“မြတ်စံထွန်း”နှင့်
ပေါရိသာရ ငစိန်
****************************
“ကဝိထက်စွာ၊အောက်မိစ္ဆာဟု
ပညာအထူး၊ သားစားကြူးသည့်
ဘီလူးမှော်….”
တလင်းကုန်းရွာကြီးမှလှမြတ်ကျော်ဆိုသော မိန်းကလေး၏ နေအိမ်ရှိ အိမ်တွင်းအတိုက်ပြဿနာကိုဖြေရှင်းပြီးသည့်နောက် မြတ်စံထွန်းသည် နေ့မကူးမီ ရွာထဲမှချက်ချင်း ထွက်လာခဲ့လေ၏။
ညနေဆည်းဆာ နွားရိုင်းသွင်းချိန်၌ ရွာနှင့်ခပ်ဝေးဝေးမှ လက်ခုပ်ပင်ချောင်းသို့ရောက်လာခဲ့သည်။ ချောင်းသည်နာမည်နှင့်လိုက်အောင်ပင် ချောင်းရိုးတစ်လျောက် လက်ခုပ်ပင်ကြီးများပေါက်နေသည်။
ညီအစ်ကိုမသိတသိ မှောင်ရီပျိုးစအချိန်တွင် မြောက်အရပ်မှပြန်၍တိုက်ခတ်သောလေ အဟုန်ကြောင့် လက်ခုပ်ပင်ကြီးများမှာရိမ်းထိုးနေ၏။ နေ့တာတိုသော ဥတုဖြစ်သည့်အလျောက် နေရောင်ပင် ပျောက်ကွယ်လုနီးနီး။ ညအချိန်တွင် ချောင်းရိုးတောစပ်တလျောက် ခရီးဆက်ရန်မသင့်သောကြောင့် မြတ်စံထွန်းသည် ထိုလက်ခုပ်ပင်ကြီးကိုသာမီ၍ တစ်မှေးအိပ်လိုက်သည်။
ပျံ့လွင့်နေသောစိတ်အာရုံတို့သည် တဖြည်းဖြည်းဝေဝါးလာပြီး နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားခိုက် အိပ်မက်တစ်ခုကိုမြင်မက်ခဲ့သည်။အိပ်မက်ထဲတွင်လည်း ထိုအပင်ကြီးအောက်၌သာရှိနေ၏။အိပ်မက်တို့၏အရောင်ကိုမှတ်သားရန် ခဲရင်းသော်လည်း ထိုအိပ်မက်ထဲ၌ လက်ခုပ်ပင်မှ နီမြန်းသောအရောင်အဝါတို့ထွက်ပေါ်နေ၏။ထိုအရောင်အဝါများကြား၌ ဝတ်ဖြူစင်ကြယ်နှင့်ထင်ရှားသော အသွင်သဏ္ဍာန်ရှိသည့်တစ်စုံတစ်ဦးကရုပ်ချည်းထွက်ပေါ်လာပြီး မတ်တပ်ရပ်လျက်မှလက်အုပ်ချီရင်း…
“ဤအပင်အောက်သို့ ဆိုက်ဆိုက်ရောက်လာခဲ့သည်မှာ ကောင်းခြင်းမင်္ဂလာတစ်ပါးပင်ဖြစ်ပေသည် ဆရာသခင်”
“အသင်မည်သူနည်း….အဘယ်မျိုးနွယ်ဝင်ဖြစ်သနည်း…မည်သို့သောအကြောင်းကိစ္စကြောင့် ကိုယ်ထင်ပြရပါသနည်း”
အိပ်မက်ထဲတွင် မြတ်စံထွန်းကဤသို့မေးလေရာ ကိုယ်ရောင်ကိုယ်ဝါတောက်ပလှသော ထိုပုဂ္ဂိုလ်က..
“ကျွန်ုပ်သည်ကား ဤအပင်ကိုပိုင်စိုးသပါသော ရုက္ခစိုးနတ်ပင်ဖြစ်ချေသည်…လောကီအကျိုးကိုဆောင်သော ဆရာသခင့်ထံ အကူအညီတောင်းရန်လာရောက်ရခြင်းပါ”
“အသင်ရုက္ခစိုးသည် ဒုက္ခမျိုးအပေါင်းတို့အား
ဝဿဝဏ်နတ်မင်း၏ အာနုဘော်ဖြင့်ဖယ်ရှားနိုင်သည်မဟုတ်ပါလော…”
“ကျွန်ုပ် ရုက္ခစိုး၏အရေးကိစ္စမဟုတ်ပါ…ဤအပင်တို့ကိုအစွဲပြု၍ ခေါ်ဝေါ်သော ဤလက်ခုပ်ပင်ချောင်းမှ ချောင်းစောင့်နတ်မင်း၏အရေးကိစ္စဖြစ်ပေတယ် ဆရာသခင်….အရေးကိစ္စအားမည့်သို့မည်ပုံဟုမသိရဘဲ ဘေးဒုက္ခဖြစ်နေသည်မှာကြာလှပြီ၊ ချောင်းရိုးတစ်လျောက်ကိုသာ အကူအညီပေးပါဟုမနောဖြင့်မှာကြားပါသည်…ကျွန်ုပ်မှာပိုက်နက်ကိုကျော်လွန်၍ တန်ခိုးမသက်ရောက်သည်ကတစ်ကြောင်း၊ မည်သို့မည်ပုံကူညီရမည်ကိုမသိ၍လည်းတစ်ကိစ္စနှင့်မို့ ဆရာသခင် ကူပါက ဤဆေးမြစ်ကိုလက်ဆောင်ယူသွားပါလော့…”
ရုတ်တရက် တိုက်ခက်သောလေအေးကြောင့် မြတ်စံထွန်းအိပ်ယာမှနိုးလာခဲ့သည်။ အိပ်မက်ကိုတရေးရေးတွေးရင်း ထရပ်မည်အပြု လက်ထဲတွင် ဆေးမြစ်ကလေးတစ်ခုရောက်နေသည်ကိုသတိထားမိသဖြင့်
ရုက္ခစိုးကိုကျေးဇူးစကားဆိုရင်းဆေးမြစ်ကိုအိတ်ထဲထည့်ပြီး ချောင်းတစ်လျောက်စုန်ဆင်းလာခဲ့သည်။
လက်ခုပ်ပင်ချောင်းသည် မြန်အောင်၊ကြံခင်းစသောအရပ်ဒေသအနီးတွင်ရှိပြီး တလင်းကုန်း၊ ကျောက်အိုင်နှင့် ညောင်ဖြူပင်(မဟိဒ္ဓိစကြာရှင်၏ဇာတိ)ရွာတို့ကိုဖြတ်စီး၍ဧရာဝတီမြစ်အတွင်းသို့စီးဝင်၏။
ဆွမ်းခံပြန်ချိန်၌ ခပ်လှမ်းလှမ်းမှ ကျောက်အိုင်ရွာသို့လှမ်းမြင်နေရချေပြီ။မြတ်စံထွန်းသည် အဝေးမှလာ၍ရိုက်ခတ်သော အမျိုးအမည်မသိစက်လှိုင်းတစ်ခုကို လည်းခံစားမိ၏။ ရွာနယ်နိမိတ်နှင့်နီးလေလေ ချောင်းထဲသို့ဆင်းချင်သောစိတ်ဆန္ဒပြင်းလေလေဖြစ်လာသောကြောင့် ကိုယ်လက်သုတ်သင်ရန်ရေထဲသို့ဆင်းမည်အပြု …..
“ဟေ့…ဟေ့…ဟေ့လူ…မဆင်းနဲ့ မဆင်းနဲ့ ဒုက္ခရောက်သွားမယ် တက်တက်”
မြတ်စံထွန်းလည်း အသံလာရာကိုလှမ်းကြည့်လိုက်သည်။နွားတစ်အုပ်ကြားမှ ဝါးခမောက်ဟောင်းကိုဆောင်း၍ ပုဆိုးခါးပုံစာကို ဒူးနားသို့ရောက်အောင်ချထားသည့် အောင်ကျော်ဟုအမည်ရသောနွားကျောင်းသား လူငယ်တစ်ဦးဖြစ်နေသည်။ မြတ််စံထွန်းသည် ကမ်းပါးကိုကိုင်၍နင်း၍တက်၏။ နွားကျောင်းသားလည်း အနီးသို့တိုးလာ၏။
“ဧည့်သည်ထင်ရဲ့…ချောင်းထဲကိုတော့ မဆင်းလိုက်နဲ့နောင်ကြီးရေ….ဒုက္ခအကြီးအကျယ်ရောက်သွားမယ်….လာလာ ကျုပ်နဲ့လိုက်ခဲ့”
နွားကျောင်းသား လူငယ်သည် မြတ်စံထွန်းကိုခေါ်ပြီး ထန်းပင်ကြီးတစ်ပင်အောက်သို့ ရှေ့ကသွားနှင့်၏။ နွားတစ်အုပ်ကိုလွှတ်ထားလိုက်ပြီး ထန်းပင်အောက်သို့ရောက်သောအခါ…
“ကိုင်း….ထိုင်ဗျာ….ဒါကျုပ်ရဲ့ ဘုံဗိမာန်ပဲ…”
“မင်းရဲ့ဘုံဗိမာန်ကလည်း အခန့်မသင့်ရင် ထန်းသီးကြွေကျနိုင်တယ်ကွ”
နွားကျောင်းသားကပြုံးသည်။ ထို့နောက်ဆေးပြင်းလိပ်တစ်လိပ်ထုတ်ပေးသည်။ မြတ်စံထွန်းကလည်း မသောက်ကြောင်းကိုလက်ကာ၍ငြင်းသည်။ထို့နောက်….
“ပြောစမ်းပါအုံးကွာ…ချောင်းထဲဆင်းရင် ဘာဖြစ်မှာတုန်း”
“ဘာဖြစ်ရမလဲနောင်ကြီးရ….ဒီချောင်းက လူစားတယ်ဗျို့…
“ဟုတ်လို့လားကွာ….”
“အဟုတ်ပဲဗျို့…လူကိုမှစားတယ်ရယ်မဟုတ်ဘူး ချောင်းထဲရောက်ရင် သတ္တဝါအကုန်စားတာ ရေထဲဆင်းတာနဲ့ ဘာကောင်ကြီးမှန်းမသိဘူး ရေထဲကိုဆွဲချသွားရောဗျ…ကျုပ်တို့တစ်ရွာလုံး ချောင်းဆိုဝေးဝေးကရှောင်တယ်…ဟာ…သွား…သွားပါပြီဗျာ ပြောရင်းဆိုရင်းကုန်ပါပြီ….”
နွားကျောင်းသားလူငယ်သည် မြတ်စံထွန်းအား လူစားသည့်ချောင်းအကြောင်းရှင်းပြနေခိုက် နွားတစ်အုပ်သည်ချောင်းထဲဆင်းချသွားလေ၏။ နွားကျောင်းသားလည်းနောက်က ကရောသောပါးလိုက်သည်။ချောင်းစပ်မှပြေးရင်း နွားတစ်အုပ်ကိုလှန့်လိုက်ရာ နွားအများစုကမ်းပါးပေါ်တက်ပြေးကြ၏။ တစ်ကောင်သောနွားသည် ဆန့်ကျင်ဘက်ပြေး၍ရေသို့ဆင်းလေရာ နွားကြီးဗိုင်းခနဲလဲပြီး ရေအောက်မြုပ်သွားတော့၏။ ထို့နောက် ရေထဲမှ နွားသွေးများပွက်တက်လာပြီး ခြောက်ပေပတ်လည်ခန့်ရှိသော သွေးအိုင်ကြီးဖြစ်သွားသည်။ ထို့နောက်သွေးတို့သည်ချောင်းရေစီးအတိုင်းဖြည်းဖြည်းချင်းပျောက်ကွယ်သွားတော့သည်။
ထိုအချင်းအရာကိုမြင်သော နွားကျောင်းသားသည် ချောင်ထဲသို့မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြီး စပါးကြီးမြွေညှို့ယူ ဖမ်းစားထားသည့်အလား ကြောင်တောင်တောင်ဖြစ်နေ၏။ထို့နောက်ရေထဲသို့ဆင်းတော့မည်ပြု၍ ခြေတစ်လှမ်းရှေ့ထုတ်သောအခါ မြတ်စံထွန်းက လက်ကိုဆွဲလိုက်ပြီး ကျောကိုပုပ်လိုက်သည်။ သို့မှသာသတိပြန်လည်လာပြီး…
“ကံကြီးပေလို့ပဲဗျာ…ကျုပ်ရေထဲကိုဆင်းမိတော့မလို့….နွားတစ်ကောင်တော့သွားရှာပြီ…”
နွားကျောင်းသားကဤသို့ လေသံအေးအေးဖြင့်ပြောလေ၏။မြတ်စံထွန်းသည် ပြောမယုံကြုံမှသိဆိုသလို နွားတစ်ကောင်လုံးကိုအရှင်လတ်လတ်ချောင်းထဲဆွဲချသွားသည်ကိုမြင်ရသည့်အတွက်အတော်ကလေးပင်စဥ်းစားရခက်သွား၏။နွားကျောင်းသားလူငယ်ဘက်သို့လှည့်၍…
“မင်းနွားတွေ တစ်ဖက်ဆွဲပါအုံးကွာ…ငါလည်းရွာထဲဝင်အုံးမယ်….”
“ချောင်းထဲတော့မဆင်းနဲ့နော်”
“….အေးပါကွာ..အေးအေး”
နွားကျောင်းသားသည် နွားတစ်အုပ်ကိုဆွဲရင်းမြတ်စံထွန်းရှိရာချောင်းစပ်သို့ပြန်ကြည့် ပြန်ကြည့်နှင့်ဝေးသွားလေ၏။မြတ်စံထွန်းသည် ညာလက်ကိုတင်းတင်းဆုပ်ရင်းလက်သီးကိုပါးစပ်နားသို့တေ့လိုက်သည်။ထို့နောက် အာဏာတည်မှော်ဂါထာကိုရွတ်ဆိုလိုက်သောအခါ လက်ထဲမှ ပြာလဲ့လဲ့စက်ကြိုးများ တောက်ပ လာပြီး ဂါထာအဆုံး၌….
“ဤလက်ခုပ်ပင်ချောင်းရိုးကို ပိုင်းစိုးပါသည့် ချောင်းစောင့်နတ်မင်းသည် ကိုးမှော်အောင်ငါဆရာရှေ့မှောက်သို့ ချက်ချင်းရောက်စေသတည်း”
လက်ထဲမှ စက်ကြိုးအပြာရောင်အကွင်းကို ချောင်းအတွင်းပစ်ချလိုက်ရာ ရေပြင်တွင်ကျောက်တုံးကြီးကျသည်နှယ် လှိုင်းတံပိုးဂယက်တို့သည် ကမ်းသို့တအိအိရိုက်ခတ်သွားလေ၏။
ချောင်းစောင့်နတ်မှာပေါ်လာရန်ပင်ဝေးလေစွ။အရိပ်အရောင်အမျှပင် ကိုယ်ထင်မပြပေ။ထို့နောက်တစ်ဖန် လက်ကိုမိုးသို့မြှောက်လိုက်သောအခါ အနီရောင်စက်လုံးသည်လက်ဝါးပြင်တွင် တလတ်လတ်
နှင့်ထွက်ပေါ်လာပြန်၏။သြဇာပြည့်လွှမ်းသည့်အသံဖြင့်….
“စောင်းတော်မ၍ ကျောင်းတော်ဝမှ ကြွလှမ်းခဲ့ပါ့… အောက်ခရိုင် ရေငံနယ်တရိုး ပိုင်းစံစိုးပါသည့်နတ်ဦးရှင်….”
လက်ဝါးပြင်မှ နီးမြန်သောစက်အရှိန်ဖြင့် ရေပြင်ကိုပုတ်သောအခါ ထိုစက်ကြိုးတို့ကိုဝန်းရံ၍ စောင်းကိုပိုက် ကျားကိုစီးသော ဦးရှင်ကြီးသည် ဗောင်းတော်ကိုယာလက်ဖြင့်ပင့်တင်ရင်းထွက်ပေါ်ကိုယ်ထင်ပြ၏။
“အဘယ်ကိစ္စကြောင့် ခေါ်ပါသနည်း…”
“အဘိုးဦးရှင်ကြီးနတ်မင်း….ဤချောင်းပြဿနာကိုသိလို၍ ခေါ်လိုက်ရခြင်းပါ”
“ကျွန်ုပ်သည်ကား ရေငံပိုင်တည်း ရေချိုနှင့်မဆိုင်…သို့ပါသောအကြောင့် မည်သို့သောအကြောင်းဖြစ်သည်ကိုမသိပေ….ဤချောင်းစောင့်ကိုသာ ရှာ၍မေးပါလေ”
“ချောင်းစောင့်နတ်အဘယ်အရပ်တွင်ရှိပါသနည်း”
ဦးရှင်ကြီးသည် မျက်စိကိုအသာမှိတ်ရင်း စောင်းကြိုးကိုညင်းညင်းခတ်သည်။ စောင်းကြိုးမှထွက်သော စက်အရှိန်၏ပဲ့တင်သံကို နားစိုက်တော်မူပြီးနောက်
“ချောင်းစောင့်နတ်မင်းအား…ဤကျောက်အိုင်ရွာအနီး၌သာ ချုပ်နှောင်ထားသည်ကိုမြင်သည်။ သွား၍ကူညီပါချေ..”
ထိုသို့ပြောပြီးနောက် ဦးရှင်ကြီးလည်းပျောက်ကွယ်သွားသည်။ မြတ်စံထွန်းလည်းရွာအတွင်းဝင်ရန်သာရှိသဖြင့် မသွားမီသိလိုစိတ်ကြောင့် ချောင်းထဲသို့ဆင်းမည်ပြု၏။ချောင်းထဲမှလူဆင်းလျှင်လူဆွဲ နွားဆင်းလျှင်နွားဆွဲသောအရာသည် မည်သို့သောပုဂ္ဂိုလ်ဟုသိရမှကျေနပ်နိုင်မည့်ဟန်ဖြင့် ချောင်းအတွင်းဒူးရောက်သည်အထိဆင်းနေလိုက်၏။
ခဏအကြာ ရေပြင်သည်ပူနွေးနွေးဖြစ်လာပြီး ခြေထောက်များကိုဆွဲတင်၍မရတော့ပေ။ ရှေ့လှမ်း၍လည်းမရနောက်ဆုတ်၍လည်းမရဖြစ်နေခိုက် ရေအောက်မှတစ်စုံတစ်ခုသည်ခြေထောက်ကိုဦးတည်၍လာနေလေသည်။ ချောင်းရေအနည်းငယ်သည်လည်း အထက်သို့ဆန်၍စီးလာသည် ။ထိုသို့လာနေသော အရာကြီးနီးလာသောအခါ မြတ်စံထွန်းသည် လွယ်အိပ်ထဲမှ မဏိဇောတအင်းကိုထုတ်ယူပြီးရွယ်ထားလိုက်သည်။
ခြေထောက်အနီးသို့ ရောက်လာသောအရာမှာ အခြားမဟုတ် ။ လက်သည်းရှည်ကြီးများနှင့် ထန်းပင်လုံးခန့်ရှိသော လက်မည်းမည်းကြီးတစ်ဖက်ဖြစ်သည်။ လက်ကြီးကိုသာမြင်ရပြီး လက်ပိုင်ရှင် မကောင်းဆိုးရွားကိုမူ မမြင်တွေ့ရသေး။ ရေအောက်တွင်ဖြစ်သော်လည်း ကြီးမားထင်ရှားသည့်လက်ကြီးသည် ခြေထောက်ကိုဆွဲမည်အပြု၊ မြတ်စံထွန်းက လက်တွင်ရွယ်ထားသော မဏိဇောတအင်းဖြင့် ပေါက်ချလိုက်ရာ လက်ကောက်ဝတ်ကိုထိသွားသဖြင့်ထိုလက်တစ်ကြီးတစ်ဖက်သည်ပြတ်လုနည်းနည်းကြီးမားသောဒဏ်ရာရပြီးနောက်သို့တွန့်သွား၏။ ခြေထောက်များလည်းလှုပ်ရှားနိုင်ပြီဖြစ်၍ တလံအကွာခန့်ရှိသောကမ်းပေါ်သို့ ခုန်တက်လာခဲ့သည်။
ချောင်းစောင်နတ်ကိုမတွေ့ရဘဲ မကောင်းဆိုးရွားတစ်ကောင်ကြီးစိုးနေသော ထိုချောင်းကိုကျောခိုင်း၍ရွာထဲသို့ဝင်ခဲ့၏။
ရွာအတွင်းရောက်သော်လည်း ချောင်းစောင့်နတ်ကို ချုပ်နှောင်ထားသောနေရာအားရှာရခက်နေ၏။နေရာစိမ်းဖြစ်သည့်အပြင်မမြင်အပ်သောပုဂ္ဂိုလ်အားအချုပ်အနှောင်မှလွတ်စေရန်ကူညီရမည်ဖြစ်သဖြင့် လွန်စွာအခက်တွေ့လှ၏။
ရွာအဝင်၌ အသက်ခုနစ်ဆယ်ဝန်းကျင် အရူးအဖိုးကြီးတစ်ယောက်ကိုလည်းတွေ့ရသည်။ ထိုအဖိုးကြီးသည်မြတ်စံထွန်းအားမြင်လိုက်ပြီး ပြုံးပြသည်။ထို့နောက်မျက်လုံးကိုပြူးပြသည် ၊ပါစပ်ကိုလည်းလက်ညှိုးနှစ်ချောင်းချိပ်၍ဖြဲပြသည်၊လက်ခုံက ပျော့တွဲတွဲအသားကိုလည်းခပ်ဖွဖွကိုက်ပြသည်၊ ထို့နောက်ငိုလေ၏။
အရူးကိုလစ်လျူရှု့၍ ရွာထဲဆက်လျောက်လာခဲ့သည်။မောင်းကြီးကြီးတစ်လုံးဆွဲထားသောအိမ်သည် သူကြီးအိမ်ဖြစ်ဟန်တူသောကြောင့် အိမ်ရှေ့မှအသံပြုသည်။ အသက်ခြောက်ဆယ်ခန့်ရှိသော ကျောက်အိုင်ရွာသူကြီးလည်း မြတ်စံထွန်းကိုကြိုဆိုပြီး အိမ်ထဲသို့ခေါ်၏။
“မောင်ရင်က ဆေးဆရာထင်ပါရဲ့…”
“ဆိုပါတော့သူကြီး…”
“ဘာရောဂါတွေကုသလဲ”
“ကိုးဆယ့်ခြောက်ပါး အကုန်ကုနိုင်ပါတယ်..”
ထိုသို့ပြောရာ သူကြီးကမဲ့ပြုံးကလေးပြုံးရှာ၏။နှုတ်ခမ်းမွေးကားကားကိုသပ်၏။ ခေါင်းပေါင်းစကိုလည်းတင်း၏။ထို့နောက်ဆက်၍ဆိုသည်…
“စိတ်မရှိပါနဲ့မောင်ရင်….သမားဂုဏ်ပြအနေနဲ့ ကုသပုံလေးမြင်ချင်စမ်းပါရဲ့”
“ကုသတယ်ဆိုတာရောဂါရှိမှ ဖြစ်မှာပါသူကြီး ဒီတော့ရောဂါအရင်ပေးပါအုံးမယ်”
မြတ်စံထွန်းသည် သူကြီး၏ အိမ်ခေါင်တိုင်တွင်ထောင်ထားသည့် ငှက်ပျောခိုင်ကြီးမှ ဝင်းမှည့်နေသော ငှက်ပျောသီးတစ်လုံးကိုဖြုတ်ယူလိုက်ပြီး တစ်ပိုင်းကိုသူကြီးအားကြွေး၏။ထို့နောက် မြေအိုးထဲမှရေသန့်သန့်တစ်ခွက်ကိုယူထားပြီး နေကိုလှမ်းကြည့်လိုက်သည်။ ကွမ်းတစ်ရာညက်ခန့်အကြာထိုရေကိုတိုက်၏။ ခဏအတွင်းသူကြီး၏ခန္တာကိုယ်သည် ဆောင်းမနက်၌ရေမှတက်လာသူသဖွယ် ခိုက်ခိုက်တုန်၍ဖျားတော့၏။ ချက်ချင်းပင် ကျန်သောငှက်ပျောသီးတစ်ပိုင်းအားကြွေးလိုက်ရာ အဖျားပျောက်ကင်းသွားသဖြင့်သူကြီးမှာအံ့သြ၍မဆုံးနိုင်အောင်ရှိ၏။
“ဘယ်လိုဆေးနည်းများလည်း မောင်ရင်ရယ်…စွမ်းလိုက်ပါဘိ”
“အခါ၊ဥတု၊နေ့နံ နဲ့ ဓာတ်ကိုတွက်ချက်ပြီး အဟာရကြွေးကုသတဲ့ နာနာနယ ဆေးနည်းပါ”
သူကြီးသည်ခေါင်းတညိမ့်ညိမ့်ဖြင့်သဘောကျနေပြီး မျက်နှာမှာများခဏချင်းညှိုးငယ်သွားပြန်သည်။ အခြေအနေကိုနားလည်သောမြတ်စံထွန်းက…
“ဘယ်သူများ ဘာရောဂါရှိသေးလို့ပါလဲ သူကြီး…”
“အင်း…ပြောရအခက်သားကွယ့်…”
“ပြောပါသူကြီး ကျုပ်ကုနိုင်မှာပါ…”
“ရွာသားတွေပါကွယ်…ရောဂါကထူးဆန်းနေတယ်
ကွယ့်”
“ဘယ်လိုများဖြစ်ပါသလဲသူကြီး…”
“ဒီလိုကွယ့်…တန်ဆောင်မုန်းလဆန်းထဲရောက်တိုင်း ရွာသားခုနစ်ယောက်ဆက်တိုက်ဆုံးပါးသွားကြတယ် လေးနှစ်ရှိပြီမောင်ရင်…ဒီပြဿနာကိုကျုပ်ဘယ်လိုမှမစဥ်းစားတတ်ဘူး…”
“အဆန်းပါလား…”
“ဒီထက်ဆန်းတာက…ဆုံးပါးသွားကြတဲ့ ခုနစ်ယောက်တိုင်းဟာ နေ့နံမထပ်ဘူးကွယ့် တနင်္ဂနွေသားအစ၊စနေသားအဆုံး ခုနစ်နေ့ ခုနစ်နံဆိုပါတော့ကွယ်”
“အခုပဲတန်ဆောင်းမုန်းထဲရောက်နေပြီဗျ…”
“ဟုတ်တယ်မောင်ရင် ဒါကြောင့်ကျုပ်ရွာသားတွေအပေါ်စိုးရိမ်နေရတယ်..ကျုပ်လည်းပါရင်ပါသွားနိုင်တယ်လေ…ဒီရောဂါကိုများကုပေးနိုင်ရင် လပြည့်မကျော်ခင် ကျုပ်အိမ်မှာနေပါအုံးလား”
“နေတာကဖြစ်ပါတယ်သူကြီး…ဒါနဲ့သူတို့ကဘာရောဂါကြောင့်ဆုံးတာလဲ..”
“ရုတ်တရက် သွေးအန်ပြီး ဆန့်ငင်ဆန့်ငင်နဲ့မြင်မကောင်းအောင် တုံးလုံးလဲပြီးဆုံးကြတာပါပဲကွယ်”
ဤသို့ဖြစ်ပုံဆန်းကိုပြောဆိုနေခိုက်….
“အဖေရေ…အဖေ့”
“ဟဲ့…သမီး အလန့်တကြားနဲ့ဘာဖြစ်လာတာလဲ”
“တစ်ယောက်တော့သွားရှာပြီအဖေ”
“တနင်္ဂနွေသားထင်ပါရဲ့သမီးရယ် ဘယ်သူများတုန်း”
“နွားကျောင်းသား အောင်ကျော်လေအဖေရဲ့…တစ်နေကုန်အကောင်းကြီး ခုနေ့လယ်နွားကျောင်းရင်းနဲ့ ထန်းပင်အောက်မှာသွေးအန်ပြီးဆုံးသွားတာတဲ့”
“တက်နိုင်ဘူးသမီးရယ် ကံပေါ့”
သူကြီးသားအဖ ထိုသို့ပြောနေစဥ်မြတ်စံထွန်းသည်မပြောမဆိုနှင့်ရွာပြင်သို့ပြန်ထွက်ခဲ့ပြန်၏။သူနှင့်တွေ့ခဲ့သည့် အောင်ကျော်၏ထန်းဗိမာန်အောက်၌ ရွာသားများဝိုင်းနေကြ၏။ထိုထန်းပင်ရင်း၌သွေးစိမ်းများပေကျံရင်းသေဆုံးနေသည့်အောင်ကျော်၏အလောင်းကို မြတ်စံထွန်းလည်းသေချာကြည့်ပြီး သနားမိသည်။
ထိုကိစ္စအတွက် မည်သို့မည်ပုံစီမံရမည်ကို အတွေးများရင် ရွာထိပ်ကုက္ကိုပင်ကြီးအောက်၌ထိုင်နေပြန်သည်။ထိုအခိုက် ပထမလာခဲ့စဥ်ကအရူးအဖိုးကြီးကိုမြင်ရ၍စိတ်မချမ်းသာဖြစ်ရပြန်သောကြောင့် ပရောဂအရူးပျောက်အင်းကိုသုံးပြီး ကုသကြည့်သည်။
ခြေရာမြေထည့်၍ပြုတ်ရန်မလွယ်ကူသောကြောင့် အနီးရှိ ကန်ထဲမှရေဖြင့်သာစိမ်၍ အဖိုးကြီးကိုတိုက်လိုက်သည်။ အဖိုးကြီးအိပ်ပျော်သွားပြီး ခဏအကြာ..
“ဟေ့ကောင် ငစိန်…မင်းဒီတိုင်းဆက်သွားနေရင် မှားမယ်နော်..ဟေ့ကောင် ဟေ့ကောင်” ဟူ၍ယောင်ရမ်းအော်ဟစ်ရင်းနိုးလာသည်။
မြတ်စံထွန်းက အဖိုးကြီးကိုပွေ့လိုက်ပြီး….
“အဘ..အဘ သတိထား…”
ထိုမှသာ အဖိုးကြီးကသက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်လိုက်ပြီး….
“ကျေးဇူးတင်ပါတယ် ငါ့မြေးရယ်…”
“ဒါတွေထားပါ အဘ အခုအရေးကြီးနေတယ် ငစိန်ဆိုတာဘယ်သူလည်း…”
“ဒီအကြောင်းပြောရရင်ရှည်တယ် လူကလေး….လာလာ ဟောဟိုက အပင်ကြီးနားသွားရအောင်…”
အဖိုးကြီးသည် ကုက္ကိုပင်ကြီးကိုမှီရင်း ငစိန်၏အကြောင်းကိုဤသို့ပြောလေ၏။
“လွန်ခဲ့ဆယ်နှစ်လောက်ကပေါ့ လူကလေးရယ်…ငစိန်ဆိုတာ အဘရဲ့မြေးပါ… လူကလေးတို့အရွယ်လောက် ရှိရောပေါ့…ငယ်တုန်းရွယ်တုန်းမှာ ဆရာတင်မှားခဲ့တဲ့ငစိန်ပေါ့ကွယ်…ရွာကိုဘယ်ကမှန်းမသိရောက်လာတဲ့အောက်လမ်းဆရာက ပညာစွမ်းတွေပြတာကိုယုံကြည်ပြီး ကိုးကွယ်ရင်း သူလည်းအောက်လမ်းတစ်ပိုင်းဖြစ်လာခဲ့တယ်…အဘလည်းတားပါရဲ့..သို့ပေမယ့် ရဲရဲမတားဝံ့ဘူး အောက်လမ်းဆရာကိုလည်းကြောက်ရသေးသကွဲ့…မြေးလေးက အသက်ငယ်ပေမယ့် မျိုးချစ်စိတ်သိပ်ရှိတာ… ဗြိတိသျှကိုတော်လှန်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သိပ်ကိုလူစွမ်းကောင်းဖြစ်ချင်ခဲ့တာ..ဒါကိုအခွင့်ကောင်းယူပြီး တစ်နေ့တော့ မြေးလေးငစိန်ကို ပါရမီထူးသလေး လူစွမ်းကောင်းဖြစ်မယ်လေးဆိုပြီး အောက်လမ်းဆရာက မြှောက်ပင့်ပြောတယ်…ငယ်ရွယ်ပြီးရိုးသားတဲ့ငစိန်ကယုံတာပေါ့…သူ့ဆရာက သူ့ကိုဓားပြီး၊တုတ်ပြီး၊သေနတ်ပြီးစေတဲ့အစီအရင်တွေလုပ်ပေးမယ်ဆိုပြီး သင်္ချိုင်းကိုခေါ်လေရဲ့…အဘလည်းစိတ်မချလို့ လိုက်သွားခဲ့တယ်…”
“ဘယ်လို အစီအရင်တွေများလဲ အဘ”
“ပေါရိသာရမှော်သွင်းတယ်လို့ ပြောသကွဲ့…သင်္ချိုင်းထဲမှာဉာဥ့်နက်သန်းခေါင် တွင်းတစ်တွင်းတူးရတယ်..ပြီးတော့ငစိန်ကိုတွင်းထဲခါးတစ်ဝက်မြုပ်အောင်ထည့်ထားပြီးမြေမြှုပ်ထားတယ်…နောက်ပြီး
အဲ့ဒီနေ့ကမှ သင်္ဂြိုထားတဲ့ လူသေအလောင်းကိုအောက်လမ်းဆရာကပြန်ဖော်ပြီး အသားတွေကိုဓားနဲ့လှီးယူတယ်ကွယ့်..ပြီးမှငစိန်ရဲ့ပါးစပ်ကို လူသေရဲ့လက်ညှိုးကြီးနဲ့ထောက်ပြီးဟထားတာ…ဖက်ပေါ်မှာရှိတဲ့လူအသားတွေတစ်တုံးစီကို ဂါထာတွေမန်းမှုတ်ပြီး ငစိန့်ပါးစပ်ထဲပစ်သွင်းတယ်…ဟိုကောင်ကလည်း မျိုချတယ်ဟေ့..ဒီလိုနဲ့အသားတစ်တွေကုန်ခါနီးနောက်ဆုံးတစ်တုံးပစ်သွင်းတော့မယ်အချိန် သင်္ချိုင်းထဲကမကောင်းဆိုးရွားတွေ ငစိန့်ဆီကိုတည့်တည့်ကြီးပြေးလာပါလေရော…အောက်လမ်းဆရာက ဂါထာလည်းဆုံး ငစိန့်ပါးစပ်ထဲ အသားတုံးလှမ်းပစ်လိုက်တော့ “ပေါရိသာရတဲ့ဟေ့…”ဆိုပြီး ငစိန်ကထခုန်လိုက်တာ တွင်းထဲကနေလေပေါ်ကို ဝါးတစ်ပြန်လောက်အထိကိုမြောက်တက်သွားပြီး ပြန်ကျလာပါလေရော…အောက်လမ်းဆရာကလည်း “အောင်ပြီအောင်ပြီ”နဲ့အော်နေပြီး ပြေးဝင်လာတဲ့မကောင်းဆိုးရွားတွေကိုကြည့်ရင်း ဖနောင့်တစ်ချက်စောင့်လိုက်တာအားလုံးပြန်ပျောက်သွားပါလေရော…
“အတော်စွမ်းသားဗျ…”
“များများမစွမ်းနိုင်လိုက်ပါဘူး လူကလေးရဲ့ အဲ့ဒီအချိန်သရဲမကြီးတစ်ယောက်ခွေးနက်ကြီးစီးပြီး ပြေးဝင်လာပြန်တယ်….အောက်လမ်းဆရာလည်းဖနောင့်ဆောင့်ပြီးနှင်ပါတယ်..ဒါပေမယ့်အဲ့ဒီသရဲမက ပျောက်မသွားဘူးဟေ့…အခြေအနေမကောင်းမှန်းသိတော့ အောက်လမ်းဆရာက”ပြေး..ပြေး”ဆိုပြီးထအော်တယ်…သူကပဲပြေးခိုင်းပြီးတော့ သူပဲ အသားလှီးယူထားတဲ့အလောင်းကြီးခလုပ်တိုက်လဲပါလေရော..အဲ့ဒီမှာဆန့်ဆန့်ကြီးဖြစ်ပြီးအောက်လမ်းဆရာငြိမ်သွားတယ်…အဘလည်းပြေးတာပေါ့..သင်္ချိုင်းနယ်နိမိတ်နဲ့လွတ်ခါနီးမှာ နောက်ကသရဲမက ကျောကိုလက်ဝါးကြီးနဲ့ရိုက်ချလိုက်တာ နေရာမှာတင်လဲသွားပြီး အခုသတိရတော့ ဒီမှာဖြစ်နေတယ်…”
“ဒါဆို ဒီအတောအတွင်ဆယ်နှစ်ကြာတယ်လို့ အဘဘယ်လိုသိတုန်း”
“ဟိုး…ခပ်လှမ်းလှမ်းကထန်းပင်ကိုတွေ့လား”
“ဟုတ်ကဲ့အဘ… တွေ့ပါတယ်”
“အဲ့ဒါ အဘစိုက်ခဲ့တာကွယ်…တစ်သက်လုံးထန်းတက်ပြီးဝမ်းကျောင်းလာခဲ့တာ…ထန်းပင်ဘယ်အရွယ်လောက်က နှစ်ဘယ်လောက်ကြာပြီဆိုတာကိုသိတာပေါ့ကွယ့်”
“ဒါနဲ့နေပါအုံး…ဒီလိုတွေဖြစ်ကြတော့ ငစိန်ကဘယ်ရောက်သွားတုန်း”
“ဒါတော့မသိဘူးကွယ့်…သရဲမ ရိုက်လိုက်တဲ့အထိတော့ သူသင်္ချိုင်းထဲမှာမရှိတော့ဘူး”
“အဘကိုရိုက်လိုက်တာ သင်္ချိုင်းစောင့် မဖဲဝါပါ သူ့ပိုင်နက်မှာဒီအစီအရင်မျိုးလုပ်ရင် သူ့ကိုမနိုင်ဘဲသွားမလုပ်သင့်ဘူး”
“အော်…ဒါကြောင့်ကိုး…….ပြီးတော့ရှိသေးသကွဲ့…မြေးလေးဒီလိုမဖြစ်ခင်က အဘကိုတစ်ခါပြောဖူးတယ် သူ့ဆရာကချောင်းစောင့်နတ်ကိုတောင်ဖမ်းချုပ်ထားနိုင်အောင်စွမ်းတာဆိုပဲ”
“ဟုတ်လားအဘ..ဘယ်မှာဖမ်းချုပ်ထားတယ်တဲ့လဲ”
“ဟိုထန်းပင်အောက်မှာလို့ပြောတယ်လူကလေး အဘတော့ဒါတွေနားမလည်ပါဘူးကွယ်…ထန်းပင်အောက်ဆိုတော့သူကနတ်ကိုမြေမြှုပ်ထားသလားတော့မသိဘူး”
“မဟုတ်ဘူးအဘ…ထန်းပင်အောက်ဆိုတာသာသေချာခဲ့ရင်…”
မြတ်စံထွန်းလည်း အဖိုးကြီးကိုထားခဲ့ပြီး သူကြီးအိမ်သို့ပြန်သွားလေသည်။ ထို့နောက်ရွာသားသုံးယောက်
နှင့်အတူ ပေါက်တူး ၊ တူရွင်းစသည်များကိုယူပြီး သူကြီးကိုလည်းအပါခေါ်ခဲ့သည်။ ထန်းပင်ဆီသို့ဦးတည်လာခဲ့ပြီး ထိုအောက်တွင်ရွာသားများဝိုင်းဝန်းတူးဆွကြသောအခါကျွန်းသေတ္တာငယ်လေးတစ်လုံးထွက်ပေါ်လာသည်။ ထိုသေတ္တာကိုမြတ်စံထွန်းကယူ၍ဖွင့်ကြည့်လိုက်ရာ အထဲတွင် အချုပ်အင်း၊အပိတ်အင်းများကိုတွေ့ရသဖြင့် ထိုအင်းများကို စက်ဖြတ်ပြီး ချောင်းဖက်သို့ထွက်လာခဲ့ပြန်သည်။
အင်းနှစ်ချပ်အားရေထဲသို့ပစ်ချလိုက်သောအခါ အော်သံနက်ကြီးကိုကြားလိုက်ရပြီး တစ်ရွာလုံးလည်း
တုတ်၊ဓားကိုယ်စီဖြင့်ဝိုင်းလာကြသည်။ အော်သံကြီး၏အဆုံး၌ ချောင်းရေပြင်ပေါ်မှ အရောင်အဝါများတောက်ပလာပြီး ချောင်းစောင့်နတ်ကြီးပေါ်လာခဲ့သည်။
တစ်ရွာလုံးကို ကိုယ်ထင်ပြသည်မို့ အံ့အားသင့်နေကြ
ချိန်မြတ်စံထွန်းက…
“လက်ခုပ်ပင် ချောင်းစောင့်နတ်…ပြဿနာ ကိစ္စအဝအဝကို ဟုတ်တိုင်းမှန်ရာ နှုတ်တော်ဖွင့်ပါဦး”
“ဤသို့ရှိပါသည် ဆရာသခင်…ငစိန်မည်သော လူရွယ်အားပေါရိသာရမှော်သွင်းပေးခဲ့သည့် အောက်လမ်းဆရာသည် ကျွန်ုပ်ကိုချုပ်၍ အင်း၌သွင်းပြီး ထန်းပင်အောက်မြှုပ်နှံထားသည်မှာ ထိုထန်းပင်အသက်နှင့်အညီအမျှရှိလေပြီ…ကျွန်ုပ်မရှိသောချောင်းတွင် နှစ်ပေါင်းလေးရာသက်တမ်းရှိသည့် ဘီလူးကြီးကိုအပိုင်စားပေး၍မွေးပြီးလျင် ချောင်း၌ဆင်းသော
တိရိစ္ဆာန်တို့ကိုစားစေ။ လူသားကိုမူအသေဖမ်းယူအပ်နှံစေဟု အာဏာပြုထားခြင်းဖြစ်ပါသည်”
“လူသားကို အောက်လမ်းဆရာက အဘယ့်ကြောင့်လိုအပ်ရပါသနည်း”
“ဘီလူးမှော်ဟုခေါ်အပ်သော ပေါရိသာရမင်းကဲ့သို့အစွမ်းကမ္မဇိတ္ထိရှိသည့်မှော်သွင်းပြီးလျှင် ပညာစွမ်းထက်ရန်အလို့ငှာလူသားကိုစား၍ကျင့်ကြံရပါသည်။
ချောင်း၌ ယခင်ကဆင်းသောသူများအား ဘီလူးသည်အသေဖမ်းပြီး အောက်လမ်းဆရာထံပေးပို့၏။ အောက်လမ်းဆရာက သူ့တပည့်ငစိန်ကိုလူသားစားစေ၏။ နောက်ဆုံးမှော်အောင်ခါနီးတွင် အောက်လမ်းဆရာသေသောကြောင့် ဘီလူးသည်အထိန်းမရှိထင်တိုင်းပြုမူတော့၏။ယခု အင်းခိုက်၍ ဘဝကူးလေပြီ။ချောင်း၌ဆင်းသောသူနည်းပါးလာသောအခါ နှစ်စဥ်လူသားစားချိန်ရောက်တိုင်းခုနစ်စဥ်တိုက်အောင် အောက်လမ်းပညာဖြင့် တစ်ရွာလုံးကိုဖမ်းစားထားခြင်းဖြစ်သည်။ ထိုဆက်တိုက်သေသောခုနစ်နေ့ ခုနစ်နံအသားကို မြေမှပြန်ဖော်၍စားသောက်နေ၏။”
“ယခု ပေါရိသာရ ငစိန် ဘယ်မှာရှိပါသနည်း”
ထိုသို့မေးလိုက်သောအချိန်၌ ချောင်းရေပြင်အလယ်မှ လူတစ်ယောက်မားမားကြီးပေါ်ထွက်လာသည်။ချောင်းစောင့်နတ်လည်းပျောက်ကွယ်သွားချေပြီ။ ထိုသူသည်ချောင်းရေပြင်ပေါ်တွင်လမ်းလျှောက်၍လာနေသည်ကိုလည်းတစ်ရွာလုံးမြင်ရ၏။ လက်ထဲတွင်လည်း ပုပ်ပွနေသောလူခေါင်းပြတ်ကြီးကိုကိုင်ထားသည်။အပေါ်အင်္ကျီမရှိ။အောက်တွင်သားရေပြားမည်းမည်းကြီးကိုပတ်ထားပြီး ဆံပင်များသည်ကွေးကောက်၍မျက်နှာကိုတစ်ချမ်းဖုံးနေသေးသည်။
ချောင်းကမ်းစပ်နှင့်နီးလာလေလေ။ကြောက်မက်ဖွယ်ရုပ်သွင်မှာပို၍ပီပြင်လေဖြစ်သည်။ ၎င်းသည်ရွာသူရွာသားများရှေ့ချောင်းစပ်သောင်ပြင်တွင်ခြေစုံရပ်လိုက်သောအခါ အဖိုးကြီးက “မြေးလေး…ငစိန်”ဟုတ်နှုတ်မှရုတ်တရက်ခေါ်လိုက်မိသည်။ငစိန်သည် သူ၏အကြံအစီကို ဖျက်စီးသောမြတ်စံထွန်းအားစိမ်းစိမ်းကြည့်၍အံကြိတ်သည်။
ချောင်းစောင့်နတ်ပြောသည်များကိုကြားလိုက်ရသောရွာသူရွာသားများသည်ငစိန်ကိုမုန်းတီးနေကြ၏။ ငစိန်ဟုသည်ရသည်နှင့် ရွာသားအချို့သည် လိုရမယ်ရယူဆောင်လာသော ငှက်ကြီးတောင်ဓားများဖြင့်ပြေးပိုင်းတော့သည်။ ငစိန်၏ကိုယ်ထည်သည် ကျောက်သားပမာမာကျောနေပြီး ကွေးသည့်ဓားကကွေး ကျိုးသည့်ဓားကကျိုးနှင့် လူသားစားထားသောအသားများကမူအရာပင်မထင်။ငစိန်သည်သောင်ပြင်တွင်ခြေကိုတစ်ချက်ပြင်းပြင်းစောင့်ချလိုက်ရာ အနားမှရွာသားများ မြေတွင်တုံးလုံးလဲပြီး အလူးအလဲပြေးကြသည်။
တစ်ဖြည်းဖြည်းနှင့်မြတ်စံထွန်းအနားသို့ကပ်လာပြီး လက်ထဲမှ ပုပ်ပွနေသော လူသေဦးခေါင်းပြတ်နှင့်လှမ်းပစ်လိုက်သည်။ မြတ်စံထွန်းကလက်ဝါးဖြင့်တားလိုက်ပြီးလက်သီးတင်းတင်းဆုပ်လိုက်ရာ ခေါင်းပြတ်ကြီးသည်လေထဲ၌ပင် အစအနပျောက်သွားတော့၏။
ထို့နောက် “ပေါရိသာရ ငစိန်တဲ့ဟေ့…”ဟုကြောက်မက်ဖွယ်အသံနက်ကြီးဖြင့် အော်ရင်း မြတ်စံထွန်းကိုပြေးကန်သည်။ မြတ်စံထွန်းကတစ်ဘက်သို့တိမ်းလိုက်ပြီး ငစိန်၏ဒူးဆစ်ကိုလက်ဝါးဖြင့်တစ်ချက်ပုပ်လိုက်သည်။ ငစိန်ကလည်း လက်ဝါးကြီးဖြန့်ပြီး လွှဲရိုက်ပြန်သည်။ထိုလက်ကိုဆီးဖမ်းပြီး တွန်းထုတ်လိုက်သောအခါ ငစိန်လည်းနောက်သို့နှစ်လှမ်းဆုတ်သွားသည်။ တဖန် ငစိန်သည်ပါးစပ်ကိုဟလိုက်ရာ အစွယ်ကြီးနှစ်ချောင်းအဖွေးသားထွက်ပေါ်လာသည်။ရွာသားအချို့နောက်သို့ဆုတ်သွားကြ၏။
ဤသို့တိုက်ခိုက်နေစဥ်အတွင်း မြတ်စံထွန်းသည် ရုက္ခစိုးပေးသောဆေးမြစ်ကိုသတိရပြီးမသိမသာဆုပ်ကိုင်ထားလိုက်သည်။ထို့နောက်ပါးစပ်ကြီးဟပြီးပြေးဝင်လာသော ငစိန်၏နောက်ကျောကိုပတ်ဝင်လိုက်ပြီး အစွယ်တငေါငေါနှင့်ပါးစပ်ထဲသို့ဆေးမြစ်ကိုလက်ပြန်ထိုးထည့်ပြီးကျောကို နောက်ပြန်တစ်ချက်ကန်ချလိုက်သည်။
မြတ်စံထွန်း၏ကန်ချက်ကြောင့် ကျောကော့သွားသောအခါ ခေါင်းပါမော့သွားပြီး ဆေးမြစ်သည်ငစိန်၏ဝမ်းထဲသို့ဝင်သွားတော့သည်။ မြတ်စံထွန်းကနောက်ခိုင်းလျက်။ကျောပေးထားသော ငစိန်သည်သောင်ပြင်တွင်ဒူးထောက်ကျသွားပြီး ခန္တာကိုယ်ဒွာရကိုးပေါက်မှ မည်းနက်သောသွေးပုပ်များကျဆင်းလာပြီး ပွဲချင်းပြီးသေဆုံးသွားတော့သည်။
ထို့နောက်မြတ်စံထွန်း၏ နောက်ကျောသို့ချွန်ထက်သောအခါတစ်ခုကဖောက်ဝင်လာခဲ့သည်။ ယာဖက်ပခုံးအနီးမှ ရင်ဘက်သို့ဖောက်ထွက်လာသောအရာမှာငှက်ကြီးတောင်ဓားဦးပင်ဖြစ်၏။မြတ်စံထွန်းကလှည့်မကြည့်….
“ကုသပေးထားတဲ့ကျေးဇူးကိုမှမထောက် အဘရယ်
ဒီဓားလောက်နဲ့ကျုပ်က သေမှာတဲ့လား”
ထိုသို့ပြောပြီး ဝဲဖက်လက်ဖြင့် ဓားချွန်တည့်တည့်ကိုရိုက်လိုက်ရာ ဓားသည်နောက်သို့ကန်၍ကျွတ်ထွက်သွားတော့သည်။ ရွာ၏ကျေးဇူးရှင်ကို ဤသို့ပြုမူရပါမည်လားဟု ပြောဆိုအပစ်တင်ပြီး ရွာသားများက အဖိုးကြီးထံပြေးလာကြသည်။အဖိုးကြီးလည်း ဓားကိုကောက်ယူပြီးမြေးဖြစ်သူနှင့်အတူကိုယ်တိုင်အဆုံးစီရင်သွားခဲ့၏။
စင်စစ်အားဖြင့်တွေးတော့ကြည့်လျင် ထိုမြေးအဖိုး၌အပစ်မရှိ။ မျိုးချစ်စိတ်ရှိသူ ငစိန်သည် အစွမ်းထက်ခဲ့ပါသော်လည်း အကောင်းတွင်အသုံးမချဘဲအသက်ရှည်အောင်သာမကောင်းမှုကိုပြုခဲ့မိ၏။
အဖိုးကြီးလည်းမြေးကိုထိ၍ မြတ်စံထွန်းကိုလုပ်ကြံရခြင်းဖြစ်သည်။ သို့သော်လည်းမတက်နိုင် ကံ၏စီမံရာသည်ဤသို့ဤပုံရှိသည်ထင်၏။
မြေးအဖိုးနှစ်ယောက်၏အလောင်းများအနီး တစ်ယောက်တစ်ပေါက်ပြောဆိုဆူညံနေကြသည်။ဝမ်းသာသူကဝမ်းသာ၊သနားသူကသနားနှင့် တစ်ချို့ကလည်း မြတ်စံထွန်းသည်ဝိဇ္ဇာတစ်ပါးဖြစ်ရမည်။တစ်ချို့ကလည်း လူမဖြစ်နိုင် နတ်တစ်ပါးသာဖြစ်မည်ဟုထင်ကြေးပေးသူကပေးနှင့် မယုံနိုင်ဖွယ်ရာဖြစ်ရပ်ဆန်းများကိုမြင်ရသောရွာသားများက ကျေးဇူးတင်ကြောင်းပြောဆိုရန်ရှာဖွေကြပါသော်လည်း
မြတ်စံထွန်းသည်ကားလုံးဝမရှိတော့ပေ။
ရွာနှင့်ခပ်ဝေးဝေးတွင် လက်ကိုနောက်သို့ယှက်ပြီးချောင်းရိုးအတိုင်းခရီးဆက်လာသူ မြတ်စံထွန်းသည် အရှေ့၌တရေးရေးမြင်နေရသော ညောင်ဖြူပင်ရွာအား တည့်တည့်ဦးတည်၍ နေဝန်းနီးနီကို ကျောခိုင်းခဲ့လေတော့သည်။
ဆက်ရန်။
ဝိဇ္ဇာရှစ်သောင်း ဆရာပေါင်းတို့အား
ဦးထိပ်ထား၍
မင်းဟိန်းခန့်(ဥဿာဒီပ)