ပွဲစားနှင့်ပရလောက

Posted on

ပွဲစားနှင့်ပရလောက(စ/ဆုံး)

——————————-

ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ကို အခြေခံ၍ ရေးဖွဲ့ ထားပါသည်။

နာမည်က မင်းသူ…..နေတာက မြေလတ်ဒေသ.. အလုပ်က ပွဲစား..။

ပွဲစားလို့သာ ပြောရသည်… ဘာပွဲစားရယ်တော့ တိတိကျကျမဟုတ်….

ဖုန်းဝယ်ရောင်းလဲ လုပ်…ဖုန်းကတ်..ဝယ်ရောင်းလဲ လုပ် ( ထိုစဥ် အချိန်က ၅သိန်းတန် ဖုန်းကတ်နှင့် နှစ်သိန်းတန် GSM ဖုန်းများ အလွန်ခေတ်ထ နေစဥ်ကာလ) ..

မူဆယ်ဘက်မှ တရုတ်ဆိုင်ကယ်များ အား ကယ်ရီသယ်ကာ စျေးကွက် ဖောင်းပွ နေသောခေတ်မို့..ဆိုင်ကယ်ပွဲစားလဲ လုပ်..

အိမ်ငှား… အိမ်အရောင်းအဝယ်.. စသည်တို့လည်း အကျိုးဆောင် သေးသည်…

ထိုထိုသော အရောင်းအဝယ်မျိုးစုံတွင် ပွဲစားလုပ်လေ့ ရှိသူ ကိုမင်းသူ အား ထိုမြို့လေးတွင်
မသိသူ ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။

မင်းသူကား တစ်ကိုယ်ရေ တစ်ကာယ
လူလွတ်တစ်ဦးမို့ …
မိမိလုပ်သော.. ပွဲစားအလုပ်မှ ဝင်ငွေဖြင့်
မတောင့်မတ နေနိုင်သော အခြေအနေ ဖြင့်
ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်လေသည်။

လူလွတ်တစ်ဦးမို့လည်း အပေါင်းအသင်းများဖြင့်
အပူအပင်မဲ့…. သောက်စား ..
ပျော်ပါးလျှက် ဘဝကို ကျေနပ်စွာ
ဖြတ်သန်းလျှက်ရှိလေသည်။

မိမိနေထိုင်ရန်အတွက်
တစ်ထပ်ပျဥ်ထောင် ….
လုံချင်းလေးတွင်ငှားနေကာ….
တစ်ခါတစ်ရံ အပေါင်းသင်းများက…သူ့ထံ
လာရောက်အိပ်စက် ဝိုင်းဖွဲ့ သောက်စားမှုမျိုးလည်း ရှိလေသည်။

မင်းသူကား သရဲတော့ အလွန်ကြောက်တတ်လေသည်။

မင်းသူ၏ဘဝတွင်… ပရလောကသားများနှင့် ဆုံတွေ့ရမည်ဟူ၍လည်း ထင်မှတ်မထားခဲ့ပေ။

မှတ်မှတ်ရရ
၂၀၁၂ခု နှစ်…အောက်တိုဘာလ ထဲက ရက်တစ်ရက်…

“မင်းသူ… ဟျောင့် မင်းသူ”

” ဘာလဲဟ ငပိန်.. လှိမ့်အော်နေတာ”

” မင်းသူ ဂွင်တစ်ဂွင် ရှိတယ်..

မင်းစိတ်ဝင်စားမယ်ထင်လို့….”

” ပြော.. ဘာဂွင်လဲ… ”

” ငါ့အမေဘက်က ရွာမှာ..
ဆိုင်ကယ်တစ်စီး.ရောင်းဖို့ရှိတယ်… ဆိုက်ကလုံး..
ဝယ်ထားတာ သိပ်မကြာသေးဘူး…
စျေးကလဲ အချောင်ကြီးနဲ့ ရမှာ…
မင်းလိုက်ကြည့်မလား…”

” ကြည့်ရုံပဲ…. နေဦး.. မေးဦးမယ်…
ဒီဘီးက ငွေချောင်ရဲ့ သားနဲ့ ဘာလို့မဝယ်ကြတာလဲ….
ဘာကွိုင်ရှိလဲ..ငါ့..ပွင့်ပွင့် လင်းလင်း ပြောဦး”

“အမှန်ပြောရရင် . အာ့ဆိုင်ကယ်ကို ပိုင်ရှင်က
သူ့သမီး ကျောင်းတက်ဖို့ ဝယ်ပေးထားတာ..

သူ့သမီးက တစ်လောက ဆိုင်ကယ် စီးရင်း..
မကျွမ်းကျင်တော့…လူက ကားဘက်လဲပြီး..
ကားကြိတ်သေသွားတာ…

မင်းလဲကြားမှာပါ… ကျောင်းကအပြန်

မြေသယ်ကားနဲ့ ငြိပြီး ကျောင်းသူလေး..

ပွဲချင်းပြီး..သေတယ် ဆိုတာ……

ဆိုင်ကယ်က..ဘာမှကို မဖြစ်ဘူး.. လူပဲ ကားကြိတ်သွားတာ…

သူ့မိဘတွေလဲ သူ့သမီးသေတော့.. ဆိုင်ကယ်ကို..
စိတ်နာပြီး ပြန်ရောင်းချင်တာ…

အိမ်မှာ ဆိုင်ကယ်ကို မြင်ရင်.. သမီးကို..
သတိရလို့ဆိုပြီး…

ဆိုင်ကယ်ကို ရွာဘုန်းကြီးကျောင်းထဲ ..

သွားထားလိုက်ရော…

အာ့မှာ လူတွေက..
ကောင်မလေး.. ဆိုင်ကယ်မှာ စွဲနေလို့.. ဆိုင်ကယ်ကို ကျောင်းပို့တယ် ဆိုပြီး ဘယ်သူမှ မဝယ်ရဲတော့ဘူး.. ”

” ဟ.. ငပိန်ရ… မင်းဟာက.. ဟုတ်ရဲ့လား…
တော်ကြာ.. တစ်ကယ်ကြီး ဆိုင်ကယ်မှာ ရှိနေရင်…သောက်ကျိုးနဲ….
ငါက ကြောက်တတ်တယ်… ”

” မင်းသူရာ.. မင်းမလဲ.. ကြောက်တတ်ပ..
ယူလာပြီး.. ချက်ချင်း ပြန်ရောင်း ယုံပဲ…
ဘာပူစရာ ရှိလဲ… ”

” အေး…ငါ..လိုက်ကြည့်မယ်…လန့်တော့ လန့်မိသား”

မင်းသူနှင့် ငပိန်လဲ ဆိုင်ကယ် တစ်စီးဖြင့် နှစ်ယောက် အတူစီးကာ…
ရောက်တတ်ရာရာ များ ပြောရင်း…
တစ်လှိမ့်လှိမ့်မောင်းလျှက်… ထိုရွာလေးသို့…
ဆိုက်ရောက်လာလေတော့သည်….

ရွာအဝင်လမ်းမလေးသည် မန်ကျည်း ပင်များ ဖြင့် ရိပ်မိုးကာ အေးစိမ့်နေလေသည်။

လမ်းမ၏ ဘေးတွင် လယ်ကွင်းများက..တစ်မျှော်တစ်ခေါ်….

လမ်းဘေးနှစ်ဖက်တွင် ခြံရံကာ…
မူးလက်တံ တစ်ခုမှ ရေများသည်လည်း ..လမ်းမနှင့်အပြိုင်… တသွင်သွင် စီးဆင်း နေလေရာ

အညာဒေသ၏ အလှအပ သဘာဝ တရားအား ပန်းချီကား တစ်ချပ်နှယ် ပုံဖော်ပေးလျှက် ရှိသော ရွာလေးဟုပင်
မင်းသူစိတ်ထဲ၌… ထင်မှတ်မိလေသည်။

” ငပိန်… မင်းတို့ အမေရွာလေးက.. သာယာလိုက်တာ ကွာ….”

” အေးဟ.. ဒါကြောင့် အမေက မြို့မှာ

မပျော်တာ… မင်းသူ….

အမေက… သူ့ရွာလေးကို သိပ်ချစ်တာ”

နှစ်ဦးသား မည်သည့် စကားမျှ ထပ်မပြော ဖြစ်တော့ပဲ… အတွေးကိုယ်စီဖြင့် ငြိမ်သက် နေကြလေသည်။

ရွာအဝင်လမ်းအဆုံးတွင်… ရွှေသင်္ကန်း ကပ်လှူထားသော…ကိုးတောင်ပြည့် စေတီလေး… အား
ဖူးတွေ့ရလေသည်။

စေတီ၏ ဘေးတွင် ဘုန်းကြီးကျောင်း ဝန်း ကျယ်ကြီး ရှိလေသည်။

ထို့နောက်တွင် ညီညာပြန့်ပြူးသော…
သဲမြေ အမျိုးအစား မြေလမ်းကျယ် ကြီး ၏ ဘေး တစ်ဘက် တစ်ချက်စီတွင်…
အိမ်များ စီရရီ ဆောက်ထားကြကာ….
တိုက်တာ အဆောက်အဦး များပေမို့…. ထိုရွာ၏.
စီးပွားရေးသည်…ကောင်းမွန်သည်မှာ…
ထင်ရှားလှပေသည်။

မင်းသူတို့ ဆိုင်ကယ်လေးသည်..
ရွာလယ်လမ်းမကြီး ၏ နံဘေးရှိ….
နှစ်ထပ် ပျဥ် ထောင် အိမ်ကြီး ရှေ့တွင်. ရပ်တံ့
သွားလေသည်။

” ကြီးတော်လှ…ကြီးတော်လှ….”

” ဟေ… မနွယ်ရဲ့သား… ဖိုးပိန်ပါလား…
ဆိုင်ကယ် လာကြည့်တာ လား….
ငါ့တူတို့… ပေးချင်သလောက် သာ ကြေးပေးခဲ့…. သော့က ဘဘုန်းကြီး ဆီ အပ်ထားတယ် ”

” အာ့ ဆို…သားတို့… ဆိုင်ကယ် သွားကြည့် ဦးမယ်…
ပြီးမှ ပြန်လာမယ်…..”

” အေး..အေး”

ဖိုးပိန်တို့ ဆိုင်ကယ် လေးသည်.. ဘုန်းကြီးကျောင်း… ရှိရာဘက်သို့… ပြန်လည်ဦးတည်ကာ.. မောင်းလာကြပြန်လေသည်။

ဘုန်းကြီးကျောင်းသို့ ရောက်သောအခါ
ဖိုးပိန်က

” အရှင်ဘုရား…. တပည့်တော်တို့က မြို့က…
ဆိုင်ကယ်ပွဲစားတွေပါ..ဘုရား”

” အေး…သိတယ်… ဒကာမကြီး ဒေါ်လှတို့..

ဆိုင်ကယ် ကို လာကြည့်တာမို့လား…

ကိုရင် သာဗြောရေ… ကိုယ်တော့ အခန်းထဲမှာ…

ချိတ်ထားတဲ့.. ဆိုင်ကယ်သော့.. ယူလာခဲ့ဟေ့

အင်း…အင်း… ဒီဆိုင်ကယ်တော့…

ရေစက်ရှိသူ လက်ထဲ… ရောက်ရဦးမှာပ….

ကံကောင်းကြပါစေ ကွယ်…. ”

ဖိုးပိန်နှင့် မင်းသူတို့နှစ်ဦးလည်း ဆိုင်ကယ်သော့ ယူကာ..
ဆွမ်းစားဆောင် အဟောင်းတွင်..
ကြိုးဖြင့် ရစ်ပတ်ထားသော ဆိုင်ကယ်…အား တွေ့လိုက်ရလေသည်။

” ဖိုးပိန်… ကြိုးတွေက ပရိတ်ကြိုးတွေ ထင်တယ်…
ဘုန်းကြီး မိန့်တာကလဲ တစ်မျိုးကြီး….
ငါတော့ စိတ်ထဲက လန့်နေသလိုပဲ……”

” မင်းကလည်း…ကြောက်တတ်တာ….
နောက်ဆုံး…ငါ…တို့လက်ထဲ..ရှိလဲ.. တစ်ရက်နှစ်ရက်ပေါ့ကွာ….”

ဆိုင်ကယ်တင် ပတ်ထားသော ကြိုးများအား…
ဖယ်ရှား လိုက်ပြီး စက်နိုးကြည့်ရာ..စက်သံက ညက်ညော စွာ ထွက်ပေါ်လာလေသည်။

“အင်း…ဘီးကတော့ အသန့်ပဲ… ကဲ..ယူရုံပ”

မင်းသူနဲ့ ဖိုးပိန်တို့လည်း ဆိုင်ကယ်အား ငွေချေကာ ဝယ်ယူလိုက်ကြလေသည်။

အပြန်တွင် မင်းသူက ထိုဘီးအား မောင်းလာရာ…
မိန်းခလေးသုံး ရေမွှေးနံ့က နှာခေါင်းထဲ တစ်ချက်. တစ်ချက် ဝင်လာသည်မို့…
ကြက်သည်းများ ထလာလေသည်။

ဆိုင်ကယ် နောက်မှလည်း… တစ်ဦးတစ်ယောက်..လိုက်ပါ စီးနင်းလာသည်ဟုလည်း ခံစားမိလာသည်။

” တီ…တီ…တီ…..”

” ဘာလဲ ဟ…မင်းသူ…ဟွန်းကြီး ပိတ်တီးနေတာ”…

“ငါလခွမ်း… ငါမတီးဘူး…ဟွန်းက သူ့ဟာသူ ကပ်နေတာ… ငပိန်ရ… မင်းဟာက ဟုတ်ရဲ့လား မသိဘူး…. မင်းဒီဘီး… ဒီည.. မင်းအိမ်ယူသွား….ငါတော့ တစ်ယောက်တည်း နေရတာ …ဒီဆိုင်ကယ်ကြီး အိမ်ယူမသွားရဲဘူး……ကြောက်တယ်…”

” အေးရတယ်လေကွာ…ငါယူသွားမယ်….

ခု…ဆိုင်ကယ်ချင်း လဲမောင်း..ရအောင်… ငါ မြို့ထဲ ငါ့သား…အတွက်
နို့မုန့်ဝင်ဝယ်ဦးမယ်…”

နှစ်ဦးသား ရပ်ကာ ဆိုင်ကယ်ချင်း ချိန်းလိုက်ကြပြီး… လမ်းခွဲ လိုက်ကြလေသည်။

ငပိန်က အိမ်ထောင်သည် ဖြစ်ကာ အသက်ခြောက်လခန့် ရ်ှိသော သားငယ်လေးတစ်ဦးလည်း ရှိသည်။

ငပ်ိန်အိမ်သို့ရောက်သော အခါ… ဆိုင်ကယ်အား..
အိမ်ရှေ့ ထန်းရွက်တဲ အောက်၌ ထိုးလိုက်ပြီး အိမ်ထဲ ဝင်လာကာ
” သားရေ…သားသားရေ..ဖေဖေပြန်လာပြီ…”

က်ိုပ်ိန်၏ သားက ကိုပိန်အား ပြူးတူး ကြောင်တောင်ကြည့်ကာ

” အီး…ဝါး….”
ကလေးမှာ ငိုလေတော့သည်။

“မိန်းမရေ…ရော့ နို့မုန့်… သားက ငိုနေပြီ…
အိပ်ယာထ မကြည်ဘူးလား…”

“အင်း…အိပ်ယာထတာ ကြည်ပါတယ်.. ခုမှငိုတာ

လာ..သားလာ…”

ထိုနေ့ညနေ ေစာင်း ကတည်းက ငပိန်၏ သားလေးမှာ တက်မတက် ချက်မတက် ငိုလေတော့သည်။

ငပိန်တို့ လင်မယားလဲ ခြေမက်ိုင်မိ… လက်မကိုင်မိ…
ည၈နာရီ ကျော်တွင်

” တီ…တီ…”

“ဟင် အိမ်ရှေ့ ဘယ်သူ လာပါလိမ့် ဟွန်းတီးနေတာ”

ငပိန်ထကြည့်သော်လည်းမည်သူမှ မရှိပေ..

ငပိန်တို့ မိသားစုလဲ…စောစော အိပ်ယာဝင်ကြလေသည်။

အု..ဝူ…ဝူး….
အိမ်ရှေ့မှ..ဆွဲဆွဲငင်ငင် ခွေးအူသံကြောင့်… ငပိန် နိုးလာလေသည်။
ထိုစဥ် ငပိန်လဲ အပေါ့အပါး သွားချင်လာသောကြောင့် အိမ်တံခါး ဖွင့်လိုက်ရာ

“ဟင်….ဆိုင်ကယ် ဘေးနားက ကုန်းကုန်းကွကွ နဲ့ ဘာကောင်ပါလိမ့်….”

ငပိန် အိမ်ရှေ့ မီးအား ထောက်ခနဲ ဖွင့် လိုက်သည်။
မီးလင်းသွားသော အခါ ဆိုင်ကယ်ဘေး၌ မည်သည့် အရာကိုမှ မတွေ့ရတော့ပေ။

” ဟူးးး… ငါအမြင်မှားတာ နေမှာ”

ငပိန်လဲ အိမ်သာဘေးတွင် အပေါ့သွားနေစဥ်

ဝူး…ဒက်.ဒက်…ဒက်

ဆိုင်ကယ် စက်နိုးသံအား ကြားလိုက်ရသည် ။

” ဟင်. .ဟိုဆိုင်ကယ်က အလိုလို စက်တွေနိုးနေပါလား…ဟိုကလေးမလား မသိဘူး”

ငပိန်ဆိုင်ကယ်ကို ကြည့်စဥ် မီးက ဖွင့်လိုက်ပိတ်လိုက်… ဖြင့်… စက်က နိုးလိုက်ရပ်သွားလိုက်…အချက်ပြမီးများကလည်း ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေသည်မှာ မြင်ရသူအဖို့ ကြက်သည်း ထဖွယ်လိလိပင်….

ငပိန်လည်း ကြောက်လန့်တကြား အိမ်ပေါ်သို့ တက်ပြေးရာ

” ကိုပိန်ရယ် ညကြီး မင်းကြီး… ဆိုင်ကယ်ကို.. စက်စမ်းစရာလား…ကလေးနိုးသွားမှဖြင့်….”

ကိုပိန် က မိန်းမဖြစ်သူအား မည်သို့မျှ ပြန်မပြောဖြစ်ခဲ့ပေ…

အကယ်၍ ပြောပြလျှင်.. မိန်းမဖြစ်သူ ကြောက်သွားမည် စိုးသောကြောင့် ဖြစ်သည်။

ကိုပိန်၏ အမျိုးသမီးက မကြာမီ ပြန်၍ အိပ်ပျော်သွား သော်လည်း… ကိုပိန်မှာမူအိပ်မရပေ။

တစ်ညလုံး… ဆိုင်ကယ် မှ စက်နိုးသံထွက်လာလိုက်… အချက်ပြမီးများ ပွင့် လာလိုက်နှင့်မို့…
ကိုပိန် တတ်သမျှ ဘုရားစာ ရွတ်ရင်း ငုတ်တုတ် မိုးလင်းခဲ့ရလေသည်။

” မင်းသူရေ…မင်းသူ…”

” ဟာ ငပိန်..အစောကြီးပါလား….မင်းပုံစံကြည့်ရတာလဲ.. အိပ်မှုံစုံမွှားနဲ့… ဘာဖြစ်လာတာလဲ”

“အမလေး … သောက်ကျိုးနဲ လာတာဟ”

“လာလေ .. အိပ်ပေါ်တက်… ပြော..အစောကြီး ဘာတွေ ဖြစ်လာတာလဲ”

ငပိန်က ရပ်ထားသော ဆိုင်ကလုံး ဆိုင်ကယ်ကိုကြည့်ကာ သက်မရှည်ကြီး တစ်ခုကို ချလိုက်ရင်း

“ဟူး….တစ်ညလုံးအိပ်မရဘူး မင်းသူ…ညက ဆိုင်ကယ်က အလိုလိုနေရင်း မီးတွေထပွင့်… စက်တွေ ထနိုး…အချက်ပြမီးတွေ ကစားလိုက်နဲ့… ကြမ်းမှ ကြမ်းပဲ ကွာ… ငါ့မှာ မိုးလင်းတဲ့ အထိ ငုတ်တုတ်ထိုင်နေရတယ်”

” ဟင်.. ဟုတ်သလား…ဒါဆို ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ….ရသလောက်နဲ့.. ပြန်ရောင်းကြမလား…”
” အေးလေ…ရောင်းရုံပဲ…ဒီနေ့မရောင်းရသေးရင်တော့ ဒီဆိုင်ကယ် မင်းယူထားမှရမယ်… ငါ့သားလေးက သိပ်ငယ်သေးတယ်ကွာ… ဒီဟာကြီးနဲ့ ငါ့ကလေးနဲ့ တော့ အဆင်မပြေဘူး… ကလေး လိပ်ပြာလွင့်မှာ ကြောက်ရတယ်”

” ဟာကွာ… ငါလဲ ကြောက်တယ်… ငါတို့ ဒီဆိုင်ကယ်…သူ့ရွာ ပြန်ပို့မလား …..သူမိဘ ဆီ”

” ရူးနေလား…မင်းသူ… ငါ..ဘယ်လိုမျက်နှာနဲ့ .. ပြန်ပို့ရမလဲ… အန်တီ့သမီးက ဒီဆိုင်ကယ်မှာ.. သရဲမ ဖြစ်နေလို့..ကျတော်တို့ မဝယ်တော့ဘူး.. သွားပြောရမှာလား…ဟိုကမှ.. သူ့သမီးသေလို့..
ကြေကွဲနေတာ မင်းကိုယ်ချင်းစာမှပေါ့…
ပြီးတော့ စျေးကလဲ ကိုယ်ပေးချင်သလောက် ပေးခဲ့တာလေ… ”

“အေးပါကွာ … ရောင်းရတော့လည်း ရောင်း… ရောင်းမရတော့လည်း တစ်မျိုး ကြည့်စီစဥ် ကြတာပ”

ငပိန်နဲ့ မင်းသူတို့ နှစ်ဦးလဲ ဆုပ်လဲဆူး.. စားလဲရူး ဆိုသော အခြေအနေထဲ ရောက်ရ်ှိနေကြလေသည်။

” ကိုဖိုးအေး… ခင်ဗျား ဒီဘီး ကြိုက်သလား… ခင်ဗျားလိုချင်ရင်..ကျုပ်တို့ ဝယ်စျေးနဲ့ ပဲယူ..”

“………..”

“ဟာ တော်ပြီ မင်းသူရာ… စျေးက ချောင်ပေမဲ့..
မင်းပြောသလိုဆို ငါမယူရဲဘူး…
တော်ကြာ ည လည်ပင်းလာညှစ်နေမှ အခက် ”

“ဟူးးး”

မင်းသူတစ်ယောက် သက်မ ချမိလိုက်သည်။

မိမိသည် ငွေရဖို့ တစ်ခုတည်း အတွက် ထိုဆိုင်ကယ်အား ဝယ်သူထံ လိမ်မရောင်းရက်ပေ။
အကယ်၍ ဤဆိုင်ကယ်အား မသိဘဲ ဝယ်သူက စီးနင်းရင်း… မတော်တဆ တစ်စုံတစ်ရာ ထိခိုက်မှု ဖြစ်သွားလျှင် မိမိလိပ်ပြာလုံမည်မဟုတ်ပေ။

မတတ်နိုင် ဤဆိုင်ကယ်အား..ဒီည မိမိအိမ်တွင် သာ ထားရပေတော့မည်။

မိမိမှာ တစ်ဦးတည်း နေရသည်မို့ ဆိုင်ကယ်အား ကြည့်ကာ ကြက်သည်း မွှေးညှင်း များပင် ထလာမိသည်။

ညနေ မှောင်ရီ သန်းချိန်တွင် မင်းသူ ထိုဆိုင်ကယ် လေးနှင့် အိမ်သို့ ပြန်လာသည်။
ဆိုင်ကယ်အား အိမ်ရှေ့ ရှိ ဗန်ဒါပင် အောက်တွင် ရပ်လိုက်ပြီး

” ကဲ ဆိုင်ကယ်မှာ ရှိနေတယ် ဆိုတဲ့ ညီမလေး… အစ်ကို့ကို မချောက်နဲ့ မလှန့်နဲ့…
ညီမလေး အတွက် လည်း စိတ်မကောင်း ဖြစ်မိတယ်…
အစ်ကို တမင် ရည်ရွည် တာမဟုတ်ဘူး..ညီမ ဒီဆိုင်ကယ်မှာ ရှိမှန်းမသိ လို့ပါ…
တစ်ကယ်လို့ ညီမ မှာ တစ်ခုခု ပြောဖို့ ရှိရင်… ဒါမှမဟုတ်..
အကူအညီလိုရင် အစ်ကို့ ဆီ အိပ်မက်ပေးပါ….
အစ်ကိုက ကြောက်တတ်တော​့ ပုံဆိုးပန်း ဆိုး မပြပါနဲ့…နော်ညီမ”

မင်းသူလဲ ပြောချင်ရာ ပြောပြီး အိမ်ဘက်သို့ ခပ်သွက် သွက် လျှောက်လာခဲ့ လေသည်။

ကြောက်လွန်း၍ နောက်ပင် လှည့်မကြည့် ရဲပေ။

အူ…ဝူး…ဝူ

” အမလေး သောက်ကျိုးနဲ…ခွေးတွေ ကလဲ အူတာ… ဒီညမှ မူးပြီး အိပ်ပျော်အောင် အရက်သောက်လဲ ခုထိ အိပ်မရ… ဟင်… ည ၁၁နာရီ ခွဲ တောင် ရှိပါ ရောလား…”

ဝူး..ဒက်..ဒက်…ဒက်

“ဟင်.. ဟိုဆိုင်ကယ် စက်တွေ နိုးနေပါလား…အမလေး.. ကြောက်တာ”

မင်းသူ ကြောက်လွန်း၍ ဆောင်ကို ခေါင်းမြီး ခြုံလိုက်သည်။
တစ်ကိုယ်လုံး ဇောချွေး များ ဖြင့် ရွှဲ စိုနေလေသည်။
အတန်ကြာသည်အထိ မည်သည့် အသံမျှ ထပ်မံမကြား ရသည်မို့ မင်းသူလဲ အိပ်ပျော်သွား လေသည်။

” အစ်ကို…အစ်ကို…”

” ဟင်.. ဘယ်သူလဲ..ညကြီးကို”

” ညီမပါ….”

” ဘယ်က ညီမလဲ”

” အစ်ကို့ ဆီ အကူအညီတောင်းချင်လို့”

” အင်းပြော…”

မင်းသူ အိပ်ချင် မူးတူးနှင့် မျက်လုံး ဖွင့် ကြည့်ရာ အိမ်ရှေ့ ဧည့်ခန်းရှိ ဆက်တီပေါ်တွင် ဘေးတစောင်း အနေအထား ဖြင့် ထိုင်နေသော မိန်းခလေး တစ်ဦး ကို တွေ့လိုက်ရလေသည်။

မင်းသူလဲ ထိုမိန်းခလေး အား အခန်းတွင်းမှ လှမ်းမြင်နေရသော်လည်း အိမ်ရှေ့သို့ မထွက်ရဲ…
ထိုမိန်းခလေးသည်…ဘေးတစ်စောင်း အနေအထားဖြင့် သူ့အား မကြည့်ဘဲ

” အစ်ကို… ညီမလေး… အရမ်းဒုက္ခ ရောက်နေတယ်… မေမေတို့ ကို ဘာမှ မပြောလိုက်ရဘူး…
အဟင့်…ဟင့်…
ဆိုင်ကယ်လဲတော့ ဆိုင်ကယ် ပျက်စီး မှာ စိုးရိမ်စိတ်..နဲ့ သေသွားရတယ်…
ဆိုင်ကယ်မှာဘဲ နေ..နေရတယ်…
ညီမမှာ ချစ်သူရှိတယ်… နက်ဖြန်…သူ ဆိုင်ကယ်… လာဝယ်လိမ့်မယ်…
အစ်ကို ဆိုင်ကယ်ကို သူ့ဆီ ရောင်းလိုက်ပါ….
သူကပိုက်ဆံမရှိဘူး အစ်ကို…သူပေးတဲ့ စျေးလေးနဲ့ ရောင်းပါနော်….
သူက ညီမကို ကုသိုလ်ပြု အမျှဝေပေး မယ့်သူပါ…
ညီမဆိုင်ကယ်ကို သူ့ကိုပဲ စီးစေချင်လို့ပါ……
သူက ဆင်းရဲတော့ အမေတို့က… သူနဲ့ ညီမကို..
သဘောမတူ ကြဘူး….
ညီမဆိုင်ကယ်လေး ကို သူ့ဆီ ပဲ ရောင်းပေးပါ…”

“အေး.. အေး စိတ်ချ… သူ့ကို.. ငါက ဘယ်လို သိန်ိုင် မလဲ…”

“သူက မျက်ခုံး နှစ်ခု ကြားမှာ မှဲ့ ပါတယ် အစ်ကို…
အခြား သူတွေ ဆီ…. ညီမ ဆိုင်ကယ်ကို… မရောင်းပါနဲ့…”

ထိုမိန်းခလေး သည် မင်းသူအား သူမပြောချင်ရာ ပြောပြီး ထထွက်သွားသည်မို့

” ညီမ… ညီမ”

ဟင်… ငါ… အိပ်မက်မက်နေပါလား….ထူးဆန်းလိုက်တာ…
မိုးတောင် လင်းနေပါရောလား……

“မင်းသူရေ…မင်းသူ ”

” အေး…ငပိန်…လာလေကွာ”

” ဒီမှာ ကိုသာကျော်က ဆိုင်ကလုံး ဘီး ကြည့်ချင်လို့တဲ့…”

ကိုသာကျော် ဆိုသူမှာ မင်းသူတို့ လို့ ပွဲစား တစ်ဦးပင်….

” အင်… မရောင်းတော့ ဘူး…ငါ မရောင်းဘူး ပြောလိုက်”

” မင်းသူ…မင်းရူးနေလား…”

” အေနောက်မှ ငါပြောပြမယ်…ကိုသာကျော်ကိုသာ မရောင်းတော့ဘူး ေပြာလိုက်”

ငပိန်လဲ မင်းသူအား ရွတ်ဖတ်ကာ ဆိုင်ကယ်ဖြင့် ပြန်ထွက်သွားလေတော့သည်။

နေ့လည်ဘက် ငပိန်နှင့် တွေ့သော အခါ ငပိန်က မင်းသူအား စကားမပြော… မနက်က ကိစ္စ ကို ကျေနပ်ပုံမရပေ။

” ငပိန်… မင်းငါ့ကို စိတ်ဆိုးနေတာလား ”
” ……….”
” ငါအိပ်မက် မက်လို့ပါကွာ..”ဟု အစချီကာ ညက အိပ်မက် အကြောင်းအား ပြောပြလိုက်လေသည်။

” မင်းစိတ်စွဲ လို့ မက်တာလဲ ဖြစ်နိုင်တယ်… ခုကြည့်… ညနေတောင် ရောက်တော့ မယ်… ဘယ်မှာလဲ ဆိုင်ကယ်ဝယ်မယ့်သူ… အာ့လိုမှန်းသိရင်..
သာကျော် နဖူး မှာ ငါ မှဲ့ တပ်ပေးပြီး ဆိုင်ကယ် ဝယ်ခိုင်းတယ် ”

ငပိန်၏ မကျေမချမ်း ေပြာစကား အား မင်းသူ ဘာမှ ပြန်မပြောမိ….

လက်ဖက်ရည် ကျစိမ့်တစ်ခွက် ကိုသာ အရသာ ခံ သောက်နေလေသည်။

“အေ နောက်မှ… ငါ့ကို မင်း ဆိုင်ကယ် ထပ်မရောင်းခိုင်းနဲ့… မင်းဟာ မင်း ရှင်းတော့ ”

ငပိန်က မကျေမနပ်နဲ့ မင်းသူအား ရေရွတ်ကာ ထိုင်ရာမှ အထ

လက်ဖက်ရည် ဆိုင်လေးရှိ မင်းသူတို့ ထိုင်ရာ ခုံလေး ဆီသို့ အသား ညိုညို နှင့် လူငယ် တစ်ဦး သည် လွယ်အိတ်လေး တစ်လုံးလွယ်လျှက် ခပ်ကုပ်ကုပ် ဝင်လာတော့သည်။

ထိုလူရွယ်၏ မျက်ခုံး နှစ်ခုကြားတွင် ထင်ရှားသော မှဲ့ တစ်လုံး….
ငပိန်နှင့် မင်းသူလဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း.. မင်းသူက ငပိန်အား..
ဘယ်နှဲ့ ရှိစ… ဟူသော အထှာဖြင့် ကြည့်လေသည်။

” အစ်ကိုက ပွဲစား မင်းသူလား… ကျွန်တော် က
အောင်ကိုပါ… ထိုင်ခွင့် ပြုပါဗျ”

” အေး..ထိုင်လေကွာ ညီ”

ငပိန်ကပါ ရောယောင် ထိုင်လိုက်လေသည်။

” အစ်ကို့ဆီမှာ ဆိုင်ကလုံး ဆိုင်ကယ်လေး ရောင်းဖို့ ရှိတယ်ဆိုလို့ လာဝယ်တာ…
ဒါပေမဲ့ ကျွန်တော် က ငွေသိပ်မပါဘူး အစ်ကို”

ထိုလူငယ်က မဝံ့မရဲ.. သိမ်ငယ်စွာဖြင့် စကား ဆိုလိုက်ရာ

” ရတယ်ညီ… မင်းကို အစ်ကို စောင့်နေတာ… မင်းကောင်မလေး…ငါ့ကို အိပ်မက်ပေးတယ်…သူရဲ့ ချစ်သူ ဆိုင်ကယ်လာဝယ်ရင် ရောင်းပေးလိုက်ပါတဲ့….မင်းကောင်မလေး ရဲ့ အဖြစ်ဆိုးအတွက်… အစ်ကို စိတ်မကောင်းဘူး…ငါ့ညီ ပိုက်ဆံ ပါသလောက်သာ ပေးခဲ့… မင်းကောင်မလေး ဘဝကူး ကောင်းအောင်သာ လုပ်ပေးလိုက်ပါညီရာ…. ”

ထိုလူငယ်လေးသည် မျက်ရည်များ ကျလျှက် မင်းသူအား လက်အုပ်လေး ချီလျှက် ကျေးဇူး တင်စကား ဆိုလေသည်။

ထိုလူငယ်က သူပါသလောက် ငွေအား ေပးချေရင်း
” ကျွန်တော့ ချစ်သူ အတွက် ကျွန်တော် ကုသိုလ်ကောင်းမှု လုပ်ပေးမှာပါ… သဘက်ခါ သူ့မွေးနေ့လေ အစ်ကို… သူ့မွေးနေ့မှာ သူ့အတွက် ဆွမ်းကပ် အမျှဝေပေးမလို့…. သူ့ဆိုင်ကယ် လေးကတော့ ကျွန်တော့် ဘဝအတွက် သူ့ရဲ့ ထာဝရ လက်ဆောင်ပေါ့ အစ်ကိုရာ… ကျွန်တော် တန်ဖိုးထားပြီး စီးမှာပါ…. ”

ထိုလူငယ်လေး လဲ အားရဝမ်းသာ ဖြင့် မင်းသူတို့အား နှုတ်ဆက်ကာ ပြန်သွားလေသည်။

မင်းသူနှင့် ငပိန်တို့လည်း ထိုလူငယ်ပေးသော ဆိုင်ကယ်ဖိုးအား ရေတွက် ကြည့်ရာ ဝယ်ရင်းစျေးထက် လေး သောင်း ပိုနေသောကြောင့်

” ရော့သူငယ်ချင်း ငပိန်… အမြတ်လေး သောင်းရတယ်… မင်းနှစ်သောင်း ငါနှစ်သောင်းပေါ့… တစ်ကယ်တော့ ငါက ကောင်လေး ကို သနားလို့ သူပါ သလောက် လေး ပဲ ပေးခိုင်းတာ… သူ့ရှေ့မှာ ငွေက ရေတွက် လို့ မကောင်းဘူး လေ… ဒီလို ပိုမယ်မှန်း သိရင် ငါဒီလေး သောင်း သူ့ကို ပြန်ပေးပါတယ် ကွာ…တစ်ကယ်တော့ သူငွေတစ်ပြားမှ မပေါရင် တောင် ငါ ဆိုင်ကယ်ကို အလကား ပေးလိုက်မှာပါ ကွာ”

” လေးစားလိုက်တာ မင်းသူရာ… ငါ မင်းအပေါ် အထင်လွဲမိတာ တောင်းပန်ပါတယ်… ကောင်မလေးက မင်းစိတ်ရင်း အမှန်သိလို့ မင်းကို အိပ်မက်ပေးတာ နေမှာ…
တစ်ကယ်ဆို ဆိုင်ကယ်က ငါ့အိမ် အရင်ဆုံး ရောက်တာ…
ဒါပေမဲ့ ငါ့ကို ဘာအိမ်မက်မှ မပေး ခဲ့ဘူး…. ခြောက်လွန်းလို့ အိပ်ရေး ပျက်တာပဲ အဖတ်တင်တယ်… ”

” အေးပါကွာ ငပိန်ရာ… နောက်တစ်ခါက် ဂွင်တွေ့ ရင်လဲ ပြောဦး ကြားလား”

” ဟား….ဟား…ဟားးး”

မင်းသူနှင့် ငပိန်တို့ သူငယ်ချင်း နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ အားရပါးရ ရယ်မော မိလိုက်ကြလေသည်။

ညနေ မှောင်ရီ သန်းချိန်တွင် ပေလမ်းမကြီး အထက်၌ ဆိုင်ကလုံး ဆိုင်ကယ် လေး တစ်စီး သည် တရိပ်ရိပ် ရွေ့လျား နေလေသည်။

ထိုဆိုင်ကယ်ပေါ်တွင် လူရွယ် တစ်ဦး နောက်၌ ပြုံးရွှင် သော မျက်နှာလေး ဖြင့် မိန်းမပျိုတစ်ဦးသည် ရှေ့မှ လူရွယ်အား တင်းကြပ်စွာ ဖက်ထား လေသည်။
ထိုမိန်းခလေး သည်ကား……
လေးစားစွာ ဖြင့်
စာရေးသူ Nan Kyarnyo
Credit