ပုဏ္ဏကအင်း

Posted on

*ပုဏ္ဏကအင်း*📖📖📖 (စဆုံး)

************************************

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်။
(က)
ညနေစောင်းနေပြီဖြစ်သည်။ ဘကြီးမှုန်မှာ ဖတ်လက်စစာအုပ်ကို လက်မှချကာ ပတ်ဝန်းကျင်တစ်ခွင်ကို ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။ ဖုန်တထောင်းထောင်းထနေသည့် ရွာလမ်းမကြီးပေါ်တွင် ကလေးများက ပျော်ရွှင်စွာဆော့ကစားနေကြလေသည်။ နေ့တာရှည်သည့် နွေရာသီဖြစ်သည်မို့ ညနေအတော်စောင်းနေသည့်တိုင် အပူရှိန်က ခပ်များများရှိနေသေးသည်။ ဘကြီးမှုန်မှာ အနီးတွင်ချထားသည့် ရေနွေးကရားအိုးအတွင်းမှ ပယင်းရောင်တောက်ပနေသည့် ရေနွေးကျကျများကို ငှဲ့ထည့်လိုက်ကာ ရေနွေးဖန်ဖန်ကို အရသာခံရင်း သောက်သုံးနေမိသည်။
ထိုစဉ်ပြေးဆော့နေသည့် ကလေးများအတွင်းမှ မြေးမလေးများမှာ အိမ်ခြံဝိုင်းအတွင်းသို့ပြေးဝင်လာကြသည်။ ကလေးငယ်များမှာ ကိုယ်လက်လှုပ်ရှားဆော့ကစားထားကြသဖြင့် ချွေးဒီးဒီးကျနေကာ မောပန်းနေကြသည်။ ဘကြီးမှုန်က ကလေးများကိုကြည့်ရင်း
“ဟဲ့မိဝေတို့ နေစောင်းနေပြီဟ တစ်ကိုယ်လုံးလည်းချွေးတွေနဲ့ပါလား၊ နည်းနည်းပါးပါးထိန်းဆော့ကြပေါ့ဟာ”
ကလေးများမှာ ဘာမှပြန်မဖြေဘဲ ဘကြီးမှုန်နံဘေးရှိ ရေနွေးကရားအိုးမှ ရေနွေးကြမ်းများကို ငှဲ့သောက်နေကြလေသည်။ အတော်ကြာအပန်းဖြေပြီးမှ
“ဒါနဲ့ ဘကြီးမှုန်ကိုပြရအုံးမယ်”
မိဝေက စကားအစပျိုးလိုက်ကာ ရှင်မီးအင်္ကျီအိတ်ကပ်အတွင်းထည့်ထားသည့် ငွေရောင်အပြားကလေးတစ်ခုကိုထုတ်ယူလိုက်သည်။ ထို့နောက် ဘကြီးမှုန်ဆီသို့လှမ်းပေးလိုက်ရင်း
“ဒီဟာလေးကို ခုနက ရိုးချောင်းနံဘေးမှာ ပြေးဆော့ကြရင်း ကောက်ရခဲ့တာ အဘိုးမှုန်ရဲ့”
ဘကြီးမှုန်မှာ ငွေရောင်အပြားကလေးကို ကိုင်ကြည့်လိုက်သည်။ လေးထောင့်ကွက်ကွက်အပြားကလေးမှာ ငွေရောင်ပြောင်လက်၍နေသည်။ ဘကြီးမှုန်မှာတစ်ဖက်သို့လှန်ကြည့်လိုက်သည့်အခါ ငွေရောင်အပြားကလေးအပေါ်တွင် အင်းကွက်များရေးဆွဲထားသည်ကိုမြင်တွေ့လိုက်ရ၍ အလွန်ပင်ထိတ်လန့်သွားမိသည်။
“ဟဲ့ နင်တို့ဘာတွေကောက်လာကြတာလဲဟာ၊ နင်တို့ကို အင်းကွက်တွေ့ရင် မကောက်ရဘူးလို့ မှာမထားဘူးလား”
ဘကြီးမှုန်မှာ ဒေါသတကြီးဖြင့် ကလေးများကိုမာန်မဲလိုက်သည်။ သဘောကောင်း၍ အမြဲပြုံးနေလေ့ရှိသော ဘကြီးမှုန်မှာ ယခုတော့ ဒေါသတကြီးနှင့် အော်ဟစ်မာန်မဲလိုက်သဖြင့် ကလေးများမှာ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေကြသည်။ ထိုစဉ်မှာပင် ကလေးများ၏မိခင်ဖြစ်သူမှာ အိမ်ရှေ့သို့ပြေးထွက်လာခဲ့သည်။
“ဘကြီးမှုန် ဘာဖြစ်လို့ကလေးတွေကို အော်ရတာလဲ”
“ဘာဖြစ်ရမလဲဟာ၊ ဒီမှာကြည့်စမ်း၊ နင့်သမီးတွေ အင်းကွက်တစ်ခုကို ကောက်လာခဲ့တယ်ဟ”
ကလေးအမေမှာလည်း အံ့သြထိတ်လန့်သွားကာ
“ညည်းတို့က ခြေဆော့လက်ဆော့နဲ့အေ၊ ဒီအင်းကွက်ကို ဘာဖြစ်လို့ယူချလာတာလဲ၊ တော့ ကိုဖိုးမောင်၊ ဟောဒီအင်းကွက်ကို လူသူရှင်းတဲ့နေရာမှာ သွားလွှင့်ပစ်လိုက်စမ်းပါရှင်၊ ကျုပ်လည်း အိမ်တစ်အိမ်လုံးကို ပရိတ်ရေနဲ့ဖြန်းလိုက်အုံးမယ်”
နွားစာစဉ်းနေသည့် ကိုဖိုးမောင်မှာ အင်းကွက်ကိုယူကာ ရွာပြင်သို့တစ်ချိုးတည်းပြေးလေတော့သည်။ ကလေးများမှာ အင်းကွက်ကြောင့် ပြာယာခတ်နေကြသည့် အဖေ၊ အမေနှင့် ဘကြီးဖြစ်သူကိုကြည့်ကာ အလွန်အံ့သြနေမိကြသည်။ ဘကြီးမှုန်မှာ အတန်ကြာသည့်အခါမှ ဒေါသစိတ်များပြေပျောက်ကာ စိတ်တည်ငြိမ်သွားလေသည်။
“သမီးတို့ မြဲမြဲမှတ်ထားကြနော်၊ နောက်ဆိုရင် ဘာအင်းကွက်တွေ့တွေ့၊ ဘာပစ္စည်းထူးထူးဆန်းဆန်းပဲတွေ့တွေ့ အိမ်ကိုယူမလာနဲ့ ဟုတ်ပြီလား”
အကြီးဆုံးမြေးဖြစ်သည့် မိဝေက ခေါင်းညိတ်သည်။ ကျန်မြေးသုံးလေးယောက်မှာလည်း မျက်နှာငယ်ကလေးများနှင့် ဖြစ်နေကြသည်။ စကားတတ်သည့်မိဝေက
“ဒါနဲ့အဘိုးမှုန်၊ ဒီအင်းကွက်ကလေး ကောက်လာရုံနဲ့ အဘိုးမှုန်တို့၊ အမေတို့က ဘာဖြစ်လို့စိတ်ဆိုးကြတာလဲဟင်”
“အင်းကွက်တွေဆိုတာ ကောင်းတဲ့အင်းကွက်ရှိသလို၊ မကောင်းတဲ့အင်းကွက်၊ အဖျက်သဘောဆောင်တဲ့အင်းကွက်တွေလည်းရှိနေတယ် မြေးတို့ရဲ့၊ ဒီလိုအင်းကွက်တွေကို အိမ်ကိုယူလာလို့ရှီရင် အိမ်မှာ မကောင်းတာတွေဖြစ်တတ်တယ်ကွဲ့၊ ဘိုးဘိုးတို့ငယ်ငယ်တုန်းက အင်းကွက်ကိုအိမ်ထဲယူလာမိလို့ ဒုက္ခရောက်ခဲ့ကြတဲ့ ဒေါ်ဘဲကြီးဆိုတာ ရှိခဲ့ဖူးတယ်ကွဲ့”
မိဝေက မျက်မှောင်ကြုတ်လိုက်ကာ
“အဲဒီဒေါ်ဘဲကြီးက ဘာဖြစ်ခဲ့တာလဲ အဘိုးမှုန်၊ အဘိုးသိရင်ပြောပြပါလား”
ဘကြီးမှုန်မှာ ခေါင်းတဆတ်ဆတ်ညိတ်လျှက်
“ငါ့မြေးတွေသိချင်ရင် ဘိုးဘိုးပြောပြမှာပေါ့ကွဲ့၊ ဒီအဖြစ်အပျက်ကလေးကို နားထောင်ပြီး ငါ့မြေးတို့လည်း သင်ခန်းစာယူရအောင်လို့ပေါ့၊ ဒီအဖြစ်က ဘိုးဘိုးတို့ငယ်ငယ်က ဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်တစ်ခုကွဲ့”
ဘကြီးမှုန်မှာ ထိုသို့အစချီလိုက်ကာ အတိတ်မှအကြောင်းအရာများကို ပြန်ပြောင်း ပြောပြလေတော့သည်။
(ခ)
အချိန်အားဖြင့် စစ်ကြိုကာလ ၁၉၃၀ ပြည့်နှစ်ကျော်ကာလဖြစ်သည်။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်တွင် စခန်းကြီးဟုအမည်ရသည့် ရွာတစ်ရွာရှိသည်။ ထိုရွာမှာ သုံးဆယ်ချောင်းကြီးပေါ်တွင် မေးတင်လျှက်တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုရွာတွင် ဒေါ်ဘဲနှင့် ဒေါ်ငန်းဟူသည့် ညီအမနှစ်ယောက်ရှိသည်။ ဒေါ်ဘဲနှင့် ဒေါ်ငန်းမှာ အသက်နှစ်နှစ်ကွာခြားကာ ရုပ်ချင်းအလွန်ဆင်တူကြသည်။ သို့သော် ဒေါ်ငန်းမှာ ဒေါ်ဘဲထက် လည်တံအနည်းငယ်ရှည်သဖြင့် ဒေါ်ငန်းဟုခေါ်ဆိုကြခြင်းဖြစ်သည်။
နှစ်ဦးစလုံးမှာ သက်လတ်ပိုင်းအရွယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဒေါ်ဘဲမှာ အပျိုကြီးဖြစ်ကာ ဒေါ်ငန်းမှာ ဦးကျွဲဟုခေါ်သည့်လူတစ်ဦးနှင့် အိမ်ထောင်ရက်သားကျပြီး မိကျင်၊ မိပွေး၊ မိဥဟုအမည်ရသည့် သမီးသုံးယောက်မွေးဖွားထားသည်။ မိကျင်မှာ အသက်လေးနှစ်အရွယ်ခန့်ရှိပြီး တစ်ဦးနှင့်တစ်ဦး အသက်တစ်နှစ်ကျော်သာကွာခြားသည်မို့ မိပွေးမှာ အသက်နှစ်နှစ်ဖြစ်ကာ မိဥအမည်ရ သမီးထွေးကလေးမှာ အသက်တစ်နှစ်မပြည့်တပြည့်သာရှိသေးသည်။ ဒေါ်ဘဲမှာ အိမ်ရှေ့တွင်ဈေးဆိုင်ကလေးတည်ထားသည်။ ဦးကျွဲ၊ ဒေါ်ငန်းမှာတော့ လယ်ယာအလုပ်များကိုလုပ်ကိုင်ကြသည်။ ဆိတ်များလည်းမွေးထားသေးသည်။ တက်တူဟုအမည်ရသည့် တူတစ်ဝမ်းကွဲမှာ ဒေါ်ငန်းတို့အိမ်တွင်နေထိုင်ကာ ဆိတ်ကျောင်းရလေသည်။
ဒေါ်ဘဲနှင့် ဒေါ်ငန်းတို့မှာ အိမ်ဆိုင်ကလေးအတွက် လိုအပ်သည်များကို သုံးဆယ်ဈေးသို့တက် တစ်ပတ်တစ်ခါတက်ဝယ်ရသည်။ သုံးဆယ်သို့သွားရာတွင် ရွာရှိလှည်းလမ်းဟောင်းကြီးမှတဆင့် လမ်းလျှောက်ကာ ခြေလျင်သွားကြခြင်းဖြစ်သည်။ ထိုနေ့တွင်လည်း ဒေါ်ဘဲတို့ညီအမမှာ သုံးဆယ်ဈေးမှ ပစ္စည်းပစ္စယများကို ဝယ်ခြမ်းလာခဲ့ကြကာ တောင်းကြီးတောင်းငယ်အသွယ်သွယ်ရွက်၍ စခန်းကြီးရွာသို့ပြန်လာခဲ့ကြသည်။
ချောင်းမကြီးနှင့်အပြိုင် ဖောက်လုပ်ထားသည့် တာလမ်းကြီးမှာ ဖြောင့်ဖြူး၍နေလေသည်။ စခန်းကြီးရွာသို့မရောက်ခင် တာလမ်းကြီးနံဘေးတွင် ဖိုးဘုံဇရပ်ဟုခေါ်သည့် ဇရပ်တစ်ဆောင်ရှိသည်။ ဇရပ်အလှူရှင်မှာ ဖိုးဘုံဟုအမည်ရသည့် လူတစ်ဦးလှူဒါန်းထားသောကြောင့် ဖိုးဘုံဇရပ်ဟုခေါ်တွင်ရခြင်းဖြစ်သည်။ အထုပ်အပိုးများကို သယ်ပိုးကာ လမ်းလျှောက်လာခဲ့ကြသည့် ဒေါ်ဘဲတို့ညီအမနှစ်ယောက်မှာ ဖိုးဘုံဇရပ်ကိုမြင်တွေ့သည့်အခါ ဝမ်းသာသွားကြသည်။
“အမဘဲရေ၊ ကျုပ်တော့ တော်တော်ပန်းနေပြီ၊ ရွာမရောက်ခင် ဖိုးဘုံဇရပ်မှာ ခဏလောက်ဝင်နားကြတာပေါ့”
“ကောင်းသားပဲ ညီမရဲ့၊ နေကလည်းပူတော့ ရေကလည်းဆာတယ်အေ၊ ရေလေးဘာလေး ဝင်သောက်ပြီးမှ ရွာကိုဆက်ကြတာပေါ့”
သို့နှင့် ဒေါ်ဘဲတို့ညီအမနှစ်ယောက်မှာ ဖိုးဘုံဇရပ်သို့ဝင်ခဲ့ကြသည်။ ဒေါ်ငန်းမှာ ဇရပ်လှေကားထိပ်အရောက်တွင် ခေါင်းပေါ်မှရွက်လာသည့် တောင်းကြီးကိုချလိုက်ကာ အမောအပန်းဖြေနေမိသည်။ ဒေါ်ဘဲမှာတော့ ဇရပ်ပေါ်သို့တက်ကာ သောက်ရေအိုးစင်တွင် သောက်ရေတစ်ခွက်ကို ခပ်သောက်လိုက်လေသည်။ ဒေါ်ငန်းမှာ ခေါင်းဖုအဝတ်ကို ယပ်တောင်လုပ်၍ ယပ်ခတ်နေစဉ်မှာပင် ဇရပ်အရှေ့လှည်းလမ်းတစ်နေရာတွင် ပြောင်ပြောင်လက်လက်အရာတစ်ခုကိုတွေ့မြင်လိုက်ရသည်။
“အမရေ၊ အမဘဲ ဟိုးမှာ ပြောင်ပြောင်လက်လက်ကလေးက ဘာလေးများလဲ”
ဒေါ်ငန်းပြောသဖြင့် ဒေါ်ဘဲမှာ ဇရပ်ပေါ်မှလှမ်းကြည့်လိုက်ရင်း
“အေး၊ ဟုတ်ပါရဲ့ ဘာကလေးများလဲ”
ဒေါ်ငန်းမှာ ပြောပြောဆိုဆိုနှင့် ထိုနေရာသို့အပြေးထသွားလိုက်ကာ ပြောင်ပြောင်လက်လက်အရာကလေးကို ကောက်ယူလိုက်သည်။ ထိုအရာမှာ ရွှေပြားကလေးတစ်ခုကဲ့သို့ဝင်းလက်နေသည့် အလိပ်ကလေးတစ်ခုဖြစ်သည်။ ဒေါ်ငန်းမှာ ဝမ်းသာအားရဖြင့် အမဖြစ်သူဒေါ်ဘဲထံသို့ အပြေးအလွားသွားရောက်ကာ ပြသလိုက်လေသည်။ ဒေါ်ဘဲမှာ ကိုင်ကြည့်ရင်း
“ရွှေနဲ့တော့တူတယ်အေ့၊ ပြောင်တာတော့ အတော်ပြောင်တာပဲ၊ အလိပ်ကလေးဆိုတော့ ဖက်လိပ်နားဋောင်းကလေးများလား မသိဘူးနော်”
“ဒီခေတ်မှာ ဖက်လိပ်နားဋောင်းဝတ်တဲ့သူများရှိသေးလို့လား အမရဲ့”
ဒေါ်ငန်းမှာ ရွှေပြားလိပ်ကလေးအား ဆွဲယူလိုက်ကာ လက်ဖြင့်အသာဖြေကြည့်လိုက်လေသည်။ ရွှေပြားကလေးပေါ်တွင် အင်းတစ်ကွက်ချထားသည်ကိုတွေ့လိုက်ရသည်။
“ဒါလေးက အင်းတစ်ခုပါလားအမရဲ့”
အမဖြစ်သူ ဒေါ်ဘဲမှာ အင်းကွက်ကိုကြည့်လိုက်ရင်း
“ဘာတွေရေးထားမှန်းမသိပါဘူး ညီမရယ်၊ ရှုပ်ရှုပ်ယှက်ယှက်တွေပါ၊ တို့တွေ လွှင့်ပစ်ထားခဲ့တာပေါ့”
“အို အမဘဲကလည်း၊ အင်းကဘာတွေရေးထားမှန်းမသိပေမယ့် ဟောဒါကတော့ ရွှေပြားနဲ့တူတယ်မဟုတ်လား၊ ရွှေမှန်ရင် တန်ဖိုးရှိတာပဲ၊ ရွာက ပန်းထိမ်ဆရာကြီးကိုပြကြည့်ရင်မကောင်းဘူးလား၊ ရောင်းလို့ရတယ်ဆိုရင်လည်း ရောင်းစားတာပေါ့အမရယ် ဟီး ဟီး”
“သူများပစ္စည်းတွေဖြစ်နေပါ့မယ်၊ ပိုင်ရှင်က စိတ်ဆင်းရဲနေပါအုံးမယ်”
“ဟာ အမဘဲကလဲ၊ ဒီနေရာမှာ ပိုင်ရှင်မှမရှိတာပဲ၊ ဒါ ကျုပ်တို့နဲ့ထိုက်လို့ ကျုပ်တို့ရတာပဲ၊ ပိုင်ရှင်လာပြန်တောင်းရင်လည်း ရေအဆုံးကုန်းတစ်ဝက်ဆိုပြီး တစ်ဝက်ခွဲပေးလိုက်တာပေါ့”
ဒေါ်ဘဲမှာ စိတ်ထဲထင့်နေသော်လည် ငွေရမည့်အရေးမို့ ခေါင်းညိတ်လိုက်ရသည်။ ဒေါ်ဘဲမှာ အင်းကွက်ကလေးကို လွယ်အိတ်အတွင်းသို့ထည့်လိုက်ပြီး ညီအမနှစ်ယောက် တောင်းကြီးတောင်းငယ်များရွက်ကာ ရွာသို့ပြန်လာခဲ့ကြသည်။
အိမ်ရောက်သည့်အခါ ဒေါ်ဘဲမှာ လွယ်အိတ်ကိုတိုင်မှာချိတ်လိုက်ပြီး အလုပ်များလုပ်ရသည်။ ဝယ်ယူလာသည့်ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာကာ ရောင်းချရန်ချိန်တွယ်ရသည်။ ဒေါ်ငန်းမှာလည်း ယာခင်းထဲဆင်းနေသည့် ဦးကျွဲအတွက်ထမင်းသွားပို့ရန်ပြင်ဆင်ရသည်။ ထမင်းဟင်းများကိုဇလုံတစ်လုံးနှင့် ခူးခပ်ပြီးသည့်နောက် တောင်းတစ်ခုအတွင်းသို့ထည့်ကာ အိမ်ပေါ်မှဆင်းလာခဲ့သည်။
“အမဘဲရေ၊ နေ့တစ်ဝက်ကျိုးနေပြီဆိုတော့ ကိုကျွဲထမင်းဆာနေရော့မယ်၊ ကျုပ်ယာထဲ ထမင်းသွားပို့လိုက်အုံးမယ်နော်၊ ကလေးသုံးကောင်က အရီးသုန်အိမ်မှာအပ်ထားခဲ့တယ်၊ ပြန်မှ တစ်ခါတည်းလှည့်ခေါ်လာလိုက်တော့မယ်”
ဒေါ်ဘဲမှာ ခေါင်းသာညိတ်ပြလိုက်သည်။ ဈေးသွားသည့်အတွက် မနက်ခင်းပိုင်းကိုဆိုင်ပိတ်ထားရသည်မို့ ဒေါ်ဘဲမှာ ဆိုင်ဖွင့်ရန်ပြင်ဆင်ရသည်။ ဝယ်ခြမ်းလာခဲ့သည့် ကုန်စည်များကိုလည်း ရောင်းချရန်အတွက် ခင်းကျင်းနေရသေးသည်။ ဆိုင်နှင့်အိမ်မှာ အတန်ငယ်ဝေးကွာလှပေသည်။ ဒေါ်ဘဲမှာ ပစ္စည်းများကိုနေရာချနေရင်း အိမ်ပေါ်မှ ခြေသံတဒုန်းဒုန်းဖြင့်ပြေးလွှားနေသည့်အသံမျိုးကိုကြားလိုက်ရသည်။ အစပိုင်းတွင် ဒေါ်ဘဲမှာ အမှုမဲ့အမှတ်မဲ့ နေမိသော်လည်း နောက်ပိုင်းတွင် ခြေသံမှာပြင်းထန်လှသဖြင့် စိတ်ထဲသံသယဖြစ်မိသွားသည်။
“အိမ်ပေါ်မှာ ဘယ်သူမှလဲမရှိပါဘူး၊ အငယ်မလည်း ယာခင်းထဲဆင်းသွားတယ်မဟုတ်လား၊ ဒါဖြင့်ရင် အိမ်ပေါ်ဘယ်သူရောက်နေတာပါလိမ့်”
ဒေါ်ဘဲမှာ အိမ်ပေါ်သို့တက်လာခဲ့သည်။ အိမ်ပေါ်တက်သည့်လှေကားအဆင်းရောက်သည့်တိုင် အိမ်ရှေ့ခန်းမှ ခြေသံတဒုန်းဒုန်းကြားနေရသော်လည်း အိမ်ပေါ်သို့တက်လိုက်သည့်အခါတွင် မည်သူမှမရှိသလို ခြေသံများမှာလည်းတိတ်ဆိတ်သွားသည်။ ဒေါ်ဘဲမှာ တစ်အိမ်လုံးအနှံ့လိုက်ပတ်ရှာသည့်တိုင် လူသူအရိပ်အယောင်မတွေ့ရသဖြင့် ထူးဆန်းနေလေသည်။ ထိုစဉ်မှာပင် ဈေးဝယ်သူတစ်ယောက်က လှမ်းခေါ်သဖြင့် ဒေါ်ဘဲတစ်ယောက် အိမ်ရှေ့သို့ထွက်ကာ ဈေးရောင်းရလေသည်။
မကြာခင် ယာခင်းထဲသို့ ထမင်းသွားပို့သည့်ဒေါ်ငန်းမှာ ကလေးသုံးယောက်ကိုခေါ်ကာ အိမ်သို့ပြန်လာလေသည်။ အကြီးမနှင့် အလတ်မမှာ အိမ်ပေါ်ရောက်သည့်အခါ ဆော့ကစားနေကြလေသည်။ အငယ်ဆုံးသမီးကလေးကို ပုခက်ထဲတွင်သိပ်ထားကာ ထမင်းစားဖို့ပြင်ဆင်ကြသည်။
ဒေါ်ငန်းမှာ မီးဖိုချောင်အတွင်းသို့ဝင်၍ ထမင်းအိုးကိုဖွင့်လိုက်သည့်အခါ ထမင်းအိုးမှာ ထမင်းတစ်စေ့မျှပင်မရှိတော့ဘဲ ပြောင်သလင်းခါနေသည်ကိုတွေ့ရသည်။ အုပ်ဆောင်းလှန်၍ ဟင်းခွက်များကိုကြည့်လိုက်သော်လည်း ဟင်းခွက်များမှာ ဟင်းများမရှိတော့ပေ၊ ယုတ်စွအဆုံး ငါးပိရည်ပန်းကန်လုံးသည်ပင် လျှာနှင့်လျက်ထားသကဲ့သို့ ပြောင်လက်နေပြန်သည်။ ဒေါ်ငန်းမှာ အလွန်ထိတ်လန့်ကာ အမဖြစ်သူကိုအော်ဟစ်ခေါ်လိုက်မိသည်။
“အမဘဲရေ၊ ဒီကိုလာပါအုံး”
ဒေါ်ဘဲမှာ မီးဖိုချောင်အတွင်းသို့ အလန့်တကြားနှင့်ဝင်ရောက်လာခဲ့သည်။
“ဟဲ့ အငယ်မ၊ ဘာဖြစ်တာလဲ”
“ဘာဖြစ်ရမှာလဲ အမဘဲရယ်၊ ဒီမှာကြည့်ပါအုံး ဟင်းတွေရော၊ ထမင်းတွေရော ပြောင်သလင်းခါနေပြီ”
“ဟောတော်၊ ဘယ်လိုဖြစ်ရတာလဲ”
“ယာထဲမဆင်းခင်တုန်းက ထမင်းလေးလုံးချက်တစ်အိုးကြီးကျန်ပါသေးတယ်၊ ဟင်းတွေလည်းအများကြီးပါ၊ အခု တစ်ခုမှမကျန်တော့ပါလား အမဘဲ”
“ဟဲ့ ငါလည်းဈေးကပြန်လာကတည်းက အလုပ်များနေတာနဲ့ ဘာမှမစားဖြစ်သေးဘူး အငယ်မရဲ့”
“အမ မစားတော့ ဘယ်သူစားသွားတာလဲ”
ဒေါ်ဘဲမှာ ခေါင်းကုပ်လျှက်
“ပြောရတော့ခက်တယ်၊ ကြောင်တွေဘာတွေများဝင်စားသွားတာများလား”
“ဟာ အမဘဲကလည်း ကြောင်ဝင်စားရင် ဟင်းလောက်ပဲစားမှာပေါ့၊ အခုက ထမင်းတစ်အိုးလုံးရော ဟင်းတွေအကုန်လုံးရော ပျောက်သွားရုံမက ငါးပိရည်တွေကိုတောင် ပြောင်စင်အောင်လျက်သွားပုံထောက်ရင် ကြောင်တွေ ခွေးတွေတော့ဖြစ်ဟန်မတူပါဘူး”
“အငယ်မရေ အိမ်နောက်ဖေးတံခါးဖွင့်ထားခဲ့တာဆိုတော့ သူခိုးတွေဘာတွေဝင်သွားတာများလား”
“အမဘဲကတော့ လုပ်တော့မယ်၊ ကျုပ်တို့ရွာမှာ သူခိုးသူဝှက်မှ မရှိတာ၊ သူခိုးသူဝှက်ကရော တန်ဖိုးရှိတာမခိုးဘဲ ထမင်းတွေ ဟင်းတွေခိုးမတဲ့လား၊ မဖြစ်နိုင်ပါဘူးအမဘဲရယ်”
“အရင်က မရှိခဲ့ပေမယ့် အခုက ခေတ်ပျက်နေတာဆိုတော့ ရှိချင်ရှိလာနိုင်မှာပေါ့ အငယ်မရယ်၊ ကဲ စိတ်ကိုလျော့ထားလိုက်တော့၊ နောက်ဆိုသတိကြီးကြီးထားမှဖြစ်မယ်၊ အခုတော့ ထမင်းချက်ပြီး ဘဲဥကြော်နဲ့ပဲစားလိုက်ကြတာပေါ့”
ဒေါ်ငန်းမှာ သိပ်တော့မကျေနပ်ပေ၊ ထမင်းသူခိုးကိုတွေ့အောင်ရှာမည်ဟု ကြုံးဝါးလိုက်လေသည်။ အမဖြစ်သူမှာ ဆိုင်ထိုင်နေရသဖြင့် ဒေါ်ငန်းတစ်ယောက်သာ ကပျာကသီထမင်းချက်ရသည်။ မီးဖိုချောင်အတွင်း ထမင်းချက်နေရင်း အိမ်ရှေ့တွင်ဆော့ကစားနေသည့် ကလေးနှစ်ယောက်မှာ ကြောက်အားလန့်အားနှင့် အသံကုန်အော်ဟစ်ကြသည့်အတွက် ဒေါ်ငန်းတစ်ယောက် ချက်လက်စထမင်းအိုးကိုချကာ အိမ်ရှေ့သို့ပြေးထွက်လာခဲ့သည်။
“ဟဲ့ ကလေးတွေ၊ ဘာဖြစ်လို့ဒီလောက်တောင်အော်နေတာလဲ”
သမီးအကြီး မိကျင်က အိမ်တိုင်ကြီးအနားသို့လက်ညှိုးထိုးပြကာ
“သရဲကြီး၊ သရဲကြီးတစ်ကောင် အဲဒီအနားကနေကြည့်နေတယ်အမေ”
“နင်တို့စိတ်ထင်လို့ဖြစ်မှာပါဟယ်၊ အိမ်ပေါ်မှာ ဘာသရဲမှမရှိပါဘူး”
“ရှိတယ်အမေရဲ့၊ သမီးနဲ့ညီမလေးဆော့နေကြတုန်း သရဲကြီးက အဲဒီကနေမတ်တပ်ရပ်ပြီးကြည့်နေတာ၊ သရဲကြီးရဲ့ပါးစပ်ထဲမှာ အစွယ်ကြီးတွေလည်းပါတယ်”
ဒေါ်ငန်းမှာ မိကျင်ခေါင်းကိုခေါက်လိုက်ကာ
“ညည်းတို့က ကြောက်တတ်လွန်းတယ်အေ၊ လူကြီးတွေပြောပြောနေကြတဲ့ သရဲပုံပြင်တွေကို သွားနားမထောင်ပါနဲ့လို့ ညည်းတို့ကိုမမှာထားဘူးလား၊ ဘာမှမရှိဘူး ကိုယ့်ဟာကိုယ်အေးအေးနေကြ”
မိကျင်တို့မှာ အိမ်ပေါ်တွင်မဆော့ရဲတော့သဖြင့် အိမ်အောက်သို့ပြေးဆင်းသွားကြသည်။ အိမ်ခြံဝန်းဘေးရှိ မန်ကျည်းပင်ကြီးအရိပ်အောက်တွင် ဆော့ကစားနေကြလေသည်။ ဒေါ်ငန်းမှာ ထမင်းချက်ရင်း အိမ်ရှေ့တွင်သိပ်ထားသည့် ပုခက်အတွင်းမှ သမီးထွေးကို ပုခက်ထွက်ထွက်လွှဲရပြန်သည်။ ဒေါ်ငန်းမှာ မီးဖိုချောင်အတွင်းမှ ပုခက်လွှဲရန်ထွက်လာခဲ့သည်။ ထိုစဉ်အချိန်တွင် ပုခက်နံဘေးတွင် လူတစ်ဦးရပ်နေသည်ကိုတွေ့လိုက်ရသည်။ ဒေါ်ငန်းမှာ အလွန်ထိတ်လန့်သွားကာ ပုခက်အနီးသို့ပြေးအလာတွင် ထိုလူကြီးမှာ ရုတ်ခြည်းပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်။
“ဘုရား ဘုရား ငါပဲအမြင်မှားတာလား”
ဒေါ်ငန်းမှာ ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်ပေ။ ထိုစဉ် ပုခက်အတွင်းသိပ်ထားသည့်ကလေးမှာ အလွန်သည်းထန်စွာငိုကြွေးလေတော့သည်။ ဒေါ်ငန်းမှာ မိဥကိုချီပွေ့လိုက်ကာ အသည်းအသန်ချော့မြူရလေသည်။ ဆိုင်ထိုင်နေသည့် အမဖြစ်သူ ဒေါ်ဘဲမှာ ကလေးကိုချီပွေ့ထားသဖြင့်သာ ဟန်ကျသွားသည်။ ထို့နေ့တစ်နေ့လုံး ဒေါ်ငန်းတစ်ယောက် မည်သည့်အရာမှအဆင်ပြေပြေမပြီးစီးသည့်အပြင် စိတ်ထဲတွင်လည်း ဘာကြောင့်မှန်းမသိ ဒေါသထွက်နေမိသည်။
ညနေစောင်းသည့်အခါ ကိုကျွဲနှင့် တက်တူမှာ နွားများ၊ ဆိတ်များကို ခြံအတွင်းသို့ဆွဲသွင်းလာကြသည်။ ခြံပေါက်ဝအရှေ့ရောက်သည့်အခါ နွားကြီးနှစ်ကောင်မှာ ခြံထဲသို့မဝင်ဘဲ ပေကပ်၍နေလေသည်။ ဆိတ်များမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ တက်တူမှာ ဆိတ်များကိုရိုက်ပုတ်၍ ခြံအတွင်းသွင်းရသည်။ ကိုကျွဲမှာတော့ နွားကြီးများကို နဖားကြိုးမှ အတင်းဆွဲသည့်တိုင် နွားကြီးနှစ်ကောင်မှာ ခြေကန်၍ ရုန်းကန်နေပြန်သည်။ နွားကြီးနှစ်ကောင်မှာ လူစကားကိုနားလည်ကာ ခိုင်းကောင်းသည့်နွားများဖြစ်သော်လည်း ယခုအခါတွင်တော့ အကြောက်အကန်ငြင်းနေသဖြင့် ကိုကျွဲတစ်ယောက်အလွန်ဒေါသထွက်နေမိသည်။
နွားများကိုရိုက်နှက်သော်လည်း ပေကပ်ကပ်လုပ်နေသဖြင့် ကိုကျွဲမှာစိတ်ညစ်နေရသည်။ ထိုအခါ ခြေရင်းအိမ်မှာ ဦးပေါက ကိုကျွဲကိုကြည့်ကာ
“မောင်ကျွဲရယ်၊ နွားတွေကိုဘာဖြစ်လို့ ဒီလောက်ရိုက်နှက်နေရတာလဲကွာ”
“ဒီကောင်တွေ ဒီနေ့ကျမှ ဘာဖြစ်နေလဲမသိဘူး ဦးလေးပေါရ၊ ခြံထဲကိုမဝင်ဘဲ ပေကပ်ကပ်လုပ်နေကြတယ်”
ဦးလေးပေါမှာ နွားများကိုအကဲခတ်ကြည့်လိုက်သည့်အခါ နွားများမှာ နားရွက်များလန်နေကာ မျက်လုံးပြူး၍ ထိတ်လန့်နေသည်ကိုတွေ့လိုက်ရသည်။
“နွားတွေက လန့်နေတာကွ၊ နွားရိုင်းသွင်းချိန်မှာ ရွာအပြင်က အပတွေဘာတွေ မှီကပ်လာသလားမသိဘူး မောင်ကျွဲရေ၊ ဒီလိုလုပ်စမ်းပါ၊ ဒီညတော့ မင်းနွားနှစ်ကောင်ကို တို့ခြံထဲက တင်းကုပ်ထဲမှာထည့်ထားလိုက်ကွာ၊ အခြေအနေမဟန်တော့ ဆရာလေးဘာလေးပြရတာပေါ့”
နွားနှစ်ကောင်မှာ ကိုကျွဲ၏ခြံထဲသို့မဝင်ကြသော်လည်း ဦးပေါဆွဲသွားသည့်အခါ အသာတကြည်ပင်လိုက်ပါသွားကြသည်။ ကိုကျွဲမှာ နွားနှစ်ကောင်ကို ဆဲဆို၍ပင်နေသည်။ ညနေထမင်းစားသည့်အခါ ကိုကျွဲမှာ ဒေါ်ငန်းကိုပတ်ရမ်းပြန်သည်။ ကိုကျွဲတစ်ယောက် နွားများကိုခေါ်၍မရသည့်အပြင် စိတ်ထဲတွင်လည်း မည်သည့်အကြောင်းမှန်းမသိဘဲ ဒေါသအလိုလိုထွက်နေမိသည်။ တစ်နေ့လုံး လုပ်၍ကိုင်၍ အဆင်မပြေဖြစ်နေသည့် ဒေါ်ငန်းမှာလည်း ကိုကျွဲကို ကတ်ကတ်လန်ရန်တွေ့သည်။
တစ်ယောက်နှင့်တစ်ယောက် လက်ပါကာ ထိုးကြကြိတ်ကြသဖြင့် အရပ်မှဝိုင်းတားရသည်။ ကလေးအကြီးနှစ်ယောက်မှာ အလွန်ကြောက်လန့်နေသဖြင့် ဘကြီးပေါနှင့်အရီးသုန်တို့က အိမ်တွင်ခေါ်ယူထားရသည်။ ထိုညတွင် ကိုကျွဲမှာ စိတ်ညစ်ညစ်နှင့်အိမ်မှထွက်ခွာသွားသည်။ ဒေါ်ငန်းနှင့် ဒေါ်ဘဲမှာ အိမ်ခန်းတစ်ခန်းစီထဲတွင်အိပ်သည်။ ဒေါ်ငန်းမှာ သမီးအငယ်ဆုံး မိဥကလေးကို အနားတွင်ခေါ်သိပ်ထားသည်။ မောင်တက်တူမှာ အိမ်ခြံအနောက်ဘက် တင်းကုပ်နံဘေးတွင် တဲကလေးထိုးကာ တစ်ယောက်တည်းနေထိုင်သူဖြစ်သည်။
ထိုအချိန်အထိ မည်သူမှ အင်းပြားကလေးအကြောင်းကို သတိမရကြသေးပေ။
(ဂ)
ကိုကျွဲမှာ စိတ်ညစ်ညစ်နှင့် ရွာထိပ်ရှိအရက်ဆိုင်သို့သွားကာ အရက်သောက်နေမိသည်။ ကိုကျွဲမှာ အလုပ်ကိုပင်ပင်ပန်းပန်းကြိုးစားလုပ်ကိုင်သော်လည်း အသောက်အစားမကင်းပေ၊ ယခုအခါတွင်တော့ စိတ်ညစ်နေသဖြင့် ခါတိုင်းထက် အရက်ကိုများများသောက်နေမိသည်။ သောက်ဖော်သောက်ဖက် သူငယ်ချင်းများမှာ ကိုကျွဲမျက်နှာကဲကိုခတ်ကာ မေးမြန်းကြသည်။
“ဟေ့ကောင်ငကျွဲ၊ မင်းဒီလောက်အရက်တွေသောက်နေပုံထောက်ရင်တော့ မင်းမိန်းမမိငန်းနဲ့ ရန်ဖြစ်လာပြီထင်တယ်ကွ၊ ငါပြောတာဟုတ်တယ်မဟုတ်လား”
“ဟုတ်တယ် မောင်ကောင်းရေ၊ မိငန်းတစ်ယောက် အခုတလောဘယ်လိုဖြစ်နေသလဲကို မသိပါဘူးကွာ၊ ငါ့ကိုဆိုရင် မခြေမငံဆက်ဆံတယ်ကွ၊ ခုညနေတုန်းကလည်း ငါ့ကိုကပ်ကပ်လန်ပြန်ပြီးရန်တွေ့တယ်ကွာ၊ တို့အိမ်ထောင်သက်ပဲ ခြောက်နှစ်ရှိတော့မယ်၊ မိငန်းက ငါ့ကိုတစ်ခါမှ ဒီလိုမဆက်ဆံခဲ့ဖူးဘူးကွ”
“သိနေတယ်လေ ငကျွဲရာ၊ မိငန်းဒီလိုဖြစ်မယ်မှန်း ငါကြိုသိပြီးသားပါကွ”
“ဟင်၊ မင်းတို့ကဘယ်လိုဖြစ်ပြီး ကြိုသိနေတာလဲကွ”
“ဒီလိုငကျွဲရ၊ မင်းက တစ်ရွာသားမို့ မသိတာနေမှာ၊ မင်းနဲ့မရခင်တုန်းက မိငန်းတစ်ယောက် တို့ရွာတောင်ပိုင်းက ငွေတိုးဆိုတဲ့လူနဲ့ ရည်းစားဖြစ်ခဲ့ကြသေးတယ်ကွ”
“ဟေ . . .ဒါတွေ ငါမသိပါလားကွာ”
“မင်းပဲမသိတာ တစ်ရွာလုံးက သိတယ် ငကျွဲရေ၊ ဒါပေမယ့် ငွေတိုးက မိငန်းကိုမယူဘဲ မိဘပေးစားတဲ့ သာယာဝတီမြို့သူတစ်ယောက်နဲ့ ယူသွားတယ်တဲ့ကွာ၊ မိငန်းက အဲဒီမှာအသဲကွဲပြီးတော့ စိတ်ခံစားနေရတဲ့အချိန် တစ်ရွာတစ်ကျီကပြောင်းလာတဲ့ မင်းနဲ့တွေ့ပြီးတော့ ငွေတိုးရဲ့နေရာမှာ မင်းကိုအစားထိုးခဲ့တာပဲကွ”
“ဟာကွာ၊ အဲဒါဘာဖြစ်သလဲကွ”
“ဘာဖြစ်ရမလဲ ငကျွဲရာ၊ အခု ငွေတိုးတစ်ယောက် အရင်မိန်းမနဲ့ကွဲပြီး ရွာကိုပြန်ရောက်နေတာ နှစ်ပတ်လောက်ရှိပြီကွ၊ မိငန်းနဲ့ ငွေတိုးက သိပ်ချစ်ကြတာဆိုတော့ သူတို့နှစ်ယောက် ပြန်ပြီးဆက်နိုင်မယ်လို့ မင်းမတွေးမိဘူးလား”
ကိုကျွဲ၏နှလုံးသားထဲတွင် သံသယဟူသည့် သံမှိုတစ်ချက်က စိုက်ဝင်ခဲ့ပြီဖြစ်သည်။ ကိုကျွဲမှာ ငြိမ်၍စဉ်းစားနေသည်မို့ အနီးမှ သူငယ်ချင်းများမှာ တစ်ယောက်ကိုတစ်ယောက် မျက်စပစ်လိုက်ကာ
“မိငန်း မင်းအပေါ်ဆက်ဆံရေးတွေကျဲနေတယ်လို့ မင်းမခံစားမိဘူးလား ငကျွဲရ”
ကိုကျွဲမှာ တောက်တစ်ချက်ခေါက်ကာ စားပွဲပေါ်မှလက်ကျန် အရက်ခွက်ကိုမော့သောက်လိုက်လေသည်။ ထို့နောက် ဒေါသတကြီးနှင့်ထလိုက်ကာ
“တောက်၊ ဒီကိစ္စကို ငါအခုရှင်းမှဖြစ်မယ်၊ ဒီကောင်မတော့ ငါနဲ့တွေ့ပြီဟေ့”
သူငယ်ချင်းများက ရယ်ကျဲကျဲနှင့်
“ဟေ့ကောင်ငကျွဲ၊ မိငန်းနဲ့ ခြင်ထောင်ထဲမှာ စာရင်းရှင်းမနေနဲ့အုံးနော်ကွ ဟား ဟား”
သူငယ်ချင်းများမှာ အပြောင်အပျက်သဘောနှင့် စနောက်ကြခြင်းဖြစ်သော်လည်း ကိုကျွဲ၏စိတ်ထဲတွင် မိငန်းတစ်ယောက် ငွေတိုးနှင့်ဖောက်ပြန်နေသည်ဟု တထစ်ချယုံကြည်သွားမိလေသည်။
ကိုကျွဲမှာ မူးမူးနှင့်အိမ်သို့ပြန်လာခဲ့သည်။ ဒေါ်ဘဲတို့အိမ်မှာ အိမ်ရှေ့တွင် ဈေးဆိုင်ရှိသဖြင့် ခြံတံခါး၊ အိမ်တံခါးများကိုလုံခြုံစွာခတ်ထားသည်ဖြစ်ရာ ကိုကျွဲက ဒေါ်ဘဲကိုအားနာသဖြင့် အိမ်ခေါင်းရင်းဘက် မြေကွက်လပ်မှပတ်ကာ ဝင်လာခဲ့သည်။ ဒေါ်ဘဲမှာ အမကြီးဖြစ်သဖြင့် ခေါင်းရင်းခန်းတွင်အိပ်စက်ကာ ဒေါ်ငန်းမှာတော့ ခြေရင်းခန်းတွင်အိပ်စက်ကြခြင်းဖြစ်သည်။ ကိုကျွဲမှာ ခြေရင်းခန်းအပြင်ဘက်မှအဖြတ်တွင် အိမ်ခန်းထဲတွင် စကားပြောသံတစ်ခုကိုကြားလိုက်ရသည်။ အသေအချာနားထောင်သည့်အခါ ယောက်ျားတစ်ယောက်၏ အသံဖြစ်နေလေသည်။ ကိုကျွဲမှာ အိမ်နောက်ဖေးတံခါးကိ အသာဖွင့်လိုက်သည်။ ဒေါ်ငန်းမှာ ကိုကျွဲအချိန်မတော်ပြန်လာသည့်အခါ တက်နိုင်ရန်အတွက် အိမ်နောက်ဖေးတံခါးကို အသာဖွင့်ပေးထားခြင်းဖြစ်သည်။
ကိုကျွဲမီးဖိုချောင်ထဲရောက်သည့်အချိန်တွင် ယောက်ျားတစ်ယောက်၏ စကားပြောသံကို ပြတ်ပြတ်သားသားကြားနေရလေသည်။
“တောက်၊ လင်ကြီးမရှိတုန်း လင်ငယ်ကို အိမ်ပေါ်ခေါ်ပြီး ပျော်ပါးနေတဲ့ကောင်မ၊ သေပေတော့”
ကိုကျွဲမှာ မီးဖိုချောင်အနီးတွင်ထားသည့် ကိုင်းခုတ်ဓါးကြီးတစ်ခုကိုဆွဲယူလိုက်လေသည်။ ထို့နောက် ခြေကိုဖော့ကာ နောက်ဖေးအခန်းထဲသို့အသာချောင်းကြည့်လိုက်သည်။ မြန်မာအိမ်တို့၏ ထုံးစံအတိုင်း အခန်းများကို တံခါးကာလေ့မရှိဘဲ ခန်းဆီးများသာကာလေ့ရှိသည်ဖြစ်ရာ ကိုကျွဲမှာခန်းဆီးကိုအသာလှပ်ကြည့်လိုက်မိသည်။ အခန်းခေါင်းရင်းတွင် ဆီမီးတိုင်တစ်တိုင်ထွန်းထားသဖြင့် မှိန်မှိန်ကလေး လင်းလက်နေလေသည်။ ဝိုးတဝါးအလင်းရောင်ကလေးအောက်တွင် ယောက်ျားတစ်ယောက်မှာ မိဥကလေးကိုချီရင်း ဒေါ်ငန်းနှင့်စကားပြောဆိုနေလေသည်။ ဒေါ်ငန်းမှာလည်း ပြုံးပြုံးရွှင်ရွှင်နှင့်ဖြစ်နေသည်။
“ဒီမိန်းမကတော့ လင်ငယ်နဲ့ပျော်နေတယ်ပေါ့ဟုတ်လား”
ကိုကျွဲမှာ ခန်းဆီးစကိုဆွဲလိုက်ကာ အိမ်ခန်းအတွင်းသို့လှစ်ခနဲဝင်ရောက်လိုက်သည်။ ထို့နောက် ဒေါ်ငန်းကိုကြည့်ကာ
“ဟဲ့မိငန်း၊ နင်တော်တော်ပျော်နေတယ်ပေါ့လေ”
ဒေါ်ငန်းမှာ မျက်လုံးပြူးမျက်ဆန်ပြူးနှင့်ဖြစ်ကာ
“ကိုကျွဲ၊ ရှင်ဘာတွေပြောနေတာလဲ”
“ဒီနေ့ နင်ရော နင့်လင်ငယ်ကိုပါ ငါသတ်မယ်ဟေ့”
“မလုပ်နဲ့ ကိုကျွဲ၊ ရှင်မှားမယ်”
“အောင်မယ် မှားလက်စနဲ့မထူးဘူး၊ ဟေ့ကောင် သေပေတော့”
ကိုကျွဲမှာ အခန်းအဝင်ဝကိုကျောပေးထိုင်နေသည့် ငွေတိုး၏ဇက်ပိုးကို ကိုင်းခုတ်ဓါးကြီးနှင့် တအားလွှဲကာခုတ်ချလိုက်လေသည်။ ငွေတိုး၏ ဦးခေါင်းမှာ ဓါးချက်ထိမှန်၍ ယတိပြတ် ပြတ်ကာ ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲပြုတ်ကျသွားသည်။ ကိုကျွဲမှာ ငွေတိုးအား စိတ်နာနာနှင့် ကြည့်နေစဉ် ငွေတိုးအဖြစ်မှ ဒေါ်ဘဲအဖြစ်သို့ပြောင်းလဲသွားလေတော့သည်။ ကိုကျွဲမှာ ကိုယ့်မျက်လုံးကိုယ် လက်နှင့်ပွတ်သပ်လိုက်ရသည်။
“ဘယ် . . . ဘယ်လိုဖြစ်ပြီးတော့ အမကြီးဖြစ်နေတာလဲ”
“ရှင်ရူးနေပြီလား ကိုကျွဲရဲ့၊ ရှင်ဟာလူသတ်သမား၊ ရှင်မူးရူးပြီးတော့ ကျုပ်အမကိုကြီးကိုသတ်ခဲ့တာ၊ ရှင့်ကို ကျုပ်ပုလိပ်ကိုတိုင်မယ်၊ ရှင့်ကို ကြိုးစင်တင်ပစ်မယ်”
ထိုစဉ် အိမ်နောက်ဖေးရှိ နွားတင်းကုပ်နံဘေးတွင်နေထိုင်သည့် မောင်တက်တူမှာ ဆိတ်များတအဲအဲအော်သံကြားသဖြင့် တဲပေါ်မှဆင်းလာလေသည်။ မောင်တက်တူမှာ လူပျိုကြီးဖားဖားဖြစ်နေပြီဖြစ်သည်။ ခြံထဲကို ဆိတ်သူခိုးဝင်သည်အမှတ်နှင့် တံခါးအနောက်တွင်ထောင်ထားသည့် လှံတိုကလေးတစ်ချောင်းကိုယူကာ ခြံထဲထွက်လာခဲ့သည်။ မှိန်ပြပြလရောင်အောက်တွင် ယောက်ျားသားတစ်ဦးမှာ အိမ်နောက်ဖေးတံခါးပေါက်မှ အိမ်ပေါ်သို့ တက်သွားသည်ကိုတွေ့လိုက်ရပြန်သည်။ မောင်တက်တူမှာ ကိုကျွဲဖြစ်မည်ဟုတွေးမိသော်လည်း အိမ်ပေါ်တက်သွားသည့်သူ၏ ဟန်ပန်အမူအရာမှာ သူခိုးခြေလှမ်းသလို တိုးတိုးကုပ်ကုပ်ကလေးတက်သွားသဖြင့် ကိုကျွဲမဖြစ်နိုင်ဟု တွေးမိကာ အိမ်နောက်ဖေးတံခါးမှ အသာကလေးတက်လာခဲ့သည်။ အခန်းအတွင်းမှ တဝုန်းဝုန်းအသံကြားရပြီး အော်ဟစ်သံများကြားရသဖြင့် မောင်တက်တူမှာ လှံကိုအသင့်ကိုင်ကာ အခန်းအတွင်းလှမ်းဝင်လာခဲ့သည်။
အခန်းအတွင်းမြင်လိုက်ရသည့်မြင်ကွင်းကြောင့် မောင်တက်တူတစ်ယောက် အံ့သြမှင်တက်သွားမိသည်။ ဒေါ်ဘဲမှာ ခေါင်းပြတ်ကျကာ ကြမ်းပေါ်တွင်မှောက်ခုံကြီးလဲကျနေလေသည်။ သွေးများမှာလည်း မြင်၍မကောင်းပေ၊ ဒေါ်ငန်းမှာ မိဥကလေးကိုချီပိုးလျှက် ငိုကြွေးအော်ဟစ်နေလေသည်။ ကိုကျွဲမှာတော့ သွေးများစီးကျနေသည့် ဓါးကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။
“ကိုကျွဲ . . . ကိုကျွဲ ဘယ်လိုလုပ်လိုက်တာလဲ”
ကိုကျွဲမှာ မောင်တက်တူကိုငေးကြည့်ရင်း မောင်တက်တူ၏ လက်အတွင်းမှလှံကိုကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် မောင်တက်တူမှာ မိမိအားလှံဖြင့်ထိုးရန် ကြံရွယ်နေသည်ဟု ယူဆလိုက်မိကာ မောင်တက်တူထံသို့ ပြေးခုန်ဝင်လျှက် မောင်တက်တူ၏ လည်ပင်းကို ကိုင်းခုတ်ဓါးဖြင့် လွှဲခုတ်ချထည့်လိုက်သည်။
ကိုင်းခုတ်ဓါးမှာ မောင်တက်တူ၏ လည်ပင်းနှင့် ပုခုံးအကြားသို့တိုးဝင်သွားကာ ရင်ညွန့်အနီးသို့ပင် ပြတ်ရှသွားပြီဖြစ်သည်။ မောင်တက်တူမှာ ကြမ်းပြင်ပေါ်သို့ဒူးထောက်ထိုင်ကျသွားသည်။ ကိုကျွဲမှာ သရဲဘီလူးစီးသည့်နှယ် ဖြစ်နေကာ မောင်တက်တူအား ကိုင်းခုတ်ဓါးဖြင့် သုံးလေးချက်ခန့် ဆင့်ခုတ်ပြန်သည်။
“မင်းကများ ငါ့ကိုလှံနဲ့ထိုးချင်သေးတာလားကွ၊ သေစမ်းကွာ သေစမ်း”
ကိုကျွဲမှာ ပါးစပ်မှဗလုံးဗထွေးရေရွတ်ရင်း မောင်တက်တူကို တဒုတ်ဒုတ်နှင့်ခုတ်နေလေတော့သည်။ ကိုကျွဲတစ်ကိုယ်လုံးလည်း သွေးများက ရေချိုးထားသည့်နှယ် ပေကျံနေလေသည်။ ဒေါ်ငန်းမှာ အလွန်ကြောက်လန့်လှသဖြင့် ကလေးကိုပွေ့ချီကာ အခန်းထောင့်တွင် ကျုံ့ကျုံ့ကလေးကပ်နေသည်။
ကိုကျွဲမှာ မောင်တက်တူကို ခုတ်ထစ်ပြီးသည့်အခါ ဒေါ်ငန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ကိုကျွဲ၏ မျက်လုံးများမှာ မီးအလင်းရောင်အောက်တွင် ဝင်းဝင်းတောက်နေသည်ဟု ထင်ရသည်။ ဒေါ်ငန်းက ကိုကျွဲကိုကြည့်ရင်း
“ကိုကျွဲ၊ ရှင်ကျုပ်အမကိုသတ်တယ် ရှင့်ကိုကျုပ် ပုလိပ်ကိုတိုင်မယ်၊ ရှင့်ကို ကြိုးစင်ရောက်အောင်ပို့မယ်”
ကိုကျွဲက တဟားဟားနှင့်ရယ်လိုက်ကာ
“ဟဲ့မိငန်း၊ ငါပဲကြိုးစင်ရောက်မလား နင်ပဲ ငရဲပြည်အရင်ရောက်မလားဆိုတာကို ကြည့်ကြသေးတာပေါ့”
ကိုကျွဲမှာ ကိုင်းခုတ်ဓါးကြီးကိုင်လျှက် ဒေါ်ငန်းဆီသို့တစ်လှမ်းချင်းစီလှမ်းလာနေလေသည်။ ဒေါ်ငန်းမှာ အရပ်ကိုအော်ဟစ်ကာ အကူအညီတောင်းရသည်။
ကျေးလက်တောရွာမှ အိမ်များမှာ ခြံကျယ်ကြီးများနှင့်ဖြစ်ပြီး တစ်အိမ်နှင့်တစ်အိမ် အတော်လှမ်းလှမ်းတည်ဆောက်ထားကြသောကြောင့် တော်ရုံအသံဆိုလျှင် မကြားနိုင်ပေ၊ သို့သော် ခြေရင်းအိမ်မှ အအိပ်ဆတ်သည့် ဘကြီးပေါမှာ ဒေါ်ငန်း၏ အော်သံကိုကြားလိုက်ရသဖြင့် လန့်နိုးသွားမိသည်။
ဘကြီးပေါမှာ အိပ်နေရာမှ ငေါက်ခနဲထလိုက်ကာ ထရံတွင်ချိတ်ဆွဲထားသည့် ဒူးလေးကိုဖြုတ်ယူလိုက်သည်။ ထို့နောက် ခြေရင်းခန်းတွင်အိပ်နေသည့် သားဖြစ်သူ မောင်သော်ကို နှိုးလိုက်သည်။
“မောင်သော်ရေ၊ ထစမ်းပါအုံးကွာ၊ မိငန်းတို့အိမ်က အော်သံကြားတယ်ကွ၊ ဘာဖြစ်သလဲမသိဘူး”
မောင်သော်မှာ အသက်သုံးဆယ်ခန့်ရှိကာ ဗလကောင်းကောင်းနှင့်ဖြစ်သည်။ နိုးနိုးကြားကြား ဖျတ်ဖျတ်လတ်လတ်လည်းရှိပေသည်။ မောင်သော်မှာ ဓါးတစ်လက်ကိုဆွဲယူလိုက်ကာ ဘကြီးပေါနှင့်အတူ ဒေါ်ငန်းတို့ခြံဘက်သို့ကူးလာကြသည်။ ရှေးက တောရွာများတွင် တစ်အိမ်နှင့်တစ်အိမ် ခြံစည်းရိုးခတ်လေ့မရှိဘဲ ချုံပင် သစ်ပင်များကိုသာ အရံအတားအဖြစ်စိုက်ပျိုးထားသည်မို့ ဘကြီးပေါတို့သားအဖမှာ ပုဏ္ဏရိပ်ခြုံကြီးကိုတိုးကာ ဒေါ်ငန်းတို့အိမ်ဘက်သို့ပြေးလာခဲ့ကြသည်။ ဒေါ်ငန်းတို့အိမ်ရှေ့တံခါးမှာ ပိတ်ထားသဖြင့် အိမ်နောက်ဖေးဘက်မှပြေးတက်လာကြသည်။
ကိုကျွဲမှာလည်း ဒေါ်ငန်းကိုဓါးဖြင့်ခုတ်ရန် နိးကပ်လာလေသည်။ ဒေါ်ငန်းမှာ ကြံရာမရတော့သဖြင့် အနီးရှိ ရေနံဆီမီးခွက်ကို ကောက်ယူလိုက်ကာ ကိုကျွဲထံသို့ လှမ်းပေါက်ထည့်လိုက်သည်။ ရေနံဆီမီးခွက်မှာ ကိုကျွဲ၏ မျက်နှာတည့်တည့်သို့ထိမှန်သဖြင့် ကိုကျွဲ၏ဆံပင်နှင့်ကိုယ်လုံးကို ရေနံဆီများဖိတ်စင်ကာ မီးစွဲလောင်တော့သည်။ ဒေါ်ငန်းမှာ ထိုအဖြစ်ကိုအခွင့်ကောင်းယူကာ ကိုကျွဲကိုတွန်းတိုက်လိုက်ပြီး အခန်းအတွင်းမှပြေးထွက်လာခဲ့တော့သည်။
ကိုကျွဲမှာလည်း အခန်းအပြင်သို့ပြေးထွက်လာသည်။ အိမ်နောက်ဖေးဘက်သို့ လှည့်ပြေးလာသည့် ဒေါ်ငန်းမှာ အိမ်နောက်ဖေးမှတက်လာသည့် ဘကြီးပေါတို့သားအဖနှင့် ပက်ပင်းသွားတိုးသည်။
“ဟဲ့ မိငန်း၊ နင်တို့ဘာဖြစ်ကြတာလဲ”
ထိုစဉ် သွေးအလိမ်းလိမ်းပေကျံညစ်ပတ်နေသည့် ကိုကျွဲမှာ ဓါးကြီးကိုင်လျှက် အိပ်ခန်းအတွင်းမှထွက်လာခဲ့သည်။
“မောင်ကျွဲ မင်းဘာဖြစ်နေတာလဲ”
ကိုကျွဲမှာ ဓါးကိုဝင့်လျှက် အရှေ့သို့လှမ်းတက်လာသည်။ ပါးစပ်မှာလည်း ဒေါ်ငန်းကိုသတ်မယ့်အကြောင်း ရေရွတ်ပြောဆိုနေလေသည်။
“ဘကြီးပေါ၊ ကျွန်မကိုကယ်ပါ ဘကြီးပေါရယ်”
ဒေါ်ငန်းမှာ အရှေ့သို့လှမ်းတက်လိုက်သည့်အခါ ကိုကျွဲက လက်ထဲတွင်ကိုင်ထားသည့် ကိုင်းခုတ်ဓါးဖြင့် လှမ်းပစ်ထည့်လိုက်ရာ ဒေါ်ငန်း၏ ခါးတည့်တည့်သို့တိုးဝင်နစ်မြုပ်သွားလေသည်။ ဒေါ်ငန်းမှာ အရှေ့သို့ယိုင်လဲကျသည့်အချိန် ကိုကျွဲမှာ ဒေါ်ငန်းကိုသတ်ဖြတ်ရန်ပြေးလာလေသည်။ ဘကြီးပေါက လက်ထဲတွင်ကိုင်ထားသည့် ဒူးလေးဖြင့် ကိုကျွဲကိုလှမ်းချိန်လိုက်ကာ
“ဟေ့ကောင် ငကျွဲ၊ မင်းအရှေ့မတိုးနဲ့၊ တိုးရင်မင်းကိုငါပစ်မယ်ကွ”
ကိုကျွဲမှာ အကြောက်အလန့်မရှိဘဲ အရှေ့သို့ခုန်တက်လာသည်။ ဘကြီးပေါက ဒူးလေးဖြင့်ပစ်ခတ်ထည့်လိုက်ရာ ကိုကျွဲ၏နံကြားတည့်တည့်သို့ ဒူးလေးမြားတံမှာ စိုက်ဝင်သွားသည်။ သို့သော် ကိုကျွဲမှာ ရပ်တန့်သွားခြင်းမရှိဘဲ အရှေ့သို့ဆက်တိုးလာခဲ့ကာ ဘကြီးပေါအားခုန်အုပ်ရန်ကြိုးစားသည်။ ထိုအခါ နံဘေးတွင်ရှိနေသည့် မောင်သော်မှာ ကိုကျွဲထံသို့ပြေးခုန်ဝင်ကာ နှစ်ဦးသားတိုက်ခိုက်ကြလေတော့သည်။
အသားမည်းမည်းထွားထွားကျိုင်းကျိုင်းနှင့် ကိုကျွဲမှာ ဘီလူးကြီးတစ်ကောင်ကဲ့သို့ဖြစ်နေပြီး အလွန်ကြမ်းတမ်းစွာတိုက်ခိုက်နေလေတော့သည်။ ကိုကျွဲနှင့် မောင်သော်တို့မှာ ဘတစ်ပြန်ကျားတစ်ပြန်ဖြင့် အိပ်ပေါ်တွင်လုံးထွေးသတ်ပုတ်နေကြသည်။ ကိုကျွဲမှာ မောင်သော်၏ အပေါ်သို့တက်ခွကာ မောင်သော်၏လည်ပင်းကို လက်ဖြင့်တအားညှစ်သတ်နေသည်။ မောင်သော်မှာ ရုန်းကန်ရင်း ကိုကျွဲကိုခြေထောက်နှင့်ညှပ်ကာ နံဘေးသို့လှိမ့်ချလိုက်သည်။ အိမ်ထရံနှင့်တိုက်မိပြီးသည့်နောက် အိမ်ထရံကြီးပွင့်ထွက်ကာ ကိုကျွဲရော မောင်သော်ပါ အိမ်အပေါ်မှပြုတ်ကျကြလေသည်။ မောင်သော်မှာ ဖင်ထိုင်လျှက်သားကျသော်လည်း ကိုကျွဲမှာ အိမ်ပေါ်မှခေါင်းဖြင့်ကျပြီး အောက်မှမြေကြီးတွင်ခေါင်းစိုက်ကာ ဂျွတ်ခနဲအသံကြီးမည်ထွက်၍ ဇက်ကျိုးကျသွားလေသည်။
ကိုကျွဲ၏ ခေါင်းမှာဇက်ကျိုးသွားသဖြင့် တွဲလောင်းကြီးဖြစ်နေသည်။ ကိုကျွဲမှာ မြေပြင်မှအားယူ၍ ကုန်းထနေသေးသည်။ မောင်သော်မှာ ကိုကျွဲ၏ကျောကုန်းကိုလက်သီးဖြင့်ထိုး ခြေထောက်ဖြင့်ကန်နေရင်း အတော်ကြာသည့်အချိန်မှ ကိုကျွဲမှာငြိမ်ကျသွားတော့သည်။ မောင်သော်လည်းတစ်ကိုယ်လုံးမောပန်း၍နေလေပြီ။
ထိုအဖြစ်ဆိုးကို တစ်ရွာလုံးမှလူများက လာရောက်ကြည့်ရှုကြသည်။ နှလုံးမခိုင်သူများက မူးမေ့လဲကုန်သည်။ အသည်းငယ်သူများမှာ တဝေါဝေါနှင့်ထိုးအန်ကြသည်။ မနက်ရောက်သည့်အခါ ပုလိပ်များက လာရောက်စစ်ဆေးလေသည်။ မောင်သော်ကိုဖမ်းဆီးသွားကာ လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်ကြသည်။ ရက်သတ္တပတ်တစ်ပတ်ခန့်ကြာသောအခါ ပြစ်မှုကင်းစင်သဖြင့် ကွင်းလုံးကျွတ်လွတ်မြောက်သွားသည်။
ဒေါ်ငန်းမှာ ခါးလယ်မှဓါးဒဏ်ရာကို ဗိန္ဓောဆရာကြီးကိုပင့်၍ ကုသသည်။ ကိုကျွဲတို့သေဆုံးသွားပြီးသည့်အချိန်အထိ အိမ်ကြီးမှာ လူသူများလှုပ်ရှားနေသည့်နှယ် ခြောက်လှန့်နေသေးသည်။ ဒေါ်ငန်း၏ အနာမှာ ပြည်တည်ကာငန်းမန်းဝင်နေသဖြင့် ဒေါ်ငန်းတစ်ယောက်လူမှန်းသူမှန်းမသိအောင်ပင် ဖျားနာမေ့မြောနေလျှက်ရှိသည်။
ဒေါ်ငန်းသတိရလာသည့်အခါ ဗိန္ဓောဆရာကြီးကမေးစမ်းကြည့်သည်။
“မိငန်း၊ နင်တို့မိသားစုအခုလိုဖြစ်ရတာ ငါမသင်္ကာဘူးနော်၊ နင်တို့အိမ်မှာ ဒီမတိုင်ခင်က တစ်ခုခုထူးဆန်းတာမျိုးဖြစ်ခဲ့သေးလား”
ဒေါ်ငန်းမှာ ခေါင်းသာခါပြသည်။
“ထူးဆန်းတဲ့ အင်းအိုင်ခါးလှည့် လက်ဖွဲ့တွေ ရလာတာမျိုးရောရှိသလား”
ဒေါ်ငန်းမှာ ခေါင်းခါပြန်သည်။ သို့သော်မကြာမီမှာပင် လွယ်အိတ်အတွင်းမှ အင်းကွက်ကလေးကိုသတိရလိုက်သည်။
“အင်း . . . အင်းဆိုတော့မှ ဒီအဖြစ်တွေမဖြစ်ခင်မနက်က အင်းကွက်တစ်ကွက်ကောက်ရလာခဲ့တယ်”
“ပြစမ်း အဲဒီအင်းဘယ်မှာလဲ”
“အိမ်ရှေ့တိုင်က လွယ်အိတ်မှာချိတ်ထားတယ်”
ဘကြီးပေါမှာ လွယ်အိတ်ကိုပြေးယူပေးလိုက်သည်။ ဗိန္ဓောဆရာကြီးမှာ လွယ်အိတ်ကိုဖွင့်လိုက်သည့်အခါ ရွှေပြားကလေးပေါ်တွင်ရေးဆွဲထားသည့် အင်းကွက်ကလေးကိုမြင်လိုက်ရသည်။ ဗိန္ဓောဆရာကြီးမှာ အင်းကွက်ကိုကိုင်တွယ်ကြည့်ရှုလိုက်သည့်အချိန်မှာပင် တစ်ကိုယ်လုံးကြက်သီးများတဖြန်းဖြန်းထလျှက် ခြေလက်များတုန်ယင်လာသည်။ ရှေးအခါက ဗိန္ဓောဆေးဆရာများမှာ ဆေးကုသခြင်းအတတ်အပြင် ပယောဂကုသည့်အတတ်ကိုပါ အနည်းအကျဉ်းတက်မြောက်ကြသူများဖြစ်သည်။ ဆေးဆရာကြီးမှာ အတွေ့အကြုံရင့်သူမို့ အင်းကွက်ပုံစံကိုကြည့်လိုက်ကာ အလွန်ထိတ်လန့်သွားသည်။
“ဒါ . . . ဒါ ပုဏ္ဏကအင်းကြီးပဲ၊ ဘီလူးစောင့်တဲ့အင်းမျိုးပဲ၊ မိငန်း၊ ဒီအင်းကိုနင်ဘယ်ကရတာလဲ”
“ဈေးသွားရင်း ဖိုးဘုံဇရပ်အရှေ့ကနေ ကောက်လာခဲ့တာဆရာကြီး၊ ရွှေပြားကလေးဆိုတော့ ထုခွဲရောင်းချမယ်ဆိုပြီး ယူလာခဲ့တာပဲ၊ လှတာလည်းပါတာပေါ့”
“ရွှေရောင်တောက်နေပေမယ့် ရွှေအစစ်မဟုတ်ဘူးဟ၊ ကြေးနဲ့ရွှေအရောပဲ၊ ဟောဒီ ပုဏ္ဏကအင်းဟာ အောက်လမ်းဆရာတစ်ယောက်ယောက်စီရင်ထားတာဖြစ်မယ်၊ ဒီအင်းကို ဘီလူးစောင့်တယ်ဟဲ့၊ အစောင့်ဘီလူးက တော်တော်ငတ်ပြတ်နေပုံရတယ်၊ နင့်ယောက်ျားနဲ့နင့်အမသေတာ ဒီဘီလူးလုပ်တာပဲဖြစ်မယ်”
ဆရာကြီးက အင်းကွက်ကို ဘကြီးပေါထံသို့လှမ်းပေးရင်း
“ဦးပေါရေ၊ ဟောဒီအင်းကို ရေစီးနေတဲ့ချောင်းထဲသာ လွှင့်ပစ်လိုက်ပါ၊ လွှင့်ပစ်တဲ့အခါမှာလည်း နောက်ပြန်၊ လက်ပြန်ပစ်နော်၊ ပြီးရင်ပြန်လှည့်မကြည့်နဲ့”
ဘကြီးပေါမှာ အင်းကွက်ကိုယူဆောင်ပြီး သုံးဆယ်ချောင်းအနီးသို့ပြေးထွက်လာခဲ့သည်။ ချောင်းကိုကျောပေးရပ်လိုက်ကာ အင်းကွက်ကို အနောက်သို့လက်ပြန်ပစ်ရန်အတွက် ကြံရွယ်လိုက်သည်။ ထိုစဉ် အင်းကွက်မှ ရွှေရောင်ဝင်းလက်လာကာ ဘကြီးပေါကို ညှို့ယူနေသကဲ့သို့ဖြစ်နေသည်။ ဘကြီးပေါစိတ်ထဲတွင် မည်သည့်အကြောင်းအရင်းမှန်းမသိဘဲ အင်းကွက်ကိုသိမ်းထားချင်စိတ်များတဖွားဖွားဖြစ်ပေါ်လာလေသည်။
သို့သော် ဘကြီးပေါမှာ လူကြီးမို့ စိတ်ဆုံးဖြတ်ချက်ခိုင်မာသည်။ အင်းမှာ မိမိကိုညှို့ယူနေမှန်းသိလိုက်သည်မို့ အင်းကွက်ကိုကြည့်လိုက်ကာ
“ဟေ့ကောင်၊ မင်းငါ့ကိုမဖျားယောင်းနဲ့၊ ငါက မင်းဖျားယောင်းတိုင်း ကျရှုံးမယ့်လူမဟုတ်ဘူးကွ၊ သွားပေတော့ဟေ့”
ဘကြီးပေါမှာ ချောင်းအတွင်းသို့ပစ်ချလိုက်တော့သည်။ ထို့နောက်လှည့်၍ပင်မကြည့်ဘဲ ခပ်သုတ်သုတ်ပြေးထွက်လာခဲ့သည်။
ဒေါ်ငန်းမှာ အနာရင်းကာ အခြေအနေမကောင်းလှပေ၊ တအီးအီးနှင့် လူမှန်းမသိအောင်ညည်းညူနေလေသည်။ ဆေးဆရာကြီးမှာလည်း အခြေအနေမကောင်းမှန်းသိသဖြင့် ခေါင်းတခါခါနှင့်ဖြစ်နေသည်။ ထိုစဉ် ဒေါ်ငန်းမှာ မျက်လုံးကြီးများပြူးထွက်သွားပြီး တဟင်းဟင်းနှင့်ရယ်မောလေသည်။ ဒေါ်ငန်းပုံစံပြောင်းသွားသဖြင့် ဆေးဆရာကြီးမှာ ရိပ်စားမိသွားပြီး
“ဟေ့ လူနာကိုဘယ်သူရှုပ်တာလဲ”
“ငါပဲ၊ ငါက အင်းစောင့် ပုဏ္ဏကဘီလူးပဲ၊ နင်တို့အသိမြန်သွားလို့ပေါ့ဟာ မဟုတ်ရင်ငါက တစ်အိမ်လုံးကိုစားမှာ၊ တစ်ရွာလုံးကို စားပစ်မှာဟဲ့”
“ဟဲ့ဘီလူး၊ လူနာကို နင်မညှင်းဆဲနဲ့ အခုပဲထွက်သွားစမ်း”
“သွားမှာ၊ သွားမှာ ဒီကောင်မကို ငါစားပြီးရင် ထွက်သွားတော့မှာ”
ဒေါ်ငန်းမှာ အသံသြသြကြီးနှင့် ဟက်ဟက်ပက်ပက်ရယ်မောလေသည်။ ဒေါ်ငန်း၏ ရယ်သံကြီးမှာ အလွန်ကြောက်စရာကောင်းလှသည်ဟုဆိုသည်။ ထိုသို့ရယ်မောပြီးသည့်အခါ ဒေါ်ငန်းမှာ ခေါင်းငိုက်စိုက်ကျလျှက် အိပ်ရာပေါ်သို့ပက်လက်လန်ကာလဲကျသွားသည်။ ဆေးဆရာကြီးက စမ်းသပ်သည့်အခါတွင် ဒေါ်ငန်းမှာ အသက်ငင်နေပြီဖြစ်သည်။ ဒေါ်ငန်းက ဘကြီးပေါကိုတစ်ချက်ကြည့်ပြီး လေသံကလေးဖြင့်
“ဘကြီးပေါ၊ ကျွန်မရဲ့ကလေးတွေကို ဘကြီးပေါလက်ကိုအပ်ခဲ့မယ်နော်”
“အေးပါ၊ မိငန်းရာ ငါသူတို့ကိုသေချာစောင့်ရှောက်မှာပါ”
“ကျွန်မသွားရတော့မယ်၊ ကျွန်မကိုဘီလူးကြီးက ခေါ်နေပြီ၊ လုပ်ကြပါအုံး . . . ကယ်ကြပါအုံး ဘီလူးကြီးက ကျွန်မဆံပင်ကိုဆွဲနေပြီ”
ဒေါ်ငန်းမှာ အော်ဟစ်ရင်း အသံတိမ်ကာ ငြိမ်သက်ကျသွားလေတော့သည်။
ဘကြီးမှုန်မှာ အတိတ်အကြောင်းအရာများကိုပြန်လည်ပြောပြနေရင်း မောသွားသဖြင့် ရေနွေးကြမ်းတစ်ခွက်ကို မော့သောက်လိုက်သည်။ မိဝေက
“အဲဒါဆိုရင် ရွာတောင်ပိုင်းက အဘွားဒေါ်ဥဆိုတာ ဒေါ်ငန်းကြီးရဲ့သမီးအငယ်ဆုံး မိဥဆိုတာပေါ့နော်”
“သိပ်ဟုတ်တာပေါ့ မြေးရယ်၊ ဒီအဖြစ်က တကယ်ဖြစ်ခဲ့တဲ့အဖြစ်ပဲ၊ အဲဒီကတည်းက ရွာကလူတွေဟာ အင်းကွက်တွေကိုသိပ်ကြောက်သွားကြတယ်၊ လမ်းမှာတွေ့တဲ့အင်းကို အိမ်ကိုယူမလာကြဖို့၊ မကောက်ကြဖို့ ကလေးတွေကိုမှာထားကြတာပေါ့ကွဲ့၊ ဒါကြောင့် မြေးတို့ကိုလည်း ဘိုးဘိုးက အတန်တန်မှာနေရတာ၊ နောက်ဆိုရင် အင်းကွက်တွေဘာတွေတွေ့ရင် ကောက်မလာကြနဲ့ ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါဘိုးဘိုး သမီးတို့နားလည်ပါပြီ”
“ကဲ ညစာစားချိန်တောင်ရောက်တော့မယ်၊ ရေမိုးချိုးလိုက်ကြတော့၊ ပြီးရင် တို့မြေးအဘိုးတွေအတူတူထမင်းစားကြတာပေါ့ကွယ်”
မိဝေနှင့် မြေးမလေးများမှာ ရေချိုးရန်အတွက်ထွက်ခွာသွားကြသည်။ ဘကြီးမှုန်မှာ မြေးများကိုကြည့်ရင်း ဒေါ်ဘဲကြီးတို့အကြောင်းကိုပြန်တွေးမိကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်လေတော့သတည်း။
ပြီးပါပြီ။