ပြုသူအသစ် ဖြစ်သူအဟောင်း(စ/ဆုံး)
————————————–
ဆောင်းရာသီ နံနက်ခင်းရဲ့ နေရောင်ခြည်က တဖြည်းဖြည်းနဲ့ နွေးလာသည်။ ကျေးငှက်များရဲ့ ဆူညံသံများမှတစ်ပါး ကျောင်းဝင်းတစ်ခုလုံး တိတ်ဆိတ်နေသည်။ ဦးပညာသာမိသည် စေတီတော်ရင်ပြင်ပေါ်တွင် တံမြက်စည်း လှည်းနေသည်။ ကမ္မဋ္ဌာန်းဖြင့် မထိန်းနိူင်သေးသော ဦးပဉ္ဇင်းရဲ့ စိတ်တွေက ဟိုအတိတ်ဆီကို ပြန်သွားနေကြသည်။
” ကိုကို ”
” ဗျ ”
” တောင်ပိုင်းက မမစောမြတို့လေ သင်္ကြန်ပြီးရင် ယူကြတော့မှာတဲ့ ”
” ဟုတ်လား ကိုကိုတို့လည်း ယူကြရအောင်လေ တကယ်လား ကိုကို ”
” အင်း တကယ်ပေါ့ အစောရဲ့ ”
စောယုသည် သူ့နှုတ်ခမ်းကို ဖွဖွနမ်းလိုက်သည်။
” အရမ်းချစ်တယ် ကိုကို ”
” အင်း ကိုကိုလည်း အရမ်းချစ်တယ် ”
သူက စောယုကိုယ်လေးကို ပွေ့ယူကာ မျက်နှာလေးကို နေရာအနှံ့ နမ်းလိုက်သည်။ ညနေစောင်းပြီဖြစ်သဖြင့် အနောက်ဘက်ကောင်းကင်တွင် ကျေးငှက်တို့ အိပ်တန်းဝင်နေကြပြီ။ နေမင်းကြီးသည် ငိုထားသည့် မျက်ဝန်းများအလား နီရဲနေသည်။
” ဒါနဲ့လေ အစော ကိုကို သင်္ကြန်တွင်း ဒုလ္လဘဝတ်အုံးမယ် ပြီးရင် အစောတို့အိမ်ကို လူကြီးစုံရာနဲ့ လာတောင်းလှည့်မယ်နော် ”
သူမ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
” ဟုတ်ကဲ့ ပြန်ကြရအောင်နော် ကိုကို နေဝင်တော့မယ် တော်ကြာ လူများတွေ တစ်မျိုးထင်နေလိမ့်မယ် ”
နှစ်ယောက်သား နေရာမှ ထကာ ပြန်လာခဲ့ကြသည်။ ဒီနေရာလေးက သူတို့နှစ်ဦး ချိန်းတွေ့နေကျ နေရာလေးဖြစ်သည်။ ရွာနဲ့လည်း မနီးလွန်း မဝေးလွန်း၊ ဆိတ်ကွယ်ရာလည်း မဖြစ်။ ဒီနေရာလေးကို မြတ်မင်း ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ချိန်းတွေ့စ ရက်များတွင် စောယုသည် အနည်းငယ်ရှက်သော်လည်း တစ်ရွာလုံးကို အသိပေးထားသော ချစ်သူစုံတွဲဖြစ်သဖြင့် ဘယ်သူကမျှ စပ်စပ်စုစု လာမကြည့်ကြ။ စောယုတို့ကလည်း ချိန်းတွေ့ရင် အကြာကြီး မထိုင်ကြ။ လိုရင်းတိုရှင်းစကားပြောကြပြီး ဖက်နမ်းကာ ပြန်လာတတ်ကြသည်။ စောယုမှာ အမေတစ်ခု သမီးတစ်ခုသာ ဖြစ်သဖြင့် အရာအားလုံး အမေ့ကို ဖွင့်ပြောပြထားသည်။ မိခင်ဖြစ်သူကလည်း တစ်ရွာလုံးကပါ သိထား၍ စောယုတို့အား စိတ်မချစရာမရှိ။
” အမေ သမီး ပြန်လာပြီ ”
စောယု အိမ်သို့ပြန်ရောက်တော့ အမေက ဘုရားရှိခိုးနေသည်။ စောယုသည် ညစာထမင်းပြင်ဆင်ပြီး အမေ့ကို စောင့်နေလိုက်သည်။ ဘုရားရှိခိုးပြီးတော့ သားမိနှစ်ယောက် ထမင်းအတူတူစားပြီး အိပ်ယာဝင်ကြသည်။
” စောယုရေ ”
ခြံဝမှ ခေါ်သံကြားသဖြင့် ထမင်းချက်နေရာမှ ခြံဝသို့ လှမ်းကြည့်လိုက်သည်။
” အော် မမမြ ဝင်လာခဲ့လေ ဒီမှာ ထမင်းချက်နေတုန်းမို့ ”
” အေးအေး နင့်အမေရော ”
” အမေက ရွာတောင်ပိုင်း ခနသွားတယ် လာလေ မမမြရဲ့ ဘာပြောစရာရှိလို့တုန်း ”
စောမြသည် ခြံတံခါးဖွင့်ဝင်လိုက်ပြီး မီးဖိုချောင်နားသို့သွားကာ ဆိုသည်။
” ဒီလိုပါအေ အကြတ်နေ့ မုံရွာက ချင်းတွင်းသင်္ကြန် လိုက်မလားလို့ လာခေါ်တာပါ ”
ချင်းတွင်းသင်္ကြန်က ဒီနှစ်မှ စဖွင့်တာဖြစ်သဖြင့် သူမလည်း ရောက်ဖူးချင်သည်။
” ဟုတ် မမမြ ဘယ်သူတွေရော ပါမှာလဲ ”
” ကိုအောင်ကြီးရယ် နှင်းနှင်းရယ် ဖြူဖွေးရယ် ငါရယ် လေးယောက် နင်ရောဆို ငါးယောက်ပေါ့ ”
” ဟုတ် မမမြ ဆိုင်ကယ်နဲ့သွားမှာလား ”
” အေး ဟုတ်တယ် နင် ငါ့နောက်က လိုက်ခဲ့လေ လိုက်ရဲတယ်မလား ”
” ဟုတ် မမမြ လိုက်ရဲပါတယ် ”
သူမ ရယ်ကျဲကျဲနဲ့ ဖြေလိုက်သည်။
” အေးပါ ဒါနဲ့ နင့်ကိုကိုရော ခေါ်ချင် ခေါ်ခဲ့လေ နင် သူ့ဆိုင်ကယ်နောက်က လိုက်ခဲ့ပေါ့ ”
” ကိုကိုက ဒုလ္လဘဝတ်အုံးမှာတဲ့ မမမြရဲ့ ယုလည်း အစကတော့ ဒီသင်္ကြန်ကို ကိုကိုနဲ့ လည်မယ်လို့ စဥ်းစားထားတာ ကိုကိုက သင်္ကန်းစီးမယ်ဆိုတော့လည်း မလည်ရတော့ဘူးပေါ့ ”
” အေးပါဟယ် ခွင့်ပြုလိုက်ပါ နင်လည်း ကုသိုလ်ရတာပေါ့ ဇနီးလောင်းပီပီ ပါရမီ ဖြည့်ပေးလိုက်ပေါ့ဟာ ”
စောမြက နှစ်သိမ့်သည့်သဘောဖြင့်ဆိုသည်။
” ဟုတ်ကဲ့ပါ မမမြရယ် သင်္ကြန်ပြီးရင် ကိုကိုက ယူကြမယ် ပြောတာပဲ မမမြတို့နောက်မှ ရက်သတ်မှတ်မှာပါ ”
” အေးပါဟယ် နင်တို့လည်း ယူသင့်နေပါပြီ ဒါနဲ့ နင် ဘာဟင်းချက်နေတာလဲ ”
အာလူးနဲ့ ခရမ်းသီးပါ မမ ”
” အေးပါ အာ့ဆို အကြတ်နေ့ ငါ လာခေါ်မယ် ငါလည်း အိမ်ပြန်လိုက်အုံးမယ်အေ ထမင်းဟင်းက မချက်ရသေးဘူး ”
” ဟုတ် မမ ”
မစောမြ ပြန်သွားတော့ သူမတစ်ယောက်တည်း ဟင်းချက်ရင်း တွေးနေမိသည်။
ကိုကိုက သွားခွင့်ပေးပါ့မလား မသိဘူး မေမေ့ကတော့ သွားခွင့်ပေးမှာပဲ အင်းလေ ပြီးမှ ပြောကြည့်ရတာပေါ့ ကိုကိုက သင်္ကန်းစီးမှာဆိုတော့ သွားခွင့်ပြုမှာပါ
ညအိပ်ယာဝင်တော့ စောယုသည် သင်္ကြန်လည် လိုက်သွားချင်းကြောင်း အမေကို ပြောပြသည်။
” စောမြနဲ့ဆိုရင်တော့ လိုက်သွားပေါ့ သမီးရယ် ခုခေတ်က ပွင့်လင်းမြင်သာလာတဲ့ ခေတ်ပဲ သမီးကို အမေ အထူးတလည် မတားလိုပါဘူး တားစရာမလိုတော့ဘူးလို့လည်း အမေ တွေးမိတယ်လေ ”
” အမေရယ် တားပါ သမီးနားထောင်မှာပေါ့ ” စောယုက ဒေါ်သင်းခါးလေးကို ဖက်ကာ ဆိုသည်။
ဒေါ်သင်းက သက်ပြင်းလေးခပ်ယဲ့ယဲ့ ချရင်း ပြောသည်။
” ခေတ်ကာလဆိုတာက အမြဲပြောင်းလဲနေတာ သမီး အဲဒီပြောင်းလဲနေတဲ့ ခေတ်ကာလကို လိုက်လျောညီထွေ နေတတ်ရင် ရပြီ ခေတ်ဆန်ဆန် လိုက်နေစရာမလိုဘူး သမီးက သင်္ကြန်လည်သွားချင်တယ်မလား အင်္ကျီအဝတ်အစားကအစ အရာအားလုံးကို ဂရုတစိုက်ဝတ်ရတော့မယ် လမ်းမှာလည်း လမ်းစည်းကမ်းနဲ့အညီ ဆိုင်ကယ်စီးကြရမယ် လူများကို ရန်စတာမျိုး ရန်ပွဲတွေအနား သွားနေတာမျိုး မဖြစ်စေနဲ့ ကိုယ့်အနီးအနားမှာ ရန်ပွဲဖြစ်လာရင်လည်း ရှောင်ထွက်သွားလိုက်ပေါ့ အဓိကကတော့ ငါ့သမီးရယ် အရက်သေစာမသောက်မစားခဲ့နဲ့ ငါ့သမီးက မသောက်မစားတတ်တာ သိပေမယ့် အပေါင်းအသင်းနဲ့သွားတဲ့အခါ မဖြစ်မနေသောက်ရတဲ့အခါမျိုး ဖြစ်တတ်တယ် အဲခါကျရင်လည်း မသောက်ဖြစ်အောင် ဂရုစိုက်ရမယ်နော် ခုခေတ်က နေရာတိုင်းလိုလို အရက်ဆိုင်တွေ ရှိနေတာဆိုတော့ အရက်သောက်တဲ့အပြစ်က သိပ်မကြီးဘူးလို့ ထင်ရတယ် ”
” ဟုတ်ကဲ့ပါ အမေရယ် သမီးမသောက်တတ်တာ အမေလည်း သိသားပဲ ”
” မသောက်တတ်တာကို သိတာပေါ့ သမီးရယ် ဒါပေမယ့်လည်း စိတ်ချလို့ မရဘူးလေ သမီးရဲ့ အရက်သေစာ သောက်ခြင်းရဲ့ ဆိုးကျိုးတွေ အများကြီးရှိတယ် သမီး အဲဒီအထဲက အသေးဆုံး ဆိုးကျိုးကို ပြောရမယ်ဆိုရင် ရူးနှမ်းတတ်တယ်တဲ့ ဒါတောင် အသေးဆုံး ဆိုးကျိုးပဲ ရှိသေးတာနော် သမီး အရက်သေစာ သောက်စားတဲ့သူဟာ ၅ပါးသီလထဲမှာ ရှေ့လေးပါးလုံးကို အလွယ်တကူကျူးလွန်နိူင်တယ်တဲ့ အရက်မူးပြီး လူသတ်တာတို့ ပစ္စည်းလုတာတို့ သူများသားမယား ပြစ်မှားစော်ကားတာတို့ လိမ်ညာပြောတာတို့ ဒါမျိုးတွေကို အလွယ်တကူ လုပ်နိူင်သတဲ့ သမီးလည်း ဂရုစိုက်ပေါ့ကွယ် အရက်တွေမသောက်ခဲ့နဲ့နော် ”
” နောက်တစ်ခုက ငါ့သမီးက မြန်မာအမျိုးသမီးမိန်းကလေးတစ်ယောက်ပဲ ဘယ်လောက်ပဲ ပညာတွေတတ်တတ် ဘယ်လောက်ပဲ ပိုက်ဆံတွေရှိရှိ ဒီအမှန်တရားကိုတော့ ငါ့သမီး လက်ခံထားရမယ် မြန်မာအမျိုးသမီးပီပီ ဣန္ဒြေနဲ့ သိက္ခါကို ထိန်းသိမ်းတန်ဖိုးထားတတ်ရမယ် သမီးအဖေ ကိုချစ်တင် ဆုံးပါးသွားတော့ တစ်ချို့ယောကျားသားတွေက အမေ့ကို စကားနဲ့တစ်မျိုး အမူအရာနဲ့ တစ်ဖုံ ထိကပါးရိကပါး လာလုပ်ကြတယ် ဒီအရာတွေကို အမေ လျစ်လျူရှု ကြံ့ကြံ့ခံရင်း သမီးလေးကို ဒီအရွယ်ထိရောက်အောင် အမေ ပျိုးထောင်ပေးခဲ့တာပဲ ‘ ကံငါးပါး လုံရင် ချမ်းသာတယ် ‘ ဆိုတဲ့ စိတ်ကို ရင်မှာပိုက်ပြီး သမီးကို အခုလို တင့်တောင့်တင့်တယ်နဲ့ ထားနိူင်အောင် ကြိုးစားလာခဲ့တာ အမေပြုစုပျိုးထောင်ပေးခဲ့တဲ့ သမီးကို သူတစ်ပါးတံတွေးခွက်ထဲ မျောရတဲ့အဖြစ်မျိုးနဲ့ မကြုံတွေ့စေချင်ဘူး အမေပြောတာ နားလည်လား သမီး ”
မိခင်ဖြစ်သူကသာ ဆုံးမစကားတွေ လှိုင်လှိုင်ပြောနေသည်။ စောယုက ဘေးနားမှာ အိပ်မောကျလို့။
”ဟောတော် မယ်မင်းကြီးမကလည်း သူ့ကို ပုံပြင်ပြောပီး ချော့သိပ်နေရတဲ့အတိုင်းပဲ အိပ်နေလိုက်တာမှ သိုးလို့ ”
ဒေါ်သင်းသည် စောယု၏ကိုယ်လေးကို ဘေးနား အနည်းငယ်တိုးကာ စောင်ပါးပါးလေးတစ်ထည် ခြုံပေးပြီး အိပ်ယာဝင်လိုက်လေသည်။
သင်္ကြန် အကြိုနေ့မတိုင်ခင် ညနေခင်းတွင် မြတ်မင်းသင်္ကန်းစီးသည်။ သိမ်ဝင်ပြီး သိမ်ကအထွက် သိမ်ဆွမ်းလောင်းပြီးတော့ စောယုနဲ့ ဦးပဉ္ဇင်းတို့ ဓါတ်ပုံရိုက်ကြသည်။ ဒီဓါတ်ပုံက စောယုတို့ နောက်ဆုံးရိုက်ခဲ့တဲ့ စုံတွဲပုံမှန်း မသိခဲ့ကြ။
အခန်း ( ၂)
” စောယုရေ ”
” ရှင့် မမမြ လာပြီ လာပြီ ”
ခြံဝတွင် စောမြက ဆိုင်ကယ်နှင့် စောင့်နေသည်။
စောယုသည် မှန်ထဲတွင် ကိုယ်ကိုယ်လှည့်ပတ်ကြည့်လိုက်သည်။ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်ကို ခပ်ကြပ်ကြပ်ဝတ်ဆင်ထားတော့ ဆက်ဆီကျနေသယောင်ယောင်။ ပလက်စတစ်နဲ့ ထုတ်ထားသော ပိုက်ဆံအိတ်ကို ကိုင်ကာ ဆိုင်ကယ်ဆီ ပြေးထွက်သွားသည်။ မီးဖိုချောင်ထဲမှ ဒေါ်သင်းက
” ဆိုင်ကယ်ဖြည်းဖြည်းစီးကြနော် ” ဟု လှမ်းပြောသည်ကိုပင် မကြားမိကြ။ ရွာအထွက်ရောက်တော့ အောင်ကြီးက ဆိုင်ကယ်တစ်စီး ဖြူဖွေးနှင့် နှင်းနှင်းက ဆိုင်ကယ်တစ်စီးဖြင့် စောမြတို့ကို ရပ်စောင့်နေကြသည်။ ထို့နောက် သူမတို့အဖွဲ့ ရွာကထွက်လာကြသည်။
မုံရွာ ကမ်းနားလမ်းရောက်တော့ ဆိုင်ကယ်များ ကားများက တိုးမပေါက်အောင် ပိတ်နေကြသည်။ ချင်းတွင်းသင်္ကြန် စဖွင့်သည့်နှစ် ဖြစ်သဖြင့် ကြိတ်ကြိတ်တိုးစည်ကားနေသည်။ အောင်ကြီးက မုံရွာက သူ့သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး ခေါ်လိုက်သည်။ နာရီဝက်ခန့်ကြာတော့ သူ့သူငယ်ချင်းဆိုသူ ရောက်လာသည်။ သူငယ်ချင်းနဲ့ မိတ်ဆက်ပေးသည်။ သူ့နာမည်က မောင်မောင်။ အိမ်ထောင်ကျပြီးသား၊ ဇနီးသည်က ရန်ကုန်မှာဟု သိရသည်။ မောင်မောင်က ပြောသည်၊
” ချင်းတွင်းသင်္ကြန်ကို သွားမနေနဲ့တော့ အထဲရောက်ဖို့လည်း မလွယ်ဘူး အထဲရောက်ရင်လည်း ပြန်ထွက်ဖို့ ခက်တယ် ဘယ်လိုလုပ်ချင်လဲ ”
စောယုတို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ဖြူဖွေးက ” လူကြပ်နေရင် မသွားရဲဘူး တစ်ခုခုဖြစ်သွားမှာ ကြောက်တယ် ” ဟု အဆိုပြုလာသည်။ နှင်းနှင်းနဲ့ စောမြကလည်း ထောက်ခံကြသည်။
” ဟုတ်တယ် မတော်လို့ ကိုယ့်ဘေးနားရန်ဖြစ်ရင် ရှောင်ရတိမ်းရခက်မယ့် ပုံစံပဲ ကြည့်ပါလား လူတွေအများကြီး ”
” ဒါဆို ကန်သာယာပတ်ရအောင်လေ ဟု ” အောင်ကြီးက ဆိုသည်။ အောင်ကြီးနဲ့ စောမြတို့က ဆိုင်ကယ်အတူတူစီးချင်သည် ဆိုသဖြင့် မောင်မောင်နဲ့ စောယုတို့က ဆိုင်ကယ်တစ်စီးဖြစ်သွားကြသည်။ သူစိမ်းယောက်ျားလေးနောက်က စီးရသဖြင့် စောယု အနည်းငယ် ရင်ဖိုနေသည်။ ဆိုင်ကယ်များ ကားများ ကြပ်နေသဖြင့် ဆိုင်ကယ်က တစ်လိမ့်ချင်းသာ လှိမ့်နေရသည်။ မောင်မောင်က ” သေချာကိုင်ထားနော် ညီမ ပြုတ်ကျလိမ့်မယ် ” ဆိုတော့ မောင်မောင့်ပုခုံးကို မဝံ့မရဲ ကိုင်ထားလိုက်လေသည်။ ကန်သာယာကို ဆိုင်ကယ်ပတ်စီးပြီး ဘူဖေးထမင်းဆိုင်တွင် ဝင်ထိုင်လိုက်ကြသည်။ စားစရာများ လာချပြီးတော့ အောင်ကြီးက ဘီယာနှင့် ဝိုင်မှာလိုက်သည်။ စောမြက ဝိုင်တစ်ခွက်ငှဲ့ကာ နှင်းနှင်းကို ပေးသည်။ နှင်းနှင်းက ဝိုင်ကို အနည်းငယ်မြည်းစမ်းသောက်လိုက်ပြီး ” စပျစ်လား မမ ” ဟု မေးသည်။ စောမြက ခေါင်းညိတ်ပြလိုက်ပြီး ” တစ်ယောက်တစ်ခွက်စီသောက်ရမယ်နော် ” ဟု ဆိုသည်။ စောယုက ငြင်းမည်ဟန်ပြင်ပြင်ပြီးမှ မငြင်းမိ။ ဝိုင်ဖန်ခွက်အား မော့သောက်ချလိုက်သည်။
ထမင်းစားကြပြီးတော့ စောမြတို့ အတော်လေး မူးနေကြသည်။ အကြံနှင့် အောင်ကြီးက ဘီယာနဲ့ ဝိုင်ကို ရောကာ ထပ်သောက်ခိုင်းပြန်သည်။
ထမင်းဆိုင်က ထွက်လာကြတော့ မိန်းကလေးတွေအကုန်လုံး မူးနေကြသည်။ အောင်ကြီးက မောင်မောင့်ကို ဟန်ပါပါ တစ်ချက်ကြည့်လိုက်ပြီး စောမြကို ဆိုင်ကယ်နောက် တင်ကာ အရင်မောင်းထွက်သွားသည်။ ဖြူဖွေးနှင့် နှင်းနှင်းက ပြန်နှင့်ကြဟုဆိုသဖြင့် မောင်မောင်လည်း ဆိုင်ကယ်မောင်းထွက်သွားလိုက်သည်။ နေ့လည် နေကပူသဖြင့် စောယု ခေါင်းကိုက်လာသည်။ မောင်မောင့်ပုခုံးကို သေချာမကိုင်နိူင်တော့ဘဲ ခါးကိုသာ ဖက်ထားလိုက်ရသည်။ ကန်သာယာသင်္ကြန်မဏ္ဍာပ်တွင် စောယုတို့ အဖွဲ့ကွဲသွားသည်။ စောယုလည်း တော်တော်လေး မူးနေသဖြင့် ဘေးနားဝဲယာကိုပင် မကြည့်နိူင်။ ဆိုင်ကယ်အနောက်က ထိုင်နေရသည်ကိုပင် မသိတော့။ ခေါင်းထဲ မူးဝေနေသည်။ မောင်မောင့်ခါးကို ဖက်ထားသော လက်များက တဖြည်းဖြည်း ပြေလျော့လာသည်။ ထို့နောက် သူမ ဘာမျှမသိတော့ချေ။
သင်္ကြန်ပြီးတော့ ဦးပဉ္ဇင်းမြတ်မင်း လူထွက်သည်။ စောယုနှင့် လက်ထပ်တော့မည့်ကိစ္စကို မိဘများကို ဖွင့်ပြောပြတော့ နယုန်လလောက်မှ အဆင်ပြေမည့်အကြောင်း မိဘများက ပြောပြသည်။ နယုန်လဆိုလည်း မြတ်မင်းက အဆင်ပြေသည်ပင်။ အဆင်မပြေသည်က စောယုဖြစ်သည်။ သင်္ကြန်ပြီးကတည်းက အစာစားချင်စိတ်လည်း မရှိ။ စိတ်အလိုမကျလည်း ခနခနဖြစ်နေတတ်သည်။ ပြောင်းလဲနေတဲ့ သူမပုံစံကို ဒေါ်သင်းက ရိပ်မိသဖြင့် ခေါ်မေးလေသည်။
” သမီး နေမကောင်းဘူးလား ဒီရက်ပိုင်း ဘာဖြစ်နေတာလဲ သမီးကြည့်ရတာ မျက်နှာလည်း မကောင်းဘူး ”
” သမီးနေကောင်းပါတယ် မေမေရဲ့ စိတ်တွေညစ်နေလို့ပါ ”
” ဘာကို စိတ်ညစ်တာလဲ သမီးရဲ့ ” ဟု ဒေါ်သင်းက အနားကပ်ကာ မေးသည်။
” သမီးလည်းမသိဘူး ဒီရက်ပိုင်း စိတ်တွေညစ်နေတယ် ”
ဒေါ်သင်းက စောယုကိုယ်လေးကို စမ်းကြည့်သည်။ ကိုယ်ပူငွေ့ငွေ့လေးရှိနေသည်။
” သမီး ဓမ္မတာ မှန်ရဲ့လား ”
” ဒီလ မလာဘူး အမေ ” ဟု ဆိုတော့ ဒေါ်သင်း စိတ်ပူသွားသည်။ ” ဆေးခန်းပြရအောင် သမီး လာ အမေလိုက်ပို့မယ် ” ဟုဆိုကာ ဒေါက်တာ မြသီတာဆီ ခေါ်သွားသည်။ ဒေါက်တာက လိုအပ်တာများကို အကုန်စစ်ကြည့်ပြီးတော့ ဒေါ်သင်းကို ခေါ်ပြောသည်။
” အန်တီ အန်တီသမီးမှာ ကိုယ်ဝန်လက္ခဏာတွေ့လို့ ဆီးစစ်ကြည့်တာ ကိုယ်ဝန်ရှိနေတာ တွေ့ရတယ် ဒီမှာ ဆီးစစ်တံပါ ”
ဒေါ်သင်းတစ်ယောက် ပြာပြာသလဲဖြစ်သွားသည်။
” ဘာ ဘယ်လိုဒေါက်တာရယ် ဟုတ် ဟုတ် ဟုတ်ရဲ့လား ”
” ဟုတ်ပါတယ် အန်တီ နေ့ကောင်းရက်သာရွေးပြီး အိမ်ထောင်ချပေးလိုက်ပါ မောင်မြတ်မင်းက လူကောင်းလေးပါ ကျွန်မလည်း သူတို့ကို သဘောတူပါတယ် ”
ဒေါ်သင်းတစ်ယောက် ထိုင်နေရာမှာတင် မိုက်ခနဲဖြစ်ကာ မူးလဲကျသွားသည်။
” သမီး မောင်မြတ်မင်းနဲ့ ဘာမှမဖြစ်ခဲ့ဘူးဆိုတာ သေချာလား ”
ရှိုက်ကြီးတငင် ငိုကြွေးနေရာမှ စောယု ခေါင်းညိတ်ပြလိုက်သည်။ ဒေါ်သင်းတစ်ယောက် စဥ်းစား၍မရအောင်ပင် ဖြစ်ရသည်။ ကိုယ်ဝန်ကို ဖျက်ချဖို့လည်း မဖျက်ချရက်ကြ။ ဘာမှ စဥ်းစားမရတော့ မြတ်မင်းကို ခေါ်ကာ အကျိုးအကြောင်းဖွင့်ပြောပြီး သေချာမေးလိုက်လေသည်။
” ကျွန်တော်နဲ့ စောယု ချစ်နေကြတာ မှန်ပါတယ် တစ်ရွာလုံးလည်း သိပါတယ် ကျွန်တော်တို့နှစ်ယောက် ဘယ်လောက်ထိ ဖြူစင်ကြလဲဆိုတာ ကျွန်တော်တို့ အသိဆုံးပါ စောယုနဲ့ ကျွန်တော် တကယ် ဘာမှ မဖြစ်ခဲ့ကြပါဘူး ကျွန်တော် စောယုကို ချစ်ပါတယ် ဒါပေမယ့် ကျွန်တော် ဒီလောက်ထိ မယုတ်မာပါဘူး ”
စောယုသည် အိပ်ခန်းထဲတွင် ငိုနေရာမှ ထလာကာ မြတ်မင်းကို ဖက်၍ ငိုသည်။
” အစော တောင်းပန်ပါတယ် ကိုကိုရယ် အစော ကိုကို့ကိုပဲ ချစ်တာပါ အခုလိုဖြစ်နေပေမယ့်လည်း အစော ကိုကို့အပေါ် သစ္စာမဖောက်ခဲ့ပါဘူး အစောကို ယုံပါနော် အစော အစော ကိုကို့ကို အရမ်းချစ်တာပါ ”
မြတ်မင်းသည် စောယုကိုယ်လေးကို ပွေ့ကာ ဆံနွယ်လေးများကို ဖွကိုင်ပေးထားလိုက်သည်။
” သမီး သင်္ကြန်တုန်းက ဘယ်သူတွေနဲ့ လည်တာလဲ သမီးအဲဒီနေ့က မူးလာတယ်လေ မှတ်မိလား ပြောစမ်းသမီး စောမြတို့ အောင်ကြီးတို့အပြင် ဘယ်သူတွေပါသေးလဲ ”
” ကိုမောင်မောင်ဆိုတဲ့လူပါပါတယ် မုံရွာက အပြန် သူ့ဆိုင်ကယ်နောက်က လိုက်လာတာ ထမင်းစားပြီးပြန်လာကြတာပဲ မှတ်မိတယ် ကျန်တာ မမှတ်မိဘူး ”
” မောင်မောင်ဆိုတဲ့လူက ဘယ်လိုလုပ်ပါလာတာလဲ ဘယ်ကလဲ ”
မြတ်မင်းကပါ ထိတ်လန့်တကြား ဝင်မေးလိုက်သည်။
” ကိုမောင်မောင်က အောင်ကြီးသူငယ်ချင်းပါ မုံရွာကျမှ တွေ့တာ ”
” အဲဒါဆို အန်တီ အောင်ကြီးကို ခေါ်ပြီး ရှင်းမှရမယ် ခနလေး ကျွန်တော်သွားခေါ်လိုက်အုံးမယ် ”
မြတ်မင်းက နေရာမှ ထကာ ဒေါသတကြီးနဲ့ ဆိုင်ကယ်ကို မောင်းထွက်သွားသည်။ အောင်ကြီးရောက်လာတော့ အောင်ကြီးက တဆင့် မောင်မောင့်ဆီ ဖုန်းဆက်မေးကြည့်ကြသည်။ မောင်မောင်က လမ်းမှာ မှားခဲ့ကြကြောင်း ဝန်ခံလေသည်။ တစ်ဆက်တည်းပင် မောင်မောင်က တာဝန်ယူပါ့မယ်ဟုလည်း ပြောလာသည်။ မယားကြီးကို မကွာရသေးဘဲ တာဝန်ယူပါ့မယ်ဆိုတော့ မြတ်မင်းဒေါသထွက်ကာ နံရံတိုင်ကို လက်သီးနဲ့ ထိုးချလိုက်လေသည်။
တစ်ပတ်ခန့်ကြာတော့ စောယုနဲ့ မောင်မောင်တို့လက်ထပ်ပွဲ ကျင်းပခဲ့သည်။ လက်ထပ်ပွဲကို မောင်မောင်၏ မယားကြီးက ကြည်ကြည်ဖြူဖြူပင် ဦးစီးဆောင်ရွက်ပေးခဲ့သည်။ မြတ်မင်းကတော့ အိမ်တွင်းပုန်း လုပ်နေခဲ့သည်။ ဘယ်မှ သွားချင်စိတ်မရှိ။ ဘယ်သူနဲ့မျှလည်း စကားမပြော။ မိဘများကလည်း မြတ်မင်းကို လွှတ်ထားပေးကြသည်။
တစ်ညနေရောက်တော့ မြတ်မင်းဆီ စာလေးတစ်စောင် ရောက်လာသည်။ ဖွင့်ဖတ်ကြည့်တော့ စောယုဆီက စာဖြစ်သည်။
ကိုကိုရေ
ဒီစာထဲကနေ နောက်ဆုံးအနေနဲ့ အစော ရှိခိုးခဲ့ပါရစေ အစောရဲ့ အမှားတွေအတွက် ခွင့်မလွှတ်ပါနဲ့ အမိုက်မလေး အစောကို နာကျည်းနေပေးပါ ကိုကို
မနက်ဖြန်ဆို အစော မင်္ဂလာဆောင်ရတော့မယ်
ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့ ကံကြမ္မာက အရမ်းဆန်းကြယ်သားပဲနော် အရင်ဘဝတွေမှာ အစောက ပြုခဲ့လို့ ဒီဘဝမှာ အစော ဝဋ်ကြွေးပြန်ခံရတယ်လို့ မှတ်ယူပါတယ်
ဒီဘဝမှာ ကိုကို့ကို မျှော်လင့်ချက်တွေ ကတိတွေပေးပြီး မတည်နိူင်တော့ နောက်ဘဝကျရင် အစော ဝဋ်ပြန်ခံရအုံးမယ် သတ္တဝါတွေရဲ့ ဘဝဆိုတာ ဒီလိုပဲ ထင်ပါရဲ့နော် ကိုကို
ဒီလိုဆိုလို့ ကံကို အပြစ်ပုံချတယ်လို့ မထင်လိုက်ပါနဲ့ ကိုကိုရေ ဒါတွေက အစောရဲ့ အပြစ်တွေပါ ဒီဘဝ ဒီခန္ဓါကိုယ်နဲ့ အစော အသက်မဆက်ချင်ဘူး
နောက်ဘဝမှာ ကိုကို့ကို စောင့်ကြိုနေမယ်နော် ကိုကို ဒီစာကို ဖတ်နေချိန် အစော ဒီလောကကြီးထဲမှာ မရှိနိူင်တော့ပါဘူး အဖန်ငါးရာ ငါးကမ္ဘာကို မကြောက်ပါဘူး ကိုကို ကိုကိုမရှိဘဲ ရှင်သန်ရတဲ့ ဘဝကို ကြောက်မိတာပါ အမိုက်မဲမလေးမို့ ဆက်ပြီး မိုက်မိတာကို ဗွေမယူပါနဲ့နော် ချစ်တယ် ကိုကိုရေ ဒီဘဝမှာ မပေါင်းဖက်ရပေမယ့် နောင်ဘဝမှာတော့ ပေါင်းဖက်ပါရစေ
အစော
ထိုညနေမှာပဲ အစော အဆုံးစီရင်သွားကြောင်း ဝမ်းနည်းစွာ ကြားသိလိုက်ရသည်။ ဒေါ်သင်းလည်း သမီးရဲ့ လုပ်ရပ်တွေအတွက် ယူကြုံးမရဖြစ်ကာ စိတ်ဖောက်သွားလေသည်။ ထိုအချိန်မှ စ၍ မြတ်မင်းသည် သာသနာ့ဘောင်ဝင်ကာ ဦးပဉ္ဇင်းဝတ်သွားလေတော့သည်။
အခန်း ( ၃ )
ဦးပညာသာမိသည် စေတီတော်အား လက်ယာရစ်လှည့်ကာ ရှိခိုးပြီး ကမ္မဋ္ဌာန်းကျောင်းလေးထဲသို့ ဝင်သွားလေသည်။ ကျေးငှက်သံများတပါး ကျောင်းဝင်းတစ်ခုလုံး တိတ်ဆိတ်နေသည်။ ဘယ်သူ့ကိုမှ မငဲ့ညှာတတ်သော ကံတရားကြီးက လောကကြီးကို ပြုံးပြုံးကြီး ကြည့်နေရင်း….
မိုးသောက်ကိုကို