဲ့နေမှာပါ၊
သားတို့လည်း နေမြဲအတိုင်းနေပေါ့ကွယ် “
” ဒီအိမ်မှာ သရဲရှိတာသိနေတော့ မနေရဲပါဘူး အမေရယ်”
” အမေပြောနိုင်တာကတော့ မေတ္တာပို့ စေတနာထား
ပြီး ကောင်းမှုကုသိုလ် မကြာမကြာလုပ်ပေးရင်
သူတို့ရဲ့ ဘဝအမှန်ကို သိပြီးတော့ ကျွတ်လွတ်သွား
ကြမှာပါ “
” ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့ စဥ်းစားလိုက်ပါဦးမယ်၊
အခု(တစ်လ) နေကြည့်မယ်လို့ အိမ်ကြီးကိုတာဝန်
ယူထားတဲ့ ပွဲစားကို ပြောထားတာ တစ်လလည်း
ပြည့်ပြီ၊ အဲ့ဒါကြောင့် မနက်ဖြန် ဒီအိမ်က ခဏပြန်
ပြောင်းပြီးတော့ စဥ်းစားလိုက်ပါဦးမယ်၊ သရဲနဲ့လူ
အတူတူတွဲပြီး နေနိုင်တဲ့တစ်နေ့ ဒီအိမ်ကြီးကို
အပိုင်ဝယ်ပြီးတော့ ပြောင်းလာခဲ့ပါမယ် “
ထို့နောက် အကြားအမြင်ဟောသော အဖွားက
ဦးသုံးကြိမ်ချပြီး ဟောပြောချင်းကို ရပ်တန့်လိုက်
သည်။ အကြားအမြင်အဖွားနှင့် အတူပါလာသော လူလေးယောက်ကို ကားနှင့်အိမ်အထိပြန်လိုက်ပို့လိုက်သည်။
နောက်တစ်နေ့ မနက်စောစောတွင် ထိုအိမ်ကြီးကို
တစ်လတာ လာရောက်နေထိုင်သော မိသားစုတို့
ပြန်ပြောင်းရန် ကားပေါ်ပစ္စည်းများ သယ်တင်နေ
ကြ၏။
၎င်းတို့ပစ္စည်းများ ကားပေါ်တင်နေသည်ကို အပေါ်
ထပ် မှန်ပြတင်းပေါက်မှ သားအမိသုံးယောက်က
ကြည့်နေ၏။
” မေမေ..အိမ်ပေါ်မှာရှိနေတဲ့ သရဲတွေက ဒီအိမ်ကြီး
မှာ မနေချင်တော့လို့ သွားတော့မယ်နဲ့ တူတယ်နော် “
” အပြီးမသွားဘဲ ပြန်လာချင်လည်း ပြန်လာဦးမှာပေါ့ “
” မေမေက သားတို့အိမ်ကြီးမှာ သရဲတွေလာနေတာကို
လက်ခံမှာလား၊ ဖွားဖွားပုကြွယ်တို့ကို မောင်းထုတ်
သလို မောင်းမထုတ်ဘူးလား “
” အခြေအနေကြည့်ပြီးတော့ ပေါင်းသင်းနေထိုင်
ကြည့်ရမှာပေါ့လေ “
ထိုအချိန်ကားပေါ်တွင် ပစ္စည်းများတင်အပြီး
မိသားစုမှ အေးသိန်းဆိုသော ကောင်လေးက သူတို့
အား မြင်ပြီး လက်ပြလိုက်၏။
” သား..အိမ်ပေါ်က ကလေးတွေကို မြင်ပြီး လက်ပြ
နေတာလား “
” သရဲလေးတွေက သားတို့သွားမှာကို ရပ်ကြည့်နေ
တယ် ဖေဖေ “
” ကဲ..လာလာ၊ သွားရအောင် “
ဖခင်ဖြစ်သူ ခေါ်တော့မှ ကောင်လေးက ကားပေါ်
သို့တက်သွား၏။
ကားထွက်သွားသည်နှင့် ပြတင်းပေါက်မှာ ရပ်နေသော
မိသားစုလည်း ရုတ်ချည်း ပျောက်ကွယ်သွားတော့
သည်။
ပြီးပါပြီ ||
– ကိုးရောင်ခြယ်