“နှောင်ကြိုးမပြေ တစ္ဆေမေမေ “📖📖📖
************************************
သူ့ နာမည်က ကိုအောင်
ကိုအောင့် အမျိုးသမီး နာမည်ကတော့ မခင်။
ကိုအောင်တို့လင်မယားမှာ လုံးလုံး ဆိုတဲ့
သမီးလေးတစ်ယောက်ရှိတယ်။
ကိုအောင် က အိမ်ထောင်ကျစမှာ နေ့ဘက်ဆို ထီလှည်းနဲ့ထီရောင်းတယ်…။ညဘက်ဆို အိမ်နားတစ်ဝိုက်မှာ ခြံရှင်း၊မီးပြင် စတဲ့ တောက်တိုမယ်ရတွေ လုပ်တယ်။
မပြည့်စုံတဲ့ ဘ၀ဆိုတော့ စား၀တ်နေရေးအတွက် ငွေကိုကြိုးစားပမ်းစားရှာမှ ချောင်ချောင်လည်လည်ရှိတာလေ။
မခင်ကလည်း အိမ်ရှေ့မှာ ကြာဇံကြော်၊ခေါက်ဆွဲကြော် လေးရောင်းရင်း တစ်ဖက်တစ်လမ်းကနေ အိမ်စားရိတ်ကာအောင် ၀င်ငွေရှာတယ်။
လင်မယားနှစ်ယောက်လုံး မောင်တစ်ထမ်းမယ်တစ်ရွက်နဲ့ တက်ညီလက်ညီ စီးပွားရှာပြီး အသုံးအစွဲလည်း ကျစ်လျစ်တော့ စုမိဆောင်းမိတာပေါ့။
ဒီလိုနဲ့ အိမ်ထောင်သက် ၂နှစ်ကျော်မှာ မခင် ကိုယ်၀န်ရတယ်…ကိုယ်၀န်တစ်ဖက်နဲ့လည်း မခင် စျေးရောင်းတာပဲ။
ကိုအောင်ကလည်း အားရင်အားသလို ပွဲစားအလုပ်လေးပါလုပ်တော့ ၀င်ငွေက အရင်ကထက်အဆင်ပြေလာတယ်။
သမီးလေးမွေးပြီးတဲ့နောက်ပိုင်းနှစ်တွေမှာ ကိုအောင့် အလုပ်တွေ ပိုအဆင်ပြေလာတယ်… ။
လူရေလည်းပိုလည်လာပြီး ပြောတတ်ဆိုတတ်နဲ့ ဆိုတော့ မိတ်ဆွေအပေါင်းအသင်းလည်းပိုများလာတယ်။
အဲလိုနဲ့ လုံးလုံးလေး ၃နှစ်ကျော်လောက်အရွယ်မှာ လင်မယားနှစ်ယောက်တိုင်ပင်ပြီး အခြေခိုင်အောင်စီးပွားရေးတစ်ခု စလုပ်ဖို့တိုင်ပင်ဖြစ်တယ်။
လုပ်ဖို့ရွေးလိုက်တဲ့အလုပ်က လက်ဖက်ရည်ဆိုင်ဖွင့်ဖို့။
ကိုအောင်က အရပ်ထဲမှာရော ၊ တခြားလူမှုဆက်ဆံရေးမှာရော မိတ်ဆွေအပေါင်းအသင်းများတော့ အဆင်ပြေနိုင်တယ်ပေါ့။
အဲလိုနဲ့ ဆိုင်ဖွင့်ဖို့ မြေနေရာရွေးတယ်။
အခုပြောပြမယ့် ဇာတ်လမ်းက အဲဒီမှာ စတာပဲ။
ကိုအောင်တို့ ရပ်ကွက်ထိပ်မှာ မြေနေရာတော်တော်ကျယ်တဲ့နေရာတစ်ခုရှိတယ်…အကွင်းအကွက်လည်း ကောင်းပြီး စီးပွားလုပ်လို့ အဆင်ပြေမယ့် နေရာမျိုးပေါ့။
ဒါပေမယ့် ပြဿနာက အဲဒီခြံပိုင်ရှင်ဟောင်း မလင်းက သေသွားပြီး မကျွတ်ဘဲ ခြံမှာကပ်နေသေးတယ်ဆိုတဲ့ သတင်းထွက်နေတာ။
မလင်းအကြောင်းပြောရမယ်ဆိုရင် လည်း စိတ်မကောင်းစရာလို့ပြောရမှာပေါ့။
မလင်းက အရက်သမားယောက်ျားနဲ့
ကလေးနှစ်ယောက်ကို ပင်ပင်ပန်းပန်းရှာကျွေးခဲ့ရတာ … ။
အထည်တွေ ၊ ဆပ်ပြားပုံးတွေ ၊ကုန်ခြောက်တွေကို အကြွေးနဲ့ယူရောင်းပြီး အဟောင်းပေးအသစ်ယူ သဘောနဲ့ အရပ်ထဲမှာ ခြေတိုအောင် စျေးပတ်ရောင်းတယ်။
ယောက်ျားကလည်း အရက်သောက်ပေမယ့် … အိမ်မှာပဲ ကလေးထိန်းရင်း ချက်ပြုတ်ပေးရှာတယ်ဆိုတော့ မဆိုးဘူးပဲ ပြောရမှာပေါ့။
မလင်း က ငွေမရှာနိုင်တဲ့ယောက်ျားအပေါ်လည်း မငြိုငြင်ရှာဘူး…။
တခြားသူတွေက “ညည်းယောက်ျားက ဘာဖြစ်တယ် ညာဖြစ်တယ်”ပြောပြီး အပြစ်တင်ရင်လည်း မကြိုက်ဘူး …။
ယောက်ျားအကြောင်းပြောရင် ကောင်းကွက်ပဲရွေးပြောပြီး တပြုံးပြုံးနဲ့ပေါ့ ။( ချစ်ရှာတယ်နော် )
ဒါပေမယ့် မလင်း ကံဆိုးရှာတယ်… အရွယ်ကောင်းတုန်းမှာပဲ သားအိမ်ကင်ဆာနဲ့ ဆုံးတယ်။
ရောဂါစဖြစ်ကတည်းက တရှောင်ရှောင်နဲ့ နေမကောင်းပေမယ့် … ပိုက်ဆံမရှိတော့ ဆေးမကုဘဲ ပေတေပြီးနေတော့ သက်ဆိုးမရှည်တော့ဘူး။
သူ့ယောက်ျားက ခြံရောင်းပြီး ဆေးကုဖို့ပြောသေးပေမယ့်… ခြံရောင်းလိုက်ရင်
သားသမီးတွေအတွက် ဒုက္ခရောက်မှာစိုးတာရော ၊ ကလေးတွေကို ပေးခဲ့စရာဘာမှမကျန်မှာစိုးလို့ရော
မလင်း မရောင်းရက်ဘူး။
ဒီလိုနဲ့ပဲ မလင်းတစ်ယောက် ချစ်တဲ့ မိသားစုကို အပြီးအပိုင် ထားခဲ့ရတော့တာပေါ့။
ဒါပေမယ့် မလင်း က သားသမီးတွေကို စိတ်မချတဲ့အစွဲနဲ့ မကျွတ်ရှာဘူး။
ည အိပိချိန်ဆို သူ့ယောက်ျားနဲ့ ကလေးတွေ ဘေးနား လာထိုင်ပြီး ငိုတယ်… ။မလင်းတို့ခြံထဲက သစ်ပင်ကြီးတွေပေါတော့ ရွက်ခြောက်ကြွေတွေလည်း များတယ်။
အဲဒီ ရွက်ခြောက်တွေပေါ် လျှောက်နေတဲ့ခြေသံ ပြင်းပြင်းနဲ့ အိမ်ပေါ်တက်လိုက်ဆင်းလိုက်လုပ်တဲ့ ခြေသံမျိုး၊ ခြံရှေ့ကရေချောင်းမှာ ရေတဗွမ်းဗွမ်းခပ်နေတဲ့အသံမျိုးတွေ ညတိုင်းလိုလိုကြားရတယ်။
နေ၀င်ပြီဆိုတာနဲ့ ဆိုးဆိုးဝါးဝါး နံတဲ့အပုပ်နံ့ က ခပ်စိပ်စိပ် ထောင်းခနဲ နံတတ်မျိုးကလည်း နေ့တိုင်းလိုလိုပဲ။
ဒီလိုနဲ့ မလင်းယောက်ျားက မလင်းဆုံးပြီး ၂လလောက်မှာ ခြံထဲဆက်မနေရဲတော့ဘဲ ပြောင်းပြေးတော့တာပဲ။
ရွာက အမေဆီ ပြန်တော့မယ်ဆိုပြီး ကလေးတွေကိုတစ်ပါတည်းခေါ်သွားတယ်…။
ခြံကိုတော့ ငှားမယ့်သူရှိလည်းငှားမယ် ၊ ၀ယ်မယ့်သူရှိလည်း ရောင်းမယ်ဆိုပြီး နီးစပ်ရာက လူတွေဆီ မှာခဲ့တယ်။
ဘေးပတ်၀န်းကျင်မှာလည်း ‘ညဆို မလင်း ကြီးက ခြံထောင့်က ခရေပင်ပေါ်မှာ ငုတ်တုတ်ကြီး’၊ ‘မလင်းတို့ အိမ်ထဲက လူရှိနေသလို ခြေသံကြားလိုက်၊ အိုးသံခွက်သံကြားလိုက်နဲ့’၊ ‘ညဉ့်နက်ဆို ခြံထဲမှာ လျှောက်သွားပြီး ငိုနေတာ’ စသဖြင့် သတင်းတွေကတော့ မျိုးစုံပေါ့။
ဒါပေမယ့် ကိုအောင်ကတော့ စီးပွားတွက်ပဲတွက်တယ် ။ခြံကို ငှားရမယ့် စျေးရော ၊ ခြံအနေအထားရောက သူ့အတွက်အရမ်းအဆင်ပြေနေတော့ ငှားမယ် လို့ပဲ ဆုံးဖြတ်လိုက်တယ်။
မခင် က အရမ်းကြောက်တတ်တဲ့ထဲမပါပေမယ့် “ဖြစ်ပါ့မလား ကိုအောင်ရယ်”လို့ ပြောတော့
ကိုအောင်က
“လူများရင် ဘယ်သရဲမှမနေနိုင်ပါဘူး အခင် ရာ… သူ့ဘာသူ ပြေးသွားလိမ့်မယ် …ငါတို့လည်း အလှူအတန်းလုပ်ပေးမှာပဲဟာ …မင်းနှယ် အတွေးမခေါင်စမ်းပါနဲ့ ” လို့ပြောတယ်။
ဒီလိုနဲ့ပဲ ခြံကို ငှားလိုက်ကြတယ်။
မလင်းတို့နေခဲ့တဲ့ တစ်ထိုင်လွတ်အိမ်လေးက ခြံနောက်ဘက်မှာဆိုတော့ ကိုအောင်တို့က ခြံရှေ့မျက်နှာစာမှာ ဆိုင်ခန်းကျယ်ကျယ်ဆောက်ပြီး ဆိုင်ဖွင့်လိုက်တယ်။
ကိုအောင်တို့ မိသားစုရော ၊ အလုပ်သမားတွေရော ဆိုင်မှာပဲနေကြတာပေါ့။
ကိုအောင်တို့ကတော့ အခန်းသီးသန့်ရှိပေမယ့် အလုပ်သမားတွေကတော့ ဆိုင်ခန်းထဲမှာတင် ဖြစ်သလိုအိပ်ကြတယ်။
အစပိုင်းရက်တွေကတည်းက ပုံမှန်မဟုတ်တာတွေ ရှိပေမယ့် သတိထားမိတောင် ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြတော့ အာရုံမစိုက်မိဘူး။
လူကြားထဲမှာကို ရိပ်ခနဲ ရိပ်ခနဲ မြင်လိုက်သလိုလိုရှိတာကို
တချို့ အလုပ်သမားတွေကတော့ သိပ်မသိပေမယ့် … ကိုအောင်တို့လင်မယားနဲ့ ရပ်ကွက်ခံ အလုပ်သမားတချို့က သိတယ်။
အဆိုးဆုံးကတော့ အိမ်သာသွားမယ်ဆို မလင်းတို့အိမ်ကိုကျော်ပြီးမှ အိမ်သာရောက်တာပဲ။
ဆိုင်ရှေ့မှာ ဘယ်လောက်မီးတွေလင်းပြီး လူတွေဘယ်လောက်များနေနေ … ဆိုင်နောက်က မှောင်မည်းပြီး တကယ်ကို ချောက်ချားစရာကြီး။
အိမ်သာသွားတဲ့လမ်းကြားလေးနဲ့ အိမ်သာမှာ မီးချောင်းတပ်ထားပေမယ့်လည်း နေရာကကျယ်တော့ အလင်းအားက မလုံလောက်ဘူး…လင်းတဲ့နေရာထက် မှောင်တဲ့နေရာက ပိုများတာပေါ့။
တစ်ရက်… ညနေစောင်းတဲ့အချိန်
ညနေစောင်းဆိုပေမယ့် နေရောင်တောင် မပျောက်သေးဘူး…။
စားပွဲထိုး ကောင်လေးတစ်ယောက်က အိမ်သာသွားတာ
အသွားတုန်းကတော့ အကောင်းပဲ…အပြန် မလင်းတို့အိမ်ဘေးက ဖြတ်တော့ … ခြေရင်းပြတင်းပေါက်တစ်ပေါက်က တံခါးရွက်တွေ လှုပ်စိ လှုပ်စိဖြစ်နေတယ်။
ဒါနဲ့ စားပွဲထိုးကောင်လေး က ‘လူ ၀င်နေတာများလား’ဆိုပြီး ရပ်ကြည့်နေတာ….။ စိတ်ကတော့ လူလား ဘာလားဆိုပြီး မကြောက်တ၀က် ၊ကြောက်တ၀က်နဲ့ ကြည့်နေတာပေါ့။
ကြည့်နေတုန်းမှာပဲ ပြတင်းပေါက်က လေမတိုက်၊ဘာမတိုက်နဲ့ ဝုန်းခနဲ ဆို ပွင့်သွားတယ် …။ ကောင်လေးလည်း ‘ဘာလဲဟ’ဆိုပြီး မျက်လုံးအပြူးသားနဲ့
နောက်တစ်လှမ်းဆုတ်သွားတာပေါ့။
လူက ပြေးမယ်ဆိုတဲ့ စိတ်နဲ့ ပုဆိုးကို ခါးပုံစ ကနေ ကိုင်ထားပြီးသား …ဒါပေမယ့် စိတ်ကလည်း သေချာအောင်ကြည့်ချင်သေးတယ်။
ဒါနဲ့ ပြေးဖို့အသင့်အနေအထားနဲ့ ရပ်ကြည့်နေတုန်းမှာပဲ …တံခါးက ပွင့်နေရာကနေ အားနဲ့ပြန်ပိတ်သွားတယ်…ပြီးတော့ အလိုလို ပွင့်လိုက်ဖွင့်လိုက် တဒိုင်းဒိုင်းနဲ့ ဖြစ်လာပြီး … ဘေးက ထရံတွေကလည်း အထဲကနေ တစ်ယောက်ယောက်က အားနဲ့ ဆောင့်ကန်နေသလို အပြင် ကို ကျွံ ကျွံထွက်လာတယ်။
အဲ့ကျမှ ကောင်လေးလည်း “အမလေး”အော်ပြီး ရှေ့ကို တစ်ချိုးတည်းပြေးတော့တာပဲ။
နောက်တစ်ခါကျ မခင် ကြုံတာ… ညဦးပိုင်းအချိန်လောက် ဆိုင်နောက်က နေရာမှာ နောက်နေ့အတွက် မုန့်လုပ်ဖို့ပြင်နေတုန်း… အနောက်ကနေ အနားကပ်လာတဲ့ ခြေသံကြားလိုက်တယ်။
ဆိုင်ကလူ တစ်ယောက်ယောက်ပဲ ဆိုပြီး လှည့်မကြည့်ဘူး
“ရှေ့သွားရင် ပန်းကန်တွေယူသွားဦး”ဆိုပြီးတောင် ပြောလိုက်သေးတာ။
နောက်က ဘာမှတော့ပြန်မပြောပေမယ့် … ပန်းကန်တွေ ကိုင်နေသလို တဂွပ်ဂွပ်အသံတွေ ကြားနေရတာ။
“ကွဲဦးမယ်နော်…ဖြည်းဖြည်းယူပါဟ”လို့ပြောလိုက်ပြီး သိပ်မကြာဘူး။
“ကောင်မ နားကိုငြီးတယ်” ဆိုတဲ့ အသံပြာပြာကြီး ကြားလို့ လှည့်ကြည့်လိုက်တော့ ရုတ်တရက် မျက်နှာကို သဲတွေ အမှိုက်ခြောက်တွေနဲ့ အပက်ခံလိုက်ရတယ်။
နောက်မှာက ဘယ်သူမှ ရှိမနေဘူး…ပန်းကန်တွေကလည်း ခုနက ထား တဲ့ အတိုင်း ပုံမပျက်ဘဲ။
ဒါနဲ့ မခင် ကျောချမ်းသွားပြီး … ထိုင်ရာကနေ ထနေတုန်း နောက်ကနေ တွန်းလွှတ်တာ မခင် လည်း မုန့်ဗန်းတွေပဲ လက်ထောက်လျက်သား ကျပြီး အကုန်မှောက်ကုန်တယ်။
တွန်းတဲ့အားကပြင်းတော့ အကျနာတာနဲ့ ဒူးတွေရော လက်တွေရော အကုန်ကွဲပြဲ ကုန်တယ်။
အဲဒီလိုဖြစ်အပြီးမှာတော့ နဂိုသိပ်မကြောက်တတ်တဲ့ မခင် လည်း ကြောက်စပြုလာတယ်။
ညဆို အိမ်သာလည်း တစ်ယောက်တည်းမသွားရဲတော့ဘူး… လုံးလုံးကတော့ နေ့ဆို အဖွား(မခင် အမေ)ဆီ သွားပြီး ညမှ ပြန်လာတာဆိုတာ့ ပြန်လာရင် ကလေးက အိပ်ပြီ။
တစ်ည
ကလေး အိပ်နေတုန်း ကိုအောင်နဲ့မခင် က တစ်နေ့စာ ပိုက်ဆံအ၀င်အထွက်စာရင်းတွေ ထိုင်တွက်နေကြတာ…ကလေးက ခြင်ထောင်ထဲမှာ အိပ်နေတာပေါ့။
အဲဒီအချိန် ခြံအနောက်ဘက်က နေ ရွက်ကြွေတွေပေါ်နင်းလာတဲ့ ခြေသံခပ်ကျယ်ကျယ်ကို ကြားတော့ မခင် စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။
“ကိုအောင်…ခင်ဗျား ခြေသံကြားလား”
“ကြားတယ်လေ…တစ်ယောက်ယောက်အိမ်သာကပြန်လာတာနေမှာပေါ့”
“အကုန်အိပ်နေကြပြီလေ… အိမ်သာဘက်သွားတဲ့ခြေသံမှမကြားရဘဲ… အခုက ဟိုအိမ်ကနေ လာသလို အသံကြီး”
“မင်းကလည်း လုပ်လာပြီ ”
ကိုအောင်က စိတ်မရှည်သလို ပြောလာတော့
မခင်လည်း ဆက်မပြောဖြစ်တော့ဘူး။
လုပ်စရာရှိတာဆက်လုပ်နေတုန်း…ခြေသံက အခန်း ခေါင်းရင်းဘက်ရောက်လာတယ်…။
ပြီးတော့ ကလေးအိပ်နေတဲ့ နေရာရဲ့ အပြင်ဘက်နားလောက်မှာ ပဲ ဟိုဘက်လျှောက်လိုက် ၊ဒီဘက်လျှောက်လိုက်နဲ့ ဖြစ်နေတော့ ကိုအောင်လည်း မသိမသာနားစွင့်လာတယ်။
တစ်အောင့်လောက်ကြာတော့ ခြေသံရပ်သွားတယ်…။ဒါပေမယ့် မခင် စိတ်ထဲ တစ်ခုခုဖြစ်တော့မှာကြိုသိနေသလို စိတ်ထဲမသိုးမသန့်ဖြစ်နေတုန်းမှာပဲ
တအင်းအင်း နဲ့ ရှိုက်သလို ငိုသံစွဲစွဲငင်ငင်ကြီးထွက်လာပြီး ကလေးအိပ်နေတဲ့ ခြင်ထောင်က အားနဲ့ဆွဲလှုပ်ခံရသလို ယိမ်းထိုးနေအောင် လှုပ်လာတယ်။
မခင် ကလေး ကို စိတ်ပူသွားပြီး
“ကိုအောင်…သမီးကိုခေါ်…သမီးကိုခေါ်”လို့ ပြောတော့ ကိုအောင်က ကလေး ကို ပြေးပွေ့ပြီးခေါ်တယ်။
ကလေးက အင်းအင်းအဲ့အဲ့ နဲ့ နည်းနည်းလှုပ် ပြီး နိုးလာပေမယ့် … သူ့အဖေပေါ်ရောက်နေတာသိတော့ ပြန်အိပ်သွားတယ်။
ကိုအောင် သာ ကလေးကိုအပြင်ခေါ်ထုတ်ပြီးသွားတယ်…ခြင်ထောင်ကြီးက ကြိုးပြုတ်မတတ် ယိမ်းထိုးနေတုန်းပဲ။
ဒါနဲ့ မခင်က ဘုရားစင်ပေါ်က ပရိတ်ရေဘူး ပြေးယူပြီး ခြင်ထောင်ဘက် လှမ်းပက်လိုက်မှ ရုတ်ချည်း ငြိမ်ကျသွားတာ။
အိမ်ထဲမှာ ငြိမ်သွားပေမယ့် … အပြင်မှာတော့ ဆက်သာင်းကျန်းတုန်းပဲ … အပြင် က တိုလီမိုလီ ပစ္စည်းတွေကို နွှင့်ပစ်နေသလို အသံတွေထွက်လာပြီး အပုပ်နံ့တွေလည်း နံလာတယ်။
အဲလို ဆူညံလာတော့ ဆိုင်က အလုပ်သမားတွေလည်း နိုးလာပြီး … လူမမြင် အသံကြားနဲ့ ပစ္စည်းတွေ ဝဲနေတာမြင်မှ သဘောပေါက်ပြီး တရားခွေ ထဖွင့်ရတယ်။
တရားခွေ ဖွင့်လို့လည်း ငြိမ်မသွားသေးဘူး… အနောက်က မလင်း အိမ်ထဲကနေ ရင်ခေါင်းသံကြီးနဲ့ အော်တဲ့အသံမျိုးထွက်လာပြီး အိမ်က ပြတင်းပေါက်တွေကလည်း ပုဏ္ဏကတိုက်သလို တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့။
အဲလိုနဲ့ အဲဒီညက ကိုအောင်တို့ တစ်ဆိုင်လုံး မိုးလင်းပေါက် မအိပ်ရတော့ဘူး …။
မနက် ဝေလီဝေလင်းလောက်မှ အသံဗလံတွေငြိမ်သွားတာဆိုတော့ ဆိုင်ဖွင့်ဖို့အချိန် နီးနေပြီမလို့ ပြန်မအိပ်ဘဲ နေလိုက်ကြတာပေါ့။
အဲဒီည နောက်ပိုင်း မခင်တို့ သားအမိက ညဆို ဆိုင်မှာမအိပ်တော့ဘဲ မခင်အမေ ရဲ့ အိမ်မှာပဲ သွားအိပ်တယ်။
ဆိုင်က အလုပ်သမားတွေကလည်း မနေရဲလို့ အလုပ်ထွက်မယ် ပြောတဲ့သူက ပြောလာတော့ ကိုအောင်လည်း စဉ်းစားလာရတာပေါ့။
ဒီလိုနဲ့ ကိုအောင် ကိုယ်တိုင် မျက်မြင်ကြုံရတဲ့တစ်နေ့ ရောက်လာတယ်။
အဲဒီနေ့က…ညနေ ၆ နာရီလောက် မခင်တို့ ပြန်မယ့် အချိန် ကလေးက ဆိုင်ရှေ့မှာ ကစားနေရင်းက နေ ပြန်မယ်ဆိုပြီး ခေါ်တဲ့အချိန်ကျ ဆိုင်ရှေ့မှာ မရှိတော့ဘူး။
ဒါနဲ့ ကလေးပျောက်ပြီ ဆိုပြီး စရှာကြတာပေါ့… အဲ့မှာ ကိုအောင် က အိမ်သာဘက်က အပင်တွေကြားလိုက်ရှာတာ။
ကလေးက အရွက်တွေ အသီးတွေ ခူးဆော့တတ်တဲ့အကျင့်ရှိတော့ အပင်တွေကြားမှာများ ၀င်ဆော့နေမလားဆိုပြီး ရှာတာပေါ့။
အဲဒီမှာ အိမ်သာဘေးက (ဘာပင်မှန်း မသိတဲ့ )ခြုံပုတ်လိုအပင်တွေကြားမှာ လှုပ်လှုပ် လှုပ်လှုပ် နဲ့ မြင်တော့ ကို အောင် သေချာပြူးပြဲကြည့်တာပေါ့။
“သမီးလား…လုံးလုံးလေး လား”လို့ ပြောလည်းပြော ၊အပင်တွေကိုလည်း လက်နဲ့ ဘေးဘက်ဖြဲကြည့်လိုက်တော့ ပေါ်လာတာကြီးက
ဆံပင် ကျိုးကြဲ နဲ့ ပိန်ပိန်လှီလှီ မျက်ကွင်းညိုညို မျက်နှာခွက်ခွက်နဲ့ ဒူးနှစ်လုံးထောင်ပြီး ထိုင်နေတဲ့
သရဲမ မလင်း ကြီး။
ကိုအောင့်ကို မျက်ဖြူလန်မတက် မော့ကြည့်ပြီး ဒေါသထွက်နေသလို မျက်နှာနဲ့
“ဘာ လုံးလုံးလေး လဲ… ငါ နင့်သမီး မဟုတ်ဘူဟဲ့” လို့ အံကြိတ်သံကြီးနဲ့ ပြောတော့
ကို အောင် လည်း “ဟာ”ခနဲ နေအောင် လန့်ပြီး လှည့်ပြေးတော့တာပဲ။
ကြောက်တာတော့ ကတုန်ကယင်ဖြစ်တဲ့အထိ ကြောက်နေပေမယ့် သမီးဇော နဲ့ ဆိုတော့ အကြာကြီးကြောက်ချိန်မရဘူး။
ကလေး ကို ဆက်ရှာရသေးတယ်…။တွေ့မယ့် တွေ့တော့ ကလေးက အခန်းထဲက အ၀တ်ခြင်းနောက်မှာ အရုပ်တွေနဲ့ဆော့နေတာ။
ခေါ်နေတာမကြားဘူးလားဆိုပြီး မေးတော့ မပီကလာ ပီကလာနဲ့
“ကြားတယ်…မီး မထူးချင်လို့ “တဲ့။
အဲဒီလိုနဲ့ ကိုအောင် ကိုယ်တိုင်လည်း မလင်း ခြောက်ပုံလှန့်ပုံကြီးကြောက်လာပြီး နီးစပ်ရာတွေကို “ဘယ်လိုလုပ်ရင် ကောင်းမလဲ “တိုင်ပင်တယ်။
အကြံပေးကြတာတော့ အစုံပေါ့…ဘုန်းကြီးပင့်လေ နတ်ကတော် ၊ အထက်လမ်းဆရာ နဲ့ နှင်လေ စသဖြင့်ပေါ့။
အဲလိုတွေ တိုင်ပင်နေတုန်း မှာ အဆိုးဆုံး ကြုံရတာက ဆိုင်က အဖျော်ဆရာ။
အဖျော်ဆရာက နည်းနည်း ဂျစ်ကပ်ကပ်နိုင်တယ်…စကားပြောတာလည်း ခွကျပြီး ဘုဘောက်များတယ်။
သူက ဆိုင်ထဲမှာ တခြားအလုပ်သမားတွေနဲ့အိပ်ရတာ ကောင်းကောင်းမအိပ်ရလို့ဆိုပြီး မလင်းတို့အိမ်ရဲ့ ၀ရန်တာမှာ လှည်းကျင်းပြီး သွားအိပ်တာကနေ စတာပဲ။
အဲ့ဒီညက သူက ၀ရန်တာမှာ ကျကျနန ခြင်ထောင် ထောင် အိပ်ရာခင်းပြီး သွားအိပ်တာ။
အိပ်ခါစတော့ အေးအေးဆေးဆေးပဲ…သူတို့က မနက်အစော ထရတဲ့သူတွေဆိုတော့ ညဆို ခေါင်းချပြီး မကြာဘူး အိပ်ပျော်တယ်။
သူ အိပ်ပျော်နေတုန်း အိပ်မက်လိုလို တကယ်လိုလိုနဲ့ သူ့ကို ခြေထောက်ကနေ ဆွဲ ဆွဲပြီး နှိုးနေသလို မလို့ နိုးလာတယ်။
နိုးနိုးချင်း သူ သတိထားမိလိုက်တာက အပုပ်နံ့တွေ မွှန်နေအောင် နံတာပဲ။
ဒါနဲ့ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားပေမယ့် ပြန်အိပ်မယ်ဆိုပြီး တစ်ဖက်လှည့်လိုက်တော့ ခြင်ထောင်အပြင်ကနေ မျက်နှာကြီးတစ်ခုက အတင်းတိုးပြီးကပ်နေတာ။
သူ့မျက်နှာနဲ့ဆို တစ်တောင်လောက်ပဲ ကွာတော့တာ… ခြင်ထောင်ဇာပါးပါး လေးပဲ ခြားတာဆိုတော့ သေချာကြီးမြင်နေရတာမလို့ သူလည်း ခါးထဲကနေကို စိမ့်တက်ပြီး ကြက်သီးတွေထသွားတာပေါ့။
ရုတ်တရက်တွေးလိုက်မိတာက
“ဟာ…ဘာကြီးလဲ”ပေါ့။
အဲ့ဟာကြီးဆီကနေ အသက်ရှူသံ လို တရွှီရွှီ အသံခပ်မျဉ်းမျဉ်းပါ ကြားနေရသေးတာ။
ဒါနဲ့ သူလည်း ဝုန်းခနဲထပြီး ခြင်ထောင်ကို
လှန်လိုက်တော့ အပြင်မှာဘာမှမရှိတော့ဘူး။
သူ ခြင်ထောင်စကြီး ကိုင်ပြီး ကြောင်နေတုန်းမှာ …နောက်ကနေ
“ဟဲ့”
သူ့ အနောက် အနီးကပ်ကနေ အသံကြားတာဆိုတော့ သူလည်း လှည့်မကြည့်တော့ဘဲ ထပြေးမယ် လုပ်တဋပေါ့။ ဒါပေမယ့် လူက ကြောက်လို့လက်တုန်တာနဲ့ လိုရင်းမရောက်ဘဲ ခြင်ထောင်ထဲတင် လုံးထွေးနေတာ… ။ခြင်ထောင်ထဲက ထွက်လို့ရတော့ ပုဆိုး စွန်တောင်စွဲနဲ့ ‘ဆင်းပြေးမယ်’ဆိုပြီး အားခဲထားပေမယ့် ပြေးမရပြန်ဘူး။
လှေကား ၅ ထစ်ရဲ့ အလယ်ဆင့်မှာ တင်ပျဉ်ခွေ ထိုင်ပြီး သူ့ကိုမော့ကြည့်နေတဲ့ မလင်း ကြီး … ။အ၀တ်စုတ်လိုလို ထဘီစုတ်လိုလိုဟာကြီး ခြုံပြီး မျက်ကွင်းညိုထဲကနေ ပြူးကြောင်ကြောင်ကြီး မော့ကြည့်နေတာ။
ဒါနဲ့ သူလည်း “ဟာဗျာ…ဟာဗျာ”ဆိုပြီး ဆင်းမပြေးတော့ဘဲ ခြင်ထောင်ထဲပြန်၀င်ပြီး စောင်ခေါင်းမြီးခြုံနဲ့ အော်လည်းမအော်ရဲတော့ဘူး။
သူ တစ်ကိ်ုယ်လုံး တစ်ဆတ်ဆတ်တုန်အောင် ကြောက်နေတုန်းမှာပဲ လှေကားကနေ လူတက်လာသလို တကျွိကျွိနဲ့ အသံကြားလိုက်ရတယ်။
အသံက သူ့နားနီးလာလေလေ သူက အသက်ရှူဖို့ မေ့လောက်အောင် ကြောက်လေပဲ။
ခြေသံနဲ့အတူ မောလို့ ရှိုက်သလိုအသံကလည်း သူနဲ့တဖြည်းဖြည်းနီးလာတာ …နောက်ဆုံး သူ့ နား နားလေးကပ်လာတဲ့အထိပဲ။
အဲလိုအရမ်းနီးတဲ့အချိန်ကျတော့ သူ မျက်တောင်ကို မခတ်ရဲတော့ဘူး…ကြောက်ပါတယ် ဆိုခါမှ ခွေးအူသံတွေကပါ ဆူညံနေတော့ လူက လုံး၀ သရဲအိမ်ထဲ ရောက်နေသလိုပဲ။
အသံအနားကပ်လာပြီး သိပ်မကြာဘူး … သူ့ ကျောကို လက်နဲ့ ပုတ် ပုတ်ပြီး လှုပ်တာ
သူကတော့ ယောက်ျားတန်မဲ့ မျက်ရည်တွေကို ဝဲနေပြီ …။
အဲလို ပုတ်ရုံနဲ့ သူက မလှုပ်တော့ ဟိုကလည်း တောက် တခေါက်ခေါက်နဲ့ဖြစ်နေပြီ။
တစ်အောင့်နေတော့ စိတ်မရှည်သလို အသံနဲ့
“နင်က မသွားသေးဘူးလား ဟဲ့ကောင်..ဒါ ငါ့အိမ်”လို့ စိတ်တိုသလို အသံပြတ်နဲ့ပြောပြီး စောင်ကို အတင်းဆွဲတော့တာပဲ။
အဲ့အချိန်တော့ သူ့သတ္တိရဲ့အတိုင်းအတာနဲ့ ကျော်သွားပြီမလို့ …ရင်ခေါင်းသံကြီးနဲ့
“အာကွေးရေ … ဖိုးသားရေ …ဆရာရေ ..ကယ်ကြပါဦး ဗျာ”လို့ အစချီပြီး ဗလုံးဗထွေးတွေ အော်တော့တာပဲ။
သူ အော်နေတဲ့အချိန်လည်း ဟိုက
လက်အေးကြီးနဲ့ သူ့ ဆံပင်ကိုဆွဲထားတာ။
ကိုအောင်နဲ့ တခြားသူတွေ ဓာတ်မီးတွေ တုတ်တွေဆွဲပြီး ရောက်လာမှ … အဲ့ဟာကြီးက သူ့ခေါင်းရင်း ဘက်ကနေ ခုန်ပြီး အမှောင်ထဲ ပြေးသွားတယ်။
ကောင်လေးတွေထဲက မြင်လိုက်တဲ့သူတွေက လူထင်ပြီး လိုက်တာပေါ့… ကိုအောင် က အဖျော်ဆရာ ဆီသွားပြီး ဘာဖြစ်တာလဲ မေးတော့ အဖျော်ဆရာခမျာ အကြောက်လွန်ပြီး ငိုနေလို့ တော်တော်နဲ့ မဖြေနိုင်ဘူး။
အဲ့နောက်ပိုင်း ကိုအောင် က အလှူအတန်းတွေလုပ်ပြီး အမျှအတန်းပေူပေမယ့်လည်း မလင်း မကျွတ်ဘူး။
အရင်လို ခြောက်တုန်းပဲ …နည်းနည်းတာင်ပိုဆိုးလာတယ် ပြောရမယ်။
ဆိုင်က ကောင်လေးတွေကို အိပ်နေတုန်း သဲနဲ့ပက်လိုက် ၊ခြေထောက်ကနေဆွဲလိုက်နဲ့ ဖြစ်လာတယ်။
ကိုအောင် ဆိုလည်း ညဆို ခြေရင်းပြတင်းပေါက်က ဘယ်လောက်သေချာပိတ်ပိတ် တစ်ရေးနိုးရင် ပွင့်နေပြီး အဲ့ပြတင်းပေါက်ပေါ်မှာထိုင်ပြီး ကိုအောင့်ကို ကြည့်နေတာမျိုး ၊တစ်ခါတလေ ကျောပေးထိုင်နေတာမျိုး … တခါတလေဆို မခင်အ၀တ်အစားသေတ္တာဘေးမှာ ထိုင်နေတာမှ ငူငူကြီး။
ဘုန်းကြီးနဲ့မရတော့ တစ် မျိုး ပြောင်းပြီး…အဲလိုကိစ္စတွေ အတွေ့အကြုံများတဲ့ မိန်းမလျာနတ်ကတော် တစ်ယောက်ကိုခေါ်ပြီး မလင်း ဘာဖြစ်ချင်လဲ သိရအောင် လုပ်ရတော့တာပဲ။
၀င်ပူးပြီးပြောတာက
“သူ ကလေး တွေ ကို စိတ်မချဘူး…ကလေးတွေနောက် လိုက်သွားချင်ပေမယ့် လိုက်မရဘူး”လို့ပြောပြီး ငိုတယ်။
အဲဒါနဲ့ ကိုအောင်တို့က မလင်းယောက်ျားဆီ ဖုန်းဆက်ပြီးအကျိုအကြောင်းပြောတယ် …။
ပြီးတော့ မလင်းယောက်ျားနဲ့ကလေးတွေကို လှမ်းခေါ်ပြီး မလင်းအတွက် ကိုအောင်တို့မိသားစုကဦးးဆောင်ပြီး အလှူလုပ်၊အမျှဝေပေးတယ်။
အမျှဝေတဲ့အချိန် ဘယ်သူမှ ထိုင်မနေတဲ့ အိမ်တံခါး၀နားကနေ ငိုသံကြီးနဲ့ “သာဓု”ခေါ်တဲ့အသံ ပီပီပြင်ပြင်ကြီးကို လာသမျှလူအကုန်ကြားလိုက်တယ်။
တချို့ကလည်း စိတ်မကောင်းလို့ ငိုကြ၊ တချို့ကလည်း ကြောက်ကြတာပေါ့။
ဒါပေမယ့် ဒီတစ်ခါတော့ မလင်း တကယ်ကျွတ်တန်း၀င်သွားရှာတယ် …နောက်ထပ် ခြောက်တာလှန့်တာတွေ ထပ်မကြုံတော့ဘူး။
ကိုအောင်တို့လည်း ဆိုင်က စီးပွားဖြစ်နေတာဆိုတော့ မလင်းယောက်ျားဆီကနေ
ခြံကို အရစ်ကျနဲ့ ပြန်၀ယ်လိုက်တယ်။
အခုဆို သူတို့မြို့မှာ ကိုအောင့် ဆိုင်က ဆိုင်ကြီးစာရင်းတောင် ၀င်နေပြီတဲ့။
သနားစရာ မလင်း ကတော့ ကျွတ်လွတ်ပြီး ကောင်းရာမွန်ရာ ရောက်သွားလောက်ပါပြီ။
သေခါနီး အစွဲတွေက သိပ်ကြောက်ဖို့ကောင်းတယ်နော်… မိခင် မေတ္တာနဲ့ စွဲတဲ့အစွဲတွေက ချွတ်ဖို့ ပိုခက်တယ်… အစွဲတစ်ခုကြောင့် သနားစရာ ဘုံဘ၀မှာ ဒုက္ခတွေနဲ့ တဝဲဝဲလည်လည်ဖြစ်နေရရှာတာ။
Admin ရဲ့ စာဖတ်သူတွေလည်း အမေ သက်ရှိထင်ရှားရှိနေတုန်းမေျာ တန်ဖိုး ထားကြပါ…မရှိတော့တဲ့အချိန်ရောက်မှ နောင်တရနေမယ့်အစား ရှိနေတုန်းမှာ တန်ဖိုးထားပြီး ချစ်ခင်ပေးကြပါ… ဘယ်လို လူစားမျိုးပဲဖြစ်နေပါစေ အမေ ဟာ အမေပဲမလို့ ကံသုံးပါးမှာ ဘယ်ဟာနဲ့မှ မပစ်မှားမိအောင် ကြိုးစားဆင်ခြင်ကြပါ။
တခါတလေ အမေ့ကို ချစ်ကြောင်းပြောဖို့ ရှက်နေတာမျိုး…မေ့နေတာမျိုး ရှိတတ်ကြတယ်မလား။
ကဲ…ဒါလေးဖတ်ပြီးရင်တော့ အမေ့ကို ချစ်တဲ့အကြောင်း ပြောဖြစ်အောင် ပြောလိုက်ကြပါနော်။
ဒီညတော့ ဒီလောက်ပါပဲ
ခြေရင်း ဘက် ကို မကြည့်ကြပါနဲ့ … ရှိကို ရှိပါတယ်
👻