ပြည်ကန်တော်ရှင်မောင်နှမ(စ/ဆုံး)
————————————–
“မောင်ကြီး စောဗျ..အဖြစ်ဆိုးလှချည်လား..မောင်ကြီးရယ်”
ဒွတ္တဘောင်ဘုရင်ရဲ့ အရိန္ဒမာလှံချက်ဖြင့် သွေးအိုင်ထဲတွင် လဲကျနေသောမိမိအား ပွေ့ချီကာ အော်ဟစ်မြည်တမ်းနေသော နှမတော်ကို ရခိုင်ဘုရင်လေးကိုစောဗျက ကြိတ်မှိတ်အားတင်းကာ စကားပြောဖို့ကြိုးစားရှာသည်။
“အားးကျွတ်ကျွတ်..အားမတန်တော့ မာန်လျော့ခဲ့ရပြီနှမတော်..မောင်ကြီးကို ခွင့် ခွင့်လွှတ်..အ”
“မောင်ကြီး..မောင်ကြီး..နှမလေးကို တစ်ယောက်ထဲထားခဲ့ရက်ပြီလား မောင်ကြီးရယ်”
အခွန်တော်ကိုဖီဆန်သည့်ကိစ္စနဲ့ပတ်သက်၍ နှစ်နိုင်ငံ ပဋိပက္ခဖြစ်ပွားကာ ရန်စမီးမငြိမ်းနိုင်သည့်အတွက် လက်နက်စကြာရှင်ဖြစ်သော ဒွတ္တဘောင်မင်းနှင့် မိမိတို့ တစ်ယောက်ချင်းစီးချင်းထိုးသတ်ကာ အဆုံးအဖြတ်ခံယူရန် ဘုရင်လေးကိုစောဗျဆုံးဖြတ်လိုက်၏။မိမိတိုင်းသူပြည်သားများ စစ်ဘေးစစ်ဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ မြေဇာပင်ဖြစ်မည့်အရေးကိုငဲ့ကွတ်၍ ရန်သူကအစစအရာရာသာလွန်သည်ကိုသိရှိထားသော်လည်း မတတ်သာသည့်အဆုံး ဒီလမ်းကိုပဲ ရွေးချယ်ခဲ့မိသည်။ယခုတော့ သရေခေတ္တရာပြည့်ရှင်ရဲ့ လှံချက်အောက်တွင် မိမိရဲ့မရဲတရဲမျှော်လင့်ချက်များကို စွန့်လွှတ်လိုက်ရသလို အသက်တမျှချစ်ရပါသောနှမကလေးမစောဥနဲ့လည်း သေကွဲကွဲခဲ့ရလေပြီ။
“အခုဆိုရင် အရာအားလုံးဟာ ချုပ်ငြိမ်းသွားပြီဖြစ်တဲ့အတွက် သင့်ရဲ့မျက်ရည်တွေကိုထိန်းလို့ ကျွန်ုပ်နှင့်အတူ ရွှေပြည်တော်ဝင်ဖို့လိုက်ခဲ့ပါနှမငယ်..စစ်တို့ရဲ့သဘောတရားမှာ အရှုံးအနိုင်ဆိုတာရှိမှာပဲလေ..ဒီစစ်ပွဲမှာကျွန်ုပ်ရှင်သန်ဖို့အတွက် သင့်ရဲ့အစ်ကိုတော်ကို သုတ်သင်ခဲ့ရတာ ကျွန်ုပ်စိတ်မကောင်းပါဘူး”
“ဒီမယ်..ဒွတ္တဘောင်..သင့်ကိုယ်သင် အောင်နိုင်သူကြီးလို့ မထင်မှတ်နဲ့ဦး..ကျွန်ုပ်ရဲ့အစ်ကိုတော်ကသင့်ကိုရှုံးနိမ့်ခဲ့ပေမယ့် ကျွန်ုပ်ဟာသက်ရှိထင်ရှားရှိနေသေးတဲ့အတွက် သင့်ကို စစ်ထိုးဖို့ ကျွန်ုပ်စိန်ခေါ်မယ်”
“ဟားးဟားးမိုက်ရူးရဲမဆန်ချင်စမ်းပါနဲ့နှမငယ်..ကျုပ်လို ဘုန်းကံရှင်မင်းတစ်ပါးက မယ်မင်းလိုမိန်းမငယ်တစ်ဦးနဲ့စီးချင်းထိုးရမယ်တဲ့လား”
“သင်ဘယ်လိုပဲ သကာရည်လောင်းလို့ဖျောင်းဖြနေဦးတော့..သင်ဘယ်လိုပဲ အကြောက်တရားနဲ့ ခြောက်လှန့်နေဦးတော့..ကျွန်ုပ်ရဲ့ဆုံးဖြတ်ချက်ကို မပြင်နိုင်ဘူး ဒွတ္တဘောင်..သို့ကြောင့် ကျွန်ုပ်နဲ့ ရင်ဆိုင်ယှဥ်ပြိုင်ဖို့အတွက်သာ သင်အသင့်ပြင်ထားပေတော့”
မစောဥက ထိုကဲ့သို့ ပြောပြောဆိုဆိုနဲ့ သူ့ရဲ့စီးတော်မြင်းကို ဒုန်းစိုင်းစီးကာ ဒွတ္တမင်းကို ဓားနဲ့ခုတ်ပိုင်းရန် အသော့နှင်လာခဲ့သည်။ထိုအခါ ဒွတ္တဘောင်မင်းကလည်း ကျွမ်းကျင်လိမ္မာစွာ လှံတော်ကို ဝှေ့ရမ်း၍ မစောဥရဲ့လက်ဖျံပေါ်သို့ ထိုးစိုက်ချလိုက်သည်။
“အားးးမယ်တော်”
မစောဥဟာ ယခုလိုစူးရှပြင်းထန်သော ဝေဒနာကိုခံစားရပြီးနောက်မှာတော့ မြင်းဇာတ်ကြိုးကိုဟန်ချက်ညီအောင် မထိန်းနိုင်တော့ဘဲ မြင်းပေါ်မှ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားရှာသည်။
“သင့်ရဲ့စိတ်ကိုလျော့လေတော့နှမငယ်..မဖြစ်နိုင်တာကိုတမ်းတတဲ့စိတ်ဟာ နေမင်းဆီကိုရောက်အောင်ပျံသန်းလိုတဲ့ ငှက်တစ်ကောင်လို ပူလောင်ခံစားရမှာပဲ” “ကဲ..လာပါ..ကျွန်ုပ်ရဲ့မြင်းပေါ်ကိုတက်လိုက်..ဖြစ်ပျက်ခဲ့သမျှအမှုကိစ္စမှန်သမျှ ကျွန်ုပ်သင်ပုန်းချေပြီး သင့်ကိုနန်းတွင်းသမားတော်တွေနဲ့သေချာစွာကုသပေးပါ့မယ်”
စစ်မြေတလင်းပေါ်တွင် ပုံလျက်လဲကျနေသော မိမိအားအောင်နိုင်သူကြီးတစ်ယောက်ပမာ လက်ကမ်းကာ ကြိုဆိုနေသော ဒွတ္တဘောင်မင်းကိုကြည့်ရင်း မစောဥဟာ တနုံ့နုံ့ဒေါသစိတ်များဖြစ်လာခဲ့ပြန်သည်။
“ကျွန်ုပ်ကို ကျားသနားမှ နွားချမ်းသာမယ့်ပုံစံမျိုးတော့လာမလုပ်နဲ့ ဒွတ္တဘောင်”
မစောဥဟာ စိတ်ထဲကနေယခုလို ရေရွက်လိုက်ပြီး ဆောင်ဓားကိုကျစ်ကျစ်ပါအောင်ဆုတ်ကာအားယူကုန်းထလိုက်၏။ထို့နောက် ဒွတ္တဘောင်မင်းကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ဓားနဲ့ရုတ်တရက်ပိုင်းချလိုက်သည်။သို့သော် ပါးနပ်သော ဒွတ္တဘောင်မင်းရဲ့လှံချက်က မစောဥရဲ့ရင်ညွန့်ဆီသို့ ဦးစွာစိုက်ဝင်သွားခဲ့ချေပြီ။
“တရားနဲ့ဆုံးမလို့မရတော့လည်း ဓားနဲ့စီရင်ခဲ့ရပြီ..မိုက်မဲလေစွ”
ထို့နောက် ကိုစောဗျနဲ့မစောဥတို့မောင်နှမဟာ သေဆုံးခါနီးဖြစ်ပွားခဲ့သော အယူလွဲမှားတဲ့စိတ်ကြောင့် သရေခေတ္တရာပြည်မှာပင် နတ်ဘီလူးများဖြစ်ခဲ့ရရှာသည်။
ဒွတ္တဘောင်မင်းကြီးရဲ့ နဖူးထက်ကမှဲ့ရှင်တော်ကို မိမိမုန်းသည်။အစ်ကိုတော်ရဲ့အသက်ကိုဇီဝန်ချွေခဲ့သော အရိန္ဒမာလှံကို မိမိမုန်းသည်။ယုတ်စအဆုံး မိမိတို့မောင်နှမ ကျရှုံးခဲ့ရာ သရေခေတ္တရာပြည်ကြီးကို အလွန်တရာမျှ မိမိနာကြည်မုန်းတီးမိတော့သည်။ထို့ကြောင့် ဘီလူးမကြီး မစောဥဟာကြွက်မနိုင်ကျီမီးရှို့ဆိုသလို ဘုရင်ကိုလက်စားချေလို၍ သရေခေတ္တရာမြို့အတွင်းရှိ ယောက်ျားမှန်သမျှကို ဖမ်းစားလေတော့သည်။
———————————
“တို့ဘုရင်ရဲ့မင်္ဂလာကန်တော်အနီးမှာ အတော်ချော အတော်လှတဲ့ လုံမပျိုလေးတစ်ဦးကို ညနေ..ညနေတိုင်း တွေ့ရတတ်တယ်ဆိုပဲရောင်းရင်းရဲ့”
“အယ်..ရောင်းရင်းသာမောင်ကမသိသေးဘူးထင်တယ်..ညနေဆို လူပျောက်လူရှများလွန်းလို့အဲ့ဒီကန်နားဘယ်သူမှမသွားရဲကြဘူးလေ”
“ဟုတ်လို့လားရောင်းရင်းရယ်..သူတို့ဖာသာအလည်လွန်နေကြတာကောမဖြစ်နိုင်ဘူးလား”
“ဟုတ်..မဟုတ်တော့မသိဘူး ရောင်းရင်းရေ..ဒီကန်ကလူစားတယ်လို့တောင်နာမည်ကြီးနေတာ..သိချင်ရင်ကိုယ်တိုင်သာစမ်းကြည့်ပေတော့..ကျုပ်ကတော့ ရောင်းရင်းကိုစကားကုန်ပြောပြီးပြီမို့ ကျုပ်တာဝန်ကျေပြီ..ကျန်တာကတော့ရောင်းရင်းကိစ္စပဲ”
မိတ်ဆွေဖြစ်သူ အတန်တန်သတိပေးသည့်ကြားက သာမောင်တစ်ယောက် မင်္ဂလာကန်တော်ဘက်သို့ သွားဖြစ်အောင် သွားလိုက်သေးသည်။ကန်တော်နားအရောက်မှာတော့ မိမိကြားဖူးနားဝရှိသည့် နတ်သမီးတမျှချောမောလှပသည်ဆိုသော လုံမပျိုလေးကို တွေ့လိုတွေ့ငြား ဟိုဟို ဒီဒီလိုက်လံရှာဖွေလေ၏။
“လုံမငယ်လေး..လုံမငယ်လေး..မောင်ကြီးသာမောင်လာနေတယ်လေ..ထွက်တွေ့ပါဦးဗျ..”
“ဟင်းးငါလည်း ကန်တပတ်ပြည့်အောင်ပတ်ပြီးနေပြီ..လူမပြောနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြှီးတောင်မတွေ့ပါလား..မိုးကလည်းအတော်မှောင်လာပြီဆိုတော့ စိတ်လျော့ပြီးပြန်တာပဲကောင်းပါတယ်လေ”
ဒီလိုနဲ့ သာမောင်ဟာ တစ်ယောက်ထဲတတွတ်တွတ်ပြောဆိုပြီး နောက်သို့လှည့်အထွက်မှာတော့..
“အားးအမေ့”
“အို မောင်ကြီးရယ်..လန့်တတ်ရန်ကော ခစ်ခစ်”
“မ မဟုတ်ပါဘူးနှမလေးရယ်..ရုတ်တရက်ကြီးဆိုတော့..”
“နှမလေးက ညနေတိုင်း ဒီကန်ပေါ်မှာလမ်းလျောက်နေကြလေမောင်ကြီးရဲ့..ဒီနေ့က အစ်ကိုကြီးနဲ့စကားပြောနေလို့ နောက်ကျနေတာ ဟင်းဟင်း”
“အဲ့ အဲ့တာဆို နှမလေးက ခေတ္တရာမြို့သားတွေရူးသွပ်အောင် စွဲလန်းရတဲ့ လုံမပျိုလေးပေါ့နော်”
“ဟုတ်တာပေါ့ မောင်ကြီးရယ် ခစ်ခစ်”
ဘယ်သူဘယ်ဝါ မသိရသော လုံမငယ်လေးက သာမောင်ကို သွားထပ်လေးတွေပေါ်အောင် မခို့တခို့လေးရယ်ပြလိုက်ပြီး ပုခုံးကိုလည်းခပ်ဖွဖွလေးထုချလိုက်သည်။ထိုအခါမှာတော့ လူပျိုကြီးသာမောင်တစ်ယောက်ဟာ လုံမငယ်ရဲ့မာယာကျော့ကွင်းထဲ သက်ဆင်းခဲ့ရပြီး အချစ်ဆိပ်တက်ကာ အိမ်ပြန်ဖို့အချိန်ကို မေ့လျော့ခဲ့လေတော့သည်။
“ကဲပါ..မောင်ကြီးရဲ့..နှမလေးနဲ့ အေးအေးဆေးဆေးစကားစမည်ပြောရအောင် ဟိုးရှေးက ညောင်ကြတ်ပင်ကြီးအောက် သွားကြမယ်နော်.. မောင်ကြီးလိုက်မယ်မှတ်လားဟင်..”
“နှမလေးသဘော..နှမလေးသဘော ဟဲဟဲ”
“အင်းဒီလောက်ချော ဒီလောက်လှတဲ့ လုံမပျိုလေးသာ ပိုင်ဆိုင်ခွင့်ရရင်..ငါတော့အိုရချည်သေးရဲ့ ဟီးဟီး”
သာမောင်တစ်ယောက် စိတ်ထဲကနေ ယခုလိုကြံစည်ရင်း ကြိတ်ပျော်နေခဲ့ပြန်သည်။ဒီလိုနဲ့ ညောင်ကြတ်ပင်နားအရောက်မှာတော့ မစောဥက ကိုယ်ကိုခပ်ယို့ယို့လေးလုပ်ကာ ဦးစွာထိုင်ချလိုက်သည်။လူပျိုကြီးသာမောင်ကတော့ ချက်ချင်းဝင်မထိုင်ရဲဘဲ ရှက်ကိုးရှက်ကန်းနဲ့ မတ်တက်ကြီးဖြစ်နေတဲ့အတွက် မစောဥကပဲ
“လာပါ မောင်ကြီးရဲ့..နှမလေးနားလာထိုင်လေ”
“ဟုတ်..ဟုတ်ကဲ့”
“ဘာဟုတ်ကဲ့လဲ မောင်ကြီးရဲ့ ခစ်ခစ်”
“ကျုပ်က နှမလေးကိုအားနာလို့ပါဗျ..ဟီး”
အူမြူးနေတဲ့သာမောင်ဟာ ညောင်ကြတ်ပင်အောက်ရောက်တယ်ဆိုရင်ပဲ ကျောထဲစိမ့်နေသလို ခံစားလိုက်ရသည်။နေ့လည်နေ့ခင်းဆို အရိပ်အာဝါသအလွန်ကောင်းသော ညောင်ကြတ်ပင်ကြီးရဲ့ အရွက် အခက် အကိုင်းတွေက ခုလိုညအချိန်မှာတော့ တစ္ဆေတစ်ကောင်လို ကြောက်မက်ဖွယ် ထင်မှတ်ရ၏။
“ဘာတွေတွေးနေတာလဲမောင်ကြီးရဲ့..နှမလေးနဲ့အတူနေရတာကို မပျော်လို့လား”
“အာ မဟုတ်ရပါဘူးနှမရယ်..မောင်ကြီးအတိုင်းထက်အလွန်ပျော်ရွှင်မိပါတယ်”
“ဒါနဲ့ငါ့နှမရဲ့အမည်သညာလေးကဘယ်လိုခေါ်သတုန်းကွဲ့..မောင်ကြီးကတော့ ကိုသာမောင်လို့ခေါ်တယ်..တောင်သူကြီးပေါ့ကွယ်..ဟဲဟဲ”
“အော်..” “နှမလေးအမည်က မစောဥလို့ခေါ်တယ်မောင်ကြီးရဲ့..ဒီမင်္ဂလာကန်တော်အနီးမှာပဲ မောင်နှမနှစ်ယောက်အတူနေကြတာ..”
“အို..မစောဥတဲ့လား..လူကလည်းလှသလို နာမည်လေးကလည်း တယ်လှရှာသကိုး”
“မောင်ကြီးကလည်း လွန်ပြန်သကော ခစ်ခစ်” “ကဲပါ အချိန်လည်းအတော်လင့်ပြီဆိုတော့ မောင်ကြီးမပြန်ခင် နှမလေးကလက်ဆောင်တစ်ခုပေးလိုက်မယ်..မျက်စိခဏမှိတ်ထားနော်မောင်ကြီး..”
“ဘာများပေးမလို့တုန်းနှမလေးရဲ့..ဟော့ဒီကကိုသာမောင်က အခုလို အချောအလှလေးနဲ့တွေ့ဆုံခွင့်ရခဲ့တာကိုပဲ ကျေနပ်ပီတိဖြစ်လှပါပြီ”
“ကဲပါ..မစောဥကို တကယ်ခင်ရင် မျက်စိကိုမှိတ်ထားလိုက်ပါ မောင်ကြီးရဲ့”
“ပြောမရလည်း..ဟောဒီကသခင်မလေးအမိန့်တော်အတိုင်းပါဗျာ..ဟားဟား”
ပြောပြောဆိုဆို သာမောင်ကသူ၏မျက်လုံးနှစ်ဖက်ကို ခေါင်းပေါင်းစနှင့်စီးကာပိတ်ချီထားလိုက်၏။ထိုစဉ် သူ့အနီးအနား၌ လူခြေကင်းမဲ့သွားသလိုခံစားလိုက်ရပြီး ကျောထဲ၌လည်း စိမ့်ခနဲအေးသွားခဲ့သည်။
“မစောဥ..နှမလေး..မောင်ကြီးမျက်စိပြန်ဖွင့်လို့ရပြီလား..” “ဟင်..ပြောပါဦးနှမလေးရဲ့..မောင်ကြီးကနှမလေးရဲ့မျက်နှာလေးကိုပြန်မြင်ချင်လှပြီ”
ထိုစဉ် နူးညံ့သိမ်မွေ့တဲ့ လုံမငယ်လေးမစောဥရဲ့စကားပြန်သံကိုမကြားရတော့ဘဲ အမျိုးသမီးတစ်ဦးရဲ့ စူးစူးဝါးဝါးအော်ဟစ်ရယ်မောသံကို သာ ကြားလိုက်ရသည်။
“ဟားးဟားးဟားး”
“ဟင်..ဒါ မစောဥအသံမဟုတ်ပါလား”
ထိုအခါမှ သာမောင်လည်း ကပျာကယာ မျက်စိကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ကြောက်ရွံ့ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။
“ဟာ..ဘီ ဘီလူးမကြီး”
“ဟုတ်တယ်..ငါက နင်တို့ဘုရင်သတ်ခဲ့လို့ အစိမ်းသေဖြစ်နေတဲ့ ဘီးလူမကြီး မစောဥပဲ..နင်တို့ခေတ္တရာသားတွေရဲ့အရိုးတွေတောင်လိုပုံမှ ငါကျေနပ်နိုင်မယ်ဟေ့..ဟားဟားဟား”
အစွယ်ဖွေးဖွေးနဲ့ဘီလူးမကြီးက ထိုကဲ့သို့ ကျိန်းဝါးပြောဆိုပြီး သာမောင်ရဲ့ရင်ကိုဖြဲကာ နှလုံးသားကို နှိုတ်ထုတ်ယူလိုက်သည်။
“ကဲ..ရော့..ဒါက ငါနင့်ကိုပေးမယ့်လက်ဆောင်ပဲ..ဟားဟားဟား”
“အ..အားးး”
မိမိရဲ့ခုန်နေတဲ့နှလုံးကြီးကိုကြည့်ကာ သာမောင်တစ်ယောက် သွေးအိုင်ထဲဝယ်လဲကျသေဆုံးသွားခဲ့သည်။ထိုကဲ့သို့ လူပျိုကြီးသာမောင်ရဲ့ သွေးပျက်ထိတ်လန့်ဖွယ် အဖြစ်ဆိုးကြီးကိုတော့ မိတ်ရင်းဆွေရင်းများဟာ မနက်လင်းမှ တွေ့မြင်သိရှိကြရလေသည်။မကြာခင်မှာတော့ ထိုသတင်းစကားများဟာ တစစနဲ့ ပျံ့နှံ့လာခဲ့ပြီး ဒွတ္တဘောင်မင်းကြီးရဲ့ရွှေနားတော်ထိတိုင်အောင် ရောက်ရှိခဲ့လေပြီ။ထိုအခါ ဒွတ္တဘောင်မင်းကြီးလည်း မနေသာတော့ဘဲ ကန်တော်မင်္ဂလာသို့ ကိုယ်တိုင်ကြွချီကာ ဘီလူးများကို ဆင့်ခေါ်လေသည်။
“ငါ၏ မင်္ဂလာကန်တော်အနီးဖြတ်သန်းသွားလာကြကုန်သော အများပြည်သူအပေါင်းကို အမျိုးမျိုးအဖုံဖုံဒုက္ခပေးနေတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲကွဲ့…အခုချက်ချင်း ငါကိုယ်တော်၏ ရှေ့တော်မှောက် ဒူးတုပ်ခစားစမ်း”
ထိုအခါ ကိုစောဗျနဲ့မစောဥတို့နတ်ဘီလူးမောင်နှမက ဒူးတုပ်လက်အုပ်ချီ၍ ပေါ်လာခဲ့သည်။
“မှန်လှပါ..ကျွန်တော်မျိုးတို့သည် အရှင်မင်းကြီးနှင့်စီးချင်းထိုးယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့ကြသည့် ရခိုင်ဘုရင်ကိုစောဗျနဲ့နှမတော်မစောဥတို့ဖြစ်ပါတယ်..” “ကျွန်တော်မျိုးတို့မှာ သေဆုံးခါနီး အယူတိမ်း၍ နတ်ဘီလူးများဖြစ်ခဲ့ကြသော်လည်း နေရာအပိုင်စားမရှိသည့်အတွက် ယခုလိုလူသူလေးပါးကို နှောင့်ယှက်ဖျက်ဆီးရခြင်းဖြစ်ပါတယ်ဘုရား”
“အင်းးဒီလိုဆိုတော့လည်း စိတ်မကောင်းစရာပါလားကွယ်တို့..” “ကဲ..ကဲ..ငါကိုယ်တော်အမိန့်တော်မှတ်မယ်..ကိုစောဗျနဲ့မစောဥတို့ နတ်ဘီလူးမောင်နှမဟာ လူ့ဘဝကတည်းက ရှင်ဘုရင်များဖြစ်ကြသည့်အတွက် ထီးဖြူကနက်စိန်သံလျက်များပေးသနားကာ ငါ၏မင်္ဂလာကန်တော်ကြီးအားစောင့်ရှောက်ရန် နေရာအပိုင်စားပေးလိုက်တယ်..ငါမင်းတရားအမိန့်တော်..”
“အမိန့်တော်မြတ်အတိုင်းပါ အရှင်မင်းကြီးဘုရား”
—————————–
သရေခေတ္တရာမြို့ မနီးမဝေးတွင် လင့်ဇင်ရွာဟုခေါ်သော ရွာကြီးတစ်ရွာရှိ၏။ ထိုရွာကို သူကြီးဖြစ်သူ ဦးဖြူက တရားဓမ္မနှင့်အညီ အုပ်ချုပ်စီမံလျက်ရှိသည်။ ရွာသူ ရွာသားအပေါင်းကလည်း သမာသမတ်ကျပြီး ရိုးသားကြိုးစားတဲ့ သူကြီးဦးဖြူကို ကြည်ညိုလေးစားကြလေသည်။ တစ်ခုသော သီးနှံရာသီအရောက်မှာတော့ ရာသီဥတု ဆိုးရွားစွာ ဖောက်ပြန်လာသည့်အတွက် လင့်ဇင်ရွာရှိတောင်သူများဟာ သီးနှံထွက်နှုန်းကျဆင်းကာ ဆုံးရှုံးမှုများစွာနဲ့ ကြုံတွေ့ကြရလေသည်။ ထိုအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို နေပြည်တော်မှ အခွန်တော်ကောက်သူများက လင့်ဇင်ရွာသို့ ရောက်ရှိလာခဲ့ကြ၏။
“အမတ်မင်းရယ်..ဒီနှစ်တော့ ကျုပ်တို့ရွာလေးမှာ သီးနှံတွေ အတော်များများပျက်ဆီးကုန်တဲ့အတွက် အခွန်တော် ခေတ္တဆိုင်းငံပေးပါလို့ မေတ္တာရပ်ခံပါရစေ”
“အံမယ်..သူကြီးဦးဖြူ..မောင်မင်းက ရုပ်တိမတန်တဲ့ကိစ္စနဲ့ အခွန်တော်ရှောင်ဖို့ ကြိုးစားနေတယ်ပေါ့ ဟုတ်လား”
“မဟုတ်ရပါဘူးခင်ဗျာ..ကျွန်တော်မျိုးတို့ရွာသူ ရွာသားတွေ အမှန်တကယ်ကို အခက်အခဲရှိနေလို့ပါ”
ထိုကဲ့သို့ ဦးဖြူက မိမိ၏ရွာသားများဘက်မှ ကာကွယ်ကာ အခွန်တော်ကို တစ်နှစ်ဆိုင်းငံ့ရန်လျောက်တင်သည်ကို အမတ်နှင့်ပုဏ္ဏားတို့က မကျေနပ်ကြချေ။ထို့ကြောင့် နေပြည်တော်သို့ရောက်သည့်အခါ “လင့်ဇင်ရွာသူကြီးဦးဖြူက အာဏာဖီဆန်ကာ ပုန်ကန်ရန်လုပ်သည်”ဟုဆိုကာ ဘုရင်မင်းတရားကြီးအား ကုန်းတိုက်လျောက်ထားကြ၏။ ဒွတ္တဘောင်မင်းကြီးကလည်း ထိုစကားကို ယုံကြည်၍ လင့်ဇင်ရွာသူကြီးအား ဖမ်းဆီးကာ ထောင်သွင်းအကျဉ်းချ ထားလိုက်လေသည်။
————————-
မတရားဖမ်းဆီးခံရသော လင့်ဇင်ရွာသူကြီးဦးဖြူတွင် အရွယ်မရောက်သေးသည့် လူမမယ် သားလေးမောင်ပန်းမွှေးနဲ့ သမီးလေးမိမိလေးဟူသော မောင်နှမနှစ်ယောက်ရှိ၏။ထိုကလေးနှစ်ယောက်ကိုတော့ ဦးကြီးတော်စပ်သူ ဦးညိုမှ ထိန်းသိမ်းစောင့်ရှောက်ကာ ကျွေးမွေးပြုစုခဲ့ရလေသည်။ကလေးနှစ်ယောက်အရွယ်ရောက်လာသည့်အခါ သားဖြစ်သူ မောင်ပန်းမွှေးက ဖခင်ဗီဇအတိုင်း စိတ်သဘောထားနူးညံ့သိမ်မွေ့ကာ တရားဓမ္မနှင့်မွေ့ပျော်သူဖြစ်လေသည်။ သို့သော် နှမဖြစ်သူမိမိလေးကတော့ မဟုတ်မခံ ဆတ်ဆတ်ထိမခံလိုသော လုံမငယ်လေးတစ်ဦးဖြစ်ချေတော့သည်။ တစ်နေ့တွင် မောင်ပန်းမွှေးနှင့်မိမိလေးတို့က သူတို့ရဲ့ မိဘများအကြောင်းကို ဦးကြီးတော်စပ်သူ ဦးညိုအား မေးလေတော့သည်။
“ဦးကြီးညိုကို ဒီနေ့အလေးအနက်ထားပြီး မေးစရာလေးရှိလို့ပါ”
“ဘာများတုန်းကွဲ့..မောင်ပန်းမွှေးနဲ့မိမိလေးရဲ့”
“အမောင်တို့ငယ်ငယ်လေးထဲက မတွေ့ဖူး မမြင်ဖူးခဲ့တဲ့ မိခင်ဖခင်တို့အကြောင်း အမောင်တို့ကို သနားသဖြင့် ပြောပြပါလား ဦးကြီးရယ်”
“တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တူကြီးတို့ဆီက ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ ဦးကြီးခန့်မှန်းပြီးသားပါကွယ်”
“ဒီလိုဆို ဦးကြီးက ဖခင်တို့အကြောင်း ပြောပြတော့မယ်ပေါ့နော်..ဝမ်းသာလိုက်တာ ဦးကြီးရယ်”
“အင်းး..အချိန်တန်ပြီဆိုတော့လည်းပြောပြရမှာပေါ့ကွယ်..မောင်တို့ဖခင်အမည်က ဦးဖြူတဲ့..လင့်ဇင်ရွာသူကြီး သူတော်ကောင်းကြီးတစ်ယောက်ပေါ့” “မောင်တို့အဖေက ရိုးသားဖြောင့်မတ်စွာနဲ့ ရွာသားတွေကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့ပေမယ့် ကောက်ကျစ်တဲ့ အမတ်ပုဏ္ဏားတွေရဲ့ ကုန်းချောစကားကြောင့် မင်းပြစ်မင်းဒဏ်သင့်ခဲ့ရတယ်လေ”
“ဟင်..အဲ့ဒါဆို သူတို့က ဖခင်ကို ဘယ်လိုစီရင်ခဲ့ကြသလဲဟင်..ဦးကြီး”
“ဦးကြီးနဲ့သိကျွမ်းတဲ့ မင်းမှုထမ်းတချို့ကတော့ သူကြီးကို အကျဉ်းထောင်မှာ ချုပ်နှောင်ထားဆဲလို့ ပြောကြတယ်ကွဲ့”
“ဒါ..ဒါဆို မိမိလေးတို့ မိဘတွေက မသေကြသေးဘူးပေါ့နော်” “မိမိလေး ဖခင်တို့နဲ့တွေ့ချင်လိုက်တာမောင်ကြီးရယ်..”
“မောင်ကြီးလည်း ထပ်တူပါပဲကွယ်..”
“မိမိလေးတို့ မောင်နှမနှစ်ယောက် နောက်ရက်ကျရင် ဖခင်တို့နဲ့တွေ့ဖို့ နေပြည်တော်ကို လိုက်သွားရအောင်နော်မောင်ကြီး..ဦးကြီးညိုကော ခွင့်ပြုမယ်မှတ်လားဟင်”
“ငါ့တူမကြီးတို့သဘောပါကွယ်..တူမကြီးတို့ သွားဖို့ မသွားဖို့ကိစ္စကို ဦးကြီးမှာ စွတ်ဖက်ဟန့်တားပိုင်ခွင့်မရှိပါဘူး”
ထိုအခါမောင်ပန်းမွှေးကဆက်၍
“အဲ့လိုလည်း ဘယ်ဟုတ်ပါ့မလဲ ဦးကြီးရယ်..အ မောင်တို့မောင်နှမနှစ်ယောက် မိဘတွေမရှိကတည်းက ဦးကြီးက ပြုစုစောင့်ရှောက်ခဲ့တာဆိုတော့ အမောင်တို့အတွက်တော့ဖခင်ရင်းတစ်ယောက်လိုပါပဲ” “အဲ့တာကြောင့် ဦးကြီးက ခွင့်မပြုရင် အမောင်တို့ ဘယ်မှမသွားပါဘူး”
“ဦးကြီးက ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုပါတယ်..ဒါပေမယ့် မင်းနေပြည်တော်ဆိုတဲ့အရပ်ဟာ ချောပြစ်ကုန်းတိုက်မှုတွေများတဲ့ဌာနေမို့ ငါ့တူတို့ သတိဝိရိယထားပြီး သွားကြဖို့ပဲ မှာလိုက်ချင်ပါတယ်ကွယ်”
ထိုအချိန်တွင် ဒွတ္တဘောင်မင်းကြီးရဲ့ မင်္ဂလာကန်တော်ကြီးဟာ ဟောင်းနွမ်းညစ်ညမ်းလာပြီဖြစ်တဲ့အတွက် အသစ်ဆည်ဖို့ပြုပြင်နေဆဲ ကာလဖြစ်လေသည်။ အသစ်ဆည်နေသောကန်တော်ကြီးမှာလည်းမကြာခဏကြိုးပေါက်ပျက်ဆီးကာ မအောင်မမြင်ဖြစ်လျက်ရှိ၏။ထို့ကြောင့် ဒွတ္တဘောင်မင်းကြီးက ပုဏ္ဏားတော်များကို မေးမြန်း၍ နိမိတ်ဖတ်ခိုင်းသည့်အခါမှာတော့
“မှန်နီးကီးကြောင်းပါဘုရား..ယခုလာမယ့် ကြာသာပတေးနေ့ တစ်ချက်တီးအချိန်တွင် အရှေ့အရပ်မှကြာသာပတေးသားနှင့် ကြာသာပတေးသမီးတို့မောင်နှမဟာ သံခမောက်ဆောင်း၍ ရောက်ရှိလာကြပါလိမ့်မည်..ထိုသူတို့ကို ခေါ်ယူစတေးပါမှ အရှင့်ရဲ့ မင်္ဂလာကန်တော်ဖော်ယူမယ့်ကိစ္စ အောင်မြင်နီးကီးကြောင်းပါဘုရား..ငှဲ..ငှဲ..ငှဲ”
“အင်းးဒီလိုဆိုတော့လည်း..သင့်လျော်သလိုဆောင်ရွက်စေ..မင်းကြီးများ”
“အမိန့်တော်မြတ်အတိုင်းပါဘုရား”
မကြာမီတွင် မောင်ပန်းမွှေးနှင့်မိမိလေးမှာအကျဥ်းချခံထားရသော ၎င်းတို့ဖခင်အားတွေ့ရန်လာကြလေသည်။သို့သော် ဖခင်ကြီးမှာ မကြာသေးခင် ရက်ပိုင်းကပင် သေဆုံးသွားခဲ့ပြီဆိုတာကိုတော့ မောင်နှမနှစ်ယောက်မသိကြရှာချေ။ နေပြည်တော်သို့လာရာ လမ်းခရီးတစ်လျောက် ချက်ပြုတ်စားသောက်ရန်အတွက်လည်း ပစ္စည်းများယူဆောင်လာခဲ့သည်။နေ့လယ် နေ့ခင်းဆို နေအပူရှိန်က အရမ်းပြင်းတာကြောင့် ပါလာသောပစ္စည်းများထဲမှ သံဒယ်အိုးကို ထုတ်ဆောင်းကာ မောင်နှမနှစ်ယောက် ခရီးဆက်လာကြသည်။ထိုပုံစံကိုပုဏ္ဏားနှင့်အမတ်တို့ကအဝေးမှကြည့်သောအခါ သံခမောက်ဆောင်းလာသည်နှင့်တူနေလေသည်။ ထို့ကြောင့် ပုဏ္ဏား အမတ်တို့လည်း မောင်ပန်းမွှေးတို့ မောင်နှမအား ယခုကဲ့သို့ ခေါ်ယူစစ်ဆေးလေ၏။
“လူလေးတို့က ဘယ်အရပ်ကိုသွားကြမှာတုန်းကွဲ့”
“ကျွန်တော်မျိုးတို့က လင့်ဇင်ရွာကလာကြတာပါခင်ဗျာ..အကျဉ်းကျနေတဲ့ ဖခင်ကြီးကို ခေတ္တခဏတွေ့ဆုံဖို့ နေပြည်တော်ကို ခရီးဆက်ကြမလို့ပါ”
“အော်..အော်..ဒါနဲ့အမည်သညာကကော ဘယ်လိုခေါ်ကြသလဲကွယ်”
“ကျွန်တော်မျိုးရဲ့အမည်က မောင်ပန်းမွှေးလို့ခေါ်ပြီး နှမလေးကတော့ မိမိလေးလို့ခေါ်ပါတယ်ခင်ဗျ”
“ဒါ..ဒါဆို မောင်မင်းတို့က ကြာသာပတသားနဲ့ကြာသာပတေးသမီးပေါ့”
“ဟုတ်ပါတယ်ခင်ဗျာ”
“တယ်..အဆင်သင့်လိုက်လေခြင်း..ဟဲ့..ရဲမက်တွေ မောင်ပန်းမွှေးတို့မောင်နှမနှစ်ယောက်ကို ဖမ်းဆီးလိုက်ကြစမ်း”
“ဟင်..ဘိုးဘိုးတို့က..ကျုပ်တို့ကို ဘာအပြစ်ရှိလို့ဖမ်းတာလဲဗျ”
“တို့အရှင်မင်းတရားကြီးရဲ့ မင်္ဂလာကန်တော်ဖော်ယူမယ့်ကိစ္စဟာ မပြီးပျက်နိုင်သေးဘဲ အကြိမ်ကြိမ်ပြိုကျပျက်ဆီးနေတဲ့အတွက် မောင်မင်းတို့ကို စတေးမလို့ကွဲ့.. စတေးမလို့..ရှင်းကြပြီလား”
“ကန်ဖော်မယ့်ကိစ္စအတွက်နဲ့ကျွန်တော်မျိုးတို့ကို စတေးရမယ်တဲ့လား..မဆိုင်လိုက်တာ ဘိုးဘိုးတို့ရယ်”
“ဆိုင်ရတဲ့အကြောင်းကတော့ မောင်မင်းတို့မောင်နှမက ကြာသာပတေးသားသမီးတွေဖြစ်နေလို့ပဲကွဲ့”
“ဒီမယ် ရှင်တို့က အရမ်းကိုတရားမဲ့လွန်းပြီလို့ထင်တယ်နော်..ကျွန်ုပ်တို့ဖခင်တုန်းကလည်း ရှင်တို့ရဲ့ကုန်းချောစကားကြောင့် ထောင်နန်းစံခဲ့ရပြီးပြီ..အခုလည်း မဟုတ်မဟက်အကြံအစည်နဲ့ ကျွန်ုပ်တို့ကို စတေးဖို့ လုပ်ကြပြန်ပြီလား..တောက်”
“ပြောမနေပါနဲ့တော့မိမိလေးရယ်..မောင်ကြီးတို့ထိုက်နဲ့မောင်ကြီးတို့ကံပဲရှိပါစေတော့..တို့မောင်နှမဝဋ်ကြွေးရှိခဲ့ရင် ဒီဘဝ ဒီမျှနဲ့ပဲ ကျေပါစေတော့လို့ ဘုရားမှာဆုတောင်းလိုက်ပါတယ်”
မောင်ပန်းမွှေးမှာ တရားရှိသူပီပီ ဝဋ်ကြွေးရှိရင်ဒီဘဝဒီမျှနှင့်သာကျေပါစေဟုဆုတောင်းကာစတေးခံခဲ့သော်လည်း မိမိလေးမှာမူ ဘုရင်နှင့်မှူးမတ်များကို စိတ်နာ၍ “အပြစ်မရှိဘဲငါတို့မောင်နှမနှစ်ယောက်ကိုသတ်တဲ့အတွက်အသားစိမ်းစားသောနတ်ဘီလူးများဖြစ်ကာ ဤတိုင်းပြည်ရှိ လူများကိုစားရပါစေ”ဟု ကျိန်စာတိုက်ခဲ့လေသည်။ ထို့နောက် သူ၏ဆုတောင်းများပြည့်၍ နတ်ဘီလူးမကြီးဖြစ်ကာ ကန်တော်အနီးသို့ရောက်ရှိလာကြကုန်သော လူသူကျွဲနွားမှန်သမျှကို ဖမ်းစားလေတော့သည်။ထိုအကြောင်းကို ဒွတ္တဘောင်မင်းကြီးသိရှိသွားပြီး ကြိမ်စကြာနှင့်ရိုက်၍ခေါ်ဆောင်ရာ ရခိုင်ဘုရင်ကိုစောဗျနှင့်မစောဥ၊ မောင်ပန်းမွှေးနှင့်မိမိလေးအစရှိသည့် ပြည်ကန်တော်မောင်နှမလေးဦးတို့ဟာ ဘုရင့်ရှေ့တော်မှောက်ကိုယ်ထင်ပြကာ ဒူးတုပ်ခစားရလေသည်။ ထို့နောက် ၎င်းတို့ကို နေရာအပိုင်စားပေး၍ တစ်နှစ်တစ်ခါ နွားတစ်ကောင်နှင့်တင်မြှောက်ပ,သရန် တောင်းဆိုကြလေသည်။ ဒွတ္တဘောင်မင်းကြီးလည်း ပြည်ကန်တော်ကြီးအားနေရာအပိုင်စားပေး၍နတ်ကွန်းနတ်နန်းနှင့်တကွစံမြန်းကာ ခုနှစ်ရက်သားသမီးများအား ကာကွယ်စောင့်ရှောက်ရန် အမိန့်ထုတ်ပြန်ခဲ့လေသည်။ ရှေးအခါက ပြည်ကန်တော်မောင်နှမကို နွားတစ်ကောင်နှင့် တင်မြှောက်ပ,သခဲ့ရာမှတိုင်းသူပြည်သားများ၏စီးပွားရေးအခြေအနေအဆင်မပြေမှုများကြောင့် တောင်းပန်လျောက်ထားကာ နွားတစ်ကောင်အစားနွားပေါင်တစ်ပေါင်ဖြင့်သာ အစားထိုး၍ တင်မြှောက်ကြတော့သည်။
#ဆက်လက်ကြိုးစားပါဦးမယ်📖✍️
#ဖြိုးမြတ်ဟန် (Mythologist)