ပထွေး

Posted on

ပထွေး(စ/ဆုံး)

————

“ဖေကျော့်မြေးကို ထိန်းပေးပါဦး သမီး ဆိုင်လိုက်သွားရဦးမယ် အကြီးကောင်ကိုတော့ ခေါ်သွားမယ်ဖေကျော်နှစ်ယောက်ဆိုမနိုင်မှာစိုးလို့”

ခြောက်လသားမြေးမလေးကို လက်ထဲလာထည့်ပေးပြီး သုံးနှစ်သား လက်ကဆွဲလို့ သမီး ချစ်ကအ‌လော
တကြီးလေသံနဲ့ပြောလာပါတယ်။

ဦးအောင်ကျော်မိုးကတော့ ပြုံးပြုံးကြီး
“ထားခဲ့ပါကွာ ငါ့မြေးကြီး ‌အနေဆင်းရဲနေပါ့မယ် မထူးပါဘူး ငါတို့ မြေးအဖိုးတွေ ကစားနေကြတာပေါ့”

ပြုံးရွှင်သွားတဲ့ သမီးချစ်က

“ဖေကျော် ထားခဲ့လိုက်ပြီနော် သမီးစောစောပြန်လာပါ့မယ်”

မြို့မဈေးမှာ အဝတ်အထည်ဆိုင်ကြီး ဟီးဟီးထအောင်ဖွင့်ထားတဲ့ သမီးခမျာ အလုပ်တွေကမအားရှာ။

ယောက်ျားဖြစ်သူကလည်း သူ့အလုပ်နဲ့သူမို့ မကူနိုင် အဖေဖြစ်တဲ့ သူကပဲ သမီးချစ်တို့ကို စောင့်ရှောက်နေရတာမို့ သမီးချစ်ရဲ့ စိတ်ပင်ပန်းမူ့တွေ တဝက်ခွဲယူနေတာပေါ့။

သမီးချစ်က ဆိုင်ကယ်လေးစီးလို့ ထွက်သွားပါပြီ။

သူကသာ သမီးနောက်ကျေလေးကြည့်လို့ ပြုံးပြုံးကြီးကျေနပ်နေမိလေရဲ့။

ပြုံးပြုံးကြီးနဲ့ အတွေးထဲ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်ဆီပြန်ရောက်ခဲ့ပါတော့တယ်။

သူ အသက်တစ်ဆယ့်ရှစ်နှစ် ဆယ်တန်းစာမေးပွဲ ဖြေချိန် အရေးအခင်းဖြစ်တော့ ရွာက နို့ဆီချက်စက်ရုံ မှာ အလုပ်ဝင်ခဲ့ပါတယ်။

လိမ္မာရေးခြားရှိတဲ့သူ့ကို တရွာတည်းသား အလုပ်ရှင်လင်မယားက အရေးပေး ခဲ့ကြတယ်။

ပိုင်ရှင် အကိုနဲ့က တစ်ရပ်တည်းသားမို့ ပိုပြီးရင်းနှီးချစ်ခင်ကြပါတယ်။

နောက်တော့ ရွာကနေ မြို့ကိုပြောင်းပြီး နို့ချက်အလုပ်ရုံချဲ့ခဲ့ကြတယ်။

လိမ္မာတဲ့သူက တပါတည်းလိုက်ခဲ့ရပါတယ်။

သူဌေးပြီးရင်သူ့ကိုပြောဆိုတဲ့အထိ သူက အရေးပါတဲ့သူတစ်ယောက်အဖြစ် နေရာပေးခံခဲ့ရပါတယ်။

မြို့ပေါ်ရောက်ပြီး ခြောက်လလောက်နေတော့ ပိုင်ရှင်အမရဲ့ခြေလှမ်းတွေ ပျက်လာနေတာကိုသတိထားမိတယ်။

ပွဲစား‌ယောင်ယောင်သူဌေးယောင်ယောင် လူဘော်ကျော့တစ်ယောက်နဲ့ ဘာလိုလိုသတင်းတွေထွက်လို့ အကိုကြီးနဲ့ အမတို့ရဲ့ ရန်ပွဲတွေ သူမကြာခဏတွေ့လာရပါတော့တယ်။

အကိုကြီးနဲ့သူ တတွဲတွဲမို့ အကိုကြီးရဲ့ ခံစားချက်မှန်သမျှသူမျှဝေခံစားပေးခဲ့တယ်။

စီးပွားရေးတွေကလည်းတဟုန်ထိုးတက်လာခဲ့တယ်။
ချစ်သူခင်သူ အများကြီးနဲ့ အမ ခင်စန်းဝင်းကလည်း မျက်နှာကိုချီ ဟန်ဝင့်လို့။

အကိုကြီး ကို ပြေသိမ်းကတော့ နဂိုတည်းက လူရိုးကြီးမို့ ဘာဆိုဘာမှ မပြောင်းလဲ။

ပြောမရဆိုမရ အမခင်စန်းဝင်းကို အကိုကြီးက လွှတ်ထားလိုက်ရပါတော့တယ်။

အကိုကြီးက လွှတ်ထားလို့ရယ်လားမသိ အမခင်စန်းဝင်းက နည်းနည်းခြေငြိမ်လာသလိုလို အပြင်တွေသိပ်မထွက်တော့ပဲ အကိုကြီးနားကို ပိုကပ်လာပါတော့တယ်။

ခံစားချက်မှန်သမျှ ဝေမျှတတ်တဲ့ ကိုကြီးပြေသိမ်းခမျာ သူ့ကို ဝမ်းသာအားရရင်ဖွင့်ရှာတယ်။

“ငါ့ညီရေ ကိုယ့်မေတ္တာမှန်တော့ အခြေအာနေတစ်ခုကို အမှားမရှိပဲ ထိန်းနိုင်ပြီပေါ့ကွာ ကိုယ့်သားကြီးရဲ့မျက်နှာလေးကလညိး ရှိသေးတော့ အရာအားလုံးခွင့်လွှတ်လိုက်ပါတယ်ကွာ ငါလည်းသူ့ကို သိပ်ချစ်တာကိုးကွ”

အဲ့သလိုပြောလာတော့ သူလည်း ဝမ်းသာရတာပေါ့ မဟုတ်ရင် အိမ်ရှေ့ပူအိမ်နောက်မချမ်းသာပေကိုး။

တစ်နေ့ အကိုကြီးကနောက်စီးပွားရေးတစ်ခုအသစ် လိုင်းကားတွေထောင်မယ်လို့သူ့ကို တိုင်ပင်လာပါတယ်။နို့ချက်စက်ရုံကို ငါ့ညီက ဦးစီး အကိုကြီးက ကားဂိတ်ကို ဦးစီးမယ်လို့ ပြောလာတာကြောင့်သူခေါင်းညိတ်လက်ခံလိုက်ပါတယ်။

သူ့မိသားစုဖြစ်တဲ့ အဖေနဲ့အမေ့ကိုတောင်အကိုကြီးတို့လောက် မရင်းနှီးတော့သလိုဖြစ်လို့။

အကိုကြီးက သူ့ကို မွေးစားသားအဖြစ်အသိအမှတ်ပြုချီးကျူးခဲ့တယ်။

ရွာမှာကျန်ခဲ့တဲ့ မိဘတွေလုပ်ကိုင်စားဖို့ လယ်ယာတွေ ဝယ်ပေးခဲ့တယ်ဒါကြောင့် သူ့ကျေးဇူးရှင်အကိုကြီးကို စိတ်ချမ်းသာစေချင်တယ်။

လိုင်းကားထောင်ဖို့ ကားဝယ်ထွက်တော့ ဟိုပွဲစားယောင်ယောင်က အကိုကြီးနဲ့ တတွဲတွဲဖြစ်နေပါတယ်။
သူက အမုန်းခံပြီးသတိပေးတော့အကိုကြီးဆီကအေးချမ်းတဲ့ အသံနဲ့

“သူတို့က သာမန်မိတ်ဆွေတွေပါ ငါ့ညီရာ အကိုကြီးကမိန်းမကိုချစ်လွန်းလို့ သဝန်တိုမိတာပါ အခုဆို မင်းအမက နောက်ထပ်ကိုယ်ဝန်ဆောင်နေရပြီလေ အေးဆေးပါကွာ”

သူဘာမှ မပြော‌သာတော့။
ဒါပေမယ့် သူကတော့ ကျေးဇူးရှင်အကိုကြီးနောက်ကနေ တွယ်ကပ်လိုက်ခဲ့တာပါပဲ။သတိဆိုတာ ပိုတယ်မရှိဘူးလေ။

လိုင်းကားတွေ ဂိတ်စဖွင့်တော့မှပဲ အကိုကြီးနောက်ကို သူလိုက်ဖို့ အခွင့်မသာတော့ပါ။

အမခင်စန်းဝင်းမှာလည်း ကိုယ်ဝန်နဲ့ဆိုတော့ သူနည်းနည်းစိတ်အေးတာလည်းပါမှာပေါ့လေ။

” ကျော်မိုး ကျော်မိုး ထစမ်း ထစမ်း အမလေးကိုယ်ကျိုးနည်းပါပြီတော် ”

အကိုကြီးက ကားဝယ်ဖို့ မန္တလေးကိုတက်သွားတာကြောင့်သူကအိမ်ကိုစောင့်ရှောက်နေရတာပါတယ်။ညကတော်တော်နဲ့အိပ်မရမနက်ငါးနာရီကျော်ပဲ ရှိသေးတယ် အမခင်စန်းဝင်းရဲ့ စူးစူးဝါးဝါးအသံတွေကြောင့်မျက်လုံးကို အတင်းဖွင့်ပြီးသူငုတ်တုတ်ထထိုင်လိုက်တယ်။
“ဘာလဲ အမ ဘာဖြစ်တာလဲ”
“နင့်အကို ဆိုင်ကယ်မှောက်လို့ ဆေးရုံရောက်နေတယ်တဲ့ လုပ်ပါဦး”

“ဗျာ ဘယ်မှာတဲ့လဲ ဘယ်မှာလဲ”

သူ့ရင်တွေတုန်လို့ ခြေမကိုင်မ လက်မကိုင်မိ

မွေးကာနီး ဖွားကာနီး ကိုယ်ဝန်သည်အမကို အိမ်မှာနေခဲ့ပါ အခြေအနေတွေလှမ်းပြောပြပါ့မယ့်လို့နှစ်သိမ့် ထားပြီး သူ့ကတော့ အကိုကြီးရှိရာဆေးရုံဆီ ဘယ်က ဘယ်လိုပြေးလာမိမှန်းမသိပါ။

” အကိုကြီး အကိုကြီး ဘယ်လိုဖြစ်ရတာလဲ အကိုကြီးရာ”

သူ့ရဲ့ မချိတင်ကဲစကားတွေကို အသဲအသန် အသက်ရှူနေရတဲ့ အကိုကြီးကမဲ့ပြုံးလေးတချက်ပြုံးလို့
“မင်း ပြောစကားတွေနားမထောင်ခဲ့မိလို့ ငါအခုလိုဖြစ်ရတာ”

တဲ့
အကိုကြီးအသံက တိုးတိုးလေးပေမယ့် သူ့ရင်ထဲကတောက်ခေါက်သံကတော့ မြည်ဟီးလို့။

” ကျော်မိုး ငါ့သားနဲ့ ငါရှာထားတဲ့ စီးပွားရေး မင်းပဲ ဦးစီး မင်းအတွက်ပဲ ဖြစ်စေ ဒါမှ ငါ့စိတ်ဖြောင့်မှာ”

သူ့မျက်ရည်တွေက ယောက်ျားတန်မဲ့ အတားအဆီးမရှိ စီးကျလာရတယ်။

မကျေနပ်စိတ်တွေနဲ့ တုန်ယင်နေတဲ့သူ့ကို သေလုမျောပါးအကိုကြီးက နှစ်သိမ့်သလို လက်ကိုဖျစ်ညှစ်ပြီး

“ငါပြောတာကို နားထောင် ငါ့ကိုချစ်တယ်ဆိုရင် ငါ့သားနဲ့ မမြင်ရသေးတဲ့ ဗိုက်ထဲက ရင်သွေးအတွက် ငါရှာထားတဲ့ စည်းစိမ်တွေကို ကာကွယ်ပေးကြားလား”

စိတ်ထဲ မခံချင်စိတ်တွေ ယူကျုံးမရတဲ့စိတ်တွေနဲ့ သူအကိုကြီးကို ခေါင်းငြိမ့်ပြလိုက်မိသလား ခေါင်းခါပြလိုက်မိသလားမသိတော့ပါ။

နောက်နေ့

သူ့ကို အင်မတန်အားကိုးပြီး ညီသားတစ်ယောက်လို ချစ်ခဲ့တဲ့ လူရိုးလူအေးကြီး တစ်ယောက် လောကကြီးကို စွန့်ခွာသွားခဲ့်တယ်။

ဆိုင်ကယ်စီးကြတာခြင်းအတူတူနောက်က စီးလိုက်ခဲ့တဲ့ သူ့အကိုကြီးက အသက်ပေးရပြီး ရှေ့ကမောင်းတဲ့ တိုက်စိုး ဆိုတဲ့ ပွဲစားကောင်က ခေါင်းပေါက်ရုံပဲ ဖြစ်ပြီး ဆေးရုံမှာမို့ သူ့ ရင်ထဲအသဲထဲက ဆတ်ဆတ်ခါ နာကျင်ရတယ်။

ဆိုင်ကယ်မောင်းတဲ့ သူကို အရေးယူမယ်ဆိုတော့ သေတဲ့သူကသေပြီမို့ အရှည်အရှည်တွေမဖြစ်ချင်တာကြောင့် အမူ့ကကြေအေးပေးလိုက်သတဲ့လေ။
သူ့ရင်တွေဗလောင်ဆူ အောင်ဒေါသတွေဝေခဲ့ရပေမယ့် ဘာများတတ်နိုင်ပါ့မလည်း။

အကိုကြီးရဲ့နောက်ဆုံးခရီးကို လိုက်ပို့ကြတော့အကိုကြီးအမေ ဖွားခင်မေ ငိုတဲ့အသံ က သူ့နှလုံးသားထဲ စွဲစွဲနစ်နစ်

“ငါ့သားကြီးရယ် ဒီမိန်းမကိုယူလို့ အမေမင်းကို စိတ်တွေဆိုး အတန်တန်တားခဲ့တာ ဒီလိုအဖြစ်တွေကြောင့်လေ သူတို့မျိုးရိုးက ဒီလိုမျိုးရိုးဟဲ့ ဒီလိုမျိုးရိုး အမလေး ရက်စက်လိုက်တာ ငါ့သားကိုဘယ်သူသတ်တာလဲ ဟဲ့”

ဖွားခင်မေရဲ့ မချိတင်ကဲ ငိုနေတဲ့ အသံရယ် သူ့ညီမတွေရဲ့ အသံတွေဟာ သူ့ရင်ထဲက နာကျင်ကြေကွဲနေရတာတွေနဲ့ပေါင်းလို့ ရင်ထဲတစ်ဆို့ကြီးခံစားရတယ်။

ကိုယ်ဝန်အရင့်အမာကြီးနဲ့ အမခင်စန်းဝင်းက ခဏခဏ သတိလစ်သွားလို့ အားလုံးက ဆေးရုံတင်ဖို့အကြံပေးကြတယ်။

အကိုကြီးရဲ့ အဖေကတော့ နီရဲနေတဲ့ မျက်လုံးကြိးနဲ့ အံကိုတင်းတင်းကြိတ်ပြီး

“မခင်မေ ပေါက်ကရတွေ မပြောပါနဲ့ ကွာ သူ့ကံကုန်လို့သေရတာပါ ငါ့သားကြီး စိတ်ဖြောင့်ဖြောင့်သွားပါစေ”

“မပြေဘူး မကြေနပ်ဘူး နင်တို့တွေအကုန်လုံးငါ့အကိုကြီးသေရလို့ ငါတို့မိသားစု ကြေကွဲရသလို တစ်သက်လုံးခံစားရပါစေ အခု သင်္ချိုင်းကမြေကိုင်ပြီးငါသစ္စာဆိုပြီးကျိန်ခဲ့မယ် ငါ့အကို့ကို လုပ်ကြံတဲ့ကောင်တွေ ကောင်မတွေ ငါတို့ရင်ကွဲသလို တစ်သက်လုံးကြေကွဲပြီး ဘယ်တော့မှ မပျော်ရွှင်ရပါစေနဲ့တော်”

အကိုကြီးရဲ့ ညီမအလတ်က ဆွေးဆွေးမြေ့မြေ့ နာကျဉ်းတဲ့ အသံနဲ့ ပြောတော့ သူ အမခင်စန်းဝင်းရဲ့ ဗိုက်ထဲက ကလေးကို စိတ်ပူမိပြန်ပါတယ်။

နာရေးကိစ္စတွေပြီးတော့ အကိုကြီးမရှိတဲ့ အိမ်မှာ‌ယောင်ချာချာ။
အမခင်စန်းဝင်းရဲ့မောင်ညီမတွေ လာနေပေးကြတာမို့တော်ပါသေးရဲ့။

အဲ့ဒီလိုနဲ့ အမခင်စန်းဝင်းက သမီးလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။

အကိုကြီးမှာခဲ့တဲ့ အတိုင်းသူ့မှာ တူမလေးကို ဂရုတစိုက် ပြုစုပေးပါတယ်။

တဖြည်းဖြည်းနဲ့ အကိုကြီးပြေသိမ်းနဲ့ တူလာတဲ့ တူမလေးကိုကြည့်ပြီး အသနားပိုရပါတယ်။

သူနဲ့ အသက် ဆယ်နှစ်နှစ်ကွာတဲ့ အကိုကြီးသားထက် သူ့ထက် အနှစ် အစိတ်ငယ်တဲ့ တူမလေးကို အချစ်ပို အသနားပိုမိတာတော့ သူဝန်ခံပါတယ်။

တူမလေးတနှစ်ကျော်စကားစပြောတတ်ချိန်သူ့ကိုခေါ်တာက “ကျော်ကျော်” တဲ့။

ပတ်ဝန်းကျင်ရဲ့စကားတွေ အမှားကနေ အမှန် အမှန်ကနေ အမှားဘယ်သို့ဘယ်ပုံဖြစ်လာတယ်မသိ။

အကိုကြီးကို သူကပဲ လုပ်ကြံလိုက်သလိုလို အကိုကြီးစီးပွားရေးတွေလိုချင်လို့ပဲ မိန်းမနဲ့ပေါင်းကြံလိုက်တာလိုလို ပြန်ကြားရတော့သူ့ရင်မှာတခါနာကျင်ရပြန်တယ်။

သူလည်းတွေးမိပါတယ် ယောက်ျားသားမရှိတဲ့မုဆိုးမအိမ်မှာ နေဖို့မသင့်တော်တာမို့ သူပြန်တော့မယ်လို့ ခွင့်တောင်းပါတယ်။

အားလုံးက တားကြတယ်။အမခင်စန်းဝင်းက ရင်ဘတ်ကိုထုထုပြီး ငိုပါတယ်။

သမီးလေးကိုချစ်တယ် ခွဲရတော့မယ်လို့သူတွေးမိ
ပြန်တော့သူ့နှလုံးသားကသွေးစိမ်းရှင်ရှင်ထွက်သလိုခံစားရတယ်။

အဲ့သည်အချိန်မှာပဲ ပွဲစားကောင်နဲ့ အမခင်စန်းဝင်းက ပြန်တွဲနေသလိုလို။

သူရင်မောရပါတယ်လေ။ဖြစ်သမျှအကြောင်းအကောင်းချည်းပဲသဘောထားပြီး ရွာကိုပြန်လာခဲ့တယ်။

သမီးလေးရဲ့ တောက်တဲ့ တောက်တဲ့ လမ်းလျှောက်နေတာလေးကိုမျက်စေ့ထဲပြန်မြင်ယောင်ပြီး မျက်ရည်က ကျရသေး။

‌သူ့အမေကတော့ မရက်စက်နိုင်ပါဘူးလေ လို့ အတွေးနဲ့ဖြေသိမ့်နေရပေမယ့် သမီးလေးကိုစိတ်မချတဲ့ သူ့စိတ်က အိပ်ရေးပျက်ရပေါင်းများလှပေါ့။

သူရွာပြန်ပြီး တပတ်အကြာ တစ်ရပ်တည်းသားအကိုကြီးရဲ့ အဖေနဲ့ အမေက အိမ်ကိုလာပါဦးခေါ်တာကြောင့်သူသွားခဲ့ပါတယ်။

“ငါ့သား ကြီးတော်ကို ကူညီပါ ညတိုင်း ညတိုင်းကြီးတော် မင့် အကိုကြီးကို အိမ်မက်မက်တယ် သူတို့အိမ်နောက်က စက္ကတုံးပင်ကြီးမှာနေပြီး သူ့သားသမီးတွေကို စိတ်ပူပြီးကြည့်နေရတယ်တဲ့ မင်းကိုနားချပေးပါတဲ့ မင့်ခင်စန်းဝင်းကို ယူပြီး သားနဲ့ သမီးကိုစောင့်ရှောက်ပါတဲ့ကွယ် ကြီးတော် ဒီလို အိမ်မက် မက်လာတာ တနှစ်ကျော်ကြာပါပြီဟဲ့ အီးဟီးဟီး”

ပြောပြီးချုန်းပွဲချ ငိုနေတဲ့ ဖွားခင်မေနဲ့ အပြိုင်သူလည်းဝမ်းနည်းပက်လက် ရောပြီးဟီးချငိုမိပါတယ်။

သူလည်း အကိုကြီးနဲ့ ထပ်တူ သမီးလေးနဲ့သားကိုစိတ်ပူနေရတာ ပဲလေ။

“သူများသားသမီး နုနုထွတ်ထွတ်လေးကို အိမ်ထိလာပြောဖို့ ကြီးတော် မပြောဝံ့လို့ပါ ငါ့သားရယ် ငါချွေးမ အောက်ဆော့တတ်တာ မျောက်မ ထားတတ်တာ ငါသိပါတယ်ဟဲ့ ငါအသရေယုတ်လို့ မပြောချင်လို့မပြောတာပါ အခု ငါ့သားကြီးခမျာ သူ့ကလေးတွေကြောင့် မကျွတ်လွတ်တဲ့ဘဝကြီးရောက်နေတာမို့ ငါပြောရတာပါ အီး ဟီး ဟီး”

ဖွားခင်မေနဲ့ တစ်အိမ်လုံးငိုကြတာ ကျွတ်ကျွတ်ညံလို့။
သူက အမခင်စန်းဝင်းကိုယူမတဲ့ တခြားနည်းလမ်းနဲ့ ကလေးတွေကိုထိန်းပါရစေလို့ ဖွားခင်မေကို မျက်ရည်တွေနဲ့တောင်းဆိုတော့

“လူလေးရယ် မင်းမဟုတ်တဲ့ အခြားသူကို ယူလာရင် ငါ့သားလေးပိုခံစားရမယ် ငါ့မြေးမလေးပထွေးနဲ့နေရမယ် မင်းကြည့်ရက်သလားကွဲ့ ဟိုမိန်းမယုတ်မက နောက်ထပ်လင်မယူဘူးလို့ ဘယ်သူအာမခံနိုင်လဲဟင်”

ဆို့နင့်ကြေကွဲနေတဲ့ အသံနဲ့ ဖွားခင်မေ ရင်ထုပြီး ဆိုလာတော့ သူခေါင်းငိုက်စိုက်ချလို့ ။

ဖွားခင်မေတို့အိမ်နဲ့ ကပ်ရက်က ငယ်ရည်းစားလေးတို့အိမ်ဘက်ကို အကြည့်ရောက်ခိုက် သူ့မျက်ရည်တွေက ထပ်ပြီးစီးကျလာပြန်တယ်။

ဖွားခင်မေက သူ့ကိုဖက်လို့

“ငါသိပါတယ် လူလေးရယ်မင့် နှင်းဝေလေးကိုဘယ်လောက်ကြိုက်သလည်းဆိုတာ ကြီးတော်လည်း မတတ်သာလို့သာပြောရတာပါလူလေးရယ်”

အမခင်စန်းဝင်းဘက်က အဖေနဲ့အမေကလည်း သူ့ဆီလာပြောကြပြန်ပါတယ်။

သူ့အမေကတော့ ရင်ဘတ်စည်တီးငိုကြီးချက်မပေါ့
တခြားကျေးဇူးဆပ်စရာတွေအများကြီးကိုမှ ငါ့သားလေးက မုဆိုးမ ကလေးနှစ်ယောက်နဲ့ ထော်လော်ကန့်လန့်မိန်းမကို ယူမတဲ့တော်ဆိုပြီးအော်အော်ငိုလို့ သူ့မှာ မနေတတ်မထိုင်တတ်။

ဒါနဲ့ပဲ
သူနဲ့ အမခင်စန်းဝင်း အကြင်လင်မယားအဖြစ် ရောက်ရှိခဲ့ကြတယ်ပေါ့။

လင်မယားရယ်လို့ အမည်တွင်ခဲ့တာနဲ့ တိုက်ကြီးရဲ့ ဘေးက နို့ချက်စက်ရုံလေးဆီ သူပြောင်းလာခဲ့တယ်။

တိုက်ကြီး ပေါ်မှာ အကိုကြီးရဲ့ အရိပ် အငွေ့အသက်တွေကို သူအလွန်အားနာရတယ်။

သမီးလေးနာမည်က ခင်ချိုချစ်
သူကတော့ သမီးချစ်လို့ ပဲခေါ်တယ်။

သမီးကလည်း သူ့ကို ဖေကျော်လို့ပဲခေါ်တယ်။

မွေးတည်းက ဖခင်မေတ္တာငတ်ခဲ့တဲ့ သမီးချစ်လေးကိုသူအစွမ်းကုန်ပုံအောလို့ အများကြီးချစ်ခဲ့တယ်။

အဖေနာမည်ဘယ်သူလဲလို့ မေးတိုင်း မပီကလာပီကလာကနေ အပျိုပေါက်အရွယ်ထိ ဦးအောင်ကျော်မိုးလို့ ဖြေခဲ့တဲ့သမီးချစ်ကလေးကို သူအသနားပိုခဲ့ရတယ်။

အမခင်စန်းဝင်းလား

သူကတော့ ထုံးစံအတိုင်းဘယ်နေမလည်းဗျာ ဟိုပွဲစားကောင်ကို ကားတစီးဝယ်ပေးလို့ တိုးတိုးတိတ်တိတ် တွဲနေတာပေါ့။

တွဲပါစေ သူလည်း ပေါ်တင်တွဲလို့မှ မရတာ သူနဲ့ လက်ထပ်ထားတော့ စည်းစိမ်တွေက သားနဲ့သမီးအတွက်ပဲ ဖြစ်မှာလေ။

သူကတော့ အမခင်စန်းဝင်းကို ကိုယ့်အမတစ်ယောက်လို သဘောထားကလွဲလို့ ကျန်တဲ့သဘောထားဘယ်တုန်း ဘယ်ချိန်မှ မပြောင်းလဲပါ။

သူ့ငယ်ရည်းစားလေးကတော့ အမခင်စန်းဝင်းနဲ့ သူယူကြတော့မယ်လို့ကြားကတည်းက သူ့ပါးကိုလေးငါးချက်ဆင့်ပြီး ရိုက်သွားလေ‌ရဲ့။

သူ့ရဲ့ ကြိုးစားမူ့ မေတ္တာစေတနာတွေမှန်ကန်လို့ဖြစ်ပါလိမ့်မယ်။

စီးပွားကလည်းတက်သလားမမေးနဲ့ ကားလိုင်းတွေ တလိုင်းပြီးတလိုင်း တည်းခိုးခန်းတွေ အများကြီး တိုးပွားလာလိုက်တာ။

အမခင်စန်းဝင်းနဲ့ ဟိုလူကတော့ လူမသိ သူမသိ တွဲနေရတော့ ကြာတော့ ရှက်လာပြီ ထင်ပါရဲ့ ခွာပြေးသွားလေရဲ့။

တိတ်ဆိတ်ငြိမ်သက်နေတဲ့ အမခင်စန်းဝင်းကို သူအဝေးကြီးက ရှောင်နေခဲ့ပါတယ်။

သူ့မျက်လုံးထဲမှာ အကိုကြီးရဲ့ ကျိုးကြေနေတဲ့ ခြေလက်တွေက ဘယ်တော့မှ မေ့ဖျောက်မရပါ။

“မောင်ကျော် မင်းတူ က မိန်းမယူတော့မတဲ့ ငါ့ကိုလာပြောနေတယ် မင်းသဘောကဘယ်လိုလဲ”

သားကြီးက မိန်းမယူချင်တယ်တဲ့ ဒီကောင်ရည်းစားထားတည်းက သူလိုက်စုံစမ်းပြီးသားမို့

“ကောင်မလေးက မျိုးကောင်းရိုးကောင်းလေးပါအမ အဆင်ပြေပါတယ် အဓိက က ငွေကြေးထက် အကျင့်စာရိတ္တ ကောင်းဖို့အဓိကပါ အမရာ”

အမခင်စန်းဝင်းက အဝေးကြီးကိုငေးလို့တလုံးချင်းပြောလာတယ်။

“အေးပါ မင်း အဆင်ပြေတယ်ဆို ပေးစားကြတာပေါ့”

သားကြီးရဲ့ မင်္ဂလာပွဲခြိမ့်ခြိမ့်သဲကျင်းပပြီး တိုက်တစ်လုံးလက်ဖွဲ့တယ် ။ကားဂိတ်တစ်ခုမှာ ဦးစီးလုပ်ကိုင်နေတဲ့ သူမို့ အထူးပြောစရာမလိုပဲ သူ့အတွက်ပေးနိုင်ခဲ့တယ်။

ကျန်တာကတော့
သမီးချစ်လေးအတွက်။

သမီးချစ်လေးအရွယ်ရောက်တော့ တည်းခိုခန်းတွေကို သူအကုန်အငှားချလိုက်တယ် သူဝင်မပါတော့ သူ့သမီးလေးနားမှာပဲ အချိန်ပြည့်စောင့်ရှောက်ခဲ့တယ်။

ရည်းစားထားတော့လည်း သူပဲ ကြည့်ပေးခဲ့ရတယ်။
သမီးချစ်လေးက သူ့ကို အလွန်ခင်တွယ်တာကြောင့်ဘာမဆို သူ့ကိုပဲတိုင်ပင်တတ်တယ်။

အစိုးရ ဝန်ထမ်းကောင်လေးကလူ ရည်မွန်လေးဖြစ်တာကြောင့် သမီးချစ်လေးကို သဘောတူကြည်ဖြူခဲ့ကြတယ်။

ဈေးထဲမှာ ဆိုင်ခန်းအကြီးကြီးနဲ့ လက်ကားဖြန့်တဲ့ ဆိုင်သုံးဆိုင် သမီးချစ်အတွက်ထူထောင်ပေးခဲ့တယ်။

အခုတော့ သူ့ဘဝ
မြေးတွေထိုင်ထိန်းနေရတဲ့ ဘိုးဘိုး ကျော်ဖြစ်နေပါပြီ။

တဖြည်းဖြည်း အရွယ်ရောက်လာတဲ့ သမီးချစ်ကလေးအတွက် သူဟာ အရိပ်ပေးတဲ့ သစ်ပင်ကြီးဖြစ်ချင်တယ်။

အလင်းရောင်ပေးတဲ့လမင်းကြီးဖြစ်ချင်ပါတယ်။

“ဖေကျော် အော် ငါ့အဖေ ဘာတွေတွေးပြီးပြုံးနေတာလဲ ဖေကျော်စားဖို့ မြီးရှည်ပြန်လာပို့တာကြည့်ဦး ကလေးတွေက သူ့အဘိုးမျက်နှာကိုကြည့်နေကြရတယ် ငါ့အဖေကြီးကို ပြန်ထိန်းနေကြရတယ်ဟုတ်လားသားနဲ့သမီး”

သမီးချစ်လေးရဲ့ အသံစာစာကြားမှ သူ သတိပြန်ဝင်လာခဲ့တယ်။

သမီးချစ်က သူစားဖို့ မြီးရှည်တွေပြင်ဆင်ပေးပြီး ပြုံးပြုံးကြီး ကြည့်ပြီးစနေပါတော့တယ်။

“အင်းငယ်ရည်းစားအကြောင်းတွေးပြီးငါ့ဖေကျော် ပြုံးနေတာဖြစ်မယ် ဒီလိုလုပ်ဖေကျော့်ရည်းစားရဲ့မြေးနဲ့ သမီးသားပေးစားလိုက်ရင်မကောင်းဘူးလား ဒါဆို သမီးတို့ အမျိုးတွေ တော်ကြရမယ်လေအဟီး”

မျက်နှာစပ်ဖြဲဖြဲနဲ့ သမီးချစ်ကို လက်ထဲက‌ယပ်တောင်နဲ့ ခေါင်းကို လှမ်းခေါက်ပြီး

“ဒီကောင်မလေး ကပေါက်တိကပေါက်ချာ ငါ ရိုက်လိုက်ရ”

သူအပြောကို တဟားဟားရယ်လို့ ထွက်သွားတဲ့ စမီးချစ်ကို ကြည့်ပြီးသူကရယ်တော့ မြေးအကြီးကောင်နဲ့ သူ့လက်ထဲက ခြောက်လသမီး မြေးမလေးကပါ ယောင်ဝါးတွေလိုက်ရယ်နေပါတော့တယ်။

#အမည်လေးပြောင်းထားပေမယ့် ချစ်ခြင်းမေတ္တာဖြူစင်လှတဲ့ အကိုကြီး အတွက် အမှတ်တရပါရှင့်

8.7.2023

✍️Nyein