ပုဏ္ဏကမှော်နှင့် ကြေးစားကဝေမ(စ/ဆုံး)
——————————————-
ဦးမောင်မောင်ဇင်နှင့် ဒေါ်မြတ်နွဲ့ဆိုလျှင်
တာမွေ၊ ဗလီရပ်ကွက်တွင် မသိသူမရှိပါ။
ကျိကျိတက်ချမ်းသာသူ၊ စိတ်ကောင်းစေတ
နာကောင်းရှိသူ၊ ပေးကမ်းစွန့်ကြဲမှု ရက်ရော
သူဟူသော ဂုဏ်ပုဒ်ကောင်းများ ပြည့်စုံသူ
အဖြစ် ထင်ရှားသူများ ဖြစ်သည်။ သူတို့၏
စီးပွားရေးလုပ်ငန်းက စာရေးကိရိယာလုပ်
ငန်းကြီးဖြစ်၏။
ပြည်တွင်းထုတ် စက္ကူအမျိုးမျိုး၊ ပြည်ပထုတ်
စက္ကူအမျိုးမျိုးနှင့် ကျောင်းသုံးစာရေးကိရိယာ
မျိုးစုံကို မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေး
လျက်ရှိ၏။ ထိုမျှမကသေး၊ နောက်ဆုံးပေါ်
ပုံနှိပ်စက်ကြီးများ ဝယ်ယူ၍လည်း ကျောင်း
သုံး၊ ရုံးသုံး၊ ဗလာစာအုပ်အမျိုးမျိုးထုတ်လုပ်
ကာ ကိုယ်ပိုင်ဖြန့်ချိနေရသော လုပ်ငန်းကြီး
လည်း ဖြစ်သည်။
သူတို့၏ လုပ်ငန်းကို ရန်ကုန်မြို့၊ လမ်း(…)၊
အထက်ဘလောက်တွင် တခမ်းတနား ဖွင့်
လှစ်ထား၏။ စိတ်ကောင်းစေတနာ ရှိခြင်း၊
ရက်ရက်ရောရော ပေးကမ်း၊ စွန့်ကြဲခြင်း၌
ဦးမောင်မောင်ဇင်ရော ဒေါ်မြတ်နွဲ့ပါ တစ်
စိတ်တစ်ဝမ်းတည်း စိတ်သဘောထားတူညီ
ကြ၏။ ထို့ပြင် ဦးမောင်မောင်ဇင်နှင့် ဒေါ်မြတ်
နွဲ့တို့ နှစ်ယောက်စလုံးပင် ဂုဏ်သိန်အရှိန်
အဝါကြောင့် “ဦး” “ဒေါ်” တပ်၍ ခေါ်ကြ
သော်လည်း အသက်မကြီးလှသေး၊
သုံးဆယ်ဝန်းကျင် လူရွယ်များသာ ဖြစ်၏။ ဦး
မောင်မောင်ဇင်က စကားနည်းသည်။ အေးအေး
ဆေးဆေး နေတတ်သူဖြစ်၏။ နံနက်လင်းသည်
နှင့် လမ်းသုံးဆယ် စာရေးကိရိယာလုပ်ငန်းကြီး
သို့ သွားရောက်ကာ လုပ်ငန်းများစွာ၊ အလုပ်သ
မားများစွာကို ကြီးကြပ်ကွပ်ကဲနေရ၏။
ထို့ကြောင့် ရပ်ကွက်နှင့် အဆက်ပြတ်သကဲ့သို့
ဖြစ်နေရသည်။ဒေါ်မြတ်နွဲ့မှာ မူကား ဦးမောင်
မောင်ဇင် လိုမဟုတ်၊ နှုတ်သွက်၏။ အပြောအ
ဆို ညက်ညောချိုသာ၏၊ လူမှုရေး ကိစ္စအဝဝ
မှာလည်း အမြဲလိုလို ရှေ့ဆုံးက ပါသူဖြစ်သည်။
ထို့အကြောင်းအရာများကြောင့် ဦးမောင်မောင်ဇင်
နှင့် စာလျှင် ဒေါ်မြတ်နွဲ့ကို ရပ်ကွက်က ပို၍ သိ
ကြ မြင်ကြသည်။ လေးစားချစ်ခင်ကြသည်။ ဤ
ကား၊ အသက်အားဖြင့် ငယ်ရွယ်သေးသော်လည်း
စီးပွားဥစ္စာနှင့် ဂုဏ်ဒြပ်နှင့် ဘဝတစ်စိတ်တစ်ပိုင်း
ပင် ဝင့်ထည်လှသော ဒေါ်မြတ်နွဲ့၏ ဘဝတစ်
စိတ်တစ်ပိုင်းပင် ဖြစ်သည်။ သို့သော်…တစ်နေ့
သော အခါတွင်ကား…
သိုက်မြိုက်ပျော်ရွှင်ဖွယ်ရာ ဘဝလေးကို ပိုင်ဆိုင်
ထားသူ ဒေါ်မြတ်နွဲ့တစ်ယောက် မည်သူမျှ မထင်
မှတ်သည့် ထူးထူးဆန်းဆန်း အပြုအမူတစ်ခုကို
စတင်ပြုမူလာခဲ့၏။ ထိုအပြုအမူမှာ…
ညနေ နေဝင်ရိုးရီအချိန်ရောက်သည်နှင့် သနပ်ခါး
ခြေဆုံးခေါင်းဆုံးလိမ်း၊ လှပသစ်လွင်သော အဝတ်
အစားများ ဝတ်ဆင်ကာ သုသာန်သင်္ချိုင်းသို့ သွား
ရောက် ငိုကြွေးနေခြင်း ဖြစ်သည်။
ထိုသုသာန်၌ သူမ ရှိုက်ကြီးတငင် ငိုကြွေးရလောက်
အောင် သံယောဇဉ်တွယ်ရစ်ခဲ့သည့် မိဘဆွေရင်း
မိတ်ဆွေသင်္ဂဟ မည်သူတစ်ဦးတစ်ယောက်မျှ
မြှုပ်နှံသင်္ဂြု ိဟ်ထားခြင်း မရှိပါ။
ထို့ကြောင့် ငိုကြွေးရခြင်း၏ အကြောင်းရင်းကို မိသားစုများပင်စဉ်းစား၍ မရ။ အဓိပ္ပါယ်မဲ့သွား
ရောက်ငိုနေခြင်း ဟုသာ သတ်မှတ်ကြရသည်။
ဂုဏ်ဒြပ်နှင့် မညီသော၊ လူအများရယ်ဖွယ်၊
ကဲ့ရဲ့ဖွယ် ဖြစ်သော သူမ၏ အပြုအမူကြောင့်
မိသားစုအရှက်ရကြသည်။ ဒေါ်မြတ်နွဲ့တစ်
ယောက် စိတ်ဖောက်ပြန်သွားပြီး အရူးတစ်
ယောက်လို ထင်ရာစိုင်း ပြုမူနေခြင်းဟု အ
ချို့က ယူဆကြသည်။
ထိုယူဆချက်မှာလည်း မဖြစ်နိုင်၊ အဘယ့်ကြောင့်
ဆိုသော် ဒေါ်မြတ်နွဲ့မှာညနေ ခြောက်နာရီ ရောက်
မှသာ စိတ်ဖောက်နေခြင်း ဖြစ်ပြီး ကျန်သည့်အချိန်
တစ်နေ့ခင်းလုံးမှာမူ ပုံမှန်စိတ်အတိုင်းပင် ရှိနေခြင်း
ကြောင့် ဖြစ်သည်။ တကယ်တော့ သည်လိုရှယ်ဖွယ်
ကောင်းသော၊ ဂုဏ်သိမ်ငယ်စေသော အပြုအမူ
မျိုးကို သူမကိုယ်တိုင်လည်း မပြုမူလိုပါ။
စိတ်ဖောက်ပြန်ချိန်မှာ သူမ ဘာလုပ်၍ ဘာကိုင်
မိသည်ကို မသိသော်လည်း မိသားစုဝင်တွေ ပြန်
ပြော၍ သိရသည့်အခါ သူမ အရှက်သည်းရသည်၊
ထိတ်လန့်ကြောက်ရွံ့မိရသည်။ ကိုယ့်စိတ်ကိုယ်
လည်း မယုံနိုင်အောင် ဖြစ်ရ၏။ ထိုကြောင့် ညနေ
ဘက်ရောက်သည်နှင့် စိတ်ကို ထိန်းချုပ်နိုင်ရန်
နည်းအမျိုးမျိုးဖြင့် ကြိုးစာကြည့်သည်၊ မရခဲ့။
နေဝင်ရိုးရီအချိန်ရောက်သည်နှင့် သူစိတ်တွေ
သတိလက်လွတ်ဖြစ်သွား၏။ သင်္ချိုင်းသို့ အရူး
တစ်ယောက်လို ပြေးသွားကာ ငိုကြွေးတော့၏။
ဘယ်လိုမှ မသွားနိုင်အောင် သူ့ကို အတင်းအကျပ်
ထိန်းချုပ်၍ အခန်းထဲထည့်၊ တံခါးသော့ခတ်ထား
ရန် ဒေါ်မြတ်နွဲ့က ပြောထား၏။ သူခိုင်းသည့် အတိုင်း
ပြုလုပ်သောအခါတွင်လည်း ထိုသို့ ပြုမှုခြင်းကို
သူ သည်းမခံနိုင်၊ အခန်းထဲမှ နေ၍ ကြောက်စရာ
အသံကြီးဖြင့် ငယ်သံပါအောင် အော်ဟစ်နေတတ်
၏။ နောက်ဆုံး သူ့ကိုယ်သူ တစ်ခုခုလုပ်မည်စိုး၍
သော့ဖွင့် ပေးလိုက်ရသည်။
တံခါးပွင့်သည်နှင့် သူအလျင်အမြန် ထွက်သည်။
ထို့နောက် သုသာန်သို့ ပြေးသွားကာ သည်းထန်စွာ
ငိုကြွေးတော့သည်။ ဤသို့ဖြင့် ရက်အတန်ကြာမြင့်
လာခဲ့၏။ ဒေါ်မြတ်နွဲ့မှာ မည်သို့မျှ ဖျောင်းဖျမရ၊
ထိန်းချုပ်၍လည်း မရသဖြင့် ဘေးအန္တရာယ်တစ်
စုံတစ်ရာ မကျရောက်အောင်သာ စောင့်ကြည့်ပြီး
သည်အတိုင်း လွှတ်ထားလိုက်ရလေတော့သည်။
XXXXX
“ဦးဟန်မြင့်၊ အလည်လာတာလား”
လမ်းထိပ်ဝင်လိုက်သည်နှင့် နှုတ်ဆက်
သံကြား၍ ဦးဟန်မြင့် လှည့်ကြည့်လိုက်သည်။
ဟာဂျီးနာနီ လက်ဖက်ရည်ဆိုင် ပိုင်ရှင်အဘွား
ကို တွေ့လိုက်ရ၏။
“ဟုတ်ကဲ့ အလည်လာတာပါ”
“ဦးဟန်မြင့်လည်း ဒီကိုမရောက်တာ တော်တော်
ကြာနေပြီနော်”
သွားရင်းမတတ် ခဏတစ်ဖြုတ် နှုတ်ဆက်ခြင်းဟု
ထင်သော်လည်း နာနီက စကားဆက်ပြော၍ ဦးဟန်
မြင့် ရိုသေသမှုဖြင့် ရပ်ကာ နှုတ်ဆက်ရ၏။ သူနေ
တာက ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက သုံးဆယ်
မြို့လေး၏ အနောက်ဘက် (၇)မိုင် အကွာတွင်
ရှိသော မဒါဝိရွာမှာဖြစ်သည်။
ဒေါ်မြတ်နွဲ့မှာ ဦးဟန်မြင့် ဇနီး ဒေါ်သောင်းကြည်၏
ညီမအရင်းဖြစ်၍ ခယ်မတော်စပ်၏။ ဦးဟန်မြင့်တို့မှာ
သားလေးတစ်ယောက်ရှိသည်။ အမည်မှာ မောင်
ကျော်ဝင်း ဖြစ်၏။ ဦးဟန်မြင့်တို့လင်မယားက
သားလေးမောင်ကျော်ဝင်းကို တောမှ မထားချင်။
မျက်စိပွင့်၊ နားပွင့်စေရန် ရန်ကုန်မှာ ထားချင်သည်။
ထိုရည်ရွယ်ချက်ဖြင့် ခယ်မဖြစ်သူ ဒေါ်မြတ်နွဲ့ထံ
အပ်နှံထား၏။ ဒေါ်မြတ်နွဲ့က မောင်ကျော်ဝင်းကို
ကျောင်းထားပေးထား၏။ ထိုကြောင့်လည်း ဦး
ဟန်မြင့် တစ်ယောက် သားဆီလာရင်း၊ ရောင်း
ချရန် ပစ္စည်းလေးတွေဝယ်ရင်း ရန်ကုန်ကို မကြာ
ခဏ ဆိုသလိုရောက်လေ့ရှိသည်။
ဒေါ်မြတ်နွဲ့တို့ လမ်းထဲက လူတော်တော်များများနှင့်
ပင် ရင်းနှီးခင်မင်လျက်ရှိနေပြီဖြစ်၏။ ဒီတစ်ခေါက်
တော့ မရောက်တာ အတော်ကြာသွားသည်။ ကိုင်း
သီးနှံရိတ်သိမ်းချိန်ဖြစ်၍အလုပ်များနေ၏။ ထို့ကြောင့်
ကြန့်ကြာသွားခြင်းဖြစ်သည်။
ယခု အလုပ်များပြီးပြတ်သွားသဖြင့် သားနှင့်တွေ့
ရန် ရန်ကုန်ဆင်းလာခဲ့ခြင်းဖြစ်၏။ လမ်းထိပ်မှာ ဟာဂျီးနာနီနှင့်တွေ့၍ စကားကောင်းနေရသည်။
“တောမှာ အလုပ်ကလေးတွေ မပြတ်လို့ ဒီတစ်
ခေါက်ကြာသွားရတယ်”
“ဒါဆိုရင် ဦးဟန်မြင့်၊ မမြတ်နွဲ့ အကြောင်း ဘာမှ
မကြားရသေးဘူးပေါ့ …”
“ခင်ဗျာ …မမြတ်နွဲ့ ဘာဖြစ်လို့လဲ၊ ကျနော် ဘာမှ
မကြားသေးဘူး…”
ဦးဟန်မြင့် အလန့်တကြားပင် မေးလိုက်၏။
“ဒီလို ဦးဟန်မြင့်ရေ မမြတ်နွဲ့တစ်ယောက် အခု
တစ်လော ထူးထူးဆန်းဆန်းတွေ ဖြစ်နေတယ်”
“ဘယ်လို ထူးထူးဆန်းဆန်းတွေလဲ…”
“ဒီလိုပါ၊ ညနေ နေဝင်ရီတရော အချိန်ရောက်တာနဲ့
မမြတ်နွဲ့ဟာ သနပ်ခါးတွေလိမ်း၊ ဝတ်ကောင်းစား
လှတွေ ဝတ်ဆင်ပြီး၊ သင်္ချိုင်းကုန်းမှာ သွားသွားငို
နေတယ်တဲ့ …”
“ဗျာ …အဲဒါ ဘယ်လိုဖြစ်တာလဲ”
“တို့လည်း မပြောတတ်ပါဘူးကွယ်၊ ကဲ …ကဲ
ခြောက်နာရီထိုးတော့မယ် ဒီအချိန်ဆို မမြတ်နွဲ့
အပြင် ထွက်နေကျအချိန်ပဲ၊ သူ့ကို မီအောင်
မြန်မြန်သွားပေတော့ …”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ”
ဦးဟန်မြင့်တစ်ယောက် ဒေါ်မြတ်နွဲ့အိမ်သို့ ခပ်သုတ်
သုတ်ပင် လှမ်းလာခဲ့သည်။ သွားရင်း လာရင်း ဘယ်
လို အကြောင်းကြောင့် ဒေါ်မြတ်နွဲ့ ဤသို့ဖြစ်သွား
ရသည်ကို စဉ်းစားနေမိ၏။
ရွာမှာက အိမ်တိုင်းလိုလိုပင် သည်လိုအဖြစ်မျိုးတွေ တစ်မျိုးမဟုတ်တစ်မျိုးတော့ ကြုံကြရသည်။
မာတြာနတ်အမျိုးမျိုး ဖမ်းးခံရသည့်ကလေးများ
စုန်း၊ ကဝေတို့၏ ပညာစက်ဖြင့် ပြုစားခံရသော
ပယောဂလူနာများ…
ကျတ်၊ မှင်စာ၊ တစ္ဆေ၊ မြေဖုတ်စသည့်နာနာဘာဝ
တို့ ပူးကပ်မှီတွယ်ဒုက္ခပေးခံရသည့် လူနာများ
စသည်ဖြင့် ပယောဂလူနာအမျိုးစုံလှ၏။ သူ့ထံ
ရောက်လာသော လူနာများအား ချမ်းသာရာရ
အောင် သူ့ပညာဖြင့် ကယ်တင်ပေးနိုင်ခဲ့သည်။
ယခုမူ မမျှော်လင့်ဘဲ ရန်ကုန်မှာ ပယောဂနှင့်
ဆုံရချေတော့သည်။
“ဘယ်လို ပယောဂဆိုတာတော့ လူနာတွေ့မှ
အကဲခတ်လို့ရမှာပဲ” ဟု တွေးရင်း ဒေါ်မြတ်နွဲ့၏
အိမ်သို့ သွက်သွက်လျှောက်လာခဲ့ပါတော့သည်။
XXXX
ဦးဟန်မြင့်၊ ဒေါ်မြတ်နွဲ့ အိမ်ရှေ့ရပ်မိသည်နှင့်
အိမ်ထဲမှ အမျိုးသမီးတစ်ယောက် ကမန်းကတန်း
ထွက်လာသည်နှင့် ပက်ပင်းဆုံလိုက်ရသည်။ ထိုအ
မျိုးသမီးကား ဒေါ်မြတ်နွဲ့ပင်ဖြစ်သည်။
ဒေါ်မြတ်နွဲ့မှာ ဥစ္စာဓနပြည့်ဝသူစည်းစိမ်ချမ်း
သာရှိသူပီပီ ခြေမွေးမီးမလောင်၊ လက်မွေး
မီးမလောင် နေရသူ ဖြစ်သဖြင့် အထက်တန်း
ကျကျ တင့်တယ်သည့် ရုပ်ရည်ရူပကာ ရှိ၏။
ထိုသို့သော အမျိုးသမီးကိုမှ မတင့်မတယ်သော
အနိဋ္ဌာရုံတို့ရှိရာ သုသာန်သင်္ချိုင်းသို့ တစ်စုံ
တစ်ခုသော ပယောဂက တွန်းပို့လျက်ရှိသည်။
ယခုလည်း သုသာန်သို့ သွားရန် ဖီးလိမ်းပြင်ဆင်
ထား၏။ သစ်လွင်လိုက်ဖက်သော အဝတ်အစား
တို့ကို ဝတ်ဆင်ထားလျက်ရှိ၏။ အိမ်ပေါက်ဝတွင်
ဦးဟန်မြင့်ကို သူတွေ့၏။ မျက်နှာချင်းဆိုင်၊ နီး
ကပ်စွာ ပက်ပင်းတိုးမိသော ခဲအိုကိုပင် တစ်ကြိမ်
တစ်ခါမျှ မမြင်မတွေ့ဘူးသော သူစိမ်းတစ်ယောက်
လို သူမက ကွင်းရှောင်၍ သွားသည်။
“ဟိတ်”
အောင်မြင်ခံ့ညားသော၊ သြဇာလွှမ်းမိုးမှုဖြင့် ပြည့်
စုံသော အသံက ဦးဟန်မြင့်နှုတ်မှ ရုတ်တရက်
ထွက်ပေါ်လာ၏။ ဒေါ်မြတ်နွဲ့၏ လှမ်းနေသော
ခြေအစုံက ရောက်သည့်နေရာမှာပင် တုံ့ခနဲ
ရပ်သွားသည်။ ဦးဟန်မြင့်၏ အဟန့်ပါသော
အသံကြောင့် သူမထံ ကပ်မှီနေသော ပယောဂ
ကောင် ထွက်သွားဟန်တူ၏။
ဒေါ်မြတ်နွဲ့ ဦးဟန်မြင့်ဘက်လှည့်လာ၏။ သူမ၏
မျက်နှာက ပြိုတော့မည့်မိုးလိုညိုတလဲ့လဲ့ ငိုမဲ့မဲ့နှင့်။
“အစ်ကိုတို့များ နေနိုင်လိုက်တာနော်၊ ခုမှပဲ
လာတယ် ဟင့် ဟင့် အီး ဟီး ဟီး…”
ဝမ်းနည်းစွာ ပြောသော သူမအသံက ဖိုတလှိုက်
လှိုက် ထိုမှ တရှိုက်ရှိုက်ငိုပါတော့သည်။
“ကဲ…ကဲ…မငိုနဲ့၊ အစ်ကိုမေးတာပြောစမ်း၊
အခု ဘယ်သွားမလို့လဲ…”
“အပြင် ခဏသွားမလို့ ပါ”
သူမက ရှက်ရွံ့ဟန်ဖြင့် ဖြေ၏။ အသံနှင့် ဟန်ပန်
က ပုံမှန်အတိုင်း ဖြစ်သည်ကို ဦးဟန်မြင့် ရိပ်စား
မိလိုက်သည်။ သူ အိမ်ပေါက်ဝသို့ ရောက်စဉ်က
ဒေါ်မြတ်နွဲ့မှာ ပယောဂပူးကပ်ခြင်း ခံနေရလျက်
ရှိ၏။ ထို့ကြောင့်သာ ဦးဟန်မြင့်ကို မမြင်ဘဲ ပ
ယောဂ၏ စေခိုင်းရာသို့ နာခံလုပ်ဆောင်နေရခြင်း
ဖြစ်သည်။ ယခုမူ ဦးဟန်မြင့် မေးသမျှကောင်း
မွန်စာ ဖြေကြားပြောဆိုနေသည်။ သူမ၏ ကိုယ်မှ
ပယောဂကောင် ထွက်ခွာသွားကြောင်း သိသာ
လှသည်။
“ဒီကောင် နှယ်နှယ်ရရကောင်တော့ မဟုတ်ဘူး၊
ပညာရှင်ပဲ ပူးလွယ် ခွါလွယ်လုပ်နိုင်တယ်၊ ဒီတော့
မကြာခင် ပြန်ကပ်လာမှာ သေချာတယ် ပယောဂ
ကောင် ထပ်ပြီးကပ်မှီမလာခင် လူနာကို ချုပ်ထား
ရမယ်။ သားရေ သောက်ရေတစ်ခွက် မြန်မြန်
ခပ် ပေးစမ်းဟေ့ …”
ဦးဟန်မြင့်၊ မောင်ကျော်ဝင်းအား ရေခပ်ခိုင်းလိုက်၏။
မောင်ကျော်ဝင်းက ရေခပ်ရန် အိမ်ပေါ်သို့ ပြေးတက်
သွားသည်။
“ဟော …အစ်ကို ရောက်နေတာကိုး…”
နှုတ်ဆက်သံနှင့် အတူ အိမ်ထဲဝင်လာသူက ဒေါ်
မြတ်နွဲ့၏ ခင်ပွန်း ဦးမောင်မောင်ဇင်၊ ဦးဟန်မြင့်
ဟာခနဲ ဖြစ်သွားသည်။ လူနာကို သူမချုပ်ရသေး၊
ရေမန်းဖြင့် ချုပ်ရန် အတွက် ရေက သွား၍ ခပ်နေ
ဆဲ၊ သည်အချိန်မျိုးမှာ ပြင်ပက တစ်စုံတစ်ယောက်
အဝန်းအဝိုင်းထဲ ဝင်မလာရ။
ဝင်လာသူနှင့် ပယောဂကောင် ကပ်ပါလာနိုင်၏။
ပယောဂကောင်သည် အဝိုင်းအဝိုင်းထဲ ရောက်
သည်နှင့် လူနာကို ကပ်မှီ၍ ထင်သလို ဖမ်းစား
မှု ပြုလုပ်နိုင်၏။ ထို့ကြောင့် ဦးဟန်မြင့် ဟာခနဲ
ဖြစ်သွားခြင်းဖြစ်၏။
သူထင်သည့် အတိုင်းပင် ဖြစ်သည်။ ဦးမောင်
မောင်ဇင် ဝင်လာပြီး တစ်ခဏပဲ ကြာလိုက်၏။
ဒေါ်မြတ်နွဲ့တစ်ယောက် ဗိုင်းခနဲ နောက်လန်
ကာ လဲကျသတိလစ်သွားသည်။ ဝိုင်းဝန်းပြု
စု၍ သတိလည်လာချိန်မှာတော့ ပင်ကိုယ်
စိတ်တို့ ပျောက်သွားပေပြီ။
တောင်စဉ်ရေမရ တွေပြောသည်။ ကြမ်းကြမ်း
တမ်းတမ်း စကားတွေဆို၏။ သည်အပြော၊
သည်အဆိုတွေက ဒေါ်မြတ်နွဲ့သာ ပုံမှန်စိတ်
ရှိနေချိန်စိတ်ရှိဆိုလျှင် ပြောဖို့ဆိုဖို့ ဝေလာဝေး၊
စိတ်ကူးထဲမှာပင် မထည့်ရဲသော အပြော
အဆိုတွေ ဖြစ်သည်။
“သည်လို ဆဲရေးတိုင်းထွာ၊ သည်လို ကြမ်းတမ်း
တဲ့ စကားတွေ ပြောစမ်း၊ ခိုင်းတဲ့ အတိုင်း မလုပ်
ရင် အခု သတ်ပစ်မယ်”
ဟု တစ်စုံတစ်ယောက်က ဒေါ်မြတ်နွဲ့အား ခြိမ်း
ခြောက်လာပါလျှင် …
သူစိတ်သာပုံမှန်ဖြစ်နေပါက ဒေါ်မြတ်နွဲ့အသက်
အသေခံသွားမည်သာ ဖြစ်၏။ ဘယ်တော့မှ
ပြောမည် မဟုတ်၊ ဤမျှ နူးညံ့ယဉ်ကျေးသိမ်မွေ့
သော ဟီရိသြတ္တပ္ပတရားကို ရင်ထဲ အသည်းထဲ
မှာ ထာဝရ မြှုပ်နှံထားသူက ယခုမူ ထူးထူးဆန်း
ဆန်း၊ မကြားဝံ့မနာသာတွေ၊ ကြမ်းတမ်းသော
စကားတွေ ပြောဆို၍ နေပေပြီ။
ဦးဟန်မြင့် အခြေအနေကို သဘောပေါက်
လိုက်သည်။ကနဦးအရေးအကြီးဆုံးလုပ်ရ
မှာက ပူးလွယ် ခွာလွယ်လုပ်တတ်သော
ပယောဂကောင်ကို အဝန်းအဝိုင်းထဲက
မထွက်နိုင်အောင် ချုပ်လိုက်ဖို့ ဖြစ်၏။
ထို့ကြောင့် ဦးမောင်မောင်ဇင်ထံမှ အပ်ချည်
လုံး တစ်လုံးအလျင်အမြန်တောင်းသည်။
ဂါထာတစ်ပုဒ်ဖြင့် မန်းမှုတ်သည်။
ပြီးသည်နှင့် ဧည့်ခန်း၏ အတွင်းနံရံပတ်လည်ကို
သုံးထပ်တိတိ ပတ်၍ ပိတ်ဆို့လိုက်သည်။ ဦးဟန်
မြင့် အစီအစဉ်ပြုလုပ်နေစဉ်မှာပင် ဒေါ်မြတ်နွဲ့၏
အမူအရာက ထူးခြားလာသည်။
ကြမ်းကြမ်းတမ်းတမ်းဆဲဆို အော်ဟစ်နေခြင်း
များ ရုတ်ချည်း ရပ်တန့်သွား၏။ တင်းမာသော
မျက်နှာ၊ ပြူးကျယ်သော မျက်လုံးကြီးများဖြင့်
ဦးဟန်မြင့် လုပ်သမျှ မျက်ခြည်မပြတ် လိုက်
ကြည့်နေသည်။ ဦးဟန်မြင့် ချည်မန်းကြိုးတစ်
ပတ် ပတ်ပြီးတိုင်း သူ့ မျက်နှာက ပျက်ပျက်
သွားသည်။ နောက်ဆုံး သုံးပတ်တိတိ ရစ်ပတ်
ပြီးချိန်တွင်ကား ဒေါ်မြတ်နွဲ့၏ မျက်နှာက ထိတ်
လန့်ကြောက်ရွံ့သည့်အသွင်သို့ အပြောင်းအလဲ
ကြီး ပြောင်းလဲသွား၏။
ခြင်္သေဘုရင်နှင့် ရင်ဆိုင်တိုးမိသော မြေခွေး
တစ်ကောင်လို …ကြောင်၏ရှေ့မှာ ချောင်ပိတ်
မိနေသည့် ကြွက်တစ်ကောင်လိုဖြစ်နေသည်။
ဒေါ်မြတ်နွဲ့၏ မျက်နှာပေါ်က အမူအရာများမှာ
ပူးဝင်မှီကပ်နေသော ပယောဂကောင်၏
အမူအရာဖြစ်မှန်း ဦးဟန်မြင့် သိ၏။ လူပုဂ္ဂိုလ်
တစ်ဦးတစ်ယောက်အား ပူးကပ်ပြုစားနိုင်သော
မည့်သည့် စုန်း၊ ကဝေ၊ ပညာသည်မဆို၊ ပညာ
အဆင့်အတန်း ရှိကြသည်။ မည်သည့် ဖုတ်၊
တစ္ဆေ၊ နာနာဘာဝမဆို ကမ္မဇိဒ္ဓိတန်ခိုးပါဝါရှိ
ကြသည်ချည်း ဖြစ်သည်။
သူ့ကံ အကျိုးပေးအလိုက်၊ လေ့လာကြိုးစားမှု
အလိုက်၊ တန်ခိုးပါဝါ၊ ပညာအဆင့် အနိမ့်အမြင့်
ရှိကြ၏။ ပယောဂကောင်တို့သည် သူတို့၏
အစွမ်းဖြင့် သူတို့ ထိပ်တိုက်ရင်ဆိုင်နေရသူ၏
တန်ခိုး၊ ပညာအဆင့်အတန်းနှင့် အကျင့် စရဏ
တို့ကိုလည်း သိစွမ်းနိုင်ကြ၏။
သူတို့အောက်၊ ပညာအစွမ်းနိမ့်ပါးသော တတ်
ယောင်ကားဆရာ၊ ယောင်ဝါးဝါး ဆရာတို့ကို
တွေ့လျှင် ထွက်ပြေးအောင်၊ အရှက်တကွဲ
အကျိုးနည်းအောင် အစွမ်း ရှိတတ်၏။
ရံဖန်ရံခါ ပညာအရည်အသွေးချင်း မတိမ်းမယိမ်း
တူညီသော ဆရာပုဂ္ဂိုလ်များအား ထိပ်တိုက်တွေ့
လျှင် သူသေကိုယ်သေ အပြိုင်ကြဲ၍ ပညာစွမ်း
ပြိုင်ကြသည်လည်း ရှိ၏။ ထို့အတူပင် သူတို့
ဘယ်လိုမှ ယှဉ်၍ မရသော တန်ခိုးအရာ၊ ပညာ
စွမ်းအရာ၊ အကျင့် စရဏအရာသာလွန်မြင့်မား
သူ ဆရာပုဂ္ဂိုလ်တို့နှင့် ရင်ဆိုင်ရသော အခါတွင်
ကား တုဖက်ပြိုင်ရန်မဝံ့၊ လူ၏ အအော်အငေါက်
ကို အမြဲစိုးရိမ်လန့်ထိတ်နေရသည့် ခွေးတစ်
ကောင်လို နိမ့်ပါး ကြောက်လန့်စိတ်တွေ ပေါ်
ပေါက်ကာ မပြိုင်မီက အရှုံးပေးလေ့ရှိကြ၏။
ပြေး၍ လွတ်နိုင်လျှင် ထွက်ပြေး၏။ မပြေးနိုင်
အောင် အချုပ်၊ အထိန်းခံနေပြီဆိုလျှင်လည်း
ဆရာပုဂ္ဂိုလ်၏ အမိန့်အာဏာကို လက်ခံခြင်း၊
တောင်းပန်ခြင်း တို့ဖြင့် ကိစ္စပြီးအောင် ပြုလေ့
ရှိသည်။ ယခု ဒေါ်မြတ်နွဲ့အား ပူးကပ်နေသည့်
ပယောဂကောင်ကား ဦးဟန်မြင့်ကို ကြည့်၍
ထိတ်လန့်ကြောက်ရွံ့နေပေပြီ။
ဦးဟန်မြင့်ကား မိမိရပ်ရွာ၌ စုန်း၊ ကဝေ၊တစ္ဆေ၊
မြေဖုတ်၊ ပယောဂကောင်အမျိုးမျိုးနှင့် အပွဲပွဲ
နွှဲလာခဲ့သူ ဖြစ်သဖြင့် ပစ္စက္ခအခြေအနေကို
ရိပ်စားမိလိုက်၏။ တစ်ဆက်တည်းမှာပင် ဒေါ်
မြတ်နွဲ့ကို ပူးဝင်နေသည့် ပယောဂကောင်အား
သူရှေ့တွင် ဒူးထောက်ခိုင်းလိုက်သည်။
XXXXXX
ပယောဂကောင်ကား ဒူးတုပ်လျက်။ မျက်နှာ
အောက်ချလျက် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး
ဖြစ်နေပေပြီ။
“နင် …တော်တော် ရက်စက်တဲ့ ကဝေမပဲ…”
ဦးဟန်မြင့်က တည်ငြိမ်သော အသံဖြင့် ပြော
လိုက်သည်။ ကဝေမကား ခေါင်းငုံ့ထားဆဲ…
“နင်ကို ကဝေမလို့ ငါပြောတာမှန်သလား၊
မှန်မှန်ဝန်ခံ၊ မှားရင် ငြင်းလိုက်စမ်း…”
“မှန်ပါတယ် …ဆရာကြီး၊ ကျမ ကဝေမတစ်
ယောက်ပါ”
ကဝေမက တိုးလျသော အသံဖြင့် ဝန်ခံ၏။
မျက်နှာ အောက်ချထားဆဲ၊ ခေါင်းငုံထားဆဲ၊
“နင်နဲ့ ဒေါ်မြတ်နွဲ့နဲ့ ဘာရန်ငြိုးရန်စရှိလဲ၊
ငါ့ကို ကြည့်ပြီး၊ ပွင့်ပွင့်လင်းလင်း ပြောစမ်း”
ကဝေမ ဒူးတုပ်ထိုင်လျက်က မျက်နှာမော့
လာ၏။ သူ့မျက်နှာက ဆရာရှေ့မှောက်ရောက်
နေသော ကျောင်းသားငယ် ကဲ့သို့ မဝံ့မရဲ
ဖြစ်နေဆဲပင်။
“ဘာ ရန်ငြိုးရန်စမှ မရှိပါဘူး…”
“နင့်ကို မျက်ရည်ပေါက်ကြီးငယ်ကျအောင်၊
ဒုက္ခရောက်အောင်ရော၊သူလုပ်ခဲ့လား”
“မလုပ်ခဲ့ပါဘူး”
“နင့်ကျန်းမာရေး ထိခိုက်အောင်၊ နင့်စီးပွားရေး
ပျက်ပြားအောင်ရော လုပ်ခဲ့သေးလား…”
“ဒါမျိုးတွေလည်း တစ်ခုမှ မလုပ်ခဲ့ပါဘူး”
“ကဲ၊ နင် စဉ်းစားကြည့်စမ်း၊ ဒေါ်မြတ်နွဲ့က
နင်နဲ့ ရန်ငြိုးရန်စ မရှိဘူး။ ဒုက္ခရောက်အောင်
လည်း မလုပ်ခဲ့ဘူး။ နင့် စီးပွားပျက်အောင်၊
နင်ကျန်းမာရေး ထိခိုက်အောင်လည်း မလုပ်
ခဲ့ဘူး။ ဒီလို လူတစ်ယောက်ကို နင့်ပညာ
သုံးပြီး ရက်ရက်စက်စက်၊ လုပ်တာ အကြောင်း
မဲ့တော့ မဟုတ်နိုင်ဘူး၊ အဲဒီအကြောင်းကို
အမှန်အတိုင်း ပြောပြစမ်း…”
“သူများခိုင်းလို့ လုပ်ပေးရတာပါ”
“သူများခိုင်းတိုင်းလုပ်ပေးရတယ်ဆိုတော့
ပြောစမ်း၊ နင်မှာ ဘာအကျိုးကျေးဇူးရှိလို့လဲ”
“ဟုတ်ကဲ့ ရှိပါတယ် ငွေ(………)ခွဲပေးပါတယ်”
“သြော်၊ နင်က ကြေးစားကဝေမပဲ”
“အေးပေါ့လေ၊ ကာလပေါက်စျေး ရွှေနှစ်ကျပ်
သားတောင် ဝယ်လို့ရတယ်ဆိုတော့ နင်မငြင်း
နိုင်ဘူးပေါ့ …ပြောစမ်း၊ နင့်ကို ခိုင်းတာ ဘယ်
သူလဲ”
“ဒီဟာကိုတော့ ခွင့်လွှတ်ပေးပါ ဆရာကြီးရယ်၊
ကျမသစ္စာရေ သောက်ထားရပါတယ်၊ သစ္စာ
ပျက်ရင် ကျမအသက်သေရမှာ အမှန်ပါ၊
ဒီတစ်ချက်ကိုတော့ သည်းခံပေးပါ”
“နင့်အသက်နဲ့ ရင်းပြီး သစ္စာဆိုထားတယ်ဆို
ရင်တော့ ငါ့ကို မပြောနဲ့တော့ …၊ သိလည်း
ငါတို့က ဘာမှပြန်လုပ်မှာ မဟုတ်ဘူး၊ သူပြု
တဲ့ကံ သူ့ထံပဲ ပြန်သွားလိမ့်မယ်…၊ ဒါထက်
ဒေါ်မြတ်နွဲ့ကို ဘာကြောင့် လုပ်ခိုင်းတာတဲ့လဲ”
“ဒေါ်မြတ်နွဲ့က သူတို့နဲ့ စီးပွားပြိုင်ဖက်တဲ့၊
ဒေါ်မြတ်နွဲ့က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့
ပစ္စည်းဥစ္စာချမ်းသာတယ်။ ရုပ်ကလည်း
လှတယ်။ လူချစ်လူခင်လည်း များတယ်၊
ဒါကြောင့် ဒေါ်မြတ်နွဲ့သိက္ခာကျအောင်၊
အရှက်ရအောင် လူတောမတိုးရဲအောင်
လုပ်တာလို့ ပြောပါတယ်…”
“ကိုင်း…ကိုင်း…ဒီလောက်သိရရင် တော်
ပါပြီ၊ အရေးကြီးတာက ဒေါ်မြတ်နွဲ့ရဲ့ ကိုယ်
စိတ်နှစ်ပါး စလုံးမှာ စွဲကပ်နေတဲ့ ဝေဒနာတွေ
ပျောက်ကင်းဖို့ပဲ ။ နင့်ပညာတွေကို နင့်ဘာ
သာ ပြန်နှုတ်ပေးမလား၊ ဒါမှမဟုတ် ငါ့ပညာ
နဲ့ နှုတ်ရမလား”
“ကျမ ဘာသာပြန်နှုတ်ပေးပါ့မယ်”
“အေး ဒါဆိုရင် နင့်ပညာကို ပြန်နှုတ်၊ ပယော
ဂစက်အားလုံးစင်မှ နင့်ကို ထွက်ခွင့်ပေးမယ်”
ဦးဟန်မြင့်က ခွင့်ပြုလိုက်သည်နှင့် ကဝေမက
ဒူးတုပ်ရာမှ ခြေဆင်း၍ ထိုင်လိုက်သည်။
ထို့နောက် ဦးခေါင်းမှ ခြေဖျားတိုင် လက်ဖြင့်
သပ်ချ၏။ ခြေဖျားရောက်လျှင်လက်ကို ခါ
ကာ လွှင့်ပစ်၏။ ဤသို့ အဖန်တလဲလဲ အ
ကြိမ်များစွာ ပြုလုပ်၏။ ပြီးစီးမှ…
“ပညာစက်တွေ အကုန်အစင် နှုတ်လိုက်ပါပြီ။
ကိုယ်ရော စိတ်ပါ မိမွေးတိုင်း၊ ဖမွေးတိုင်း ဖြစ်
သွားပြီမို့ ထွက်ခွါခွင့်ပြုပါတော့ ဆရာကြီး”
“ဒီလို လွယ်လွယ်နဲ့ ဘယ်ရလိမ့်မလဲဟေ့…၊
လူကနေပေမယ့်၊ ပညာက မနေဘူးဆိုတဲ့
စကားရှိတယ်၊ နင့်အနေနဲ့လည်း အကြောင်း
ဆုံလာတိုင်း နင့်ပညာကို အသုံးပြုနေနိုင်
တယ်။ ဒီလိုသာ အသုံးပြုနေရင် နင်အဝီစိ
ချိုးကပ်လိမ့်မယ်၊ ဒါကြောင့် နင့်ကို သစ္စာရေ
တိုက်ရလိမ့်မယ်။ သောက်နိုင်ပါ့မလား…”
“ဟုတ်ကဲ့၊ သောက်ပါ့မယ် …”
ဦးဟန်မြင့်က သားဖြစ်သူမောင်ကျော်ဝင်းလာ
ပေးသည့် ရေခွက်ကို ကိုင်ကာ သစ္စာတိုင်ပေး
ပြီး ကဝေမကို နောက်မှ လိုက်၍ ဆိုစေ၏။
“ကျမသည် ဒေါ်မြတ်နွဲ့အားလည်းကောင်း၊
အခြားသော ခုနှစ်ရက်သားသမီးအပေါင်းတို့
အားလည်းကောင်း၊ ကျမ၏ အောက်လမ်းပညာ
ကို အသုံးပြု၍ နှောင့်ယှက်၊ တိုက်ခိုက်၊ ပြုစား
ခြင်း၊ ဟန့်တားခြင်း မပြုလုပ်တော့ပါဟု သစ္စာ
ဆိုပါသည်၊ အကယ်၍ ဒေါ်မြတ်နွဲ့ကိုလည်း
ကောင်း၊ အခြားသော ခုနှစ်ရက်သားသမီးအ
ပေါင်းတို့အား လည်းကောင်း နှောင့်ယှက်၊
တိုက်ခိုက်၊ ပြုစား၊ ဟန့်တားခြင်း ပြုခဲ့သည်
ရှိသော် နောက်တမလွန်ဘဝ၌ မဟာအဝီစိ
ငရဲသို့ ရောက်ရှိပါစေသား၊ ဘုရားအဆူဆူ
ပွင့်သည့်တိုင် မဟာအဝီစိငရဲမှ မကျွတ်မ
လွတ်သောသူ ဖြစ်ရပါစေသား…”
ဦးဟန်မြင့်က သစ္စာဆိုပြီးသည်နှင့် ဒေါ်မြတ်နွဲ့ကို ပူးကပ်နေသည့်ကဝေမအားသစ္စာရေတိုက်လိုက်
သည်။
“ကဲ၊ ဒီလောက်ဆို ရပါပြီ၊ နင့်ကို ဘယ်နှစ်ကြိုး
ဖယ်ပေးရမလဲ…”
ဦးဟန်မြင့်တစ်ယောက်၊ ကဝေမ၏ ပညာကို
စမ်းလိုက်ခြင်း ဖြစ်၏။ ပယောဂကောင် မထွက်
နိုင်အောင် ကာရံထားသည့် ချည်မန်းကြိုးက
သုံးထပ်ဖြစ်သည်။ တန်ခိုးအစွမ်း နည်းပါးလွန်
က သုံးထပ်စလုံး ဖယ်ရှားပေးမှ ထွက်နိုင်သည်။
ပညာအသင့်အတင့် ရှိက ချည်မန်းကြိုး တစ်
ပတ်တည်း အရံအတားပြုလျှင် ထွက်/ဝင်ပြု
လုပ်နိုင်၏။ ပညာပြည့်ဝသူကဝေအဆင့်ဆိုလျှင်
တော့ ချည်မန်းကြိုး သုံးထပ်ကို မဖောက်နိုင်
သော်လည်း နှစ်ထပ်ကိုမူ လွယ်လင့်တကူ
ကျော်လွှားနိုင်၏။ ထို့ကြောင့် ‘ဘယ်နှစ်ကြိုး
ဖယ်ပေးရမလဲ’ဟု မေးစမ်းလိုက်ခြင်း ဖြစ်၏။
“တစ်ကြိုးပဲ ဖယ်ပေးပါ”
ကဝေမက ပြော၏။
“နင့်ပညာလည်း မသေးပါလား၊ ကဲ…ကဲ၊
ထွက်ပေတော့”
ဦးဟန်မြင့်က ပြောပြောဆိုဆို ရစ်ပတ်ထားသော
ချည်မန်းကြိုးကို တစ်ထပ်ဖယ်ရှားပေးလိုက်သည်။
ချည်မန်းကြိုးတစ်ထပ်ဖယ်ရှားလိုက်သည်နှင့် တစ်
ပြိုင်တည်းမှာပင် ခြေဆင်းထိုင်လျက်ရှိသော ဒေါ်
မြတ်နွဲ့ခွေခွေလေး လဲကျသွား၏။
ကဝေမကား ဒေါ်မြတ်နွဲ့၏ ခန္ဓာကိုယ်မှ ခွါထွက်၍
ချည်မန်းကြိုးနှစ်ထပ် အရံအတားအား ဖောက်ထွင်း
ကျော် ဖြတ်သွားပြီဖြစ်ပါသည်။
XXXXX
“အစ်ကို နယ်မှာ ဆေးကုတယ်ဆိုတာတော့ ကျနော်
ကြားတယ်၊ ဒါပေမယ့် အမှန်အတိုင်း ဝန်ခံရရင် ဒီ
လောက်စွမ်းမယ်လို့တော့ မထင်ထားဘူး”
သည်စကားကို ပြောလိုက်သူက ဦးမောင်မောင်ဇင်
ဖြစ်၏။ဒေါ်မြတ်နွဲ့တစ်ယောက် ထိုအချိန်မှစ၍
လူကောင်းပကတိပြန်ဖြစ်သွားသည်။ ဦးဟန်မြင့်
၏ ပညာစွမ်းကြောင့် ကဝေမ၏ ပယောဂ အနှောင့်
အယှက်တို့က နေရောင်ကို တွေ့လိုက်ရသည့်
နှင်းတွေပမာ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်
ကုန်ကြသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် မိသား
စုအပေါ် ကျရောက်နေသော ကြောက်စရာအမိုက်
မှောင်ထုကြီးကို ဦးဟန်မြင့်က ဖယ်ရှားပေးလိုက်
ခြင်းပင် ဖြစ်သည်။
ဦးဟန်မြင့် မှာ ဒေါ်မြတ်နွဲ့တို့အိမ်မှာပင် တည်းခို
နေခြင်းဖြစ်၏။ တစ်ညနေ စကားဝိုင်းဖွဲ့ပြောနေ
ကြစဉ် ဦးမောင်မောင်ဇင်က မယားညီအစ်ကို
တော် ဦးဟန်မြင့်အား ချီးမွမ်းခန်း ဖွင့်လိုက်ခြင်း
ဖြစ်၏။ ဦးဟန်မြင့်က ဘာမှပြန်မပြော၊ ရေနွေး
ကြမ်း သောက်ရင်း ပြုံး၍ သာနေသည်။
ဦးမောင်မောင်ဇင်က စကားဆက်ပြန်၏။
“ဒါထက် မမြတ်နွဲ့ကို ဝင်ပူးနေတဲ့ ပယောဂ
ကောင်ကို အစ်ကိုက ကဝေမလို့ ပြောလိုက်
တယ်၊ ဒီလို ဘာကြောင့် တပ်အပ်ပြောနိုင်
တာလဲ၊ ပြောပြပါဦး…”
“အစ်ကိုက နယ်မှာ ဒီလို ပယောဂအမျိုးမျိုး
တွေ့ခဲ့တယ်၊ စုန်း၊ ကဝေ၊ တစ္ဆေ၊ မြေဖုတ်
စသည့်ဖြင့် အမျိုးအစား ကွဲပြားသလို ပယော
ဂဖမ်းစားတဲ့ လက္ခဏတွေကလည်း မတူဘူး
လေ။ ဒါကြောင့် လူနာကို ကြည့်ပြီး ဒီလိုအနေ
အထားဆိုရင် ဘယ်လိုပညာသည်က ပြုစား
တယ်ဆိုတာ သိနိုင်တယ်။ ခု ဒေါ်မြတ်နွဲ့မှာ
တွေ့တဲ့လက္ခဏာတွေက ကဝေဖမ်းစားတဲ့
လက္ခဏာတွေ ဖြစ်တယ်၊ ဒါကြောင့် ‘နင်က
ကဝေမ’လို့ အတိအကျ ပြောလိုက်တာပေါ့”
“ပြီးတော့ ရှိသေးတယ်၊ ကဝေမဟာ အစ်ကို့
ကို သိပ်ကြောက်နေပုံပဲ၊ သူ့ကို ဘာမှတောင်
မလုပ်ရသေးဘူး၊ အခန်းကို ချည်မန်းကြိုးပတ်
နေတုန်း ရှိသေးတယ်၊ သူက မျက်နှာပျက်နေ
ပြီ၊ အရမ်းထိတ်လန့်နေတာတွေ့တယ်၊ ဧက
န္တအစ်ကို့မှာ ပယောဂတွေကို နိုင်တဲ့ တစ်ခု
ကောင်းရှိတယ် မဟုတ်လား…”
“ပယောဂကုတဲ့ဆရာမှန်သမျှ တစ်ခုကောင်း
တော့ ဆောင်ထားကြရတယ်၊အချို့က ဆရာ
ကိုင်ဆေးကြိမ်လုံးကို စီရင်ထားတယ်၊ တချို့က
တိုက်ခံအင်း၊ ပယောဂပြုတ်အင်းတွေ ဆောင်
တယ်၊ ဆေးဝါးအားသန်တဲ့ ဆရာတွေကျတော့
ဆရာဆောင်ရန်လုံဆေး၊ တိုးဘီလူးဆေး၊ က
ဝေဦးနှိမ်ဆေး၊ ကဝေစက်ဖြတ်ဆေး၊ နတ်ကြီး
ငါးပါးဆေး စသည်ဖြင့် သန်ရာသန်ရာ ဆေး
ဖော်ပြီး ဆောင်ထားကြတယ်၊ သူ့နည်းသူ့ဟန်
နဲ့လည်း ကောင်းကြပါတယ်”
“အစ်ကို့တစ်ခု ကောင်းက ဘာလဲ၊ အင်းလား
ဆေးလား”
“အင်းလည်း မဟုတ်ဘူး၊ ဆေးလည်း မဟုတ်ဘူး၊
မှော်လို့ခေါ်တယ်…”
“မှော် ဟုတ်လား အစ်ကို ”
“အေး ဟုတ်တယ်၊ မှော်ဆိုတာလည်း ပယော
ဂကိုနိုင်တဲ့ အစီအရင်တစ်မျိုးပါပဲ … စောစော
ကပြောတဲ့ အတိုင်း၊ အင်းသန်တဲ့လူက အင်း၊
ဆေးသန်တဲ့လူက ဆေးကိုင်သလို မှော်ဘက်
မှာ အားသန်သူလည်း ရှိတယ်ကွ အသုံးအများ
ဆုံး မှော်နှစ်မျိုးရှိတယ်။ဂုဏ်တော်ကိုးပါးမှော်နဲ့
ပုဏ္ဏကမှော်တို့ပေါ့၊ အစ်ကို့မှာ ပုဏ္ဏကမင်းကြီး
မှော် အစီအရင်ရှိတယ်၊ အဲဒါကို ကဝေမက
သူ့ကမ္မဇိဒ္ဓိတန်ခိုးနဲ့ သိတယ်လေ အဲဒါကြောင့်
ကြောက်တာပေါ့”
“စွမ်းလှချည်လား အစ်ကိုရဲ့၊ ပုဏ္ဏကမှော်က
ဘာတွေ ကောင်းလဲ၊ ဗဟုသုတအနေနဲ့
ပြောပြပါဦး”
” ကောင်းတာတွေကတော့ အများကြီးပေါ့ကွာ၊
စုန်း၊ ကဝေ၊ တစ္ဆေ၊ မြေဖုတ်နဲ့ နတ်ဆိုးတွေရဲ့
ပယောဂအမျိုးမျိုး၊ အတိုက်အခိုက် အမျိုးမျိုး၊
ပြုစားမှု အမျိုးမျိုးနဲ့ ပတ်သတ်ရင် ပြောတိုင်း
အောင်၊ ဆိုတိုင်းမြောက်၊စေတိုင်းဖြစ်တယ်၊
ဒါတင် မကသေးဘူး။ အလောင်းအစား၊ က
စားပွဲမှာလည်း ဘယ်လောက်နိုင်ရင် တင်း
တိမ်ပါပြီလို့ လောဘ သတ်တိုင်ပြီးသာ ကစား၊
တိုင်တည်တဲ့ အတိုင်းနိုင်တယ်၊ တစ်ခုရှိတာ
က လောဘသတ်နိုင်မှ ကစား၊ လောဘကြီးပြီး
ဆက်ကစားရင်တော့ ပါသမျှ ကုန်ပြီသာမှတ်”
ဦးမောင်မောင်ဇင်က မျက်မှောင်ကြုတ်ကာ
စဉ်းစာသည်။အတန်ကြာမှဦးဟန်မြင့်အား
မေးခွန်းတစ်ခု မေးပြန်၏။
“ဒီလို ကောင်းကျိုးပြုတဲ့ မှော်က ဘာကြောင့်
လောင်းကစားကိုမှ ထူးထူးကဲကဲ အကျိုးပေး
ရတာလဲ အစ်ကို …”
“ဒါကတော့ ဇာတ်ကြီးဆယ်ဘွဲ့ထဲက ဝိဓူရဇာတ်
တော်ကို ညွှန်းရမှာပေါ့ကွာ…ဇာတ်တော်ထဲမှာ
ပုဏ္ဏက ဘီလူးမင်းဟာ ဣန္ဒပတ္တနဂိုပြည်ကြီးကို
သက်ဦးဆံပိုင် စိုးမိုးအုပ်ချုပ်မင်းလုပ်တော်မူတဲ့
ကောရပ္ပမင်းကြီးနဲ့ ကြွေအန်ကစားကြတယ်လေ၊
သူက ကမ္မဇိဒ္ဓိတန်ခိုးရှိတယ်ဆိုတော့ ကြွေအန်
ကို ချုပ်ဆိုရင်ချုပ်၊ ချာဆိုရင်ချာ၊ ပြောတိုင်းဆို
တိုင်း ဖြစ်တယ်၊ ဒီတော့ ကောရပ္ပမင်းကြီး ကြွေ
အန်ရှုံးတော့တာပေါ့၊ ပုဏ္ဏကမင်းကြီးဟာ ကြွေ
အန်နိုင်တာကြောင့် ဓိဓူရပညာရှိ အမတ်ကြီးကို
ရလိုက်တယ်လေ…ဒီသဘောအတိုင်းပဲ၊ ဖဲ၊ ကြွေ
အန်၊ အနီထောင်၊ ဘယ်ကစားနည်းမဆို ပုဏ္ဏ
က မှော်သွင်းပြီးသာ ကစား၊ ပြောဆိုတိုင်း ပြီး
နိုင်တယ်လို့ ဆိုကြတာပေါ့၊ ပုဏ္ဏကမှော်ရဲ့ အ
စွမ်းက ဒါတင်မကဘူး၊ ပုဏ္ဏက မှော်သွင်းထား
တာနဲ့ ပုဏ္ဏက နတ်မင်းကြီးလို တန်ခိုးအာဏာ
ကြီးတယ်။ စုန်း၊ ကဝေ၊ တစ္ဆေ၊ မြေဖုတ်ပယော
ဂမှန်သမျှကို အော်လိုက်၊ ငေါက်လိုက်ရုံနဲ့ လွင့်
စင့်ထွက်ပြေးစေတယ်၊ နောက်ပြီး တုတ်၊ ဓါး၊
သေနတ်၊ လေး၊ မြားတွေကို လည်း အကာ
အကွယ်ပေးတယ်၊ ကျန်သေးတယ်။ ကာယ၊
ဓန၊ ပီယ၊ သျှိုသုံးပါးအပြင် ဥာဏ်ရှိတိုင်း ပွဲတွေ့
သုံးပြီး လိုရာကိုလည်း စေခိုင်းနိုင်တယ်လို့အ
ဆိုရှိတယ်”
“ကျတော် စိတ်ဝင်စားလာပြီ အစ်ကိုရေ”
“ဒါထက် အစ်ကိုပြောတဲ့ အထဲမှာ ‘သျှို’ဆိုတဲ့
စကားလုံးပါတယ်၊ အဲဒါဘာကို ပြောတာလဲ”
“သျှိုရဲ့ အဓိပ္ပါယ်က အောင်မြင်ပြီးမြောက်မှုတဲ့
ကွ၊ ‘သဗ္ဗသျှို’ဆိုရင် အလုံးစုံအောင်မြင်ပြီးမြောက်
တယ်ပေါ့၊ နှုတ်ချိုသျှိုတစ်ပါးဆိုတာ ရှိတယ်လေ။
နှုတ်ချိုခြင်းဟာ အောင်မြင်ပြီးမြောက်ဖို့ အကြောင်း
တစ်ခုလို့ ဆိုတဲ့ သဘောပေါ့ …”
” ပုဏ္ဏက မှော်သွင်းဖို့ အစီအရင်တွေ လုပ်ရ
တာ ခက်ခဲသလား အစ်ကို …”
” ဘာလဲ၊ မင်းက ပုဏ္ဏကမှော်သွင်းချင်လို့လား”
“မဟုတ်ပါဘူး အစ်ကိုရယ်၊ ဗဟုသုတအနေနဲ့
သိချင်တာပါ…”
“စီရင်ရတာ မခက်ပါဘူး၊ စောင့်ထိန်းရတာတော့
ခက်တာပေါ့ … ဒီလိုကွ၊ ပုဏ္ဏက နတ်မင်းကြီးပုံ
တော်ကို စင်ကြယ်သန့်ရှင်းတဲ့ စက္ကူသန့်မှာ
ဒေဝရာသီနတ်ဆေးနဲ့ ကျနသေချာစွာ ရေးစီ
ရင်ရမယ်၊ ဒီလို ရေးဆွဲစီရင်တဲ့အခါ အရမ်းတော့
လုပ်လို့ မရဘူး၊ နေ့ကောင်းရက်မြတ်၊ ခပါဒ်
အကြုံတဝဂူမှာ၊ ပွဲစုံတစ်ပွဲပြင်၊ ဆယ်ပါးသီလ
ခံယူ စောင့်ထိန်းနိုင်တဲ့ သစ္စာကိုဆိုပြီး ရေး
စီရင်ရတယ်”
“သိပ်မခက်ခဲဘူးပဲ…”
“ဒီလိုပြောလို့တော့ မရဘူး၊ ဘာကြောင့်လဲဆို
တော့ လျှို့ဝှက်ချက်ရှိတယ်လေ၊ ငါ့ညီအနေနဲ့
ပုဏ္ဏကနတ်မင်းကြီးပုံတော်ကို ဘယ်လိုအ
ကြောင်းအချက်တွေ ထည့်သွင်းပြီးရေးဆွဲမလဲ၊
ဒီအချက်ကို အစဉ်အဆက် လျှို့ဝှက်ထား
ကြတယ်။ ပုဏ္ဏကမင်းကြီးမှော်က အစွမ်းထက်
လွန်းတော့ အကျင့်စာရိတ္တမကောင်းသူ၊ လူ
ယုတ်မာတွေ လက်ထဲရောက်သွားရင် ခုနှစ်
ရက်သားသမီးတွေ ဒုက္ခရောက်သွားနိုင်တယ်
လေ”
“ဟုတ်တယ်အစ်ကိုရေ၊ ကျတော်တို့ ခဏ ခဏ ကြားနေရတဲ့ ပုဏ္ဏကတိုက်တဲ့ အဖြစ်အပျက်တွေ
ဟာ အောက်လမ်းဆရာတွေက ပုဏ္ဏကမှော်အောင်
ပြီး သူတစ်ပါးကို မကောင်းကြံတဲ့ အဖြစ်အပျက်တွေ
မဟုတ်လား”
“ဟုတ်တယ်၊ ဒါကြောင့် အစဉ်အဆက် လျှို့ဝှက်
ထားခဲ့ကြတာပေါ့”
“ပုဏ္ဏကနတ်မင်းကြီးရဲ့ ပုံတော် အစ်ကို့ဆီမှာ
ရှိလား၊ ကျတော် ခဏကြည့်ပါရစေ”
“ရပါတယ်၊ ငါ့ညီက လူကောင်းသူကောင်းပဲ၊
ပြရမှာပေါ့ …”
ဦးဟန်မြင့်က သူ၏ လွယ်အိတ်ကြီးထဲမှ
ကျောက်ကာယွန်းအစ်လေးကို ထုတ်ယူ
လိုက်သည်။ ထို့နောက် ယွန်းအစ်လေးကို
ဖွင့်ပြီး စာရွက်တစ်ရွက်ထုတ်ယူ၍ ဦးမောင်
မောင်ဇင်အား ပြသ၏။ အဆိုပါ စာရွက်ပေါ်
တွင်ကား ပုဏ္ဏက နတ်မင်းကြီးသည် မြင်းဖြူ
ကြီးကို စီးလျက်၊ သံလျက်ကို ကိုင်ဆွဲလျက်
ခုနှစ်သားသမီးအပေါင်းကို ဘေးဒုက္ခဆိုးတို့မှ
ကယ်တင်ရန် အသင့်ရှိနေပါတော့သည်။
ဦးဟန်မြင့်သည် ဦးမောင်မောင်ဇင်တို့ အိမ်
တွင် တစ်ပတ်ခန့် နေထိုင်ကာ ဒေါ်မြတ်နွဲ့၏
အခြေအနေကို စောင့်ကြည့်ခဲ့၏။ ဒေါ်မြတ်နွဲ့
ကား နေပူမိ၍ ညှိုးနွမ်းနေရာက နတ်ရေစင်
သွန်းလောင်းခံလိုက်ရသော ပဒုမ္မာကြာပန်း
ပမာ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်
နှင့် ချမ်းမြေ့သိုက်မြိုက်သော မိသားစုဘဝ
ကို ရရှိသွားပြီဖြစ်သည်။
ဦးဟန်မြင့်လည်း ထိုအချိန်ကျမှာ သူ၏
ဒေါဝိရွာလေးသို့ ပြန်လာနိုင်ခဲ့ပါတော့သည်။
မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့(ချောင်းဦး)