ပြုစားခြင်း(စ/ဆုံး)
—————
ကျွန်ုပ်တို့နေထိုင်ရာ လူ့လောကပြင်ကျယ်ကြီးသည် သင်ယူ၍လေ့လာ၍ မကုန်နိုင်သော ပညာသမုဒ္ဓရာပြင်ကျယ်ကြီးနှင့်တူ၏။ မိမိ၏စူးစမ်းစိတ် လေ့လာစိတ်ကို အမြဲဖွင့်ထားလျင် မိမိကျင်လည်နေထိုင်ရာ ပတ်ဝန်းကျင်မှာ ပညာများစွာသည် မကုန်နိုင်မခမ်းနိုင်အောင် ရှိနေပေသည်။ လူတစ်ယောက်နှင့် ကြာကြာအတူနေလိုက်လျင်ပင် ထိုလူဆီမှာပညာများ ရလိုက်နိုင်သလို ထိုလူကိုကြည့်ပြီး သင်္ခန်းစာများနှင့် တခြားပညာများကိုလည်း ရရှိနိုင်ပေသေးသည်။ ဤသည်မှာ ပညာနှင့်ပတ်သက်သော မိမိ၏ကိုယ်ပိုင် အမြင်တစိတ်တပိုင်းဖြစ်၏။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် ဒေသများမှ လူများသည် လူမျိုးလေးမျိုးခန့် ရောယှက်နေထိုင်ကြသည်။ ကချင်လူမျိုး၊ တိုင်းလျံခေါ်ရှမ်းနီလူမျိုး၊ ကန်တူခေါ် ဂဒူးလူမျိုးနှင့် ရှမ်းမဟုတ်ဗမာမဟုတ်သော လအော့လအယ်ခေါ် ရှမ်းဗမာကဗျားလူမျိုးများ ရောပြွမ်းပြီးစုပေါင်းနေထိုင်ကြသည်ကို တွေ့ရ၏။ ဤသည်မှာ နယ်မြေကန့်သတ်ရာ၌ လူမျိုးကို အခြေခံ၍မရကြောင်း သက်သေတစ်ခုပင်ဖြစ်သည်။
လူမျိုးလေးမျိုးခန့်နေထိုင်ကြသည် ဆိုသော်လည်း ရွာများကိုမူ ရှမ်းရွာများဟုသာ လူသိများကြ၏။ ထိုဒေသများသည် ရွှေသတ္ထုထွက်ရှိသဖြင့် စိုက်ပျိုးရေးကို အဓိကထားမလုပ်ကြတော့ပဲ ရွှေလုပ်ငန်းကိုသာ လုပ်ကိုင်ကြ၏။ အရင်းအနှီးမတတ်နိုင်သော ဌာနေရွာသူရွာသားများလောက်သာ မဖြစ်စလောက်သော လယ်ယာနှင့် တခြားစားသောက်သီးနှံများကို စိုက်ပျိုးကြ၏။
၁၉၉၅ ခု၏ နိုဝင်ဘာလနှောင်းပိုင်းကာလများသည်
ပွင့်လင်းရာသီဖြစ်သဖြင့် မိုးလေကင်းစင်ပြီး အထက်မြန်မာပြည်ရာသီဥတုက ချမ်းအေး၍နေသည်။
ဟိုရှေးယခင်က မြောက်အမေရိကဒေသတွင် ဌာနေလူမျိုး Red Idian များနှင့် ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေထိုင်ကြသော ဂျစ်ပစီလူမျိုးများရှိသည်ဟု သိရ၏။ ကျွန်ုပ်သည်လည်း ထို Jepsi များကဲ့သို့ပင် ထိုတိုင်းနှင့်ပြည်နယ်အစပ်ရှိ ကျေးရွာများသို့ ရေကြည်ရာမြက်နုရာအဖြစ်ဖြင့် သွားရောက်၍နေထိုင်ခဲ့ဖူးသည်။
ကျွန်ုပ်တို့မှာ ရွာနှင့်ခပ်လှမ်းလှမ်းရှိ ရွှေတူးဖော်ရာ နေရာတွင် နေကြသည်။ လုပ်ငန်းခွင်နေရာအနီး၌ တဲကြီးတဲငယ်များ ဆောက်လုပ်နေထိုင်ကြခြင်း ဖြစ်သည်။ တနေ့တွင် ရွာဦးထိပ်က စေတီကြီး၏ ဝန်းကျင်၌ ဆိုင်းသံဗုံသံများကြားနေရသဖြင့် သူငယ်ချင်းများကို စပ်စုမိတော့ ဘုရားပွဲရှိသည်ဟု သိရ၏။
”ဟေ့ကောင်တွေ ထမင်းစားပြီးရင် ပွဲသွားရအောင်”
တရုတ်ဗမာ ကဗျားတစ်ယောက်က စပြီးအဖော်ညှိ၏။ ပွဲဖက်ဆီမှအသံများကား ကျွန်ုပ်တို့လို လူငယ်များကို မနေနိုင်လောက်အောင် ဆွဲခေါ်နေပြီ ဖြစ်သည်။ ရွှေလုပ်ငန်းရှိရာနေရာများရှိအလုပ်သမားများမှာ မြန်မာပြည်၏နယ်စုံ ဒေသစုံက လာရောက်လုပ်ကိုင်ကြသော လူပေါင်းစုံဖြစ်၏။ ကျွန်ုပ်တို့အလုပ်၌ ထမင်းချက်အမျိုးသမီးကြီးတစ်ယောက် ရှိ၏။ သူ၏ယောက်ျားသည်လည်း ကျွန်ုပ်တို့နှင့်အတူ အလုပ်လုပ်သည်။
ညနေ အလုပ်သိမ်း ရေမိုးချိုးပြီးမှ ညနေစာကို ပြင်ဆင်စားသောက်ကြသဖြင့် ကျွန်ုပ်တို့ထမင်းဝိုင်းသည် အချိန် အနည်းငယ်နောက်ကျ၏။ အားလုံးပြင်ဆင်ပြီးသော် စားပွဲ၏အလယ်၌ ဖယောင်းတိုင်မီးထွန်းပြီး စားကြ၏။ ဟင်းမှာ ကစော့သီးဟင်းချို၊ ရွှေဖယုံသီးချက်၊ ငရုတ်သီးထောင်းနှင့် ရှမ်းငါးပိကောင်ကြော် ဖြစ်သည်။ ထမင်းစားနေစဥ် တဲရှေ့မှဖြတ်သွားသူများက ပွဲသွားမယ်ဟု အော်သွားကြသေး၏။ ကျွန်ုပ်တို့လည်း ထမင်းသာစားနေရတယ် စိတ်ကတော့ ပွဲဆီသို့ရောက်နေကြလေသည်။
ထမင်းစားနေတာ တဝက်ခန့်လောက်ကုန်တော့ တဲထဲသို့ ပျံသန်းဝင်ရောက်လာသော ချေးပိတုံးကောင်က စားပွဲအလယ်က ဖယောင်းတိုင်ကို ဝင်တိုက်ပြီး မီးငြိမ်းသွားသဖြင့် မီးပြန်ထွန်းရသေးသည်။ ချီးပိတုံးကောင်၏အနံ့ကြောင့် စိတ်ထဲတမျိုးဖြစ်ရသည်။ ဆောင်းရာသီရောက်လျင် တောအရပ်များသည် ညပိုင်းမှထွက်သော ချီးပတုံးကောင်များ အလွန်ပင်ပေါများ၏။ မီးထွန်းပြီး ထမင်းဆက်စားကြသည်။ မကြာပါ ထိုချီးပတုံးကောင်သည် ပြန်ရောက်လာပြီး မီးကို ထိုးသတ်လိုက်ပြန်သည်။
ဒီတခါတော့ ထမင်းချက်အမကြီး စိတ်တိုသွားပြီ။ မီးပြန်ထွန်းပြီး စားပွဲအောက်မှာ တကျီကျီမြည်နေသော ထိုချီးပတုံးကောင်အား ရှာသည်။ တွေ့တော့ သူစီးသည့်ဖိနပ်ဖြင့် ရိုက်ချပြီး အဝေးသို့လွှင့်ထုတ်ပစ်လိုက်၏။ ပြီးတော့ ထမင်းဆက်စားကြပြန်၏။ ချီးပတုံးကောင်ကြောင့် ကျွန်ုပ်တို့မှာ ဆက်မစားချင်တော့ပဲ ထမင်းဝလိုက်ကြတော့သည်။ ပြီးတော့ ပွဲသွားဖို့ လုပ်ကြ၏။ ထမင်းချက်အမကြီး တစ်ယောက်သာ ထမင်းဝိုင်းမှာကျန်သည်။ နောက်တော့ ထိုအမကြီးမှာ ထမင်းစားလက်စကိုရပ်ပြီး ငူတူတူ ထိုင်နေသည်။ ထို့ကြောင့် သူ့အမျိုးသားက ~
“ဝပလား ဝရင်လည်း ထပြီးသိမ်းတော့”
“မဝသေးဘူး ငါ အရက်သောက်ချင်တယ်”
အားလုံး မျက်လုံးပြူးကုန်ကြသည်။ ထူးထူးဆန်းဆန်းစကားကြောင့် နောက်နေတာလားဟု ပြောကြ၏။ ပြီးတော့ ထိုအမကြီးက ~
“ငါ့ကို တွဲလာကြဦး ငါအိပ်တော့မယ်”
လုပ်ပြန်ပြီ၊ အဆက်အစပ်မရှိ စကားတွေက ဟိုရောက်ဒီရောက် ဖြစ်လာနေသည်။ ဒါကြောင့် ကျွန်ုပ်ကနေ သူ့အမျိုးသားကို ပြောလိုက်သည်။
“ဟေ့ကောင် အောင်ဘု မင်းမိန်းမ ပုံမှန်မဟုတ်ဘူး”
ကျွန်ုပ်လည်း ဒီလိုပြောလိုက်ရော ထိုမိန်းမသည် ကျွန်ုပ်ကို မျက်စောင်းထိုးပြီး အံကြိတ်လေသည်။ သူမ၏မျက်လုံးမှာ ဖယောင်းတိုင်မီးကြားမှာ ပြူးနေသည်ကိုသတိပြုမိ၏။ နောက်တော့ ရေသောက်ဖို့ ရေတောင်းပြန်၏။ ဒီနေရာတွင် ကျွန်ုပ်တို့ထဲမှ ကြားဖူးနားဝ အတွေ့အကြုံရှိသော သူငယ်ချင်းတစ်ယောက်က ~
“ဟေ့ကောင် မင်းမိန်းမကို ရေမတိုက်နဲ့တော့” ဟု ပြောလိုက်သည်။
သူမ၏ပုံစံက တဖြည်းဖြည်းနှင့် ရုပ်ဆိုးပြီးကြမ်းလာ၏။ နှာခေါင်းမှ တရှူးရှူးမှုတ်ပြီး ဆံပင်များကို ဆုပ်ဖြေရမ်းခါလျက် ဖားလျားချလာသည်။ နောက်တော့ လက်ချောင်းများပါ စွန်လက်သည်းကဲ့သို့ လုပ်ပြလာသည်။ တဲထဲမှလူများကို မျက်လုံးပြူးကြည့်ပြီး စားမလိုဝါးမလိုဖြင့် ကြိမ်းမောင်းအော်ဟစ်လာ၏။ အားလုံး ပွဲသွားမည့် အစီအစဥ်တွေ ဘယ်ရောက်ကုန်သည်မသိတော့။ အားလုံးက ထိုမိန်းမကြီးကို ဝိုင်းပြီးထိမ်းချုပ်ကြ၏။ ဤသို့ဖြင့် အခြေအနေမမှန်သော ထိုမိန်းမကြီးအား ရွာလယ်ပိုင်း၌ရှိသော ရွှေရင်ကျော်ဆရာကြီးဆိုသူထံသို့ ရုန်းရင်းဆန်ခတ်ဖြင့် ဝိုင်းဝန်းပို့ဆောင်ကြရလေသည်။ လမ်း၌ ကန့်လန့်ကန့်လန့်ဖြင့် ရုန်းကန်ပြီးလိုက်လာ၏။ ဆရာကြီးဆိုသူ၏ အိမ်နားနီးသော် သူမသည် ထွက်ပြေးဖို့ရုန်းသည်။ သို့သော် ကျွန်ုပ်တို့မှ အတင်းဝိုင်းချုပ်ပြီး ခေါ်ယူလာခဲ့ရာ ဆရာကြီး၏ အိမ်ရှေ့ခြံတံခါးဝသို့ ရောက်ရှိခဲ့ကြလေသည်။
“ဗျို့ ဆရာကြီး”
“ဗျို့ ဆရာကြီး”
ထိုအမကြီး၏ အမျိုးသားမှလှမ်းအော်ခေါ်သည်။
ဆရာကြီးအား အိမ်ရှေ့မှနေ၍ အကျိုးအကြောင်းကို ပြောပြသောအခါ ဆရာကြီးက အိမ်နောက်ဖေးလှေခါးမှ တက်ခဲ့ကြရန် လှမ်းပြော၏။ ထူးဆန်းသည်မှာ ဆရာကြီး၏ အိမ်နောက်ဖေးလှေခါးမှတက်ပြီးတော့ လှေခါးထိပ်တဆင့်သို့ရောက်သောအခါ ထိုမိန်းမမှာ ချုပ်ကိုင်ထားသူများလက်ထဲမှ ရုန်းခုန်ထွက်ပြီး ဆရာကြီး၏ဓါတ်ခန်း ဓါတ်စင်ရှေ့တွင် ဒူးတုပ်ရက်သား ရောက်သွားခြင်းပင်။ ထိုအဖြစ်အပျက်မှာ လျင်မြန်လွန်းသဖြင့် ထိုမိန်းမသည် ခုန်လိုက်သလား ပျံလိုက်သလားဟုပင် မပြောပြနိုင်ပေ။ ဆရာကြီးလည်း ချက်ချင်းပင်ထလာပြီး ~
“ဟေ့ ပုဏ္ဏက ဒီကောင်မကို ခုချက်ချင်းချုပ်စမ်း”
ဟု အမိန့်ပေးခါ ကြိမ်လုံးကြီးကိုကိုင်ပြီး ဆောင့်ကြောင့်ထိုင်လေသည်။ ကျွန်ုပ်အပါအဝင် ဝိုင်းကြည့်နေကြသူများမှာ ဆယ်ယောက်ခန့်ရှိနေသည်။ အားလုံးမှာလည်း စိတ်ဝင်တစားဖြင့် တိတ်ဆိတ်စွာပင် ကြည့်ရှုနေကြလေ၏။ ထို့နောက်မှ ဆရာကြီးက အသေးစိတ်စစ်ဆေးခြင်း မေးမြန်းခြင်းများပြုလုပ်၏။ စစ်ဆေးစဥ် မဖြေပါက ထိုမိန်းမ၏ပါးများကို တဖြောင်းဖြောင်းရိုက်၏။ သူ၏ ဓါတ်ခန်းစင်ပေါ်မှ မင်းညီနောင်ကိုခေါ်ချပြီး ဂလိထိုးခိုင်းသည်။ ထိုအခါ ထိုမိန်းမသည် ရယ်မော ၏။ နောက်ပြီး သူ၏ပုဏ္ဏကကို အစွယ်ဖြင့်ထိုးရန် အမိန့်ပေးပြန်သည်။ ထိုမိန်းမလည်း ငိုပြန်၏။ နောက်ဆုံးတော့ ထိုမိန်းမမှာ မခံနိုင်တော့ပဲ အဖြစ်မှန်ကို ဝန်ခံပြောပြရလေတော့သည်။
“ကျမက ဒီရွာကအမျိုးသမီးပါ၊ နေမကောင်းလို့ ဟင်းငတ်နေတာကြာပြီရှင့်၊ ဒီနေ့တော့ သူတို့ထမင်းဝိုင်းထဲမှာ ငါးပိကောင်ပါတာမြင်လို့ ဝင်စားတာ မစားရပဲ ကျမကို ဖိနပ်နဲ့ရိုက်တယ်ရှင့်၊ အဲဒါနဲ့ ကျမလည်းစိတ်တိုပြီး သူ့ထမင်းပုဂံထဲ အပင်းထည့်လိုက်မိပါတယ် ဆရာကြီး”
“ဒါဆို အဲဒီအပင်းက သူ့ဝမ်းထဲရောက်သွားပလား ပြော၊ မလိမ်နဲ့နော်၊ လိမ်ရင် မင်းကို ပုဏ္ဏကလက်ထဲ အပ်လိုက်မှာ”
“ဟုတ် မလိမ်ပါဘူးရှင့်၊ အပင်းက သူ့လယ်ချောင်းထဲမှာနေတုံးပါ၊ ရေတေင်းတာ မပေးလို့ ဝမ်းထဲမကျသေးပါဘူးဆရာကြီးရှင့်”
“ဒါဆို အခုချက်ချင်း ပြန်ထုတ်၊ ရော့ ဒီထွေးခံခွက်ထဲကို ထုတ်ထည့်လိုက်၊ ကုန်အောင်ထုတ်နော် ကျန်လို့တော့ မင်းထပ်ပြီးနာမယ် ထုတ် အခုထုတ်”
ဆရာကြီးမှ ထွေးခံခွက်ကိုထိုးပေးလိုက်ရာ သူမ၏လက်နှစ်ချောင်းဖြင့် အာခေါင်ထဲသို့နှိုက်ပြီး အပင်းအား ထိုခွက်ထဲသို့ချလေသည်။ ကျွန်ုပ်တို့လည်း ထိုအပင်းကိုကြည့်ဖို့ လှုပ်ရွလှုပ်ရွ ဖြစ်နေကြသည်။ လည်ချောင်းထဲမှအပင်း ကုန်မကုန် ဆရာကြီးမှခြိမ်းခြောက်ခါ ကြိမ်လုံးကြီးတရွယ်ရွယ်ဖြင့် မေးမြန်းပြန်၏။ ကုန်တာသေချာသွားပြီး နောက်မှ ဆရာကြီးက တစ်တောင်ကွာလောက်ကနေသာ ထွေးခံထဲငုံ့ကြည့်ကြဖို့ပြော၏။ ကျွန်ုပ်တို့ ဝိုင်းကြည့်ကြသည်။ စာဖတ်သူ သင်ကော ဘာတွေ့မည်ထင်သနည်း။
ထွေးခံမှာ စဥ့်အိုးငယ်ကဲ့သို့ပုံသဏ္ဍာန် အဖြူရောင် ကြွေထွေးခံဖြစ်သဖြင့် အတွင်းကိုရှင်းလင်းစွာ မြင်ရသည်။ အတွင်း၌ ကျွန်ုပ်တို့မြင်ရသော အပင်းဆိုသောအရာသည်ကား ထူးဆန်းအံ့သြစရာပင်ဖြစ်၏။ လုံးပတ်မှာ ကုလားပဲစေ့လောက်ခန့်ရှိပြီး အရှည်အားဖြင့် သုံးလက်မခန့်ရှိသည့် အမြီးနှစ်ခွနှင့် အညိုရောင် လောက်ကြီးနှစ်ကောင် ဖြစ်လေသည်။ ကြည့်ရင်းဖြင့် ကြက်သီးထမိသည်။ အကျီများ ပုဆိုးများ ဘောင်ဘီများနှင့် ထွေးခံကို မထိမိကြစေဖို့ ဆရာကြီးမှ သတိပေး၏။ ထို့နောက် ဆရာကြီးသည် ထိုအပင်းထည့်သူအား နောက်နောင်ကို ဘယ်သူ့ကိုမှ အခုလိုဒုက္ခမပေးဖို့ ဆုံးမ၏။ ယခု ထုနှက် ရိုက်ပုတ်ထားသော ဒဏ်ရာဒဏ်ချက်များကိုလည်း တခါတည်းယူသွားဖို့နှင့် ဒီမိန်းမရဲ့ခန္ဓာကိုယ်မှာ မကျန်ရစ်ခဲ့စေဖို့လည်း အမိန့်ပေး၏။
ပြုစားသူ ရွာသူမှာ ဟုတ်ကဲ့ရှင့်ဟုပြောပြီး ဆရာကြီးအားလက်အုပ်ချီခါ ထိုမိန်းမ၏ခန္ဓာကိုယ်မှ ထွက်ခွာလေတော့သည်။ ရုတ်တရက် ထိုမိန်းမလဲကျသွား၏။ ဘေးမှ သူ့ယောက်ျားက တွဲထူပြီး သူမနာမည်ကိုခေါ်ရာ ထူး၏။ ဆရာကြီးမှ တကယ်ထွက်မထွက်သိနိုင်ရန် ကွမ်းရွက်ကို ဝါးစေခြင်းဖြင့် စစ်ဆေးသေးသည်။ တကယ်မရှိတော့တာ သေချာသွားသောအခါ ဆရာကြီးမှ ထိုဇနီးမောင်နှံအား အားလုံးရှင်းသွားပြီဖြစ်ကြောင်း ပြောပြ၏။ ထို့နောက် သူတို့လင်မယားမှနေ၍ ထိုဆရာကြီးအား ငွေနှစ်ထောင်ကန်တော့လေ၏။
ထိုည ကျွန်ုပ်တို့ ပွဲမသွားလိုက်ရပါ။ သို့သော် ပွဲကဲ့သို့ အငိုများ အရယ်များ အရိုက်အပုတ်များ ဟာသများ မမြင်ရသည့်အရာများ၏ လုပ်ဆောင်ချက်များ ဂန္ဓာရီဆန်ဆန်ပြကွက်များ အံ့သြ ထိတ်လန့်ဖွယ်ရာများ စသည့်ဖျော်ဖြေမှုများကို ကျွန်ုပ်တို့ ကြည့်ရှုခံစားလိုက်ကြရသည်။
ထိုဖြစ်ရပ်များမှနေ၍ ~
ညအချိန် ထမင်းစားလျင် တံခါးပိတ်ပြီးစားသင့်၏၊ အပင်းမိသည်ဟု သံသယရှိပါက ရေမသောက်မိဖို့ ဂရုစိုက်ရမည်၊ တောအရပ်ဒေသများမှာ ညပိုင်းထမင်းစားပါက မီးရောင်မရှိပဲ မစားသင့်၊ မဝင်ပဲထွက်ကျသောအပင်းများကို ထိတွေ့ခြင်းမဖြစ်စေရ၊ အပမိထားသော လူနာများကို သူတို့ပြောသလို အလိုမလိုက်ရ၊ စသော ပညာဗဟုသုတများကိုလည်း ရရှိခဲ့လေသည်။ မိမိဘဝရှင်သန်ရာ ပတ်ဝန်းကျင်ဆိုသည်မှာ သတိထားလျင် ယူတတ်လျင် မိမိအတွက် ပညာများစွာ ရှိနေသည်မဟုတ်ပါလား။
ရွာဦးထိပ်ဖက်ဆီမှ ဆိုင်းသံဗုံသံများ လေနှင့်အတူ ပျံ့လွှင့်လာ၏။ တဲ၏ဘေးမှ ကျွန်းပင်ကြီးသည် လေတိုက်သဖြင့် တရှဲရှဲမြည်နေ၏။ ခေါင်းရင်းဖက်မှ ဆောင်းပုရစ်များ၏အော်သံများကလည်း ဆူညံနေသည်။ ကျွန်ုပ်တို့ကား ပွဲသွားချင်စိတ်မရှိကြတော့သဖြင့် အတွေးများစွာဖြင့် အိပ်ယာထဲသို့ ဝင်ရောက်ခဲ့ကြလေတော့၏။
(ကျွန်ုပ်၏ကိုယ်တွေ့ဖြစ်ရပ်များ)
Jupiter