ပန်းကြွေတစ်ပွင့်(စ/ဆုံး)
————————
“ပအန်း …………….သယ်”
မနက်ခင်းတိုင်းကြားနေကြ အသံပါ။
ပန်းကိုသံရှည်ဆွဲပြီး အော်ရောင်းတာ ကြားကာစက
ဘာသည်မှန်းမသိခဲ့ပါဘူး။
“မမကြီး
ဘုရားပန်းတွေလှတယ်
ဘုရားပန်းလေးအားပေးအုန်း”
“မနေ့ကပဲဝယ်လှုထားတယ်လေ ညီမရဲ့”
“နေ့တိုင်းရောင်းချင်နေတာမမကြီး ဟီးဟီး”
ဘုရားပန်းအစံုကို ခံတောင်းကြီးထဲထည့်လို့ စက်ဘီးနောက်ခံခုံပေါ်တင်ပြီး လမ်းတကာလှည့်ရောင်းနေသူလေးပါ။
သုံးရက်ခြားတစ်ခါ သူ့ဆီကပဲ ဝယ်ပြီးအားပေးနေတာမို့
ဖေါက်သည် ဖြစ်နေပါတယ်။
နွေဦးရာသီ စပယ်ပန်းပေါ်ချိန်ကစလို့ အပွင့်တုံးချိန်အထိ နေ့တိုင်း သူ့ဆီကဝယ်ပြီး မြတ်စွာဘုရားကို ပန်းရနံ့မွှေးမွှေးနဲ့
ပူဇော်ပါတယ်။
စပယ်တုံးရင် ဇွန်ပန်း၊ မြတ်လေးပန်း စသဖြင့် ပန်းဖြူဖြူ မွှေးမွှေးလေးတွေ ကပ်လှုရတာကို ကျွန်မကပိုသဘောကျပါတယ်။
ဓါတုနည်းသုံးထားတဲ့ အမွှေးတိုင်ပူဇော်တာမျိုးကျွန်မ အားမပေးချင်ခဲ့ပါဘူး။
အမွှေးတိုင် ရနံ့က ရင်ထဲအထိဝင်လာပြီး ချောင်းဆိုးလာတတ်ပါတယ်။
ဒါကြောင့် သူ့ဆီ စပယ်ကုံး တစ်ရက်ကို ငါးရာဖိုး ကစ ဝယ်ယူအားပေးခဲ့တာပါ။
“မမကြီး သမီးကို တစ်သောင်းလောက်ကြိုပေးပါလား ဘုရားပန်း ယူတော့ခု ယူလိုက်နော်။အရင်းပြုတ်သွားတော့ပြန်ထည့်စရာနည်းနေလို့ပါ”
“အဲဒါဆို မနက်ကို စပယ်ပန်း အမြဲ လာချိတ်ထားပေးနော်”
သူနဲ့ကျွန်မ အပေးအယူမျှနေကြပါတယ်။
ဒီလိုနဲ့သူ့ဘဝအကြောင်းလေးတစ်စစသိလာရပြီး လင်ကအရက်သမား၊ သမီးကလေးတစ်ယောက်နဲ့ ကိုယ့်ဝမ်းရေးကိုယ်ရှာစားနေရသူမို့ အခက်အခဲရှိတိုင်း ကူညီပေးဖြစ်ခဲ့တယ်။
သမီးတွေမွေးနေ့၊ကိုယ့်မွေးနေ့ရောက်တိုင်း သူ့ကိုငွေ တစ်သောင်းမုန့်ဖိုးပေးခဲ့တယ်။
အိမ်က ဒန့်ဒလွန်ပင်က ရာသီမဟုတ်သီးလို့ သူ့ကို ခူးရောင်းစားဆိုပြီး ခွင့်ပေးထားခဲ့တယ်။
အောက်ခြေကနေဝါးတံလေးနဲ့ခူးလို့ရသမျှယူစေခဲ့တယ်။
“ညီမရယ် ယောင်္ကျားခေါ်လာပြီးအပင်ပေါ်တက်ခူးခိုင်းလေ။အပေါ်မှာအများကြီးပဲ”
“အမလေး မမကြီးရယ် ဘာမှခိုင်းစားမရပါဘူးဆို၊ အရက်သောက်ဖို့ပဲသိတာ”
ဒီလို နွံနစ်နေတဲ့အိမ်ထောင်ရှင်မတွေ ဘယ်လောက်များနေကြပြီလည်းနော်။
ကျွန်မ မဝတ်တော့တဲ့ ဝမ်းဆက်အသစ်တွေ၊အင်္ကျီတွေပေးမယ် ၊ယူမလားဆိုတော့ အားရဝမ်းသာနဲ့ယူရှာတယ်။
သူကသွက်သွက်လက်လက်ပြောဆိုတတ်တော့
ကျွန်မတို့ရဲ့ ရပ်ကွက်ထဲကအဖွားတွေ အန်တီတွေ မမတွေကလည်းသူ့ကို အားပေးကြပါတယ်။
မေမေ့အတွက် လက်တိုလက်တောင်းကလေးမတစ်ယောက်လောက် ရှာပေးပါဟယ်ပြောတော့
သူ့ကိုမခေါ်ချင်ဘူးလားတဲ့။
ညီးလင်ကို ဘယ်နားသွားထားမလဲဆိုတော့ သူကရယ်နေတယ်။
သူကဝဝတုတ်တုတ်ကလေးမို့ အစားကလည်းကြီးမယ့်ပုံရပါတယ်။
သူ့မိဘများကနွားမွေးတာကြောင့် နွာနို့စစ်စစ်လည်းသူဆီက ဝယ်လို့ရတတ်ပါတယ်။
ကျွန်မသူ့ကို အကူအညီပေးတိုင်း
“မမကြီးရယ် အရမ်းကျေးဇူးတင်ပါတယ်။ မမကြီးလိုစိတ်သဘောထားကောင်းသူနဲ့ တွေ့ရဆုံရတာ တကယ်ကို ဝမ်းသာမိတယ်’
“မမကြီးပေးတဲ့ဝမ်းဆက်ဝတ်ထားရင် အိမ်ကယောင်္ကျားက နင် အဝတ်အစားတွေဝယ်ဝတ်နေတာလားလို့ေမးေသးတာ။
မမကြီးကပေးတာပြောတာကို ဟုတ်လို့လားတဲ့လေ”
“ညီမလှနေတာမနာလိုနေတာနေမှာပေါ့”
“ဟုတ်တယ်မမကြီး ဟီးဟီး ”
ဒီလိုနဲ့ နယ်ကအိမ်ကိုပိတ်ထားခဲ့ပြီး ပဲခူးကအိမ်မှာ နှစ်လကြော်နေခဲ့ရာက ပြန်ရောက်တော့ သူကလေး
ဘုရားပန်းလာမရောင်းတော့ဘူး။
သူမလာတော့ ဟိုမေးဒီးမေးအခြားဈေးသည်မေးကြည့်တော့
“အမဖုန်းနံပါတ်သူလိုက်တောင်းနေတယ်။ အမနဲ့စကားပြောချင်လို့တဲ့။အခုတော့အခြားမှာ အလုပ်သွားလုပ်နေတယ်ပြောတယ်”
‘ဟယ် ဟုတ်လား သူမပြေလည်လို့ ပဲခူးကအိမ်မှာသူ့ကို ခေါ်ခိုင်းဖို့လိုက်လာချင်တာနေမှာ”
“ကျွန်မကလည်းသူ့သမီးလေးနဲ့ခွဲမထားချင်လို့ မခေါ်လ်ုက်တာ”
စိတ်ထဲ မှာတော့ကျွန်မကို သူ ဘယ်လောက်အားကိုးချင်နေလို့ သတိတရ ရှိနေတာဖြစ်မှာလို့ပဲ တွေးမိလိုက်ပါတယ်။
ကျွန်မရှိနေရင် တတ်နိုင်သလောက်တော့ ကူညီပေးမိမှာပါ။
လွန်ခဲ့တဲ့တစ်ရက်နှစ်ရက်က
အိမ်ရှေ့အမြဲလာတဲ့ဈေးသည် ညီမလေးတစ်ယောက်က
“မမရေ ဘုရားပန်းရောင်းတဲ့မိစုလေ သေသွားပြီတဲ့”
“ဟယ် ဖြစ်ရတယ်ဟယ် ဘာများဖြစ်တာလဲဟင်”
ဒီမှာ စီးပွားရေးက မကောင်းလို့ ရွှေစက်တော်ဘုရားကထမင်းဆိုင်တစ်ဆိုင်မှာ အလုပ်သွားလုပ်နေတာတဲ့။ အဲဒါတစ်နေကုန် မီးဖိုထဲနေပြီး ညနေဖက် ရေချိုးခေါင်းလျှော်လိုက်တာ ၊မနက်ထမလာလို့ သွားကြည့်တော့ သေနေတာတဲ့အမရယ်”
“အို ”
“သနားလိုက်တာ ကွယ်”
“ဟုတ်တယ်အမရယ်
မသေခက်တစ်ရက်ကမှ ဒီမှာကျန်ခဲ့တဲ့သူ့သမီးလေးဆီ ဖုန်းဆက်တော့ အမေပြန်လာရင် ဘာဝယ်ခဲ့ရမလဲမေးတော့ သမီးလေးက မုန့်တွေမဝယ်ခဲ့နဲ့ ဖုန်းပဲဝယ်ခဲ့ပါလို မှာသတဲ့”
အဲဒါ အမေ ပိုက်ဆံစုနေတယ် ဖုန်းဝယ်ပေးမယ်လို့တောင်ပြောနေတာအမရယ်”
ကျွန်မရင်ထဲ မကောင်းဖြစ်နေမိပါတယ်။
ကျွန်မကို အားကိုးတကြီး သူဖုန်းဆက်ချင်ခဲ့တယ်။
ကျွန်မရဲ့မေတ္တာစေတနာတွေ သူနားလည်တယ်။
ခုတော့
ကျွန်မကို သူနှုက်မဆက်နိုင်ပဲ ထွက်သွားခဲ့ပြီ။
အိမ်ရှေ့လမ်းထဲကို သူ့လိုဘုရားပန်း ပုံမှန်လာရောင်းသူမရှိလို့
ဈေးကိုသွားဝယ်နေရပါတယ်။
အသက်တောင်လေးဆယ်မပြည့်သေးတဲ့ မိစုလေး
ဘဝရဲ့အခက်အခဲ အကျပ်အတည်းကို လုပ်နိုင်သလောက်ဖြေရှင်းရင်း လူ့လောက ကြီးကထွက်သွားရပြန်ပြီ။
ဒီလို ခက်ခဲပင်ပန်းကြတဲ့ဘဝများစွာ ပိုပိုများလာနေကြတာကြောင့်
ပုံမှန်မဟုတ်တဲ့ ဝမ်းစာရှာဖွေမှုတွေ ပိုများလာကြတော့မယ်။
မိစုကတော့ ဘဝကိုအရှုံးပေးသွားတာ မဟုတ်ပါဘူး။
စစ်ဘေးလည်းရှောင်စရာမလိုတဲ့မြို့မှာနေတာပါ။
ဝမ်းရေးအတွက် တိုက်ပွဲဝင်ရင်း
ပိုပြီးတက်လာတဲ့ကုန်ဈေးနှုန်းတွေ ပိတဲ့ဒါဏ်ခံလိုက်ရတာပါ။
“ပအန်း…….သယ်”
“မမကြီးရေ
ဘုရားပန်းလှတယ်လေ”
သူ့အသံလေးကြားယောင်နေမိရင်း
ဘုရားတင်ဖို့အတွက်ပန်းရောင်းနေသူလေး ကောင်းရာသူဂတိရောက်ပါစေလို့ ဘုရားရှင်ထံမှာ ပန်းများကပ်လှုရင်းဆုတောင်းပေးလိုက်ပါတယ်။
မြမြဦးခင်