ဖေဖေ့ဧည့်သည်(စ/ဆုံး)
———————–
ည ( ၇ )နာရီကျော်ကျော်ခန့်တွင် ကျွန်တော့အား နာရေးတစ်ခုလိုက်
ကူပါရန်အဒေါ်ဖြစ်သူအန်တီထားမှလာခေါ်ခဲ့သည်။ အန်တီထားမှာ
အဖေ့ညီမဖြစ်ပြီး ကျွန်တော်တို့အိမ်၏သုံးလေးအိမ်ကျော်တွင်နေထိုင်
ပါသည်။ အန်တီထား၏အိမ်သားများမှာမအားလပ်ကြသဖြင့် ကျွန်
တော့အားအဖော်လိုက်ကူခိုင်းခြင်းဖြစ်သည်။ နာရေးအိမ်မှာ ကျွန်
တော်တို့ရပ်ကွက်နှင့်တစ်ရပ်ကွက်ကျော်ခြား၏။ ကျွန်တော်လည်း
အိမ်ထဲမှာ Dream 125 ဆိုင်ကယ်လေးထုတ်ကာ အန်တီထားကို
တင်ပြီး ထိုနာရေးအိမ်သို့လိုက်ပို့ပေးလိုက်သည်။
ဆုံးပါးသွားသူမှာ အန်တီထား၏သူငယ်ချင်း ဒေါ်လှလှမေ ဟုသိရ
သည်။ ခြံရှေ့မှလွတ်နေသည့်နေရာတွင် ဆိုင်ကယ်ရပ်ထားပြီး
အန်တီထားနှင့် ခြံထဲအတူဝင်လာခဲ့လိုက်သည်။ ၎င်းတို့သည်အထ
ည်ကြီးပျက်များဖြစ်ပုံရသည်။ သုံးထပ်တိုက်ကြီးကဟီးထနေသော်
လည်း တိုက်အရောင်မွဲခြောက်ခြောက်နှင့် အိမ်ရောခြံရောမပြုမပြင်
ဘဲပစ်ထားသည်ကကာလရှည်ကြာနေဟန်ပေါ်လေသည်။ ခြံဝန်းအ
ကျယ်ကြီးထဲတွင် မဏ္ဍပ်ထိုးထားပြီး စားပွဲခုံများချထားသည်။ နာရေးမဏ္ဍပ်ထဲတွင်လူ လေး ငါး ယောက်ထိုင်နေသည်မှလွဲ၍ နာရေးက
ခြောက်ကပ်ကပ်နိုင်နေသည်ဟု တွေးမိလိုက်ပြီးမှ အိမ်အပေါ်ထပ်သို့
တက်သွားသည့်အခါ အိမ်ထဲတွင်လူအပြည့်နှင့်စည်းကားနေသည်ကို
တွေ့လိုက်ရတော့သည်။
ဒုတိယထပ်တွင် အလောင်းစံထားပြီး တစ်ထပ်လုံးနာရေးသတင်းမေး
ကြသူများနှင့် ပြည့်နေ၏။ ထိုင်စရာနေရာပင်ရှာ၍မလွယ်ပေ။ ကျွန်
တော်လည်း အန်တီထားကို လက်ကုတ်လိုက်ရင်း အောက်တွင်စောင့်
နေမည်ဟု ပြောပြီး ပြန်ဆင်းလာခဲ့တော့သည်။ ကျွန်တော်ဆင်းလာ
သည့်အခါ မဏ္ဍပ်ထဲတွင် လူနှစ်ယောက်သာရှိတော့သည်။ ကျွန်တော်
လည်း ထိုမဏ္ဍပ်ထဲဝင်ထိုင်လိုက်ရင်း ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်း
ကိုထုတ်ကြည့်နေလိုက်သည်။ ထိုစဉ်မဏ္ဍပ်နံဘေးတွင်ရပ်နေသည့်
ဦးလေးကြီးက ကျွန်တော့ထံလျှောက်လာသည်။ ထိုဦးလေးသည်
သူ၏ညာဖက်ခြေထောက်တစ်ဖက်က အနည်းငယ်ထော့နဲ့နဲ့ ဖြစ်
နေသည်။
“” သားရေ… ထမင်းစားသွားပါဦး… “”
“” ဗျာ… ဟုတ်…ကျွန်တော်ခုပဲစားပြီးထွက်လာတာပါအန်ကယ်…””
“” စားပြီးလည်းထပ်စားပေါ့ကွာ…””
“” ရပါပြီဗျ… “”
” ဒါဆိုလည်း ဒီမှာကွာစေ့စားဦး… ရေနွေးကြမ်းသောက်ကွာ…””
“” ဟုတ်ကဲ့ခင်ဗျ… “”
စားပွဲပေါ်မှ ရေနွေးဓါတ်ဗူးကိုလှမ်းယူပြီး ရေနွေးငှဲ့ထားလိုက်ရင်း
ကွာစေ့ကိုယူစားလိုက်သည်။ ထိုဦးလေးက ကျွန်တော့နံဘေးမှခုံ
တွင်ဝင်ထိုင်ကာ လာဧည့်ခံနေ၏။ ကျွန်တော်လည်းဖုန်းကိုပိတ်ပြီး
ဘောင်းဘီအိတ်ထဲပြန်ထည့်ပြီး အလာပသလာပများပြောဖြစ်ကြ
သည်။
“” ခြံကြီးကအကျယ်ကြီးပဲနော်အန်ကယ်…””
“” အေးကွ… အရင်ကတော့အပင်တွေပြုစုနိုင်သေးတယ်…အသက်
ကြီးလာတော့လည်းစိတ်သွားတိုင်းကိုယ်မပါတော့ပါဘူးသားရေ…””
“” ဒါပေမယ့်အပင်တွေနဲ့ဆိုတော့စိတ်ချမ်းသာရတာပေါ့အန်ကယ်””
ဦးလေးကြီးက ခြံထဲရှိအပင်များကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး…
“” ဒီလိုပါပဲကြာ…””
ဟုတစုံတရာကိုတွေးရင်းဆွေးဆွေးမြည့်မြည့်ပြောလာသည်။ သူ၏
မိသားစုဝင်တစ်ယောက်လောလောလတ်လတ်ဆုံးရှုံးထားရသဖြင့်
ဝမ်းနည်းနေဟန်ရှိသည်ဟုတွေးမိလိုက်သည်။ ကျွန်တော်သည်မှာ
လည်း ဂမ်းနည်းနေသူအားနှစ်သိမ့်ပေးသည့်နေရာတွင်ဘယ်သော
အခါမှဆရာမကျပေ။ မည်သို့ပြောရမည်ကို စဉ်းစားမရ။ စကားလုံး
ရွေးချယ်ရန်ခက်ခဲလွန်းပေသည်။ ထိုဦးလေးကမျက်နှာညိုးငယ်
နေရာမှ ပြန်လန်းလာပြီး ကျွန်တော်နှင့်စကားဆက်ပြောဖြစ်ကြ
သည်။ ကျွန်တော်လည်းအတတ်နိုင်ဆုံး ဆုံးပါးသွားသူ၏အကြောင်း
များ မပြောမိ မမေးမိစေရန် ရှောင်ကွင်းခဲ့သည်။
နာရေးသတင်းမေးသူများက နောက်ထပ်ဝင်လာကြသလို အိမ်အပေါ်
ထပ်မှသတင်းမေးပြီးဆင်းလာသူများနှင့် မဏ္ဍပ်နားတွင်ပြည့်လာ
သေးသည်။ ပြီးမှပြန်သူကပြန် အိမ်ပေါ်တက်သူကတက်နှင့် မဏ္ဍပ်
ထဲ၌ အခြားလူ သုံး လေး ယောက်နှင့် ကျွန်တော်တို့သာရှိတော့
သည်။ အခြားလူများကလည်း ဖုန်းတစ်ယောက်တစ်လုံးနှင့် အလုပ်
ရှုပ်နေကြ၏။ ကျွန်တော်တို့သာ စကားပြောဖြစ်ကြသည်။
“” ငါ့တူကဘယ်သူနဲ့လာတာလဲ… “”
“” ကျွန်တော့အန်တီကိုလာပို့ပေးတာပါ… အန်တီထားရီရဲ့တူပါ
ခင်ဗျ… “”
“” သြော်… ထားထားရီတူကိုး… ဒါကြောင့်မျက်နှာပေါက်လေးက
ဆင်ပါတယ်လို့တွေးနေတာ… ဒါဆိုထားထားရီအစ်ကိုရဲ့သားပေါ့ “”
ကျွန်တော်လည်းပြုံးပြရင်း…
“” ဟုတ်ကဲ့ခင်ဗျ… “”
“” အေးကွ… အန်ကယ်တို့နဲ့လည်းမတွေ့ဖြစ်ကြတော့ သားတို့ဒီ
အရွယ်ရောက်လာမှန်းတောင်မသိခဲ့ဘူး… သားအဖေနဲ့အန်ကယ်နဲ့
လည်းသူငယ်ချင်းတွေပဲ… “”
“” ဟုတ်လားအန်ကယ်… ဒါဆိုကြုံရင်အိမ်ကိုလာလည်ပါဦး…
ဖေဖေကညနေ ဒီလိုအချိန်ဆို အိမ်မှာရှိတယ်ဗျ… နေ့ဖက်တော့
အလုပ်သွားလို့မသေချာဘူးအန်ကယ်… “”
“” လာခဲ့မယ်သားရေ… ဟုတ်သားပဲ… သားအဖေနဲ့မတွေ့တာ
ကြာပြီ… အဲ့ဒီဖက်ကြုံရင်ဝင်နှုတ်ဆက်ဦးမယ်ကွာ…””
“” ဟုတ်ကဲ့ခင်ဗျ… “”
ကျွန်တော်တို့စကားကောင်းနေစဉ် အန်တီထားက အိမ်အောက်သို့
ဆင်းလာပြီး ကျွန်တော်ထိုင်နေသည့်နေရာနားလျှောက်လာကာ
“” အောင်မင်းထက်… သားပြန်လိုက်တော့… အန်တီ့အိမ်ကိုဝင်
ပြောပေး…အန်တီဒီမှာညအိပ်မယ်လို့…နော်…””
“” ဟုတ်…ဒါဆိုကျွန်တော်ပြန်ပြီနော်အန်တီ…””
“” အေး…အေး… ဂရုစိုက်မောင်းဦး… “”
“” ဟုတ်ကဲ့… “”
အန်တီထားကကျွန်တော့အားမှာစရာရှိတာသာမှာနေသည် တစုံတရာ
ကို ပြောချင်နေဟန်ရှိ၏။ ကျွန်တော်လည်းမမေးဖြစ်တော့ပဲ ခုံမှထရပ်
လိုက်သည့်အခါ အန်တီထားလည်း အိမ်အပေါ်ပြန်တက်သွားလေ
သည်။
“” ကျွန်တော်ပြန်လိုက်ပါဦးမယ်အန်ကယ်… အိမ်ကိုဆက်ဆက်လာ
လည်ပါဗျ… “”
“” အေးကွ… သားရေ… အန်ကယ်လည်းစိတ်တွေရှုပ်နေလို့ သား
အဖေကိုတော့လိုက်တွေ့ချင်သား… အဆင်ပြေရင်အန်ကယ်လိုက်
ခဲ့လို့ရမလား…””
“” ဟုတ်…ရပါတယ်အန်ကယ်…ဒါပေမယ့်ကျွန်တော်ကဆိုင်ကယ်
နဲ့လာတာ…အန်ကယ်အဆင်ပြေရင်လိုက်ခဲ့ပါခင်ဗျ… “”
“” ရပါတယ်ကွာ…ဆိုင်ကယ်နဲ့ပိုတောင်ကောင်းသေးတယ်… “”
“” ဟုတ်… အန်ကယ်ပြန်ရင် ကျွန်တော်ပြန်လိုက်ပို့ပေးပါ့မယ် “”
“” အေးပါသားရေ… ကဲ…သွားကြမယ်လေ… “”
“” ဟုတ်… “”
ထိုဦးလေးကိုဆိုင်ကယ်အနောက်တွင်တင်ပြီး ကျွန်တော့အိမ်သို့
မောင်းပြန်လာခဲ့၏။ လမ်းတွင်ထိုဦးလေးမှ သူ၏အမည်မှာ ဦးတင်
လှိုင်ဖြစ်ပြီး ကျွန်တော့အဖေနှင့်သူငယ်ချင်းများဖြစ်ကြောင်း၊ ယခင်
ကအလွန်ရင်းနှီးသော်လည်း မဆုံဖြစ်တာဆယ်စုနှစ်ခန့်ပင်ရှိခဲ့ပြီဖြစ်
ကြောင်း၊ ယခုအချိန်တွင်စိတ်အလွန်ပင်ပန်းနေရသဖြင့် သူငယ်ချင်း
ဟောင်းများကိုသတိရမိနေကြောင်း စသဖြင့်ဆိုင်ကယ်နောက်တွင်
ထိုင်လိုက်ရင်းတစ်လမ်းလုံးပြောပြလာသည်။
ကျွန်တော့အန်တီ၏အိမ်သို့ဝင်ပြီး နာရေးအိမ်တွင်ညအိပ်မည်ဖြစ်
ကြောင်းကိုဝင်ပြောပေးရသေးသည်။ ပြီးနောက်ကျွန်တော့အိမ်သို့
မောင်းလာပြီးအိမ်သို့ရောက်သည့်အခါ ထိုဦးလေးအား အိမ်ထဲ
ခေါ်ဝင်လိုက်၏။ အိမ်တွင် အဖေ၊အမေနှင့် ကျွန်တော့ညီများက ကိုယ့်
အခန်းသူ့အခန်းဝင်ကာ ဖုန်းကြည့်နေကြပြီ။ ကျွန်တော့မှာဧည့်သည်
ပါလာသဖြင့် အဖေ့ထံတန်းတန်းမတ်မတ်သွားပြီး ခေါ်ပေးလိုက်သည်။
“” ဧည့်သည်ပါလာတယ်ဖေဖေ… အပြင်မှာထွက်တွေ့လိုက်ဦး…””
ဖေဖေကဖုန်းအားနံဘေးတွင်ချလိုက်ပြီး စာကြည့်မျက်မှန်ကိုချွတ်
ကာ…
“” ဘယ်သူလဲသား… ဘယ်ကဧည့်သည်လဲ… “”
“” ဖေဖေ့သူငယ်ချင်းလို့ပြောတယ်… “”
“” ဟုတ်လား… ဘယ်သူပါလိမ့်…””
ဖေဖေမှာ ကုတင်ပေါ်မှထထိုင်ပြီး အပြင်ထွက်တွေ့ရန်သွားလိုက်သည်။
မေမေကတော့ နာရေးအိမ်အကြောင်းကျွန်တော့အားမေးမြန်းနေ၍
ပြန်ပြောပြပေးနေသည်။ အပြင်ထွက်သွားသောဖေဖေက အပြင်
ဖက်မှအော်မေးလာသည်။
“” အောင်မင်းထက်… ဘယ်မှာလဲကွဧည့်သည်… “”
“” ဟာဖေဖေကလဲ… ဧည့်ခန်းမှာလေဗျာ… “”
ကျွန်တော်လည်းထွက်ကြည့်ကာ သူငယ်ချင်းတစ်ယောက်လုံးကို
အဖေများမမှတ်မိရော့သလားဟုစိတ်ထဲတွေးနေမိ၏။ သို့သော်
ဧည့်ခန်းသို့ကျွန်တော်ရောက်သွားချိန်တွင် ထိုဦးလေးအားမတွေ့ရ
တော့ပေ။ အိမ်ရှေ့တံခါးကိုမပိတ်ခဲ့သဖြင့် အိမ်အပြင်ဖက်သို့ထွက်
စောင့်နေသည်လားဟု လိုက်ရှာခဲ့သည်။ ထိုဦးလေး၏အရိပ်အယောင်
မျှပင်ရှာမတွေ့ချေ။
“” သားကိုယ်တိုင်ဆိုင်ကယ်နဲ့ခေါ်လာတာပါဖေဖေရာ…ဘာလို့ညာ
ပြောရမှာလဲ… “”
“” အေးလေကွာ…ခေါ်လာရင်ဘယ်မှာလဲ…ရှိရမယ်လေ…””
“” တံခါးလည်းဖွင့်ထားတော့ပြန်သွားတာလားမသိဘူး… ဖေဖေ့ကို
သူ့သူငယ်ချင်းထင်ပြီးလိုက်လာရင်း ဒီရောက်မှလူမှားလို့ရှက်ပြီး
တိတ်တိတ်လေးလှည့်ပြန်သွားလားမှမသိတာ… “”
“” အဲ့လူနာမည်ဘယ်လိုခေါ်လဲ… ပြော…””
ကျွန်တော်နှင့်ဖေဖေငြင်းနေသံကြောင့် မေမေလည်းအခန်းထဲမှ
ထွက်လာတော့သည်။
“” ဦးတင်လှိုင်တဲ့… ဖေဖေ့သူငယ်ချင်းလို့ပြောတာပဲ… “”
“” ဟေ… “”
ဖေဖေနှင့်မေမေမှာ မျက်နှာများပျက်သွားကြသည်။
“” လျှောက်မပြောနဲ့ အောင်မင်းထက်… “”
“” ဟာဖေဖေရာ… ကျွန်တော်ကဘာလို့လျှောက်ပြောရမှာလဲ…
နာရေးအိမ်မှာတွေ့ပြီးစကားတောင်ပြောနေကြတာ…ကျွန်တော့
ကိုလာဧည့်ခံပေးတဲ့ဦးလေးကြီးပါဖေဖေကလဲ… “”
ကျွန်တော့မိဘနှစ်ပါးမှာ ပျက်ယွင်းသွားသည့်မျက်နှာကိုထိန်းပြီး
“” ကဲ…ဘယ်လိုပုံစံလည်းပြောကွာ… “”
“” အသားဖြူဖြူနဲ့… ဝတယ်… အရပ်ကကျွန်တော့ထက် ၃လက်မ
လောက်နိမ့်မယ်ထင်တယ်.. ပြီးတော့စကားပြောရင် အသံလုံးကြီး
ကြီးနဲ့ …””
ဖေဖေမှာ မျက်လုံးပြူးကာကြည့်နေပြီး…
“” နောက်ပြီးကော…””
“” နောက်ပြီး ထူးခြားတာဘာမှတော့မရှိပါဘူး.. အော် သူ့ညာဖက်
ခြေထောက်တစ်ဖက်သိပ်မကောင်းဘူးထင်တယ်…ထော့နဲ့နဲ့ဖြစ်
နေတယ်…””
ယခုအခါတွင်တော့ ဖေဖေရော မေမေပါ မျက်လုံးများပြူးကုန်ကြ
လေပြီ။ မေမေကဘုရားစင်မှပရိတ်ရေယူလာကာ ကျွန်တော့ခေါင်း
ပေါ်ပက်ဖြန်းနေ၏။ ဖေဖေကအိမ်တံခါးပိတ်ပြီး တရားခွေထဖွင့်နေ
သည်။ ကျွန်တော်လည်းနားမလည်နိုင်ပဲ ငေးကြည့်နေမိခဲ့သည်။
“” ဘာတွေဖြစ်နေတာလဲမေမေ… ဘာလို့လဲ… “”
“” ဟဲ့…သားတွေ့ခဲ့တဲ့ ကိုတင်လှိုင်ဆိုတာ သေသွားတာ ကြာပြီ
သူသေတာ ဆယ်နှစ်လောက်တောင်ရှိပြီထင်တယ်… “”
“” ဗျာ… မေမေ…အဲ့လို…မ…မ…နောက်…နဲ့..လေ…””
“” ခုနာရေးကမလှလှမေဆိုတာသူ့မိန်းမ… အမလေးတော်…
သူ့မိန်းမအသုဘကို သူလာစောင့်နေတာလား… ကြက်သီးထလိုက်
တာ…””
“” ဟာ…မိန်းမဘာတွေပြောနေတာလဲ… သားလန့်နေမယ်… တော်
တော့…””
ကျွန်တော့မှာယခုမှ ခေါင်းနဘန်းကြီးပြီး ကြက်သီးများထလာတော့
သည်။ ကိုယ့်အခန်းထဲကိုယ်မအိပ်ရဲသဖြင့် ကျွန်တော့ညီအခန်းတွင်
တောင်းအိပ်ရသည်။ မေမေက အန်တီထားကိုဖုန်းဆက်ပြီး
အကျိုးအကြောင်းပြောပြသောအခါ အန်တီထားမှ…
“” အဲ့ဒါကြောင့်စဉ်းစားနေတာ… အောင်မင်းထက်တစ်ယောက်ထဲ
ထိုင်ပြီးဘယ်သူနဲ့စကားပြောနေတာလဲလို့… အစကတော့ ဖုန်းပြော
နေတယ်ထင်မိသေး… သူ့ကိုကြည့်လိုက်တော့လည်းဖုန်းကိုင်တာ
မတွေ့နဲ့…ပြီးမှမေးမလို့…””
“” အဲ့လိုတွေဖြစ်တာထားရေ… အေ…အေ…ဒါပဲနော်..””
တစ်ညလုံးကျွန်တော့မှာ ရင်တထိတ်ထိတ်နှင့် အိပ်မပျော်တော့ပေ။
ထိုဦးလေး၏မျက်နှာကိုသာမြင်ယောင်နေမိ၏။ ည ၁နာရီခန့်တွင်
အိပ်ခန်းဘေးမှ ပြူတင်းပေါက်အား အပြင်မှ ခေါက်လာ၏။ ကျွန်
တော်လည်း လန့်ပြီး တစ်ချက်မှ မလှုပ်ရဲပေ။ ကျွန်တော့ညီမှာ
တော့လအိပ်နေသည်မှာသိုးလို့။ အပြင်မှအသံကိုနားစွင့်ကာ ငြိမ်
ငြိမ်လေးနေနေမိသည်။ ပြူတင်းတံခါးအား လက်ချောင်းနှင့်
တတောက်တောက်ထပ်ခေါက်လာပြီး…
“” အန်ကယ့်ကိုပြန်လိုက်ပို့ပေးဦးလေ…သားရေ…””
ဟူသောအသံအားကြားသည်နှင့် ကျွန်တော့မိဘ၏အခန်းသို့
သုတ်ခြေတင်ပြေးမိလေတော့သည်။ နောက်ရက်မနက်တွင် ဖေဖေမှ
ကျွန်တော့အားခေါ်ကာ နှုတ်ဖြင့်အော်ခိုင်းခဲ့သည်။
“” အန်ကယ့်ကို အိမ်ပြန်ပို့ပေးမယ်…ကျွန်တော်တို့နဲ့လိုက်ခဲ့ပါ…””
ကျွန်တော့နှုတ်မှပြောသာပြောနေရသည်။ ကျောချမ်းမိသည်က
တော့အမှန်ပင်။ ထို့နောက်အိမ်က ကားနှင့် နာရေးအိမ်သို့သွား
လိုက်ကြတော့၏။ အပြန်တွင် အန်တီထားကိုခေါ်ပြန်ကာ ကြုံခဲ့ရ
သည်များကို ပြောပြရင်း ပြန်တွေးကြောက်နေမိလေတော့သည်။
#Credit. – သော်တာလမင်းစန္ဒာ