ဖားရိုက်ထွက်သည့်ည…

Posted on
ဖားရိုက်ထွက်သည့်ည…
စ…ဆုံး
(ဘွားမယ်စိန်အကြောင်းကို ယခုစာမူမှစ၍ဖတ်လျှင်စာဖတ်သူအတွက်ဖတ်ရတာ
ထောက်နိုင်၏။
သို့ကြောင့် ဘွားမယ်စိန်နဲ့သရဲကြီးငမိုးစာမူမှစ၍ဖတ်ရှု့စေလိုပါသည်။)
တစ်ခုသောညနေခင်း၌…။
“သောင်ထွန်းရွာ”၏ရွာနောက်ပိုင်းတွင်…
“အစ်ကို…ဗျို့ အစ်ကို
ကျုပ်တို့ဖားသွားရိုက်ရအောင်လားဗျာ”
ငထင်က အစ်ကိုဖြစ်သူ ငစိုးအားပြောလေ၏။
ငစိုးက ပါးစောင်အတွင်း ဝါးလက်စ ကွမ်းအား “ဗျစ်ခနဲ” ထွေးထုတ်လိုက်ပြီး…
“ဘယ်သွားရိုက်မလို့တုန်း…။
အဘသိရင်အဆူခံရဦးမယ် ငထင်ရ”
အစ်ကိုဖြစ်သူ၏ခွန်းတုန့်ပြန်စကားအား ငထင်က…
“ဟာ…အစ်ကိုဘာသိလို့တုန်း…မနေ့က ကျုပ်သူငယ်ချင်းတွေ လယ်ကွင်းထဲသွားရိုက်တာ ဖားတွေအများကြီးရတယ်တဲ့ဗျ…။ကျုပ်လည်းဖားသားချက် စားချင်လို့ပါအစ်ကိုရာ ကျုပ်နဲ့ဖားသွားရိုက်ကြရအောင်ပါဗျာ နော်…”
ငထင်သူ၏အသက်ထက်လေးနှစ်မျှကြီးသော အစ်ကိုဖြစ်သူအားအဖော်ညှိ့နေလေသည်။
ငထင်၏အသက်သည်ဖြင့် ဆယ့်​ခြောက်နှစ်သာသာရှိသေး၏။
ငစိုးတစ်ယောက် ညီဖြစ်သူ၏ မဲဆွယ်ခြင်းကြောင့် သောက်ဖို့ကျန်သောအရက်တစ်ပိုင်းကို အာရုံရလာပြီး…
“အေး…အေး…ဒါဆိုလည်း သွားကြတာပေါ့ကွာ…
မင်းကဖားထည့်ဖို့ပလိုင်းနဲ့ ဖားရိုက်ဖို့တုတ်ယူခဲ့နော်…အဘတို့မသိစေနဲ့ငထင်… ။သိရင်ငါ့ကိုပါရောဆူမှာဟ”
“ကျုပ်သိပါတယ်ဗျာ…။စိတ်ချစမ်းပါ…အဘတို့မသိပါဘူး”
ငထင်ဖားရိုက် လိုက်ပါလျှင်ပြီးရောဟု
ရောချပြောလိုက်၏။
ဖားသားချက်ဖို့က မိခင်ဖြစ်သူကိုသာ အားကိုးရမည်ဖြစ်သည်။
နောက်ကိစ္စနောက်ဟုသာငထင်တွေးရင်း အဘဖြစ်သူမသိစေရန် ပလိုင်းနှင့် ဖားရိုက်ဖို့တုတ်များယူခဲ့လေသည်။
***
ဖားရိုက်မည့်လယ်ကွင်းပြင်သည် ရွာသင်္ချိုင်းကုန်းနှင့်မလှမ်းမကမ်းတွင်တည်ရှိ၏။
ငထင်တို့ရောက်လာတော့ မိုးပင်ချုပ်စပြုနေလေပြီ။
သို့သော် ငထင်တို့၌ ဓာတ်မီးတစ်လက်ပါ၏။
ထိုအလင်းကိုအားပြု၍ ညီအစ်ကိုနှစ်ယောက်ဖားရိုက်ခြင်းကိုစတင်ကြလေသည်။
ငထင် ၏သူငယ်ချင်းများပြောသကဲ့သို့ ဖားကမပေါလှ။
ငထင်ကတော့ဖားရှာ၍ ရိုက်နေသော်လည်း ငစိုးတစ်ယောက်သည်က အရက်ဆိုင်မှ ယူလာသော အရက်တစ်ပုလင်းကိုစတင်ကာမော့နေလေပြီ။
အရက်ဆိုင်မှယူလာသည့်အကြောင်းက အိမ်တွင်တပိုင်းသာကျန်သောအရက်နှင့်ပေါင်းသောက်ဖို့
ဖြစ်သော်လည်း အရက်မြင်လျှင်မနေနိုင်သော ငစိုးတစ်ယောက် တစ်မော့ပြီးတစ်မော့သောက်နေခဲ့၏။
“အစ်ကို…အရက်ပဲနင်းသောက်မနေနဲ့ဗျ…
ဖားလေးဘာလေးရိုက်ဦး”
“ဟ…ငါလည်းရိုက်ပါတယ်….
မင်း….စားချင်တာမလား
မင်းသေချာရိုက်လေကွာ….”
“ရိုက်နေတာပဲ…ဒီမှာကြည့်ဦး…
ပလိုင်းထဲဘယ်နကောင်မှသေချာမရသေးဘူး…”
ငထင်၏ပလိုင်းထဲ၌ ဖားအနည်းငယ်သာရှိသေး၏။
ဒါကိုမြင်သော အစ်ကိုဖြစ်သူငစိုးက…
“ဒီနေရာက မင်းသူငယ်ချင်းတွေ
မနေ့ကရိုက်ထားတာမလား။
အဲ့တော့ဖားကဘယ်ကျန်မတုန်း…
လာကွာရှေ့ဆက်ရှာမယ်…”
ဟုပြောရင်းဓာတ်မီးအားကိုးဖြင့်ဆက်ရိုက်ကြ၏။
သူတို့နှစ်ဦးဖားရှာရင်း “သောင်ကြီးရွာ” သင်္ချိုင်းကုန်းစပ်သို့ရောက်မှန်းမသိရောက်လာခဲ့လေသည်။
“ဟာ…ဖားတွေကများသားပဲ အစ်ကို…ဒီမှာပလိုင်းထဲအပြည့်ပဲဗျာ…”
ငထင်က ဖားအများကြီးရ၍ပျော်နေ၏။
ညီဖြစ်သူပျော်နေ၍…
“အေ့လေ…။ငါမပြောဘူးလား…ဟိုနေရာက
မင်းသူငယ်ချင်းတွေရိုက်ခဲ့လို့ဖားမရှိတာပါဆို…။
ကဲ…မင်းဆက်ရိုက်တော့ ငါခဏထိုင်ပြီးအရက်သောက်ဦးမယ်”
ဟုပြောရင်း ငစိုးတစ်ယောက်အရက်ထိုင်သောက်တော့၏။
ငထင်ကတော့ ပလိုင်းအပြည့်ရဖို့ ဖားဆက်ရိုက်နေလေသည်။
ဖားအများကြီးရပါသော်လည်း ငထင်၏ပလိုင်းကမပြည့်နိုင်ခဲ့။
“ဖားတွေကအောက်များပြန်ကျတာလား…။ဒါမှမဟုတ် ငါပဲအမြင်မှားတာလား…”
ဟု ငထင်တွေးနေမိ၏။
ထိုသို့ဖားဆက်ရိုက်နေရင်း ပလိုင်းကမပြည့်နိုင်သေးပေ။
“အာ…ရှုးကလည်းပေါက်ချင်လာပေါ့…”
အပေါ့သွားချင်လာ၍ ငထင်ပလိုင်းခဏချခဲ့ပြီး
အပေါ့သွားဖို့ပြင်၏။
အပေါ့သွားသောနေရာသည်ကား ငထင်ပလိုင်းချသောနေရာနှင့်မဝေးလှ။
အပေါ့သွားပြီး၍ ငထင်ထဖို့ပြင်၏။
ထိုသို့ပြင်ရင်း အစ်ကိုဖြစ်သူအား ကြည့်ဖို့ရန်အတွက် ခေါင်းကိုငုံ့၍ ပေါင်နှစ်ချောင်းကြားမှ ကြည့်မိလေရာ…
“အားးးးးးးးးးးးးးးးးးးးးးးးး”
ငထင်၏ကြောက်လန့်တကြား အော်သံကြီးသည် နေရာအနှံ့သို့ ပြန့်နှံ့၍သွား၏။
“ဘာဖြစ်တာလဲငထင်….ဘာဖြစ်တာလဲ”
ငစိုးတစ်ယောက်အရက်ပုလင်းကိုပစ်ချပြီး ညီဖြစ်သူထံအပြေးလာရှာသည်။
ငထင်သည် ကြောက်လန့်နေရှာ၏။
အစ်ကိုဖြစ်သူ ငစိုးရောက်လာလေတော့…
“ငထင်…ဘာဖြစ်တာလဲ…။ဘာတွေ့လို့လဲ”
ဟုမေးလေတော့…။
“ကျုပ်….ကျုပ်…ကျုပ်ရဲ့ဖားပလိုင်းထဲကို အမွှေးတွေနဲ့အကောင်ကြီးက ဖားတွေနှိုက်စားနေတာဗျ….”
“ဟေ….”
ငထင် ပေါင်နှစ်ချောင်းကြားမှ အစ်ကိုဖြစ်သူအားကြည့်လိုက်စဥ်….
ထိုအကြည့်သည်အစ်ကိုဖြစ်သူထံသို့မရောက်သွားခဲ့။
ချထားခဲ့သော ဖားပလိုင်းအနီးတွင် ခါးကြီးအားကုန်း၍ သူ၏ရှည်လျားမည်းနက်နေသော လက်အစုံဖြင့် ပလိုင်းအတွင်းမှဖားများအားနှိုက်ယူစားသောက်နေသော မည်းမည်းအကောင်ကြီးအား ငထင်တွေ့လိုက်ရလေသည်။
ထိုအကောင်ကြီးသည် မည်းနက်နေသော အမွှေးရှည်ကြီးများဖြင့် တစ်ကိုယ်လုံးဖုံးအုပ်ထားပြီး…
ဖားများအား တကျွတ်ကျွတ်မြည်အောင်ဝါးစားနေသော သွားစွယ်ကြီးများ….။
ဖားများကိုဝါးစားတိုင်း ပို၍ပြူးထွက်လာသော မျက်လုံးနီနီကြီးများ….။
ထိုကဲ့သို့ အသွင်သဏ္ဍာန်အား ငထင်မြင်လိုက်ရ၍ ခြေလှမ်းပင်နောက်ပြန်ဆုတ်ရင်း ကြောက်ကြောက်လန့်လန့်အော်ဟစ်ရှာ၏။
သို့သော် အစ်ကိုဖြစ်သူ ငစိုးရောက်လာချိန်မှာတော့ ထိုအကောင်ကြီးမရှိတော့။
ပျောက်ခြင်းမလှပျောက်သွားခဲ့၏။
ငထင်တစ်ယောက်သာမြင်လိုက်ရသည်မို့…ငစိုးက…
“ဘယ်ကအကောင်လဲ…ဟမ်…ငစိုးကို
ငကြောက်မှတ်နေလား…ဓားရှိဓားနဲ့ပိုင်းမယ်…
လက်ရှိလက်နဲ့ချမယ်… မအေဘေးတွေ..
လာကြည့်စမ်း…….”
ဟုအော်ဟစ်ဆဲဆိုတော့၏။
ထိုအခါ ငထင်က…
“အစ်ကို…အစ်ကို….ကျုပ်ကြောက်တယ်ဗျ…
ပြန်ကြရအောင်ဗျာ…နော်အစ်ကို….”
“မင်းကလည်း…ယောကျာ်းမဟုတ်ဘူးလား…။ဘာကြောက်ရမှာ…ငစိုးညီလုပ်နေပြီးတော့…။ငစိုးတို့ကဘာကောင်မှမကြောက်ဘူးကွ…နားလည်လား…”
“လာပါအစ်ကိုရာ သွားကြစို့ပါ….”
ဟုပြောရင်း ငထင်ကအစ်ကိုဖြစ်သူအားဆွဲခေါ်တော့သည်။
“နေဦးလေ…ဟကောင်…မင်းဖားပလိုင်းယူခဲ့ဦးလေ”
ငစိုးက ငထင်ချထားသော ဖားပလိုင်းအားလက်ညှိးထိုးကာပြောလေသည်။
ထိုအခါ ငထင်ကအထိတ်တလန့်ဖြင့်…
“ကျုပ်…ကျုပ်မယူရဲဘူး….ထားခဲ့တော့မယ်…”
“ဟ…ငါယူခဲ့မယ်ကွာ…မင်းသိလား…
မင်းအစ်ကိုကမင်းလိုငကြောက်မဟုတ်ဘူးကွ”
ဟုပြောကာ ငထင်၏ဖားပလိုင်အားကောက်ယူခဲ့တော့သည်။
ငထင်တစ်ယောက် အစ်ကိုဖြစ်သူအားဆွဲခေါ်ရင်း လယ်ကွင်းကြားမှ
ဖြတ်ပြန်လာခဲ့၏။
သို့သော် သူတို့နောက်ပါးဆီမှ…
“ဘုတ်…ဘုတ်…ဘုတ်…ဘုတ်….”
ခြေသံကြီးတစ်ခုကပ်ပါလာ၏။
ထိုအသံကို ငထင်ကြားသည်။
ထိုအသံသည်အစောက ဖားနှိုက်စားသည့်
အ​ကောင်ကြီးဆိုတာ ငထင်သိ၍…
“အစ်ကိုကျုပ်တို့ အနောက်ကအသံကြားတယ်…
လိုက်လာတယ်ထင်တယ်ဗျ…
ဖားပလိုင်းချပေးခဲ့ရအောင်အစ်ကိုရာ…”
ဟု…
ငထင်ပြောလေတော့ ငစိုးကချက်ချင်းနောက်သို့လှည့်ပြီး မြေကြီးခဲများကိုကောက်ယူ၍…
” ခွေးမသား…ဖားတော့မရဘူး…မြေကြီးခဲပဲရမယ်ကွ…”
“ဝီ….”
“ဝစ်….”
“ဘုတ်…”
မမြင်ရသောအရာအား ငစိုးတစ်ယောက် ရမ်းသမ်း၍ ပစ်ပေါက်နေတော့၏။
ပြောမရသောအစ်ကိုဖြစ်သူကြောင့် ငထင် ရသမျှဘုရားစာကိုသာရွတ်ဆို၍အိမ်သို့ ပြန်လာခဲ့ရလေသည်။
သို့သော်လည်း နောက်ခပ်လှမ်းလှမ်းဆီမှအသံသည် ကြားရစဲပင်။
ထိုသို့ဖြင့် ငထင်တို့ညီအစ်ကို အိမ်သို့ပြန်ရောက်လာခဲ့ကြ၏။
ဖားအနည်းငယ်သာကျန်သောပလိုင်းအား ငထင်အိမ်တိုင်၍သာ ချိတ်ထားလိုက်လေသည်။
ဖားသားချက်စားချင်သည့် စိတ်ပင် ငထင်၌မရှိတော့။
###
လသည် တိမ်များကြား၌ ပေါ်လာလိုက်….ပျောက်ကွယ်သွားလိုက်ဖြင့် အလင်းပေးနေခဲ့၏။
ထိုသို့တိတ်ဆိတ်နေသော ညသန်းခေါင်ချိန်သည် ခွေးအူသံမှအပ မည်သည့်အသံမှမကြားရ။
သို့သော်…
“အီးးးဟီးးးးးးဟီးးးးးးး…..
အီးးးးးးဟီးးးး….ဟီးးးးးးးးး………”
ဝမ်းနည်းတကြီးငိုရှိုက်သည့်အသံကျယ်ကြီးသည် တိတ်ဆိတ်နေခြင်းကိုဖြိုခွင်း၍သွားလေသည်။
ထိုအသံကြီးကြောင့်…
“ဟဲ့…ဘယ်သူငိုနေတာလဲ…။ငထင်လား….ဘာဖြစ်တာလဲ”
“ဒီကောင်ကွာ…ဘာတွေဖြစ်နေကြတာလဲကွ”
ငထင်တို့မိဘတွေနိုးလာခဲ့ကြသည်။
“ကျုပ်….ကျုပ်မဟုတ်ဘူး….အဘ…
အဘလာပါဦး…ဒီမှာအစ်ကိုငိုနေတာဗျ…
လာကြပါဦး…..”
ငထင် ခြေပစ်လက်ပစ်ထငိုနေသော အစ်ကိုဖြစ်သူကြောင့် မိဘများအားအော်ခေါ်လေသည်။
ညီအစ်ကိုနှစ်ယောက်အိပ်သောအခန်းဆီသို့ မိဘများရောက်လာချိန်၌…
“ငစိုး….ဟကောင်ငစိုး…မူးမူးနဲ့ဘာတွေငိုနေတာလဲ”
အဘဖြစ်သူမေးသော်လည်းငစိုးမဖြေဘဲ…
ခြေထောက်များအား ထိုးကန်ရင်း ငိုကြွေးနေ၏။
“အီးးးးဟီးးးးဟီးးးးဟီးးးးဟီးးးးးး…….”
“ဟာ…ဒီကောင်ဘာဖြစ်နေတာလဲ”
“ကိုမြိုင်.. တော့်သားကရိုးရဲ့လားတော်…
ညဘက်ကြီးထငိုနေတာဆိုတော့”
ငထင်တို့၏မိခင် ဒေါ်သန်းလှက သားဖြစ်သူအား မသင်္ကာ၍ပြောလိုက်လေသည်။
“နေပါဦးကွာ…ဟေ့…သားကြီး…သားကြီး…..အမလေး”
“ဘာ…ဘာဖြစ်တာလဲကိုမြိုင်”
“မင်း သား….မင်း သားရဲ့မျက်လုံးကြီးတွေကနီနေတာကွ”
“ရှင်…..”
ဦးမြိုင် သားဖြစ်သူငစိုးအား ပခုံးကိုလှုပ်ခါ၍ခေါ်လိုက်လေတော့ ငိုနေရင်းကြည့်လာသည့် ငစိုး၏မျက်လုံးများသည်နီရဲနေလေသည်။
သာမာန်နီခြင်းမဟုတ်…
မျက်ဆန် တစ်ခုလုံးအနီရောင်ဖုံးနေခြင်းဖြစ်၏။
ငထင်တစ်ယောက်အစ်ကိုဖြစ်သူအား
ကြောက်လန့်ကာနောက်သို့ဆုတ်သွားပြီး…
“အဘ…အစ်ကို…အစ်ကိုက
ကျုပ်စကားနားမထောင်ဘူး…။ဟိုကောင်ကြီး…ဟိုကောင်ကြီးလိုက်လာတာဗျ…..”
“ငါ့သား…အဘကိုသေချာပြောစမ်း….။မင်းတို့နောက်ဘယ်ကောင်လိုက်တာလဲ”
ဦးမြိုင် သားငယ်ဖြစ်သူငထင်အား
အသည်းအသန်မေးတော့သည်။
“ဟို…ကျုပ်တို့ ည…ညနေက သင်္ချိုင်းကုန်းနားဖားရိုက်တာ…အဲ့တာ…ကျုပ်ပလိုင်းထဲကဖားတွေကိုမည်းမည်းအကောင်ကြီးတစ်ကောင်နှိုက်စားတာကျုပ်တွေ့လိုက်လို့ အစ်ကို့ကိုပြောလိုက်တော့ အစ်ကိုကအဲ့အကောင်ကြီးကို တစ်လမ်းလုံး ဆဲဆိုလာတာ…။အပြန်ကျတော့လည်းနောက်ကလိုက်လာသံတွေကြားတော့
ကျုပ်ပြောတာကိုအစ်ကိုကလက်မခံဘဲ ခဲတွေနဲ့ထု့ခဲ့သေးတယ် အဘရဲ့…
အခု…အခု အစ်ကိုဖြစ်နေတာ အဲ့အကောင်ကြီးကြောင့်ထင်တယ်…”
“ဟားးး……မင်းတို့ကွာ…။တော်တော်ငတ်တဲ့အကောင်တွေ….
ငါသွားခိုင်းလားမင်းတို့ကို….။အခုကြည့်စမ်းဖြစ်လာပြီ….တယ်…….”
“ကိုမြိုင်ဆူတာနောက်မှဆူပါတော်….ဒီမှာတငိုငို
တရယ်ရယ်ဖြစ်နေတာကြီးကို ဘယ်လိုလုပ်မတုန်းအရင်စဥ်းစားဦးလေ….”
“ဘာလုပ်ရမလဲကွာ…ဘေးအိမ်က မျိုးကျော်ကိုခေါ်ပြီးသူ့အမေဘွားမယ်စိန်ကိုပင့်ရမှာပေါ့”
“ဒါဆိုလည်းဘွားကိုသွားပင့်လေတော်…။အချိန်တွေကြာရင်ကျုပ်သားလေးဒုက္ခရောက်နေပါ့မယ် ကိုမြိုင်ရယ်…..”
“အေး….အေးပါကွာ……”
ဟု…
ပြောရင်း ဦးမြိုင်ဘေးအိမ်သို့ ထွက်သွားတော့လေသည်။
ဘေးအိမ်မှ ဘွားမယ်စိန်၏သား မျိုးကျော်ကိုနိုး၍ အကျိုးအကြောင်းပြောပြကာ ဘွားမယ်စိန်တို့ရှိရာ ရွာမြောက်ပိုင်းသို့ သုတ်ချေတင်ထွက်လာခဲ့ကြတော့၏။
***
“အမေ…အမေ….အစ်မ…အစ်မ….ဗျို့….”
“ဟဲ့…မိဝင်း အိမ်အရှေ့ကနင့်မောင်အလတ်ကောင်အသံမလား”
“ဟုတ်မယ်ထင်တယ်အမေ…ကျုပ်လည်း
မသေချာမှာဆိုးလို့နားထောင်နေတာ…”
” သေချာတယ်ဟဲ့…ဒါငါ့သားအလတ်ကောင်အသံ…။သွား…သွားဖွင့်ပေးလိုက်ဦးခြံတံခါးကို….
ဘာများအရေးကြီးသလဲမသိဘူး…”
ဟု…
ပြောလေမှ ဒေါ်ဝင်း အိပ်ရာထဲမှထထွက်သွားလေသည်။
ဘွားမယ်စိန်လည်း သူ၏ အိပ်ရာမှထကာ လိုက်လာခဲ့ရှာ၏။
“အမေ….”
“ဘာဖြစ်တာလဲငါ့သားရယ်…ညကြီးမိုးချုပ်ကို….”
ဟု …
ဘွားမယ်စိန်မေးလေ​တော့…
“ဖြစ်တာကျုပ်မဟုတ်ဘူးအမေ…ကျုပ်ဘေးအိမ်က ဒီကိုကြီးမြိုင်ရဲ့သား အကြီးကောင်အပမှီလို့ဗျ”
“ဟေ…”
“ဟုတ်ပါတယ် ဘွားရယ်…။ကျုပ်သားတွေညနေက သင်္ချိုင်းကုန်းဘက်ဖားရိုက်ထွက်ကြတာ အဲ့ကအကောင်တစ်ကောင်ပါလာခဲ့ပြီး အခုအကြီးကောင်တငိုငိုတရီရီဖြစ်နေလို့ပါဗျာ…။ဖြစ်နိုင်မယ်ဆိုရင်ဘွားလိုက်ကြည့်ပေးပါ…
ညဘက်ကြီးလာခေါ်ရတာတော့ ကျုပ်ဘွားကို
အားလည်းအားနာပါတယ်ဘွားရယ်”
ဆိုပြီး ဦးမြိုင်ကပြောလေသည်။
ထိုအခါဘွားမယ်စိန်က…
“ရပါတယ် မောင်မြိုင်ရယ်…ဘွားလိုက်ခဲ့မှာပေါ့…။သမီး သွား… ဘုရားခန်းက အမေ့တောင်ဝှေးယူပေးစမ်းအေ”
ဟု…
ဆိုရှာတော့ ဒေါ်ဝင်းအိမ်ပေါ်သို့ပြန်တက်ကာတောင်ဝှေးသွားယူပေး၏။
တောင်ဝှေးရလေတော့ ဘွားမယ်စိန်က…
“အိမ်တံခါးသေချာပိတ်အိပ်နော်….။
အမေ ညည်းမောင်အိမ်မှာပဲ အိပ်လိုက်တော့မယ်…ပြန်မလာတော့ဘူး”
“ဟုတ် အမေ….”
မိခင်ဖြစ်သူစကားအားဒေါ်ဝင်းဖြေလိုက်လေသည်။
ဘွားမယ်စိန်ကတော့ တောင်ဝှေးကိုထောက်၍ ဦးမြိုင်တို့နှင့်အတူလိုက်ပါလာခဲ့တော့၏။
*********
“အီးးးးး…..ဟီးးးး…..ဟီးးးး…..ဟီး……”
ခြေလက်များ တဘုန်းဘုန်း ကန်ကျောက်ရင်း
ငိုကြွေးနေသော သားဖြစ်သူအား ဒေါ်သန်းလှ ခြေမကိုင်မိလက်မကိုင်မိကြည့်နေခဲ့ရသည်။
ငထင်ကတော့ချောင်မှာကပ်၍ အသာကြည့်နေခဲ့၏။
“လာပြီဟေ့…ဘွားပါလာပြီ…..”
ဟု ဦးမြိုင်အိမ်အဝင်ကတည်းက အော်ပြောလေသည်။
ထိုအခါ ငထင်တို့သားအမိအားတက်သွားကြ၏။
ဦးမြိုင်တို့ ဝင်လာကြသော်လည်း ဘွားမယ်စိန်ကမဝင်သေး…။
ငိုကျွေးနေသော ငစိုးသည်က ဘွားမယ်စိန် ခြံဝင်းအတွင်းရောက်သည်နှင့်အငိုရပ်ပြီး ခါးကြီးကုန်းကာထိုင်နေလေသည်။
ငစိုး၏ပြောင်းလဲသွားခြင်းကြောင့် ဒေါ်သန်းလှတို့ အံ့သြ သွားကြသည်။
ထိုအချိန်၌ ဘွားမယ်စိန်က သူ၏တောင်ဝှေးအား ကျောနောက်မှာထားပြီးလက်နောက်ပစ်အနေအထားဖြင့် အခန်းအတွင်းသို့ဝင်လာခဲ့၏။
“ဘယ်ကကောင်လဲဟေ့…
ငါ့ကို ညကြီးမိုးချုပ်
လာရအောင်လုပ်တာ”
ဟု…
ဘွားမယ်စိန် ကအသံမာမာဖြင့်ပြောလိုက်သည်။
ဘွားမယ်စိန်ပြောသော်လည်း ငစိုးကခါးကြီးကုန်းပြီး ခေါင်းကြီးငိုက်စိုက်ချနေစဲပင်။
ထိုအခါ…
“ဒုန်း…..”
ဘွားမယ်စိန်တောင်ဝှေးကို “ဒုန်းခနဲ”မြည်အောင် ကြမ်းပေါ်သို့ဆောင့်ချလိုက်လေသည်။
ထိုအခါမှ ငစိုးခေါင်းမော့လာပြီး ဘွားမယ်စိန်ကိုရော…
ဘွားမယ်စိန်၏ တောင်ဝှေးကိုရောစိုက်ကြည့်လာ၏။
ထိုသို့ စိုက်ကြည့်နေရင်း အသားများတဆတ်ဆတ်တုန်ရီလာပြီး ချက်ချင်းဆိုသလိုပင်…
“ဘွား….ဘွား….ကျုပ်ကိုဘာမှမလုပ်ပါနဲ့ဗျာ….
ကျုပ်…ကျုပ်ကို…..”
ဒူးထောက်ထိုင်၍ ဘွားမယ်စိန်အား အဆက်မပြတ် ဦးညွှတ်ကာ နှုတ်မှ တဖွဖွပြောလေတော့…….။
“မင်းကို ဘွားဘာမှမလုပ်ပါဘူးကွယ်…။မင်းဒီကလေးကိုသာ အန္တရာယ်မပေးရင်ပေါ့”
“ကျုပ်….ကျုပ်ဘွားကိုကြောက်ပါတယ်…ကျုပ်တို့ထက်အဆင့်မြင့်တဲ့တောကြီးတစ္ဆေကိုတောင် ဘွားနှင်လွှတ်လိုက်တာ….ကျုပ်…ကျုပ်ကိုဘာမှမလုပ်ပါနဲ့နော်ဘွား…..”
ဟု ငိုရှိုက်ရင်းပြောပြန်၏။
“မင်းဒီကလေးကို ဘာကြောင့်တွယ်ကပ်နေတာလဲ….”
“ကျုပ်ကို…ကျုပ်ကို….အီးးးးးးဟီးးးးးး…
ဟီးးးးး……ဟီး ကျုပ်ဖားလေးစားချင်လို့ပါဘွားရယ်။ သူကကျုပ်ကို ဆဲလည်းဆဲတယ်….ခဲနဲ့လည်းထု့တယ်…
ဟီးးးးဟီးးးးဟီးးးး…”
ဟုပြောရင်းငိုရှိုက်ပြန်လေ​တော့…ဘွားမယ်စ်ိန်က…
“မောင်မြိုင်…မင်းတို့မှာဖားတွေကျန်သေးလားကွဲ့”
“ရှိတယ်ဘွား…
ကျုပ်ပလိုင်းထဲမှာဖားနည်းနည်းကျန်သေးတယ်”
ဘွားမယ်စိန်၏အမေးကို ငထင်ကဝင်​ဖြေလိုက်သည်။
“ကဲ…ကဲ…မင်းးလည် မင်းနေရာမင်းပြန်ရမယ်…
ဒီကလေးရဲ့အမှားကိုတော့ ဘွားကိုယ်တိုင်ပဲ
ဆူဆုံးမပေးပါ့မယ်ကွယ်….”
“ဟုတ်…ဘွား….ဒါဆိုကျုပ်…ကျုပ်သွားပါ့မယ်….”
“နေဦး…ခဏနေရင် ခြံပြင်မှာဖားကျန်တာတွေလာချပေးမယ်…
စားပြီးရင်ကိုယ့်နေရာကိုယ်ပြန် နောက်ဘွားနဲ့ထပ်ဆုံရင်တော့ ဘွားအဆိုးမဆိုနဲ့နော်….”
“ဟုတ်…ဟုတ်ကဲ့ဘွား…..”
ငစိုးကိုယ်ထဲ၌ပူးကပ်နေသော
သရဲသည်အစားစားရမည်ဆို၍ ပျော်ရွင်သွားရှာသည်။
ထိုအချိန်၌ ဘွားမယ်စိန်က ငစိုး၏ခေါင်းအားသုံးချက်သပ်ချပေးလိုက်တော့သည်။
ဘွားမယ်စိန်သက်ချပေးလေတော့ ငစိုးခန္ဓာကိုယ်သည်ပျော့ခွေလဲကျသွားတော့၏။
“မောင်မြိုင်…ခြံပြင်ဆီ ဖားတွေကိုယူပြီး ထမင်းကျန်တာလေး ရှိရင်ထမင်းကျန်တာလေးနဲ့ရောပြီး…
ပါးစပ်ကလည်း သက်ဆိုင်ရာ
ပုဂ္ဂိုလ်စားပါဗျာလို့ပြောချပေးခဲ့လိုက်…။
မင်း သားတော့အိပ်ပါစေတော့…
မနက်မှပဲ ဘွားပြောတော့မယ်ကွယ်… “
“စိတ်ချဘွား…။ဘွားပြောသလို ကျုပ်လုပ်ပေးပါ့မယ်…။အိပ်နေတဲ့အကောင်တော့မနက်ကျရင်ကျုပ်ဝါးရင်းတုတ်စားကျွေးမှာပါဘွား….”
“အေး…အေး….ခြေလွန်လက်လွန်မဖြစ်စေနဲ့ မောင်မြိုင်ရေ…ကဲ…ဘွားတို့သွားတော့မယ်”
ဟုဆိုကာ သားလတ်နှင့်အတူ ဦးမြိုင်တို့အိမ်ထဲမှထွက်လာခဲ့တော့၏။
ဦးမြိုင်နဲ့ဒေါ်သန်းလှတို့ကမီးဖိုချောင်ထဲသို့ဝင်
သွားကြတော့သည်။
ကျန်ရစ်ခဲ့သော ငထင်ကတော့ တခလောလောဟောက်သံပေးကာ…
အိပ်မောကျနေသောအစ်ကိုဖြစ်သူအား
ကြည့်ရင်း….
“အိပ်ထားပေဦးအစ်ကိုရေ…မနက်နိုးလာရင်တော့ အဘကျွေးတဲ့ ဝါးရင်းတုတ်စာလေးစားပေါ့ဗျာ….”
ဟုပြောလိုက်လေသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)